အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း (၃၈၇)
ရှောင်မိုမှာ တစ်ခဏမျှ အပြောရခက်သွားရလေ၏။
"ဘယ်လိုပဲဖြစ်ဖြစ်လေ" လျန်လီက စကားအကြောင်းအရာကို ပြောင်းလဲလိုက်ပေသည်။ "ဒီရက်ပိုင်း မြို့ထဲမှာ နေနေရင်းနဲ့ ကျွန်မမှာလည်း စိတ်ကူးတချို့ ရလာခဲ့တယ်။ ဒီနေ့ ကျွန်မ ဒီကိုလာခဲ့တာက စစ်သူကြီးရှောင်ကို နှုတ်ဆက်ဖို့အတွက်ပါပဲ။"
"မိန်းကလေးက ဘယ်ကို သွားချင်လို့လဲ" ဟု ရှောင်မိုက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"တိုင်းပြည်အသီးသီးကို ခရီးလှည့်လည်မယ်လေ။" လျန်လီက ရှောင်မို၏ မျက်လုံးများကို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်ပြီး ဆိုလေ၏ "ဒီလောကကြီးက အမှန်တကယ် ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ချင်တယ်။"
"ဒါက ကောင်းပါတယ်။" ရှောင်မိုက လက်ယှက်ကာ အရိုအသေပြုလိုက်လေသည်။ "ဂရုစိုက်သွားပါ မိန်းကလေး။"
"ရှင်လည်း ဂရုစိုက်ပါ။" လျန်လီက ရှောင်မိုကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။
"အိုး... ဒါနဲ့။" လျန်လီက ခြံဝင်းအတွင်းမှ ထွက်ခွာတော့မည့်အချိန်လေးတွင်ပင် ရပ်တန့်သွားပြီး နောက်သို့ တစ်ဖန်ပြန်လှည့်လာကာ ပြောဆိုလိုက်ပေသည် "ရှင် ကျွန်မကို ပြောပြခဲ့ဖူးတဲ့ ချင်တိုင်းပြည်က မင်းသမီးလေးက တကယ်ကို လှပတာပဲနော်။"
စကားပြောပြီးသည်နှင့် လျန်လီသည် ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး လှည့်ကာ ဧရာမသစ်ပင်ကြီးတစ်ပင်ကို ကြည့်၍ ပြောဆိုလိုက်လေ၏ "ထွက်လာခဲ့တော့၊ အခုလေးတင် သူမက မင်းရဲ့ အလှအပကို ချီးကျူးသွားတယ်လေ။"
တစ်ခဏအကြာတွင်။
ဂါဝန်အဖြူအရှည်ကို ဝတ်ဆင်ထားသော ချင်စီယောင်သည် သစ်ပင်ကြီး၏ နောက်ကွယ်မှ ကိုးရို့ကားယားကလေးထွက်ပေါ်လာခဲ့လေသည်။ မိန်းကလေးက သူမ၏ ခေါင်းကိုလှည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ကျောဘက်သို့ ပိုက်ထားကာ နှုတ်ခမ်းဆူ၍ ပြောဆိုလိုက်ပေသည် "ဘယ်သူက သူမရဲ့ ချီးကျူးစကားကို အလိုရှိလို့လဲ။ ကျွန်မကတော့ ဂရုမစိုက်ပါဘူးနော်။"
"ဒါဆိုရင် မင်းသမီးလေးက ဘာကိုများ ဂရုစိုက်လို့လဲ" ဟု ရှောင်မိုက အနည်းငယ် ပြုံးလိုက်လေ၏။
"ကျွန်မက ရှင့်ကို ဂရုစိုက်တာပေါ့။" မိန်းကလေးက ဂါဝန်အောက်ရှိ သူမ၏ ခြေတံရှည်လေးများဖြင့် ခြေလှမ်းကျဲကျဲလှမ်းကာ ရှောင်မိုထံသို့ လျှောက်လှမ်းလာခဲ့ပြီး သူမ၏ မျက်လုံးလေးများမှာလည်း လခြမ်းကွေးလေးများအလား ကွေးညွတ်သွားလေသည်။ "စကားမစပ်... မိန်းကလေးလျန်ကလည်း တော်တော်လေး လှတာပဲနော်၊ ရှောင်မို၊ ရှင်ရော အဲဒီလို မထင်ဘူးလား။"
"မင်းသမီးလေးလောက်တော့ မလှပါဘူး" ဟု ရှောင်မိုက ပြန်လည်ဖြေကြားလိုက်ပေသည်။
"တကယ်လား။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ရှင်နဲ့ စစ်သူကြီးလျန်တို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြိုက်နေကြတယ်ဆိုတဲ့အပြင် မာထျောင်မြို့အောက်မှာ အတူတကွ ဓားရေးယှဉ်ပြိုင်ခဲ့ကြပြီး တစ်ယောက်ပေါ်တစ်ယောက် သံယောဇဉ်တွေ တဖြည်းဖြည်း တိုးလာခဲ့ကြတယ်လို့ ဘာလို့များ ကျွန်မ ကြားနေရတာလဲ။" ချင်စီယောင်က သူမ၏ လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြရင်း ရှောင်မိုကို စိုက်ကြည့်လာလေ၏။
"အဲဒါတွေအကုန်လုံးက အလကားပါကွာ။ အဲဒီတုန်းက ငါက မာထျောင်မြို့ကို သိမ်းပိုက်နိုင်ဖို့နဲ့ ဝေ့တိုင်းပြည်နန်းတွင်းနဲ့ တောင်ပိုင်းနယ်မြေကြားမှာ သွေးခွဲဖို့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ရုံသက်သက်ပါပဲ။"
စီယောင်အနေဖြင့် ဤသတင်းများကို သေချာပေါက် ကြားသိသွားမည်ကို ရှောင်မို ကြိုတင်သိရှိထားခဲ့သော်ငြားလည်း ကံကောင်းထောက်မစွာဖြင့် သူက ရှင်းပြရန် စကားလုံးများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်လေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် လျန်လီက သိုင်းတာအိုပညာရပ်မှာ ကျွမ်းကျင်ပြီး တပ်ဖွဲ့တွေကို ဦးဆောင်တိုက်ခိုက်တဲ့ နေရာမှာလည်း တော်ပါတယ်။ အစတုန်းကတော့ သူမသာ လက်နက်မချဘူးဆိုရင် မင်း ကြည့်ကျက်စီစဉ်နိုင်အောင်လို့ သူမကို မင်းအနား ပို့ပေးမလို့ စဉ်းစားထားခဲ့တာပါပဲ။"
"တကယ်လား။" ချင်စီယောင်က ရှောင်မိုကို တစ်ဝက်ယုံ၊ တစ်ဝက်မယုံဟန်ဖြင့် စိုက်ကြည့်လာလေသည်။
"တကယ်ပါ။"
"အမှန်တော့လေ... ရှောင်မို၊ ကျွန်မက သဘောထားသေးသိမ်တဲ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး။ အကယ်၍ ရှင်ကသာ သူမကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်တယ်ဆိုရင် ကျွန်မ သဘောတူပေးနိုင်ပါတယ်" ဟု ချင်စီယောင်က နားလည်မှုရှိစွာဖြင့် ဆိုလာပေသည်။
"ငါနဲ့သူမကြားထဲမှာ တကယ်ကို ဘာမှမရှိပါဘူးကွာ။" ရှောင်မိုက ပြုံးလိုက်လေ၏။ "ငါက မင်းကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ။"
"ကောင်းပါပြီလေ။" ချင်စီယောင်က သူမ၏ ခေါင်းလေးကို လှည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းတွင် ပျော်ရွှင်သော အပြုံးလေးတစ်ခု ပေါ်ထွက်လာလေသည်။ "ကျွန်မက ရှင့်ကို အခွင့်အရေး ပေးခဲ့ပြီးပြီနော်၊ နောက်မှ ကျွန်မကို သဝန်တိုတတ်တယ်လို့ လာမခေါ်နဲ့။"
"သေချာတာပေါ့။" ဤမိန်းကလေးက သူ့ထံမှ စကားအချို့ ကြားချင်ရုံသက်သက်သာ မျှားခေါ်နေခြင်းဖြစ်ကြောင်းကို ရှောင်မို မည်သို့လုပ် မသိဘဲ နေပါမည်နည်း။
အကယ်၍ သူသာ စောစောက သဘောတူလိုက်မိပါက သူမကို အချိန်အတော်ကြာအောင် ချော့မော့နေရမည်မှာ သေချာသလောက်ပင် ရှိပေသည်။
"စကားမစပ်... အချိန်လည်း တော်တော်လွန်နေပြီလေ၊ စီယောင်၊ မင်း ဘာလို့ မအိပ်သေးတာလဲ။" ရှောင်မိုက စကားအကြောင်းအရာကို ပြောင်းလဲလိုက်လေ၏။
"ကျွန်မ အိပ်မပျော်ဘူး။" ချင်စီယောင်က သူမ၏ ခေါင်းလေးကို ငုံ့လိုက်ပေသည်။ "အစ်မဟွာရှန်းက သန်ဘက်ခါကျရင် ကျွန်မကို ပြန်ခေါ်သွားရတော့မယ်လို့ ပြောတယ်လေ။ သန်ဘက်ခါ ဧကရာဇ်မြို့တော်ဆီ ပြန်ရတော့မယ်လို့ တွေးမိလိုက်တာနဲ့ ရှင့်ကို တွေ့ချင်လာတယ်။ အဲဒါနဲ့ ရှင့်ရဲ့ခြံဝင်းထဲကို သွားကြည့်တော့ ရှင် မရှိတာနဲ့ ရှင်က ပင်မခန်းမဆောင်မှာ စစ်ရေးကိစ္စတွေ ဆွေးနွေးနေလောက်မယ်လို့ ခန့်မှန်းမိပြီး ထွက်လာခဲ့တာ။"
"တောင်းပန်ပါတယ်ကွာ... ငါ ဒီရက်ပိုင်း တော်တော်လေး အလုပ်များနေလို့ပါ။" ရှောင်မိုက တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ချင်စီယောင်အား မေးမြန်းလိုက်လေသည် "စီယောင်... စစ်စခန်းဆီကို သွားကြည့်ချင်လား။ ဒီည လီကျင်းတို့တွေ စုဝေးပြီး သောက်စားနေကြတယ်၊ ဒီနေ့လယ်က သူတို့ ငါ့ကို ဖိတ်ထားသေးတယ်။"
"သွားလို့ ရလို့လားဟင်" ဟု ချင်စီယောင်က မျှော်လင့်တကြီးဖြင့် မေးလာလေ၏။
"စစ်သည်တွေက ဒီရက်ပိုင်း အနားယူနေကြတာဆိုတော့ သေချာပေါက် ရတာပေါ့" ရှောင်မိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်လေသည်။ "သွားကြစို့။"
"အင်း"
ချင်စီယောင်သည် ရှောင်မို၏ ဘေးမှနေ၍ ပျော်ရွှင်စွာ လိုက်ပါသွားလေတော့သည်။
သိပ်မကြာမီမှာပင် ရှောင်မိုသည် ချင်စီယောင်ကို စစ်စခန်းသို့ ခေါ်ဆောင်လာခဲ့ချေပြီ။
လီကျင်း၊ ကျောက်ကွမ်း၊ ရှောင်ကွေ့နှင့် အခြားသော စစ်သူကြီး ဒါဇင်ခန့်တို့သည် မီးပုံကို ဝိုင်းဖွဲ့ထိုင်ကာ သေရည်သောက်နေကြလေ၏။
"မင်းတို့တွေ သောက်နေကြတုန်းပဲလား။" ရှောင်မိုသည် ချင်စီယောင်နှင့်အတူ လျှောက်လှမ်းသွားလိုက်ပေသည်။
"စစ်သူကြီး"
"စစ်သူကြီး"
"စစ်သူကြီးက နောက်ဆုံးတော့ ရောက်လာပြီပဲ။ မြန်မြန်လာပါ၊ ကျွန်တော်တို့နဲ့အတူ တစ်ခွက်လောက် သောက်ရအောင်။"
"မင်းသမီးလေးလည်း ကြွလာခဲ့တာပဲကိုး။"
ရှောင်မို ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လီကျင်းနှင့် အခြားသူများအားလုံးသည် ပျော်ရွှင်သော အမူအရာများ ပြသလာကြပြီး ရှောင်မိုနှင့် မင်းသမီးလေးတို့အတွက် နေရာလွတ်နှစ်နေရာကို အလျင်အမြန် ဖယ်ပေးလိုက်ကြလေ၏။
"မြန်မြန်... သောက်တာကို ခဏရပ်လိုက်ကြဦး။" ကျောက်ကွမ်းက သူ၏ဘေးရှိ ယွီကွမ်းကို တံတောင်ဖြင့် တွတ်လိုက်လေသည်။ "ထိုင်ခုံတွေ ဘယ်မှာလဲ။ မြန်မြန်သွား၊ မင်းသမီးလေးအတွက် ထိုင်ခုံ သွားယူချေ။"
"ဟင်... အိုး၊ တဲထဲ သွားရှာလိုက်ဦးမယ်။" ယွီကွမ်းက သေရည်အိုးကို အလျင်စလို ချလိုက်ပြီးနောက် မြေပြင်ပေါ်မှ ကမန်းကတန်း ထရပ်လိုက်ပေသည်။
"အဆင်ပြေပါတယ်... အဆင်ပြေပါတယ်... ကျွန်မအတွက် ထိုင်ခုံ မလိုပါဘူး။" ချင်စီယောင်က သူမ၏ လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။
"မင်းသမီးလေး... ကျွန်တော်တို့လို ကြမ်းတမ်းတဲ့ ကောင်တွေကတော့ ဖုန်တွေပေလူးနေတဲ့ မြေကြီးပေါ်မှာ ထိုင်နေကြတာပါပဲ။ မင်းသမီးလေးရဲ့ ဂါဝန်ကို ညစ်ပတ်သွားစေမှာ စိုးရိမ်လို့ပါ" ဟု ယွီကွမ်းက ဆိုလာလေသည်။
"ဘာဖြစ်လို့လဲ။" ချင်စီယောင်က သူမ၏ဘေးရှိ ရှောင်မိုကို တစ်ချက် ကြည့်လိုက်လေ၏။ "သူ ထိုင်တဲ့နေရာမှာပဲ ကျွန်မ ထိုင်မှာပါ။"
"ဒီ... ဒါက။" ယွီကွမ်းက ရှောင်မိုကို စောင်းငဲ့ကြည့်လိုက်ပေသည်။
ရှောင်မိုက ရယ်မောလိုက်ပြီးနောက် "မင်းသမီးလေးက မလိုဘူးလို့ ပြောမှတော့လည်း မလိုတော့ပါဘူး။ ဆက်သောက်ကြတာပေါ့" ဟု ပြောဆိုလိုက်လေ၏။
"ကောင်းပါပြီဗျာ။"
ယွီကွမ်းသည် မြေပြင်ပေါ်သို့ ပြန်လည်ထိုင်ချလိုက်လေသည်။ စစ်သူကြီးကိုယ်တိုင်က ခွင့်ပြုလိုက်ပြီဖြစ်ရာ သူ ထိုင်ခုံသွားရှာနေစရာ မလိုတော့ချေ။
ရှောင်မိုက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ချင်စီယောင်သည် သူမ၏ ဂါဝန်စကို အသာအယာ ဖယ်ရှားလိုက်ပြီး ဂါဝန်အစွန်းများ ဖုန်ပေသွားမည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ရှောင်မို၏ဘေးတွင် ဘေးတိုက်ဝင်ထိုင်လိုက်လေတော့သည်။
ချင်စီယောင်သည် ရှောင်မို၏ အနီးသို့ ကပ်ထိုင်ကာ မြောက်ပိုင်းတပ်မတော်မှ စစ်သူကြီးများနှင့်အတူ ရှောင်မို ရယ်မောစကားပြောဆိုနေသည်များကို နားထောင်ရင်း၊ စစ်ရေးစစ်ရာများနှင့် ပတ်သက်၍ သူတို့၏ ဆွေးနွေးပြောဆိုမှုများကို နားဆင်နေခဲ့ပေသည်။
ချင်စီယောင်က နားမလည်သော်ငြားလည်း စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေသော ရှောင်မိုမှာ ပုံမှန်ထက်ပင် ပိုမို၍ ကြည့်ကောင်းနေသည်ဟု ခံစားနေရလေ၏။
ထို့အပြင် ဤစစ်သူကြီးများသည် ရှောင်မိုအား သူတို့၏ နှလုံးသားအောက်ခြေမှနေ၍ ရိုးသားစွာ လေးစားအားကျနေကြကြောင်းကို ချင်စီယောင် ရှင်းလင်းစွာ ခံစားသိရှိနေခဲ့ပေသည်။
"မင်းသမီးလေး... ကျွန်တော်တို့ မြောက်ပိုင်းရဲ့ ဆန်းလော့သေရည်ကို မြည်းစမ်းကြည့်ချင်ပါသလား။"
ရှောင်မိုနှင့်အတူ စစ်သူကြီးများ သေရည်အလှည့်ကျ သောက်သုံးပြီးသွားချိန်တွင် ဟုန်ဟိုင်အမည်ရှိသော စစ်သူကြီးတစ်ဦးက အပြုံးဖြင့် မေးမြန်းလာခဲ့လေ၏။
"မင်းသမီးလေး တကယ်ပဲ မြည်းစမ်းကြည့်သင့်ပါတယ်။ ကျွန်တော်တို့ မြောက်ပိုင်းရဲ့ ဆန်းလော့သေရည်က တော်တော်လေး နာမည်ကြီးတာပါ" ဟု အခြားစစ်သူကြီးများကလည်း သံယောင်လိုက်ကာ မြှောက်ထိုးပင့်ကော် လုပ်လာကြလေသည်။ "ကျွန်တော်တို့ မြောက်ပိုင်းမှာဆိုရင် ယောကျ်ားလေးတွေရော မိန်းကလေးတွေရော အားလုံးက ဆန်းလော့သေရည်ကို သောက်ကြတာပါပဲ။ ဆီးနှင်းမင်းသားကတော်အနေနဲ့ ဆန်းလော့သေရည်ကို ဘယ်လိုလုပ်ပြီး မသောက်ဘဲ နေနိုင်မှာလဲ။"
"ဒါဆို... ကျွန်မ နည်းနည်းလောက် မြည်းကြည့်သင့်လားဟင်။" ချင်စီယောင်က ရှောင်မိုကို မေးလိုက်လေ၏။
"စီယောင်၊ ဒီဆန်းလော့သေရည်က သာမန်ဆန်အရက် မဟုတ်ဘူးကွ။ အုတ်မြစ်ချခြင်းအဆင့်က ကျင့်ကြံသူတွေတောင် မူးယစ်သွားနိုင်တာ၊ သေရည်မသောက်တတ်တဲ့ မင်းလိုလူဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။" ရှောင်မိုက ခေါင်းယမ်းပြလိုက်ပေသည်။
"အဆင်ပြေပါတယ်... ကျွန်မ တစ်ငုံလောက်ပဲ သောက်ကြည့်မှာပါ။"
ချင်စီယောင်က ရှောင်မို၏ သေရည်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံတည်းဖြင့် မော့သောက်ချလိုက်လေတော့သည်။
"အဟွတ်၊ အဟွတ်၊ အဟွတ်။"
မီးတောက်အလား ပူပြင်းလှသော ဆန်းလော့သေရည်က သူမ၏ လည်ချောင်းကို လောင်ကျွမ်းသွားစေသကဲ့သို့ ခံစားလိုက်ရသဖြင့် မိန်းကလေးမှာ အဆက်မပြတ် ချောင်းဆိုးသွားရလေ၏။
"မင်း အဆင်ပြေရဲ့လား။ အတင်းကြီး မသောက်ပါနဲ့လို့ ငါ ပြောထားသားပဲ။" ရှောင်မိုက သေရည်ခွက်ကို ပြန်လည်ယူငင်လိုက်လေသည်။ "ပြီးတော့ မင်းတို့ကောင်တွေ... ဘာလို့ သူမကို မြှောက်ပေးနေကြတာလဲ။"
"ဟီး ဟီး ဟီး" စစ်သူကြီးများမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားကြပြီး သူတို့၏ ခေါင်းနောက်ဘက်ကိုသာ ကုတ်နေလိုက်ကြပေသည်။
သူတို့က နောက်ပြောင်ရုံသက်သက်သာ ဖြစ်ပြီး မင်းသမီးလေးက အမှန်တကယ် သောက်ချလိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
"ကျွန်မ အဆင်ပြေပါတယ်။" ချင်စီယောင်က ခေါင်းယမ်းပြလိုက်လေ၏။ "ဒါပေမဲ့ ရှောင်မို... ဘာလို့ ရှင့်မှာ ခေါင်းနှစ်လုံး ဖြစ်နေရတာလဲ။"
ရှောင်မိုက သက်ပြင်းချကာ ပြုံးလိုက်လေသည် "ဘာလို့လဲဆိုတော့ မင်း မူးနေလို့ပေါ့ကွာ။"
ချင်စီယောင်က သူမ၏ ပန်းရောင်သန်းနေသော ပါးမို့မို့လေးများကို ဖောင်းကားလိုက်ပြီး ရေကန်လေးအလား တောက်ပကြည်လင်နေသော မျက်လုံးများဖြင့် ရှောင်မိုကို ယိမ်းထိုးကြည့်ရှုရင်း ဆိုလေ၏ "ကျွန်မ မမူးပါဘူးနော်။"
"ကောင်းပါပြီ... မင်း မမူးပါဘူး။" ချင်စီယောင်၏ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းမနေတော့ဘဲ ရှောင်မိုက သူမကို အလျင်အမြန်ပင် ပွေ့ချီလိုက်လေတော့သည်။ "မင်းတို့ကောင်တွေ ဆက်သောက်ကြတော့၊ ငါ မင်းသမီးလေးကို ပြန်ပို့ပေးလိုက်ဦးမယ်။"
"ဟုတ်ကဲ့ပါ စစ်သူကြီး။"
"ဂရုစိုက်သွားပါ စစ်သူကြီး။"
လူတိုင်းက မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်ကြပေသည်။
ရှောင်မိုသည် ချင်စီယောင်ကို ပွေ့ချီလျက် စစ်စခန်းအတွင်းမှ ထွက်ခွာလာခဲ့ပြီး မြို့သခင်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။
ရှောင်မိုက ချင်စီယောင်ကို သူမ၏ ခြံဝင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ရန် ပြင်လိုက်ချိန်မှာပင်။
ရှောင်မို၏ ရင်ခွင်ထဲတွင် မှီတွယ်နေသော ချင်စီယောင်က သူမ၏ ဖြူဖွေးနူးညံ့သော လက်ညှိုးလေးကို ဆန့်ထုတ်လိုက်ပြီး ရှောင်မို၏ နှလုံးသားနေရာကို ညင်သာစွာ ထိုးအောင့်လိုက်ရင်း တိုးတိတ်စွာ ခေါ်ဆိုလိုက်လေသည် "ရှောင်မို"
"ဟင်... ဘာဖြစ်လို့လဲ" ဟု ရှောင်မိုက ထူးလိုက်ပေသည်။
"သူတို့ကလေ... ကျွန်မကို ဆီးနှင်းမင်းသားကတော်လို့ ခေါ်ကြတယ်" မိန်းကလေးက သူမ၏ ပါးပြင်လေးများ နီရဲလာကာ တိုးတိတ်သောအသံဖြင့် ပြောဆိုလာလေ၏။
"အဲဒီကောင်တွေက ပါးစပ်အရမ်း သရမ်းတာကွာ... စိတ်ထဲထားမနေနဲ့၊ မနက်ဖြန်ကျရင် သူတို့ကို ငါ အပြစ်ပေးလိုက်မယ်။"
"အဆင်ပြေပါတယ်။"
ရှောင်မို၏ ရင်ခွင်ထဲမှနေ၍ မိန်းကလေးသည် သူမ၏ ချစ်သူကို ခေါင်းမော့ကြည့်လိုက်ရာ ကြည်လင်နေသော မျက်ဝန်းအိမ်လေးများက လရောင်ထက်ပင် ပိုမို၍ နူးညံ့သိမ်မွေ့နေသယောင် ထင်မှတ်ရပေသည်။
"ကျွန်မ ထင်တာတော့... ဆီးနှင်းမင်းသားကတော်ဆိုတဲ့ နာမည်လေးက မင်းသမီးလေး ဆိုတာထက် ပိုပြီး နားထောင်လို့ ကောင်းနေသလိုပဲ။
ရှောင်မို
ရှင်ရော ဘယ်လိုထင်လဲ။"
အခန်း (၃၈၈)
"ကျွန်မ ထင်တာတော့... ဆီးနှင်းမင်းသားကတော် ဆိုတဲ့ နာမည်လေးက မင်းသမီးလေး ဆိုတာထက် ပိုပြီး နားထောင်လို့ ကောင်းနေသလိုပဲ။ ရှောင်မို။ ရှင်ရော ဘယ်လိုထင်လဲ။"
နောက်တစ်နေ့ နံနက်ခင်းအချိန်တွင် ချင်စီယောင်သည် သူမ၏ ကုတင်ပေါ်မှ နိုးထလာခဲ့ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေ၏။
သတိလည်လာသည်နှင့် တစ်ပြိုင်နက် မိန်းကလေးသည် ပြီးခဲ့သောညက ရှောင်မိုအား သူမပြောဆိုခဲ့မိသည့် စကားများကို ပြန်လည်သတိရသွားခဲ့ပေသည်။
တွေးမိလေလေ ရှက်သွေးဖြာလာလေလေဖြစ်ကာ သူမ၏ ဖြူဖွေးနူးညံ့သော ပါးပြင်လေးများသာမက နားရွက်ဖျားလေးများအထိပါ နီရဲလာခဲ့ရလေတော့သည်။
"ငါ... ငါက ဘယ်လိုလုပ်ပြီး အဲဒီလိုစကားမျိုးကို ပြောထွက်သွားရတာလဲ။"
ချင်စီယောင်သည် လှည့်လူးကာ ကုတင်ပေါ်တွင် မှောက်ခုံအိပ်ချလိုက်ပြီး ညအိပ်ဝတ်ရုံအောက်ရှိ သူမ၏ ခြေဖမိုးလေးများကို တင်းကျပ်စွာကွေးကာ ကုတင်ကို တအုန်းအုန်း ကန်ကျောက်နေမိလေ၏။ ပါးလွှာသော ညအိပ်ဝတ်ရုံ၏ ထောင့်စွန်းလေးမှာ ရံဖန်ရံခါ လွင့်ဟသွားတတ်ပြီး သူမ၏ သွယ်လျလှပသော ပေါင်တံဖြူဖြူလေးများကို လှစ်ဟပြသနေပေသည်။
မိန်းကလေးသည် သူမ ချစ်မြတ်နိုးရသူကို ရင်တွင်းခံစားချက်များ ဖွင့်ဟဝန်ခံပြီးဖြစ်သော်ငြားလည်း ယမန်နေ့ညက သူမ၏ အပြုအမူများမှာ ဟန်ကိုယ့်ဖို့ မရှိလွန်းဘဲ အလွန်အမင်း ပွင့်လင်းလွန်းသွားခဲ့သည်ဟု နှလုံးသားထဲတွင် ခံစားနေရဆဲပင် ဖြစ်လေသည်။
သို့သော် ထိုအချိန်မှာပင် မိန်းကလေးသည် ရှောင်မို၏ အကြောင်းပြန်စကားကို သတိရသွားခဲ့ပေသည် "တကယ်ပဲ နားထောင်လို့ ကောင်းတာပါပဲ။"
ချင်စီယောင်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ပျော်ရွှင်စွာဖြင့် အလိုအလျောက် ထပ်မံကွေးတက်သွားပြန်လေ၏။ ဝမ်းသာပီတိဖြစ်မှုနှင့် ရှက်ရွံ့မှု ရောယှက်နေသော စမ်းရေအေးလေးတစ်ပေါက်က သူမ၏ နှလုံးသားထဲသို့ စီးဆင်းသွားခဲ့ရာ သူမမှာ ခေါင်းအုံးကို ဖက်တွယ်လျက် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေခြင်းမှ မနေနိုင်တော့ချေ။
"မင်းသမီးလေး၊ သခင်လေးရှောင် ရောက်နေပါတယ်။"
ချင်စီယောင်တစ်ယောက် ပြီးခဲ့သောညက ရှောင်မိုပြောခဲ့သော စကားများကို အကြိမ်ကြိမ် ပြန်လည်တွေးတော ကြည်နူးနေစဉ်မှာပင် အစ်မဟွာရှန်း၏ အသံက အခန်းပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
"ဟင်၊ ရှောင်မိုလား။" ချင်စီယောင်မှာ တစ်ခဏမျှ မှင်တက်သွားရပြီး ကမန်းကတန်း ပြောဆိုလိုက်ပေသည် "သိ... သိပါပြီ။ အစ်မဟွာရှန်း၊ ရှောင်မိုကို ခဏစောင့်ခိုင်းလိုက်ပါ။ ကျွန်မ... ကျွန်မ အဝတ်အစား သွားလဲလိုက်ဦးမယ်။"
"ဟုတ်ကဲ့ပါ မင်းသမီးလေး" ဟု ဟွာရှန်းက ပြန်လည်ထူးလိုက်လေ၏။ ထို့နောက် သူမ၏ရှေ့ရှိ ရှောင်မိုကို ကြည့်ကာ အပြုံးဖြင့် ဆိုလေသည် "သခင်လေးရှောင် ထိုင်ပြီး လက်ဖက်ရည်နဲ့ မုန့်လေးတွေ သုံးဆောင်ပါဦးလား။ အချိန်အတော်ကြာကြာ စောင့်ရမယ်လို့ ထင်ပါတယ်။"
"ဘာဖြစ်လို့လဲ" ဟု ရှောင်မိုက မေးမြန်းလိုက်ပေသည်။
"ရှေးစကား ရှိတယ်လေ... မိန်းမတစ်ယောက်က သူမ ချစ်မြတ်နိုးရတဲ့သူအတွက် အလှဆုံး ပြင်ဆင်တတ်တယ်တဲ့။ မင်းသမီးလေးက သခင်လေးရှောင်နဲ့ တွေ့ရမယ့်အချိန်တိုင်း ဝတ်စုံဘယ်နှစုံလောက်များ လဲလှယ်ဝတ်ကြည့်နေရသလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ" ဟု ဟွာရှန်းက ရှင်းပြလေ၏။
"အစ်မဟွာရှန်း... လျှောက်ပြောမနေနဲ့နော်။ ကျွန်မ... ကျွန်မ ခဏနေရင် ပြီးပြီ" ဟု မိန်းကလေး၏ အသံက အခန်းထဲမှနေ၍ ထပ်မံထွက်ပေါ်လာပြန်ပေသည်။
ဟွာရှန်းက မည်သည့်စကားကိုမျှ ထပ်မပြောတော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်ရင်း ရှောင်မိုအတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ထည့်ပေးလိုက်လေသည် "ထိုင်ပါဦး သခင်လေး။"
"ကျေးဇူးတင်ပါတယ် အစ်မဟွာရှန်း။" ရှောင်မိုက ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သူ၏ရှေ့ရှိ အမျိုးသမီးကို ကြည့်လိုက်ပေသည် "ဒီရက်ပိုင်းတွေ အလုပ်များနေလို့ ခင်ဗျားကို ကျေးဇူးတင်စကားပြောဖို့တောင် အခွင့်အရေး မရခဲ့ဘူး။"
ရှောင်မိုသည် မတ်တပ်ထရပ်လိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်လေ၏ "ယန်မင်တောင်ကြားတံခါး မြို့ရိုးအောက်က တိုက်ပွဲနဲ့ပတ်သက်ပြီး ကူညီပေးခဲ့တဲ့အတွက် အစ်မဟွာရှန်းကို ကျေးဇူးတင်ပါတယ်။"
"သခင်လေးက သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ။" ဟွာရှန်းက ယဉ်ကျေးစွာဖြင့် ပြန်လည်အရိုအသေပြုလိုက်ပေသည် "ကျွန်မက မီးတောက်အနည်းငယ် မှုတ်ထုတ်ပေးရုံသက်သက်ပါ၊ သိပ်ပြီးတော့ အကူအညီမဖြစ်ခဲ့ပါဘူး။"
"အစ်မဟွာရှန်းက သိပ်ကို နှိမ့်ချလွန်းနေပါပြီ။" ရှောင်မိုက ခေါင်းယမ်းပြလိုက်လေသည် "ဒါပေမဲ့ စစ်မြေပြင်ထဲ ဝင်ပါခဲ့တာက ခင်ဗျားအပေါ်မှာ သက်ရောက်မှုများ ရှိသွားနိုင်လား။"
အစ်မဟွာရှန်းက အမှန်တကယ်ပင် မိစ္ဆာမျိုးနွယ်မှ ဖြစ်လိမ့်မည်ဟု ရှောင်မို လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ဤလောကတွင် မိစ္ဆာကမ္ဘာနှင့် အနန္တဓမ္မလောကတို့အကြား ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ပြီး နှစ်ဖက်စလုံးအကြား အပြန်အလှန် ဆက်သွယ်မှုများ ရှိခဲ့ကြပေသည်။ သို့သော် မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည် စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ကြလေ၏။ တစ်ဖက်၏ စစ်ပွဲများတွင် အခြားတစ်ဖက်က ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူ၍ပင် ဖြစ်လေသည်။
"သခင်လေးရှောင်ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ချပါ၊ ဂရုစိုက်မယ့်သူ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါ။ ဒါ့အပြင် ကျွန်မက ဖီးနစ်နီမျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲကနေ ဖယ်ရှားခံခဲ့ရပြီးသားပါ၊ ကျွန်မလို အပြင်လူတစ်ယောက်ကို ဘယ်ဖီးနစ်နီကမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး" ဟု ဟွာရှန်းက တည်ငြိမ်စွာ ဆိုလေ၏။
"..." တစ်ခဏမျှ ရှောင်မိုက မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ ထို့အပြင် အစ်မဟွာရှန်း ဘာကြောင့် ဖီးနစ်နီမျိုးနွယ်စုမှ နှင်ထုတ်ခံရသနည်းဟု မေးမြန်းရန်လည်း မသင့်လျော်ပေ။
"ရှောင်မို၊ ကျွန်မ ပြီးပြီ။"
ရှောင်မိုနှင့် ဟွာရှန်းတို့ကြားရှိ စကားဝိုင်းလေး တိတ်ဆိတ်သွားချိန်မှာပင် ချင်စီယောင်က တံခါးကို ဖွင့်ကာ ပျော်ရွှင်စွာဖြင့် ထွက်ပေါ်လာခဲ့ချေပြီ။
"မင်းသမီးလေးက ဒီနေ့ တော်တော်လေး မြန်တာပဲ။ အချိန်အကြာကြီး စောင့်နေရရင် ချစ်ရသူ စိတ်ကောက်သွားမှာကို စိုးရိမ်နေလို့ ဖြစ်ရမယ်" ဟု ဟွာရှန်းက ချင်စီယောင်ဘက်သို့ လှည့်ကြည့်ကာ နောက်ပြောင်လိုက်လေသည်။
"အစ်မဟွာရှန်းကတော့ ဆက်လုပ်နေတုန်းပဲ။" ချင်စီယောင်မှာ မျက်နှာလေး နီမြန်းသွားပြီး ရှေ့သို့ လျှောက်လှမ်းလာကာ သူမ၏ ရေကန်လေးအလား တောက်ပကြည်လင်နေသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။ "ရှောင်မို၊ အစ်မဟွာရှန်းကို ဂရုမစိုက်နဲ့။ ရှင် ကျွန်မဆီကို ဘာလို့ လာတာလဲ။"
"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ငါက ဒီနေ့ အားနေတာနဲ့ စီယောင်၊ မင်း မြို့ထဲ လမ်းလျှောက်ထွက်ချင်လားလို့ လာမေးတာပါ" ဟု ရှောင်မိုက မေးလိုက်ပေသည်။
"မြို့ထဲလား။ သေချာတာပေါ့။ သွားကြစို့။" ချင်စီယောင်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားပြီး အစ်မဟွာရှန်းကို လက်ပြနှုတ်ဆက်လိုက်လေသည် "အစ်မဟွာရှန်း၊ ကျွန်မတို့ သွားတော့မယ်။ နေ့လယ်စာစားဖို့ ပြန်မလာတော့ဘူးနော်။"
စကားအဆုံးတွင် ချင်စီယောင်က ရှောင်မို၏ အင်္ကျီလက်စကို ဆွဲကာ လျှောက်လှမ်းသွားလေတော့သည်။
ထွက်ခွာသွားသော သူတို့နှစ်ဦး၏ ကျောပြင်များကို ကြည့်ရှုရင်း ဟွာရှန်းမှာ အပြုံးဖြင့် ခေါင်းယမ်းလိုက်ခြင်းမှ မနေနိုင်တော့ချေ။ "တကယ်ပါပဲ၊ မင်းသမီးလေးက ဟန်တင်းထားရမယ်လို့ အမြဲပြောနေပေမယ့် ဒီပုံစံက ဟန်တင်းထားတဲ့ပုံနဲ့ လုံးဝကို မတူပါဘူး။"
ယန်မင်တောင်ကြားတံခါးအတွင်း၌ကား
ရှောင်မိုနှင့် ချင်စီယောင်တို့သည် လမ်းမများတစ်လျှောက် လျှောက်လှမ်းလာခဲ့ကြလေ၏။
ဤအချိန်တွင် ယန်မင်တောင်ကြားတံခါးမှာ စစ်မဖြစ်မီက အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာနေချေပြီ။ ဆိုင်ခန်းအများစုမှာ ဖွင့်လှစ်နေကြပြီဖြစ်ပြီး လမ်းဘေးဈေးသည်များလည်း ဟိုတစ်စု ဒီတစ်စု ထွက်ပေါ်လာခဲ့ပေသည်။
ပြည့်တန်ဆာအိမ် အနည်းငယ်မျှသာ ပြန်လည် မလည်ပတ်နိုင်သေးချေ။ အဓိကအားဖြင့် မိန်းကလေးများမှာ မကြာသေးမီက ဆာလောင်မွတ်သိပ်မှုကြောင့် အလွန်အမင်း ပိန်ချုံးနေကြပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် ခွန်အားမရှိတော့သဖြင့် ပြန်လည်ကျန်းမာလာရန် အချိန်ပိုမို လိုအပ်နေသောကြောင့်ပင် ဖြစ်လေ၏။
ယေဘုယျအားဖြင့် ဆိုရသော် လက်ရှိ ယန်မင်တောင်ကြားတံခါးမှာ ယခင်က ဖွံ့ဖြိုးတိုးတက်မှုများနှင့် အလှမ်းဝေးကွာနေဆဲဖြစ်ပြီး လူတိုင်း၏ မျက်နှာများထက်တွင် ပိန်ချုံးနွမ်းနယ်နေသော လက္ခဏာများ ထင်ဟပ်နေဆဲပင် ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ယန်မင်တောင်ကြားတံခါးသည် မြောက်ပိုင်းနယ်မြေနှင့် ချိတ်ဆက်မိသွားပြီဖြစ်ရာ ချင်တိုင်းပြည်ဘက်မှ ကုန်သွယ်ရေးလုပ်ငန်းများသည် ဤမြို့လေးဆီသို့ ရောက်ရှိလာတော့မည်သာ ဖြစ်လေ၏။
အလားတူပင် ယန်မင်တောင်ကြားတံခါးရှိ ပြည်သူများ၏ နှလုံးသားကို သိမ်းပိုက်နိုင်ရန်အတွက် ချင်တိုင်းပြည်မှ များပြားလှသော ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့ခဲ့ပေသည်။
အနာဂတ်တွင် ယန်မင်တောင်ကြားတံခါးသည် အဓိက ကုန်သွယ်ရေးအချက်အချာနေရာတစ်ခုအဖြစ် တည်ထောင်ခံရဖွယ်ရှိပြီး ယန်မင်တောင်ကြားတံခါးနှင့် တောင်ပိုင်းနယ်စပ်တို့၏ ဘဝများမှာ တဖြည်းဖြည်းနှင့် ပိုမိုကောင်းမွန်လာသင့်ပေသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ ယင်းက အနာဂတ်အတွက်သာ ဖြစ်ပေသည်၊ လတ်တလောတွင်မူ မြို့လေးမှာ အလွန်အမင်း ခြောက်ကပ်နေဆဲပင် ဖြစ်လေတော့သတည်း။
မြို့အတွင်းရှိ အရာအားလုံးကို ကြည့်ရှုရင်း ချင်စီယောင်မှာ ရှောင်မို၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိခြင်းမှ မနေနိုင်တော့ချေ။
"ရှောင်မို... ဘာလို့များ ဒီလောကကြီးမှာ စစ်ပွဲတွေ ရှိနေရတာလဲ" ချင်စီယောင်က သူမ အယုံကြည်ရဆုံး အမျိုးသားကို ခေါင်းမော့ကာ မေးမြန်းလိုက်လေ၏။
ယနေ့တိုင်အောင် ချင်စီယောင်သည် သူမ ပထမဆုံး ရောက်ရှိလာသည့်နေ့က စစ်မြေပြင်ပေါ်ရှိ သောင်းနှင့်ချီသော အလောင်းပုံကြီးများနှင့် ယန်မင်တောင်ကြားတံခါး မြို့တွင်းရှိ ပျက်စီးယိုယွင်းမှု အနိဋ္ဌာရုံမြင်ကွင်းကြီးကို မှတ်မိနေဆဲပင် ဖြစ်ပေသည်။
"နိုင်ငံတွေတိုင်းမှာ မတူညီတဲ့ အကျိုးစီးပွားတွေနဲ့ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိကြတယ်လေ။ အဲဒါက သဘာဝကျကျပဲ ပွတ်တိုက်မှုတွေကို ဖြစ်စေတာပေါ့။ ပွတ်တိုက်မှုတွေ ရှိလာပြီဆိုတာနဲ့ စစ်ပွဲတွေ ဖြစ်လာမှာပဲ။ ကွာခြားချက်က ဝေ့တိုင်းပြည်က ချင်တိုင်းပြည်ကို တိုက်ခိုက်တာလား၊ ဒါမှမဟုတ် ချင်တိုင်းပြည်က ဝေ့တိုင်းပြည်ကို တိုက်ခိုက်တာလား ဆိုတာလောက်ပဲလေ" ဟု ရှောင်မိုက ဖြည်းညင်းစွာ ရှင်းပြလိုက်ပေသည်။
"ဒါဆို စစ်ပွဲတွေ ရပ်တန့်သွားအောင် ဘယ်လိုလုပ်ရမလဲ။" နန်းတွင်းအဆောင်များအတွင်း၌ အချိန်အကြာကြီး နေထိုင်ခဲ့ရပြီး ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသော မိန်းကလေးက ထပ်မံမေးမြန်းလာပြန်လေ၏။
"တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလောကကြီးက တူညီတဲ့ တိုင်းပြည်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့မယ်ဆိုရင်တော့ စစ်ပွဲတွေ ထပ်ရှိလာမှာ မဟုတ်တော့ဘူးထင်ပါတယ်" ဟု ရှောင်မိုက ပြန်လည်ဖြေကြားလိုက်လေသည်။
ချင်စီယောင်က ရှောင်မို၏ ဘေးတိုက်မျက်နှာလေးကို မော့ကြည့်လိုက်ပေသည် "အဲဒီအခါကျရင် သာမန်ပြည်သူတွေရဲ့ ဘဝတွေကလည်း ပိုပိုပြီး ကောင်းမွန်လာမှာလား။"
"မသေချာပါဘူး" ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး သူ၏ဘေးရှိ မိန်းကလေးကို ကြည့်လိုက်လေ၏။
"ဉာဏ်ပညာကြီးမားတဲ့ ဘုရင်တစ်ပါးလည်း လိုအပ်သေးတယ်လေ။ မဟုတ်ရင် လက်ရှိ ဝေ့တိုင်းပြည်က ဘုရင်လိုမျိုး အုပ်စိုးရှင်နဲ့သာ ကြုံတွေ့ရမယ်ဆိုရင် ပြည်သူတွေက ဆက်ပြီးတော့ ပြောပြလို့မရနိုင်လောက်တဲ့ ဆင်းရဲဒုက္ခတွေကို ခံစားနေရဦးမှာပဲ။ အဲဒီလိုဆိုရင် ယန်မင်တောင်ကြားတံခါးက အမျိုးသားတွေ ဒီလောက်တောင် အများကြီး ငါ့ရဲ့ မြောက်ပိုင်းတပ်မတော်ထဲကို ဝင်ရောက်လာမှာ မဟုတ်ဘူးပေါ့။"
"အကယ်၍ လောကကြီးသာ ပေါင်းစည်းသွားပြီး ဉာဏ်ပညာကြီးမားတဲ့ ဘုရင်တစ်ပါး ရှိလာခဲ့မယ်ဆိုရင် အဲဒါက စာအုပ်တွေထဲမှာ ပြောကြတဲ့ ရွှေခေတ်ဆိုတာ ဖြစ်လာမှာပေါ့နော်" ဟု ချင်စီယောင်က တွေးတောစွာဖြင့် ဆိုလာပေသည်။
"ဖြစ်သင့်တာပေါ့။" ရှောင်မိုက ပြုံးလိုက်လေ၏။ "ပြီးတော့ အဲဒီရွှေခေတ်ကြီးက သိပ်မဝေးတော့ဘူးလို့ ငါ ယုံကြည်တယ်။"
"တကယ်လား။" မိန်းကလေးက ဝမ်းသာအားရဖြင့် မော့ကြည့်လာလေသည်။
"တကယ်ပါ။" ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပေသည် "စီယောင်... မင်း ဒီရွှေခေတ်ကြီးကို သေချာပေါက် မြင်တွေ့ရလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"
"ဒါဆိုရင် ရှောင်မို... အဲဒီနေ့ ရောက်လာခဲ့ရင် ရှင် ကျွန်မဘေးမှာ နေပေးနိုင်မလားဟင်။"
ရှောင်မို "..."
"ရှောင်မို... တစ်ခုခု ပြောလေ။ ကျွန်မတို့ အတူတကွ ဒီရွှေခေတ်ကြီးကို သက်သေအဖြစ် ကြည့်ရှုကြရအောင်လေ၊ ဟုတ်တယ်မလား။" မိန်းကလေးက နှုတ်ခမ်းဆူကာ ရှောင်မို၏ အင်္ကျီလက်စကို လှုပ်ယမ်းလိုက်လေတော့သည်။
ရှောင်မိုက သူ၏ ခေါင်းကို လှည့်လိုက်ပြီး မိန်းကလေး၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ နူးညံ့သိမ်မွေ့သော အပြုံးလေးတစ်ခုဖြင့် ဆိုလိုက်လေတော့သတည်း။
"ကောင်းပါပြီလေ။"