အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၆၁
ဤသည်ကို မြင်သောအခါ ဟန်ခယ်အာမှာ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
သူမက သိုင်းတတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ၊ အဲဒါက ဘာများ ဒီလောက်အထိ အထူးအဆန်း ဖြစ်နေလို့လဲ။
သူမက ကမ္ဘာကူးပြောင်းလာသူဖြစ်ပြီး ဇာတ်လိုက်အရှိန်အဝါရှိသူ ဖြစ်သည်၊ ဒီဒေသခံ ထျဲလန်ယန်ထက် အများကြီး သာလွန်သည်။
"ရယ်ရတယ်၊ တချို့လူတွေက သူတို့ကိုယ်သူတို့ အစွမ်းထက်တယ် ပြောပြီး ဓားပြအစုတ်အပြတ် လေးငါးယောက်ကိုတောင် မဖမ်းနိုင်ဘူး၊ တကယ်ကို အသုံးမကျတာပဲ။"
ဟန်ခယ်အာက ထျဲလန်ယန်အပေါ် သူမ၏ ရွံရှာမှုကို မဖုံးကွယ်ဘဲ လှောင်ပြောင်လိုက်သည်။
သူမ၏ စကားများကြောင့် ရှိနေသည့်လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
ဝမ်ကျွင်းကျွင်းက ဆွံ့အစွာဖြင့် ပြောလိုက်သည်။ "ဟန်ခယ်အာ... နင်ကတော့ တကယ်ကို အရှက်မရှိတာပဲ။"
"အစ်မယန်သာ ငါတို့ကို မကယ်ခဲ့ရင် ငါတို့ အခုထိ ဓားပြတွေလက်ထဲမှာ ဓားစာခံ ဖြစ်နေဦးမှာ၊ နင်က ဘယ်လိုတောင် ကျေးဇူးကန်းရတာလဲ။"
ဟန်ခယ်အာ နှာခေါင်းရှုံ့လိုက်သည်။ "သူမ ကယ်တယ်လို့ ဘယ်သူက ပြောလိုက်တာလဲ၊ ဒါက စုန့်ပိုင်ယွမ် ကယ်တာ ရှင်းနေတာပဲဥစ္စာ။"
"တချို့လူတွေက သူများကောင်းတာလုပ်တာကို နာမည်ယူချင်နေကြတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အဆင့်ရှိလဲဆိုတာတောင် ပြန်မကြည့်ဘူး။"
"ဖြောင်း။" သူမ စကားပြောလို့မှ မဆုံးသေးခင် ဟန်ခယ်အာ၏ လက်ထဲမှ ပန်းကန်လုံးသည် မြေပြင်ပေါ်သို့ လွင့်ကျကာ ကွဲအက်သွားတော့သည်။
ကွဲအက်နေသည့် ပန်းကန်ပြား အပိုင်းအစများနှင့်အတူ ကျောက်ခဲလေးတစ်လုံးကိုလည်း တွေ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ခဲက ပန်းကန်လုံးကိုသာ မှန်သွားခြင်းဖြစ်သည်၊ အကယ်၍ သူမ၏ မျက်နှာကိုသာ မှန်ခဲ့လျှင်......
ထျဲလန်ယန်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "မဟုတ်ဘူး၊ နင်မှားနေပြီ၊ ငါက ခိုးတိုက်တာ မဟုတ်ဘူး၊ အခု ပေါ်တင် ရိုက်မှာ။"
ပြောပြောဆိုဆိုနှင့် သူမသည် မတ်တတ်ထရပ်ကာ ဟန်ခယ်အာဆီသို့ လျှောက်သွားတော့သည်။
ဟန်ခယ်အာမှာ ထိတ်လန့်သွားခဲ့သည်။ "နင် ဘာလုပ်မလို့လဲ။"
"ရိုက်မလို့လေ။" ထျဲလန်ယန်က သူမ၏ ပါးကို ရိုက်ချလိုက်သည်၊ ဟန်ခယ်အာ အော်ဖို့ ပြင်လိုက်သော်လည်း နောက်တစ်ချက် ထပ်အရိုက်ခံလိုက်ရပြန်သည်။
"ပါးစပ်ပိတ်ထား။ တစ်နေကုန် ခွေးဟောင်သလို ဟောင်နေတာ၊ နင်မမောပေမယ့် ငါကတော့ နားငြီးနေပြီ။"
ယခင်က ထျဲလန်ယန်သည် ကောင်းကင်ဘုံ၏ နိယာမကို စိုးရိမ်သဖြင့် သည်းခံခဲ့ခြင်းဖြစ်သည်။
သို့သော် ယနေ့ တောင်ပေါ်တွင် ဟန်ခယ်အာကို ပါးရိုက်ခဲ့သော်လည်း ကောင်းကင်ဘုံက တရားစီရင်ရန် ထွက်မလာခဲ့ပေ။
ထို့နောက်တွင်လည်း သူမ၏ ကံကောင်းမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်၊ သင်္ချိုင်းဂူရတနာကို တွေ့ရုံသာမက တောဝက်နှင့် တောကြက်ပါ ရခဲ့သေးသည်။
ဒါက ဘာကို ဆိုလိုတာလဲ။ ဟန်ခယ်အာက ထူးခြားချက်မရှိတဲ့ သာမန် ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်ပဲဆိုတာ ပြနေတာပေါ့။
အခြေအနေက ဒီလိုဆိုမှတော့ သူမ ယဉ်ကျေးနေဖို့ မလိုတော့ပေ။
ထျဲလန်ယန်သည် မီးဖိုချောင်သို့ သွားကာ ရေတွင်းရေ တစ်ခွက် ခပ်ယူလာပြီး အော်ဟစ်နေသည့် ဟန်ခယ်အာ၏ ခေါင်းပေါ်သို့ လောင်းချလိုက်တော့သည်။
"နင်က အမြဲတမ်း သူများကို လိုက်ပြဿနာရှာနေတာပဲ၊ ပါးစပ်ကလည်း နံစော်နေတာ၊ သွားဆေးလိုက်ဦး။"
ထျဲလန်ယန်၏ ပြတ်သားမှုကို မြင်ရသောအခါ ပညာတတ်လူငယ် အများအပြားမှာ အားကျသွားသလို စိတ်လည်း သက်သာရာ ရသွားကြသည်။
ဟန်ခယ်အာက တကယ်ကို စိတ်အနှောင့်အယှက် ပေးလွန်းသူ ဖြစ်သည်။
ကျေးလက်သို့ ရောက်ကတည်းက သူမသည် စကားမနားတမ်း ပြောနေခဲ့သည်။ ဒါကို အပြစ်တင်၊ ဟိုဟာကို ကဲ့ရဲ့နှင့် လူတိုင်းမှာ သူမ၏ အနှောင့်အယှက်ကို ခံခဲ့ရသည်။
သူမ၏ မိသားစုမှာ နောက်ခံအင်အား ရှိသည်ဟု သတင်းကြီးသဖြင့် မည်သူမှ မပြိုင်ရဲဘဲ သည်းခံခဲ့ကြခြင်း ဖြစ်သည်။
အခုတော့ သူမ ဒီလို အဖြစ်မျိုး ရောက်သွားတာ မြင်ရတော့…
"ထျဲလန်ယန်... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့၊ နင် ဒါအတွက် ပြန်ပေးဆပ်ရမယ်။"
ဟန်ခယ်အာသည် အံတင်းတင်းကြိတ်ကာ ထျဲလန်ယန်အပေါ် သူမ၏ အမုန်းတရားများမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
သူမ၏ မျက်နှာကို လူပုံအလယ်တွင် မည်သူမှ မရိုက်ဝံ့ခဲ့ကြပေ၊ ထျဲလန်ယန်က ပထမဆုံးပင် ဖြစ်သည်။
သူမကို လူအများရှေ့မှာ အရှက်ကွဲအောင် လုပ်ခဲ့သဖြင့် လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်၊ ဒါကို သူမ သေချာပေါက် လက်စားချေမည်။
ထျဲလန်ယန်က ဂရုမစိုက်ပေ။ "ကောင်းပြီလေ၊ ငါ စောင့်နေမယ်။"
ရင်းနှီးနေတဲ့ စကားဝိုင်းလေးပါပဲ... သေချင်ဇောနဲ့ လာတိုးတဲ့ နောက်ထပ်တစ်ယောက်ပေါ့၊ သူမလည်း ဖြည့်ဆည်းပေးရတော့မှာပေါ့။
….
ညစာ စားပြီးနောက် ဟန်ခယ်အာသည် ဟဲအိုက်လင်းကို သွားရှာလိုက်သည်။
"နင် ထျဲလန်ယန်နဲ့ အဆင်မပြေဘူးဆိုတာ ငါသိတယ်၊ လက်စားချေချင်လား။"
ဟန်ခယ်အာသည် ယခုတစ်ကြိမ်တွင် လိမ္မာပါးနပ်သွားပြီ ဖြစ်သည်၊ သူမကိုယ်တိုင် မလုပ်ဘဲ ထျဲလန်ယန်ကို နှိပ်ကွပ်ရန် တစ်စုံတစ်ယောက်ကို အသုံးချဖို့ သိသွားသည်။
ယခင်ကဆိုလျှင် ဟဲအိုက်လင်းသည် ဟန်ခယ်အာနှင့် မဟာမိတ်ဖွဲ့ရန် စိတ်အားထက်သန်နေမည်မှာ အသေအချာပင်။
သို့သော် ယနေ့ည ညစာစားပွဲတွင် ထျဲလန်ယန်၏ အစွမ်းကို ပြန်လည် မြင်တွေ့ခဲ့ရသဖြင့် သူမသည် ထျဲလန်ယန်ကို မယှဉ်နိုင်မှန်း သိသွားခဲ့သည်။
"ငါ ထျဲလန်ယန်နဲ့ ဘာပြဿနာမှ မရှိဘူး၊ နင် လူမှားနေပြီ။"
"နင် လွန်ခဲ့တဲ့ နှစ်ရက်က လူဟောင်းတွေဆီမှာ ပိုက်ဆံလိုက်ချေးနေတယ်ဆိုတာ ငါကြားတယ်၊ ပိုက်ဆံပြတ်နေတာလား။ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ကိစ္စပြီးတဲ့အခါ ငါ နင့်ကို ယွမ်ငါးဆယ် ပေးမယ်။"
"တကယ်လား။" ဟဲအိုက်လင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်မှ ဖုန်းဆက်လာပြီး သူမ၏ အဘွားဖြစ်သူ နေမကောင်းသဖြင့် ကုသရန်အတွက် ငွေပို့ပေးရန် ပြောလာခဲ့သည်။
တခြားသူသာဆိုလျှင် သူမသည် ရက်စက်စွာ လျစ်လျူရှုမိကောင်း လျစ်လျူရှုမိလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမ ကျေးလက်သို့ ရောက်သည်မှာ လဝက်သာ ရှိသေးသည်၊ ကိုယ့်ဝမ်းကိုယ်တောင် မနည်းကျောင်းနေရချိန်တွင် ဘယ်မှာ ပိုက်ဆံ ရှိပါမည်နည်း။
သို့သော် သူမ၏ အဘွားမှာ သူမအပေါ် ကောင်းခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သဖြင့် ပစ်မထားနိုင်ပေ။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်လုံး သူမသည် ပိုက်ဆံရရန် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့သော်လည်း အားလုံးမှာ ငွေပြတ်နေသဖြင့် ဘယ်သူမှ မချေးနိုင်ခဲ့ကြပေ။
ဟဲအိုက်လင်း - "ငါ ထျဲလန်ယန်ကို နှိပ်ကွပ်ဖို့ ကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် နင် ငါ့ကို အရင်ဆုံး ယွမ်သုံးဆယ် ပေးရမယ်၊ ပြီးတော့မှ ကိစ္စပြီးရင် နောက်ထပ် ယွမ်ငါးဆယ် ပေးရမယ်။"
ယွမ်သုံးဆယ်ဆိုလျှင် အဘွား၏ ဆေးကုသစရိတ်အတွက် လုံလောက်ပြီဖြစ်ပြီး ကျန်သည့် ယွမ်ငါးဆယ်ကိုတော့ ကောင်တီက ဈေးဝယ်စင်တာတွင် ပစ္စည်းများ ဝယ်ယူရန် အသုံးပြုမည်ဖြစ်သည်။
သူမ၏ အဝတ်အစားများမှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ရာ အသစ်တစ်စုံ ဝယ်သင့်ပြီဖြစ်သည်။
ပြီးတော့ မျက်နှာလိမ်းခရင်မ်နဲ့ နှုတ်ခမ်းနီတစ်ချောင်းလည်း ဝယ်ရမည်၊ လူဆိုတာ လှလှပပ ပြင်ဆင်ထားမှ လူချစ်လူခင် ပေါများမည် မဟုတ်လား။
"ကောင်းပြီလေ။" ဟန်ခယ်အာ ပြုံးလိုက်သည်။ "ပိုက်ဆံက ပြဿနာမရှိဘူး၊ နင် ကိစ္စကို သေသေချာချာ လုပ်ဖို့ပဲ လိုတယ်။"
….
မလှမ်းမကမ်းတွင် ပိုင်ရန်ရန်သည် သူတို့နှစ်ဦး စကားပြောနေသည်ကို မြင်လိုက်ရသည်။
သူမ လမ်းလျှောက်သွားသောအခါ ဟဲအိုက်လင်း ထွက်သွားသည်။
"ခယ်အာ... နင်တို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ။"
ဟန်ခယ်အာ - "ဘာမှမဟုတ်ပါဘူး။"
ပိုင်ရန်ရန်၏ မျက်လုံးများက ဝေ့ဝဲသွားခဲ့သည်။ "ငါ ခုနက မြင်လိုက်သလိုပဲ..."
"နင်တို့ ထျဲလန်ယန်ရဲ့ နာမည်ကို ပြောနေသလိုပဲ၊ နင် တကယ်ပဲ သူမကို တစ်ခုခု လုပ်မလို့လား။"
ဟန်ခယ်အာက အံကြိတ်လျက် ပြောလိုက်သည်။ "ဒါပေါ့၊ သူမ ငါ့ကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တာလေ၊ ငါ လက်စားမချေဘဲ မနေနိုင်ဘူး။"
ပိုင်ရန်ရန်က စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ထျဲလန်ယန်က အရမ်းတော်တာလေ၊ လူတိုင်းကလည်း သူမဘက်မှာ ရှိနေကြတာ၊ နင့်အတွက် တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ပါ။"
ဟန်ခယ်အာ - "ဟမ့်... ငါ သူမကို မကြောက်ဘူး၊ ငါ့မှာ အစီအစဉ်ကောင်း တစ်ခု ရှိပြီးသား၊ ပွဲကောင်းကိုသာ စောင့်ကြည့်နေလိုက်။"
"ဒါဆိုလည်း ဂရုစိုက်နော်။"
ပိုင်ရန်ရန်သည် စိုးရိမ်ပြနေသော်လည်း သူမ၏ မျက်ဝန်းထဲတွင်တော့ အထင်အမြင်သေးမှုများ လက်ခနဲ ပေါ်သွားသည်။
သူမသည် ထိုငတုံးမ ဟန်ခယ်အာ အောင်မြင်သွားဖို့ကိုသာ မျှော်လင့်နေခြင်းဖြစ်သည်။
အစက သူမသည် ထျဲလန်ယန်အပေါ် ဘာအမုန်းတရားမှ မရှိခဲ့ပေ။
သို့သော် ယနေ့ တောင်ပေါ်မှ ပြန်လာသောအခါ သူတို့ကို ကယ်ခဲ့သည့် ရဲဘော်စုန့်ပိုင်ယွမ်သည် တကယ်တော့ စစ်တပ်မှ တပ်ရင်းမှူးတစ်ဦး ဖြစ်ကြောင်း သူမ သိလိုက်ရသည်။
သူသည် အသက် ၂၄ နှစ်သာ ရှိသေးသော်လည်း ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် တပ်ရင်းမှူး ဖြစ်နေသည်မှာ သူ၏ စွမ်းဆောင်ရည်ကို ပြသနေခြင်း ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူသည် လူပျိုကြီးဖြစ်ပြီး ဘယ်သူနှင့်မှလည်း ပတ်သက်မှု မရှိသေးခြင်းပင်။
ဤကဲ့သို့သော အဆင့်မြင့် အရည်အသွေးရှိသူကို သူမသာ မရခဲ့လျှင် တကယ့်ကို နစ်နာစရာပင် ဖြစ်နေမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမသည် သူ့ကို ဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း သူက သူမကို လုံးဝ အရေးမစိုက်ခဲ့ပေ။
ထိုအစား သူသည် စကားများလှသည့် ဝမ်ကျွင်းကျွင်းထံမှ ထျဲလန်ယန်၏ အကြောင်းကို သတိထားကာ မေးမြန်းနေခဲ့သည်။
ပိုင်ရန်ရန်သည် တစ်ခုခုတော့ မဟုတ်တော့မှန်း အာရုံခံမိသွားသည်။
ဤသို့ ဖြစ်နိုင်ခြေရှိသည်ကို တွေးမိသောအခါ ပိုင်ရန်ရန်မှာ အလွန် မကျေမနပ် ဖြစ်သွားသည်။
သူမက သူ့ကို အရင် စိတ်ဝင်စားခဲ့တာလေ၊ ဘာလို့ ဒီရုပ်ဆိုးမ ထျဲလန်ယန်က အရင်ဦးသွားရတာလဲ။
သူမသည် ဟန်ခယ်အာကို ထျဲလန်ယန်အား နှိပ်ကွပ်စေချင်သည်၊ သို့မှသာ သူမ ရှေ့ထွက်မလာနိုင်တော့မည် မဟုတ်လား။
ဒါဆိုရင် သူမ စုန့်ပိုင်ယွမ်နှင့် ပိုနီးကပ်ခွင့် ရလာမည်ဖြစ်သည်။
သူမ မယုံပါဘူး။ သူမရဲ့ အလှအပနဲ့ ဉာဏ်ရည်နဲ့သာဆိုရင် ယောက်ျားတစ်ယောက်ကို မဖမ်းစားနိုင်ဘူးဆိုတာ…
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၆၂
ထျဲလန်ယန်သည် သူမ မရည်ရွယ်ဘဲ အချစ်ရေးတွင် ပြိုင်ဘက်တစ်ဦးကို ရရှိသွားသည်ကို မသိခဲ့ပေ။
အဓိကအချက်မှာ သူမသည် စုန့်ပိုင်ယွမ်နှင့် ဘာပတ်သက်မှုမှ မရှိခြင်းပင် ဖြစ်သည်၊ သူမအနေဖြင့် ဘယ်သူ့ကို သွားပြီး အကြောင်းပြချက် တောင်းရပါမည်နည်း။
သို့သော် ယခုအချိန်တွင် သူမသည် ထိုအရာများကို ဂရုစိုက်ရန် စိတ်မပါပေ၊ သူမ၏ နေရာလွတ်ထဲရှိ ကောက်ပဲသီးနှံများကို ရိတ်သိမ်းရန်သာ စိတ်လောနေတော့သည်။
သူမ၏ နေရာလွတ်ထဲရှိ ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးမှာ ရင့်မှည့်နေပြီ ဖြစ်သည်။
ညနေပိုင်း လူတိုင်း အိပ်မောကျနေစဉ် သူမသည် နေရာလွတ်ထဲသို့ဝင်ကာ စတင်ရိတ်သိမ်းတော့သည်။
ခေတ်သစ်ကာလတွင် ဂျုံတစ်မူးလျှင် ကျင်း ၁၀၀၀ ခန့် ထွက်ရှိပြီး ဆန်စပါးမှာ တစ်မူးလျှင် ၁၅၀၀ ကျင်းခန့် ထွက်ရှိသည်။
သူမ၏ နေရာလွတ်ထဲရှိ ကောင်းမွန်သော လေထုနှင့် ရေစီးဆင်းမှုကြောင့် ဖြစ်နိုင်သည်၊ ဤသီးနှံနှစ်မျိုးစလုံး၏ အထွက်နှုန်းမှာ နှစ်ဆ တိုးလာခဲ့သည်။
ဂျုံမူးပေါင်း တစ်ရာမှ စုစုပေါင်း ၂၀၀,၀၀၀ ကျင်း ထွက်ရှိပြီး ဆန်စပါးမှာ ၃၀၀,၀၀၀ ကျင်းခန့် ထွက်ရှိခဲ့သည်။
အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အားလုံးမှာလည်း အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး စုစုပေါင်း ၃၀၀,၀၀၀ ကျင်းခန့် ရှိသည်။
အစားအစာအားလုံးကို ပေါင်းလိုက်လျှင် သူမ ဘဝပေါင်း ဆယ်ဘဝစာ စားသော်လည်း ကုန်နိုင်မည် မဟုတ်ပေ။
ကောက်ပဲသီးနှံများဖြင့် ပြည့်နှက်နေသော လယ်ကွင်းများကို ကြည့်ကာ ထျဲလန်ယန် အလွန်ဝမ်းသာသွားခဲ့သည်။
နောက်ဆုံးတော့ သူမသည် အစားအသောက် လွတ်လပ်ခွင့်ကို ရရှိခဲ့ပြီ ဖြစ်သည်။ စားချင်တာ အကုန်စားလို့ ရပြီ။
ဤကောက်ပဲသီးနှံအားလုံးကို သိုလှောင်ရန် ထျဲလန်ယန်သည် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ကြီးမားသော ဝါးရုံတဲကြီး တစ်ခုကို တည်ဆောက်လိုက်သည်။
သူမ ခေတ္တမျှ အလုပ်ရှုပ်နေပြီးနောက် မနက် တစ်နာရီပင် ထိုးလုနီးပါး ဖြစ်သွားသည်။
ထျဲလန်ယန်မှာ အိပ်ချင်စိတ် လုံးဝမရှိဘဲ တကယ်တမ်းတွင် အလွန်ပင် တက်ကြွနေသည်။
ဒီညမှာ အထွက်နှုန်းကောင်းတဲ့ ရိတ်သိမ်းပွဲ ဖြစ်ခဲ့တာမို့ အောင်ပွဲခံဖို့အတွက် အရသာရှိတာတစ်ခုခု စားရပေမည်။
သူမ၏ နေရာလွတ်ထဲတွင် တောယုန်သား တစ်ဝက် ကျန်နေသေးပြီး ဟင်းသီးဟင်းရွက်များလည်း အများကြီး ရှိနေသဖြင့် အသားကင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
စားချင်ရင်တော့ လုပ်စားရမှာပေါ့။
ထျဲလန်ယန်သည် သူမ၏ စိတ်အာရုံကို အသုံးပြုကာ ဝါးတံပေါင်း ရာနှင့်ချီ၍ အမြန်ချွန်လိုက်ပြီး ယုန်သားနှင့် ဟင်းသီးဟင်းရွက်များကို အတန်းလိုက် သီလိုက်တော့သည်။
ပါဝင်ပစ္စည်းများကို သီပြီးနောက် သူမသည် မုန့်နှစ်နှင့် အမွှေးအကြိုင်များကို စတင်ပြင်ဆင်သည်။
သူမသည် ကြက်ဥ၊ ဂျုံမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေပြီး သီထားသည့် အသားနှင့် ဟင်းသီးဟင်းရွက်များကို မုန့်နှစ်ဖြင့် လိမ်းကျံလိုက်သည်။
သူမသည် သံဒယ်အိုးကြီး တစ်လုံးကို တည်ကာ ဆီတစ်ဝက်ခန့် လောင်းထည့်ပြီး ဆီမှ မီးခိုးထွက်လာသည်အထိ အပူပေးလိုက်သည်။
ဟင်းသီးဟင်းရွက်များကို အရင်ကြော်ပြီးမှ အသားကို ဆက်ကြော်သည်၊ အပြင်ဘက်မှာ ရွှေအိုရောင် သန်းလာသည်အထိ ကြော်ပြီးနောက် ဆီစစ်လိုက်သည်။
သူမသည် ကြော်ထားသော အသားကင်များကို ပြင်ဆင်ထားသည့် အမွှေးအကြိုင်များ (ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ ဆား) ထဲသို့ ထည့်ကာ ရောမွှေလိုက်သည်။
၎င်းတို့မှာ လတ်ဆတ်ပြီး စပ်စပ်လေးနှင့် အရသာရှိလှသည်၊ ကြွပ်ကြွပ်ရွရွရှိကာ အလွန်ပင် မွှေးပျံ့လှသည်။
ထျဲလန်ယန်သည် ကင်လိုက် စားလိုက်နှင့် မရပ်နိုင်အောင် ဖြစ်နေတော့သည်။
သူမ၏ နေရာလွတ်ထဲမှ ဟင်းသီးဟင်းရွက်များသည် တကယ့်ကို အရသာရှိလှသည်၊ ယခင်က သူမ စားဖူးသမျှ ဟင်းသီးဟင်းရွက်အားလုံးထက် ပိုကောင်းသည်။
တောယုန်သားမှာလည်း အပြင်ဘက်တွင် ကြွပ်ပြီး အတွင်းတွင် နူးညံ့ကာ အရည်ရွှမ်းလှသည်၊ ကိုက်လိုက်တိုင်း အရသာမှာ လျှာဖျားတွင် စွဲကျန်နေတော့သည်။
ထျဲလန်ယန်သည် ဗိုက်လေး ပူလာသည်အထိ စားလိုက်ရာ ပါးစပ်တွင် ဆီများ ပေကျံနေသော်လည်း အလွန်ပင် စိတ်ကျေနပ်မှု ရရှိခဲ့သည်။
သူမ ရေတွက်ကြည့်လိုက်ရာ အသားကင်ပေါင်း ၃၀၀ ကျော်ကို စားခဲ့ခြင်း ဖြစ်သည်။
လူတွေ ပျော်တဲ့အခါမှာ ပိုစားမိတတ်ကြပုံရသည်။
သူမ အများကြီး စားခဲ့မိသည်... အကြော်အလှော်တွေ အများကြီး စားပြီးနောက်မှာတော့ အစာခြေရပေမည်။
ထျဲလန်ယန်သည် သူမ၏ နေရာလွတ်ထဲတွင် နှစ်ပတ်ခန့် လမ်းလျှောက်လိုက်ပြီး နောက်တစ်သုတ်အတွက် ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။
နောက်တစ်လမှာ နောက်ထပ် ရိတ်သိမ်းပွဲကြီး ဖြစ်လာဦးမှာမို့ မျှော်လင့်နေမိသည်။
ထိုအရာများ ပြီးစီးသွားတဲ့အခါ သူမသည် စာကြည့်ခန်းထဲဝင်ကာ ခဏတာ လေ့လာပြီးနောက် စာစတင်ရေးတော့သည်။
ထျဲလန်ယန်သည် သူမ၏ ဘဝထဲမှ စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းများကို ရေးမှတ်ရသည်ကို နှစ်သက်သည်။
ဤအလေ့အထမှာ ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက စွဲမြဲလာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူမသည် နေ့ဘက်တွင် အချိန်ပိုင်း အလုပ်လုပ်ပြီး ညဘက်တွင် ရှောင်လုရှု့ပေါ်တွင် ပျော်စရာကောင်းသော ပဟေဠိများကို တင်လေ့ရှိရာ ပရိသတ်များစွာ ရရှိခဲ့သည်။
သူမတွင် စာပေအိပ်မက် အမြဲရှိခဲ့ပြီး ဝဘ်ဆိုဒ်များသို့ ဆောင်းပါးများ ပေးပို့ဖူးရာ တုံ့ပြန်မှု ကောင်းမွန်ခဲ့သည်။
အစက သူမသည် ဝတ္ထုရှည်တစ်ပုဒ် ရေးချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကမ္ဘာပျက်ကပ် ရောက်လာကာ သူမ၏ အိပ်မက်ကို ရပ်တန့်စေခဲ့သည်။
ယခုအခါ ကမ္ဘာသစ်သို့ ရောက်ရှိလာပြီး အချိန်လည်း ရလာသဖြင့် သူမ ထိုအိပ်မက်ကို ပြန်လည် အကောင်အထည်ဖော်ရမည်။
သူမ ကမ္ဘာကူးပြောင်းလာသည့် တစ်လအတွင်းမှာပင် ထျဲလန်ယန်သည် ဘဝအတွေ့အကြုံများကို အခြေခံသည့် ဝတ္ထုတို အချို့ကို လေ့ကျင့်ရေးသားပြီး ဖြစ်သည်။
ဒါကြောင့်လည်း သူမက အတင်းအဖျင်းတွေ နားထောင်ပြီး ကိစ္စရပ်တွေကို စိတ်ဝင်စားနေခြင်း ဖြစ်နိုင်သည်။
သူမ များများမြင်လေလေ၊ စိတ်ကူးစိတ်သန်းများ ပိုရလေလေပင် ဖြစ်သည်။
အရာအားလုံး ပြီးဆုံးသွားသောအခါ ထျဲလန်ယန်သည် နေရာလွတ်ထဲမှ ထွက်ကာ အိပ်ပျော်သွားတော့သည်။
သူမ အကြာကြီး မအိပ်လိုက်ရဘဲ မကြာမီမှာပင် မိုးလင်းလာခဲ့သည်။
ဒီနေ့က နားရက် ဖြစ်နေသေးသဖြင့် သူမ ကောင်တီသို့ သွားရန် စောစောထရမည်။
ကျန်သည့် ပညာတတ်လူငယ်များမှာတော့ မလိုက်ကြပေ၊ ယခင်က စိုက်ပျိုးရေးအလုပ်များကြောင့် အလွန်ပင် ပင်ပန်းနေကြသဖြင့် အားလုံးက ကောင်းကောင်း အနားယူချင်နေကြသည်။
ယခုအခါ ဆောင်းဦးပေါက် အချိန်ဖြစ်သဖြင့် ရာသီဥတုမှာ စတင် အေးမြလာပြီ ဖြစ်သည်။
ထျဲလန်ယန်သည် အဖြူရောင် အတွင်းအင်္ကျီပေါ်တွင် အစိမ်းရောင် လည်ဝိုင်းဆွယ်တာကို ထပ်ဝတ်လိုက်ပြီး အောက်က ဘောင်းဘီရှည် အမည်းနှင့် သားရေဖိနပ်လေးကို စီးလိုက်သည်။
သူမသည် စစ်စိမ်းရောင် လွယ်အိတ်လေးကို လွယ်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ပညာတတ်လူငယ်ဝင်းထဲမှ ထွက်လာခဲ့သည်။
ရွာအဝင်ဝတွင် နွားလှည်းမောင်းသည့် အဘိုးအိုမှာ စောင့်နေနှင့်ပြီ ဖြစ်သည်။
ထျဲလန်ယန် ပထမဆုံး ရောက်လာပြီး အဘိုးအိုကို နှုတ်ဆက်ကာ နွားလှည်းပေါ် တက်လိုက်သည်။
မကြာမီမှာပင် အဒေါ်ကြီးအချို့ တစ်ယောက်ပြီး တစ်ယောက် တက်လာကြသည်။
ကွေ့ဟွာရွာတွင် အိမ်ခြေ ၂၀၀ ကျော် ရှိသဖြင့် ထျဲလန်သည် လူတိုင်းကို မသိပေ။
သို့သော် သူမသည် စတုတ္ထမြောက် ထုတ်လုပ်ရေးအဖွဲ့ထဲတွင် ရှိနေပြီး အတင်းပြောရတာ ဝါသနာပါသော အဒေါ်ကြီးအချို့ကို သိထားရာ ထိုထဲမှ တစ်ယောက်မှာ ပါလာခဲ့သည်။
ထို့ကြောင့် သူမက ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "အဒေါ်မာ... မင်္ဂလာပါ။"
"အို... ရဲဘော်ထျဲပဲ၊ ဒီနေ့ မြို့ကို သွားမလို့လား၊ တိုက်ဆိုင်လိုက်တာ။"
အဒေါ်မာက ပြုံးလိုက်ပြီး အခြားအဒေါ်ကြီးတစ်ဦးဘက်သို့ လှည့်ကာ ပြောခဲ့သည်။
"ကြည့်စမ်း... ဒါ ငါပြောဖူးတဲ့ ရဲဘော်ထျဲလေ၊ လှတယ်မဟုတ်လား၊ သူ့မျက်လုံးလေးတွေက နည်းနည်းလေး တစ်မျိုးဖြစ်နေတာကလွဲရင်ပေါ့။"
ထျဲလန်ယန် - ..... ကျွန်မ ဒီမှာ ရှိနေတာနော်၊ နားမကန်းသေးဘူး။
ထျဲလန်ယန်က မချိပြုံးပြုံးခဲ့သည်။ "အဒေါ်မာ... ကျွန်မ မျက်လုံးတွေက ကောင်းပါတယ်၊ အမြင်အာရုံက နည်းနည်းလေး..."
"အမြင်အာရုံ မကောင်းတာလည်း ပြဿနာပဲ၊ ငယ်ငယ်က စာတွေ အများကြီး ဖတ်လွန်းလို့ မျက်စိတွေ ပျက်ကုန်တာလား။"
ထျဲလန်ယန်၏ နှုတ်ခမ်းများ တွန့်သွားသည်၊ ဤစကားများက ရင်းနှီးနေသလိုပင် ရှိနေသည်။
"စာဖတ်တာနဲ့ ပတ်သက်လို့ကတော့ အဆင်ပြေပါတယ်။"
ပြုံးပြလာတဲ့သူကို ဘယ်သူမှ ရန်မလုပ်ကြဘူး မဟုတ်လား၊ ဒီအဒေါ်ကြီးကလည်း သူ့အကျင့်အတိုင်း ပြောနေတာဆိုတော့ ငြင်းခုန်နေလည်း အပိုပင် ဖြစ်လိမ့်မည်။
ဘေးနားက အဒေါ်ကြီးတစ်ယောက်က ဇဝေဇဝါဖြင့် မေးခဲ့သည်။ "ဒါ ရဲဘော်ထျဲလား။ သူ ရွာကို စရောက်တုန်းက မိတ်ဆက်တာကို မှတ်မိသေးတယ်။"
"အဲ့တုန်းကတော့ ပိန်ပိန်ညှောင်ညှောင်လေး၊ ဘယ်လိုဖြစ်လို့ လဝက်အတွင်းမှာ မျက်နှာလေးက စိုပြည်လာရတာလဲ။"
ဤအဒေါ်ကြီးမှာ အခြားအဖွဲ့မှ ဖြစ်ပြီး လယ်ထဲတွင်လည်း အတူတူ အလုပ်မလုပ်ကြသဖြင့် မကြာခဏ မတွေ့ဖြစ်ကြပေ။
လွန်ခဲ့သည့် လဝက်အတွင်း ထျဲလန်ယန်သည် အလုပ်လုပ်ရသဖြင့် ပင်ပန်းသော်လည်း အချိန်ရတိုင်း နေရာလွတ်ထဲသို့ ခိုးဝင်ကာ စားသောက်လေ့ရှိသည်။
ယခင်က လုပ်ထားသည့် အသားမုန့်လုံးများနှင့် အမဲနံရိုးများ၊ ပေကျင်းမှ ရခဲ့သည့် အစားအစာများမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
အငမ်းမရ စားသောက်ခဲ့သည့် ရလဒ်ကတော့ သူမ၏ ကိုယ်အလေးချိန် ၁၀ ကျင်းခန့် တက်လာခဲ့ခြင်း ဖြစ်သည်။
သူမသည် အစက ၇၀ ကျင်း ရှိရာမှ ၇၅၊ ယခုဆိုလျှင် ၈၅ ကျင်းခန့် ရှိနေပြီ ဖြစ်သည်။
သူမ၏ ရည်မှန်းချက်ဖြစ်သော ၁၀၀ ကျင်း ရောက်ဖို့ ၁၅ ကျင်း လိုသေးသည်၊ ထို့ကြောင့် သူမ ဆက်ကြိုးစားရဦးမည်။
ထျဲလန်ယန် - "ကျွန်မပါပဲ၊ ဝိတ်လေး နည်းနည်း တက်လာလို့ပါ။"
အဒေါ်ကြီးက အံ့သြစွာဖြင့် ပြောလိုက်သည်။ "အလိုလေး... ဘယ်လိုလုပ်ပြီး ဝလာတာလဲ။"
"ဒီက ရေမြေက ကောင်းလို့ ထင်ပါရဲ့၊ ကျွန်မကတော့ ရေသောက်ရင်တောင် ဝတာပဲ။"
ထျဲလန်ယန်က ရယ်မောကာ ထိုမေးခွန်းကို ရှောင်လွှဲလိုက်ပြီး အကြောင်းအရာ ပြောင်းလိုက်သည်။
"ဘေးရွာက မုဆိုးမအိမ်မှာ ဆူဆူပူပူ ဖြစ်နေတယ်လို့ ကြားတယ်၊ အဲဒါ တကယ်လားဟင် အဒေါ်တို့။"
"အို... နင့်လို မိန်းကလေးတောင် ဒါကို ကြားမိတယ်လား၊ ငါပြောပြမယ်..."
အဒေါ်ကြီးများသည် အတင်းပြောရသည်ကို ဝါသနာပါလှသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဖွဲ့ ဆွေးနွေးကြတော့သည်။
နွားလှည်းပေါ်တွင် ထျဲလန်ယန်သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ခုကာ အတင်းပြောသံများကို နားထောင်ရင်း မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
သူမ၏ ပါးစပ်ထဲတွင် မြက်ပင်လေးတစ်ပင် ငုံထားပြီး ခြေထောက်ချိတ်ထားဖို့ပဲ လိုတော့သည်။
ဟေး... ဒီလို ဘဝလေးကလည်း တကယ်ကို ကောင်းပါတယ်၊ အေးအေးဆေးဆေးနဲ့ လွတ်လပ်လှသည်။