← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၆၇

လူတိုင်း၏ အကြည့်များက သူမထံသို့ ရောက်ရှိသွားကြရာ ထိုသူမှာ ဟဲအိုက်လင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဟူဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ "ရဲဘော်ဟဲအိုက်လင်း... ဒီလိုစကားမျိုးကို ပေါ့ပေါ့ဆဆ ပြောလို့မရဘူးနော်။"

ဟဲအိုက်လင်း၏ ရင်ဘတ်တစ်ခုလုံး တဒိန်းဒိန်း ခုန်နေသော်လည်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပြောလိုက်သည်။

"တကယ်ပြောတာပါ၊ မနေ့ညက ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေချိန်မှာ တစ်ယောက်ယောက် ပစ္စည်းတွေ မွှေနှောက်နေတာကို မြင်လိုက်ရတယ်။"

"အဲဒီအချိန်မှာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ထျဲလန်ယန် ဖြစ်နေတာ၊ ကျွန်မ မျက်စိမှားတာနေမှာပါဆိုပြီး ပြန်အိပ်လိုက်တာပါ။"

"မထင်မှတ်ဘဲ ဒီမနက်မှာ ဟန်ခယ်အာက နာရီပျောက်တယ်လို့ ပြောတော့မှ ထျဲလန်ယန် တစ်ယောက် အခန်းထဲဝင်ပြီး ပစ္စည်းခိုးသွားမှန်း သိလိုက်တာပါ။"

ဝမ်ကျွင်းကျွင်း - "ညကြီးမင်းကြီး မီးအလင်းမရှိဘဲနဲ့ မင်း မျက်စိမှားတာလည်း ဖြစ်နိုင်တာပဲ။"

ဟဲအိုက်လင်းက ခေါင်းယမ်းလိုက်သည်။ "မနေ့ညက လရောင်က တော်တော်လင်းတာ၊ ကျွန်မ လုံးဝ မမှားနိုင်ဘူး။"

ဟူဟောင်က တစ်ခွန်းမှ မဟဘဲ ငြိမ်နေသည့် ထျဲလန်ယန်ကို ကြည့်ကာ မေးလိုက်သည်။

"ရဲဘော်ထျဲ... ရဲဘော်ဟဲအိုက်လင်း ပြောတာ ဟုတ်လား၊ မနေ့ညက သူတို့အခန်းထဲ တကယ်ပဲ သွားခဲ့တာလား။"

ထျဲလန်ယန် - "ကျွန်မ မသွားဘူး။"

ဟန်ခယ်အာက ချက်ချင်းပင် ပြောလိုက်သည်။ "နင့်မှာ ဘာသက်သေရှိလို့လဲ။"

ထျဲလန်ယန်က ပြန်ပြောလိုက်သည်။ "ငါက ဘာလို့ သက်သေပြနေရမှာလဲ၊ နင်က ငါ့ကို စွပ်စွဲတာနဲ့ပဲ နင်ပြောတာ အမှန် ဖြစ်သွားရောလား။"

ဟန်ခယ်အာ ဒေါသထွက်သွားသည်။ "ငါက ဘာကို စွပ်စွဲနေလို့လဲ၊ ဟဲအိုက်လင်းက နင် ငါ့နာရီကို ခိုးတာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနေတာပဲလေ။"

ဟဲအိုက်လင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ငါမြင်တယ်!"

ဟန်ခယ်အာ ပေးထားသည့် ယွမ် ၃၀ မှာ သူမလက်ထဲ ရောက်နေပြီဖြစ်ပြီး နေ့လယ်ကပင် မြို့နယ်စာတိုက်သို့ သွားကာ မိသားစုထံသို့ ငွေလွှဲပေးခဲ့ပြီးဖြစ်သည်။

ထျဲလန်ယန် ပစ္စည်းခိုးသည်ဟုသာ ဇွတ်အတင်း ပြောနေသရွေ့ ကျန်ရှိသည့် ယွမ် ၅၀ ကိုလည်း သူမ ရဦးမည်ဖြစ်သည်။

ထို့ကြောင့် သူမ လုံးဝ နောက်ဆုတ်၍ မဖြစ်ပေ။

"နင် မြင်လို့လား၊ ဘယ်ဘက်မျက်လုံးနဲ့ မြင်တာလဲ။" ထျဲလန်ယန်က ဟဲအိုက်လင်းကို အေးစက်စွာ ပြုံးကြည့်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် လူတိုင်းကို ပြောပြလိုက်လေ၊ မနေ့ည ဘယ်အချိန်မှာ ငါ နင်တို့အခန်းထဲကို သွားတာလဲ။"

ဟဲအိုက်လင်းသည် သူမ၏ အကြည့်ကြောင့် ကြောက်လန့်သွားကာ တည့်တည့်ပင် မကြည့်ရဲတော့ပေ။

"အဲဒါက... သန်းခေါင်ယံအချိန်လေ၊ ငါ့မှာ နာရီမှ မရှိတာ၊ ဘယ်အချိန်လဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ။"

သန်းခေါင်ယံအချိန်တွင် လူတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသဖြင့် ထျဲလန်ယန် ထ၊ မထ ဆိုသည်ကို မည်သူမျှ သတိထားမိမည် မဟုတ်ကြောင်း သူမ တွေးထားကာ အပြစ်ပုံချလိုက်ခြင်း ဖြစ်သည်။

ထျဲလန်ယန် - "ဟဲအိုက်လင်း... နင်က ငါတို့ ဒီရွာကို စရောက်ကတည်းက ငါ့ကို ရန်လုပ်နေတာ၊ နင့်ရဲ့ ထွက်ဆိုချက်က အတည်မဖြစ်ဘူး။"

ဟန်ခယ်အာက ချက်ချင်း ကြားဖြတ်ပြောသည်။ "ဘယ်သူက အတည်မဖြစ်ဘူး ပြောလဲ၊ သူက မျက်မြင်သက်သေပဲ၊ ငါကတော့ လက်ခံတယ်။"

ထျဲလန်ယန် - "ငါ နင့်ပစ္စည်းတွေကို လုံးဝ မကိုင်ခဲ့ဘူးလို့ ရဲရဲကြီး ပြောရဲတယ်၊ တကယ်လို့ ငါ ကိုင်ခဲ့ရင် ငါ့ကို မိုးကြိုးပစ်ပြီး အသေဆိုးနဲ့ သေပါစေ။"

"တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာဆိုရင်တော့ သူတို့ရဲ့ မျက်နှာတွေ၊ ဖင်တွေနဲ့ တစ်ကိုယ်လုံး ပုပ်သိုးသွားပါစေ။ သူတို့ ဘယ်တော့မှ အဆုံးသတ် မကောင်းပါစေနဲ့။"

ဤစကားများ ထွက်လာသည်နှင့် ဟန်ခယ်အာနှင့် ဟဲအိုက်လင်းတို့၏ မျက်နှာများ ဖြူလျော်သွားတော့သည်။

ဤကျိန်စာမှာ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုသာ ဖြစ်သော်လည်း မည်သူမျှ ဤကဲ့သို့ အပြောခံရသည်ကို အလိုမရှိကြပေ။

ဟန်ခယ်အာ အံကြိတ်လိုက်သည်။ "စကားလမ်းကြောင်း လွှဲမနေနဲ့၊ ဘာပဲဖြစ်ဖြစ် နင်ပဲ။"

ထျဲလန်ယန် ဆိုတဲ့ ဒီမိန်းမက တော်တော် ပါးစပ်သရမ်းတာပဲ၊ သူမကို လွယ်လွယ်နဲ့ အလွှတ်မပေးနိုင်ဘူး။

ထျဲလန်ယန် - "ကောင်းပြီလေ၊ ဒါဆိုရင် ရဲစခန်း သွားကြတာပေါ့။"

"ငါ့ရဲ့ ဦးလေးက ပေကျင်း ပြည်သူ့လုံခြုံရေး ဗျူရိုကပဲ၊ အဲဒီမှာ နည်းပညာသစ်တစ်ခု ရှိတယ်လို့ ကြားတယ်၊ ပစ္စည်းတွေပေါ်က လက်ဗွေရာတွေကို ထုတ်ယူလို့ရတယ်တဲ့။"

"ငါ ဒီနာရီကို လုံးဝ မကိုင်ခဲ့ဘူး၊ အဲဒါကြောင့် ငါ့လက်ဗွေရာ ရှိနေဖို့က လုံးဝ မဖြစ်နိုင်ဘူး။"

"ငါ ရဲတိုင်မယ်၊ ပြီးရင် ငါ့ဦးလေးကို ဖုန်းဆက်ပြီး ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အဲဒီကိရိယာတွေ ယူလာခိုင်းမယ်။"

တကယ် မတည်ရှိတဲ့ ဦးလေးတစ်ယောက်ကို ဖန်တီးလိုက်ခြင်းမှာ သူမ၏ တကယ့်ကို ပါးနပ်လွန်းသော အကြံပင် ဖြစ်သည်။

အမှန်တကယ်တော့ ဤခေတ်ကာလတွင် လက်ဗွေရာ ထုတ်ယူသည့် နည်းပညာ မရှိသေးသော်လည်း အခြားသူများက ထိုအချက်ကို မသိကြပေ။

ခေတ်သစ်ကနေ ကူးပြောင်းလာတဲ့ ဟန်ခယ်အာကလည်း ဗဟုသုတမရှိတဲ့ မိန်းကလေး ဖြစ်တာကြောင့် သမိုင်းကြောင်းကို မသိပေ။ ထို့ကြောင့် ဒါကို သူမ သိမှာ မဟုတ်တာ သေချာသည်။

ထင်ထားသည့်အတိုင်းပင်၊ ဤစကားကို ကြားလိုက်ရသောအခါ ဟဲအိုက်လင်းမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

ဘယ်သူမှ မရှိချိန်မှာ သူမကိုယ်တိုင် နာရီကို ထျဲလန်ယန်ရဲ့ ဖိနပ်ထဲ သွားထည့်ခဲ့တာ မဟုတ်လား။

အကယ်၍ လက်ဗွေရာတွေ တကယ် စစ်ဆေးလိုက်ရင် သူမ အမှန်တရား ပေါ်သွားတော့မှာ သေချာသည်။

ဟန်ခယ်အာလည်း အနည်းငယ် ကြောက်သွားသည်။

သူမ ခေတ်သစ်မှာတောင် အထက်တန်း မအောင်ဘဲ အလုပ်ထွက်လုပ်ခဲ့ရတာ၊ ဒီလောက်အထိ သူမ ဘယ်လို သိမှာလဲ။

ဒါပေမယ့် ၁၉၇၈ မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့တာကို သူမ မှတ်မိနေသလိုလို ရှိနေပြီး အဲဒီနည်းပညာတွေ တကယ် ရှိနေနိုင်တယ်လို့ သူမ ထင်သွားသည်။

ထျဲလန်ယန် ရဲတိုင်မည်ဟု ပြောသံကြားသဖြင့် တာဝန်ခံ ဟူဟောင်ကလည်း ခေါင်းညိတ်လိုက်သည်။

"လုပ်လိုက်ပါ၊ ဒီကိစ္စက မင်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တာဆိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားတာ အကောင်းဆုံးပဲ။"

ထျဲလန်ယန် - "ဟုတ်ကဲ့၊ ကျွန်မဦးလေးက ကျွန်မကို တအားချစ်တာ၊ တစ်ယောက်ယောက်က ကျွန်မကို နာကျင်အောင် လုပ်တယ်ဆိုတာသာ သိရင် အဲဒီလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ သေချာတယ်။"

"သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲပြီး မြေရိုင်းတွေ ဖော်ထုတ်ဖို့ ပေတာ့ဟွမ်ကို တိုက်ရိုက် ပို့လိုက်မှာ၊ အဲဒီနေရာက ဝက်ခြံထက်တောင် ပိုပင်ပန်းတယ်လို့ ကြားတယ်။"

"ဘုန်း။" သူမ စကားပြောလို့ မဆုံးသေးခင်မှာပင် ဟဲအိုက်လင်း၏ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထျဲလန်ယန်က နှုတ်ခမ်းလေးတွန့်လိုက်သည်။ "အို... ရဲဘော်ဟဲအိုက်လင်း၊ ဘာဖြစ်လို့လဲ၊ နေလို့မကောင်းလို့လား။"

"ရဲဘော်ထျဲ... ကျေးဇူးပြုပြီး ရဲမတိုင်ပါနဲ့၊ ရဲမတိုင်ပါနဲ့နော်။"

ဟဲအိုက်လင်း၏ မျက်နှာမှာ ဖြူလျော်နေပြီး တုန်တုန်ရီရီဖြင့် စကားပင် သေချာ မပြောနိုင်တော့ပေ။

သူမ ပေတာ့ဟွမ်ကို အပို့မခံနိုင်ပေ၊ မဟုတ်လျှင် သူမ၏ ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

သူမ မိဘတွေကလည်း သူမကို အသိအမှတ်ပြုမှာ မဟုတ်တော့ဘဲ လူတိုင်းက သူမကို နှိမ်ကြတော့မည်။

ထျဲလန်ယန်က မျက်ခုံးပင့်လိုက်သည်။ "ဪ... ဘာကို ဆိုလိုတာလဲ၊ နင်ပဲ နာရီကို ခိုးတာလား။"

ဟဲအိုက်လင်းက အံကြိတ်လျက် ဝန်ခံခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်မ လုပ်တာပါ။"

သူမ ဟန်ခယ်အာကိုတော့ ထုတ်မပြောရဲပေ၊ ဘာပဲဖြစ်ဖြစ် သူမ ယွမ် ၃၀ ယူထားပြီးပြီဖြစ်ရာ ထိုငွေကိုလည်း ပြန်မပေးနိုင်တော့ပေ။

ဝမ်ကျွင်းကျွင်း - "တွေ့လား၊ ကျွန်တော် ပြောသားပဲ၊ အစ်မယန် လုပ်တာ မဟုတ်ပါဘူးဆို။"

ဟူဟောင်သည် ဟဲအိုက်လင်းကို ဆွံ့အစွာ ကြည့်လိုက်သည်။ "ရဲဘော်ဟဲ... နင် တကယ်ပဲ ဘာတွေ တွေးနေတာလဲ၊ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် လုပ်ရက်တာလဲ။"

အခြားသူများကလည်း ဟဲအိုက်လင်းကို မနှစ်မြို့သည့် အကြည့်များဖြင့် ကြည့်ကြတော့သည်။

ဟဲအိုက်လင်း၏ မျက်နှာမှာ နီမြန်းသွားကာ ခေါင်းငုံ့လျက် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ... ရွာကို စရောက်တုန်းက ထျဲလန်ယန်နဲ့ ပြဿနာလေးတွေ ရှိခဲ့လို့ပါ၊ အဲဒါကြောင့် စိတ်လိုက်မာန်ပါ လုပ်မိသွားတာ... တမင် ရည်ရွယ်တာ မဟုတ်ပါဘူး..."

ထျဲလန်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ "တမင် မဟုတ်ဘူး ဟုတ်လား။ ခုနကတော့ တော်တော် ယုံကြည်ချက် ရှိနေသလိုလိုနဲ့၊ ဒါမှမဟုတ် တစ်ယောက်ယောက်က နောက်ကွယ်ကနေ ခိုင်းနေတာလား။"

"မဟုတ်ဘူး၊ မဟုတ်ဘူး။" ဟဲအိုက်လင်း၏ ရင်ဘတ်မှာ တဒိန်းဒိန်းတုန်နေပြီး ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

ဟန်ခယ်အာက ဘေးမှနေ၍ သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။

အသုံးမကျတဲ့ဟာလေး၊ ဒီလောက်လေး ခြောက်လိုက်တာနဲ့တင် ချက်ချင်း အမှန်အတိုင်း ပြောတော့တာပဲ။

တော်သေးတာက သူမအကြောင်း ထုတ်မပြောလို့၊ မဟုတ်ရင်တော့ အဲဒီ ယွမ် ၃၀ ကို သေချာပေါက် ပြန်တောင်းရတော့မည်။

"ထျဲလန်ယန်... ငါ့အမှားပါ၊ နင် ကြိုက်သလို လုပ်ပါ၊ ရဲတော့ မတိုင်ပါနဲ့နော်။"

ဟဲအိုက်လင်းသည် ထျဲလန်ယန်က ထပ်မေးမြန်းမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

"ကောင်းပြီလေ၊ ရဲမတိုင်တော့ဘူး။" ထျဲလန်ယန်က ပြောလိုက်သည်။ "ဒါပေမယ့် နင့်ကို ရိုက်လည်း မရိုက်ဘူး၊ ဆူလည်း မဆူဘူး။"

ဟဲအိုက်လင်း၏ မျက်နှာ ဝင်းပသွားကာ ခေါင်းမော့ကြည့်လိုက်သည်။ "နင် ငါ့ကို ဒီအတိုင်း လွှတ်ပေးမှာလား။"

ထျဲလန်ယန်က သူမကို ပြုံးပြလိုက်သည်။ "ငါက အဲဒီလောက် စိတ်ကောင်းရှိတယ်လို့ နင် ထင်နေတာလား။"

ထျဲလန်ယန် - "ငါ ခုနက ပြောခဲ့သားပဲ၊ ငါ့ကို မဟုတ်မမှန် စွပ်စွဲတဲ့သူဟာ တစ်ကိုယ်လုံး ပုပ်သိုးပြီး အဆုံးသတ် မကောင်းပါစေနဲ့လို့၊ ဒါပေမယ့် နင်ကတော့ ချက်ချင်းကြီး ပုပ်သွားမှာတော့ မဟုတ်သေးပါဘူး။"

"နင် လုပ်ရမှာက... အပေါ့အလေး သွားတဲ့ ကျင်းထဲကို ခုန်ဆင်းလိုက်၊ အဲဒီထဲမှာ ၅ မိနစ်လောက် နေလိုက်ရင် ငါ နင့်ကို ခွင့်လွှတ်ပေးမယ်။"

ရောက်နေတဲ့ လူအားလုံး - .......

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၆၈

ထျဲလန်ယန် ထိုစကားပြောပြီးသည်နှင့် လူတိုင်း မှင်တက်သွားကြသည်။

ဒါ... ဒါကတော့... လူတစ်ယောက်ကို အိမ်သာကျင်းထဲ ခုန်ဆင်းခိုင်းတာက သိပ်တော့ မကောင်းဘူးလေ။

ရွံစရာကောင်းရုံတင်မကဘဲ အဓိကအချက်က အန္တရာယ်ရှိတာပဲ ဖြစ်သည်။

ဟူဟောင်သည် ဟဲအိုက်လင်း၏ လုပ်ရပ်ကို အားမပေးသော်လည်း သူက ဝင်းတာဝန်ခံဖြစ်ရာ တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာရလျှင် သူ့၌ တာဝန်ရှိပေမည်။

"ရဲဘော်ထျဲ... တခြားအပြစ်ပေးနည်းကို ရွေးပါလား၊ အိမ်သာကျင်းထဲ ခုန်ဆင်းတာက အန္တရာယ်များလွန်းတယ်။"

ထျဲလန်ယန်က ဇွတ်အတင်းပြောသည်။ "မရဘူး၊ သူ ခုန်ကိုခုန်ရမယ်။"

"ရှင်တို့က ပိုက်အိတ်တစ်ခုနဲ့ အဲဒီမှာ စောင့်ကြည့်နေလိုက်၊ အချိန်ပြည့်ရင် သူ့ကို ပြန်ဆွဲတင်လိုက်ပေါ့၊ သူ ဘာမှမဖြစ်ပါဘူး။"

ဟဲအိုက်လင်းသည် ယခင်က သူမနှင့် ပြဿနာရှိခဲ့သော်လည်း ဤမျှအထိ မဟုတ်မမှန် စွပ်စွဲရဲသည့် သတ္တိမရှိပေ၊ ဤသည်မှာ ဟန်ခယ်အာက ခိုင်းစေထားခြင်းဖြစ်ကြောင်း သိသာလှသည်။

သူတို့နှစ်ယောက်ကြားတွင် တစ်ခုခု သဘောတူညီမှု ရထားကြပုံပေါ်သည်။

ဟဲအိုက်လင်းက အပြစ်ကို ဝန်ခံလိုက်ပြီဖြစ်ရာ သူမအမှား၏ နောက်ဆက်တွဲရလဒ်ကိုလည်း ခံယူရပေမည်။

အရိုက်ခံရတာထက် အိမ်သာကျင်းထဲ ခုန်ဆင်းရတာက ပိုစိတ်ဝင်စားဖို့ကောင်းပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နာကျင်စေမှာဖြစ်လို့ ဟဲအိုက်လင်းအတွက်တော့ သင်ခန်းစာကောင်းကောင်း ရသွားစေမှာပင်။

ထျဲလန်ယန် - "သူ မခုန်ချင်ရင်လည်း ရပါတယ်၊ ငါ ရဲစခန်းပဲ သွားတော့မယ်၊ သူ ဘယ်လိုရွေးမလဲ ကြည့်ရသေးတာပေါ့။"

ထိုစကားအဆုံးတွင် ဟဲအိုက်လင်းသည် အံကြိတ်လျက် ပြောလိုက်သည်။ "ငါ ခုန်မယ်၊ ခုန်မယ်... ဟုတ်ပြီလား။"

ဘာပဲဖြစ်ဖြစ် သူမမိသားစုကိုတော့ ဒီကိစ္စ မသိစေချင်ပေ၊ အရှက်ကွဲတာတော့ အဖြစ်မခံနိုင်ဘူးလေ။

ဟဲအိုက်လင်း ကိုယ်တိုင်ကလည်း တုံးအလွန်းလို့ အခုလို ပြဿနာရှာမိပြီး ဒုက္ခရောက်ရခြင်း ဖြစ်သည်။

ပညာတတ်လူငယ်ဝင်း၏ အိမ်သာမှာ နောက်ဖေးဘက်တွင် ရှိပြီး ခန်းမကြီးနှင့် သိပ်မဝေးလှပေ။

ဟဲအိုက်လင်းသည် လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် အိမ်သာကျင်းထဲသို့ သတ္တိရှိရှိ ခုန်ချလိုက်တော့သည်။

"ဘုန်း။" သူမ ကျင်းထဲသို့ ခုန်ဆင်းလိုက်သည်နှင့် မစင်များက သူမထံသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

ပျို့အန်ချင်စဖွယ် အနံ့ဆိုးကြီးက လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။

ဟဲအိုက်လင်းသည် စိတ်ပျက်အားငယ်စွာဖြင့် ငိုချင်သွားသော်လည်း ဖြူဖြူဖွေးဖွေးနှင့် လူးလွန့်နေသော လောက်ကောင်များကို မြင်လိုက်ရသောအခါ ငိုဖို့ပင် မေ့သွားတော့သည်။

ပါးစပ်ဟလိုက်လျှင် ထိုအရာများ ပါးစပ်ထဲ ဝင်ကုန်မည်ကို သူမ ကြောက်နေမိသည်။

၅ မိနစ်လောက် အောင့်ထားရသည်မှာ ပေါက်ကွဲထွက်တော့မတတ်ပင်၊ နောက်ဆုံးတွင်တော့ သူမကို ပိုက်အိတ်ဖြင့် ဆွဲတင်ပေးခဲ့ကြသည်။

ဟဲအိုက်လင်းပင် မငိုရသေးခင် ဘေးပတ်ဝန်းကျင်က လူများကတော့ အန်ကုန်ကြပြီ ဖြစ်သည်။

"အီး... နံလိုက်တာ။"

"ဟုတ်ပါ့၊ ငါတော့ ဟဲအိုက်လင်းကို တည့်တည့်တောင် ကြည့်ရဲတော့မှာ မဟုတ်ဘူး၊ သူ့ကို မြင်တိုင်း ဟိုရွံစရာကောင်းတာတွေကိုပဲ ပြေးမြင်နေမိတော့မှာ။"

အသုံးတော်ခံများဖြစ်သည့် ကျန်းစန်နှင့် လီစီတို့က နှာခေါင်းပိတ်ကာ မညှာမတာ ပြောဆိုလိုက်ကြသည်။

ဟဲအိုက်လင်းသည် ယခင်က သူမကို ဂရုစိုက်ခဲ့သော်လည်း ယခုတော့ သူမကို ရွံရှာသောမျက်နှာဖြင့် ကြည့်ကာ အဝေးသို့ ရှောင်ဖယ်သွားကြသော အမျိုးသားရဲဘော်များကို ကြည့်နေမိသည်။

ရုတ်တရက်ဆိုသလို သူမ၏ ရင်ထဲ နာကျင်သွားကာ မျက်လုံးများ ပြူးထွက်သွားပြီး မူးလဲသွားတော့သည်။

"ဟဲအိုက်လင်း မူးလဲသွားပြီ။ ထျဲလန်ယန်... နင် တော်တော်လွန်တာပဲ၊ သူ့ကို ဒီလို ဘယ်လိုလုပ်ရက်တာလဲ။"

ဟန်ခယ်အာက ချက်ချင်းပင် ထွက်လာပြီး စွပ်စွဲတော့သည်။

ထျဲလန်ယန်က သူမကို အေးစက်စွာ ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောခဲ့သည်။

"ငါက နင့်လို သဘောမကောင်းတတ်ဘူးလေ၊ နင့်နာရီကို ခိုးတဲ့သူကိုတောင် နင်က ကာကွယ်ပေးနေသေးတာဆိုတော့ တစ်ခုခု အကွက်ဆင်ထားတာများလား။"

"နင် လိမ်နေတာ။ ငါ ဟဲအိုက်လင်းကို မခိုင်းဘူး၊ သူဘာသာသူ လုပ်တာ။"

ဟန်ခယ်အာသည် အမြန်ပင် နောက်ဆုတ်လိုက်သည်။

သူမ၏ ထိတ်လန့်နေသော ပုံစံမှာ အခြားသူများ၏ အမြင်တွင်တော့ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

ထျဲလန်ယန် ခန့်မှန်းတာ မှန်နေတာလား။ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

မနေ့က တောင်ပေါ်မှာ ဓားပြနဲ့ တွေ့ကြတုန်းကလည်း ဟန်ခယ်အာကြောင့်ပဲ ဖြစ်ရသည်လေ။

ဒီလူက တကယ့်ကို ဦးနှောက်မရှိတာပဲ၊ ဘာလုပ်လုပ် စိတ်လိုက်မာန်ပါ လုပ်တတ်လွန်းသည်။

ဟဲအိုက်လင်းကလည်း ထိုနည်းတူအတိုင်းပင် ဖြစ်သည်။

နောက်ကြရင်တော့ ဒီနှစ်ယောက်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့ ပြဿနာတစ်ခုခုထဲ ပါသွားပြီး ဒုက္ခရောက်ကုန်လိမ့်မည်။

ဟန်ခယ်အာမှာတော့ လူတိုင်း ဘာတွေးနေမှန်း မသိဘဲ သူမရဲ့ အကြံအစည် ပေါ်မသွားတာကိုပဲ ဝမ်းသာနေမိသည်။

သူမသည် လူတိုင်း၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရပြီဆိုသည်ကို လုံးဝ မသိသေးပေ။

ဤပြဇာတ်မှာ ဟဲအိုက်လင်း မူးလဲသွားကာ ထျဲလန်ယန်က ရေအေးတစ်ပုံးဖြင့် လောင်းချပြီး နှိုးလိုက်ခြင်းဖြင့် အဆုံးသတ်သွားသည်။

"နောက်ခါ ငါနဲ့ပတ်သတ်ပြီး အရှုပ်တွေ လာမလုပ်မိစေနဲ့၊ မဟုတ်ရင် အိမ်သာကျင်းထဲ ခုန်ဆင်းရရုံနဲ့တင် ပြီးမှာ မဟုတ်ဘူး။"

လူအများရှေ့တွင် ထျဲလန်ယန်က ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်စကား ပြောလိုက်သည်။

ဟန်ခယ်အာကိုတော့... သူမက သူ့ကို သူခိုးလို့ စွပ်စွဲပြီး ထောင်ချောက်ဆင်ခဲ့တာဆိုတော့ ဒီညတော့ သူမဆီ အလည်သွားရဦးမှာပေါ့။

…..

လူအုပ်ထဲတွင် ပုန်းနေသည့် ပိုင်ရန်ရန်သည် ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

ဟန်ခယ်အာက တကယ့်ကို အသုံးမကျတာပဲ။

ဒီလောက်အထိ ပြဿနာရှာပြီးတော့ နောက်ဆုံးမှာ ဘာမှဖြစ်မလာတဲ့အပြင် အပေါင်းအပါ တစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတယ်ပေါ့။

ထားလိုက်ပါတော့၊ သူမလည်း ဒီကိစ္စထဲ မပါတော့ဘူး၊ မဟုတ်ရင် ရူးနေတဲ့ ထျဲလန်ယန်ရဲ့ အာရုံစိုက်မှုကို ခံရဦးမည်။

အခုလောလောဆယ်တော့ စုန့်ပိုင်ယွမ်နဲ့ အဆင်ပြေအောင် အရင် လုပ်ရမည်။

ထိုသို့ တွေးတောရင်း ပိုင်ရန်ရန် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

သူမသည် အဝါနုရောင် ကုတ်အင်္ကျီကို လဲလှယ်လိုက်ပြီး နှင်းပွင့်ခရင်မ်နှင့် နှုတ်ခမ်းနီလေးများ လိမ်းလိုက်သည်။

မှန်ထဲကြည့်ကာ ကျေနပ်သွားပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။

ပညာတတ်လူငယ်ဝင်းမှ အထွက်တွင် အမျိုးသမီးပညာတတ်လူငယ် တစ်ဦးနှင့် တွေ့ရာ ထိုသူက ပြုံးလျက် ပြောသည်။

"ရဲဘော်ပိုင်... ဒီလောက်လှပအောင် ပြင်ဆင်ပြီး ဘယ်သွားမလို့လဲ။"

ပိုင်ရန်ရန်က ညင်သာစွာ ပြုံးပြခဲ့သည်။ "ဒီနေ့ ရာသီဥတုက ကောင်းနေတာနဲ့ အပြင်မှာ လမ်းလျှောက်မလို့ပါ။"

သူမ ထွက်သွားပြီးနောက် ထိုအမျိုးသမီးက အခြားတစ်ဦးကို ပြောလိုက်သည်။

"ဒီလူသစ်တွေထဲမှာ ရဲဘော်ပိုင်ကတော့ ပေါင်းရသင်းရ အလွယ်ဆုံးပဲ၊ ကျန်တဲ့သူတွေကတော့... ထားပါတော့လေ..."

…..

ပိုင်ရန်ရန်သည် လမ်းမေးကာ စုန့်မိသားစုအိမ်သို့ ရောက်ရှိလာခဲ့သည်။

တံခါးဝသို့ မရောက်မီမှာပင် ရင်းနှီးနေသည့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။

ထိုကလေးမလေးမှာ စုန့်ရွှယ် ဖြစ်ပုံရသည်၊ သူမသည် ပညာတတ်လူငယ်ဝင်းသို့ ထျဲလန်ယန်နှင့် လာကစားလေ့ရှိသည်။

သူမရဲ့ မျိုးရိုးနာမည်ကလည်း စုန့် ဆိုတော့… စုန့်ပိုင်ယွမ်နဲ့ တော်စပ်တာများလား။

"ညီမလေး... ဘာလို့ တစ်ယောက်တည်း ကစားနေတာလဲ။ အစ်မ တစ်ခုလောက် မေးချင်လို့၊ စုန့်ပိုင်ယွမ်ရဲ့ အိမ်က ဘယ်မှာလဲဆိုတာ သိလား။"

စုန့်ရွှယ်သည် မြေပြင်ပေါ်တွင် ထိုင်လျက် ကျောက်ခဲလေးများဖြင့် ကစားနေသည်။

ထိုစကားကို ကြားသောအခါ သူမက စပ်စုသည့် မျက်လုံးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

"စုန့်ပိုင်ယွမ်က သမီးရဲ့ အစ်ကိုလေ၊ အစ်ကို့ကို ဘာကိစ္စရှိလို့ ရှာတာလဲ။"

တကယ်ပဲကိုး၊ စုန့်ရွှယ်က စုန့်ပိုင်ယွမ်ရဲ့ ညီမလေး ဖြစ်နေတာပဲ။

ပိုင်ရန်ရန် စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။

ထျဲလန်ယန်က တကယ့်ကို လည်တာပဲ၊ စုန့်ရွှယ်ကို အသုံးချပြီး စုန့်ပိုင်ယွမ်နဲ့ နီးစပ်အောင် လုပ်နေတာကိုး။

ဒါဆိုရင် သူမလည်း ဒီနည်းလမ်းကို အသုံးချလို့ ရတာပဲ။

ပိုင်ရန်ရန် - "အစ်မက ညီမလေးအစ်ကိုရဲ့ သူငယ်ချင်းပါ၊ မနေ့က တောင်ပေါ်မှာ ညီမလေး အစ်ကိုက အစ်မကို ကယ်ခဲ့တာလေ၊ အဲဒါကြောင့် အိမ်ကိုလာပြီး ကျေးဇူးတင်စကား ပြောမလို့ပါ။"

စုန့်ရွှယ်က သူမကို တစ်ချက်ကြည့်ကာ ခေါင်းလေးစောင်းလျက် အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"အစ်မကလည်း... ကျေးဇူးတင်ဖို့ လာတာကို လက်ဗလာနဲ့ လာတာလား၊ တော်တော် ကပ်စေးနှဲတာပဲ။"

ပိုင်ရန်ရန်၏ အပြုံးများ တောင့်တင်းသွားကာ သူမ၏ ဟန်ပန်ကို မနည်း ထိန်းလိုက်ရသည်။

"အစ်မက အလျင်စလို ထွက်လာခဲ့တာဆိုတော့ တစ်ခုခု ယူဖို့ မေ့သွားတာပါ၊ နောက်တစ်ခါကြရင်တော့ လက်ဆောင် ယူခဲ့ပါ့မယ်၊ ဒါနဲ့ ညီမလေး အစ်ကို အိမ်မှာ ရှိလား။"

စုန့်ရွှယ် ခေါင်းခါပြလိုက်သည်။ "မရှိဘူး၊ စစ်တပ်ကို ပြန်သွားပြီ။"

စုန့်ရွှယ်က သူမကို တစ်ချက်ကြည့်ပြီး ခေါင်းပြန်ငုံ့ကာ ကျောက်ခဲလေးတွေနဲ့ ဆက်ကစားနေတော့သည်။

ပိုင်ရန်ရန်က သူမနှင့် နီးစပ်အောင် ကြိုးစားချင်သော်လည်း သူမကတော့ လှည့်ပင် မကြည့်တော့ပေ။

ပိုင်ရန်ရန်မှာ ဒေါသထွက်လွန်းသဖြင့် အံပင် ကြိတ်လိုက်မိသည်။

တကယ့်ကို အထက်စီးဆန်တဲ့ ကလေးမလေးပဲ။

နောက်ကြရင်တော့ သူမရဲ့ ယောက်မ ဖြစ်လာတဲ့အခါကြမှ ဒီကလေးမကို ကောင်းကောင်း ဆုံးမရမည်။

စုန့်ရွှယ်နှင့် ဘာမှ တိုးတက်မှု မရှိသဖြင့် ပိုင်ရန်ရန်မှာ မျက်နှာစူပုတ်လျက် ပြန်လာခဲ့ရသည်။

အခန်းထဲ ရောက်ရောက်ချင်း မျက်လုံးတွေ နီမြန်းနေတဲ့ ဟန်ခယ်အာကို မြင်လိုက်ရသည်။

ဒီနေ့ကိစ္စတွေကြောင့် စိတ်မကောင်းဖြစ်ပြီး တိတ်တိတ်လေး ငိုထားတာ ဖြစ်မည်။

ပိုင်ရန်ရန်က နှစ်သိမ့်ဖို့ ပြင်လိုက်သော်လည်း ဟန်ခယ်အာက သူမကို အရင် စတင် မေးခွန်းထုတ်တော့သည်။

"ရန်ရန်... နင် ဘယ်သွားနေတာလဲ။ ငါ့ကို ထျဲလန်ယန်က လူပုံအလယ်မှာ အရှက်ခွဲနေတုန်း နင်ကတော့ ထွက်ပြီး မကူညီဘူးနော်။"

ပိုင်ရန်ရန် ခြေလှမ်းများ ရပ်တန့်သွားကာ သူမကို ပါးရိုက်ချင်စိတ် ပေါက်သွားသည်။

ငတုံးမ... ကိုယ်တိုင်က အသုံးမကျဘဲနဲ့ သူများကို လိုက်အပြစ်တင်နေတာလား။

"ခယ်အာ... ငါပြောတာ နားထောင်ပါဦး..."

ပိုင်ရန်ရန်သည် စိတ်တိုမှုကို ထိန်းချုပ်ကာ သူမအား စိတ်ရှည်လက်ရှည် ရှင်းပြပြီး နှစ်သိမ့်လိုက်သည်။

ဟန်ခယ်အာ၏ ဒေါသများ အနည်းငယ် လျော့ကျသွားခခဲ့သည်။

ဒါပေမယ့် ထျဲလန်ယန်ရဲ့ ဝင့်ကြွားနေတဲ့ မျက်နှာကို မြင်ယောင်မိတိုင်း သူမ မကျေနပ်နိုင်ပေ။

"မရဘူး... ငါ ဒီအတိုင်းတော့ အရှုံးမပေးနိုင်ဘူး၊ သေချာပေါက် လက်စားပြန်ချေရမယ်။"

ပိုင်ရန်ရန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ "ခယ်အာ... စိတ်မလောပါနဲ့၊ အေးအေးဆေးဆေး စဉ်းစားကြတာပေါ့။"

ဘာပဲဖြစ်ဖြစ် စုန့်ပိုင်ယွမ်က စစ်တပ်ကို ပြန်သွားပြီဆိုတော့ အချိန်တွေ အများကြီး ရှိပါသေးသည်။

တစ်ယောက်ယောက်ကို ဒုက္ခပေးချင်ရင်တော့ တစ်ခါတည်းနဲ့ အပြတ်အသတ် လုပ်ရမည်။

သေချာကျနတဲ့ အစီအစဉ်တစ်ခု လိုအပ်သည်။

သူမ သေချာ စဉ်းစားရဦးမည်…

All Chapters