အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉)
ဘဲဥငန်အနှစ် ခရမ်းရောင်ဆန်လုံးများ
ကျန်းယောင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ ဆန်လုံးကြီးများကို လက်ညှိုးထိုးကာ အရှက်မရှိ ဆက်မေးတော့သည်။
“စစ်သူကြီးလု၊ ဒါက ဘာကြီးလဲ။ ကြည့်ရတာ အရမ်းစားချင်စရာပဲ”
လုမင်လီ သူ့ကို လျစ်လျူရှုထားလိုက်သည်။ သူသည် ဆန်လုံးတစ်လုံးကို ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်ပြီး အထဲမှ အစာသွတ်များကို သေချာ ခံစားကြည့်သည်။
မွှေးပျံ့လှသော ဝက်သားမျှင်၊ ရွှေဝါရောင် ဘဲဥငန်အနှစ်နှင့် အချိုအငန် မျှတလှသော အရွက်သုပ်အနှစ်ရည်တို့မှာ လတ်ဆတ်သော သခွားသီးချောင်းလေးများနှင့် ပေါင်းစပ်သွားသည်။ ထိုအရသာများက ပါးစပ်ထဲတွင် ပျံ့နှံ့သွားသောအခါ သူ့ရင်ထဲ၌ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားတော့၏။
ထိုအချိန်တွင် ကော်ကျန်း ဝင်ပြော၏။
“ကျန်းယောင်၊ အကုန်လုံးကို လောဘမတက်နဲ့။ ဒါက အနာဂတ် စစ်သူကြီးကတော် ကိုယ်တိုင် ပြင်ဆင်ပေးလိုက်တာ။ စစ်သူကြီးတောင် အများကြီး မစားရသေးဘူး”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာတွင် မနာလိုဖြစ်ရိပ်များ ပေါ်လာတော့သည်။
“ငါ မေးကြည့်ရုံတင်ပါ...”
ကျန်းယောင် ရယ်ကျဲကျဲဖြင့် ဆိုသော်လည်း သူ့မျက်လုံးများကတော့ ဆန်လုံးကြီးများဆီမှ မခွာပေ။
လုမင်လီသည် ဆန်လုံးတစ်လုံးကို အမြန်ကုန်အောင် စားလိုက်ပြီး စွပ်ပြုတ်တစ်ပန်းကန် သောက်လိုက်ရာ ဗိုက်က တော်တော်လေး ပြည့်သွား၏။ သူ ကျန်ရှိသော ဆန်လုံးနှစ်လုံးကို ရှေ့သို့ တိုးပေးလိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ ခွဲစားကြတော့”
ကျန်းယောင်နှင့် ကော်ကျန်းတို့မှာ တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ကျန်းယောင်က ဆန်လုံးတစ်လုံးကို အငမ်းမရ လှမ်းယူသော်လည်း ပါးစပ်ထဲ မထည့်ရသေးမီမှာပင် အခြားလုပ်ဖော်ကိုင်ဖက်များက တားမြစ်ကြ၏။
“သခင်ကြီးကျန်း၊ တစ်ယောက်တည်း အပိုင်စီးလို့ မရဘူးလေ”
ကျန်းယောင်လည်း မတတ်သာဘဲ ခွဲဝေပေးလိုက်ရတော့သည်။
ကော်ကျန်းကတော့ ပိုကံကောင်း၏။ သူ့လက်ထဲက ပစ္စည်းကိုတော့ မည်သူမှ မလုရဲကြပေ။ သူ ကျန်တစ်လုံးကို သေချာကိုင်ကာ အေးအေးဆေးဆေး အရသာခံစားနေတော့သည်။
လုမင်လီသည် သူတို့ အလုအယက် စားနေကြသည်ကို ကြည့်ကာ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ သို့သော် သူ ဟွာကျွင်းကို တွေးနေမိ၏။ သူမသည် စားစရာများကို ဤမျှအများကြီး ပြင်ပေးပြီး မြန်မြန်ကုန်အောင်စားရန် မှာကြားခဲ့သည်မှာ ယခုလို ဖြစ်လာမည်ကို ကြိုတင်တွေးဆထားသည်လော။
မွန်းလွဲပိုင်းတွင် လုမင်လီ တာဝန်များပြီးစီးသဖြင့် နန်းတော်မှ စောစောထွက်လာသည်။
သူ ပထမဆုံး အမေ့ဘက်မှ အဘိုးအဘွားများအိမ်သို့ သွားကာ နှုတ်ဆက်ပြီး သူ့အမည်ဖြင့် ရောက်လာမည့် စာများကို သူ လာယူနိုင်သည့်အချိန်အထိ သိမ်းထားပေးရန် တောင်းဆိုသည်။
ထိုနေ့မှစ၍ သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာထဲတွင် အလုပ်တစ်ခု တိုးလာခဲ့၏၊ ၎င်းမှာ ညနေတိုင်း အမေဘက်မှ အဘိုးအဘွားအိမ်သို့သွားကာ စာသွားယူခြင်းပင်။
သို့သော် သူ အံ့ဩသွားရသည်မှာ ငါးရက်ဆက်တိုက်ရှိပြီဖြစ်သော်လည်း ဟွာကျွင်းထံမှ စာတစ်စောင်မျှ ရောက်မလာခြင်းပင်။
သူ ပို့လိုက်သော စာများမှာလည်း ပင်လယ်ထဲ အပ်ကျသကဲ့သို့ ဘာစာမှ ပြန်မလာပေ။
လုမင်လီ၏ အဘိုးဖြစ်သူမှာ သူ နေ့တိုင်းလာနေသည်ကို မြင်သဖြင့် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ မေးလိုက်၏။
“ယွမ်ကျိုး မင်းစောင့်နေတဲ့ စာက အရမ်းအရေးကြီးလို့လား”
“ဟုတ်ပါတယ်”
သူ့အဘိုးကလည်း ထူးဆန်းနေ၏။
“ငါတို့ တကယ်ပဲ မင်းရဲ့စာကို မရသေးတာပါ။ မင်း လိပ်စာမှားပေးလိုက်တာများလား”
‘မဖြစ်နိုင်တာ’
လုမင်လီ တွေးနေမိသည်။ ဟွာကျွင်း မမှတ်မိမှာစိုးသဖြင့် ထိုစဉ်က သူ ထပ်ခါတလဲလဲပင် ပြောခဲ့သေးသည်။
တစ်ဖက်တွင်လည်း ဟွာကျွင်းမှာ လုမင်လီ၏ စာကို ကိုင်ကာ ဇဝေဇဝါ ဖြစ်နေ၏။
“စစ်သူကြီးလုက ဘာလို့ ကျွန်မစာကို မရဘူးလို့ ပြောနေရတာလဲ။ ကျွန်မ နှစ်စောင်တောင် ပို့ပြီးပြီလေ”
မော့ချွမ်းက လက်ကအလုပ်ကို မရပ်ဘဲ မေးလိုက်သည်။
“မင်း လိပ်စာမှားတာ မဟုတ်ဘူးလား”
“ကျွန်မ သေချာမှတ်မိပါတယ်၊ သူက ‘ဆိပ်ကမ်းလမ်းကြား၊ ချန်အိမ်တော်’ လို့ ပြောတာပါ”
မော့ချွမ်းက မတ်တပ်ရပ်လိုက်ပြီး ပြော၏။
“ပို့လို့မရရင်လည်း ထားလိုက်ပါတော့။ သူလည်း မကြာခင် ပြန်လာမှာပဲဥစ္စာ”
ဟွာကျွင်း တစ်ခုခု ပြောမည်အလုပ်တွင် ရှို့ယွန်း ရောက်လာသည်။
သူမ၏ ကိုယ်အလေးချိန်မှာ သိသိသာသာ ကျသွားပြီးနောက်တွင် သူမသည် ခန္ဓာကိုယ်အလှကို ပို၍ ဂရုစိုက်လာကာ လမ်းလျှောက်လျှင်ပင် ယဉ်ယဉ်ကျေးကျေး လျှောက်တတ်လာသည်။ သူမ ဝိတ်ကျသွားသည်ကို တစ်ကမ္ဘာလုံး သိစေချင်နေပုံရ၏။
“ညီမလေးဟွာကျွင်း... အစ်မ သတင်းကောင်း ယူလာတယ်”
“အစ်မရှို့ယွန်း၊ ဘာသတင်းကောင်းလဲ”
“အကောင်းဆုံး သတင်းပေါ့။ အစ်မ သူငယ်ချင်းတွေက အစ်မ ဝိတ်ကျသွားတာကို မြင်တော့ အကုန်ဝိုင်းမေးကြတာနဲ့ ညီမလေးအကြောင်း ပြောပြလိုက်တယ်။ သူတို့အားလုံးလည်း ညီမလေးဆီမှာ ဝိတ်ချချင်ကြတယ်တဲ့”
ဟွာကျွင်း မှင်တက်သွားသည်။ ဤသည်မှာ အလွန်ပင် မထင်မှတ်ထားသော ကိစ္စဖြစ်၏။ သို့သော် သူမတွင် လုပ်စရာ အများကြီး ရှိနေသည်။ မစီမံနိုင်လောက်ပေ။
ဟွာကျွင်း တုံ့ဆိုင်းနေသည်ကို မြင်သဖြင့် ရှို့ယွန်း ထပ်ပြော၏။
“အစ်မ သူတို့ကို ပြောလိုက်တယ်။ တစ်လကို ငွေ (၁၀) တေးလို့”
“ငွေ (၁၀) တေး...”
ထိုပမာဏက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေ၏။
ရှို့ယွန်း ဆက်ပြီး ဖျောင်းဖျသည်။
“အစ်မ စဉ်းစားထားပြီးပြီ။ လူတွေ အများကြီးဖြစ်လာရင် ညီမလေးအတွက် ဒုက္ခဖြစ်မှာစိုးလို့ ညနေပိုင်းကျရင် အစ်မတို့တွေ မူလတန်းကျောင်းက ထမင်းစားဆောင်ကို ဖွင့်ပြီး အဲဒီမှာ သူတို့ကို ကျွေးရင် ရတာပဲ”
ဟွာကျွင်း သူမစကားထဲမှ အချက်တစ်ခုကို ဖမ်းမိသွားသည်။
“အစ််မတို့တွေလား”
ရှို့ယွန်းက ခေါင်းညိတ်ကာ ပြော၏။
“ဟုတ်တယ်။ အစ်မတို့တွေ။ အစ်မ စဉ်းစားထားတာက ညီမလေး ဒါတွေကို လိုက်လုပ်နေဖို့ မလိုဘူး။ အစ်မကိုပဲ လွှဲပေးထားလိုက်။ ညီမလေးက နေ့စဉ် စားသောက်ရမဲ့ စာရင်းကိုပဲ ရေးပေး။ အစ်မက စားဖိုမှူးတွေကို စီစဉ်လိုက်မယ်။ ရလာတဲ့ အမြတ်ကို ငါးပုံငါးပုံ (၅၀/၅၀) ခွဲကြရင် ဘယ်လိုလဲ”
ဟွာကျွင်းမှာ ကန့်ကွက်စရာ မရှိပေ။ ငွေရှာခြင်းမှာ အဆုံးမရှိသလို သူမကို ကူညီမည့်သူ တစ်ယောက်တည်းရှိခြင်းက သူမအတွက် ပိုကောင်းသည်။
သို့သော် သူမသည် လက်တွေ့ ဖြစ်နိုင်ချေများကို သေချာ စဉ်းစားနေမိ၏။
သူမ တိတ်နေသည်ကို မြင်သောအခါ ရှို့ယွန်းက ခဏစဉ်းစားပြီး ထပ်ပြောလိုက်သည်။
“လေးပုံခြောက်ပုံ (၄၀/၆၀) လည်း ရပါတယ်။အစ်မက လေးပုံ ယူမယ်၊ ညီမလေးက ခြောက်ပုံ ယူပေါ့”
ဟွာကျွင်း “...”
သူမ ဘာမှ မပြောရသေးခင်မှာပင် ရှို့ယွန်းက သူမရမည့် ဝေစုကို လျှော့ချနေ၏။
“ဒါဆို သုံးပုံခုနစ်ပုံ (၃၀/၇၀)။ အစ်မက သုံးပုံ၊ ညီမလေးက ခုနစ်ပုံ။ ညီမလေးရေ... ဒီထက်တော့ ထပ်မလျော့နဲ့တော့နော်။ ဒီထက်နည်းရင် အစ်မ အဘ်ိုးကြီးလျိုကို ရှင်းပြလို့ မရတော့ဘူး၊ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စားဖိုမှူးတွေကို သုံးရမှာဆိုတော့လေ”
ဟွာကျွင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး ပြောလိုက်၏။
“အစ်မရှို့ယွန်း... ကျွန်မ ခွဲဝေမှုအပေါ် မကျေနပ်တာ မဟုတ်ပါဘူး။ ငါးပုံငါးပုံက အဆင်ပြေပါတယ်။ ကျွန်မ လက်တွေ့ကျတဲ့ ပြဿနာတွေကို စဉ်းစားနေတာပါ”
ရှို့ယွန်း အမြန်ပြောလိုက်၏။
“အေးပါ၊ အေးပါ။ ညီမလေး စဉ်းစား၊ အေးအေးဆေးဆေး စဉ်းစားပါ၊ အစ်မ မနှောင့်ယှက်တော့ဘူး”
“မူလတန်းကျောင်းဆိုတာ ကလေးတွေ စာသင်တဲ့ နေရာလေ။ တခြားကိစ္စတွေအတွက် သုံးတာက မကောင်းဘူး။ အစ်မ တစ်ယောက်တည်းတုန်းကတော့ အဆင်ပြေပေမဲ့ လူတွေ အများကြီး ဝင်ထွက်နေရင် ကလေးတွေရဲ့ သင်ခန်းစာတွေကို ထိခိုက်နိုင်တယ်”
ရှို့ယွန်း သူမ၏ ခေါင်းကို ရိုက်လိုက်သည်။
“ညီမလေး ပြောတာ ဟုတ်သားပဲ။ အစ်မ ဒါကို မစဉ်းစားမိဘူး။ ညီမလေးက ပိုပြီး စေ့စပ်တာပဲ”
“ဒါကြောင့် ဝိတ်ချတဲ့ အတန်းဖွင့်ချင်တယ်ဆိုရင် နောက်ထပ် အိမ်တစ်လုံး ရှိဖို့ လိုအပ်မယ်”
“ဟုတ်တယ်၊ ဟုတ်တယ်။ တို့တွေ နောက်ထပ် အိမ်တစ်လုံး လိုမယ်”
ဟွာကျွင်း ဆက်ပြော၏။
“ဝိတ်ကျဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက် ထိန်းတာက တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေတာ။ ဘယ်အရာမှ ချန်ထားလို့ မရဘူး”
ရှို့ယွန်း သိချင်စိတ်ဖြင့် မေးသည်။
“လေ့ကျင့်ခန်း။ ဘာလို့ လေ့ကျင့်ခန်း လုပ်ရမှာလဲ၊ အစ်မ လေ့ကျင့်ခန်း မလုပ်ဘဲနဲ့လည်း ဝိတ်ကျတာပဲလေ”
“အစ်မရှို့ယွန်းက ပန်းထိုးအလုပ်ရုံမှာ အလုပ်ကူလုပ်နေတော့ အမြဲတမ်း လှုပ်ရှားနေရလို့ပါ။ ဒါပေမဲ့ ဝိတ်ချတဲ့ အတန်းဖွင့်ရင် သူတို့ကို ပန်းထိုးအလုပ်ရုံမှာ ခိုင်းလို့ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား”
ရှို့ယွန်း ချက်ချင်း သဘောပေါက်သွား၏။
“ဪ... အဲလိုကိုး၊ အစ်မကတော့ မတော်တဆ လေ့ကျင့်ခန်း လုပ်ဖြစ်သွားတာပေါ့။ ညီမလေးမှာ ဘာအကြံကောင်း ရှိလဲ”
“မိန်းကလေးတွေက ကရတာ ဝါသနာပါကြတယ်။ သူတို့ကို ကခုန်နည်း သင်ပေးမယ့်သူ တစ်ယောက်လောက် ရှာနိုင်ရင် ကောင်းမယ်။ ဒါက ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုလှစေတယ်”
ရှို့ယွန်းက ထပ်မေး၏။
“ခန္ဓာကိုယ် အချိုးအစား လှအောင် လုပ်တယ်ဆိုတာ ဘာလဲ”
ဟွာကျွင်း ခဏစဉ်းစားပြီး အလွယ်ဆုံး ရှင်းပြလိုက်သည်။
“ခါးလေး သေးသွားပြီး တင်ပါးလေး လှလာတာ၊ ခန္ဓာကိုယ်က ပိုပြီး အကောက်အကွေး အချိုးအစား ကျလာတာကို ပြောတာပါ”
ရှို့ယွန်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
“အို... ဒီလို ရှက်စရာကောင်းတဲ့ စကားတွေက ညီမလေး ပါးစပ်ထဲမှာတော့ ဘာလို့ ဒီလောက် သဘာဝကျနေရတာလဲ”
ဟွာကျွင်း ပြောလိုက်၏။
“ဒါက ရှက်စရာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အစိတ်အပိုင်းပဲ။ ကြိုးစားမှုကတစ်ဆင့် ဒါကို ပိုပြီး ပြည့်စုံအောင် လုပ်လို့ရပါတယ်”
ရှို့ယွန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အစ်မ မှတ်ထားပါ့မယ်။ နောက်ဆို တခြားသူတွေကိုလည်း အဲဒီအတိုင်း ပြောပြမယ်။ အစ်မ စိတ်ကြိုက် အင်္ကျီတွေ ဝတ်မယ်။ ယုံယုံကြည်ကြည် လမ်းလျှောက်မယ်။ ဘယ်သူတွေ အတင်းပြောဦးမလဲ ကြည့်ရသေးတာပေါ့”
သူမ ထပ်မေး၏။
“တခြား ပြဿနာတွေ ရှိသေးလား”
“လေ့ကျင့်ခန်း သင်ပေးမဲ့သူကို ဘယ်သူ့ကို ဖိတ်မလဲ၊ ဘာတွေ သင်မလဲ၊ အချိန်ဇယား ဘယ်လို ဆွဲမလဲ၊ အစားအသောက်ကို ဘယ်လို ကန့်သတ်မလဲ ဆိုတာတွေ အားလုံးကို အသေးစိတ် ဆွေးနွေးဖို့ လိုသေးတယ်”
ရှို့ယွန်း မှင်တက်သွား၏။
“ညီမလေးရေ... တို့တွေ သုံးပုံခုနစ်ပုံပဲ ခွဲကြရအောင်။ အစ်မက သုံးပုံ၊ ညီမလေးက ခုနစ်ပုံ။ ညီမလေးနဲ့ ယှဉ်လိုက်ရင် အစ်မက တကယ်ကို အရမ်း စိတ်ကြီးဝင်ပြီး ရဲတင်းသလို ဖြစ်မိသွားတယ်”
အခန်း (၁၈၀)
မျက်မြင်ကိုယ်တွေ့မှ ယုံကြည်မည်
ဟွာကျွင်း ပြုံးလျက် ပြောလိုက်သည်။
“ငါးပုံငါးပုံ (၅၀/၅၀) ပဲ ထားကြရအောင်ပါ။ ကျွန်မက အကြံဉာဏ်ပဲ ပေးနိုင်တာ၊ အစ်မကမှ အစအဆုံး အကုန်လုံးကို ကိုယ်တိုင် စီမံခန့်ခွဲရမှာလေ”
ရှို့ယွန်းသည် ဟွာကျွင်း၏ စိတ်နေစိတ်ထားကို သိထားသဖြင့် သဘောတူလိုက်၏။
“ကောင်းပါပြီ၊ ညီမလေး ပြောတဲ့အတိုင်းပဲ။ ငါးပုံ၊ငါးပုံ ခွဲကြတာပေါ့”
သို့သော် သူမ၏ စိတ်ထဲတွင်မူ ဝိတ်ချသင်တန်း ဖွင့်ပြီးသည်နှင့် ဟွာကျွင်းကို ဘာမှ ပူစရာမလိုအောင် လုပ်ပေးပြီး သူမကို အေးအေးဆေးဆေး ငွေသိမ်းခိုင်းမည်ဟု ဆုံးဖြတ်ထားသည်။
ဟွာကျွင်းသည် သူမ မှတ်စုစာအုပ်ထဲတွင် လောလောဆယ် စဉ်းစားမိသမျှ အချက်များကို ချရေးလိုက်သည်။ သူမတွင် အလေ့အကျင့်တစ်ခု ရှိ၏။ လုပ်စရာများ အများကြီး ရှိလာလျှင် ချရေးထားပြီး တစ်ခုချင်းစီကို ဖြေရှင်းတတ်သည်။
အလုပ်တစ်ခု ပြီးသွားတိုင်း မှတ်စုစာအုပ်ထဲတွင် မျဉ်းသားပြီး ပယ်ဖျက်လိုက်သည်။ နောက်ဆုံးတွင် မျဉ်းသားထားသည့် စာမျက်နှာကို ကြည့်ကာ သူမ၏ ကြိုးစားမှုများ လက်တွေ့ဖြစ်လာသည်ကို မြင်ရသောအခါ အောင်မြင်မှု အထိမ်းအမှတ် ခံစားချက်က သူ့အလိုလို ပေါ်ပေါက်လာတတ်၏။
ဟွာကျွင်း သေချာ ပြန်ကြည့်လိုက်ရာ ပထမဆုံး ဖြေရှင်းရမည့် ပြဿနာမှာ အိမ်ရာကိစ္စ ဖြစ်သည်။
ဤအိမ်တွင် အနည်းဆုံး မီးဖိုချောင်တစ်ခုနှင့် ကခုန်ရန် အခန်းတစ်ခု ပါဝင်ရမည်။
ဘေးနားတွင် မြေကွက်အလွတ် ရှိနေသေးသော်လည်း ဤကဲ့သို့ အိမ်အနိမ့်လေး နှစ်လုံး ဆောက်လိုက်ရမည်ဆိုလျှင် နှမြောစရာကောင်းမည်ဟု ဟွာကျွင်း တွေးမိ၏။
ခေတ်သစ်လူသားတစ်ယောက်၏ အတွေးအခေါ်ကို ဖျောက်ပစ်၍ မရပေ။ မြေတစ်လက်မမှာ တန်ဖိုးရှိလှသဖြင့် မြေတစ်မီတာပတ်လည်ပေါ်တွင် အထပ်ပေါင်း သုံးဆယ်လောက်အထိ ဆောက်ချင်ကြသည်။
ဟွာကျွင်း စဉ်းစားနေ၏။
‘ဒီပတ်ဝန်းကျင်မှာ ဘာတွေ လိုအပ်နေသေးလဲ’
ရုတ်တရက် စိတ်ကူးတစ်ခု ရလိုက်၏။
‘ဟိုတယ်ပဲ’
အပြင်ဘက်က လမ်းဘေးဈေးသည်များ ဈေးရောင်းကောင်းနေကြ၏။ မုန့်ဆိုင်ပိတ်ပြီးသည့်တိုင်အောင် သန်းခေါင်ယံအထိ ရောင်းနေကြတုန်းပင်။ မြို့ပြင်မှာ လာရောက်တည်းခိုသူ ပိုများလာသဖြင့် တည်းခိုခန်းတစ်ခု ဖွင့်လိုက်လျှင် အဆင်ပြေမည်။
ဘေးကင်းလုံခြုံမှုအတွက် တည်းခိုခန်းကို သုံးထပ် ဆောက်မည်။ ပထမထပ်နှင့် ဒုတိယထပ်ကို တည်းခိုရန် ထားပြီး အပေါ်ဆုံးထပ်ကိုတော့ ဝိတ်ချသည့်အတန်းအတွက် သုံးမည်။
‘ဒီအတိုင်းပဲ လုပ်ကြစို့’
ဟွာကျွင်းသည် သူမ စိတ်ကူးကို အစ်မရှို့ယွန်းကို ချက်ချင်း ပြောပြလိုက်သည်။
ရှို့ယွန်းက လေးစားအားကျကာ ပြောတော့သည်။
“ညီမလေးရေ... ညီမလေး ဘာတွေစားပြီး ကြီးလာတာလဲ။ ဉာဏ်က အရမ်းပြေးတာပဲ။ အမှန်အတိုင်း ပြောရရင် ညီမလေးနဲ့ အတူနေလာတဲ့ ဒီအချိန်အတွင်းမှာ အစ်မ ညီမလေးကို ရင်ထဲကနေ အထင်ကြီးမိသလို အားလည်းကျမိတယ်။ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ ကိုယ်ပိုင် အလုပ်အကိုင်နဲ့ ယောက်ျားတစ်ယောက်လို ရပ်တည်နိုင်တယ်၊ အစ်မလို မဟုတ်ဘူး... ဘဝရဲ့ ပထမတစ်ဝက်လုံးကို အိမ်တော်ထဲမှာပဲ အချိန်ဖြုန်းခဲ့ရတာ...”
သူမ ရယ်မောရင်း ဆက်ပြောသည်။
“ဒါကြောင့်လည်း ညီမလေးနဲ့ ဝိတ်ချတဲ့ဆိုင် ဖွင့်ချင်တာပေါ့။ အစ်မလည်း ကိုယ့်လက်နဲ့ကိုယ် ငွေရှာပြီး အစ်မတို့ အဘိုးကြီးလျိုကို ပြချင်တယ်၊ သူ့အကူအညီမပါဘဲနဲ့လည်း တစ်ခုခု လုပ်ပြနိုင်တယ်ဆိုတာကိုလေ”
သူတို့ စကားပြောနေစဉ် အမျိုးသမီး သုံးဦး ဝင်လာသည်။ သူတို့က အစ်မရှို့ယွန်းနှင့် ရင်းနှီးပုံရပြီး ဝင်လာသည်နှင့် နှုတ်ဆက်လိုက်ကြ၏။
“ကျူးရှို့ယွန်း၊ နင် ဒီမှာ တကယ်ရှိနေတာပဲ”
ရှို့ယွန်းက လှည့်ကြည့်ကာ ချက်ချင်း ထရပ်ပြီး ပြော၏။
“နင်တို့ ဘာလို့ ဒီကို ရောက်လာတာလဲ။ အသေးစိတ်ကို မနက်ဖြန်မှ ဆွေးနွေးမယ်လို့ ပြောထားတယ် မဟုတ်လား”
ထိုအမျိုးသမီး သုံးဦးမှာ အတော်လေး ဝဝဖြိုးဖြိုးရှိကြသဖြင့် ရှို့ယွန်းပြောသော ဝိတ်ချချင်သည့် ဖောက်သည်များ ဖြစ်ရမည်။ သူတို့က မုန့်ဆိုင်ကို ဝေ့ဝဲကြည့်ပြီး ဟွာကျွင်းကို ကြည့်ကာ ပြောသည်။
“ငါတို့တွေ ကိုယ်တိုင် လာမကြည့်ရင် နင်ပြောတာတွေက အဟုတ်လား၊ အလိမ်လား ဘယ်လိုသိမှာလဲ”
ရှို့ယွန်းက ဟွာကျွင်း အထင်လွဲမှာစိုးသဖြင့် သူမကို ကြည့်လိုက်ပြီး ပြန်အော်လိုက်၏။
“ငါပြောတာ အကုန်အမှန်တွေပဲ၊ ငါက ဘာလို့ လိမ်ရမှာလဲ။ နင်တို့ ကတိဖျက်မလို့လား”
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်ဖြစ်ပုံရသူက ပြန်ပြော၏။
“နေ့တိုင်း ပုစွန်နဲ့ အမဲသားစားရင် ဝိတ်ကျမယ်ဆိုတာ ဘယ်သူက ယုံမှာလဲ။ နင်ကတော့ ဆန်ပြုတ်ပဲ သောက်နေတာလည်း ဖြစ်နိုင်တာပဲ”
“ဟုတ်တယ်၊ ငါတို့ပိုက်ဆံတွေက ဒီတိုင်း ရလာတာ မဟုတ်ဘူး။ မျက်မြင်တွေ့မှ စိတ်အေးရမှာပေါ့”
“ပြီးတော့ ငါတို့တွေက ပိုက်ဆံပေးမယ်လို့ အတည်ပြောထားတာမှ မဟုတ်တာ။ နင်ကတော့ ငါတို့ပြောတာကိုပဲ ယုံနေတာ၊ တကယ်တမ်း ဘာမှ မသေချာသေးဘူး”
ရှို့ယွန်း ဒေါသထွက်လွန်းသဖြင့် ခြေလှမ်းကို ပြင်းပြင်းဆောင့်ကာ စားပွဲကို အားနှင့် ရိုက်လိုက်သည်။
“နင်တို့ ငါ့ကို ကစားနေတာလား။ အခု ဘာစကား ပြောတာလဲ။ ကတိမတည်၊ စကားမတည်တဲ့သူတွေ။ နင်တို့ ဝမလာရင် ဘယ်သူ ဝလာမလဲ”
မူလတန်းကျောင်းမှ စားသောက်မှုများက အချည်းနှီး မဟုတ်ပေ။ အစ်မရှို့ယွန်းမှာ စကားပုံများပင် သုံးတတ်နေ၏။ ဟွာကျွင်း စိတ်ထဲမှနေ၍ လက်မထောင်ပြလိုက်မိသည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ဆက်ပြော၏။
“မလောပါနဲ့၊ ငါတို့တွေက တခြားအဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး”
ထို့နောက် ဟွာကျွင်းကို ပြုံးပြလိုက်သည်။
“သူဌေးမလေးဟွာ၊ စိတ်မရှိပါနဲ့။ မနေ့က ကျူးရှို့ယွန်းက ဒီအကြောင်း ပြောပြတော့ ကျွန်မတို့တွေက မယုံတာပေါ့။ ဒါက ညီမလေးရဲ့ မုန့်ဆိုင်ကို ပြောတာ မဟုတ်ပါဘူး၊၊ ညီမလေးဆိုင်က စားစရာတွေ အရသာရှိတာ အကုန်သိကြပါတယ်။ ကျွန်မတို့က သူလျှောက်ပြောနေတယ်လို့ပဲ ထင်တာ။ သူ ဘာပြောလဲ သိလား”
“သူက ဒီမှာ နေ့တိုင်း အသားတွေ၊ ငါးတွေ စားနေတယ်။ ဆေးခါးရည်တွေ သောက်စရာ မလိုဘဲ ဝိတ်ကျနေတယ်တဲ့။ သူက အရင်ကတည်းက စိတ်မချရတဲ့သူ၊ အလိုမကျရင်လည်း ကလေးလို ဂျီကျတတ်တဲ့သူဆိုတော့ ဘယ်သူက ယုံမှာလဲ။ ဒါကြောင့် ကျွန်မတို့တွေက သူ့ကို နောက်လိုက်တာ။ အကယ်၍ တကယ်သာ ဟုတ်မယ်ဆိုရင် တို့တွေ တစ်လကို ငွေ (၁၀) တေးပေးပြီး အဲဒီ ဝိတ်ချစာတွေကို စားပါ့မယ်လို့လေ”
သူမ ရှင်းပြမှ ဟွာကျွင်း သဘောပေါက်သွား၏။ သူတို့ တကယ် ဝိတ်ချချင်ကြခြင်း မဟုတ်ဘဲ အစ်မရှို့ယွန်းကို နောက်ပြောင်နေကြခြင်း ဖြစ်ပြီး ရှို့ယွန်းကတော့ အတည်မှတ်သွားခြင်းပင်။
ရှို့ယွန်း ဘေးနားတွင် ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်နှင့် ငိုတော့မလို ဖြစ်နေ၏။
“နင်တို့... နင်တို့ ငါ့ကို မယုံတာ ထားပါတော့။ ဒါပေမဲ့ ငါနဲ့ သူဌေးမလေးဟွာကို ဘာလို့ နောက်တာလဲ။ အခု ငါက အတည်ပြောပြီးပြီဆိုမှ နင်တို့က နောက်တာပါဆိုတော့ ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ။ နင်တို့လို လူမျိုး တစ်ခါမှ မမြင်ဖူးဘူး”
ဟွာကျွင်းကတော့ သဘောပေါက်သွားပြီးနောက် ဒေါသမထွက်တော့ပေ။ နားလည်မှုလွဲခြင်းဖြစ်သဖြင့် ရှင်းလိုက်လျှင် ပြီးနိုင်၏။
‘ငြိမ်းချမ်းခြင်းက ဥစ္စာဓနကို ဆောင်သည်’
သူမအနေဖြင့် သူတို့အိတ်ထဲမှ ပိုက်ဆံကို အတင်းအကျပ် နှိုက်ယူ၍ မရပေ။
သူမ ရှို့ယွန်းကို ပြောလိုက်၏။
“ကိစ္စမရှိပါဘူး၊ ကျွန်မတို့တွေ ဆိုင်ဖွင့်မယ်ဆိုရင် တခြားနည်းလမ်းတွေနဲ့ ဖောက်သည် ရှာလို့ရတာပဲ။ သိကျွမ်းသူတွေအပေါ်ပဲ အားကိုးနေရင် ငွေ ဘယ်လောက် ရမှာမို့လို့လဲ”
ထိုစကားကြားမှ ရှို့ယွန်း စိတ်သက်သာရာ ရသွားသည်။
ဟွာကျွင်း ထိုအမျိုးသမီး သုံးဦးကို ပြောလိုက်၏။
“နားလည်မှုလွဲတာဆိုတော့ ကိစ္စမရှိပါဘူး။ စီးပွားရေးမှာ အတင်းအကျပ် ရောင်းဝယ်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှင်းပြချင်ပါတယ်။ အစ်မရှို့ယွန်း ပြောတာတွေ အကုန်အမှန်ပါ။ သူမရဲ့ တစ်နေ့ သုံးနပ်စာကို ကျွန်မ စီစဉ်ပေးတာဖြစ်ပြီး အသားနဲ့ ငါးတွေ တကယ် ပါပါတယ်”
ရှို့ယွန်းက မေးစေ့ကို ပင့်ကာ ဂုဏ်ယူစွာ ပြောသည်။
“ကြားလား။ ငါ မလိမ်ဘူး”
“ရှင်တို့လည်း ရောက်လာမှတော့ ကျွန်မတို့တွေလည်း ထမင်းစားတော့မှာဆိုတော့ အစ်မရှို့ယွန်းရဲ့ ညစာကို ကိုယ်တိုင် ကြည့်သွားကြပါလား”
အမျိုးသမီး သုံးဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြောလိုက်၏။
“ကောင်းပြီလေ။ သူပြောတာ တကယ်ဟုတ်ရင် ကျွန်မတို့တွေ တောင်းပန်ပါ့မယ်”
ဟွာကျွင်း ပြန်ပြောလိုက်၏။
“ကောင်းပါပြီ၊ ခဏလောက် အနားယူကြပါ၊ ကျွန်မ သွားပြင်လိုက်ဦးမယ်”
ထို့နောက် မော့ချွမ်းကို ခိုင်းလိုက်သည်။
“ဧည့်သည်တွေကို လက်ဖက်ရည် တည်ခင်းပေးလိုက်ပါဦး”
စကားပြောပြီးနောက် သူမသည် နောက်ဖေးသို့ ဝင်သွား၏။
ရှို့ယွန်း ရှေ့သို့ ပြေးသွားပြီး ဟွာကျွင်းကို ဘေးသို့ ဆွဲခေါ်ကာ မေးလိုက်သည်။
“ညီမလေး... အစ်မ ညစာ စားပြီးပြီလေ။ ဘယ်လိုဖြစ်ပြီး မေ့သွားတာလဲ”
ဟွာကျွင်းက ထိုင်ကြည့်နေသော အမျိုးသမီး သုံးဦးကို လှည့်ကြည့်လိုက်ပြီး ရှို့ယွန်းကို ပြော၏။
“စားပြီးရင်လည်း နည်းနည်းလောက် ထပ်စားလိုက်ပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးကောင်းပဲ”
ရှို့ယွန်းက နည်းနည်း တုံ့ဆိုင်းနေ၏။
“အစ်မတော့ ထားလိုက်သင့်တယ် လို့ ထင်တယ်။ အဲဒီ သုံးယောက်ကို အစ်မ အထင်သေးသွားပြီ။ သူတို့နဲ့ မပတ်သက်ချင်တော့ဘူး။ ‘သန့်စင်သူဟာ အလိုလို သန့်စင်နေတာပဲ’ ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ပြီးတော့ မနက်ဖြန်ကျရင် အများကြီးစားမိလို့ ဝသွားမှာလည်း ကြောက်တယ်... ဝိတ်နည်းနည်း ကျဖို့ အဲဒီလောက် ကြိုးစားထားရတာ။ အဲဒီ သုံးယောက်အတွက်နဲ့တော့ မတန်ပါဘူး”
ဟွာကျွင်းက မေးလိုက်၏။
“ဒီနေ့ည ဘာစားခဲ့လဲ”
“ညီမလေး ပြောတဲ့အတိုင်းပဲ၊ ကြက်ဥတစ်လုံးနဲ့ ဟင်းရွက်ကြော် တစ်ပန်းကန် စားခဲ့တယ်”
ဟွာကျွင်း သူမပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“စိတ်ချလက်ချ စားပါ။ ပရိုတင်း ကို နည်းနည်း ပိုစားပေးတာက ဇီဝကမ္မဖြစ်စဉ် ကို လှုံ့ဆော်ပေးပြီး ဝမလာစေပါဘူး”