အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း (၁၇၅)
မြို့တော်သို့ ပြန်ခြင်း
နွေဦးရနံ့တို့က ပိုမိုစူးရှလာ၍ တိုက်ခတ်လာသော လေညင်းတို့ကလည်း ပို၍ နွေးထွေးလာသည်။
သူနှင့် လုမင်လီတို့ တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်ဝန်ခံပြီးကတည်းက စစ်သူကြီးလုမှာ အလုပ်ကိစ္စများဖြင့် ရှုပ်နေသော်လည်း ညနေတိုင်းတွင် ဟွာကျွင်းကို တွေ့ရန် ဟွာကျွင်းမုန့်ဆိုင်သို့ အချိန်လုကာ လာတတ်၏။
တစ်ခါတရံတွင် သူသည် သူတို့နှင့် စကားစမြည် ပြောဆိုတတ်ပြီး တစ်ခါတရံတွင်တော့ ဟွာကျွင်း အလုပ်ရှုပ်နေသည်ကို ဘေးမှနေ၍ တိတ်တဆိတ် ထိုင်ကြည့်နေတတ်သည်။
ပထမတော့ လူတိုင်းက အသားမကျကြသေးပေ။ မီးဖိုချောင်ထဲတွင် နာမည်ကျော် စစ်သူကြီးလုက ရုတ်တရက် ရောက်နေတတ်သဖြင့် အငွေ့အသက်မှာ အထက်လူကြီး လာရောက်စစ်ဆေးနေသကဲ့သို့ ခံစားရပြီး အားလုံး ယောက်ယက်ခတ်သွားကြရသည်။
မော့ချွမ်း ဟွာကျွင်းကို တစ်ကြိမ်ထက်မက ညည်းတွားဖူး၏။
“စစ်သူကြီးလုရဲ့ အရှိန်အဝါက အရမ်းပြင်းတာပဲ။ အရင်က အခန်းထဲမှာ အတူတူမရှိတော့ မသိသာပေမဲ့ အခုတော့ ကျွန်တော့်မှာ လုံးဝကို နေရခက်နေပြီ”
ဟွာကျွင်းကတော့ ဂရုမစိုက်ဘဲ သူမ လုပ်စရာရှိသည်များကို ဆက်လုပ်နေသည်။ သို့သော် လုမင်လီ လူမှုဆက်ဆံရေးကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်တတ်သူဖြစ်ရာ နှစ်ရက်မပြည့်မီမှာပင် အားလုံးနှင့် တစ်သားတည်း ဖြစ်သွားတော့၏။
ထိုနေ့က မုန့်ဆိုင်ပိတ်ပြီးနောက် ဟွာကျွင်းသည် လုမင်လီကို စကားပြောရန် လှည့်ကြည့်လိုက်ရာ သူသည် ကုလားထိုင်ပေါ်မှာပင် ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ရှည်လျားသော လက်ချောင်းလေးများက နားထင်ကို ထောက်ထား၏။ မျက်လုံးများကို မှိတ်ထားပြီး မျက်ခုံးနှစ်ဖက်မှာ အနည်းငယ် တွန့်ချိုးနေသဖြင့် အမှန်တကယ် ပင်ပန်းနေကြောင်း သိသာလှသည်။
မော့ချွမ်းနှင့် တခြားသူများမှာ အပြင်ဘက်တွင် သိမ်းဆည်းနေကြသည်။ ဟွာကျွင်းသည် မီးဖိုချောင် မီးကြီးကို ပိတ်လိုက်ပြီး မီးဖိုခေါင်းတိုင်မှ မီးလုံးသေးလေးကိုသာ ဖွင့်ထားလိုက်၏။ သူမသည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်မိသည်။ ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် အနီးကပ် မြင်ဖူးခြင်းပင်။
သူ၏ မျက်နှာသွင်ပြင်မှာ ထင်ရှားပြတ်သားပြီး ခန့်ညားလှသည်။ အသက်ရှူသံမှာလည်း ငြိမ်သက်နေပြီး ပုံမှန်ထက် ပို၍ နူးညံ့နေပုံရသည်။
ဟွာကျွင်းသည် စောင်တစ်ထည် ရှာဖွေပြီး သူ့ကို ခြုံပေးလိုက်၏။ မထင်မှတ်ဘဲ လုမင်လီမှာ အလွန်နိုးကြားသူဖြစ်ရာ သူသည် အကျင့်ဖြစ်နေသော ဗီဇအရ ဟွာကျွင်း၏ လက်ကို ဖမ်းဆွဲလိုက်ပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
ဟွာကျွင်း လန့်သွားပြီး ပြော၏။
“ကျွန်မ... ကျွန်မက ရှင် အိပ်နေတုန်း အအေးမိမှာ စိုးလို့ပါ...”
သူသည် ဟွာကျွင်းကို မမှတ်မိသေးသည့်ဟန်ဖြင့် စိုက်ကြည့်နေပြီး စက္ကန့်အနည်းငယ် ကြာမှ သတိပြန်ဝင်လာသည်။
ဟွာကျွင်း၏ လက်ကို လွှတ်ပေးလိုက်ကာ မတ်မတ်ထိုင်ပြီး စောင်ကို ဘေးသို့ ဖယ်လိုက်ရင်း ထုံးစံအတိုင်း တောင်းပန်စကား ပြော၏။
“တောင်းပန်ပါတယ်... ကိုယ် တကယ်ကို အိပ်ပျော်သွားတာပဲ”
သူ မတ်တပ်ရပ်လိုက်သောအခါ ကျဉ်းမြောင်းလှသော မီးဖိုချောင်မှာ ပို၍ပင် ကျပ်သွားသလို ခံစားရသည်။ သူ့အဝတ်အစားများကို အနည်းငယ် ပြင်ဆင်ပြီးနောက် ဟွာကျွင်းကို ပြောလိုက်၏။
“မိသားစုကိစ္စတွေအတွက် ခွင့်ယူထားတဲ့ အချိန်က ကုန်သွားပြီ။ ကိုယ် မနက်ဖြန် မြို့တော်ကို သွားရမယ်၊ အဲဒီမှာ အချိန်အတော်ကြာ နေရနိုင်တယ်”
ဟွာကျွင်းမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
“ကောင်းပါပြီ”
လုမင်လီ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်၏။
“ဟွာကျွင်း... အလွန်ဆုံး တစ်နှစ်ပါပဲ၊ ကိုယ် ဒီက ကိစ္စတွေ အားလုံးကို အပြတ်ရှင်းမှာပါ။ ကိုယ်... ကိုယ့်ကတိအတိုင်း တည်ပါ့မယ်၊ စိတ်ချပါ”
ဟွာကျွင်း အကျယ်ကြီး ရယ်မောလိုက်သည်။
“ကျွန်မ ဘာမှ မပြောရသေးပါဘူး၊ ရှင်က ဘာလို့ ဒီလောက် အတည်ကြီး ဖြစ်နေတာလဲ”
လုမင်လီက သူတို့နှစ်ဦးတည်းသာ ရှိနေသော မီးဖိုချောင်လေးထဲတွင် ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်၏။
“ကိုယ်တို့တွေရဲ့ အခုလို လုပ်ရပ်တွေက တကယ်တော့ စည်းကျော်နေသလို ဖြစ်နေတယ်။ အပြင်လူတွေက မင်းနဲ့ ကိုယ့်ကြားမှာ တိတ်တဆိတ် သဘောတူညီမှုတွေ ရှိနေတယ်ဆိုပြီး မင်းကို ကဲ့ရဲ့မှာ ကိုယ် မလိုလားဘူး”
သူက ယောက်ျားလေးမို့ ဘာမှမဖြစ်သော်လည်း ဟွာကျွင်းမှာ မိန်းကလေးတစ်ဦး ဖြစ်သည့်အတွက် ဂုဏ်သိက္ခာမှာ အရေးကြီးဆုံးပင် ဖြစ်သည်။
ဟွာကျွင်း ခါးထောက်လိုက်ပြီး သူ့ကို စနောက်ချင်သဖြင့် မျက်နှာလေးဖြင့် ပြောလိုက်၏။
“စစ်သူကြီးလု... ရှင်က ကျွန်မကို ဖက်လည်းဖက်ပြီးပြီ၊ လက်လည်း ဆွဲပြီးပြီ။ အခုမှ စည်းကမ်းတွေအကြောင်း စဉ်းစားနေတာလား”
လုမင်လီ လန့်သွား၏။ သူသည် ခေါင်းငုံ့ကာ ဟွာကျွင်း၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေမိသည်။ သူမ တကယ် စိတ်ဆိုးနေသလားဆိုသည်ကို သူ မခွဲခြားနိုင်ပေ။
ဟွာကျွင်းမှာ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်သဖြင့် သူလည်း စိတ်အေးသွားကာ အတူတူ လိုက်ရယ်မိတော့၏။
“မနက်ဖြန်ညကျရင် ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတချို့ကို အိမ်ထိန်းဆီကနေတစ်ဆင့် ပို့ခိုင်းလိုက်မယ်။ အဲဒီထဲမှာ ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတာတွေရော၊ ကိုယ့်မိဘတွေရဲ့ အမွေတွေရော ပါတယ်။ တကယ်လို့ မင်း ပင်ပန်းလာရင် ဟွာကျွင်းမုန့်ဆိုင်ကို မဖွင့်ချင်တော့ဘူးဆိုရင်တောင် တို့နှစ်ယောက် အေးအေးဆေးဆေး စားသောက်နေနိုင်ဖို့ လုံလောက်ပါတယ်”
ဟွာကျွင်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားဖြစ်သည်။
“အခု မပို့ပါနဲ့ဦး။ ရှင် ပြန်လာတဲ့အထိ စောင့်ပါဦး”
“ကောင်းပြီ... ဒါဆိုရင် ဒီကိစ္စကို ခဏ ဆိုင်းငံ့ထားလိုက်ပါမယ်”
လုမင်လီ ထိုသို့ တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ယောက်ယက်ခတ်နေတော့၏။
‘သူက ဘာလို့ ဒီလောက် ပြတ်ပြတ်သားသား ငြင်းရတာလဲ။ နောင်တရသွားပြီလား။ ဒါမှမဟုတ် ငါ တစ်ခုခု မှားလုပ်မိလို့ မကျေနပ်တာလား’
ဟွာကျွင်းက ပြောလိုက်၏။
“ခဏစောင့်ဦး၊ ရှင့်အတွက် ခရီးဆောင် မုန့်တချို့ ပြင်ပေးမယ်”
လုမင်လီသည် ဘာပြောရမှန်းမသိဘဲ နေရခက်နေစဉ်မှာပင် ထုပ်ပိုးထားသော အထုပ်ကြီးတစ်ခုကို လက်ထဲသို့ အတင်းထည့်ပေးခြင်း ခံလိုက်ရ၏။
“ဒီလောက်တောင် အများကြီးလား။ ဒါတွေက ဘာတွေလဲ”
“စားစရာတွေချည်းပါပဲ။ အများကြီးလို့ ထင်ရပေမဲ့ ဘူးတွေက ကြီးနေလို့ပါ။ ရာသီဥတုက ပူလာပြီဆိုတော့ မြန်မြန်စားလိုက်နော်၊ မဟုတ်ရင် သိုးသွားလိမ့်မယ်”
“ကဲ... မြန်မြန်သွားတော့၊ မိုးချုပ်နေပြီ”
ဟွာကျွင်း သူ့ကို မီးဖိုချောင်ထဲမှ တွန်းထုတ်ပြီး မြင်းရှိရာအထိ လိုက်ပို့ပေးသည်။ သူသည် ဟွာကျွင်း၏ လက်ကို ဆုပ်ကိုင်ကာ နောက်ဆုံးတွင် မေးလိုက်၏။
“မင်း နောင်တရနေတာလား”
ဟွာကျွင်းက ခေါင်းခါပြ၏။
“နောင်တ မရပါဘူး”
လုမင်လီ ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါဆို ဘာလို့...”
“ရှင် ပြန်လာတဲ့အခါမှ ပြောပြပါမယ်”
လုမင်လီ ဘာဖြစ်နေမှန်းမသိသော်လည်း ဟွာကျွင်း၏ စကားများကြောင့် သူသည် အရာရာကို ဆုံးရှုံးရမှာ ကြောက်သကဲ့သို့ ဖြစ်နေ၏။
“မင်း အဲဒီလို ပြောလိုက်တော့ ကိုယ် ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ”
ဟွာကျွင်း ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။
“အခုလောလောဆယ် အကုန်လုံး ရှင်းမပြနိုင်သေးလို့ပါ။ စိတ်မပူပါနဲ့၊ ကျွန်မ စာရေးလိုက်ပါ့မယ်”
လုမင်လီသည် မြင်းပေါ်သို့ ခွတက်လိုက်ပြီး ပြောလိုက်၏။
“မာထိုလမ်းကြားက ချန်အိမ်တော်ကို စာပို့လိုက်ပါ”
ဟွာကျွင်း မမေးမီမှာပင် သူ ဆက်ရှင်းပြ၏။
“ဒါက ကိုယ့်ရဲ့ အမေဘက်က အဘိုးအဘွားတွေရဲ့ အိမ်ပါ။ ကိုယ့်အိမ်တော်က စာလက်ခံဖို့ အဆင်မပြေလို့ပါ”
“အော်...”
လုမင်လီ မထွက်ခွာမီ ထပ်မံ သတိပေးလိုက်သည်။
“မှတ်ထားနော်၊ မာထိုလမ်းကြားက ချန်အိမ်တော်”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ... မှတ်မိပါတယ်”
ထိုအခါမှသာ သူသည် ကျေနပ်စွာ ထွက်ခွာသွားတော့သည်။
လုမင်လီသည် ရွာထိပ်သို့ မြင်းကို အပြင်းနှင်သွားရာ သူ့လူများက စောင့်ကြိုနေကြသည်။ သူ ရောက်လာသည်ကို မြင်သောအခါ သူတို့ လက်သီးဆုပ် ၍ နှုတ်ဆက်ကြ၏။
“သွားကြစို့။ ငါတို့တွေ ဒီညတော့ အပင်ပန်းခံပြီး မြို့တော်ကို တစ်ညလုံး ခရီးနှင်ရမယ်”
လုမင်လီသည် မနက်အာရုဏ်တက်ချိန်၌ မြို့တော်သို့ ရောက်ရှိသည်။ သူ ပထမဆုံး လုအိမ်တော်သို့ ပြန်ကာ ပစ္စည်းများ ချခဲ့ပြီးနောက် ရေချိုးကာ အရာရှိ ဝတ်စုံကို လဲလှယ်လိုက်၏။
ထို့နောက် ဟွာကျွင်း ပြင်ဆင်ပေးလိုက်သော အထုပ်ကို ဖွင့်ကြည့်လိုက်ရာ အရွယ်စုံ သစ်သားသေတ္တာ ခုနစ်လုံး၊ ရှစ်လုံးခန့်နှင့်အတူ လက်စွဲစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
သေချာဖတ်ပြီးနောက် သူ သစ်သားသေတ္တာ သုံးလုံးကို ရွေးထုတ်ကာ အခြားပစ္စည်းများနှင့်အတူ ထုပ်ပိုးပြီး နန်းတော်သို့ ဝင်ခဲ့သည်။
မနက်စောစောတွင် ညီလာခံ ပြီးဆုံးသွား၏။ သူသည် ဧကရာဇ်မင်းမြတ်၏ ခေါ်ယူမှုကို ဆက်လက်စောင့်ဆိုင်းရဦးမည်ဖြစ်ရာ အိမ်တော်သို့ မပြန်တော့ဘဲ စစ်ဝန်ကြီးဌာန သို့ တိုက်ရိုက် သွားလိုက်သည်။
စစ်ဝန်ကြီးဌာနရှိ ထမင်းစားခန်းသို့ ဝင်လိုက်သောအခါ အရာရှိ အတော်များများမှာ မနက်စာ စားနေကြပြီဖြစ်၏။
ဤခေတ်တွင် အရာရှိများသည် ညီလာခံအပြီးတွင် အလုပ်ဆက်ဝင်ရသဖြင့် အိမ်ပြန်စားရန် ပျင်းရိကြကာ ဌာနအလိုက် မီးဖိုချောင်နှင့် ထမင်းစားခန်းများ ထားရှိပေးထားသည်။
လုမင်လီ ဝင်လာသည်ကို မြင်သည်နှင့် လူတိုင်းက ထရပ်နှုတ်ဆက်ကြပြီး သူကလည်း တစ်ယောက်ချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်၏။
ကော်ကျန်း သည် မီးဖိုချောင်ထဲသို့ တန်းဝင်သွားပြီးနောက် ပြန်ထွက်လာကာ လုမင်လီကို လှမ်းခေါ်လိုက်သည်။
“စစ်သူကြီး။ ဒီနေ့ ကန်စွန်းဥဆန်ပြုတ်နဲ့ ပေါက်စီတွေ ရှိတယ်။ ကျွန်တော် တစ်ပွဲ ယူခဲ့ပေးမယ်”
“မလိုပါဘူး”
လုမင်လီသည်လည်း မီးဖိုချောင်ထဲသို့ ဝင်သွားကာ သူ ကြိုတင်ထားခဲ့သော မုန့်ဘူးကို ထုတ်ပြီး စားဖိုမှူးကို နွှေးပေးရန် အကူအညီတောင်းကာ ပြန်ထွက်လာခဲ့၏။
သူသည် ထမင်းစားခန်းရှိ အားနေသော စားပွဲတစ်ခုတွင် ထိုင်လိုက်သည်။ ကော်ကျန်းသည် သူ့မနက်စာနှင့်အတူ ရောက်လာပြီး ဘေးတွင် ထိုင်လိုက်၏။
စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ ကျန်းယောင် မှာ လုမင်လီ၏ မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်ပြီး သူသည်လည်း အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။ အခြားအရာရှိများကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်တဆိတ်သာ စားသောက်နေကြ၏။
ကျန်းယောင်က စကား စကာ မေးလိုက်၏။
“ကြားတာတော့ ဒီတစ်ခေါက် မြောက်ဘက်က ပြန်လာပြီးတာနဲ့ ခွင့်ချက်ချင်း ယူတယ်ဆို။ အရင်ကဆို မင်းက တာဝန်အစီရင်ခံဖို့ကိုပဲ ဦးစားပေးတတ်တာလေ၊ အခု ဘာဖြစ်လို့လဲ”
လုမင်လီ ပြန်ဖြေလိုက်သည်။
“ကိုယ်ရေးကိုယ်တာကိစ္စ အချို့ရှိလို့ပါ”
ထိုစကားကို ကြားသောအခါ ကျန်းယောင့် မျက်လုံးများ အရောင်တောက်သွား၏။ သူသည် ကော်ကျန်းကို ကြည့်လိုက်ရာ ကော်ကျန်းကတော့ တိတ်တဆိတ် ခေါင်းခါပြသည်။
“မင်းတို့ နယ်ဘက်မှာ မုန့်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်၊ အရမ်းလည်း နာမည်ကြီးတယ်လို့ ကြားတယ်။ ဟွာကျွင်းမုန့်ဆိုင် တဲ့၊ ပြီးတော့ မင်းက အဲဒီက ဆိုင်ရှင်မိန်းကလေးနဲ့လည်း အတော်လေး ရင်းနှီးတယ်လို့ ကြားတယ်နော်”
လုမင်လီက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်”
ထိုအခါ ကျန်းယောင်က လုမင်လီအနားသို့ တိုးကပ်ကာ လျှို့ဝှက်စွာ မေးလိုက်သည်။
“ကောလာဟလတွေ ကြားနေရတာ။ မင်းနဲ့ အဲဒီဆိုင်ရှင်မလေးတို့ လက်ထပ်ဖို့ နီးစပ်နေပြီဆိုတာ ဟုတ်သလား”
သူတို့ စကားပြောနေစဉ်မှာပင် စားဖိုမှူးက လုမင်လီ၏ မုန့်ဘူးကို ယူလာပေးပြီး ပြောလိုက်၏။
“စစ်သူကြီးလု... ဒါ နွှေးပေးထားပါတယ်ခင်ဗျာ”
အခန်း (၁၇၆)
ဂဏန်းဥ စွပ်ပြုတ်ဖက်ထုပ်
ကျန်းယောင်သည် စားပွဲပေါ်ရှိ ဆန်းပြားလှပသော သစ်သားသေတ္တာဘူးကလေးကို ကြည့်ကာ ပါးစပ်ပိတ်သွားတော့သည်။ ထိုသေတ္တာပေါ်တွင် စာလုံးငါးလုံး ရိုက်နှိပ်ထား၏။
“ဟွာကျွင်းမုန့်ဆိုင်”
လုမင်လီ အဖုံးကို ဖွင့်လိုက်ရာ အကန့်လေးကန့်ပါသော ဗန်းတစ်ခု ပေါ်လာပြီး အကန့်တစ်ခုစီတွင် လက်ဖဝါးခန့်ကြီးသော ဖက်ထုပ် အိအိလေး တစ်လုံးစီ ရှိနေသည်။
သာမန်ဖက်ထုပ်များနှင့်မတူဘဲ ဤဖက်ထုပ်များမှာ အလွန်နုနယ်ပြီး ပါးလွှာလွန်းလှသဖြင့် အထဲတွင် လှုပ်ခါနေသော ဟင်းရည်များကိုပင် အပြင်က မြင်နေရသည်။
ဖက်ထုပ်ထဲတွင် ဟင်းရည်များ ရှိနေ၏။ လုမင်လီက တူဖြင့် ညင်သာစွာ တို့ကြည့်လိုက်ရာ ဖက်ထုပ်တစ်ခုလုံးမှာ လှုပ်ခါသွားတော့သည်။
အကြောင်းပြချက်မရှိဘဲ ကျန်းယောင်မှာလည်း ထိုဖက်ထုပ်နှင့်အတူ ရင်ထဲတွင် လှုပ်ခါသွားကာ တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။
“ဟုတ်တယ်”
လုမင်လီ ပြောလိုက်၏။
ကျန်းယောင် သတိပြန်ဝင်လာကာ သူ့မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ”
“ဟွာကျွင်းနဲ့ ငါ လက်ထပ်ဖို့ နီးစပ်နေပြီဆိုတဲ့ ကောလာဟလက အမှန်ပဲလို့ ပြောတာ”
ကျန်းယောင်မှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားတော့၏။ ထိုအချိန်တွင် ကော်ကျန်း၏ တူမှာလည်း ပန်းကန်ကို ထိကာ “ချောက်” ခနဲ မြည်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“သူ... သူက ကုန်သည်မလေး တစ်ယောက်ပဲလေ”
ကျန်းယောင် တစ်ယောက် အော်ပင် အော်လိုက်မိတော့မလို ဖြစ်သွားသော်လည်း အသံကို အမြန်ထိန်းကာ လုမင်လီကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ”
လုမင်လီသည် အောက်က ပန်းကန်ပြားအသေးလေးနှင့်အတူ ဖက်ထုပ်တစ်လုံးကို အကန့်ထဲမှ ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် မုန့်သေတ္တာအဖုံးကို ပြန်ပိတ်ရန် အလုပ်တွင် ကပ်ထားသော စာတိုလေးတစ်ခုကို သတိထားမိသွားသည်။
ကျန်းယောင် “မင်း စေ့စပ်ပွဲ ပျက်သွားလို့ စိတ်များ ထိခိုက်သွားတာလား”
လုမင်လီက စာတိုလေးကို ဖတ်လိုက်၏။
“ညင်သာစွာ မ၊ပါ၊ ဖြည်းဖြည်းချင်း ရွှေ့ပါ။ အရင်ဆုံး အပေါက် ဖွင့်ပါ၊ ပြီးမှ ဟင်းရည်ကို သောက်ပါ”
သူ ပြုံးလျက် ခေါင်းခါလိုက်မိသည်။ သူမသည် အမြဲတမ်း စိတ်ကူးသစ်များဖြင့် ပြည့်နှက်နေတတ်သူပင်။
ကျန်းယောင် သူ့ကို ဂရုမစိုက်ဘဲ သေတ္တာကို ကြည့်ကာ ပြုံးနေသော လုမင်လီကို ကြည့်ပြီး သရဲမြင်သူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
သူသည် အဖုံးကို ယူကာ စာကို ဖတ်ကြည့်လိုက်သည်။
“ညင်သာစွာ မ၊ပါ... ဖြည်းဖြည်းချင်း ရွှေ့ပါ။ အရင်ဆုံး အပေါက် ဖွင့်ပါ... ပြီးမှ ဟင်းရည်ကို သောက်ပါ။ ဒါက ဘာအဓိပ္ပာယ်လဲ”
သူတို့နှစ်ဦး လုပ်နေသည်မှာ အတော်လေး လူသိသာသွားသဖြင့် အခြားသူများမှာလည်း ဘာဖြစ်နေသလဲဆိုသည်ကို သိချင်စိတ်ဖြင့် တိတ်တဆိတ် လှည့်ကြည့်နေကြသည်။
လုမင်လီသည် ကျန်းယောင်ထံမှ အဖုံး ပြန်ယူကာ သေတ္တာကို ပြန်ပိတ်လိုက်သည်။
ထို့နောက် သူသည် တူကို ကိုင်ကာ စွပ်ပြုတ်ဖက်ထုပ်၏ အပေါ်နားတွန့်လေးများကို ညင်သာစွာ ညှပ်၍ မ၊လိုက်သည်။ ဟင်းရည်များ အားလုံးမှာ ဖက်ထုပ်၏ အောက်ခြေတွင် စုသွားသဖြင့် ဖက်ထုပ်တစ်ခုလုံးမှာ ဟင်းရည်အိတ်ကလေးတစ်ခုနှင့် တူနေသည်။
“မလုပ်နဲ့၊ အားမထည့်နဲ့၊ ပေါက်ထွက်သွားလိမ့်မယ်”
ကျန်းယောင် အော်လိုက်၏။
အခုတော့ ရှင်းသွားပြီဖြစ်၏၊ ပတ်ဝန်းကျင်မှ လူအားလုံးမှာ ဟန်မဆောင်နိုင်တော့ဘဲ ဝိုင်းကြည့်နေကြတော့သည်။
ဤဖက်ထုပ်ထဲမှ ဟင်းရည်ပမာဏမှာ လုမင်လီ ထင်မှတ်ထားသည်ထက် ပိုများနေသည်။ သူ နောက်ဆုံးစားခဲ့သော ရှောင်လုံးပေါင်မှာ ဤမျှလောက် မများပေ။
သူ တူကိုချကာ ပန်းကန်ပြားလေးကို မ၊လိုက်ပြီး ဖက်ထုပ်၏ အပေါ်ယံအသားလေးကို သွားဖြင့် အပေါက်သေးသေးလေး တစ်ပေါက် ညင်သာစွာ ကိုက်လိုက်သည်။
ရွှေဝါရောင် ဟင်းရည်များမှာ ဆီနံ့၊ အငွေ့ပျံနံ့များနှင့်အတူ ချက်ချင်းပင် ပန်းထွက်လာကာ ဖက်ထုပ်တစ်ခုလုံးကို စိုစွတ်သွားစေသည်။
“အင်း...”
လုမင်လီ တစ်ချက် တွေးလိုက်မိ၏။ အတွေ့အကြုံ မရှိသေးသဖြင့် ဤဖက်ထုပ်ကို ပျက်စီးစေတော့မလို ဖြစ်သွားခဲ့သည်။
သူသည် ဟင်းရည်ကို တစ်ငုံ သောက်လိုက်သည်။ အနည်းငယ် ပူနေသော်လည်း ဂဏန်း၏ ချိုမြိန်မှုနှင့် ကြက်စွပ်ပြုတ်၏ အရသာတို့မှာ အလွှာလိုက် ခံစားရပြီး မွှေးပျံ့ကာ အီမနေပေ။
လက်ဖက်ရည် သောက်သကဲ့သို့ ညင်ညင်သာသာ မှုတ်ပြီးနောက် ဟင်းရည်အားလုံးကို သောက်လိုက်သည်။
ကျန်းယောင်က ခက်ခက်ခဲခဲပင် မေးလိုက်၏။
“ဒါက ဘာအရသာလဲ”
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုမင်လီက ဖြည်းဖြည်းချင်း ဖြေလိုက်၏။
“ငန်ဆိမ့်ပြီး လတ်ဆတ်တဲ့ ဂဏန်းဥ အရသာ”
“ဘာ။ ဂဏန်းဥလား။ ဂဏန်းရဲ့ ဥတွေလား”
ကျန်းယောင်မှာ ရှေ့သို့ တိုးကာ မေးလိုက်၏။
“ဟုတ်တယ်”
လုမင်လီက ရိုးရှင်းစွာ ပြန်ဖြေသည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဤသည်မှာ တကယ် ဂဏန်းဥ ဖက်ထုပ် ဖြစ်နေသည်။
ဖက်ထုပ်မှာ အပူပေးထားသဖြင့် ညှီနံ့လုံးဝမရှိပေ၊ သို့သော် လုမင်လီသည် ဟွာကျွင်း၏ လက်စွဲစာအုပ်ထဲမှ မှာကြားချက်ကို သတိရကာ မေးလိုက်၏။
“ရှာလကာရည် ရှိလား”
ကျန်းယောင်က ခေါင်းလှည့်ကာ အသံကျယ်ကြီးဖြင့် အော်တော့သည်။
“ရှာလကာရည်။ ရှာလကာရည် ရှာလကာရည် အမြန်ယူခဲ့ကြစမ်း”
“ရှာလကာရည်။ ငါ့မှာမရှိဘူး၊ မင်းမှာရှိလား”
တစ်ယောက်က ပြန်ဖြေသည်။
“ငါ့မှာလည်း မရှိဘူး...”
“ဒီမှာ ရှာလကာရည် ရှိတယ်”
မီတာအနည်းငယ်အကွာမှ တစ်ယောက်က ခွက်တစ်ခုကို ကိုင်ကာ လှမ်းအော်၏။
“အမြန်ယူလာခဲ့”
တစ်ယောက်ယောက်က လှမ်းအော်လိုက်ပြန်သည်။
ထိုသို့ဖြင့် ထိုရှာလကာရည်ခွက်မှာ တစ်ယောက်လက်မှ တစ်ယောက်သို့ ကူးပြောင်းကာ မျက်တောင်တစ်ခတ်အတွင်း လုမင်လီ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
လုမင်လီသည် ဇွန်းအသေးလေးဖြင့် ရှာလကာရည် အနည်းငယ်ကို ယူကာ ဖက်ထုပ်၏ အပေါက်ထဲသို့ ထည့်လိုက်သည်။
သမအောင် မွှေပြီးနောက် တစ်ကိုက် ကိုက်လိုက်သည်။ ရှာလကာရည် အနည်းငယ်က မူလအရသာကို ဖုံးကွယ်မသွားဘဲ ဂဏန်းဥနှင့် ဂဏန်းသား၏ လတ်ဆတ်မှုကို ပို၍ ပေါ်လွင်စေသည်။ သူ ပြန်ချလိုက်သောအခါ အထဲမှ အနှစ်များကို လူတိုင်း မြင်လိုက်ရသည်။
ရွှေဝါရောင် ဂဏန်းဥနှင့် အဖြူရောင် ဂဏန်းသားများ ရောယှက်နေပြီး ပျစ်ခဲသော ဟင်းရည်များဖြင့် ဝန်းရံထားကာ ဆီများ တလက်လက် တောက်နေသည်မှာ ကြည့်ရုံနှင့်ပင် လူတိုင်းကို စားချင်စိတ် လှုံ့ဆော်ပေးနေသည်။
မည်သူ တံတွေးမျိုချနေမှန်း မသိသော်လည်း အသံမှာ အလွန်ကျယ်လွန်းလှသဖြင့် လုမင်လီပင် လျစ်လျူမရှုနိုင်တော့ပေ။
သူ မော့ကြည့်ကာ မေးလိုက်၏။
“လုပ်ဖော်ကိုင်ဖက်တို့... ဘာလို့ အားလုံး ရပ်နေကြတာလဲ၊ မနက်စာ မစားကြဘူးလား”
“ဟားဟား...”
“အားနာပါတယ်... အားနာပါတယ်”
လူတိုင်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်လိုက်ကြပြီးနောက် မိမိတို့ ပန်းကန်ထဲမှ ကန်စွန်းဥဆန်ပြုတ်ကို ကြည့်ကာ စားချင်စိတ်များ ရုတ်တရက် ပျောက်ဆုံးကုန်ကြသည်။
‘ဘာလို့ နှစ်ခုလုံးက အဝါနဲ့ အဖြူတူနေပါလျက် အရသာက ဒီလောက်တောင် ကွာခြားနေရတာလဲ’
ကျန်းယောင်သည် ဆန်ပြုတ်တစ်ဇွန်းကို မျိုချရင်း လုမင်လီကိုသာ စိုက်ကြည့်နေသည်။ လုမင်လီ ဖက်ထုပ်တစ်လုံးလုံးကို ကုန်အောင်စားပြီး ဒုတိယတစ်လုံးကို လက်လှမ်းသည်အထိပင်။
လုမင်လီသည် အဖုံး ဖွင့်ကာ ဘေးရှိ ကော်ကျန်းကို ပြောလိုက်၏။
“ကော်ကျန်း... တစ်လုံး စားလိုက်ဦး”
ကော်ကျန်းမှာ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးသွားပြီး ထရပ်လျက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စစ်သူကြီးလု”
ထို့နောက် ဖက်ထုပ်ပန်းကန်ကို အငမ်းမရ ယူလိုက်သည်။
နောက်ဆုံး တစ်လုံးသာ ကျန်တော့သည်ကို မြင်သောအခါ ကျန်းယောင်က အမြန်ပြောလိုက်၏။
“ဟို... စစ်သူကြီးယွမ်ကျိုး၊ စစ်သူကြီးလု။ တစ်လုံး ကျန်သေးတယ်နော်...”
လုမင်လီက သူ့ကို တစ်ချက်ကြည့်ကာ မေး၏။
“ဘာလဲ။ ကုန်သည်မလေး လုပ်တဲ့ ဖက်ထုပ်ကတောင် မင်းကို မျက်စိ ကျစေတာလား”
“ဘယ်က ကုန်သည်မလေးလဲ။ အဲဒါ ကျွန်တော့် မရီးလောင်းပဲ။ ကျွန်တော့်ရဲ့ မရီးအရင်းခေါက်ခေါက်ပါ”
“လူတိုင်းက ကိုယ့်အရည်အချင်းနဲ့ကိုယ် အလုပ်လုပ်ကြတာပဲ၊ မွန်မြတ်တာ ယုတ်နိမ့်တာ ခွဲခြားလို့ ဘယ်ဖြစ်မလဲ”
ကျန်းယောင် “ဟုတ်ကဲ့၊ ဟုတ်ကဲ့... စစ်သူကြီးလု ပြောတာ မှန်ပါတယ်”
“စားပါ”
ထိုစကားနှစ်လုံးကို ကြားသည်နှင့် ကျန်းယောင်သည် ချက်ချင်း ထရပ်ကာ မုန့်သေတ္တာထဲမှ ဖက်ထုပ်ကို ယူလိုက်ပြီး လျှာဖြင့် နှုတ်ခမ်း သပ်မိတော့သည်။
သူ စားမည်အလုပ်တွင် တစ်ခုခုကို သတိရသွားကာ လုမင်လီကို စိတ်လှုပ်ရှားစွာ ပြော၏။
“ဒါဆို အဖုံးပေါ်က စာလုံးတွေက ဒါကို ဆိုလိုတာကိုး”
“ညင်သာစွာ မ၊ပါ၊ ဖြည်းဖြည်းချင်း ရွှေ့ပါ ဆိုတာက ဒီဖက်ထုပ်ကို ဘယ်လို ကိုင်ရမလဲဆိုတာကို ပြောတာ၊ ‘အရင်ဆုံး အပေါက်ဖွင့်ပါ’ ဆိုတာက အပေါက်ဖောက်ပြီး ဟင်းရည်ကို အရင်သောက်ဖို့ ပြောတာပဲ။ ကျွန်တော် ပြောတာ မှန်တယ်မလား”
ကော်ကျန်းကလည်း မေးတော့၏။
“ဘာလဲ။ ဘာလဲ။ ဘယ်လိုစားရတာလဲ”
သူတို့နှစ်ဦးသည် အားတက်သရော ဆွေးနွေးနေကြစဉ် လုမင်လီကတော့ အပေါက်ဖောက်ကာ အထဲမှ ဟင်းရည်အားလုံးကို သောက်ပြီးနောက် ဖက်ထုပ်ကို အေးအေးဆေးဆေးပင် ဆက်စားနေသည်။
ကျန်းယောင်အတွက်မူ ဖက်ထုပ်တစ်လုံးမှာ လုံးဝ မလောက်ပေ။ ထို့ကြောင့် သူသည် စားနည်းအသစ်တစ်ခုကို တီထွင်လိုက်သည်။
ဟင်းရည်ကို သောက်ပြီးနောက် သူသည် ဖက်ထုပ်အကာကို ခွာထုတ်ကာ အထဲမှ အနှစ်များကို နောက်ထပ် ပန်းကန်လုံးအသေးလေးတစ်ခုထဲသို့ ခြစ်ထည့်လိုက်သည်။ ထို့နောက် ဖက်ထုပ်အကာကို အရင်စားလိုက်သည်။
အနှစ်များရှိသော ပန်းကန်ထဲသို့ ရှာလကာရည် နှစ်စက်ခန့် ထည့်ကာ ခဏစဉ်းစားပြီးနောက် ငရုတ်ဆီ ဇွန်းအသေးလေး တစ်ဇွန်းထည့်ကာ သမအောင် မွှေလိုက်သည်။
ထို့နောက် မီးဖိုချောင်မှ ပေးထားသော အလွန်မာကျောလှသည့် ပေါက်စီ ကို ယူကာ ဂဏန်းအနှစ်ထဲသို့ ဖိနှစ်လိုက်ရာ ပေါက်စီပေါ်တွင် ဂဏန်းသားများ ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် တစ်ကိုက်ထဲနှင့် စားလိုက်သည်။
“ဘုရားရေ... ဒါက တကယ်ကို မွှေးလွန်းတယ်”
သူက ရေရွတ်လိုက်မိ၏။
အခြားအရာရှိများမှာ လုမင်လီနှင့် စကားအများကြီး မပြောရဲကြသော်လည်း ကျန်းယောင်နှင့်မူ နှစ်ရှည်လများ အတူလုပ်ခဲ့သူများ ဖြစ်သည့်အတွက် ဤအချိန်တွင် သူတို့အားလုံးမှာ ပေါက်စီတုံး များကို ကိုင်ကာ ရောက်လာကြတော့သည်။
“သခင်ကြီးကျန်း... ဒီပေါက်စီက ဘာအရသာမှ မရှိလို့ပါ၊ ခင်ဗျားရဲ့ စားနည်းလေးကို ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် မြည်းခွင့်ပေးပါဦးလား”
ကျန်းယောင် မော့ကြည့်လိုက်သောအခါ လုမင်လီနှင့် ကော်ကျန်းတို့မှာ ထွက်သွားကြပြီဖြစ်သလို စားပွဲပေါ်က မုန့်သေတ္တာမှာလည်း မရှိတော့ပေ။
သူသည် မိမိ၏ ပန်းကန်လုံးကို ပိုက်ကာ ဟိုဟိုဒီဒီ ရှောင်တိမ်းရင်း အော်ဟစ်တော့၏။
“မရဘူး။ ငါ့မှာ ဒီလောက်ပဲ ရှိတာ၊ ကိုယ်တိုင်တောင် နှမြောလို့ မစားရဲသေးဘူး”