အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၆၉
ထိုညတွင် လူရိပ်တစ်ခုသည် ကုတင်ပေါ်မှ တိတ်တဆိတ် ထလာခဲ့သည်။ ထိုသူမှာ ထျဲလန်ယန်ပင် ဖြစ်သည်။
ဟန်ခယ်အာတစ်ယောက် နေ့ခင်းဘက်က ထိုမျှအထိ ပြဿနာရှာထားပြီးမှ အလွယ်တကူ လွတ်မြောက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင် ဖြစ်သည်။
သူမက ငါ့ကို သူခိုးလို့ စွပ်စွဲနေမှတော့ တစ်ခါလောက်တော့ သူခိုးလုပ်ပြပြီး သူမပစ္စည်းအားလုံးကို ခိုးပစ်လိုက်ရုံပေါ့။
ထျဲလန်ယန်သည် ပထမဦးစွာ စောင်အောက်ထဲသို့ ခေါင်းအုံးကို ထိုးထည့်လိုက်ပြီး လူတစ်ယောက် အိပ်နေသည့် ပုံစံဖြစ်အောင် ဖန်တီးလိုက်သည်။
ထို့နောက် သူမသည် အပြင်သို့ထွက်ကာ သူမ၏ နေရာလွတ်ထဲသို့ဝင်၍ အမျိုးသားဝတ်စုံ လဲလှယ်ဝတ်ဆင်ပြီးနောက် ဟန်ခယ်အာ၏ အခန်းထဲသို့ ခိုးဝင်ခဲ့သည်။
ဟန်ခယ်အာတွင် ပစ္စည်းအများဆုံးရှိပြီး ထောင့်တစ်ထောင့်ကို အပြည့်ယူထားသည်။ ထျဲလန်ယန်က ကြည့်တောင်မကြည့်ဘဲ အကုန်လုံးကို သိမ်းယူလိုက်တော့သည်။
ကုတင်ဘေး စားပွဲပေါ်ရှိ အဝတ်အစားများနှင့် ကုတင်အောက်က ဖိနပ်များကိုလည်း သူမ မချန်ခဲ့ပေ။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ထျဲလန်ယန်သည် သူမ၏ အခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်လာခဲ့သည်။
နွေးထွေးသော စောင်ထဲတွင် လှဲလျက် သူမ သိမ်းဆည်းလာသော ပစ္စည်းများကို စိတ်အာရုံဖြင့် ကြည့်ရှုလိုက်သည်။
အဝတ်အစားနှင့် ဖိနပ်များကို ခဏမေ့ထားလိုက်ပါ။ ကြက်သားကိတ် ဘူးအနည်းငယ်၊ မုယောနို့တစ်ပုလင်းနှင့် ယုန်ဖြူသကြားလုံး အိုးကြီးတစ်လုံးလည်း ပါလာသေးသည်။
ပြီးနောက် နာရီ၊ ကျောက်စိမ်းလည်ဆွဲ၊ ငွေလက်ဝတ်ရတနာတစ်စုံ၊ ယွမ်နှစ်ရာကျော်နဲ့ ကောက်ပဲသီးနှံလက်မှတ်တွေ အတော်များများ ရှိသေးသည်။
ဟန်ခယ်အာ၏ မိသားစုမှာ တကယ့်ကို ချမ်းသာပုံရသည်၊ နယ်ဘက်ကို လာသည့်အခါ ဤမျှအထိ ငွေနှင့် ပစ္စည်းများများစားစား မည်သူ ယူလာမည်နည်း။
အခုတော့ ဒါတွေအားလုံးက ငါ့ဟာတွေ ဖြစ်ကုန်ပြီ၊ ဟဲဟဲ။
ထျဲလန်ယန်သည် ပစ္စည်းများကို စိတ်ဖြင့် စနစ်တကျ စီစဉ်လိုက်ပြီးနောက် စောင်ကို ခေါင်းမြီးခြုံကာ အိပ်ပျော်သွားတော့သည်။
….
နောက်တစ်နေ့ နံနက်တွင် အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အား... ငါ့အဝတ်အစားတွေ၊ ငါ့ဖိနပ်တွေနဲ့ ငါ့အထုပ်အပိုးတွေ အကုန်ပျောက်ကုန်ပြီ။"
မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဟန်ခယ်အာသည် ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့သည်။
သူမသည် အင်္ကျီကို ဝတ်ဆင်ကာ အိမ်သာသွားရန် ပြင်လိုက်သော်လည်း ကုတင်ဘေး စားပွဲပေါ်ရှိ အင်္ကျီ ပျောက်နေသည်ကို တွေ့လိုက်ရသည်။
သူမ အမြန်ကြည့်လိုက်ရာ ကုတင်အောက်က ဖိနပ်များလည်း မရှိတော့ပေ။
တစ်စုံတည်း မဟုတ်ဘဲ သူမ ယူလာသည့် ဖိနပ်သုံးစုံစလုံး ပျောက်သွားခြင်း ဖြစ်သည်။
ဟန်ခယ်အာ ထိတ်လန့်သွားကာ ထောင့်ရှိ သူမ၏ အထုပ်အပိုးများကို ကြည့်လိုက်ရာ တစ်စုံတစ်ရာမျှ မကျန်တော့ဘဲ ပျောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုအထဲတွင် သူမ၏ စုဆောင်းငွေအားလုံးနှင့် နယ်ဘက်တွင် နေထိုင်ရန်အတွက် အရင်းအနှီးများ အားလုံး ပါသွားခဲ့ပြီ။
"ဘယ်သူခိုးတာလဲ၊ တခြားသူတွေဆီက မခိုးဘဲ ငါ့ဆီကပဲ ဘာလို့ ခိုးရတာလဲ။"
ဟန်ခယ်အာသည် ဖရိုဖရဲ ဖြစ်နေသော ဆံပင်များဖြင့် တံခါးဝတွင် ရပ်ကာ ဒေါသတကြီး အော်ဟစ်နေတော့သည်။
အခြား ပညာတတ်လူငယ်များအားလုံး သူမ၏ အော်သံကြောင့် နိုးလာကြပြီး ဘာဖြစ်တာလဲဟု လာရောက် မေးမြန်းကြသည်။
ဟန်ခယ်အာ ကြုံတွေ့ရသည်ကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
သူခိုးက ဘာကြောင့် ဟန်ခယ်အာ တစ်ယောက်တည်းဆီက ခိုးတာပါလိမ့်၊ ဒါက ဖြစ်နိုင်တာကတော့....
လူတိုင်း၏ အကြည့်များက တစ်ပြိုင်နက်တည်း ထျဲလန်ယန်၏ အခန်းဘက်သို့ ရောက်သွားကြသည်။
"ကျွီ..." တံခါးပွင့်လာပြီး ထျဲလန်ယန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ လူတွေအားလုံး ခန်းမထဲမှာ စုနေကြတာလဲ။"
"ထျဲလန်ယန်... နင် ဟန်ဆောင်မနေနဲ့ဦး။ နင်လုပ်တာမလား၊ ငါ့ပစ္စည်းတွေကို နင်ပဲ ခိုးတာမလား။"
ဟန်ခယ်အာသည် သူမထံသို့ ပြေးသွားကာ သူမ၏ လက်ညှိုးမှာ ထျဲလန်ယန်၏ နှာခေါင်းကို ထိလုနီးပါး ဖြစ်သွားသည်။
ထျဲလန်ယန်က ထိုသို့ အလုပ်မခံပေ။ သူမသည် ဟန်ခယ်အာ၏ လက်ကို ရိုက်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
"ဒီကနေ ထွက်သွားစမ်း၊ မနက်စောစောစီးစီး ခွေးဟောင်သလို လာဟောင်မနေနဲ့၊ သွားလည်း မတိုက်ရသေးဘဲနဲ့ ပါးစပ်ကလည်း တအားနံနေတာပဲ၊ ငါ့နားကို သိပ်မကပ်နဲ့။"
ဟန်ခယ်အာသည် မြေပြင်ပေါ်မှ ပြန်ထလာပြီး သူမကို ကုတ်ဖဲ့ရန် ပြင်လိုက်သည်။
"ထျဲလန်ယန်... နင်က တကယ့်မိန်းမယုတ်ပဲ။ ပစ္စည်းလည်း ခိုးသေးတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်ကင်းဟန် ဆောင်နေသေးတယ်။ ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့လေ။"
အမျိုးသမီးပညာတတ်လူငယ် နှစ်ဦးက သူမကို အမြန်ဆွဲတားလိုက်သည်။ "ရဲဘော်ဟန်... စိတ်လျှော့ပါဦး။"
ထျဲလန်ယန်က လှည့်ကာ ဟူဟောင်ကို ကြည့်လိုက်သည်။
"ရဲဘော်ဟူဟောင်... ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ လူတိုင်းကို ရှာဖွေခိုင်းလိုက်ပါ၊ တစ်ခုခု တွေ့မလားဆိုတာ ကြည့်ရအောင်။"
"နင် ငါ့ပစ္စည်းတွေကို တစ်နေရာရာမှာ ဝှက်ထားတာ ဘယ်သူသိမှာလဲ။ နင်က တကယ့်ကို ခိုးကြောင်ခိုးဝှက်လုပ်တတ်တဲ့ လူယုတ်မာပဲ။"
ဟန်ခယ်အာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝမ်ကျွင်းကျွင်းက ထျဲလန်ယန်ဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။ "ရဲဘော်ဟန်... သက်သေမရှိဘဲ လျှောက်မပြောနဲ့။"
"မင်းက အစ်မယန်ကို တစ်ခါ မှားပြီး စွပ်စွဲပြီးပြီလေ၊ အစ်မယန်က သဘောကောင်းလို့ မင်းကို ဘာမှပြန်မလုပ်တာ။ အခု ဘာလို့ ထပ်ပြီး ပြဿနာရှာနေတာလဲ၊ မင်းက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့သူပဲ။"
ဟန်ခယ်အာမှာ ဒေါသကြောင့် မျက်နှာနီမြန်းသွားခဲ့သည်။ "ဒါဆို ငါ့ပစ္စည်းတွေ အကုန်ပျောက်ကုန်တာကို ဘယ်သူ့ဆီမှာ သွားတောင်းရမှာလဲ။"
ထျဲလန်ယန် - "ဘယ်သူ့ကိုရှာရှာ ငါဂရုမစိုက်ဘူး၊ ငါမဟုတ်ဘူး။ ငါ့ဆီ ရှာမတွေ့ရင် ရဲကိုသွားအကြောင်းကြား!"
သူမ ထိုသို့ပြောလိုက်သည်နှင့် ရှိနေသူအားလုံး၏ ထျဲလန်ယန်အပေါ် သံသယများ ပျောက်ကွယ်သွားတော့သည်။
မည်သူမျှ ပစ္စည်းခိုးပြီးမှ ရဲတိုင်ဖို့ကို တက်တက်ကြွကြွ လုပ်ရဲမည် မဟုတ်ပေ။ (ထျဲလန်ယန် - "ဟဲဟဲ... ငါကတော့ လုပ်ရဲတယ်။")
အဓိကအချက်မှာ သူခိုးကလည်း ထူးဆန်းသည်၊ ဟန်ခယ်အာ တစ်ယောက်တည်းဆီကပဲ ခိုးသွားတာဆိုတော့ သူမမှာ အကောင်းဆုံး ပစ္စည်းတွေ ရှိနေလို့များလား။
ဟူဟောင်သည် ပညာတတ်လူငယ်ဝင်း၏ ရှေ့နောက်အခန်းအားလုံးကို အမြန်ရှာဖွေခိုင်းသော်လည်း မည်သည့်အရိပ်အယောင်မျှ ရှာမတွေ့ခဲ့ပေ။
အကယ်၍ ပစ္စည်းများက ဤဝင်းထဲမှာ မရှိဘူးဆိုလျှင်တော့ အခြားတစ်နေရာရာမှာ ဝှက်ထားခြင်း ဖြစ်လိမ့်မည်။
မနေ့ညက မိုးရွာထားသဖြင့် အဝေးကို သွားခဲ့လျှင် ဖိနပ်အောက်ခြေတွင် ရွှံ့များ ရှိနေရမည် ဖြစ်သော်လည်း မည်သူ့ဖိနပ်မှာမှ ရွှံ့များ ကပ်မနေပေ။
ဤအချက်ကြောင့် ထျဲလန်ယန်အပေါ် သံသယမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကြည့်ရတာ ရွာထဲက လူတစ်ယောက်ယောက် ဖြစ်ရမည်။
ဟန်ခယ်အာကတော့ ထျဲလန်ယန် ခိုးတာပါဆိုပြီး ဇွတ်အတင်း ပြောနေဆဲ ဖြစ်သည်။
"သူမက သူမဖိနပ်အောက်ခြေကို ဆေးထားရင်ရော၊ ဒါဆိုရင်တော့ ရွှံ့ရှိမှာ မဟုတ်ဘူးပေါ့။"
ဟူဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ "ရဲဘော်ထျဲရဲ့ ဖိနပ်တွေအားလုံးက အောက်ခြေမှာ ဖုန်တွေကပ်နေတာ၊ ဆိုလိုတာက ဒီဖိနပ်တွေ မဆေးထားတာ ရက်အတော်ကြာပြီပေါ့။"
"မဖြစ်နိုင်တာ..." ဟန်ခယ်အာက ထပ်မံ ငြင်းဆိုရန် ပြင်သော်လည်း ဟူဟောင်က တားလိုက်သည်။
"ရဲဘော်ဟန်... စိတ်အေးအေးထားပါ။ မင်းက အရမ်းမာနကြီးလွန်းတော့ တစ်ယောက်ယောက်ကို သွားစော်ကားမိလို့ သူခိုးက မင်းဆီကပဲ သီးသန့်ခိုးသွားတာ နေမှာပါ။"
"ကောင်းပြီ...ဒါကို ငါမကိုင်တွယ်နိုင်ဘူး။ အဖွဲ့ခေါင်းဆောင်ဆီပဲ သွားပြောပြော၊ ရဲပဲတိုင်တိုင်၊ မင်း လုပ်စရာရှိတာ သွားလုပ်တော့။"
အခြားသူများကလည်း ဟန်ခယ်အာသည် အဓိပ္ပာယ်မရှိ ပြဿနာရှာနေသည်ဟု ခံစားရသဖြင့် လူစုခွဲလိုက်ကြတော့သည်။
အလုပ်သွားရမည့် အချိန်ပင် ရောက်နေပြီပင်။ စတုတ္ထထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်က ပညာတတ်လူငယ်များ အလုပ်မလာသေးသည်ကို တွေ့သဖြင့် လူလွှတ်၍ လာခေါ်ခိုင်းသည်။
ဖြစ်ပျက်သမျှကို သိရသောအခါ သူက ကျေးရွာခေါင်းဆောင်ကို အမြန်သွားပြောပြလိုက်သည်။
ကျေးရွာခေါင်းဆောင်ကတော့ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရသည်ကို ကြိုက်သူဖြစ်သည်။
အမျိုးသမီးပညာတတ်လူငယ်တစ်ဦး ပစ္စည်းခိုးခံရပြီး သူခိုးက ရွာသားတစ်ယောက် ဖြစ်နိုင်သည်ဟု ကြားသောအခါ သူသည် ပညာတတ်လူငယ်များအားလုံးကို စုဝေးစေကာ စကားပြောတော့သည်။
"အခြေအနေကို ငါ နားလည်ပါတယ်၊ ဒါပေမယ့် အခုလောလောဆယ် မြို့နယ်ကနေ စံပြကျေးရွာ ရွေးချယ်နေတာဆိုတော့ ဒီသတင်း အပြင်ကို မပေါက်ကြားစေတာ အကောင်းဆုံးပဲ။"
အကယ်၍ မြို့နယ်လူကြီးတွေက ကွေ့ဟွာရွာမှာ သူခိုးရှိတယ်ဆိုတာ သိသွားရင် ရွာရဲ့ဂုဏ်သတင်း ထိခိုက်ပြီး စံပြရွာအဖြစ် ရွေးချယ်ခံရမှာ မဟုတ်တော့ပေ။
ဟန်ခယ်အာက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ကျေးရွာခေါင်းဆောင်... ကျွန်မ ပစ္စည်းတွေ ခိုးခံရတာလေ၊ ဒါကို စုံစမ်းစစ်ဆေးသင့်တာ မဟုတ်ဘူးလား။"
ကျေးရွာခေါင်းဆောင် - "အဝတ်အစား ပျောက်တာဆိုရင်လည်း တခြားသူတွေဆီက ခဏဌားဝတ်ပေါ့၊ ပြီးရင် မိသားစုဆီက ပြန်ပို့ပေးတာကို စောင့်လိုက်လေ။"
"စားစရာကတော့ မင်းမှာ ဆန်တွေရှိသေးတာပဲ၊ ငတ်မှာတော့ မဟုတ်ပါဘူး။"
ဟန်ခယ်အာ - "ဒါပေမယ့် ကျွန်မမှာ တန်ဖိုးကြီးပစ္စည်းတွေ အများကြီး ပါသွားတာလေ၊ ယွမ် ၂၀၀ ကျော်တောင် ပါသွားတာ၊ ဒီအတိုင်းတော့ လက်လွှတ်မခံနိုင်ဘူး။"
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ လူလွှတ်ပြီး စုံစမ်းခိုင်းပါ့မယ်၊ အဖြေရရင်တော့ ပြန်ပြောပေးမယ်။"
မည်သည့်အချိန်တွင် အဖြေရမည်ဆိုသည်ကတော့ မရေရာပေ။ ကျေးရွာခေါင်းဆောင်၏ တုံ့ပြန်မှုမှာ ပြီးစလွယ်သာ ဖြစ်သည်။
ဟန်ခယ်အာမှာ ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။
အကယ်၍ သူမသာ ခေတ်သစ်မှာဆိုရင် ရဲစခန်းကို တိုက်ရိုက် သွားတိုင်လိုက်မှာ ဖြစ်သည်။
သို့သော် ဤခေတ်တွင်မူ ကျေးရွာခေါင်းဆောင်မှာ ရွာ၌ အာဏာအရှိဆုံးသူ ဖြစ်ရာ သူမ မစော်ကားရဲပေ။
ပစ္စည်းအားလုံးလည်း ခိုးခံရသေးသည်၊ အလုပ်ကလည်း ဆင်းရဦးမည်။
ဟန်ခယ်အာသည် ပို၍ပို၍ မခံမရပ်နိုင်ဖြစ်ကာ လယ်ကွင်းဘေးတွင် ထိုင်ချလျက် အားရပါးရ ငိုချလိုက်တော့သည်။
ကျန်တဲ့လူတွေကတော့ သူမကို ကြည့်နေကြသည်။ ထျဲလန်ယန်ကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို အောင့်ထားရသည်။
ဒါကတော့ ကိုယ်ရှာတဲ့ ပြဿနာ ကိုယ်ပြန်ခံရတာပဲ၊ တကယ်ကို ကျေနပ်စရာ ကောင်းလိုက်တာ။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၇၀
နေ့လယ်စာစားချိန်တွင် ဟန်ခယ်အာတစ်ယောက် ထပ်မံ၍ ငိုယိုပြန်သည်။
အရင်တုန်းကတော့ သူမသည် ငွေကြေးချမ်းသာမှုကို အားကိုးပြီး စားသောက်ဖွယ်ရာများနှင့် ပတ်သက်၍ အမြဲလိုလို ပြစ်တင်ဝေဖန်လေ့ရှိသည်။
ထမင်းစားပြီးတိုင်း မုန့်များကို အထင်းသားထုတ်စားလေ့ရှိပြီး တစ်ခါတရံတွင် အခြားသူများရှေ့၌ တမင်တကာ ကြွားလုံးထုတ်တတ်သေးသည်။
ယခုမူ သူမ၏ ပစ္စည်းအားလုံး ခိုးခံလိုက်ရပြီဖြစ်ရာ မိသားစုထံမှ ငွေပြန်ရောက်လာရန် အနည်းဆုံး လဝက်ခန့် စောင့်ရပေမည်။
ဆိုလိုသည်မှာ သူမသည် အနည်းဆုံး လဝက်ခန့် ဗိုက်ဝအောင် စားရမည်မဟုတ်သလို ကြွားဝါနိုင်ခြင်းလည်း ရှိတော့မည်မဟုတ်ပေ။
ယခင်နှင့် ယခု အခြေအနေမှာ ကွာခြားလွန်းလှသဖြင့် သူမ မခံစားနိုင်ဘဲ စိတ်ဓာတ်များ ပြိုလဲသွားရတော့သည်။
"ဝူး... ဝူး... သေနာသူခိုး... ငါ တအား ဒေါသထွက်တာပဲ။"
ဟန်ခယ်အာသည် မျက်ရည်အိုင်နေအောင် ငိုနေသော်လည်း မည်သူမျှ သွားရောက်၍ မချော့မြှူကြပေ။
ယခင်ကဆိုလျှင် ပိုင်ရန်ရန်သည် ဟန်ဆောင်ပန်ဆောင် သွားရောက်ဖျောင်းဖျဦးမည် ဖြစ်သော်လည်း ယခုမူ သူမ လုံးဝ မလှုပ်ချင်တော့ပေ။
ဟန်ခယ်အာတွင် အသုံးချ၍ရမည့် တန်ဖိုး မရှိတော့သဖြင့် သူမသည် ကံဆိုးမှုများနှင့် မပတ်သက်ချင်သောကြောင့် အနားသို့မသွားဘဲ ပျင်းရိစွာသာ နေလိုက်သည်။
ထျဲလန်ယန်ကတော့ ပွဲကြည့်ရင်း ကန်စွန်းဥဆန်ပြုတ်ကို မြိန်ရည်ယှက်ရည် သောက်နေသည်။
သူမသည် ဟန်ခယ်အာ၏ ရိက္ခာဆန်များကိုပါ ယူရန် စဉ်းစားခဲ့သေးသည်။
သို့သော် အဓိကပြဿနာမှာ လူတိုင်း၏ ဆန်အိတ်များကို မီးဖိုချောင်ထဲတွင် စုပုံထားပြီး အမည်မကပ်ထားသဖြင့် ရောထွေးသွားနိုင်ခြင်းပင် ဖြစ်သည်။
အပြစ်မဲ့သူများကို မထိခိုက်စေရန်အတွက် သူမ ထိုဆန်များကို မယူခဲ့ပေ။
နေ့လယ်စာစားပြီးနောက် လူတိုင်း တရေးအိပ်စက်နေချိန်ကို အခွင့်ကောင်းယူကာ ထျဲလန်ယန်သည် သူမ၏ နေရာလွတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
နေ့လယ်က ဗိုက်ဝအောင် မစားခဲ့ရသဖြင့် အခုတော့ ထပ်မံစားသောက်ရဦးမည်။
ဟန်ခယ်အာဆီမှ သိမ်းဆည်းလာသော ကြက်သားကိတ် ၁၀ ခုခန့်ကို တစ်ခုပြီးတစ်ခု စားပစ်လိုက်သည်။
ထို့နောက် အာဟာရမုယောနို့ရည်ပူပူတစ်ခွက် သောက်လိုက်ရာ တစ်ကိုယ်လုံး နွေးထွေးသွားတော့သည်။
စားသောက်ပြီးနောက် သူမ အနားမယူဘဲ ဝါးအိမ်ဝင်းထဲသို့ တိုက်ရိုက်သွားခဲ့သည်။
မနေ့တစ်နေ့က တောင်ပေါ်မှ ဖမ်းလာခဲ့သော တောဝက်နှင့် တောကြက်တို့မှာ သေဆုံးနေပြီဖြစ်သည်။
နေရာလွတ်သည် လတ်ဆတ်မှုကို ထိန်းသိမ်းပေးသည့် စွမ်းဆောင်ရည်ရှိသဖြင့် တိရစ္ဆာန်နှစ်ကောင်မှာ လတ်လတ်ဆတ်ဆတ် သေဆုံးကာစကဲ့သို့ပင် ရှိနေသည်။
ထျဲလန်ယန်သည် ပထမဦးစွာ တောကြက်ကို အရင်ကိုင်တွယ်ခဲ့သည်။
သူမသည် ညဘက်တွင် သောက်ရန် တောကြက်မှိုစွပ်ပြုတ်တစ်အိုး ချက်ရန် ပြင်ဆင်လိုက်သည်။
နောက်တစ်ဆင့်အနေဖြင့် တောဝက်ကို စတင် သားဖြတ်တော့သည်။
ပေကျင်းတွင် ဝယ်လာခဲ့သော သားသတ်ဓားမှာ အခုတော့ အသုံးတည့်သွားပြီဖြစ်သည်။
သူမသည် ဝက်၏လည်ပင်းအောက်တွင် ဇလုံတစ်ခုခံကာ ဓားဖြင့် လည်ပင်းကို လှီးဖြတ်၍ ဝက်သွေးအားလုံးကို ဇလုံထဲသို့ စီးကျစေလိုက်သည်။
မြေမီးဖိုပေါ်တွင် ရေနွေးတည်ကာ သွေးများကုန်သွားသောအခါ ဝက်၏အမွေးများကို ရေနွေးပူဖြင့် လောင်းချလိုက်သည်။
ရေနွေးလောင်းရင်း ဓားဖြင့် အမွေးများကို အမြန်ခြစ်ချလိုက်သည်။
မကြာမီမှာပင် အမည်းရောင်တောဝက်ကြီးမှာ ဖြူဖွေးနုနယ်သော အသားများအဖြစ် ပြောင်းလဲသွားတော့သည်။
ဝက်အမွေးများ စင်ကြယ်သွားသောအခါ တောဝက်၏ ဝမ်းဗိုက်ကို ခွဲလိုက်သည်။
ထျဲလန်ယန်သည် ဝမ်းဗိုက်ထဲသို့ လက်နှိုက်ကာ မွှေနှောက်လိုက်သည်။
"ဝူးရ်ှ..." ဟူသော အသံနှင့်အတူ ဝက်အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ နှလုံး အစရှိသည့် ကလီစာအားလုံး ထွက်ကျလာသည်။
ထျဲလန်ယန်သည် ပုံးကြီးတစ်ပုံးဖြင့် ထိုကလီစာများကို ထည့်လိုက်ရာ ပုံးမှာ အပြည့်ပင် ဖြစ်သွားသည်။
ကလီစာများမှ သွေးများ နေရာအနှံ့ ပေကျံသွားသဖြင့် သူမသည် တောဝက်ကိုယ်ထည်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောလိုက်သည်။
ဆေးကြောပြီးနောက် ကိုယ်ထည်ကို အစိတ်အပိုင်းများ စတင်ခုတ်ထစ်တော့သည်။
ဝက်ခေါင်း၊ ရှေ့ခြေ၊ နောက်ခြေများကို ဖြတ်တောက်ပြီး ဝမ်းဗိုက်သားနှင့် နံရိုးများကိုလည်း အသားလွှာအလိုက် ပိုင်းဖြတ်လိုက်သည်။
တောဝက်တစ်ကောင်လုံးကို စနစ်တကျ ကိုင်တွယ်ပြီးဖို့ရာ ထျဲလန်ယန် တစ်နာရီနီးပါး အချိန်ပေးလိုက်ရသည်။
နောက်တစ်ဆင့်မှာတော့ ဝက်သားများကို စီမံရန်ဖြစ်သည်။ ဝက်ခေါင်းမှာ ဆီပြန်ချက်ရန် အကောင်းဆုံးဖြစ်သည်။
ဝက်နားရွက်၊ မျက်နှာ၊ နှာခေါင်းနှင့် လျှာတို့မှာ ဆီပြန်ချက်လိုက်လျှင် အသားမှာ စိမ့်ဝင်နေပြီး အရသာမှာလည်း ချိုမြိန်လှရာ တွေးကြည့်ရုံနှင့်ပင် သွားရည်ကျစရာ ဖြစ်နေသည်။
နေရာလွတ်ထဲတွင် ဟင်းခတ်အမွှေးအကြိုင် သိပ်မစုံသော်လည်း လုံလောက်မှုရှိသည်၊ သူမသည် ယခင်ကလည်း အမဲနံရိုးများကို ပဲငံပြာရည်ဖြင့် ချက်ဖူးသည်။
ထျဲလန်ယန်သည် ဝက်ခေါင်းပေါ်မှ အမွေးနုများကို သေချာစွာ ထပ်မံခြစ်ထုတ်လိုက်ရာ ဝက်ခေါင်းမှာ ချောမွတ်သွားတော့သည်။
ထို့နောက် ဝက်ခေါင်းကို နှစ်ခြမ်းခွဲကာ မလိုအပ်သည့် အရာများကို ဖယ်ရှားပစ်လိုက်သည်။
ဝက်ခေါင်းကို တစ်ခေါက် ထပ်ဆေးပြီးနောက် ရေနွေးထဲတွင် ၁၅ မိနစ်ခန့် ပြုတ်ကာ အညှီနံ့များကို ရှင်းထုတ်ပြီးမှ ဆီပြန်စတင်ချက်တော့သည်။
သူမသည် နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်းစေ့များအပြင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သကြားခဲနှင့် ပဲငံပြာရည်တို့ကို ပြင်ဆင်ကာ ဒယ်အိုးကြီးထဲသို့ ဝက်ခေါင်းနှင့်အတူ ထည့်လိုက်သည်။
ဝက်ခေါင်းမြုပ်ရုံတင် ရေထည့်ကာ မီးပြင်းပြင်းဖြင့် နာရီဝက်ခန့် တည်ပြီးနောက် မီးအေးအေးဖြင့် နောက်ထပ် ၂ နာရီကြာအောင် နှပ်ထားလိုက်သည်။
ဝက်ခေါင်း နှပ်နေစဉ်အတွင်း ထျဲလန်ယန်သည် အခြားအရာများကို လုပ်ဆောင်သည်။
ခန္ဓာကိုယ်အတွက် အားရှိစေသည့် စွပ်ပြုတ်လုပ်ရန် အကောင်းဆုံးဖြစ်သည့် ဝက်နံရိုးများလည်း ရှိသေးသည်။
သူမသည် နံရိုးများကို လက်သီးဆုပ်အရွယ်လေးများ ခုတ်ထစ်လိုက်သည်၊ နေရာလွတ်ထဲတွင် ပြောင်းဖူးနှင့် မုန်လာဥနီများ ရှိနေသည်။
သူမသည် မြေအိုးအတော်များများ အသုံးပြု၍ ပြောင်းဖူး၊ မုန်လာဥနီနှင့် နံရိုးစွပ်ပြုတ်များ ချက်လိုက်ရာ သောက်ချင်သည့်အခါမှ ပြန်နွှေးသောက်ရုံပင် ဖြစ်သည်။
ဝက်ခြေထောက်၊ ဝက်လက်နှင့် ဝက်အမြီး အစိတ်အပိုင်းများ။
ဝက်ရှေ့ခြေထောက်မှာ အဆီနှင့် အသား တစ်ဝက်စီ ပါဝင်ပြီး အသားမှာ ကျစ်လျစ်ကာ အကြောများပါသဖြင့် အသားလုံးလုပ်ရန် အကောင်းဆုံးဖြစ်သည်။
သူမသည် ရှေ့ခြေထောက်ကို အသားနုတ်နုတ်စင်းလိုက်ပြီး တစ်ဝက်ကို အသားပေါက်စီလုပ်ကာ ကျန်တစ်ဝက်ကို အသားလုံးများ ပြုလုပ်လိုက်သည်။
နောက်ခြေထောက်ကိုတော့ ဝက်ပေါင်ခြောက်လုပ်ရန် ဖယ်ထားသည်၊ အသားခြောက်၏ အရသာမှာ ထူးခြားပြီး အလွန်မွှေးကြိုင်လှသည်။
ဒါကတော့ အချိန်နည်းနည်း ပေးရမည်ဖြစ်ရာ နောက်မှ အဆင်ပြေသည့်အခါမှ လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဝက်အမြီးကိုတော့ သန့်စင်ပြီးနောက် နောက်မှ အသားကင်နှင့်အတူ ကင်စားရန် ဖယ်ထားလိုက်သည်။
နောက်ဆုံးတွင် ဝက်သွေးနှင့် ကလီစာများသာ ကျန်တော့သည်။
ဝက်သွေးကိုတော့ ဝက်သွေးတို့ဟူး သို့မဟုတ် သွေးဝက်အူချောင်း ပြုလုပ်နိုင်သဖြင့် စားချင်သည့်အခါမှ လုပ်ရန် သီးသန့်ဖယ်ထားလိုက်သည်။
ကလီစာများမှာ သန့်ရှင်းရေးလုပ်ရသည်မှာ လက်ဝင်လွန်းလှသဖြင့် ရေဖြင့် အကြိမ်ကြိမ်ဆေးပြီးနောက် ဂျုံမှုန့်ထဲတွင် စိမ်ထားလိုက်သည်။
နောက်တစ်ခေါက် ဝက်သားခြောက်လုပ်သည့်အခါမှ တစ်ခါတည်း ကိုင်တွယ်မည်ဖြစ်ပြီး ဆီသတ်ချက်စားလျှင် အလွန်အရသာရှိလိမ့်မည်။
ဤအရာများ အားလုံးပြီးသွားသောအခါ ဝက်ခေါင်းမှာလည်း နူးအိကာ ဆီပြန်နေပြီဖြစ်သည်။
ဝင်းတစ်ခုလုံးတွင် အသားဟင်းနံ့များ မွှေးကြိုင်နေသဖြင့် ထျဲလန်ယန် တစ်ယောက် မအောင့်နိုင်ဘဲ အသားအချို့ကို မြည်းစမ်းကြည့်လိုက်သည်။
အင်း၊ ဒါကတော့ တကယ့်ကို... တအား အရသာရှိတာပဲ။
ထျဲလန်ယန်သည် အရသာရှိလှသော ဟင်းများကို စားရင်း လောကကြီးကိုပင် ခဏတာ မေ့လျော့သွားရသည်။ ထို့နောက် အချိန်ကို ကြည့်လိုက်သည်။
အို... အပြင်မှာ ၂ နာရီတောင် ကြာသွားပြီပဲ၊ အလုပ်သွားရမယ့် အချိန်ရောက်ပြီ။
သူမသည် နေရာလွတ်ထဲမှ အမြန်ထွက်ကာ စောင်ထဲတွင် အဝတ်အစားများ လဲလှယ်လိုက်သည်။
အခန်းထဲမှ ထွက်ထွက်ချင်း ဝမ်ကျွင်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။
"အစ်မယန်... ကျွန်တော့်မှာ စွံပလွံသီးခြောက် ချိုချိုလေးတွေ ရှိတယ်၊ အစ်မ စားဖို့ ယူလာတာ။"
ထိုသို့ပြောပြီးနောက် သူက နှာခေါင်းလေးရှုံ့ကာ နမ်းကြည့်သည်။ "ဟင်၊ အစ်မဆီက အသားဟင်းနံ့ မွှေးမွှေးလေး ရနေသလိုပဲ၊ ထူးဆန်းလိုက်တာ။"
ထျဲလန်ယန် - .......
ဒီကောင်လေးရဲ့ နှာခေါင်းက တကယ်ကို အနံ့ခံကောင်းတာပဲ၊ ခွေးပေါက်လေး နှာခေါင်းကြနေတာပဲ။
…
ညနေ အလုပ်ဆင်းချိန်တွင် ထျဲလန်ယန်က ဗိုက်အောင့်ပြီး ညစာမစားချင်တဲ့အကြောင်း ဆင်ခြေပေးပြီး အိမ်ထဲကို တန်းဝင်သွားခဲ့သည်။
သူမသည် နေ့လယ်က ပြင်ဆင်ထားသော စားဖွယ်စုံများကို အားရပါးရ စားရန် ပြင်တော့သည်။
လူတိုင်း ထွက်သွားသောအခါ ထျဲလန်ယန်သည် တံခါးကို ဂျက်ထိုးကာ နေရာလွတ်ထဲသို့ ခိုးဝင်သွားခဲ့သည်။
နေရာလွတ်ထဲသို့ ရောက်သည်နှင့် ဟင်းနံ့ပေါင်းစုံကို ရလိုက်သည်။
အရသာရှိတဲ့ ကြက်စွပ်ပြုတ်၊ ဝက်ခေါင်းဆီပြန်ဟင်း၊ ပြောင်းဖူးနံရိုးစွပ်ပြုတ်... အကုန်လုံး အဆင်သင့်ပဲ။
ထျဲလန်ယန်၏ မျက်လုံးများ အရောင်တောက်သွားသည်။
သူမသည် ကြက်စွပ်ပြုတ်တစ်ခွက် ထည့်လိုက်ပြီး ဝက်နားရွက်တစ်ဖဲ့ကို ကိုင်ကာ ပျော်ရွှင်စွာ စားသောက်တော့သည်။
….
ပညာတတ်လူငယ်ဝင်းထဲတွင်တော့ လူငယ်တစ်စုသည် အရသာမရှိသော ဆန်ပြုတ်ဖြူကို စိတ်ပျက်လက်ပျက် စားနေကြသည်။
ဟန်ခယ်အာသည် အရည်ကျဲကျဲ ဆန်ပြုတ်ကိုကြည့်ကာ မျက်ရည်များ ဝဲလာတော့သည်။
သို့သော် ထျဲလန်ယန်လည်း ဘာမှစားနေရမှာ မဟုတ်ဘူး၊ သူမထက်တောင် ပိုဗိုက်ဆာနေမှာပဲဟု တွေးမိသောအခါမှ စိတ်သက်သာရာ အနည်းငယ် ရသွားသည်။
"အနည်းဆုံးတော့... ထျဲလန်ယန် ဆိုတဲ့ အဲဒီမိန်းမယုတ်က ငါ့ထက် ပိုဆိုးနေတာပဲ။"
….
နေရာလွတ်ထဲတွင်တော့ ထျဲလန်ယန်သည် သက်တောင့်သက်သာရှိသော ထိုင်ခုံရှည်ပေါ်တွင် လှဲလျက်ရှိသည်။
သူမသည် ကြက်စွပ်ပြုတ်ကို တစ်ငုံသောက်ကာ ဝက်နားရွက်ကို တစ်ကိုက်ကိုက်လျက် မြိန်ရည်ယှက်ရည် စားနေသည်။
ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူနဲ့ အရသာရှိတဲ့ အစားအစာတွေ။ ဒီဘဝက နတ်ပြည်ထက်တောင် သာသေးတယ်။
ဟီးဟီး။