အခန်း (၁၁၁၇-၁၁၁၉)
Vol. 75 Ch. 1117-1119
အခန်း(၁၁၁၇) ခေါင်းဆောင်နေရာ
နဂါးနှင့်ဖီးနစ် စက်ဝိုင်းပတ်လှည့်နေသည်။ လည့်သည့်အရှိန်က တဖြေးဖြေးမြန်လာသည်။ မိုးမြေတစ်ခုလုံး နားကွဲမတတ်အော်ဟစ်သံများ ထွက်ပေါ်နေသည်။ ကွေ့ယန်နှင့်ဖန်ဝူယာတို့နှစ်ယောက် မျက်နှာပျက်လာသည်။
ထိုနည်းလမ်းမျိုး သမိုင်းကျမ်းများတွင် တစ်ခါမှမတွေ့ဖူး။ ဘယ်သူမှလည်း လက်တွေ့မမြင်ဖူးခဲ့။
နဂါးဖီးနစ်အသွင်ပြောင်းခြင်းပညာ။
ဝစီပိတ်ရေးသည့် စာအုပ်မျိုးမဟုတ်။ နဂါးဖီးနစ်အသွင်ပြောင်းပညာအစစ်ဖြစ်သည်။
(**'အသွင်ပြောင်း'ဆိုသည့်စကားက မတိကျပါ။ ဖီးနစ်နှင့်နဂါး ပူးကပ်ယှက်လိမ်၍ လျင်မြန်စွာ စက်ဝိုင်းပတ်(ခရုပတ်)လှည့်သဖြင့် ဖီးနစ်ကိုနဂါးလို နဂါးကိုဖီးနစ်လို မသဲကွဲတော့သည့်အခြေအနေကို ဆိုလိုပါသည်။
ဝစီပိတ်က 'ပူးကပ်ယှက်လိမ်'ခြင်းကို အဓိကထား၍ စာအုပ်နာမည်ပေးထားခြင်းဖြစ်သည်)
အောင်းလင်းနှင့်ကျန်းလျန်ယိတို့သည် မကြာခဏစကားများကြသော်လည်း တကယ်ရင်းနှီကြသည့်ညီအမများဖြစ်သည်။ ကြောက်စရာကောင်းသည့် ဤပညာကို သူတို့အတူ တီထွင်ထားခြင်းဖြစ်သည်။
အရိုးသားဆုံးပြောရလျှင် ဘာကြောင့် ထိုနှစ်ဘက်တိုက်ခိုက်နေကြသည်ကို လုယန် နားမလည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ စတုတ္ထစွမ်းအားအကြီးဆုံးနေရာအတွက် တိုက်ခိုက်ဖို့ တကယ်လိုအပ်သလော...
ကွမ်းရှန်ဟိုင်က အကျဉ်းချခံထားရသော်လည်း အကျဉ်းထောင်တောင်ထိပ်သည် တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေထဲတွင် ရှိသည်။ အကျဉ်းသားများသည် ဂိုဏ်းအပိုင်ဖြစ်သည်။
သို့သော် အကျဉ်းထောင်မှလွတ်ပြီးလျှင်တော့ မူလအဖွဲ့အစည်းများနှင့်သာ သက်ဆိုင်မည်။
ဟုတ်တော့လည်းဟုတ်သည်။ စတုတ္တစွမ်းအားအကြီးဆုံး ဆိုသည့်နေရာက ရဖို့မလွယ်။ ဂိုဏ်းတွင် မသေမျိုးတစ်ဝက်အရေအတွက် မနည်းလှ။ အကျဉ်းထောင်တောင်ထိပ်မှ လေဟာနယ်အရှင်နှင့် အိပ်မက်ဆိုးအရှင်ကိုပင် ထည့်မတွက်သေး။
ယခုလို မတိုက်ခိုက်လျှင် စတုတ္ထနေရာ ဘယ်သူရမည်ကို ရှင်းရှင်းလင်းလင်း သိနိုင်မည်မဟုတ်။
"စတုတ္ထက နင်ပဲမဟုတ်လား ဒုခေါင်းဆောင်"
ယွမ်မုန်မုန်က တွေးမရဟန်ဖြင့်မေးသည်။ ဒုခေါင်းဆောင်က မသေမျိုးခန္ဓာ ပိုင်ဆိုင်သည်။ ကောင်းကင်အင်ပါယာချန်၏ ကိုယ်ပွားကိုပင် သတ်နိုင်စွမ်းရှိသည်။ စတုတ္ထနေရာနှင့် တကယ်ထိုက်တန်သည်။
"အာ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး..မင်းအဲလိုစွတ်မပြောနဲ့လေ"
လုယန် ထိတ်လန့်တကြား ခုန်ထသည်။ သူ့စွမ်းရည်လောက်ဖြင့် ဂိုဏ်း၏ ဒုတိယစွမ်းအားအကြီးဆုံးနေရာ ဘယ်လိုဖြစ်နိုင်မည်နည်း။ ထိုစကားသာ ကောလဟာလပြန့်သွားလျှင် ဒုက္ခရောက်နိုင်သည်။
အားကြိုးမာန်တက် တိုက်ခိုက်နေသည့်လေးယောက်ကလည်း လုယန်တို့ ပြောနေသည့်စကားကို ကြားနေရသဖြင့် တိုက်ခိုက်ချင်စိတ်ပျောက်သွားကြသည်။
"ဒါဆို ဆက်မတိုက်တော့ဘူးမဟုတ်လား"
အောင်းလင်းက စပြောသည်။ ဂိုဏ်း၏ စတုတ္ထစွမ်းအားအကြီးဆုံးနေရာအတွက် ထိုမျှအပြင်းအထန်တိုက်ခိုက်ရသည်မှာ မထိုက်တန်ဟု ခံစားရသည်။
ကွေ့ယန်နှင့်ဖန်ဝူယာတို့လည်း ပြိုင်တူ ခေါင်းငြိမ့်သည်။ စတုတ္ထနေရာအတွက် တိုက်ခိုက်ရသည်မှာ ဘာမှအဓိပ္ပါယ်မရှိ။
သို့သော် လုယန်ပြောသည့် 'နတ်မယ်'ဆိုသည့်လူကို သူတို့မသိ။
ဖီးနစ်မီးတောက်များ ငြိမ်းသွားသည်။ နဂါးခန္ဓာ ပြန်ကျုံ့သွားသည်။ ပေါင်းစည်းမှုပြေလျော့သွားသည်။
"အဲ...ဘာလို့မတိုက်ခိုက်ကြတော့တာလဲ"
စတုတ္ထနေရာ ဘယ်သူရမည်ကို လုယန်စဉ်းစားနေစဉ် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်ကို ရုတ်တရက် သူသတိထားမိလာသည်။
သူခေါင်းမော့ကြည့်သည်။ တိုက်ခိုက်နေသည့်လေးယောက်က သူ့ဘေးတွင်ဝိုင်းအုံနေသည်ကိုတွေ့လိုက်ရသည်။ သူအတော်လန့်သွားသည်။ စတုတ္ထနေရာအတွက် ဘိုးဘေးများက သူ့ကိုစိန်ခေါ်ချင်၍လားမသိ။
"ရှောင်လု၊ မင်းခုနကပြောတဲ့ နတ်မယ်ဆိုတာ ဘယ်သူလဲ"
ကွေ့ယန်က မေးသည်။ ထိုနတ်မယ်က နိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်ထက်ပင် အဆင့်မြင့်နေသည်။
လုယန် လန့်သွားသည်။ ယွမ်မုန်မုန်နှင့်သူ ခပ်တိုးတိုးသာ စကားပြောနေခြင်းဖြစ်သည်။ ဘိုးဘေးများ ဘယ်လိုကြားသွားသည်မသိ။
နတ်မယ်အကြောင်း ပြောသင့်မပြောသင့် သူဝေခွဲမရ။
ထိုစဉ် သိစိတ်နယ်မြေမှ နတ်မယ်စကားသံ ပေါ်လာသည်။
"ကိစ္စမရှိပါဘူး ရှောင်ယန်။ ငါ့အကြောင်း သိတဲ့လူတွေများနေပါပြီ"
လုယန်ကိုယ်ထဲမှ လှပသည့်သဏ္ဌာန်တစ်ခု ထွက်လာသည်။ ဘယ်သူမဆို စိတ်ရင်းဖြင့် သဘောကျကြမည့် ပြိုင်ဘက်ကင်းအလှမျိုးဖြစ်သည်။
နတ်မယ်မျက်နှာက ရေခဲလိုအေးစက်နေသည်။ နဖူးပြင်က ဩဇာရှင်တစ်ယောက်လို တင်းနေသည်။ မြင်သူတိုင်း ကြည်ညိုလေးစားချင်စရာဖြစ်သည်။
အဝါရောင်ဝတ်စုံက ထူးခြားသည့်ခမ်းနားထည်ဝါမှုတစ်မျိုး ထွက်ပေါ်နေသည်။
"မသေမျိုး..."
ကွေ့ယန်နှင့်ဖန်ဝူယာ အံ့အားသင့်သွားကြသည်။ ထိုစွမ်းအင်ရောင်သည် မသေမျိုးစွမ်းအင်ရောင်ဖြစ်သည်။
သို့ဆိုလျှင် လုယန်ကိုယ်ထဲတွင် မသေမျိုးတစ်ယောက် ရှိနေခြင်းလော..
"အရှင့်နာမည်ကို သိခွင့်ရှိမလား"
"ငါက ရှေဟောင်းမသေမျိုးငါးယောက်ရဲ့ခေါင်းဆောင် ထာဝရနတ်မယ်မသေမျိုးပဲ။ ပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်ပဲ"
သူ့ကိုယ်သူမိတ်ဆက်သည့်လေသံက တင်းမာအေးစက်သည်။ ခေတ်အဆက်ဆက်ဖြတ်ကျော်လာပြီး သေခြင်းရှင်ခြင်းအားလုံးကို မြင်တွေ့ခဲ့သည့် မဟာစွမ်းအားရှင်တစ်ယောက်၏ လေသံမျိုးဖြစ်သည်။
လုယန် နတ်မယ်ကိုကြည့်၍ အံ့ဩနေသည်။
...နတ်မယ်၊ ခင်ဗျား စရိုက်ကွဲသွားတာများလား...
ကွေ့ယန်နှင့်ဖန်ဝူယာတို့ မျက်လုံးပြူးသွားသည်။ ရှေးဟောင်းမသေမျိုးငါးယောက်၏ခေါင်းဆောင်။ မယုံနိုင်လောက်အောင်မြင့်မားသည့် ဘွဲ့ထူးဖြစ်သည်။
သို့သော် ရှေးဟောင်းခေတ်တွင် မသေမျိုးလေးယောက်သာရှိသည်ဟု ကြားဖူးသည်...
မဟုတ်သေး..ရှေးဟောင်းမသေမျိုးလေးယောက် ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ်ပြောင်းရလောက်အောင် ဖိအားပေးနိုင်ခဲ့သည့်စွမ်းအားရှင်များလား..
ထိုအတွေးကြောင့် နှစ်ယောက်လုံး ပို၍ပင်လေးစားလာကြသည်။
"ဒါဆို နတ်ဆိုနယ်မြေမှာ ဖြစ်သွားတဲ့တိုက်ပွဲက.."
"အဲဒါလည်း ငါပဲ"
နှစ်ယောက်လုံး ပင့်သက်ကျိတ်၍ ရှိုက်မိကြသည်။ အကြီးအကျယ် အံ့အားသင့်နေသည်။ စကားတစ်ခွန်းမှမပြောနိုင်ကြတော့။
လုယန်၏ကံကြမ္မာကိုလည်း အားကျမိကြသည်။ ရှေးဟောင်းမသေမျိုးငါးယောက်၏ ခေါင်းဆောင်က သူ့ကိုထဲတွင်နေထိုင်သည်။ တကယ့် ကောင်းကင်မှချီးမြှင့်သည့် အခွင့်အရေးမျိုးဖြစ်သည်။
အတိတ်ကာလမှ ယခုချိန်ထိ ထိုကံကြမ္မာမျိုး ပိုင်ဆိုင်ဖူးသူ ရှိမည်မထင်။
"ငါမသေမျိုးအကြောင်း နင်တို့ထုတ်မပြောရဘူး"
"ဟုတ်ကဲ့"
ထို့နောက် သူတို့နှစ်ယောက် ဘာမှထပ်မပြောနိုင်မီ နတ်မယ်က အပြာရောင်မီးခိုးငွေ့အသွင်ဖြင့် သိစိတ်နယ်မြေသို့ ပြန်ဝင်သွားသည်။
ထို့နောက်...
"ဘယ်လိုလဲ ဘယ်လိုလဲ။ ခုနက ငါသရုပ်ဆောင်တာ အဆင်ပြေရဲ့လား"
"သခင့်ရဲ့ဖြစ်တည်မှုက ထာဝရပျံ့နှံ့ပါတယ်။ သခင့်ရဲ့ဂုဏ်သရေဟာ ကောင်းကင်က မိုးနဲ့လျှပ်စီးလို လေးစားစရာကောင်းပါတယ်"
"သိပ်ကောင်းတာပေါ့"
နတ်မယ် အတော်ကျေနပ်နေသည်။ ယင်ထန်မသေမျိုး သင်ပေးခဲ့သည့် ပညာများက ယခုချိန်ထိ အလုပ်ဖြစ်သည်။
ဤတစ်ကြိမ် သူလူလုံးထွက်ပြသည်က သူ့အတွက်ချည်းမဟုတ်။ လုယန်ဂုဏ်သိက္ခာကိုလည်း ကိုယ်စားပြုသည်။ ထို့ကြောင့် ခါတိုင်းအပြုအမူမျိုး သူထုတ်ပြ၍မဖြစ်။
တာအိုရှင်ရှန်ထန် လုယန်ကိုကြည့်၍ အတော်ဝမ်းသာနေသည်။ သူ့မျက်လုံးတွင် ပီတိရိပ်များပြည့်နေသည်။
ကွေ့ယန်က နတ်မယ်အကြောင်းသိပြီးနောက် အံ့ဩဝမ်းသာဖြစ်နေသည်။ ရှေးဟောင်းမသေမျိုးငါးယောက်၏ ခေါင်းဆောင်သည်ပင် သူတို့၏ဧည့်သည်အကြီးအကဲဖြစ်သည်။ လုယန်ကို သူပို၍သဘောကျလာသည်။
ထိုမသေမျိုး ဧည့်သည်အကြီးအကဲဖြစ်လာခြင်းမှာလည်း လုယန်ကြောင့်ဖြစ်ဟန်ရှိသည်။
"ရှောင်လု၊ ကောင်းကေင်းကြိုးစားပါ။ ဂိုဏ်းချုပ်ရာထူးက သေချာပေါက်မင်းဟာပဲဖြစ်မှာ"
ကွေ့ယန်က လုယန်ပုခုံးကို ခပ်ကြမ်းကြမ်းပုတ်၍ တိုက်တွန်းသည်။ သူတို့ခေတ်တွင် ဂိုဏ်းချုပ်ရာထူးဆိုသည်မှာ လူတိုင်းလိုချင်သည့်အရာဖြစ်သည်။
ယခု လုယန်ဂိုဏ်းချုပ်မဖြစ်နိုင်ဟု ပြောလာသူရှိလျှင် သူဒေါသထွက်မိပေလိမ့်မည်။
တိုက်ခိုက်စရာမလိုတော့သဖြင့် ကွေ့ယန်ဆက်မနေတော့။ ဝိုင်ဆက်သောက်ဖို့ ထွက်သွားသည်။
နတ်မယ်ယာယီဂိုဏ်းချုပ်လုပ်စဉ်ကအဖြစ်ကို လုယန်ပြန်တွေးမိသည်။ သူ့အနာဂတ်သည့် သိပ်အခြေအနေမကောင်းဟု ခံစားရသည်။
"စိတ်မပူပါနဲ့ ရှောင်ယန်၊ ရှောင်ယွမ်က နင့်ကို ဂိုဏ်းချုပ်မလုပ်ခိုင်းရင် ငါတို့နှစ်ယောက်ပေါင်းပြီး သူ့ကိုအနိုင်ယူကြမယ်"
နတ်မယ်က ကြေညာသည်။ လုယန်ကို သူအမြဲတမ်း အခိုင်အမာထောက်ပံ့ပေးမည်။
သို့သော် ထိုအထောက်အပံ့ကလည်း သိပ်မခိုင်မာလောက်ဟု လုယန်ခံစားရသည်။
"တိုက်ခိုက်ရလို့ မောသွားကြပြီလား။ တစ်ခုခုစားချင်လား"
ယွမ်မုန်မုန်သည် တိုက်ပွဲတစ်ခုပြီးတိုင်း အစားအသောက်များစွာစားသည်။ နတ်မယ်စကားအရ အမလင်းနှင့်အမလျန်ယိလည်း ထိုသို့ပင်ဖြစ်လိမ့်မည်။
....
မုန်ကျင်းကျိုး ခန္ဓာဗဟိုချက်ငါးခုကို ကောင်းကင်နှင့်တစ်တန်းတည်းထားသည်။ သူ့ရှေ့တွင် 'ကပ်ဆိုးချီ၊ ယင်နှင့်ယန်၊ ပါရမီသုံးပါး၊ လက္ခဏာလေးပါး၊ ဓာတ်ငါးပါး၊ မျှတခြင်းခြောက်ပါး၊ အလင်းခုနစ်ပါး၊ အရိုင်းရှစ်ပါး၊ မြေကိုးပါး၊ ကောင်းကင်ဆယ်ပါး၊ ငါသာ အဓိပဓိ မသေမျိုးကျမ်း" ရှိနေသည်။
ကိုးဆမသေမျိုး၏ ကျင့်စဉ်နည်းဖြစ်သည်။ ဂဏန်းသင်္ချာမသေမျိုးကျင့်စဉ်ဟုလည်း ခေါ်သည်။
မသေမျိုးကျင့်စဉ်ကျမ်းဖြစ်သည်။ သူနှင့်မကိုက်ညီသော်လည်း ကိုးကားစရာအဖြစ် အသုံးဝင်သည်။
လုယန်ကို ရှုံးခဲ့သော်လည်း သူစိတ်ဓာတ်မကျ။ တိုက်ပွဲစိတ်ဓာတ်အပြည့်ရှိသည်။ သူ့ကိုယ်ပိုင် ကျင့်စဉ်နည်းတစ်ခု ဖန်တီးမည်ဟု ဆုံးဖြတ်ထားသည်။
မေ့ပျောက်ဆေးကို သောက်လိုက်သည်။ သူ့စိတ်များ တည်ငြိမ်သွားသည်။ ဉာဏ်အလင်းရသည့်အဆင့်ကို မြန်မြန်ရောက်လာသည်။
ခေါင်းသုံးလုံးလက်ခြောက်ဘက်၊ အရဟတ်လက်သီး၊ ကောင်းကင်တုန်ရှစ်ကွက်၊ ဂဏန်းသင်္ချာမသေမျိုးကျင့်စဉ်။ သူ့တစ်ကိုယ်လုံး သံရည်ကျိုမီးဖိုတစ်ခုလို ဖြစ်လာသည်။
လေ့လာထားသည့် လက်သီးပညာ ကျင့်စဉ်ပညာများကို အရိုရှင်းဆုံး မှော်ပုံသဏ္ဌာန်များအဖြစ် ပြန်ခွဲထုတ်သည်။ တစ်ကိုယ်လုံး တုန်ရင်လာသည်။ မှော်အမှတ်အသားများကို သူ့စိတ်အတွေးနှင့်အသွင်ပြောင်းသည်။
တစ်ခါတစ်လေ ရိုးရှင်းသည်။ တစ်ခါတစ်လေရှုပ်ထွေးသည်။
သူ့မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။ သူ့အကြည့်က စူးရှသည်။ လှိုဏ်းဂူတစ်ခုလုံး အရောင်လက်သွားသည်။
"ဟားဟား၊ အောင်မြင်ပြီကွ။ လောင်လု၊ မင်းအရိုက်ခံဖို့သာ ပြင်ထားတော့"
*********************************
အခန်း (၁၁၁၈) ကောင်းကင်နိယာမဖန်တီးခြင်း
ထာဝရမျိုးဆက်နှင့် မဟာပဲဝါနိုင်ငံအဖွဲ့ဝင်အများစု အတုစုဝေး၍ ပျော်ရွှင်နေကြသည်။
တစ်ချိန်က ခြောက်ကပ်နေခဲ့သည့် ကောင်းကင်ဂိတ်တောင်ထိပ်က မသေမျိုးတပ်ဖွဲ့၏ လျှို့ဝှက်အခြေစိုက်စခန်းဖြစ်လာသည်။
နဂါးနှင့်ဖီးနစ်ဘိုးဘေးက လောကကိုကိုယ်စားပြုသည့် ကျားခုံကိုသုံးသည်။ သက်ဆိုင်ရာတပ်ဖွဲ့ကို ကိုယ်စားပြု၍ လောကအုပ်ချုပ်ခွင့်အတွက် ယှဉ်ပြိုင်နေကြသည်။
ထာဝရမျိုးဆက်အဖွဲ့ဝင်သုံးယောက်က စောင့်ကြည့်နေသည်။ သမိုင်းရေးဝန်ကြီးက မဟာပဲဝါနိုင်ငံအကြောင်း မှတ်တမ်းရေးသည်။
တပ်မှူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကျင်းချိုင်ဝေတစ်ယောက်သာ နိုင်ငံ့အပြိုင်အဆိုင်အုပ်စုထဲ ဝင်မပါဘဲ မှော်ဖန်လုံးအတွက် အသုံးချနည်းအသစ်များကို သုတေသနပြုနေသည်။
"စကြာဝဠာရွှေ့မယ်"
ကျန်းလျန် လှုပ်ရှားလိုက်သည်။ အဖြူရောင်ကျားစေ့ ချလိုက်သည်။ အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ကောင်းကင်သို့ထိုးတက်သွားသည်။
"ယင်နှင့်ယန်ကိုခွဲမယ်"
အောင်းလင်းကလည်း အညံ့မခံ ကျားစေ့ဖြူ၏လမ်းကြောကို ဖြတ်ပိတ်သည်။ စူးရှသည့်အလင်းတစ်ခုတောက်ပလာပြီး ကျားစေ့ဖြနှင့် လက်ရည်တူယှဉ်ပြိုင်သည်။
"မဟာတာအိုပွင့်လန်းတယ်"
"တစ်ဆင့်ချင်းလှမ်းတဲ့ကြာပန်း"
ကျားခုံ့က ကောင်းကင်ထိုးတက်နေသည့် အလင်းတန်းများသာရှိသည်မဟုတ်။ အရောင်နှစ်ခုကြာပန်းများလည်း ပွင့်လန်းနေသည်။ ကျားပြင်တစ်ခုလုံး လေးထောင့်ရေကန်တစ်ခုနှင့်တူသည်။ ဖြစ်နိုင်ခြေမရေမတွက်နိုင်အောင်ရှိသည်။ စူးရှသည့်အလင်းများကြောင့် လုယန်မျက်လုံးဖွင့်မရ။
နောက်ဆုံးတွင် ကျန်းလျန်ယိက အောင်းလင်း၏ အားနည်းချက်ကို အမိဖမ်းလိုက်သည်။ နောက်ဆုံးကျန်သည့်သူ့ကျားစေ့ ကျလာသည်။ ကျားဖြူငါးစေ့ တစ်တန်းတည်းကျသွားသည်။ လှပသည့်ဖီးနစ်ဖြူတစ်ကောင်အဖြစ်ပြောင်း၍ ကောင်းကင်သို့ထိုးတက်ပြီး သူ့အောင်မြင့်မှုကို ကြေညာသည်။
"နောက်တစ်ပွဲဆော့မယ်"
အောင်းလင်းက မကျေနပ်။ နောက်တစ်ကြိမ်တိုက်ခိုက်ချင်သည်။
"လုပ်လိုက်လေ"
ကျန်းလျန်ယိက အရှိန်ရနေသဖြင့် ယုံကြည်ချက်အပြည့်ရှိသည်။
"ခဏနေဦး၊ ကျားစေ့အသစ်တွေ မီးဖုတ်ပြီးပြီ။ အဟောင်းတွေကို အခုစားလို့ရပြီ"
ယွမ်မုန်မုန် ရုတ်တရက်လှမ်းပြော၍ အနီးမှ မုန့်ဖုတ်မီးဖိုဆီအမြန်ပြေးသွားသည်။
ယွမ်မုန်မုန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖန်တီးထားသည့် မီးဖိုဖြစ်သည်။ အထဲတွင် တောက်ပသည့် ရသာသုံးမျိုးမီးတောက်ရှိနေသည်။
မုန့်ဗန်းတစ်ခု ကိုဆွဲထုတ်သည်။ အဖြူရောင် အနက်ရောင် မုန့်ဝိုင်းငယ်များပြည့်နေသည်။ ထိုမုန့်များကို ကျားစေ့အဖြစ်လည်း အောင်လင်းနှင့်ကျန်းလျန်ယိတို့ သုံးသည်။
မုန်ထဲတွင် ပူဒီနာရွက်များထည့်ထားသဖြင့် ထူးကဲလတ်ဆတ်သည့် ရနံ့မျိုးရှိသည်။
နောက်ဆုံးကစားပွဲမှ မုန့်ဝိုင်းများကို ရှိနေသူအားလုံး မျှဝေစားသောက်ကြသည်။ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် မုန့်များကို ကျားခုံပေါ်တွင် ချက်ချင်းချပြီး နောက်ထပ်အကြိတ်အနယ် တိုက်ခိုက်ကြသည်။
"ဒီကစားနည်းက ပျော်စရာကောင်းသားပဲ"
ယွမ်မုန်မုန်က ပြောသည်။ ကစားပွဲကို အချိန်အတ်ောကြာ ကြည့်ခဲ့သော်လည်း သူမငြီးငွေ့နိုင်သေး။
"ဒါပေါ့။ ဒီကစားနည်းကို ကိုးဆမသေမျိုးတီထွင်ခဲ့တာလေ။ ယင်နဲ့ယန်ကို သဘောတရားတွေကို အခြေခံထားတယ်။ အတွေးအခေါ် အယူအဆတွေ အများကြီးစိုက်ထုတ်ခဲ့တာ။
ဒီကစားနည်း တီထွင်ပြီးတာနဲ့ အားလုံးကချီးကျူးခဲ့တယ်။ "အရှင်-၉၅"လို့ ခေါ်ကြတယ်"
နတ်မယ်က ပြောသည်။
လုယန်ပင် ကိုးဆမသေမျိုး၏ နာမည်ပြောင်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
လုယန်က ဝါရင့်အကြီးအကဲတစ်ယောက်လို လက်နှစ်ဘက်နောက်ပစ်၍ ကျားပွဲကိုကြည့်နေသည်။ ထိုစဉ် မုန်ကျင်းကျိုးက ကောင်းကင်ဂိတ်တောင်ထိပ်သို့ စိတ်အားထက်သန်စွာ တက်လာသည်။
"လောင်လု၊ တစ်ပွဲလောက် လက်ရည်စမ်းမလား"
"ဪ၊ ဒီလောက်ယုံကြည်မှုရှိနေတယ်ဆိုတော့ ပညာရပ်အသစ်တစ်ခုခု တတ်ထားလို့လား"
လုယန် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ လောင်မုန် ထိုသို့စိန်ခေါ်ရဲသည်ဆိုလျှင် သူလည်း လက်မခံနိုင်စရာမရှိ။
"စမ်းကြည့်တာပေါ့"
ကျားပွဲတစ်ဝက်တစ်ပျက်ဖြင့် သူထွက်လာခဲ့သည်။ လောင်မုန်နှင့်လက်ရည်စမ်းရသည်က ထိုထက်ပိုစိတ်ဝင်စားဖို့ကောင်းသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ခြားလူများလည်း သူနှင့် စိတ်ကူးချင်းတူနေသည်။
မသေမျိုးတစ်ဝက်များအားလုံး ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက်၏ တိုက်ပွဲကိုကြည့်ရန် ထွက်လာကြသည်။
နှစ်ယောက်သား နေရာယူသည်။ ကြေငြာစရာမလိုဘဲ ပြိုင်တူလှုပ်ရှားကြသည်။
"ရသာသုံးပါးမီးတောက်၊ ရွှေငှက်မီးတောက်"
"ဖီးနစ်မီးတောက်၊ သန့်စင်ယန်မီးတောက်"
(**ဖီးနစ်မီးတောက်သည် မုန်ကျင်းကျိုး ဓာတ်ငါးမျိုးဂိုဏ်းသို့သွားစဉ်က ရခဲ့ခြင်းဖြစ်သည်။ ယန်မီးတောက်နှင့် သဘောတရားချင်းတူသော်လည်း ကြမ်းတမ်းသည့်သဘာဝရှိသည်)
မီးတောက်စစ်လေးခု တိုက်ခိုက်မှုက အစပျိုးရုံသာဖြစ်သည်။ ဘယ်သူက ဘယ်သူ့မီးတောက်ကိုမှ မကြောက်။ မီးတောက်များကြားတွင် ထိပ်တိုက်ရင်ဆိုင်ကြသည်။
ရင်ဆိုင်တိုက်ခိုက်မှုနှင့် မီးတောက်ပေါက်ကွဲမှုပြင်းအားက ဟန်ချက်ညီညီဖြစ်ပေါ်နေသည်။
လောင်မုန် ပညာရပ်အသစ်တစ်ချို့ တတ်မြောက်ထားမည်ကို လုယန်ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ ရုပ်ခန္ဓာချင်းမယှဉ်နိုင်မှန်းသိသဖြင့် ချင်ဖုန်းဓားကိုဆွဲထုတ်ပြီး ခုတ်လိုက်သည်။ ဓားချီတစ်ခု ပေါက်ကွဲထွက်သွားသည်။
"ယား"
မုန်ကျင်းကျိုးက ဓားချီကိုမရှောင်။ ခုခံခြင်းလည်းမရှိ။ သူ့အကြည့်က ပိုစူးရှလာသည်။ လက်သီးတင်းတင်းဆုပ်၍ ဓားချီကို တိုက်ရိုက်ထိုးခွဲချေမွလိုက်သည်။
"လက်သီးချက်က ကောင်းသားပဲ"
လုယန် အော်ဟစ်ရယ်မော၍ ရှေ့သို့တက်သွားပြီး ဓားရိပ်ပေါင်းများစွာ ထုတ်လွှတ်သည်။ မုန်ကျင်းကျိုးက လက်သီးဖြင့် တုံ့ပြန်သည်။ ပြိုင်ဘက်ကင်းစွမ်းအင်ရောင်မျိုး ထွက်ပေါ်လာသည်။
သိပ်မကြာမီ မူမမှန်သည့်အချက်ကို လုယန်သတိထားမိသည်။ သူ့ဓားချီများက လက်သီးထဲသို့ အဆက်မပြတ်စီးဝင်နေခြင်းဖြစ်သည်။ မုန်ကျင်းကျိုး၏ လက်သီးပညာမျိုးစုံ သူမြင်ဖူးသည်။ ထိုလက်သီးပညာလောက် ဘယ်ပညာမှမပြည့်စုံ။
"ဒါက ဘယ်လိုလက်သီးပညာမျိုးလဲ"
မုန်ကျင်းကျိုး တဟားဟားအော်ရယ်နေသည်။ လက်သီးချက်များ ပိုပြင်းထန်လာသည်။
"မင်းထင်မထားဘူးမဟုတ်လား။ ဒါက ငါတံခါးပိတ်ကျင့်စဉ်ဝင်ပြီး တီထွင်ထားတဲ့ အဓိပဓိလက်သီးပညာပဲ။ အခုမှ မင်းနဲ့စမ်းသပ်ကြည့်နေတာ"
"ရုတ်တရက်ကြီး အရမ်းတိုးတက်လာပါလား လောင်မုန်။ မင်းလက်သီးက ငါ့ဓားကိုခံနိုင်ရည်ရှိမလား ကြည့်ရဦးမှာပေါ့"
လုယန် အတွေးဖြင့်ထိန်းချုပ်၍ ဓားနယ်မြေသန္ဓေ တည်ဆောက်လိုက်သည်။ ချင်ဖုန်းဓားနှင့်တူသည့် ဓားရိပ်ပေါင်းများစွာ ပေါ်လာပြီး လက်ထဲမှဓားနှင့်ပေါင်းစပ်သွားသည်။
"ဓားတစ်သောင်းဌာနေပြန်"
လုယန် အော်ဟစ်မာန်သွင်း၍ မုန်ကျင်းကျိုးကို ဓားဖြင့်ခုတ်သည်။
"အဓိပဓိလက်သီး"
မုန်ကျင်းကျိုး၏ဆံပင်များ လူးလွန့်လှုပ်ရှားနေသည်။ လက်သီးက ရွှေရောင်သန်းလာပြီး ချင်ဖုန်းဓားကို ထိုးချသည်။ ပြင်းထန်သည့်အားအရှိန်မျိုးပါဝင်သည်။
"ဖျောင်း"
လက်သီးပေါ်မှ ရွှေရောင်အရိပ်ကြေမွသွားသည်။ မုန်ကျင်းကျိုး နောက်သို့ ခြေနှစ်လှမ်းယိုင်သွားသည်။
"ဟား၊ မာန်တက်မသွားနဲ့။ ငါ့အဓိပဓိလက်သီးပညာက အဆင့်ဆယ်ဆင့်ရှိတယ်။ ခုနက အဆင့်တစ်ဖြစ်တဲ့'ကောင်းကင်ဆယ်ပါး'လက်သီးကိုပဲ သုံးလိုက်တာ။
ကျန်တဲ့ဆယ်ဆင့်ကို တီထွင်ပြီးရင် မင်းကိုငါထပ်စိန်ခေါ်မယ်"
ထိုသို့ပြောပြီးနောက် မုန်ကျင်းကျိုး လှည့်ထွက်သွားသည်။ ဤပွဲက သူ့လက်သီးပညာ၏စွမ်းအားကို စမ်းသပ်ရုံသာဖြစ်သည်။ ရှုံးသွားလည်း ကိစ္စမရှိ။
နိုင်သွားသော်လည်း လုယန်မပျော်နိုင်။ သူ့အနိုင်ရလိုက်သည်က ရှေးပညာရပ်များကြောင့်ဖြစ်သည်။ မုန်ကျင်းကျိူးက ကိုယ်ပိုင်ဖန်တီးထားသည့် လက်သီးပညာကို သုံးခဲ့သည်။
"ကျင့်စဉ်ပညာဖန်တီးတာ အသစ်အဆန်မှမဟုတ်တာ။ ငါလည်းလုပ်နိုင်ပါတယ်"
စိတ်ကိုပိုင်းဖြတ်လိုက်သည်။ ကိုယ်ပိုင်တီထွင်ထားသည့်ပညာဖြင့် အနိုင်ယူပြီးမှသာ မုန်ကျင်းကျိုးကို တကယ်နိုင်သည်ဟု သူသတ်မှတ်မည်။
ကျားစေ့မုန့်နှစ်ခုစားပြီးနောက် သူ့စ၍ကျင့်စဉ်ဝင်သည်။
ဓားပညာများအရ အဆင့်တူချင်းတွင် သူ့ကိုယှဉ်နိုင်သူမရှိ။ ဓားမျှော်စင်သခင်လို စုစည်းခြင်းအဆင့်များပင် သူ့ထက်နည်းနည်းသာမြင့်သည်။
သို့သော် ဓားတစ်လက်ဓားတစ်သောင်းပညာ၊ ဓားတစ်သောင်းဌာနေပြန်ပညာတို့သည် ရှိပြီးသားပညာရပ်များသာဖြစ်သည်။ သူ့ကိုယ်ပိုင်ပညာရပ်မျိုးမရှိ။
တတ်ကျွမ်းထားသည့် အခြေခံဓားပညာများကို ထိုဓာပညာများဖြင့် စိတ်ထဲတွင် ပေါင်းစပ်သည်။ ရင်ဆိုင်ခဲ့ရသည့် အင်အားကြီးရန်သူများ၏ ဓားပညာများနှင့် ပေါင်းစပ်သည်။
လှိုဏ်ဂူထဲတွင် ဓားပညာများကို သူ့ဆန်းစစ်လေ့လာနေသဖြင့် အောင်းလင်းတို့ ကျားကစားပွဲလည်း အသံတိတ်သွားသည်။ သူ့အတွေးကို နှောက်ယှက်မိမည် စိုးရိမ်ကြသည်။
အမှန်တော့ သူတို့အစိုးရိမ်လွန်နေခြင်းဖြစ်သည်။ ယခု လုယန်က ဓားပညာထဲတွင် အပြည့်အဝစိတ်နှစ်ထားသဖြင့် အပြင်လောကအနှောက်အယှက်များကို လုံးဝမဝင်နိုင်။
ဓားပညာပင်လယ်ထဲတွင် ကူးခတ်ရင်း သူနှင့်အကိုက်ညီဆုံး ဓားပညာတစ်ခုကို ရှာဖွေနေသည်။
ရုတ်တရက် အတွေးလမ်းစတစ်ခုပေါ်လာသည်။ ထိုလမ်းစကိုအမိဖမ်းဆုပ်၍ လမ်းကြောင်းဦးတည်ရာကို ချက်ချင်းရှာဖွေသည်။
ဓားပညာအတွေးလမ်းကြောင်းက သူ့စိတ်တွင်တဖြေးဖြေးထင်ရှားလာသည်။ သူ့ဓားပညာအသိများဖြင့် အားဖြည့်သည်။
အချိန်ကာလကို သူသတိမထားမိ။ သူမျက်လုံးများပွင့်လာချိန်တွင် မသေမျိုးဓားနှစ်လက်ကဲ့သို့ စူးရှတောက်ပနေသည်။
"ပြီးသွားပြီ။...လောင်မုန်၊ မင်းတစ်ယောက်ပဲ ကိုယ်ပိုင်ပညာ တီထွင်နိုင်တယ်ထင်နေတာလားကွ။
...နတ်မယ် ဒီဓားပညာကို ဘယ်လိုနာမည်ပေးရင် ကောင်းမလဲ"
နာမည်ပေးသည့်ကိစ္စတွင် သိပ်ပါရမီမပါသဖြင့် နတ်မယ်ကို သူအကြံတောင်းသည်။
"အင်း..ပဲဝါနိုင်ငံတော်ရဲ့ ကိုယ့်ဘာသာတီထွင်တဲ့ ပထမဆုံးဓားပညာဆိုတော့ ပဲဝါဓားပညာလို့ ခေါ်ကြတာပေါ့"
"ကောင်းပါပြီ။ ခင်ဗျားပြောတာ ကျုပ်လက်ခံတယ်။ ဒီဓားပညာကို မသေမျိုးဓားပညာလို့ ခေါ်ကြတာပေါ့"
နာမည်ပေးသည့်ကိစ္စ သူမကျွမ်းကျင်။ နတ်မယ်အကြံပြုသည့်နာမည်တိုင်းက ပြည့်စုံသယောင်ရှိသည်။
****************************
အခန်း (၁၁၁၉) ပဲဝါဓားပညာ
နတ်မယ် ဒေါသထွက်နေသည်။ သူ့သန္ဓေ၊ ချီနှင့် ဝိညာဉ်တို့ အတော်သက်သာကောင်းမွန်လာဟန်ရှိသည်။
"ပဲဝါဓားပညာလို့ ငါပြောနေတာလေ"
လုယန် နတ်မယ်ကို အရေးမစိုက်တော့ဘဲ အကြောတစ်ချက်ဆန့်လိုက်သည်။ ဤတစ်ကြိမ်ကျင့်စဉ်ဝင်သည်က အတော်ကြာခဲ့ဟန်ရှိသည်။ စိတ်ပင်ပန်းသည်။
သို့သော်ယခု ကိုယ်ပိုင်ဓားပညာတစ်ခု ဖန်တီးနိုင်ပြီဖြစ်၍ ထိုက်တန်ပါသည်။
အချိန်ဘယ်လောက်ကုန်သွားသည်မသိ။
သူ့လှိုဏ်ဂူတံခါးကိုဖွင့်လိုက်ချိန်တွင် နဂါးနှင့် ဖီးနစ်တို့ ကျားကစားနေဆဲ ယွမ်မုန်မုန်က မုန့်ဖုတ်နေဆဲ ကျင်းချိုင်ဝေက မှော်ဖန်လုံးကို လေ့လာနေဆဲဖြစ်သည်။
"ငါတံခါးပိတ်ကျင့်စဉ်ဝင်တာ အတော်ကြာခဲ့ရမှာမဟုတ်လား"
အပြင်ဘက်တွင် သူ့ကျင့်စဉ်မဝင်မီအခြေအနေနှင့် ဘာမှမကွာခြား။ သူလုံးဝကျင့်စဉ်မဝင်ခဲ့သလိုဖြစ်နေသည်။
"ထားပါတော့၊ ဒါက အရေးမကြီးဘူး။ လောင်မုန်ကို သွားတေါ့ရမယ်"
မုန်ကျင်းကျိုးက သူ့ရှေ့တွင် ကြွားလုံးထုတ်သွားသည်။ ယခု သူ့အလှည့်ဖြစ်သည်။
အသစ်လုပ်ထားသည့် မုန့်တစ်ဆုပ်ဆွဲယူ၍ ပျော်ရွှင်စွာထွက်လာခဲ့သည်။
သူ့သိစိတ်နယ်မြေသာ နတ်မယ်၏ 'ပဲဝါဓားပညာ'ဟု ရေရွတ်သံများ ပြည့်နေသဖြင့် သူနည်းနည်း အာရုံပျက်ရသည်။
မုန်ကျင်းကျို အိမ်တံခါးဝတွင် လောင်မုန်က ခြေနှစ်ချောင်းဖြင့်မတ်တပ်ရပ်၍ မြက်ခြောက်လှမ်းစင်ဖြင့် အရည်သွေးမြင့်မြက်ခြောက်များ လှမ်းနေသည်။
မီးတောက်စစ်သုံး၍ မြက်ကိုခြောက်အောင်လုပ်နိုင်သော်လည်း ထွက်လာသည့်မြက်ခြောက်က နည်းနည်းအရသာလျော့သည်။ သဘာဝရနံ့ကင်းမဲ့သည်။ နေလှမ်းမြက်ခြောက်နှင့် ယှဉ်၍မရ။
"လောင်မုန်က တံခါးပိတ်ကျင့်နေတုန်းလား"
မုန်ကျင်းကျိုး၏ လှိုဏ်ဂူတံခါး ပိတ်ထားသည်။ လောင်မာက မြက်ခြောက်လှန်းနေသည်။ အဝေးမှကြည့်လျှင် နည်းနည်းခြောက်ခြားစရာဖြစ်နေသည်။
"ကျုပ်ကူညီမယ်"
လက်တွင်ကပ်နေသည့် မုန့်အစအနများကို သုတ်ပြီးနောက် လောင်မာကိုကူ၍ မြောက်ခြောက်လှမ်းပေးသည်။
မုန်ကျင်းကျိုး ကျင့်စဉ်ဝင်ရာမှ ထွက်လာချိန်တွင် သူ့လှိုဏ်ဂူတံခါးရှေ့၌ ခြေချစရာပင် မရှိသလောက်ဖြစ်နေသည်။ အားလုံး မြက်လှမ်းစင်များပြည့်နေသည်။
"အဟား...ထွက်လာပြီပေါ့"
လုယန် ချင်ဖုန်းဓားကို ဝှေ့ယမ်းလိုက်သည်။ လောင်မုန်ကိုမြက်ခြောက်ကူလှမ်းပြီးချိန်နှင့် ကွက်တိကျသည်။
"မင်းငါ့ကို တမင်လာတွေ့တယ်ပေါ့။ မင်းလည်း ပညာတစ်ခုခု တီထွင်ထားတဲ့ပုံပဲ"
မာန်ဝင့်နေသည့် လုယန်မျက်နှာကိုကြည့်ရုံဖြင့် မုန်ကျင်းကျိုး တန်းသိသည်။
"ငါ့လက်သီးပညာလည်း ဒုတိယဆင့် ဖန်တီးပြီးတာနဲ့ ကွက်တိပါပဲ။ မြေကိုးပါးအဆင့်လေ"
ကိုးဆမသေမျိုး၏ ဂဏန်းသင်္ချာမသေမျိုးပညာက တကယ်အသုံးဝင်သည်ဟု မုန်ကျင်းကျိုး ယူဆသည်။ သူ့လက်သီးပညာရော ပညာအဆင့်ခွဲဖို့ပါ အဆင်ပြေသည်။ တိုက်ရိုက် ယူသုံးရုံသာဖြစ်သည်။
(ကိုးဆမသေမျိုး၏ ဂဏန်းသင်္ချာမသေမျိုးပညာ - ကပ်ဆိုးချီ(ကပ်ဆိုးတစ်)၊ ယင်နှင့်ယန်၊ ပါရမီသုံးပါး...ကောင်းကင်ဆယ်ပါး ငါသာအဓိပဓိဖြစ်သည်။ ပထမဆင့်၊ ဒုတိယဆင့်များကို နောက်ပြန်ရေတွက်သည်။)
"တိုက်ကြမယ်"
"လုပ်လိုက်လေ"
လောင်မုန်၏ မြက်ခြောက်များပျက်စီးမည်စိုးသဖြင့် တံခါးရှေ့တွင် မတိုက်ခိုက်ဘဲ ခပ်ဝေးဝေးတစ်နေရာသို့သွားသည်။
မုန်ကျင်းကျိုး အသက်နှစ်ကြိမ်အဝရှူ၍ စိတ်တည်ငြိမ်အောင်ထိန်းသည်။ လုယန်ကို ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်သည်။
"အဓိပဓိလက်သီးပညာဟာ အားလုံးရဲ့အထက်မှာရှိတယ်"
သူ့လက်သီး ရွှေရောင်သန်းလာပြီး ဘေးပတ်လည်သို့ အလင်းများဖြာထွက်သည်။ သမိုင်းတစ်လျှောက် ဘယ်ပါရမီရှင်မှ သူ့ကိုမမီ။ လုယန်ပင် ဖိအားတစ်ခုခံစားရသည်။
ထိုဖိအားကို လုယန်က စိတ်ခွန်အားအဖြစ်ပြောင်းသည်။ လောကတွင် ဘယ်သူမှမမြင်ဖူးသေးသည့် ဓားပညာကို ပြသသည်။
ဓားချီက သက်တန့်လို အရောင်လက်နေသည်။ ဖျက်ဆီး၍မရနိုင်။ ဓားအလင်းက ရောင်စုံရောယှက်နေသည်။ မိုးမြေကြားတွင် မထိုးဖောက်နိုင်သည့် ကြောက်စရာကွန်ယက်တစ်ခုလို မုန်ကျင်းကျိုးကို လွှမ်းခြုံသွားသည်။
"ကောင်းတယ်ကွာ"
မုန်ကျင်းကျိုးကြွက်သားများ ဖောင်းထလာသည်။ ထွက်လာသည့်ချွေးများ ချက်ချင်းအငွေ့ပျံသွားသည်။ ခြေလှမ်းတိုင်းက ဖိအားတစ်ခုပါသည်။ သေမင်းလက်သီးမှ လက်သီးရိပ်များဖြစ်လာပြီး လုယန်၏ဓားရိပ်ကွန်ယက်ကို ထိပ်တိုက်ရင်ဆိုင်သည်။
လက်သီးကိုအဆက်မပြတ်ဝှေ့ယမ်းသည်။ ဓားရိပ်ပေါင်းထောင်ချီ ကြေမွသွားသည်။
"အတော်အားကောင်းတဲ့ဓားပညာပဲ။ နာမည် ဘယ်လိုခေါ်လဲ"
လုယန် မစဉ်းစားပဲ ပြောထွက်သွားသည်။
"ပဲဝါဓားပညာ"
ပြောလိုက်ပြီးမှ မှားသွားမှန်းသိလိုက်သည်။ သူကျင့်စဉ်ဝင်ရာမှထွက်လာကတည်းက သူ့သိစိတ်နယ်မြေတွင် နတ်မယ်က 'ပဲဝါဓားပညာ'ဆိုသည့်စကားကို အထပ်ထပ်ပြောနေခဲ့သည်။
ထိုစကားလုံးကို မတွေးမိအောင် ကြိုးစားသော်လည်း တစ်ခြားတစ်ယောက်က မေးလာချိန်တွင် အလိုလိုပြောထွက်သွားသည်။
နတ်မယ် ပျော်ရွှင်နေသည်။ ရှောင်ယန်က သူရွေးသည့်နာမည် ပိုကောင်းသည်ကို လက်ခံသည်။
သမိုင်းရေးဝန်ကြီးချင်ဟဲက အရာအားလုံးကို သေချာမှတ်တမ်းတင်သည်။
ပဲဝါအင်ပါယာတော်ဝင်မှတ်တမ်းအရ အင်ပါယာလုယန် ပထမဆုံး လက်သီးပညာဖန်တီးချိန်တွင် 'ပဲဝါဓားပညာ'ဟူသည့်နာမည်ကို ပဲဝါအင်ပါယာက ချီးမြှင့်ခဲ့သည်။
အင်ပါယာလု ထိုနာမည်ကို သံသယဝင်သဖြင့် အစပိုင်းတွင် တော်ဝင်အမိန့်ကို လက်မခံရဲ။ အချိန်ကြာလာသည်နှင့်အမျှ ပဲဝါအင်ပါယာ၏ ရည်ရွယ်ချက်ကို နက်နက်နဲနဲသုံးသပ်မိသည်။
နောက်ဆုံးတွင် ဓားပညာအနှစ်သာရကို သူသဘောပေါက်နားလည်လာသည်။ ထို့ကြောင့် မူလအတွေးများစွန့်ပယ်၍ တော်ဝင်အမိန့်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုဓားပညာကို ပဲဝါဓားပညာဟု အမည်ပေးခဲ့သည်။
"မဟုတ်ဘူး၊ ဒီပညာက မသေမျိုးဓား..."
"ပဲဝါဓားပညာတဲ့လား။ သိပ်ကောင်းတာပေါ့။ ဒါကိုရင်ဆိုင်ကြည့်စမ်း"
မုန်ကျင်းကျိုး လုယန်ကို ရှင်းပြခွင့်မပေး။ မြေကိုးပါးလက်သီးဖြင့် ချက်ချင်းတိုက်ခိုက်သည်။
တစ်ချိန်တည်းမှာပင် ဓားအလင်းပေါက်ကွဲထွက်လာပြီး မုန်ကျင်းကျိုးကို ရိုက်ခတ်သည်။ မိုးမြေကြားတွင် ကပ်ဆိုးများဖန်တီးသည်။ မုန်ကျင်းကျိုးလက်သီးချက်များက ဓားအလင်းကို ဇယ်ဆက်မပြတ်ချိုးဖျက်သည်။
"အဟွတ် အဟွတ်"
မြေကိုးပါး လက်သီးချက်ကြောင့် လုယန်အခက်တွေ့လာသည်။ သူအသစ်နားလည်ထားသည့် မသေမျိုးဓားပညာက လေ့ကျင့်ထားသည့် အဓိပဓိလက်သီးနှင့်ယှဉ်လျှင် နည်းနည်းနိမ့်နေသည်။
"မင်းနိုင်ပြီလို မထင်နဲ့ဦး။ ငါ့ဓားပညာက အဆင့်ဆယ့်နှစ်ဆင့်ရှိတာ။ အခုမှပထမအဆင့်ပဲသုံးသေးတာ"
"ဒါဆို နောက်ထပ်ဆယ့်တစ်ဆင့်ကို မင်းသုံးနိုင်ရင်သုံးလေ"
"မင်းလည်း ကျန်တဲ့လက်သီးအဆင့်တွေ သုံးနိုင်ရင်သုံးလေ"
တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေသည်။ နောက်ဆက်တွဲ တိုက်ကွက်များက လက်တန်းဖန်တီးထားသည့် အပြသက်သက်သာဖြစ်သည်။
"လာစမ်းပါ"
မုန်ကျင်းကမျိုးမျက်လုံးများက လျှပ်စီးလိုတောက်ပနေသည်။ ဓားချက်များကို တည်ငြိမ်စွာ ရင်ဆိုင်သည်။ သူ့လက်သီးချက်တိုင်းက ဓားရိပ်တိုင်းကို ချေဖျက်နိုင်သည်။ ချင်ဖုန်းဓားပင် လွင့်ထွက်သွားသည်။
ကြောက်စရာစွမ်းအင်လှိုင်းများ ဆူနာမီကဲ့သို့ ဘေးပတ်လည်သို့ လိမ့်ထွက်သွားသည်။
မသေမျိုးဓားပညာက နုနယ်သေးသည်။ လုယန် ခံစစ်အနေအထားသာရှိသည်။
သူ့ဓားပညာဟာကွက်များကို လုယန်တည်ငြိမ်စွာ သုံးသပ်သည်။ မသေမျိုးဓားပညာသည် သူနားလည်ထားသမျှ ပြိုင်ဘက်ကင်းဓားပညာအတွေးအမြင်များ ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူ့ဓားချက်က ထိုမျှသာစွမ်းသလော...
မဟုတ်သေး၊ ဓားပညာတစ်ခုတည်း မသုံးသင့်။ သူကျင်လည်သည့် မှော်ပညာစွမ်းရည်များ မပေါင်းစပ်ရသေး။ အကောင်းဆုံးဓားချက်မဟုတ်သေး။
သူနားလည်သွားသည်။ မုန်ကျင်းကျိုး၏ လက်သီးအရှိန်ကိုအားပြု၍ နောက်ဘက်ခပ်ဝေးဝေးသို့ ခုန်ဆုတ်သွားသည်။ ချင်ဖုန်းဓားကို ဘေးသို့လွှင့်ထားလိုက်ပြီး မုန်ကျင်းကျိုးကို လက်ဗလာဖြင့်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
မုန်ကျင်းကျိုး အော်ရယ်သည်။
"လောင်လု၊ မင်းခန္ဓာကိုယ်စွမ်းအားကို ယုံကြည်ချက်လွန်ကဲနေတာလား။ မင်းခန္ဓာကိုယ်က စုစည်းခြင်းအဆင့်လောက်ပဲ ရှိတာပါ။ ငါနဲ့ယှဉ်လို့မရသေးပါဘူး"
လုယန်နှင့်တိုက်ခိုက်ရခြင်းဖြစ်၍ မုန်ကျင်းကျိုး လုံးဝမညှာ။ အဓိပဓိလက်သီးချက်များက ပို၍ကြမ်းတမ်းလာသည်။
သို့သော် ရင်ဆိုင်တွေ့သည်နှင့် မူမမှန်သည့်အချက်ကို သူသတိပြုမိသည်။ လုယန်တစ်ကိုယ်လုံး ဓားချီများဖုံးလွှမ်းနေသည်။ ခန္ဓာကိုယ်ချင်းထိချိန်တွင် အပ်ချွန်များဖြင့် ထိတွေ့သလို ခံစားရသည်။
..ငါသခင်လေးလက်သီးကို ဒီလိုနည်းနဲ့ ကာကွယ်လို့ရမယ်ထင်နေလား...
မုန်ကျင်းကျိုး၏ ရွှေရောင်လက်သီးများ ပို၍တောက်ပလာသည်။ ရွှေလက်သီးစစ်စစ်လိုဖြစ်လာသည်။
လုယ်၏လှုပ်ရှားမှုများ တဖြေးဖြေးထူးဆန်းလာသည်။ ဓားပညာအားလုံး ပေါင်းစပ်နေသလို ထင်ရသည်။ လုယန်ကို တိုက်ခိုက်နေရခြင်းမဟုတ်ဘဲ ဓားတစ်လက်ကို တိုက်ခိုက်နေရသလို မုန်ကျင်းကျိုးခံစားရသည်။
"မဟုတ်သေးဘူး"
လုယန်ရည်ရွယ်ချက်ကို သူချက်ချင်းနားလည်သွားသည်။ သို့သော် သူတားဆီးနိုင်စွမ်းမရှိ။
"ချင်ဖုန်းအရိပ်တုလက်သီး"
လုယန် အရိပ်တုလက်သီးကို ချင်ဖုန်းဓားပုံစံအသွင်ပြောင်းလိုက်သည်။
ချင်ဖုန်းဓားကို ရှည်ထွက်နေသည့် သူ့လက်လို အသုံးပြုနိုင်သည်။ သို့သော် ဓားက ပြင်ပပစ္စည်းဖြစ်သည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းမဟုတ်။
ယခု သူကိုယ်တိုင်က ချင်ဖုန်းဓားဖြစ်လာသည်။ မသေမျိုးဓားပညာ၏ စွမ်းအားကို အပြည့်အဝထုတ်သုံးနိုင်သည်။
"သက်ရှိဓားပညာပဲ"
မုန်ကျင်းကျိုး နာမည်တစ်ခုတွေးမိသည်။
"သောက်တလွဲမပြောနဲ့။ ဒါက ဓားခန္ဓာပညာကွ"
လုယန် မုန်ကျင်းကျိုးကို ထိပ်တိုက်ရင်ဆိုင်သည်။
ဓားခန္ဓာလုယန်နှင့် ရင်ဆိုင်ချိန်တွင် ကြီးမားသည့်ဖိအားကို မုန်ကျင်းကျိုးခံစားရသည်။ ထိုပညာက တကယ်ကြောက်စရာကောင်းသည်။
ဓားစွမ်းအားက နောက်တစ်ဆင့်ခုန်တက်သွားသည်။ ခံစစ်အနေအထားသို့ နောက်တစ်ကြိမ်သူပြန်ရောက်လာသည်။
သို့သော် သူထိတ်လန့်ခြင်းမရှိ။ ဟာကွက်များကို သုံးသပ်နေသည်။ လုယန်က ဓားစွမ်းအားကို ယာယီတိုးမြှင့်နိုင်လျှင် သူလည်းထိုသို့လုပ်နိုင်ရမည်။
အဓိပဓိလက်သီးစွမ်းအားကို သူအပြည့်အဝမထုတ်နိုင်သေးဟု ခံစားရသည်။
မှန်သည်။ သူ့စိတ်အခြေအနေသည် အဓိပဓိအဆင့်သို့ မရောက်သေး။
မုန်ကျင်းကျိုး နားလည်သွားသည်။ အသက်ကိုဝအောင်ရှူလိုက်သည်။ သူ့ဟန်ပန် လုံးဝပြောင်းလဲသွားသည်။ နတ်ဘုရားတစ်ပါးလိုဖြစ်လာသည်။
သက်ရှိအားလုံးကို ပုရွက်ဆိတ်လို သဘောထားသည်။ ရှေးဟောင်းခေတ်၏ တားမြစ်စကားလုံးများကို သူရေရွတ်သည်။
"ငါက ကောင်းကင်ဆန္ဒနဲ့မွေးလာတာကွ။ ငါမသေမျိုးကို ဆန့်ကျင်တဲ့လူတွေ သေရမယ်"
"ဝုန်း"
မုန်ကျင်းကျိုးလက်သီးက မယုံနိုင်စရာစွမ်းအားမျိုးဖြင့် တိုးဝင်သွားသည်။ လုယန် နောက်သို့ယိုင်ထွက်သွားသည်။
မုန်ကျင်းကျိုး စိတ်လှုပ်ရှားလာသည်။ မှန်သည်။ မသေမျိုးအဆိုအမိန့်များက တကယ်စွမ်းအားကြီးသည်။
အဆိုအမိန့်တစ်ခု ရွတ်ဆိုလိုက်ပြီးနောက် သူ့စွမ်းအင်ရောင် ပြောင်းလဲသွားသည်။
ဓားခန္ဓာလုယန် မုန်ကျင်းကျိုးနှင့် နောက်တစ်ကြိမ်ရင်ဆိုင်သည်။
မလှမ်းမကမ်းတွင် လောင်မာက မြက်ခြောက်ဝါးရင်း သစ်ပင်တစ်ပင်၌မှီ၍ လူမဟုတ်သည့်လုယန်နှင့် ပေါက်တတ်ကရစကားများ အော်ဟစ်နေသည့် မုန်ကျင်းကျိုးကို ကြည့်နေသည်။
ထိုနှစ်ယောက်၏ တိုက်ခိုက်နည်းများက နည်းနည်းကြောင်တောင်တောင်နိုင်သည်ဟု တွေးမိသည်။
*************************