အခန်း (၁၁၂၀-၁၁၂၂)
Vol. 75 Ch. 1120-1122
အခန်း (၁၁၂၀) အပြန်အလှန် တိုးတက်မှု
"ဓားတစ်သောင်းဌာနေပြန်"
လုယန်က ဓားဖြစ်လာသည်။ ခန္ဓာကိုယ်ကို ဖျတ်ခနဲလှည့်လိုက်သည်။ ချင်ဖုန်းဓားရိပ်တစ်သောင်း ထွက်သွားသည်။ အတုအစစ်ခွဲမရ။ ဓားလှောင်အိမ်တစ်ခုဖြစ်လာပြီး မုန်ကျင်းကျိုးကို ချုပ်နှောင်သည်။
"သေမျိုးတွေကများ ငါ့ကိုလာထိရဲတယ်ပေါ့။ သေလိုက်စမ်း"
မုန်ကျင်းကျိုး၏ တုံ့ပြန်မှုက ခြောက်ခြားစရာကောင်းသည်။ သူ့ကျင့်စဉ်အဆင့်ထက် ပိုမြင့်သည့် စွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်နေသည်။ သူ့လက်သီးကြောင့် ချင်းဖုန်းဓားရိပ်များစွာ လွင့်ထွက်သွားသည်။
ဓားရိပ်များက အဆုံးမရှိ။ မကုန်မခန်းနိုင်။ မုန်ကျင်းကျိုး ဘယ်လောက်ဖျက်ဖျက် ဓားရိပ်အသစ်များ ပြန်ဖြည့်၍ သူ့ဆီနောက်ထပ် ဝဲပျံလာသည်။
မုန်ကျင်းကျိုး သတိမထားမိသည့် တစ်ချက်ရှိသည်။ ဓားလုယန်က ဓားရိပ်များနှင့်ရော၍ သူ့အနားသို့ရောက်လာသည်။ သို့သော်မတိုက်ခိုက်။ သူ့ဘေးပတ်လယ်တွင် စက်ဝိုင်းများဆွဲနေသည်။
"မြေပြင်ထောင်ဆွဲပညာပဲ"
မုန်ကျင်းကျိုး တီးတိုးရေရွတ်သည်။ ထိုသကောင့်သားအကွက်ထဲ သူကျသွားသည်။ တစ်ကိုယ်လုံး အောက်သို့ကျွံကျ၍ မည်းမှောင်နေသည့် မြေတိုက်ခန်းထဲ ရောက်သွားသည်။ အထက်အောက်ဘယ်ညာ ခွဲခြားမရ။
"မြေတိုက်တစ်ခုလောက်နဲ့ ငါ့ကိုအကျဉ်းချရဲတယ်ပေါ့။ ငါ့လက်သီးက အဓိပဓိကွ"
"ဘုန်း ဘုန်း ဘုန်း"
ထိုးဖောက်မရနိုင်သည့် မြေတိုက်နံရံတွင် လက်သီးပုံများ ရုတ်တရက်ပေါ်လာသည်။ ထို့နောက် ပေါက်ကွဲထွက်သွားသည်။
မုန်ကျင်းကျိုး မြေကြီးထဲမှ ခုန်ထွက်လာသည်။
သို့သော် အလင်းကိုမမြင်ရမီ ဓားလုယန်က ဝင်ခုတ်သည်။ ဓာခန္ဓာဖြင့် တိုက်ရိုက်ခုတ်ခြင်းဖြစ်သည်။
မုန်ကျင်းကျိုးက လက်နှစ်ဘက်ပူး၍ ဓားထိပ်ဖျာကို ဖမ်းဆုပ်လိုက်သည်။ လုယန်၏ ဦးခေါင်းကို မြဲမြဲချုပ်ထားသည်။
လုယန် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ မုန်ကျင်းကျိုးမလွှတ်လျှင် ထက်မြက်သည့်ဓားသွားက သူ့လက်ကိုဖြတ်မည်။
မုန်ကျင်းကျိုး အတွေးတစ်ခုချက်ချင်းရလာသည်။ လက်ကိုမလွှတ်ဘဲ ဓားလုယန်နှင့်အတူ ခန္ဓာကိုယ်ကိုလှည့်လိုက်သည်။ လေထဲတွင် လူနှင့်ဓား လျှင်မြန်စွာလှည့်ပတ်နေသည်။
အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လှည့်ပတ်ပြီးမှ ရပ်သွားသည်။
နောက်ဆုံးတွင် မသေမျိုးဓားပညာက နည်းနည်းနိမ့်နေသဖြင့် လုယန် ခြေတစ်လှမ်းနောက်ကျပြီး မုန်ကျင်းကျိုးကို ရှုံးသွားသည်။
"ဟားဟားဟား၊ ဘယ်လိုလဲ လောင်လု။ ငါနိုင်သွားပြီမဟုတ်လား"
ယခုမှ လုယန်ကို တစ်ကြိမ်အနိုင်ရခြင်းဖြစ်၍ မုန်ကျင်းကျိုး အတော်စိတ်ကျေနပ်နေသည်။ နန်းမြို့တော်တွင်သာဆိုလျှင် နေရာစုံမှ မိတ်ဆွေများကိုဖိတ်ခေါ်၍ သုံးရက်လုံးလုံး စားသောက်ပွဲကျင်းပ၍ အောင်ပွဲခံမိမည်။
"မင်းစောင့်နေပါ။ ဒုတိယဓားကွက် ငါဖန်တီးပြီးရင် မင်းကိုလာတွေ့မယ်"
လုယန် မကျေမနပ်ပြန်ပြောပြီး လှိုဏ်ဂူသို့ပြန်၍ စိတ်နှစ်ကိုယ်နှစ် တံခါးပိတ်ကျင့်ကြံသည်။
....
"ဖျောင်း"
လုယန် ဒုတိယမသေမျိုးဓားကွက်ကို နားလည်သည်နှင့် မုန်ကျင်းကျိုးကို ရန်ကြွေးသွားရှင်းသည်။ အပြင်းအထန် တိုက်ခိုက်ပြီးနောက် သူ့နောက်ဆုံးဓားချက်က မုန်ကျင်းကျိုး၏ ခံစစ်ကို ချိုးဖျက်နိုင်ခဲ့သည်။
မုန်ကျင်းကျိုး ရှုံးသွားသည်။
"ဟေ့ လောင်မုန်၊ လေးငါးဆယ်ကွက်ပဲ တိုက်ခိုက်ရသေးတယ်။ မင်းဘယ်လိုလုပ်ရှုံးသွားတာလဲ။ မင်းလက်သီးပညာက သိပ်မစွံပါဘူး"
အသာစီးရလိုက်သဖြင့် လုယန် စိတ်သက်သာရာရသွားသည်။ ဗုဒ္ဓနိုင်ငံတွင်သာရှိခဲ့လျှင် လောင်မုန်ကို သုံးရက်သုံးည ဆန်ပြုတ်ကျွေးမိပေလိမ့်မည်။
"ထွီ၊ မင်းစောင့်နေပါ။ အရိုင်းရှစ်ပါးလက်သီးကို အဆင့်မြင့်ပြီးရင် မင်းကိုလာလက်စားချေမယ်။
မုန်ကျင်းကျိုး တံခါးပိတ်ကျင့်စဉ်ဝင်သည်။
......
"ငါ့လက်သီးက အဓိပဓိပဲကွ။ လောင်လု၊ မင်းကို အပြစ်တင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် မင်းဓားပညာက သိပ်စံရည်မမီဘူး။ ငါ့လက်သီးဒဏ်ကိုတောင် မခံနိုင်ဘူးလေ"
"မင်းစောင့်နေပါ။ နောက်တစ်ခါ မင်းသေချာပေါက်ရှုံးစေရမယ်။ ငါ့ဓားပညာက ဟာကွက်ကို ငါနားလည်ပြီးပြီ။ ငါ့ဓားချက်ဆယ့်နှစ်ကွက်ကို မင်းသေမတတ်ကြောက်သွားစေရမယ်"
.....
"လောင်လု၊ မင်းစောင့်နေပါ.."
"လောင်မုန်၊ မင်းအပျော်မစောပါနဲ့ဦ..."
"လောင်လု၊ မင်းမာန်တက်မနေနဲ့..."
သူတို့နှစ်ယောက်ပြိုင်ပွဲက ကြမ်းတမ်းလာသည်။ ကိုယ်ပိုင်တိုက်ခိုက်ရေးပညာဖြင့် တစ်ယောက်ကိုတစ်ယောက် အသာစီးရဖို့ကြိုးစားကြသည်။
အစပိုင်းတွင် အကြမ်းထည်ဖြစ်နေသည့် တိုက်ကွက်များက တိုက်ခိုက်ရင်းဖြင့် အလျင်အမြန် ချောမွေ့လာသည်။ ဟာကွက်များပြင်ဆင်ရင်း တဖြေးဖြေးတိုးတက်လာသည်။
""ဒီတစ်ခါလည်း ငါပဲနိုင်တာမဟုတ်လား"
ပြီးခဲ့သည့်တိုက်ပွဲအကြောင်း ပြန်စဉ်းစားရင်း မုန်ကျင်းကျိုး အတော်ကျေနပ်နေသည်။ ထို့ကြောင့် ချက်ချင်းကျင့်စည်မဝင်နိုင်သေး။
"သူက သူ့ဓားပညာကို တစ်ခါတည်းအပြီးထိ သန့်စင်ချင်တာဖြစ်မယ်။ နောက်တစ်ကြိမ် လောင်လုမနိုင်အောင် ငါသေချာကြိုးစားရမယ်"
မုန်ကျင်းကျိုး ပျော်ရွှင်စွာ တံခါးပိတ်ကျင့်စဉ်ဝင်သည်။ မေ့ပျောက်ဆေးတစ်လုံးသောက်သည်။ ချက်ချင်းစိတ်တည်ငြိမ်သွားသည်။ သူ့လက်သီးပညာကို စိတ်ထဲတွင် သုံးသပ်သည်။
အစောပိုင်းတိုက်ပွဲများတွင် ဟာကွက်မရှိသလိုထင်ရသည့် တိုက်ကွက်များက ဟာကွက်ပေါ်လာသည်။
"အင်း..ငါဒီလို ဒီတစ်ကွက်မှာ အားသုံးတိုက်ခိုက်ဖို့လိုတယ်။ ဒါမှ လောင်လု တန်ပြန်မတိုက်နိုင်မှာ။ ခြေလှမ်းပုံစံတွေလည်း ပြင်ဆင်ရမယ်။ တောင့်တင်းလွန်းနေတယ်။ မသွက်လက်ဘူး"
ကျင့်ကြံမှုဆိုသည်မှာ အချိန်သတ်မှတ်ချက်မရှိ။ လက်သီးပညာများကို သူဘယ်လောက်ကြာအောင် လေ့လာမိနေသည်မသိ။ လက်သီးတိုက်ကွက်များ အံ့မခန်းတိုးတက်လာသည်။
သူသတိမထားမိလိုက်ဘဲ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်သို့ ရောက်လာသည်။ အဆင့်တက်ဖို့ အတွေးတစ်ချက်သာ လိုတော့သည်။
ယခု ရေအပြည့်ရှိသည့် ပုလင်းတစ်လုံးလို သူခံစားရသည်။ နည်းနည်းလှုပ်လိုက်ရုံဖြင့် ရေများလျှံကျလာတော့မည်။
"အောင်မြင်ပြီကွ"
မုန်ကျင်းကျိုး ဤတစ်ကြိမ်ကျင့်စဉ်ဝင်ရာတွင် သိသိသာသာ အကျိုးထူးခဲ့သည်။ သူ့ခန္ဓာကိုယ် နည်းနည်းမတည်မငြိမ်ဖြစ်လာသည်ကို သတိထားမိသည်။
"ငါလေဟာနယ်အဆင့်ကို တက်တော့မှာလား"
သူပျော်သွားသည်။ လက်သီးပညာလည်း တိုးတက်ခဲ့သလို အဆင့်လည်းတက်တော့မည်။ အကျိုးကျေးဇူးနှစ်ဆခဲ့သည်။
"တံခါးပိတ်ကျင့်ပြီး ကောင်းကင်ဆင်းရဲဖြတ်ဖို့ အချိန်ကျပြီ"
ယခု မသေမျိုးအဆိုအမိန့်ကျမ်းကို နောက်ပြန်ရွတ်နိုင်လောက်အောင် ကျွမ်းကျင်နေပြီဖြစ်သည်။ ယန်ထန်မသေမျိုး၏ အကူအညီလည်းရလျှင် ကောင်းကင်ဆင်းရဲဖြတ်သည့်ကိစ္စက ဘာမှခက်မည်မဟုတ်။
"လောင်လုက ငါ့ထက်ခြေတစ်လှမ်းနောက်ကျသွားပုံပဲ။ လေဟာနယ်သန့်စင်အဆင့်ကို ငါအရင်တက်ရတော့မယ်"
မုန်ကျင်းကျိုး ကျောက်တံခါးကို တွန်းဖွင့်လိုက်သည်။ မှုန်ရီနေသည့်ကောင်းကင်သည်ပင် ထူးထူးခြားခြားလှပနေသလို ခံစားရသည်။
ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်လိုက်သည်။ ကောင်းကင်ဆင်းရဲကို ကြိုဆိုရန်ပြင်နေစဉ် သူ့တပည့်လုယန် ဝမ်းသာအားရပြေးလာသည်ကို တွေ့လိုက်ရသည်။
လုယန်က ယွမ်မုန်မုန် တီထွင့်ထားသည့် မုန့်အမျိုးစားသစ်တစ်ခုကို ကိုင်ထားသည်။
"လောင်မုန်၊ ငါအသစ်နားလည်ထားတဲ့ ဓားကွက်တစ်ခု မင်းကိုပြမယ်"
မုန်ကျင်းကျိုး မပွင့်တပွင့်ပြုံးလိုက်သည်။
"လောင်လု၊ မင်းနဲ့ငါက အဆင့်ချင်းမတူတော့ဘူးကွ"
လုယန်မျက်နှာမှအပြုံးများ ချက်ချင်းရပ်တန့်သွားသည်။
"မင်းအဆင့်တက်တော့မှာလား"
"ဒါပေါ့"
မုန်ကျင်းကျိုးက အထက်ကောင်းကင်တွင် လျင်မြန်စွာစုဝေးလာသည့် တိမ်မည်းများကို လက်ညှိုးထိုးပြသည်။
လုယန်အကြီး အကျယ်မျက်နှာပျက်သွားပြီး နောက်လှည့်ပြေးသည်။ သူလည်းအစကတည်းက အဆင့်တက်နိုင်သည့် အခြေအနေရောက်ခဲ့သည်။
ကောင်းကင်ဆင်းရဲရင်ဆိုင်ရမည်ကို ကြောက်သဖြင့် ကျင့်စဉ်အဆင့်တမင်ထိန်းချုပ်ထားခြင်းဖြစ်သည်။ နောက်ထပ်ရက်ပိုင်းလောက် အချိန်ထပ်ဆွဲဖို့ တွေးထားခဲ့သည်။
သို့သော် လောင်မုန်က စောစောစီးစီး ကောင်းကင်ဆင်းရဲကို ဆင့်ခေါ်မည်ဟု သူမထင်ခဲ့။
ယခု သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ လှုပ်ရှားနေသည်။ ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။
စုစည်းလာသည့် ကောင်းကင်ဆင်းရဲစွမ်းအားက သူအဆင့်တက်အောင် တွန်းအားပေးနေခြင်းဖြစ်သည်။
"အဲ လောင်လု၊ မင်းလည်း အဆင့်တက်တော့မှာလား"
လုယန်၏ထူးခြားချက်ကို မုန်ကျင်းကျိုး သတိထားမိသည်။ သူ့နှင့်အခြေအနေတူဖြစ်နေသည်။
အစကတည်းက မည်းမှောင်နေသည့် တိမ်တိုက်များက ပိုသိပ်သည်းလာသည်။ နောက်ထပ်တိမ်တိုက်အသစ်များ အလုံးအရင်းဝင်လာသည်။
"ဒါဆိုလည်း ကောင်းကင်ဆင်းရဲကို အတူရင်ဆိုင်ကြတာပေါ့"
"ဂျိန်း"
မိုးခြုန်းသံ ဟိန်းထွက်သွားသည်။ တိမ်မည်းများနောက်တွင် လျှပ်စီးအလင်းများ ပေါ်လာသည်။ မုန်ကျင်းကျိုး စိတ်အားတက်ကြွနေသည်။
"ကောင်းကင်ဆင်းရဲကို တစ်ယောက်ချင်းရင်ဆိုင်တာက ပိုကောင်းမယ်ထင်တယ်"
လုယန် သူ့ဘာသာတီးတိုးရွေရွတ်ပြီး မုန်ကျင်းကျိုးအနားမှ မသိမသာခွာသွားသည်။ ကောင်းကင်ဆင်းရဲကို အတူရင်ဆိုင်မည့်စိတ်ကူးက လုံးဝမကောင်းနိုင်။
"လာစမ်းပါ။ အတူလုပ်ကြတာပေါ့"
မုန်ကျင်းကျိုးက လုယန်ကို အလွတ်မပေး။ လုယန်ရှိနေလျှင် ကောင်းကင်ဆင်းရဲဖြတ်ရသည့် အခက်အခဲက သေချာပေါက်ပိုလျော့ပါးသွားမည်။
ထိုစဉ် ကောင်းကင်မှလျှပ်စီးက ထိုးဆင်းလာသည်။
.....
လသံလွင်နန်းတော်။ ရှေးဟောင်းလက်စွပ်နက်။
လေထဲတွင် ဝဲပျံနေသည့် ယင်လုန်အရှင်၏မျက်နှာမှ အပြုံးများက ဖုံးဖိမရအောင် ဝေဆာနေသည်။
ထိုအဖြစ်ကိုကြည့်၍ ကျင်းဟုန် နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူ့ဆရာသည် အလွန်မျက်နှာထား တည်ကြည်သူဖြစ်သည်။
"ဆရာ၊ ပျော်စရာကိစ္စတစ်ခုခုရှိလို့လား"
ယင်လုန်ကပြုံး၍ သူ့တပည့်ဦးခေါင်းကို လက်ဖြင့်ပွတ်သည်။
"ဟုတ်တယ်။ ကောင်းတဲ့ကိစ္စတစ်ခု ပေါ်လာပြီ။ မင်းဆရာ ခရီးတစ်ခုထွက်ဦးမယ်"
ယင်ထန်မသေမျိုး လက်စွပ်နက်ထဲမှထွက်သည်။ လနန်းတော်မှလူများ တစ်ယောက်မှ သတိမထားမိကြ။
လျှပ်စီးအရိယဖလသန္ဓေကို အသက်သွင်း၍ သူ့စိတ်ဝိညာဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းအထက်မှ ကောင်းကင်ဆင်းရဲနှင့် ချိတ်ဆက်လိုက်သည်။
"ဟား..နှစ်ယောက်လုံးရှိနေတာပဲ။ ပြည့်စုံသွားတာပေါ့။ ဝိညာဉ်ပြောင်းအဆင့်မှာ နံပတ်တစ်ဖြစ်တဲ့ ချန်ကောင်းကင်လျှပ်စီးနဲ့ သွေးပူလေးစလိုက်ကြတာပေါ့"
****************************
အခန်း (၁၁၂၁) ထိပ်ဆုံးအဆင့် ကောင်းကင်လျှပ်စီး
"တစ်ယောက်ယောက် အဆင့်တက်တော့မယ်ဟေ့"
တာအိုလမ်းစဉ်ဂိုဏ်းဝင်အားလုံး ကောင်းကင်သို့ မော့ကြည့်ကြသည်။ နက်မှောင်သိပ်သည်းသည့် တိမ်တိုက်များ ကောင်းကင်တွင်ပြည့်နေသည်။ ကျင့်စဉ်အဆင့်မြင့်သူတစ်ယောက် အဆင့်တက်တော့မည့်လက္ခဏာဖြစ်သည်။
"အဲဒါ ညီလေးမုန်လှိုဏ်ဂူဆီက မဟုတ်လား။ သူက ဝိညာဉ်ပြောင်းအဆင့်ကို တက်တော့မှာပဲ"
"ဒုခေါင်းဆောင် ဘာလို့ပြန်မလာသေးလဲမသိဘူး"
ယွမ်မုန်မုန် ဆံပင်တစ်ချောင်းကို လက်ဖြင့်လိမ်ခေါက်နေသည်။ သူအသစ်လုပ်ထားသည့်မုန်ကိုယူ၍ ဒုခေါင်းဆောင် ပြေးထွက်သွားသည်။ သူ့မုန့်ကောင်းမကောင်းလည်း ဘာမှပြောမသွား။
"ရှောင်ကျိ၊ ဒီမုန့်ပေါင်းက ဘယ်လိုနေလဲ"
သူ့မုန့်ပေါင်း အတင်းထိုကျွေးထားသည့် ယွမ်ကျိ မေးလိုက်သည်။
"အတော်ကောင်းပါတယ်"
"ဒါပဲလား"
"တစ်ခြားဘာပြောစေချင်သေးလို့လဲ"
ယွမ်မုန်မုန် စိတ်ပျက်သွားသည်။ ဒုခေါင်းဆောင်က အကဲဖြတ်ပေးရာတွင် ပိုသာသည်။ ယွမ်ကျိက စားကောင်းသည်ဟုသာ မထုံတက်ထေးပြောတတ်သည်။
ယွမ်ကျိက နောက်ဆုံးကျန်သည့် မုန့်တစ်ပိုင်းကို စားလိုက်သည်။ အကြားအမြင်မရသော်လည်း သူ့သူငယ်ချင်းက သူ့အကြောင်းမကောင်းတွေးနေသည်ဟု ခံစားရသည်။
"ဘာလို့ မိုးကြိုးသံတွေကြားနေတာလဲ။ တစ်ယောက်ယောက် အဆင့်တက်တော့မှာများလား"
ယွမ်မုန်မုန် အသံလာရာဆီ လှမ်းကြည့်သည်။
"အဲဒါ ဒုခေါင်းဆောင်ထွက်သွားတဲ့ဘက်မဟုတ်လား"
"အကိုလုက အဆင့်တက်ဖို့ ထွက်သွားတာများလား"
အောင်းလင်း ရေကန်ထဲမှ ခေါင်းထောင်ကြည့်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် ရေကန်တူး၍ ပင်လယ်ရေဖြည့်ပြီး သက်တောင့်သက်သာရေစိမ်နေသည်။
"သူဘာလို့ ဒီမှာအဆင့်မတက်တာလဲ"
ကျန်းလျန်ယိက မူလအသွင်ဖြင့် မြေပေါ်တွင်ဝပ်၍ သူ့အတောင်များကို သ,နေသည်။
"ဒုခေါင်းဆောင်က ငါ့မီးဖိုပျက်စီးမှာ စိုးရိမ်လို့ဖြစ်မယ်"
"ငါ့ရေကန်ကိုလည်း စိုးရိမ်လို့ဖြစ်မယ်"
မသေမျိုးတပ်ဖွဲ့၏ ထိန်းချုပ်မှုကြောင့် ပျက်စီးနေသည့် ကောင်းကင်ဂိတ်တောင်ထိပ်မြေပြင်ကို ယွမ်ကျိလှမ်းကြည့်သည်။ ရှောင်လု ဤနေရာတွင် အဆင့်တက်လျှင်ပင် ယခုလောက်မဆိုးလှဟု သူတွေးနေသည်။
...
"အဟွတ် အဟွတ်၊ လောင်လု၊ ဒီကောင်းကင်ဆင်းရဲ စွမ်းအားက မူမမှန်သလိုပဲနော်"
ရုတ်တရက်ကျလာသည့် ကောင်းကင်ဆင်းရဲကြောင့် နှစ်ယောက်လုံး အငိုက်မိသွားသည်။ မုန်ကျင်းကျိုး တွေးမရအောင်ဖြစ်နေသည်။
ပုံမှန်ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့် လူတစ်ယောက်ဆိုလျှင် ဝိညာဉ်ပါစုတ်ပြတ်သတ်သွားနိုင်သည်။
"တကယ်လား၊ ငါတော့ ဘာစွမ်းအားမှသိပ်မခံစားရပါဘူး"
လုယန် ပုံမှန်လေသံဖြင့်ပြောသည်။ ဝေဒနာကို ကျိတ်မှိတ်ခံ၍ ဘာမှမဖြစ်လေသကဲ့သို့ ဘေးဘယ်ညာလှည့်ကြည့်သည်။
မုန်ကျင်းကျိုးက အရေးမစိုက်ဟန်ဖြင့် အော်ဟစ်ရယ်မောသည်။
"ဟေး ငါကမင်းကို တမင်စတာပါကွ။ အတည်မမှတ်ပါနဲ့။ ဒီလောက်အသေးအဖွဲလျှပ်စီးလောက်နဲ့ ဘာဖြစ်နိုင်မှာမို့လဲ"
"ဒါဆိုလည်း ပြီးတာပဲ။ မင်းက လေ့ကျင့်တာလွန်ကဲပြီး အားနည်းနေတယ်လို့ ငါထင်သွားတာ"
"ဘယ်လိုဖြစ်နိုင်မှာလဲကွာ"
ကောင်းကင်ဆင်းလျှပ်စီးက ဘာမှမထူးခြားသကဲ့သို့ နှစ်ယောက်သား အပြုံးချင်းဖလှယ်ကြသည်။
သူတို့မသိလိုက်။ ကောင်းကင်အထက်မှ တိမ်မည်းများ ပျောက်ကွယ်သွားသည်။ ကျယ်ပြန့်သည့် ခရမ်းလျှပ်စီးပင်လယ်က အစားထိုးဝင်လာသည်။ ကြည့်ရသည်ပင် မျက်စိကျိန်းသည်။
ကျင့်စဉ်အဆင့်နိမ့်သူများ အလိုလိုတုန်ရင်လာကြသည်။
တိုင်ပုဖန်လည်း ထိုလျှပ်စီးကို တအံ့တဩကြည့်နေသည်။
"အဲဒါ ထိပ်တန်းချန်ကောင်းကင်လျှပ်စီးမဟုတ်လား။ ဘာလို့ စစချင်းဒီလျှပ်စီးပေါ်လာတာလဲ"
"အကိုလုယန် အန္တရာယ်ဖြစ်နိုင်လား"
ဂိုဏ်းဝင်စတပည့်တစ်ယောက်က စိုးရိမ်တကြီးမေးသည်။
"စိတ်မပူပါနဲ့။ အကိုလုယန် နတ်ဝိညာဉ်အဆင့်တက်တုန်းကအချိန်ကို မှတ်မိလား။ ချန်ကောင်းကင်လျှပ်စီးကြုံခဲ့ပေမယ့် ဘာဒဏ်ရာမှမရဘဲ ဖြတ်ကျော်နိုင်ခဲ့တာပဲလေ"
လျှပ်စီးများကျလာသည်။ ငါးရောင်ခြယ်လျှပ်စီးက သူတို့ကိုဝါးမျိုသွားသည်။ သို့သော် စကားပြောမပျက်ကြ။
"လောင်လု၊ နာလားကွ"
"လုံးဝမနာဘူး။ ဘာမှမဖြစ်ဘူး"
နှစ်ယောက်လုံး အံကြိတ်၍ ကြိုးစားပြုံးနေကြသည်။ သူတို့အရိုးများ ထုံကျင်နေသည်။ သို့သော် လုံးဝမအော်ကြ။
ခရမ်းလျှပ်စီးက ဆည်ကျိုးသည့်မြစ်တစ်စင်းလို ကျလာသည်။ လူသားများ လုံးဝရပ်တန့််နိုင်စရာအကြောင်းမရှိ။ လူနှစ်ယောက်လုံး လျှပ်စီးကြားတွင်နစ်မြုပ်သွားသည်။
ဟန်ဆောင်ပန်ဆောင်မပြောရဲကြတော့။
"ဒါက ချန်ကောင်းကင်လျှပ်စီးမဟုတ်လား။ လောင်လု၊ မင်းအဆက်အသွယ်က ယုံကြည်ရတယ်ဆိုတာ ဒါလားကွ"
မုန်ကျင်းကျိုး အော်ဆဲသည်။ ထိုလျှပ်စီးကို မြင်ဖူးသလိုရှိသည်ဟု ခံစားခဲ့ရသည်။ တကယ်လျှပ်စီးထိပြီးမှ အဖြေရှင်းသွားသည်။
ပထမဆုံးလျှပ်စီးကပင် ချန်ကောင်းကင်လျှပ်စီးဖြစ်သည်။ နောက်ထပ် ဘယ်လိုမကောင်းဆိုးဝါးလျှပ်စီးများ ကျလာမည်မသိ။
"ကောင်းကင်ဆန့်ကျင်စွမ်းအား"
နတ်ဝိညာဉ်အဆင့်တက်စဉ်က သုံးခဲ့သည့်နည်းလမ်းကို လုယန်ထပ်သုံးသည်။
သို့သော် လုယန်ဖြစ်စေ လုယင်ဖြစ်စေ လျှပ်စီးက ပစ်မှတ်အမှားအယွင်းမရှိ။ လုံးဝလှည့်စား၍မရ။
လုယန် နားလည်လာသည်။ နတ်ဝိညာဉ်အဆင့်တက်စဉ်က ကောင်းကင်ဆင်းရဲကို ထိန်းချုပ်သူမရှိ။ ယခု ယင်ထန်မသေမျိုးက စောင့်ကြည့်နေသည်။ အရူးလုပ်ဖို့ လုံးဝမဖြစ်နိုင်။
အညှာအတာကင်းမဲ့သည့် ခရမ်းလျှပ်စီးက သူတို့အပေါ်ကျဆင်းလာသည်။ ကောင်းကင်ဆင်းရဲကြား ဆေးကြောခံရသည်။ အသားများကွဲထွက်သည်။ အရေပြားများလန်သွားသည်။
ဆံပင်မီးလောင်ညှော်နံ့များ ထွက်လာသည်။ ခန္ဓာကိုယ်က မီးသွေးတုံးများလို မည်းနက်သွားသည်။
"နောက်ဆုံးတော့ ဖြတ်ကျော်နိုင်ခဲ့ပြီပေါ့"
အနက်ရောင်မီးခိုးများ မှုတ်ထုတ်ရင်း မုန်ကျင်းကျိုးကပြောသည်။ သူ့အသံက အက်ကွဲနေသည်။ ယခုထိ ကြောက်စိတ်မပြေသေး။ သေတော့မည်ဟု သူထင်ခဲ့သည်။
ကံကောင်းထောက်မစွာ သူတို့ဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့ခန္ဓာကိုယ်က သာမန်မဟုတ်။ အသားများခွဲဖြတ်ခံရသော်လည်း ဒဏ်ရာများ အလိုလိုပျောက်ကင်းသွားသည်။
သို့သော် အခြေအနေကို သူတို့နားမလည်နိုင်သေးမီ ဒုတိယလျှပ်စီးတန်းကျလာသည်။ အသက်ရှူချိန်မရ။
"ထပ်လာပြန်ပြီလား"
နှစ်ယောက်လုံး တုန်လှုပ်သွားသည်။ ဟန်ဆောင်မနေနိုင်တော့ဘဲ ဆေးလုံးများမျိုချ၍ ခန္ဓာကိုယ်ကို အားဖြည့်ကြသည်။
အရောင်မျိုးစုံပါဝင်သည့် လျှပ်စီးတန်းတစ်ခုဆင်းလာသည်။ ဆေးရည်တစ်ပုံးလောင်းချထားသကဲ့သို့ လျှပ်စီးရောင်က ထူးဆန်းအံ့ဩဖွယ်ကောင်းသည်။ အဆုံးစမဲ့စွမ်းအားပိုင်ဆိုင်ပြီး အရာအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိသည်။
"ဒီကောင်းကင်ဆင်းရဲက ချန်ကောင်းကင်လျှပ်စီးထက် ပိုပြင်းထန်နေသလိုပဲ"
ဂိုဏ်းတပည့်တစ်ယောက်က ပြောသည်။ လျှပ်စီးအမျိုးအစားများ သူမခွဲတတ်သော်လည်း အန္တရာယ်အငွေ့အသက်ကို အာရုံခံနိုင်သည်။
တိုင်ပုဖန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။ ဦးနှောက်အစွမ်းကုန်သုံး၍ စဉ်းစားသည်။ သို့သော် သူသိထားသည့်လျှပ်စီးများနှင့် လုံးဝမတူ။
"ဒီလိုကောင်းကင်လျှပ်စီးမျိုး တစ်ခါမှမကြားဖူးဘူး။ နှစ်သုံးသိန်းနောက်ပိုင်းကျမှ အသစ်ပေါ်လာတာများလား။ ပြီးတော့ ချန်လျှပ်စီးထက်လည်း စွမ်းအားပိုကြီးတာသေချာတယ်။
ဝိညာဉ်ပြောင်းအဆင့် ချန်ကောင်းကင်လျှပ်စီး နောက်ထပ်အဆင့်သစ်တစ်ခု တိုးလာတာများလား"
ထိုနှစ်ယောက်နှင့် ပတ်သက်သမျှအရာတိုင်းက အမြဲတမ်း ထူးဆန်းနေသည်။
သူတို့ဆင်းရဲဖြတ်ဖို့ ကြိုးစားနေသည်ကို ကြည့်ရသည်မှာ သမိုင်းသစ်တစ်ခုကို ကြည့်ရသလိုပင်ဖြစ်သည်။
လျှပ်စီးက ခမ်းနားထည်ဝါသည်။ မိုးမြေကိုလှုပ်ခါသည်။ ကောင်းကင်က လင်းထိန်နေသည်။ ကပ်ဆိုးတစ်ခုဆင်းလာသကဲ့သို့ ထူးဆန်းသည့်အရောင်အသွေးများ လွှမ်းခြုံနေသည်။
ရုတ်တရက် တစ်လောကလုံး ငြိမ်ကျသွားသည်။ ကောင်းကင်ဆင်းရဲရှိနေသော်လည်း ဘာသံမှမထွက်တော့။
တာအိုသံစဉ် တိတ်ဆိတ်သွားသည်။
သို့သော် တိတ်ဆိတ်မှုက ခဏသာကြာပြီး လောက၏အသံများ ပြန်ပေါ်လာသည်။ ကောင်းကင်လျှပ်စီးများ ပို၍ကြမ်းတမ်းလာသည်၊ အညှာအတာကင်းမဲ့စွာ လုယန်နှင့်မုန်ကျင်းကျိုးအပေါ် ကျလာသည်။
လုယန် ဓားကိုကိုင်သည်။ မုန်ကျင်းကျိုးက လက်သီးကိုသုံးသည်။ လျှပ်စီးအပြည့်အဝဆင်းမလာသေးမီ ဖျက်ဆီးရန်ကြိုးစားသည်။
သို့သော် ယင်ထန်မသေမျိုး သူတို့အတွက် အထူးတလည်ပြင်ဆင်ထားသည့်လျှပ်စီးကို ခုခံခြင်းသည် အကျိုးမရှိနိုင်။
လျှပ်စီးက ချင်ဖုန်းဓားနှင့်လုယန်ကို ထိုးပေါက်သွားသည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးလက်သီးရိပ်တစ်ခု မုန်ကျင်းကျိုးပေါ်ကျလာသည်။
ဒုတိယလျှပ်စီးပြီးသွားချိန်၌ နှစ်ယောက်လုံး ရိုးတွင်းချင်ဆီနှင့်သွေးထဲတွင် လျှပ်စစ်ဓာတ်ပြည့်နေသလို ခံစားရသည်။
လူရုပ်ပင်မပေါ်တော့။ ကြည့်နေသူများ ဘယ်သူဘယ်ဝါ မခွဲနိုင်ကြ။ ယောက်ျားမိန်းမ မခွဲနိုင်ကြ။
အလွန်တရာအားကောင်းသည့် အမျိုးအမည်မသိ တတိယမြောက်လျှပ်စီး ပေါ်လာသည်။ ဒုတိယလျှပ်စီးထက် များစွာပိုကြောက်စရာကောင်းသည်။
ထိုလျှပ်စီး လုံးဝဆင်းလာ၍မဖြစ်။
မုန်ကျင်းကျိုး ကိစ္စတစ်ခု ရုတ်တရက်သတိရလာဟန်ရှိသည်။ ကောင်းကင်ကို အမြန်အော်ဟစ်၍ သူ့ရပ်တည်ချက်ကို ကြေညာသည်။
"ကျုပ်တို့က ခင်ဗျားလူတွေပါ။ မသေမျိုးအဆိုအမိန့်ကျမ်းကို နောက်ပြန်တောင်ကျုပ်ရွတ်နိုင်တယ်"
ကျလာတော့မည့် တတိယလျှပ်စီး ရုတ်တရက် ရပ်သွားသည်။ အောင်မြင်ပြီဟု မုန်ကျင်းကျိုးတွေးလိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက်က နောက်ဆုံးအချိန်ကျမှ အားဖြည့်လိုက်သကဲ့သို့ လျှပ်စီးများက ပို၍သိပ်သည်းပြင်းထန်လာသည်။
အစောပိုင်းကထက် ပို၍ကြောက်စရာကောင်းလာသည်။
အဖြူရောင်သန်းလုနီးပါး သိပ်သည်းသည့် ကောင်းကင်လျှပ်စီးကျဆင်းလာသည်။ စိတ်ပျက်အားငယ်နေသည့် သူတို့မျက်နှာကို လျှပ်စီးအရောင်ဟပ်နေသည်။
******************************
အခန်း (၁၁၂၂) ကံကြမ္မာက ငါ့လက်ထဲမှာ
လုယန်မျက်နှာ မီးသွေးလိုမည်းနက်နေသည်။ သို့သော် မုန်ကျင်းကျိုး အော်ဟစ်လိုက်သည့်စကားကြောင့် စက္ကူတစ်ရွက်လို ဖြူရော်သွားသည်။
အားဖြည့်ထားသည့် တတိယလျှပ်စီးက တစ်ယောက်ယောက်ကို အသေသတ်ရန် ဖန်တီးထားသလိုဖြစ်နေသည်။
အစက လောင်မုန်ကို ထောင်ချောက်ဆင်ဖို့ သူရည်ရွယ်ခဲ့သည်။ ယခု သူကိုယ်တိုင်ပါ ထောင်ချောက်မိနေသည်။
"ခွေးမသား လောင်လု၊ မင်းငါ့ကို ချောက်ချတာပဲ"
တတိယလျှပ်စီး၏ မူမမှန်မှုများကို မုန်ကျင်းကျိုး ပြန်တွေးမိသည်။ သူလှည့်စားခံလိုက်ရကြောင်း နားလည်လာသည်။
ယင်ထန်မသေမျိုးက လောင်လုကို သဘောကျသည်ဆိုသည်မှာ ဖြစ်နိုင်စရာမရှိ။ လောင်လုက တစ်နည်းနည်းဖြင့် ယင်ထန်၏ဒေါသကို သွားဆွခဲ့ခြင်းသာဖြစ်သမည်.
ယခု သူပါရော၍ ဒုက္ခရောက်သည်။
ဒုက္ခ၏အကြောင်းရင်းက 'မသေမျိုးအဆိုအမိန့်'ကျမ်း ဖြစ်လိမ့်မည်။
"ယင်ထန်မသေမျိုးကို မင်းကိုကူညီဖို့ တောင်းဆိုပေးပါလို့ မင်းပဲပြောခဲ့တာလေ"
"ငါ့ကိုမင်းနဲ့အတူ ချောက်ထဲဆွဲခေါ်ဖို့ ငါမပြောခဲ့ဘူးကွ"
"ဒါကို ချောက်ထဲဆွဲခေါ်တယ်လို့ မခေါ်ဘူး။ ဒါက မဟာအခွင့်အရေးပါ။ ငါ့လူရင်းမို့သာ မင်းကိုဆွဲခေါ်တာ။
မင်းမသိဘူးလား၊ ရှေးဟောင်းမသေမျိုးတွေကပြောကြတယ်။ ကောင်းကင်ဆင်းရဲဆိုတာ ကောင်းကင်ရဲ့စမ်းသပ်ချက်ပဲ။ အဆင့်တက်တဲ့အချိန် ရင်ဆိုင်ရတဲ့လျှပ်စီး ပိုအားကောင်းလေ အောင်မြင်ပြီးရင် အကျိုးကျေးဇူးပိုရလေပဲတဲ့။
အင်း..ဟုတ်ပါပြီလေ၊ ငါထပ်ပြီးဇာတ်လမ်းမထွင်တော့ပါဘူး..."
သူတို့စကားသံများကို မိုးချုန်းသံက ချက်ချင်းလွှမ်းမိုးသွားသည်။
လျှပ်စီးတန်းအသစ်က မယုံနိုင်လောက်အောင် ပြင်းထန်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး တုန်ခါသွားသည်။ လျှပ်စီးစက်ကွင်း ပိုကျယ်ပြန့်လာသည်။
အစောပိုင်းက စိတ်ချရသည့်နေရာများက ယခုလျှပ်စီးစက်ဝန်းထဲ ကျသွားသည်။ အနီးကပ်ကြည့်နေခဲ့သည့် ဂိုဏ်းတပည့်များ ကောင်းကင်ဆင်းရဲဖြတ်နေသူနှစ်ယောက်ကို နောက်လှည့်ကြည့်ရင်း ထွက်ပြေးကြသည်။
"အကိုလုနဲ့အကိုမုန်က တကယ့်ပါရမီရှင်ပဲ။ ဒီလောက်ပြင်းထန်တဲ့ လျှပ်စီးကြားမှာတောင် စကားပြောမပျက်ဘူး"
"ဟုတ်တယ် ဟုတ်တယ်၊ ငါတို့အလှည့်ရောက်ရင် သူတို့လို တည်တည်ငြိမ်ငြိမ် နေနိုင်ပါ့မလားမသိဘူး"
"အကောင်းဆုံးကြိုးစားကြတာပေါ့"
လျှပ်စီးကြားတွင် တောင့်ခံနေသည့် လုယန်တို့နှစ်ယောက်ကိုကြည့်၍ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များစွာ လေးစားအားကျနေသည်။ သူတို့လိုမဟာကျင့်ကြံသူများဖြစ်အောင် ကြိုးစားဖို ရည်မှန်းကြသည်။
"ဒုတိယနဲ့ တတိယကောင်းကင်ဆင်းရဲတွေက နာမည်မရှိသေးဘူးဆိုတော့ ညီလေးလုယန်တို့ကိုအစွဲပြုပြီး နာမည်ပေးရင်မကောင်းဘူးလား"
"အဲဒါသဘာဝကျတယ်။ ဒုတိယလျှပ်စီးကို ကျင်းကျိုးကောင်းကင်ဆင်းရဲ တတိယလျှပ်စီးကို လုယန်ကောင်းကင်ဆင်းရဲလို့ နာမည်ပေးကြတာပေါ့"
"သိပ်ကောင်းတဲ့နာမည်ပဲ။ ကောင်းကင်လျှပ်စီးနာမည်နဲ့ သမိုင်းမှတ်တမ်းချန်ခဲ့နိုင်ရင် ဒီညီလေးနှစ်ယောက် ကျေနပ်ကြမှာ သေချာတယ်"
"လောင်..လု..မင်း..စောင့်..နေ...ဒီ...က..လွတ်...တာ...နဲ့...မင်း...ကို..ငါ..လက်..စား...ချေ..မယ်"
မုန်ကျင်းကျိုး စကားမပြောနိုင်။ သိစိတ်အသံလှိုင်းမှ ပြောရသည်ပင် မချောမွေ့တော့။ တစ်ကိုယ်လုံး လျှပ်လိုက်သလို တွန့်လိမ်တုန်ခါနေသည်။
"နတ်...မယ်..ငါ့..ကို..လာ...ကယ်...တာ...ကို...စောင့်...ပါ.."
"မင်း...မြန်..မြန်..သွား...ပြော...လိုက်.."
"နတ်မယ်၊ ကျုပ်ကိုကယ်ပါဦး"
ရွေးစရာမရှိတော့သဖြင့် လုယန် သိစိတ်နယ်မြေသို့ပြေး၍ အကူအညီတောင်းသည်။
သို့သော် ချင်ဟဲက ပဲဝါတော်ဝင်အင်ပါယာနန်းတော်ဂိတ်တံခါးတွင် ပိတ်ရပ်နေသည်။
"ရှူး၊ သခင်အိပ်ပျော်နေပြီ။ မနှောက်ယှက်နဲ့။ သခင်နိုးလာမှ စကားပြောကြတာပေါ့"
"ကျုပ်အရေးတကြီးသတင်းပို့စရာရှိတယ်"
"သခင်နိုးလာမှပြောပါ"
လုယန် သိစိတ်ပြန်ဝင်လာသည်ကိုကြည့်၍ မုန်ကျင်းကျိုး အခြေအနေအမြန်မေးသည်။
"နတ်မယ်က ဘာပြောလဲ"
လုယန်မျက်နှာက ဝမ်းနည်းနာကျည်းရိပ်များပြည့်နေသည်။ ရင်နာနေသည်။
"သမိုင်းရေးဝန်ကြီးက အားလုံးကိုချုပ်ကိုင်ထားတယ်။ နိုင်ငံက နိုင်ငံနဲ့မတူတော့ဘူး"
နတ်မယ်နှင့်အတူ စိတ်နှစ်ကိုယ်နှစ် ကောင်းတူဆိုးဘက် သူအဖော်ပြုခဲ့သည်။ ပဲဝါနိုင်ငံတော်ကို တည်ထောင်၍ ပထမဆုံးမျိုးဆက်အဖွဲ့ဝင်ဖြစ်ခဲ့သည်။
သို့သော် သမိုင်းရေးဝန်ကြီးပေါ်လာသည်နှင့် အားလုံးပျက်စီးသွားမည်ဟု မထင်ခဲ့။
"ဪ"
မုန်ကျင်းကျိုးသည် ဩဇာအကြီးဆုံးမိသားစုဝင်ဖြစ်သည်။ နန်းတွင်းအရာရှိမိသားစုဝင်လည်းဖြစ်သည်။ နန်းတော်ရေးရာများကို ကောင်းစွာကျွမ်းကျင်သည်။
သို့သော် သမိုင်းရေးဝန်ကြီးနှင့် အခွင့်အာဏာချုပ်ကိုင်သည်ဟူသည့် စကားနှစ်ခွန်းကို ဆက်စပ်တွေး၍မရ။
နတ်မယ်နှင့်ပတ်သက်သည့် လောင်လုအတွေးအခေါ်များက အတော်ဆန်းပြားနေသည်။
"နည်းလမ်းသစ်ကို စမ်းကြည့်ရတော့မှာပေါ့"
လုယန် အားတင်း၍ပြောသည်။ အစက ထိုတစ်ကွက်ကို လောင်မုန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခု ယင်ထန်ကို ရင်ဆိုင်ဖို့ ထုတ်သုံးရတော့မည်ထင်သည်။
ရုတ်တရက် လုယန်တစ်ကိုယ်လုံး ဓားချီများဖုံးလွှမ်းသွားသည်။ ကောင်းကင်လျှပ်စီးကို ရဲဝံ့စွာရင်ဆိုင်သည်။ သန့်စင်ဖြူဖွေးသည့် လျှပ်စီးက လုယန်ကို ရိုက်ခတ်သည်။
ဘေးတွင်ရပ်နေသည့် မုန်ကျင်းကျိုး လုယန်မသာပေါ်တော့မည့်အဖြစ်ကို ကြိုမြင်နေသည်။
သို့သော် လုယန် ကိုယ့်ခန္ဓာကိုယ်အတိုင်းအတာကို ကောင်းကောင်းသိသည်။ လောင်မုန်ပင်မခုခံနိုင်လျှင် သူကခုခံနိုင်ခြေ ပို၍နည်းသေးသည်။
ကောင်းကင်မှ လုယန်ကိုကြည့်နေသည့် ယင်ထန်မသေမျိုး တွေးရခက်သွားသည်။ ထိုကောင်လေး ဘာလုပ်ချင်သည်မသိ။
ထို့နောက် သူမျက်လုံးပြူးသွားသည်။ လုယန်က ဓားအဖြစ်သို့ပြောင်းသွားသည်။
အာရုံမှားနေသလားဟုထင်၍ ယင်ထန် မျက်လုံးကိုပွတ်၍ ပြန်ကြည့်သည်။
လုယန်က ချင်ဖုန်းဓားအသွင်ပြောင်း၍ ဓားရိပ်တစ်ခုထုတ်ပြီး လျှပ်စီးကို ခုတ်သည်။ သို့သော် ကောင်းကင်လျှပ်စီးကို အနိုင်မယူနိုင်သေး။
လုယန်ခန္ဓာကိုယ်က ဓားဖြစ်လာသည်။ ဓားရိုးပန်းပွားက ကျောက်စိမ်းတံဆိပ်နှင့် တွဲဆက်နေသည်။
"ဓားတစ်သောင်းဌာနေပြန်"
လုယန် စိတ်ထဲမှ အော်ဟစ်လိုက်သည်။ မသေမျိုးဓားကိုးလက်နှင့်ပေါင်းစပ်သည်။ စွမ်းအားသိသိသာသာ တိုးလာသည်။ ဓားရိပ်တစ်ခု ထုတ်လွှတ်၍ လျှပ်စီးကိုချေဖျက်လိုက်သည်။
"လျိုနင်ရွှမ်းရဲ့ လူနဲ့ဓားတစ်သားတည်းပညာလား"
ယင်ထန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။ မွေခံဓားပိုင်ရှင်နှင့် ချက်ချင်းဆက်စပ်တွေးမိသည်။
သို့သော် လုယန်၏နည်းလမ်းက လျိုနင်ရွှမ်းနှင့် ကွဲပြားသည်။ ကိုယ်ပိုင်ဖန်တီးထားသည့် လူနှင့်ဓားပေါင်းစပ်နည်းဖြစ်သည်။
လျှပ်စီးတစ်ခုကို လုယန် အောင်မြင်စွာ ဖျက်ဆီးနိုင်သော်လည်း နောက်ထပ်လျှပ်စီးများ တစ်ခုပြီးတစ်ခုဆင်းလာပြီး သူ့ကိုလှမ်းခြုံသွားသည်။
"အဓိပဓိလက်သီး"
မုန်ကျင်းကျိုးက ခေါင်းသုံးလုံးလက်ခြောက်ခုအသွင်ပြောင်း၍ မသေမျိုးအဆိုအမိန့်ကို စိတ်ထဲမှအော်ဟစ်လိုက်သည်။ ပြိုင်ဘက်ကင်းနတ်ဘုရားဟန်ပန်မျိုး ဖြစ်လာသည်။
ကြည့်နေကြသည် ဂိုဏ်းတပည့်များ လုယန်နှင့်မုန်ကျင်းကျိုး၏ တိုက်ပွဲစိတ်ဓာတ်ကို လေးစားအားကျမိကြသည်။ သူတို့ကိုယ်တိုင် ကောင်းကင်ဆင်းရဲဖြတ်ကျော်နေရသကဲ့သို့ စိတ်အားတက်ကြွလာသည်။ သွေးများဆူပွက်လာသည်။
"ငါတို့ကံကြမ္မာက ငါတို့လက်ထဲမှာရှိတယ်။ ကောင်းကင်မှာမဟုတ်ဘူး။ အကိုလု၊ အကိုမုန်၊ ခင်ဗျားတို့ ကောင်းကင်ကို သေချာပေါက်ဆန့်ကျင်နိုင်တယ်"
ဘယ်သူစအော်လိုက်သည်တော့မသိ...
နောက်ထပ်အော်ဟစ်သံများ တဖြေးဖြေးတိုးပွားလာသည်။ နောက်ဆုံးတွင် အားလုံးက လုယန်တို့နှစ်ယောက်ကို အော်ဟစ်အားပေးကြသည်။
"ငါတို့ကံကြမ္မာက ငါတို့လက်ထဲမှာရှိတယ်။ ကောင်းကင်မှာမဟုတ်ဘူး။ အကိုလု၊ အကိုမုန်၊ ခင်ဗျားတို့ ကောင်းကင်ကို သေချာပေါက်ဆန့်ကျင်နိုင်တယ်"
"ငါတို့ကံကြမ္မာက ငါတို့လက်ထဲမှာရှိတယ်။ ကောင်းကင်မှာမဟုတ်ဘူး။ အကိုလု၊ အကိုမုန်၊ ခင်ဗျားတို့ ကောင်းကင်ကို သေချာပေါက်ဆန့်ကျင်နိုင်တယ်"
"ငါတို့ကံကြမ္မာက ငါတို့လက်ထဲမှာရှိတယ်။ ကောင်းကင်မှာမဟုတ်ဘူး။ အကိုလု၊ အကိုမုန်၊ ခင်ဗျားတို့ ကောင်းကင်ကို သေချာပေါက်ဆန့်ကျင်နိုင်တယ်"
ကောင်းကင်ဆင်းရဲကိုရင်ဆိုင်ရင်းမှ စေတနာဗရပွဖြစ်နေကြသည့် ဂိုဏ်းတူညီငယ်ညီမငယ်များကို လုယန်နှင့်မုန်ကျင်းကျိုးတို့ မယုံနိုင်သည့်အကြည့်ဖြင့် လှည့်ကြည့်ကြသည်။
..သောက်လခွမ်း၊ ပေါက်တတ်ကရတွေ အော်မနေကြနဲ့လေ။ ငါတို့က မင်းတို့အပေါ် အမြဲတမ်းကောင်းကောင်းဆဆက်ဆံခဲ့တာပါ...
...ပြီးတော့ အကိုတိုင်၊ ခင်ဗျားဘာလို့အဲလောက် စိတ်အားတက်ကြွနေတာလဲ။ ခင်ဗျားအော်သံက အကျယ်ဆုံးပဲ...
"အိုး ဟိုး ဟိုး...အားပေးသံတွေက ကျယ်လှချည်လား"
ရပ်တော့မည်ဟု ယင်ထန်တွေးခဲ့သည်။ သို့သော် အော်ဟစ်အားပေးသံများကြားချိန်တွင် သူရုတ်တရက် စိတ်အားတက်ကြွလာပြန်သည်။ အင်္ကျီလက်ကို မ,တင်၍ ကောင်းကင်လျှပ်စီးကို ဆက်ထိန်းချုပ်သည်။
ကံကြမ္မာ ကိုယ်လက်ထဲတွင်ရှိသည်ဟု ကြေညာသူများအား ဆုံးမရသည်ကို သူသဘောကျသည်။ ကောင်းကင်လျှပ်စီးကို သူတော်ဟင်ဟု ထင်နေကြသလားမသိ။
လုယန်နှင့်မုန်ကျင်းကျိုးတို့ ကောင်းကင်လျှပ်စီးကို ခုခံဖို့ကြိုးစားရာတွင် အတွဲညီကြသည်။ သို့သော် သူတို့ထိန်းနိုင်ပြီဟု ထင်နေစဉ် လျှပ်စီးစွမ်းအားက ထပ်တိုးလာသည်။
လျှပ်စီးရိုက်ချက်က ပြင်းထန်လွန်းသဖြင့် နှစ်ယောက်လုံး သေချင်စိတ်ပေါက်သွားကြသည်။ လုယန် မူလအသွင်ပြန်ရောက်သွားသည်။ မသေမျိုးဓားကိုးလက်က သူ့ဘေးပတ်လည်တွင် ပြန့်ကျဲသွားသည်။
နှစ်ယောက်လုံး အောက်သို့ထိုးကျ၍ မြေကြီးထဲ ခေါင်းစိုက်သွားသည်။ စိုက်သစ်စ အပင်ပေါက်များနှင့်တူသည်။ တစ်ကိုယ်လုံး လျှပ်စီးရိုက်ချက်များကြောင့် တဆတ်ဆတ်ခါနေသည်။
လက်ဝါးနှစ်ဘက်ကိုအားပြု၍ ခေါင်းကိုဆွဲထုတ်ပြီး မြေပြင်ပေါ်လဲသွားသည်။ ကောင်းကင်တွင် စုစည်းလာသည့် နောက်ဆုံးလျှပ်စီးကိုကြည့်၍ မျက်ခုံးလှုပ်သွားကြသည်။
"လောင်မုန်၊ ဒီဘဝမှာ မင်းနဲ့ခင်မင်ခွင့်ရခဲ့တာ ဝမ်းသာပါတယ်။ နောင်ဘဝမှ ထပ်တွေ့ကြတာပေါ့"
လုယန်က ပြောသည်။
မုန်ကျင်းကျိုးက ဝမ်းနည်းပက်လက်မျက်နှာဖြင့် ပြန်ပြောသည်။
"နောင်ဘဝကျရင် ငါ့ကိုမခင်ပါနဲ့တော့။ ထောင်ချောက်ဆင်ဖို့ တစ်ခြားတစ်ယောက်ပဲရှာလိုက်ပါ။
လောင်လု၊ ယင်ထန်မသေမျိုးကို ငါအမြဲတမ်းလေးစားခဲ့တာ မင်းသိပါတယ်။ မင်းသူ့ကို ဘယ်လိုများသွားပြီးရန်စခဲ့တာလဲ"
"ဪ...မင်းသိချင်လား"
ဥမင်လှိုဏ်ဂူအဆုံးမှ အလင်းရောင်ကိုမြင်လိုက်ရသကဲ့သို့ လုယန် ချက်ချင်းစိတ်အားထက်သန်လာသည်။
*****************************