အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း (၁၇၃)
ပြောစရာ စကားမရှိ ဆွံ့အလျက်
ဟွာကျွင်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် လုမင်လီ လုံးဝ အငိုက်မိသွား၏။ သူမ အရှိန်ကြောင့် သူ ယိုင်သွားတော့မလို ဖြစ်သွားသည်။
သူ နောက်သို့ တစ်လှမ်းဆုတ်ကာ ဟန်ချက်ကို အမြန်ပြန်ထိန်းလိုက်ရသည်။ သူ့လက်များမှာလည်း လေထဲတွင် ဝဲနေပြီး ဘာလုပ်ရမှန်းမသိဘဲ အထိတ်တလန့် ဖြစ်သွား၏။
ဟွာကျွင်းက ရှိုက်ကြီးတငင် ငိုရင်း ပြောလိုက်သည်။
“ကျွန်မ ရှင်ဘေးကင်းရဲ့လားဆိုတာ အရမ်းစိတ်ပူနေတာ။ ဘာလုပ်ရမှန်းလည်း မသိဘူး။ စစ်ပွဲတွေကိုလည်း ကြောက်တယ်။ ရှင့်မှာ ဖုန်းလည်းမရှိတော့ မက်ဆေ့ခ်ျလည်း ပို့လို့မရဘူး။ ရှိရင်တောင် လိုင်းမမိတော့ ကျွန်မပို့တာတွေ ရှင်ရမှာမဟုတ်ဘူး။ ရှင်ကလည်း စာတစ်စောင်တောင် မရေးဘူး။ ကျွန်မက ဘာလုပ်ရမှာလဲ။ ဟင့်...ဟင့်”
သူ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူမ ရင်ထဲမှ အားငယ်မှုများကို အကုန်ပုံချလိုက်တော့သည်။
လုမင်လီ သူ့ရင်ခွင်ထဲမှ နွေးထွေးမှုကိုသာ ခံစားနေရသည်။ သူမကို ပြန်ဖက်ရမလား မဖက်ရမလား ဝေခွဲမရဖြစ်နေပြီးမှ နှစ်သိမ့်ဖို့သာ ရွေးချယ်လိုက်၏။
“အင်း... အင်း... အားလုံးက ကိုယ်ညံ့လို့ပါ။ ကိုယ့်အမှားတွေပါ”
ဟွာကျွင်း မျက်ရည်စများနှင့် မော့ကြည့်ကာ ခပ်စိမ်းစိမ်း ပြောလိုက်သည်။
“ရှင်သာ ကျွန်မကို ပြန်မဖက်ရင် ရှင်တော့ အသေပဲ”
ထိုစကားကို ကြားသောအခါ လုမင်လီ ဆက်၍ မအောင့်ထားနိုင်တော့ဘဲ ဟွာကျွင်းကို တင်းတင်းကြပ်ကြပ် ပြန်လည်ဖက်ထားလိုက်တော့၏။
ဟွာကျွင်း၏ ခန္ဓာကိုယ်လေးမှာ အလွန်နူးညံ့ပြီး သေးငယ်လွန်းလှသဖြင့် သူ အားအနည်းငယ်မျှပင် မသုံးရဲဘဲ ထိန်းဖက်ထားရသည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဟွာကျွင်း၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်၏။
“ကိုယ်လည်း... မင်းကို သတိရနေတာပါ”
အထဲတွင် တူရိယာသံများ လွှမ်းမိုးနေသော်လည်း အပြင်ဘက်တွင်မူ သူတို့နှစ်ဦး၏ နက်ရှိုင်းသော သံယောဇဉ်များက လွင့်ပျံ့နေတော့သည်။
ဟွာကျွင်း ရင်ထဲ တဒိန်းဒိန်း ခုန်နေပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူမ စကားစပြောမည်အလုပ်တွင် လုမင်လီ၏ အသံက အပေါ်မှ ထွက်ပေါ်လာ၏။
“ဟွာကျွင်း... ကိုယ့်ကို စောင့်ပါ။ ဒီက ကိစ္စတွေ အကုန်အခြေကျသွားရင် ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်”
ဟွာကျွင်းက သူ့ကို ညင်ညင်သာသာ တွန်းဖယ်လိုက်ပြီး မေးလိုက်၏။
“ရှင် ဒီက အရာအားလုံးကို တကယ်ပဲ စွန့်လွှတ်နိုင်မှာလား”
လုမင်လီသည် သူ့အင်္ကျီလက်ဖြင့် ဟွာကျွင်း ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးကာ သက်ပြင်းချလိုက်သည်။
“ဒီတစ်ခေါက် မြောက်ဘက်ခရီးက မချောမွေ့ခဲ့ဘူး။ စစ်ပွဲကလည်း မလွဲမသွေ ဖြစ်တော့မှာ၊ ကိုယ် စစ်ပြေးလို့ မဖြစ်ဘူး။ မင်း ကိုယ့်ကို နားလည်ပေးနိုင်မလား”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်သည်။
“စစ်ပွဲပြီးရင်တော့... ကိုယ် မုန့်ဆိုင်မှာ မင်းနဲ့အတူ နေမယ်၊ ပြီးရင်...”
ဟွာကျွင်းက သူ့နှုတ်ခမ်းကို လက်ဖြင့် ချက်ချင်း ပိတ်လိုက်သည်။
“နေဦး... နိမိတ်မရှိတာတွေ ကြိုမပြောနဲ့ဦး”
သူမ ဆက်မေး၏။
“ဒါပေမဲ့ ဘွားဘွားလု ကော။ သူ ဘာဖြစ်သွားမလဲ”
သူသည် ဟွာကျွင်း၏ လက်ကို ဖယ်ရှားကာ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
“လုမင်ကျဲ ရှိနေတာပဲ၊ အဘွားကို သူ သေချာ ဂရုစိုက်ပါလိမ့်မယ်။ သူလည်း အသက်ကြီးပြီပဲ၊ တာဝန်ယူတတ်ရတော့မယ်”
လုမင်လီ တစ်ခုခု ထပ်ပြောမည်အလုပ်တွင် မော့ချွမ်း အသံက ထောင့်တစ်နေရာမှ ထွက်လာ၏။
“ဟွာကျွင်း”
ဟွာကျွင်း လှည့်ကြည့်လိုက်ရာ အမှောင်ရိပ်ထဲတွင် မော့ချွမ်းကို တွေ့လိုက်ရသည်။
“ရှင် ဘာလုပ်နေတာလဲ”
မော့ချွမ်းက မျက်လုံးကို လက်ဖြင့် အုပ်လျက် ထွက်လာကာ ပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက် ဘယ်တော့မှ ရပ်မှာလဲ။ အရမ်းကို မသင့်တော်လိုက်တာ”
ဟွာကျွင်းက ပြန်ပက်သည်။
“ဖက်တာက ဘာဖြစ်လို့ မသင့်တော်ရမှာလဲ။ ရှင့်ဖုန်းထဲက ဗီဒီယိုတွေထဲမှာ ရှင်ဘာတွေ သိမ်းထားလဲဆိုတာ ကျွန်မ မသိဘူး ထင်နေလား”
မော့ချွမ်း လက်ကိုချကာ ဒေါသတကြီး ခုန်ပေါက်ပြီး ပြောလိုက်၏။
“အဲဒါက ဘယ်တူမှာလဲ။ အဲဒါက ဖုန်းထဲမှာလေ၊ လူအစစ်မှ မဟုတ်တာ။ ပြီးတော့ ခင်ဗျားတို့က နေရာလည်း မရွေးဘူး... ခင်ဗျားတို့... အား”
“လိုရင်းကို ပြောစမ်းပါ”
မော့ချွမ်းက ဗျာများနေဟန်ဖြင့် ပြောလိုက်၏။
“ပန်းထိုးအလုပ်ရုံမှာ အမှာစာတွေ ပုံနေတာကို ခင်ဗျားက ဂရုမစိုက်ဘူး။ မုန့်ဆိုင်ကိုလည်း ပြန်မလာဘူး။ ဆိုင်မှာ လူတစ်ယောက် မူးပြီး ပြဿနာရှာနေလို့ အားမန်က ခင်ဗျားကို လိုက်ရှာနေတာ အသည်းအသန်ပဲ...”
စစ်သူကြီးလုက ရှေ့သို့ တိုးလာပြီး ဟွာကျွင်း၏ အပေါ်ဝတ်အင်္ကျီကို သေသေချာချာ ပြန်ပြင်ပေးနေသည်ကို မြင်တော့ သူ စကားစပြတ်သွားသည်။
စစ်သူကြီး ဟွာကျွင်းကို နူးညံ့စွာ ပြောလိုက်သည်။
“အရင်ပြန်ပြီး အဝတ်လဲလိုက်ဦး၊ အအေးမိမယ်”
ဟွာကျွင်းက သူ့ကို မော့ကြည့်ကာ ပြန်ဖြေလိုက်၏။
“ဟုတ်.. ခဏနေရင် လဲလိုက်ပါ့မယ်”
သူတို့နှစ်ယောက်လုံးက မော့ချွမ်းကို လူရာမသွင်းကြပေ။
မော့ချွမ်း “...”
“ဒါဆို ရှင် အရင်ပြန်နှင့်တော့လေ။ ကျွန်မ ကိစ္စအချို့ သွားရှင်းလိုက်ဦးမယ်”
စစ်သူကြီးလု ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကောင်းပြီ... သွားလေ”
ဟွာကျွင်းသည် အဝတ်လဲရန် ပန်းထိုးအလုပ်ရုံထဲသို့ ခုန်ပေါက် ပြန်ဝင်သွားရာ မော့ချွမ်းတစ်ယောက်တည်း ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။
သူတို့နှစ်ယောက် ဟွာကျွင်း လှေကားပေါ် တက်သွားသည်အထိ ကြည့်နေကြသည်။ မော့ချွမ်း စစ်သူကြီးလုကို စကားပြောမည်အလုပ်တွင် စစ်သူကြီးလုက အရင်ပြောလိုက်၏။
“တကယ်သာ ပြဿနာရှာနေတဲ့သူ ရှိရင် မင်း ဒီမှာ ရှိနေမှာ မဟုတ်ဘူး။ နောက်တစ်ခါကျရင် ဒီထက်ကောင်းတဲ့ ဆင်ခြေရှာခဲ့ဦး”
ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားတော့သည်။
မော့ချွမ်း “...”
‘ဒီညတော့ သူ တကယ်ပဲ ပြောစရာ စကားမရှိဘူး’
မော့ချွမ်း ဆွံ့အသွားရ၏။
ဖက်ရှင်ပြပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ ဟွာကျွင်းသည် ပန်းထိုးအလုပ်ရုံ ဒုတိယထပ်သို့ ပြန်သွားကာ အဝတ်လဲပြီး လီနျန်ကို မှာစရာရှိသည်များ မှာကြားခဲ့၏။ ထို့နောက် မုန့်ဆိုင်သို့ ပြန်လာခဲ့သည်။
ပြဿနာရှာသူဆိုသည်မှာ မော့ချွမ်း လိမ်ပြောခြင်းသာ ဖြစ်သဖြင့် ဆိုင်တွင် ဘာမှမရှိသော်လည်း သူမ စိတ်ထဲ မထားပေ။ သူမ စိတ်မှာ အလွန် ကြည်လင်နေ၏။ သီချင်းလေး ညည်းကာ မီးဖိုချောင်ထဲရှိ အားမန် ဘေးတွင် ဟိုဟိုဒီဒီ လုပ်နေမိသည်။
မော့ချွမ်း ဒေါသတကြီးဖြင့် မီးဖိုချောင်ထဲသို့ ဝင်လာကာ တိုင်တော့၏။
“စစ်သူကြီးလု ကျွန်တော့်ကို ဘာပြောသွားလဲ သိလား။ သူက အရမ်းကို မောက်မာတာပဲ”
ဟွာကျွင်းက လက်ထဲက အဝတ်စုတ်ကို လက်ညှိုးဖြင့် လှည့်ကစားရင်း ပြောလိုက်သည်။
“အဲဒါက ရှင့်ဘက်က အရင်မှားလို့ ဖြစ်မှာပေါ့။ မဟုတ်ရင် သူက ရှင့်ကို ဘာလို့ ပစ်မှတ်ထားမှာလဲ”
မော့ချွမ်း မယုံနိုင်စွာ မေး၏။
“သူ ဘာပြောလဲဆိုတာတောင် မမေးဘဲ သူ့ဘက်ကနေ ဒီလောက်တောင် ကာကွယ်နေတာလား”
“ဒါဆို ပြောပါဦး၊ သူ ဘာပြောလို့လဲ”
“သူ... သူ... ထားလိုက်ပါတော့၊ ဘာမှမဟုတ်ပါဘူး”
မော့ချွမ်းသည် သူကိုယ်တိုင်လိမ်ပြောခဲ့သည်ကို သတိရသွားကာ ကုလားထိုင်ပေါ်သို့ အားမရှိသလို ထိုင်ချလိုက်သည်။
ခဏအကြာတွင် သူ ထပ်မေး၏။
“ခင်ဗျား တကယ်ပဲ သူ့နဲ့ တွဲမှာလား။ သူ ဆိုင်ကို လာရင် ဘာလုပ်နိုင်မှာလဲ။ ကျွန်တော့်လိုပဲ လက်ဖက်ရည်နဲ့ ရေ လိုက်ချပေးမှာလား”
စစ်သူကြီးလု ခါးစည်းဝတ်ပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးနေမည့်ပုံစံကို သူ စိတ်ကူးကြည့်၍ လုံးဝ မရပေ။
သူ ဆက်ပြော၏။
“ကျွန်တော် သူ့ကို ပထမဆုံး မြင်ဖူးတုန်းက သူက မြင်းပေါ်မှာ ခန့်ခန့်ညားညား ထိုင်နေတာ၊ ချပ်ဝတ်တန်ဆာတွေနဲ့၊ ဓားရှည်ကြီးကို ကိုင်လို့... သူ့နောက်မှာလည်း စစ်သည်တွေ အများကြီးပဲ။ ကျွန်တော်တို့အားလုံးက လမ်းဖယ်ပေးခဲ့ရတာ။ မြင်ကွင်းက တကယ့်ကို ခန့်ညားတာ။ ကျွန်တော် သူ့ကို အဝေးကနေ ကြည့်ခဲ့ရတာ။ အဲဒီတုန်းက သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့သူ၊ ကျွန်တော်တို့နဲ့ လုံးဝ မဆိုင်တဲ့သူလို့ ထင်ခဲ့တာ”
သူက ရယ်မောရင်း ဆက်ပြောပြန်သည်။
“ကံကြမ္မာက တကယ်ကို နောက်ပြောင်တတ်တာပဲ... အော်... ဒါနဲ့ သူသာ ဆိုင်ကို ရောက်လာရင် ကျွန်တော်က သူ့ထက် ဝါရင့်ဖြစ်သွားမှာလား။ သူ ကျွန်တော့်စကား နားထောင်ရမှာလား။ ဟားဟား”
“မဟုတ်ဘူး၊ ရှင်က သူဌေး နောက်တစ်ယောက် ထပ်ရမှာပဲ”
မော့ချွမ်း “...”
ဟွာကျွင်း တစ်ခုခု သတိရသွားပြီး မေးလိုက်၏။
“စစ်သူကြီးလုရဲ့ မိဘတွေ နှစ်ယောက်လုံး ဆုံးသွားပြီလို့ ရှောင်မိန် ပြောတာ ကြားတယ်။ ဘာလို့လဲဆိုတာ ရှင်သိလား”
မော့ချွမ်း အမြန်ပင် လက်ယမ်းလိုက်၏။
“အဲဒါက ပြောဖို့ တားမြစ်ထားတဲ့ အကြောင်းအရာပဲ...”
ထို့နောက် သူ ဟိုဟိုဒီဒီ ကြည့်ပြီးမှ ဟွာကျွင်းအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။
“သူ့အဖေက ရန်သူနဲ့ ပူးပေါင်းကြံစည်လို့ ဧကရာဇ်မင်းမြတ်က ကွပ်မျက်လိုက်တာ။ သူ့အမေကလည်း အဲဒါကို လက်မခံနိုင်ဘဲ နောက်က လိုက်သွားတာ”
ဟွာကျွင်းမှာ မယုံနိုင်အောင် ဖြစ်သွားသည်။
“မဖြစ်နိုင်တာ။ ရှင် မှားနေတာ မဟုတ်ဘူးလား။ သူ့အဖေက ဘယ်လိုလုပ် ရန်သူနဲ့ ပူးပေါင်းမှာလဲ”
ရန်သူနှင့် ပူးပေါင်းခြင်းမှာ တစ်မျိုးနွယ်လုံး အသတ်ခံရမည့် အမှုကြီးပင်။
“လူတိုင်း သိနေတဲ့ကိစ္စပဲ၊ ကျွန်တော် ဘယ်လိုမှားမှာလဲ။ အဲဒီတုန်းက စစ်သူကြီးလုက စစ်မြေပြင်မှာ အောင်မြင်မှုတွေ အများကြီး ရထားလို့ သူ့အောင်မြင်မှုတွေနဲ့ အလဲအလှယ်လုပ်ပြီး ကျန်တဲ့ မိသားစုဝင်တွေကို ကာကွယ်ပေးခဲ့တာ။ အဲဒါကြောင့် ဧကရာဇ်မင်းမြတ်က အဆုံးအထိ အရေးမယူဘဲ ဘွဲ့ထူးဂုဏ်ထူးတွေပဲ ရုပ်သိမ်းလိုက်တာ”
ဟွာကျွင်း တစ်ခဏ စဉ်းစားလိုက်ပြီးမှ မေးလိုက်၏။
“ဒါဆို သူ့အဖေက တကယ်ပဲ ရန်သူနဲ့ ပူးပေါင်းခဲ့တာလား”
မော့ချွမ်း နောက်သို့ မှီလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော့်လို သာမန်လူတစ်ယောက်က အဲဒီလို အဆင့်မြင့် မိသားစုကြီးတွေရဲ့ ကိစ္စကို ဘယ်လိုလုပ် အသေအချာ သိမှာလဲ”
“စစ်သူကြီးယွမ်ကျိုးက တိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာ လူတိုင်း သိပါတယ်။ သူ့ကို သစ္စာရှိတဲ့သူလို့ ခေါ်ရင်တောင် မလွန်ဘူး။ တကယ်လို့ သူ့အဖေကသာ တကယ် ရန်သူနဲ့ ပူးပေါင်းခဲ့ရင် ဒီလိုသားမျိုးကို ဘယ်လို ပြုစုပျိုးထောင်နိုင်မှာလဲ”
အခန်း (၁၇၄)
အမဲသားလိပ် ချဉ်စပ်စွပ်ပြုတ်
မော့ချွမ်း တိတ်တဆိတ် မျက်စောင်းထိုးကာ မကျေမနပ် ပြောလိုက်၏။
“စစ်သူကြီးယွမ်ကျိုးနဲ့ ခင်ဗျားကတော့ အတော်လေးကို ရင်းနှီးနေတာပဲ”
ရထားလုံးများမှာ ဆိုင်ရှေ့မှ တစ်စင်းပြီးတစ်စင်း ဖြတ်မောင်းသွားကြရာ ပန်းထိုးအလုပ်ရုံ၏ ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဟွာကျွင်း သိလိုက်သည်။
ပွဲမပြီးခင်မှာပင် ဧည့်သည်များကို ပြန်ကြိုရန် မြင်းရထားမောင်းသမားများကို အချက်ပေးဖို့ လီနျန်ကို သူမ ကြိုတင်မှာကြားထားပြီးဖြစ်၏။ အချိန်မှာ မိုးချုပ်နေပြီဖြစ်ရာ အမျိုးသမီးများကို တစ်ယောက်တည်း လမ်းမလျှောက်စေချင်သောကြောင့် ဖြစ်သည်။
“ချွမ်းချွမ်း... ပန်းထိုးအလုပ်ရုံမှာ ကူစရာရှိလား သွားကြည့်ပေးပါဦး”
မော့ချွမ်းမှာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသလို မျက်နှာပျက်သွားပြီး အော်တော့သည်။
“ခင်ဗျား ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ။ ပါးစပ်ပိတ်ထားစမ်း”
“စစ်သူကြီးယွမ်ကျိုးကို ကျွန်မက ရင်းရင်းနှီးနှီး ခေါ်လို့ ရှင်က မနာလိုဖြစ်နေတာ မဟုတ်လား။ ကျွန်မက ဘက်လိုက်လို့ ဘယ်ဖြစ်မလဲ ချွမ်းချွမ်းရဲ့”
“ခင်ဗျား ရပ်လိုက်တော့။ အဲဒီလို မခေါ်နဲ့။ အားးး။ ပျို့တောင် တက်လာပြီ”
မော့ချွမ်း မျက်နှာနီလာကာ ဒေါသတကြီး ဖြစ်သွားသော်လည်း ဟွာကျွင်း ခိုင်းသည်ကိုတော့ မမေ့ဘဲ ပွစိပွစိ ရေရွတ်ကာ အပြင်သို့ ထွက်သွားသည်။
ထို့နောက် မိနစ်ပိုင်းအတွင်းမှာပင် ရှို့ယွန်းသည် ဝမ်းသာအားရ မျက်နှာဖြင့် မုန့်ဆိုင်ထဲသို့ ဝင်လာ၏။
“ညီမလေးဟွာ... ဒီနေ့ ဖက်ရှင်ပွဲကတော့ တကယ့်ကို ခမ်းနားတာပဲ”
“သိလား။ ဒါဟာ အစ်မ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ပြပွဲပဲ”
“အထူးသဖြင့် ညီမလေးဝတ်တဲ့ ပန်းရောင်ဂါဝန်ကတော့ တောက်ပြောင်နေတာပဲ၊ မျက်တောင်တောင် မခတ်နိုင်ဘူး။ လူတွေအများကြီးက အဲဒီဂါဝန်အကြောင်း မေးနေကြတာ။ အပြင်ကို ထွက်ဝတ်လို့ မရရင်တောင် အိမ်မှာ ချိတ်ပြီး ကြည့်ဖို့အတွက် ဝယ်ချင်ကြတယ်တဲ့...”
“ပြီးတော့ အဲဒီဝတ်စုံတွေရဲ့ အရောင်စပ်ပုံတွေကလည်း အရမ်းဆန်းသစ်ပြီး လှပတယ်၊ ဒါပေမဲ့ အကုန်လုံးက အရမ်းလှနေတာပဲ။ အစ်မဆိုရင် အဲဒီလို အရောင်စပ်ဖို့ စိတ်တောင် မကူးရဲဘူး”
“အော်... ပြီးတော့ မုန့်တွေကလည်း အရမ်းအရသာရှိတာပဲ။ အစ်မအမြင်အရတော့ လျိုမိသားစု စားသောက်ဆိုင်က ညီမလေးကို ရှုံးတာဟာ သဘာဝကျပါတယ်”
ရှို့ယွန်းသည် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောနေတော့သည်။ သူမ၏ စိတ်ထဲတွင် မြင်တွေ့ခဲ့ရသော ခမ်းနားသည့် မြင်ကွင်းထဲတွင်သာ နစ်မြုပ်နေဆဲပင်။
ဟွာကျွင်းကို ကူညီပြီး ပြင်ဆင်ပေးစဉ်ကပင် သူမ အံ့သြခဲ့ရသည်ဖြစ်ရာ ပထမဆုံးအကြိမ် မြင်ဖူးသည့် ကတော်ကြီးများနှင့် သခင်မလေးများမှာ မည်မျှ အံ့သြသွားမည်နည်း။
ဟွာကျွင်း ပြုံးနေရုံသာရှိပြီး စကားတစ်ခွန်းတောင် ဝင်ပြောခွင့် မရပေ။ ရှို့ယွန်းကလည်း ဟွာကျွင်းထံမှ တုံ့ပြန်မှုကို မစောင့်ဘဲ သူမ ရင်ထဲက စိတ်လှုပ်ရှားမှုများကိုသာ အကုန်ထုတ်ပြောနေခြင်းဖြစ်၏။
ရှို့ယွန်း ပြောပြီးမှ ဟွာကျွင်းက မေးလိုက်သည်။
“မစားရသေးဘူးမလား၊ ဗိုက်ဆာနေပြီလား”
“မဆာပါဘူး၊ မဆာပါဘူး။ အခုချိန်မှာ အစ်မ ဘာကို စားနိုင်မှာလဲ။ အဲဒီလို လှပတောက်ပတဲ့ ဝတ်စုံတွေကို မြင်ပြီးမှ ကိုယ့်ရဲ့ အဆီပြင်တွေကိုပဲ နောင်တရမိတော့တယ်”
ဟွာကျွင်းက ပြုံးလျက် ပြောလိုက်၏။
“ဒါဆိုရင် ဒီည ပြောင်းဖူး တစ်ဝက်လောက်ပဲ စားလိုက်ပေါ့။ ဘာမှမစားဘဲ နေတာလည်း မကောင်းဘူးလေ”
“ကောင်းပြီ၊ ကောင်းပြီ။ ညီမလေးက တစ်ဝက်ဆိုရင် တစ်ဝက်ပေါ့”
သူမက စကားလမ်းကြောင်းပြောင်းကာ မေးပြန်သည်။
“ညီမလေး... နွေရာသီ မရောက်ခင် အစ်မ ဝိတ်ကျနိုင်ပါ့မလား”
ဟွာကျွင်းက ခဏမျှ စဉ်းစားပြီး ပြန်ဖြေ၏။
“အကုန်လုံး ကျသွားမယ်လို့ မပြောနိုင်ပေမဲ့ ဇွဲရှိရှိ ဆက်လုပ်မယ်ဆိုရင် ခန္ဓာကိုယ်က အချိုးအစား ပိုကျလာမှာ သေချာပါတယ်။ အင်္ကျီဝတ်ရင်လည်း အရင်ကထက် ပိုလှလာမှာပါ”
ရှို့ယွန်းသည် သူမ ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ ဝမ်းသာအားရ ပြောတော့သည်။
“ဗိုက်ကတော့ အသိသာဆုံး ပြောင်းလဲသွားတယ်လို့ ထင်တာပဲ”
ဟွာကျွင်းက ခေါင်းညိတ်ကာ ပြော၏။
“မေးစေ့လေးလည်း ပိုချွန်လာတယ်လို့ ကျွန်မ ထင်တယ်”
ရှို့ယွန်းမှာ ပို၍ ပျော်သွား၏။
“အစ်မတို့ အဖေကြီးကလည်း အဲဒီအတိုင်း ပြောတယ်။ မျက်နှာလေး ပြောင်းသွားတယ်တဲ့။ ညီမလေးကတော့ တကယ်ကို နည်းလမ်းရှိတာပဲ။ အခု ယောင်ကျူရဲ့ ခါးဘေးနှစ်ဖက်ကလည်း အဆီတွေ ကျသွားပြီလေ”
“ဒါက ကျွန်မရဲ့ အရည်အချင်း မဟုတ်ပါဘူး၊ အချက်အလက်တွေ အများကြီး ရှာဖွေဖတ်ရှုခဲ့ရတာပါ”
ဟွာကျွင်း စိတ်ထဲက တွေးနေမိ၏။
ရှို့ယွန်းသည် ငွေ (၅) တေး ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
“ဒီပိုက်ဆံကိုတော့ ညီမလေး ယူရမယ်နော်။ အစ်မက ညီမလေးလို အရာရာ မသိပေမဲ့ ပိုက်ဆံတော့ ရှိပါတယ်။ ဒါကို မယူရင်တော့ အစ်မကို သူစိမ်းလို ဆက်ဆံတာပဲလို့ သတ်မှတ်ပြီး စိတ်ဆိုးမှာနော်”
ဟွာကျွင်းသည် စိတ်ဆိုးတတ်သော အစ်မကြီးများကို အလွန်ချစ်မြတ်နိုးလှ၏။
ထို့ကြောင့် သူမသည် “မတတ်သာသည့်အဆုံး” ဟူသော အမူအရာဖြင့် ငွေကို လက်ခံလိုက်သည်။
စကားပြောနေစဉ်မှာပင် မော့ချွမ်း ပြန်ရောက်လာသည်။
“ပန်းထိုးအလုပ်ရုံက ဧည့်သည်တွေ ပြန်ကုန်ကြပြီ။ ဒါပေမဲ့ လီနျန်တို့ကတော့ အမှာစာတွေကို ပြန်စစ်နေရလို့ ဒီညတော့ နည်းနည်း အလုပ်များဦးမယ်ထင်တယ်။ နက်ဖြန်ညကျမှ လာခဲ့မယ်လို့ ပြောခိုင်းလိုက်တယ်”
ဟွာကျွင်းက ခေါင်းညိတ်ကာ ပြောလိုကါသည်။
“ဒါဆို ကျွန်မတို့တွေလည်း ထမင်းစားဖို့ ပြင်ကြရအောင်”
“ကောင်းပြီ။ ကျွန်တော်တော့ ဗိုက်အရမ်းဆာနေပြီ”
ဟွာကျွင်းသည် ရေနွေးအိုး တည်ကာ အပ်မှိုနှင့် မုန်ညင်းထုပ်လေးများကို ထည့်၍ တစ်မိနစ်ခန့် ပြုတ်ပြီးနောက် ပြန်ဆယ်ထားလိုက်သည်။
ထိုရေကို မသွန်ပစ်ဘဲ ရေခဲသေတ္တာထဲမှ အမဲသားလိပ် ဘူးအချို့ကို ထုတ်ကာ အိုးထဲသို့ ထည့်၍ ကျက်အောင် ပြုတ်လိုက်၏။
အခြားတစ်ဖက်တွင် ကြက်သွန်ဖြူနုပ်နုပ်စင်း၊ ငရုတ်သီးစိမ်းနှင့် ငရုတ်သီးနီများကို ဆီသတ်ကာ အနံ့မွှေးလာသောအခါ အသင့်သုံး ချဉ်စပ်ဟင်းရည်ထုပ် နှစ်ထုပ်ကို ထည့်လိုက်သည်။ ထို့နောက် ရေနွေးအနည်းငယ်ထည့်ကာ ဆူအောင် တည်လိုက်၏။
ထိုအချိန်တွင် ဟင်းရည်၏ အနံ့မှာ မွှေးပျံ့လာပြီး ချဉ်စပ်နံ့မှာ သားရေယိုလာစေသည်။ ထို့နောက် ပြုတ်ထားသော အသီးအရွက်များနှင့် အမဲသားများကို ထည့်လိုက်သောအခါ ချဉ်စပ်ဟင်းရည်အိုးမှာ ပြီးပြည့်စုံသွားတော့၏။
ဟွာကျွင်းသည် ဟင်းရည်နှင့် အသီးအရွက်များကို ပန်းကန်လုံးကြီး တစ်လုံးထဲသို့ ခပ်ထည့်လိုက်ပြီး ယောင်ကျူအတွက်လည်း အသားသီးသန့် တစ်ပန်းကန် ပြင်ပေးလိုက်၏။ ဟင်းရည်ကို မသောက်သရွေ့ ဤသည်မှာ ဝိတ်ချနေသူများအတွက် အခြေခံအစားအစာ ဖြစ်သည်။
သူမသည် ငရုတ်သီးခြောက်နှင့် ကြက်သွန်ဖြူနုပ်နုပ်စင်းထားသည်များကို ဟင်းရည်ပေါ်တွင် ဖြူးလိုက်သည်။ ထို့နောက် ဆီပူပူလေးကို အပေါ်မှ လောင်းထည့်လိုက်ရာ ကြက်သွန်ဖြူနှင့် ငရုတ်သီးနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။ ဤမျှ ပြင်းရှမွှေးကြိုင်သော အရသာကို မည်သူက အောင့်အည်းနိုင်ပါမည်နည်း။
အားမန်က ဝက်အူချောင်းနှင့် ပဲသီးကြော်တစ်ပန်းကန်၊ အစိမ်းကြော်တစ်ပန်းကန်တို့ကို ကြော်ပေးထားသည်။ ဟွာကျွင်းက မလောက်မည်စိုးသဖြင့် ဆေးဘဲဥသုပ် တစ်ပန်းကန်ကိုပါ ပြင်ဆင်လိုက်သည်။
ဟင်းပွဲအားလုံးကို စားပွဲပေါ်တင်လိုက်သောအခါ လူတိုင်း ဝိုင်းဖွဲ့စားသောက်ကြသည်။ အမဲသားလိပ်လေးများမှာ နို့နံ့သင်းသင်းလေးရှိပြီး ရွှေဝါရောင်ဟင်းရည်နှင့်အတူ စားလိုက်လျှင် ချဉ်စပ်အရသာမှာ အလွန်ပင် ထိမိလှ၏။
မော့ချွမ်းမှာ ဘာစကားမှ မပြောဘဲ ဟင်းရည်ကို ထမင်းထဲသို့ ခပ်ထည့်ကာ အားရပါးရ စားနေတော့သည်။ သူက ငါးချဉ်ဖတ်ဟင်း နှင့် တူမည်ဟု ထင်ထားသော်လည်း အမဲသားလိပ်နှင့် စားရသော အရသာမှာ လုံးဝကို ကွဲပြားပြီး ပို၍ ထူးခြားနေသည်။
လူတိုင်း ခေါင်းမဖော်တမ်း စားနေကြသော်လည်း ရှို့ယွန်းတစ်ယောက်သာ စကားပြောနေသည်။
သူမသည် ပြောင်းဖူးတစ်ဝက်ကို ကိုင်ကာ ကိုက်စားရင်း မျက်လုံးကတော့ စားပွဲပေါ်မှ ဟင်းပွဲများကိုသာ စိုက်ကြည့်နေမိကာ ရင်ထဲတွင် နောင်တတွေ ရနေတော့၏။
‘ဒီလောက် အရသာရှိမှန်း သိရင် စောစောက အပိုတွေ မပြောခဲ့ပါဘူး။ အခုတော့ ဗိုက်ဆာတဲ့ ဒဏ်က လှိုင်းလုံးကြီးလို တိုးဝင်လာပြီး လက်ထဲက ပြောင်းဖူးကလည်း ဘာအရသာမှ မရှိတော့ဘူး’
လူအများကြီးရှေ့တွင် “ပြန်ဗိုက်ဆာပြီ” ဟုလည်း မပြောရဲသဖြင့် ပြောင်းဖူးကိုသာ ဇွတ်ကိုက်ရင်း ဟွာကျွင်းကို စကားလမ်းကြောင်းလွှဲ ပြောနေရသည်။
“ဒါက အမဲသားလား”
“ဝိတ်ချနေရင်း အမဲသား စားလို့ရလား”
“ယောင်ကျူ... အမဲသားက စားလို့ကောင်းလား”
ဟွာကျွင်းက သတိပေးလိုက်၏။
“မမရှို့ယွန်း... ဇွဲရှိပါဦး”
“သိပါတယ်၊ သိပါတယ်... မေးကြည့်တာပါ၊ ဟဲဟဲ...”
နောက်တစ်နေ့တွင် ဖက်ရှင်ပြပွဲသတင်းမှာ မြို့ထဲရှိ အမျိုးသမီးထုကြားတွင် ဟိုးလေးတကျော် ဖြစ်သွားသည်။ ဤသို့ ဆန်းသစ်သော ပြသမှုနှင့် ရောင်းချမှုပုံစံကို အခြားအဝတ်အထည်ဆိုင် ပိုင်ရှင်များကလည်း သိရှိသွားကြပြီး အလွန်အားကျကာ လိုက်လံအတုယူချင်ကြ၏။
ကံဆိုးသည်မှာ သူတို့ကိုယ်တိုင် ပွဲကို မမြင်ဖူးခြင်းနှင့် ဖုန်း သို့မဟုတ် ကင်မရာများ မရှိခြင်းကြောင့် သူတစ်ပါးပြောစကားများကိုသာ အခြေခံပြီး ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်ဆောင်ကြရသည်။
သူတို့မှာ ဟွာကျွင်း ပန်းထိုးအလုပ်ရုံလို ပန်းထိုးသမများစွာ မရှိသလို မော်ဒယ်လ်လည်း ရှာမရသဖြင့် ပြည့်တန်ဆာအိမ်မှ အမျိုးသမီးများကို ငှါးရမ်းခဲ့ကြ၏။
ထိုအမျိုးသမီးများသည် နေ့စဉ်ဘဝတွင် ညို့ယူဖျားယောင်းသည့် အမူအရာများဖြင့်သာ နေသားကျနေကြသဖြင့် ဖက်ရှင်ရှိုး လမ်းလျှောက်နည်းကို မသိကြပေ။ သူတို့၏ မူလစတိုင်အတိုင်းသာ လုပ်ဆောင်ကြရာ ဝတ်စုံပြပွဲမှာ မထင်မှတ်ဘဲ ပြည့်တန်ဆာများ အလှပြိုင်ပွဲကဲ့သို့ ဖြစ်သွားတော့၏။
ရလဒ်အနေဖြင့် အင်္ကျီများ မရောင်းရသည့်အပြင် ဝေဖန်ကဲ့ရဲ့မှုများစွာကိုသာ ရရှိခဲ့သည်။ ဤသည်မှာ နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်၏။
အချို့သော စိတ်ရင်းမှန်သည့် ဆိုင်ပိုင်ရှင်များကမူ ဟွာကျွင်းထံသို့ တကူးတက လာရောက်ကာ သူမ၏ ဆန်းသစ်သော အကြံဉာဏ်များကို ဝယ်ယူရန် ကမ်းလှမ်းကြသည်။
ဟွာကျွင်းမှာ ကိုယ်ပိုင်အမြင် ရှိပြီးသားဖြစ်၏။ အကယ်၍ ဤကဲ့သို့သော ဖက်ရှင်ရှိုးများမှာ ခေတ်စားလာပြီး ဆိုင်များက သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ပြသကြမည်ဆိုလျှင် မိန်းကလေးများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်နှင့် ဝင်ငွေလမ်းစသစ်များ ရရှိလာမည်။ ထို့ကြောင့် ဟွာကျွင်းသည် သူမသိသမျှကို စေတနာရှေ့ထား၍ အကုန်လုံး မျှဝေပေးခဲ့၏။