အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၆၅
ထျဲလန်ယန်က ငြင်းဆန်ဆဲပင် ဖြစ်သည်။ "အဒေါ်ရယ်... အားနာလိုက်တာ၊ ကျွန်မ အခုလောလောဆယ် အိမ်ထောင်ဖက် မရှာချင်သေးပါဘူး၊ ဒီကိစ္စကို မေ့လိုက်ပါတော့နော်။"
တစ်ကိုယ်တည်းသမား ဖြစ်ရတာ ကောင်းတယ်မဟုတ်လား။ စားချင်တဲ့အချိန်စား၊ အိပ်ချင်တဲ့အချိန်အိပ်ပြီး ဘာမှတွေးနေစရာ မလိုတော့ဘူးလေ။
ဟဲချွန်းဟွာ ပြုံးလိုက်သည်။ "ရပါတယ်၊ အဒေါ်က သမီးတို့ကို မိတ်ဆွေဖြစ်စေချင်ရုံတင်ပါ၊ အများကြီး မတွေးပါနဲ့။"
သူမ သဘောကျတဲ့ ချွေးမလောင်းလေးကို နောက်ဆုံးတော့ ရှာတွေ့ထားပြီဖြစ်ရာ ထိုကလေးမလေး လန့်ပြီး ထွက်ပြေးသွားအောင် သူမ မလုပ်ချင်ပေ။
ထျဲလန်ယန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ရွာအဝင်ဝသို့ ရောက်သောအခါ သူမက စတင်၍ ပြောလိုက်သည်။ "အဒေါ်... ကျွန်မ ညစာ လာမစားတော့ဘူးနော်၊ အိမ်မှာ လုပ်စရာလေးတွေ ရှိနေလို့ပါ။"
ငြင်းဆိုသည့် အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းလှသဖြင့် ဟဲချွန်းဟွာလည်း လက်လျှော့လိုက်ရတော့သည်။
"ကောင်းပါပြီလေ၊ အချိန်ရတဲ့အခါကြမှ အဒေါ့်အိမ်ကို ထမင်းလာစားလှည့်ဦး၊ ရွာချင်းလည်း တူနေတာပဲဆိုတော့ အဆင်ပြေပါတယ်။"
အချိန်တွေ အများကြီး ရှိပါသေးသည်၊ အခွင့်အရေးတွေလည်း ရှိလာဦးမှာပါ။
"ဟုတ်ကဲ့ပါ။" ထျဲလန်ယန် ခေါင်းညိတ်ပြကာ ပညာတတ်လူငယ်ဝင်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။
ဟဲချွန်းဟွာ အိမ်ပြန်ရောက်သောအခါ သမီးအငယ်မလေး စုန့်ရွှယ်မှာ အပြင်မှ ပြေးဝင်လာကာစပင် ရှိသေးသည်။
"နင်ကတော့ ဘယ်တွေ လျှောက်ပြေးနေတာလဲ၊ နင့်အစ်ကို ပြန်လာတာတောင် သူ့နားမှာ အချိန်ပေးဖော် မရဘူး။"
စုန့်ရွှယ်က နှုတ်ခမ်းလေးစူကာ ပြောခဲ့သည်။ "သမီးက ဟိုမမလှလှလေးဆီ သွားတာ၊ ကံဆိုးချင်တော့ အစ်မက အိမ်မှာ မရှိဘူး။"
ဟဲချွန်းဟွာ ကြောင်သွားခဲ့သည်။ "ဘယ်က မမလှလှလဲ။ နင်က နင့်အစ်ကိုအတွက် ရှာနေတာလား။"
စုန့်ရွှယ်က ဟိုဝေ့ဒီဝေ့ဖြင့် ပြုံးပြလိုက်သည်။ "အမေ့ကို မပြောပြဘူး။"
သူမ၏ အစ်ကိုအတွက် မိန်းမရှာပေးနေကြောင်း အမေသိသွားလျှင် နောက်ထပ် အရိုက်ခံရနိုင်ခြေ ရှိသည်။
"ဟယ်... ဒီကလေးမ၊ နင့်အမေကိုတောင် လျှို့ဝှက်ချက်တွေ ထားနေတာလား။"
ဟဲချွန်းဟွာမှာ ပို၍ပင် သိချင်သွားကာ တတွတ်တွတ် မေးတော့သည်။
သို့သော် ကံမကောင်းစွာဖြင့် စုန့်ရွှယ်ကတော့ ပါးစပ်ကို ပိတ်ထားဆဲပင်။
ဟဲချွန်းဟွာက ဝါးခြမ်းစိတ် သွားယူဖို့ ပြင်ကာ စိတ်တိုဟန်ဖြင့် မေးလိုက်သည်။ "ဒီကလေးမ... အခု ပြောမလား၊ မပြောဘူးလား။"
"အစ်ကိုကြီး၊ ကယ်ပါဦး။ မေမေ သမီးကို ရိုက်တော့မယ်။"
စုန့်ရွှယ်သည် အော်ဟစ်ကာ စုန့်ပိုင်ယွမ်ထံ အကူအညီတောင်းရန် ပြေးသွားတော့သည်။
စုန့်ပိုင်ယွမ်သည် အခန်းထဲတွင် စာဖတ်နေစဉ် ထိုအသံကို ကြားသည်နှင့် တံခါးကို ချက်ချင်း ဖွင့်လိုက်သည်။
"ဘာဖြစ်လို့လဲ။"
စုန့်ရွှယ်သည် သူ၏ အခန်းထဲသို့ အမြန်ဝင်ကာ သူ့နောက်တွင် ပုန်းလျက် ခေါင်းလေးပြူကြည့်လိုက်သည်။
"အစ်ကိုကြီး... ကြည့်ဦး၊ မေမေ ရူးသွားပြီထင်တယ်။"
ဟဲချွန်းဟွာက ခါးထောက်လျက် အော်ပြောခဲ့သည်။ "နင်ကမှ ရူးနေတာ။ နင့်အစ်ကိုအခန်းထဲမှာ ပုန်းနေတယ်ဆိုပြီး ငါ ဘာမှမလုပ်နိုင်ဘူး မထင်နဲ့၊ ထွက်ခဲ့စမ်း။"
"မထွက်ပါဘူး၊ ဟားဟား။" စုန့်ရွှယ်က တမင်တကာ မျက်နှာပြောင်ပြလိုက်သည်။
ဟဲချွန်းဟွာက ဒေါသတကြီး ရယ်လိုက်သည်။ "ကောင်းပြီလေ၊ ငါ ကောင်တီကို သွားတုန်းက ယုန်ဖြူသကြားလုံးတွေနဲ့ ဝက်သားတွေ ဝယ်လာတယ်၊ နင်မထွက်ရင် ဘာမှ မရဘူးမှတ်။"
"မေမေ" စုန့်ရွှယ်သည် သူမအနားသို့ ချက်ချင်း ပြေးသွားကာ လက်မောင်းကို ဖက်လိုက်သည်။
သူမ၏ ဝိုင်းစက်တောက်ပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သနားစဖွယ် ပြောလိုက်သည်။ "သမီးမှားသွားပါတယ်၊ မေမေ့ကို စိတ်ဆိုးအောင်မလုပ်ခဲ့သင့်ဘူး။ ခွင့်လွှတ်ပါနော်။"
သမီးလေး၏ ချစ်စဖွယ် အမူအရာကြောင့် ဟဲချွန်းဟွာ စိတ်ပျော့သွားခဲ့သည်။ "ကဲ... ကဲ... ဒီမှာ သကြားလုံး၊ နည်းနည်းချင်းစီ စားနော်။"
သူမ၏ အိတ်ထဲမှ ယုန်ဖြူသကြားလုံး တစ်ထုပ်ကို ထုတ်ပေးလိုက်သည်။
"ဟီးဟီး... မေမေက ကမ္ဘာပေါ်မှာ အကောင်းဆုံး အမေပဲ။ ချစ်လိုက်တာ... တစ်ခါလောက် နမ်းပါရစေဦး။"
စုန့်ရွှယ်သည် သကြားလုံးထုပ်ကို ရသည်နှင့် ဟဲချွန်းဟွာ၏ ပါးကို တစ်ချက်နမ်းကာ ချက်ချင်းပင် လွှားခနဲ ပြေးထွက်သွားသည်။
ဟဲချွန်းဟွာရဲ့ မျက်လုံးတွေက ရယ်မောကြည်နူးမှုကြောင့် တောက်ပသွားပြီး ဆူလိုက်သည်။ "ဒီကလေးမ... ဒီအရွယ်တောင် ရောက်နေပြီ၊ ခုထိ အနမ်းတွေ ပေးနေတုန်းလား၊ ရှက်စရာကြီး။"
ဤမြင်ကွင်းကို ကြည့်ကာ စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဟဲချွန်းဟွာက အမြန်ပြောလိုက်သည်။ "သားရေ... အမေ ဒီနေ့ ကောင်တီမှာ တကယ့်ကို သဘောကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။"
"သူ့ကို မြင်လိုက်တာနဲ့ ငါ့ရဲ့ ချွေးမအစစ်ပဲလို့ ခံစားလိုက်ရတယ်၊ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် အမေ သေသွားရင်တောင် နောင်တရနေမိမှာ၊ သား သူ့ကို သွားတွေ့ပါဦးလား။"
စုန့်ပိုင်ယွမ်က နှုတ်ခမ်းတစ်ချက် တွန့်လိုက်မိသည်။ "အမေ... ကျွန်တော့်ကိစ္စကို စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်။"
ဟဲချွန်းဟွာ - "မရဘူး၊ ဒီတစ်ခါတော့ သားစကားကို နားမထောင်နိုင်ဘူး။ သူက ဒီနေ့ အမေ့အသက်ကိုတောင် ကယ်ခဲ့တာ။"
"ကယ်တယ် ဟုတ်လား။" စုန့်ပိုင်ယွမ်က စိုးရိမ်တကြီးဖြင့် အနားတိုးသွားကာ မေးခဲ့သည်။ "အမေ... ဘာဖြစ်လို့လဲ၊ ဘာတွေ ဖြစ်ခဲ့တာလဲ။"
ဟဲချွန်းဟွာ၏ မျက်လုံးထဲတွင် အပြစ်မကင်းသလို အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ "ဟွန်း... ဘာမှ မဟုတ်ပါဘူး၊ အမေ့အိတ် ခိုးခံရတာကို အဲဒီမိန်းကလေးက သူခိုးကို ဖမ်းပေးတာပါ။"
ထို့နောက် သူမသည် ကောင်တီတွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။
စုန့်ပိုင်ယွမ်က နားထောင်ပြီး ခေါင်းညိတ်ပြခဲ့သည်။ "သူ့ကို ကျေးဇူးတင်ဖို့ လိုတာတော့ အမှန်ပဲ။"
"ဒါပေမယ့် အမေ နောက်တစ်ခါကြရင် အဲဒီလောက်ကြီး ချဲ့မပြောပါနဲ့၊ ကျွန်တော် တကယ် လန့်သွားတာ။"
ဟဲချွန်းဟွာ - "အေးပါ... ဒါနဲ့ သား သွားတွေ့မှာလား၊ မတွေ့ဘူးလားပဲ ပြော။"
စုန့်ပိုင်ယွမ် - "အမေပဲ သွားလိုက်ပါ၊ ကျွန်တော် ခဏနေ လုပ်စရာလေး ရှိသေးလို့"
မနေ့က သူသည် ပညာတတ်လူငယ်ဝင်းမှ လူငယ်များနှင့်အတူ ပြန်လာစဉ် ဝမ်ကျွင်းကျွင်း ဆိုသည့် လူငယ်ကို မေးမြန်းကြည့်ရာ ထျဲလန်ယန်သည် ပေကျင်းက ဖြစ်မှန်း သိလိုက်ရသည်။
ထို့ကြောင့် ထျဲလန်ယန်သည် အစိုးရပိုင် စားသောက်ဆိုင်တွင် သူ့ကို ကူညီခဲ့သည့် မိန်းကလေး ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။
စုန့်ပိုင်ယွမ်သည် တုံ့ဆိုင်းနေတတ်သူ မဟုတ်ပေ။
သူမဆီသို့ သွားရောက်တွေ့ဆုံကာ ထိုသူ ဟုတ်မဟုတ် အတည်ပြုရန် သူ ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူမသာ အစစ်အမှန်ဖြစ်ခဲ့လျှင် ကျေးဇူးတင်သည့်အနေဖြင့် သူမကို ထမင်းတစ်နပ် ကျွေးရပေမည်။
ဟဲချွန်းဟွာ - "သား... ပြန်လာတာ တစ်ရက်ပဲ ရှိသေးတယ်၊ ဘာတွေ အလုပ်ရှုပ်နေတာလဲ၊ အမေ့ကို လိမ်ဖို့ ကြိုးစားနေတာလား။"
စုန့်ပိုင်ယွမ် - "ကျွန်တော် ဘာလို့ လိမ်ရမှာလဲ၊ သူငယ်ချင်းတစ်ယောက်ဆီ သွားမလို့ပါ။"
"သူငယ်ချင်း ဟုတ်လား" ဟဲချွန်းဟွာ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "ယောက်ျားလေးလား၊ မိန်းကလေးလား။ အသက်က ဘယ်လောက်လဲ။ တွဲနေကြတာလား။"
စုန့်ပိုင်ယွမ် - ........
"အမေရယ်... မဟုတ်တာတွေ လျှောက်မမေးပါနဲ့၊ သာမန် သူငယ်ချင်းပါပဲ၊ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။"
"အို့..." ဟဲချွန်းဟွာက အားလုံးကို သိနေသည့်အလား ပြုံးလိုက်သည်။ "ဒါဆို အမေ နားလည်ပါပြီ၊ မိန်းကလေး ဖြစ်ရမယ်၊ သားတို့ နှစ်ယောက် ခုထိ တွဲမနေကြသေးဘူးမလား။"
စုန့်ပိုင်ယွမ် ခေါင်းကိုက်သွားသည်။ "အမေရယ်... လျှောက်မခန့်မှန်းပါနဲ့၊ ဘာမှ မဟုတ်ပါဘူးဆို။"
ဟဲချွန်းဟွာက နှာခေါင်းရှုံ့လိုက်မိသည်။ "ဘာမှ မဟုတ်ဘူး ဟုတ်လား။ ဒါဆိုလည်း အချိန်ပေးပြီး အမေပြောတဲ့ မိန်းကလေးကို သွားတွေ့လိုက်ဦး၊ သူက သားရဲ့ သူငယ်ချင်းထက် ပိုသာမှာ သေချာတယ်။"
"မရဘူး။ ဟိုမမလှလှထက် ဘယ်သူမှ မသာဘူး၊ သမီးက အဲဒီအစ်မကိုပဲ ယောက်မတော်ချင်တာ။"
ထောင့်တစ်နေရာတွင် ယုန်ဖြူသကြားလုံး စားရင်း ပုန်းနေသည့် စုန့်ရွှယ်က မအောင့်နိုင်ဘဲ ထွက်အော်တော့သည်။
"ဟယ်... ဒီကလေးမ၊ ငယ်ငယ်လေးနဲ့ အစ်ကိုဖြစ်သူအတွက် ယောက်မ ရွေးပေးတတ်နေပြီပေါ့။"
ဟဲချွန်းဟွာ ပြန်ပြီး ရယ်မောမိသွားသည်။
ဒီကလေးမလေးက တကယ်ကို လည်လွန်းသည်၊ ပါးစပ်ထဲ ရှိတာ အကုန်ပြောတော့တာပဲ။
"သမီးက ၈ နှစ်ရှိပြီနော်၊ ကလေး မဟုတ်တော့ဘူး။"
စုန့်ရွှယ်က ပါးစပ်ထဲတွင် သကြားလုံးငုံလျက် ပါးလေးဖောင်းအောင် လုပ်ကာ ပြောခဲ့သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သမီး ဂရုမစိုက်ဘူး၊ ဟိုမမလှလှကိုပဲ လိုချင်တာ၊ တခြားသူကို အသိအမှတ် မပြုနိုင်ဘူး။"
အမေတူသမီးပဲ၊ နှစ်ယောက်စလုံးက ခေါင်းမာကြတာ အတူတူပင် ဖြစ်သည်။
စုန့်ပိုင်ယွမ်သည် အကြီးနှင့် အငယ် ငြင်းခုံနေကြသည်ကို ကြည့်ကာ ခေါင်းပိုကိုက်လာခဲ့သည်။
"တစ်ခုလောက် မေးပါရစေ... အဲဒီမိန်းကလေးက ကျွန်တော့်ကို လုံးဝ သဘောမကျနိုင်လောက်ဘူးဆိုတဲ့ အချက်ကိုရော ထည့်မတွေးကြဘူးလား။"
"အဲဒါကတော့ ဖြစ်နိုင်ခြေ ရှိတာပေါ့။" အမေနှင့် သမီးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
စုန့်ရွှယ် - "အစ်ကိုကြီး... အစ်ကို ကြိုးစားကြည့်လို့ ရတာပဲ၊ သမီး အစ်ကို့ကို ယုံတယ်။"
ဟဲချွန်းဟွာ - "သားရယ်... နည်းနည်းလောက်လေးပဲ ထပ်ကြိုးစားကြည့်လိုက်ပါ၊ ပျော်ရွှင်မှုဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေတာလေ။"
စုန့်ပိုင်ယွမ် - .........
ဒီလို အမေနဲ့ ညီမမျိုး ရထားမှတော့ သူ ဘာတတ်နိုင်ဦးမှာလဲ။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၆၆
နောက်ဆုံးတွင် သူတို့သုံးဦး၏ စကားဝိုင်းမှာ မပျော်မရွှင်ဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စုန့်ပိုင်ယွမ်က တစ်ခုခု ပြောလိုက်သောကြောင့်ဖြစ်သည်။ "ကျွန်တော့်မှာ သဘောကျနေတဲ့သူ ရှိနေပြီ၊ အမေတို့ လက်လျှော့လိုက်ကြပါတော့။"
တကယ်တမ်းတော့ သူ့တွင် မည်သူမျှ မရှိသေးသော်လည်း စိတ်ကူးမရှိဟုတော့ မဆိုလိုပေ။
သူ အချက်တစ်ခုကိုသာ အတည်ပြုရန် လိုအပ်နေခြင်းဖြစ်သည်။
ယနေ့ညစာတွင် လူတိုင်းကြိုက်သည့် ဝက်သားနီချက် ပါသော်လည်း သူတို့သုံးဦးစလုံး စိတ်မပါ့တပါဖြင့်သာ စားခဲ့ကြသည်။
ဟဲချွန်းဟွာနှင့် စုန့်ရွှယ်တို့မှာ စုန့်ပိုင်ယွမ်၏ စကားကြောင့် စိတ်မကောင်းဖြစ်နေကြပြီး စုန့်ပိုင်ယွမ်မှာမူ ထိုအကြောင်းအရာ တစ်ခုတည်းကိုသာ တွေးနေမိသည်။
ထမင်းစားပြီးသည်နှင့် သူသည် ပညာတတ်လူငယ်ဝင်းသို့ သွားရန် ပြင်ဆင်လိုက်သည်။
သူ့အိမ်ဝင်းထဲမှ အထွက်တွင်ပင် အဖွဲ့ခေါင်းဆောင်က အပြေးအလွှား ရောက်လာခဲ့သည်။
"ရှောင်ယွမ်... မြို့နယ်အုပ်ချုပ်ရေးရုံးက ဖုန်းဝင်လာတယ်၊ မင်းရဲ့တပ်ဖွဲ့မှာ အရေးပေါ်တာဝန်ရှိလို့ အခုချက်ချင်း ပြန်လာခဲ့ပါတဲ့၊ အထုပ်အပိုးပြင်ပြီး မြန်မြန်သွားတော့။"
စုန့်ပိုင်ယွမ်၏ မျက်နှာထား ပြောင်းလဲသွားကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။"
သူ မေးမြန်းရန် အခွင့်အရေး မရတော့ပုံ ရသည်၊ နောက်တစ်ခေါက် ပြန်လာမှသာ စောင့်ရတော့မည်။
စုန့်ပိုင်ယွမ်သည် အခန်းထဲပြန်ဝင်ကာ အဝတ်အစားများ သိမ်းဆည်းရင်း အမေနှင့် ညီမဖြစ်သူကို အခြေအနေကို ရှင်းပြလိုက်သည်။
"ပြန်လာတာ နှစ်ရက်ပဲ ရှိသေးတယ်၊ ပြန်သွားရပြန်ပြီလား၊ နောက်တစ်ခါ ဘယ်တော့မှ ပြန်လာဦးမှာလဲ၊ အမေတော့ သားကို တကယ် မလွှတ်ချင်ဘူး..."
စုန့်ပိုင်ယွမ် - "အမေ... နောက်တစ်ခါကြရင် ပိုကြာကြာ အနားယူဖို့ ပြန်လာခဲ့ပါ့မယ်၊ စိတ်မပူပါနဲ့။"
စုန့်ရွှယ်က နှုတ်ခမ်းလေးစူကာ ပြောခဲ့သည်။ "အစ်ကိုကြီး... သမီး အစ်ကို့ကို လွမ်းနေမှာ၊ မြန်မြန်ပြန်လာနော်။"
"ဟုတ်ပါပြီ" စုန့်ပိုင်ယွမ်က အသံနိမ့်ကာ ပြောလိုင်သည်။ "အိမ်မှာ လိမ္မာအောင်နေပြီး အမေ့စကား နားထောင်နော်၊ အရမ်း ဆိုးမနေနဲ့ဦး။"
"သိပါတယ်" စုန့်ရွှယ်က စိတ်မပါစွာဖြင့် ခေါင်းငုံ့လိုက်သည်။
စုန့်ပိုင်ယွမ်က သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် ခရီးဆောင်အိတ်ကို မကာ အခန်းထဲမှ ထွက်လာခဲ့သည်။
မထွက်ခွာမီ ဟဲချွန်းဟွာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာကာ သားဖြစ်သူ၏ လက်မောင်းကို ဆွဲထားရင်း ပြောလိုက်သည်။
"သား... တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့နော်၊ အမေ သားကို စောင့်နေပါ့မယ်..."
စုန့်ပိုင်ယွမ် ရင်ထဲတွင် နာကျင်သွားရသည်။ "အမေ... ကျွန်တော် ပြန်လာခဲ့ပါ့မယ်၊ စိတ်မပူပါနဲ့။"
ဟဲချွန်းဟွာက မျက်ရည်များကို သုတ်လိုက်သည်။ "သွားတော့။"
"အစ်ကိုကြီး... အဟင့် အဟင့်... မသွားပါနဲ့ဦး..."
စုန့်ရွှယ်သည် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ အသံထွက်ကာ ငိုချလိုက်တော့သည်။
စုန့်ပိုင်ယွမ်သည် အထုပ်အပိုးများကို သယ်ကာ သုံးလှမ်းလျှောက်ပြီးတိုင်း တစ်ခါ ပြန်ကြည့်နေမိသော်လည်း နောက်ဆုံးတွင် အံကြိတ်လျက် ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားခဲ့သည်။
သူ ထွက်သွားသည်နှင့် စုန့်ရွှယ်သည် ချက်ချင်းပင် ငိုသံတိတ်သွားခဲ့သည်။
"မေမေ... သမီး ငိုတာ တကယ်နဲ့ တူရဲ့လား။ အစ်ကိုကြီးတော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ၊ သူ စိုးရိမ်နေမလား မသိဘူး။"
"အဆင်ပြေပါတယ်၊ နင်က နည်းနည်း အားပါအောင် ငိုလိုက်တာပဲ၊ ဒါမှ သူ အိမ်ကို သတိရပြီး ပြန်လာချင်စိတ် ပိုရှိမှာ။"
ဟဲချွန်းဟွာက သမီးဖြစ်သူကို ရင်ခွင်ထဲ ဆွဲဖက်ထားရင်း မျက်စိတစ်ဆုံးကို လှမ်းကြည့်နေမိသည်။
သား... ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာခဲ့နော်။
….
အခြားတစ်ဖက်တွင်…
ထျဲလန်ယန်သည် အိတ်အကြီးအသေးများကို သယ်ကာ ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်လာခဲ့သည်။
သူမ ပြန်လာသည်ကို မြင်သောအခါ အခန်းဖော် အစ်မလျိုက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "ရဲဘော်ထျဲ... ဒီနေ့ ပစ္စည်းတွေ အများကြီး ဝယ်လာတာပဲ၊ ညီမရဲ့ မိသားစုက တော်တော်လေး ချမ်းသာမယ်ထင်တယ်နော်..."
"အဆင်ပြေရုံလောက်ပါပဲ။" ထျဲလန်ယန်သည် သူမ၏ စကားထဲတွင် တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားခဲ့သည်။ "ဘာဖြစ်လို့လဲ အစ်မလျို၊ တစ်ခုခု ဖြစ်လို့လား။"
"အစ်မ..." အစ်မလျို ပါးစပ်ဟရုံ ရှိသေး၊ ယွီချင်းချုံ အပြင်မှ ဝင်လာခဲ့သည်။
သူမက ထျဲလန်ယန်ကို မသိမသာ ကြည့်လိုက်သည်။ "ပညာတတ်လူငယ်ဝင်းထဲက တစ်ယောက်ယောက်ရဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု ပျောက်သွားလို့။"
ထျဲလန်ယန် - "ဘာပစ္စည်းလဲ၊ ဘယ်သူ့ဟာလဲ။"
ယွီချင်းချုံ - "ဟန်ခယ်အာလေ၊ သူ့အဘိုး ပေးထားတဲ့ ရွှေလက်ပတ်နာရီကို သူက သေတ္တာထဲမှာ အမြဲ သိမ်းထားတာ၊ ဒီမနက်မှ ပျောက်နေတာ သိတာတဲ့။"
"တခြားလူတွေရဲ့ ကုတင်တွေ အကုန် ရှာပြီးပြီ၊ ဘာမှ မတွေ့ဘူး၊ နင့်ရဲ့ ကုတင် တစ်ခုပဲ ကျန်တော့တာ။"
ထျဲလန်ယန် ဒေါသတကြီး ရယ်လိုက်မိသည်၊ ဤသည်မှာ သူမကို သူခိုးဟု လူအများရှေ့တွင် သက်သေပြရန် လုပ်ဆောင်နေခြင်း မဟုတ်ပါလား။
ဟန်ခယ်အာကတော့ တကယ့်ကို စိတ်မရှည်ဘူးပဲ၊ သူမကို အပြစ်ဖို့ ဖို့အတွက် တစ်ရက်တောင် မစောင့်နိုင်ဘူးပေါ့။
ထျဲလန်ယန်၏ မျက်နှာ တင်းမာသွားသည်ကို မြင်သောအခါ အစ်မလျိုက ပြောလိုက်သည်။ "ရဲဘော်ထျဲ... စိတ်မပူပါနဲ့၊ အစ်မတို့ အားလုံးက ညီမကို ယုံကြည်ပါတယ်၊ ရဲဘော်ဟန်ကျစ်ချင်း တစ်နေရာရာမှာ မှားချထားတာလည်း ဖြစ်နိုင်တာပဲ။"
ယွီချင်းချုံကတော့ ဘာမှမပြောဘဲ ကြားနေအနေအထားတွင်သာ ရှိနေသည်၊ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုနှစ်ယောက်လုံးကို သဘောမကျသောကြောင့်ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် လူတိုင်းက ထျဲလန်ယန်ကို ဝိုင်းကပ်နေကြသည်ကို မြင်သောအခါ သူမကို စည်းရုံးရန် စိတ်ကူးများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ခဏတာမျှတော့ ယွီချင်းချုံသည် ထျဲလန်ယန်အပေါ် မနာလိုစိတ်လေး ဖြစ်မိသွားသည်။
သူမက ကြည့်ရတာလည်း သာမန်ပဲ၊ စရိုက်ကလည်း သာမန်ပါပဲ၊ ဒါပေမယ့် လူတိုင်းနဲ့ ဘယ်လိုဖြစ်ပြီး အဆင်ပြေနေရတာလဲ။
အခြားတစ်ဖက်တွင်မူ သူမသည် ပြန်လည်မွေးဖွားလာသူဖြစ်သော်လည်း ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်ဘဲ အရာရာ လွဲချော်နေခဲ့သည်။
သူမ လက်တုံ့ပြန်ချင်သည်၊ ချန်ဟွိုက်ကျင်းနှင့် ပိုင်ရန်ရန် ဆိုသည့် ခွေးနှစ်ကောင်ကို ဓားနှင့် ထိုးသတ်ပစ်ချင်သော်လည်း သတ္တိမရှိခဲ့ပေ။
ပိုင်ရန်ရန်ကို စိတ်ဆိုးအောင် ချန်ဟွိုက်ကျင်းကို မြူဆွယ်ချင်သော်လည်း ထိုလူနှင့် နီးကပ်တိုင်း ရွံရှာမိသဖြင့် အစီအစဉ်များ ကြန့်ကြာနေခဲ့သည်။
လက်တုံ့ပြန်ဖို့ မအောင်မြင်ရုံတင်မကဘဲ မနေ့က သူမ၏ အနမ်းကိုပါ ဝမ်လန်ထံ ပေးလိုက်ရသည်။
စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သော်လည်း အနမ်းဆိုတာ အမှန်တရားပင် ဖြစ်သည်။
သူမ၏ ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မသိတော့ပေ၊ ဘာပဲဖြစ်ဖြစ် အခု ဝမ်လန်ကို ရှောင်နေချင်သည်၊ သူ့မျက်နှာကို လုံးဝ မကြည့်ရဲတော့ပေ။
သူမသည် ရှုံးနိမ့်သူတစ်ယောက် ဖြစ်နေပြီ ထင်ပါရဲ့။
ယွီချင်းချုံသည် မျက်လုံးလေး နိမ့်ချကာ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် ဝင်းတာဝန်ခံ ဟူဟောင်သည် အမျိုးသမီး ပညာတတ်လူငယ်များ အခန်းတံခါးသို့ လာကာ ခေါက်လိုက်သည်။ "ရဲဘော်ထျဲ... ခဏလောက် ထွက်လာခဲ့ပါဦး။"
ထျဲလန်ယန်၏ မျက်လုံးများ အေးစက်သွားသည်။ လာမည့်ဘေး ပြေးတွေ့မည်ဖြစ်ရာ သူမ မကြောက်ပေ။
သူမသည် ဧည့်ခန်းမဆောင်သို့ ထွက်လာခဲ့ရာ အခြားပညာတတ်လူငယ်များလည်း ထိုနေရာတွင် ရှိနေကြပြီး သူတို့၏ မျက်နှာများမှာ တစ်မျိုးကြီး ဖြစ်နေကြသည်။
ဟန်ခယ်အာသည် လက်ပိုက်လျက် ကြည့်နေသည်။
သူမသည် ပွဲကြည့်ရတော့မည်ဖြစ်၍ မျှော်လင့်တကြီး စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဝမ်ကျွင်းကျွင်းက ထျဲလန်ယန်၏ နောက်သို့ အမြန်ရောက်လာကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျွန်တော် အစ်မယန်ကို ယုံတယ်။"
သူသည် သူမ၏ အားကိုးရာအဖြစ် ရှိနေမည်ဖြစ်ရာ ထျဲလန်ယန်ကို အကြွင်းမဲ့ ယုံကြည်ရပေမည်။
ထို့အပြင် သူမသည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ကြောင်းလည်း သူ ယုံကြည်သည်။
ဟူဟောင်က ဦးစွာ အခြေအနေကို ရှင်းပြပြီးနောက် ပြောလိုက်သည်။ "ရဲဘော်ထျဲ... ကျွန်တော်တို့ အားလုံးက မင်းကို ယုံပါတယ်၊ ဒါပေမယ့် တခြားလူတွေရဲ့ ကုတင်နဲ့ အိတ်တွေ အကုန် ရှာပြီးသွားပြီ၊ မင်းတစ်ယောက်ပဲ ကျန်တော့တာမို့..."
"ရှာလိုက်ပါ။" ထျဲလန်ယန်က အစ်မလျိုကို ကြည့်လိုက်သည်။ "အစ်မလျို... ကျေးဇူးပြုပြီး ရှာပေးပါ။"
လျိုကျစ်ချင်းမှာ ပညာတတ်လူငယ်ဝင်းတွင် ဝါရင့်သူဖြစ်ပြီး နာမည်ကောင်းရှိသူ ဖြစ်သဖြင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
သူမသည် ဦးစွာ ထျဲလန်ယန်၏ ကိုယ်ပေါ်ကို ရှာဖွေလိုက်ရာ ဘာမှ မတွေ့ရပေ။
ထို့နောက် အိတ်များကို စစ်ဆေးပြန်သော်လည်း ဘာမှ မတွေ့ရှိခဲ့ပေ။
နောက်ဆုံးတွင် ကုတင်ကို စစ်ဆေးသည်၊ စောင်နှင့် ခေါင်းအုံးများကို လှန်ကြည့်သော်လည်း ဘာမှ ရှာမတွေ့ပေ။
လျိုကျစ်ချင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် အံ့သြတုန်လှုပ်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "ဟိုမှာ ကြည့်ပါဦး၊ ရဲဘော်ထျဲရဲ့ ပိုက်အိတ်ဘေးက ဖိနပ်ထဲမှာ တစ်ခုခု ရှိနေတယ် မဟုတ်လား။"
ပြောလိုက်သူမှာ ဟန်ခယ်အာ၊ ဟဲအိုက်လင်းတို့နှင့် တစ်ခန်းတည်းနေသည့် ရဲဘော်ကျန်းကျစ်ချင်း ဖြစ်သည်။
လျိုကျစ်ချင်း သွားကြည့်ရန် ပြင်လိုက်စဉ်မှာပင် ဟန်ခယ်အာသည် အပြေးအလွှား သွားကာ ထိုဖိနပ်ကို ကောက်ယူလိုက်သည်။
ဟန်ခယ်အာ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ထျဲလန်ယန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။ "ထျဲလန်ယန်... နင်ပဲ ငါ့နာရီကို ခိုးတာ။"
"ခိုးပြီးတော့လည်း သေချာမသိမ်းဘဲ နင့်ရဲ့ ဖိနပ်စုတ်ထဲမှာ ထည့်ထားတယ်ပေါ့၊ နင် ငါ့ကို တမင် စိန်ခေါ်နေတာလား။"
ကျန်သည့် လူများအားလုံး၏ မျက်နှာများမှာ အံ့သြသွားကြသည်။
ထျဲလန်ယန်က တကယ်ပဲ လုပ်ခဲ့တာလား၊ နောက်ပြီးတော့ မနေ့ကမှ သူတို့နှစ်ယောက် ပြဿနာ တက်ထားကြသည် မဟုတ်ပါလား။
ထျဲလန်ယန်၏ မျက်နှာမှာ အေးစက်နေဆဲပင်။ "ဘာလို့ ငါခိုးတယ်လို့ နင် ထင်နေရတာလဲ။"
"ငါ့ဖိနပ်တွေက ဒီမှာ ရှိနေတာပဲလေ၊ ဘယ်သူမဆို လာကိုင်လို့ ရတယ်၊ တစ်ယောက်ယောက်က နာရီကို လာထည့်ထားတာလည်း ဖြစ်နိုင်တာပဲ။"
"ဒါမှမဟုတ်... နင်ကပဲ ငါ့ကို အပြစ်တင်ဖို့ တမင် လာထည့်ထားတာလား။"
ဟန်ခယ်အာ၏ မျက်နှာ ပျက်သွားခဲ့သည်။
ထျဲလန်ယန်က သူမ၏ အစီအစဉ်ကို ဤမျှ မြန်မြန် ရိပ်မိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဒါတော့ မဖြစ်ဘူး၊ သူမ ခိုးပါတယ်ဆိုတာကို အတည်ပြုနိုင်မှ ဖြစ်မည်။
"နင် ရူးနေလား၊ ငါက အားယားနေလို့ ဒီလိုတွေ လိုက်လုပ်နေရမှာလား။ ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ့နာရီက နင့်ဖိနပ်ထဲမှာ တွေ့တာဆိုတော့ နင်နဲ့ သေချာပေါက်ကို ပတ်သက်နေမှာပဲ။"
ထျဲလန်ယန်က မျက်စောင်းထိုးလိုက်သည်။ "နင် ဘာတွေ ပြောနေတာလဲ၊ ငါ နင့်နာရီကို ခိုးတာ ဘယ်သူ မြင်လို့လဲ၊ စိတ်ကူးယဉ်ပြီး လျှောက်ပြောမနေနဲ့။"
သူမ ပြောပြီးသည်နှင့် လူအုပ်ထဲမှ အမျိုးသမီး ပညာတတ်လူငယ် တစ်ဦးက လက်ထောင်လိုက်သည်။
"ကျွန်မ... ကျွန်မ ရဲဘော်ထျဲ ပစ္စည်းခိုးတာကို မြင်လိုက်တယ်..."