အံဖွယ်ကျင့်ကြံခြင်းလောက၊ ထွက်ပြေးချင်သော ယွီဂျင်ဂိုဏ်းချုပ်
Vol. 5 Ch. 61
အခန်း (၆၁) အံဖွယ်ကျင့်ကြံခြင်းလောက၊ ထွက်ပြေးချင်သော ယွီဂျင်ဂိုဏ်းချုပ်
ဟန်ကျွယ်ဟာ ကွမ်းယိုကုန်းစကားကို ကြားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာ လေးငါးကီလိုမီတာအကွာကနေ သူ့ကို ကြည့်နေတဲ့ ကွမ်းယိုကုန်းကို တွေ့လိုက်ရပါတယ်။ ကွမ်းယိုကုန်းဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ယုံကြည်မှုအပြည့် ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်စဉ်မှာ အရံအတားဖွင့်ထားတာကြောင့် ကောင်းကင်ကပ်ဘေးရဲ့ အရှိန်အဟုန်ဟာ သိပ်ကြောက်စရာကောင်းမနေပါဘူး။ ဒါကြောင့် ကွမ်းယိုကုန်းဟာ ဟန်ကျွယ်အဆင့်တက်တာက စိတ်ထဲမထည့်ပါဘူး။
“ဟင်း... အရင်တုန်းက မလာဘဲ အခုမှ လာရလား” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်ပါတယ်။ အဲဒီနောက် သူ့ကျင့်ကြံခြင်းကို တောင့်တင်းခိုင်မာအောင် ဆက်လုပ်ပါတယ်။
လေးရက်အကြာ။
ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းဟာ နောက်ဆုံးမှာတော့ တည်မြဲသွားပါပြီ။ ဟန်ကျွယ် ခန္ဓာကိုယ်ထဲက လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီဟာ ဟန်ကျွယ် အဆင့်မတက်ခင်ကထက် အများကြီး သာလွန်နေပါပြီ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး လေထဲမှာ လမ်းလျှောက်ကာ ကွမ်းယိုကုန်းဆီ ဦးတည်လိုက်ပါတယ်။
ကွမ်းယိုကုန်းဟာ ထပ်မစောင့်နိုင်တော့ပါဘူး။ လေးစားသမှုတောင် မပြတော့ဘဲ ဓားထုတ်ပြီး ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းလာပါတယ်။ ပျံသန်းလာရင်းနဲ့ ကွမ်းယိုကုန်းဟာ လက်နှစ်ဖက်လုံး အသုံးပြုပြီး သူ့စွမ်းအားတွေကို ထုတ်ဖော်လိုက်ပါတယ်။ ထုတ်ဖော်လိုက်တဲ့ စိတ်ဝိညာဉ်ချီကြောင့် ကွမ်းယိုကုန်းရဲ့ ဝတ်ရုံဟာ တဟူးဟူးလွှင့်သွားပါတယ်။
“ငါ သူ့ကို နိုင်တာနဲ့ ယွီဂျင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီ၊ အဲဒီအချိန်ကျရင် ဂျူနီယာညီမလေး ရွှီရွှမ်က ငါ့ကို ကျိန်းသေပေါက် လက်ထပ်မှာပဲ”
ကွမ်းယိုကုန်းရဲ့ မျက်လုံးတွေဟာ မီးလျှံလို တောက်ပလာပါတယ်။ သူဟာ လှပတဲ့အနာဂတ်ကို တွေးတောပြီး စိတ်အားတွေ အရမ်းတက်ကြွလာပါတယ်။ ကွမ်းယိုကုန်းဟာ ဟန်ကျွယ်ကို တစ်ချက်တည်း အနိုင်ယူချင်တာကြောင့် သူမကြာသေးခင်ကမှ နားလည် သဘောပေါက်ထားတဲ့ ဆန်းကြယ်စွမ်းအားကို ထုတ်သုံးဖို့ ပြင်ဆင်လိုက်ပါတယ်။
“ဝှစ်”
ဓားချီ။
ကွမ်းယိုကုန်းဟာ မျက်လုံးပြူးသွားပြီး ခုခံဖို့ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဓားချီက အရမ်းမြန်လွန်းပါတယ်။ ဘယ်လောက်ထိ မြန်လဲဆိုတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတောင် အချိန်မီ မခုခံနိုင်ပါဘူး။
ပြိုင်ဘက်ကင်း ဓားလက်ချောင်းသိုင်းရဲ့ ဓားချီဟာ ကွမ်းယိုကုန်းရဲ့ ဝမ်းဗိုက်ကို ဖောက်ထွင်းသွားပြီး ကွမ်းယိုကုန်း ခန္ဓာကိုယ်ထဲကို စိတ်ဝိညာဉ်ချီကို ပြန့်ကျဲသွားစေပါတယ်။
“ဝေါ့...”
ကွမ်းယိုကုန်းဟာ သွေးတစ်ပွက် အန်ထွက်သွားပြီး ကြိုးပြတ်စွန်လို လွှင့်စဉ်ကာ တောင်ကုန်းတစ်ခုပေါ်ကို ပြုတ်ကျသွားပါတယ်။ မြေကြီးပေါ်ကျသွားတဲ့ ကွမ်းယိုကုန်းဟာ နောက်ထပ်သွေးတစ်ပွက် ထပ်အန်ပါတယ်။ သူ့ရောင်ဝါကလည်း ရုတ်ချည်း ဖျော့တော့သွားပါတယ်။
သနားဖို့ကောင်းချက်။
“မဖြစ်နိုင်တာ...”
ကွမ်းယိုကုန်းဟာ ငယ်ထိပ်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး လေပေါ်မှာ လမ်းလျှောက်နေတဲ့ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆန်းကြယ်နတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းမှာ ရေခဲဘုရင်၏သရဖူ၊ ခါးမှာ စကြာဝဠာခါးပတ်၊ ခြေမှာ ကြယ်ကိုးစင်းဖိနပ် ဆင်ယင်ထားပါတယ်။
ကွမ်းယိုကုန်ဟာ သူ့ရှေ့က ဟန်ကျွယ်ကိုကြည့်ပြီး တကယ့်အင်မော်တယ်ကို တွေမြင်ရသလိုမျိုး ခံစားလိုက်ရပါတယ်။ အထူးသဖြင့် ဟန်ကျွယ်ရဲ့ ပြီးပြည့်စုံလွန်းတဲ့ မျက်နှာဟာ မော်တယ်တွေမှာ ရှိနိုင်တဲ့ရုပ်ရည်မျိုး မဟုတ်ပါဘူး။
ဒီလောကမှာ အင်မော်တယ်တွေသာ တကယ်ရှိမယ်ဆိုရင် သူတို့တွေက ဟန်ကျွယ်လိုမျိုးပဲ ဖြစ်မှာပါ။
‘နေအုန်း... ငါ ဘာတွေ တွေးနေတာလဲ’
ကွမ်းယိုကုန်းဟာ အတွေးတွေကနေ ရုတ်တရက် နိုးထသွားပြီး ရှုံးနိမ့်မှုခံစားချက်က နောက်ကနေ လိုက်လာပါတယ်။ သူဟာ သူ့ပြိုင်ဘက်ရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး။
ဘယ်လောက်ရယ်ဖို့ကောင်းလိုက်လဲ။
ကွမ်းယိုကုန်းဟာ ဟန်ကျွယ်ကို တစ်ချက်တည်းနဲ့ အနိုင်ယူချင်ပေမဲ့ နောက်ဆုံးရလဒ်ကတော့ ဓားတစ်ချက်တည်းနဲ့ သူ့ရှုံးနိမ့်သွားတာပါ။ ဒီအချိန်မှာ ကွမ်းယိုကုန်းဟာ တွင်းတစ်တွင်းတူပြီး မြေကြီးထဲ ဝင်ပုန်းပစ်ချင်စိတ် ပေါက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကွမ်းယိုကုန်းရှေ့မှာ ဆင်းသက်လိုက်ပါတယ်။
ကွမ်းယိုကုန်းဟာ ရှက်လွန်းတာကြောင့် ခေါင်းငုံ့လိုက်ပြီး ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။
“သိပ်ပြီး စိတ်မပျက်ပါနဲ့၊ မင်းလည်း သန်မာပါတယ်၊ ဒါပေမဲ့ မင်းက ငါ့ကိုမှ ပြိုင်ဘက်အဖြစ် မှားရွေးချယ်မိတာကို၊ ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ မင်းတစ်ယောက်တည်းပဲ ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းရှိတယ်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ကွမ်းယိုကုန်းဟာ မှင်သက်ရင်း ကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်က လေကြီးလေကျယ် ပြောနေတယ်လို့ မခံစားရဘဲ သက်သောင့်သက်သာ နည်းနည်းရှိတယ်လို့ ခံစားလိုက်ရပါတယ်။
“နတ်သတ်အကြီးအကဲ... ခင်ဗျားက ဘယ်လောက်ထိတောင် အစွမ်းထက်နေတာလဲ...”
…
ဟန်ကျွယ်ဟာ နတ်ဆိုးတစ်သောင်းနယ်မြေကနေ ခပ်သုတ်သုတ် ထွက်ခွာလာပြီး အတွင်းဂိုဏ်းမြို့မှာလည်း ကြာကြာမနေပါဘူး။ သူ့ကျင့်ကြံခြင်းတောင်ကို ချက်ချင်း ပြန်ပါတယ်။
ရုတ်တရက် အကြံတစ်ခု ရသွားတာကြောင့် ဟန်ကျွယ်ဟာ တောင်ခြေကို လှစ်ခနဲ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ညာလက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာ မြေကြီးဟာ မို့မောက်တက်လာပြီး ကျောက်ပြားတစ်ခု ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့လက်ညိုးနဲ့ ကျောက်ပြားပေါ်မှာ စာရေးလိုက်ပါတယ်။
ဇွဲရှိလျှင် မသေမျိုးဖြစ်မည်။ ဝီရိယတောင်။
“ငါ့တောင်ကို အခုအချိန်ကစပြီး ဝီရိယတောင်လို့ ခေါ်တွင်စေရမယ်” ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပြီး တောင်ပေါ် ပြန်တက်ပါတယ်။
ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ကျင့်ကြံအားထုတ်နေတုန်းဖြစ်ပြီး ရှင်းဟုန်ရွှမ်ကိုတော့ ရှာမတွေ့ပါဘူး။ အိုက်လန်ဟာ သားရဲနှစ်ကောင်နဲ့ တစ်နာရီလောက် စကားစမြည်ပြောဆိုပြီး သူ့လိုဏ်ဂူကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ခုတင်ပေါ်မှာထိုင်ကာ ဟွမ့်သွမ့်ဓားကို ထုတ်ယူလိုက်ပါတယ်။ ဟွမ့်သွမ့်ဓားဟာ ကြက်သွေးရောင်ရှိပြီး ဓားပေါ်မှာ အနက်ရောင်သင်္ကေတတွေ ရှိနေတာကြောင့် သာမန်ဓားတစ်လောက် မဟုတ်မှန်း တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဓားကိုကိုင်ထားရင်းနဲ့ သွေးသားရင်းလို ရင်းနှီးတဲ့ခံစားချက်မျိုး ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီကို ဓားထဲလောင်းထည့်လိုက်ပါတယ်။
“ဝုန်း.....”
တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပြီး ဓားထဲလောင်းထည့်လိုက်တဲ့ သူ့လမ်းခြောက်သွယ် စိတ်ဝိညာဉ်ချီကို အမြန်ပြန်သိမ်းလိုက်ပါတယ်။
“စွမ်းအားကြီးလှချည်လား” ဟန်ကျွယ်ဟာ ကျေနပ်အားရရုံသာမက အံအားလည်း သင့်သွားပါတယ်။ ဒီဟွမ့်သွမ့်ဓားဟာ ဝိညာဉ်ရတနာဖြစ်တာကြောင့် သူ့သွေးနဲ့ ချိတ်ဆက်ဖို့ မလိုအပ်ပါဘူး။
အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး တာအိုသခင်ကျိုးတီနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းပါတယ်။
မိနစ်ဝက်အကြာ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် “နောက်ဆုံးတော့ ငါ မင်းကို အနိုင်ယူနိုင်ပြီ၊ မင်းက တော်တော်လေး အရှက်မရှိတာပဲ၊ နောက်ပြီး ဒီလောက်များတဲ့ ကိုယ်ဖော့သိုင်းတွေကို ဘယ်ကနေ သင်လာတာလဲ” ဒီတိုက်ပွဲမှာ ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီကို တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်ပေမဲ့ တာအိုသခင်ကျိုးတီဟာ ဆက်တိုက် ရှောင်တိမ်းတာကြောင့် တိုက်ပွဲချိန် ပိုကြာသွားရတာပါ။
ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဋ္ဌအဆင့်တဲ့၊ ဘာမှလည်း မဟုတ်ဘူး။
ဟန်ကျွယ်သာ သူ့ကိုယ်သူ ယုံကြည်မှု တိုးသွားပါတယ်။ နတ်ဆိုင်းနိုင်ဂိုဏ်းနဲ့ ရှောင်အယ်ကို မကြောက်တော့ပါဘူး။ သူ့လူမှုဆက်ဆံရေးကနေ ကြည့်လိုက်တဲ့အခါမှာ ရှောင်အယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်မှာပဲ ရှိနေပါသေးတယ်။
“ဒီအဆင့်လောက်နဲ့ ဒီကောင်က ဘယ်လိုလုပ်ပြီး ငါ့ကို သတ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခုရသွားတာကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရှောင်အယ်ကို ကျိန်စာတိုက်ပါတော့တယ်။
“နောက်ကျရင် ငါ အားတဲ့အချိန်တိုင်း ငါ့ရန်သူတွေကို ကျိန်စာတိုက်ရမယ်၊ ဒီကောင်ကို ငါမကြောက်ဘူးဆိုပေမဲ့ သူနဲ့ တိုက်ခိုက်နေရင် ငါ့ကျင့်ကြံခြင်း နှောင့်နှေးသွားလိမ့်မယ်”
ဆယ်ရက်အကြာ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်ပါတယ်။
…
တစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ ဆဋ္ဌမအဆင့်ကို တက်မြောက်သွားပြီး ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို ကျင့်ကြံလို့ရသွားပါပြီ။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအား အသစ်တစ်မျိုးကို နားလည်သဘောပေါက်ခဲ့ပါတယ်။
လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်။
ဒီတံဆိပ်တော်နဲ့ ရန်သူကို တိုက်ခိုက်မယ်ဆိုရင် ရန်သူရဲ့ ပဓာနဝိညာဉ်ကို တိုက်ရိုက် သတ်ပစ်နိုင်ပါတယ်။ ခန္ဓာကိုယ် မပျက်စီးခင် ပဓာနဝိညာဉ်ပျက်စီးသွားမှာပါ။ ဒီအကွက်က ဝှက်ဖဲထားဖို့ အသင့်တော်ဆုံးပါပဲ။
ဟန်ကျွယ်ဟာ အကြောဆန့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ် “ငါ ထပ်ပြီး စွမ်းအားကြီးလာပါလား” ဟန်ကျွယ်ဟာ ဆက်ပြီး မကျင့်ကြံသေးဘဲ သူ့မိတ်ဆွေတွေ ဘာဖြစ်နေလဲ သိချင်တာကြောင့် လူမှုဆက်ဆံရေးကိုဖွင့်ကာ စာအိတ်ကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည်စုချီသည် သရဲကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၁၂
[သင့်တပည်စုချီကြောင့် အသက်ထောင်သောင်းပေါင်းများစွာကို သေကျပျက်စီးစေခဲ့သောကြောင့် ကြမ္မာဆိုး တိုးသွားပါပြီ။]
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် လက်ဝဲကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၅၈
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် လက်ယာကျင်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၄၄
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် ပြင်းဒဏ်စွာ ဒဏ်ရာရှိသွားခဲ့ပြီး အသက်မျော့မျော့သာ ကျန်ရှိတော့၏။]
[သင့်အချစ်တော် ရွှမ်ချင်းကျွင်းသည် ကမ္ဘာမှထွက်ခွာသွားပြီ ဖြစ်သည်။]
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် အစုလိုက်အပြုံလိုက် လူသတ်ခဲ့သောကြောင့် ကံတရား မည်းနက်သွားပြီ ဖြစ်သည်။]
[သင့်မိတ်ဆွေကောင်း ရှင်းဟုန်ရွှမ်သည် ရှေးဟောင်းကျင့်ကြံသူတစ်ဦး၏ ဆန်းကြယ်နယ်မြေအတွင်းသို့ မတော်တဆ ဝင်ရောက်သွားသောကြောင့် ကံတရားကို မတွက်ချက်နိုင်ချေ။]
…
‘အား... တစ်နှစ်တည်းနဲ့ ဒီလောက်တောင် ဖြစ်ပျက်သွားရလား’
‘သေစမ်း... ဘယ်သူက ငါ့ယွီဂျင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို တိုက်ခိုက်တာလဲ၊ လက်ဝဲ လက်ယာပေါင်းပြီး ပုန်ကန်ချင်နေတာလား’
မော့ဖူချိုက်က မပြန်လမ်းကို ရောက်နေပြီ။
ရှင်းဟုန်ရွှမ်ကလည်း...။
သူက သေမျိုးတစ်ဦးပါ။ ဘယ်လိုလုပ်ပြီး အမြဲတမ်းလိုလို ရတနာတွေရလိုက် အခွင့်အရေးတွေရလိုက် ဖြစ်နေရတာလဲ။ သူ့ဆီကို ငါ့ရဲ့ အင်မော်တယ်ဧကရာဇ်မျိုးဆက် ကောင်းချီးပေးမှု ကူးစက်သွားတလား။
အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဆက်ကျင့်ကြံပါတယ်။ ကျင့်ကြံခြင်းလောကက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ဝင်မပါချင်ပါဘူး။
ယွီဂျင်ဂိုဏ်းနောက်မှာ တာအိုသခင်ကျိုးတီရှိနေသလို တစ်ခြားဂိုဏ်းတွေမှာလည်း နောက်ခံမရှိဘူးလို့ မပြောနိုင်ပါဘူး။
ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်နဲ့ ကျင့်ကြံခြင်းလောကမှာ စိတ်ထင်းတိုင်ကြဲလို့ မရသေးပါဘူး။ ကောင်းကင်ဘုံဝင်ခြင်း ကျင့်ကြံသူ ပြန်ဝင်စားတဲ့ ကျိုးဖန်တောင် ဒုက္ခကနေ မလွတ်မြောက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကို နှစ်တစ်ရာအတွင်းရောက်အောင် အင်တိုက်အားတိုက် ကျင့်ကြံပါတော့တယ်။
…
နှစ်နှစ်ကြာတဲ့အခါမှာ လီချင်းဇဲ့တစ်ယောက် ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ လိုဏ်ဂူတံခါးဖွင့်ပေးပြီး လီချင်းဇဲ့ကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။ လီချင်းဇဲ့မျက်နှာဟာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း ပိန်ချုံးနေပါတယ်။
ကြည့်ရတာ ဒဏ်ရာမသေးပုံပါပဲ။
ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ခင်ဗျားဘဝက တော်တော်လေး မအေးချမ်းတာပဲ၊ နှစ်သုံးလေးရာလောက် ဂူအောင်းကျင့်ကြံပါလား”
လီချင်းဇဲ့ဟာ မျက်နှာပူသွားပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ်။
“ကျုပ်က ဂိုဏ်းချုပ်ဆိုပေမဲ့ မထိန်းချုပ်နိုင်တာတွေက များသား၊ ဒီနှစ်ထဲမှာ ယွီဂျင်ဂိုဏ်းရဲ့ အဓိကတပည့်တစ်ယောက်က လက်ဝဲလမ်းစဉ်ထဲ ကျသွားပြီး အမုန်းတရားပွားအောင် လုပ်ခဲ့တယ်၊ ဒီကိစ္စနဲ့ ကျုပ်အလုပ်ရှုပ်နေတာ၊ အခုဒီကိစ္စက ပိုပိုဆိုးလာပြီး ကျုပ် မထိန်းသိမ်းနိုင်တဲ့အထိ ဖြစ်လာပြီ၊ ရန်ကျင့်ကြံခြင်းလောကရဲ့ လက်ဝဲဂိုဏ်း လက်ယာဂိုဏ်းတွေ အကုန်လုံးက အတူတူပူးပေါင်းပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ဖို့ လုပ်နေကြတယ်”
“အခုလောလောဆယ် ယွီဂျင်ဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ နှစ်ယောက်ပဲ ရှိတော့တယ်၊ အကြီးအကဲကွမ်းက အကြောင်းအရင်းတစ်ချို့ကြောင့် ဒဏ်ရာအကြီးအကျယ်ရပြီး ဂူအောင်းကုသနေရတုန်း၊ ဟင်း... အကြီးအကဲဟန်... ဒီတစ်ခေါက်တော့ ကျုပ်တို့တွေ တကယ်ထွက်ပြေးရတော့မယ်နဲ့ တူတယ်”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။