← Chapters

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း (၁၁၁၄-၁၁၁၆)

Vol. 75 Ch. 1114-1116

အခန်း(၁၁၁၄) မုန်ကျင်းကျိုးဒုက္ခရောက်သည့်နေ့

ရှင်းတင်းကို ဇွဲကောင်းကောင်းကျင့်ကြံဖို့နှင့် ကောင်းကင်ရတနာသခင်ကို ဆရာတာဝန် အပြည့်အဝထမ်းဆောင်ဖို့ ညွှန်ကြားပြီးနောက် လုယန် နေရာမှပျောက်ကွယ်သွားသည်။

ရှင်းတင်းနှင့် ကောင်းကင်ရတနာသခင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အူကြောင်ကြောင်ဖြစ်ကျန်ခဲ့သည်။

မသေမျိုးတစ်ယောက်၏စွမ်းအားက အမှန်တကယ်ပင် ခန့်မှန်းတိုင်းတာ၍မရ။

လုယန် အနောက်ကောင်းကင်မြို့တော်မှ ထွက်ခွာရန်ပြင်နေစဉ် မြို့ထဲမှ ရင်းနှီးနေသည့်စွမ်းအင်ရောင်ကို ရုတ်တရက် အာရုံခံမိသည်။ သူ့မျက်နှာ ပြုံးရောင်သန်းလာသည်။

"နေပါဦး။ မင်းက အကောင်းဆုံးဟော့ပေါ့ဆန်ပြုတ်ကိုမှာတယ်။ ပြီးတော့တစ်ဇွန်းပဲစားပြီး ထပ်မစားတော့ဘူးပေါ့"

ဆိုင်ရှင်က မျက်မှောင်ကျုံ့၍ ထွက်သွား‌တော့မည့် ဖောက်သည်တစ်ယောက်ရှေ့တွင် လမ်းပိတ်ရပ်သည်။ မျက်နှာအတော်တင်းနေသည်။

ဖောက်သည် မကျေမနပ်ဖြစ်သွားသည်။

"မင်းတို့အစားအသောက် အရသာမရှိလို့ ငါမစားတာ ငါ့ကိုလာအပြစ်တင်နေတာလား"

"အရသာမရှိဘူးဆိုတာ ဘာစကားလဲကွ။ မင်းက ငါတို့ဆိုင်ကို နာမည်ဖျက်ချင်လို့ တမင်အကြောင်းပြနေတာပါ"

ဆိုင်ရှင် ဒေါသတကြီးပြန်ပြောသည်။

"ဘာရယ်၊ ငါချက်တဲ့ဆန်ပြုတ်ကို မကြိုက်ဘူးတဲ့လား"

လူသန်တစ်ယောက် မီးဖိုခန်းထဲမှ ထွက်လာသည်။ လက်မောင်းအမွှေးအမျှင်များက ဆံပင်လောက်ထူထဲသည်။ လက်ချောင်းများထိပင် ပေါက်နေသည်။

ဆိုင်ရှင်က ထိုလူကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် မိတ်ဆက်ပေးသည်။

"ငါတို့စားဖိုမှူးက ဝိညာဉ်စားဖိုမှူးပြိုင်ပွဲဝင်ခဲ့တာကွ။ သူ့ဟင်းချက်စွမ်းရည်ကိုတော့ ငါထပ်ပြောဖို့မလိုဘူးမဟုတ်လား"

လူသုံးယောက်ကြားမှ ပြဿနာကို ဘေးပတ်လည်မှ စားသောက်နေသူများ ချက်ချင်းအာရုံစိုက်လာသည်။ အမှန်တော့ သူတို့လည်း ဤဆိုင်၏ ဆန်ပြုတ်ဟော့ပေါ့က ခပ်ညံ့ညံ့ဟုသာ ထင်ကြသည်။

သို့သော် စားဖိုမှူး၏ ဂုဏ်သတင်းကြောင့် စားမကောင်းဟုပြောလျှင်လည်း သူတို့အရသာမခံတတ်သလိုသာ ဖြစ်နေမည်။

ဖောက်သည်က ဒေါသထွက်လွန်းသဖြင့် အံကိုတင်းတင်းကြိတ်သည်။ သိက္ခာထိန်းနေ၍သာမဟုတ်လျှင် အစောကြီးကထဲ သူရုပ်ဖျက်ထားသည်ကို ဖယ်ရှားလိုက်ပြီးဖြစ်မည်။

"ဘာတွေဖြစ်နေတာလဲ။ စားမကောင်းတာကို မကောင်းဘူးလို့ ပြောလို့မရဘူးလား"

အောင်မြင်ခံ့ညားသည့်စကားသံတစ်ခု ဆိုင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

အရပ်မြင့်မြင့်လူတစ်ယောက် ဆိုင်ထဲသို့ဝင်လာသည်။ ဆန်ပြုတ်ဟော့ပေါ့ကို မြည်းကြည့်သည်။ တကယ်စားမကောင်းဟု သူအတည်ပြုလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် သူစားခဲ့သည့်ဆန်ပြုတ်ထက်ပင် ပိုဆိုးဝါးသည်။

"သူကလုယန်ပဲ"

အသစ်ရောက်လာသူ၏ မျက်နှာကိုမြင်ပြီးနောက် စား‌သောက်နေသူများ တအံ့တဩရေရွတ်ကြသည်။

ဆိုင်ရှင်က ခေါင်းမာနေဆဲဖြစ်သည်။ အေးစက်စက်နှာခေါင်းရှုံ့၍

"လုယန်ဆိုတော့ရော ဘာဖြစ်လဲ။ ငါသိသလောက် တာအိုလမ်းစဉ်ဂိုဏ်းက ဝိညာဉ်စားဖိုမှူးပြိုင်ပွဲဝင်ဖို့တောင် အရည်အချင်းမမီပါဘူး။ ငါတို့ဆန်ပြုတ်ကို ဝေဖန်ရအောင် သူမှာဘာအခွင့်အာဏာရှိလို့လဲ"

ဆိုင်ရှင် သတိမထားမိ။ သူ့စားဖိုမှူးက လုယန်ကိုမြင်ပြီးနောက် တစ်ကိုယ်လုံးတုန်ရင်နေသည်။ လုယန်မျက်နှာကို တည့်တည့်မကြည့်ရဲ။

"အရည်အချင်းမမီဘူးတဲ့လား"

မထင်မှတ်ဘဲ လုယန်၏အင်္ကျီလက် နည်းနည်းဟ,သွားသည်။ ရွှေရောင်ကြယ်ငါးလုံးပါသည့် လက်ပတ်တစ်ခု ပေါ်လာသည်။

"အဲဒါ ကြယ်ငါးပွင့်ဝိညာဉ်စားဖိုမှူးရဲ့ အမှတ်အသားပဲ"

"မဟုတ်သေးပါဘူး။ ကြယ်ငါးပွင့်စားဖိုမှူးတံဆိပ်ကို ငါမြင်ဖူးပါတယ်။ ကြယ်ပွင့်တွေက ဒီအရောင်မဟုတ်ဘူး"

"ဘာမှမသိတဲ့ သောက်ရူး။ ရွှေရောင်ကြယ်ပွင့်ဆိုတာ အတော်ဆုံးဝိညာဉ်စားဖိုမှူးကိုပဲ ချီးမြှင့်တာကွ"

အတွေ့အကြုံရင့်သည့် စားသောက်သူတစ်ယောက်က အော်ငေါက်လိုက်သည်။

"ဘယ်လို"

လုယန် ဆိုင်ရှင်ဆီ တစ်လှမ်းချင်းလျှောက်လာသည်။ ဘာစွမ်းအင်ရောင်မှ ထုတ်လွှတ်မထားသော်လည်း ဆိုင်ရှင်မျက်လုံးတွင် လုယန်က မဟာသားရဲတစ်ကောင်လို ဖြစ်နေသည်။ ပြင်းထန်သည့် စိတ်ဖိအားကို ခံစားနေရသည်။

"ကျုပ်အခု အရည်အချင်းမီပြီလား"

ဆိုင်ရှင် ကျောက်ရုပ်လို ခေါင်းငြိမ့်သည်။

လုယန်က တုန်ရင်နေသည့်စားဖိုမှူးကို လှည့်ကြည့်သည်။

"ဝိညာဉ်စားဖိုမှူးပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်လို့ မင်းပြောတယ်နော်။ ဘယ်အဖွဲ့မှာ ပြိုင်ခဲ့တာလဲ။ ငါမင်းကို မမြင်ဖူးပါဘူး"

"ကျုပ် ကျုပ်က ပွဲကြည့်ပရိတ်သတ်ပါ"

ပွဲအစအဆုံး သူကြည့်ခဲ့သည်။ လုယန်အကြောင်း သူသိသည်။ မသေမျိုးစားဖိုးမှူးအမွေခံ။ ကြယ်ငါးဖွင့်အဖွဲ့ခေါင်းဆောင်။ လုယန်ကို သူမလိမ်ရဲ။

လုယန် ခေါင်းငြိမ့်သည်။ မူမမှန်ကြောင်းသူသိသည်။ ဝိညာဉ်စားဖိုမှူးမဟာမိတ်တွင် ဗုဒ္ဓနိုင်ငံမှာ စားဖိုမှူး တစ်ယောက်မှမရှိ။

ထို့နောက်လုယန်က ဒေါသထွက်နေသည့်ဖောက်သည်ကို လှမ်းခေါ်သည်။

"လောင်မုန်၊ သွားကြစို့"

အားလုံး၏မြင်ကွင်းမှ သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်။

ဂိုဏ်းသို့ပြန်သည့်လမ်းတွင် ကျယ်ပြန့်သည့် သဲကန္တာရကို သူတို့ဖြတ်ကြရသည်။ မုန်ကျင်းကျိုးက လုယန်ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။

"မင်းဘယ်တုန်းက ကြယ်ငါးပွင့်စားဖိုမှူးဖြစ်သွားတာလဲ။ ပြီးတော့ အတော်ဆုံးခေါင်းဆောင်တဲ့လား"

သူတို့နှစ်ယောက် သိခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ ထိုသကောင့်သားက သိုးသားကင်တတ်သည်မှလွဲ၍ တစ်ခြားဘာထူးခြားမည်နည်း။

"စားဖိုမှူးပြိုင်ပွဲတုန်းက နည်းနည်းလေး အစွမ်းပြလိုက်ရုံပါကွာ။ မထင်မှတ်ဘဲ ငါနိုင်သွားတယ်လေ"

လုယန် ပုံမှန်လေသံဖြင့်ပြောသည်။

ဝိညာဉ်စားဖိုမှူးမဟာမိတ်တွင် လျှို့ဝှက်ချက်များရှိနေမည်ဟု မုန်ကျင်းကျိုး ယူဆသည်။

မုန်ကျင်းကျိုးက ယခုထိ ရုပ်ဖျက်ထားဆဲဖြစ်သည်။ လုယန်နားမလည်နိုင်အောင်ဖြစ်နေသည်။ လက်ညှိုးထိုး၍ ဖျက်ထားသည့်ရုပ်ကို ဖယ်ရှားလိုက်သည်။ မုန်ကျင်းကျိုးက ခေါင်းတုံးပြောင်ဖြစ်နေသည်။ ခေါင်းပေါ်တွင် ဆေးစက်ခြောက်စက်ရှိသည်။

လုယန် ချက်ချင်းခွက်ထိုးခွက်လန် အော်ရယ်သည်။

"ဟားဟားဟား၊ မင်းဘယ်လိုလုပ်ပြီး ကတုံးဖြစ်သွားတာလဲ။ တကယ့်ဗုဒ္ဓကိုယ်တော်အစစ်ဖြစ်လာပြီပေါ့"

မုန်ကျင်းကျိုး၏ခေါင်းကိုပွတ်ရန် လက်လှမ်းလိုက်သည်။ မုန်ကျင်းကျိုးက သူ့လက်ကိုရိုက်ဖယ်သည်။

"သွားစမ်းကွာ သွားစမ်း။ ငါဂိုဏ်းတာဝန်တစ်ခု လက်ခံထားလို့ကွ။ လူတစ်ယောက်ရဲ့သမီးက ဗုဒ္ဓနိုင်ငံမှာ ပျောက်သွားတယ်။ သဲလွန်စတွေအတိုင်း ဒီမှာလိုက်ရှာတယ်။ ဘုံကျောင်းတစ်ခုကို ရုပ်ဖျက်ပြီးဝင်ရတယ်။ ခေါင်းတုံးမရိတ်ဘဲ ဘယ်တင်လို့ရမှာလဲ"

"ပျောက်တဲ့လူကို တွေ့ပြီလား"

"တွေ့ပြီ။ သူကပျောက်သွားတာမဟုတ်ဘူး. နတ်ဆိုးမျိုးနွယ်တစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတာ။ ခြေရာခံပြီးလိုက်လာတာ အနောက်ကောင်းကင်မြို့တော်ကို ရောက်လာမှ သူတို့ကိုတွေ့တယ်။

သူတို့ကို ငါနဲ့အတူ မဟာရှားကိုလိုက်ခဲ့ပြီး တရားဝင်လက်ထပ်ရင် ဘာအန္တရာယ်မှမရှိဘူးလို့ပြောတယ်။ ဒါပေမယ့် သူတို့က ငါ့စကားကိုနားမထောင်ဘူး။ သူတို့အချစ်က လွတ်လပ်ပါတယ်တဲ့။

ငါရှင်းပြရမှာ ပျင်းတာနဲ့ ကောင်မလေးကို ဆွဲခေါ်တယ်။ နတ်ဆိုးကောင်လေးက ကျင့်စဉ်အဆင့်နည်းနနည်းရှိတယ်။ ဒေါသထွက်လို့ သူ့မျက်လုံးတွေနီလာပြီး ငါ့ကိုလာစမ်းတယ်။

သူ့ကျင့်စဉ်အဆင့်လောက်နဲ့ ငါ့ကိုနိုင်မှာတဲ့လား။ ငါရိုက်လိုက်တာ အဲဒီ့ကောင်လွင့်ထွက်သွားတယ်။ ကောင်မလေးကို သူ့အဖေဆီပြန်ပို့ပြီးလို့ ဟိုဆိုင်မှာ ဆန်ပြုတ်ဝင်စားကြည့်ရင်း မင်းနဲ့တွေ့တာပဲ"

လုယန် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ 'မသေမျိုးပညာ'ဖြင့် မုန်ကျင်းကျိုးကို ဆံပင်ပြန်ပေါက်အောင်လုပ်ပေးလိုက်သည်။ သိပ်မကြာမီ မုန်ကျင်းကျိုးခေါင်းတွင် ထူထဲသည့်ဆံပင်များ ပြန်ပေါက်လာသည်။

မုန်ကျင်းကျိုးက သူ့ဆံကိုကိုပျော်ရွှင်စွာသပ်ရင်း

"မင်းကျင့်စဉ်အဆင့်က တကယ်တိုးတက်လာပြီပဲ။ ငါ့ကိုထိစရာမလိုဘဲတောင် မသေမျိုးပညာကို သုံးနိုင်တယ်"

"အင်း..အခုရက်ပိုင်း ငါနည်းနည်းတိုးတက်လာတယ်။ သိပ်များများမဟုတ်ပေမယ့် မင်းထက်တော့သာပါတယ်"

"ဟား..."

မုန်ကျင်းကျိုးမျက်လုံးတွင် ပြင်းထန်သည့်တိုက်ပွဲစိတ်ဓာတ်များ တောက်ပလာသည်။

"စားဖိုမှူးဖြစ်သွားလို့ မာန်တက်နေတယ်ပေ့ါ"

လုယန်က အပြုံးမပျက်။

"ငါ့လက်တစ်ဘက်ပဲသုံးပြီး မင်းကိုတိုက်ခိုက်မယ်လေ"

"ဘာမှအကြောပေးစရာမလိုဘူး။ မင်းစွမ်းအား အကုန်ထုတ်သုံးလိုက်စမ်းပါ"

မုန်ကျင်းကျိုး အော်ဟစ်လိုက်သည်။ အဓိပဓိသန့်စင်ယန်ဓမ္မခန္ဓာကို အသက်သွင်းသည်။ ပေတစ်ရာမြင့်သည့် ဓမ္မပုံရိပ်က လှံနှင့်ဒိုင်းကိုင်၍ ခံ့ညားစွာပေါ်လာသည်။

လုယန်က ကောင်းကင်မျိုမြေစားပညာဖြင့် ပေပေါင်းသောင်းချီမြင့်သည့် လူ့ဘီလူးအဖြစ် အသွင်ပြောင်းလိုက်သည်။ မုန်ကျင်းကျိုး၏ဓမ္မခန္ဓာထက် အဆပေါင်းများစွာ ပိုကြီးမားသည်။

လုယန်ထုတ်ကြွားခဲ့သည့်ကိစ္စကို မုန်ကျင်းကျိုး ပြန်သတိရလာသည်။

"လောင်လု၊ အရှက်မရှိတဲ့ကောင်။ ဗုဒ္ဓနိုင်ငံမှာ မင်းတကယ်မသေမျိုးဖြစ်ခဲ့တာပဲ"

လုယန်၏ ကျယ်လောင်လေးတွဲ့သည့် စကားသံက မုန်ကျင်းကျိုး ဦးခေါင်းထက်မှ ပေါ်လာသည်။

"မနိုင်ဘူးဆိုရင်လည်း ဝန်ခံလိုက်လေ။ ဆင်ခြေမပေးနဲ့"

ထို့နောက် လုယန် ခြေတစ်ဘက်ဖြင့် နင်းလိုက်သည်။ မုန်ကျင်းကျိုး မူလအသွင်ဖြစ်အောင် ပြန်ဖိနှိပ်ခံရပြီး သဲပြင်ထဲမြုပ်သွားသည်။

သဲထဲမှထွက်လာပြီးနောက် ဒေါသထွက်နေသဖြင့် လုယန်ကို အော်ဆဲသည်။

"လုယန်၊ ခွေးမ..."

ထိုစဉ် မိုးပြာရောင်ဝတ်စုံနှင့် မိန်းမလှတစ်ယောက် လုယန်ကိုယ်ထဲမှထွက်လာပြီး မုန်ကျင်းကျိုးကိုတားသည်။

"ညစ်ညမ်းတဲ့စကားတွေမပြောနဲ့"

သိစိတ်နယ်မြေမှလူကြီးများ စောင့်ကြည့်နေသည်။ လုယန်ကိုဆဲချင်လျှင်ပင် လူကြီးများရှေ့တွင် မဆဲသင့်။ သူတို့နားမခံသာ။

ထိုသို့ပြောပြီးနောက် ချင်ဟဲ သိစိတ်နယ်မြေသို့ ပြန်ဝင်သွားသည်။ မုန်ကျင်းကျိုး မင်သက်မိနေသည်။

"မင်းသိစိတ်နယ်မြေက လူပြောင်းသွားတာလား"

လုယန် သက်ပြင်းချသည်။

"မဟုတ်ဘူး။ တစ်ယောက်ထပ်တိုးလာတာ"

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။ ထိုခွေးသူတောင်းစား၏ သိစိတ်နယ်မြေက ဘယ်လောက်ကောင်းသည်မသိ။ နေထိုင်သူအသစ်တိုးလာသည်။ တိုးလာသည့်လူကလည်း မိန်းမလှတစ်ယောက်ဖြစ်နေသည်။

သူတို့နှစ်ယောက် ဗုဒ္ဓနိုင်ငံမှထွက်၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်လာသည်။ ဂိုဏ်းထဲသို့ဝင်လာချိန်တွင် လုယန်ကို ယွမ်မုန်မုန် အောင်းလင်း ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေတို့က စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။

မုန်ကျင်းကျိုး "..."

**********************************

အခန်း (၁၁၁၅) ထူးဆန်းခြင်း

"ဒုခေါင်းဆောင်၊ ငါနောက်ထပ် အရသာရှိတဲ့ အစားအသောက်တစ်ခုတွေ့ထားတယ်။ မြည်းကြည့်ပါဦး"

ယွမ်မုန်မုန် ဝါးခြင်းတစ်ခုသယ်လာသည်။ အဝတ်စတစ်ခုဖြင့်အုပ်ထားသည်ံ အထဲမှပစ္စည်းကို မမြင်ရ။

"အကိုလုယန်၊ နင်က မသေမျိုးအမနဲ့ အမြဲတမ်းပြောဆိုဆက်ဆံနေရတော့ မေးဦးမယ်။ မသေမျိုးအမက ငါ့အကြောင်းကိုပိုပြောလား။ လျန်ယိအကြောင်းကို ပိုပြောလား"

အောင်းလင်းက လုယန်၏ညာဘက်တွင်ရပ်၍ နူညံ့သော်လည်း ခိုင်မာသည့်လေသံဖြင့် မေးသည်။

"မသေမျိုးအက ငါနဲ့အရမ်းရင်းနှီးတော့ ငါ့အကြောင်းပဲပိုပြောမှာပေါ့"

ကျန်းလျန်ယိက လုယန်၏ညာဘက်ွင်ရပ်၍ အောင်းလင်းကို စိုက်ကြည့်သည်။

"ဂိုဏ်းသခင်လေး၊ မှတ်တမ်းမှော်ဖန်လုံးကို ဒီထက်ပိုကောင်းအောင်လုပ်လို့ရနိုင်လား"

ကျင်းချိုင်ဝေက ‌မှော်ဖန်လုံးကိုကိုင်၍ လုယန်ရှေ့တွင် ကြိုးစား၍ဝှေ့ယမ်းပြသည်။

မိန်းမလှလေးယောက် လုယန်ကိုဝိုင်းနေကြသည်။ လူတိုင်းက တောင်းဆိုချက်ကိုယ်စီဖြင့် လုယန်ကို အပူကပ်ကြသည်။

မုန်ကျင်းကျိုးက လက်ကိုမြှောက်လိုက်သည်။ တစ်ကိုယ်တော်ကျိန်စာလက်သီးကို သုံးဖို့ပြင်သည်။ သို့သော် သူရပ်လိုက်သည်။ ဘယ်သူ့ကို ထိုးရမှန်းမသိ။ ထိုလူများထဲတွင် ဘယ်တစ်ယောက်ကိုမှ သူမနိုင်။

မေ့ပျောက်ဆေးတစ်လုံးသောက်လိုက်သည်။ လှုပ်ရှားနေသည့်သူ့စိတ်များ ချက်ချင်းပြန်တည်ငြိမ်သွားသည်။ ထို့နောက် လုယန်ကို မိန်းမလှလေးယောက် ဝိုင်းနေသည်ကို ပြန်မြင်ရသည်။ မနာလိုဝန်တိုစိတ်များ ထကြွလာပြန်သည်။

နောက်တစ်လုံးသောက်သည်။ နောက်တစ်ကြိမ် မနာလိုစိတ်များ ပြန်ပေါ်လာသည်။

မုန်ကျင်းကျိုး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူစိတ်မတည်မငြိမ်ဖြစ်ရမည့်မြင်ကွင်းကို မကြည့်တော့ဘဲ မစ်ရှစ်ခန်းမဆီ ပြတ်သားစွာခြေဦးလှည့်လိုက်သည်။

ထူးခြားသည့် သူ့အပြုအမူကို လုယန်သတိထားမသိဖြင့် လှမ်းအော်သည်။

"ဟေး လောင်မုန်၊ မင်းဘာလို့ ထွက်သွားတာလဲ။ ဗုဒ္ဓနိုင်ငံက မင်းအတွေ့အကြုံတွေ ငါ့ကိုပြောလို့မပြီးသေးဘူးလေ"

"မပြောတော့ဘူးကွာ။ မင်းအတွေ့အကြုံတွေက ငါ့ထက်အများကြီး ပိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်"

လုယန် တွေးရခက်သွားသည်။ ဘာကြောင့်‌လောင်မုန် ရုတ်တရက် စိတ်ဆိုးသွားသည်မသိ။ မသေမျိုးခန္ဓာသုံး၍ လမ်းညွှန်ချက်ပေးလိုက်သည်မှာ သူလွန်သလော...

ထိုသို့မဟုတ်လောက်။ ခြေတစ်ချက်သာ ပညာပေးခဲ့သည်။ လောင်မုန်သည် ထိုမျှအားနည်းသူမဟုတ်။

"ဒုခေါင်းဆောင်၊ မြည်းကြည့်ပါ၊ မြည်းကြည့်ပါ"

"စားပါ့မယ် စားပါ့မယ် ညီမမုန်မုန်၊ ငါ့မျက်နှာကို အစားအသောက်တွေနဲ့ မထိုးပါနဲ့"

လုယန် စိတ်ပျက်လက်ပျက် တစ်ကိုက်စားလိုက်သည်။ ဘာမှန်းတော့မသိ။ သို့သော် အရသာက အတော်ကောင်းသည်။

သူ့အိမ်လုပ်လက်ရာကို လုယန်ချီးကျူးသဖြင့် ယွမ်မုန်မုန် ပို၍ပျော်လာသည်။

"နောက်တစ်ခုထပ်စားဦး။ ဒါက အရသာနောက်တစ်မျိုး"

မိန်းမလှလေးယောက်ဝန်းရံလျက် ဂိုဏ်းဂိတ်တံခါးမှ ကောင်းကင်ဂိတ်တောင်ထိသို့ လုယန်ပြန်ရောက်လာသည်။

လုယန်ဘေးနှစ်ဘက်တွင် နဂါးနှင့်ဖီးနစ်ဘိုးဘေးရှိနေသည်။ လမ်းတွင်ဘာဖြစ်ခဲ့သည်တော့မသိ။ ထိုနှစ်ယောက်ကြားမှပြဿနာက ပိုတင်းမာလာသလိုရှိသည်။

ဘိုးဘေးနှစ်ယောက်လုံးက လုယန်ကို စိတ်အားထက်သန်စွာကြည့်နေသည်။ သူ့အဖြေကို ကြားချင်နေကြသည်။

လုယန်က အခက်တွေ့သည့်အမူအရာဖြင့်

"အကြီးအကဲအောင်းလင်းနဲ့ အကြီးအကဲလျန်ယိ၊ ဒီမေးခွန်းက ဖြေရခက်တယ်။ အရှင်မက ခင်ဗျားတို့အကြောင်း နေ့တိုင်းပြောနေတာလေ။ အကြိမ်ဘယ်လောက်ဆိုတာ ကျုပ်ဘယ်ရေတွက်နိုင်မလဲ။ ခင်ဗျားတို့ကို ကျုပ်ဘယ်လိုအဆင့်ခွဲပေးနိုင်မှာလဲ"

လုယန်စကားကြောင့် ဘိုးဘေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်ကြသည်။ တင်းမာနေသည့်လေထု သိပ်မလျော့ပါးသေး။ သို့သော် စိတ်ထဲတွင် ကျိတ်ကျေနပ်နေသည်။

ရှင်းလင်းသည့်အဖြေမပေးနိုင်သဖြင့် လုယန်အားနာသည်။ ထို့ကြောင့် ချက်ချင်းနည်းလမ်းတစ်ခုပေးသည်။

"ခင်ဗျားတို့ တကယ်အဖြေသိချင်တယ်ဆိုရင် လွယ်ပါတယ်။ အကြီးအကဲချင်ဟဲက သမိုင်းရေးဆရာလေ။ နောက်ကို သူအကြိမ်ရေကူမှတ်ပေးထားနိုင်လောက်ပါတယ်"

သိစိတ်နယ်မြေတွင် နတ်မယ်ကိုအစာကျွေးနေသည့်ချင်ဟဲ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ဘာကြောင့် ပြဿနာက သူ့ဆီရောက်လာသည်မသိ။

ထာဝရနတ်မယ်ကို စောင်ပါးတစ်ထည်ခြုံပေး၍

"သခင်၊ ကျွန်မအပြင်ခဏထွက်ဦးမယ်"

နတ်မယ် ကုတင်ပေါ်တွင်လှဲနေသည်။ အတော်အားနည်းနေပုံရှိသည်။ 'အင်း'ဟု မပီမသ တစ်ခွန်းသာပြောသည်။ အပြင်ဘက်တွင် ပွဲအတော်စည်နေသဖြင့် သူပျော်နေသည်။

ချင်ဟဲ သိစိတ်နယ်မြေမှ ပျံထွက်လာသည်။ လုယန်ကိုစိုက်ကြည့်သည်။ ထိုကိစ္စကို တမင်လုပ်သည်ဟု ယူဆသည်။

"ညီမချင်ဟဲ၊ အခုချိန်ကစလို့ စာရင်းကူမှတ်ပေးဖို့ ညီမကိုပဲ အားကိုးပါတယ်"

"အမတို့ပေးတဲ့တာဝန်က တကယ်ကျွန်မလုပ်သင့်တဲ့အလုပ်ပါ။ အရှင်မရဲ့ စကားတိုင်းလုပ်ရပ်တိုင်းက နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေပါတယ်။

အမတို့နှစ်ယောက်ရဲ့ ပြဿနာအတွက် အဖြေမရနိုင်လောက်ဘူး"

"ဘာလို့လဲ"

ချင်ဟဲက အတော်အခက်တွေ့နေသည့် အမူအရာဖြင့်

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သမိုင်းရေးဝန်ကြီးတာဝန်ထမ်းရင်း အရှင်မကိုဂရုစိုက်ပေးခဲ့တယ်။ ရှေးဟောင်းခေတ်နဲ့ ကွာခြားတာတစ်ချို့ သတိထားမိတယ်။

အရင်ကဆို အရှင်မက အမတို့နှစ်ယောက်အကြောင်း မကြာခဏပြောတယ်။ ဒါပေမယ့်အခု သူအများဆုံးပြောတာက လုယန်အကြောင်းပဲ"

လုယန်က ချင်ဟဲ၏စကားလမ်းကြောင်းကို သိမ်မွေ့စွာ လက်လွှဲယူသည်။

"အကြီးအကဲချင်ဟဲပြောတာ မှန်ပါတယ်။ အရှင်မကကျုပ်ကို ခဏခဏပြောတယ်။ မဟာပဲဝါနိုင်ငံဟာ ပါရမီရှင်တွေနဲ့ ပြည့်နေတယ်။

အတွင်းရေးပြဿနာတွေကို စွန့်လွှတ်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အဲလိုဆို ဒီလောကမှာ ကျုပ်တို့မကျော်လွှားနိုင်တာ ဘာမှမရှိဘူးတဲ့"

လုယန် ချင်ဟဲကို စိုက်ကြည့်သည်။ အရှင်မကို ဂရုစိုက်သည်ဆိုသည်က ဘာစကားမှန်းမသိ။ ထိုကိစ္စသည် သမိုင်းရေးဝန်ကြီးအလုပ်လော...

ချင်ဟဲက လုယန်ကို ပြန်စိုက်ကြည့်သည်။ အရှင်မကို ထိုကောင်လေး ဘယ်လိုဆွဲဆောင်ထားသည်။ သခင်မက အမြဲတမ်း ထိုကောင်လေးအကြောင်းသာပြောသည်။

လုယန်တွေးသည်။ သူနှင့်ချင်ဟဲ လွယ်လွယ်နှင့် အနိုင်အရှုံးပေါ်မည်မဟုတ်။ ထိုကြောင့် ဦးတည်ချက်အမြန်ပြောင်း၍ ချုန်းချီမျိုးနွယ်ချမ်းသာမည့် နည်းလမ်းသစ်ကို စဉ်းစားသည်။

"အကြီးအကဲချိုင်ဝေ၊ မှတ်တမ်းမှော်ဖန်လုံးကိစ္စ တိုးတက်မယ့်နည်းလမ်း တကယ်ရှိပါတယ်။ အစောကြီးကတည်းက အကြီးအကဲနဲ့ ဆွေးနွေးဖို့ပါပဲ။

ကိစ္စတစ်ချို့ရှိနေလို့ ကျုပ်မပြောဖြစ်တာပါ။ လာပါ၊ ကျုပ်နဲ့အတူ လိုက်ခဲ့ပါ"

ကျင်းချိုင်ဝေမျက်လုံးများ အရောင်လက်လာသည်။ ဂိုဏ်းသခင်လုတွင် နည်းလမ်းရှိကြောင်းသိရသဖြင့် အမြန်လိုက်သွားသည်။

ထောင်ယော်ယဲ့က သူ့လှိုဏ်ဂူဂိတ်တံခါးရှေ့ မက်မွန်ပင်တစ်ပင်ပေါ်တွင် လှဲလျောင်း၍ သစ်ကိုင်းတစ်ခုကိုကိုင်ရင်း အတွေးနစ်နေသည်။

လုယန်ရောက်လာသည်ကို အာရုံခံမိသဖြင့် သစ်ပင်ပေါ်မှ ချက်ချင်းခုန်ဆင်းသည်။ အဝတ်အစားများကို သပ်ရပ်အောင်ဆွဲဆန့်ပြီး လုယန်ဆီ လက်‌ဝှေ့ယမ်းပြသည်။

"အကိုလုယန်၊ အကိုနတ်ဆိုးမြို့တော်က ပြန်လာပြီဆိုတာ ကျွန်မကြားတယ်..."

ထို့နောက် လုယန်နောက်တွင် မိန်းမလှတစ်အုပ် ပါလာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းမင်သက်မိသွားသည်။ သူ့လက်က လေပေါ်တွင်ရပ်နေမှန်း သတိရလာသဖြင့် အမြန်အောက်ချလိုက်သည်။

"ညီမထောင်ယော်၊ ငါရောက်လာပြီ"

ယွမ်မုန်မုန်က ထောင်ယော်ယဲ့ကို အတုခိုး၍ လက်ဝှေ့ယမ်းပြသည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် အနေကြာပြီဖြစ်၍ ထောင်ယော်ယဲ့နှင့် သူအတော်ရင်းနှီးနေသည်။

လုယန် ချောင်းတစ်ချက်ဟန့်၍ ပြောသည်။

"အဟမ်း..ညီမထောင်ယော်၊ ငါမိတ်ဆက်ပေးမယ်။ ဒါက အကြီးအကဲအောင်းလင်း၊ အကြီးအကဲကျန်းလျန်ယိန၊ အကြီးအကဲကျင်းချိုင်ဝေနဲ့ အကြီးအကဲချင်ဟဲပါ"

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်တစ်ယောက်ဖြစ်၍ အောင်းလင်းတို့အကြောင်း ထောင်ယော်ယဲ့သိထားသည်။ သို့သော် ယနေ့လို တရာဝင်မိတ်ဆက်သည်ကို မကြုံဖူးခဲ့။

သူချက်ချင်းအရိုအသေပြုလိုက်သည်။

"အကြီးအကဲတို့ကို ထောင်ယော်ယဲ့ ဂါရဝပြုပါတယ်"

တစ်ချိန်တည်းမှာပင် သူအတော်စိတ်သက်သာရာရသွားသည်။ အားလုံးက အကြီးအကဲများဖြစ်၍ သူနှင့်ရည်းစားလုဖက် ဖြစ်မလာနိုင်။ သူ့ဘက်က အလေးသာသေးသည်။

ယခုလက်ရှိတွင် သူ့အကြီးဆုံးရန်သူက ယွမ်မုန်မုန်ဖြစ်သည်။ ထိုယွမ်မုန်မုန်က လန်ထင်ထက် ရင်ဆိုင်ရခက်သည်။ အတွေးအခေါ်စေ့စပ်သည်။ သူအကြိမ်ကြိမ် သွယ်ဝိုက်မေးမြန်းဖူးသော်လည်း ယွမ်မုန်မုန်က လိမ်မာပါးနပ်စွာ ရှောင်တိမ်းခဲ့သည်။ စိတ်ရင်းအမှန်ကို မသိရ။

"အကြီးအကဲချိုင်ဝေ၊ ကျုပ်ပြောတဲ့ နည်းလမ်းဆိုတာ ဒါပဲ"

လုယန်က ပြုံး၍ပြောသည်။

"ညီမထောင်ယော်ယဲ့အကြောင်းကို ကြာဖူးလောက်ပါတယ်။ အိပ်မက်ရေပွက်တည်ထောင်သူလေ"

ကျင်းချိုင်ဝေ ကြားဖူးသည်။ ထောင်ယော်ယဲ့သည် ကျင့်စဉ်အဆင့်နိမ့်သော်လည်း အိပ်မက်ရေပွက်ကို ဖန်တီးခဲ့သည်။ ခုချိန်ဆိုလျှင် အတော်စုမိဆောင်းမိရှိနေလောက်သည်။

"အကြီးအကဲအနေနဲ့ မှော်ဖန်လုံးကို အိပ်မက်ရေပွက်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားကြည့်ပါ။ မှော်ဖန်လုံးနဲ့ အိပ်မက်ရေပွက်အကြောင်းအရာတွေကို ပြသလို့ရတယ်။

အဲလိုဆို မှော်ဖန်လုံးရောင်းအား အများကြီးတိုးလာနိုင်တယ်။ ဒါပေမယ့် အကျိုးအမြတ်ကိုတော့ ညီမထောင်နဲ့ ခွဲယူဖို့လိုလိမ့်မယ်။ ဘယ်လိုသဘောရလဲ"

"ရပါတယ်"

ကျင်းချိုင်ဝေက စီးပွားရေးဦးနှောက် မရှိသော်လည်း လုယန်အကြံဉာဏ်ကို ယုံကြည်သည်။

"ညီမထောင်ကရော ဘယ်လိုသဘောရလဲ"

ထောင်ယော်ယဲ့က ထိုလမ်းကြောင်း၏ အကျိုးအမြတ်ကို တန်းမြင်သည်။ အိပ်မက်ရေပွက်၏ လမ်းကြောင်းများကို ချဲ့ထွင်နိုင်မည်ဖြစ်သလို ကျင်းချိုင်ဝေနှင့်လည်း ရင်းနှီးခွင့်ရမည်။

အကိုလုယန်က စေ့စပ်ညှိနှိုင်းပေးခြင်းသာဖြစ်သည်။ သူက ကိုယ်ပိုင်အစွမ်းအစဖြင့် ရှေးဟောင်းမသေမျိုးတစ်ဝက်နှင့် အကျိုးတူလုပ်ငန်းလုပ် တည်ထောင်သည့်သဘောဆောင်သည်။

ကျင့်ကြံသူများစွာ အိပ်မက်ပင်မမက်နိုင်လောက်သည့် အခွင့်အရေးဖြစ်သည်။

အချိန်အတော်ကြာ မတွေ့ခဲ့ရသော်လည်း အကိုလုယန်က သူ့အတွက် စဉ်းစားပေးနေဆဲဖြစ်သည်။

*******************************

အခန်း (၁၁၁၆) ဂိုဏ်းတွင် ဒုတိယစွမ်းအားအကြီးဆုံး

တာအိုလမ်းစဉ်ဂိုဏ်းတစ်နေရာတွင် တာအိုရှင်သုံးယောက် ရှားရှားပါးပါးတွေ့ဆုံ၍ ဝိုင်အတူသောက်နေကြသည်။

"လာထား၊ တာအိုလမ်းစဉ်ဂိုဏ်းအတွက်...ကမ်းပေ့"

ကောင်းကင်သခင်ကွေ့ယန်က ဖန်ခွက်ကိုမြှောက်၍ပြောသည်။

"ကမ်းပေ့"

"ကမ်းပေ့"

တာအိုရှင်ရှန်ထန်နှင့် ဖန်တဝူယာတို့ အတူခွက်တိုက်ကြသည်။

စပေါ်လာကတည်းက ကွေ့ယန်သည် သူ့မိတ်ဆွေများဆီ သွားရောက်လည်ပတ်ရင်း အချိန်ကုန်နေခဲ့သည်။ ဓာတ်ငါးမျိုးဂိုဏ်းမှ စွန်စီးဘုံကျောင်း။ ထိုမှတစ်ဆင့် တော်ဝင်နန်း‌တော်။

စိန်ခေါ်တိုက်ခိုက်ပြီးလျှင် မိတ်ဆွေများနှင့် စကားလက်ဆုံပြော၍ ကြွားလုံးထုတ်ရင်း အပူအပင်ကင်းကင်း အေးအေးလူလူ လွတ်လပ်စွာ နေထိုင်သည်။

အထူးသဖြင့် သူ့မိတ်ဆွေများက ယွမ်ကျိ၏ပါရမီကို ချီးကျူးချိန် လေးစားအားကျကြောင်းပြောချိန်တွင် သူအတော်ကျေနပ်ပီတိဖြစ်သည်။

စိတ်ပျော်ပျော်ရွှင်ရွှင်ဖြင့် ဂိုဏ်းသို့ပြန်ရောက်လာချိန်တွင် ကျန်သည့်ဘိုးဘေးနှစ်ယောက်ကို ဖိတ်ခေါ်တွေ့ဆုံသည်။ နှစ်တစ်သိန်းချိတ်ပိတ်ထားသည့် ဝိညာဉ်ဝိုင်ကိုပင် ထုတ်လာသည်။

"ဘိုးဘေးကို ဂုဏ်ပြုပါတယ်"

ဖန်ဝူယာက ခွက်မြှောက်၍ ကွေ့ယန်ကို ဂုဏ်ပြုသည်။

"ဘိုးဘေးကို ဂုဏ်ပြုပါတယ်"

ကွေ့ယန်က ခွက်မြှောက်၍ တာအိုရှင်ရှန်ထန်ကို ဂုဏ်ပြုသည်။

"ဆရာ့ကို ဂုဏ်ပြုပါတယ်"

ရှန်ထန်က ဖန်ဝူယာကို ဂုဏ်ပြုသည်။

ဂိုဏ်းဘိုးဘေးသုံးယောက် ဆုံရသည်က တကယ်ကံကောင်းပြီး ပြီးပြည့်စုံသည့် ကိစ္စဖြစ်သည်။

"ကျုပ်တည်ထောင်ခဲ့တဲ့ တာအိုလမ်းစဉ်ဂိုဏ်းက ဒီလောက်အောင်မြင်မှုရလာမယ်လို့ ထင်မထားခဲ့ဘူး။ ဒါပေမယ့် ကျုပ်ကအခု ဒီဂိုဏ်းမှာ ကျင့်စဉ်အနိမ့်ဆုံးဖြစ်နေတာ ဝမ်းနည်းမိတယ်"

ရှန်ထန်က နည်းနည်းစိတ်ဓာတ်ကျနေသည့်လေသံဖြင့် ပြောသည်။

"ဘာတွေပြောနေတာလဲ ဘိုးဘေး။ မဟာယုခေတ်ဦးမှာ ဘိုးဘေးတည်ထောင်ခဲ့တဲ့ တာအိုလမ်းစဉ်းိုဏ်းက ရှားရှားပါးပါး ဖြောင့်မတ်မှန်ကန်တဲ့ ဂိုဏ်းပါ။

တရားမျှတမှုကို မြှင့်တင်ပြီး မကောင်းမှုကို ဖယ်ရှားတယ်။ အားလုံးကချီးကျူးကြပါတယ်"

တာအိုရှင်ရှန်ထန်ကို ကွေ့ယန် တကယ်လေးစားသည်။ မဟာယုခေတ်၏ ကပ်ဆိုက်နေသည့်ကာလတွင် စိတ်ဓာတ်မယိမ်းမယိုင်နေနိုင်ခဲ့သည်မှာ တကယ်ချီးကျူးစရာကောင်းသည်။

"ဟုတ်ပါတယ်။ ဘိုးဘေးဦးဆောင်လမ်းပြခဲ့လို့ ကျုပ်တို့ဂိုဏ်းဟာ အမြဲတမ်း‌‌တော်ဝင်လမ်းမှာ ရပ်တည်နိုင်ခဲ့ပြီး နာမည်ကောင်းချန်နိုင်ခဲ့တာပါ။ အခု ကျုပ်တို့ဂိုဏ်းကို တော်ဝင်လမ်းရဲ့ရှေဆောင်လမ်းပြဂိုဏ်းအဖြစ် အားလုံးကချီးကျူးကြပါတယ်"

ရှန်ထန် အတော်စိတ်သက်သာရာရသွားသည်။

"ကမ်းပေ့"

"ကျုပ်အကျဉ်းကျနေတုန်း ကျုပ်တို့ဂိုဏ်းမှာ ရှောင်ယွမ်လိုပါရမီရှင်မျိုးပေါ်လာတာ တကယ်အံ့ဩမိတယ်။ တာအိုလမ်းစဉ်ဂိုဏ်းမှာ စွမ်းအားချင်းယှဉ်ရင် ကျုပ်ကဒုတိယနေရာကို ရောက်သွားပြီ"

ကွေ့ယန်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောသည်။

ဖန်ဝူယာနှင့် သူလက်ရည်ယှဉ်ခဲ့သည်။ သူကနည်းနည်းအသာစီးရသည်။

"ဘိုးဘေး၊ ဘိုးဘေးက ကျုပ်တို့ဂိုဏ်းမှာ ဒုတိယစွမ်းအားအကြီးဆုံးလို့ ပြောလို့မရလောက်ဘူးထင်တယ်"

ဖန်ဝူယာက သတိပေးသည်။

"ဘိုးဘေး မသိလာက်သေးဘူး။ ကျုပ်တို့ဂိုဏ်းမှာ ဧည့်သည်အကြီးအကဲနှစ်ယောက်ရှိတယ်။ သူတို့က ဒုတိယစွမ်းအားအကြီးဆုံးပဲ"

ကွေ့ယန် အကြီးအကျယ်အံ့အားသင့်သွားသည်။

"ဧည့်သည်အကြီးအကဲ...ဟုတ်လား။ ဘယ်သူတွေလဲ"

"နဂါးဘိုးဘေးအောင်းလင်းနဲ့ ဖီးနစ်ဘိုးဘေး ကျန်းလျန်ယိပါ"

"ဪ သူတို့လား"

ကွေ့ယန်မျက်နှာ လေးနက်တည်ကြည်လာသည်။ ထိုအဆင့်မြင့်စွမ်းအားရှင်နှစ်ယောက်က ဂိုဏ်း၏ဧည့်သည်အကြီးအကဲဖြစ်နေသည်။

ထို့နောက် ရုတ်တရက် သူစိတ်အားထက်သန်လာသည်။ စွမ်းအားကြီးသူများကို စိန်ခေါ်ရသည်ကို သူသဘောကျသည်။ အထူးသဖြင့် ရှေးဟောင်းခေတ်မှ အောင်းလင်းတို့လို စွမ်းအားရှင်မျိုး...

"သူတို့အခု ဘယ်မှာလဲ။ ငါသူတို့နဲ့ လေ့ကျင့်ချင်တယ်"

ဂိုဏ်းတွင် ဒုတိယစွမ်းအားအကြီးဆုံးလူကို ဆုံးဖြတ်ဖို့ အချိန်ကိုက်ပင်ဖြစ်သည်။

...

"ကောင်းကင်သခင်ကွေ့ယန်က ငါတို့နှစ်ယောက်ရဲ့ စွမ်းရည်ကို စမ်းသပ်ချင်တယ်ပေါ့"

အောင်းလင်းနှင့်ကျန်းလျန်ယိလည်း စိတ်ဝင်စားလာသည်။ ကွေ့ယန်၏ ပေါင်းစည်းအရိယဖလသန္ဓေအကြောင်း သူတိုသိချင်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် ဒုတိယစွမ်းအားအကြီးဆုံးဆိုသည့် ဂုဏ်ပုဒ်ကိုလည်း သူတို့စိတ်ဝင်စားသည်။

ထို့ပြင် သူတို့သည် မဟာပဲဝါအရှင်၏ တပ်မှူးများဖြစ်သည်။ မသေမျိုးအမက လုယန်၏ သိစိတ်နယ်မြေမှ စောင့်ကြည့်နေသည်။ ဤစိန်ခေါ်မှုကို သူတို့ငြင်း၍မဖြစ်။

"ဒုခေါင်းဆောင်၊ တိုက်ခိုက်ကြတော့မယ်ထင်တယ်။ ငါတို့ဝင်တားကြမလား"

ယွမ်မုန်မုန်က တီးတိုးပြောသည်။

"ဝင်စွက်လို့မဖြစ်ဘူး။ ကြည့်ရုံပဲကြည့်နေပါ"

လုယန်က တီးတိုးပြန်ပြောသည်။ ကွေ့ယန်တို့က အကြီးအကဲများဖြစ်သည်။ သူတို့ဖျောင်းဖျလည်း ရမည်မဟုတ်။

"နေရာတစ်ခုရွေးကြမလား"

ကွေ့ယန်က အားလုံးကို ဂိုဏ်းအတွင်းပိုင်းတစ်နေရာသို့ ဦးဆောင်ခေါ်သွားသည်။ နေရာက ကျယ်ပြန့်သည်။ သူတို့တိုက်ခိုက်ဖို့ လုံလောက်သည်။

"ဒုခေါင်းဆောင်၊ ဒီနေရာမှာထိုင်ကြစို့"

ယွမ်မုန်မုန်က ကြည့်ဖို့ကောင်းသည့် နေရာတစ်ခုရွေး၍ လုယန်ကိုခေါ်သည်။ စောင့်တစ်ခုခင်းပြီး အစားအသောက်များချသည်။

ထိုမျှစားကောင်းသောက်ဖွယ်မျိုး မမြင်ဖူးသဖြင့် တာအိုရှင်ရှန်ထန် သွားရည်ယိုမတတ်ဖြစ်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်းမှ ဘဝနေထိုင်မှုက တကယ်အံ့ဩစရာကောင်းသည်ဟု ကျင်းချိုင်ဝေထင်မိသည်။ အစားအသောက်များလည်း ပေါ်သည်။ မသေမျိုးတစ်ဝက်တိုက်ပွဲများ မကြာခဏကြည့်ခွင့်ရသဖြင့် အတွေ့အကြုံယူနိုင်သည်။ ချုန်းချီမျိုးနွယ်တွင် နေရသည်ထက် ပိုကောင်းသည်။

မနီးမဝေး တောင်ထိပ်နှစ်ခုတွင် အပြင်လူစိမ်းများမဝင်နိုင်သည့် စွမ်းအင်ရောင်တစ်ခု ထွက်ပေါ်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ပြိုင်ဘက်ကင်းစွမ်းအားရှင်လေးယောက် တိုက်ပွဲနေရာဖြစ်သည်။

အပြင်လောကသာ ဤတိုက်ပွဲအကြောင်းသိလျှင် အတော်ဂယက်ထသွားလောက်သည်။

အောင်းလင်းနှင့်ကျန်းလျန်ယိတို့ ချက်ချင်းအသွင်ပြောင်းကြသည်။ အလွန်တရာကြီးမားသည့် နဂါးနက်နှင့်ရွှေဖီးနစ်ပေါ်လာသည်။ သူတို့ပြိုင်တူအော်ဟစ်သံကြောင့် မိုးနှင့်မြေတုန်ခါသွားသည်။

"တကယ့်ရှေးဟောင်းနဂါးအစစ်ပဲ"

ကွေ့ယန် အလေးအနက်မျက်နှာဖြင့်ပြောသည်။ ထိုအင်အားကြီးပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရာတွင် လုံးဝပေါ့ဆ၍မဖြစ်။

"ဟုတ်တယ်"

ဖန်ဝူယာက သူ့ဘေးတွင်ရပ်နေသည်။ နဂါးနှင့်ဖီးနစ်ဘိုးဘေးထံမှ ထွက်ပေါ်လာသည့် နက်ရှိုင်းသည့် ရှေးဟောင်းစွမ်းအင်ရောင်ကို သူခံစားမိသည်။

အမှန်တကယ်ပင် မသေမျိုးဖြစ်လုနီးပါးအဆင့် စွမ်းအားရှင်များဖြစ်သည်။

အောင်းလင်းက အရင်ဆုံးလှုပ်ရှားသည်။ နဂါးလက်သည်းကိုဆန့်ထုတ်၍ လေဟာနယ်ကိုထိုးခွဲသည်။ ရုပ်ခန္ဓာစွမ်းအားဖြင့် တစ်လက်မမြေချုံ့ပညာကိုသုံးလိုက်သည်။ သူနှင့် ကွေ့ယန်တို့ကြားအကွာအဝေးကို ချုံ့လိုက်သည်။

အောင်းလင်း၏လှုပ်ရှားမှုက မြန်လွန်းသဖြင့် ဝါရင့်မသေမျိုးတစ်ဝက်ဖြစ်သည့် ကွေ့ယန်ပင် ပြင်ဆင်ချိန်မရလိုက်။

ပင်လယ်တာအိုသခင်က လေဟာနယ်စွမ်းအားဖြင့် သူနှင့်အောင်းလင်းကြားမှ အကွာအဝေးကို ချက်ချင်းပြန်ဆန့်ထုတ်သည်။ အောင်းလင်း၏ မြေချုံ့ပညာ အချည်းအနှီးဖြစ်သွားသည်။

ကွေ့ယန်က မိုးကြိုးလက်ဝါးပညာကိုသုံးသည်။ ပေါင်းစည်းအရိယဖလသန္ဓေစွမ်းအားဖြင့် မိုးကြိုးလက်ဝါးနှင့် သူ့ကိုယ်သူ ပေါင်းစပ်သည်။ မြင်နိုင်သော်လည်း မထိတွေ့နိုင်သည့် မိုးကြိုးဝိညာဉ်ဖြစ်လာသည်။

တစ်ချိန်က ထိုပညာကို ယင်ထန်မသေမျိုးသုံးဖူးသည်။ ကျန်းလျန်ယိ သက်တောင့်သက်သာ ရင်ဆိုင်နိုင်သည်။ မီးတောက်ဖီးနစ်အဖြစ် ချက်ချင်းအသွင်ပြောင်းလိုက်သည်။ ဖီးနစ်မီးတောက်စစ်များ သူဖြတ်သန်းရာတစ်လျှောက် ပြန့်ကျဲသွားသည်။

တောင်ကုန်းတစ်ခုလုံး မီးစွဲသွားသည်။ သိပ်သည်းသည့် ယန်ချီဓာတ်များ ပြည့်နေသည်။ နေမျက်နှာပြင်နှင့် အလာသဏ္ဌာန်တူသည်။

မိုးကြိုးဝိညာဉ်က မီးတောက်ဖီးနစ်နှင့် ရင်ဆိုင်တွေ့သည်။ မိုးကြိုးမီးတောက်မုန်တိုင်းတစ်ခု ဖြစ်‌ပေါ်လာသည်။ အဝေးတွင်ထိုင်နေသည့်လုယန်ပင် အရေပြားပေါ်၌ ကျိန်းစပ်လာသည်။

မိုးကြိုးနှင့်မီးတောက် ထိတွေ့သည့်စွမ်းအားဖြစ်သည်။ လေဟာနယ်တစ်ခုလုံး ထိုစွမ်းအင်များ ပြည့်နက်သွားသည်။

ဖန်ဝူယာက လေဟာနယ်ကိုခုန်ကူးနေသည်။ ထိပ်တိုက်ရင်မဆိုင်ဘဲ အောင်းလင်း၏ စွမ်းအင်ရောင် တဖြေးဖြေးအားနည်းလာအောင် အလစ်တိုက်ခိုက်ဖို့ ကြိုးစားသည်။

သို့သော် အောင်းလင်း၏ စွမ်းအင်ရောင်က လျော့ပါးမသွားပဲ ပိုတိုးလာသည်။ ရုပ်ခန္ဓာစွမ်းအားလည်း မသိမသာတိုးနေသည်။ နောက်ဆုံးတွင် ဖန်ဝူယာ နားလည်လာသည်။ သူ့တိုက်ခိုက်မှုများက အောင်းလင်း၏ နဂါးကြေးခွံများပေါ် ခြစ်ကြောင်းထင်အောင်ပင် မလုပ်နိုင်။

အောင်းလင်း၏ ရုပ်ခန္ဓာစွမ်းအား မသေမျိုးခန္ဓာအဆင့်သို့ ရောက်လာသည်။ နဂါးလက်သည်းကို ဆန့်ထုတ်လိုက်သည်။ အားကောင်းသည့် ရုပ်ခန္ဓာစွမ်းအားကြောင့် လေဟာနယ်အရိယဖလသန္ဓေကို လုံးဝအရေးမစိုက်။

နဂါးလက်သည်းက လေထုကို ထိုးခွဲသွားသည်။ ဖန်ဝူယာရင်ဘတ်တွင် လက်သည်းရာသုံးခုပေါ်လာသည်။

"ကောင်းကင်ရေသန္ဓေစွမ်းအား"

အောင်းလင်းခြေထောက်အောက်မှ ရေစက်တိုင်းက ကျယ်ပြန့်သည့် ရေကန်များအဖြစ် အသွင်ပြောင်းနိုင်သည်။ နေ၊ လ၊ ကြယ် တို့မှဖန်တီးထားသည့် ရေသန္ဓေဖြစ်သည်။ ပြင်းထန်သည့်ရေလှိုင်းက ဖန်ဝူယာဆီ တိုးဝင်သွားသည်။ ဖန်ဝူယာ တစ်ဘက်တောင်ကုန်းထိပ်သို့ လွင့်ထွက်သွားသည်။

ကွေ့ယန်နှင့်ကျန်းလျန်ယိတို့ တိုက်ပွဲက လော‌လောဆယ် လက်ရည်မျှနေသည်။ ဖန်ဝူယာလွင့်ထွက်သွားသဖြင့် ကွေ့ယန် ကူညီဖို့ အမြန်ကြိုးစားသည်။

ဖန်ဝူယာရှုံးသွားလျှင် တိုက်ပွဲက နှစ်ယောက်တစ်ယောက်ဖြစ်သွားမည်။ သူလုံးဝနိုင်ခြေမရှိ။

ဖန်ဝူယာက ရင်ဘတ်ကိုပွတ်ရင်း မျက်နှာရှုံ့နေသည်။

"ဘာမှမဖြစ်ပါဘူး။ ဒီမသေမျိုးခန္ဓာက ရင်ဆိုင်ရတကယ်ခက်တာပဲ"

မုန်ကျင်းဇီနှင့် တိုက်ခိုက်ဖူးပြီးဖြစ်သည့် ကွေ့ယန်က မသေမျိုးခန္ဓာ၏သဘာဝကို သိထားသည်။

"ဟိုအကွက်ကို သုံးကြမလား"

"လုပ်ကြစို့"

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ နဂါးနှင့်ဖီးနစ်ကို ရင်ဆိုင်ရန် သူတို့၏ စွမ်းအားအကြီးဆုံးတိုက်ကွက်ကို သုံးသည်။

"ပေါင်းစည်းမယ်"

သူတို့ခန္ဓာနှစ်ခု တဖြေးဖြေးမှုန်ဝါးသွားပြီး တစ်သားတည်း‌ပေါင်းစပ်သွားသည်။

အသာစီးရသဖြင့် ဆက်တိုက်ခိုက်ရန်ပြင်နေသည့် အောင်းလင်း ချက်ချင်းရပ်သွားသည်။ ထိုနှစ်ယောက်ထံမှ အန္တရာယ်အငွေ့အသက်ကို သူခံစားမိသည်။ မသေမျိုးခန္ဓာကို ဒုက္ခပေးနိုင်သည့် စွမ်းအားဖြစ်သည်။

"ခန္ဓာပေါင်းစပ်တဲ့ ပညာလား။ ဒါမျိုးက တကယ်ရှားတယ်"

ကျန်းလျန်ယက် မှန်ချက်ပြုသည်။ ထိုသိုလုပ်နိုင်ဖို့ တကယ်ခက်ခဲသည်။

"ဒါပေမယ့် ငါတို့ကို အနိုင်ယူဖို့တော့ မလုံလောက်သေးဘူး။ ငါတို့မှာလည်း ပေါင်းစည်းပညာရပ် ရှိပါတယ်"

နဂါးနှင့်ဖီးနစ်ဘိုးဘေးတို့ ကောင်းကင်တွင် စက်ဝိုင်းလှည့်ကြသည်။ သူတို့ဘေးပတ်လည်တွင် ကြောက်စရာအဖျက်စွမ်းအားပေါ်လာသည်။ ကောင်းကင်လေထု တုန်ခါနေသည်။

နှစ်ဘက်လုံးက တိုက်ခိုက်လိုသည့်ဆန္ဒ ပြင်းပြသည်။ အရှုံးမခံနိုင်သည့် အကြောင်းရင်းလည်း ကိုယ်စီရှိသည်။

"ဒုခေါင်းဆောင်၊ ဘယ်ဘက်ကနိုင်မယ်ထင်လဲ"

ယွမ်မုန်မုန်က မုန့်စားရင်းမေးသဖြင့် စကားသံက ဗလုံးဗထွေးဖြစ်နေသည်။

လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်နေသည်။

"ပြောရခက်တယ်။ ဒါပေမယ့် သူတို့က တာအိုလမ်စဉ်ဂိုဏ်းရဲ့ ဒုတိယစွမ်းအားအကြီးဆုံးနေရာအတွက် ယှဉ်ပြိုင်နေကြတာလား"

"ဟုတ်တယ်"

"ဒုတိယစွမ်းအားအကြီးဆုံးက နတ်မယ်ပဲဖြစ်သင့်တယ်မဟုတ်လား"

"ဒါဆိုသူတို့က တတိယနေရာအတွက် ယှဉ်ပြိုင်နေတာဖြစ်မယ်"

"ဒါပေမယ့် တတိယစွမ်းအားအကြီးဆုံးက ကွမ်းရှန်ဟိုင်လေ"

**********************************

All Chapters