အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃) မြို့တော်ခေါင်းဆောင်များ
လဲ့ချန်က ဝါးခြင်းတောင်း တစ်လုံးကို မလိုက်ရာ အတွင်း၌ ခွေနေသော ခြေငါးလှမ်းမြွေတစ်ကောင်ကို တွေ့လိုက်ရ၏။
"အဘိုးလျူ... ဒါလေးကို ကြည့်ပါဦး... ကျွန်တော် သေသေချာချာ မွေးထားတာ... တောမြွေတွေထက်တောင် ပိုကောင်းသေးတယ်..."
အဘိုးလျူက တူတစ်ချောင်းကို ကောက်ယူ၍ မြွေ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ထိုးဆွကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"တကယ်ပဲဟ... အကြေးခွံ အကွက်တွေရော၊ ကိုယ်လုံးကိုယ်ပေါက်ပါ... ဟာ... မန်နေဂျာချင်းတော့ သေချာပေါက် သဘောကျမှာပဲ..."
ထိုအခိုက်၌ မန်နေဂျာချင်းလည်း ရောက်လာ၏။
"အဘိုးလျူ... ဘာတွေ ဆူညံနေတာလဲ..."
မန်နေဂျာချင်းက မေးလိုက်သည်။
"မန်နေဂျာချင်း... အတော်ပဲ ရောက်လာတာ... လဲ့ချန် မြွေတွေ လာပို့တယ်... အရည်အသွေးကို ကြည့်လိုက်ပါဦး... ထိပ်တန်းပဲ..."
အဘိုးလျူက ကမန်းကတန်း နှုတ်ဆက်လိုက်၏။
မန်နေဂျာချင်းက မြွေခြင်းတောင်း တစ်ခုချင်းစီကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။
"မဆိုးဘူး... လဲ့ချန်... မင်းမှာ အရည်အချင်း ရှိသားပဲ... ဒီမြွေတွေက တောမြွေတွေထက်တောင် ပိုကောင်းနေတယ်... ဘယ်လောက်လဲ..."
လဲ့ချန်က ဈေးနှုန်းတစ်ခုကို ခေါ်လိုက်ရာ မန်နေဂျာချင်းက ဈေးမဆစ်တော့ဘဲ ဘဏ္ဍာရေးဌာနကို ငွေရှင်းပေးရန် ချက်ချင်း စီစဉ်ခိုင်းလိုက်၏။
"နောက်လကျရင် မြို့တော် ခေါင်းဆောင်တွေ စစ်ဆေးရေး လာကြမယ်... သူတို့က မင်းရဲ့ ခြေငါးလှမ်းမြွေတွေကို အကုန်လိုချင်ကြမှာ..."
မန်နေဂျာချင်းက စီးကရက် တစ်လိပ်ကို မီးညှိ၍ လဲ့ချန်ကို ပြောလိုက်သည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ တာ့ချန်မန် စီးကရက် တစ်ဘူးကို ထုတ်၍ လဲ့ချန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
"ရော့... မင်း ပင်ပန်းသွားပြီ..."
လဲ့ချန်က စီးကရက်ကို ယူလိုက်သည်။
သူက ဆေးလိပ် မသောက်သော်လည်း စီးကရက်များကို သိမ်းထားခြင်းက အသုံးဝင်ပေသည်။ အခြားသူများကို လက်ဆောင် ပေး၍ ရနိုင်၏။
"ကျေးဇူးတင်ပါတယ် မန်နေဂျာချင်း..."
လဲ့ချန်က ကမန်းကတန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ချန်ဇီ... နောက်လ မြို့တော်ခေါင်းဆောင်တွေ စစ်ဆေးရေးလာတဲ့အခါ မင်းရဲ့ ခြေငါးလှမ်းမြွေတွေ အများကြီး လိုလိမ့်မယ်... မင်း သေချာပြင်ဆင်ထားတာ ကောင်းမယ်..."
မန်နေဂျာချင်းက လဲ့ချန်၏ ပခုံးကို ပုတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"ပြဿနာမရှိပါဘူး မန်နေဂျာချင်း... စိတ်ချပါ..."
လဲ့ချန်က ဤစကားကို ကြားပြီးနောက် အတော်လေး အံ့အားသင့်သွားသည်။ အထက်လူကြီးက မြွေစွပ်ပြုတ်ကို ဤမျှလောက် သဘောကျလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ပေ။ ဤသည်က အမှာစာ အကြီးကြီးတစ်ခု ဖြစ်၏။ အကယ်၍ သူတို့သာ ကောင်းကောင်း လုပ်နိုင်ပါက နောင်တွင် အရောင်းအဝယ်အတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ချေ။
မန်နေဂျာချင်းက စီးကရက် တစ်လိပ်ကို မီးညှိ၍ ခပ်ပြင်းပြင်း တစ်ဖွာ ဖွာလိုက်ပြီး မီးခိုးကွင်းတစ်ကွင်း မှုတ်ထုတ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"တစ်ကတ္တီကို ငါးယွမ်... စုစုပေါင်း ကတ္တီ တစ်ရာ့နှစ်ဆယ်ဆိုတော့ ခြောက်ရာ... ချန်ဇီ... မင်း ရေတွက်ကြည့်လိုက်ဦး..."
လဲ့ချန်က အထပ်လိုက်ဖြစ်နေသော ငွေများကို ယူ၍ နှစ်ကြိမ်တိတိ သေချာစွာ ရေတွက်လိုက်ပြီး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူ၏ အင်္ကျီအတွင်းအိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
ခြောက်ရာ။ ဤသည်က ၁၉၆၀ ခုနှစ်များတွင် အလွန်ကြီးမားသော ငွေကြေးပမာဏ တစ်ရပ် ဖြစ်သည်။
လဲ့ချန်မှာ အတော်လေး ဝမ်းသာသွားသော်လည်း သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ နှုတ်ခမ်းထောင့်စွန်းများသာ အနည်းငယ် တွန့်ကွေးသွား၏။
"မန်နေဂျာချင်း... လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
လဲ့ချန်က သူ၏ လက်နှစ်ဖက်ကို ဆုပ်၍ ရိုးသားသော လေသံဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
မန်နေဂျာချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"ချန်ဇီ... မင်းက မြွေတွေကို ကောင်းကောင်း မွေးနိုင်တာပဲ... ဒီငွေတွေက မင်း ရသင့်ရထိုက်တာတွေပါ... ဆက်ပြီး ကြိုးစားပါ... အခုကစပြီး မြို့တော် ခေါင်းဆောင်တွေရဲ့ မြွေစွပ်ပြုတ်က မင်းအပေါ်မှာပဲ မူတည်နေပြီ..."
"သေချာပေါက်ပဲ..."
လဲ့ချန်က အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
မန်နေဂျာချင်းကို နှုတ်ဆက်ပြီးနောက် လဲ့ချန်က ရွာသို့ ပြန်လာခဲ့၏။ လမ်းတစ်လျှောက်တွင် ထွန်စက်က တဂျိန်းဂျိန်း မြည်လျက် ဆောင့်ကြွကာ သွားနေသည်။
အိမ်သို့ ပြန်ရောက်သောအခါ လဲ့ချန်က ငွေအားလုံးကို ချီလန်ထံ ပေးလိုက်သည်။ ချီလန်က ငွေများကို ယူလိုက်ပြီး အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
"အများကြီးပဲ... ချန်ဇီ... ရှင် ဘာတွေ လုပ်လာတာလဲ..."
လဲ့ချန်က ကျိတ်ရယ်လိုက်သည်။
"မြွေရောင်းရတဲ့ ငွေတွေလေ... ကိုယ်တို့ မိသားစုရဲ့ ဘဝက အခုကစပြီး ပိုပိုကောင်းလာတော့မှာ..."
ချီလန်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာ၏။ သူမက ငွေများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတန်ကြာမှ စကားဆိုလိုက်သည်။
"ချန်ဇီ... ရှင့်အတွက် ပင်ပန်းသွားပြီ..."
လဲ့ချန်က ချီလန်၏ လက်ကို ဆုပ်ကိုင်၍ ဖြည်းညင်းစွာ ပုတ်ပေးလိုက်၏။
"လျှောက်မပြောပါနဲ့... ကိုယ်တို့က မိသားစုတွေပဲဟာ..."
ချီလန်က ထိုငွေများကို ယူ၍ ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမသို့ သွားကာ တစ်မိသားစုလုံးအတွက် အဝတ်အစားသစ်များချုပ်ရန် အကောင်းစား ပိုလီအက်စတာ အထည်စတစ်စကို ဝယ်ယူခဲ့သည်။
လဲ့ချင်းလည်း အလုပ်များသွား၏။ သူမက အလွန် လက်မှုပညာ ကျွမ်းကျင်ပြီး အထူးသဖြင့် အပ်ချုပ်ပညာတွင် တော်သည်။
အငယ်ဆုံး သမီးလေး ရှောင်ရှောင်မှာ ဖာရာများ အထပ်ထပ် ပါသော အဝတ်ဟောင်းများကို ဝတ်ဆင်ထားပြီး သူမ၏ မိခင်နှင့် အဒေါ်တို့ အလုပ်များနေသည်ကို စူးစမ်းလိုစိတ် အပြည့်ဖြင့် မျက်တောင်လေး တဖျတ်ဖျတ် ခတ်ကာ ကြည့်နေသည်။
သူမ၏ ချစ်စရာကောင်းသော တူမလေးကို ကြည့်ရင်း လဲ့ချင်းက ရုတ်တရက် အကြံကောင်းတစ်ခု ရသွားပြီး ရှောင်ရှောင်၏ အင်္ကျီသစ် ထောင့်စွန်းတွင် အသက်ဝင် ပီပြင်လှသော မြွေလေးတစ်ကောင်ကို ပန်းထိုးပေးလိုက်၏။
လဲ့ချန်က သူ၏ အင်္ကျီအနားသတ်ရှိ သေသပ်လှသော ချုပ်ရိုးများကို ထိကိုင်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
"နောင်ကျရင် ငါတို့ ညီမလေးက အပ်ချုပ်ဆိုင် ဖွင့်လို့ ရတယ်... မြွေမွေးတာထက်တောင် အောင်မြင်မှု လျော့မှာ မဟုတ်ဘူး..."
လဲ့ချင်းက မျက်နှာကို တည်ထား၍ လေးနက်စွာ ပြောလိုက်၏။
"ငါတို့ ရှောင်ရှောင်က နောင်ကျရင် စာကြိုးစားပြီး တက္ကသိုလ်ကျောင်းသူဖြစ်ရမှာ... အပ်ချုပ်ဆိုင် ဖွင့်တာထက် အများကြီး ပိုကောင်းတယ်..."
ချီလန်က ပြုံးလိုက်ပြီး လဲ့ချင်းကို နောက်ပြောင်ကာ တွန်း၍ ဆူလိုက်သည်။
"ညီမလေးလည်း အရည်အချင်းရှိတဲ့သူပဲ မဟုတ်ဘူးလား... ပတ်ဝန်းကျင် ရွာတွေက လူတိုင်းက ညီမလေးချုပ်တဲ့ အဝတ်အစားတွေကို ချီးကျူးကြတာချည်းပဲ..."
လဲ့ချန်ကလည်း ရယ်မော၍ ပြောလိုက်၏။
"ချင်းချင်းရဲ့ ဟင်းချက်လက်ရာကလည်း ထိပ်တန်းပဲ... ရှောင်ရှောင်က ငယ်သေးတယ်... သူ့ရှေ့မှာ လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိသေးတယ်... ပညာပိုသင်ရတာက အမြဲတမ်း ကောင်းပါတယ်..."
လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ ပါးလွှာသော စာအုပ်ငယ် တစ်အုပ်ကို ဆွဲထုတ်၍ ချီလန်ထံ ကမ်းပေးလိုက်သည်။
"ကိုယ် မြို့ပေါ်က ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမကို သွားတုန်းက သဒီစာအုပ်ကို ဝယ်လာခဲ့တာ..."
ချီလန်က ၎င်းကို ယူလိုက်ရာ မျက်နှာဖုံးတွင် ရိုက်နှိပ်ထားသော "သိပ္ပံနည်းကျ မြွေမွေးမြူရေး လက်စွဲစာအုပ်" ဆိုသည့် စာလုံးများကို တွေ့လိုက်ရ၏။ သူမက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လဲ့ချန်ကို ဝေခွဲမရသည့် အမူအရာဖြင့် မော့ကြည့်လိုက်သည်။
"ဒါက..."
ချီလန်က စာအုပ်၏ စာမျက်နှာများကို လှန်လှောကြည့်လိုက်ရာ သိပ်သည်းလှသော စာသားများနှင့် သရုပ်ဖော်ပုံအချို့ကို တွေ့လိုက်ရသည်။
"ဒါတွေက ဘာတွေလဲ... ကျွန်မ နားမလည်ဘူး..."
လဲ့ချန်က စာအုပ်ကို ယူ၍ စာမျက်နှာ တစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"ကြည့်... ဒီမှာ းရေးထားတယ်... မြွေခြံကို လေဝင်လေထွက် ကောင်းပြီး ခြောက်သွေ့အောင် ထားရမယ်တဲ့... ပြီးတော့ အပူချိန်ကို အကောင်းဆုံး ၂၅ စင်တီဂရိတ်ကနေ ၃၀ စင်တီဂရိတ် ကြားမှာ ထိန်းထားရမယ်တဲ့... စိုထိုင်းဆကိုလည်း သေချာ ထိန်းချုပ်ရမယ်... အရမ်း မခြောက်သွေ့လွန်းသလို အရမ်းလည်း မစိုစွတ်နေရဘူးတဲ့..."
ချီလန်မှာ လုံးဝကို တွေဝေသွား၏။
"အဲ့လိုလား... မြွေမွေးတာက စည်းကမ်းတွေ အဲဒီလောက်တောင် များတာလား..."
လဲ့ချန်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... စာအုပ်ထဲမှာ ရေးထားသေးတယ်... မတူညီတဲ့ မြွေအမျိုးအစားတွေက မတူညီတဲ့ အလေ့အထတွေ ရှိကြပြီး ကျွေးမွေးတဲ့ နည်းလမ်းတွေလည်း မတူကြဘူးတဲ့... ငါတို့ မွေးထားတဲ့ ခြေငါးလှမ်းမြွေတွေက အေးမြပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို သဘောကျတယ်... ဒါပေမဲ့ အရမ်းကြီး စိုထိုင်းနေလို့တော့ မရဘူး... မဟုတ်ရင် အလွယ်တကူ ဖျားနာနိုင်တယ်..."
လဲ့ချန်က စာအုပ်ထဲမှ အကြောင်းအရာများကို ရေပက်မဝင်အောင် ပြောပြနေသဖြင့် ချီလန်မှာ လုံးဝ တွေဝေငေးမောနေတော့၏။
သူမက စာလုံးများများစားစား မသိသော်လည်း လဲ့ချန်က မြွေများကို မွေးမြူရာတွင် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ထားကြောင်းကိုတော့ သိရှိပေသည်။
နောက်ရက်များတွင် လဲ့ချန်က "သိပ္ပံနည်းကျ မြွေမွေးမြူရေး လက်စွဲစာအုပ်" ထဲမှ လမ်းညွှန်ချက်များနှင့်အညီ မြွေခြံကို စတင် အဆင့်မြှင့်တင်တော့သည်။
သူက မူလမြွေခြံကို ပြန်လည်မွမ်းမံပြီး မြွေများ ထွက်မပြေးနိုင်စေရန် နံရံများကို မြှင့်တင်လိုက်၏။ ထို့အပြင် မြွေများ၏ သဘာဝ နေရင်းဒေသနှင့် တူညီစေရန် ခြံအတွင်း၌ တဲငယ်လေးအချို့ကိုလည်း ဆောက်လုပ်ခဲ့သည်။
လေမှုတ်စက်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြွေခြံထဲသို့ လေများ မှုတ်သွင်းသွားပြီး အပူချိန်နှင့် စိုထိုင်းဆကို အလျင်အမြန် ချိန်ညှိပေးလိုက်သည်။
လဲ့ချန် အလုပ်များနေသည်မှာ အတန်ကြာပြီဖြစ်ပြီး သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာ၏။
သူက ခါးကို မတ်လိုက်ပြီး နာကျင်နေသော သူ၏ ကျောပြင်ကို ပွတ်သပ်ကာ မြွေခြံ ပြုပြင်မွမ်းမံခြင်းမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဟု စိတ်ထဲမှ တွေးလိုက်သည်။
ထိုစဉ် ဘေးအိမ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။ လဲ့ချန် မော့ကြည့်လိုက်ရာ လဲ့အားကော်ကို တွေ့လိုက်ရသည်။
အားကော်က ပေါက်တူး တစ်လက်ကို ကိုင်ထားပြီး မြွေခြံထဲသို့ စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်လိုက်သည်။
"အစ်ကိုချန်... ဘာတွေလုပ်နေတာလဲ... တဲတွေ ဆောက်ပြီး လေတွေလည်း မှုတ်သွင်းနေတာ... ဓာတ်ခွဲခန်းတစ်ခုနဲ့ တူနေပြီ..."
လဲ့ချန်က ပြုံး၍ ပြောလိုက်၏။
"မင်း နားမလည်ပါဘူး... သိပ္ပံနည်းကျ မြွေမွေးတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိတယ်... ငါ မြို့ပေါ်ကနေ မြွေမွေးတဲ့ စာအုပ်တစ်အုပ် ဝယ်လာခဲ့တယ်... အဲဒီထဲမှာ ရေးထားတာက မြွေတွေလည်း လူတွေလိုပဲ သန်မာလာဖို့ သက်သက်သာသာနေဖို့ လိုအပ်တယ်တဲ့..."
အားကော်က သူ၏ ခေါင်းကို ကုတ်လိုက်သည်။
"တကယ်ကြီးလား... မြွေတစ်ကောင် မွေးရတာ အဲ့လောက်တောင် ရှုပ်ထွေးတာလား..."
သူက မြွေခြံထဲသို့ ဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်ကာ အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"အစ်ကိုချန်... လေဝင်လေထွက် စနစ်ကနေ တဲအထိ ဒါတွေ အားလုံးအတွက် ငွေအများကြီး သုံးထားရမှာပဲနော်..."
"ငွေက ကိစ္စသေးသေးလေးပါ... မြွေတွေကို သေချာဂရုစိုက်နိုင်သရွေ့ ဒီငွေ နည်းနည်းပါးပါးက ဘာမှမဟုတ်ပါဘူး..."
လဲ့ချန်က အားကော်၏ ပခုံးကို ပုတ်လိုက်၏။
"ဒါနဲ့... အားကော်... ငါ မင်းကို အကူအညီ တောင်းချင်တာလေးတစ်ခု ရှိတယ်..."
"အစ်ကိုချန်... ဘာဖြစ်လို့လဲဆိုတာသာ ပြောပါ... ကျွန်တော်တို့က ညီအစ်ကိုတွေပဲ မဟုတ်ဘူးလား..."
အားကော်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး သူ၏ တာဝန်ဖြစ်နေသည့်အလား ပုံစံဖမ်းလိုက်သည်။
လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ တွန့်ကြေနေသော ငွေစက္ကူအနည်းငယ်ကို ဆွဲထုတ်လိုက်၏။
"ဆရာဝန်လင်း အိမ်ကိုသွားပြီး မြွေကိုက်တာကို ကာကွယ်ဖို့ ဆေးဖက်ဝင် အပင်တချို့ ပြင်ဆင်ပေးဖို့ သူ့ကို အကူအညီ တောင်းလိုက်ပါ..."
အခန်း (၁၄၄)မြွေခြံအား ပြုပြင်မွမ်းမံခြင်း
စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ဆေးဖက်ဝင်အပင် းအချို့၏ အမည်များကို သူက အားကော်အား ပြောပြလိုက်၏။
"အဲဒီအပင်တွေကို လိုချင်တယ်လို့သာ ပြောလိုက်... ဈေးကတော့ ညှိနှိုင်းလို့ ရတယ်..."
အားကော်က ငွေကို ယူ၍ အသင့် သဘောတူလိုက်သည်။
"အစ်ကိုချန်... ဒါကို ကျွန်တော့်သာ လွှဲထားလိုက်... ဒီနေ့ညနေကျရင် အစ်ကို့ဆီ ဆေးပင်တွေ ကျွန်တော် ပြန်သယ်လာခဲ့မယ်..."
ထိုသို့ပြောပြီးနောက် သူက ချက်ချင်းပင် ပြေးထွက်သွား၏။
လဲ့ချန်က အားကော် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်၍ စိတ်ထဲတွင် များစွာ သက်သာရာ ရသွားသည်။
သူ၏ နောက်ထပ် အစီအစဉ်ကို စဉ်းစားရင်း မြွေခြံကို ဆက်လက် ရှင်းလင်းနေ၏။
ဤသိပ္ပံနည်းကျ မြွေမွေးမြူရေး နည်းလမ်းက ရှုပ်ထွေးပုံရသော်လည်း သေချာလေ့လာရန် ဆန္ဒရှိသရွေ့ ယခင် နည်းလမ်းဟောင်းများထက် သေချာပေါက် ပိုကောင်းမည် ဖြစ်သည်။
ညနေစောင်း နေဝင်လုနီးချိန်တွင် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ဆေးဖက်ဝင်အပင်အထုပ်ကို သယ်ဆောင်ကာ အားကော်တစ်ယောက် မောကြီးပန်းကြီး ပြန်ရောက်လာ၏။
"အစ်ကိုချန်... အစ်ကိုမှာလိုက်တဲ့ ဆေးပင်တွေကို ဆရာဝန်လင်းက ပြင်ဆင်ပေးလိုက်ပြီ..."
အားကော်က သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း လဲ့ချန်ထံသို့ ဆေးပင်များကို ကမ်းပေးလိုက်သည်။
"ရဲဘော် လင်းချိုက်လျန်က ပြောတယ်... အဲဒီဆေးပင်တွေကို အရည်ကြိုပြီး မြွေခြံထဲမှာ ဖျန်းပေးရင် မြွေရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်တဲ့... တကယ်လို့ မြွေတွေ ရောဂါဖြစ်လာရင်လည်း အဲဒီဆေးပင်တွေကို သုံးပြီး ကုသနိုင်တယ်လို့လည်း ပြောသေးတယ်..."
(ရှေ့မှာ လင်ချိုက်လျန်ဆိုပြီး ရေးမိထားလို့ အခုကစပြီး ပြင်လိုက်ပါပြီ)
လဲ့ချန်က ဆေးပင်များကို ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သင်းပျံ့သော ဆေးရနံ့သင်းသင်းလေးတစ်ခုက လွင့်ပျံလာ၏။
သူက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
"မင်း အပင်ပန်းခံသွားရပြီ အားကော်..."
ထိုအခိုက်၌ ချီလန်က အငွေ့တထောင်းထောင်း ထနေသော ပြောင်းဖူးယာဂုပန်းကန်ကို ကိုင်၍ အိမ်ထဲမှ ထွက်လာ၏။
“ချန်ဇီ... အားကော်... ရှင်တို့ နှစ်ယောက်လုံး ညနေခင်းတစ်ခုလုံး အလုပ်ရှုပ်နေကြတာ... ဗိုက်ပြည့်သွားအောင် ယာဂုလေး အမြန်သောက်လိုက်ကြဦး..."
"မရီးက ကျွန်တော့်ကို ဂရုအစိုက်ဆုံးပဲ..."
အားကော်က ပန်းကန်ကို ယူ၍ တကျိုက်တည်း မော့သောက်လိုက်သည်။
လဲ့ချန်က ဆေးပင်များကို ချီလန်ထံ ကမ်းပေးလိုက်၏။
“လန်လန်... မနက်ဖြန် မနက်ကျရင် ဒီဆေးပင်တွေကို အရည်ကြိုပြီး မြွေခြံထဲမှာ ဖျန်းပေးပါ..."
ချီလန်က ဆေးပင်များကို ယူလိုက်ပြီး အနည်းငယ် နားမလည်ဖြစ်သွားသည်။
"ဒါတွေက ဘာတွေလဲ... ဘာဖြစ်လို့ မြွေခြံထဲကို ဆေးပင်တွေ ဖျန်းရမှာလဲ..."
လဲ့ချန်က ရှင်းပြလိုက်၏။
"ဒါက မြွေရောဂါတွေကို ကာကွယ်ဖို့လေ... စာအုပ်ထဲမှာ အဲဒီလို ရေးထားတယ်... သိပ္ပံနည်းကျ မြွေမွေးဖို့ဆိုရင် ခုလိုမျိုး လုပ်ရတယ်..."
ချီလန်က သိပ်နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... မနက်ဖြန် မနက်အစောကြီး ကျွန်မ အရည်ကြိုလိုက်မယ်..."
...
နောက်တစ်နေ့ နံနက်ခင်း။
ချီလန်က အစောကြီး ထ၍ လဲ့ချန် အထူးတလည် မှာကြားထားသော ဆေးပင်များကို မြေအိုးတစ်လုံးထဲသို့ ထည့်ကာ ရေထည့်၍ မီးဖိုပေါ်တွင် ဖြည်းညင်းစွာ ကျိုချက်လိုက်သည်။ ခါးသက်သက် ဆေးရနံ့လေးက မီးခိုးငွေ့များနှင့်အတူ ခြံဝင်းအတွင်းသို့ လွင့်ပျံလာ၏။
ချီလန်က ထင်းများ ထပ်ထည့်ရင်း လဲ့ချန်၏ မြွေမွေးမြူရေး လုပ်ငန်းအကြောင်း တွေးတောနေမိသည်။
ယခုခေတ်တွင် ကြက်နှင့် ဝက် မွေးမြူသူများ များပြားသော်လည်း မြွေမွေးမြူခြင်းကိုမူ သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူတို့က တဲများ ဆောက်လုပ်ခြင်း၊ လေဝင်လေထွက် ကောင်းအောင်လုပ်ခြင်းနှင့် ဆေးပင်များကြိုချက်ခြင်း စသည်ဖြင့် အားထုတ်မှုများစွာ ပြုလုပ်ထားကြသော်လည်း အလုပ်ဖြစ်မဖြစ်ကိုမူ သူတို့ကိုယ်တိုင်ပင် မသိကြသေးပေ။
မည်သို့ပင်ဆိုစေကာမူ သူမ လဲ့ချန်ကို ယုံကြည်၏။ ဤအမျိုးသား၌ သူ၏ ကိုယ်ပိုင် အကြံဉာဏ်များရှိပြီး တစ်စုံတစ်ခုကို လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် သေချာပေါက် အောင်မြင်အောင် လုပ်ပြနိုင်လိမ့်မည် ဖြစ်သည်။
အပြင်ဘက်တွင် လဲ့ချန်က မြွေခြံထဲ၌ အလုပ်ရှုပ်နေသည်။
သူက တဲငယ်တစ်ခုချင်းစီကို သေချာစွာ စစ်ဆေးကာ ကွက်လပ်များရှိမရှိနှင့် လေဝင်လေထွက် မှန်ကန်မှု ရှိမရှိတို့ကို ကြည့်ရှုလိုက်၏။
ယမန်နေ့က ပြုပြင်မွမ်းမံထားသော မြွေခြံက အတော်လေး ကြည့်ကောင်းနေပြီး မြွေများကလည်း များစွာ ပို၍ တက်ကြွနေပုံ ရသည်။
"အစ်ကိုချန်... အစ်ကိုက မြွေတွေကို တကယ် ဂရုတစိုက် မွေးထားတာပဲ..."
မြွေခြံအပြင်ဘက်မှ အားကော်၏ အသံ ထွက်ပေါ်လာပြီး လဲ့ချန်၏ အတွေးများကို အနှောင့်အယှက် ပေးလိုက်သည်။
လဲ့ချန်က လှည့်ကြည့်လိုက်ရာ အငွေ့တထောင်းထောင်း ထနေသော ပြောင်းဖူးမုန့်ပေါင်းနှစ်ခုကိုကိုင်ကာ သူ့အား ပြုံးပြနေသည့် အားကော်ကို တွေ့လိုက်ရ၏။
"မရီးက ဒါတွေကို အစ်ကို့ဆီ ယူသွားခိုင်းလိုက်တာ... ပူတုန်းလေး စားလိုက်ပါဦး..."
လဲ့ချန်က ပြောင်းဖူးမုန့်ပေါင်းကို ယူ၍ တစ်ကိုက် ကိုက်လိုက်ရာ ပြောင်းဖူး၏ ချိုမြိန်သော ရနံ့က သူ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။
"ကျေးဇူးပဲ အားကော်..."
အားကော်က မြွေခြံ အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်၍ အတွင်းရှိ မြွေများကို စူးစမ်းချင်စိတ်ဖြင့် စိုက်ကြည့်နေ၏။
"အစ်ကိုချန်... ဒီမြွေတွေကို ဘယ်တော့လောက် ရောင်းလို့ရမလဲ... ဘယ်လောက်လောက် ရနိုင်မလဲ..."
"စောပါသေးတယ်... နာလန်ထူလာဖို့ အနည်းဆုံး ခြောက်လလောက် အချိန်ယူရဦးမယ်..."
လဲ့ချန်က တစ်ခဏမျှ ရပ်တန့်၍ ဆက်ပြောလိုက်သည်။
"ဈေးနှုန်းကတော့ ပြောရခက်တယ်... ဈေးကွက်ပေါ်မှာပဲ မူတည်တယ်..."
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ခိုးကြောင်ခိုးဝှက် အရိပ်တစ်ခုက မြွေခြံ အပြင်ဘက်၌ ပေါ်လာ၏။
သူက တစ်စုံတစ်ခုကို ချောင်းကြည့်နေသကဲ့သို့ ခါးကို ကိုင်းထားပြီး မျက်လုံးများက ဟိုဟိုသည်သည် ကစားနေသည်။
အားကော်က သူ၏ စူးရှသော မျက်လုံးများဖြင့် ထိုသူကို ချက်ချင်းပင် မှတ်မိသွား၏။
"လျိုတာကျူး... မင်းက ဒီမှာ ဘာလာလုပ်တာလဲ..."
လျိုတာကျူးမှာ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး သူ၏ ခန္ဓာကိုယ် တုန်ယင်သွားကာ လဲကျလုမတတ် ဖြစ်သွားသည်။
သူက အနေခက်စွာဖြင့် ရယ်မောလိုက်၏။
"ဘာ... ဘာမှမဟုတ်ပါဘူး... ငါက ဒီကနေ ဖြတ်သွားရင်းနဲ့ ဝင်ကြည့်တာပါ..."
အားကော်က လျိုတာကျူး၏ ကော်လာကို ဆွဲကိုင်လိုက်သည်။
"ဖြတ်သွားတာ ဟုတ်လား... မင်းက ဒီအတိုင်း ဖြတ်သွားရင်းနဲ့ ဒီမှာ ဆောင့်ကြောင့်ထိုင်ပြီး ချောင်းကြည့်နေတာလား... မင်း ဘာကြံနေတာလဲ အကောင်စုတ်..."
လျိုတာကျူးမှာ စကားများ ထစ်အသွားပြီး ဘာပြောရမှန်း မသိဖြစ်ကာ သူ၏ မျက်လုံးများက ဟိုဟိုသည်သည် ကစားနေ၏။
"ငါ... ငါက လဲ့ချန် မြွေတွေကို ဘယ်လိုမွေးလဲဆိုတာ ကြည့်ချင်ရုံပါ... ပြီးတော့ ငါလည်း ပိုက်ဆံ နည်းနည်းပါးပါး ရှာလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာချင်လို့ပါ..."
ဆူညံသံများကို ကြားသောအခါ လဲ့ချန်က အပြင်သို့ ထွက်လာသည်။
သူက အားကော်၏ ဆွဲကိုင်ထားခြင်းကို ခံထားရသော လျိုတာကျူးကို ကြည့်၍ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"သူ့ကို လွှတ်ပေးလိုက်ပါ အားကော်..."
အားကော်က လွှတ်ပေးလိုက်ရာ လျိုတာကျူးက သူ၏ ရှုပ်ပွနေသော အင်္ကျီများကို ကမန်းကတန်း ပြန်လည် သပ်ရပ်အောင် လုပ်လိုက်သည်။
"ချန်ဇီ... ငါက မြွေတွေကို ဘယ်လို မွေးရမလဲဆိုတာ လေ့လာချင်ရုံ သက်သက်ပါ..."
လဲ့ချန်က လှောင်ပြုံး ပြုံးလိုက်၏။
"မြွေမွေးတာ လေ့လာမယ် ဟုတ်လား... မင်းကလေ... လယ်တောင် သေချာ မလုပ်တတ်တဲ့ကောင်က မြွေမွေးချင်တယ်ပေါ့... ဒီမှာ လာပြီး ပြဿနာ မရှာဘဲ ထွက်သွားစမ်း..."
လျိုတာကျူးမှာ လဲ့ချန်၏ သနားညှာတာမှု ကင်းမဲ့စွာ ငြင်းပယ်ခြင်း ခံလိုက်ရပြီးနောက် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားသည်။
သူက မြွေခြံမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားသော်လည်း သူ၏ စိတ်ထဲတွင် အခြားယုတ်မာသော အကြံအစည်များကို ကြံစည်နေပြီ ဖြစ်၏။
လဲ့ချန်၏ မြွေမွေးမြူရေးလုပ်ငန်းသာ တစ်ခုခု ဖြစ်သွားပါက သူက အစ်ကိုကြီး ဖြစ်သောကြောင့် အမွေဆက်ခံသူ ဖြစ်လာမည် မဟုတ်ပါလောဟု သူ တွေးလိုက်မိသည်။
*ငါတို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်..*
လျိုတာကျူးက အိမ်သို့ ခိုးကြောင်ခိုးဝှက် ပြန်လာပြီး တံခါးဝသို့ပင် မရောက်သေးမီ စွင်းယန်မေ၏ စူးရှသော အသံကို ကြားလိုက်ရ၏။
"သောက်ကောင်... ရှင် ဘယ်တွေ လျှောက်သွားနေတာလဲ... လဲ့ချန် မြွေတွေကို ဘယ်လိုမွေးလဲ သွားကြည့်ဖို့ ပြောထားတာကို နားလည်ခဲ့ရဲ့လား..."
လျိုတာကျူးက တံခါးခုံပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ခေါင်းကို ငုံ့ကာ အားမလိုအားမရ ရေရွတ်လိုက်သည်။
"နားလည်တော့ရော ဘာထူးမှာလဲ... အဲဒီအလုပ်က တကယ့်ကို ထူးဆန်းတာ... ငါ လေ့လာလို့ မရဘူး..."
"လေ့လာလို့ မရဘူး... အသုံးမကျတဲ့ကောင်... လဲ့ချန်တောင် ကလေးတစ်ယောက်ကို ရှာကျွေးနိုင်တာ ရှင်က မလုပ်နိုင်ဘူးလား... ရှင်က ပျင်းလွန်းလို့ မလေ့လာချင်တာပဲ နေမှာပါ..."
စွင်းယန်မေက သူမ၏ လက်နှစ်ဖက်ကို ခါးထောက်၍ လျိုတာကျူး၏ မျက်နှာပေါ်သို့ တံတွေးများ စင်လုမတတ် အော်ဟစ်လိုက်၏။
"ငါ့သားကို ဘာလို့ ကျိန်ဆဲနေတာလဲ... ငါ့သားက ဘာဖြစ်နေလို့လဲ... နင်က အစားအသောက်မက်တဲ့ကောင်မ... အမြဲတမ်း အော်ဟစ်နေတာပဲ..."
လျိုတာကျူး၏ မိခင်ဖြစ်သူ ကျန်းကွေ့ဖန်းက အိမ်ထဲမှ ပြေးထွက်လာပြီး စွင်းယန်မေ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။
"ဘယ်သူ့ကို အစားအသောက်မက်တဲ့ ကောင်မလို့ ခေါ်နေတာလဲ... မိန်းမအိုကြီး..."
အမျိုးသမီးနှစ်ယောက် ထပ်မံ ရန်ဖြစ်ကြတော့မည်ကို မြင်သောအခါ လျိုတာကျူးက အလျင်အမြန် မတ်တပ်ရပ်၍ ပြုံးကာ ပြောလိုက်၏။
“အိုး... ကျွန်တော့်ရဲ့ အမေကောင်းကြီးရယ်... ဇနီးကောင်းလေးရယ်... စကားကို လျှော့ပြောကြပါ... လျှော့ပြောကြပါ..."
"မင်းတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စလေးတစ်ခု ရှိတယ်..."
"အရေးကြီးကိစ္စ" ဟူသော စကားလုံးကို ကြားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး နှစ်ဦးစလုံးက ချက်ချင်း တိတ်ဆိတ်သွားပြီး လျိုတာကျူးကို စပ်စုချင်စိတ်ဖြင့် စိုက်ကြည့်နေကြသည်။
လျိုတာကျူး၏ မျက်လုံးများက ဟိုဟိုသည်သည် ကစားနေပြီး သူ၏ အသံကို နှိမ့်ကာ ပြောလိုက်၏။
"စဉ်းစားကြည့်ကြလေ... အဲဒီကောင် လဲ့ချန်သာ တစ်ခုခုဖြစ်သွားရင် သူ့ရဲ့ အမွေတွေဖြစ်တဲ့ အိမ်နဲ့ လယ်တွေ အားလုံးက မိထွေးပါသားဖြစ်တဲ့ ငါ့ဆီကို ရောက်လာမှာပေါ့..."
စွင်းယန်မေနှင့် ကျန်းကွေ့ဖန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ မေးလိုက်သည်။
"နင် ဘာကိုဆိုလိုတာလဲ..."
"ငါ ဆိုလိုတာက..."
လျိုတာကျူးက သူတို့ နှစ်ယောက်အနားသို့ တိုးကပ်သွားပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်၏။
“တကယ်လို့များ... အဲဒီမြွေတွေက မတော်တဆ လွတ်သွားပြီး လဲ့ချန်ရဲ့ မိသားစု တစ်ခုလုံးကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ..."
အမျိုးသမီးနှစ်ယောက်စလုံး အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ မျက်လုံးများက အရောင်လဲ့သွားသည်။ စွင်းယန်မေက သူမ၏ ပေါင်ကို ရိုက်၍ အာမေဍိတ်သံ ပြုလိုက်၏။
"အရမ်းကောင်းတဲ့အကြံပဲ... တာကျူး... ရှင်က တစ်ကြိမ်လောက်တော့ အသိဉာဏ် ဝင်လာသားပဲ..."
ကျန်းကွေ့ဖန်းကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဒါက အရမ်းကောင်းတဲ့အကြံပဲ... အဲဒီအခါကျရင် လဲ့ချန်ရဲ့ အိမ်က ငါတို့အိမ် ဖြစ်လာတော့မှာ..."
...
ဆောင်းဦးလေက အေးစိမ့်နေပြီး ညချမ်းက ရေကဲ့သို့ အေးမြနေသည်။
လဲ့ချန်၏ ခြံဝင်းအတွင်း၌ မီးသွေးပုံတစ်ပုံက တောက်လောင်နေပြီး တဖျောက်ဖျောက် အသံများ ထွက်ပေါ်နေကာ ပတ်ဝန်းကျင် လေထုကို နွေးထွေး သက်တောင့်သက်သာ ရှိစေသည်။