ယွီဂျင်ဂိုဏ်းအား ဂိုဏ်းဆယ့်ကိုးဂိုဏ်း တိုက်ခိုက်ခြင်း
Vol. 5 Ch. 62
အခန်း (၆၂) ယွီဂျင်ဂိုဏ်းအား ဂိုဏ်းဆယ့်ကိုးဂိုဏ်း တိုက်ခိုက်ခြင်း
လက်ယာဂိုဏ်းတွေနဲ့ လက်ဝဲဂိုဏ်းတွေက ယွီဂျင်ဂိုဏ်းကို ဝိုင်းတိုက်ကြမှာလား။
ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
“ဂိုဏ်းချုပ်က အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းခဲ့တာလဲ၊ လက်မခံတဲ့သူတွေကို သတ်ပစ်ခဲ့လို့လား”
လီချင်းဇဲ့ဟာ ချက်ချင်း ဒေါသထွက်သွားပြီး ကြိမ်းမောင်းလိုက်ပါတယ် “ခွေးကောင်စုတ်တွေ၊ သူတို့ကို ကျုပ်ကိုယ်တိုင်သွားပြီး တောင်းပန်ပေမဲ့ သူတို့ကို လက်မခံဘဲ ကျုပ်ကို ဝိုင်းတိုက်တယ်၊ တစ်ချို့ကျတော့ စကားပြောခွင့်တောင် မပေးဘူး၊ အဲဒီလက်ဝဲလမ်းစဉ်ထဲ ကျသွားတဲ့သူကို အကြီးအကဲဟန် သိပါတယ်၊ သူ့နာမည်က မော့ဖူချို၊ သူလည်း သူ့ဘာသာ လက်ဝဲလမ်းစဉ်ထဲ ကျသွားမယ်လို့ ကျုပ်မထင်ဘူး၊ တစ်ယောက်ယောက်က လုပ်ကြံလိုက်လို့ ဒီလိုဖြစ်သွားတာ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ကျုပ်ကို အကြောင်းစုံ ပြောပြပါလား”
လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ တောင်းဆိုမှုကြောင့် မော့ဖူချိုအကြောင်းကို ခရေစေ့တွင်းကျ ပြောပြပါတော့တယ်။
မော့ဖူချိုဟာ ကျင့်ကြံခြင်းမိသားစုကနေ မွေးဖွားလာတာ ဖြစ်ပါတယ်။ သူ့မိသားစုဟာ လက်ဝဲဂိုဏ်းသားတွေနဲ့ ပူးပေါင်းတဲ့ဆိုတဲ့ သက်သေတစ်ခုကြောင့် လက်ယာဂိုဏ်းတွေရဲ့ သုတ်သင်ခြင်းကို ခံခဲ့ရပြီး မော့ဖူချိုနဲ့ မော့ကျူ နှစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ မော့ဖူချိုကို တပည့်အဖြစ် လက်ခံခဲ့ပြီး နာမည်အသစ်ပေးခဲ့ပါတယ်။ မော့ဖူချိုဆိုတဲ့ နာမည်က မိုးကြိုးအင်မော်တယ် ပေးခဲ့တဲ့နာမည်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမုန်းတရားတွေကို မေ့ပစ်ပြီး အေးချမ်းတဲ့ ဘဝအသစ်တစ်ခု စနိုင်ဖို့ပါ။
မော့ဖူချိုဟာ ကျင့်ကြံခြင်းလောကမှာ အတွေ့အကြုံရှာဖွေရင်းနဲ့ သူ့မိသားစုကို သုတ်သင်ခဲ့တဲ့ ရန်သူဟောင်းတွေကို တွေ့ဆုံခဲ့တာကြောင့် သူ့ရန်သူဟောင်းဖြစ်တဲ့ လက်ယာဂိုဏ်းတွေရဲ့ တပည့်တော်တော်များများကို ယမမင်းဆီ ပို့ခဲ့ပါတယ်။
လီချင်းဇဲ့ဟာ ဒီကိစ္စက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ မော့ဖူချိုက သူ့ရန်သူဟောင်းတွေကို ဒေါသမထိန်းနိုင်ဘဲ သတ်ပစ်ခဲ့တယ်ဆိုရင်တောင် ယွီဂျင်ဂိုဏ်းကို တစ်ခေါက်တစ်လေတော့ ပြန်လာသင့်ပါတယ်။ အခုဟာက မော့ဖူချိုဟာ ကလဲ့စား စချေကတည်းက ယွီဂျင်ဂိုဏ်းကို လုံးဝပြန်မလာပါဘူး။
ဂိုဏ်းငါးဂိုဏ်းကျော်က မော့ဖူချိုနောက် လိုက်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က မော့ဖူချိုဟာ ရွေးချယ်စရာမရှိတာကြောင့် သူ့မိသားစုရဲ့ ဆန်းကြယ်စွမ်းအားကို အသုံးပြုခဲ့ရပါတယ်။ ဒီဆန်းကြယ်စွမ်းအားက လက်ဝဲလမ်းစဉ်ရဲ့ ဆန်းကြယ်စွမ်းအား ဖြစ်တာကြောင့် မော့ဖူချိုဟာ နတ်ဆိုးတစ်ကောင် ဖြစ်သွားရပါတယ်။
ဒီဆန်းကြယ်စွမ်းအောက်မှာ လူသေတာ များလာတာကြောင့် မော့ဖူချိုဟာ လက်ဝဲကျင့်ကြံသူဖြစ်သွားပြီး ဘယ်လိုမှ ပြန်မလှည့်နိုင်တော့ပါဘူး။
“ဒီကိစ္စက အရမ်းသံသယဝင်ဖို့ကောင်းတယ်၊ ဒီဂိုဏ်းတွေက ကျုပ်ကိုတောင် ဘာမှမပြောဘဲ မော့ဖူချိုနောက်ကို လိုက်တယ်၊ မတရားမှုတိုင်းမှာ အပြစ်ကျူးလွန်တဲ့သူရှိတယ်ဆိုတာ ကျုပ် လက်ခံပါတယ်၊ ဒါပေမဲ့ ကျုပ်က သူတို့ကို သွားတောင်ပန်တာ၊ သူတို့ကဘာလို့ ကျုပ်ကို ဝိုင်းတိုက်ကြရတာလဲ”
“မျိုးဆက်သစ်တွေရဲ့ ကိစ္စက ဂိုဏ်းချုပ်တွေနဲ့ ဘာဆိုင်လို့လဲ၊ ကြည့်ရတာ သူတို့က ဒီအခွင့်အရေးကိုသုံးပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ချင်တာပဲ ဖြစ်ရမယ်”
လီချင်းဇဲ့ဟာ ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး မျက်နှာတစ်ခုလုံး မဲ့ရှုံ့သွားပါတယ်။
“ဟင်း... အခု လက်ယာရော လက်ဝဲရောက ကျုပ်တို့တွေကို ဝိုင်းတိုက်ကြတော့မှာ၊ ကျုပ်တို့တွေ ဒီတစ်ခေါက်တော့ အကြီးအကဲဟန် အကြံပေးခဲ့သလို ထွက်ပြေးရတော့မယ်”
တာအိုသခင်ကျိုးတီက ထွက်ခွာသွားပြီး ကွမ်းယိုကုန်းကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပါတယ်။ ဟန်ကျွယ်တစ်ယောက်တည်းနဲ့ လက်ယာ လက်ဝဲဂိုဏ်းတွေကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။
အင်အားကြီးမားတဲ့ဂိုဏ်းတွေမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေ ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ပြောရရင် ဟင်္သာဓားဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းခဲခြင်း ကျင့်ကြံသူနှစ်ဦး ရှိပါတယ်။ ဂိုဏ်းတွေအကုန်လုံး ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် ဟန်ကျွယ်တစ်ယောက်တည်းနဲ့ သူတို့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ် “သူတို့မှာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတွေရှိလား၊ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း ကျင့်ကြံသူရော ရှိလား”
လီချင်းဇဲ့က မျက်လုံးပြူး မျက်ဆံပြူးနဲ့ ပြန်ပြောလိုက်ပါတယ် “ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဟွမ်ဇွမ်တျန်တောင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်ပဲ ရှိတာ၊ သူတို့မှာသာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူရှိနေရင် ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ခံမှာလဲ”
“သူတို့တွေကလည်း ကျုပ်တို့ယွီဂျင်ဂိုဏ်းလို ဘိုးဘေးတွေ ထွက်သွားကြတာလား”
“ဟုတ်တယ်၊ ဒါပေမဲ့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူရှိတယ်လို့ တစ်ခါမှာ မကြားမိဘူး၊ ဘိုးဘေးက သူတို့ကို တစ်ယောက်ချင်းစီ လိုက်တွေ့တုန်းက သူတို့အကုန်လုံးက အဘိုးကိုတွေ့တဲ့ မြေးငယ်လေးတွေလိုပဲ”
လီချင်းဇဲ့ဟာ သက်ပြင်းချလိုက်ပါတယ်။ အခုအချိန်မှာသာ တာအိုသခင်ကျိုးတီ ရှိနေသေးရင်...။
ဒီအချိန်ဟာ ယွီဂျင်ဂိုဏ်း အင်အားကြီးမားလာဖို့အတွက် ရှားပါးအခွင့်အရေးပါ။ ဘယ်သူနဲ့မှ တိုက်ခိုက်စရာမလိုဘဲ နှစ်လေးငါးရာကြာတာနဲ့ ယွီဂျင်ဂိုဏ်းဟာ ရန်ကျင့်ကြံခြင်းလောကရဲ့ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်လာမှာပါ။ အခုတော့ လမ်းခုလတ်မှာပဲ အန္တရာယ်နဲ့ ရင်ဆိုင်ရပါပြီ။
လီချင်းဇဲ့ဟာ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။ သူ ဂိုဏ်းချုပ်ဖြစ်လာကတည်းက ဂိုဏ်းအတွက် အများကြီး စတေးခံရသလို ဒုက္ခအများကြီးလည်း ခံစားခဲ့ရပါတယ်။ နောက်ဆုံးတော့ ဘာမှမကျန်ပါလား။ လီချင်းဇဲ့ဟာ သက်ပြင်းချပြီး မတ်တတ်ရပ်လိုက်ပါတယ်။
“အကြီးအကဲဟန် သိမ်းစရာရှိတာ သိမ်းထားချည်၊ ကြာမှ အများဆုံးသုံးရက်ပေါ့... ကျုပ်တို့တွေ ပင်လယ်ရပ်ခြားကို ထွက်ပြေးပြီး ဘိုးဘေးနောက် လိုက်ကြတာပေါ့”
ဟန်ကျွယ်က ချက်ချင်းပြောလိုက်ပါတယ် “ဂိုဏ်းချုပ် ဘာတွေပြောနေတာလဲ၊ ကျုပ်တောင် ထွက်မပြေးဘဲ ဂိုဏ်းချုပ်က ဘာလို့ထွက်ပြေးရမှာလဲ”
လီချင်းဇဲ့ဟာ မှင်သက်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “အကြီးအကဲဟန်... ဘာကိုဆိုလိုတာလဲ”
“သူတို့ လာချင်သလောက် လာပါစေ၊ ယွီဂျင်ဂိုဏ်းမှာ ကြောက်စရာအကောင်းဆုံးက ဘိုးဘေးမဟုတ်ဘူးဆိုတာ သူတို့နားလည်သွားလိမ့်မယ်”
ဟန်ကျွယ်ဟာ သူ့ရန်သူအဖြစ် နတ်ဆိုင်းနိုင်ဂိုဏ်းကိုပဲ သတ်မှတ်ထားတာပါ။ ရန်ကျင့်ကြံခြင်းလောကက ဂိုဏ်းတွေကို စိတ်ထဲတောင် မထည့်ပါဘူး။
‘ဟင်း... မင်းတို့ကများ ငါ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရဲတယ်၊ မင်းတို့တွေကို မပြန်လမ်းဆီ ပို့ပေးမယ်’
ဟန်ကျွယ်စကားကြောင့် လီချင်းဇဲ့ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ကို သူ ကောင်းကောင်းကြီး နားလည်ပါတယ်။ သေမှာကြောက်တဲ့ ဟန်ကျွယ်က ဒီလိုစကာမျိုးပြောရဲတာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေလို့ပဲ ဖြစ်ရမယ်။
“အကြီးအကဲဟန်... အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ” လီချင်းဇဲ့ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မေးလိုက်ပါတယ်။
“ဘိုးဘေးကိုမီဖို့ နည်းနည်းလိုသေးတယ်”
ဟုတ်ပါတယ်။ ဘိုးဘေးကိုမီဖို့ နည်းနည်းလိုပါသေးတယ်။
ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတီကို သတ်ဖို့ မိနစ်ဝက်အချိန်ယူရပါတယ်။
ဒီလိုဖြစ်ရတာဟာ တာအိုသခင်ကျိုးတီရဲ့ ကိုယ်ဖော့သိုင်းတွေက ကက်သီးကတ်သတ်နိုင်လွန်းလို့ပါ။
အတန်ကြာတဲ့အခါမှာတော့ လီချင်းဇဲ့ဟာ လိုဏ်ဂူအပြင်ကို ထွက်သွားပါတယ်။
လိုဏ်ဂူအပြင်ဘက်ကို ရောက်လာတဲ့ လီချင်းဇဲ့ဟာ အခုအချိန်ထိ တအံတဩ ဖြစ်နေတုန်းပါပဲ။ သူ့ကိုယ်သူ အိပ်မက်မက်နေတယ်လို့ ခံစားနေရပါတယ်။
လီချင်းဇဲ့ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းက အစွမ်းထက်ဆုံးလူကို စစ်ဆေးလိုက်ပါတယ်။
ယွီဂျင်ဂိုဏ်းထဲမှာ ဟန်ကျွယ်လွဲရင် အစွမ်းထက်ဆုံးလူက ကွမ်းယိုကုန်း ဖြစ်နေတုန်းပါပဲ။
ရန်သူတစ်ယောက်မှလည်း ပုန်းအောင်းမနေပါဘူး။
ဟန်ကျွယ်ဟာ နည်းနည်းတောင် နှမြေတသ ဖြစ်သွားပါတယ်။
လီချန်းလုံ ဘယ်ရောက်နေတာလဲ။ ငါ့ကျိန်စာကြောင့် သေများသေသွားပြီလား။ ဟန်ကျွယ်ဟာ လီချန်းလုံကို သင်ခန်းစာပေနိုင်မဲ့နေ့ကို စောင့်မျှော်နေတာပါ။ ဒါပေမဲ့ လီချန်းလုံက ရေထဲကျသွားတဲ့ ကျောက်တုံးလို ပျောက်သွားလိုက်တာ အခုအချိန်ထိ ပြန်မပေါ်လာသေးပါဘူး။
‘နှမြောဖို့ကောင်းလိုက်တာ’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒေါသပြေအောင် ရှောင်အယ်ကို ရက်အနည်းငယ် ကျိန်စာတိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
…
တစ်နှစ်ကြာပြီးနောက်။
ရန်ကျင့်ကြံခြင်းလောကဟာ ဖရိုဖရဲဖြစ်နေပါပြီ။
မော့ဖူချိုဟာ သတ်ဖြတ်မှုကြောင့် နာမည်ကျော်လာပါတယ်။ လက်ယာဂိုဏ်းနဲ့ လက်ဝဲဂိုဏ်းတွေဟာ မဟာမိတ်ဖွဲ့ပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။ ဒီထဲမှာ ဂိုဏ်းဆယ့်ကိုးဂိုဏ်း ပါဝင်ပါတယ်။
ဒီကိစ္စဟာ ရန်ကျင့်ကြံခြင်းလောကတစ်ခုလုံး ပျံ့နှံ့သွားပြီး ပါးစပ်ဖျားက မချရတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။
ဒါပေမဲ့ ယွီဂျင်ဂိုဏ်းက အသွားအလာမပျက်တာကြောင့် ဂိုဏ်းဆယ့်ကိုးဂိုဏ်းဟာ နည်းနည်း ထိတ်လန့်သွားကြပါတယ်။ ဂိုဏ်းဆယ့်ကိုးဂိုဏ်းဟာ တာအိုသခင်ကျိုးတီ ပြန်လာမှာကို ကြောက်တာကြောင့် အလျင်စလို မလှုပ်ရှားရဲကြပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံနေရာကနေ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ရင်းနီးတဲ့ရောင်ဝါတစ်ခုကို ခံစားလိုက်ရတာကြောင့် ဟန်ကျွယ်ဟာ သူ့အာရုံကို ချက်ချင်းဖြန့်ကျက်လိုက်ပါတယ်။
ဟင်္သာဓားဂိုဏ်း ဟွမ်ဂျိဟောင်။
ဒီအချိန်မှာ ဟွမ်ဂျိဟောင်ဟာ မြစ်ငယ်လေးတစ်ခုရဲ့ နံဘေးမှာရပ်ပြီး ယွီဂျင်ဂိုဏ်းရဲ့ တောင်ထိပ် ၁၈ ထိပ်ကို မျှော်ကြည့်နေပါတယ်။ သူ့အမူအရာက ဘာမထီတဲ့အမူအရာမျိုးပါ။ ဟွမ်ဂျိဟောင်ဟာ အပြင်ပန်းမှာ တည်ငြိမ်ပုံပေါ်ပေမဲ့ အတွင်းထဲမှာတော့ ယောင်ယက်ခတ်နေပါတယ်။
“မင်း ဘယ်လိုဖြစ်ပြီး ထပ်ရောက်လာတာလဲ”
ရုတ်တရက် နားထဲဝင်လာတဲ့ ဟန်ကျွယ်အသံကြောင့် ဟွမ်ဂျိဟောင်ဟာ တုန်ယင်သွားပြီး ချက်ချင်း ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... အထင်မလွဲပါနဲ့၊ ကျုပ်က တာအိုရောင်းရင်းဆီ အလည်လာတာပါ၊ ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ဖို့လာတာ မဟုတ်ပါဘူး”
‘ငါ့ဆီ လာလည်တာလား’
ဟန်ကျွယ်ဟာ ဝေခွဲမရဖြစ်သွားပြီး တိုက်သင့် မတိုက်သင့် စဉ်းစားလိုက်ပါတယ်။
ဟန်ကျွယ်ဆီက အဖြေမရတာကြောင့် ဟွမ်ဂျိဟောင်ဟာ ပိုပြီးတော့ ထိတ်လန့်သွားပါတယ်။
“မကြာသေးခင်က တစ်ယောက်ယောက်က လက်ယာ လက်ဝဲဂိုဏ်းတွေကို ဦးဆောင်ပြီး ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ထားတယ်၊ ဟင်္သားဓားဂိုဏ်းချုပ်က ကျုပ်ကိုလွှတ်ပြီး ယွီဂျင်ဂိုဏ်းက အကူညီလိုမလို စုံစမ်းခိုင်းလိုက်တာ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဟင်္သာဓားဂိုဏ်းက မဟာမိတ်အဖွဲ့ကို နောက်ကျာဓားနဲ့ထိုးဖို့ ကြိုးစားနေတာလား’
ဟန်ကျွယ်ဟာ အသံလွှင့်စကားနည်းနဲ့ ပြန်ပြောလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းက ဘယ်သူ့အကူအညီမှ မလိုဘူး၊ ယွီဂျင်ဂိုဏ်းကို လာတဲ့သူမှန်သမျှ မပြန်လမ်း မြန်းရလိမ့်မယ်”
ဟန်ကျွယ်စကားကြောင့် ဟွမ်ဂျိဟောင်ရဲ့ နှလုံးဟာ ပြင်းပြင်းတုန်ခါသွားပါတယ်။
တော်တော်အထက်စီးဆန်တဲ့ လေသံပါလား။
တစ်ခြားသူဆိုရင် ဟွမ်ဂျိဟောင်ဟာ ကျိန်းသေပေါက် သရော်မိမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဆိုရင်တော့ ပြောသလိုဖြစ်အောင် ကျိန်းသေပေါက် လုပ်နိုင်ပါလိမ့်မယ်။
“ဒါပေမဲ့... ဒီကိစ္စက သံသယဝင်စရာကောင်းတယ်၊ ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိရမယ်၊ မင်းတို့ ဟင်္သာဓားဂိုဏ်းက ဒီလက်မည်းကိုရှာဖွေနိုင်ရင် ဟင်္သာဓားဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး”
ဟန်ကျွယ်စကားကြောင့် ဟွမ်ဂျိဟောင်ဟာ အံအားသင့်သွားပါတယ်။
[ဟွမ်ဂျိဟောင်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပြီ ဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်တဲ့အခါမှာ ဆွံအသွားပါတယ်။
‘အာ... ဒီကောင်က...’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။