အခန်း (၃၈၁-၃၈၂)
Vol. 39 Ch. 381-382
အခန်း (၃၈၁)
ယန်မင်တောင်ကြားတံခါးအတွင်းရှိ မြို့သခင်အိမ်တော်၌ ရှောင်မိုက သူ၏လက်မောင်းမှ ဒဏ်ရာအတွက် ဆေးပတ်တီး လဲလှယ်ပေးနေလေ၏။ ရှောင်မိုသည် သာမန်ဆေးဖက်ဝင်အပင် အနည်းငယ်ကိုသာ အသုံးပြုခဲ့ပြီးနောက် သန့်ရှင်းသော အဝတ်ဖြူတစ်စဖြင့် ရစ်ပတ်စည်းနှောင်လိုက်ပေသည်။
"အစ်ကိုမို၊ ဝိညာဉ်ဆေးတချို့ ယူမသုံးဘူးလား" ဟု ရှောင်ကွေ့က မခံစားနိုင်တော့သည့်အလား ဝင်ရောက်ပြောဆိုလာလေတော့သည်။
"မလိုပါဘူး" ရှောင်မိုက ခေါင်းယမ်းပြလိုက်ရင်း "တပ်ထဲမှာ ဝိညာဉ်ဆေးနဲ့ ဝိညာဉ်ဆေးပင်တွေ သိပ်မကျန်တော့ဘူးလေ၊ ညီအစ်ကိုတွေအတွက် ချွေတာနိုင်သလောက် ချွေတာရမှာပေါ့၊ ငါ့ခန္ဓာကိုယ်က အဆင်ပြေပါတယ်၊ နာလန်ထမြန်ပါတယ်။"
အဝတ်ဖြူကို တင်းကျပ်စွာ စည်းနှောင်ပြီးနောက် ရှောင်မိုက မတ်တပ်ထရပ်လိုက်လေ၏။ "ပင်မခန်းမဆောင်ဆီ သွားရအောင်၊ ဝေ့တိုင်းပြည်က သံတမန်ကို အကြာကြီး ပေးစောင့်ထားလို့ မဖြစ်ဘူးလေ။"
"ဟုတ်ကဲ့"
ရှောင်ကွေ့က ရှောင်မို၏နောက်မှ ကပ်လျက်လိုက်ပါသွားပြီး မြို့သခင်အိမ်တော်၏ ပင်မခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားကြလေတော့သည်။
ဝေ့တိုင်းပြည်မှ သံတမန်မှာ ပင်မခန်းမဆောင်အတွင်း၌ ကြိုတင်စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်ချေပြီ။
"ရှောင်မိုက အဝေးကနေ ခရီးဦးကြို မပြုနိုင်ခဲ့တဲ့အတွက် လေးစားအပ်တဲ့ သံတမန်ကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။"
ရှောင်မိုက ရှေ့သို့ လျှောက်လှမ်းသွားကာ လက်ကိုယှက်၍ ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်လေ၏။
"စစ်သူကြီးရှောင်က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ။ စစ်သူကြီးရှောင်မှာ တာဝန်ဝတ္တရားတွေ များပြားလှတာမို့ အလုပ်များနေတာက သဘာဝကျပါတယ်" ဟု ဝေ့တိုင်းပြည်သံတမန် မန်ချန်က အပြုံးဖြင့် ဆိုလာလေသည်။ "စစ်သူကြီးရှောင်က အမိန့်တော်ကို ခံယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သိချင်ပါတယ်။"
"ဒါကတော့ သဘာဝပါပဲ။" ရှောင်မိုက ခေါင်းညိတ်ပြလိုက်လေ၏။
မန်ချန်သည် သူ၏လက်ထဲရှိ အမိန့်တော်ပြန်တမ်းကို ဖြန့်ကျက်လိုက်ပြီးနောက် အသံနေအသံထားဖြင့် ဖတ်ကြားလေတော့သည် "ရှောင်မို၊ အမိန့်တော်ကို ခံယူလော့။"
ရှောင်မိုက ဦးညွှတ်ကာ လက်ယှက်လျက် "လက်နက်ချအညံ့ခံတဲ့ စစ်သူကြီး ရှောင်မိုက အမိန့်တော်ကို ခံယူပါတယ်။"
"ဆီးနှင်းမင်းသား ရှောင်မိုသည် နတ်ဘုရားတစ်ပါးကဲ့သို့ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး မဟာဗျူဟာမြောက် ဉာဏ်ပညာပါရမီကိုလည်း ပိုင်ဆိုင်ထားပေသည်။ မြို့ပြစီမံအုပ်ချုပ်ရေးတွင် ကောင်းကင်နှင့်မြေကြီးကိုပင် ယက်လုပ်နိုင်စွမ်းရှိပြီး၊ စစ်ရေးစစ်ရာကိစ္စများတွင်လည်း လေနှင့်တိမ်တိုက်များကိုပင် စေခိုင်းနိုင်စွမ်းရှိပေသည်။ သူသည် လူ့လောကတွင် အမှန်တကယ် ရှားပါးလှသော ချီလင်နှင့် ဖီးနစ်ငှက်ကဲ့သို့ ထူးကဲမွန်မြတ်သူ ဖြစ်ပေ၏။
ယခင် ဝေ့တိုင်းပြည် စစ်ဆင်ရေးကာလအတွင်းက ဆီးနှင်းကြက်သွေးမြို့တော်အောက်ရှိ တိုက်ပွဲကြီးမှာ စကြဝဠာတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။ သူက ပိုးသားကို ဆုတ်ဖြဲကာ လှံကို ဝှေ့ယမ်းတိုက်ခိုက်နေချိန်တွင် ဂီတပညာရှင် ကျူးကျန့်က မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားကာ နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်းကို ရေးစပ်သီကုံးခဲ့ပေသည်။ ထိုဂီတသံစဉ်သည် ကောင်းကင်ဘုံကိုးလွှာကိုပင် တုန်လှုပ်စေခဲ့ပြီး ၎င်း၏ဝိညာဉ်မှာ တောင်တန်းများနှင့် မြစ်ရေများကိုပင် မြိုချနိုင်စွမ်းရှိကာ ပင်လယ်လေးစင်းတစ်ခွင်လုံးတွင် ချီးကျူးထောပနာပြုခြင်း ခံနေရပေသည်။ ငါကိုယ်တော်သည် ဝေ့နန်းတော်အတွင်း၌ နေထိုင်ရသော်လည်း သင်၏အပြုအမူများကို ကြာမြင့်စွာကတည်းက လေးစားအားကျနေခဲ့မိပေသည်။
ယခင်က မြောက်ပိုင်းတပ်မတော်သည် သူတို့၏ စစ်သည်အင်အားကို စုစည်းခဲ့ပြီး ငါတို့ ဝေ့တိုင်းပြည်နှင့် ယာယီ ပွတ်တိုက်မှုများ ရှိခဲ့သော်ငြားလည်း စစ်ရေးစစ်ရာ ကိစ္စရပ်များဟူသည် မိမိ၏ သခင်အတွက်သာ တိုက်ပွဲဝင်ရခြင်းဖြစ်ပေသည်။ ပညာရှင်မွန်တစ်ဦး၏ နှလုံးသားသည် နေနှင့်လကိုပင် တိုင်းတာနိုင်စွမ်းရှိရပေမည်။
ယခုအခါ အမတ်ကြီး ရှောင်က ကြီးကျယ်ခမ်းနားသော ရေစီးကြောင်းကို နားလည်သဘောပေါက်ပြီး ကောင်းကင်ဘုံ၏ အလိုတော်ကို အသိအမှတ်ပြုကာ အမှောင်ထုကို စွန့်ခွာ၍ အလင်းရောင်ဆီသို့ ကူးပြောင်းလာပြီး အလံကိုလွှင့်ထူကာ ပြန်လည်ရောက်ရှိလာချေပြီ။ ဤသည်မှာ ငါကိုယ်တော်၏ ကံကောင်းမှုတစ်ခုသာမက ဝေ့တိုင်းပြည်အတွက်လည်း အမှန်တကယ် ကောင်းချီးမင်္ဂလာတစ်ရပ် ဖြစ်ပေသည်။
ဆီးနှင်းမင်းသားဟူသော ဘွဲ့အမည်မှာ တစ်ချိန်က ကောင်းကင်အောက်ရှိ လူတိုင်း၏ လေးစားအားကျမှုကို ခံခဲ့ရပေသည်။ ယခုအခါ ငါကိုယ်တော်သည် ကောင်းကင်ဘုံ၏ အလိုတော်ကို ခံယူလျက် ရှောင်မိုအား ဝေ့တိုင်းပြည်၏ ဆီးနှင်းမင်းသားဟူသော ဘွဲ့ကို အပ်နှင်းလိုက်ပြီး၊ ပြည်နယ်သုံးခု၏ မြေယာကိုပါ ပေးအပ်ချီးမြှင့်လိုက်သည်။ ပုဆိန်နှင့် စစ်တံခွန်တို့ကိုလည်း ဆုချီးမြှင့်ပြီး မဟာအမတ်ကြီးသုံးဦးနှင့် တန်းတူအဆင့်အတန်းရှိသော ရုံးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ပေးလိုက်ပေသည်။
စတုတ္ထမင်းသမီး ရွှီရှန်းကဲသည် နူးညံ့သိမ်မွေ့ပြီး မွန်မြတ်ကာ ဉာဏ်ပညာကြီးမားသူဖြစ်ပြီး အင်ပါယာ၏ ကံကောင်းခြင်းများကို စုစည်းထားသူဖြစ်ပေသည်၊ သူမအား မင်းနှင့် လက်ဆက်ပေးလိုက်ပေသည်။
ကိုယ်ေတော်တို့သည် မင်္ဂလာရှိသော နေ့ရက်တစ်ရက်ကို ရွေးချယ်၍ အနက်ရောင်နှင့် ကြက်သွေးရောင် ပိုးထည်များနှင့် ကျောက်စိမ်းများကို ပြင်ဆင်ကာ ဓလေ့ထုံးတမ်းခြောက်ရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ တောင်တန်းများနှင့် မြစ်ရေများကို မဟာမိတ်အဖြစ် ထားရှိကာ နေနှင့်လကို သက်သေအဖြစ် ထားရှိမည်ဖြစ်ပေသည်။
မင်းသားနှင့် မင်းသမီးတို့သည် စောင်းနှင့် ပုလွေတို့ကဲ့သို့ လိုက်ဖက်ညီစွာဖြင့် သဟဇာတဖြစ်စွာ နေထိုင်သွားကြပြီး နိုင်ငံတော်၏ အုတ်မြစ်ကို ထာဝစဉ် ခိုင်မာစေရန် ငါကိုယ်တော် ဆန္ဒပြုပါသည်။"
"လက်နက်ချအညံ့ခံတဲ့ စစ်သူကြီး ရှောင်မိုက အရှင်မင်းမြတ်ကို ကျေးဇူးတော် တင်ရှိပါတယ်။"
စကားသံအဆုံးတွင် ရှောင်မိုသည် အမိန့်တော်ကို ခမ်းနားလေးနက်စွာဖြင့် လက်ခံယူလိုက်လေတော့သည်။
"ဆီးနှင်းမင်းသား၊ အခု အရှင်မင်းမြတ်က အမိန့်တော်ကို ထုတ်ပြန်လိုက်ပြီဆိုတော့ ခင်ဗျားနဲ့ကျုပ်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပါပြီ။ ဆီးနှင်းမင်းသားအနေနဲ့ မြို့တံခါးတွေကို ဘယ်တော့လောက် ဖွင့်ပေးမလဲဆိုတာ သိချင်ပါတယ်" ဟု မန်ချန်က အပြုံးဖြင့် ဆိုလာလေသည်။
"မြို့တံခါးတွေကတော့ သဘာဝကျကျ ဖွင့်ပေးမှာပါ။" စကားပြောနေစဉ် ရှောင်မို၏ အသံမှာ အလိုအလျောက် တိုးဝင်သွားလေ၏။ "ဒါပေမဲ့ လေးစားရတဲ့ သံတမန်ကြီးအနေနဲ့ ခဏလောက် စောင့်ဆိုင်းပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြောက်ပိုင်းတပ်မတော်ထဲမှာ လူတိုင်းက လက်နက်ချဖို့ ဆန္ဒရှိနေကြတာတော့ မဟုတ်ဘူးလေ။ စိတ်သဘောထားမတိုက်ဆိုင်တဲ့ လူတချို့ကို ကျွန်တော် ကိုင်တွယ်ဖြေရှင်းရဦးမယ်။"
"နားလည်ပါတယ်၊ နားလည်ပါတယ်။" မန်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျွန်တော် နားလည်ပါတယ်ဟူသော အမူအရာကို ပြသလာလေ၏။ "စစ်သူကြီးရှောင်အနေနဲ့ အချိန်ဘယ်လောက်များများ လိုအပ်မလဲဆိုတာလေး သိပါရစေလား။"
"ဒီနှစ်ရက်လောက်ပါပဲ။" ရှောင်မိုက ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်လေသည်။ "သန်ဘက်ခါ နဂါးနာရီရောက်ရင် စစ်သူကြီးကော်ကို ကြိုဆိုဖို့အတွက် မြို့တံခါးတွေကို အကျယ်ကြီး ဖွင့်ထားပေးပါ့မယ်။"
"ကောင်းပါပြီ။" မန်ချန်က အရိုအသေပြုလိုက်လေ၏။ "ဒါဆိုရင် စစ်သူကြီးရှောင်ကို စောင့်နေပါ့မယ်။"
"ပြောရတာ လွယ်ကူပါတယ်ဗျာ။"
ရှောင်မိုက ပြုံးလိုက်ပြီးနောက် ဝေ့တိုင်းပြည်သံတမန် မန်ချန်နှင့် ရင်းနှီးစွာ စကားအနည်းငယ် ထပ်မံဖလှယ်လိုက်ပြီးနောက် တစ်စုံတစ်ဦးကို ခေါ်၍ မန်ချန်အား မြို့ပြင်သို့ လိုက်လံပို့ဆောင်စေလိုက်လေတော့သည်။
မန်ချန် ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ယန်မင်တောင်ကြားတံခါးအတွင်းရှိ မြောက်ပိုင်းတပ်မတော်မှ အဆင့်မြင့် စစ်သူကြီးများအားလုံးသည် ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြလေ၏။
"စစ်သူကြီး။" စစ်သူကြီးများသည် ရှောင်မိုအား အရိုအသေပြုလိုက်ကြပေသည်။
မြို့သခင်၏ အမြင့်ဆုံးထိုင်ခုံပေါ်တွင် ထိုင်နေသော ရှောင်မိုက သူ၏မျက်လုံးထောင့်များကို ပွတ်သပ်လိုက်ရင်း လူတိုင်းအား ပြောဆိုလိုက်လေ၏။ "ဝေ့တိုင်းပြည်ဘက်က ငါ့ရဲ့ လက်နက်ချဖို့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ၊ အမိန့်တော် ပြန်တမ်းလည်း ခုလေးတင် ရောက်လာတယ်။"
စစ်သူကြီးအများအပြားမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။
ရှောင်မိုက အမှန်တကယ် လက်နက်ချရန် ဆန္ဒမရှိကြောင်းကို သူတို့ သဘာဝကျကျပင် သိရှိထားကြပေသည်။
ကျောက်ကွမ်းက ရှေ့သို့ထွက်လာပြီး မေးမြန်းလိုက်လေ၏။ "စစ်သူကြီး၊ ကျွန်တော်တို့က မြို့တံခါးတွေကို ဖွင့်ပေးပြီး ကော်ရှင်းနဲ့ တခြားလူတွေကို မြို့ထဲဖိတ်ခေါ်ပြီးတော့ အိုးထဲက လိပ်တွေလို ဖမ်းချုပ်ပြီး အဆုံးသတ်ပစ်လိုက်ကြမလို့လား။"
"ဟဲ ဟဲ ဟဲ၊ ကော်ရှင်းက အရူးမှ မဟုတ်တာ။" ရှောင်မိုက ခေါင်းယမ်းပြလိုက်လေသည်။ "ငါတို့က သူတို့ကို မြို့ထဲ တိုက်ရိုက်ဖိတ်ခေါ်လိုက်မယ်ဆိုရင်တောင် သူက တကယ် ဝင်လာပါ့မလား။ ဒါ့အပြင် သူက မြို့ကာကွယ်ရေးဝင်္ကပါကို ပိတ်ပစ်ဖို့ သေချာပေါက် တောင်းဆိုလာမှာပဲ။ မြို့ကာကွယ်ရေးဝင်္ကပါကို ပိတ်လိုက်ပြီး မြို့တံခါးတွေကို ဖွင့်ပေးလိုက်တာနဲ့ ကြိုတင်ခန့်မှန်းရခက်တဲ့ ကိစ္စတွေ အများကြီး ဖြစ်လာနိုင်တယ်။"
"ဒါဆိုရင် ကျွန်တော်တို့က ဝေ့တိုင်းပြည်တပ်မတော်ထဲကို ဝင်ရောက်ပူးပေါင်းချင်ယောင်ဆောင်ပြီးတော့ သူတို့ကို ကျောချမ်းသွားအောင် လုပ်ဖို့ အခွင့်အရေးကို စောင့်နေရမှာလား" ဟု ကျန်းတာ့ယုံ အမည်ရှိသော စစ်သူကြီးတစ်ဦးက ဝင်ရောက်ပြောဆိုလာလေ၏။
"မဟုတ်ဘူး။" ရှောင်မို ပြန်မဖြေရသေးမီမှာပင် လီကျင်းက ဝင်ရောက်ပြောဆိုလာခဲ့ချေပြီ။ "ကော်ရှင်းက သူရဲ့ လက်ရှိရာထူးကို အဆက်အသွယ်တွေကနေတစ်ဆင့် ရရှိခဲ့တာဆိုပေမယ့် သူက အရူးတစ်ယောက်တော့ မဟုတ်ဘူး၊ ဝါရင့်စစ်သူကြီးတစ်ဦးပဲ။ ငါတို့သာ ဝေ့တိုင်းပြည်တပ်မတော်ထဲ ပေါင်းစည်းသွားမယ်ဆိုရင် သူတို့ ပထမဆုံးလုပ်မယ့် အလုပ်က ငါတို့ကို ခွဲထုတ်ပစ်ဖို့ပဲ။"
"မှန်တာပေါ့။" ရှောင်မိုက ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ "ပြီးတော့ မင်းတို့က ဝေ့တိုင်းပြည်က ငါ့ကို လက်နက်ချဖို့ ရိုးရိုးသားသား ဖျောင်းဖျနေတယ်လို့ တကယ် ထင်နေကြတာလား။"
ရှောင်မို၏ စကားသံအဆုံးတွင် လူတိုင်း၏ အကြည့်များက ရှောင်မိုထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားလေတော့သည်။
ရှောင်မိုက ဝေ့တိုင်းပြည်၏ အမိန့်တော်ပြန်တမ်းကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ရင်း "မဟာအမတ်ကြီးသုံးဦးနဲ့ တန်းတူအဆင့်အတန်းရှိတဲ့ ရုံးခန်းတစ်ခုကို ဖွင့်လှစ်ပေးတယ်၊ ပြည်နယ်သုံးခုရဲ့ မြေယာတွေကို ချီးမြှင့်တယ်၊ ပြီးတော့ စတုတ္ထမင်းသမီးကိုတောင် ငါနဲ့ လက်ဆက်ပေးမယ်ဆိုတာ ဝေ့တိုင်းပြည်ဘုရင်က တကယ်ပဲ အဲဒီလောက်အထိ ရက်ရောနေတာလား။"
"ဒါဆိုရင် စစ်သူကြီးက ဘာကိုဆိုလိုချင်တာလဲ" ဟု ကျောက်ကွမ်းက မေးမြန်းလိုက်လေ၏။
ရှောင်မိုက ခေါင်းယမ်းပြလိုက်ရင်း "ငါတို့ လက်နက်ချစာ ပေးပို့တဲ့နေ့ကနေ ဒီကနေ့အထိ ဘယ်နှရက်တောင် ကြာသွားပြီလဲ။"
ယန်ချုံးယန်က ပြန်လည်ဖြေကြားလေ၏ "လေးရက်ကြာသွားပါပြီ၊ ပြီးတော့ ကျွန်တော်တို့ ယန်မင်တောင်ကြားတံခါးကို စတင်ကာကွယ်ခဲ့တာကနေဆိုရင် အပြည့်အဝ ရက်နှစ်ဆယ်တိတိ ကြာသွားခဲ့ပါပြီ။"
"ရက်နှစ်ဆယ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်။" ရှောင်မိုသည် ချောင်းအနည်းငယ် ဆိုးလိုက်ပြီးနောက် ပင်မခန်းမဆောင်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း သူ့ကိုယ်သူ စကားပြောနေသည့်အလား ရေရွတ်လိုက်လေသည် "ဆယ်ရက်ပဲ ကျန်တော့တယ်၊ သိပ်မများသလို၊ သိပ်လည်း မနည်းပါဘူးလေ။"
"စစ်သူကြီး။"
မိုင်သုံးဆယ်ခန့်အကွာရှိ ဝေ့တိုင်းပြည်တပ်မတော်၏ စစ်စခန်း၌ကား မန်ချန်သည် အစီရင်ခံတင်ပြရန်အတွက် ပင်မတဲနန်းသို့ ပြန်လည်ရောက်ရှိလာချေပြီ။
ဤအချိန်တွင် ဝေ့တိုင်းပြည်တပ်မတော်မှ စစ်သူကြီးအသီးသီးသည်လည်း စောင့်ဆိုင်းနေကြလေ၏။
"အခြေအနေ ဘယ်လိုလဲ" ကော်ရှင်းက မေးမြန်းလိုက်ရာ သူ၏အသံတွင် စိတ်အားထက်သန်မှု အငွေ့အသက်အချို့ ပါဝင်နေပေသည်။
"ရှောင်မိုက လက်နက်ချဖို့ သဘောတူလိုက်ပါပြီ၊ ပြီးတော့ သူ့ရဲ့သဘောထားက အင်မတန်ကို ယဉ်ကျေးနေပြီး အရင်ကလိုမျိုး မောက်မာနေတာမျိုး မရှိတော့ပါဘူး" မန်ချန်က အမှန်အတိုင်း အစီရင်ခံတင်ပြလိုက်လေ၏။ "ပြီးတော့ ရှောင်မိုက သန်ဘက်ခါကျရင် သူက မြို့ကာကွယ်ရေးဝင်္ကပါကို ပိတ်ပစ်ပြီး မြို့တံခါးတွေကို အကျယ်ကြီး ဖွင့်ထားပေးမယ်လို့လည်း ပြောပါတယ်။"
"ကောင်းတယ်" ကော်ရှင်းက စားပွဲကို စိတ်လှုပ်ရှားစွာဖြင့် ထုရိုက်လိုက်လေသည်။
ယွီယိုက မျက်မှောင်ကြုတ်လိုက်ပြီး ကော်ရှင်းအား ဦးညွှတ်လိုက်လေ၏။ "စစ်သူကြီး၊ ရှောင်မိုက လက်နက်ချလိုက်ပြီဆိုပေမယ့် ရန်သူ့ရဲ့ လှည့်ကွက်တွေကို ကျွန်တော် စိုးရိမ်နေတုန်းပါပဲ။ သန်ဘက်ခါကျရင် ကျွန်တော်တို့ မြို့ထဲကို ဝင်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ရှောင်မိုကို မြို့စောင့်တပ်ဖွဲ့တွေနဲ့အတူ မြို့ပြင်ကို ထွက်လာခိုင်းဖို့ လိုအပ်ပါတယ်။"
"ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်သူကြီးယွီက ထပ်ပြောနေစရာ မလိုတော့ပါဘူး" ကော်ရှင်းက အပြုံးဖြင့် ဆိုလာလေသည်။
"ရှောင်မိုက လက်နက်ချတာမှာ ပေးဆပ်ရမယ့်တန်ဖိုး မရှိဘူးလို့များ ထင်နေတာလား။ ရှောင်မို လက်နက်ချပြီးတာနဲ့ သူက ရှေ့တန်းတပ်ဦးကို ဦးဆောင်ပြီး တိုက်ပွဲဝင်ရမှာပဲ၊ သူ့လက်အောက်က စစ်သည်တွေ အကုန်လုံးနီးပါး သေဆုံးကုန်တဲ့အထိ အသုံးချခံရမှာ။ အဲဒီအချိန်ကျရင် သူက သွားမရှိတော့တဲ့အပြင် လက်တွေခြေတွေပါ ချည်နှောင်ခံထားရတဲ့ ကျားတစ်ကောင် ဖြစ်သွားမှာပဲလေ။ ဘာများ စိုးရိမ်စရာ ရှိသေးလို့လဲ။
နောက်ဆုံးကျရင် သူက ဝေ့တိုင်းပြည် နန်းတွင်းကို ပြန်သွားရမှာပဲ မဟာအမတ်ကြီးသုံးဦးနဲ့ တန်းတူအဆင့်အတန်း ရှိနေတယ်ဆိုတော့ရော ဘာဖြစ်လဲ။
သူ့ကို ပေးသနားထားတဲ့ ပြည်နယ်သုံးခုဆိုတာကလည်း ငါတို့ ဝေ့တိုင်းပြည်ရဲ့ လူသူကင်းမဲ့ပြီး ရိုင်းစိုင်းတဲ့ နယ်မြေတွေ၊ ပြည်နှင်ဒဏ်ပေးခံရတဲ့ နေရာတွေချည်းပဲ။ ရှောင်မို တစ်ယောက် အဲဒီသားရဲဆိုးတွေ၊ လူရိုင်းတွေနဲ့ သွားပြီး ရင်ဆိုင်ပါစေတော့။
စတုတ္ထမင်းသမီးကိစ္စနဲ့ ပတ်သက်ပြီးတော့ကော။ ဟား ဟား ဟား၊ နန်းတော်ထဲက အဲဒီစတုတ္ထမင်းသမီးဆိုတာက သူမရဲ့ အရပ်အမောင်းလောက်ကို ဝပြဲပြီးအလေးချိန် စီးနေတဲ့သူလေ။ ရှောင်မို တစ်ယောက် သွားပြီးတော့ သူ့ရဲ့ ကောင်းချီးမင်္ဂလာကို ခံစားပါစေတော့ကွာ။"
ကော်ရှင်းအနေဖြင့် အခြေအနေအရပ်ရပ်မှာ အတည်တကျ ဖြစ်သွားပြီဟု ယူဆနေစဉ်မှာပင် ရက်နှစ်ရက်က အလျင်အမြန် ကုန်ဆုံးသွားခဲ့ချေပြီ။
တတိယမြောက်နေ့၏ နံနက်ခင်း။
ကော်ရှင်းသည် တပ်မတော်ကို လှုပ်ရှားစေခဲ့ပြီး စစ်စခန်းအပြင်ဘက်တွင် စုရုံးကာ ရှောင်မိုမှ မြို့တံခါးများကို အကျယ်ကြီး ဖွင့်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေလေတော့သည်။
မည်သို့ပင်ဆိုစေကာမူ ယန်မင်တောင်ကြားတံခါးဘက်မှ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိခဲ့ပေ။ မြို့ရိုးပေါ်ရှိ စစ်သည်များသည် ရုပ်တုများကဲ့သို့ မားမားမတ်မတ် ရပ်လျက် ဝေ့တိုင်းပြည်တပ်မတော်ဘက်သို့ စူးရဲစွာ စိုက်ကြည့်နေကြဆဲပင် ဖြစ်လေတော့သည်။
အခန်း (၃၈၂)
ကော်ရှင်းသည် တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏ဘေးတွင်ရှိသော မန်ဟောက်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်လေ၏။ သူ၏အကြည့်များက "ရှောင်မိုက ချန်နာရီရောက်ရင် မြို့တံခါးတွေ ဖွင့်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဟု မေးငေါ့နေသည့်အလား ပေါ်လွင်နေပေသည်။
မန်ဟောက်၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေချေပြီ။ သူက ရှေ့သို့ လှမ်းထွက်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မြို့ရိုးဘက်သို့ လှမ်းအော်လိုက်လေတော့သည် "ဆီးနှင်းမင်းသား... ချိန်းဆိုထားတဲ့အချိန် ရောက်လာခဲ့ပြီပဲ၊ ဘာလို့ ထွက်မလာသေးတာလဲ။"
မန်ဟောက်၏ အသံကြီးက မြို့ရိုးအောက်ရှိ လွင်ပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေ၏။
ခဏအကြာတွင် လီကျင်းက မြို့ရိုးပေါ်သို့ တက်လာပြီး မန်ဟောက်နှင့် အခြားသူများကို လှမ်းပြောလိုက်ပေသည် "ကျွန်တော့်ရဲ့ စစ်သူကြီးက မနေ့က ရုတ်တရက် အအေးမိဖျားနာသွားလို့ပါ။ ဖျားနာနေတဲ့ ခန္ဓာကိုယ်နဲ့ ဧည့်သည်တွေကို တွေ့ဆုံရတာက တကယ်ကို ရိုင်းစိုင်းလွန်းရာကျတဲ့အတွက် စစ်သူကြီးကော်ကို အသိပေးခိုင်းလိုက်တာပါ။ စစ်သူကြီးကော်အနေနဲ့ နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်ပေးပါဦး။ ကျွန်တော့်ရဲ့ စစ်သူကြီး နာလန်ထလာတာနဲ့ ခင်ဗျားတို့ကို တွေ့ဆုံဖို့ မြို့တံခါးတွေကို ကိုယ်တိုင် ဖွင့်ပေးပြီးတော့ အခုလို ပျက်ကွက်ခဲ့ရတာတွေအတွက် တောင်းပန်ပါလိမ့်မယ်။"
လီကျင်း၏ စကားကို ကြားလိုက်ရသောအခါ ကော်ရှင်း၏ မျက်မှောင်များ တွန့်ချိုးသွားကာ မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး သူ၏ရင်အုပ်မှာလည်း ဒေါသကြောင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရလေတော့သည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်က အအေးမိဖျားနာရတယ်လို့လား။
ရှောင်မိုက ဘယ်လို ကစားပွဲမျိုးကို ကစားနေတာလဲ။
ပြီးတော့ သူတို့က နောက်ထပ် နှစ်ရက် ထပ်စောင့်ရဦးမယ်တဲ့လား။
သူက နှစ်ရက်လောက် ထပ်စောင့်နိုင်ပေမယ့် ပိရွှေမြို့ကကော စောင့်နိုင်ပါ့မလား။
ဤအချိန်တွင် အရာအားလုံးသည် ရှောင်မို၏ အကြံအစည်တစ်ခုသာ ဖြစ်ကြောင်းကို ကော်ရှင်း မည်သို့မျှ မသိဘဲ နေပါမည်နည်း။
ယန်မင်တောင်ကြားတံခါးက အစကတည်းက လက်နက်ချဖို့ လုံးဝ ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူးပဲ။
သူက အချိန်ဆွဲနိုင်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုနေခဲ့တာပဲ ဖြစ်ပေမည်။
အလွန်အမင်း ဒေါသထွက်သွားသော ကော်ရှင်းက မည်သည့်စကားကိုမျှ ထပ်မပြောတော့ချေ။ သူသည် ယန်မင်တောင်ကြားတံခါးကို ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်လေသည် "တပ်ဖွဲ့ဝင်အားလုံး မြို့ကို တိုက်ခိုက်ကြ၊ ယန်မင်တောင်ကြားတံခါးကို သေတဲ့အထိ တိုက်ကြစမ်း။"
ထို့ကြောင့် မြို့သိမ်းတိုက်ပွဲကြီး ပြန်လည်စတင်သွားလေတော့၏။
ရှစ်ရက်တောင် မကျန်တော့သည့်အပြင် ရှောင်မို၏ လှည့်စားကစားခြင်းကိုပါ ခံလိုက်ရသောကြောင့် ဝေ့တပ်မတော်မှ စစ်သူကြီးများစွာမှာလည်း အလွန်အမင်း ဒေါသထွက်နေကြကာ ယခင်ကထက်ပင် ပို၍ အသည်းအသန် တိုက်ခိုက်လာကြလေသည်။
သို့သော် ရှောင်မိုတို့ဘက်တွင်မူ ရက်သုံးဆယ်ကြာ ကာကွယ်ရမည့် တာဝန်အတွက် ရှစ်ရက်သာ ကျန်ရှိတော့ပေသည်။ အရုဏ်ဦးက သူတို့ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤမျှော်လင့်ချက် ရောင်ခြည်လေးက မြို့အတွင်းရှိ စစ်သည်အားလုံး၏ နောက်ဆုံးထွက်သက်ကို ထိန်းထားပေးနေခြင်းပင် ဖြစ်လေရာ မြို့ကို ကာကွယ်လိုသည့် သူတို့၏ စိတ်ဓာတ်ခွန်အားများက မည်သို့လုပ် ယခင်ကထက် အားနည်းသွားနိုင်ပါမည်နည်း။
သိပ်မကြာမီမှာပင် ဖျားနာနေပါသည်ဆိုသော ရှောင်မိုသည် မြို့ရိုးပေါ်သို့ ထပ်မံရောက်ရှိလာပြီး တိုက်ပွဲကို ဆက်လက်ကွပ်ကဲကာ ဝေ့တပ်မတော်ကို ခုခံတိုက်ခိုက်လေတော့သည်။
ရှောင်မို၏ ပုံစံကို မြင်လိုက်ရသောအခါ ကော်ရှင်းမှာ ဒေါသထွက်လွန်းသဖြင့် မြို့ရိုးပေါ်သို့ ကိုယ်တိုင်တက်ကာ ရှောင်မို၏ ခေါင်းကို ခုတ်ဖြတ်ပစ်ချင်စိတ်များပင် ပေါက်သွားရလေ၏။
နောက်ရက်အနည်းငယ်အတွင်း ကော်ရှင်းသည် သေဆုံးဒဏ်ရာရမှုများကို လုံးဝ ဂရုမစိုက်တော့ချေ။
အကယ်၍ ယန်မင်တောင်ကြားတံခါးက မကျဆုံးသေးဘဲ တောင်ပိုင်းနယ်စပ်ရှိ ကျန်ရှိနေသော မြို့ဆယ့်တစ်မြို့သာ ကျဆုံးသွားခဲ့မည်ဆိုလျှင် ဝေ့တိုင်းပြည်သည် အလုံးစုံ အရေးနိမ့်သည့် အခြေအနေသို့ ကျရောက်သွားမည် ဖြစ်ပေသည်။ ဤသေဆုံးဒဏ်ရာရမှုလောက်က ဘာများ အရေးပါတော့မည်နည်း။
ကော်ရှင်းသည် သူ၏ စစ်သည်အင်အား ငါးသိန်းရှိသော တပ်မတော်ကို အဖွဲ့ငါးဖွဲ့ခွဲကာ မြို့ကို အလှည့်ကျ တိုက်ခိုက်စေခဲ့ပြီး ယန်မင်တောင်ကြားတံခါးကို အသက်ရှူချိန်လေး တစ်ခဏမျှပင် မပေးခဲ့ပေ။
ယန်မင်တောင်ကြားတံခါး၏ မြေမျက်နှာသွင်ပြင် အနေအထားကြောင့်သာ မြို့သိမ်းတိုက်ပွဲအတွက် စစ်သည်အင်အား ပိုမိုချထား၍ မရခြင်းသာ ဖြစ်ပေသည်။
မဟုတ်လျှင် ကော်ရှင်းက နောက်ထပ် စစ်ကူအင်အား ငါးသိန်းကိုပင် ထပ်မံတောင်းဆိုပြီး စစ်သည်အင်အား တစ်သန်းဖြင့် ရှောင်မိုကို တိုက်ရိုက် နစ်မြုပ်ပစ်လိုက်ချင်မည်သာ ဖြစ်လေ၏။
ဝေ့တိုင်းပြည် တပ်မတော်၏ တိုက်ခိုက်မှုအောက်တွင် ရှောင်မိုသည် နေ့ရောညပါ ထမင်းတစ်နပ်မျှပင် မစားနိုင်ဘဲ တိုက်ပွဲကို ကွပ်ကဲခဲ့ရပြီး တပ်ဖွဲ့များကို အဆက်မပြတ် နေရာချထားကာ ကာကွယ်ရေးတာဝန်များကို အလှည့်ကျ စီစဉ်ပေးခဲ့ရလေသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်မိုသည် ယန်မင်တောင်ကြားတံခါးအတွင်းမှ လူတစ်သောင်းကျော်ကိုလည်း စုဆောင်းနိုင်ခဲ့ပေသည်။
ထိုလူတစ်သောင်းကျော်မှာ ဝေ့တိုင်းပြည်မှ ဖြစ်သော်ငြားလည်း ယခင်မြို့သခင်များသည် ရက်စက်ကြမ်းကြုတ်ခဲ့ကြပြီး ဝေ့တိုင်းပြည်ဘုရင်ကလည်း အခွန်အတုတ်များကို ကြီးလေးစွာ ကောက်ခံခဲ့သောကြောင့် ပြည်သူများ၏ ဘဝမှာ အလွန်အမင်း ဆင်းရဲဒုက္ခရောက်ခဲ့ရပေသည်။ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော ရှောင်မိုကမူ နေ့စဉ်နေ့တိုင်း ဆန်ပြုတ်များ ဝေငှပေးခြင်း၊ စစ်သည်တစ်ဦးတစ်ယောက်မျှ ပြည်သူများကို အနှောင့်အယှက်မပေးစေရန် တင်းကျပ်စွာ တားမြစ်ထားခြင်း စသည့် ကရုဏာတရားထားရှိမှုများက သိသိသာသာကို ကွာခြားလွန်းနေခဲ့ချေပြီ။
သူတို့အနေဖြင့် ယန်မင်တောင်ကြားတံခါးကို ဝေ့တိုင်းပြည်ထံသို့ ပြန်လည်ပေးအပ်လိုက်ပြီး အရင်ကလို တိရစ္ဆာန်တွေလို ဆက်လက်ရှင်သန်နေထိုင်ရမည့်အစား...
စစ်သူကြီးရှောင်နှင့်အတူ အလောင်းအစား လုပ်လိုက်တာကမှ ပိုကောင်းဦးမည်ဟု ခံစားခဲ့ကြရလေ၏။
ဒါ့အပြင် သူတို့က စစ်သူကြီးရှောင်ကို အမှန်တကယ် ကူညီပြီး တောင့်ခံနိုင်ခဲ့မယ်ဆိုရင် ချင်တိုင်းပြည်ဆီကရမယ့် ဆုလာဘ်တွေက နည်းပါ့မလား။
ထို့အပြင် စစ်သည်များကို စိတ်ဓာတ်ခွန်အား တက်ကြွစေရန်အတွက်...
ရှောင်မိုသည် နေ့စဉ်နေ့တိုင်း မြို့ရိုးပေါ်တွင် ကျန်းအက္ခရာစာလုံးများကို ထွင်းထုစေခဲ့ပေသည်။
ထို ကျန်းအက္ခရာစာလုံးများသည် ကာကွယ်ရေးရက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး တစ်ရက်ကုန်ဆုံးသွားတိုင်း မျဉ်းတစ်ကြောင်းကို ထပ်တိုး၍ ရေးဆွဲရခြင်း ဖြစ်လေ၏။
စစ်သည်များစွာသည် ပြီးပြည့်စုံလုနီးပါးဖြစ်နေသော ကျန်း အက္ခရာစာလုံး ခြောက်လုံးကို ကြည့်ရှုရင်း သူတို့အနေဖြင့် အနည်းငယ် ထပ်မံတောင့်ခံလိုက်နိုင်ပါက အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ခံစားခဲ့ကြရပေသည်။
ရက်သုံးဆယ်ပြည့်ရန် ငါးရက်သာ ကျန်ရှိတော့သည့်အချိန်တွင်မူ...
မြို့တွင်းရှိ ရိက္ခာများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။
ယခင်က စစ်သည်များသည် ဗိုက်တစ်ဝက်လောက်သာ ပြည့်အောင် စားသောက်ကာ တိုက်ပွဲဝင်ခဲ့ရခြင်းဖြစ်ရာ ၎င်းမှာပင် အတော်လေး ခက်ခဲနေခဲ့ပြီ ဖြစ်လေသည်။
သို့သော် ယခုအခါတွင် နေ့စဉ် ဝေငှပေးနေသော ရိက္ခာများမှာ ဗိုက်တစ်ဝက်ပြည့်ရန်ပင် မလုံလောက်တော့ချေ။ ထိုသို့သော အခြေအနေမျိုးတွင် ဝေ့တိုင်းပြည်၏ နေ့ရောညပါ အဆက်မပြတ် တိုက်ခိုက်မှုများကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်လေ၏။
ယန်မင်တောင်ကြားတံခါးအတွင်းတွင် သစ်ပင်ကင်းမဲ့သော တောင်ကတုံး အနည်းငယ်ရှိပြီး ထိုတောင်ပေါ်ရှိ သစ်သီးရိုင်းများ၊ တောရိုင်းတိရစ္ဆာန်များနှင့် သားရဲဆိုးများမှာလည်း လုံးဝ ကုန်စင်အောင် အသတ်ခံခဲ့ရပြီးဖြစ်ရာ ကြွက်တစ်ကောင်ကိုပင် မမြင်ရတော့ချေ။
တောင်ပေါ်ရှိ သစ်ရွက်များနှင့် မြက်မြစ်အချို့ကိုလည်း ပြုတ်စားရန်အတွက် ပြောင်စင်အောင် ခူးဆွတ်သွားခဲ့ကြပြီ ဖြစ်ပေသည်။
ရိက္ခာပြတ်လပ်မှုကြောင့် ရှောင်မိုသည် အချိန်ကိုက်အခွင့်အရေးကို ရှာဖွေကာ နှင်းနင်းနဂါးမြင်းသည်တော်များကို ဦးဆောင်လျက် မြို့ပြင်သို့ထွက်၍ ရန်သူကို ခေတ္တမျှ သွားရောက်တိုက်ခိုက်လေ့ရှိပြီး စစ်သည်များက နှစ်ဖက်စလုံးမှ သေဆုံးနေသော မြင်းအသေကောင်များကို မြို့ထဲသို့ ပြန်လည်ဆွဲယူလာနိုင်ရန်အတွက် အကာအကွယ်ပေးခဲ့ရလေသည်။
နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်အချို့မှာ တိုက်ပွဲတွင် သေဆုံးသွားခဲ့သော နှင်းနင်းမြင်းများကို စားသောက်နေရစဉ် မျက်ရည်များ ကျဆင်းခဲ့ရသော်ငြားလည်း သူတို့သည် အားကုန်ရုန်းကာ ဝါးစားပြီး မြန်မြန်မျိုချခဲ့ကြရလေတော့သည်။
မြို့တွင်းရှိ ပြည်သူများ သောက်သုံးနေရသော ဆန်ပြုတ်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကျဲလာခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ယခင်က ပါဝင်ခဲ့သော ဆီအနည်းငယ်မှာလည်း လုံးဝ ကင်းမဲ့သွားခဲ့ချေပြီ။
သို့တိုင် သူတို့က ဘာတစ်ခွန်းမျှ မပြောဆိုခဲ့ကြပေ။ မြောက်ပိုင်းတပ်မတော်အတွက် မည်မျှ ခက်ခဲနေကြောင်းကို သူတို့အားလုံး သိရှိထားကြလေသည်။ တစ်ခုခု စားသောက်နိုင်ရန် အခွင့်အရေး ရရှိနေခြင်းကပင် မဆိုးလှတော့ချေ။
အမှန်တကယ်တော့ ယခင်က ဖြစ်ပွားခဲ့သော ဤမျှကြေကွဲဖွယ်ကောင်းသည့် တိုက်ပွဲများတွင် စစ်သူကြီးအချို့သည် မြို့တွင်းရှိ ပြည်သူများကို လူသားများအဖြစ် ဆက်လက် မဆက်ဆံတော့ဘဲ အစားအစာများအဖြစ်ပင် သဘောထားခဲ့ကြပေလိမ့်မည်။
သို့သော် ဤစစ်သူကြီးရှောင်ကမူ သူတို့အတွက် နေ့စဉ်နေ့တိုင်း အစားအစာများကို ထောက်ပံ့ပေးနေဆဲပင် ဖြစ်လေ၏။ သူတို့သည် အလွန်အမင်း ဆာလောင်မွတ်သိပ်နေကြသော်လည်း သေဆုံးသွားမည်တော့ မဟုတ်ပေ။
တိုက်ပွဲကြီးများစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသော လီကျင်းပင်လျှင် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားခဲ့ရလေတော့သည်။
ငါးရက်သာ ကျန်ရှိတော့ပေသည်။
သို့သော် ထိုငါးရက်ဟူသော အချိန်ကာလလေးက အလွန်အမင်း ရှည်လျားလွန်းလှပေသည်။
ဒီနောက်ဆုံးငါးရက်ကို သူတို့ တကယ်ပဲ ရှင်သန်ဖြတ်ကျော်နိုင်ပါ့မလား။
နောက်ထပ် နှစ်ရက် ထပ်မံကုန်ဆုံးသွားခဲ့လေ၏။
ရက်သုံးဆယ်ကြာ ကာကွယ်ရေးအတွက် သုံးရက်သာ ကျန်ရှိတော့ချေပြီ။
ဤအချိန်တွင်မူ ရိက္ခာများ လုံးဝ ကုန်စင်သွားခဲ့ပြီ ဖြစ်ပေသည်။
အဆိုးရွားဆုံးမှာ ပြိုင်ဘက်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ယန်မင်တောင်ကြားတံခါး၏ မြို့ကာကွယ်ရေးဝင်္ကပါမှာ ပျက်စီးသွားရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိနေခြင်းပင် ဖြစ်လေ၏။
ယန်မင်တောင်ကြားတံခါး၏ ဝင်္ကပါသာ ပျက်စီးသွားခဲ့ပါက ရန်သူ့ဘက်မှ ကျင့်ကြံသူများသည် ကောင်းကင်ယံမှနေ၍ တိုက်ခိုက်မှုများကို ပြုလုပ်လာနိုင်တော့မည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။
ဤအချိန်တွင် ရှောင်မိုအနေဖြင့် မြို့ကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက သေမည့်အချိန်ကို ထိုင်စောင့်နေခြင်းနှင့် မည်သို့မျှ ခြားနားမည်မဟုတ်တော့ချေ။
ကာကွယ်ရေး၏ နှစ်ဆယ့်ကိုးရက်မြောက်နေ့ ညဉ့်နက်ယံအချိန်။
ယန်မင်တောင်ကြားတံခါး၏ သေဒဏ်ကျအကျဉ်းထောင်အတွင်း ရှောင်မိုသည် အချုပ်ခန်းတစ်ခုရှေ့သို့ ရောက်ရှိလာလေ၏။
ဖုန်တောထဲတွင် လူးလိမ့်နေပြီး မျက်နှာပေါ်၌ သွေးကွက်များ စွန်းထင်းနေသော ရှောင်မိုသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ ပြင်းရှသော သေရည်များကို တစ်ငုံပြီးတစ်ငုံ သောက်သုံးနေလေတော့သည်။
လျန်လီက ရှောင်မိုကို လှမ်းကြည့်လိုက်ပေသည်။ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံပေါ်သော်ငြားလည်း ထိုမျက်လုံးများကမူ ရေကန်တစ်ခုကဲ့သို့ ကြည်လင်နေဆဲပင် ဖြစ်လေ၏။
"အဲဒီသေရည်က တကယ်ပဲ အဲဒီလောက်တောင် ကောင်းနေလို့လား" ဟု လျန်လီက မေးမြန်းလိုက်လေသည်။
"မဆိုးပါဘူး" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေသည် "မရဏကမ္ဘာကို ရောက်သွားရင်တော့ သောက်စရာ သေရည် ရှိတော့မှာ မဟုတ်ဘူးလေ။"
ရှောင်မို၏ စကားကို ကြားလိုက်ရသောအခါ မာထျောင်မြို့၏ မြို့သခင်ဟောင်းဖြစ်သူ လျန်လီမှာ အနည်းငယ် အံ့အားသင့်သွားရလေ၏။ "ယန်မင်တောင်ကြားတံခါးက... ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးလား။"
"ရိက္ခာတွေ ကုန်သွားတာ ကြာပြီ၊ မြို့ကာကွယ်ရေးဝင်္ကပါကလည်း အကန့်အသတ်ကို ရောက်နေပြီ။ ဆက်ပြီး တောင့်ခံထားရတာက အဓိပ္ပာယ်မရှိတော့ဘူးလေ။" ရှောင်မိုသည် ကန်စွန်းဥကို စားသောက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ သော့ကိုထုတ်၍ အချုပ်ခန်းတံခါးကို ဖွင့်ပေးလိုက်လေတော့သည်။
သို့သော် အချုပ်ခန်းတံခါး ပွင့်သွားသော်ငြားလည်း လျန်လီသည် အတွင်းဘက်တွင် ရပ်လျက် ရှောင်မိုကို စိုက်ကြည့်နေဆဲပင်ဖြစ်ပြီး သူမ၏ မျက်နှာအမူအရာတွင် ဝမ်းသာပျော်ရွှင်မှု အနည်းငယ်မျှပင် မပေါ်လွင်နေခဲ့ချေ။
"မင်း သွားလို့ရပြီ။"
ရှောင်မိုက သော့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လှည့်ထွက်ကာ အကျဉ်းထောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
"ရှောင်မို... ရှင်ပြောသလိုပဲ ရိက္ခာတွေလည်း ကုန်နေပြီ၊ ဝင်္ကပါကလည်း ပျက်စီးနေပြီ၊ စစ်သည်တွေလည်း ပင်ပန်းနွမ်းနယ်နေကြပြီလေ။ ဒီနေ့ မြို့က သေချာပေါက် ကျဆုံးတော့မှာပဲ။ အဲဒါကို ရှင်က ဘယ်လိုလုပ်ပြီး ကာကွယ်မှာလဲ။" လျန်လီက လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ရှောင်မို၏ ကျောပြင်ကို လှမ်းအော်လိုက်လေ၏။
"ရိက္ခာတွေကုန်သွားပြီ၊ ဝင်္ကပါလည်း ပျက်စီးသွားပြီ၊ ဒါပေမဲ့ လူတွေ ရှိနေသေးတယ် မဟုတ်ဘူးလား။"
ရှောင်မို၏ စကားသံက သူ၏ကျောပြင်နောက်မှ လွင့်ပျံလာခဲ့လေတော့သည်။
ရှောင်မိုသည် မြေအောက်အကျဉ်းထောင်ထဲမှ ထွက်ခွာသွားခဲ့ချေပြီ။
သုံးဆယ်ရက်မြောက်နေ့၏ နံနက်ခင်းနေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းကို အနီရောင်အဖြစ် ဆိုးရည်ချယ်သလိုက်ပြီဖြစ်ရာ မြို့ရိုးအောက်ရှိ အဆုံးအစမဲ့ လွင်ပြင်ကြီး၏ မြေသားများ သွေးဖြင့် ရွှဲနစ်နေသည့်အလား ထင်မှတ်ရလေတော့သတည်း။