အခန်း (၃၈၅-၃၈၆)
Vol. 39 Ch. 385-386
အခန်း (၃၈၅)
ယန်မင်တောင်ကြားတံခါးအောက်၌ကား
ရှောင်မိုသည် အရုဏ်တက်ချိန်မှစ၍ နေမင်းကြီး ကောင်းကင်ထက်၌ မြင့်မားစွာ သာထွန်းလာသည်အထိ ဆက်တိုက်ဆိုသလို တိုက်ပွဲဝင်နေခဲ့လေ၏။
သူ လူမည်မျှကို သတ်ဖြတ်ခဲ့ပြီးပြီလဲဆိုသည်ကို ရှောင်မို ကိုယ်တိုင်ပင် မမှတ်မိနိုင်တော့ချေ။
သူ၏ လှံရှည်ကြီးကို ဘယ်နှကြိမ်တိုင်တိုင် ဝှေ့ယမ်းခဲ့ပြီးပြီလဲဆိုသည်ကိုလည်း သူ မမှတ်မိနိုင်တော့ပေ။
သူ၏ ဘေးပတ်လည်တွင် လူမည်မျှ သေဆုံးသွားခဲ့ပြီလဲဆိုသည်ကိုလည်း သူ မမှတ်မိတော့ချေ။
သို့သော်ငြားလည်း သူ နောက်ဆုတ်၍မရတော့ကြောင်းကိုမူ ရှောင်မို ကောင်းစွာ သိရှိနားလည်ထားပေသည်။
သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှေ့သို့ ဆက်လက်တိုးဝင်ပြီး သတ်ဖြတ်ပစ်ရန်သာ ဖြစ်လေတော့သတည်း။
ရှောင်မို၏ လှံရှည်က ဝေ့တိုင်းပြည်မှ စစ်သည်တစ်ဦးကို မြင်းပေါ်မှ ထိုးချလိုက်ချိန်မှာပင် မြောက်ပိုင်းမှ စစ်သည်တစ်ဦး မြေပြင်ပေါ်သို့ ခုတ်လှဲခံလိုက်ရသည်ကို ရှောင်မို မြင်တွေ့လိုက်ရလေ၏။
ရန်သူ့ဘက်မှ ဓားတစ်လက်က မြေပြင်ပေါ်ကျသွားသော ထိုစစ်သည်ထံသို့ ထပ်မံ၍ ခုတ်ပိုင်းချလာပြန်ပေသည်။
သို့သော် ရှောင်မို၏ လှံရှည်ကြီးက ရန်သူ၏ ရင်ဘတ်ကို အလျင်အမြန်ပင် ဖောက်ထွင်းသွားခဲ့ချေပြီ။
"မင်း မတ်တပ်ရပ်နိုင်သေးလား"
ရှောင်မိုက ရန်သူ၏ အလောင်းကို ကန်ထုတ်ပစ်လိုက်ရင်း ထိုစစ်သည်ကို မေးမြန်းလိုက်လေသည်။
"ရ... ရပါတယ်ဗျာ" ချန်တုန်းအမည်ရှိသော ထိုစစ်သည်သည် အတင်းအဓမ္မ ရုန်းကန်၍ မတ်တပ်ထရပ်လိုက်လေ၏။ သူ၏ မျက်လုံးများက သွေးကြောများဖြင့် နီရဲနေပြီး တစ်ကိုယ်လုံးတွင်လည်း အပုပ်နံ့ထွက်နေသော သွေးများဖြင့် ရွှဲနစ်နေပေသည်။ သတ်ဖြတ်လိုစိတ်များကလည်း လျှံကျနေခဲ့ရာ သူသည် မျက်လုံးများ နီရဲလာသည်အထိ အသည်းအသန် တိုက်ပွဲဝင်ခဲ့ရကြောင်း သိသာထင်ရှားလှပေသည်။
သို့သော် ချန်တုန်းက သူ၏ဘေးရှိ ဓားရှည်ကို ကောက်ယူရန် ကြိုးစားလိုက်ချိန်တွင်မူ နှစ်နာရီခွဲနီးပါးခန့် ဆက်တိုက် တိုက်ပွဲဝင်ထားရသဖြင့် တုန်ယင်နေသော သူ၏ညာဘက်လက်က ဓားရှည်ကို မြဲမြံစွာ မဆုပ်ကိုင်နိုင်ခဲ့ချေ။
ဓားရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ရှောင်မိုသည် လှံချီတစ်ချက်ကို အသုံးပြု၍ သူ့ထံသို့ ချဉ်းကပ်လာသော ဝေ့စစ်သည်အချို့ကို သတ်ဖြတ်လိုက်ပြီးနောက် မြင်းပေါ်မှဆင်းကာ ထိုဓားရှည်ကို ကောက်ယူပြီး ချန်တုန်း၏ လက်ဝါးထဲသို့ ထည့်ပေးလိုက်လေတော့သည်။
ရှောင်မိုက မည်သည့်စကားကိုမျှ မဆိုခဲ့ပေ။ သူသည် မြင်းပေါ်သို့ ပြန်တက်လိုက်ပြီး ရှေ့သို့ ဆက်လက် ချီတက်တိုက်ခိုက်သွားလေ၏။
ရှေ့သို့ အဆက်မပြတ် တိုးဝင်တိုက်ခိုက်နေသော စစ်သူကြီးရှောင်၏ ကျောပြင်ကို ကြည့်ရင်း ချန်တုန်းသည် အသိစိတ်ပြန်ဝင်လာခဲ့လေသည်။ သူသည် သူ၏အဝတ်အစားမှ အစအနတစ်ခုကို ချက်ချင်း ဆုတ်ဖြဲလိုက်ပြီး ဓားရှည်ကို သူ၏လက်နှင့်အတူ တင်းကျပ်စွာ ပတ်ချည်လိုက်ကာ စစ်သူကြီးနောက်သို့ လိုက်ပါလျက် အရှိန်အဟုန်ဖြင့် တိုးဝင်တိုက်ခိုက်လေတော့သတည်း။
မွန်းလွဲပိုင်းအချိန်သို့ ရောက်ရှိလာချိန်တွင် ရှောင်မိုသည် ခေါင်းကိုမော့ကာ ကောင်းကင်ထက်၌ တွဲလွဲခိုနေသော တောက်ပပူပြင်းသည့် နေမင်းကြီးကို တစ်ချက် မော့ကြည့်လိုက်ပေသည်။
နောက်ထပ် နာရီဝက်ခန့်ကြာလျှင် သူ ယန်မင်တောင်ကြားတံခါးကို စတင်ကာကွယ်ခဲ့သည့်အချိန်မှစ၍ ရက်သုံးဆယ် တိတိပြည့်မြောက်တော့မည် ဖြစ်လေ၏။
သို့သော် မြောက်ပိုင်းတပ်မတော်၏ ပင်မတပ်မကြီးက ယခုတိုင် ရောက်ရှိမလာသေးချေ။
ထို့အပြင် မြောက်ပိုင်းတပ်မတော်မှ စစ်သည်များ တစ်ဦးပြီးတစ်ဦး သွေးအိုင်များထဲသို့ လဲကျသေဆုံးသွားကြသည်နှင့်အမျှ မြောက်ပိုင်းတပ်မတော်မှ အစောပိုင်းက ရရှိထားခဲ့သော အားသာချက်များမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူတို့သည် အဆက်မပြတ် နောက်ဆုတ်နေခဲ့ရပေသည်။
ဤအချိန်တွင် ဝေ့တိုင်းပြည်တပ်မတော်သည် ယန်မင်တောင်ကြားတံခါးနှင့် သုံးလီပင် မကွာဝေးတော့ချေ။
ရှောင်မိုနှင့်အတူ စီးဆင်းဝင်ရောက်လာခဲ့သော နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်အနက် ယခုအခါ ငါးရာခန့်သာ ကျန်ရှိတော့လေသည်။
စစ်မြေပြင်ပေါ်တွင် ခြေလျင်တပ်သား မည်မျှ အသက်ရှင်ကျန်ရစ်နေသေးသနည်း ဆိုသည်ကိုမူ ရှောင်မို ကိုယ်တိုင်ပင် ခန့်မှန်း၍ မရနိုင်တော့သည့်အပြင် သူတို့က အလွန်အမင်း ပြန့်ကျဲနေကြသောကြောင့် ပြန်လည်စုစည်းရန်လည်း မဖြစ်နိုင်တော့ပေ။
ရှောင်မိုသည် ကော်ရှင်း၏ တပ်ဖွဲ့ဖြန့်ကြက်မှု ပုံစံကို ဖောက်ထွင်းမြင်သိနေပြီး ကော်ရှင်းက သူ့ကိုရော သူ၏ဘေးရှိ နှင်းနင်းနဂါးမြင်းသည်တော် ငါးရာကိုပါ ဝိုင်းရံပိတ်ဆို့ရန် ကြိုးစားနေကြောင်းကို ကောင်းစွာ သိရှိထားလေ၏။
သို့သော် ယခုအခါတွင် ရန်သူ၏ အစီအစဉ်ကို သူ သိမြင်နေလျှင်တောင်မှ ယခင်ကကဲ့သို့ ထိုးဖောက်ထွက်ခွာရန် မဖြစ်နိုင်တော့ချေ။
အကြောင်းမှာ ယန်မင်တောင်ကြားတံခါးက ရှောင်မို၏ အနောက်ဘက် မလှမ်းမကမ်းတွင် ရှိနေသောကြောင့်ပင်။
သူ၏ရှေ့တွင်မူ ရန်သူ့တပ်ဖွဲ့များက လှိုင်းလုံးကြီးများအလား အရှိန်အဟုန်ဖြင့် တိုးဝင်လာနေကြပေသည်။
သူ့အတွက် ရွေးချယ်စရာ လမ်းမရှိတော့ပေ။
"စစ်သူကြီး... ကျွန်တော်တို့ စစ်သူကြီးကို ကာကွယ်ပြီး ဒီပိတ်ဆို့မှုထဲကနေ ဖောက်ထွက်သွားပါ့မယ်" ဟု နှင်းနင်းမြင်းကို စီးနင်းထားသော ကျောက်ကွမ်းက ရှောင်မို၏ဘေးမှနေ၍ ဩရှသောအသံဖြင့် ပြောဆိုလိုက်လေ၏။
"အစ်ကိုမို၊ ခင်ဗျား သေလို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် နောင်တစ်ချိန်ကျ ကျွန်တော်တို့အတွက် သေချာပေါက် ကလဲ့စားချေပေးနိုင်မှာပါ" ဟု ရှောင်ကွေ့ကလည်း အလျင်စလို တိုက်တွန်းလာလေသည်။
သို့သော် ရှောင်မိုက ခေါင်းယမ်းပြလိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုလေ၏ "ငါတို့ ဖောက်ထွက်လို့မရဘူး၊ ပြီးတော့ ထွက်လည်း မသွားဘူး။"
"..." စစ်သူကြီးက အရှိတရားကို ဤမျှ တည်ငြိမ်စွာဖြင့် ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ နှလုံးသားများ အောက်ခြေအထိ ထိုးကျသွားရလေတော့သည်။
မှန်ပေသည်။
သူတို့၏ ရှေ့တွင် ဝေ့တိုင်းပြည် စစ်သည်သိန်းချီ ရှိနေပေသည်။
သူတို့၏ နောက်ဘက်ရှိ တောင်ပိုင်းနယ်မြေတပ်မတော်က မြောက်ပိုင်းတပ်မတော်နှင့် တိုက်ပွဲဆင်နွှဲနေရသဖြင့် မြို့ကို တိုက်ခိုက်ရန် အချိန်မရှိသော်ငြားလည်း သူတို့သည် အပြင်းအထန် ဝိုင်းရံခံထားရပြီး တောင်ဘက်တံခါးမှတစ်ဆင့် ဖောက်ထွက်ရန်မှာလည်း အလွန်အမင်း ခက်ခဲလွန်းလှပေသည်။
ပြီးတော့ စစ်သူကြီးရှောင်ကို လုံခြုံစွာ ခေါ်ဆောင်ထွက်သွားလိုသည့် သူတို့၏ ဆန္ဒမှာလည်း သေဆုံးခြင်းမတိုင်မီ နောက်ဆုံး ကျန်ရှိနေသော အလဟဿ မျှော်လင့်ချက်တစ်ခုသာ ဖြစ်လေ၏။
"သေရမယ်ဆိုတာ ရှောင်လွှဲလို့မရတော့ဘူး။ ဝေ့နာရီက ရောက်လာခဲ့ပြီ၊ ငါတို့ကလည်း ရက်သုံးဆယ်တိတိ ကာကွယ်ခဲ့ပြီးပြီ။ အနည်းဆုံးတော့ ငါတို့တွေ ချင်တိုင်းပြည်အတွက် ထိုက်တန်ခဲ့ပြီ၊ မြောက်ပိုင်းက သက်ကြီးရွယ်အိုတွေအတွက်လည်း ထိုက်တန်ခဲ့ပြီပဲ။ ဒီရက်ပိုင်းတွေအတွင်း မင်းတို့အားလုံးနဲ့အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ရတာဟာ ငါ့ဘဝရဲ့ အကြီးမားဆုံးသော ဂုဏ်ယူစရာပါပဲ။"
"စစ်သူကြီး။" ကျောက်ကွမ်းက မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စကားတစ်ချို့ကို ပြောချင်နေသော်လည်း မျိုသိပ်ထားလိုက်ရပေသည်။
"ရှောင်မို... အရာအားလုံး ပြီးဆုံးသွားပြီ။"
ကော်ရှင်းသည် သူ၏ တပ်ဖွဲ့ရှေ့ဆုံးသို့ မြင်းကိုစီးနင်းထွက်လာကာ ရှောင်မိုကို စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
"ရှောင်မို... မင်းက တကယ့်ကို စစ်သူကြီးတစ်ယောက်ရဲ့ ပါရမီကို ပိုင်ဆိုင်ထားပြီး မင်းရဲ့ ဂုဏ်သတင်းနာမည်နဲ့ ထိုက်တန်တဲ့သူဆိုတာကိုတော့ ငါ ဝန်ခံရလိမ့်မယ်။ ငါ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ် ပေးမယ်။ ငါ့ဆီမှာ လက်နက်ချအညံ့ခံပြီး ငါ့ရဲ့ ဒုတိယစစ်သူကြီး လုပ်လိုက်ပါ။ ငါတို့ ချင်တိုင်းပြည်ကို ပြန်လည်တိုက်ခိုက်တဲ့အခါ မင်းအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူပြီး မြို့စားကြီး ဒါမှမဟုတ် ဝန်ကြီးရာထူးကို ရရှိနိုင်ပါသေးတယ်။ အဲဒါက ဒီမှာသေသွားတာထက် ပိုမကောင်းဘူးလား။"
"စစ်သူကြီးကော်က သေချာပေါက်ကို ရက်ရောလွန်းလှပါတယ်။ ဒါပေမဲ့ ကျွန်တော် ငြင်းဆိုပါရစေ။"
ရှောင်မိုက ပြုံးလိုက်ပြီးနောက် သံချပ်ကာမြင်းသည်တော် ငါးရာဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည် "ဘယ်သူက ငါနဲ့အတူ သေဖို့ ဆန္ဒရှိလဲ။"
မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ဖယ်ပစ်လိုက်ရင်း ကျောက်ကွမ်းက သူ၏ လှံရှည်ကြီးကို အမြင့်သို့ မြှောက်တင်လိုက်ပေသည် "ကျွန်တော်က စစ်သူကြီးနဲ့အတူ သေဖို့ ဆန္ဒရှိပါတယ်။"
"ကျွန်တော်တို့က စစ်သူကြီးနဲ့အတူ သေဖို့ ဆန္ဒရှိပါတယ်။"
"ကျွန်တော်တို့က စစ်သူကြီးနဲ့အတူ သေဖို့ ဆန္ဒရှိပါတယ်။"
"ကျွန်တော်တို့က စစ်သူကြီးနဲ့အတူ သေဖို့ ဆန္ဒရှိပါတယ်။"
သံချပ်ကာမြင်းသည်တော် ငါးရာက ပြိုင်တူဟစ်ကြွေးလိုက်ကြရာ ထိုအသံကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့ပြီး ဝေ့တိုင်းပြည်၏ စစ်မြင်းများကို အလိုအလျောက် နောက်ဆုတ်သွားစေခဲ့ကာ စစ်သည်များ၏ နှလုံးသားများကိုပါ ကျောချမ်းသွားစေခဲ့လေတော့သည်။
"နှင်းနင်းနဂါးမြင်းသည်တော်တွေ ဘယ်မှာလဲ။" ရှောင်မိုက သူ၏ လှံရှည်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
သံချပ်ကာမြင်းသည်တော် ငါးရာက ပြိုင်တူထူးလိုက်ကြသည် "ကျွန်တော်တို့အားလုံး ဒီမှာရှိပါတယ်။"
"ငါနဲ့အတူ တိုက်ကြစမ်း။"
"သတ်ကြစမ်း။"
ရှောင်မိုက မြင်းကို တွန်းလှည့်ကာ ရှေ့သို့ ဒုန်းစိုင်းထွက်ခွာသွားပြီး နှင်းနင်းနဂါးမြင်းသည်တော် ငါးရာကလည်း အရှိန်အဟုန်ဖြင့် တိုးဝင်တိုက်ခိုက်ကြလေတော့သည်။
"ဒီလိုမှတော့လည်း သွားသေလိုက်ကြစမ်း။" ကော်ရှင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။ "သူတို့ကို သတ်ပစ်လိုက်။"
ကော်ရှင်း၏ အမိန့်နှင့်အတူ ဝေ့တိုင်းပြည်တပ်မတော်သည် ရှောင်မိုနှင့် အခြားသူများကို လုံးဝ မြိုချပစ်ရန် ရည်ရွယ်ချက်ဖြင့် ဒီရေလှိုင်းကြီးတစ်ခုအလား အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာကြလေတော့သည်။
မြို့ရိုးပေါ်တွင် ရပ်နေသော လျန်လီသည် ဤမြင်ကွင်းအားလုံးကို စောင့်ကြည့်နေခဲ့ပေသည်။ သတိမထားမိလိုက်ဘဲ သူမ၏ လက်ထဲတွင် လှံရှည်တစ်လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားမိလျက်သား ဖြစ်နေချေပြီ။
တပ်မတော်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိတော့မည့် အချိန်၊ လျန်လီကိုယ်တိုင် မြို့ရိုးပေါ်မှ ဆင်းသွားတော့မည့်အချိန်လေးတွင်ပင် သူမ၏ ခြေဖဝါးအောက်မှ မြို့ရိုးကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရလေ၏။
နောက်တစ်စက္ကန့်တွင်မူ သောင်းနှင့်ချီသော နှင်းနင်းနဂါးမြင်းသည်တော်များသည် ယန်မင်တောင်ကြားတံခါး၏ မြောက်ဘက်တံခါးမှနေ၍ ပေါက်ကွဲထွက်လာကြပြီး စစ်မြေပြင်ထဲသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်သွားကြလေတော့သတည်း။
"ကော်ရှင်း... ခွေးကောင်မြေနိုးလေး၊ မင်းရဲ့ အဘိုး ဒီကိုရောက်လာပြီကွ။"
မျက်လုံးတစ်ဖက်နှင့် စစ်သူကြီးဟွမ်သည် ရန်သူ့တပ်ဖွဲ့ထဲသို့ တည့်တည့်မတ်မတ် ဒုန်းစိုင်းဝင်ရောက်သွားလေ၏။ သူ၏ ဓားရှည်ကြီးတစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်သည် ဒါဇင်ပေါင်းများစွာမှာ ကောင်းကင်ယံသို့ လွင့်စင်သွားကြရပေသည်။
"လေးသည်တော်တွေ... ပစ်ကြစမ်း။"
မြို့ရိုးထက်မှနေ၍ ဖန်ဝေ့မင်က အမိန့်ပေးလိုက်လေ၏။ မှော်အက္ခရာများ ထွင်းထုထားသော မြားတံများသည် ဝေ့တိုင်းပြည်တပ်မတော်၏ ဗဟိုနှင့် အနောက်ဘက်တပ်ဖွဲ့များဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြပြီးနောက် ဝေ့တပ်မတော်ကြားထဲတွင် ပေါက်ကွဲမှုများ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။
"တူလေး... ခဏလောက် အနားယူလိုက်ဦး။ ကျန်တဲ့တိုက်ပွဲအတွက် မင်းရဲ့ ဦးလေးကျန်းဆီကိုသာ လွှဲထားလိုက်တော့။"
အသားမည်းမည်းနှင့် ကျန်းခွေသည် ဆယ့်ရှစ်ပေအရှည်ရှိသော မြွေလှံရှည်ကြီးကို ကိုင်ဆောင်ထားရင်း မြို့ရိုးပေါ်မှနေ၍ တိုက်ရိုက်ခုန်ချလိုက်ပြီးနောက် ဝေ့တိုင်းပြည်တပ်ဖွဲ့ဆီသို့ သားရဲဆိုးကြီးတစ်ကောင်အလား အရှိန်အဟုန်ဖြင့် တိုးဝင်သွားလေ၏။
ထိုနောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံထက်မှ စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။
တောင်ပိုင်းနယ်မြေ၏ ကောင်းကင်ပျံသန်းခွင့် ပိတ်ပင်ခြင်း မှော်ဝင်္ကပါကြီး ပျက်စီးသွားပြီးနောက် ဖီးနစ်နီတစ်ကောင်က ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းလာခဲ့လေ၏။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် စစ်မှန်သော မီးတောက်များ ကျန်ရစ်ခဲ့ပြီး ကောင်းကင်ပြင်တစ်ခုလုံးကို မီးရှို့ပစ်လိုက်သည့်အလား ထင်မှတ်ရပေသည်။ ကောင်းကင်ထက်မှ ပူပြင်းလှသော နေမင်းကြီးပင်လျှင် ဤဖီးနစ်နီလောက် အပူရှိန်ပြင်းပြပုံမရချေ။
ဖီးနစ်နီက ၎င်း၏နှုတ်သီးကိုဟကာ လွင်ပြင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားစေနိုင်သော မီးတောက်များကို မှုတ်ထုတ်လိုက်ပြီး ဝေ့တိုင်းပြည်တပ်မတော်ဆီသို့ လောင်ကျွမ်းသွားစေလေတော့သည်။
"မင်းတို့ ဖီးနစ်နီမျိုးနွယ်စုက လူသားမျိုးနွယ်တွေရဲ့ စစ်ပွဲထဲကို ဝင်စွက်ဖက်ရဲတယ်ပေါ့လေ" ကော်ရှင်းက ဖီးနစ်နီကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။
သို့သော် ဖီးနစ်နီက မျက်လုံးကိုသာ လှန်ပြလိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။
ကောင်းကင်ယံထက်တွင် တစ်ပတ်လှည့်ပတ်ပျံသန်းပြီးနောက် ဖီးနစ်နီသည် မြေပြင်ဆီသို့ ချက်ချင်း ပျံသန်းဆင်းသက်လာကာ ရှေ့သို့ မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် ပန်းနုရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက ဖီးနစ်နီ၏ ကျောပေါ်မှ ခုန်ဆင်းလာပြီး ရှောင်မိုထံသို့ ပြေးလာခဲ့လေ၏။
သူမ၏ ဂါဝန်စကို မကာ သူ့ထံသို့ ပြေးလာနေသော မိန်းကလေးကို ကြည့်ရင်း ရှောင်မိုမှာ မှင်တက်သွားရလေတော့သည်။
ထိုမိန်းကလေး အနီးသို့ ရောက်ရှိလာချိန်တွင် ရှောင်မိုက နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့ပြီး မြင်းပေါ်မှဆင်းကာ မိန်းကလေးကို အံ့အားသင့်စွာ ကြည့်လိုက်လေသည် "ချင်စီယောင်... မင်းက ဘယ်လိုလုပ်ပြီး..."
ဒီကိုရောက်လာတာလဲ ဟူသော စကားလုံးများပင် သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်မလာရသေးချေ။
မိန်းကလေးက ရှေ့သို့ ခုန်အုပ်လိုက်ပြီး ရှောင်မိုကို တင်းကျပ်စွာ ဖက်တွယ်လိုက်လေတော့သည်။
မိန်းကလေး၏ မျက်လုံးထောင့်များမှ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီး ရှောင်မို၏ သံချပ်ကာအင်္ကျီပေါ်သို့ ကျစင်းကာ ရွှံ့နွံများ၊ အပုပ်နံ့ထွက်နေသော သွေးများနှင့် ရောနှောသွားပြီးနောက် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားလေ၏။
"အရူးကြီး"
"အရူးကြီး"
"အရူးကြီး"
မိန်းကလေးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ငိုရင်းနှင့်ပင် ရှောင်မို၏ ရင်ဘတ်ကို ထုရိုက်နေလေတော့သည်။
"ရှင်က ဘာလို့များ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။
ရှင် သေရတော့မယ်ဆိုတာ ရှင်မသိဘူးလား။
ရှင်က ဘာလို့ လက်နက်မချရတာလဲ..."
အခန်း (၃၈၆)
မြောက်ပိုင်းတပ်မတော်၏ ပင်မတပ်မကြီး စစ်မြေပြင်သို့ ဝင်ရောက်လာပြီးနောက်တွင်ကား စစ်ပွဲ၏အခြေအနေမှာ ချက်ချင်းဆိုသလိုပင် ပြောင်းပြန်လန်သွားခဲ့ချေပြီ။
ထို့အပြင် မြောက်ပိုင်းတပ်မတော်သည် ယန်မင်တောင်ကြားတံခါးသို့ ရောက်ရှိလာခဲ့ပြီဟူသောအချက်က တောင်ပိုင်းနယ်မြေရှိ မြို့ဆယ့်တစ်မြို့စလုံး ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်းကို ဆိုလိုနေခြင်းပင် ဖြစ်လေ၏။
ဤအရာက ဝေ့တိုင်းပြည်တပ်မတော်အတွက် လုံးဝ လက်ခံနိုင်စရာမရှိသောအချက်ဖြစ်ရာ သူတို့၏ စိတ်ဓာတ်များမှာလည်း အကြီးအကျယ် ထိုးကျသွားခဲ့ရပေသည်။
"ဆုတ်ခွာကြ"
ကော်ရှင်းသည် အဆက်အသွယ်ဖြင့် ရာထူးတက်လာသူတစ်ဦး ဖြစ်သော်ငြားလည်း အခြေအနေများ မျှော်လင့်ချက်မဲ့နေပြီဖြစ်ကြောင်းကို ကောင်းစွာသိရှိထားသဖြင့် တပ်မတော်ကို ဆုတ်ခွာရန် ပြတ်ပြတ်သားသားပင် အမိန့်ပေးလိုက်လေတော့သည်။
ရှောင်ရှီကိုယ်တိုင် တပ်များကို ဦးဆောင်လျက် ရန်သူ့နောက်သို့ မိုင်နှစ်ဆယ်ခန့်အထိ လိုက်လံချေမှုန်းခဲ့ပြီးမှသာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့လေ၏။
မြောက်ပိုင်းတပ်မတော်၏ မဟာအောင်ပွဲအပြီးတွင်မူ စစ်မြေပြင်ပေါ်ရှိ စစ်သည်များကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရှောင်ရှီက အမိန့်ပေးလိုက်ပေသည်။
အသက်ရှူနေဆဲဖြစ်သော မည်သူ့ကိုမဆို အစွမ်းကုန် ကုသပေးရမည်သာ ဖြစ်လေ၏။
ယန်မင်တောင်ကြားတံခါးအတွင်း၌ကား မြောက်ပိုင်းတပ်မတော်၏ ပင်မတပ်မကြီး ရောက်ရှိလာမှုနှင့်အတူ ရိက္ခာများကိုပါ တစ်ပါတည်း ပို့ဆောင်ပေးနိုင်ခဲ့ချေပြီ။
ရှောင်ရှီက ရိက္ခာများ ဝေငှပေးရန် အမိန့်ပေးလိုက်သဖြင့် အိမ်ထောင်စုတိုင်းသည် တစ်ဖန်ပြန်လည်၍ ဗိုက်ဝအောင် စားသောက်နိုင်ခဲ့ကြပေသည်။
ထို့အပြင် မြောက်ပိုင်းတပ်မတော်သည် ယခင်က ကတိကဝတ်ပြုထားသည့်အတိုင်း ရိက္ခာများ သိမ်းဆည်းခံခဲ့ရသော သူဌေးကုန်သည်များကို ငွေကြေး သို့မဟုတ် ရိက္ခာများဖြင့် ပြန်လည်လျော်ကြေးပေးခဲ့လေ၏။
ယန်မင်တောင်ကြားတံခါး၏ မြို့ကာကွယ်ရေးဝင်္ကပါကိုမူ ဝင်္ကပါဆရာသခင်များက အလျင်စလို ပြုပြင်မွမ်းမံနေကြပြီး ယခင်ကထက်ပင် ပိုမိုအားကောင်းလာစေရန် စီစဉ်နေကြပေသည်။
မြောက်ပိုင်းတပ်မတော်၏ အဆင့်မြင့်ခေါင်းဆောင်များက ယန်မင်တောင်ကြားတံခါးကို ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်သော ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန်အတွက် အရင်းအမြစ်များကို နှမြောတွန့်တိုနေမည်မဟုတ်ဘဲ အမှန်တကယ်ပင် ကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော နေရာတစ်ခုဖြစ်လာစေရန် ပူးတွဲဆုံးဖြတ်ခဲ့ကြလေတော့သည်။
ဤသို့ဖြင့် မြောက်ပိုင်းတပ်မတော်က ရှေ့ဆက်၍ စစ်ချီတက်ရာတွင် အခြေအနေများက သူတို့ဘက်တွင် မရှိတော့လျှင်ပင် ယန်မင်တောင်ကြားတံခါးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။
သုံးရက်ကြာပြီးနောက်တွင် ယန်မင်တောင်ကြားတံခါးကို ကာကွယ်ခဲ့ကြသော မြောက်ပိုင်းတပ်မတော်မှ စစ်သည်များ၏ သေဆုံးဒဏ်ရာရမှု စာရင်းကို အပြီးသတ်ပြုစုနိုင်ခဲ့ချေပြီ။
အစပိုင်းက ရှောင်မို ဦးဆောင်ထွက်ခွာလာခဲ့သော နှင်းနင်းနဂါးမြင်းသည်တော် တစ်သောင်းအနက် ယခုအခါ မြင်းသည်တော် လေးရာနှစ်ဆယ်သာ အသက်ရှင်ကျန်ရစ်တော့လေ၏။
ခြေလျင်တပ်သားများဘက်တွင်မူ ရှောင်မို စုဆောင်းခဲ့သော လက်နက်ချစစ်သည်များနှင့် ယန်မင်တောင်ကြားတံခါးမှ ဝင်ရောက်လာသော အမျိုးသားများကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက စုစုပေါင်း ခြောက်သောင်းခန့် ရှိပေသည်။
သို့သော်ငြားလည်း ထိုမဟာတိုက်ပွဲကြီးအပြီးတွင် စစ်မြေပြင်ပေါ်ရှိ အလောင်းပုံများကြားမှ ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့သူများကိုပါ ထည့်သွင်းရေတွက်သော်လည်း အသက်ရှင်ကျန်ရစ်သူ စစ်သည်မှာ နှစ်ထောင်ခုနစ်ရာနှစ်ဆယ်သာ ရှိတော့လေတော့သတည်း။
ချင်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာဥပဒေအရ စစ်သည်တစ်ဦး၏ အလောင်းကို ရှာတွေ့ခဲ့ပါက သူတို့၏ ဇာတိမြေသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပေသည်။
အကယ်၍ အလောင်းကို ရှာမတွေ့ခဲ့ပါက သူတို့၏ ကိုယ်ပိုင်ပစ္စည်းများကို စုဆောင်း၍ ကျန်ရစ်သူ မိသားစုများထံသို့ ပြန်လည်ပို့ဆောင်ပေးမည်သာ ဖြစ်လေ၏။
ချင်တိုင်းပြည်သည် အိမ်ထောင်စုတိုင်းကို လုံလောက်သော လျော်ကြေးငွေများ ပေးအပ်သွားမည်ဖြစ်ပြီး သူတို့၏ အနာဂတ်ဘဝများအတွက်လည်း ပုံစံအမျိုးမျိုးဖြင့် သက်တောင့်သက်သာရှိစေရန် စီစဉ်ပေးကာ မိသားစုများအနေဖြင့် ပူပင်သောကကင်းမဲ့စွာ နေထိုင်နိုင်စေရန် သေချာစေမည် ဖြစ်ပေသည်။
ရှောင်မို၏ တောင်းဆိုချက်အရ သေဆုံးသွားသော စစ်သည်များအားလုံးအတွက် ယန်မင်တောင်ကြားတံခါးအနီးရှိ တောင်တစ်တောင်ပေါ်တွင် သူတို့၏ အမည်နာမများကို ထွင်းထုထားသော အုတ်ဂူကျောက်တိုင်များကို စိုက်ထူပေးမည်ဖြစ်ပြီး သူတို့၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ပေးသွားမည် ဖြစ်လေတော့သည်။
ငါးရက်ကြာပြီးနောက် အုတ်ဂူကျောက်တိုင်များကို တည်ဆောက်ပြီးစီးသွားခဲ့ချေပြီ။
ရှောင်မိုနှင့် အသက်ရှင်ကျန်ရစ်သူ စစ်သည်များအားလုံးသည် တောင်ခြေတွင် ရပ်နေကြပြီး သေရည်ပန်းကန်လုံးများကို ကိုင်ဆောင်လျက် သူတို့၏ ရဲဘော်ရဲဘက် သူရဲကောင်းဝိညာဉ်များကို လမ်းခရီး ပို့ဆောင်နှုတ်ဆက်လိုက်ကြပေသည်။
ယန်မင်တောင်ကြားတံခါး မဟာတိုက်ပွဲကြီး၏ နောက်ဆက်တွဲကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင်ကား စစ်သည်များအား ဆုလာဘ်များ ချီးမြှင့်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေ၏။
ရှောင်မိုသည် မင်းသားတစ်ပါး ဖြစ်နေပြီးဖြစ်ရာ ရှောင်ရှီအနေဖြင့် ရှောင်မို၏ စွမ်းဆောင်မှုများကို မှတ်တမ်းတင်၍ နန်းတွင်းသို့ တင်ပြကာ မြို့တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် အရှင်မင်းမြတ် ကိုယ်တိုင် ဆုလာဘ်များ ချီးမြှင့်မည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။ ထို့ကြောင့် ရှောင်မို၏ အဆင့်အတန်းမှာ လတ်တလောတွင် ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ရှိနေခဲ့လေ၏။
သို့သော် ဤတိုက်ပွဲအပြီးတွင် မြောက်ပိုင်းတပ်မတော်အတွင်းရှိ ရှောင်မို၏ ဩဇာတိက္ကမမှာ ဖန်ဝေ့မင်နှင့် ကျန်းခွေကဲ့သို့သော ဝါရင့်စစ်သူကြီးများနှင့် တန်းတူနီးပါး ဖြစ်လာခဲ့ချေပြီ။
ရှောင်ရှီက သူ၏လက်ကို ခမ်းနားကြီးကျယ်စွာ ဝှေ့ယမ်းလိုက်ပြီး နှင်းနင်းနဂါးမြင်းသည်တော် ငါးသောင်းနှင့် မြောက်ပိုင်းခြေလျင်တပ်သား နှစ်သိန်းတို့ကို ရှောင်မို၏ လက်အောက်သို့ လွှဲပြောင်းပေးအပ်လိုက်လေတော့သည်။
ရှောင်ရှီသည် ရှောင်မို၏ မျက်နှာဖုံးနှင့် တစ်ပုံစံတည်းတူညီသော မျက်နှာဖုံး အရေအတွက် ငါးသောင်းကို အထူးမှာယူသွန်းလုပ်စေခဲ့ပြီး ၎င်းက ရှောင်မို၏ လက်အောက်ရှိ နှင်းနင်းနဂါးမြင်းသည်တော်များအားလုံးသည် သူ့နည်းတူ မျက်နှာကို ဖုံးကွယ်၍ တိုက်ပွဲဝင်နိုင်ကြောင်းကို သင်္ကေတပြုနေခြင်းပင် ဖြစ်ပေသည်။
ဤလုပ်ရပ်မှာ အရေးပါပုံမရသော်ငြားလည်း ဖန်ဝေ့မင်တို့ကဲ့သို့သော စစ်သူကြီးများ၏ အမြင်တွင်မူ မင်းသားကြီးသည် ရှောင်မို၏ စွမ်းရည်များကို အပြည့်အဝ အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး ရှောင်မိုကို သူ၏ စစ်မှန်သော ဆက်ခံသူအဖြစ် ပျိုးထောင်ရန် ရည်ရွယ်နေကြောင်းကို ကောင်းစွာ သိရှိနားလည်ထားကြလေ၏။
ထို့အပြင် ရှောင်မို၏ လက်အောက်ရှိ သံချပ်ကာမြင်းသည်တော် ငါးသောင်းက မျက်နှာဖုံးများကို ဝတ်ဆင်ခွင့်ရရှိခြင်းသည် သူတို့ကို အခြားသော နှင်းနင်းနဂါးမြင်းသည်တော်များနှင့် ကွဲပြားခြားနားသွားစေပြီး ရှောင်မို၏ ကိုယ်ပိုင်တပ်မတော်သဖွယ် သဘာဝကို ရရှိသွားစေခဲ့ပေသည်။
မြို့ကို ကာကွယ်ခဲ့ကြသော စစ်သည်များနှင့် ပတ်သက်၍ကား။
သာမန်စစ်သည်များသည် သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ရာထူးများ သို့မဟုတ် ဥစ္စာဓနများ စသည့် ဆုလာဘ်များကို ရရှိခဲ့ကြပြီး သူတို့အားလုံးကို ကြီးမားသော စွမ်းဆောင်မှုများအဖြစ် မှတ်တမ်းတင်ပေးကာ အနာဂတ် ရာထူးတိုးမြှင့်မှုများတွင် ဦးစားပေးခံရမည်ဖြစ်ကြောင်း သေချာစေခဲ့လေ၏။
အလယ်အလတ်အဆင့် အရာရှိများအားလုံးသည် မြောက်ပိုင်းတပ်မတော်အတွင်း၌ ရာထူးတစ်ဆင့်စီ တိုးမြှင့်ခံခဲ့ရပေသည်။ ဥပမာအားဖြင့် ရှောင်ကွေ့နှင့် ရှန်းရှာတို့သည် လူတစ်ရာတပ်မှူးများအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံလိုက်ရလေတော့သည်။
ကျောက်ကွမ်းနှင့် လီကျင်းတို့ကဲ့သို့သော အဆင့်မြင့် စစ်သူကြီးများ၏ စွမ်းဆောင်မှုများကိုမူ ချင်တိုင်းပြည်ရဲ့ဘုရင်က ဆက်လက်၍ ဆုံးဖြတ်ပေးရန် လိုအပ်နေဆဲပင် ဖြစ်ပေသည်။
သို့သော် ဤတိုက်ပွဲအပြီးတွင် လီကျင်းနှင့် အခြားသူများသည် မြို့စားနယ်စားဘွဲ့များကို သေချာပေါက် ရရှိကြမည်ဖြစ်သော်ငြားလည်း သူတို့၏ နောက်ဆုံးအဆင့်အတန်းမှာ ဝေ့တိုင်းပြည်ကို အောင်နိုင်ရာတွင် သူတို့၏ နောက်ဆက်တွဲ စွမ်းဆောင်ရည်များအပေါ်တွင်သာ မူတည်နေလိမ့်မည် ဖြစ်လေ၏။
အစပိုင်းကတည်းက မြို့ကို ကာကွယ်ခဲ့ကြသော စစ်သည်များအားလုံးသည် ရှောင်မို၏နောက်သို့ ဆက်လက်လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြပေသည်။ သူတို့နှင့်အတူ အသက်နှင့်သေဆုံးခြင်းကို အတူတကွ ရင်ဆိုင်ခဲ့သော စစ်သူကြီးထံတွင် ဆက်လက်အမှုထမ်းရန် သူတို့အားလုံးက ဆန္ဒရှိနေကြခြင်းပင် ဖြစ်လေတော့သတည်း။
တပ်မတော်က အနားယူနေသည့် ရက်များအတွင်း တောင်ပိုင်းနယ်မြေရှိ မြို့ဆယ့်တစ်မြို့နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ အစီအစဉ်များကိုလည်း ရှောင်မို ကြားသိခဲ့ရလေ၏။
ရှောင်မို သိမ်းပိုက်ခဲ့သော မာထျောင်မြို့ကို မြောက်ပိုင်းတပ်မတော်က အပြင်းအထန် ကာကွယ်ခဲ့ပြီး လုံးဝ လက်လွှတ်မခံခဲ့ချေ။
မြောက်ပိုင်းတပ်မတော်သည် ထိုထိုးဖောက်နိုင်ခဲ့သော ဟာကွက်ကို အသုံးပြု၍ သူတို့၏ အားသာချက်ကို တဖြည်းဖြည်း ချဲ့ထွင်ရန် ကြိုးစားခဲ့ကြပေသည်။
သို့သော် ရှာဟောက်နန်အနေဖြင့် ရှောင်ရှီ မည်သို့တွေးတောနေသည်ကို မည်သို့လုပ် မသိဘဲ နေပါမည်နည်း။
မာထျောင်မြို့အပေါ် ရှာဟောက်နန်၏ တန်ပြန်တိုက်ခိုက်မှုများမှာ အချိန်ကိုက်ဖြစ်ပြီး အလွန်တိကျလှပေသည်။
သို့သော် မြောက်ပိုင်းတပ်မတော်နှင့် တောင်ပိုင်းနယ်မြေတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်မှာပင် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လေ၏။
လော့ရှားမြို့သခင်၏ ဇနီးနှင့် ဒုတိယမြို့သခင်တို့ကြားရှိ ဖောက်ပြန်မှုကိစ္စကို လော့ရှားမြို့သခင်က ရှာဖွေတွေ့ရှိသွားခဲ့ခြင်းပင် ဖြစ်ပေသည်။
ဒုတိယမြို့သခင်က လော့ရှားမြို့သခင်ကို သတ်ဖြတ်လိုက်ပြီးနောက် လော့ရှားမြို့ကို ဦးဆောင်၍ လက်နက်ချအညံ့ခံလိုက်လေတော့သည်။
လော့ရှားမြို့ ကျဆုံးသွားမှုမှာ အလွန်အမင်း ရုတ်တရက်ဆန်လွန်းလှသဖြင့် ရှာဟောက်နန်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ မြောက်ပိုင်းတပ်မတော်က ထိုဟာကွက်သစ်ကို ချက်ချင်းပင် အသုံးပြုကာ တန့်ဆိုင်းနေသော အခြေအနေကို ချိုးဖျက်ပစ်လိုက်လေ၏။
နောက်ဆုံးတွင် ရှာဟောက်နန်မှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ချေ။ အခြေအနေများ မျှော်လင့်ချက်မဲ့နေပြီဖြစ်ကြောင်းကို သိရှိသွားသောအခါ သူသည် မိမိ၏တပ်မတော်ကို ဦးဆောင်လျက် ချင်တိုင်းပြည်၏ မြောက်ပိုင်းနယ်မြေနှင့် ဝေ့တိုင်းပြည်၏ တောင်ပိုင်းနယ်မြေ နယ်စပ်တစ်လျှောက်မှနေ၍ ဘေးတိုက် ဖောက်ထွက်သွားရုံသာ တတ်နိုင်တော့လေသည်။
အချိန်က နီးကပ်နေပြီဖြစ်သောကြောင့် ရှောင်ရှီသည် နောက်ထပ် ဆက်လက်မလိုက်လံတော့ဘဲ ပင်မတပ်မကြီးကို ဦးဆောင်ကာ ယန်မင်တောင်ကြားတံခါးသို့ အလျင်အမြန် စစ်ကူသွားရောက်ခဲ့လေ၏။
ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် ရှာဟောက်နန်ကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့သည်မှာ နှမြောစရာကောင်းလှသော်ငြားလည်း ဝေ့တိုင်းပြည်၏ တောင်ပိုင်းနယ်မြေ လုံးဝ ဆုံးရှုံးသွားရမှုကြီးက ကြီးမားလှသော အသားတုံးကြီးတစ်ခု အလှီးဖြတ်ခံလိုက်ရသည့်အလားဖြစ်ပြီး ဤဒဏ်ရာက ဘယ်သောအခါမျှ ကျက်သွားမည်မဟုတ်ဘဲ အဆက်မပြတ် သွေးများယိုစီးနေမည်သာ ဖြစ်လေတော့သတည်း။
"ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ နောက်ထပ် ဆယ်ရက်နေရင် ငါတို့က ယွဲ့ထုံးတောင်ကြားတံခါးကို တိုက်ခိုက်မယ်။ အဲဒါကို သိမ်းပိုက်ပြီးတာနဲ့ ငါတို့ တပ်မတော်ကို လမ်းကြောင်းငါးခု ခွဲပြီး ဝေ့တိုင်းပြည် မြို့တော်ဆီကို ချီတက်ကြမယ်။"
ယန်မင်တောင်ကြားတံခါး၏ မြို့သခင်အိမ်တော် ပင်မခန်းမဆောင်အတွင်း၌ ရှောင်ရှီ၊ ရှောင်မိုနှင့် အခြားသော စစ်သူကြီးများသည် တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆက်တွဲ မဟာဗျူဟာကို ချမှတ်ခဲ့ကြပြီး တပ်မတော်ကို နောက်ထပ် ဆယ်ရက်ကြာ အနားပေးရန် ဆုံးဖြတ်လိုက်ကြပေသည်။
"ဟုတ်ကဲ့ပါ"
ရှောင်မိုနှင့် အခြားသူများက လက်ယှက်၍ အရိုအသေပြုလိုက်ကြပြီးနောက် အစဉ်လိုက် ထွက်ခွာသွားကြလေ၏။
ရှောင်မိုသည် သူ၏ ခြံဝင်းအတွင်းသို့ ပြန်လည်လျှောက်လှမ်းလာချိန်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ရပ်တန့်လိုက်ပေသည်။
လှည့်ကြည့်လိုက်သောအခါ လျန်လီသည် သူ၏ရှေ့တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။
"မိန်းကလေးလျန်က ဒီရက်ပိုင်း တော်တော်လေး အားလပ်နေပုံရတယ်" ရှောင်မိုက သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ မေးမြန်းလိုက်လေသည်။
ယခင်က ရှောင်မိုသည် လျန်လီကို ထွက်သွားရန် ခွင့်ပြုခဲ့သော်ငြားလည်း သူမက ချက်ချင်း ထွက်ခွာမသွားခဲ့ချေ။
မြောက်ပိုင်းတပ်မတော်၏ ပင်မတပ်မကြီး ယန်မင်တောင်ကြားတံခါးသို့ ရောက်ရှိလာပြီးနောက်တွင်လည်း ရှောင်မိုက သူ၏ ယခင်ဆုံးဖြတ်ချက်ကို ရုပ်သိမ်းခဲ့ခြင်းမရှိဘဲ လျန်လီကို ထွက်သွားရန် ခွင့်ပြုထားဆဲပင် ဖြစ်သော်လည်း သူမက ထွက်မသွားသေးဘဲ မြို့ထဲတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ပေသည်။
သို့သော် ရှောင်မိုက သူမကို လုံးဝ ဂရုမစိုက်ခဲ့ချေ။
ဘာပဲဖြစ်ဖြစ် ယခင်မဟာတိုက်ပွဲကြီးအတွင်း အကျဉ်းသားတစ်ဦးဖြစ်သော လျန်လီက မြို့ရိုးပေါ်တွင် ရှင်းပြ၍မရနိုင်သော အကြောင်းပြချက်များဖြင့် ထွက်ပေါ်လာခဲ့ရာ ယင်းကို ဝေ့တပ်မတော်က သေချာပေါက် မြင်တွေ့သွားခဲ့မည်သာ ဖြစ်လေ၏။
အကယ်၍ လျန်လီသာ ဝေ့တိုင်းပြည်သို့ ပြန်သွားခဲ့ပါက သူမသည် သေချာပေါက် သံသယဝင်ခြင်း ခံရမည် ဖြစ်ပေသည်။
ထို့အပြင် ဤစစ်ပွဲအတွက် တစ်စုံတစ်ယောက်က အပြစ်ခံယူရန် လိုအပ်နေပြီး လျန်လီမှာ မြို့ကို ပထမဆုံး ဆုံးရှုံးခဲ့ရသူ ဖြစ်လေ၏။ သူမသည် သံသယမဝင်ခံရလျှင်တောင်မှ ဓားစာခံအဖြစ် အပြစ်ပုံချခံရရန် သေချာသလောက် ရှိနေပေသည်။
ထို့ကြောင့် ရှောင်မို၏ အမြင်တွင် လျန်လီအနေဖြင့် ဝေ့တိုင်းပြည်သို့ ပြန်သွားပြီးနောက် တပ်မတော်ကို ပြန်လည်ကွပ်ကဲခွင့်ရရန် အသာထား၊ အသက်ရှင်လျက် နေထိုင်ခွင့်ရမည်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်လေတော့သည်။
ဤအရာများအားလုံးကို လျန်လီက သဘာဝကျကျပင် သူမ၏ နှလုံးသားထဲ၌ ကောင်းစွာ နားလည်ထားပြီး ဖြစ်လေ၏။
"တော်တော်လေးကို အားနေတာပါ" လျန်လီက ခေါင်းညိတ်လိုက်လေသည်။ "ကျွန်မက ရှင့်ရဲ့ အကျဉ်းသား ဖြစ်နေတုန်းက နေ့တိုင်း လှောင်ချိုင့်ထဲမှာ နေရတာ အဆင်ပြေသလို ခံစားခဲ့ရပေမယ့် အခု ရှင်က ကျွန်မကို လွှတ်ပေးလိုက်တော့ ကျွန်မ ဘာလုပ်ရမှန်းကို မသိတော့ဘူး။"
"ဘာလဲ။ စစ်သူကြီးလျန်က မြေအောက်အကျဉ်းထောင်ထဲ ပြန်သွားချင်လို့လား" ဟု ရှောင်မိုက နောက်ပြောင်လိုက်လေ၏။
လျန်လီက ခေါင်းကို တစ်ချက်စောင်းလိုက်ပြီးနောက် ရှေ့သို့ လှမ်းလာကာ သူမ၏ လက်များကို ဆန့်ထုတ်ပေးလိုက်ပေသည် "ဒါက မဖြစ်နိုင်ဘူးလို့တော့ မထင်ပါဘူး။ ဘာလို့များ ရှင်က ကျွန်မကို လက်ထိတ် ပြန်မခတ်ရတာလဲ။"
ရှောင်မိုက ခေါင်းယမ်းပြလိုက်လေ၏ "လက်ထိတ်ခတ်ဖို့ မလိုအပ်ပါဘူး။ အကယ်၍ စစ်သူကြီးလျန်သာ ငါတို့ရဲ့ ချင်တိုင်းပြည်ထဲ ဝင်ရောက်ဖို့ သဘောတူမယ်ဆိုရင် မင်းအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်မယ်လို့ ငါ ယုံကြည်တယ်။"
လျန်လီက သူမ၏ လက်များကို အောက်သို့ ပြန်ချလိုက်လေသည် "ဝေ့တိုင်းပြည်ရဲ့ ဘုရင်က အရည်အချင်းမရှိဘဲ မတရားဘူးဆိုပေမယ့် ဘာပဲဖြစ်ဖြစ် ဝေ့တိုင်းပြည်က ကျွန်မကို မွေးဖွားပြီး ကြီးပြင်းစေခဲ့တဲ့ နိုင်ငံလေ။ ကျွန်မရဲ့ ကိုယ်ပိုင်အမိမြေကို တိုက်ခိုက်ဖို့အတွက် တပ်မတော်ကို ကျွန်မ ဦးမဆောင်နိုင်ပါဘူး။"
"ဒါဆိုရင် ငါ့ရဲ့ဆရာဆီသွားပြီး သူ့ဆီကနေ လှံသိုင်းပညာ အကွက်အချို့ကို သွားသင်ယူလိုက်ပါလား" ဟု ရှောင်မိုက အကြံပြုလိုက်ပေသည်။
"ဟွမ်လှံမသေမျိုးရဲ့ မျိုးဆက်က အမြဲတမ်း တပည့်တစ်ယောက်ပဲ လက်ခံတာလေ။ ရှင်မှ မသေသေးတာ ကျွန်မ သွားလည်း အလဟဿပဲ ဖြစ်မှာပေါ့။"
"စစ်သူကြီးလျန်က ဘယ်အချိန်ကစပြီး ဒီလောက်တောင် ဒုက္ခပေးတတ်သွားတာလဲ။"
"ရှင့်ရဲ့ ချင်တိုင်းပြည်မှာ ရှေးစကားတစ်ခွန်း ရှိတယ်လေ... အမျိုးသမီးတွေနဲ့ ကလေးတွေက ဒုက္ခအပေးဆုံးပဲတဲ့" လျန်လီက ရှောင်မိုကို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်လေ၏။ "စစ်သူကြီးရှောင်က ကျွန်မက မိန်းမတစ်ယောက် ဖြစ်တယ်ဆိုတာကို မေ့နေပုံရတယ်။"