← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁)

ဖက်ရှင်ပြပွဲ (၁)

ဟွာကျွင်း ပန်းထိုးအလုပ်ရုံတွင် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် ဖက်ရှင်ပြပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာသည်။

မိုးမချုပ်မီကတည်းက ရထားလုံးများမှာ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာကြ၏။ ပန်းထိုးအလုပ်ရုံရှေ့တွင် ယာဉ်ရပ်ခွင့်မရှိသဖြင့် ထိုအမျိုးသမီးများ ဆင်းပြီးသည်နှင့် မြင်းရထားသမားများက ရပ်နားသည့်နေရာဘက်သို့ ပြန်လှည့်မောင်းသွားကြရသည်။

ထိုနေရာတွင်လည်း ရွာသားများ ဆောက်လုပ်ထားသော လက်ဖက်ရည်သောက်ဆောင်လေး ရှိ၏။ သူဌေးအိမ်မှ ရထားမောင်းနှင်သူ များဖြစ်ကြသဖြင့် လက်ထဲတွင် ပိုက်ဆံအပိုအလျှံ ရှိကြရာ ကြေးပြားအချို့သုံး၍ လက်ဖက်ရည်တစ်အိုးမှာသောက်ကာ စောင့်ဆိုင်းနေကြသဖြင့် ရွာသားများအတွက်လည်း အပိုဝင်ငွေလေးများ ရရှိကြသည်။

ပန်းထိုးအလုပ်ရုံဘက်တွင် လီနျန်သည် တံခါးဝမှာပင် စောင့်ကြိုနေ၏။ ဧည့်သည်များ ရောက်လာသည့်အခါ သူမ အထဲသို့ ခေါ်ဆောင်သွားပြီး သတ်မှတ်ထားသော နေရာများတွင် ထိုင်စေသည်။

အလုပ်ရုံထဲသို့ ဝင်လိုက်သည်နှင့် လောကအမြင်ကျယ်လှသော သူဌေးကတော်ကြီးများပင် မှင်တက်သွားကြသည်။ အလုပ်ရုံ၏ အတွင်းပိုင်းမှာ လုံးဝ ပြောင်းလဲသွားသည်။ နှစ်လှမ်းခြားတစ်ခါ ချိတ်ဆွဲထားသော မီးအိမ်များအပြင် နံရံများနှင့် ပြတင်းပေါက်ဘောင်များတွင် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော အစိမ်းနုရောင် ပိုးသားအထည်များကို ဆင်ယင်ထားသည်။ လေပြေကလေး တိုက်ခတ်လာချိန်တွင် ထိုပိုးသားများ လွင့်ပြယ်လှုပ်ခတ်နေသဖြင့် တစ်ခန်းလုံး နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်း၏။

နံရံများတွင်လည်း အောက်သို့ တွဲလောင်းကျနေသော အပင်တုလေးများဖြင့် အလှဆင်ထားသည်။

အခန်းအနှံ့တွင် လန်းဆန်းသော ပန်းမျိုးစုံကို တွေ့ရပြီး အများစုမှာ အမည်မသိ ပန်းရောင်နုနုပန်းလေးများ ဖြစ်ကြသည်။ အစိမ်းရောင် ပိုးသားနောက်ခံနှင့် ပန်းရောင်လေးများ ပေါင်းစပ်လိုက်သောအခါ တောပန်းလေးများ ဝေဆာနေသော မြက်ခင်းပြင်ကျယ်ကြီးထဲ ရောက်နေသလို ခံစားရစေသည်။

ထို့ပြင် စားပွဲများကို အဖြူရောင် ပိုးစများ ခင်းထားပြီး အပေါ်တွင် သိုးမွှေးရုပ် ကလေးများဖြင့် အလှဆင်ထား၏။ မှိုနီလေးများ၊ ဝတ်စုံလေးတွေ ဝတ်ထားသော ယုန်ဖြူလေးများ၊ ခြင်းတောင်းလေးတွေ ကိုင်ထားသော မိန်းကလေးရုပ်လေးများ စသဖြင့်ပင်။

ဒုတိယထပ်သို့ တက်မည့် လှေကားခြေရင်းတွင် စာလုံးကြီးလေးလုံး ရေးထားသော နဖူးစည်းစာတန်းတစ်ခု ချိတ်ထား၏။

“အော့ဇ်ပြည်က မှော်ဆရာ”

၎င်းမှာ ဒဏ္ဍာရီကမ္ဘာတစ်ခုလိုပင်။ အထဲကို စဝင်လာသော ဧည့်သည်တိုင်း တံခါးဝမှာတင် ရပ်တန့်သွားကြပြီး မြင်ကွင်းကြောင့် အံ့သြမှင်တက်နေကြသည်။ နောက်တစ်လှမ်း ထပ်လှမ်းလျှင် တခြားကမ္ဘာတစ်ခုသို့ ရောက်သွားမည်ကိုပင် စိုးရိမ်နေကြ၏။

ဧည့်သည်များ တံခါးဝတွင် စုပြုံလာသောအခါ လီနျန် ညင်သာစွာ သတိပေးလိုက်သည်။

“ကတော်ကြီးတို့နဲ့ သခင်မလေးတို့ရှင်... အထဲကို ကြွပါဦး”

ထိုအခါမှ သူတို့လည်း အိပ်မက်ထဲက နိုးလာသလိုမျိုး တအံ့တသြ ရေရွတ်ရင်း လီနျန်နောက်သို့ လိုက်လာကြသည်။

လမ်းလျှောက်ရင်း လီနျန်က မိတ်ဆက်ပေးသည်။

“ဒီနေ့ပြပွဲရဲ့ အဓိကအကြောင်းအရာကတော့ အော့ဇ်ပြည်က မှော်ဆရာဆိုတဲ့ အပြင်အဆင်ပါ။ အဲဒါကြောင့် အလုပ်ရုံတစ်ခုလုံးကို အစိမ်းရောင် အခြေခံထားပြီး ပန်းလေးတွေနဲ့ အလှဆင်ထားတာက ဒီခေါင်းစဉ်နဲ့ လိုက်ဖက်အောင် လုပ်ထားတာပါ”

အမျိုးသမီးများ ခေါင်းညိတ်ကြ၏။

“ဒါကြောင့်ကိုး... မြက်ခင်းပြင်ထဲ ရောက်နေသလို ခံစားရတာ။ ဒါပေမဲ့ အလှဆင်ထားတာတင်မကဘဲ မြက်နံ့လေးတွေကိုပါ ဘယ်လိုလုပ် ရနေတာလဲ”

လီနျန် အသာအယာ ပြုံးလိုက်သည်။ ဤသည်မှာ သူဌေးမဟွာ ကြိုတင်ပြင်ဆင်ထားသော အမွှေးနံ့သာဖယောင်းတိုင် များကြောင့် ဖြစ်၏။

“ဒီအနံ့က ဖယောင်းတိုင်လေးတွေက လာတာပါ”

လီနျန်က လက်ညှိုးညွှန်ပြရာ ကြမ်းပြင်ပေါ်တွင် အုန်းခွံနှင့်တူသော အရာလေးများထဲမှ အလင်းရောင် ထွက်နေသည်ကို လူတိုင်း သတိထားမိသွားကြ၏။ အနီးကပ်ကြည့်မှ အထဲတွင် ဖယောင်းတိုင်လေးများ ရှိနေခြင်းဖြစ်သည်။

ခန်းမအလယ်တွင် သစ်သားပြားများဖြင့် အင်္ဂလိပ်အက္ခရာ တီပုံစံ လျှောက်လမ်းတစ်ခုကို မြှင့်တင်ဆောက်လုပ်ထားပြီး ဘေးနှစ်ဖက်တွင် ဖယောင်းတိုင်များကို စီထားသည်။ ဟွာကျွင်းသည် မော်ဒယ်လ်များ၏ ဂါဝန်အနားသတ်များ မီးလောင်မည်ကို စိုးရိမ်သဖြင့် အုန်းခွံညိုများကို အသုံးပြု၍ ဖယောင်းတိုင်များကို အုပ်ထားခြင်းဖြစ်သည်။

ထိုအုန်းခွံများမှာ ဖယောင်းတိုင်ထက် ပိုကြီးပြီး ဘေးဘက်တွင် အပေါက်လေး တစ်ပေါက် ဖောက်ထားသဖြင့် ဖယောင်းတိုင်အလင်းရောင်မှာ အပြင်သို့ ထွက်နေသော်လည်း အင်္ကျီစများမှာ ဖယောင်းတိုင်နှင့် မထိနိုင်တော့ပေ။ အရေးကြီးဆုံးမှာ ထိုအလင်းရောင်လေးများက ပေးစွမ်းသော ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှခြင်းဖြစ်သည်။

ယခုအချိန်အထိ မည်သူမျှ ပြပွဲ၏ ပုံစံကို မသိကြသေးပေ။ အလယ်တွင် စင်မြင့်တစ်ခု ဆောက်ထားပြီး ဘေးနှစ်ဖက်တွင် လူများကို ထိုင်ခိုင်းထားသဖြင့် သီချင်းနှင့် အကဖျော်ဖြေပွဲ တစ်ခုခု ရှိမည်ဟုသာ ထင်နေကြ၏။

“အထွေအထူးကိစ္စမရှိရင် စားပွဲပေါ်က နာမည်ကတ်လေးတွေအတိုင်း ထိုင်ပေးကြပါရှင်”

လီနျန် ပြောလိုက်သည်။

သခင်မလေးအချို့က ပြန်မေးလိုက်၏။

“ဘာလို့ နေရာသတ်မှတ်ထားတာလဲ။ ကျွန်မက ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ထိုင်ချင်တာ...”

ယခုလိုလှပသည့် ပတ်ဝန်းကျင်တွင် သူတို့က သူငယ်ချင်းများနှင့် စကားပြောကာ ပျော်ချင်ကြသည်မှာ ဓမ္မတာပင်။

ကတော်ကြီးများကလည်း ဝင်ပြောပေး၏။

“ရပါတယ်... ကလေးတွေကို အတူတူ ထိုင်ခိုင်းလိုက်ပါ၊ သူတို့ချင်း ပြောစရာတွေ ရှိမှာပေါ့”

လီနျန်က အလုပ်သမားများကို နာမည်ကတ်များ ပြန်စီရန် အမိန့်ပေးသော်လည်း အလုပ်ရုံက မိန်းကလေးများမှာ ပြင်ပလူနှင့် သိပ်မဆက်ဆံဖူးသဖြင့် လူတိုင်းကို မမှတ်မိဘဲ တစ်ခဏတာ ယောက်ယက်ခတ်သွားကြသည်။

ဧည့်သည်မိန်းကလေးများ စားပွဲပေါ်ရှိ သိုးမွှေးရုပ်လေးများကို အလုပ်သမားများက အလောတကြီး လုပ်ရင်း ထိခိုက်မိမှာ စိုးသဖြင့် ပြောလိုက်သည်။

“နေပါစေ... တို့ဘာသာတို့ပဲ လဲလိုက်မယ်။ တို့က ဇွတ်ပြောမိတာကိုး”

ထိုသို့ ဆိုကာ နာမည်ကတ်များကို ကိုယ်တိုင် လဲလှယ်ပြီး မိနစ်ပိုင်းအတွင်း နေရာတကျ ထိုင်လိုက်ကြသည်။

ထိုင်လိုက်မှပင် ထိုင်ခုံခေါင်းအုံးလေးများမှာ အကောင်လေးများပမာ အမွှေးပွပုံစံလေးများ ဖြစ်နေသည်ကို တွေ့ရသည်။ အနီ၊ အဖြူ၊ အနက်နှင့် သူတို့ တစ်ခါမှ မမြင်ဖူးသော အရောင်စုံများဖြစ်ကာ ကိုင်ကြည့်လိုက်လျှင် အလွန်နူးညံ့အိစက်လှသဖြင့် မလွှတ်ချင်လောက်အောင်ပင် ဖြစ်နေကြ၏။

သူတို့ အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့ဟန် ဆောင်နေကြသော်လည်း မျက်လုံးထဲက အရောင်နှင့် ပြုံးပျော်နေသော မျက်နှာများကိုတော့ ဖုံးကွယ်ထား၍ မရပေ။ ဤအလှဆင်ပစ္စည်းလေးများက အင်မတန် ချစ်ဖို့ကောင်းလွန်းလှသည်။

ထိုင်လိုက်လျှင် တိမ်တိုက်ပေါ် ထိုင်နေရသကဲ့သို့ ခံစားရပြီး စားပွဲပေါ်မှ အရုပ်လေးများကို ထိကိုင်ကြည့်ရင်း သူတို့ ရင်ထဲတွင် ပျော်ရွှင်နေမိ၏။

စားပွဲပေါ်တွင် မုန့်မျိုးစုံလည်း တည်ခင်းထားသဖြင့် စားချင်စိတ် ပေါက်နေကြသော်လည်း မစားရဲကြသေးပေ။ အစဉ်အလာအရ အိမ်ရှင်က မစားသေးလျှင် ဧည့်သည် အရင်မစားသင့်ပေ။ သို့သော် ဤသည်မှာ ပုံမှန် ထမင်းစားပွဲမျိုး မဟုတ်ဘဲ ဆိုင်က တည်ခင်းထားခြင်း ဖြစ်သဖြင့် သူတို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြခြင်း ဖြစ်သည်။

နေဝင်ရီတရော အချိန်သို့ ရောက်သော်လည်း အခန်းတွင်းမှာတော့ လင်းထိန်နေဆဲပင်။

ဟွာကျွင်း အလုပ်ရုံသို့ ရောက်နေပြီဖြစ်ပြီး အပေါ်ထပ်တွင် မော်ဒယ်လ်များကို မိတ်ကပ်လိမ်းပေးနေ၏။ ဤပွဲအတွက် မိတ်ကပ်မှာ ဝတ်စုံများနှင့် လိုက်ဖက်အောင် ပါးပါးကြည်ကြည်လေးသာ လိမ်းပေးထားသည်။ ထို့ပြင် မိန်းကလေးများ ရှက်နေမည်စိုးသဖြင့် မျက်နှာကွယ်ရန် ယပ်တောင်ဝိုင်းလေးများကိုလည်း ပြင်ဆင်ပေးထားသည်။

မော်ဒယ်လ်မိန်းကလေးများမှာ အလွန်ရင်ခုန်နေကြ၏။ အကြိမ်ကြိမ် လေ့ကျင့်ထားသော်လည်း သူတို့ ခန္ဓာကိုယ်များ တုန်ယင်နေခြင်းကို မထိန်းနိုင်ကြပေ။ ဟွာကျွင်း ၎င်းကို ရိပ်မိသဖြင့် အားပေးလိုက်၏။

“ရပါတယ်... ခဏနေရင် ကျွန်မ အရင်ဆုံး သွားပြမယ်။ ကျွန်မကို ကြည့်ထားရင် ရှင်တို့ ရင်မခုန်တော့ဘူး”

မိန်းကလေးများ ဟွာကျွင်းပြောသည်ကို ထူးဆန်းနေသော်လည်း ထပ်မမေးတော့ပေ။ သို့သော် ခဏအကြာတွင်တော့ သူဌေးမဟွာ ပြောလိုက်သော စကားသည် မမှားပါဆိုသည့် အချက်ကို သိလိုက်ရ၏။

အချိန်တန်သောအခါ စပီကာမှ သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံကလေး ထွက်ပေါ်လာပြီး အောက်ထပ်မှ ဧည့်သည်များအားလုံး စကားပြောသံများ ရပ်တန့်သွားကြသည်။

လီနျန်သည် ဒုတိယထပ် ထောင့်တစ်နေရာတွင် ရပ်ကာ အားလုံးကို နှုတ်ဆက်လိုက်၏။

“ဟွာကျွင်း ပန်းထိုးအလုပ်ရုံရဲ့ ပထမဆုံး ဖက်ရှင်ပြပွဲကနေ အားလုံးကို ကြိုဆိုပါတယ်ရှင်”

ပြောပြီးသည်နှင့် သူမ အရင်ဆုံး လက်ခုပ်တီးလိုက်၏။ လေထု အငွေ့အသက်ကို အရင်ဆုံး နွေးထွေးအောင် လုပ်ရမည်ဆိုသော သူဌေးမဟွာ ၏ စကားကို သူမ မှတ်မိနေသည်။ ဧည့်သည်များကလည်း လိုက်လံလက်ခုပ်တီးကြသည်။

သူမက ဆက်ပြော၏။

“ဒီပြပွဲဟာ ကျွန်မတို့အတွက် ကြိုးစားမှုအသစ်တစ်ခု ဖြစ်ပါတယ်။ ကတော်ကြီးတို့နဲ့ သခင်မလေးတို့ အခုလို တက်ရောက်လာတာကို ဂုဏ်ယူမိပါတယ်။ ဒီနေ့ မြင်တွေ့ရမဲ့ ဝတ်စုံတိုင်းဟာ ကျွန်မတို့ အလုပ်ရုံရဲ့ စစ်မှန်တဲ့ ဖန်တီးမှုတွေ ဖြစ်ပါတယ်။ အသေးစိတ်တိုင်းမှာ အဓိပ္ပာယ်ရှိပြီး မြို့ထဲမှာတင်မက တစ်နိုင်ငံလုံးမှာပါ အထူးခြားဆုံး ဝတ်စုံတွေ ဖြစ်လာပါလိမ့်မယ်”

“ကျွန်မတို့ ပြင်ဆင်ထားတဲ့ အချိုရည်နဲ့ မုန့်တွေကို သုံးဆောင်ရင်းနဲ့ ကျွန်မတို့ အလုပ်ရုံရဲ့ အံ့သြဖွယ် ခရီးစဉ်လေးကို ခံစားကြည့်ကြပါဦးရှင်”

သူမ ပြောပြီးသည်နှင့် နံရံမှ မီးအိမ် လေးပုံသုံးပုံခန့်မှာ ငြိမ်းသွားပြီး ဧည့်သည်များ ထိုင်နေသော နေရာမှာ မှောင်သွားသည်။ သို့သော် အလယ်က တီပုံစံ စင်မြင့်ရှိ မီးအိမ်များမှာမူ လင်းထိန်နေဆဲပင်။

ဤသို့ဖြင့် တီပုံစံ စင်မြင့်သည် တစ်ခန်းလုံးတွင် အလင်းဆုံးနှင့် အထင်ရှားဆုံး နေရာတစ်ခု ဖြစ်သွားတော့၏။

အခန်း (၁၇၂)

ဖက်ရှင်ပြပွဲ (၂)

ပုလွေသံမှာ ပိုမိုမြူးကြွလာပြီး ဒုတိယထပ်တွင် ဟွာကျွင်း ပေါ်လာ၏။

သူမသည် အထူးမှာယူချုပ်လုပ်ထားသော ပွဲတက်ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ ပန်းရောင်ဇာအလွှာပေါင်းများစွာဖြင့် ပြုလုပ်ထားသော ဂါဝန်အောက်ပိုင်းတွင် ပန်းပွင့်ပုံသဏ္ဍာန် ဖော်ထားသည့် အတွန့်အခေါက်များဖြင့် စီခြယ်ထားသဖြင့် အလွန်ကြီးမားခမ်းနားလှသည်။

အပေါ်ပိုင်းမှာတော့ တစ်ရောင်တည်းဖြစ်သော ရင်စေ့ ကြိုးမဲ့ ရင်ဖုံးအကျပ် ကို ဝတ်ဆင်ထားပြီး ဖယောင်းတိုင်အလင်းအောက်တွင် တလက်လက်တောက်ပနေသော စီကွမ့်များဖြင့် ဖုံးလွှမ်းထား၏။ ရင်ဘတ်အပေါ်နားတွင် ပန်းရောင်နှင်းဆီပွင့်လေးများကို ပခုံးသိုင်းကြိုးအထိ စီတန်းထားသည်။

သူမသည် လက်မောင်းမှ ဂျိုင်းအထိ ရှည်လျားသော ပန်းရောင်လက်အိတ်များကို စွပ်ထားသဖြင့် ပခုံးလေးများသာ ပေါ်နေပြီး အပေါ်ပိုင်းမှာ အရမ်းကြီးပေါ်မနေဘဲ ကြည့်ကောင်းနေ၏။

သူမ ပန်းခြင်းကလေးကို ကိုင်ကာ ဒုတိယထပ်တွင် ရပ်လျက် ပန်းပွင့်ဖတ်များကို အောက်သို့ ပျော်ရွှင်စွာ ကျဲချလိုက်ပြီးနောက် လှေကားမှ ပထမထပ်သို့ သွက်လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆင်းလာခဲ့သည်။

သူမ၏ အပြုံးကြောင့် ဧည့်သည်အားလုံးကလည်း လိုက်လံရယ်မောကြသည်။

သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး မိတ်ကပ်ပါးပါးလေး လိမ်းထား၏။ လှိုင်းတွန့်လေးများကဲ့သို့ ဆံပင်ရှည်များကို ရိုးရှင်းစွာ စည်းနှောင်ထားသဖြင့် လောကီရေးရာများနှင့် မသက်ဆိုင်သော နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေတော့သည်။

ဟွာကျွင်းသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ခုန်ပေါက်သွားလာနေရာ သူမ၏ ဂါဝန်ကြီးမှာ တီစင်မြင့်တစ်ခုလုံး ပြည့်လုနီးပါးပင်။ သူမ လှုပ်ရှားလိုက်တိုင်း ဂါဝန်အောက်နားမှာ ဟိုဒီယိမ်းနွဲ့နေပြီး အပေါ်က ပန်းပွင့်လေးများမှာလည်း အသက်ဝင်ကာ ပွင့်အာနေသလိုမျိုး ထင်မှတ်ရသည်။

သူတို့ ဤမျှလောက် ခမ်းနားပြီး ထူးခြားသော ဝတ်စုံမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ လူတိုင်းမှာ မှင်တက် စွဲလန်းသွားကြပြီး ဟွာကျွင်း တီစင်မြင့်အဆုံးအထိ ရောက်သွားသည်အထိ မျက်တောင်မခတ် လိုက်ကြည့်နေကြသည်။

ထို့နောက် ဟွာကျွင်း တင့်တယ်စွာ လှည့်လိုက်ပြီး လူတိုင်းကို လက်ပြလိုက်၊ ဆံပင်ရှည်များကို ခါထုတ်လိုက်၊ ဂါဝန်ကို ဝှေ့ယမ်းပြီး ဓာတ်ပုံရိုက်ခံနေသည့်အလား ပုံစံအမျိုးမျိုး ပြလိုက်၏။

နောက်ဆုံးတွင် သူမ ပြန်ဝင်သွားခဲ့သည်။

မည်သူက စတင်လိုက်သည်မှန်းမသိသော်လည်း လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်းက တရပ်စပ် လက်ခုပ်တီးကာ အားပေးကြတော့သည်။

ဒုတိယထပ်တွင် စောင့်နေကြသော မော်ဒယ်လ်များမှာလည်း ဟွာကျွင်း၏ ပေါ့ပါးသော အမူအရာကို မြင်တွေ့ရသဖြင့် နှလုံးတုန်နေသည်မှာ သက်သာသွားကြသည်။

အနည်းဆုံးတော့ သူတို့ ခုန်ပေါက်နေစရာ မလိုဘဲ ဟိုဘက်ဒီဘက် လမ်းလျှောက်ပြရုံသာ ဖြစ်သဖြင့် သူဌေးမဟွာ လုပ်ပြသွားသည်နှင့်ယှဉ်လျှင် အများကြီး ပိုလွယ်ကူသည်ဟု သူတို့ တွေးမိကြသည်။

ဟွာကျွင်း ဒုတိယထပ်သို့ ပြန်ရောက်လာပြီးနောက် လီနျန်က ကြေညာလိုက်၏။

“ဖက်ရှင်ပြပွဲကို တရားဝင် စတင်ပါပြီ”

ဟွာကျွင်း အဝတ်လဲခန်းသို့ ပြန်ဝင်လာပြီး မော်ဒယ်လ်များကို မေးလိုက်သည်။

“ရင်မခုန်တော့ဘူးမလား”

မော်ဒယ်လ်များအားလုံးက ပြုံးကာ ခေါင်းခါပြကြ၏။

“ရင်မခုန်တော့ပါဘူး”

ဂီတသံမှာ ငြိမ့်ညောင်းလာပြီး တစ်ယောက်ပြီးတစ်ယောက် အရောင်စုံ၊ ပုံစံစုံ ဝတ်စုံများကို ဝတ်ဆင်ကာ ယပ်တောင်ဝိုင်းလေးများကို ကိုင်လျက် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာကြသည်။

သူတို့၏ ကိုယ်ဟန်အနေအထားမှာ မတ်မတ်ရှိပြီး ခြေလှမ်းများမှာ တည်ငြိမ်လှသဖြင့် ဧည့်သည်များအားလုံးကို ဝတ်စုံ၏ ပုံစံနှင့် အသေးစိတ်လက်ရာများကို သေသေချာချာ မြင်တွေ့ရစေသည်။

လီနျန်ကလည်း အပေါ်ထပ်မှနေ၍ အသေးစိတ် ရှင်းပြပေးနေ၏။

အကယ်၍ ကြိုက်နှစ်သက်သည့် ဝတ်စုံရှိပါက စားပွဲပေါ်က နာမည်ကတ်အနောက်တွင် အင်္ကျီနံပါတ်ကို ရေးထားနိုင်ပြီး နောက်မှ လူတစ်ယောက် လာသိမ်းပေလိမ့်မည်။

ဆန်းသစ်သော ရောင်းဝယ်မှုပုံစံက ဝယ်ယူလိုစိတ်ကို အလွန်လှုံ့ဆော်ပေး၏။ မော်ဒယ်လ်များ ဝတ်ထားသည်မှာ လှလွန်းသဖြင့် မိမိတို့ကိုယ်တိုင် ဝတ်ဆင်ထားသည်ကို စိတ်ကူးကြည့်ကာ စာရွက်ပေါ်တွင် နံပါတ်များ အလုအယက် ရေးမှတ်နေကြတော့သည်။

ဟွာကျွင်းသည် ဒုတိယထပ်တွင် ထိုင်ကာ ရင်ခုန်နေသည်ကို ငြိမ်အောင် လုပ်နေရသည်။ ရင်မခုန်ဘူးဆိုလျှင် လိမ်ရာကျပေမည်၊၊ သူမ သတ္တိ ရှိသည် ဟူ၍သာ ဟန်ဆောင်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဟွာရှန့် အပြေးအလွှားတက်လာပြီး အော်လိုက်၏။

“မမ... မမ”

ဟွာကျွင်း လန့်သွားပြီး ချက်ချင်း ထရပ်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ ဆိုင်မှာ တစ်ခုခု ဖြစ်လို့လား”

ဟွာရှန့်က အမောတကောဖြင့် ခေါင်းခါပြ၏။

“စစ်သူကြီးလု ပြန်ရောက်နေပြီ။ သူ အောက်ထပ်က နောက်ဖေးဝင်းထဲမှာ”

ထိုစကားကို ကြားလိုက်ရသဖြင့် ဟွာကျွင်းမှာ ခဏမျှ မှင်တက်သွားသည်။ သူမ ဝတ်ထားသည်ကိုပင် ဂရုမစိုက်တော့ဘဲ လေးလံသော ဂါဝန်ကြီးကို မကာ အောက်ထပ်သို့ အပြေးဆင်းသွားတော့၏။

“မမ... နေဦးလေ၊ ဝတ်ရုံခြုံဦး”

ဟွာရှန့်မှာ ကုလားထိုင်ပေါ်က ဝတ်ရုံကို ကောက်ယူကာ အနောက်မှ ပြေးလိုက်သွားသည်။

ဟွာကျွင်း နောက်ဖေးဝင်းထဲသို့ ရောက်သွားသောအခါ လုမင်လီသည် သစ်ပင်ကြီးအောက်တွင် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အမြဲတမ်းလိုပင် မြင့်မြင့်မားမား တည့်တည့်မတ်မတ် ရှိနေသော်လည်း ယခုအခါ အနည်းငယ် ပိန်သွားသလို ထင်ရကာ လရောင်အောက်တွင် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဟွာကျွင်းသည် လုမင်လီကို မြင်လိုက်ရသည့် ခဏမှာပင် သူမ မျက်ဝန်းများ နီမြန်းလာသည်။ သူမ အဝေး၌ ရပ်လိုက်ပြီး ညင်သာစွာ ခေါ်လိုက်၏။

“ရှင် ပြန်ရောက်ပြီလား”

လုမင်လီ လှည့်ကြည့်လိုက်၏။ သူ့နက်ရှိုင်းသော မျက်ဝန်းများက ဟွာကျွင်းကို စိုက်ကြည့်နေပြီး မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

“အင်း... ကိုယ် ပြန်လာပြီ”

ထိုအချိန်မှာပင် ဟွာရှန့် အမီလိုက်လာပြီး ဟွာကျွင်း၏ ပခုံးပေါ်သို့ ဝတ်ရုံခြုံပေးလိုက်သည်။ ထိုအခါမှသာ ဟွာကျွင်းသည် ပွဲတက်ဂါဝန် ဝတ်ထားမှန်း သတိရပြီး ဂါဝန်အနားသတ်ကို ဆွဲကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။

ပါးလွှာသော ဝတ်ရုံမှာ ဟွာကျွင်း၏ ပခုံးပေါ်မှ လျောကျသွားသည်။ လုမင်လီ လျင်မြန်စွာ အရှေ့သို့ လှမ်းလာပြီး ဝတ်ရုံကို ဖမ်းကာ ဟွာကျွင်းအား ပြန်လည် ခြုံပေးလိုက်သည်။

လုမင်လီ အနားသို့ တိုးကပ်လာသောအခါ သန်သန်မာမာ ယောကျ်ား ပီသသော အမျိုးသားအနံ့အသက်မှာ ဟွာကျွင်းကို လွှမ်းမိုးသွားသဖြင့် သူမ ပို၍ ရင်ခုန်သွားရသည်။

ဝတ်ရုံက ဟွာကျွင်း၏ ပေါ်နေသော ပခုံးလေးများကို ဖုံးအုပ်ပေးထားသည်။ လုမင်လီက နောက်သို့ ခြေလှမ်းကြီးတစ်လှမ်း ပြန်ဆုတ်လိုက်ပြီး ဟွာကျွင်းကို တိုးတိုးလေး ပြောလိုက်၏။

“ဒီနေ့ မင်း...”

ထိုစကား သုံးလုံးကို ပြောပြီးနောက် သူသည် ဟွာကျွင်းကို ဖော်ပြရန် သင့်တော်သော စကားလုံး ရှာမတွေ့သဖြင့် စကားမှာ ရပ်တန့်သွားသည်။

လုမင်လီက ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ဟွာကျွင်းကတော့ စိတ်သက်သာရာ ရသွားသည်။ သူမက သူ့ကို မော့ကြည့်ကာ မျက်တောင်လေး ခတ်၍ တိုက်ရိုက်ပင် မေးလိုက်၏။

“ဒီနေ့ ကျွန်မ လှလား”

ပြောပြီးနောက် သူမသည် သူ့ကို ပြရန် တစ်ပတ်ပင် လှည့်ပြလိုက်သေးသည်။

လုမင်လီ၏ မျက်ဝန်းများမှာ အာရုံပျောက်ဆုံးသွား၏။ သူမသည် လရောင်အောက်တွင် တောက်ပနေသော ဂါဝန်နှင့် လှုပ်ရှားလိုက်တိုင်း လွင့်နေသော ဆံနွယ်ရှည်များကြားတွင် နတ်သမီးလေးတစ်ပါးနှင့် တူလှသည်။ သူမ ရပ်လိုက်သောအခါ ဆံနွယ်တစ်စက နှုတ်ခမ်းထောင့်တွင် ကပ်တင်နေသည်။

သူသည် စိတ်မထိန်းနိုင်ဘဲ ညာဘက်လက်ကို ဆန့်ထုတ်ကာ သွယ်လျသော လက်ညှိုးလေးကို အနည်းငယ် ကွေးလျက် ဟွာကျွင်း၏ ပါးပြင်နားသို့ ဖြည်းညင်းစွာ တိုးကပ်သွားပြီး ထိုဆံနွယ်လေးကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

ဟွာကျွင်းသည် မယုံနိုင်သော မျက်လုံးများဖြင့် လုမင်လီကို စိုက်ကြည့်နေမိပြီး သူကလည်း မိမိဘာလုပ်မိမှန်းကို နောက်မှ သတိထားမိသွားသည်။

သူ့နှုတ်ခမ်းများ အနည်းငယ် ဟသွားပြီး လည်စိမှာလည်း မသိမသာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ အတော်ကြာမှ သူ စကားပြန်ပြော၏။

“တောင်းပန်ပါတယ်... ဒီနေ့ည မင်းက... တကယ်ကို လှပလွန်းလို့ ဘယ်လိုချီးကျူးရမှန်းတောင် မသိတော့ပါဘူး”

သိပ္ပံကျောင်းသူလေး ဟွာကျွင်းမှာတော့ ထိုနေရာမှာတင် မှင်တက်သွားသည်။ သူမ စိတ်ထဲမှ ပြန်မေးနေမိသည်။ ‘ဒါက ဘာကို ဆိုလိုတာလဲ။ သူ ငါ့ကို ချီးကျူးနေတာလား။ အင်း... ချီးကျူးတယ်ဆိုတဲ့ စကားလုံး ပါတာပဲ၊ ဟုတ်မှာပါ…’

သူပြောလိုက်သော စကားလုံးများကို စိတ်ထဲကနေ သုံးကြိမ်လောက် ပြန်ရွတ်ပြီး နောက်မှ အဘိဓာန်မှာ ပြန်ရှာကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမက အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် ခဏမျှ တိတ်ဆိတ်သွားပြန်သည်။

ဟွာကျွင်း “ရှင်...”

လုမင်လီ “ကိုယ်...”

နှစ်ယောက်လုံး တစ်ပြိုင်တည်း စကားပြောမိသဖြင့် ဟွာကျွင်းက အမြန်ပြောလိုက်သည်။

“ရှင် အရင်ပြောပါ”

လုမင်လီက ခေါင်းညိတ်ပြ၏။

“ကိုယ် အခုလေးတင် ပြန်ရောက်တာ၊ မြို့ထဲတောင် မဝင်ရသေးဘူး။ မင်းကို အရင်ဆုံး အသိပေးချင်လို့ လာခဲ့တာ”

သူ ဤသို့ မလုပ်သင့်မှန်း သိသော်လည်း သူ့ခြေထောက်များက အလိုလို ရောက်လာခဲ့ခြင်း ဖြစ်၏။ သတိထားမိချိန်တွင် သူသည် မုန့်ဆိုင်တံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။

သူ ဆက်မေး၏။

“မုန့်ဆိုင်က အဆင်ပြေရဲ့လား”

ဟွာကျွင်းက ခေါင်းညိတ်ပြသည်။

“အရမ်း အဆင်ပြေပါတယ်။ မော့ချွမ်းတို့ ရှိနေတော့ ကျွန်မ ဘာမှ ပူစရာမလိုဘူး”

လုမင်လီက ထပ်မေးသည်။

“မူလတန်းကျောင်းကော အဆင်ပြေရဲ့လား”

ဟွာကျွင်းက ထပ်မံ ခေါင်းညိတ်ပြပြန်၏။

“အရမ်း အဆင်ပြေပါတယ်။ နောက်ရက်ကျရင် စာရင်းစာအုပ်တွေကို လူလွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်...”

“ပြီးတော့ မင်းကော။ မင်းရော အဆင်ပြေရဲ့လား”

ဟွာကျွင်းက သူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ သူမ မျက်လုံးများ အနည်းငယ် နီမြန်းလာ၏။ သူမ အသံတုန်တုန်လေးဖြင့် ပြောလိုက်သည်။

“ဟင့်အင်း... အဆင်မပြေဘူး... ကျွန်မ ရှင့်ကို သတိရနေတာ”

လုမင်လီ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး အသက်ရှူသံများ ရုတ်တရက် ပြင်းထန်လာသည်။ သူ့လက်များမှာ ဟွာကျွင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ချင်လွန်းသဖြင့် မသိမသာ တုန်ယင်နေသော်လည်း နောက်ဆုံးတွင်တော့ မဝံ့မရဲ ဖြစ်နေမိ၏။

သူ ဤတာဝန်အား မထမ်းဆောင်နိုင်မှာကို အလွန်စိုးရိမ်နေမိပါသည်။

ဟွာကျွင်းကတော့ ဘာကိုမှ ဂရုမစိုက်တော့ပေ။ သူမသည် ဝမ်းနည်းမှုများစွာကို အောင့်အည်းထားခဲ့ရပြီး ဖြစ်သဖြင့် ထပ်ပြီး မထိန်းချုပ်ချင်တော့ပေ။ ထုံးတမ်းစဉ်လာများကိုလည်း ဂရုမစိုက်နိုင်တော့ပေ။

သူမ ခြေတစ်လှမ်း တိုးလိုက်ပြီး လုမင်လီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့၏။

All Chapters