← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၆၃

မြို့သို့ရောက်သောအခါ ထျဲလန်ယန်သည် အဒေါ်ကြီးများကို နှုတ်ဆက်ကာ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်သွားခဲ့သည်။

ဘတ်စ်ကားဂိတ်ဆိုသည်မှာ ဘေးတွင် လက်မှတ်ရောင်းသည့် ရုံးခန်းလေးတစ်ခုရှိသော ရိုးရှင်းသည့် လေဟာပြင်နေရာလေးတစ်ခုသာ ဖြစ်သည်။

ထျဲလန်ယန် - "ရဲဘော်... ကျွန်မ ကောင်တီကို သွားချင်လို့ လက်မှတ်တစ်စောင် ပေးပါဦး။"

လက်မှတ်ရောင်းသူ - "၁၅ ဆင့် ကျပါမယ်၊ အနီးဆုံးကားက နောက် ၁၀ မိနစ်နေရင် ထွက်တော့မှာ၊ ကားက ဟိုဘေးမှာပဲ ရှိတယ်၊ အမြန်သွားလိုက်တော့။"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။"

ထျဲလန်ယန်သည် ငွေပေးချေကာ လက်ရေးဖြင့် ရေးထားသည့် စက္ကူလက်မှတ်ကို ယူပြီး ကားပေါ်သို့ တက်လိုက်သည်။

မြို့မှ ကောင်တီသို့ ကားမောင်းလျှင် ၂ နာရီခန့် ကြာပြီး လမ်းတစ်လျှောက်မှာလည်း ဆိုးရွားလှသော်လည်း ထျဲလန်ယန်မှာတော့ အိပ်ပျော်သွားခဲ့သည်။

ဒါကတော့ ကမ္ဘာပျက်ကပ်က အတွေ့အကြုံတွေကြောင့်ပင် ဖြစ်သည်၊ သူမသည် လမ်းဆိုးပေါင်းစုံကို ကြုံဖူးထားသဖြင့် ဤကဲ့သို့ ချိုင့်ခွက်ပေါလှသော လမ်းမျိုးတွင် ကားမူးခြင်း လုံးဝမရှိပေ။

ကောင်တီသို့ ရောက်သောအခါ ထျဲလန်ယန်သည် ကုန်တိုက်ကြီးဆီသို့ အရင်ဦးဆုံး သွားခဲ့သည်။

ကျေးလက်သို့ ရောက်ရှိလာကတည်းက သူမ ဤကုန်တိုက်ကြီးသို့ တစ်ခါမှ မရောက်ဖူးသေးဘဲ ယခုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒီနေ့ သူမမှာ အချိန်ရသဖြင့် ဈေးဝယ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ကုန်တိုက်ကြီးထဲတွင် လူမျက်စိကျလောက်စရာ ပစ္စည်းမျိုးစုံ ရှိနေပြီး သမဝါယမဆိုင်ထက်ပင် ပစ္စည်းပိုစုံလင်လှသည်။

ထျဲလန်ယန်သည် နှင်းပွင့်ခရင်မ် နှစ်ဘူးနှင့် ရှန်ဟိုင်းမှ ထုတ်သည့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတစ်စုံကို ဝယ်ယူခဲ့သည်။

ဆောင်းရာသီ ရောက်တော့မည် ဖြစ်သဖြင့် ဆောင်းတွင်းဝတ် အဝတ်အစားများလည်း လိုအပ်သည်။

ထို့ကြောင့် အမျိုးသမီးဝတ် စစ်တပ်အပေါ်အင်္ကျီ အရှည်တစ်ထည်ကို ဝယ်ယူလိုက်သည်။

အစိမ်းရောင် အင်္ကျီအရှည်မှာ ဒူးအထိရောက်ပြီး ထူထဲနွေးထွေးရုံသာမက အညစ်အကြေးလည်း ခံသဖြင့် ကျေးလက်ဆောင်းတွင်း ခရီးသွားရန်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

လျှော်ရမှာ ပျင်းသည့်အခါ လဲလှယ်ဝတ်နိုင်ရန် ထျဲလန်ယန်က နှစ်ထည်တောင် ဝယ်လိုက်သည်။

သူမ အခြားအဝတ်အစားများ မဝယ်တော့ပေ၊ အကြောင်းမှာ သူမ၏ နေရာလွတ်ထဲတွင် အဝတ်အစားများစွာ ရှိနေသေးသောကြောင့်ဖြစ်သည်။

ယခင်က စက်ရုံဒုမန်နေဂျာ ကျန်း၏ အိမ်မှ သိမ်းဆည်းခဲ့သော ပိတ်စအလိပ်ပေါင်း ရာနှင့်ချီ၍ ရှိနေသေးရာ နောက်မှ အပ်ချုပ်သည်နှင့် အင်္ကျီအချို့ ထပ်ချုပ်ခိုင်းရမည်။

ထျဲလန်ယန်သည် စာရေးစက္ကူအချို့နှင့် ဖောင်တိန်တစ်ချောင်း၊ မင်ရည်နှစ်ဘူးကိုလည်း ဝယ်လိုက်သည်။

သူမသည် ဖောင်တိန်နှင့် ရေးရသည်ကို နှစ်သက်သည်၊ မှင်နံ့သင်းသင်းလေးနှင့် ရေးရသည်မှာ စိတ်ကြည်နူးစရာ ကောင်းလှသည်။

မှင်နံ့လေးက မွှေးသလို လက်ရေးကလည်း ပိုပြီး အားပါသလို ခံစားရသည်။

ထျဲလန်ယန်သည် အစားအသောက်တန်းသို့ သွားကာ အတင်းပြောရင်း ဝါးရန် မရှိမဖြစ်လိုအပ်သည့် ဖရုံစေ့နှင့် မြေပဲများကို ဝယ်ယူခဲ့သည်။

မုန့်အချို့၊ နို့မှုန့်နှစ်ဘူး၊ သကြားလုံးများနှင့် သစ်သီးစည်သွပ်ဘူး အချို့ကိုလည်း ဝယ်ခဲ့သည်။

ဒါတွေကိုတော့ စားချင်တဲ့အခါ စားနိုင်အောင် နေရာလွတ်ထဲမှာ သရေစာအဖြစ် သိမ်းထားမည် ဖြစ်သည်။

ထျဲလန်ယန်၏ ကံကောင်းမှုမှာ ကုန်တိုက်၏ အသားတန်းတွင် ယနေ့ ဝက်သားအသစ်များ ရောက်နေခြင်း ဖြစ်သည်။

အဒေါ်ကြီး၊ ဦးလေးကြီးများမှာ ထိုနေရာတွင် ဝိုင်းအုံလုနေကြသော်လည်း ထျဲလန်ယန်သည် သူမ၏ လျင်မြန်မှုဖြင့် ရှေ့ဆုံးအထိ တိုးဝင်ကာ ဝက်သား ၁၀ ကီလိုဂရမ်ကို ဝယ်ယူနိုင်ခဲ့သည်။

ဝက်သားဝယ်ပြီး ထွက်လာချိန်တွင်တော့ သူမ၏ ဆံပင်စည်းမှာတောင် ပြေလျော့နေပြီဖြစ်သည်။

ဒီအဒေါ်ကြီး၊ ဦးလေးကြီးများ၏ တိုးဝှေ့နိုင်စွမ်းမှာ မည်မျှ ပြင်းထန်သည်ကို ခန့်မှန်းကြည့်နိုင်သည်။

ဈေးဝယ်ပြီးနောက် ထျဲလန်ယန်သည် ကုန်တိုက်မှ ထွက်ခွာကာ ဆေးရုံဘက်သို့ ဦးတည်လိုက်သည်။

ယနေ့ ကောင်တီသို့ လာရခြင်းမှာ ရည်ရွယ်ချက် နှစ်ခုရှိသည်၊ တစ်ခုမှာ ပစ္စည်းဝယ်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ ပစ္စည်းရောင်းရန် ဖြစ်သည်။

မနေ့ညက နေရာလွတ်ထဲမှ ကောက်ပဲသီးနှံများ အများကြီး ရိတ်သိမ်းထားသဖြင့် အချို့ကို မှောင်ခိုဈေးတွင် သွားရောင်းကာ ဈေးကွက်အခြေအနေကိုပါ စုံစမ်းလိုခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ထျဲလန်ယန်သည် လူသူမနီးသည့် လမ်းကြားလေးတစ်ခု၏ အဝင်ဝတွင် မှောင်ခိုဈေးကို အောင်မြင်စွာ ရှာတွေ့ခဲ့သည်။

ကောင်တီမြို့လေးမှ မှောင်ခိုဈေးမှာ ပေကျင်းကလောက် မကြီးမားသော်လည်း စီမံခန့်ခွဲမှုမှာ ပိုလျော့ရဲလှသည်။ အဝင်ဝတွင် လူတစ်ယောက် စောင့်ကြပ်နေသည်။

ထျဲလန်ယန်သည် ဝင်ကြေး ၁၅ ဆင့် ပေးကာ အတွင်းသို့ ဝင်ခဲ့သည်။

သူမသည် မျက်စိနှစ်လုံးသာ ဖော်ကာ မျက်နှာတစ်ဝက်ကို ပဝါဖြင့် ရည်ရွယ်ချက်ရှိရှိ ဖုံးအုပ်ထားခဲ့သည်။

မှောင်ခိုဈေးလမ်းကြားတွင် သူမကဲ့သို့ ဝတ်ဆင်ထားသူများစွာ ရှိနေပြီး အားလုံးမှာ သူတို့ဘယ်သူလဲ ဆိုတာကို မှတ်မိသွားမှာ စိုးရိမ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားကြသူများ ဖြစ်သည်။

ထျဲလန်ယန်သည် လမ်းလျှောက်ကြည့်ရင်း အခြေခံဈေးနှုန်းများကို စုံစမ်းလိုက်သည်။

ထို့နောက် သူမသည် လူသူကင်းဝေးရာတွင် အဝတ်အစားလဲကာ လူလတ်ပိုင်း အမျိုးသမီးကြီးတစ်ဦးအဖြစ် ရုပ်ဖျက်ပြီး ကျောပိုးအိတ်တစ်လုံးနှင့် ပြန်ထွက်လာခဲ့သည်။

သူမသည် ထောင့်တစ်နေရာသို့ သွားကာ ကျောပိုးအိတ်ထဲမှ ဆန်နှင့် ဂျုံမှုန့် ကီလို ၅၀ စီကို ထုတ်လိုက်သည်။

သူမ ထုတ်ပြီး မကြာမီမှာပင် လူကြီးတစ်ဦး ရောက်လာပြီး ဈေးမေးတော့သည်။

"အစ်မ... ဒီဆန်က တစ်ကီလို ဘယ်လောက်လဲ။"

ထျဲလန်ယန် - "အဘိုး... ဒါတွေက အဆင့်မြင့် ဆန်ချောတွေပါ။ သမဝါယမမှာဆို လက်မှတ်ပါမှ ၁၈ ဆင့် ပေးရတာ၊ ကျွန်မဆီမှာတော့ လက်မှတ်မလိုဘူး၊ တစ်ကီလို ၆၃ ဆင့်ပါ။"

ကောင်တီတွင် ဆန်ဈေးမှာ ပေကျင်းထက် သက်သာသဖြင့် သူမ ခေါ်သည့်ဈေးမှာ အနည်းငယ် မြင့်နေပြီး ဈေးဆစ်ရန် အခွင့်အရေး ရှိနေသည်။

အဘိုးအိုသည် အနားတိုးလာကာ ဆန်တစ်ဆုပ်ကို ခပ်ယူပြီး သေချာကြည့်ကာ အနံ့ခံလိုက်သည်။

"ဒီဆန်က အရည်အသွေး ကောင်းတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဈေးက ကြီးလွန်းတယ်၊ ၅၈ ဆင့်နဲ့ မရဘူးလား။"

ထျဲလန်ယန် - "အပြတ်ဈေး ၆၀ ဆင့်ပါ၊ ဒါ ကျွန်မ အလျှော့ပေးနိုင်ဆုံး ဈေးပါပဲ။"

အဘိုးအိုမှာလည်း ပွင့်လင်းသူဖြစ်သဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ၊ ၆၀ ဆင့်ဆိုလည်း ၆၀ ဆင့်ပေါ့၊ ၂၀ ကီလို ပေးပါဦး။"

သူသည် ဆန်ထည့်ရန် ပိတ်စအိတ်ကို ကမ်းပေးလိုက်သည်။

"ရပါပြီ။" ထျဲလန်ယန်သည် လက်ကိုင်ချိန်ခွင်ကို ထုတ်ကာ အလေးချိန် ချိန်ပြီး သူ့ကို ပေးလိုက်သည်။

အဘိုးအို ထွက်သွားသည်နှင့် အဒေါ်ကြီးအချို့ ရောက်လာပြီး ဂျုံမှုန့်ဈေးကို မေးကြပြန်သည်။

ဂျုံမှုန့်မှာလည်း ဆန်ကဲ့သို့ပင် ထျဲလန်ယန်က တစ်ကီလို ၆၀ ဆင့်နှင့်သာ ရောင်းလိုက်ရာ သင့်တင့်သော ဈေးနှုန်းပင် ဖြစ်သည်။

တစ်နာရီမပြည့်မီမှာပင် သူမ၏ ဆန် ၅၀ ကီလိုနှင့် ဂျုံမှုန့် ကီလို ၅၀ စလုံး ကုန်သွားခဲ့ပြီး စုစုပေါင်း ယွမ် ၆၀ ရရှိခဲ့သည်။

ထျဲလန်ယန် ဆက်မရောင်းတော့ပေ။

ယနေ့ သူမ မှောင်ခိုဈေးသို့ လာရခြင်းမှာ ဈေးကွက်ကို လေ့လာရန်နှင့် မှောင်ခိုဈေး၏ ခေါင်းဆောင်ကို စုံစမ်းရန် ဖြစ်သည်။

သူမ၏ နေရာလွတ်ထဲတွင် ကောက်ပဲသီးနှံများစွာ ရှိနေသဖြင့် တစ်ခါစီ လာရောင်းနေလျှင် ပင်ပန်းလိမ့်မည်၊ ထို့ကြောင့် လက်တွဲဖော် ရှာဖွေခြင်းက ပို၍ စိတ်ချရမည်။

ထျဲလန်ယန်သည် ဖရဲစေ့အချို့ကို ပေးကမ်းရင်း ဘေးနားက လူများနှင့် စကားစမြည် ပြောဆိုလိုက်သည်။

ဟင်းသီးဟင်းရွက် ရောင်းသည့် အဒေါ်ကြီးမှာ သူမနှင့် ရင်းနှီးသွားခဲ့သည်။

"အစ်မ... ကျွန်မ ဒီမှောင်ခိုဈေးကို လာတာ ဒါ ပထမဆုံးအကြိမ်မို့ နည်းနည်း ကြောက်နေလို့ပါ၊ ဒီမှာ လုံခြုံရေးက ဘယ်လိုလဲ၊ တစ်ယောက်ယောက်က အပြင်မှာ သတင်းသွားပေးတာမျိုး ရှိလား။"

ဟင်းသီးဟင်းရွက် ရောင်းသည့် အဒေါ်ကြီးသည် ဖရဲစေ့ကို ယူကာ ဝါးရင်း မြေပြင်ပေါ်သို့ အခွံများ ထွေးထုတ်လိုက်သည်။

"အဆင်ပြေပါတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်ကထက် အများကြီး သာလာပါပြီ။ အရင်ကဆို ဆိုင်ခန်းခတောင် ပေးရသေးတယ်၊ အခုတော့ ဘယ်သူမှ လာမစစ်တော့ဘူး၊ အရမ်း လုံခြုံတယ်။"

ထျဲလန်ယန် - "ဪ... ဒါဆို မှောင်ခိုဈေး ခေါင်းဆောင်က လာစစ်ဆေးတတ်တာလား၊ သိချင်လိုက်တာ။"

"ဟုတ်တာပေါ့။" အဒေါ်ကြီးက လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဟိုမှာ တံမြက်စည်း လှည်းနေတဲ့ အဘိုးကြီးကို မြင်လား၊ အဲဒါ သူပဲလေ။"

မလှမ်းမကမ်းတွင် အဝတ်စုတ်များ ဖာထေးဝတ်ထားသည့် အဘိုးအို တစ်ဦးသည် ခါးကုန်းကာ တံမြက်စည်း လှည်းနေသည်။

ထျဲလန်ယန် - ??? မဟုတ်မှလွဲရော... မှောင်ခိုဈေး ခေါင်းဆောင်က ဒီလောက်တောင် ရိုးရှင်းတာလား၊ အဘိုးကြီး တစ်ယောက်ပဲလား။

ထျဲလန်ယန် မယုံနိုင်ဟန် ဖြစ်နေသည်ကို မြင်သောအခါ အဒေါ်ကြီးက ဆက်ပြောခဲ့သည်။

"ဒီအဘိုးကြီးကို အထင်မသေးနဲ့ဦး၊ သူက တော်တော် အစွမ်းထက်တာ။"

"မှောင်ခိုဈေး အဝင်ဝမှာ စောင့်နေတဲ့ လူကို မြင်လား၊ အဲဒါ အဘိုးကြီးရဲ့ သားအကြီးဆုံးလေ၊ သူက တအားသန်သလို အရူးတစ်ယောက်လို တိုက်ခိုက်တတ်လို့ လူတိုင်းက သူ့ကို ကြောက်ကြရတာ။"

"အဘိုးကြီးရဲ့ သားအငယ်ဆုံးကတော့ ကုန်သယ်တဲ့သူ၊ နိုင်ငံအနှံ့ သွားနေတော့ သူ့ဆီမှာ ပစ္စည်းတွေက အစုံပဲ။"

"အဘိုးကြီးရဲ့ သမက်ကတော့ ကောင်တီကုန်တိုက်ကြီးရဲ့ ထောက်ပံ့ရေး မန်နေဂျာ၊ စကားပြော အရမ်းကောင်းသလို ရဲတွေနဲ့တောင် အဆက်အသွယ် ရှိတယ်လို့ ကြားတယ်။"

"ဒီလို အဆက်အသွယ်တွေရှိတော့ ဘယ်သူမှ ဒီအဘိုးကြီးကို မနှောင့်ယှက်ရဲကြဘူး။"

အဒေါ်ကြီးသည် ဖရဲစေ့ခွံကို ထွေးထုတ်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီအဘိုးကြီးက ငါ့ယောကျ်ား၊ ဟို အဝင်ဝမှာ စောင့်နေတဲ့ လူကောင်ကြီးက ငါ့သားအကြီးဆုံးလေ၊ ဟဲဟဲ။"

"အဘိုးကြီး... အပျင်းမထူနဲ့။ ဒီမှာ ဖရဲစေ့ခွံတွေ လှည်းလို့မပြီးသေးဘူး၊ ဒီဘက်ကို လာလှည်းဦး။"

ထျဲလန်ယန် -........

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၆၄

ထျဲလန်ယန် ကြောင်အသွားတော့သည်။

ဘုရားရေ... ခုနက သူမ ပေါ့ပေါ့ပါးပါး စကားပြောခဲ့တဲ့ အဒေါ်ကြီးက မှောင်ခိုဈေးခေါင်းဆောင်ရဲ့ ဇနီး ဖြစ်နေတာကိုး။

သူမက ကြည့်ရတာ တော်တော်လေးတော့ ခက်ထန်မယ့်ပုံပဲ။

"ညီမလေး... မကြောက်ပါနဲ့၊ အစ်မက လူသားစားတာ မဟုတ်ပါဘူး။"

အဒေါ်ကြီးက ပြုံးလိုက်သည်။ "ခုနက ဖရဲစေ့တွေ ပေးခဲ့တဲ့အတွက် အစ်မရဲ့ ဆိုင်မှာ ကျန်နေတဲ့ ဒီဂေါ်ဖီထုပ်တွေကို အလကား ပေးပါ့မယ်။"

ဂေါ်ဖီထုပ် တော်တော်များများ ကျန်နေသေးရာ အနည်းဆုံး နှစ်ဆင့်၊ သုံးဆင့်လောက်တော့ တန်ကြေးရှိသည်။

"အစ်မရယ်... ဒါကို ကျွန်မ ဘယ်လိုလုပ် ယူရဲမှာလဲ။" ထျဲလန်ယန်က သူမ၏လက်ကို အမြန်ပင် ယမ်းလိုက်သည်။

အဒေါ်ကြီးက ရက်ရက်ရောရော လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။ "ရပါတယ်၊ အစ်မလည်း အိမ်ပြန်ပြီး နေ့လယ်စာ ချက်ဖို့ လောနေလို့ပါ။"

သူမ ထိုသို့ပြောလိုက်သဖြင့် ထျဲလန်ယန်လည်း ထပ်မငြင်းတော့ပေ။

သို့သော် ထိုအဒေါ်ကြီး မထွက်သွားမီ ထျဲလန်ယန်က သူမကို သကြားလုံးတစ်ဆုပ် ပေးလိုက်သည်။

"အစ်မ... ကျွန်မမှာ ပစ္စည်းတွေ ရှာဖွေပေးတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အမျိုးတစ်ယောက် ရှိပါတယ်။"

"အစ်မက လူကောင်းတစ်ယောက်လို့ ကျွန်မ ထင်တယ်၊ တကယ်လို့ တစ်ခုခု လိုအပ်မယ်ဆိုရင် သူ့ကို အစ်မဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက်မယ်လေ၊ ဟုတ်ပြီလား။"

ထျဲလန်ယန်သည် လက်ရှိတွင် သက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ဦးအဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်သည်။

လိမ္မာပါးနပ်သော ယုန်တစ်ကောင်မှာ ပုန်းခိုစရာ တွင်း သုံးတွင်း ရှိတတ်သည် ဆိုသကဲ့သို့ ဘေးကင်းလုံခြုံရေးအတွက် ဤသို့ လုပ်ဆောင်ခြင်းမှာ မရှိမဖြစ်ပင် ဖြစ်သည်။

ဤသည်ကို ကြားလိုက်ရသောအခါ သကြားလုံးများကို ငြင်းဆန်နေသည့် အဒေါ်ကြီး၏ လက်များ ရပ်တန့်သွားသည်။

"အို... ကောင်းတာပေါ့။" စီးပွားရေး အခွင့်အလမ်းက သူမဆီကို ရောက်လာပြီဆိုမှတော့ သူမ ကြိုဆိုမည်။

"ညီမလေးရေ၊ နင့်ရဲ့ ကျေးဇူးကို အစ်မ မှတ်ထားပါ့မယ်၊ ဒါကို အစ်မရဲ့ အဘိုးကြီးကိုလည်း ပြန်ပြောပြလိုက်ဦးမယ်။"

အဒေါ်ကြီးသည် ပျော်ရွှင်စွာဖြင့် သူမ၏ ဆိုင်ကို သိမ်းလိုက်ပြီး တံမြက်စည်း လှည်းနေသည့် သူမ၏ အဘိုးကြီးကို ဆူပူကာ ခါးကလေးလှုပ်၍ ထွက်ခွာသွားတော့သည်။

ထျဲလန်ယန်သည် အဒေါ်ကြီးပေးသည့် ဂေါ်ဖီထုပ်များကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး ပိတ်စအိတ်နှင့် ချိန်ခွင်ကို သိမ်းကာ မှောင်ခိုဈေးထဲတွင် နောက်တစ်ခေါက် လှည့်လည်ကြည့်ရှုပြန်သည်။

ယခုတစ်ကြိမ်တွင် သူမသည် ဆိုင်လေးအချို့မှ ရှေးဟောင်းပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။

၎င်းတို့မှာ အစစ်လား၊ အတုလား သူမ မသိသော်လည်း အလှဆင်ပစ္စည်းအဖြစ် ထားရန်တော့ အဆင်ပြေလှသည်။

ထို့နောက် ကြက်၊ ဘဲ ရောင်းသည့်နေရာသို့ သွားကာ ကြက်နှစ်ကောင်၊ ဘဲနှစ်ကောင်နှင့် ကြက်ဥ ၅၀ ကို ဝယ်ယူခဲ့သည်။

ဝယ်စရာရှိသည်များကို ဝယ်ပြီးနောက် သူမ နောက်ဖေးတံခါးမှ ထွက်လာခဲ့သည်။

၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ထျဲလန်ယန်သည် လမ်းကြားလေးတစ်ခုထဲသို့ ချိုးဝင်ကာ နေရာလွတ်ထဲဝင်၍ မူလအဝတ်အစားသို့ ပြန်လဲလိုက်သည်။

သူမ လမ်းကြားထဲမှ ထွက်ခါနီးတွင်ပင် မလှမ်းမကမ်းမှ အော်ဟစ်သံကို ကြားလိုက်ရသည်။

"သူခိုး... သူခိုး။ တစ်ယောက်ယောက်က ငါ့ပိုက်ဆံကို ခိုးသွားပြီ။ သူ့ကို ဖမ်းပေးကြပါဦး။"

ထိုအချိန်တွင် ဦးထုပ်အမည်း ဆောင်းထားပြီး အပြာရောင် လက်ကိုင်ပဝါ ကိုင်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက်သည် ထျဲလန်ယန်ဆီသို့ အရှိန်ဖြင့် ပြေးလာခဲ့သည်။

လမ်းလယ်တွင် ရပ်နေသည့် ထျဲလန်ယန်ကို မြင်သောအခါ ထိုလူ၏ မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များ လက်ခနဲ ပေါ်သွားသည်။

"ဖယ်စမ်း၊ လမ်းပိတ်မနေနဲ့။"

ထျဲလန်ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဒ့သည်။

အစက သူမ ဝင်မပါချင်သော်လည်း ယခုတော့..... သူမ ပါရတော့မည်။

ထျဲလန်ယန်သည် ဦးစွာ ဘေးသို့ ရှောင်ပေးလိုက်ပြီး ထိုလူ ပြေးအသွားတွင် သူ၏ ဖင်ကို လှမ်းကန်လိုက်တော့သည်။

"ဘုန်း။" ထိုလူမှာ မထင်မှတ်ထားဘဲ မျက်နှာနှင့် မြေကြီး ဆောင့်မိကာ လဲကျသွားတော့သည်။

"သေစမ်း... ဒီကလေးမက ငါ့ကို ကန်ရဲတယ်ပေါ့။ နင့်ကို သေအောင် ရိုက်မယ်။"

ထိုလူက ဆဲဆိုကာ နောက်လှည့်လာပြီး ထျဲလန်ယန်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

ထျဲလန်ယန်က ခေါင်းကို တိမ်းရှောင်လိုက်ပြီး ဘယ်လက်သီးဖြင့် ထိုလူ၏ ဗိုက်ကို အားပြင်းစွာ ထိုးချလိုက်သည်။

"အား။" ထိုလူမှာ နာကျင်လွန်းသဖြင့် ပါးစပ်ကြီးမှာလည်း အို ပုံစံကဲ့သို့ ဟသွားတော့သည်။

သူ ဘာမှ မတုံ့ပြန်နိုင်မီမှာပင် ထျဲလန်ယန်သည် ညာလက်သီးတစ်ချက်ကို သူ၏ မေးစေ့သို့ ပြင်းထန်စွာ ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

ထိုလူမှာ မျက်လုံးများ ပြူးသွားကာ နောက်သို့ ယိုင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။

ထိုအချိန်တွင် အကူအညီတောင်းနေသည့် အဒေါ်ကြီး ပြေးရောက်လာကာ မြေပြင်ပေါ်က လူကို ကုတ်ဖဲ့တော့သည်။

"ဒီသူခိုး။ နင့်မိဘတွေက သူများပစ္စည်း မခိုးရဘူးလို့ မသင်ပေးထားဘူးလား။ ငါ့ပိုက်ဆံ ပြန်ပေးစမ်း။"

မကြာမီ ထိုလူ၏ မျက်နှာမှာ သွေးစို့ရာများဖြင့် ပြည့်သွားပြီး အမြန်ပင် အသနားခံတော့သည်။

"အဒေါ်... တောင်းပန်ပါတယ်၊ ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး။"

အဒေါ်ကြီးက နှာခေါင်းရှုံ့လိုက်သည်။ "ဟင်း... ကြည့်ရတာ မြေခွေးအိုလိုပဲ၊ မျက်လုံးတွေက ကလယ်ကလယ်နဲ့ နင့်ကြည့်ရတာ မရိုးသားတဲ့ အကြံအစည်တွေ ရှိနေတာ သိသာတယ်။"

ဘေးရှိလူများက အကြံပေးခဲ့ကြသည်။ "ငါတို့အားလုံး သူ့ကို ရဲစခန်းကို ခေါ်သွားပြီး ရဲတွေကို အပြစ်ပေးခိုင်းလိုက်ပါလား"

ဘေးက လူများကလည်း ခေါင်းညိတ်ကြသည်။ "ဟုတ်တယ်၊ သူ့ကို ဒီလိုပဲ လုပ်ရမှာ။"

စိတ်စေတနာကောင်းသည့် နိုင်ငံသားတစ်ဦးအနေဖြင့် ထျဲလန်ယန်လည်း သဘာဝကျစွာပင် ထိုကိစ္စတွင် ပါဝင်ကူညီပေးခဲ့သည်။

ရဲစခန်းတွင် ထွက်ဆိုချက်ပေးပြီး ပြန်ထွက်လာသောအခါ အဒေါ်ကြီးက ထျဲလန်ယန်ကို အလွန်ပင် ကျေးဇူးတင်နေတော့သည်။

"သမီးရယ်... ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်၊ သမီးသာ မပါရင် အဒေါ်တော့ ပိုက်ဆံတွေ ဆုံးရှုံးရတော့မှာ။"

"ရပါတယ် အဒေါ်၊ ဒါ ကျွန်မ လုပ်သင့်လုပ်ထိုက်တာပဲလေ။"

ထျဲလန်ယန် ယခင်က သေချာ မကြည့်မိသော်လည်း ယခု အနီးကပ် မြင်ရသောအခါ ဤအဒေါ်ကြီးကို မြင်ဖူးသလိုလို ရှိနေသည်။

အင်း... ဘယ်မှာ မြင်ဖူးတာပါလိမ့်။

ဤအဒေါ်ကြီးမှာ စုန့်ရွှယ်၏ မိခင်ဖြစ်မှန်း ထျဲလန်ယန် မသိခဲ့ပေ။

သူမ ရွာကို စရောက်တဲ့နေ့က တစ်ခါတွေ့ဖူးသော်လည်း ထိုစဉ်က တစ်ဖက်လူမှာ အလောတကြီး သွားလာနေသဖြင့် ထူးထူးခြားခြား မှတ်မိနေခြင်း မရှိခဲ့ပေ‌။

မေမေစုန့်သည် အလုပ်လုပ်ရင်း ခါးထိခိုက်ထားသဖြင့် လယ်ကွင်းထဲတွင် အလုပ်မဆင်းနိုင်ပေ၊ ထို့ကြောင့် ရွာချင်းတူသော်လည်း သူတို့ တစ်ခါမှ မဆုံဖြစ်ခဲ့ကြပေ။

ယနေ့တွင်လည်း မေမေစုန့်မှာ ကောင်တီသို့ နောက်ကျမှ ရောက်လာခဲ့ခြင်းဖြစ်ရာ သူတို့ မဆုံဖြစ်ခဲ့ဘဲ မမှတ်မိခဲ့ကြခြင်း ဖြစ်သည်။

"သမီးလေးက တကယ် စိတ်ထားကောင်းတာပဲ၊ ဘယ်မှာ နေတာလဲ။ ဒီနေ့ အဒေါ့်အိမ်မှာ ညစာ လာစားပါလား၊ အဒေါ် ဝက်သား ဝယ်ထားတယ်၊ သမီးအတွက် အရသာရှိတာတွေ ချက်ပေးမယ်လေ။"

မေမေစုန့် ဟဲချွန်းဟွာက ပြုံးရွှင်စွာ ပြောလိုက်သည်။

မနေ့က သူမ၏ သားအကြီးဆုံး ပြန်ရောက်လာသဖြင့် သမဝါယမတွင် ဝက်သား သွားဝယ်သော်လည်း မရခဲ့ဘဲ ထို့ကြောင့် ယနေ့ ကောင်တီအထိ လာဝယ်ခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ဝက်သားဝယ်ပြီး ထွက်လာကာမှ သူခိုးရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

အကယ်၍ သူမရှေ့က စိတ်ထားကောင်းပြီး သိုင်းကျွမ်းကျင်တဲ့ ဒီမိန်းကလေးသာ မရှိရင် သူမရဲ့ ယွမ် ၃၀ ကျော်ကတော့ ပါသွားပြီဖြစ်ရာ ဒါဟာ သူမအတွက်တော့ တကယ့်ကို ရင်ကျိုးစရာပင် ဖြစ်နေမည်။

ထျဲလန်ယန် - "အဒေါ်... ကျွန်မက ကွေ့ရွှေမြို့နယ်၊ ကွေ့ဟွာရွာက ပညာတတ်လူငယ် တစ်ယောက်ပါ၊ လမ်းချင်းလည်း တူမှာ မဟုတ်ဘူးထင်တယ်၊ အဲဒါကြောင့် ဒီတိုင်းပဲ ထားလိုက်ပါ။"

ဟဲချွန်းဟွာက သူမ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။ "အို... တိုက်ဆိုင်လိုက်တာ၊ အဒေါ်ကလည်း ကွေ့ဟွာရွာကပဲလေ။"

ဒီမိန်းကလေးရဲ့ မျက်နှာကို ဘာလို့ ရင်းနှီးနေရတာလဲဆိုတော့ သူတို့ ကွေ့ဟွာရွာက ပညာတတ်လူငယ် ဖြစ်နေတာကိုး၊ ဒါက ပိုတောင် ကောင်းသေးသည်။

"သမီးလေးရယ်... အဒေါ့်အိမ်ကို ညစာ စားဖို့ သေချာပေါက် လာခဲ့ရမယ်နော်၊ မဟုတ်ရင် အဒေါ် စိတ်မကောင်း ဖြစ်နေမိမှာ"

ဟဲချွန်းဟွာသည် ထျဲလန်ယန်ကို ပို၍ပို၍ သဘောကျလာတော့သည်။

ဒီမိန်းကလေးက ဆံပင်ကျစ်ဆံမြီး အရှည်ကြီးနဲ့၊ မျက်နှာလေးကလည်း စိုစိုပြည်ပြည်နဲ့ တကယ့်ကို ချစ်စရာလေးပဲ။

သူမရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ လျင်မြန်တဲ့ လက်သီးထိုးချက်ကို ကြည့်ပြီး သူမမှာ အံ့သြခဲ့ရသည်။

ဒီလောက် တော်တဲ့ မိန်းကလေးမျိုးသာ သူမရဲ့ ချွေးမ ဖြစ်လာမယ်ဆိုရင် တကယ့်ကို ကောင်းမှာပဲ။

ဟဲချွန်းဟွာ၏ စိတ်ထဲတွင် ထိုအတွေးက ရုတ်တရက် ပေါ်လာတော့သည်။

သူမ၏ သားအကြီးဆုံးမှာ အလွန် ခေါင်းမာသူဖြစ်သည်၊ သူမ အရင်က မိန်းကလေး တော်တော်များများနှင့် မိတ်ဆက်ပေးခဲ့သော်လည်း သူက လက်မခံခဲ့ပေ။

ခံစားချက်ဆိုတာ ကံတရားအပေါ်မှာပဲ မူတည်တာမလို့ သူကိုယ်တိုင် ရှာဖွေရမှာဖြစ်ပြီး မိတ်ဆက်ပေးတာတွေက အပိုပဲလို့ သူက ပြောခဲ့သည်။

ဟဲချွန်းဟွာက စိတ်ပူသော်လည်း ဒီခေါင်းမာတဲ့ နွားသိုးကြီးကို ဘာမှ မတတ်နိုင်ခဲ့ပေ။

နောက်ပိုင်းတွင် အောင်သွယ်တော်များ ရောက်လာသော်လည်း သူမ အားလုံးကို ငြင်းပယ်ခဲ့ပြီး သားအတွက် ဇနီးရှာပေးဖို့ လက်လျှော့ထားခဲ့သည်။

ဒါပေမယ့် အခုလို ချစ်စရာကောင်းတဲ့ မိန်းကလေးကို မြင်လိုက်ရတော့ ဟဲချွန်းဟွာရဲ့ သေဆုံးနေတဲ့ စိတ်တွေက ရုတ်တရက် ပြန်ပြီး လှုပ်ခတ်လာပြန်သည်။

"သမီးက အသက် ဘယ်လောက်ရှိပြီလဲ။"

ထျဲလန်ယန် - "၁၈ နှစ်ပါ။"

တကယ်တော့ ၁၈ နှစ်ပြည့်ဖို့ နှစ်လ လိုသေးသော်လည်း နီးစပ်သည်ဟု ဆိုနိုင်သည်။

ဟဲချွန်းဟွာ ရယ်မောလိုက်သည်။ "ကောင်းတယ်၊ ကောင်းတယ်၊ ဒီအသက်အရွယ်က ကောင်းတယ်၊ ပန်းလေးတစ်ပွင့်လိုပဲ လန်းဆန်းပြီး လှပနေတာပဲ။"

သူတို့က ရွာချင်းတူသဖြင့် သဘာဝကျစွာပင် အတူတူ ပြန်ခဲ့ကြသည်။

လမ်းတစ်လျှောက်လုံး ဟဲချွန်းဟွာသည် ထျဲလန်ယန်၏ လက်ကို ဆွဲထားကာ မလွှတ်တော့ဘဲ သူမ၏ သားအကြောင်းကို နားထဲတွင် တတွတ်တွတ် ချီးမွမ်းနေတော့သည်။

"သမီးကို ပြောပြမယ်၊ အဒေါ့်သားအကြီးဆုံးက တကယ့်ကို တော်တာ၊ သူက စစ်တပ်မှာ တပ်ရင်းမှူး၊ ပြီးတော့ ရုပ်လည်း အရမ်းချောတယ်။"

"ဒီနေ့ အဒေါ့်အိမ်မှာ ညစာ လာစားမှာဆိုတော့ တကယ့်ကို အချိန်ကိုက်ပဲ၊ သမီးကို သူနဲ့ မိတ်ဆက်ပေးမယ်လေ၊ သမီး သေချာပေါက် သူ့ကို သဘောကျမှာပါ။"

ထျဲလန်ယန် - ......

သူမ ခဏလေး အပြင်ထွက်လိုက်တာကို ဘာလို့ နောက်ထပ် အိမ်ထောင်ဖက်လောင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးတာ ခံနေရပြန်တာလဲ။

All Chapters