← Chapters

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း (၁၁၁၁) မျက်လုံးချင်းဆုံ

နတ်မယ်ရုပ်ခန္ဓာတည်ဆောက်နိုင်ကြောင်း အစကတည်းက ယွမ်ကျိသိပြီးဖြစ်သည်။ သို့သော် လုယန်သိစိတ်နယ်မြေတွင် ခေါင်းမာစွာဆက်နေသည်။ အပြင်သို့မထွက်။

နတ်မယ်က ဝါစဉ်ကြီးသူဖြစ်၍ မျက်နှာသာမပေးဘဲ သူကန်ထုတ်၍လည်းမရ။ လုယန်အန္တရာယ်ကြုံချိန်ထိစောင့်ဖို့ သူတွေးခဲ့။ ထိုအချိန်ရောက်လျှင် နတ်မယ်လှုပ်ရှားရမည်။

လှုပ်ရှားပြီးလျှင် သိစိတ်နယ်မြေတွင် ဆက်နေစရာ အကြောင်းပြချက်ရှိတော့မည်မဟုတ်။

လုယန်က အန္တရာယ်ကြုံတိုင်း သူ့ကိုခေါ်သည်မဟုတ်။ နောက်ပိုင်းတွင်း လုယန်အတွက် အသက်ကယ်အစီအမံတစ်ခုခု သူပြင်ဆင်မပေးတော့သည်မှာ ထိုအကြောင်းကြောင့်ဖြစ်သည်။

သို့သော် ထိုအချိန်အတွင်း လုယန်ကလည်း ဘာပြဿနာမှမကြုံ။ နတ်မယ်လှုပ်ရှားဖို့မလိုခဲ့။

ပဲပြာအရှင်သည် စွမ်းအားကြီးသူဖြစ်၍ နတ်မယ်ခန္ဓာကိုယ်မတည်ဆောက်ဘဲ ရင်ဆိုင်လျှင် အနိုင်ယူနိုင်မည်မဟုတ်မှန်း အစကတည်းကသိသည်။

ယခု ခန္ဓာကိုယ် ပြန်တည်ဆောက်ခဲ့ပြီးပုံရသည်။ ဘာကြောင့် ပြန်ပျောက်ကွယ်သွားသည်မသိ။

နတ်မယ်က ယွမ်ကျိကို တစ်ချက်လှမ်းကြည့်သည်။ ယွမ်ကျိကလည်း ပြန်ကြည့်သည်။ ကိစ္စအားလုံးကို မျက်လုံးမှ စကားပြောကြသည်။

ယွမ်ကျိ ခေါင်းကိုက်လာသည်။ မှန်သည်။ ဤလောကမှ အရာအားလုံးထဲတွင် ကျင့်ကြခြင်းကသာ တကယ်အပူပင်ကင်းသည်။

"ဒီနေရာက စကားပြောရမယ့်နေရာမဟုတ်ဘူး။ အားလုံးပဲ..အထဲကိုဝင်ကြပါ"

ယွမ်ကျိက အားလုံးကို ကောင်းကင်ဂိတ်တောင်ထိပ်သို့ဖိတ်ခေါ်သည်။ ယခု အင်ပါယာထိုင်ခုံလေးခုက နည်းလွန်းသလိုဖြစ်နေသည်။

"မြေပြင်မှာထိုင်ကြတာပေါ့"

ယွမ်မုန်မုန်က အကြံပြုသည်။ အရိပ်ကောင်းသည့်နေရာတစ်ခုရှာ၍ ဖျာတစ်ချပ် မြေပြင်ပေါ်ဖြန့်လိုက်သည်။

ထို့နောက် စားဖိုမှူးဈေးပွဲတော်တွင် သူမြည်းစမ်းခဲ့သည့် စားကောင်းသောက်ဖွယ်များကို မှော်လက်စွပ်ထဲမှထုတ်သည်။

သူနှင့်ချန်ဟဲ သေချာအတည်ပြုရွေးချယ်၍ ယွမ်ကျိအတွက်ဝယ်လာခြင်းဖြစ်သည်။

အားလုံးနှင့် မျှဝေစားသောက်သဖြင့် ယွမ်ကျိလည်း မြည်းစမ်းခွင့်ရသည်သဘောသာဖြစ်သည်။

ရင်းနှီးနေသူများဖြစ်၍ အားနာစရာမလို။ လုယန်က တစ်ခါမှမမြင်ဖူးသည့် အစာသွပ်မုန့်တစ်ခုကို ကောက်ယူလိုက်သည်။ အပြင်ပိုင်းတွင် ကြွပ်၍နေပြီး အစာသွပ်ထားသည့်အသားက အံ့ဩစရာကောင်းလောက်အောင် အရသာရှိသည်။

ဈေးထဲသို့ ပထမနေ့တွင်သာ လုယန်ရောက်သည်။ အချိန်အများစုကို ချုန်းချီမျိုးနွယ်တွင် ဟင်းချက်စွမ်းရည်လေ့ကျင့်နေခဲ့သည်။ ဈေးထဲမှ အစားအသောက်များကို သိပ်မြည်းစမ်းချိန်မရခဲ့။

"ဒီလိုအစာသွပ်မုန့်တွေက အပူပေးလိုက်မှပိုကောင်းတာ"

ယွမ်မုန်မုန်ကပြောသည်။ ယွမ်ကျိထံရောက်ခဲ့သည့် နှစ်ပိုင်းအတွင်း သူလည်းထူးထူးခြားခြား အစားကောင်းအသောက်ကောင်း ကြိုက်တတ်လာသည်။

လုယန် ယွမ်မုန်မုန်စကားကိုလက်ခံသည်။ ရသာသုံးမျိုးမီးတောက်ကိုသုံး၍ အစာသွပ်မုန့်ကို အပူပေးလိုက်သည်။ အရသာက တကယ်ပိုကောင်းလာသည်။ ပိုကြွပ်ရွလာသည်။

အစာသွပ်ထားသည့်အသားထဲမှ အချိုရည်များစိမ့်ထွက်လာသည်။

ကောင်းသည့်အရာကို မျှဝေရသည်။ လုယန်က လိုအပ်လျှင်သုံးနိုင်စေဖို့ ရသာသုံးမျိုးမီးတောက်လုံးတစ်ခု လေထဲသို့ မြှောက်ပေးလိုက်သည်။

ထို့နောက် ဖြစ်ခဲ့သည့် အဖြစ်အပျက်များအကြောင်း စားမြုံ့ပြန်ကြသည်။

ယွမ်ကျိက စားသောက်ရင်း နားထောင်နေသည်။ ရံဖန်ရံခါ ခေါင်းငြိမ့်သည်။ အဓိကအကြောင်းရင်းက မုန့်တစ်ခုကုန်သွားတိုင်း သူ့သူငယ်ချင်းကောင်းက သူ့လက်ထဲသို့ နောက်တစ်ခု ချက်ချင်းထိုးထည့်ပေးနေသောကြောင့်ဖြစ်သည်။

"ဒါဆို ပဲပြာအရှင်က အဲလိုအဖြစ်မျိုးတွေကြုံခဲ့ရတာပေါ့"

ယွမ်ကျိလည်း သက်ပြင်းချမိသည်။ သို့သော် ထိုအဆုံးသတ်မျိုးသာ ဖြစ်လာဖို့ရှိသည်။

ပဲပြာအရှင်၏စွမ်းအားက သံသယဖြစ်စရာမလို။ နတ်မယ်ပင် သူနှင့်တိုက်ခိုက်ချိန်တွင် မပေါ့ဆရဲ။ အရှင်ဖမ်းနိုင်ဖို့ အလွန်ခက်ခဲသည်။ ပဲပြာအရှင်၏ စိတ်ဓာတ်အရ အသက်ရှင်လျက်လည်း အဖမ်းခံမည်မဟုတ်။

'လွန်မြောက်ခြင်း'အဆင့်သို့ ရောက်ခါနီးဖြစ်နေသည့် ပြိုင်ဘက်မျိုး ယွမ်ကျိမကြုံဖူးသေး။ ထိုလွန်မြောက်ခြင်းအဆင့်အကြောင်း သူပိုနားလည်ချင်သည်။

"နောက်ကွယ်ကလူက ကျိုးရှီမသေမျိုးကို ဘယ်လိုအတိတ်မြင်ကွင်းတွေ ပြခဲ့တာလဲ။ လက်ခံနိုင်လောက်တဲ့ ကြောင်းကျိုးယုတ္တိအပေါ် အခြေခံထားတာလား"

ယွမ်ကျိ မျက်မှောင်ကျုံ့နေသည်။ ထိုးထွင်းအရိယဖလကို နှောက်ယှက်နိုင်သည်ဆိုလျှင် ကြောင်းကျိုးအရိယဖလ၏ စွမ်းအားမျိုးထက် သာလွန်နေသည်။

"နောက်ကွယ်ကလူက အရိယဖလတွေ တစ်ခုမကပိုင်ဆိုင်ထားတာမျိုးလား"

သို့သော် ထိုအချက်လည်းမဖြစ်နိုင်။ သဘောတရားအရ ဝါးမျိုခြင်းအမျိုးအစား အရိယဖလသာ တစ်ခြားအရိယဖလများနှင့် ပေါင်းစပ်နိုင်သည်။ ဝါမျိုခြင်းအရိယဖလကို ကောင်းကင်အင်ပါယာချန်က ပိုင်ဆိုင်ထားသည်။

အရိယဖလတို့သည် အတုမရှိ။ နောက်ကွယ်မှလူက ဝါးမျိုခြင်းအရိယဖလရှိလျှင် ကောင်းကင်အင်ပါယာတွင် မရှိနိုင်။

"အကြီးအကဲချင်ဟဲက နောက်ထပ်ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

"ငါ့သခင်သွားရာနောက်ကို ငါလိုက်မယ်"

ချင်ဟဲက ပြတ်သားသည်။ သူ့သခင်နှင့်အတူနေဖို့ ဆုံးဖြတ်ထားသည်။

ထိုသို့ပြောရင်း လုယန်ကိုလည်း သတိဖြင့်ကြည့်သည်။ သူ့သခင်ကို ထိုလူစားမျိုး နောက်ထပ်မလှည့်စားခွင့်မပြုဖို့ စိတ်ပိုင်းဖြစ်ထားသည်။

လုယန် အတော်နားလည်ရခက်နေသည်။ ချင်ဟဲကဘာကြောင့်သူ့ကို ထိုအကြည့်မျိုးနှင့် ကြည့်နေသည်မသိ။ စတွေ့ကတည်းက သူ့ကိုခပ်စိမ်းစိမ်းဆက်ဆံခဲ့သည်။

ချင်ဟဲသည် နတ်မယ်၏ ပထမဆုံးလူယုံဖြစ်သည်။ နတ်မယ်အပေါ် သူမကောင်းခဲ့၍များလား...

နတ်မယ်အပေါ် သူအတော်ကောင်းခဲ့သည်ဟု လုယန်ခံစားရသည်။ တာဝန်များ ကိုယ်စားထမ်းဆောင်ပေးသည်။ အဖော်ပြုပေးသည်။ စမ်းသပ်မှုများကိုလက်ခံသည်။ အချိန်မရွေး ပူးကပ်ခွင့်ပေးသည်။ ရှက်စရာအတိတ်သမိုင်းကြောင်းများကိုပင် သူနားထောင်ပေးခဲ့သည်။

မတွေးတော့။ ဆက်မတွေးချင်တော့။ ချင်ဟဲက နတ်မယ်ကို ကိုးကွယ်ယုံကြည်ထားသူဖြစ်သည်။ ချင်ဟဲအတွေးများကို သူနားမလည်နိုင်သည်မှာ မဆန်းလှ။

"ဒါနဲ့ချင်ဟဲ၊ ငါ့ရဲ့ မြောက်ပိုင်းကြယ်ကမ္ဘာ ဘယ်ကိုရောက်သွားလဲ နင်သိလား"

မြောက်ပိုင်းကြယ်ကမ္ဘာသည် နတ်မယ်အုပ်ချုပ်ခဲ့သည့် တစ်ခုတည်းသောကမ္ဘာဖြစ်သည်။ အဖိုးမဖြတ်နိုင်သည့် မသေမျိုးရတနာများစွာ မြှုပ်နှံထားသည်။

မြောက်ပိုင်းကြယ်ကိုတွေ့လျှင် လုယန်ကို ကိုယ်ပိုင်အဖွဲ့အစည်းတည်ထောင်၍ အုပ်ချုပ်ခွင့်ပေးဖို့ သူကတိပေးထားသည်။

နတ်မယ်ကိုလုပ်ကြံခံရပြီးနောက် ချင်ဟဲအပါအဝင် လူအားလုံးက သူ့အကြောင်း မေ့လျော့သွားကြသည်။

သို့သော် ချင်ဟဲစိတ်ထဲတွင် သူ့အတွက် အလွန်အရေးပါသည့် မြောက်ပိုင်းကြယ်၊ အမွှာမြစ်နှင့် သားအမိမြစ်များအကြောင်း ရှင်းလင်းစွာမှတ်မိနေသည်။

ထို့ကြောင့် မသေမျိုးလေးယောက်နှင့် အမည်မသိရန်သူ တိုက်ခိုက်နေချိန်တွင် ထိုအရာများကို သူရွှေ့ပြောင်းခဲ့သည်။

"မြောက်ပိုင်းကြယ်ကို ဒီလောကအပြင်ဘက်ထိ ကျွန်မရွှေ့ထားလိုက်တယ်"

ချင်ဟဲက စိတ်မကောင်းသည့်လေသံဖြင့်ပြောသည်။ မြောက်ပိုင်းကြယ်ကို တိုက်ပွဲနေရာနှင့်ဝေးအောင် သူရွှေ့ခဲ့သည်။ ဝေးလွန်းသဖြင့် မသေမျိုးလေးယောက် ဤလောကကိုတည်ဆောက်ချိန်တွင် မြောက်ပိုင်းကြယ်ပင် မပါဝင်တော့။

"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့။ ရှောင်ယန်ရှိနေတာပဲ။ ဒီအလုံပိတ်လောကကို အနှေးနဲ့အမြန် ငါတို့ဖွင့်နိုင်မှာပါ"

နတ်မယ်က ခပ်အေးအေးလေသံဖြင့်ပြောသည်။ ထိုကိစ္စကို သိပ်စိတ်မပူ။

"နတ်မယ် ဒီလောကကိုဖွင့်တာ ကျုပ်မဟုတ်ပါဘူး။ ပွင့်တာကိုပဲ ကျုပ်မြင်ခဲ့တာပါ"

လုယန်က စကားအမှန်ပြင်ပေးသည်။ ထိုသို့လုပ်နိုင်လောက်အောင် သူစွမ်းအားမကြီး။

"ဒါလည်း အတူတူပါပဲ"

"ဒီ‌အလုံပိတ်လောကက ပွင့်လာမှာလား"

အောင်းလင်း ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေတို့က မေးသည်။ စိတ်လှုပ်ရှားမှုကြောင့် သူတို့မျက်လုံးများ အရောင်လက်နေသည်။

ဤအလုံပိတ်လောကသည် ကျယ်ပြန့်ပါသည်။ သို့သော် ရှေးဟောင်းခေတ်မှ ကြယ်တာရာများကလည်း ခမ်းနားသည်။ ထိုခေတ်မှ တောက်ပနေသည့် ကြယ်ကောင်းကင်ကို သူတို့လွမ်းမိသည်။

သို့သော် သူတို့ကြောင့် ကြေမွပျက်စီးခဲ့သည့် ကြယ်အရေအတွက်ကလည်း မနည်းလှ။

"အနာဂတ်ပုံရိပ်တစ်ခုကိုပဲ ကျုပ်မြင်ခဲ့တာပါ။ တကယ်ဖြစ်ချင်မှလည်း ဖြစ်လာမှာ"

လုယန် ထပ်ပြောသည်။ အချိန်မသေမျိုးပင် အနာဂတ်သည် မသေချာဟု ပြောခဲ့သည်။ ထိုမိန်းကလေးသုံးယောက် သေတ္တာပွင့်လာမည်ဟု အရမ်းမျှော်လင့်မနေစေချင်။

"ချင်ဟဲ၊ ငါတို့ထာဝရမျိုးဆက်ကို နင်ဝင်ချင်လား"

ယွမ်မုန်မုန်က မေးသည်။ ထာဝရမျိုးဆက် အင်အားတိုးလာလျှင် အကောင်းဆုံးဖြစ်သည်ဟု သူယူဆသည်။ ချင်ဟဲက သက်ရှည်အရိဖလသန္ဓေ ပိုင်ဆိုင်ထားသည်။ သူတို့မျိုးဆက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်သည်။

"ချင်ဟဲ၊ ထာဝရမျိုးဆက်ကို ဝင်လိုက်ပါ။ နင်က တ-ခေါင်းဆောင်နေရာ ရနိုင်တယ်"

နတ်မယ်က ပြုံး၍ပြောသည်။ သိစိတ်ဖွံ့ဖြိုးဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် ထာဝရအရှင်သည် စတုတ္ထခေါင်းဆောင်နေရာ ရာထူးတိုးသည်ကို မညည်းမညူ လက်ခံခဲ့သည်။ ယခု ပဥ္စမနေရာသို့ ရာထူးတိုးဖို့ အလားအလာရှိနေသည်။

ချင်ဟဲက ချက်ချင်းလက်ခါပြီး ငြင်းသည်။

"ကျွန်မပါရမီက ညံ့ပါတယ်။ သခင့်မျိုးဆက်ကိုဝင်ဖို့ ဘယ်လိုလုပ် အရည်အချင်းမီမှာလဲ"

လုယန်တွေးသည်။ ပါရမီညံ့သည်ဆိုသည်မှာ သက်ရှည်အရိယဖသန္ဓေကို အမြင့်ဆုံးအဆင့် ကျင့်ကြံနိုင်သည်ကို ဆိုလိုသလားမသိ။

ထာဝရမျိုးဆက်သို့ဝင်ဖို့ ချင်ဟဲငြင်းဆိုသည်မှာ ပထမဆုံးအကြိမ်ဟုတ်။ ရှေးဟောင်းခေတ်ကတည်းက နတ်မယ်မျိုးဆက်သို့ဝင်ဖို့ မထိုက်တန်ဟု ခံစားရသဖြင့် အမြဲငြင်းခဲ့သည်။ ယခုလည်း ထိုသို့သာ ခံစားရသည်။

"လုပ်ပါ၊ ဝင်လိုက်ပါ"

နတ်မယ် ထပ်ပြောသည်။ ချင်ဟဲက အခိုင်အမာငြင်းသည်။

"ဒါဆို ငါတို့မဟာပဲဝါနိုင်ငံကိုဝင်လိုက်"

ယွမ်မုန်မုန်က ဇွဲမလျှော့ဘဲ စွမ်းအားကြီးသည့် လက်တွဲဖော်ကို ဆက်ဆွဲခေါ်သည်။

"မဟာပဲဝါနိုင်ငံ..."

ချင်ဟဲ စဉ်းစားနေသည်။ ထိုအဖွဲ့အစည်းမျိုး တစ်ခါမှမကြားဖူး။

"ဒါက ခေါင်းဆောင်တည်ထောင်ထားတဲ့ နိုင်ငံတစ်ခုပါ။ အရမ်းအင်အားတေင့်တယ်။ ငါက ယဉ်ကျေးမှုဝန်ကြီး။ အောင်းလင်းနဲ့ကျန်းလျန်ယိက မဟာစစ်သူကြီးတွေ။ အင်ပါယာရှားက ဝန်ကြီးချုပ်။ ဒုခေါင်း‌ဆောင်က နိုင်ငံ့ဝန်ကြီးချုပ်"

(နိုင်ငံ့ဝန်ကြီးချုပ်ဆိုသည်မှာ မင်းတိုင်ပင်အမတ် ရာထူးမျိုးဖြစ်မည်ထင်ပါသည်)

"ခေါင်းဆောင်တည်ထောင်ထားတဲ့ နိုင်ငံလား"

ချင်းဟဲ အံ့အားသင့်သွားသည်။ နည်းနည်းလည်း စိတ်ဝင်စားလာသည်။ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်၊ အလယ်ပိုင်းတိုင်နယ်။ ထိုမျှကြီးမားသည့်အင်အားကို သူ့အကူအညီမပါပဲ တည်ထောင်နိုင်ခဲ့သည်။

"ငါဝင်မယ်လေ"

"ဘယ်ရာထူးမျိုး နင်လိုချင်လဲ"

နတ်မယ်ကမေးသည်။ သူတို့မဟာပဲဝါနိုင်ငံတော်တွင် လစ်လပ်နေသည့်ရာထူးများ မရှားလှ။ ဝင်ဝင်ချင်းကြိုက်ရာရွေးနိုင်သည်။

"သမိုင်းရေးဝန်ကြီး"

(**Historian ရာဇဝင်မှတ်တမ်းကျမ်းပြုဝန်ကြီး ဖြစ်ပါသည်)

********************************

အခန်း (၁၁၁၂) သူမကျန်းမာ

"ကောင်းပြီလေ။ ဒါဆို ဒီနေ့ကစပြီး ငါတို့ခေတ်ရဲ့ အကြောင်းအရာတွေ မှတ်တမ်းပြုစုဖို့ ငါတို့နိုင်ငံရဲ့ သမိုင်းရေးဝန်ကြီးအဖြစ် နင့်ကိုခန့်အပ်တယ်)

နတ်မယ်က ဂုဏ်ပြုချီးမြှောက်မှုကို အလွန်အလေးထားသည်။ ချင်ဟဲကို ရာထူးခန့်အပ်ချိန်တွင် ရှေ့ဘက်တွင်သူ့ရုပ်ပုံ နောက်ဘက်တွင်ယွမ်ကျိရုပ်ပုံရှိသည့် တော်ဝင်ဝတ်ရုံကို ချက်ချင်းပြောင်းလဲ၍ဝတ်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မ"

"ကဲ လာကြ၊ လာကြ။ ဂုဏ်ပြုကြမယ်"

ယွမ်မုန်မုန်က အားလုံးလောဆော်၍ ခွက်မြှောက်ကြည်။ မဟာပဲဝါနိုင်ငံတွင် နောက်ထပ်မဟာဝန်ကြီးတစ်ယောက်တိုးလာသည်မှာ တကယ်ဂုဏ်ပြုထိုက်သည့် အချိန်အခါဖြစ်သည်။

ယွမ်ကျိ ဂုဏ်ပြုပွဲသို့ဝင်သင့်မဝင်သင့် ချိန်ဆနေသည်။ သူမှလွဲ၍ အားလုံးက မဟာပဲဝါနိုင်ငံ အဖွဲ့ဝင်များဖြစ်သည်။

သို့သော် နတ်မယ်က ယခုထိ သူ့ကိုသတိထားမိပုံမရသေး။ သူ့ကို အဖွဲ့ဝင်ဖို့ မစည်းရုံးသေး။ နတ်မယ်အာရုံမစိုက်ခံရအောင် နေသည်က ပိုကောင်သည်။ ထို့ကြောင့် အလိုက်သင့် မျှောလိုက်သည်။

အားလုံးက ပဲဝါနိုင်ငံအင်အားတောင့်တင်းလာသည့် ကိစ္စအတွက် ခွက်မြှောက်နေကြသည်။ အားလုံးပျော်ရွှင်နေသည်။

"သခင်က လုယန်ရဲ့သိစိတ်နယ်မြေထဲမှာ အမြဲနေတာလား"

တစ်ချိန်လုံး မေးချင်နေခဲ့သည့်မေးခွန်းကို ချင်ဟဲထုတ်မေးသည်။

"အဲလိုမဟုတ်ဘူး။ ငါပြန်ရှင်သန်ကလည်းက နေတာပါ။ အဲဒီမှာနေရတာက အတော်သက်တောင့်သက်သာရှိတယ်"

သိစိတ်နယ်မြေအကြောင်း စကားစပ်မိလာသဖြင့် နတ်မယ်မျက်လုံးများ အရောင်လက်လာသည်။ စိတ်အားထက်သန်စွာ ခြေဟန်လက်ဟန်ဖြင့်ပြောသည်။ ဘယ်သူ့ကို တုပနေသည်တော့ သေချာမသိရ။

ထို့နောက် သူဒဏ်ရာအပြင်းအထန်ရထားကြောင်း ရုတ်တရက်သတိရလာသဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးသည်။

"လာကြ လာကြ ငါ့ရဲ့ဝန်ကြီးတွေ။ ငါ့သိစိတ်နယ်မြေကို သွားလည်ကြမယ်"

"နတ်မယ်၊ ဒါက ကျုပ်ရဲ့သိစိတ်နယ်မြေပါ"

လုယန်က သတိပေးသည်။

"အဲ ဟုတ်သားပဲ။ ကဲ ငါနဲ့လုယန်ရဲ့ သိစိတ်နယ်မြေကို သွားလည်ကြမယ်"

လုယန်က သူ့သိစိတ်နယ်မြေဟု အတင်းပြောနေသဖြင့် နတ်မယ်စဉ်းစားပေးသည်။ သိစိတ်နယ်မြေကိုဖွင့်၍ အားလုံးကိုဖိတ်ခေါ်သည်။ လုယန်စိတ်ပျက်လက်ပျက် ကြည့်နေရသည်။

"နန်းတော်က အတော်လှတာပဲ"

ခမ်းနားသည့် ပဲဝါနန်းတော်ကိုကြည့်၍ ယွမ်မုန်မုန် အံ့အားသင့်သွားသည်။

"ဟုတ်တယ်၊ အတော်ကောင်းတဲ့နေရာပဲ"

ယွမ်ကျိက ခေါင်းငြိမ့်၍ ထပ်ပြောသည်။ နတ်မယ်ဝတ်ထားသည့် နန်းတွင်းဝတ်ရုံက အငြင်းပွားစရာရှိသော်လည်း နန်းတော်တည်ဆောက်ထားပုံက တကယ်ခမ်းနားသည်။

နန်းတော်ဒီဇိုင်းက မဟာရှားနန်းတော်ကို အတုယူထားခြင်းဖြစ်သည်။

လုယန်၏ သိစိတ်နယ်မြေသည် မဟာပဲဝါနိုင်ငံတော်၏ အချက်အချာဟု ဆိုနိုင်သည်။ ပဲဝါအင်ပါယာနန်းတော်ရှိသည်။ နတ်မယ်ကလည်း အိပ်ခန်းဆောင်တွင် အမြဲလိုလိုနေသည်။

"သခင်၊ ကျွန်မရဲ့ သိစိတ်နယ်မြေထဲကို ပြောင်းနေပါလား။ ကျွန်မသိစိတ်နယ်မြေက ပိုပြီးကျယ်ပါတယ်"

"မပြောင်းတော့ပါဘူး"

နတ်မယ်က ချက်ချင်းငြင်းသည်။ ရှောင်ယန်၏သိစိတ်နယ်မြေတွင် နေရသည်က ပိုကောင်းသည်။ နေ့တိုင်း ပျော်စရာတစ်ခုခုတော့ မြင်ရသည်။ ရှေးဟောင်းခေတ်ကထက်ပင် ပိုစိတ်ဝင်စားစရာကောင်းသည်။

"နင်လည်း ဒီမှာနေပါလား"

သိစိတ်နယ်မြေက ကျယ်ပြန့်သည်။ ချင်ဟဲရှိနေလျှင် ပိုပျော်စရာကောင်းမည်။

ရိုးရိုးသားသားပြောရလျှင် ချင်ဟဲလည်း နေချင်သည်။ ရှေးဟောင်းခေတ်ကလို နတ်မယ်နှင့်အတူနေသည်က ကောင်းသည်။ သူ့သခင် လုယန်၏လှည့်ကွက်မမိအောင် ကာကွယ်ပေးနိုင်သည်။

သို့သော် စိတ်ပူစရာကိစ္စများရှိသည်။

"ကျွန်မခန္ဓာကိုယ်ကို ဘယ်လိုလုပ်မလဲ"

သူ့ခန္ဓာကိုယ်ကို သူမြင်နိုင်သည့်နေရာတွင် ထားသည်က ပိုစိတ်ချရသည်။

နတ်မယ်က သေချာတွေးထားပြီးဖြစ်သည်။

"ဒါကလွယ်ပါတယ်။ လုယန်ရဲ့ ချင်ဖုန်းဓားထဲမှာ ကမ္ဘာငယ်တစ်ခုရှိတယ်။ အဲဒီမှာခဏထားလိုက်ပေါ့"

"ဟုတ်ကဲ့ပါ"

ချင်ဟဲက ချက်ချင်းဝိညာဉ်ခွဲထုတ်၍ ခန္ဓာကိုယ်ကို ချင်ဖုန်းဓားကမ္ဘာငယ်တွင်ထားသည်။ ထို့နောက် လုယန်၏ သိစိတ်နယ်မြေသို့ ပြောင်းရွှေ့လာသည်။ လှုပ်ရှားမှုမြန်ဆန်သည့်လုယန်ပင် တားဆီးချိန်မရလိုက်။

"ကျွန်မတို့လည်း လာနေလို့ရလား"

အခွင့်အရေးကို လက်လွတ်မခံဘဲ အောင်းလင်းနှင့်ကျန်းလျန်ယိက မေးသည်။

နတ်မယ်က နားမလည်ဟန်ဖြင့် ပြန်ကြည့်သည်။

"နင်တို့က ချီလင်မသေမျိုးကို ရှာရဦးမှာမဟုတ်လား။ ငါနဲ့အတူနေလို့ အဆင့်ပြေပါ့မလား"

"ဪ ဟုတ်သားပဲ။ ကျွန်တို့ယောက်ျားကို ရှာရဦးမှာ"

အပျော်လွန်နေသဖြင့် အောင်းလင်းတို့က ချီလင်ကိစ္စကို မေ့နေကြသည်။

နတ်မယ်က အားလုံး ပဲဝါတော်ဝင်နန်းတော်ထဲတွင် လှည့်ပတ်လိုက်ပြသည်။ အုတ်ခဲအုတ်ကြွပ်တိုင်းကို သူတည်ဆောက်ထားခြင်းဖြစ်သည်။ မဟာရှားနန်း‌တော်ထက် များစွာပိုခမ်းနားသည်။

နန်းတော်ထဲ လည်ပတ်ပြီးနောက် ယွမ်မုန်မုန်က အကြံပြုသည်။

"ခေါင်းဆောင်၊ ကျွန်မတို့ မဟာပဲဝါနိုင်ငံမှာ အင်အားတစ်ယောက်တိုးလာပြီဆိုတော့ ယွမ်ကျိကို ထပ်စိန်ခေါ်ကြမလား"

သူလည်း ပဲဝါနိုင်ငံ၏ သစ္စာခံတစ်ယောက်ဖြစ်၍ နိုင်ငံ့အကျိုးကို ဆောင်ရွက်လိုသည်။

သူနှင့်ရှောင်ကျိက ညီအမများဖြစ်သော်လည်း ယခု ဆန့်ကျင်ဘက်အဖွဲ့နှစ်ခုတွင် ရှိနေသည်။ ထို့ကြောင့် အတိတ်က ရင်းနှီးမှုကို ဘေးဖယ်ထားရုံသာရှိသည်။

"ကျွန်မတို့ တိုက်..တိုက်ခိုက်ရမှာလား"

ကျင်းချိုင်ဝေ အင်္ကျီကိုတင်းတင်းဆုပ်ရင်း အားလုံး၏အမူအရာကို စိတ်ပူပန်စွာ မျက်လုံးဝေ့ကြည့်သည်။ ပြီးခဲ့တစ်ခေါက်တိုက်ပွဲတွင် ယွမ်ကျိကသူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ သူ့စိတ်ထဲ အရိပ်မည်းတစ်ခုလို စွဲထင်နေသည်။

လုယန် ဘေးမှနားထောင်ရင်း မျက်ခုံးလှုပ်လာသည်။

...ညီမမုန်မုန်၊ မပြောသင့်တဲ့ကိစ္စကို မင်းဘာလို့အစဖော်နေတာလဲ..

ယွမ်မုန်မုန်စကားကြောင့် နတ်မယ်မျက်လုံးများ အရောင်လက်လာသည်။ ထို့နောက် မှိန်ကျသွားပြန်သည်။ တည်ငြိမ်စွာ ခေါင်းခါသည်။ မဟာပဲဝါနိုင်ငံ အင်အားတိုးလာသော်လည်း ယခု စစ်ချီရမည့် အချိန်ကောင်းမဟုတ်သေး။

"အဟွတ် အဟွတ်။ ငါ့ကျင့်စဉ်အဆင့်အရဆို ယွမ်ကျိကို တိုက်ခိုက်နိုင်မှာပါ။ ဒါပေမယ့် လောလောဆယ် ငါဒဏ်ရာအပြင်းအထန်ရထားတယ်လေ။ တိုက်ပွဲအတွက် မကျင့်ကြံနိုင်သေးဘူး။ ရှောင်ယွမ်ကို ခဏလွှတ်ထားပေးလိုက်တာပေါ့"

လုယန်က အားမလိုအားမရဟန်ဖြင့် သူ့ပေါင်သူလက်ဖြင့်ရိုက်၍ သစ္စာရှိကြောင်းပြသည်။

"တကယ့်အခွင့်အရေးကြီးတစ်ခု ကျုပ်တို့ လက်လွတ်သွားတာပဲ။ ကျုပ်တို့မဟာပဲဝါနိုင်ငံ တိုးတက်ဖွံ့ဖြိုးလာပြီ။ နေရာစုံကိုစစ်ချီဖို့ အကောင်းဆုံးအချိန်ရောက်နေပြီ။

ကျုပ်ကျင့်စဉ်စွမ်းအားက အနိမ့်ဆုံးဖြစ်ပေမယ့် အရှင်မအတွက် စစ်မြေပြင်မှာ ရှေ့တော်ပြေးအဖြစ် မရပ်မနားတာဝန်ထမ်းဆောင်ချင်နေတာ။ တကယ်စိတ်မကောင်းစရာပဲ"

ထို့နောက် အပြုံအရယ်မရှိသည့် ယွမ်ကျိကို တစ်ချက်ခိုးကြည့်သည်။

မဟာပဲဝါနိုင်ငံတွင် သူနေထိုင်သော်လည်း သူ့စိတ်က အမယွမ်နှင့်သာအမြဲရှိကြောင်း အမယွမ်၏ဉာဏ်ရည်ဖြင့် သိနားလည်လိမ့်မည်ဟု သူယုံကြည်သည်။ သူ့ကို အပြစ်မတင်လောက်။

"ဟုတ်တယ်၊ တကယ်စိတ်မကောင်းစရာပဲ"

နောက်ဆုံးထွက်ခဲ့သည့်ခရီးက တကယ်ပျော်စရာကောင်းသည်ဟု ယွမ်မုန်မုန်တွေးနေသည်။

နောက်ထပ် ကြောက်စရာကောင်းသည့် အကြံဉာဏ်မျိုး ယွမ်မုန်မုန်ထပ်ပြောလာမည်စိုးသဖြင့် လုယန် နတ်မယ်ကို နန်းတော်ထဲသို့ အမြန်ဖေးမခေါ်သည်။

'အရှင်မရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး။ နန်းတော်မှာ အနားယူဖို့အချိန်တန်ပါပြီ။ ခဏနေရင် စစ်ဆေးအခြေအနေကို အကြီးအကဲယင်ထန်ဆီ ကျုပ်သတင်းသွားပို့ရမယ်"

အားလုံး သိစိတ်နယ်မြေမှထွက်၍ သက်ဆိုင်ရာနေရာသို့ ပြန်ကြသည်။

တာအိုလမ်းစဉ်းဂိုဏ်းတွင် နေမည့်လူများ ဆက်နေသည်။

အရှေ့ပင်လယ်သို့ ပြန်မည့်လူများ ဆက်နေသည်။

နတ်ဆိုးနယ်မြေသို့ ပြန်မည့်လူများ ဆက်နေသည်။

အောင်းလင်းတို့သုံးယောက် ဂိုဏ်းတွင် ခဏဆက်နေကြဦးမည်ကို လုယန်သိသည်။

ချင်ဟဲရောက်လာသဖြင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြလိမ့်ဦးမည်။

အမကျင်းဟုန်ထံမှ ရှေးဟောင်းလက်စွပ်နက်ထဲဝင်ရန် လသံလွင်နန်းတော်သို့ သူထွက်ခဲ့သည်။

ယင်လုန်အရှင်က ခါတိုင်းလိုပင် ကောင်းကင်၌ ဝဲပျံနေသည်။ နဂါးမျက်လုံးများဖြင့် လုယန်ကို စူးစိုက်ကြည့်သည်။

"မင်းတကယ်ရောက်လာတာပဲ။ ငါက ကျင်းဟုန်ကိုလွှတ်ပြီး နတ်ဆိုးနယ်မြေကကိစ္စအကြောင်း မေးမြန်းခိုင်းဖို့ စဉ်းစားနေတာ။

ဒါပေမယ့်..သူက လေဟာနယ်သန့်စင်အဆင့်ဆိုတော့ ကျင့်စဉ်အဆင့် မတည်ငြိမ်ဘူးလေ။ အပြင်ထွက်ရင် အန္တရာယ်များတယ်"

"အကိုယင်ထန်၊ မတွေ့ရတာကြာပြီနော်"

ချင်ဟဲက သိစိတ်နယ်မြေမှ ထွက်လာသည်။ လုယန်က ယင်ထန်မသေမျိုးကို တွေ့ထားပြီးဖြစ်မည်ဟု သူထင်မထား။

"ချင်ဟဲ"

ယင်ထန်မသေမျိုး အံ့အားသင့်သွားသည်။ လုယန်ရောက်လာသည့်အခါတိုင်း သူအံ့ဩရသည်။

နတ်ဆိုးနယ်မြေမှတိုက်ပွဲအကြောင်း လုယန်ပြန်ပြောပြပြီးနောက် ယင်ထန် အတော်ကြာအောင် အသံတိတ်သွားသည်။

ပဲပြာအရှင်က တကယ်တရားလွန်သည်။ ထိုကိစ္စက သူတို့အပြစ်လည်းမကင်း။

"အကြီးအကဲယင်ထန်၊ အခု ပဲပြာအရှင်မရှိတော့ဘူးဆိုတော့ အပြင်လောကကို လူလုံးထွက်ပြလို့ရပါပြီ"

လုယန်က အကြံပြုသည်။ ရှေးဟောင်းခေတ်ကစွမ်းအားမျိုး ယင်ထန် ပြန်ရထားသည်။ လက်စွပ်ထဲမှ မထွက်သေးသည်မှ ပဲပြာအရှင်အန္တရာယ်ကြောင့်ဖြစ်သည်။ ယခု ထိုအန္တရာယ်မရှိတော့။

ယင်ထန်က ခေါင်းခါသည်။

"အခု အချိန်မကျသေးဘူး"

လုယန် အံ့အားသင့်သွားသည်။ ယင်ထန်အရှင် မထင်မှတ်သည့်ပြဿနာတစ်ခုခု ကြုံခဲ့၍လားမသိ။

"ငါ့လိုအဆင့်အတန်းမျိုးရှိတဲ့ လူတစ်ယောက်အနေနဲ့ လောကထဲပြန်ထွက်ဖို့ဆို နာမည်ကောင်းရမယ့် အချိန်တစ်ခုကို ရွေးရမယ်လေ"

******************************

အခန်း (၁၁၁၃) ကောက်ကျစ်သည့်အတိုင်ပင်ခံ

လောလောဆယ် လူရှေ့သူရှေ့တွင် ယင်ထန်မလှုပ်ရှားလိုသေးသော်လည်း ပဲပြာအရှင်မရှိတော့သဖြင့် လက်စွပ်ကမ္ဘာငယ်မှ သူအချိန်မရွေးထွက်နိုင်သည်။

သူ့ကျင့်စဉ်အဆင့်အရ ဘယ်သူမှ သတိထားမိမည်မဟုတ်။

ထိုထက်အရေးကြီးသည်က ယခု လျှပ်စီးအရိယဖလစွမ်းအားနှင့် ကောင်းကင်ဆင်းရဲ သူလွတ်လပ်စွာထိန်းချုပ်နိုင်ပြီဖြစ်သည်။

ယင်ထန်နှင့်ချင်ဟဲတို့ နှစ်သုံးသိန်းကြာအောင် ခွဲခဲ့ရသဖြင့် တွေ့ကြုံခဲ့ရသည့်အခြေအနေများ ကိုယ်စီရှိကြသည်။

သို့သော် ထိုအတွေ့အကြုံများက ထုတ်ပြောဖို့အတွက် နည်းနည်းရှက်စရာကောင်းသည်။ ထို့ကြောင့် ယင်ထန် ချင်ဟဲကို ဘာမှပြောမပြ။

ရှေးဟောင်းခေတ်အတွင်း ချင်ဟဲက နတ်မယ်နောက်သို့ အမြဲလိုလိုလိုက်ခဲ့သည်။ မသေမျိုးများ၏ ရှက်စရာအဖြစ်များ မရေမတွက်နိုင်အောင် ကိုယ်တွေ့ကြုံဖူးပြီးဖြစ်သည်။ ယင်ထန်အနေဖြင့် သိက္ခာထိန်းနေစရာတော့မလို။

မီးနိုင်ငံ တည်ထောင်ချိန်တွင် သူသည် အားလုံးက‌လေးစားရသည့် စွမ်းအားရှင်ဖြစ်သည်။

မီးနိုင်ငံ၏ နှစ်တစ်သိန်းအတွင်း ချင်ဟဲသူ့အပေါ်မြင်သည့်အမြင်သည် ရှေးဟောင်းခေတ်မှတ်ဉာဏ်များ လွှမ်းမိုးနေမည်ဟု ယူဆသည်။

သို့သော် ယင်ထန်မသိသည့်အချက်မှာ လုယန်က လာရာလမ်းတွင် နှစ်သုံးသိန်းအတွင်း သူပြေးလိုက်ပုန်းလိုက်နေခဲ့ရသည့်ဇာတ်ကြောင်းကို ချင်ဟဲအား ပြောပြခဲ့ပြီးဖြစ်သည်။

ယင်ထန်ကိုတွေ့ချိန်တွင် ချင်ဟဲက ထိုအဖြစ်များကို မသိချင်ယောင်ဆောင်နေသည်။

ယင်ထန်မသေမျိုးကိုနှုတ်ဆက်ပြီးနောက် လုယန် ဗုဒ္ဓနိုင်ငံသို့ သွားသည်။

ယခုအချိန်တွင် သူအပျော်ဆုံးနေရာကိုပြပါဆိုလျှင် ‌ဗုဒ္ဓနိုင်ငံမှလွဲ၍ တစ်ခြားမရှိ။

ဗုဒ္ဓနိုင်ငံသို့ဝင်သည်နှင့် သူ့မသေမျိုးခန္ဓာကို ဆင့်ခေါ်သည်။ ထာဝရနတ်မယ်၏ မသေမျိုးဝိညာဉ်အာရုံဖြင့် ထိန်းချုပ်သည်။

"ဒီအခြေအနေက သက်တောင့်သက်သာအရှိဆုံးပဲ"

မသေမျိုးခန္ဓာရထားချိန်တွင် လောကကို အတွေးတစ်ချက်ဖြင့် ပြောင်းလဲပစ်နိုင်သလို လေနှင့်မိုးကို ဆင့်ခေါ်နိုင်သလို ဘက်စုံစွမ်းအားကြီးသလို သူခံစားရသည်။

"လောင်မုန်သာ ဗုဒ္ဓနိုင်ငံမှာရှိရင် ကောင်းမှာပဲ"

သူ့သူငယ်ချင်းကို သူတမ်းတမိသည်။ ယခု သူ့အပြည့်စုံဆုံးအခြေအနေဖြစ်သည်။ လောင်မုန်သာ ဤနေရာတွင်ရှိလျှင် တစ်ယောက်ချင်းရင်ဆိုင်လိုက်ချင်သည်။

"မဟာကတိသစ္စာပြုပြီး ယုံကြည်မှုစွမ်းအားနဲ့ မသေမျိုးခန္ဓာတည်ဆောက်တယ်။ ပြီးတော့ ထာဝရအရိယဖလသန္ဓေနဲ့ အားဖြည့်ထားတယ်ပေါ့"

ဗုဒ္ဓယုံကြည်မှုစွမ်းအား ကျင့်စဉ်များကို ချင်ဟဲအကျွမ်းကျင်ဆုံးဖြစ်သည်။ မီးနိုင်ငံ၏ ယုံကြည်မှုတာအိုကို သူဖန်တီးခဲ့သည်။

(**မသေမျိုးလေးယောက် တည်ထောင်ခဲ့သည်ဆိုသော်လည်း နတ်မယ်ကိုအသက်သွင်းရန် ယုံကြည်မှုစွမ်းအားကို အများဆုံးလေ့လာခဲ့သူက ချင်ဟဲဖြစ်သည်။ မီးနိုင်ငံတည်ထောင်ဖို့အကြံကလည်း သူ့အကြံဖြစ်သည်)

တစ်ချက်ကြည့်ရုံဖြင့် လုယန်၏မသေမျိုးခန္ဓာဇစ်မြစ်ကို သူနားလည်သည်။ လောလောဆယ် သူလည်း အအားမနေ။ ဝိညာဉ်သစ်သီးများကို ယုန်ငယ်များသဏ္ဌာန်လှီးဖြတ်၍ မသေမျိုးနတ်မယ်ပါးစပ်ထဲသို့ ခွံ့ကျွေးနေသည်။

"အင်း...အရသာရှိလိုက်တာ"

နတ်မယ်က ပါးစပ်ဟ၍ ယုန်ပုံသဏ္ဌာန်ဝိညာဉ်သစ်သီးကို ကိုက်စားသည်။ အရသာအလွန်ကောင်းသည်။ ချင်ဟဲက ပုံစံပြောင်းပေးထားသည့်တိုင် တကယ်ဝိညာဉ်သစ်သီးအစစ်နှင့် ခွဲခြားမရ။

သိစိတ်နယ်မြေတွင် ချင်ဟဲနေထိုင်သည်က တကယ်ကောင်းသည်ဟု နတ်မယ်ခံစားရသည်။ ရှောင်ယန်လည်း သူ့အပေါ်ကောင်းပါသည်။ သို့သော် ချင်ဟဲလောက်တော့ ဂရုမစိုက်တတ်။ အနည်းဆုံးတော့ ယခုလို အနီးကပ်မပြုစု။

ထိုမြင်ကွင်းကိုကြည့်၍ လုယန် ရင်နာနေသည်။ သမိုင်းရေးဝန်ကြီးတစ်ယောက်အနေဖြင့် အင်ပါယာကို ထိုပုံစံဖြင့် အလုပ်အကျွေးပြုသည်က ‌အောက်တန်းကျသည်။ ယခုလိုမာယာများသည့် ဝန်ကြီးမျိုးရှိနေလျှင် မဟာပဲဝါနိုင်ငံတော် မပျက်စီးဘဲနေမည်မဟုတ်။

သို့သော် ထိုအဖြစ်ကို အင်ပါယာအရှင်မက သာယာနေသည်။ သူအမှန်အတိုင်း တိုက်ရိုက်ပြောလိုက်လျှင် ဖြောင့်မတ်သည်ဝန်ကြီးတစ်ယောက်ကို သူမနာလိုဖြစ်သည်ဟု အင်ပါယာအရှင်က ထင်သွားနိုင်သည်။

အင်ယာအရှင်ကို အချိန်ယူ၍ ဖြေးဖြေးချင်းဖျောင်းဖျဖို့ နည်းလမ်းရှာရမည်။

နတ်မယ်ကို အကြံပေးသင့်မပေးသင့်စဉ်းစားရင်း အနောက်မိုးပျံဘုံကျောင်း မဟာဝိဟာရခန်းမသို လုယန် ရောက်လာသည်။

ဘုံကျောင်းကို အသစ်တည်ဆောက်ထားပြီးဖြစ်သည်။ အသွင်အပြင်က အရင်ပုံစံနှင့် လုံးဝကွာခြားသည်။ သို့သော် မဟာဝိဟာရခန်းမတော့ ပြောင်းလဲခြင်းမရှိ။

ယွမ်မုန်မုန်ကို လုယန်ပေးခဲ့သည့် ဘုံကျောင်းပုံသဲရုပ်ထုက ရှားပါးသည့် အမှတ်တရပစ္စည်းတစ်ခုသာဖြစ်လာသည်။

ဝိဟာရခန်းမထဲတွင် ရွှေဗုဒ္ဓရုပ်ထုက ကြာပလ္လင်ပေါ်တစောင်းလှဲရင်း သမ်းဝေနေသည်။

"မင်းရောက်လာပြီလားကောင်းလေး"

လုယန်ရောက်လာသည်ကို အချိန်မသေမျိုးမအံ့ဩပါ။

"ဟေး စွေ့ယွဲ့၊ ငါတို့လည်းပါတယ်"

"အချိန်မသေမျိုးကို ဂါရဝပြုပါတယ်"

"အကိုစွေ့ယွဲ့၊ မတွေ့ရတာကြာပြီနော်"

မီးနိုင်ငံခေတ်နှောင်းပိုင်းတွင် အချိန်မသေမျိုး လုပ်ကြံခံရသော်လည်း တကယ်သေမသွားသေးကြောင်း ချင်ဟဲသိသည်။

သူ့သက်ရှည်အရိပ်ဖလသန္ဓေအထက်တွင် အချိန်အရိယဖလနှင့် ထာဝရအရိယဖလရှိသည်။ အချိန်မသေမျိုး တကယ်သေသွားလျှင် အရိယဖလစွမ်းအားဖိနှိပ်မှု ပျောက်ဆုံးသွားသည်ကို သူအာရုံခံမိမည်။

အချိန်မသေမျိုး သေသွားလည်း သူမသေမျိုးဖြစ်မလာနိုင်သေး။

သူမသေမျိုးဖြစ်လာဖို့ အချိန်အရိယဖလ ထာဝရအရိယဖလနှစ်ခုလုံးကို အစားထိုးရမည်။ သို့ဆိုလျှင် နတ်မယ်လည်း ဘယ်တော့မှ ပြန်ရှင်သန်နိုင်တော့မည်မဟုတ်။

"ချင်ဟဲ၊ မတွေ့ရတာ နည်းနည်းကြာသွားပြီနောက်"

အချိန်မသေမျိုးက ခပ်ညှင်းညှင်းရယ်သည်။ သူသည် မီးနိုင်ငံခေတ်အဆုံးမှစ၍ အချိန်ဆုံမှတ်များကြား ခုန်ကူးခဲ့သည်။ သူ့အမြင်အရ ချင်ဟဲနှင့် မတွေ့ရသည်မှာ သိပ်မကြာသေး။

"ထိုင်ကြပါ"

အချိန်မသေမျိုး နောက်ထပ်ကြာပုလ္လင်သုံးလုံး ထုတ်လိုက်သည်။

"အသံတိတ်မသေမျိုးကိုသတ်ဖို့ နတ်မယ်က တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရပုံပဲ။ သူပြန်အားပြည့်လာဖို့ နှစ်နှစ်ရာသုံးရာတော့ ကြာမယ်ထင်တယ်"

နတ်မယ်အားနည်းနေသည့်ပုံစံကိုကြည့်၍ အချိန်မသေမျိုး သက်ပြင်းချသည်။

"အဟွတ် အဟွတ်"

နတ်မယ် ရုတ်တရက် ချောင်းအသည်းအသန် ဆိုးလာပြန်သည်။

"ဒါပေမယ့် ရှောင်ယန်ကို ကယ်နိုင်ခဲ့တဲ့အတွက် တန်ပါတယ်"

"နတ်မယ်..."

လုယန် ရင်ထဲအတော်ထိသွားသည်။ နတ်မယ်က သူ့ကိုထိုမျှအလေးထားမည်ဟု မထင်ခဲ့။

သူတို့လူစု ရှေးဟောင်းနှောင်းဖြစ်များ ခဏပြောဆိုပြီး အချိန်မသေမျိုးထံမှ ထွက်ခဲ့ကြသည်။

နတ်မယ်နှင့်ချင်ဟဲက အဓိကပြောသည်။ လုယန်က နားထောင်ရုံသာဖြစ်သည်။

သူတို့ထွက်သွားပြီးနောက် အချိန်မသေမျိုး၏မျက်လုံးများ အရောင်တောက်လာသည်။ နတ်မယ်နှင့် နောက်ဆုံးတွေ့ခဲ့သည့်အချိန်ကို သူပြန်သတိရလာသည်။

အရင်က နတ်မယ်နှင့် အသံတိတ်မသေမျိုး တိုက်ခိုက်မည့်အဖြစ်ကို သူကြိုမြင်ခဲ့သည်။ နတ်မယ် ရုပ်ခန္ဓာပြန်တည်ဆောက်ရမည်ကို ကြိုမြင်ခဲ့သည်။

ရုပ်ခန္ဓာတည်ဆောက်ပြီးလျှင် သိစိတ်နယ်မြေတွင် ဆက်နေစရာအကြောင်းမရှိ။ ထို့ကြောင့်လည်း ယွမ်ကျိနှင့် သူသွားတွေချိန်တွင် နတ်မယ်က အကူအညီလာတောင်းခဲ့သည်။

အခြေအနေတစ်ခုလုံးသိရပြီးနောက် နတ်မယ်ကို လက်ရှိအခြေအနေဖြစ်အောင် 'နှစ်နှစ်ရာသုံးရာကြာမယ်ထင်တယ်'ဟုပြော၍ ကူညီခဲ့ခြင်းဖြစ်သည်။

အနောက်မိုးပျံဘုံကျောင်းမှမထွက်မီ ရှင်းတင်းထံသို့ သွားလည်ဖို့လည်း လုယန်မမေ့။

"အကိုရှင်းတင်းက တံခါးပိတ်ကျင့်နေတုန်းလား"

"အကိုရှင်းတင်း တံခါးပိတ်ကျင့်စဉ်ဝင်တာနဲ့ မြေအဆင့်နံပတ်တစ်လည်း ချက်ချင်းကျင့်စဉ်ဝင်သွားတယ်လို့ပြောတယ်။ အကိုရှင်းတင်းထွက်လာတာနဲ့ 'နံပတ်တစ်'နေရာအတွက် စိန်ခေါ်တော့မယ်ထင်တယ်"

"တကယ် စွမ်းအားကြီးတာပဲ"

"အကိုရှင်းတင်းပုံစံက နေ့တိုင်း နူးနူးညံ့ညံ့ဆိုတော့ မြေအဆင့်နံပတ်နှစ်လို့ ဘယ်သူထင်မိမှာလဲ"

ကိုယ်တော်များပြောနေကြသည့် ရှင်းတင်းအကြောင်းကို ကြားပြီးနောက် လုယန်ပြုံးလိုက်သည်။ မိုးပျံဘုံကျောင်းတွင် ရှင်းတင်း အတော်အဆင်ပြေနေဟန်ရှိသည်။

ခြေတစ်လှမ်းတည်းဖြင့် ရှင်းတင်းကျင့်စဉ်ဝင်သည့်နေရာသို့ သူရောက်လာသည်။ ရှင်းတင်းက ကျင့်ကြံမှုပြီးဆုံး၍ ကောင်းကင်ရတနာနယ်မြေသခင်နှင့် သူလတ်တလောကြုံနေရသည့် ကျင့်စဉ်အခက်အခဲများကို ဆွေးနွေးနေသည်။

သူထွက်သွားပြီးနောက် ရှေးဟောင်းခေတ်ကောင်းကင်ရတနာတော်ဝင်မြေ၏ သူတော်သခင်က လုယန်ကိုကတိပေးထားသည့်အတိုင်း ရှင်းတင်း၏ သိစိတ်နယ်မြေသို့ဝင်၍ ကျင့်စဉ်လမ်းညွှန်ပေးနေဟန်ရှိသည်။

"ဟဲဟဲ ကောင်လေး၊ မင်းကျင့်စဉ်တိုးတက်နှုန်းက သိပ်မဆိုးဘူးပဲ"

ရွှေရောင်အလင်းများ လွှမ်းခြုံနေသည့် လူတစ်ယောက် ရှင်းတင်းရှေ့တွင် ပေါ်လာသည်။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရ။

"ကောင်းကင်အရှင်"

တို့ဟူးကောင်းကင်အရှင်ကို ရှင်းတင်း ထပ်တွေ့ခွင့်ရမည်ဟု မထင်ခဲ့။

"ဂါရဝပြုပါတယ် ကောင်းကင်အရှင်"

တော်ဝင်ရတနာသခင်ကလည်း ဂါရဝပြုသည်။ လုယန် မသေမျိုးအစစ်ဖြစ်ကြောင်း သူသိသည်။ သူ့လိုကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ထက် ပိုမြင့်သည်။

"ဒီလိုလောကဝတ်တွေ မလိုပါဘူး"

လုယန်က နူးညံ့သည့်လေသံဖြင့်ပြောသည်။

"ငါက ယင်ထန်နဲ့စွေ့ယွဲ့ဆီကို သွားလည်တာ။ လမ်းကြုံလို့ မင်းကျင့်ကြံတာ ဘယ်လိုအခြေအနေရှိလဲ လာကြည့်တာပါ။ မင်းကျင့်စဉ်တိုးတက်နှုန်းက မဆိုးပါဘူး"

တိုးဟူးအရှင်၏ ချီးကျူးစကားကြောင့် ရှင်းတင်းစိတ်သက်သာရာရသွားသည်။ သူကြိုးစားရကျိုနပ်သည်။

သို့သော် ကောင်းကင်ရတနာသူတော်သခင်က အံ့အားသင့်နေသည်။ ယင်ထန်နှင့်အချိန်မသေမျိုးဆီ သွားလည်သည်ဆိုသည့်စကားကြောင့်ဖြစ်သည်။ ဤတို့ဟူးကောင်းကင်အရှင်သည် ရှေးဟောင်းခေတ်မှစွမ်းအားရှင်သာဖြစ်ရမည်။

ဆက်မတွေးသည်က ပိုကောင်းသည်။ ကောင်းကင်အရှင်၏ သရုပ်မှန်ကို သူဆက်မခန့်မှန်းရဲတော့။

သိစိတ်နယ်မြေမှချင်ဟဲက လုယန်ကို မျက်လုံးစွေ၍ကြည့်သည်။

...ဒီလိုနည်းလမ်းမျိုးတွေ ယင်ထန်မသေမျိုးဆီက သူသင်ထားတာများလား..

"သခင်၊ ဒါက ဘာတွေလဲ..."

"ဟား..အဲဒါ သူ့ပင်ကိုယ်ပါရမီပဲလေ။ ရှောင်ယန်က တော်တယ်မဟုတ်လား"

****************************

All Chapters