ရှန်းယီ၏အခက်အခဲ
Vol. 110 Ch. 1096
မသေမျိုးဂိုဏ်းတွင် ဆူညံပွက်လောရိုက်နေသော်လည်း ကျန်းယန်စီရင်စုရှိအိမ်တော်ကြီးမှာမူ ယခင်ကဲ့သို့ပင် ခြောက်ကပ်နေဆဲဖြစ်၏။
ရှန်းယီ ခြံဝင်းထဲတွင် အထီးကျန်စွာထိုင်နေပြီး အတွေးလွန်နေပုံရသော်လည်း တကယ်တမ်းတွင် သူက သူ၏အရှိန်အဝါကို ဖုံးကွယ်ရန် အပြည့်အဝ အာရုံစိုက်နေခြင်းဖြစ်သည်။ သူ နတ်ဘုရားနယ်မြေသို့ ပြန်ရောက်ကတည်းက သူနတ်ဆိုးတစ်သောင်း ခန်းမ၏ခန်းမသခင် ငါးဦးအား မသေမျိုးတံဆိပ်တုံးကိုသိမ်းပိုက်ရာတွင် ကူညီပေးနေခဲ့၏။
ယခုအခါ နွေးထွေးပြီး ကြည်လင်နေသော ဧရာမတံဆိပ်တုံးကြီးက လက်စွပ်ထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။
ရှန်းယီ သူ၏နတ်အာရုံကိုပြန်ရုပ်လိုက်ပြီး သူ၏စိတ်ခံစားမှုများကို ထိန်းညှိလိုက်၏။
ဟုန်ကျယ်ကိစ္စက နောက်ဆုံးတွင် အဆုံးသတ်သွားပြီဖြစ်သည်။ ချင်းဟွာထံမှ ကြားသိရသည်မှာ မသေမျိုးခုံရုံးမှကောင်းကင်အရာရှိ ရောက်ရှိလာပြီး အရှေ့နဂါးနန်းတော်တွင် အစောပိုင်းက စုဆောင်းထားသော ခိုင်လုံသည့် သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရာတွင် လုပ်ငန်းစဉ်တစ်ခုလုံး အလွန်ချောမွေ့သွားခဲ့သည်။
ရှီယန်က အင်ပါယာအဖြစ် အချိန်ကြာမြင့်စွာ နေခဲ့ရသောကြောင့် အလွန်ကျေနပ်နေခဲ့ပြီး သူ၏ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်ပင် ဂရုမစိုက်တော့ပေ။
သူက ကမ္မကုသိုလ်မသေမျိုးကိုလည်း တိုက်ခိုက်ခဲ့သောကြောင့် ဤကိစ္စက ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းနှင့်ပင် ပတ်သက်နေနိုင်သည်။ နောက်ထပ် ဘာဆက်ဖြစ်မည်ဆိုသည်မှာ မသေမျိုးခုံရုံး၏ကိစ္စသာဖြစ်ပြီး ဟုန်ကျယ် နှင့် မသက်ဆိုင်တော့ပေ။
ရှန်းယီ ကူးပြောင်းလာကတည်းက သူ၏တစ်ခုတည်းသော ဆန္ဒမှာ သေခြင်းရှင်ခြင်းအတွက်စိုးရိမ်ပူပန်မှုများမှ ကင်းလွတ်ကာတည်ငြိမ်သော ဘဝတစ်ခုကိုရရှိရန်သာဖြစ်၏။
သူ ချင်းလွမ်ကို သတ်လိုက်သည့် အချိန်မှစ၍ သူက ဤတာဝန်များအားလုံးကို သူ့ထံမှဖယ်ထားပြီးဟုန်ကျယ် မှ လူများထံသို့ ပေးအပ်လိုက်သည်။
...
ဤနာကြည်းမှုများက ပျောက်ကွယ်မသွားဘဲ ဟုန်ကျယ်မှနေ၍ ရှန်းရွှီတောင်၏တောင်ထွတ်သခင်ဖြစ်သော သူ၏အပေါ်သို့ပြောင်းရွှေ့သွားခဲ့သည်။
ထျန်းဝူတောင်နှင့် ရှန်းရွှီဘိုးဘေး နှစ်ဦးစလုံးက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
ရှန်းယီ မျက်လုံးများကို ဖွင့်လိုက်ပြီး မိုးပြာရောင် ကောင်းကင်ယံကို တိတ်ဆိတ်စွာငေးကြည့်ကာ ကူကယ်ရာမဲ့သောအပြုံးတစ်ခုကိုထိုက်ဖော်လိုက်၏။
သူကျင့်ကြံခြင်းတွင် အနည်းငယ်မသိနားမလည်ဖြစ်နိုင်သော်လည်း သူက လူမိုက်တစ်ဦး မဟုတ်ပေ။ အခြားသူများ မြင်နိုင်သည့်အရာကို သူ အနည်းဆုံးတစ်စိတ်တစ်ပိုင်းတော့ ခွဲခြားသိမြင်နိုင်၏။
ဤနယ်မြေက ပရမ်းပတာဖြစ်လုနီးပါး အခြေအနေတွင်ရှိနေပြီး ကျင့်ကြံသူ အများအပြားမှာ ကပ်ဘေးထဲသို့ ခြေလှမ်းဝင်ရောက်နေကြသည်။
ဤကြီးမြတ်သောကပ်ဘေးထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရသော်လည်း သူက မိမိနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ခံစားနေရသည်။
ပထမအချက်အနေဖြင့် ဤကပ်ဘေးက အတိအကျ မည်သည့်အရာဖြစ်ကြောင်းကို သူ မသိရှိပေ၊ ဒုတိယအချက်အနေဖြင့် အခြားသူများတွင် ၎င်းတို့၏ဂိုဏ်းများ၏အထောက်အပံ့ ရှိနေချိန်တွင် ရှန်းရွှီဘိုးဘေးကြီးက ကောင်းကင်မှ ပေးသနားသော မသေမျိုးဆေးပြားနှင့်အတူ သူ့ကို ဝါးမျိုရန်အသင့်ရှိနေပြီး အချိန်မရွေး နိုးထလာနိုင်သည်ကို သူ သတိထားနေရပါလိမ့်မည်။
အတွင်းရေး စိုးရိမ်မှုများအပြင် ပြင်ပ ခြိမ်းခြောက်မှုများမှာလည်း တန်းတူပင်ကြီးလေးလှ၏။
မသေမျိုးအရှင်၏အမွေအနှစ်မှတစ်ဆင့် တစ်ဖန် ပြန်လည်တိုးတက်လာရန်ရည်ရွယ်ထားသော ထျန်းဝူတောင်က သူ၏အလောင်းကို မလွှဲမရှောင်သာ ကျော်ဖြတ်ရမည်ဖြစ်သည်။
ထို့အပြင် ထူးချွန်ထင်ရှားလွန်းသူက ပစ်မှတ်ဖြစ်တတ်သည်ဆိုသည့် ဆိုရိုးစကားလည်းရှိသေး၏။
ချင်းလွမ်ကို အနိုင်ယူလိုက်ခြင်းက ကျေနပ်စရာကောင်းသော်လည်း မျက်လုံးများစွာကယင်းကို မြင်တွေ့ခဲ့ကြသည်။ သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ အခြားသော မသေမျိုးဂိုဏ်း အသီးသီးမှ ကောင်းကင်ပါရမီရှင်များက သူ့ကို မျက်စိစူးစရာဆူးတစ်ချောင်းအဖြစ် သေချာပေါက် မြင်လာကြပါလိမ့်မည်။
ဗောဓိဂိုဏ်း အကြောင်း ပြောရလျှင်...
ရှန်းယီ နှုတ်ခမ်းကို တွန့်လိုက်သည်၊ လက်တစ်ထောင်ဗောဓိသတ္တ နှင့် သူ့ဘေးမှ လည်ပင်းကိုအဆုပ်ခံထားရသော အနက်ရောင်ခွေးကြီး၏မြင်ကွင်းတစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာသည်။
သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက သူက အိမ်တော်၏ ခြံဝင်းထဲတွင်ငြိမ်းချမ်းစွာ ထိုင်နေနိုင်သေးသည့် အချက်မှာ ဆရာတော်ကျစ်ခုန်း၏ နှုတ်လုံမှုကြောင့် ဖြစ်နိုင်၏။
ထို အစစ်အမှန်နတ်ဘုရားများနှင့် ပတ်သက်၍ ယခုအခါ ရှန်းယီတွင် သေချာသော နားလည်မှုတစ်ခုရှိနေပြီ ဖြစ်သည်။
သူတို့က တရားမျှတကြသည်မှာ မှန်သလို မည်သည့်ဘက်ကိုမျှမလိုက်ကြသည်မှာလည်း မှန်ကန်၏။ သို့မဟုတ် သူတို့တည်ရှိနေခြင်း ကိုယ်တိုင်က ရပ်တည်ချက်တစ်မျိုးဖြစ်ပြီး ထိုကဲ့သို့သောကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရန် မဖြစ်နိုင်ပေ။
အရာအားလုံးကို ထည့်သွင်းစဉ်းစားလိုက်သောအခါ ယခု သူ၏တစ်ခုတည်းသော မှီခိုအားထားရာမှာ အင်ပါယာခုံရုံးသာ ဖြစ်နိုင်ပုံရသည်။
ထိုသို့တွေးရင်း ရှန်းယီ သူ၏ပခုံးပေါ်မှ နောက်သို့ လှည့်ကြည့်လိုက်၏။
"ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။" ယဲ့လန် ဖြည်းညှင်းစွာ လျှောက်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ သူမသည် ခန်းမသခင် ငါးဦးနှင့် မသေမျိုးတံဆိပ်တုံးကျားသစ်ဝိညာဉ်တို့ကြားက ရုန်းကန်တိုက်ခိုက်မှုကို မမြင်တွေ့ခဲ့ရဘဲ၊ ဤသိုင်းဦးလေးက ချင်းလွမ်နှင့် တိုက်ခိုက်ရာမှ အတွင်းဒဏ်ရာများရရှိခဲ့ပြီး ယခုအခါ ပြန်လည်သက်သာလာစေရန် သူ၏အသက်ရှူမှုကို ထိန်းညှိနေသည်ဟုသာ ထင်မြင်နေခဲ့သည်။
"ဘာမှ စိတ်ပူစရာ မရှိတော့ပါဘူး။" ရှန်းယီ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ၏အကြည့်ကို တွန့်ဆုတ်စွာဖြင့် ပြန်ရုတ်လိုက်၏။
ယဲ့လန် ပြန်ရောက်ရောက်ချိန်တွင် ရှန်းရွှီတောင်မှ ကောင်းကင်ဆေးလုံးဟူသော သူ၏မည်သူမည်ဝါဖြစ်မှုကို တတ်နိုင်သမျှဖော်ထုတ်ခြင်းမှ ရှောင်ကြဉ်ရန် သူမက အထူးတလည် သတိပေးခဲ့သေးသည်။
အကြောင်းရင်းမှာ ရိုးရှင်းလှ၏။
အခြားနေရာများတွင် မရရှိနိုင်သော အဖိုးတန် အရင်းအမြစ်များကို ကျင့်ကြံသူများအား အင်ပါယာခုံရုံးက ထောက်ပံ့ပေးနိုင်သောကြောင့် နတ်ဆိုးသုတ်သင်ရေးဌာနတည်ရှိနေခြင်း ဖြစ်ပြီး၊ ၎င်းက သူတို့၏ယုံကြည်မှု မြစ်ဖျားခံရာ နေရာလည်း ဖြစ်သည်။
သို့သော် ယခုအခါ ရှန်းရွှီဘိုးဘေးကြီး၏အလွန် တန်ဖိုးထားခြင်းကို ခံရသော ဆေးတောင်ထွတ်မှ တောင်ထွတ်သခင်တစ်ဦးက အသိဉာဏ်ရှိသူ မည်သူ့အတွက်မဆို ထိုကဲ့သို့သော အရင်းအမြစ်များ ပြတ်လပ်နေမည်မဟုတ်ကြောင်းမှာ ထင်ရှားနေသည်။
လက်ရှိ တင်းမာနေသော အခြေအနေအောက်တွင် လမ်းစဉ်သုံးသွယ်မှ မည်သည့် ကောင်းကင်ပါရမီရှင်မဆို အင်ပါယာခုံရုံးအတွက် အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသော ပြဿနာကြီးတစ်ခုဖြစ်၏။
ထိုအခါ မေးခွန်းတစ်ခုပေါ်လာခဲ့၏။
ရှန်းယီက နတ်ဆိုးသုတ်သင်ရေးဌာနသို့ အဘယ်ကြောင့် ဝင်ရောက်ခဲ့သနည်း။
ယဲ့လန် တစ်ချိန်က ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင်တစ်ဦး ဖြစ်ခဲ့သော်လည်း သူမ၏မျိုးဆက်မှာ ဖျက်ဆီးခံရပြီး ရွယ်တူများ၏ဖယ်ကြဉ်ခြင်းကို ခံခဲ့ရကာ သူမ၏ဆရာထံမှ အမွေရရှိခဲ့သော ဆေးလုံးတောင်ထွတ်ကိုပင် ဆက်လက်မထိန်းသိမ်းနိုင်ခဲ့သောကြောင့် နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်ခြင်းမှာ အကြောင်းပြချက် ခိုင်လုံသည်။
ဒါဆိုရင် ကောင်းကင်ဆေးလုံးကရော။
ရှန်းရွှီတောင်၏လေးစားရသော ဒုတိယမျိုးဆက် တပည့်တစ်ဦးကို ဂိုဏ်းတစ်ခုလုံးက တိုက်ရိုက်မျိုးဆက်တစ်ဦးကဲ့သို့ ထောက်ခံအားပေးနေကြပြီး အလွန်ချီးကျူးထိုက်သော ဤကောင်းကင်ဆေး လုံးတာအိုသခင်က သူ၏ဂိုဏ်းအတွက် တိုက်ပွဲဝင်ကာ ဟုန်ကျယ်တွင် ထျန်းဝူချင်းလွမ်နှင့် တိုက်ခိုက်ပြီးကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက အင်ပါယာခုံရုံးကို ရှင်းပြ၍မရနိုင်စွာအလုပ်အကျွေးပြုပြီး မသေမျိုးသုံးပါးဂိုဏ်းနှင့် ရန်သူများဖြစ်မည်လော။
ပြောပြလျှင် မည်သူယုံကြည်မည်နည်း၊ ရှန်းယီ ကိုယ်တိုင်ပင် ယုံကြည်မည် မဟုတ်ပေ။
သေချာသည်မှာ အကြီးအကဲယန်က ယုံကြည်စိတ်ချရနိုင်သော်လည်း ဤတောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်သာ ကျဆုံးသွားခဲ့လျှင်၊သို့မဟုတ် အခြေအနေက သူ၏ထိန်းချုပ်မှုထက် ကျော်လွန်သွားခဲ့ပါက။
အင်ပါယာခုံရုံးမှ အခြားသူ တစ်ဦးဦးကို ယုံကြည်နိုင်ပါဦးမည်လော။
လမ်းစဉ်သုံးသွယ်နှင့် နတ်ဘုရားမင်းဆက်များကသာ မိုးနှင့်မြေကို ကိုင်လှုပ်စေနိုင်၏။
ရှန်းယီ ယခုအခါ ထိုကဲ့သို့သော အနေရခက်သည့် အနေအထားမျိုးတွင် ရောက်ရှိနေပြီး လူတိုင်းနှင့် ပတ်သက်နေပုံရသော်လည်း တကယ်တမ်းကျတော့ သူသည် မည်သူ့ကိုမျှ မှီခိုအားထား၍ မရနိုင်ပေ။
"ဒါဆို ငါကိုယ်ငါပဲ အားကိုးလို့ ရတော့မယ်။" သူ စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ချိန်တွင် ချင်းဟွာ၏အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"သခင်၊နတ်ဆိုးသုတ်သင်ရေးဌာနကနေ ဒီတိုင်း ထွက်သွားလိုက်ပါလား။"
ယခုအခါ သူမက မသေမျိုးစစ်သူကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ရာ ပိုမိုမြင်တွေ့နိုင်ပြီး သူမ၏သခင်အတွက် အကြံဉာဏ်များကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ပြီ ဖြစ်သည်။
သူက မည်သူ့ကိုမျှမှီခို၍မရနိုင်သောကြောင့် သူ့ကိုယ်သူခွဲထွက်ပြီး ပါဝင်ပတ်သက်ခြင်းမှ ရှောင်ရှားရန်ဘေးမှနေ၍ အဘယ်ကြောင့် မစောင့်ကြည့်ရမည်နည်း။
မသေမျိုးစစ်သူကြီးတစ်ဦးကို ကင်းထောက်အဖြစ်ထားရှိခြင်း၊ ရှန်းရွှီတောင်ကို အကာအကွယ်အဖြစ် အသုံးပြုခြင်းနှင့် စတုတ္ထအဆင့်ကို ဖိနှိပ်နိုင်သည့် ခွန်အားကိုပိုင်ဆိုင်ထားခြင်းတို့ဖြင့် မိမိကိုယ်ကို ထိန်းသိမ်းရန်မှာ ခက်ခဲမည် မဟုတ်ပေ။
...
ရှန်းယီ ခဏတာ တိတ်ဆိတ်နေပြီး အနောက်တောင်စီရင်စုတွင် လက်တစ်ထောင် ဗောဓိသတ္တပေါ်လာခဲ့စဉ်က အကြီးအကဲယန်က ပြင်းထန်စွာ ဒဏ်ရာရထားလျက်နှင့် အတင်းပြုံးပြကာ သူ၏ပခုံးကို ပုတ်ပြီး "အရာအားလုံးကို ငါ့ဆီမှာ ထားခဲ့လိုက်ပါ" ဟု ပြောခဲ့သည့် အခိုက်အတန့်ကို မမျှော်လင့်ဘဲပြန်လည်သတိရမိသွား၏။
ချင်းဟွာက သူမသခင်၏ရည်ရွယ်ချက်ကို လျင်မြန်စွာနားလည်သွားပြီး သူမ၏လေသံမှာ ပြောင်းလဲသွားသည်။ "ဒါမှမဟုတ် တခြားနည်းလမ်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။"