← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇)

စစ်သူကြီးလု၏ တစ်နေ့တာ (၁)

လုမင်လီသည် နန်းတော်သို့ ပြန်သွားပြီး ဧကရာဇ်မင်းမြတ်နှင့် နှစ်နာရီကြာ သီးသန့်ဆွေးနွေးခဲ့ပြီးနောက် မွန်းတည့်ချိန်တွင် ပြန်ထွက်လာခဲ့သည်။

ထိုအချိန်သည် အရာရှိများ နေအိမ်သို့ ပြန်ကာ နေ့လယ်စာစားချိန် ဖြစ်သဖြင့် သူသည် ထုံးစံအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့၏။ နန်းတော်အပြင်သို့ ထွက်သည့်လမ်းတွင် လူအများအပြား ရှိနေသော်လည်း သူ မည်သူ့ကိုမျှ စကားမပြောဘဲ ရှေ့သို့သာ တည့်တည့်ကြည့်သွားသည်။

သူက လူတောမတိုး၍ မဟုတ်ဘဲ သူ၏ ရာထူးနှင့် အတိတ်ကြောင်းများကြောင့် လူအတော်များများက သူ့ကို ရှောင်ဖယ်ကြခြင်းဖြစ်သည်။

သို့သော် ယနေ့မှာတော့ ထူးဆန်းနေ၏။ ပထမဆုံးအနေဖြင့် နက္ခတ်ဗေဒင်မှူးကြီးက သူ့ထံသို့ လာကာ နှုတ်ဆက်ပြီး ဘေးမှ ယှဉ်လျှောက်လာသည်။

လုမင်လီသည် စိတ်ထဲမှ ထူးဆန်းနေသော်လည်း ဘာမှမပြောဘဲ တစ်ဖက်လူ အရင်စကားပြောသည်ကို စောင့်နေလိုက်သည်။

နက္ခတ်ဗေဒင်မှူးကြီးသည် အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် လိုရင်းကို ရောက်လာ၏။

“စစ်သူကြီးလု... ကြားတာတော့ ဟွာကျွင်းမုန့်ဆိုင်က သူဌေးမလေးနဲ့ စစ်သူကြီးတို့ ရင်းနှီးကြတယ်ဆို။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော့်ဇနီးက အဲဒီဆိုင်ကနေ “ကဏန်းအုန်းနို့ဟင်း” နဲ့ “ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်” တို့ကို ဝယ်စားပြီး အရမ်း သဘောကျသွားလို့ပါ။ ဒါပေမဲ့ နောက်တစ်ခါ ထပ်မှာဖို့ကျတော့ မှာလို့မရတော့ဘူး ဖြစ်နေတယ်။ စစ်သူကြီးကနေတစ်ဆင့် ကျွန်တော်တို့အတွက် တစ်ပွဲလောက် ကြိုမှာပေးလို့ ရမလားခင်ဗျာ။ ပိုက်ဆံကတော့ ပြဿနာမရှိပါဘူး”

ဤကိစ္စဖြစ်နေခြင်းပင်။ လုမင်လီ ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကျွန်တော် ပြန်ရောက်ရင် မေးပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် စစ်သူကြီးလု”

နက္ခတ်ဗေဒင်မှူးကြီး ထွက်သွားပြီးနောက် နန်းတွင်းပူဇော်မှုဆိုင်ရာ ဒုဝန်ကြီး က တိုက်ဆိုင်သလိုမျိုး ရောက်လာပြီး မေး၏။

“စစ်သူကြီးလု။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲလား၊ စစ်သူကြီးလည်း နန်းတော်က ပြန်ထွက်မလို့လား”

လုမင်လီ ပြန်ဖြေသည်။

“နန်းတော်တံခါးဝတောင် ရောက်တော့မယ် မဟုတ်လား”

ဒုဝန်ကြီးက ဆက်ပြော၏။

“စစ်သူကြီးလု မြောက်ဘက်ခရီးစဉ်မှာ အပင်ပန်းခံခဲ့ရပါပြီ။ စစ်သူကြီးက တကယ်ကို တိုင်းပြည်ရဲ့ ဒေါက်တိုင်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပါပဲ”

“ပြောစရာရှိတာ တိုက်ရိုက်ပြောပါ။ နန်းတော်တံခါးပြင် ရောက်ရင် ကျွန်တော်တို့ လမ်းခွဲရတော့မှာမို့ပါ”

ဒုဝန်ကြီး နန်းတော်တံခါးကို လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် နီးနေပြီဖြစ်သဖြင့် အလျင်အမြန်ပြောလိုက်၏။

“ဒါဆိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ဟွာကျွင်းမုန့်ဆိုင်က သူဌေးမလေးနဲ့ စစ်သူကြီး ရင်းနှီးတယ်လို့ ကြားမိလို့ပါ။ ကျွန်တော့်ဇနီးက အဲဒီ “ကဏန်းအုန်းနို့ဟင်း”နဲ့ “ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်”ကို တစ်ခါစားဖူးပြီးကတည်းက အရမ်းကောင်းလို့ ထပ်စားချင်နေတာ”

သူ အသက်တစ်ချက်ရှူကာ ဆက်ပြောသည်။

“ဒါပေမဲ့ အဲဒီဟင်းနှစ်မျိုးက ကြိုမှာဖို့ အရမ်းခက်တယ်လို့ ကြားတယ်။ အခုဆို မှာထားတဲ့သူတွေက ခြောက်လစာလောက် တန်းစီနေရတယ်ဆိုလား”

လုမင်လီ စိတ်ကုန်သွားသော်လည်း ပြောလိုက်သည်။

“ကျွန်တော် မေးပေးပါ့မယ်။ ကြားဖြတ်ပြီး မှာလို့ရမလားဆိုတာ ကြည့်ပေးပါ့မယ်”

“ဒါဆို ကျေးဇူးတင်ပါတယ် စစ်သူကြီးလု။ အော် ဟိုမှာ သာသနာရေးရာ ဒုဝန်ကြီး မဟုတ်လား။ ကျွန်တော် သွားနှင့်ပါတော့မယ်”

သာသနာရေးရာဒုဝန်ကြီးမှာ နန်းတော်တံခါးဝတွင် တစ်စုံတစ်ယောက်ကို စောင့်နေသကဲ့သို့ ရပ်နေသည်။

သူတို့နှစ်ဦး လာသည်ကို မြင်သောအခါ သူ ဒုဝန်ကြီးကို ခေါင်းညိတ်ပြပြီး လုမင်လီထံသို့ လျှောက်လာ၏။

“စစ်သူကြီးလု... ကြားတာတော့ ဟွာကျွင်းမုန့်ဆိုင်က သူဌေးမလေးနဲ့ စစ်သူကြီးတို့ ရင်းနှီးကြတယ်ဆို။ သတင်းကောင်းကလည်း နီးနေပြီပေါ့”

လုမင်လီ ခဏရပ်သွားပြီး သူ့ကိုကြည့်ကာ ဖြေလိုက်သည်။

“ဟုတ်ပါတယ်၊ သတင်းက ဒီလောက် မြန်မြန်ပျံ့သွားလိမ့်မယ်လို့ မထင်ထားဘူး”

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က သူဌေးမလေးဟွာကို ကျေးဇူးအများကြီး တင်ထားရသူမို့ သူ့အကြောင်းကို ပိုသတိထားမိနေတာပါ”

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျွန်တော့်ရဲ့ အသက်ကြီးတဲ့ မိခင် ဆုံးပါးသွားခဲ့တယ်။ သူဌေးမလေးဟွာရဲ့ ကျေးဇူးကြောင့် ကျွန်တော့်အမေ တောင့်တနေတဲ့ ဇာတိမြေက ဟင်းလျာတွေကို ရှာဖွေနိုင်ခဲ့ပြီး အမေ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်”

“နားလည်ပါပြီ”

“သူဌေးမလေးဟွာက ဒီမှာ ဘယ်သူမှမရှိတဲ့သူဆိုတော့ စစ်သူကြီးတို့ လက်ထပ်တဲ့အခါ သူ့ဘက်က လူကြီးမိဘမရှိလို့ စစ်သူကြီးတို့ဘက်က စိတ်မရှိရင် ကျွန်တော့်ဇနီးက သူ့အတွက် မင်္ဂလာအလှပြင်ခြင်း ကိစ္စတွေကို ကူညီပေးချင်ပါတယ်”

လုမင်လီ ထိုဓလေ့ထုံးစံများကို နားမလည်သဖြင့် ဇဝေဇဝါဖြင့် မေးလိုက်၏။

“မင်္ဂလာအလှပြင်ခြင်းလား”

“ဟုတ်ပါတယ်။ ထုံးတမ်းစဉ်လာအရ သတို့သမီး လက်မထပ်ခင်မှာ သူ့မိခင်က အလှပြင်ပေးရတဲ့ ဓလေ့ရှိပါတယ်။ သူဌေးမလေးဟွာက ဒီမှာ ဆွေမျိုးမရှိဘူးလို့ ကြားလို့ ကျွန်တော်က စိတ်ကူးမိတာပါ”

“နားလည်ပါပြီ၊ ဒါဆိုရင် ဒုဝန်ကြီးရဲ့ ဇနီးကို အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ”

သူ ခဏစဉ်းစားပြီး ဆက်ပြော၏။ “ကျွန်တော့်အဘွားကလည်း အသက်ကြီးပြီ၊၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုကိစ္စတွေကို နားမလည်ဘူး။ ဟွာကျွင်းကလည်း ဒီက ထုံးတမ်းစဉ်လာတွေကို သိပ်မသိတော့ ဒုဝန်ကြီးတို့ ဇနီးမောင်နှံကနေ လိုအပ်တာတွေကို လမ်းညွှန်ပေးစေချင်ပါတယ်”

ဒုဝန်ကြီး လက်ယမ်းကာ ပြောလိုက်သည်။

“ဒါက ဘာပြောစရာလိုလို့လဲ။ စစ်သူကြီး စိတ်ချလိုက်ပါ။ ကျွန်တော် စာရင်းတစ်ခုတောင် လုပ်ပေးမယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာ သေချာ ရေးပေးပါ့မယ်”

လုမင်လီ ဒုဝန်ကြီးကို ကျေးဇူးတင်စကား ပြောပြီး နန်းတော်ထဲမှ ထွက်မည်အလုပ်တွင် နောက်မှ မိန်းမစိုးငယ်လေးတစ်ဦး ပြေးလာပြီး အော်ဟစ်လိုက်၏။

“စစ်သူကြီးလု။ စစ်သူကြီးလု ခဏလောက် စောင့်ပါဦး”

လုမင်လီ ခေါင်းကိုက်သွားသည်။

‘သူ ဒီနေ့ နန်းတော်ကနေ ထွက်နိုင်ပါဦးမလား’

သူ လှည့်ကြည့်လိုက်သောအခါ ကွေ့ဖေး၏ နန်းဆောင်မှ မိန်းမစိုးလီ ဖြစ်နေသည်ကို မြင်သဖြင့် မေးလိုက်သည်။

“မိန်းမစိုးလီ မတွေ့တာ ကြာပြီ၊ ကျွန်တော့် အဒေါ်က ကျွန်တော့်ကို ရှာနေတာလား”

မိန်းမစိုးလီက မောမောနှင့် ဖြေ၏။

“ဟုတ်ပါတယ်။ ကွေ့ဖေးက စစ်သူကြီးကို နန်းဆောင်ကို ခဏလာခဲ့ဖို့ မှာလိုက်ပါတယ်”

လုမင်လီ သူနှင့်အတူ ပြန်လျှောက်လာရင်း မေးလိုက်သည်။

“ဧကရာဇ်မင်းမြတ်က ခွင့်ပြုရဲ့လား”

သူ ဧကရာဇ်မင်းမြတ်ထံမှ ထွက်လာကာစဖြစ်ပြီး ဧကရာဇ်က ထိုအကြောင်း မပြောခဲ့ပေ။

“ခွင့်ပြုပါတယ်၊ ခွင့်ပြုပါတယ်။ ဧကရာဇ်မင်းမြတ်ဆီ သွားခွင့်တောင်းနေရလို့ နောက်ကျသွားတာပါ။ တော်သေးတာပေါ့။ စစ်သူကြီးက ကိစ္စအသေးအမွှားတွေနဲ့ ကြန့်ကြာနေလို့။ မဟုတ်ရင် ကျွန်တော်မျိုး မမီတော့ဘူး”

“အဒေါ် နေကောင်းရဲ့လား”

လုမင်လီ၏ ခြေတံများမှာ ရှည်လျားလှသဖြင့် ခြေလှမ်းတစ်လှမ်းလျှင် မိန်းမစိုးလီ၏ ခြေလှမ်းသုံးလှမ်းစာလောက် ရှိသောကြောင့် မိန်းမစိုးလီမှာ လိုက်မီရန် အပြေးကလေး လိုက်နေရသည်။

“နေကောင်းပါတယ်။ စစ်သူကြီးကို သတိရနေတာပါ။ စစ်သူကြီးအကြောင်း တွေးပြီး မျက်ရည်တောင် ခဏခဏ ကျနေရှာတာ”

ချင်းဟယ်နန်းဆောင် သို့ ဝင်လိုက်သောအခါ ကွေ့ဖေးမှာ တံခါးဝတွင် မျှော်လင့်တကြီး စောင့်နေသည်ကို တွေ့ရ၏။

ကွေ့ဖေးမှာ အသက်မကြီးသေးဘဲ အသက် (၃၀) ကျော်သာ ရှိသေးသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ လုမင်လီနှင့် အတော်လေး ဆင်တူသည်။ သူမသည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားပြီး လုမင်လီ ဝင်လာသည်ကို မြင်သောအခါ မျက်ရည်များ ထိန်းမရအောင် ကျလာတော့သည်။

လုမင်လီက သူမကို ဒူးထောက် အလေးပြုရာ ကွေ့ဖေးက အစေခံများကို ခိုင်းစေလိုက်သည်။

“မြန်မြန်... စစ်သူကြီးကို ထူပေးကြစမ်း”

အစေခံများ မလာခင်မှာပင် လုမင်လီက ကိုယ်တိုင် ထရပ်လိုက်ပြီး ကွေ့ဖေးနှင့်အတူ အဆောင်ထဲသို့ ဝင်ခဲ့သည်။

ကွေ့ဖေးက ထိုင်လိုက်ပြီး အစေခံများနှင့် မိန်းမစိုးအားလုံးကို ထွက်သွားခိုင်းလိုက်သည်။ သူမ မျက်ရည်များကို သုတ်ကာ ပြောလိုက်၏။

“ယွမ်ကျိုး... မင်း အပင်ပန်းခံခဲ့ရပါပြီ”

“ကွေ့ဖေး ကျွန်တော်မျိုး မပင်ပန်းပါဘူး”

ကွေ့ဖေး စိတ်လှုပ်ရှားစွာ ပြော၏။

“ဘယ်လိုလုပ် မပင်ပန်းမှာလဲ မင်းရဲ့ ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး”

လုမင်လီက ချက်ချင်း ဒူးထောက်ကာ သူမစကားကို ဖြတ်ပြောလိုက်သည်။

“ကွေ့ဖေး စကားကို ဆင်ခြင်ပါ”

ကွေ့ဖေး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

လုမင်လီတွင်လည်း ပြောမထွက်နိုင်သော အခက်အခဲများ ရှိနေသဖြင့် သူမကို နှစ်သိမ့်ရ၏။

“အဒေါ်... စိတ်ကို အမြင်ကျယ်ကျယ်ထားပါ။ အတိတ်က ကိစ္စတွေကြောင့် အဒေါ်နဲ့ ဧကရာဇ်မင်းမြတ်ကြားမှာ မဝေးကွာစေပါနဲ့”

“ငါ သိပါတယ်။ ဟန်ဆောင်ပြီး လိုက်လျောပေးနေရတာပဲ။ ဘာခက်လို့လဲ”

“ဧကရာဇ်မင်းမြတ်မှာလည်း သူ့ရဲ့ အခက်အခဲတွေ ရှိမှာပါ”

“ဟင်း..အခက်အခဲတဲ့လား။ သူ့မှာ အခက်အခဲ ရှိတယ်ဆိုပြီး ငါ့မောင်နဲ့ ငါ့မရီးကို သတ်တယ်။ ငါ့တူကို အကျပ်ကိုင်တယ်။ သူ ငါ့ရဲ့ အခက်အခဲတွေကိုကော ထည့်စဉ်းစားပေးဖူးလား”

သူမက လုမင်လီကို မျက်ရည်ဝဲလျက် ကြည့်ကာ ဆက်ပြော၏။

“မင်းရဲ့ အောင်မြင်မှုတွေသာ မရှိရင် ငါလည်း၊ သူ ငါတို့ရဲ့ သံယောဇဉ်ကိုကော ထည့်စဉ်းစားမှာတဲ့လား”

“အဒေါ်... နန်းတော်ထဲမှာ အဆင်ပြေအောင် နေပါ။ ဘာမှ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒါမှ ကျွန်တော် အပြင်မှာ စိတ်အေးအေးနဲ့ နေနိုင်မှာပါ”

“ငါ သိပါတယ်။ မင်းအတွက်၊ မင်းအဘွားအတွက်၊ မင်းညီ မင်ကျဲအတွက် ငါ ဘာပဲဖြစ်ဖြစ် သည်းခံပါ့မယ်”

“အော်... ဒါနဲ့”

ကွေ့ဖေး စကားလမ်းကြောင်းလွှဲကာ တစ်ခုခုကို ယူလာခိုင်းလိုက်၏။

“ကြည့်စမ်း... ငါ ဘာရတနာ ရထားလဲဆိုတာ”

အစေခံနှစ်ဦးက အဝတ်ချိတ်စင်တစ်ခုကို သယ်လာရာ ထိုအပေါ်တွင် ခမ်းနားလှပသော ဝတ်စုံတစ်စုံ ချိတ်ထားသည်။

“ဒါက ဟွာကျွင်း ပန်းထိုးအလုပ်ရုံက သီးသန့်ချုပ်ထားတဲ့ ဝတ်စုံပဲ”

ကွေ့ဖေးက မျက်တောင်ခတ်ကာ ပြုံးပြသည်။

“ငါ လူလွှတ်ပြီး လေလံဆွဲခိုင်းထားတာ။ နန်းတော်ထဲမှာ ဒီတစ်စုံပဲ ရှိတယ်”

လုမင်လီ ပြုံးလိုက်မိသည်။ ဟွာကျွင်း၏ နာမည်က နေရာအနှံ့ ရောက်နေသည်မှာ ထင်ရှားလှသည်။

“အဒေါ် တကယ် ကြိုက်တယ်ဆိုရင် နောက်တစ်ခါ ဒီဇိုင်းအသစ်တွေ ထွက်ရင် ဟွာကျွင်းကို စာရင်း ပို့ခိုင်းလိုက်ပါ့မယ်။ အဒေါ် စိတ်ကြိုက် ရွေးလို့ရတာပေါ့”

“ကြားတာတော့ ဟွာကျွင်းရဲ့ ဝတ်စုံပြပွဲက အရမ်းခမ်းနားတယ်ဆို။ သူ ဝတ်ထားတဲ့ ဂါဝန်ကဆိုရင် ဖြန့်လိုက်ရင် အခန်းတစ်ခန်းစာလောက် ရှိတယ်ဆိုတာ ဟုတ်သလား”

လုမင်လီသည် ထိုညက တောက်ပလွန်းလှသော ဟွာကျွင်း၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာ၏။ သူမသည် နတ်သမီးတစ်ပါး လူ့ပြည်ကို ဆင်းသက်လာသကဲ့သို့ လှပလွန်းလှသည်။

သူ သတိပြန်ဝင်လာကာ ပြန်ဖြေလိုက်သည်။

“အဲဒါကတော့ နည်းနည်း ပိုပြောတာပါ၊ ဒါပေမဲ့ တကယ်ကို လှတာတော့ အမှန်ပါပဲ”

အခန်း (၁၇၈)

စစ်သူကြီးလု၏ တစ်နေ့တာ (၂)

“နှမြောစရာပဲ၊ ဒါက ပန်းရောင်ဖြစ်နေလို့။ မဟုတ်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ဝယ်ခိုင်းမိမှာပဲ”

“ကျွန်တော် ဟွာကျွင်းကို လက်ထပ်ဖို့ စီစဉ်ထားပါတယ်”

ကွေ့ဖေးသည် ဝတ်စုံကို ဆက်လက်ကြည့်ရှုနေဆဲဖြစ်ပြီး သူပြောသည်ကို ကြားသောအခါ အံ့ဩခြင်းမရှိဘဲ အေးအေးဆေးဆေးပင် မေးလိုက်၏။

“တရားဝင်ဇနီးအနေနဲ့ လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်လုပ်တော်အဖြစ် သိမ်းမှာလား”

“လက်ထပ်မည်” ဆိုသည်မှာ တရားဝင်ဇနီးအဖြစ် တင်မြှောက်ခြင်းဖြစ်၍ “မယားငယ်အဖြစ် သိမ်းမည်” ဆိုသည်မှာ အိမ်နိမ့်ရာထားရှိခြင်းဖြစ်သည်။ စကားလုံးတစ်လုံးတည်း ကွာခြားသော်လည်း အဓိပ္ပာယ်မှာ လုံးဝပြောင်းလဲသွား၏။

“ဟုတ်ကဲ့၊ တရားဝင် လက်ထပ်မှာပါ”

“ဘယ်တော့လဲ”

“အချိန်တော့ မသတ်မှတ်ရသေးပါဘူး”

ကွေ့ဖေး ခေါင်းညိတ်ကာ သက်ပြင်းချလျက် ပြောလိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်။ မင်းလည်း ကိုယ်ပိုင်မိသားစုလေး ရှိတော့မှာပေါ့။ မင်းမိဘတွေသာ သိရင်လည်း မင်းအတွက် ဝမ်းသာကြမှာပါ။ သူတို့ရဲ့ လက်စားချေမှုကတော့”

လုမင်လီက သူမစကားကို ထပ်မံဖြတ်ပြောလိုက်၏။

“ဒီကိစ္စကို ကျွန်တော် အရင်ဆုံး ကိုင်တွယ်ဖြေရှင်းပါ့မယ်”

ကွေ့ဖေး မျက်လုံးများထဲတွင် အလင်းရောင်များ ပေါ်လာသည်။

“တကယ်လား။ မင်းပြောတာ တကယ်လား။ ဘယ်လို ကိုင်တွယ်မှာလဲ။ နေဦး... မင်းက ဘာလို့ လက်စားချေမယ်လို့ မပြောဘဲ ကိုင်တွယ်မယ် လို့ ပြောရတာလဲ...”

လုမင်လီ မျက်လွှာချလိုက်ပြီး တင်းမာစွာ ပြောလိုက်၏။

“ကွေ့ဖေး ကျွန်တော် ဘာမှ ထပ်မပြောနိုင်တော့ပါဘူး။ ကွေ့ဖေးအနေနဲ့လည်း စကားကို ဆင်ခြင်ပေးဖို့ တောင်းဆိုချင်ပါတယ်”

ကွေ့ဖေးမှာ သူ့အမူအရာကြောင့် လန့်သွားပြီး ခဏအကြာမှ တိုးတိုးလေး ရေရွတ်လိုက်၏။

“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ မင်းက ငယ်ငယ်တည်းက ပြတ်သားပြီးသားပဲ။ မင်းပြောတဲ့အတိုင်းပဲ နားထောင်ပါ့မယ်”

ကွေ့ဖေး နန်းဆောင်တွင် အကြာကြီးနေရန် မသင့်တော်သဖြင့် လုမင်လီသည် အချိန်ကို ခန့်မှန်းကာ နှုတ်ဆက်လိုက်သည်။

သူ အချိန်အတော်ကြာ ဖြုန်းမိသွားရာ အိမ်တော်သို့ပြန်ကာ နေ့လယ်စာစားရန်မှာ အလွန်လောရတော့ပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် ကော်ကျန်းမှာ ဖျတ်လတ်သူဖြစ်၏၊ လုမင်လီကို မိန်းမစိုးလီက လာခေါ်သွားသည်ကို မြင်သည်နှင့် သူ လုမင်လီ၏ အိမ်တော်သို့ သွားကာ နေ့လယ်စာ သွားယူထားပြီးဖြစ်သည်။

ယခုအချိန်တွင် သူ နန်းတော်လမ်းပေါ်တွင် မုန့်ဘူးကြီးကြီး နှစ်ဘူးကို ကိုင်ကာ စောင့်နေသည်။ လုမင်လီ ထွက်လာသည်ကို မြင်သောအခါ သူသည် အမြန်လျှောက်လာပြီး ပြောလိုက်၏။

“စစ်သူကြီး၊ ကျွန်တော် စစ်သူကြီးအတွက် နေ့လယ်စာ ယူလာပေးပါတယ်”

လုမင်လီက မုန့်ဘူးတစ်ဘူး ယူကာ ကော်ကျန်းနှင့်အတူ စစ်ဝန်ကြီးဌာနသို့ ပြန်လာခဲ့သည်။

ဤအချိန်တွင် စစ်ဝန်ကြီးဌာန၏ ထမင်းစားခန်း၌ လူအတော်များများ ရှိနေဆဲဖြစ်သည်။ လုမင်လီ ခဏစဉ်းစားပြီးနောက် နောက်ဖေးတံခါးမှတစ်ဆင့် မီးဖိုချောင်လေးထဲသို့ ပတ်ဝင်လိုက်သည်။

စားဖိုမှူးသည် လုမင်လီ ဝင်လာသည်ကို မြင်သောအခါ ရိုသေစွာ ဂါရဝပြုပြီး မေးလိုက်၏။

“စစ်သူကြီးလု၊ ဟင်းတွေ နွှေးမလို့လားခင်ဗျာ”

“ဟုတ်တယ်”

လုမင်လီနှင့် ကော်ကျန်းတို့သည် မုန့်ဘူးကြီး နှစ်ဘူးကို မီးဖိုပေါ်တင်ကာ အဖုံးများကို ဖွင့်ပြီး သေချာမှာကြားလိုက်၏။

ဘူးတစ်ဘူးထဲတွင် အပူထိန်းဘူး အလုံပိတ်တစ်ခု ပါလာသဖြင့် ကော်ကျန်းမှာ အံ့ဩသွားသည်။

“ဒါကြောင့် ဒီဘူးက ဒီလောက်လေးနေတာကိုး”

လုမင်လီလည်း အတော်လေး အံ့ဩသွားမိသည်။ သူသည် အပူထိန်းဘူးကို ဖွင့်လိုက်ရာ အထဲတွင် နံရိုးစွပ်ပြုတ် ပါရှိနေ၏။ သူ စွပ်ပြုတ်များကို မြေအိုးထဲသို့ လောင်းထည့်ပြီး စားဖိုမှူးကို မှာလိုက်သည်။

“ဒီမြေအိုးကို မီးဖိုပေါ်တင်ပြီး နွှေးပေးပါ”

ထိုအချိန်တွင် မီးဖိုမှမီးမှာ မငြိမ်းသေးသဖြင့် စားဖိုမှူးသည် အမြန်ယူကာ အိုးကို သေချာတင်လိုက်သည်။

လုမင်လီက အခြားမုန့်ဘူးတစ်ဘူးကို ဖွင့်လိုက်ရာ အထဲတွင် တစ်ပေခန့် ရှည်လျားသော ခရမ်းရောင် ဆန်လုံးကြီး သုံးလုံး ပါရှိသည်။

သူသည် ဟွာကျွင်း၏ လမ်းညွှန်ချက်ထဲတွင် ရေးထားသည်ကို သတိရကာ စားဖိုမှူးကို ပြောလိုက်သည်။

“ဒါတွေကိုတော့ မီးဖိုရဲ့ အပူရှိန်နည်းနည်းလေးနဲ့ပဲ နွှေးပေးရင် ရပါပြီ”

စားဖိုမှူး ရိုသေစွာ ပြုံးပြီး ပြောလိုက်၏။

“စစ်သူကြီးရဲ့ မိသားစုက စစ်သူကြီး နန်းတော်ထဲမှာ ကောင်းကောင်းမစားရမှာဆိုးလို့ ထမင်းသုံးနပ်လုံးတောင် ပြင်ပေးလိုက်တာပဲ”

တစ်ဖက်တွင်လည်း သူသည် စိတ်ထဲမှ အလွန်အံ့ဩနေ၏။

“ငါ စားဖိုမှူး လုပ်လာတာ ဒီလောက်ကြာပြီ။ ဒီလို အစားအစာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ စစ်သူကြီးလုကတော့ ထင်ထားတဲ့အတိုင်းပဲ”

လုမင်လီသည် တည်ငြိမ်စွာပင် မီးဖိုချောင်တံခါးဆီသို့ လျှောက်သွားကာ အပြင်သို့ လှမ်းကြည့်လိုက်၏။ အပြင်ဘက် ထမင်းစားခန်းတွင် လူအများအပြား စားသောက်နေကြသည်။

ကျန်းယောင်လည်း ထိုလူများထဲတွင် ပါဝင်နေသည်။

လုမင်လီသည် အပြင်သို့ မထွက်တော့ဘဲ မီးဖိုချောင်ထဲတွင်သာ စောင့်နေရန် ဆုံးဖြတ်လိုက်၏။

သူသည် ကပ်စေးနဲသူမို့ မဟုတ်ပေ။ ဤအရာအားလုံးမှာ ဟွာကျွင်းက သူ့အတွက် ပြင်ပေးထားသော ဟင်းလျာများဖြစ်ရာ လူအများကြီးနှင့် ခွဲဝေစားရန် အကြောင်းမရှိပေ။

သို့သော် သူတို့သာ သိသွားလျှင် ဝိုင်းအုံမေးမြန်းကြမည်မှာ အသေအချာဖြစ်ပြီး ထိုအရာက သူ၏ အေးအေးဆေးဆေး စားသောက်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။

စွပ်ပြုတ်အိုး အပူတက်လာသည်နှင့်အမျှ အနံ့မှာ ပိုမိုမွှေးပျံ့လာ၏။ လုမင်လီသည် စိတ်ထဲမှ “ဒုက္ခပဲ” ဟု ရေရွတ်လိုက်မိသည်။ ထိုစဉ် အပြင်ဘက်မှ တစ်စုံတစ်ဦး၏ အော်သံကို ကြားလိုက်ရ၏။

“မီးဖိုချောင်ထဲမှာ ဘာတွေချက်နေတာလဲ။ အနံ့က ဘာလို့ ဒီလောက်မွှေးနေတာလဲ။ စွပ်ပြုတ်တွေ ကျန်နေသေးတာလား”

ထို့နောက် တစ်စုံတစ်ဦးက အော်လိုက်ပြန်၏။

“ကျန်းယောင်၊ သွားကြည့်စမ်း။ စွပ်ပြုတ်တွေ ကျန်သေးရင် အမြန်ယူခဲ့”

တံခါးမှာ ပွင့်သွားပြီး ကျန်းယောင် ဝင်လာသည်။ သူသည် မီးဖိုပေါ်မှ အငွေ့တလူလူထွက်နေသော မြေအိုးကို မြင်သည်နှင့် အော်တော့သည်။

“မြန်မြန်၊ မြန်မြန်။ စွပ်ပြုတ်ရှိနေတာကို ဘာလို့ စောစောမပြောတာလဲ”

စားဖိုမှူးက ဖော်လံဖားပြုံးဖြင့် ပြောလိုက်၏။

“ဌာနမှူးကျန်း၊ ဒီစွပ်ပြုတ်က ခင်ဗျားအတွက် မဟုတ်ဘူး”

ကျန်းယောင်၏ မျက်လုံးများမှာ မယုံနိုင်အောင် ပြူးကျယ်သွား၏။

“မင်းက တစ်ယောက်တည်း စားမလို့လား”

စားဖိုမှူးက အမြန်ခေါင်းခါကာ ရှင်းပြသည်။

“ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ ဒါက စစ်သူကြီးလုရဲ့ စွပ်ပြုတ်ပါ”

ထို့နောက် သူ နံရံဘေးတွင် ရပ်နေသော လုမင်လီကို လှည့်ကြည့်လိုက်သည်။

ကျန်းယောင်လည်း နံရံဘေးသို့ လှည့်ကြည့်လိုက်မှ မီးဖိုချောင်ထဲတွင် နောက်ထပ် လူနှစ်ယောက် ရှိနေသည်ကို သတိပြုမိတော့သည်။

“စစ်သူကြီးလု။ ဒါ စစ်သူကြီးရဲ့ စွပ်ပြုတ်လား” အသံကျယ်ကြီးဖြင့် မေးလိုက်၏။

လုမင်လီက တည်ငြိမ်သော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။

“ဘာလို့ အော်နေတာလဲ။ မင်းသာ အသံမထွက်ရင် ငါ မင်းကို နည်းနည်း ခွဲပေးကောင်း ခွဲပေးမိမှာ”

အခုမှ ပြောလည်း နောက်ကျသွားပြီဖြစ်၏။ အပြင်ဘက်မှ လူများသည် ကျန်းယောင်၏ အော်သံကို ကြားသွားကြပြီး မီးဖိုချောင်ဘက်သို့ ဦးတည်လာကြသည်။

“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

ကျန်းယောင်သည် မီးဖိုချောင်တံခါးကို ပိတ်ဆို့ရန် ပြေးသွားသော်လည်း နောက်ကျသွားသည်။

လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် တံခါးဝတွင် စုပြုံတိုးဝင်လာကာ ရှေ့မှ ကျန်းယောင်ကို ဖယ်ရှားပြီး အထဲသို့ အတင်းလှမ်းကြည့်ကြရာ လုမင်လီကို ချက်ချင်း မြင်သွားကြသည်။

သူတို့သည် ရှက်ကိုးရှက်ကန်း ပြုံးပြရင်း နှုတ်ဆက်ကြ၏။

“စစ်သူကြီးလု၊ ဒုစစ်သူကြီးကော်”

ထို့နောက် သူတို့၏ မျက်လုံးများက မြေအိုးဆီသို့ တည့်တည့်ရောက်သွားသည်။

မီးဖိုချောင်တံခါးမှာ လူများဖြင့် ပိတ်နေပြီဖြစ်ရာ လုမင်လီအနေဖြင့် ထိုနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ သူသည် ခေါင်းညိတ် တုံ့ပြန်ကာ နှုတ်ဆက်လိုက်ပြီး စားဖိုမှူးကို မှာကြားလိုက်၏။

“နွှေးပြီးရင် အပြင်ကို ယူလာခဲ့ပေးပါ။ ဆန်လုံး သုံးလုံးကိုတော့ နည်းနည်းလေးပဲ နွှေးပေးရင် ရပါပြီ”

စကားပြောပြီးနောက် သူ ထမင်းစားခန်းသို့ ထွက်လာလိုက်သည်။

ကော်ကျန်းသည် ကျန်ရှိသော မုန့်ဘူးကို ကိုင်ကာ နောက်မှ လိုက်လာရင်း ကျန်းယောင်ကို တစ်ချက် မျက်စောင်းထိုးသွား၏။

၎င်းကို မြင်သောအခါ အခြားသူများလည်း ထမင်းစားခန်းသို့ ပြန်လာကြသည်။

ကျန်းယောင်သည် လုမင်လီ၏ ဘေးတွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်။

စားဖိုမှူးသည် အငွေ့တလူလူထွက်နေသော မြေအိုးကို အဝတ်စနှစ်ခုဖြင့် ကိုင်ကာ ထွက်လာပြီး စားပွဲအလယ်တွင် တင်ပေးကာ အဖုံးကို ဖွင့်ပေးလိုက်သည်။

ကျန်းယောင်သည် မုန့်ဘူးအဖုံးကို လှန်လှောကာ အဘက်ဘက်မှ အသေအချာ စစ်ဆေးနေသည်။

လုမင်လီက မေးလိုက်၏။

“မင်း ဘာလုပ်နေတာလဲ...”

“ဒီမနက်ကလိုမျိုး စာလုံးတွေ ရေးထားတာ ရှိသလားလို့ ကြည့်နေတာပါ”

“ကြည့်မနေနဲ့တော့၊ ဒါက မုန်လာဥနီ၊ ပြောင်းဖူး၊ သစ်အယ်သီးနဲ့ နံရိုးစွပ်ပြုတ်ပဲ”

သူ စကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ အံ့ဩချီးမွမ်းသံများကို ကြားလိုက်ရ၏။ သူ ခေါင်းကို ခါယမ်းကာ မတက်သာသလို ပြောလိုက်သည်။

“အားလုံးပဲ၊ ပန်းကန်တွေ ယူခဲ့ကြ၊ ကိုယ့်ဘာသာ ခပ်သောက်ကြတော့”

“ကျေးဇူးတင်ပါတယ် စစ်သူကြီးလု”

စွပ်ပြုတ်မှာ ဟွာကျွင်း ကိုယ်တိုင် ချက်ထားခြင်းဖြစ်ပြီး သာမန်ပေါင်းအိုးဖြင့် ချက်သော စွပ်ပြုတ်နှင့် အနည်းငယ် ကွဲပြားသည်။ သူမသည် လတ်ဆတ်သော နံရိုးများကို ရွေးချယ်ကာ ကြွေအိုးထဲတွင် ထည့်ပြီး ဂျင်းနှစ်ပြားနှင့် ရေသန့်တို့ကို ထည့်ကာ ပေါင်းအိုးထဲတွင် နှစ်ထပ်ပေါင်း ချက်ထားခြင်း ဖြစ်သည်။

တစ်နာရီခန့် ပေါင်းပြီးနောက်တွင် ပြောင်းဖူး၊ မုန်လာဥနီနှင့် သစ်အယ်သီးတို့ကို ထည့်ကာ ဆက်လက်ပေါင်းထားသည်။

နံရိုးများကို သုံးထားသဖြင့် အချိန်အကြာကြီး မပေါင်းရပေ။ တစ်နာရီခွဲခန့် ဆိုလျှင် အနေတော်ပင် ဖြစ်သည်။

ဤသို့ ချက်ထားသော စွပ်ပြုတ်မှာ အလွန်ချိုမြိန်ပြီး ကြည်လင်နေကာ သာမန်စွပ်ပြုတ်များကဲ့သို့ အီမနေပေ။

ကော်ကျန်းသည် လုမင်လီအတွက် စွပ်ပြုတ်တစ်ပန်းကန်ကို အမြန် ခပ်ပေးလိုက်ပြီးနောက် မိမိအတွက် တစ်ပန်းကန် ခပ်ကာ ယောက်မကို ကျန်းယောင်လက်ထဲ ထည့်ပေးလိုက်သည်။

အိုး၏ တစ်ဝက်ကျော်ခန့် ကျန်ရှိနေသော စွပ်ပြုတ်များကို ထမင်းစားခန်းထဲမှ လူငါးယောက်က ညီတူညီမျှ ခွဲဝေယူလိုက်ကြ၏။

ကျန်းယောင်ကတော့ လူ့ကျင့်ဝတ် အနည်းငယ် ရှိနေသေးသည်။ သူသည် လုမင်လီကို မေးလိုက်သေး၏။

“ဒါက စစ်သူကြီးအတွက် လောက်ပါ့မလား။ ကျွန်တော် အရင်ပြောထားမယ်နော်၊ မလောက်ရင်တောင် ကျွန်တော် ပြန်မပေးနိုင်ဘူး”

ထိုအချိန်တွင် စားဖိုမှူးသည် နွှေးထားသော ခရမ်းရောင် ဆန်လုံးကြီးများကို ယူလာပေးသည်။

၎င်းတို့ကို အနည်းငယ်သာ နွှေးထားသဖြင့် ဆန်လုံးကြီးများကို ပတ်ထားသော အပြင်ဘက်မှ ရေညှိများမှာ အရင်အတိုင်း ကြွပ်ရွနေဆဲပင်။ အထဲတွင် ပါဝင်သည်များကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အရောင်စုံ အစာသွတ်များ ထည့်ထားသည်ကို အနည်းငယ် လှမ်းမြင်နေရ၏။

All Chapters