အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း (၁၄၉)ညကျောင်းမှ အရှုပ်အထွေး
လဲ့အားကော်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သစ်သားကို တည်ငြိမ်စွာ ဆက်ရွေ့နေ၏။
"ဘာလောစရာရှိလို့လဲ... အခြေခံ မခိုင်မာရင် မြေကြီးတောင် တုန်ခါသွားတတ်တယ်... သိုင်းပညာဆိုတာ လက်သီးထိုး ခြေကန်ရုံလောက် ရိုးရှင်းတယ် ထင်နေတာလား..."
ထို့နောက် သူက ထျဲ့နျူအနားသို့ လျှောက်သွားပြီး ကိုယ်နေဟန်ထားကို ပြင်ဆင်ပေးလိုက်သည်။
“ဒူးကို နည်းနည်း ကွေးထား... ခန္ဓာကိုယ် အလေးချိန်ကို အောက်ချ... အေး... အဲဒီလိုမျိုး..."
ရွှေရှန်းက တိုးတိုးလေး ညည်းတွားလိုက်၏။
"ဒီကိုယ်နေဟန်ထားက ဘာထူးခြားလို့လဲ... ငါတို့က မြင်းထိုင်ခွင်လာသင်တာမှ မဟုတ်တာ..."
နားပါးသော လဲ့အားကော်က ထိုစကားကို ကြားသွားပြီး လှည့်ကြည့်လိုက်သည်။
"မြင်းထိုင်ခွင် လေ့ကျင့်တာကို အထင်မသေးနဲ့... အောက်ပိုင်း တည်ငြိမ်မှုနဲ့ ခြေထောက် ခွန်အားကို တိုးတက်စေနိုင်တယ်..."
"သိုင်းပညာဆိုတာ ချက်ချင်းကြီး တတ်မြောက်သွားတာမျိုး မဟုတ်ဘူး... အခြေခံကစပြီး လေ့ကျင့်ရတယ်..."
ရက်အနည်းငယ် ကြာသောအခါ လူငယ်များမှာ တစ်ခါတစ်ရံ ညည်းတွားတတ်သော်လည်း လဲ့အားကော်၏ ညွှန်ကြားချက်များကို စိတ်ရှည်လက်ရှည် လိုက်နာနိုင်ခဲ့ကြ၏။
သူတို့က ရေသယ်သည်။ သစ်ငုတ်တိုင်များပေါ်တွင် ရပ်သည်။ လယ်ယာအလုပ်များ လုပ်သည်။ အလုပ်တိုင်းကို သေသေချာချာ လုပ်ဆောင်ကြသည်။
ညအချိန် ရောက်လာသောအခါ လဲ့အားကော်က အိမ်ရှေ့ရှိ ကျောက်ခုံပေါ်တွင် ထိုင်ကာ သူ၏ နောက်ထပ် ခြေလှမ်းအတွက် စဉ်းစားနေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤလူများကို လေ့လာကြည့်ပြီးနောက် သူတို့၌ မကျေနပ်ချက်များ ရှိသော်လည်း သူ့ကို ယုံကြည်ပြီး စကားနားထောင်ကြကြောင်း သူ ခံစားလိုက်ရသည်။ သူတို့သည် သိုင်းပညာကို တကယ် လေ့လာချင်နေသကဲ့သို့ဖြစ်ပြီး ရှားပါးလှသော ဇွဲလုံ့လများကိုလည်း ပြသခဲ့ကြ၏။
သူတို့အားလုံးက ရိုးသားသူများ ဖြစ်ပုံရသည်။ အကယ်၍ သူတို့ကို သေချာ လေ့ကျင့်ပေးနိုင်ပါက လဲ့ချန်အတွက် အကူအညီများစွာ ပေးနိုင်မည်ဖြစ်၏။
"သူတို့ကို တကယ့် သိုင်းစစ်စစ်တွေ သင်ပေးရမယ့် အချိန်ရောက်ပြီ..."
လဲ့အားကော်က သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။
လဲ့အားကော်က လမ်းကြားထဲမှနေ၍ လဲ့ချန်၏ အိမ်ဆီသို့ သွက်လက်စွာ လျှောက်သွားလိုက်၏။ လမ်းတစ်လျှောက်လုံး သူ၏ တပည့်များအကြောင်း စဉ်းစားရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
လဲ့ချန်၏ အိမ်သို့ ရောက်သောအခါ ဟင်းနံ့များ သင်းပျံ့လာသဖြင့် လဲ့အားကော်မှာ တံတွေးမြိုချလိုက်ပြီး တံခါးကို အလောတကြီး တွန်းဖွင့်လိုက်၏။
"အစ်ကိုချန်... ကျွန်တော် ရောက်ပြီ..."
လဲ့အားကော်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး ချီလန်၏ လက်ထဲမှ ဟင်းပန်းကန်များကို ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
မိသားစုဝင်များ အားလုံး ထိုင်ပြီးသောအခါ လဲ့အားကော်က တူကို ကောက်ကိုင်လိုက်၏။ အတိတ်က သူသည် ကိုယ့်အလုပ်ကို သေချာလုပ်ရန်သာ ဂရုစိုက်ခဲ့သော်လည်း ယခုလောက် တစ်ခါမှ မပင်ပန်းခဲ့ဖူးချေ။
သူက အားရပါးရ စားသောက်နေရင်း လူအနည်းငယ်ကို သိုင်းပညာ သင်ကြားပေးခဲ့သည့် သူ၏ မကြာသေးမီက အတွေ့အကြုံများကို စိတ်အားထက်သန်စွာ ပြန်ပြောပြနေသည်။
"အစ်ကိုချန်... အဲ့ကောင်လေးတွေက တော်တော်လေး ထူးခြားတယ်..."
လဲ့အားကော်က ကျေနပ်စွာ ပြုံးလိုက်၏။
"သူတို့ရဲ့ စိတ်နေသဘောထားက တရားထိုင်နေတဲ့ ဘုန်းကြီးအိုတစ်ပါးလိုပဲ တည်ငြိမ်တယ်... အရာအားလုံးကို ခဏလေးနဲ့ သင်ယူနိုင်ပြီး စကားကိုလည်း အရမ်း နားထောင်ကြတယ်..."
"ကျွန်တော် သူတို့ကို မြင်းထိုင်ခွင် ထိုင်ခိုင်းထားတာ နာရီပေါင်းများစွာ မလှုပ်မယှက် ရပ်နေနိုင်ကြတယ်... သူတို့ရဲ့ ဇွဲက တကယ့်ကို အံ့မခန်းပဲ... အရင်တုန်းက ကျွန်တော့်ထက်တောင် အများကြီး ပိုသာတယ်..."
သူ့ညီ၏ ချီးကျူးစကားကို ကြားသောအခါ လဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်သည်။
"အားကော်... မင်းက ဒီတစ်ကြိမ်တော့ တကယ် အလားအလာကောင်းတဲ့သူတွေကို ရှာတွေ့သွားတာပဲ..."
လဲ့ချန်က နောက်ပြောင်လိုက်၏။
"သူတို့ကို မင်းရဲ့ တပည့်အဖြစ် လက်ခံပြီး သေချာ လေ့ကျင့်ပေးလိုက်ပါလား..."
လဲ့အားကော် တုံ့ဆိုင်းသွားမည်ဟု သူ ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် လဲ့အားကော်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
"သင်ပေးရမှာပေါ့... သေချာ သင်ပေးမှ သူတို့က ကျွန်တော်တို့ကို ကူညီနိုင်မှာ..."
"အစ်ကို ယုံမှာတောင် မဟုတ်ဘူး... သူတို့က အရာရာကို အံ့ဩစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်... ကျွန်တော် သူတို့ကို သင်ပေးရတာ တော်တော် သဘောကျတယ်... သူတို့က ကြီးမားတဲ့ အရာတွေ လုပ်ဆောင်ဖို့ ကံပါလာတယ်လို့တောင် ခံစားရတယ်..."
နားထောင်ပြီးနောက် လဲ့ချန်က ခေါင်းညိတ်၍ တစ်ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"အားကော်... ငါ့မှာ အကြံတစ်ခုရှိတယ်... ငါတို့ သိုင်းသင်တန်းကျောင်း တစ်ကျောင်း ဖွင့်လို့ရတယ်... မင်းက သင်ကြားရေးပိုင်းကို တာဝန်ယူပြီး ငါက စီမံခန့်ခွဲမှုနဲ့ ကျောင်းသား လက်ခံရေးကို တာဝန်ယူမယ်... ဒီနည်းနဲ့ ငါတို့က ငွေရှာနိုင်ရုံသာမကဘဲ မင်းလိုနောက်ခံရှိတဲ့ ကလေးတွေကိုပါ ထွက်ပေါက်တစ်ခု ရှာတွေ့အောင် ကူညီပေးနိုင်လိမ့်မယ်..."
လဲ့အားကော်၏ မျက်လုံးများက အရောင်လက်သွားပြီး လက်ခုပ်တီးကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"အစ်ကိုချန်... အဲဒါပ တကယ့်ကို အကြံကောင်းပဲ..."
"ဒီခေတ်ကြီးကို ကြည့်လိုက်... ငြိမ်းချမ်းနေတယ်ဆိုပေမဲ့ ပြဿနာရှာတတ်တဲ့ အသိဉာဏ်ကင်းမဲ့တဲ့ လူရမ်းကားတွေက အမြဲတမ်း ရှိနေတာပဲ..."
"ငါတို့ သိုင်းသင်တန်းကျောင်းဖွင့်မယ်ဆိုရင် ငွေလည်း ရှာနိုင်သလို ငါ့လို ဆင်းရဲတဲ့ ကလေးတွေကိုလည်း ထွက်ပေါက်တစ်ခု ရှာတွေ့အောင် ကူညီပေးနိုင်မှာပဲ... အဲဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်မနေဘူးလား..."
လဲ့ချန်မှာ အလွန်သဘောကျသွားပြီး သူ၏ စိတ်ထဲတွင် အတွေးအကြံများ ပြည့်လျှံလာကာ တူကို ချ၍ ဆက်မစားတော့ပေ။
"ဒါပေမဲ့ သိုင်းသင်တန်းကျောင်း ဖွင့်တယ်ဆိုတာ သေးငယ်တဲ့ကိစ္စတော့ မဟုတ်ဘူး... ငါတို့ သေချာစီစဉ်ဖို့လိုတယ်..."
သူက စကားပြောနေရင်း စားပွဲပေါ်ရှိ စက္ကူနှင့် ကလောင်တံကို ကောက်ယူကာ သိုင်းသင်တန်းကျောင်းလုပ်ငန်းအတွက် အသေးစိတ် အစီအစဉ်တစ်ရပ်ကို စတင် ရေးဆွဲလိုက်၏။
"ကျောင်းလခကတော့... ငါတို့ သိုင်းသင်တန်းကျောင်းရဲ့ မူလရည်ရွယ်ချက်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကူညီဖို့ဆိုတော့ ကလေးတွေအလိုက် ကျောင်းလခကို ကွဲပြားအောင် ကောက်ရမယ်..."
"မိသားစုက အရမ်းဆင်းရဲလို့ ထမင်းတောင် မစားနိုင်တဲ့ ကလေးတွေအတွက်ဆိုရင်တော့ လိုအပ်လာရင် ကျောင်းလခ ကောက်မှာ မဟုတ်ဘူး..."
"ကျောင်းသား လက်ခံတာကို စတင်လိုက်တာနဲ့ သိုင်းပညာသင်ဖို့ သက်သက်လာတဲ့ ချမ်းသာတဲ့ မိသားစုကလူတွေ သေချာပေါက် ရှိလာလိမ့်မယ်... သူတို့ကိုတော့ ပုံမှန် ကျောင်းလခ ကောက်လို့ ရတယ်..."
"ဒီနည်းအားဖြင့် သိုင်းသင်တန်းကျောင်းရဲ့ ပုံမှန်လည်ပတ်မှုက မူလရည်ရွယ်ချက်ကို မဖောက်ဖျက်ဘဲ အာမခံချက် ရှိသွားလိမ့်မယ်..."
လဲ့အားကော်က ငေးမောလျက် နားထောင်နေသော်လည်း ဝင်ပြောရန် အခွင့်အရေး မရသဖြင့် တိတ်တဆိတ်သာ နားထောင်နေလိုက်၏။
"သင်ရိုးညွှန်းတမ်း အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့... သူတို့ကို သိုင်းပညာ သင်ပေးတာနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခိုင်းတာအပြင် သိုင်းပညာ သီအိုရီအကြောင်းကိုပါ ပြောပြဖို့ စီစဉ်ထားတယ်... ဒါမှ သူတို့ တကယ်တမ်း ဘာသင်နေတယ်ဆိုတာကို နည်းနည်းပါးပါး နားလည်နိုင်မှာ..."
"ဒါ့အပြင် လူတွေကို ရေရှည် ထိန်းထားနိုင်ဖို့အတွက် တကယ့် တိုက်ပွဲ ပုံစံတူ လေ့ကျင့်မှုတွေနဲ့ တောထဲမှာ အသက်ရှင်သန်ရေး လေ့ကျင့်မှုတွေကို မကြာခဏ စီစဉ်ပေးလို့ရတယ်... အဲဒါမျိုးက သူတို့ ပုံမှန်အတွေ့အကြုံမရနိုင်တဲ့ အရာတွေပဲ... အဲ့လှုပ်ရှားမှုတွေရဲ့ ဆန်းသစ်မှုက လူအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်..."
လဲ့အားကော်က သဘောတူသည့်အနေဖြင့် ခေါင်းကို တဆက်ဆက် ညိတ်လိုက်သည်။
"အစ်ကိုချန်... အစ်ကို ဒါကို သေချာ စဉ်းစားထားတာပဲ... ဒီနည်းနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ သိုင်းသင်တန်းကျောင်းက ကလေးတွေ အများကြီး လာစာရင်းသွင်းအောင် သေချာပေါက် ဆွဲဆောင်နိုင်မှာ..."
"ငါတို့က ဘယ်သူ့ကိုမဆို လက်ခံမှာတော့ မဟုတ်ဘူး..."
လဲ့ချန်က ခေါင်းခါလျက် ဖြည့်စွက် ပြောလိုက်၏။
"အဓိကကတော့ စရိုက်လက္ခဏာနဲ့ ဇွဲလုံ့လပေါ် မူတည်တယ်... ရိုးသားမှု မရှိတဲ့သူတွေ၊ ရည်ရွယ်ချက် မသန့်ရှင်းတဲ့သူတွေနဲ့ ဇွဲမရှိတဲ့သူတွေကိုတော့ ငါတို့အလိုမရှိဘူး..."
သူတို့၏ ဆွေးနွေးမှုတွင် နာရီနှစ်နာရီမျှ ကြာမြင့်သွားသည်။ ချီလန်က ရှောင်ရှောင်ကို ခေါ်၍ အနားယူရန် သွားပြီ ဖြစ်သော်လည်း လဲ့ချန်နှင့် လဲ့အားကော်တို့မှာ စကားဝိုင်းကို အဆုံးသတ်မည့် အရိပ်အယောင် မပြကြပေ။
သူတို့ ယနှစ်ယောက်မှာ ပို၍ပို၍ စိတ်အားထက်သန်စွာ စကားပြောနေကြပြီး သူတို့ မသိလိုက်မီပင် ညဥ့်နက်သွားခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ညကျောင်း စာသင်ခန်းထဲ၌ လဲ့ချင်းမှာ အနှောင့်အယှက် ငယ်ငယ်လေးတစ်ခုနှင့် ကြုံတွေ့နေရသည်။
သူမသည် အထည်ယက်လုပ်ခြင်းတွင် အာရုံစိုက်နေစဉ် ရုတ်တရက် စူးရှပြီး သရော်လှောင်ပြောင်သော အသံတစ်သံက စာသင်ခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"အို... အားလုံးပဲ ကြည့်ကြပါဦး... လဲ့ချင်းရဲ့ ယက်ကန်းယက်တဲ့ ကျွမ်းကျင်မှုက တကယ့်ကို တစ်မူထူးခြားတာပဲနော်..."
"ဒီကြမ်းတမ်းတဲ့ နည်းလမ်းကြီးက လုံးဝကို ရယ်စရာ ကောင်းနေတာပဲ..."
လဲ့ချင်းက မော့ကြည့်လိုက်ရာ စတိုင်ကျကျ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက သူမကို သရော်လှောင်ပြောင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမမှာ နာကြည်းမှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရသော်လည်း နောက်ဆုတ်မသွားပေ။ ယင်းအစား သူမက ခါးကို မတ်၍ ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
"ငါ့ရဲ့ ယက်ကန်းကျွမ်းကျင်မှုက အထူးအဆန်း မဟုတ်ပေမဲ့ ငါ ကြိုးကြိုးစားစား သင်ယူထားတာ..."
"ငါကတော့ ရယ်စရာကောင်းတဲ့အရာ ဘာမှ မတွေ့ဘူး..."
လဲ့ချင်း၏ ခိုင်မာသော ရပ်တည်ချက်ကြောင့် မိန်းကလေးမှာ အံ့အားသင့်သွားသော်လည်း သူမ၏ သရော်လှောင်ပြောင်သော လေသံကို အမြန် ပြန်လည် အသုံးပြုလိုက်၏။
"အိုး... နင်က တော်တော်သတ္တိရှိတာပဲ..."
"ဒါပေမဲ့ နင့်ရဲ့ အပျော်တမ်း ကျွမ်းကျင်မှုက နင့်ရွာအတွက်ပဲ ကောင်းလိမ့်မယ်... နင် ပြန်မလာခင် အိမ်ပြန်ပြီး အရင် လေ့ကျင့်သင့်တယ်..."
"ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေပါနဲ့တော့..."
လဲ့ချင်းက အံကိုကြိတ်ကာ မငိုမိစေရန် အသက်အောင့်ထားလိုက်သည်။ သူမ လုံးဝ အားနည်းချက် ပြ၍မဖြစ်ပေ။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူ၍ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွမ်းကျင်မှု အဆင့်အတန်းဆိုတာ လူတစ်ယောက်ကို အကဲဖြတ်ဖို့ တစ်ခုတည်းသောစံနှုန်း မဟုတ်ဘူး..."
"ငါ့ရဲ့ ချည်မျှင်နဲ့ အထည်အလိပ် ကျွမ်းကျင်မှုက နင့်လောက် မကောင်းပေမဲ့ ငါက သင်ယူဖို့နဲ့ တိုးတက်ဖို့အတွက် ကြိုးစားနေတာ..."
"ငါ ကြိုးစားနေသရွေ့ တစ်နေ့ကျရင် နင့်ကို မီလာမှာ ဒါမှမဟုတ် နင့်ထက်တောင် သာသွားမယ်လို့ ငါ ယုံကြည်တယ်..."
ဤစကားများက မိန်းကလေးကို မှင်တက်သွားစေပြီး ခြိမ်းခြောက်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် နောက်ထပ် သရော်စာများ ထပ်မထွက်လာတော့ပေ။
စာသင်ခန်းထဲရှိ အခြားကျောင်းသားများကလည်း လဲ့ချင်းကို သဘောတူ အသိအမှတ်ပြုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
လဲ့ချင်းက ဤကိစ္စနှင့် ပတ်သက်၍ အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။ သူမက အပ်ချုပ်သင်တန်းသို့ ကျွမ်းကျင်မှုများ သင်ယူရန် လာခြင်းသာဖြစ်ပြီး နောက်ကျော ဓားနှင့်ထိုးခြင်းနှင့် အကောက်ကြံခြင်းများတွင် ပါဝင်ရန် မဟုတ်ချေ။
အခန်း (၁၅၀) လဲ့ချင်း၏ ထူးချွန်သော အကြံဉာဏ်များ
ထိုအခိုက်တွင် ဆရာမက အတန်းထဲသို့ ဝင်လာ၏။
ဤအပ်ချုပ်ဆရာမသည် ပတ်ဝန်းကျင် တစ်ဝိုက်တွင် အလွန်နာမည်ကြီးပြီး မြို့ပေါ်မှ လူအများအပြားပင် သူမထံတွင် အဝတ်အစားများ လာရောက် အပ်နှံကြသည်။ ထို့ကြောင့် သူမက ကျောင်းသူများ၏ ကျွမ်းကျင်မှုနှင့် ဖန်တီးနိုင်စွမ်းအပေါ်တွင် တောင်းဆိုမှု မြင့်မား၏။
သူမက အတန်းထဲသို့ အကဲခတ် ကြည့်လိုက်သည်။ အငြင်းပွားမှုအများစုကို သူမ ကြားခဲ့ပြီးဖြစ်ကာ ဤသည်က မိန်းကလေးများ၏ အချည်းနှီး ဂုဏ်မောက်မှုမျှသာ ဖြစ်သော်လည်း တရားမျှတမှု ရှိစေရန်နှင့် စည်းကမ်း ထိန်းသိမ်းရန်အတွက် စကားစပြောလိုက်၏။
"အလှအပကို ခံစားနားလည်နိုင်စွမ်းဆိုတာ ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့ ကိစ္စဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး..."
"မင်းတို့အားလုံးက မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ဒီကို ရောက်လာကြတယ်ဆိုတာ ငါသိပေမဲ့ ငါ့တပည့်တွေ အားလုံး နှိမ့်ချတဲ့ စိတ်ထားနဲ့ သင်ယူကြဖို့ မျှော်လင့်တယ်..."
ထို့နောက် ဆရာမ၏ အကြည့်က လဲ့ချင်းထံ ကျရောက်သွားပြီး သူမ၏ စားပွဲပေါ်ရှိ ဒီဇိုင်း ပုံကြမ်းများကို မျက်လုံးထောင့်မှ မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွား၏။
"လဲ့ချင်း... မင့်ရဲ့ ပုံကြမ်းတွေကို ယူခဲ့စမ်း... ငါ တစ်ချက်လောက် ကြည့်ရအောင်..."
ဆရာမ၏ အသံက နူးညံ့နေပြီး လဲ့ချင်းအပေါ် အထင်သေးသည့် အရိပ်အယောင် လုံးဝ မရှိချေ။
သို့သော်လည်း လဲ့ချင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူမက အလွန် စိတ်အားထက်သန်စွာ ပြောဆိုခဲ့သော်လည်း ယုံကြည်မှုက အားနည်းနေဆဲဖြစ်သည်။
သူမက သူမ၏ ဒီဇိုင်းကို ဆရာမထံ ကမ်းပေးလိုက်သည်။ ၎င်းသည် အဝတ်စတိုများဖြင့် ဆက်စပ် ချုပ်လုပ်ထားသော ဂါဝန်လေးတစ်ထည်ဖြစ်ပြီး ရိုးရှင်းပုံရသော်လည်း ထူးခြားသည့် စတိုင်တစ်ခုကို ဖော်ပြနေ၏။
ဆရာမက ထိုပုံကြမ်းကို သေချာစွာ စစ်ဆေးလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ချီးကျူးလေးစားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"လဲ့ချင်း... မင်းရဲ့ အကြံဉာဏ်က ထူးခြားပြီး ဒီလက်ရာရဲ့ ဒီဇိုင်းစတိုင်ကလည်း အတော်လေးကို ဆန်းသစ်တယ်... မင်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လက်ရာကို ငါ အသိအမှတ်ပြုတယ်..."
ဆရာမ၏ ချီးကျူးစကားကို ကြားသောအခါ လဲ့ချင်း၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာ၏။
အစောက လဲ့ချင်းကို လှောင်ပြောင်ခဲ့ကြသည့် အတန်းဖော်များဖြစ်သော ကျန်းဟုန်နှင့် ဝမ်ဖန်းတို့မှာ မယုံနိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အမြင်တွင်မူ ၎င်းသည် အရောင်အသွေး စုံလင်စွာဖြင့်ဖြစ်သလို ဆက်စပ်ထားသည့် အဝတ်စုတ် တစ်ခုမျှသာ ဖြစ်၏။
ဆရာမက လဲ့ချင်း၏ လက်ရာကို ဤမျှလောက် အမြင့်မားဆုံး ချီးကျူးလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြသည်မှာ ထင်ရှားသည်။
"ကျောင်းသူတို့... မင်းတို့အားလုံး လဲ့ချင်းဆီကနေ သင်ယူသင့်တယ်..."
ဆရာမက လဲ့ချင်း၏ ပုံကြမ်းများကို မြှောက်ပြကာ ပြောလိုက်၏။
"အားလုံးပဲ ကြည့်လိုက်ကြ... ဒါကိုမှ အစစ်အမှန် ဒီဇိုင်းလို့ ခေါ်နိုင်တာ..."
"အခုခေတ် လူတွေ ဝတ်ဆင်နေကြတဲ့ အဝတ်အစားတွေက ခိုင်ခံ့တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး လက်တွေ့အသုံးကျပေမဲ့ အလှအပဆိုင်ရာ ဆွဲဆောင်မှု အားနည်းပြီး အရောင်အသွေးပိုင်းမှာလည်း ရဲရင့်မှု မရှိကြဘူး..."
"လဲ့ချင်းရဲ့ အကြံဉာဏ်က အလွန် ကောင်းမွန်တယ်... ဒီဂါဝန်လေးက ရိုးရှင်းပေမဲ့ စတိုင်ကျတယ်... အဲဒါက ငါတို့ အပ်ချုပ်သမားတွေ လိုအပ်တဲ့ ဆန်းသစ်တီထွင်မှု စိတ်ဓာတ်ပဲ..."
ကျန်းဟုန်နှင့် ဝမ်ဖန်းတို့၏ မျက်နှာများမှာ မည်းမှောင်သွား၏။ သူတို့က ဤအချက်ကို လုံးဝ လက်မခံနိုင်ကြသည်မှာ ထင်ရှားသည်။ သို့သော်လည်း ဆရာမက ဆက်ပြောလိုက်၏။
"ဒီဒီဇိုင်းက အတော်လေး ကောင်းမွန်တယ်... အပ်ချုပ်ပညာအပေါ်ထားရှိတဲ့ သူမရဲ့ အချစ်နဲ့ မြှုပ်နှံထားမှုကို ဒီအထဲမှာ ငါ မြင်တွေ့နိုင်တယ်..."
"မင်းတို့ အားလုံးလည်း သူမလိုပဲ ကိုယ့်ရဲ့ လက်ရာတိုင်းမှာ စိတ်နှစ်ထားနိုင်ပြီး လက်ရှိ ပုံစံခွက်တွေထဲမှာ ပိတ်လှောင်မနေဘဲ ရဲရဲဝံ့ဝံ့ ဆန်းသစ်တီထွင်နိုင်ကြဖို့ ငါ မျှော်လင့်တယ်..."
ဆရာမ၏ စကားများက လဲ့ချင်းကို အပြည့်အဝ အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး သူမထံတွင် အလားအလာများကို မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ပုံကြမ်းများကို အကြိမ်အနည်းငယ် ထပ်မံ ကြည့်ရှုပြီးနောက် သူမက ဆက်ပြောလိုက်၏။
"မင့်ရဲ့ လက်ရာက တကယ်ကို ထူးချွန်ပြောင်မြောက်တယ်... မကြာခင် ခရိုင်ကနေ လက်မှုပညာ ပြပွဲတစ်ခု ကျင်းပတော့မှာဖြစ်ပြီး အခုလောလောဆယ် ကျွမ်းကျင်မှုရှိတဲ့ အမျိုးသမီးတွေကို ပါဝင်ဖို့ အပြင်းအထန် တိုက်တွန်းနေကြတယ်..."
"ခရိုင်လက်မှုပညာပြပွဲမှာ ပါဝင်ဖို့ မင်းကို ငါ ထောက်ခံပေးချင်တယ်... မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလား..."
ဤစကားကို ကြားသောအခါ တီးတိုး စကားပြောနေကြသည့် ကျောင်းသူများမှာ တစ်ပြိုင်နက်ပင် တိတ်ဆိတ်သွားကြသည်။
ဤခေတ်ကာလ၌ ခရိုင်မြို့များ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မှာ ကျေးလက်ဒေသများထက် များစွာ သာလွန်နေ၏။ ရွာတွင် မွေးဖွားလာကြသည့် ဤကလေးများအတွက် ခရိုင်အတွင်းရှိ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရခြင်းမှာ လူအများကြားမှ ထင်ပေါ်ကျော်ကြားနိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။
"သူမက အတော် ကံကောင်းတာပဲ..."
"သူမရဲ့ ကျွမ်းကျင်မှုက တကယ့်ကို ထူးခြားပြောင်မြောက်တယ်... နင်က သဘောမကျဘူးလား... မကျရင် ကိုယ်တိုင် သွားဆွဲလေ..."
လဲ့ချင်းက တစ်ခဏမျှ တုံ့ဆိုင်းသွား၏။
"ဆရာမ... ကျွန်မ... ကျွန်မ လုပ်နိုင်ပါ့မလား မသိဘူး..."
"သေချာပေါက် လုပ်နိုင်တာပေါ့..."
ဆရာမက ချက်ချင်းပင် အားပေးစကား ဆိုလိုက်သည်။
"မင်းလက်ရာမှာ ထူးခြားတဲ့စတိုင်နဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်တွေ ပါဝင်နေတယ်... အဲဒါက လက်မှုပညာပြပွဲက လိုအပ်နေတဲ့ အရာပဲ..."
"မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်... ပြီးတော့ မင်းရဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေး ပေးရမယ်..."
"ဟုတ်ကဲ့ပါ... ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်..."
ခေါင်းလောင်းသံ မြည်လာပြီး ညကျောင်းဆင်းချိန်ကို အချက်ပြကာ ညဉ့်ဦးယံ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ လဲ့ချင်းက သူမ၏ စာအုပ်များကို ကမန်းကတန်း သိမ်းဆည်းလိုက်ပြီး အတန်းဖော်များ၏ စကားပြောသံများကို အရေးမစိုက်ဘဲ ကျောင်းတံခါးဝမှ အလောတကြီး ထွက်ခွာလာခဲ့သည်။
ယနေ့ ရိတ်သိမ်းရရှိမှုမှာ တကယ့်ကို မှတ်သားလောက်စရာ ဖြစ်သည်။ မိမိ၏ ဒီဇိုင်းကို သက်သေပြနိုင်ခဲ့ရုံသာမက မျှော်လင့်မထားသည့် ပျော်ရွှင်မှုကိုပါ ဆောင်ကြဉ်းပေးခဲ့၏။ လက်မှုပညာပြပွဲတွင် နေရာတစ်နေရာ ရရှိခဲ့ပြီဖြစ်ရာ ခရိုင်အတွင်း မိမိ၏ ဒီဇိုင်းများကို ပြသရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။
"ပြပွဲကို အရေးကြီး ပုဂ္ဂိုလ်တစ်ချို့ လာကြည့်ချင်ကြည့်ကြမှာ... နာမည်ကြီးသွားတာနဲ့ ငွေတွေ အများကြီး ရှာနိုင်တော့မှာပဲ..."
ထိုအကြောင်းကို တွေးမိသောအခါ သူမမှာ ပို၍ပင် စိတ်လှုပ်ရှားလာပြီး အိမ်ပြန်ရောက်ရန် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းလိုက်၏။
သူမ ခေါင်းထဲတွင် အတွေးများစွာ ပြည့်နှက်နေပြီး မကြာမီပင် အိမ်သို့ ပြန်ရောက်လာသည်။ လဲ့ချင်းက စားပွဲတွင် စိတ်အားထက်သန်စွာ ဝင်ထိုင်လိုက်ပြီး စက္ကူဖြူတစ်ရွက်ကို ဖြန့်ကာ သူမ၏ ပြပွဲဝင် လက်ရာကို တစ်ညလုံး အချိန်ယူ၍ ဒီဇိုင်းဆွဲရန် ပြင်ဆင်လိုက်၏။ သူမ၏ စိတ်ထဲတွင် ဆန်းကြယ်သော အကြံဉာဏ် အမျိုးမျိုးဖြင့် ပြည့်နှက်နေသော်လည်း မည်သည့်အရာကမျှ အပြည့်အဝ ပြီးပြည့်စုံမှု မရှိသေးဟု သူမ ခံစားနေရသည်။
"ဟူး... လက်မှုပညာ ပြပွဲကို ဘာယူသွားရမလဲ..."
လဲ့ချင်းက မျက်မှောင်ကြုတ်ကာ သူမဘာသာ တီးတိုး ရေရွတ်လိုက်၏။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း လဲ့ချင်း၏ အခန်းထဲတွင် မီးလင်းနေဆဲဖြစ်သည်။ လဲ့ချန်က သူ၏ ညီမဖြစ်သူ၏ အခန်းရှေ့မှ ဖြတ်သွားစဉ် တံခါးကြားမှ လင်းထွက်နေသော အလင်းရောင်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ စပ်စုချင်စိတ် ပေါ်လာ၏။
"ဒီကောင်မလေး ပြန်ရောက်နေတာကို အခုထိ ဘာလို့ မအိပ်သေးတာလဲ..."
သူက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ရာ လဲ့ချင်းတစ်ယောက် စားပွဲတွင်ထိုင်ကာ အတွေးနယ်ချဲ့နေသည်ကို တွေ့လိုက်ရသည်။
"ဟေ့ ကောင်မလေး... ဘာလို့ မအိပ်သေးတာလဲ..."
လဲ့ချန်က စိုးရိမ်တကြီး မေးလိုက်ပြီး သူမ၏ စားပွဲပေါ်ရှိ စက္ကူဖြူကို လှမ်းကြည့်လိုက်ရာ ပို၍ပင် စပ်စုချင်စိတ် ဖြစ်လာ၏။ လဲ့ချင်း ခေါင်းမော့ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"အစ်ကိုချန်... ဘယ်လိုရောက်လာတာလဲ..."
"ကျွန်မ စဉ်းစားနေတာ... အစ်ကိုသာ ကျွန်မကို အကြံဉာဏ်တစ်ချို့ ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့..."
"ဒီဇိုင်းက ရှေ့ဆက်မရဖြစ်နေလို့လား..."
လဲ့ချန်က ထိုင်ခုံတစ်လုံးကို ဆွဲယူ၍ ဝင်ထိုင်လိုက်ပြီး လဲ့ချင်း ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေ၏။ လဲ့ချင်းက သူ့ဘက်သို့ လှည့်လိုက်ပြီး သူမ၏ အမူအရာက အလွန် တည်ကြည်လေးနက်နေသည်။
"အစ်ကိုချန်... ဆရာမက ကျွန်မကို ခရိုင်ရဲ့ လက်မှုပညာ ပြပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်... ပြီးတော့ ကျွန်မ ဒီဇိုင်းထုတ်ဖို့ အခက်တွေ့နေတယ်..."
"ဝိုး... ကောင်မလေးက အတော် တော်တာပဲ..."
လဲ့ချန်က သူ၏ ညီမဖြစ်သူအတွက် မနေနိုင်ဘဲ လက်ခုပ်တီးပေးလိုက်ပြီး ပြောလိုက်၏။
"အခုဆို မင်းအတွက် ပိုကြီးမားတဲ့ စင်မြင့်တစ်ခုရပြီပေါ့..."
"ဟုတ်တယ်... ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားလို့ မရဖြစ်နေတယ်..."
လဲ့ချင်းက စိတ်ညစ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ လဲ့ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရုတ်တရက် သူ၏ အကြည့်က ပြတင်းပေါက်ဆီသို့ ကျရောက်သွား၏။ ခရိုင်အတွင်း၌ တစ်ခုတည်းသာရှိသည့် သူ၏ မြွေမွေးမြူရေးခြံကို သူ သတိရသွားသည်။ အကယ်၍ ကိုယ်ပိုင်စတိုင်ကို ပေါ်လွင်စေချင်ပါက မြွေဟူသည့် အသွင်အပြင်လက္ခဏာက သေချာပေါက် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
"ဟေ့ ကောင်မလေး... ငါတို့ရဲ့ မြွေကို အဓိက အကြောင်းအရာအနေနဲ့ သုံးရင်ရော ဘယ်လိုလဲ..."
"ဒီအရာက အရင်က ဘယ်သူမှ မသုံးဖူးသေးတဲ့ အသွင်အပြင် လက္ခဏာပဲ... မင်းရဲ့ ကျွမ်းကျင်မှု အဆင့်အတန်းနဲ့ဆိုရင် လူတွေကို သဘောကျစေမယ့် လက်ရာတစ်ခု ဖန်တီးနိုင်မှာ သေချာတယ်..."
"မြွေတွေနဲ့ ပတ်သက်တဲ့ လက်မှုပညာ ပစ္စည်းတစ်ခု... ကျွန်မ စမ်းကြည့်လို့ ရကောင်းပါရဲ့..."
ဤစကားကို ကြားသောအခါ လဲ့ချင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွား၏။
"ဟုတ်သားပဲ... ကျွန်မ ဘာလို့ အဲဒါကို စဉ်းစားမိမသွားတာလဲ... မြွေရဲ့ အကွက်အဆင်တွေက အရမ်းကို ထူးခြားတော့ အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ သေချာတယ်..."
အချိန်ဆွဲမနေတော့ဘဲ လဲ့ချင်းက သူမ၏ လက်ရာကို စတင် ပုံဖော်တော့သည်။
"အင်း... လူတွေ မြင်ဖူးတဲ့ မြွေအများစုက အရောင်ရင့်တွေဆိုတော့ ကျွန်မ အဲဒီ ဒီဇိုင်းကိုလည်း သုံးလို့ ရတယ်..."
"ဒီလိုဆိုရင် အရောင် ရုတ်တရက် အပြောင်းအလဲက အများပြည်သူ လက်ခံဖို့ ခက်ခဲလောက်အောင် ပြင်းထန်လွန်းမှာ မဟုတ်ဘူး..."
လဲ့ချင်းက သူမ၏ ကျွမ်းကျင်ရာ နယ်ပယ်သို့ ရောက်သွားသည်နှင့် အရာရာကို အလွန် ရှင်းလင်းပြတ်သားစွာ ခွဲခြမ်းစိတ်ဖြာနိုင်ရာ လဲ့ချန်မှာ ဝင်ရောက် စွက်ဖက်ရန် အခွင့်အရေးပင် မရှိတော့ချေ။
"ပြီးတော့ မြွေရဲ့ အကြေးခွံတွေနဲ့ နေရောင်အောက်မှာ အရောင်ဟပ်နေတာတွေကို အသုံးပြုပြီး ပုံစံအကွက်တွေ ဖန်တီးလို့ရတယ်..."
မောင်နှမနှစ်ယောက်က အလွန် စိတ်အားထက်သန်စွာ စကားပြောဆိုနေကြသဖြင့် သူတို့ သတိမထားမိခင်မှာပင် ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံမှာ ဖြူရောင်သန်းလာပြီ ဖြစ်၏။
သို့သော်လည်း လဲ့ချင်းမှာ ခွန်အားများ ပြည့်ဝနေပြီး သူမ၏ စိတ်ထဲတွင် ရေတွက်၍ မရနိုင်သော အံ့သြဖွယ် အကြံဉာဏ်များ ပေါ်ပေါက်နေသည်။ သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်များနှင့် ပြင်းပြသော ဆန္ဒများ ပြည့်နှက်နေ၏။ ဤလက်မှုပညာပြပွဲက သူမ၏ အရည်အချင်းကို ပြသရန် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ရပ် ဖြစ်လာပေလိမ့်မည်။
လဲ့ချင်းက သူမ၏ ဖန်တီးမှုများထဲတွင် နစ်မြုပ်သွားသည်။ သူမက မြွေများ၏ အကြေးခွံ အသွင်အပြင်များနှင့် ပုံသဏ္ဌာန်များကို သေချာစွာ လေ့လာပြီး သူမ၏ အဝတ်အထည် ဒီဇိုင်းများထဲသို့ ပါးနပ်စွာ ပေါင်းစပ်ထည့်သွင်းလိုက်၏။ လဲ့ချန်ကလည်း သူမကို အခါအားလျော်စွာ အကြံဉာဏ်များနှင့် အားပေးစကားများ ပေးခဲ့ရာ ၎င်းက သူမ၏ ယုံကြည်မှုကို အလွန်အမင်း မြင့်တက်စေခဲ့သည်။