အခန်း (၁၁၂၃-၁၁၂၅)
Vol. 75 Ch. 1123-1125
အခန်း (၁၁၂၃) လေဟာနယ်သန့်စင်အဆင့်
"မဟုတ်ဘူး မဟုတ်ဘူး။ မသိချင်ဘူး ငါမသိချင်ဘူး"
တစ်ခါအလှည့်စားခံရပြီးဖြစ်၍ မုန်ကျင်းကျိုး အသဲအသန်ငြင်းသည်။ ထပ်ပြောလာမည်စိုးသဖြင့် လုယန်ပါးစပ်ကို သူအုပ်လိုက်သည်။
မုန်ကျင်းကျိုးကို အရူးလုပ်မရမှန်းသိလိုက်သဖြင့် နောက်ဆုံးကောင်းကင်ဆင်းရဲအတွက် လုယန်အသင့်ပြင်သည်။
"သဘောတရားအရတော့ ဖြစ်နိုင်တယ်။ တကယ်အလုပ်ဖြစ်မဖြစ်တော့မသိဘူး။ ဒါပေမယ့် ကြိုးစားထိုက်ပါတယ်"
လုယန် မြေပေါ်တွင်လှဲ၍ မြေကြီးနှင့်တစ်သားတည်းပေါင်းစပ်သည်။ သစ်ပင်စိုက်ပညာသုံးလိုက်သည်။ သစ်သားကိုယ်ပွားနှင့်လုယန် ပေါ်လာသည်။
မူလဝိညာဉ်က သူ့ကိုယ်ထဲမှထွက်၍ သစ်သားကိုယ်ပွားနှင့်ပေါင်းစပ်သည်။ သစ်သားကိုယ်ပွားက အရိပ်တုလက်သီးဖြင့် ချင်ဖုန်းဓားအသွင်ပြောင်းသည်။ ထို့နောက် ဓားတစ်သောင်းဌာနေပြန်ပညာသုံး၍ ဓားကိုးလက်နှင့်ပေါင်းစည်းသည်။
ထိုဓားကို လုယန်ကိုင်သည်။
"မင်းသုံးတဲ့နည်းလမ်းတွေက တစ်ခြားလူတွေထက် လေးငါးဆလောက်ပိုရှုပ်ထွေးသလိုပဲ"
"မင်းအတော်စကားများတဲ့ကောင်ပဲ။ ဒီနေ့ မသေမျိုးဓားပညာရဲ့ စွမ်းအားအစစ်ကို မင်းမြင်ရမှာပါ"
'ပင်ကိုယ်ဓား'ကိုကိုင်၍ ကောင်းကင်လျှပ်စီးကို လုယန် တစ်ကိုယ်တော်ရင်ဆိုင်သည်။ ဝမ်းနည်းစရာကောင်းသည့် သူရဲကောင်းတစ်ယောက်၏ မြင်ကွင်းဖြစ်သည်။
မသေမျိုးဓားကို ဝှေ့ယမ်းလိုက်သည်။ သူ့ကိုယ်ဟန်က လှပသည်။ ဓားမသေမျိုးတစ်ယောက်နှင့်တူသည်။ လှုပ်ရှားမှုတိုင်း ထူးခြားသည့်စည်းချက်တစ်ခုပါဝင်သည်။
တစ်ခြားဓားကျင့်ကြံသူများရှိလျှင် သူတို့၏ ဓားပညာနားလည်မှု သေချာပေါက်မြင့်မားလာပေလိမ့်မည်။
တစ်ခုတည်းသောဆိုးကွက်က လုယန်ခန္ဓာကိုယ်ဖြစ်သည်။ မီးသွေးပုံထဲမှ ထိုးထွက်လာသလို မည်းနက်နေသည်။
"ဟာ"
လုယန်အပြောင်းအလဲကို မုန်ကျင်းကျိုး သတိထားမိသည်။ အံ့ဩသွားသဖြင့် မြေပေါ်လှဲပြီး သေဟန်ဆောင်မနေတော့။ လုယန်ဘာလုပ်မည်ကိုကြည့်လိုသဖြင့် ထရပ်လိုက်သည်။
လုယန်၏ဓားက လုယန်၏စိတ်နှလုံးနှင့်အတူ လှုပ်ရှားနေသည်ကို အာရုံခံမိသည်။ သန္ဓေ ချီ ဝိညာဉ် တစ်သားတည်းဖြစ်နေသည်။
ဆန်းတော့လည်း သိပ်မဆန်းလှ။ သူကိုင်ထားသည့်ဓားသည့် သူ့အစိတ်အပိုင်းတစ်ခု(မူလဝိညာဉ်)ဖြစ်သည်။
သို့သော် လုယန်က ညာလက်တွင် စွမ်းအားစုစည်းလိုက်သည်။ သူ့ညာလက်က ခန္ဓာကိုယ်စွမ်းအားကို ခံနိုင်မည့်လက္ခဏာမရှိ။ သွေးကြောငယ်များ ချက်ချင်းပေါက်ကွဲထွက်သွားသည်။
"ရွှီး"
နောက်ဆုံးကောင်းကင်လျှပ်စီးဆင်းလာသည်။ အလွန်တကယ်ကျယ်ပြန့်ကြီးမားသည်။ သို့သော် လုယန် ထိပ်တိုက်ရင်ဆိုင်သည်။
"ခုတ်ဓား"
ပင်ကိုယ်ဓားမှ စူးရှသည့်ဓားအလင်းတစ်ခု ထွက်လာသည်။ လုယန်ထုတ်လွှတ်ဖူးသမှှတွင် စွမ်းအားအကြီးဆုံး ဓားချက်ဖြစ်သည်။
စုစည်းခြင်းအဆင့်ဓားကျင့်ကြံသူပင် သိမ်ငယ်ရလောက်သည်။
ကောင်းကင်လျှပ်စီးကို တိုက်ပွဲဝင်နေသည့်လုယန် စိတ်ဖိအားရော စိတ်အားထက်သန်မှုကိုပါ ခံစားနေရသည်။ နောက်ဆုံးကျန်နေသည့် မသေမျိုးဓားပညာ၏ဓားကွက် ပြည့်စုံလာသည်။
ဓားအလင်းက ကောင်းကင်လျှပ်စီးကို နှစ်ခြမ်းခွဲလိုက်သည်။
"ဘုန်း"
ထိုဓားချက်ထုတ်ဖို့ သူ့စွမ်းအင်အားလုံး ညာလက်ကိုထည့်ခဲ့ရသည်။ ခံနိုင်ရည်အတိုင်းအတာ ကျော်လွန်သွားသဖြင့် လက်က ချက်ချင်းပေါက်ကွဲထွက်သွားသည်။
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ လုယန် ကိုယ့်ကိုယ်ကို ဒုက္ခပေးသည့် ဓားပညာမျိုးကို လေ့ကျင့်ခဲ့ခြင်းလော။
သို့သော် လုယန်က ကိုယ်ပိုင်ဓားကိုလက်လွှတ်၍ ဝိညာဉ်ခန္ဓာအသွင်ပြောင်း၍ ဝိညာဉ်စွမ်းအင်ကိုစုပ်ယူပြီး ချို့ယွင်းချက်ကို ဖြည့်ဆည်းသည်။
ထို့နောက် လူအသွင်ပြန်ပြောင်းသည်။ သူ့ညာလက်က မူလအတိုင်းပြန်ဖြစ်လာသည်။ မုန်ကျင်းကျိုးမျက်လုံးများ ပေါက်ထွက်မတတ်ပြူးကျယ်သွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲကွာ"
လုယန် လက်အောင်းကိုလှည့်ကြည့်သည်။ ဘာမှပြဿနာမရှိ။ သူစမ်းသပ်သည့်နည်းလမ်း အောင်မြင်သွားသည်။
လျှပ်စီးက နှစ်ခုခွဲ၍ လုယန်နှင့်မုန်ကျင်းကျိုးကို ရိုက်ခတ်သည်။
နောက်ဆုံးတွင် စွမ်းအင်ကုန်ခမ်း၍ နှစ်ယောက်လုံး မြေပေါ်လဲပြိုသွားကြသည်။
ကောင်းကင်ဆင်းရဲအဆုံးသတ်သွားသည်။ စွင်းအင်ပွင့်ချပ်များ ကျဆင်းလာသည်။ ခန္ဓာကိုယ်ကို အားဖြည့်သည်။ နှစ်ယောက်လုံး လေထဲသို့လွင့်ပျံသွားသည်။
ဒဏ်ရာများ အသံတိတ် ကုစားနေသည်။
နှစ်ယောက်လုံး လေဟာနယ်သန့်စင်အဆင့်သို့ ရောက်လာသည်။
"နောက်ဆုံးတော့ လေဟာနယ်သန့်စင်အဆင့်...အဲ...ငါတို့ဘယ်လို ချီအဆင့်ကို ပြန်ရောက်သွားတာလဲ"
အနိမ့်ဆုံးအဆင့်ထိ ကျသွားသဖြင့် အားလုံး အံ့အားသင့်နေကြသည်။ စွမ်းအားများ စတင်ကျင့်ကြံစအချိန်ကို ပြန်ရောက်သွားသည်။
ယခု ကျားနတ်ဆိုးကိုပင် သူတို့သတ်နိုင်တော့မည်မဟုတ်။
လေဟာနယ်သန့်စင်အဆင့်တွင် ချီအဆင့်မှ စုစည်းခြင်းအဆင့်ထိ ကူးချည်သန်းချည်ဖြစ်နေတတ်သည်။ ပုံသေမရှိ။ ထိုအဆင့်ရောက်လျှင် ကျင့်ကြံသူများ ဂိုဏ်းမှမခွာကြ။
အဆင့်ကျနေချိန် အသတ်ခံရမည်စိုးသောကြောင့်ဖြစ်သည်။
လေဟာနယ်သန့်စင်အဆင့်အကြောင်း ကြိုတင်သိထားပြီးဖြစ်သော်လည်း လက်ရှိကြုံရချိန်တွင် လက်မခံနိုင်အောင်ဖြစ်မိသည်။
"အခုငါတို့ နတ်ဝိညာဉ်အဆင့်ကို ရောက်လာပြီ"
ရုတ်တရက် အဆင့်ခုန်တက်လာပြန်သည်။ အပြောင်းအလဲက မြန်ဆန်လွန်းသည်။ ကိုယ့်စွမ်းအားကိုယ်ပင် ကောင်းကောင်းမထိန်းချုပ်နိုင်။ ခဏတာအချိန်အတွင်း စွမ်းအားများစွာကွာခြားသွားသည်။
"ထူးဆန်းတယ်။ ဒီပွင့်ချပ်တွေက ဘယ်ကရောက်လာတာလဲ"
ဦးခေါင်းအထက်တွင် ဝေ့ဝြနေသည့် ပွင့်ချပ်များကိုကြည့်၍ တာအိုရှင်ရှန်ထန် တွေးမရဖြစ်နေသည်။
အားလုံးမော့ကြည့်ကြသည်။ ကောင်းကင်ဆင်းရဲဖြတ်သန်းပြီးချိန် မိုးကြိုးတိမ်တိုက်များ ပျောက်မသွားသေးသော်လည်း နေရောင်ခြည်က ထိုးခွဲကျလာသည်။
ဝေ့ဝဲနေသည့် ပွင့်ချပ်များကိုမြင်ရသည်။ နေရောင်ခြည်ထဲမှ အင်ပါယာနှင့်တူသည့် လူတစ်ယောက်ပေါ်လာသည်။ သေမျိုးလောကကို အထက်စီးမှကြည့်သည်။
စမ်းသပ်မှုများစွာ သူမြင်ဖူးသည်။ ဘဝအနိမ့်အမြင့်မျိုးစုံ မြင်ဖူးသည်။ သူ့ဆုံးဖြတ်ချက်ယိမ်းယိုင်အောင် လုပ်နိုင်သည့်အဖြစ်မျိုး မကြုံဖူး။ မသေမျိုးများနှင့်ပတ်သက်သည့် သေမျိုးအားလုံး စိတ်ကူးယဉ်အတွေးများကို သူဖြည့်ဆည်းခဲ့သည်။
အင်ပါယာဟန်ပန်နှင့်လူက နေအလင်းနောက်ခံပြု၍ ပေါ်လာသည်။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရ။ မသေမျိုးတို့သည် အသိခက်သည်ဟူသည့် သေမျိုးအယူအဆကို သူထိန်းထားသည်။
သူစကားပြောလျှင် လောကတိတ်ဆိတ်သွားသည်။ သူ့စကားသံတစ်ခုတည်း တည်ရှိနေသယောင် ထင်ရသည်။ ပိုးကောင်မွှားကောင်များ ငှက်များ၏ အသံပင် ပျောက်ကွယ်သွားသည်။
"ဟား...နောက်ပိုင်းမျိုးဆက်မှာ ဒီလိုထူးခြားတဲ့ပါရမီရှင်တွေ ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ"
တာအိုလမ်းစဉ်ဂိုဏ်းဝင်များ ဆူညံပွက်လောရိုက်သူွားသည်။ ကောင်းကင်ဆင်းရဲဖြတ်နေစဉ် တွေ့မြင်ခဲ့ရသည့် ပြောင်းလဲမှုများအပြင် ယခု သမိုင်းတွင် တစ်ခါမှမရှိဖူးသည့် အဖြစ်တစ်ခုပေါ်လာသည်။
"ကောင်းကင်လျှပ်စီးထဲမှာ လူတစ်ယောက် ဘယ်လိုရှိနေတာလဲ။ သူက ဘယ်သူလဲ"
"မသိဘူး။ ဒါမျိုးတစ်ခါမှမကြုံဖူးဘူး"
အင်ပါယာအသံက မကျယ်လှ။ သို့သော် တည်ငြိမ်အားပါသည့် သူ့စကားသံက ဂိုဏ်းတစ်ခုလုံးပျံ့နှံ့သွားသည်။
"ငါ့ကို ယင်ထန်မသေမျိုးလို့ သိကြတယ်။ ကောင်းကင်စည်းမျဉ်းအရ လှုပ်ရှားနေတဲ့လူပေါ့။ ဒီနေ့ သေမျိုးလောကမှာ ထူးခြားတဲ့ပါရမီရှင်နှစ်ယောက်ကို ငါမြင်ရတယ်။ တကယ်စိတ်ကျေနပ်စရာပါပဲ"
"ဘာရယ်...သူက ဒဏ္ဍာရီထဲက ယင်ထန်မသေမျိုးဆိုတာလား"
ဂိုဏ်းဝင်များ စိတ်တည်ငြိမ်အောင် မထိန်းနိုင်ကြတော့။ နှစ်သုံးသိန်းကြာအောင် အစရှာမရဘဲ ပျောက်နေခဲ့သည့် အဓိပဓိပုဂ္ဂိုလ်က ယခုပြန်ပေါ်လာသည်။
တကယ့်အံ့ဖွယ်ဖြစ်ရပ်ဟု ဆိုနိုင်သည်။
"ရာဂအားကြီးတဲ့ ယင်ထန်မသေမျိုးလား"
"ဒါမှမဟုတ် ကြယ်ကိုးလုံးအဆင့် ဝိညာဉ်စားဖိုမှူးဘိုးဘေးလား"
"သူက မိန်းကလေးမသေမျိုးဖြစ်လို့ သားအမိမြစ်ကို ဖန်တီးခဲ့တာလို့ ပြောကြတယ်မဟုတ်လား။ အခုဘယ်လိုလုပ် ယောက်ျားဖြစ်နေတာလဲ"
ယင်ထန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ ဤတာအိုလမ်းစဉ်ဂိုဏ်းသားတို့စရိုက်က ဘယ်လိုမှန်းမသိ။ တစ်ယောက်မှ ပုံမှန်မဟုတ်။
ရှေးဟောင်းခေတ်ကဆိုလျှင် သူလလုံးပြလိုက်သည်နှင့် ချီးကျူးစကားများ မဆုံးနိုင်အောင်ကြားရသည်။
"ဂိုဏ်းတူအကိုနှစ်ယောက်ရဲ့ ပါရမီက ထူးကဲလွန်းလို့ ဒဏ္ဍာရီမသေမျိုးတွေတောင် အာရုံစိုက်လာတာလား"
"အကိုလုတို့က ရှေးဟောင်းခေတ်မှာတောင်မရှိတဲ့ ကောင်းကင်ဆင်းရဲမျိုးဖြတ်ကျော်ခဲ့ရတာ မထူးဆန်းတော့ပါဘူး"
ဂိုဏ်းသားများ ဆူညံနေသည်။ အတော်စိတ်လှုပ်ရှားနေကြသည်။ ယနေ့သည် သမိုင်းဝင်နေ့ဖြစ်သည်။ မသေမျိုးတစ်ယောက်ပင် ပေါ်လာသည်။
ယင်ထန်က အနက်ရောင်အောက်ခံ ရွှေနဂါးဝတ်စုံကို ဝတ်ထားသည်။ ရွှေနဂါးအသက်ဝင်လာသကဲ့သို့ ခံ့ညားထည်ဝါစွာ လှုပ်ရှားသည်။
သေမျိုးလောကသို့ ဆင်းလာချိန်တွင် မြူမှုန့်များက သူ့ကိုအလိုလိုရှောင်တမ်းသွားသည်။ သာမန်ဘဝကို လွန်မြောက်ထားသည့် လက္ခဏာဖြစ်သည်။
ယင်ထန်မသေမျိုး လုယန်တို့ဆီ ကရုဏာရိပ်လွှမ်းသည့်မျက်နှာဖြင့် လှမ်းကြည့်သည်။
"ငါ့စမ်းသပ်ချက်ကို မင်းတို့အောင်မြင်သွားပြီ။ သိပ်ကောင်းပါတယ်။ ဒါပေမယ့် လေဟာနယ်သန့်စင်အဆင့်ဆိုတာ ကျင့်ကြံသူတွေအတွက် အစပျိုးအဆင့်ဆိုတာ မှတ်ထားပါ။
မောက်မာစိတ်မထားဘဲ စိတ်ရှည်သည်းခံပြီး ဆက်ကျင့်ကြံဖို့လိုမယ်"
"မသေမျိုးအရှင်ရဲ့စကားကို မှတ်ထားပါ့မယ်"
လုယန်တို့ ပြိုင်တူပြောကြသည်။ မလေးမစားမလုပ်ရဲ။
"မသေမျိုးအရှင်၊ ကျုပ်မေးစရာတစ်ခုရှိပါတယ်"
"မေးပါ"
"ကျုပ်အခုဘာလို့ ကူးဖြတ်ခြင်းအဆင့်ရောက်နေတာလဲ"
ပုံမှန်လေဟာနယ်သန့်စင်အဆင့်သည် ချီအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ကြားတွင်သာ တက်လိုက်ကျလိုက်ဖြစ်တတ်သည်။
သို့သော် လက်ရှိတွင် ကူးဖြတ်ခြင်းအဆင့်သို့ရောက်နေကြောင်း လုယန်ခံစားမိသည်။ ကူးဖြတ်ခြင်းစွမ်းအားရှင်များစွာ သူတွေ့ကြုံဖူးသည်။ မှားစရာအကြောင်းမရှိ။
ယင်ထန် "..."
...ဘာလို့ဖြေရခက်တဲ့ ကြောင်တက်တက်မေးခွန်းတွေချည်း မင်းခေါင်းထဲရှိနေတာလဲကွာ...
*****************************
အခန်း (၁၁၂၄) အဆက်မပြတ်လည်ပတ်ခြင်း
"ဘာရယ်၊ အကိုလုယန်က အခု ကူးဖြတ်ခြင်းအဆင်ကို ရောက်နေတာလား"
"လေဟာနယ်သန့်စင်အဆင့်ရဲ့ အမြင့်ဆုံးရောက်နိုင်တဲ့အကန့်အသတ်က စုစည်းခြင်းအဆင့်မဟုတ်ဘူးလား"
"ငါလည်းမသိတော့ဘူး"
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှားဖြစ်လာပြန်သည်။ အောင်းလင်းနှင့်ကျန်းလျန်ယိပင် အံ့အားသင့်နေကြသည်။
သူတို့လေဟာနယ်သန့်စင်အဆင့်တွင် ထိုအခြေအနေမျိုး မကြုံဖူး။
ယင်ထန်မသေမျိုး ခဏအသံတိတ်သွားသည်။
လုယန်ကိုစတွေ့ကတည်းက ထင်မှတ်မထားသည့်အခြေအနေများ အမြဲကြုံရသည်။ နတ်မယ်၏လှုပ်ရှားမှုများကဲ့သို့ပင် နားလည်ဖို့ခက်သည်။
ထာဝရမျိုးဆက်ပီသသည်။
လုယန်၏ကျင့်စဉ်အဆင့်ကို ယင်ထန် သေချာအာရုံခံကြည့်သည်။ မှန်သည်။ ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။
"မသေမျိုးအရှင်"
လုယန်က ယင်ထန်အဖြေကို စိတ်အားထက်သန်စွာမျှော်လင့်နေသည်။ တမင်စကားနာထိုးခြင်းမဟုတ်။ တကယ်သိလိုခြင်းဖြစ်သည်။
ယင်ထန်ခဏစဉ်းစားပြီး ပြန်ဖြေသည်။
"ထမင်းတစ်လုတ် ရေတစ်ခွက်စာတိုင်းဟာ ကြိုတင်သတ်မှတ်ပြီးသားဆိုတဲ့ ဆိုရိုးစကားရှိတယ်။ မင်းက မင်းရှေ့ကလူတွေထက် သာလွန်တယ်။ မဖြစ်နိုင်ဘူးထင်ရတဲ့ အဆင့်သုံးဆင့် ကောင်းကင်ဆင်းရဲကို ဖြတ်ကျော်ခဲ့တယ်။
မရှိခဲ့ဖူးတဲ့ စွမ်းဆောင်ရည်ကြောင့် လေဟာနယ်သန့်စင်အဆင့်ရဲ့ အကန့်အသတ်ကို ကျော်လွန်သွားတယ်။ ဒါဟာ ကောင်းကင်ကိုယ်စား ငါချီးမြှင့်လိုက်တဲ့ အခွင့်အရေးပဲ"
သူ့စကားသံက တည်ငြိမ်အေးဆေးသည်။ လုယန်အခြေအနေကို သူကြိုတင်မျှော်လင့်ထားပြီးသည့် လေသံမျိုးဖြစ်သည်။
လုယန် ယင်ထန်၏စကားကို ဘာသာပြန်သည်။
--ကောင်းကင်လျှပ်စီးစွမ်းအားက ပြင်းထန်လွန်းလို့ အခြေနေသစ်တစ်ခု ပေါ်လာတာပါ...
လောင်မုန်လည်း ကူးဖြတ်ခြင်းအဆင့်ရောက်နေသဖြင့် ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို လုယန်ကြိုတင်ခန့်မှန်းပြီးဖြစ်သည်။ သို့သော် လောင်မုန်က အဆင့်ပြန်ကျချိန် အတော်မြန်သည်။
မကြုံဖူးသည့် အခြေအနေဖြစ်သော်လည်း ကောင်းသည့်အပြောင်းအလဲဖြစ်သည်။ သူတော်စင်များ လေဟာနယ်သန့်စင်အဆင့်ကို ဖန်တီးခဲ့သည်မှာလည်း နောက်လာမည့်အဆင့်များနှင့် ကြိုတင်အကျွမ်းတစ်ဝင်ဖြစ်ပြီး အဆင့်သစ်တစ်ခု ဖန်တီးနိုင်စေဖို့သာဖြစ်သည်။
လေဟာနယ်သန့်စင်အဆင့်တွင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားကို တွေ့ကြုံခံစားနိုင်သည်။ ကူးဖြတ်ခြင်းအဆင့် တကယ်ရောက်လာလျှင် ကြိုးစားရတစ်ဝက်သက်သာပြီး နှစ်ဆအကျိုးထူးလာမည်။
"ယင်ထန်အရှင်ပြောတာ မင်းတို့ကြားလိုက်လား။ ဂိုဏ်းတူညီလေးနှစ်ယောက်က တကယ်ကံထူးလို့ ကောင်းချီးရခဲ့တာတဲ့"
မသေမျိုးစမ်းသပ်ချက်ကို ဖြတ်ကျော်သည်။ မသေမျိုးတစ်ယောက်ကိုယ်တိုင် ပေါ်လာသည်။ ထူးခြားသည့်ကောင်းချီးကိုရသည်။ ဤအဖြစ်သည် ခေတ်အဆက်ဆက် တည်တံ့နေမည့် သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်လာလိမ့်မည်။
"တကယ်အဲလိုလား"
ယွမ်ကျိ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။
သူလေဟာနယ်အဆင့်တွင် ချန်ကောင်းကင်ဆင်းရဲဖြတ်ကျော်စဉ်က အကန့်အသတ်ကျော်လွန်နိုင်ခြေရှိကြောင်း သူခန့်မှန်းမိခဲ့သည်။ သို့သော် လျှပ်စီးကို မထိန်းချုပ်နိုင်သဖြင့် သူ့ခန့်မှန်းချက်ကို သက်သေမပြနိုင်ခဲ့။
ယခု ရှောင်လုနှင့်ရှောင်မုန်ကြောင့် သူ့အတွေးများကို အတည်ပြုနိုင်ခဲ့သည်။
"ရှောင်ယန်၊ ငါပြောခဲ့တာ နားလည်ပြီမဟုတ်လား။ ကောင်းကင်လျှပ်စီးကြမ်းတမ်းလေ အကျိုးကျေးဇူးများလေ ဆိုတာလေ"
လုယန် ကောင်းကင်ဆင်းရဲကို အောင်မြင်စွာဖြတ်ကျော်၍ အသွင်သစ်ပြောင်းနိုင်ခဲ့သည်။ နတ်မယ်က လုယန်ထက်ပင် ပိုပျော်နေသယောင်ရှိသည်။
ပျော်မြူးနေသည့်နတ်မယ်ကို ကြည့်သည်။ ထို့နောက် နတ်မယ်ဘေးမှ အပြုံးအရယ်မရှိသည့် ချင်ဟဲကိုကြည့်သည်။ လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။
နတ်မယ်၊ ခင်ဗျားအခုမှနိုးလာတာတော့ မဖြစ်နိုင်ဘူးထင်တယ်။
စဉ်းစားကြည့်လျှင် သဘာဝတော့ကျသည်။ သူဖြတ်ကျော်ခဲ့သည့် ကောင်းကင်ဆင်းရဲက မိုးမြေတစ်ခွင့်တုန်ခါနေခဲ့သည်။ နတ်မယ် တွင်းအောင်းအိပ်စက်နေလျှင်ပင် နိုးလာလောက်သည်။
ခုနက အိပ်ပျော်နေသည်ဆိုသည်မှာ မဖြစ်နိုင်။
သို့ဆိုလျှင် ချင်ဟဲ ပဲဝါနန်းတော်ဂိတ်တံခါးတွင် သူ့ကိုပိတ်ဆို့ခဲ့သည်မှာ နတ်မယ်အမိန့်ဖြစ်ဖို့များသည်။
လုယန် ထိတ်လန့်တုန်လှုပ်သွားသည်။ အင်ပါယာဘေးတွင်နေရသည်မှာ ကျားတစ်ကောင်နှင့် အတူနေရသလိုပင်ဖြစ်သည်။ အင်ပါယအရှင်မက သစ္စာရှိသည့် သူ့လိုအကြံပေးဝန်ကြိးနှင့် ကောက်ကျစ်ဉာဏ်များသည့် သမိုင်းရေးဝန်ကြီးကြားတွင် တမင်သွေးခွဲ၍ နန်းတော်အင်အားမျှအောင် ထိန်းလိုက်ခြင်းလော။
ထိုလုပ်ရပ်သည် အင်ပါယာ၏အုပ်ချုပ်ရေးပညာလော...
လုယန်အကြည့်က နည်းနည်းမူမမှန်သည်ကို သတိထားမိသဖြင့် နတ်မယ် မလုံမလဲပြုံးလိုက်သည်။
လျှပ်စီးပြင်းထန်လေ အကျိုးများလေမှန်း သူသိသည်။ သို့သော် ကောင်းကင်လျှပ်စီးနှိပ်စက်မှုအောက်တွင် လုယန်အသေအလဲရုန်းကန်နေသည်ကို သူမကြည့်ရက်။
ရှောင်ယန်အကူအညီလာတောင်းလျှင် သူစိတ်ပျော့်သွားမည်စိုးသည်။ ထို့ကြောင့် ချင်ဟဲကို ကြားဝင်ခိုင်းခြင်းဖြစ်သည်။
ချင်ဟဲက လက်နှစ်ဘက်ရှေ့ချ၍ ကျောက်ရုပ်လိုရပ်နေသည်။ ဘာမှအရေးစိုက်၍ တွေးနေပုံမရ။
မသေမျိုးတစ်ယောက် သေမျိုးလောကသို့ ဆင်းလာလျှင် ကြာကြာနေ၍မဖြစ်။ မသေမျိုးများသည် လျှို့ဝှက်ဆန်းကြယ်၍ အသိခက်သည့်ဟန်ပန်မျိုး ထိန်းထားရမည်။ သေမျိုးများနှင့် ဆက်ဆံချိန် အကန့်အသတ်ရှိရမည်။
ထိုသဘောတရားကို ယင်ထန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ကိုယ့်အဆိုကို ကိုယ်တိုင်လိုက်နာရမည်။
"ဒီနေ့အောင်မြင်မှုဟာ ကျင့်စဉ်လမ်းရဲ့ ခြေလှမ်းအသေးစားလေးပဲ။ လေ့ကျင့်တာကို မလျှော့နဲ့။ သေမျိုးလောကကိစ္စတွေမှာ ငါသိပ်ပြီးဝင်မစွက်သင့်ဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ"
"ဟုတ်ကဲ့"
လုယန်တို့နှစ်ယောက် ပြိုင်တူဖြေသည်။
လေပြေတစ်ချက် အော်ဘက်တွင် ပေါ်လာသည်။ ယင်ထန်၏ နဂါးဝတ်ရုံ ဖောင်းပွလာသည်။ ဝတ်ရုံပေါ်တွင် ရွှေချီထိုးထားသည့် နဂါးရုပ် အသက်ဝင်လာသည်။ ဝတ်ရုံအပြင်ဘက်သို့ထွက်၍ လေပြေကိုကြိုဆိုသည်။
ထို့နောက် အလွန်တရာကြီးမားသည့် ရွှေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။ ကြည့်နေသည့်ပရိတ်သတ်များ တအံ့တဩပင့်သက်ရှိုက်ကြသည်။
ရွှေနဂါးပေါ်လာသည်နှင့် သိမ်မွေ့သည့်ဖိအားတစ်ခု ထွက်ပေါ်လာသည်။ တမင်းထုတ်လွှတ်ခြင်းမဟုတ်။ အကောင်အထည်ကြီးမားလွန်းသဖြင့် စွမ်းအင်ဖိအားကို အပြည့်အဝမထိန်းချုပ်နိုင်ဘဲ တစ်စွန်းတစ်စ စိမ့်ထွက်လာခြင်းဖြစ်သည်။
ထိုဖိအားအနည်းငယ်သည်ပင် လူအားလုံးကို သက်တမ်းရင့်သည့်အာရုံမျိုး ပေးနိုင်သည်။
ရွှေနဂါးက ခေါင်းငုံ့ပေးသည်။ လောကတွင် သူဦးညွှတ်သူဟူ၍ သူ့သခင် ယင်ထန်မသေမျိုးသာရှိသည်။
ယင်ထန်က နဂါးဦးခေါင်းထက်တွင်ရပ်၍ ကောင်းကင်ပြင်သို့ပြန်တက်ပြီး ပျောက်ကွယ်သွားသည်။
သူပျောက်ကွယ်သည်နှင့် အနက်ရောင်တိမ်တိုက်များလည်း ရှင်းလင်းသွားသည်။ အချိန်ကြာမြင့်စွာပျောက်နေခဲ့သည့် နေခြည်အလင်းပေါ်လာသည်။ သူ့အနွေးဓာတ်ကို အားလုံးခံစားကြရသည်။
"အကိုယင်ထန်ဝင်လာပုံထွက်သွားပုံက အရမ်းထူးခြားတာပဲ"
အောင်းလင်း ရယ်မောရင်း မျက်ရည်ကျနေသည်။ ထိုရွှေနဂါးကို သူတစ်ခါမှမမြင်ဖူး။ သိပ်မကြာသေးခင်ကမှ အသစ်ကျင့်ကြံထားခြင်းဖြစ်မည်။
"အခုတော့ ပြီးသွားပြီပဲ"
လုယန်မျက်နှာ ရှုံ့မဲ့သွားသည်။ ကောင်းကင်ဆင်းရဲ ဖြတ်ကျော်ရသည်က တကယ်မလွယ်လှ။ နာကျင်မှုက အစစ်အမှန်ဖြစ်သည်။
ကောင်းကင်စွမ်းအင်ပွင့်ချပ်များက ဒဏ်ရာကုပေးသော်လည်း သူတို့နှစ်ယောက် အပြည့်အဝပြန်ကောင်းမလာသေး။ အတွင်းအပြင်ဒဏ်ရာများကြောင့် နည်းနည်းလှုပ်လိုက်သည်နှင့် မခံမရပ်နိုင်အောင် နာကျင်သည်။
အနည်းဆုံး တစ်လလောက်တော့ အနားယူအားမွေးရလိမ့်မည်။
"တွေ့လား၊ ငါမင်းကိုမလိမ်ပါဘူး။ ကောင်းကင်ဆင်းရဲ စွမ်းအားကြီးလေ အကျိုးများလေပဲ။ ဒါတွေအားလုံး မင်းကောင်းဖို့အတွက် ငါလုပ်ပေးခဲ့တာပါ"
"တော်စမ်းပါကွာ။ ဒီလိုအပြောင်းအလဲဖြစ်လာမယ်ဆိုတာ မင်းလုံးဝကြိုမသိပါဘူး"
သမိုင်းဝင်မှတ်တမ်းဖန်တီးခဲ့သည့် သူရဲကောင်းနှစ်ယောက်ဘေးသို့ ဂိုဏ်းတပည့်များရောက်လာသည်။ သက်တောင့်သက်သာ အနားယူကုသနိုင်ဖို့ သက်ဆိုင်ရာလှိုဏ်ဂူများဆီ ပို့ပေးကြသည်။
"ရှောင်ယန်၊ ငါခဏအပြင်ထွက်ဦးမယ်"
နတ်မယ်ကပြောသည်။
"ဪ ဟုတ်ပါပြီ"
လုယန် သိပ်များများမတွေးပဲ ခေါင်းငြိမ့်လိုက်သည်။
"ဆရာ့ကိစ္စ ပြီးသွားပြီလာ"
ကျင်းဟုန်ကမေးသည်။ ပြန်ရောက်လာချိန်တွင် သူ့ဆရာမျက်နှာမှအပြုံးက ထွက်သွားစဉ်ကထက်ပင် ပိုဝေဆာနေသည်။
သူ့ဆရာထိုသို့ပြုံးနေသည်ကို သူတစ်ခါမှမမြင်ဖူး။
သတင်းပျံ့သည်ဆိုသည်က သူ့အတိုင်းအတာရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှသတင်းများ လနန်းတော်သို့မရောက်သေး။
"အခု ငါစိတ်ထဲ သက်တောင့်သက်သာဖြစ်နေပါပြီ"
အမြဲတမ်းပြုံးနေလျှင် ကိုယ့်ပုံရိပ်ထိခိုက်မည်။ ကျင်းယန်ကို ယင်ထန်ကျောပေးရပ်လိုက်သည်။ ခါတိုင်းလိုပင် သူ့ပုံစံက အသိခက်သည်။
သူစဝင်သည်နှင့် အားလုံးက စောင့်ကြည့်ခဲ့သည်။ လောကကို သူပြန်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လူအုပ်ကြီး လေးစားအားကျသည့် အကြည့်များအောက်မှ နဂါးစီး၍ ထွက်လာခဲ့သည်။
အဖြစ်အပျက်က ရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသယောင်ထင်ရသည်။
နှစ်သုံးသိန်းကြာအောင် အောင့်အီးသည်းခံပြီးနောက်မှ ထိုခံစားချက်မျိုး ပြန်ရသည်။
ယင်ထန်မသေမျိုးနောက်ဘက်မှ ကျင်းဟုန်၏စကားသံ ပေါ်လာသည်။
"အဲ...ထာဝရနတ်မယ်၊ ရှင်ဘယ်လိုရောက်လာတာလဲ"
"ကောင်မလေး၊ ငါတို့ကို အချိန်ခဏပေးပါ"
"ဟုတ်"
"ယင်ထန်၊ နင့်ကိုဘယ်သူက အဲလောက်ကြမ်းကြမ်းတမ်းတမ်းရိုက်ခိုင်းလို့လဲ"
နတ်မယ် ဒေါသတကြီးဝင်လာသည်။ ယင်ထန်ကို ဖြေရှင်းချက်တောင်းသည်။
ယင်ထန်နောက်လှည့်လာသည်။ နတ်မယ်ကိုကြည့်၍ အံ့ဩသွားသည်။
"ခပ်ပြင်းပြင်းရိုက်မယ်လို့ ငါပြောတုန်းက မင်းသဘောတူခဲ့တာပဲလေ"
"ငါသဘောတူတော့ဘာဖြစ်လဲ"
"မင်းအကျိုးသင့် အကြောင်းသင့်..ဟေ့ ဟေ့ ဟေ့ ခန္ဓာကိုယ်မဖောက်ခွဲနဲ့.."
"ဘုန်း"
ပြင်းထန်စွာ ခန္ဓာကိုယ်ဖောက်ခွဲပြီးနောက် နတ်မယ် ပျောက်သွားသည်။ ယင်ထန် မှင်သက်မိ၍ကျန်ခဲ့သည်။
ရုတ်တရက် လေဟာနယ်တွန့်လိမ်သွားသည်။ နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာပြန်သည်။
"မိတ်ဆွေယွမ်ကျိ၊ မတိုက်ခိုက်ခင် နှုတ်ဆက်စကားလေးတောင် မပြောတော့ဘူးပေါ့..."
****************************
အခန်း (၁၁၂၅) ရှေးဟောင်းခေတ်တွင်မရှိ
"အကိုလုယန်၊ အကိုပြန်သက်သာလာမှာပါ"
"ညီလေးလုယန်၊ အားလုံးက မင်းအကြောင်း သတိရနေမှာပါ"
"ညီလေးလုယန်၊ မင်းက ငါတို့ဂိုဏ်းအတွက် ဂုဏ်ယူစရာပါပဲ"
လှိုဏ်ဂူထဲမှ ကုတင်ပေါ်တွင် လက်နှစ်ဘက်ရင်ဘတ်ပေါ်တင်၍ လုယန်လဲလျောင်းနေသည်။ သူ့ဘေးပတ်လည်တွင် လတ်ဆတ်သည့်ပန်းပွင့်များနှင့် ချီးကျူးစကားသံများ ဝန်းရံနေသည်။
တကယ်ပီတိဖြစ်စရာကောင်းသည်။
အံ့ဖွယ်ပါရမီဖြင့် ကောင်းကင်ဆင်းရဲဖြတ်ကျော်ခဲ့သည်။ လေဟာနယ်အဆင့်အကန့်အသတ်ကျော်လွန်သည့် မသေမျိုးတစ်ယောက်၏ ကောင်းချီးရခဲ့သည်။ ဂိုဏ်းညီအကိုမောင်နှမများအားလုံး အကြီးအကျယ်အံ့အားသင့်နေသည်။
လုယန်ဆီ တစ်ယောက်ပြီးတစ်ယောက် လာလည်၍ ရိုသေလေးစားမှုပြကြသည်။
တပည့်သစ်များက သူတို့အိုက်ဒေါကိုမြင်ခွင့်ရသဖြင့် ဝမ်းသာမျက်ရည်များကျနေသည်။
လာလည်သူများလွန်းသဖြင့် စကားတစ်ခွန်းပြော ပန်းတစ်စည်းစီသာ ချခွင့်ရသည်။ နောက်လူများကို အလှည့်ပေးကြရသည်။
"ကဲ၊ အချိန်ပြည့်သလောက်ရှိပြီ။ ဒုခေါင်းဆောင် အနားယူဖို့လိုတယ်"
ယွမ်မုန်မုန်ထွက်လာပြီး လှိုဏ်ဂူတံခါးတွင် 'လာမလည်ရ'စာတန်းချိတ်သည်။
ဧည့်သည်များထွက်သွားပြီးနောက် ဘယ်ကရောက်လာမှန်းမသိသည့် အောင်းလင်းတို့လူစု တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ လုယန်ကို ကူညီပေးရန် လာကြခြင်းဖြစ်သည်။
ဂရုမစိုက်ပေးဖို့မလိုလျှင်ပင် လူများများရှိနေသဖြင့် 'လူနာ'အတွက် အားပေးရာရောက်သည်။
လုယန်တကယ်မေးချင်သည်။ ရှေးဟောင်းခေတ်တွင် နာလန်ထအားမွေးသည့်အချိန်ဟူ၍ မကြုံးဖူးကြသလားမသိ။
သူ့ဘေးပတ်လည်တွင် ပန်းစည်းများစုပုံနေသည်ကိုကြည့်၍ ယွမ်မုန်မုန် ပြန်တွေးမိလာသည်။ သူတို့လျှို့ဝှက်မြေတွင် ပန်းခွေများပြုလုပ်ပေးခြင်းသည် ကောင်းချီးဆုတောင်းလက်ဆောင်ကို ကိုယ်စားပြုသည်။
"ပန်းတွေအများကြီးရှိနေတယ်ဆိုတော့ ဒုခေါင်းဆောင်အတွက် လွမ်းသူ့ပန်းခွေလိုမျိုး လုပ်ပေးကြရင်မကောင်းဘူးလား"
ထိုစကားကြောင့် ယွမ်မုန်မုန်ကို ချက်ချင်းအာရုံလွှဲဖို့ လုယန်ကြိုးစားသည်။
"ညီမမုန်မုန်၊ ပန်းခွေမလုပ်ဘဲ ပန်းမုန့်လုပ်တာပိုကောင်းမယ်ထင်တယ်"
"ဒုခေါင်းဆောင်က ပန်းမုန့်ကြိုက်လို့လား"
"ကြိုက်တယ်"
"ဒါဆိုငါ အခုချက်ချင်းသွားလုပ်ပေးမယ်"
ယွမ်မုန်မုန် ပန်းစည်းများယူ၍ ထွက်သွားသည်။
ထိုပန်းများသည် အသွင်လှရုံသာမဟုတ်။ ဆေးဘက်လည်းဝင်သည်။ ပန်းမုန့်လုပ်လျှင် ဆေးအဟာရဓာတ်စာအဖြစ် သုံးနိုင်သည်။
"လေဟာနယ်သန့်စင်အဆင့်မှာ ကြုံရတဲ့အပြောင်းအလဲတွေက အံ့ဩစရာပဲ"
အောင်းလင်းတို့လုစု လုယန်ဘေးတွင်ဝိုင်း၍ တအံ့တဩဖြစ်နေသည်။ သူတို့ခေတ်တွင် လေဟာနယ်သန့်စင်အဆင့်၌ ကောင်းကင်ဆင်းရဲမရှိ။ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်များတွင်သာ ရှိသည်။
ယနေ့ခေတ်ကောင်းကင်ဆင်းရဲများသည် ယင်ထန် မသေမျိုးဖြစ်လာပြီးမှ တီထွင်ခဲ့ခြင်းဖြစ်သည်။
ယခု သူတို့အားလုံး လေဟာနယ်သန့်စင်အဆင့်သို့ ပြန်သွား၍မရ။ လုယန်ကိုသာ စူးစမ်းလေ့လာကြရသည်။
"အကိုလု တကယ်ကောင်းချီးခံလူသားပဲ။ မသေမျိုးအမကို ပြန်အသက်သွင်းနိုင်ခဲ့သလို ဒီလိုကံထူးတာတွေလည်း ကြုံရတယ်"
လုယန်စိတ်ထဲ ထိုမသေမျိုးတစ်ဝက်များကို အာရုံလွှဲဖို့ နတ်မယ်မြန်မြန်ပြန်လာပါစေဟု ဆုတောင်းနေသည်။
အမယွမ်ကလည်း ဘယ်ရောက်နေသည်မသိ။
"အမနှစ်ယောက်နဲ့ ညီမချိုင်ဝေ။ ဝိညာဉ်သစ်သီးစားကြပါဦး"
ချင်ဟဲက လတ်ဆတ်သည့် ဝိညာဉ်သစ်သီးများ တည်ခင်းဧည့်ခံသည်။
ထာဝရနတ်မယ် သိစိတ်နယ်မြေတွင်မရှိချိန်တွင် ချင်ဟဲလည်း 'လူပြန်ဝင်စား'သည်။ သိစိတ်နယ်မြေတွင်မနေ။
"ဒါနင့်အတွက်ပါ လုယန်"
ချင်ဟဲက ဝိညာဉ်သစ်သီးတစ်ပန်းကန် လုယန်ကုတင်ဘေးတွင် ချပေးသည်။
ပန်းကန်ထဲမှ ဝိညာဉ်သစ်သီးများက အမျိုးအစားစုံလင်သည်။ သို့သော်ချင်ဟဲက အစိတ်အပိုင်းများ ညီညာစွာလှီးဖြတ်ပြီး ရူးကြောင်ကြောင်ပြုံးနေသည့် မျက်နှာပုံစံတစ်ခု ပုံဖော်ထားသည်။
...ထိုမျက်နှာအားလုံးက မသေမျိုးတစ်ယောက်ယောက်နှင့် တူနေသလိုရှိသည်။
လုယန် သစ်သီးတစ်စိတ်စားလိုက်သည်။ အတော်ချိုသည်။ လည်ချောင်းနာသည့်ဒဏ် နည်းနည်းသက်သာသွားသည်။ ဤသစ်သီးတွင် ခံတွင်းစိုစွတ်အေးမြစေသည့်အာနိသင် ရှိပုံရသည်။
"ဒါပေမယ့် ဘာလို့ဝိညာဉ်စွမ်းအင်မပါတာလဲ"
ဝိညာဉ်သစ်သီးဖြစ်ပြီး ဝိညာဉ်စွမ်းအင်လုံးဝမပါ။
ချင်ဟဲက သက်ပြင်းချ၍ စိတ်ရှည်လက်ရှည်ရှင်းပြသည်။
"ကိုယ့်အခြေအနေကိုယ် ပြန်တွေးကြည့်လေ။ အခုနင်က လေဟာနယ်သန့်စင်အဆင့်ရောက်နေတာ။ ကျင့်စဉ်မတည်ငြိမ်ဘူး။
ကူးဖြတ်ခြင်းနောက်ဆုံးအဆင့် ရောက်နိုင်သလို ချီအခြေခံအဆင့်လည်းရောက်နိုင်တယ်။ ကူးဖြတ်ခြင်းအဆင့်ဆိုရင်တော့ ဘယ်ဝိညာဉ်သစ်သီးမဆို စားနိုင်မှာပေါ့။
ချီအဆင့်ဆိုရင်တော့ ဝိညာဉ်သစ်သီးစားတာဟာ သေကြောင်းကြံတာပဲ။ ဒါကြောင့် နင်စားသမျှအားလုံး ဝိညာဉ်စွမ်းအင်ပါလို့မရဘူး။ နင့်ခန္ဓာကိုယ် နောက်ထပ်ထိခိုက်နိုင်တယ်"
သစ်သီးများယူမလာမီ ပန်းမုန့်လုပ်ရန်စဉ်းစားနေသည့် ယွမ်မုန်မုန်ကိုလည်း ပန်းပွင့်များထဲမှ ဝိညာဉ်စွမ်းအင်ကို ဖယ်ထုတ်ရန် သူအကြံပေးခဲ့သည်။
ယခုလောက်စဉ်းစားချင့်ချိန်စရာများမည်ဟု လုယန်ထင်မထားခဲ့။
"ချင်ဟဲက ခါတိုင်းလိုပဲ လုပ်တဲ့ကိုင်တဲ့နေရာမှာ စေ့စပ်သေချာနေတုန်းပါလား"
ကျန်းလျန်ယိက ပြုံး၍စနောက်သည်။
"မသေမျိုးအမက နင့်ကိုပြုစုစေချင်တာ မဆန်းတော့ပါဘူး"
"အမလျန်ယိက မြှောက်နေပြန်ပါပြီ။ ကျွန်မတတ်နိုင်တာက ဒါလေးပဲရှိတာပါ"
"ကိုယ့်ကိုယ်ကို နှိမ့်ချနေပြန်ပြီလား"
နတ်မယ် အောင်ပွဲခံ၍ ပြန်ရောက်လာသည်။
"နင်က အားလုံးတော်တယ်လို့ ငါအမြဲပြောပါတယ်။ နင့်မှာလိုနေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုပဲ"
"သခင်နဲ့ယှဉ်ရင် အများကြီးနိမ့်ကျနေပါသေးတယ်"
"ပြောလာပြန်ပြီလား"
"ပြန်လာပြီလား နတ်မယ်"
လုယန် ကုတင်ပေါ်မှ နှုတ်ဆက်သည်။
"အင်း၊ ယင်ထန်မသေမျိုးနဲ့ စကားသွားပြောနေတာပါ"
သူ့မျက်နှာတွင် ဝင့်ကြွားရိပ်များ အထင်းသားပေါ်လွင်နေသည်။
"အမယွမ်ဘယ်သွားလဲ ခင်ဗျားသိလား"
ခုနက ယွမ်မုန်မုန်ကိုလည်း သူမေးခဲ့သည်။ ယွမ်မုန်မုန်လည်းမသိ။
"ရှောင်ယွမ်လား။ ငါသူ့ကို မမြင်မိဘူး"
နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ နည်းနည်းအံ့ဩနေသည်။ ရှောင်ယန်က ဒဏ်ရာဖြင့် ကုတင်ပေါ်ရောက်နေသည်။ ယခုလိုအချိန်မျိုးတွင် ရှောင်ယွမ်ဘယ်သွားနေသည်မသိ။
"ထားလိုက်ပါ၊ ရှောင်ယွမ်က ဒုက္ခမရောက်နိုင်ပါဘူး။ ဒါနဲ့ရှောင်ယန်၊ နင်ဒဏ်ရာကုဖိုလိုတယ်ဆိုတော့ ချင်ဟဲကို ပြုစုခိုင်းလိုက်မယ်"
"အဟွတ် အဟွတ် အဟွတ်-"
လုယန် ချောင်းအသည်းအသန်ဆိုးလာသည်။ ကိုယ်တွင်ကလီစာများ ကြေမွမတတ်ဖြစ်သွားသည်။ မသေမျိုးတစ်ဝက်တစ်ယောက်၏ ပြုစုစောင့်ရှောက်မှုကို သူဘယ်လိုခံယူရဲမည်နည်း။
နတ်မယ်၏ရူးကြောင်ကြောင်အကြံကို အမြန်ငြင်းဖို့ ချက်ဟဲကို သူအတင်းမျက်ရိပ်ပြသည်။
..ခင်ဗျားက နတ်မယ်ကို ပြုစုရတာ ပိုသဘောကျတယ်မဟုတ်လား...
သို့သော် ချင်ဟဲက လုယန်အချက်ပြသည်ကို လုံးဝအရေးမစိုက်ဘဲ အလေးအနက်လေသံဖြင့်ပြောသည်။
"သခင့်အမိန့်ကို အပြည့်အဝလိုက်နာပါ့မယ်"
လုယန် မင်သက်မိသွားသည်။
ချင်ဟဲ၊ ခင်ဗျားတကယ်ခေါင်းမာတဲ့လူပဲ...
"ချင်ဟဲပြုစုနေရင် ငါစိတ်ချလို့ရပါပြီ။ ပင်ပန်းလိုက်တာ၊ အရမ်းပင်ပန်းတာပဲ။ ငါအိပ်တော့မယ်"
နတ်မယ် ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်၍ သိစိတ်နဘ်မြေမှ သူ့အိပ်ယာပေါ်တွင် အမြန်ဝင်လှဲသည်။
"ဂိုဏ်းသခင်လေး။ အိပ်မက်ရေပွက်တစ်ခု ကြည့်ချင်လား"
ကျင်းချိုင်ဝေက မှော်ဖန်လုံးတစ်ခု ထုတ်လာသည်။ သူအထပ်ထပ်စမ်းသပ်ခဲ့သည်။ ယခုမှ အိပ်မက်ရေပွက်ကို မှော်ဖန်လုံးနှင့် အဆင်ပြေပြေပေါင်းစပ်နိုင်သည်။ ရလာဒ်က တကယ်ထူးခြားသည်။
သူ့လေ့လာမှုရလာဒ်များကို တစ်ခြားဘယ်သူမှ မမြင်ဖူးသေး။ လုယန်က ပထမဆုံးလူဖြစ်သည်။
"ကြည့်မယ်လေ"
လုယန် စိတ်ဝင်စားသည်။ သူစိတ်ကူးထားသည့်အတိုင်း ဖြစ်မဖြစ် သိချင်သည်။
ကျင်းချိုင်ဝေက မှော်ဖန်လုံးကို ကြမ်းပြင်ပေါ်ချ၍ ဝိညာဉ်စွမ်းအင်တစ်ချို့ ပို့လွှတ်လိုက်သည်။ ဖန်လုံးမှ အလင်းဖန်သားပြင်တစ်ခု ထွက်လာသည်။ ပုံရိပ်နယ်မြေတစ်ခုလို အားလုံးကိုလွှမ်းခြုံသွားပြီး အဆင့်မြင့်တိုက်ပွဲတစ်ခု ပေါ်လာသည်။
ရွှေရောင်ဖီးနစ်တစ်ကောင်နှင့် သွေးနီရောင်ရှိသည့်သတ္တဝါကြီးတစ်ကောင်၏ တိုက်ပွဲဖြစ်သည်။ သွေးနီသတ္တဝါက ခြေခြောက်ချောင်း တောင်ပံလေးခုပါသည်။
"ဒါက အကြီးအကဲလျန်ယိနဲ့ နိုင်ငံ့သခင်ကျူးတို့ တိုက်ပွဲလား"
ထိုတိုက်ပွဲကို လုယန်ချက်ချင်းမှတ်မိသည်။ နတ်ဆိုးနိုင်ငံတည်ထောင်စဉ်က တိုက်ပွဲဖြ်စသည်။
ကိုယ်တိုင်ကြည့်ဖူးပြီးဖြစ်သော်လည်း မသေမျိုးတစ်ဝက်တိုက်ပွဲကို နှစ်ကြိမ်ထပ်ကြည့်လည်း အကျိုးမယုတ်နိုင်။
ထိုတိုက်ပွဲဖြစ်ခဲ့သည့်အချိန်ကို ပြန်ရောက်နေသလို ခံစားရသည်။ မှော်ဖန်လုံး၏ အကျိုးအာနိသင်က သူထင်ထားသည်ထက်ပင် ပိုကောင်းနေသည်။
"နင်လုပ်နေတာနင်ပြန်ကြည့်ဦး။ ဒီနေရာမှာ မီးတောက်ကိုသုံးခဲ့သင့်တာ။
..ပြီးတော့ ဒီနားမှာ နင်တိုက်ခိုက်တာ အရမ်းပျော့လွန်းတယ်"
တကယ်တိုက်ခိုက်ခဲ့သည့်လူရှေ့တွင် အောင်းလင်းက အလိုမကျဟန်ဖြင့် ဝေဖန်ချက်ပေးနေသည်။
"နင်ကများဝေဖန်ရဲတယ်ပေါ့။ ဒီနေ့ကျူးထန်က ရှေးဟောင်းခေတ်ကကျူးထန်မဟုတ်ဘူး။ သူ့လက်အောက်မှာ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးတွေ အများကြီးရှိတယ်။
ငါမို့လို့သာ သူ့ကိုအနိုင်ယူနိုင်တာ။ နင်ဆို ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး"
"ဟာသပဲ။ ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးတွေရှိတော့ ဘာလုပ်ရမှာလဲ။ သူတို့က ကောင်းကင်ကိုဆန့်ကျင်နိုင်လို့လား"
အောင်းလင်း အေးစက်စက်နှာခေါင်းရှုံ့သည်။
လုယန် ရင်ထိတ်လာသည်။ ဤအတိုင်းဆက်သွားလျှင် အကြီးအကဲအောင်းလင်းက ကျူးထန်ကိုသွား၍ စိန်ခေါ်တိုက်ခိုက်နိုင်သည်။
"ရှောင်လု၊ မင်းအဆင်ပြေရဲ့လား"
ယွမ်ကျိ ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာသည်။
"အမယွမ်"
ယွမ်ကျိ အချိန်ကိုက်ရောက်လာသည်ဟု လုယန်တွေးနေသည်။ နတ်ဆိုးနိုင်ငံကို ကယ်တင်လိုက်ခြင်းဖြစ်သည်။
ယွမ်ကျိက လုယန်၏ဒဏ်ရာကို ညင်သာစွာနှိပ်ကြည့်သည်။
"နာလား"
"နာတယ်"
"အဆင်ပြေမှာပါ။ ခုနက ကျွေးယွဲ့ဘိုးဘေးကို ငါမေးကြည့်တယ်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေနဲ့ မင်းဝေဒနာကို ပျော်စရာဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်လို့ ပြောတယ်။ သူ့ကိုအကူအညီတောင်းလိုက်ရမလား"
****************************