အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁)
ငါ စဉ်းစားလို့ရသွားပြီ
"ဒါပေမဲ့..."
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက လေသံပြောင်းသွားပြီး သံသယဝင်ဟန်ဖြင့် ပြောလိုက်လေ သည်။
"မင်းဟာက ပုံတူပွားထားတဲ့ အတုကြီး မဟုတ်ဘူးမလား...။ အင်တာနက်ထဲမှာ ဒီလိုဆိုင်ကယ်မျိုးတွေကို ပြည်တွင်းမှာပဲ တပ်ဆင်ကြပြီး အတွင်းပိုင်း အစိတ်အပိုင်းတွေက မတူကြလို့ သိပ်မဈေးကြီးဘူးလို့ ငါတွေ့ ဖူးတယ်...။"
"မင်းက အစားအသောက်ပို့တဲ့သူလေ ဒီလောက်ဈေးကြီးတဲ့ ဆိုင်ကယ်ကို ဝယ်နိုင်မယ်မထင်ပါဘူး...။ ပုံတူပွား ထားတဲ့ အတုဆိုရင်တော့ ဖြစ်နိုင်တယ် အလွန်ဆုံးရှိလှ နှစ်ကျောင် သုံးကျောင်ပေါ့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ဒေါသက တစ်ဖန် ပေါက်ကွဲထွက်လာပြန်လေသည်။
"ဘာသဘောလဲ...။ ဒီလိုအချိန်ရောက်နေတာတောင် အလုပ်အကိုင်ကို ဘာလို့ ဆွဲထည့်နေရတာလဲ...။"
"ငါတို့ အစားအသောက်ပို့တဲ့သူတွေက တန်ဖိုးကြီးပြီး ကိုယ်နှစ်သက်တဲ့ ပစ္စည်းလေးတွေ မပိုင်ဆိုင်နိုင်တော့ ဘူးလား...။"
"ငါတို့ အစားအသောက်ပို့တဲ့သူတွေက ပျက်စီးဆွေးမြေ့နေတဲ့ အဆင့်အတန်းမမီတဲ့ ပစ္စည်းတွေကိုပဲ သုံးစွဲဖို့ ထိုက်တန်တာလား...။"
သို့သော် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက ခေါင်းမာမာဖြင့် ဆက်လက် ငြင်းခုံနေဆဲပင် ဖြစ် လေသည်။
"ဟုတ်တယ်လေ ငါက စက်ရုံတစ်ရုံ ပိုင်တဲ့သူ သူဌေးတစ်ယောက်ဖြစ်လို့ မာစီးဒီးကား စီးတာ သဘာဝကျတယ် လေ...။"
"ဒါပေမဲ့ မင်းက အစားအသောက်ပို့တဲ့ အလုပ်သမားလေးပဲလေ...။ ပိုက်ဆံ ဘယ်လောက်များများ ရှာနိုင်လို့လဲ..၊ ဒီလောက် ဈေးကြီးတဲ့ ဆိုင်ကယ်ကို ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရလာတာလဲ...။"
"ဒါကြောင့် ငါသံသယဝင်တာ ပုံမှန်ပဲလေ...။ မင်း ဒီလောက်ပြာယာခတ်နေတာ တစ်ခုခုကို ဖုံးကွယ်ချင်နေလို့ မဟုတ်ဘူးလား...။ ဒီဆိုင်ကယ်က အတုကြီးပါ...။"
လူလတ်ပိုင်းအမျိုးသားက ဆိုင်ကယ်အတုဟူသော အချက်ကို အတင်းဖက်တွယ်ထားလေသည်။ အကြောင်းမူ ကား ထိုအချက်သည်သာ သူ၏ နောက်ဆုံးအားကိုးရာ ဖြစ်နေသောကြောင့်ပင်။
လျန်ထျန်းက သူ့အား ဆက်လက်ငြင်းခုံရန် ပျင်းရိသွားသဖြင့် ဖုန်းအတွင်းမှ အီလက်ထရောနစ် အမှာစာများနှင့် သက်သေအချို့ကို ဆွဲဖွင့်ကာ ချက်ချင်းပင် ထုတ်ပြလိုက်လေသည်။
"ငါ့ရဲ့ စာရွက်စာတမ်းတွေ အားလုံးက ဒီမှာ ပြည့်ပြည့်စုံစုံ ရှိတယ်...။ မင်း ဘာပြောစရာ ရှိသေးလဲ...။"
မှတ်တမ်းကို စစ်ဆေးကြည့်ပြီးနောက် ဖျန်ဖြေရေးမှူးကျန်းက မှန်ကန်ကြောင်း အတည်ပြုပေးလေသည်။
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ လုံးဝ ဆွံ့အသွားရတော့သည်။
ထိုအချိန်တွင် ဖျန်ဖြေရေးမှူးကျန်းက သူ့အား ပြောလိုက်လေသည်။
"ခင်ဗျား ကားတိုက်မိတုန်းက ဒီဆိုင်ကယ်က သာမန်ဆိုင်ကယ်တွေနဲ့ မတူဘူးဆိုတာ မသိလိုက်ဘူးလား...။"
လူလတ်ပိုင်းအမျိုးသားက ခေါင်းကို ကုတ်ရင်း ပြောလိုက်လေသည်။
"ပုံစံကတော့ တစ်မျိုးကြီးပဲ...၊ ကြည့်ရတာ ရုပ်ဆိုးဆိုးနဲ့ မာစီးဒီးကားလောက် မခန့်ညားပါဘူး...။"
ဤတစ်ကြိမ်တွင်မူ ဖျန်ဖြေရေးမှူးကျန်းက ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
"ဒါက ခင်ဗျား တန်ဖိုးကို နားမလည်လို့ပါ...။"
လူလတ်ပိုင်းအမျိုးသားက သူ၏ ယခင်စကားအချို့ကို အနေခက်စွာဖြင့် ထပ်ခါတလဲလဲ ပြောလာလေသည်။
"ငါ နားမလည်နိုင်တာက ပိုက်ဆံရှိတဲ့သူဆိုရင် မာစီးဒီး ဒါမှမဟုတ် ဘီအမ်ဒဗလျူကားကိုပဲ ဝယ်စီးကြမှာပေါ့ ဘာလို့ ဒီပစ္စည်းကို ငွေအနည်းငယ်ပေးပြီး ဝယ်ရတာလဲ...။ ဒါက လူတွေကို လိမ်လည်နေတာ မဟုတ်ဘူး လား...။"
ဖျန်ဖြေရေးမှူးကျန်းက သူ့အား အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။
"ကဲ ကဲ...၊ ဒီအသုံးမဝင်တဲ့ စကားတွေကို ဆက်မပြောကြပါနဲ့တော့...။"
"အခု ယာဉ်ထိခိုက်မှု ပမာဏကို အတည်ပြုပြီးပြီဆိုတော့ ကုန်ကျစရိတ်ကို တွက်ချက်ကြတာပေါ့...။"
"အို... အရေးကြီးတဲ့ အချက်တစ်ချက် ရှိသေးတယ် ခင်ဗျားတို့ ကားတွေ အားလုံးမှာ အာမခံ ရှိကြတယ် မဟုတ် လား...။"
လျန်ထျန်းက ဦးစွာ ဖြေကြားလိုက်လေသည်။
"ရှိပါတယ်... မော်တော်ယာဉ်မသင်မနေရ အာမခံ၊ တတိယလူထိခိုက်မှု အာမခံနဲ့ ယာဉ်ထိခိုက်မှု အာမခံတွေ အားလုံး ရှိပါတယ်...။ တခြားသူရဲ့ ကားကောင်းတွေကို တိုက်မိမှာ စိုးရိမ်လို့ တတိယလူထိခိုက်မှု အာမခံကြေးကို တစ်ဆယ်ယွမ်လောက်ပဲ ထားထားပါတယ်...။"
ဖျန်ဖြေရေးမှူးကျန်းက ခေါင်းညိတ်လိုက်လေသည်။
"မင်းရဲ့ သတိထားမှုက အလွန်မှန်ကန်ပါတယ်...။ ဘာပဲဖြစ်ဖြစ် အခု လမ်းပေါ်က ကားတွေက အရင်ကနဲ့မတူဘဲ ဈေးနှုန်းအမျိုးမျိုး ရှိနေကြတာကိုး...။"
ထို့နောက် ဖျန်ဖြေရေးမှူးကျန်းက ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ကာ မေးလိုက်လေ သည်။
"ခင်ဗျားကကော... အာမခံ ရှိရဲ့လား...။"
ဤတစ်ကြိမ်တွင်မူ လူလတ်ပိုင်းအမျိုးသားမှာ ခေါင်းငုံ့သွားပြီး လက်ကို နဖူးပေါ်တင်ကာ လေသံကို သိသိသာ သာ နှိမ့်လိုက်လေသည်။
"အာမခံလား...၊ ရှိပါတယ်...။ အာမခံ မရှိတဲ့သူ ဘယ်သူရှိမှာလဲ...။"
ဖျန်ဖြေရေးမှူးကျန်းက ဆက်လက် ဖိအားပေး မေးမြန်းလိုက်လေသည်။
"ဘယ်လို အာမခံမျိုးလဲ...။ တိတိကျကျလေး ပြောပြပါဦး...။ တတိယလူထိခိုက်မှု အာမခံ ပမာဏက ဘယ် လောက်လဲ...။"
လူလတ်ပိုင်းအမျိုးသားမှာ ခေါင်းကို ပို၍ ငုံ့သွားပြီး ပိုမိုတိုးတိတ်သော လေသံဖြင့် ပြောလေသည်။
"မသင်မနေရ အာမခံ... တစ်ခုတည်းပါပဲ...။"
ဤစကားကို ကြားသောအခါ ဖျန်ဖြေရေးမှူးကျန်းမှာ ထပ်မံ၍ ရယ်မောလိုက်ပြန်လေသည်။
"မသင်မနေရ အာမခံ တစ်ခုတည်း ဟုတ်လား...။ တတိယလူထိခိုက်မှု အာမခံ မရှိဘူးလား...။ ဒါဆိုရင်တော့ ခင်ဗျား အခု ပြဿနာကြီးသွားပြီ...။"
"အကယ်၍ ခင်ဗျား အရင်က ပြောခဲ့တဲ့ လျော်ကြေးပေးရမယ့် ပုံစံမျိုးဆိုရင်တော့ သူက ခင်ဗျားကို လျော်ရမယ် ခင်ဗျားကလည်း သူ့ကို လျော်ရမယ်...။ သူ့မှာက အာမခံ ရှိနေတော့ ခင်ဗျားက ပိုက်ဆံ တစ်ပြားမှ မရမယ့်ပုံစံ ဖြစ်သွားပြီ...။"
"ခင်ဗျားမှာ မသင်မနေရ အာမခံပဲ ရှိတယ်...။ မသင်မနေရ အာမခံက ပေးနိုင်တဲ့ နှစ်ဖန်ကို နုတ်လိုက်ရင်တောင် ခင်ဗျားက တစ်ဖက်လူကို တစ်ကျောင် လေးဖန်နဲ့ လေးလီ ပေးရဦးမှာ...။"
ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသားမှာ ထိတ်လန့်သွားရလေသည်။
"ဘယ်လိုလုပ် ဒီလောက်တောင် ဈေးကြီးရတာလဲ...။"
လျန်ထျန်းကလည်း ရယ်မောလိုက်လေသည်။
"ဈေးကြီးတယ်ဆိုရင်တောင် ဒီအရာက ခင်ဗျားကိုယ်တိုင် ရွေးချယ်ထားတဲ့ လျော်ကြေးပေးမယ့် နည်းလမ်း လေ...။ ဒီလိုတွက်ချက်ဖို့ ကျွန်တော်က အတင်းအကျပ် ခိုင်းစေခဲ့တာမှ မဟုတ်တာ...။"
"ကြည့်ပါဦး...။ ဒီ တစ်ကျောင် လေးဖန်နဲ့ လေးလီကို ခင်ဗျားက ဘယ်လိုပေးဖို့ စီစဉ်ထားလဲ...။ ငွေသားနဲ့လား ဘဏ်ကနေ လွှဲပေးမှာလား...။"
လူလတ်ပိုင်းအမျိုးသားက ခေါင်းကို ထပ်ကုတ်လိုက်ပြန်ပြီး ကုတ်ရင်းဖြင့် ကပ်သီးကပ်ဖဲ့ လေသံဖြင့် ပြောလိုက် လေသည်။
"မလုပ်ပါနဲ့... ငါ စဉ်းစားလို့ရသွားပြီ...။ ငါတို့ စည်းကမ်းအတိုင်းပဲ လုပ်ရမှာပေါ့ ဖျန်ဖြေရေးမှူးကျန်း ခုနက ပြောသလို အရင်ဆုံးပေါင်းပြီးမှ ကုန်ကျစရိတ်ကို ခွဲဝေကြတာပေါ့...။"
လျန်ထျန်းက ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟိုလို လျော်မယ်လို့ ပြောခဲ့တာလည်း ခင်ဗျားပဲ၊ အခု ဒီလို လျော်မယ်လို့ ပြောနေတာလည်း ခင်ဗျားပဲ...။ ဒီနေ ရာကို ခင်ဗျားအိမ်လို့များ ထင်နေသလား...။"
လူလတ်ပိုင်းအမျိုးသားက သူ၏ အရှက်မရှိသော နည်းလမ်းများကို တစ်ဖန် ပြန်လည် အသုံးပြုလာလေသည်။
"စည်းကမ်းက စည်းကမ်းပဲလေ...။ ဖျန်ဖြေရေးမှူးကျန်းက အစတည်းက အဲ့လိုပြောခဲ့တာ...။ အခု ငါက စည်းကမ်းအတိုင်း လုပ်တာ မမှားဘူးလို့ ထင်တယ်...။"
ဖျန်ဖြေရေးမှူးကျန်းက သူတို့နှစ်ဦး၏ ငြင်းခုံမှုကို တားဆီးရန် လက်ကာပြရင်း ပြောလိုက်လေသည်။
"စည်းကမ်းအတိုင်းပဲ လုပ်ကြတာပေါ့...။ ဒါက အစတည်းက လုပ်သင့်တဲ့ အရာပါ...။"
လျန်ထျန်းက ကြာကြာ တွေဝေမနေဘဲ သဘောတူလိုက်လေသည်။
"ကောင်းပြီလေ ဖျန်ဖြေရေးမှူးကျန်း ပြောတဲ့အတိုင်း လုပ်ကြတာပေါ့...၊ တွက်ချက်ကြည့်ရအောင်...။"
စက္ကူပေါ်တွင် အနည်းငယ် တွက်ချက်ပြီးနောက် ဖျန်ဖြေရေးမှူးကျန်းက လူလတ်ပိုင်းအမျိုးသားအား ပြောလိုက်လေသည်။
"အကုန် တွက်ပြီးပြီ...။ ဟိုဘက်က တစ်ကျောင်နဲ့ လေးဖန်ခြောက်လီ ခင်ဗျားဘက်က ငါးဖန်လေးလီဆိုတော့ အားလုံးပေါင်း နှစ်ကျောင် ကျတယ်...။ တစ်ယောက်တစ်ဝက် ခွဲလိုက်ရင် တစ်ယောက်ကို တစ်ကျောင်စီ ကျမယ်...။"
"တစ်ကျောင်ထဲကနေ ခင်ဗျားကားပျက်စီးမှုရဲ့ တစ်ဝက်ဖြစ်တဲ့ နှစ်ဖန်ခုနစ်လီရယ် မသင်မနေရ အာမခံကနေ ရမယ့် နှစ်ဖန်ရယ်ကို နုတ်လိုက်...။"
"ဒါကြောင့် ခင်ဗျားက ကိုယ့်စရိတ်နဲ့ကိုယ် တစ်ဖက်လူကို ခုနစ်ဖန် သုံးလီ လျော်ပေးရမယ်...။"
ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသားမှာ ရှင်းရှင်းလင်းလင်း လက်မခံနိုင်သေးဘဲ သူ၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားလေသည်။
"ခုနစ်ဖန် သုံးလီ...၊ ဘယ်လိုလုပ် ဒီလောက်တောင် များနေသေးတာလဲ...။ သေချာ တွက်ရဲ့လား...။"
ဖျန်ဖြေရေးမှူးကျန်းက လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"သေချာပေါက် မှန်တာပေါ့...။ ကျွန်တော် ဒီအလုပ်ကို လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ...။ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှု အရည်အချင်းကို သံသယဝင်နေတာလား...။"
"ဒါပေမဲ့ စိတ်မပူပါနဲ့...။ ခင်ဗျားရဲ့ တကယ့် ဆုံးရှုံးမှုက ဒီလောက် မကြီးမားပါဘူး...။ ဘာလို့လဲဆိုတော့ ဒိလူငယ် လေးရဲ့ အာမခံက ခင်ဗျားကားပျက်စီးမှုရဲ့ တစ်ဝက်ဖြစ်တဲ့ နှစ်ဖန်ခုနစ်လီကို ခင်ဗျားဆီ ပြန်လျော်ပေးဦး မှာလေ...။"
"ဒါကြောင့် ခင်ဗျားအနေနဲ့ လေးဖန်လေးလီပဲ ပေးရမှာပါ...။ ဒါပေမဲ့...၊ ခင်ဗျားကား ပြင်ဆင်စရိတ်ဖြစ်တဲ့ ငါးဖန် ၊လေးလီကိုတော့ ခင်ဗျားဘာသာ ဖြေရှင်းရလိမ့်မယ်...။"
ဤတွက်ချက်မှုများက လူလတ်ပိုင်းအမျိုးသားကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသော်လည်း အရေးအကြီး ဆုံး အစိတ်အပိုင်းကိုတော့ သူ နားလည်လိုက်လေသည်။
"ငါ့ကားပြင်ဖို့ ငါးဖန်လေးလီ ပေးရမယ် နောက်ပြီး နောက်ထပ် လေးဖန်လေးလီ ထပ်ပေးရမယ်ဆိုတော့...၊ အင်း...။ ကိုးဖန်ရှစ်လီ ဖြစ်သွားပြီပေါ့...။"
"ဆိုင်ကယ်တစ်စီးက ငါ့မာစီးဒီးကားကို လာတိုက်တာတောင် လျော်ကြေး ကိုးဖန်ရှစ်လီ ပေးရဦးမယ်တဲ့လား...။ ဒါက ဘယ်လို အခြေအနေကြီးလဲ...။"
လျန်ထျန်းက သရော်လိုက်လေသည်။
"ဒီလိုပဲလေ... ခင်ဗျား နားမလည်သေးဘူးဆိုရင်တော့ ကျွန်တော် ကူညီပြီး ရှင်းပြပေးနိုင်တယ်...။"
"ကားပျက်စီးမှု စုစုပေါင်းက နှစ်ကျောင် ကျတယ်...။ ဒါကြောင့် ငါတို့ တစ်ဝက်စီ ခွဲလိုက်ရင် တစ်ယောက်ကို တစ်ကျောင်စီ ကျမယ်...။"
"အဲ့ဒီ တစ်ကျောင်ထဲကမှ ခင်ဗျားကားပျက်စီးမှုက နှစ်ဖန်၊ ခုနစ်လီ ဖြစ်ပြီး ကျွန်တော့်ကားပျက်စီးမှုက ခုနစ်ဖန်၊သုံးလီ ဖြစ်တယ်...။"
"ဒီအဓိပ္ပာယ်က ကျွန်တော်က ခင်ဗျားကို နှစ်ဖန်၊ ခုနစ်လီ ပေးရမယ်...။ ခင်ဗျားက ကျွန်တော့်ကို ခုနစ်ဖန်၊ သုံးလီ ပြန်ပေးရမယ်...။ ဒါဆို ခုနစ်ဖန်၊ သုံးလီ နှစ်ခုပေါင်းလိုက်ရင် ကျွန်တော့်ဆိုင်ကယ်ရဲ့ စုစုပေါင်း ပျက်စီးမှုဖြစ်တဲ့ တစ်ကျောင်နဲ့ လေးဖန်၊ ခြောက်လီ ဖြစ်သွားပြီလေ...။"
"ခင်ဗျားမှာက မသင်မနေရ အာမခံပဲ ရှိတယ်။ ဒါက နှစ်ဖန်ပဲ လျော်ပေးနိုင်တာ...။ ဒါကြောင့် ခင်ဗျားက ကျွန်တော့်ကို လျော်ကြေးငွေအဖြစ် ခုနစ်ဖန်၊ သုံးလီ ပေးရမှာ...။"
"ပြီးတော့ ကျွန်တော့်မှာ တတိယလူထိခိုက်မှု အာမခံ ရှိတယ်...။ ဒါကြောင့် ခင်ဗျားရဲ့ နှစ်ဖန်၊ ခုနစ်လီကို ကျွန်တော့် အာမခံကုမ္ပဏီက ပြန်လျော်ပေးလိမ့်မယ်...။ အခု နားလည်ပြီလား...။"
လူလတ်ပိုင်းအမျိုးသားမှာ သူ၏ ဦးရေပြားကို သွေးထွက်မတတ် ကုတ်ခြစ်မိလုနီးပါး ဖြစ်နေလေပြီ။
"ဒါဆို မင်းပြောချင်တာက ငါက မင်းကို အခုချက်ချင်း ခုနစ်ဖန်၊ သုံးလီ ပေးရမယ်ပေါ့ ဟုတ်လား...။ အို... ခုနစ်ဖန်၊ သုံးလီ... ခုနစ်ဖန်၊သုံးလီ...။"
သူက စကားရပ်လိုက်ပြီး လျန်ထျန်းကို မော့ကြည့်ကာ သူ၏ လေသံမှာ (၁၀၀) ဒက်ဆီဘယ်မှ (၅၀) ဒက်ဆီဘယ် အထိ ကျဆင်းသွားခဲ့လေသည်။
"ညီလေး... ကိုယ် မင်းကို တစ်ခုလောက် မေးလို့ ရမလား...။"
အခန်း (၁၅၂)
များပြားလှသော အလုပ်သမားထုကြီး
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသား၏ အသံမှာ ယခင်ကထက် ထက်ဝက်ကျော်လောက် ကျဆင်း သွားပြီး လျန်ထျန်းအား စကားပြောဆိုရာတွင် သူ၏ လေသံမှာ သိသိသာသာ နူးညံ့သွားလေသည်။
"ညီလေး... ကိုယ် မင်းကို တစ်ခုလောက် မေးလို့ ရမလား...။"
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စက်ရုံက အခြေအနေ သိပ်မကောင်းဘူး...။ ကိုယ်က ဒီလောက် ငွေကြေး အများကြီး မစိုက်ထုတ်နိုင်ဘူး...။ အစတုန်းက မင်းပြောခဲ့သလိုပဲ ကိုယ့်ဟာကိုယ် ပြင်ကြမယ်ဆိုတာလေးကို ပြန်စဉ်းစား ပေးပါလား...။"
လျန်ထျန်းက ချက်ချင်းပင် ဖြတ်ပြောလိုက်လေသည်။
"အစတုန်းက...၊ အစတုန်းကဆိုတာက အစတုန်းကလေ...။ အခု ခင်ဗျားနဲ့ အချိန်တွေ အများကြီး ကုန်သွားပြီ...။ ပြီးတော့ ခုနစ်ဖန်၊ သုံးလီ ဆိုတာကိုလည်း သဘောတူထားပြီးပြီ...။"
"အခုမှ လာပြောင်းလဲချင်နေတာလား...။ ကျွန်တော်တော့ သဘောမတူနိုင်ဘူး...။ ခုနစ်ဖန် ၊ သုံးလီ ဆိုရင် ခုနစ်ဖန် ၊သုံးလီပဲ တစ်လီမှ လျှော့မပေးနိုင်ဘူး...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ နောင်တရစွာဖြင့် ခေါင်းကို ကိုင်ထားလိုက်လေသည်။
"ဒုက္ခပါပဲ... ၊ ဒီကိစ္စက ဘယ်လို ရှုပ်ကုန်တာလဲ...။"
ရုတ်တရက် သူက မတ်တပ်ရပ်လိုက်သဖြင့် ဘေးတွင် ရပ်နေသော ဖျန်ဖြေရေးမှူးကျန်းပင် လန့်သွားရလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူက အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ချက်ချင်း ထုတ်ယူလိုက်ပြီး ယဉ်ကျေး စွာဖြင့် စီးကရက်နှစ်လိပ်ကို ဆွဲထုတ်ကာ လျန်ထျန်းအား ကမ်းပေးလိုက်လေသည်။
"ညီလေး... လာပါ...၊ စီးကရက်လေး သောက်လိုက်ပါဦး...။"
လျန်ထျန်းက ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။
"ဒီနေရာက ဖျန်ဖြေရေး အခန်းလေ...၊ ဆေးလိပ်သောက်ခွင့် မရှိဘူး...။ ခင်ဗျား ကိစ္စကို မြန်မြန် ဖြတ်တာ ပိုကောင်းမယ်...။ အပြင်ရောက်မှ ကြိုက်သလောက် သောက်...။"
ဤနည်းလမ်းက အလုပ်မဖြစ်သည်ကို မြင်သောအခါ ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ အနေရခက်စွာဖြင့် စီးကရက်များကို ပြန်ရုပ်သိမ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
"ဒီ ခုနစ်ဖန် သုံးလီလောက်ကို နည်းနည်း ထပ်လျှော့ပေးလို့ မရဘူးလား...။ အခု ငါ့မှာ တကယ် ပိုက်ဆံမရှိဘူး...၊ အကြွေးတွေလည်း အများကြီး တင်နေသေးတယ်...။"
ထိုအခါ ဖျန်ဖြေရေးမှူးကျန်းက ပြုံး၍ ပြောလိုက်လေသည်။
"ခုနက ခင်ဗျားက စက်ရုံပိုင်ရှင်ဆိုတော့ မာစီးဒီးကား စီးဖို့ ပိုက်ဆံရှိတာ သဘာဝကျတယ်လို့ ပြောခဲ့တယ် မဟုတ်လား...။ အခုကျတော့ ဘာလို့ ဖန်အနည်းငယ်တောင် မတတ်နိုင်တော့တာလဲ...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ ပို၍ အရှက်ရလာလေသည်။
"စက်ရုံလုပ်ငန်း လုပ်ရတာလည်း မလွယ်ပါဘူး...။ လွန်ခဲ့တဲ့ အချိန်က စက်ရုံထဲက အလုပ်သမားတချို့က စကား နားမထောင်လို့ ငါ လူအနည်းငယ်ကို အလုပ်ဖြုတ်ပစ်ခဲ့ရတယ်...။"
"အဲ့ဒီအထဲမှာ ပြင်ဆင်ရေးသမားတစ်ယောက် ပါနေမှန်း ဘယ်သူက သိမှာလဲ...။ သူက အချိန်တိုင်း အားယား နေပြီး တခြား အလုပ်ကြမ်းတွေလည်း မလုပ်လို့ ငါ သူ့ကို အလုပ်ဖြုတ်လိုက်တာ...။"
"သူ စက်ရုံမှာ ရှိနေတုန်းကတော့ အားလုံး အဆင်ပြေနေတာပဲ...။ သူလည်း ထွက်သွားရော စက်တွေက စပြီး ပျက်စီးလာပါလေတော့ရော...။"
"အပြင်လူတွေကို ငှားပြီး ပြင်ခိုင်းရတာ ကုန်ကျစရိတ် ပိုများတဲ့အပြင် ထုတ်လုပ်မှုကိုလည်း နှောင့်နှေးစေတယ်.. ။ နောက်ဆုံးတော့ ယွမ်ငွေ အနည်းငယ် ဆုံးရှုံးသွားရတယ်...။"
"ငါတို့ အဲ့ဒီပြင်ဆင်ရေးသမားကို ပြန်ခေါ်ဖို့ ကြိုးစားပေမဲ့ သူက ဒေါသထွက်ပြီး ပြန်မလာဘူး...။ ပြောပါဦး...၊ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကြင်နာ တရား ကင်းမဲ့ရတာလဲ...။"
"ငါက စက်ရုံဖွင့်ပြီး သူတို့ကို အလုပ်ပေးထားတာ...။ သူတို့ကတော့ ငါ့ကို ပိုက်ဆံရအောင် ကူညီပေးတယ် ငါ့ကို အောင်မြင်အောင် လုပ်ပေးတယ်လို့ပဲ အမြဲပြောနေကြတယ်...။ တကယ်တော့ သူတို့ကို ထောက်ပံ့ပေးနေတာက ငါပါပဲ...။"
"အခု ငါ့စက်ရုံက ဒီလို အခြေအနေ ရောက်နေပြီဆိုတော့ လုပ်အားခတောင် မပေးနိုင်တော့ဘူး...။ သူတို့ကတော့ ငါကပဲ သူတို့ကို စိတ်ပျက်အောင် လုပ်သလိုမျိုး ပြောနေကြတယ်...။ ငါ မတရားခံရတယ်လို့ မထင်ဘူးလား...။"
"ဒီလို ကျေးဇူးကန်းတဲ့ အလုပ်သမားတွေနဲ့ တွေ့ရအောင် ငါက ဘာလို့များ ကံဆိုးနေရတာလဲ...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ စကားပြောလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်လာပြီး သူက မတရားမှုကို ကြီးစွာ ခံစားနေရသကဲ့သို့ ဖျန်ဖြေရေးမှူးနှင့် လျန်ထျန်းတို့ထံမှ သနားကြင်နာမှုကို ရယူချင်နေပုံ ရလေသည်။
သို့သော် ဤစကားများကို ကြားပြီးနောက် လျန်ထျန်းမှာ သူ့အား သနားကြင်နာခြင်း မရှိသည့်အပြင် ချက်ချင်းပင် ဖြောင့်မတ်တည်ကြည်စွာဖြင့် ပြင်းထန်စွာ ပြောဆိုလိုက်လေသည်။
"တကယ့်ကို ကံဆိုးတာက အလုပ်သမားတွေပဲ...၊ ခင်ဗျားလို သူဌေးမျိုးနဲ့ လာတွေ့နေရတာကိုး...။"
"ခင်ဗျားက သူများတွေ အားယားနေတာကိုပဲ မြင်ပြီး ကွယ်ရာမှာ သူတို့ ကြိုးစားအားထုတ်ထားတာကိုတော့ မမြင်ဘူး...။"
"အဲ့ဒီ ပြင်ဆင်ရေးသမားဆိုရင်လည်း သူက သူ့အလုပ်ကို သေချာလုပ်ပြီး ခင်ဗျားရဲ့ စက်ရုံ ထုတ်လုပ်ရေး ချောမွေ့အောင် သေချာ စောင့်ကြည့်ပေးဖို့ပဲ လိုတာလေ...။"
"ဒါပေမဲ့ ခင်ဗျားက တခြားသူတွေ ခဏလေး အားယားနေတာကိုတောင် မကြည့်ရက်ဘူး...။ လူအများကြီးရဲ့ အလုပ်တွေကိုပါ ခိုင်းစေပြီး အလုပ်သမားတွေ အားလုံးရဲ့ ခွန်အားတွေကို နောက်ဆုံး အစက်အထိ ညှစ်ထုတ် ချင်နေတာပဲ...။"
"ဒါကြောင့် ခင်ဗျားက လုံးဝ သနားစရာ မကောင်းဘူး...။ ခင်ဗျားကမှ ကျေးဇူးကန်းတဲ့သူပဲ...။ ဒီလိုပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ခင်ဗျားရဲ့ စက်ရုံက မကြာခင် ဒေဝါလီခံရတော့မှာ သေချာတယ်...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ လျန်ထျန်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ဒေါသ ပေါက်ကွဲတော့မည့် ဆဲဆဲတွင် ဖျန်ဖြေရေးမှူးကျန်းက ချောင်းဟန့်ကာ သတိပေးလိုက်လေသည်။
"စကားလမ်းကြောင်း မလွှဲကြပါနဲ့...။ အခု ခင်ဗျားတို့ရဲ့ ယာဉ်ထိခိုက်မှု လျော်ကြေး အစီအစဉ်အကြောင်းကို ပြောနေတာပါ...။ သေချာ ပြောဆိုမှသာ ဖျန်ဖြေဖို့ အခွင့်အရေး ရှိမှာပါ...။"
ထိုစကားကို ကြားသောအခါ ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ ပေါက်ကွဲထွက်တော့မည့် သူ၏ ဒေါသကို မြိုသိပ်ထားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တွင် လျန်ထျန်းက သူ့ကို လျော်ရမည်ဟု အစပိုင်းတွင် ထင်မှတ်ထားခဲ့ သော်လည်း ယခုမူ လျန်ထျန်းအား သူက လျော်ကြေးပေးရမည့် အလှည့် ဖြစ်နေသောကြောင့်ပင်။
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ ဒေါသကြီးသော်လည်း သူက လူမိုက်တော့ မဟုတ်ပေ။ သူက လေသံကို လျှော့ကာ ပြောလိုက်လေသည်။
"ညီလေး... မင်းပြောတာ မှန်တယ်...။ မင်းပြောတာ မှန်တယ်...။ နောက်ဆိုရင် အလုပ်သမားတွေကို ငါ ကောင်း ကောင်းမွန်မွန် ဆက်ဆံပါ့မယ်...။ ဒါပေမဲ့ ညီလေး...၊ လျော်ကြေးကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူး လား...။"
လျန်ထျန်းက သူ့ကို တိုက်ရိုက် မဖြေကြားဘဲ ဖျန်ဖြေရေးမှူးကျန်းကို မေးလိုက်လေသည်။
"အကယ်၍ ကျွန်တော်က သူ့ကို လျှော့ပေးမယ်လို့ ကတိပေးလိုက်ရင် လိုအပ်တဲ့ ငွေပမာဏ တစ်ခုလုံးကို ကျွန်တော်ကိုယ်တိုင် ကျခံရမယ်ဆိုတဲ့ အဓိပ္ပာယ်လား...။"
ဖျန်ဖြေရေးမှူးကျန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"သေချာပေါက်ပေါ့... ဒါပေမဲ့ မာစီးဒီးကား စီးတဲ့သူ တစ်ယောက်က ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး ဆိုတာ တော့ မဖြစ်နိုင်ပါဘူး...။"
အစကတည်းက ဖျန်ဖြေရေးမှူးကျန်းကလည်း မာနထောင်လွှားနေသော ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်း အမျိုးသားကို သဘောမကျခဲ့ပေ။ သူသည် မှန်ကန်နေချိန်၌ပင် သူတစ်ပါးအပေါ် လုံးဝ ခွင့်လွှတ်ပေးမည့် ပုံစံ မပေါ်ချေ။
ယခု သူတို့ဘက်က အမှားလုပ်မိချိန်တွင်တော့ သားကောင်ဖြစ်ဟန် ဆောင်လာကြပြန်သည်။ အဆိုးဆုံးမှာ သူတို့က ဟန်ဆောင်မှုများကိုပင် သေသေချာချာ မလုပ်နိုင်ဘဲ သူတို့ ပြောဆိုသမျှက အလွန် ဒေါသထွက်စရာ ကောင်းနေခြင်းပင် ဖြစ်လေသည်။
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ ဤတစ်ကြိမ်တွင်မူ သူ၏ ဒေါသများ အမှန်တကယ် ပျောက်ကွယ်သွားကာ အောက်ကျို့သော အမူအရာဖြင့် ပြုမူနေလေသည်။
"ညွှန်ကြားရေးမှူးကျန်းရယ်...၊ အဲ့လို မပြောပါနဲ့...။ ငါက မာစီးဒီးကားကို စီးတယ် စီးကရက်ကို သောက်တယ်...။ ဒါတွေ အားလုံးက လူမြင်ကောင်းအောင် လုပ်ထားတာပါ...။"
"တကယ်တော့ ငါ့မှာ ငွေသား အရမ်း ပြတ်လပ်နေတာပါ...။ မယုံရင် ငါ့ရဲ့ ဒီဘဏ်စာရင်းကို ကြည့်ကြည့်ပါ...။ ဒီထဲမှာ ကိုးဖန်ကျော်လေးပဲ ကျန်တော့တာ တစ်ကျောင်တောင် မပြည့်တော့ဘူး...။"
စကားပြောရင်းနှင့် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက သူ၏ ဖုန်းထဲမှ လက်ကျန်ငွေကို ဆွဲဖွင့်ပြ လိုက်ရာ တကယ်ပင် ကိုးဖန်ကျော်သာ ရှိတော့လေသည်။
ဤသည်ကို မြင်သောအခါ ဖျန်ဖြေရေးမှူးကျန်းက ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
"ခင်ဗျားက ဘာတွေ လျှောက်လုပ်ထားတာလဲ...။ အာမခံလည်း မရှိဘူး၊ ပိုက်ဆံလည်း မရှိဘူး...။ ဒီလို အခြေ အနေနဲ့ အရင်က ဘယ်လိုလုပ်ပြီး မာနထောင်လွှားရဲရတာလဲ...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ အလွန်ရှက်ရွံ့နေသဖြင့် စကားပင် မပြောနိုင်တော့ပေ။ သို့သော် လျန်ထျန်းက ပြုံးကာ သူ၏ကိုယ်စား ဝင်ပြောလိုက်လေသည်။
"အစကတည်းက သူက ကျွန်တော့်ကို ပြန်လျော်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးလို့ ထင်တယ်...။ သူက ကျွန်တော့်ဆီကနေပဲ ပြန်လျော်ခိုင်းဖို့ စဉ်းစားနေခဲ့တာလေ...။"
"ဘာပဲဖြစ်ဖြစ် အဲ့အချိန်က သူ့အမြင်မှာ ကျွန်တော်က စုတ်ပြတ်နေတဲ့ ဆိုင်ကယ်ကို စီးပြီး အစားအသောက်ပို့ တဲ့သူ တစ်ယောက်ပဲလေ...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက ခေါင်းကို ဆက်ကုတ်နေလေသည်။
"ဟုတ်ပါရဲ့...၊ ဒီလောက် ဈေးကြီးတဲ့ ဆိုင်ကယ်တွေ ရှိတယ်ဆိုတာကို ဘယ်သူက ထင်မှာလဲ...။ ဒီအရာက ငါ့ကို လိမ်သွားတာပဲ...။"
လျန်ထျန်းက ချက်ချင်းပင် ဖြတ်ပြောလိုက်လေသည်။
"ဟေး... ကျွန်တော်က ခင်ဗျားကို လှည့်စားတယ်လို့ မပြောနဲ့...။"
"အစတုန်းက ကျွန်တော်က ဒီလောက် ပြဿနာ မတက်ချင်ပါဘူး...။ ကိုယ့်ဟာကိုယ်ပဲ ပြင်ကြမယ်လို့ ပြောခဲ့ တာပါ...။ အဲ့အချိန်က ကျွန်တော် အချိန်မဖြုန်းချင်ခဲ့လို့ပါ...။"
"ဒါပေမဲ့ ခင်ဗျားက လုံးဝ လက်မခံဘဲ ဒီစာရင်းကို ကျွန်တော်နဲ့ ရှင်းမယ်ဆိုပြီး အတင်းအကျပ် လုပ်ခဲ့တာလေ...။ အခု စာရင်း ရှင်းပြီးပြီဆိုတော့ နောင်တရနေရင်လည်း ကျွန်တော့်ကို လာအပြစ်တင်လို့ မရဘူး...။"
ဤအချိန်တွင်မူ ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ လုံးဝ ဆွံ့အသွားရတော့သည်။
ခေါင်းကို ကုတ်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်မံ ပြောလိုက်လေ သည်။
"ညီလေး...၊ ငါ မှားသွားပါတယ်...။ တောင်းပန်ပါတယ်...။ ငါ လျော်ကြေးပေးရ ပိုလွယ်သွားအောင် ဈေးနည်း နည်းလောက် လျှော့ပေးလို့ မရဘူးလား...။"
လျန်ထျန်းက သူ့ကို ထပ်မံ ဖြတ်ပြောလိုက်လေသည်။
"ညီလေး... ညီလေးဆိုပြီး ရင်းနှီးအောင် လာမလုပ်နဲ့...။ ငါတို့က ဒီလောက် မရင်းနှီးဘူး...။"
"ခင်ဗျားနဲ့ အချိန်တွေ အများကြီး ဖြုန်းခဲ့ရပြီ...။ ဒါဆို ဒီလိုလုပ်ပါ...၊ ဒီလူရဲ့ ဆေးကုသစရိတ်နဲ့ တခြား သေး ငယ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ပေးလိုက်မယ်...။"
"သင်ခန်းစာတစ်ခု အနေနဲ့ ခုနစ်ဖန်ပဲ ပေးလိုက်ပါတော့...။ နောင်ဆိုရင် လူတွေကို အထင်မသေးနဲ့...၊ မှတ်ထား ပါ...။ များပြားလှတဲ့ အလုပ်သမားထုကြီး မရှိရင် ခင်ဗျားလို လူက ဘာမှ မဟုတ်ဘူးဆိုတာကိုပေါ့...။"
ဤစကားကို ကြားသောအခါ ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက ခေါင်းကို ဆက်ကုတ်နေလေ တော့သည်။
"ခုနစ်ဖန်... ခုနစ်ဖန်ဆိုတာ ငါ့အတွက်တော့ ခက်ခဲတဲ့ ဈေးနှုန်းပါပဲ...။ ဒီထက် ပိုလျှော့ပေးလို့ မရဘူးလား...။"
လျန်ထျန်းက သရော်လိုက်လေသည်။
"သေချာ နားထောင်စမ်းပါ...။ ကျွန်တော်က ခင်ဗျားကို လီအနည်းငယ် လျှော့ပေးပြီးနေပြီ...။"
"ပြီးတော့ ယာဉ်တိုက်မှု ဖြစ်တုန်းက ခင်ဗျားက ကားထဲမှာ အကောင်းကြီး ရှိနေပြီး ကျွန်တော်က အနည်းငယ် ဒဏ်ရာရသွားတယ်...။"
"အခု ကျွန်တော် နာကျင်မှုကိုလည်း ခံစားခဲ့ရပြီ ငွေကြေးဆုံးရှုံးမှုကိုပါ ထပ်ပြီး ကျခံရဦးမယ်...။ အဲ့ဒါက သဘာဝ ကျတယ်လို့ ခင်ဗျား ထင်နေလား...။"
"ဒါ့အပြင် အခု ခင်ဗျားမှာ ကိုးဖန် ရှိတယ်လို့ ပြထားတယ်လေ...။ ဘာလဲ...၊ ကျွန်တော်က ခုနစ်ဖန်ကို လျှော့ပေး ရဦးမှာလား...။"
"ဘာတွေ လာစဉ်းစားနေတာလဲ...၊ အိပ်မက်မက်နေလိုက်...။"