← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃)

ယန်မင်တောင်ကြားတံခါး၏ မြောက်ဘက်တံခါးအောက်၌ကား...

စစ်ပွဲကြီး စတင်ကတည်းက အိမ်ခြေအားလုံးကို ရှင်းလင်းထားခဲ့ချေပြီ။ ရှောင်မိုသည် ပြည်သူများကို အခြားနေရာများတွင် ယာယီနေထိုင်ရန် စီစဉ်ပေးခဲ့ပြီး မြောက်ပိုင်းတပ်မတော်မှ စစ်သည်များကိုမူ လွယ်ကူလျင်မြန်စွာ လှုပ်ရှားနိုင်စေရန်အတွက် အနီးအနားတွင်သာ နေရာချထားခဲ့လေ၏။

ထိုည အရုဏ်မတက်မီအချိန်လေးတွင် မြောက်ပိုင်းတပ်မတော်က စစ်မိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ပေသည်။ မြို့ရိုးကို စောင့်ကြပ်နေရသော စစ်သည်များမှလွဲ၍ ကျန်စစ်သည်အားလုံး မြောက်ဘက်တံခါး၌ စုရုံးကြရန်ပင် ဖြစ်လေတော့သည်။

ချန်တုန်းအမည်ရှိသော စစ်သည်တစ်ဦးသည်လည်း စစ်မိန့်ကို လိုက်နာလျက် မြောက်ဘက်တံခါးသို့ စောစီးစွာ လာရောက်စုရုံးခဲ့ပေ၏။

ချန်တုန်းက မြေပြင်ပေါ်တွင် ထိုင်၍ အနားယူနေပြီး ရေကို တစ်ငုံချင်း သောက်သုံးနေလေသည်။

ယနေ့သည်ကား မြို့ကို ကာကွယ်ရသည့် ရက်သုံးဆယ်မြောက်နေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပေသည်။

သို့သော်ငြားလည်း မြောက်ပိုင်းတပ်မတော်၏ ပင်မတပ်မကြီးထံမှ မည်သည့်သတင်းအစအနမျှ ထွက်ပေါ်မလာသေးချေ။

သူသာ ဒီနေ့ကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင်တောင်မှ ပင်မတပ်မကြီးက စစ်ကူလာပေးမည်လားဆိုသည်ကို ချန်တုန်း မသိရှိနိုင်ခဲ့ပေ။

ပြီးတော့... ဒီကနေ့မှာ သူ တကယ်ပဲ အသက်ရှင်နိုင်ပါဦးမလား။

သူ ထမင်းမစားရသည်မှာ နှစ်ရက်သုံးရက်ခန့် ရှိနေခဲ့ပြီဖြစ်ပြီး အဆိုးရွားဆုံးမှာ မြို့ကာကွယ်ရေးဝင်္ကပါကြီးမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီဟူသော သတင်းကို ကြားသိထားရခြင်းပင် ဖြစ်လေ၏။

ချန်တုန်းလို သာမန်စစ်သည်တစ်ဦးပင်လျှင် မြို့ကာကွယ်ရေးဝင်္ကပါဟူသည် မြို့တစ်မြို့၏ အသက်သွေးကြောဖြစ်ကြောင်းကို ကောင်းစွာ သိရှိနားလည်ထားပေသည်။

"စစ်သူကြီး"

"စစ်သူကြီး"

"စစ်သူကြီးကို ဂါရဝပြုပါတယ်"

ချန်တုန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ တစ်စထက်တစ်စ ကင်းမဲ့လာချိန်မှာပင် အနီးအနားရှိ စစ်သည်များ၏ နှုတ်ဆက်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။

ချန်တုန်းက ခေါင်းမော့ကြည့်လိုက်ရာ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး သူ၏ဘေးသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရလေ၏။

ချန်တုန်းသည် အလိုအလျောက် မတ်တပ်ရပ်လိုက်မိပြီး အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာသော စစ်သူကြီးကို စိုက်ကြည့်နေမိပေသည်။

သူ၏အတွေးများက လွန်ခဲ့သော လအနည်းငယ်ဆီသို့ မလွှဲမသွေ လွင့်မျောသွားခဲ့ရလေတော့သတည်း။

အစပိုင်းက ချန်တုန်းအပါအဝင် လူသောင်းဂဏန်းခန့်ရှိသော သူတို့အဖွဲ့သည် စစ်သူကြီးရှောင်ထံသို့ တာဝန်ချထားခြင်းခံရချိန်တွင် ဝါရင့်စစ်သည်များစွာက ညည်းညူနေခဲ့ကြသည်ကို ချန်တုန်း ကြားသိခဲ့ရပေသည်။

သူတို့က ဆီးနှင်းမင်းသား၊ ကျန်းပေမင်းသား၏ တတိယသခင်လေးဟု ခေါ်တွင်နေကြသော ထိုသူမှာ အလွန်အမင်း ငယ်ရွယ်လွန်းနေသေးကြောင်း ညည်းတွားခဲ့ကြခြင်းပင် ဖြစ်လေ၏။

ထိုဝါရင့်စစ်သည်များက ရှောင်မိုအနေဖြင့် ဝေ့တိုင်းပြည်ကဲ့သို့သော အင်အားနည်းပါးသည့် နိုင်ငံငယ်လေးကို တိုက်ခိုက်ခြင်းမှာ ထူးဆန်းလှသည်မဟုတ်ဟု ယူဆခဲ့ကြပြီး စစ်ရေးစွမ်းဆောင်မှုအသိအမှတ်ပြုခံရစေရန် သူတစ်ပါး၏ အရှိန်အဝါကို မှီခိုနေခြင်းသာဖြစ်မည်ဟု သံသယဝင်ခဲ့ကြပေသည်။

ထိုဝါရင့်စစ်သည်များ၏ အမြင်တွင် ရှောင်မိုသည် အလွန်ဆုံးမှ ဒုတိယစစ်သူကြီး (သို့မဟုတ်) ရိုးရှင်းသော တာဝန်များကို ထမ်းဆောင်ရန် တပ်မတော်ကို ဦးဆောင်သင့်သူသာဖြစ်ပြီး မြို့တစ်မြို့ကို တစ်ကိုယ်တော် တိုက်ခိုက်သိမ်းပိုက်ရန် မည်သို့လုပ် ဦးဆောင်နိုင်ပါမည်နည်း။

ဤငယ်ရွယ်သော တပ်မှူးလေး ရှောင်မိုက သူတို့အားလုံးကို ချောက်ထဲဆွဲချသွားလိမ့်မည်ဟု သူတို့က ယုံကြည်ထားခဲ့ကြလေသည်။

အချို့သော ဝါရင့်စစ်သည်များဆိုလျှင် "ရှောင်အိမ်တော်ရဲ့ တတိယသားက အမွေးအမျှင်တောင် စုံအောင် မပေါက်သေးဘူး၊ သူက ဘယ်လိုလုပ် စစ်တိုက်နိုင်မှာလဲ" ဟု ကွယ်ရာတွင် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့ကြပေသည်။

အကယ်၍ စစ်သူကြီးလီနှင့် စစ်သူကြီးကျောက်တို့သာ ရှောင်မို၏ ဒုတိယစစ်သူကြီးများအဖြစ် တာဝန်မထမ်းဆောင်ခဲ့ပါက ထိုဝါရင့်စစ်သည်များသည် သူ့ကို ယခုထက်ပင် ပို၍ အယုံအကြည်မဲ့နေကြမည်သာ ဖြစ်လေ၏။

သို့သော် မာထျောင်မြို့တွင် ပထမဆုံးအကြိမ် တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက်တွင်မူ ဝါရင့်စစ်သည်များစွာသည် စစ်သူကြီးရှောင်အပေါ် ထားရှိသော သူတို့၏အမြင်များ ပြောင်းလဲလာကြကြောင်းကို ချန်တုန်း ရှင်းလင်းစွာ ခံစားသိရှိလိုက်ရပေသည်။

ထိုဝါရင့်စစ်သည်များက "ဒီဆီးနှင်းမင်းသားက တော်တော်လေး အရည်အချင်းရှိတဲ့ပုံပဲ" "ဒီတတိယသခင်လေးက ဒုတိယသခင်လေးတို့လို အလိုလိုက်ခံထားရတဲ့ သခင်လေးတွေနဲ့ မတူဘူးပဲ" ပြီးတော့ "ဒီကောင်လေးက မဆိုးဘူးပဲ" စသည်ဖြင့် စတင်ပြောဆိုလာကြလေတော့သည်။

နောက်ပိုင်းတွင် စစ်သူကြီးရှောင်က တပ်မတော်ကို ဦးဆောင်လျက် မာထျောင်မြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ချိန်၌ကား ထိုဝါရင့်စစ်သည်များ လုံးဝ နှုတ်ဆိတ်သွားခဲ့ကြပြီဖြစ်ကြောင်း ချန်တုန်း တွေ့ရှိခဲ့ရလေ၏။

အမွေးအမျှင်တောင် စုံအောင်မပေါက်သေးဘူးဟု သူတို့ပြောဆိုခဲ့ကြသော ဤငယ်ရွယ်သည့် စစ်သူကြီးလေးသည် တိုက်ပွဲတစ်ခုပြီးတစ်ခု ဆင်နွှဲကာ ဝါရင့်စစ်သည်များကို အောင်နိုင်သွားခဲ့ချေပြီ။

ထို့ပြင် စစ်စခန်းအတွင်း၌ စစ်သူကြီးရှောင်ကို အကြိမ်အနည်းငယ် မြင်တွေ့ခဲ့ရချိန်တွင် ချန်တုန်း၏ နှလုံးသားထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများကို ခံစားခဲ့ရပြီး သူသည် လူမှားနောက်သို့ လိုက်ခဲ့မိခြင်းမဟုတ်ကြောင်း ခံစားခဲ့ရပေသည်။ စစ်သူကြီးရှောင်၏ စစ်သည်တစ်ဦးဖြစ်ရခြင်းအတွက် သူက ဂုဏ်ယူနေခဲ့လေ၏။

အထူးသဖြင့် ယန်မင်တောင်ကြားတံခါးကို ကာကွယ်ပြီးနောက်ပိုင်းတွင် စစ်သူကြီးရှောင်သည် ရန်သူ့တပ်များကို ခုခံရန်အတွက် မြို့ရိုးပေါ်၌သာ နေထိုင်နေခဲ့သည်ကို ချန်တုန်း မကြာခဏ မြင်တွေ့ခဲ့ရပေသည်။

စစ်သူကြီးရှောင်က မြို့ရိုးပေါ်မှ ဆင်းခွာသွားတိုင်း မကြာမီမှာပင် နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ကို ဦးဆောင်လျက် ရန်သူ့တပ်စခန်းများဆီသို့ ထိုးဖောက်ဝင်ရောက်လေ့ရှိပေသည်။

စစ်မြေပြင်ပေါ်ရှိ စစ်သူကြီးရှောင်၏ သူရဲကောင်းဆန်သော ပုံရိပ်ကို ကြည့်ရှုရင်း ရန်သူ့တပ်များကြားထဲသို့ အကြိမ်ကြိမ်အခါခါ ထိုးဖောက်ဝင်ရောက်နေမှုက ချန်တုန်း၏ နှလုံးသားကို စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်လာစေခဲ့လေတော့သည်။

လက်ရှိအချိန်တွင် ချန်တုန်းက သာမန်ခြေလျင်တပ်သားတစ်ဦးသာ ဖြစ်သော်ငြားလည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူက နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့သို့ ရာထူးတိုးမြှင့်ခံရပြီး စစ်သူကြီးရှောင်နှင့်အတူ တိုက်ပွဲဝင်ခွင့်ရမည်ဆိုပါက ဟူသော အိပ်မက်များကိုမူ မမက်ဘဲ မနေနိုင်ခဲ့ချေ။

ထိုနောက်ပိုင်းကာလများတွင် ကာကွယ်ရေးတိုက်ပွဲ စတင်ကတည်းက စစ်သူကြီးရှောင်သည် မျက်လုံးတစ်မှိတ်မျှပင် မမှိတ်ခဲ့ရကြောင်း၊ ဝိညာဉ်သားရဲအသား တစ်တုံးမျှပင် မစားခဲ့ရကြောင်းတို့ကို ချန်တုန်း ကြားသိခဲ့ရလေ၏။ ဒဏ်ရာရရှိချိန်တွင်ပင် စစ်သူကြီးရှောင်က ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ဆေးများကို အသုံးမပြုခဲ့ဘဲ သာမန်ဆေးပတ်တီးကိုသာ ရစ်ပတ်ထားကာ ရရှိနိုင်သမျှသော အရင်းအမြစ်အားလုံးကို သူ၏လက်အောက်ခံ စစ်သည်များအတွက်သာ ချန်ထားပေးခဲ့ပေသည်။

ယင်းကို မည်သို့ ဖော်ပြရမည်ကို ချန်တုန်း မသိရှိခဲ့ချေ။

အတိုချုပ်ဆိုရလျှင် မည်သည့်အရာပင် ဖြစ်ပျက်လာပါစေ စစ်သူကြီးက သူတို့ကို ဘယ်တော့မှ လက်လွှတ်သွားမည်မဟုတ်ဘဲ သူ၏စစ်သည်များနှင့်အတူ ရှေ့တိုး နောက်ဆုတ် အတူတကွ ပြုလုပ်သွားမည်ဟု ယုံကြည်ထားသဖြင့် ချန်တုန်းက ကြီးမားလှသော လုံခြုံမှုခံစားချက်ကို ရရှိထားခဲ့ခြင်းပင် ဖြစ်လေတော့သည်။

ဤသို့ ခံစားနေရသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်းကိုလည်း ချန်တုန်း ရှာဖွေတွေ့ရှိခဲ့ရပေသည်။

ယန်မင်တောင်ကြားတံခါးကို ကာကွယ်နေကြသော စစ်သည်များအားလုံးသည် စစ်သူကြီးရှောင်အပေါ် အောက်ခြေမှစ၍ အကြွင်းမဲ့ ယုံကြည်ကိုးစားလာခဲ့ကြချေပြီ။

အထူးသဖြင့် အသက်နှင့်သေဆုံးခြင်း တိုက်ပွဲများကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းတွင် မြောက်ပိုင်းတပ်မတော်သို့ မကြာသေးမီကမှ ဝင်ရောက်လာကြသော လူငယ်စစ်သည်များ၏ နှလုံးသားထဲ၌ စစ်သူကြီးရှောင်၏ ဩဇာတိက္ကမမှာ မင်းသား၏ ဩဇာထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်လေတော့သတည်း။

"စစ်... စစ်သူကြီး"

ရှောင်မိုက ချန်တုန်း၏အနီးမှ ဖြတ်လျှောက်သွားချိန်တွင် ချန်တုန်းက အထိတ်တလန့်ဖြင့် လှမ်းခေါ်လိုက်မိလေ၏။

"အင်း၊ ဒီရက်ပိုင်း မင်းတို့တွေ ပင်ပန်းသွားကြပြီ" ဟု ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလေသည်။

ရှေ့ဘက်ရှိ မြင့်မားသော စင်မြင့်ထက်တွင် ရပ်လျက် ရှောင်မိုသည် စုရုံးနေကြသော မြောက်ပိုင်းတပ်မတော်မှ စစ်သည်များကို အကဲခတ်ကြည့်ရှုလိုက်ပေသည်။

မြောက်ပိုင်းတပ်မတော်မှ စစ်သည်များကလည်း ရှောင်မိုကို စိုက်ကြည့်နေကြပြီး သူပြောဆိုမည့် စကားလုံးတိုင်း၊ အသံထွက်တိုင်းကို စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့ကြလေ၏။

သိပ်မကြာမီမှာပင် သေရည်အိုးများကို လှည်းငယ်လေးများဖြင့် တွန်းလာကြလေတော့သည်။

တပ်မတော်ရှိ စစ်သည်များက ရွှံ့ဖုတ်ပန်းကန်လုံးများကို ဝေငှပေးလိုက်ပြီးနောက် လူတိုင်းအတွက် သေရည်တစ်ပန်းကန်စီ လောင်းထည့်ပေးလိုက်ကြပေသည်။

"ငါတို့ ယန်မင်တောင်ကြားတံခါးကို စတင်ကာကွယ်ခဲ့တာ နှစ်ဆယ့်ကိုးရက် ရှိသွားခဲ့ပြီ။ ဒီနေ့က သုံးဆယ်ရက်မြောက်နေ့ပဲ။"

ရှောင်မို၏ အသံက ထွက်ပေါ်လာလေ၏။ စင်မြင့်အောက်ရှိ သောင်းနှင့်ချီသော စစ်သည်များသည် သေရည်ပန်းကန်လုံးများကို ကိုင်ဆောင်ထားကြရင်း သူတို့နှင့်အတူ ဆင်းရဲဒုက္ခများကို အတူတကွ မျှဝေခံစားခဲ့သော စစ်သူကြီးအား စူးရဲသော အကြည့်များဖြင့် မော့ကြည့်နေကြပေသည်။

"ရိုးရိုးသားသား ပြောရရင် မနက်ဖြန်ကျရင် မြောက်ပိုင်းတပ်မတော်ရဲ့ ပင်မတပ်မကြီးက စစ်ကူလာပေးနိုင်မလားဆိုတာ ငါမသိဘူး။

ဒါပေမဲ့ တပ်မတော်က ငါတို့ကို ရက်သုံးဆယ် တောင့်ခံထားဖို့ အမိန့်ပေးထားတဲ့အတွက် ငါတို့က မဖြစ်မနေ လုပ်ဆောင်ရမှာပဲဆိုတာကိုတော့ ငါသိတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ငါတို့ရဲ့ လိပ်ပြာသန့်နိုင်လိမ့်မယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ငါတို့က ချင်တိုင်းပြည်အတွက် ထိုက်တန်သူတွေ ဖြစ်လာလိမ့်မယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ငါတို့က မြောက်ပိုင်းလူသူကင်းမဲ့ဒေသက သက်ကြီးရွယ်အိုတွေအတွက် ထိုက်တန်သူတွေ ဖြစ်လာလိမ့်မယ်။

အရင်က ဝေ့တပ်မတော်က လဝက်အတွင်းမှာ ငါတို့ကို သေချာပေါက် အောင်နိုင်ရမယ်လို့ ကြွားလုံးထုတ်ခဲ့ကြတယ်။

အခုတော့ နှစ်ဆယ့်ကိုးရက်တောင် ကုန်လွန်သွားခဲ့ပြီ။

အချက်အလက်တွေက သက်သေပြနေပြီပဲ။ မင်းတို့အားလုံးက စစ်သည်သူရဲကောင်းတွေချည်းပဲ။ သတ္တိကြောင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မင်းတို့အားလုံး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြတယ်။

အခုတော့ ငါတို့မြို့တွင်းက ရိက္ခာတွေ ပြတ်တောက်သွားတာ နှစ်ရက်ရှိသွားပြီ၊ မြို့ကာကွယ်ရေးဝင်္ကပါကလည်း ပျက်စီးတော့မယ်။

ငါတို့သာ ယန်မင်တောင်ကြားတံခါးကို ဆက်ပြီး မျက်ကန်း ကာကွယ်နေမယ်ဆိုရင် သတ်ဖြတ်ဖို့ အသင့်ဖြစ်နေတဲ့ သိုးသူငယ်လေးတွေကလွဲပြီး တခြား ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

ဒါဆို ငါတို့ အခုပဲ လက်နက်ချအညံ့ခံလိုက်ကြမလား။ ငါတို့ အရာအားလုံးကို ဆုံးရှုံးသွားပြီလား။

မဟုတ်ဘူး။ ငါတို့မှာ အသက်တွေ ရှိနေသေးတယ်။

ဒီကနေ့ ငါတို့ မြောက်ပိုင်းတပ်မတော်က ဝေ့တိုင်းပြည်နဲ့ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရလိမ့်မယ်။ ငါတို့ရဲ့ အသားတွေ သွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုပြီး နောက်ဆုံးနေ့ရက်ကို ကာကွယ်ရလိမ့်မယ်။

ဒီတိုက်ပွဲမှာ မင်းတို့ အသက်ရှင်ဖို့ အခွင့်အလမ်းက အင်မတန်ကို နည်းပါးလှတယ်။

ထွက်သွားချင်တဲ့သူ ရှိတယ်ဆိုရင် ငါ အပြစ်မတင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီနှစ်ဆယ့်ကိုးရက်အတွင်းမှာ သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးပြီမို့လို့ပဲ။

ဒါ့အပြင် ငါတို့တပ်ထဲကို ဝင်ရောက်လာကြတဲ့ ယန်မင်တောင်ကြားတံခါးက ဒေသခံ အမျိုးသား သောင်းနဲ့ချီပြီး ရှိနေသေးတယ်၊ သူတို့မှာက မြို့ထဲမှာ ဇနီးမယားတွေနဲ့ ကလေးတွေ ရှိနေသေးတယ်လေ။

သွားချင်တဲ့သူတွေ ထွက်သွားလို့ရတယ်။ ငါတို့က ရဲဘော်ရဲဘက်တွေ၊ ညီအစ်ကိုတွေ ဖြစ်နေဆဲပါပဲ။

ဒါပေမဲ့။ သေချင်တဲ့သူ ရှိတယ်ဆိုရင် ရှေ့ကို တစ်လှမ်းတိုးခဲ့ကြစမ်း။"

"ဒုန်း"

ရှောင်မို၏ စကားသံအဆုံးတွင် နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ဝင် ငါးထောင်နှစ်ရာနှစ်ဆယ့်သုံးဦးနှင့် မြောက်ပိုင်းတပ်မတော်မှ စစ်သည် နှစ်သောင်းငါးထောင်လေးရာနှစ်ဆယ်တို့သည် ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့ကြလေ၏။ တစ်စုံတစ်ယောက်မျှ နောက်သို့ ဆုတ်ခွာသွားခြင်း မရှိခဲ့ချေ။

ခမ်းနားလေးနက်စွာ ရပ်တည်နေကြသော စစ်သည် သုံးသောင်းကို ကြည့်ရှုရင်း ရှောင်မိုက သူ၏ သေရည်ပန်းကန်လုံးကို မြှောက်တင်လိုက်လေသည် "ငါရှောင်မိုက မင်းတို့အားလုံးကို ငါနဲ့အတူ အသေခံဖို့ တောင်းဆိုပါတယ်"။

လူသုံးသောင်းက တစ်သံတည်း ပြိုင်တူ ကြွေးကြော်လိုက်ကြရာ သူတို့၏အသံများက တိမ်တိုက်များကိုပင် ထိုးဖောက် ပဲ့တင်ထပ်သွားလေတော့သတည်း။

"ကျွန်တော်တို့က စစ်သူကြီးနဲ့အတူ အသေခံဖို့ ဆန္ဒရှိပါတယ်။"

အခန်း (၃၈၄)

လျန်လီသည် မြေအောက်အကျဉ်းထောင်ထဲမှ ထွက်လာခဲ့လေ၏။

မိုးကုတ်စက်ဝိုင်းဆီမှ ပန်းရောင်သန်းနေသော တိမ်တိုက်များက သူမ၏ မျက်ဝန်းအိမ်ထဲတွင် ထင်ဟပ်နေလေတော့သည်။

နေရောင်ခြည်ကို မမြင်တွေ့ရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီမှန်း မသိရသဖြင့် ဤနံနက်ခင်း၏ အလင်းရောင်လေးကပင် သူမအတွက် အနည်းငယ် စူးရှနေသယောင် ခံစားနေရပေသည်။

"စစ်သူကြီးလျန်... ဒါတွေက ခင်ဗျားရဲ့ ပစ္စည်းတွေပါ။ စစ်သူကြီးရှောင်က ပိုင်ရှင်ဆီကို ပြန်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုထားလို့ပါ"

အကျဉ်းထောင်အထွက်ဝတွင် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော ရှောင်ကွေ့က လျန်လီထံသို့ သိုလှောင်အိတ်တစ်လုံးကို လှမ်းပေးလိုက်လေ၏။

လျန်လီက သူမ၏ သိုလှောင်အိတ်ကို လှမ်းယူလိုက်ပေသည်။ ထိုအိတ်အတွင်း၌ သူမ၏ သံချပ်ကာအင်္ကျီ၊ လှံရှည်တစ်လက်နှင့် မို ဟူသော စာလုံးကို ထွင်းထုထားသည့် အမိန့်ပေးတံဆိပ်ပြားတစ်ခု ပါဝင်နေလေ၏။

"မင်းတို့ရဲ့ စစ်သူကြီးက ဘယ်မှာလဲ" လျန်လီက ခေါင်းမော့ကာ မေးမြန်းလိုက်လေသည်။

"စစ်သူကြီးကတော့ ထုံးစံအတိုင်းမြို့ကို ကာကွယ်နေတာပေါ့။"

ရှောင်ကွေ့က လက်ယှက်၍ အရိုအသေပြုလိုက်ပေသည်။

"တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

"စစ်သူကြီးက ခင်ဗျားကို ပြောခိုင်းလိုက်တယ်... ခင်ဗျားရဲ့ ခါးမှာသာ အဲဒီတံဆိပ်ပြားကို ချိတ်ဆွဲထားမယ်ဆိုရင် ဘယ်သူကမှ ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်ဘူးတဲ့။ ခင်ဗျား အခုပဲ ယန်မင်တောင်ကြားတံခါးကနေ ထွက်သွားလို့ရသလို ဝေ့တိုင်းပြည်တပ်မတော်က မြို့ကို ထိုးဖောက်ဝင်ရောက်လာမယ့်အချိန်ကိုလည်း စောင့်နေလို့ရပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်ဖို့ သူက မျှော်လင့်နေပါတယ်တဲ့။"

စကားပြောပြီးနောက် ရှောင်ကွေ့သည် လှည့်ထွက်သွားခဲ့ချေပြီ။

လျန်လီက မြောက်ဘက်တံခါးဆီသို့ မော့ကြည့်လိုက်လေ၏။ သွေးလိုနီရဲနေသော နံနက်ခင်းအလင်းရောင်က မိုးကုတ်စက်ဝိုင်းတစ်ခွင်ကို ဆိုးဆေးခြယ်သထားနှင့်ပြီး ဖြစ်ပေသည်။

တစ်ခဏမျှ စဉ်းစားတွေးတောပြီးနောက် လျန်လီသည် မြောက်ဘက်တံခါးဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

လျန်လီသည် မြို့၏ လမ်းမများတစ်လျှောက် လျှောက်လှမ်းလာခဲ့၏။ အိမ်တိုင်းအိမ်တိုင်းက တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး လမ်းလျှောက်နေသော လူသူတစ်ဦးတစ်ယောက်မျှ မရှိသည့်အပြင် မြောက်ပိုင်းတပ်မတော်မှ ကျင့်ကြံသူတစ်ဦးကိုမျှလည်း သူမ မမြင်တွေ့ခဲ့ရချေ။

မြောက်ဘက်တံခါးသို့ လျန်လီ ရောက်ရှိသွားချိန်တွင် မြို့ရိုးအောက်၌ ရပ်နေရုံမျှဖြင့် အထက်မှ အော်ဟစ်သံများနှင့် သတ်ဖြတ်နေသံများကို သူမ ရှင်းလင်းစွာ ကြားနိုင်နေပေသည်။

လျန်လီက မြို့ရိုးပေါ်သို့ တက်သွားလေ၏။

မြောက်ပိုင်းမှ စစ်သည်အချို့က သူမ၏ စိမ်းသက်နေသော မျက်နှာကို မြင်တွေ့သွားကြပြီး စစ်ဆေးမေးမြန်းရန် ပြင်လိုက်ကြသော်ငြားလည်း သူမခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားကို မြင်လိုက်ရချိန်တွင်မူ ချက်ချင်း ရပ်တန့်သွားကြလေတော့သည်။

လျန်လီသည် ဤမြို့စောင့်စစ်သည်များကို အကဲခတ်ကြည့်ရှုလိုက်ပေသည်။

သူတို့က အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်နှာများမှာလည်း အနည်းငယ် ချိုင့်ခွက်ပိန်ချုံးနေသော်ငြားလည်း သူတို့၏ မျက်လုံးများထဲတွင်မူ နောက်ဆုတ်ပေးမည်မဟုတ် ဟူသော ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များ ကိန်းအောင်းနေလေ၏။

မြို့ရိုးထိပ်သို့ ရောက်ရှိသွားချိန်တွင် ဝေ့တိုင်းပြည်တပ်မတော်က မြို့ရိုးသူရဲခိုများဆီသို့ လှိုင်းလုံးကြီးများအလား အရှိန်အဟုန်ဖြင့် တိုးဝင်လာနေသည်ကို လျန်လီ မြင်တွေ့လိုက်ရလေသည်။

မြားတံများနှင့် ကျောက်တုံးကြီးများသည် ဝေ့တိုင်းပြည်တပ်မတော်ထံမှ အဆက်မပြတ် ပျံသန်းလာပြီး ယန်မင်တောင်ကြားတံခါးဆီသို့ ပြင်းထန်စွာ ရိုက်ခတ်နေကြပေသည်။

သို့သော် ၎င်းတို့အားလုံးကို မြို့ကာကွယ်ရေးဝင်္ကပါက တားဆီးကာကွယ်ပေးထားလေ၏။

မြို့အောက်ခြေတွင်မူ ဝေ့တိုင်းပြည်စစ်သည်များက မြို့ရိုးအစိတ်အပိုင်းများကို အဆက်မပြတ် တက်ရောက်ရန် ကြိုးစားနေကြသော်လည်း မြောက်ပိုင်းတပ်မတော်က သူတို့ကို လျင်မြန်စွာ ကြားဖြတ်ဟန့်တားပြီး ပြန်လည်မောင်းထုတ်နေခဲ့ချေပြီ။

ဝုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုက မြို့တွင်းမှ ထွက်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုများနှင့်အတူ ယန်မင်တောင်ကြားတံခါး၏ ကောင်းကင်ယံထက်တွင် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များ ဖြာထွက်သွားလေတော့သည်။

လျန်လီမှာ လန့်ဖျပ်သွားရပေသည်။

ယန်မင်တောင်ကြားတံခါး၏ ကာကွယ်ရေးဝင်္ကပါ ပျက်စီးသွားခဲ့ပြီဆိုသည်ကို သူမ ကောင်းစွာ သိရှိလိုက်လေ၏။

သို့သော် ထိုအချိန်မှာပင် ယန်မင်တောင်ကြားတံခါး၏ မြို့တံခါးကြီးများ ပွင့်ဟသွားခဲ့ပြီး သံချပ်ကာအဖြူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် နှင်းနင်းမြင်းကို စီးနင်းလျက် ထွက်ပေါ်လာခဲ့ချေပြီ။

သူ၏အနောက်ဘက်တွင်မူ ယန်မင်တောင်ကြားတံခါးအတွင်းရှိ မြောက်ပိုင်းတပ်မတော် တစ်ခုလုံး ပါဝင်လာခဲ့လေတော့သတည်း။

လျန်လီသည် သူမ၏ ပုလဲရောင် သွားလေးများဖြင့် အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားလိုက်ပြီး သူမ၏ အကြည့်များက ထိုအမျိုးသားထံမှ တစ်စက္ကန့်မျှပင် ဖယ်ခွာမသွားခဲ့ချေ။

ရှေ့ဆုံးမှ ဦးဆောင်လာသော အမျိုးသားက သူ၏ဝတ်ရုံထဲမှ အာသုရာမျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ တပ်ဆင်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် သူ၏အနောက်ရှိ နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်ကလည်း တစ်ပုံစံတည်းတူညီသော မျက်နှာဖုံးများကို တပ်ဆင်လိုက်ကြပေသည်။

"သတ်..."

"သတ်ကြစမ်း"

ထိုအမျိုးသား၏ ဦးဆောင်မှုနှင့်အတူ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ဝင် ငါးထောင်နှစ်ရာနှစ်ဆယ့်သုံးဦးနှင့် မြောက်ပိုင်းခြေလျင်တပ်သား နှစ်သောင်းငါးထောင်လေးရာနှစ်ဆယ်တို့သည် ထက်မြက်လှသော ဓားသွားရေစီးကြောင်းကြီးတစ်ခုအလား အဆုံးအစမဲ့ ကျယ်ပြန့်လှသော ဝေ့တိုင်းပြည်တပ်မတော် ပင်လယ်ပြင်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားကြလေတော့သည်။

ရှောင်မိုသည် ရှေ့သို့ အဆက်မပြတ် ဒုန်းစိုင်းချီတက်သွားပြီး သူ၏လှံရှည်က ရန်သူတစ်ဦးပြီးတစ်ဦးကို ထိုးဖောက် ဖြတ်သန်းသွားခဲ့လေ၏။

ဝေ့တပ်မတော်မှ ရန်သူ့စစ်သူကြီးအချို့က ရှောင်မိုကို ဟန့်တားရန် ကြိုးစားခဲ့ကြသော်ငြားလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူနှင့်ဆယ်ကွက်ထက်ပို၍ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်သည် အဖွဲ့ငါးဖွဲ့ခွဲကာ မတူညီသော မျက်နှာစာငါးခုမှနေ၍ ထိုးဖောက်ဝင်ရောက်သွားကြပြီးနောက် ရန်သူ့တပ်များကြားထဲတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်စုစည်းသွားကြလေသည်။ သူတို့၏ ရေစီးကြောင်းသဖွယ် ချောမွေ့လှသော လှုပ်ရှားမှုများက အနောက်ဘက်ရှိ ခြေလျင်တပ်သားများအပေါ် ကျရောက်နေသော ဖိအားများကို များစွာ လျော့ကျသွားစေခဲ့ပေသည်။

နှင်းနင်းမြင်းတစ်ကောင် သေဆုံးသွားချိန်တွင် မြင်းစီးသူရဲသည် မြေပြင်ပေါ်သို့ ခုန်ချလိုက်ရုံမျှဖြင့် ရှုပ်ထွေးနေသော တိုက်ပွဲကြားတွင် ဆက်လက်တိုက်ပွဲဝင်နေခဲ့လေ၏။

မြောက်ပိုင်းမှ ခြေလျင်တပ်သား တစ်ဦးတစ်ယောက်မျှ နောက်သို့ ဆုတ်ခွာသွားခြင်း မရှိခဲ့ချေ။ သူတို့က ဝံပုလွေများအလား ရန်သူများကို ဆုတ်ဖြဲပစ်နေကြပြီး သူတို့၏ မျက်လုံးများမှာ တိုက်ပွဲဝင်လိုစိတ်များဖြင့် သွေးလိုနီရဲနေခဲ့ပေသည်။

ဒဏ်ရာများစွာ ရရှိထားလျှင်ဖြစ်စေ၊ ရင်ဘတ်ကို ထိုးဖောက်ခံထားရလျှင်ဖြစ်စေ သူတို့က ဓားရှည်များ သို့မဟုတ် လှံရှည်ကြီးများကို နောက်ဆုံးတစ်ကြိမ်အနေဖြင့် အစွမ်းကုန် ဝှေ့ယမ်းခုတ်ပိုင်းနေကြဆဲပင် ဖြစ်လေတော့သတည်း။

မြို့ရိုးပေါ်တွင် ရပ်နေသော လျန်လီ၏ လက်များက မြို့ရိုးသူရဲခိုများကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလျက်သား ဖြစ်နေချေပြီ။

သူမ၏ ရှစ်နှစ်တာ စစ်မှုထမ်းသက်တမ်းတစ်လျှောက်တွင် လျန်လီသည် ဤကဲ့သို့သော တပ်မတော်မျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။

သူတို့တစ်ဦးချင်းစီတိုင်းက သားရဲဆိုးကြီးများအလား ဖြစ်နေပေသည်။

သူတို့တစ်ဦးချင်းစီတိုင်းက မိစ္ဆာရိုင်းများအလား ဖြစ်နေလေ၏။

သူတို့အထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံ မရချေ။

ဤမျှ မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုးတွင် မြောက်ပိုင်းတပ်မတော်မှ ပေါက်ကွဲထွက်ပေါ်လာသည့် တိုက်ခိုက်ရေးစွမ်းအားများက ဝေ့တိုင်းပြည်၏ ရှေ့တန်းတပ်ဦးကို အကြောက်တရားများ ရိုက်သွင်းလိုက်သကဲ့သို့ဖြစ်သွားပြီး ပြိုကျပျက်စီးလုနီးပါး အခြေအနေသို့ တွန်းပို့လိုက်လေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကော်ရှင်းနှင့် သူ၏စစ်သူကြီးများသည် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို အချိန်မီ ထိန်းကျောင်းနိုင်ခဲ့ကြပြီး သူတို့ကိုယ်တိုင်ပင် ရှေ့တန်းမှနေ၍ ဦးဆောင်တိုက်ခိုက်ခဲ့ကြပေသည်။

သို့သော်ငြားလည်း ရှောင်မို၏ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် ဝေ့တပ်မတော်သည် သဘာဝကျကျပင် မြို့သိမ်းတိုက်ပွဲကို ဆက်လက်မဆင်နွှဲနိုင်တော့ချေ။

သို့သော် သူတို့အနေဖြင့် မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန်လည်း မလိုအပ်တော့ပေ။

သူတို့က ရှောင်မို၏ တပ်ဖွဲ့ကို အပြီးတိုင် သုတ်သင်ရှင်းလင်းနိုင်သရွေ့ ယန်မင်တောင်ကြားတံခါးမှာ သဘာဝကျကျပင် ဝေ့တိုင်းပြည်ထံသို့ ပြန်လည်ရောက်ရှိသွားမည်သာ ဖြစ်လေ၏။

"ရှောင်မိုကို သတ်ကြစမ်း"

"ရှောင်မိုရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို အိမ်ထောင်စုတစ်သောင်းကို အုပ်ချုပ်ရတဲ့ မြို့စားကြီးအဖြစ် ခန့်အပ်ပေးမယ်" ကော်ရှင်းက ဗဟိုတပ်မကြီးထဲမှနေ၍ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

သို့သော် ရှောင်မိုကို သတ်ဖြတ်ရန်မှာ ပြောသလောက် မလွယ်ကူလှချေ။

ရှောင်မို ဝတ်ဆင်ထားသော သံချပ်ကာက နှင်းနင်းနဂါးမြင်းသည်တော်များနှင့် ဆင်တူနေသည့်အပြင် ယခုအခါ သူတို့၏ မျက်နှာဖုံးများကပါ တစ်ပုံစံတည်း တူညီနေကြပေသည်။

ရှောင်မို၏ တည်နေရာကို ခြေရာခံမိသည်နှင့် တစ်ပြိုင်နက် သူက နှင်းနင်းနဂါးမြင်းသည်တော်များကြားထဲသို့ ပြန်လည်ဆုတ်ခွာသွားလေ့ရှိပြီးနောက် အခြားသော စစ်သည်များနှင့်အတူ ပြန်လည်ထွက်ပေါ်လာကာ တိုက်ခိုက်လေ့ရှိသဖြင့် သူ့ကို ခွဲခြားသိမြင်နိုင်ရန် အလွန်အမင်း ခက်ခဲလှပေသည်။

ကော်ရှင်းက ရှောင်မို၏ တပ်မတော်ကို ဘေးတိုက်လှည့်ပတ်၍ ပိတ်လှောင်ဝန်းရံရန် ကြိုးစားခဲ့လေ၏။

သို့သော် ရှောင်မိုက ကော်ရှင်း၏ ရည်ရွယ်ချက်များကို အကြိမ်တိုင်းတွင် ဖောက်ထွင်းမြင်သိနေခဲ့ပြီး နှင်းနင်းနဂါးမြင်းသည်တော်များကို ဦးဆောင်လျက် အနောက်ဘက်ရှိ ခြေလျင်တပ်သား နှစ်သောင်းငါးထောင်အတွက် ဟာကွက်တစ်ခုကို အလွန်တိကျသေချာစွာဖြင့် ဖန်တီးပေးနိုင်ခဲ့ပေသည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်တွင် ဝေ့တပ်မတော်၏ ရှေ့တန်းစစ်မျက်နှာစာသည် ရှေ့သို့ မတိုးနိုင်ခဲ့သည့်အပြင် ရှောင်မို၏ နောက်သို့ဆုတ်ခွာရန် ဖိအားပေးခြင်းကိုခံရကာ တစ်လီကျော်ခန့်အထိ ဆုတ်ခွာသွားခဲ့ရကြောင်း ကော်ရှင်း တွေ့ရှိလိုက်ရလေသည်။

"ဒါက လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ"

ဒေါသအမျက်ချောင်းချောင်းထွက်နေသော ကော်ရှင်းက သူ၏ လက်ထောက်စစ်သူကြီး ယွီယို၏ ကော်လာကို ဆောင့်ဆွဲလိုက်လေတော့သည်။

"ရှောင်မိုမှာ စစ်သည်အင်အား သုံးသောင်းပဲ ရှိတယ်၊ ငါတို့ဆီမှာက ငါးသိန်းတောင် ရှိတာလေ။ စစ်သည်အင်အား ဆယ့်ခုနစ်ဆလောက် ကွာဟနေတာတောင် ငါတို့က သူ့ရဲ့ ဖိအားပေး ဆုတ်ခွာခိုင်းတာကို ခံနေရတယ်ပေါ့လေ"

"မြောက်ပိုင်းတပ်မတော်က ထမင်းမစားရတာ နှစ်ရက်သုံးရက်လောက် ရှိနေပြီဖြစ်တဲ့အပြင် မြို့ကို ကာကွယ်ရလို့ အတော်လေးကို ပင်ပန်းနွမ်းနယ်နေကြပြီ။ ငါ့ရဲ့ ဝေ့တပ်မတော်ကတော့ ဗိုက်ဝအောင် စားထားရပြီး အလှည့်ကျ တိုက်ခိုက်နေတာမို့ ကောင်းကောင်း အနားယူထားရတယ်။ ငါတို့ရဲ့ ခွန်အားနဲ့ ခံနိုင်ရည်က သူတို့နဲ့ လုံးဝကို ကွာခြားနေရမှာ"

"မင်းတို့တွေက တပ်ဖွဲ့တွေကို ဘယ်လိုများ လေ့ကျင့်ပေးထားခဲ့ကြတာလဲ"

"..."

စစ်သူကြီးများအားလုံး နှုတ်ဆိတ်သွားကြလေ၏။

သူတို့ကိုယ်တိုင်လည်း အတော်လေး ရှက်ရွံ့နေခဲ့ကြပေသည်။

ရှောင်မိုကိုသာ ယခုထက် စစ်သည်အင်အား နှစ်ဆခန့် ပေးလိုက်မည်ဆိုပါက သူတို့၏ ဝေ့တပ်မတော်ကြီးကို အမှန်တကယ်ပင် ဆုတ်ဖြဲဖျက်ဆီးပစ်နိုင်မည်လားဟု သူတို့ပင် တွေးတောမိသွားကြလေသည်။

"စစ်သူကြီး... ကျေးဇူးပြုပြီး စိတ်ကို တည်ငြိမ်အောင် ထားပါဦး"

ဝေ့တိုင်းပြည်မှ ဝေ့ဟန်အမည်ရှိသော စစ်သူကြီးတစ်ဦးက အလျင်အမြန်ပင် ဖျောင်းဖျလာခဲ့လေ၏။ သူက အဆက်အသွယ်ဖြင့် တပ်မတော်ကို ဦးဆောင်နေသော ကော်ရှင်းကို အထင်အမြင်သေးနေသော်ငြားလည်း ယခုအချိန်တွင် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းထားရေးကသာ အဓိကဦးစားပေး ဖြစ်လေသည်။

"မြောက်ပိုင်းတပ်မတော်က မျှော်လင့်ချက်မဲ့နေတဲ့ နောက်ဆုံးတိုက်ပွဲကို အသည်းအသန် ဆင်နွှဲနေရုံပါပဲ။ သူတို့က ရဲရင့်နေပုံပေါ်ပေမယ့် သူတို့ရဲ့ ခွန်အားတွေက အကန့်အသတ် ရှိပါတယ်"

"ကျွန်တော်တို့ရဲ့ သေဆုံးဒဏ်ရာရမှုတွေက မနည်းလှဘူးဆိုပေမယ့် ရှောင်မိုဘက်က ဆုံးရှုံးသွားတဲ့ လူတစ်ယောက်ချင်းစီတိုင်းကလည်း သူ့အတွက်တော့ အင်မတန် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ"

"အလွန်ဆုံးကြာလှ နောက်ထပ် နှစ်နာရီပါပဲ"

"နှစ်နာရီအတွင်းမှာ ရှောင်မိုရဲ့ ခေါင်းကို သေချာပေါက် ဖြတ်ယူပြီး စစ်သူကြီးဆီကို ဆက်သပေးပါ့မယ်"

"ဒါ့အပြင် ကျွန်တော်တို့က ယန်မင်တောင်ကြားတံခါးထဲကို ဝင်ရောက်နိုင်ပြီဆိုတာနဲ့ တောင်ပိုင်းနယ်မြေက မြို့ဆယ့်တစ်မြို့ကို စစ်ကူပေးနိုင်မှာဖြစ်ပြီး မာထျောင်မြို့ကို ပြန်လည်သိမ်းပိုက်ကာ တောင်ပိုင်းကို ဝိုင်းရံပိတ်ဆို့ထားတာတွေကို ချိုးဖျက်ပစ်နိုင်မှာပါ"

"အဲဒီအချိန်ကျရင် မြို့တွေကို အချိန်အကြာကြီး မသိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ယန်မင်တောင်ကြားတံခါးကိုပါ ငါတို့ သိမ်းပိုက်လိုက်ပြီဆိုတာကို သိသွားတဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေက သေချာပေါက်ကို သူတို့ရဲ့ စိတ်ဓာတ်တွေ အကြီးအကျယ် ထိုးကျသွားမှာပဲ"

"အဲဒီအခါကျရင် ငါတို့က မြောက်ပိုင်းကိုတောင် ပြန်လည်တိုက်ခိုက်နိုင်ပြီး ချင်တိုင်းပြည်ရဲ့ မြို့တော်ဆီကို တန်းတိုက်ကာ အနှိုင်းမဲ့တဲ့ စွမ်းဆောင်မှုတွေကို ရယူနိုင်မှာပါ"

"ဟွန့်"

ဝေ့ဟန်၏ စကားကို ကြားလိုက်ရသောအခါ ကော်ရှင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ယွီယို၏ ကော်လာကို လွှတ်ပေးလိုက်လေတော့သည်။

မြင်းပေါ်တွင်ထိုင်လျက် ဝေ့ဟန်သည် ရှောင်မိုကိုသာ ဆက်လက်၍ တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့လေ၏။

"ဒီကနေ့ ရှောင်မို သေချာပေါက် သေရမယ်... မဟုတ်လို့ သူသာ နောင်တစ်ချိန်မှာ ကြီးထွားလာခဲ့မယ်ဆိုရင် သေရမယ့်လူတွေက ငါတို့ဖြစ်သွားလိမ့်မယ်"

All Chapters