အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃)
စက်ရုံကို ကျွန်တော့်ဆီ ရောင်းလိုက်ပါ
လျန်ထျန်းသည် ဤစကားများကို ပြောလိုက်စဉ် သူ၏ ရင်ထဲတွင် ကျေနပ်မှုများ လွှမ်းမိုးသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ဤစကားများသည် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက အစပိုင်းတွင် သူ့အား မာနတထောင်ဖြင့် ပြောဆိုခဲ့သော စကားများဖြစ်ပြီး ယခုအခါ ထိုနည်းအတိုင်း ပြန်လည် ကလဲ့စားချေ လိုက်ရသဖြင့် အလွန်ပင် ကျေနပ်စရာ ကောင်းနေသောကြောင့် ဖြစ်လေသည်။
ဘေးတွင်ရှိနေသော ဖျန်ဖြေရေးမှူးကျန်းကလည်း ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားအား တမင် သက်သက်ဖြစ်စေ မတော်တဆဖြစ်စေ ရန်စနေပုံရလေသည်။
"ကျွန်တော် ဖျန်ဖြေရေးမှူး လုပ်လာတဲ့ တစ်လျှောက်လုံး သူများတွေကို လျော်ကြေးပေးဖို့ ဒီလောက် စိတ်အား ထက်သန်နေပြီးမှ ကိုယ့်မှာ ပိုက်ဆံ တစ်ပြားမှ မရှိဘူးဆိုတဲ့ လူမျိုးကို အခုမှပဲ ပထမဆုံး မြင်ဖူးတော့တယ်...။"
"ပြောပါဦး အစကတည်းက ကိုယ့်ဟာကိုယ်ပဲ ပြင်ကြမယ်ဆိုတာကို ခင်ဗျား သဘောတူခဲ့ရင် ပြဿနာတွေ အများကြီး နည်းသွားမယ် မဟုတ်ဘူးလား...။"
"အခုတော့ ကိစ္စတွေက ဒီအခြေအနေကို ရောက်လာပြီဆိုတော့ ကျွန်တော်လည်း ခင်ဗျားကို ဘာမှ မကူညီပေး နိုင်တော့ဘူး...။ ဒီငွေကို ပြန်ဆပ်ဖို့ နည်းလမ်းတစ်ခုခုကို စဉ်းစားတာ ပိုကောင်းလိမ့်မယ်...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ ခေါင်းကို ကုတ်ကာ အချိန်ကြာမြင့်စွာ စဉ်းစားခန်း ဝင်နေ ပြီးနောက် နောက်ဆုံးတွင် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းဝင်သွားလေသည်။
"အစ်ကိုကြီး ကျွန်တော် ဖန်အနည်းငယ်လောက် ချေးလို့ရမလား...။ အရေးတကြီး လိုနေလို့ပါ...။"
"ဘာ... ပြီးခဲ့တဲ့အကြိမ်က ချေးထားတဲ့ နှစ်ဖန်ကို ဘယ်တော့ ပြန်ဆပ်မှာလဲ…။"
"ဟုတ်လား...။ အင်း... ဒီတစ်ခါ ထပ်ချေးပေးပါ နောက်တစ်ခါကျရင် အားလုံး ပေါင်းဆပ်လိုက်ပါ့မယ်...။"
"ဒုက္ခပါပဲ ခင်ဗျားဆီက ပိုက်ဆံလာတောင်းရတာ တစ်ခုခု အခက်အခဲ တွေ့နေလို့ပေါ့...။ ကိုယ့်ရဲ့ ကားစုတ်ကြီးနဲ့ သူများ ဆိုင်ကယ်ကို မတော်တဆ သွားတိုက်မိလို့ လျော်ကြေး ခုနစ်ဖန်တောင် ပေးရမှာမို့ပါ...။"
"ခင်ဗျားဆီမှာ ဒီလောက်မရှိဘူး ဟုတ်လား...။ နည်းနည်းလည်း ရပါတယ် သုံးဖန်ဖြစ်ဖြစ်၊ ငါးဖန်ဖြစ်ဖြစ် အဆင် ပြေပါတယ်...။ မြန်မြန်လေး တစ်ခုခု စဉ်းစားပေးပါဦး၊ နည်းနည်းပါးပါး ကူညီပြီး မြန်မြန် လွှဲပေးလိုက်ပါ...။"
"ဟင်... တစ်ဖန်မှ မရဘူး ဟုတ်လား...။ ငါးလီပဲလား...။"
"ထမင်းစားပွဲမှာကျတော့ အားလုံးက မာနတွေ ထောင်လွှားနေကြပြီး တကယ်တမ်း အခက်အခဲ တွေ့လာတော့ အကုန်လုံးက ကပ်စေးနှဲလေးတွေ ဖြစ်ကုန်ကြတာပဲ...။"
"ကောင်းပါပြီ ကောင်းပါပြီ...၊ ငါးလီဆိုလည်း ငါးလီပေါ့...။ မြန်မြန်သာ လွှဲပေးလိုက်ပါ ဒီမှာ စောင့်နေရလို့...။"
ဖုန်းချပြီးနောက် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ အရှက်ရဟန်ဖြင့် ခေါင်းကို ကုတ်နေ လေသည်။
"စားရသောက်ရမယ့် အချိန်ဆိုရင်တော့ သူတို့ အားလုံးက အတက်ကြွဆုံးပဲ ဒါပေမဲ့ တကယ် အရေးကြီးလာ ပြီဆိုရင်တော့ အားလုံးက စိတ်ပျက်အောင် လုပ်ကြတာချည်းပဲ...။ တစ်ယောက်မှ အားကိုးလို့ မရဘူး...။"
စကားပြောရင်းနှင့် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက လျန်ထျန်းအား တစ်ဖန် မော့ကြည့် လိုက်လေသည်။
"ညီလေး... မင်းလည်း အကုန်ကြားတဲ့အတိုင်းပဲ...။ ငါ နောက်ဆုံးတော့ ငါးလီပဲ ချေးလို့ရခဲ့တယ်...။ မင်းအနေနဲ့ တစ်ခုခုများ...။"
လျန်ထျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့မည်ကို မြင်သောအခါ လူလတ်ပိုင်းအမျိုးသားက သူ၏ လေသံကို ချက်ချင်း ပြောင်းလိုက်လေသည်။
"ကျန်တာတွေကို ပြန်မဆပ်ဘူးလို့ ငါ ပြောနေတာ မဟုတ်ပါဘူး...။ ဒီငါးလီကို အရင်ပေးထားပြီး ကျန်တဲ့ ခြောက်ဖန်ခွဲကိုတော့ အကြွေးစာရင်း ရေးပေးခဲ့ပါ့မယ်...။ မင်းကို နောက်မှ ပြန်ဆပ်ပါ့မယ်...။ အဆင်ပြေ လား...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။
"နောက်မှဆိုတာက ဘယ်တော့လဲ...။ ခင်ဗျား နောက်မှဆိုပြီး ထွက်သွားရင် ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ် တော့ဘူးလို့ ကျွန်တော် စိုးရိမ်တယ်...။"
လျန်ထျန်း၏ စကားထဲမှ ရယ်သွမ်းသွေးမှုကို ခံစားလိုက်ရသော လူလတ်ပိုင်းအမျိုးသားမှာ အနေခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်လေသည်။
"ကောင်းပါပြီ...။ ဒီနေ့က အင်္ဂါနေ့ မဟုတ်လား...။ သောကြာ ဒါမှမဟုတ် စနေနေ့ကျရင် ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်...။"
"စနေနေ့အထိမှ ပြန်မဆပ်နိုင်ဘူးဆိုရင် ငါ့အိမ်ကိုသာ လာခဲ့ပါ...။ ငါ သူများဆီက ချေးပြီးတော့ကို ပြန်ဆပ်ပါ့ မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက လူလတ်ပိုင်းအမျိုးသားအား သံသယဝင်သော အကြည့်ဖြင့် စိုက် ကြည့်လိုက်လေသည်။
"အကယ်၍ ခင်ဗျားက စက်ရုံပိုင်တယ်လို့ အစက မပြောခဲ့ဘူးဆိုရင် ခင်ဗျားကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့သူလို့ ကျွန်တော် တကယ် ထင်မိမှာပဲ...။"
"ဒါပေမဲ့ အခုတော့ အနည်းဆုံး အယ်လ်မြို့တော်နဲ့ အိတ်ချ်မြို့တော်တွေမှာ ဆောက်လုပ်ရေးလောကက ဘယ်သူ မှ ဒီလိုမျိုး ငွေပေးချေမှုတွေကို နောက်ဆုတ်ရဲမှာ မဟုတ်တော့ဘူး...။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က လုပ်ရဲရင် ကျွန်တော်က အရေးယူမှာမို့လို့ပဲ...။"
ထို့ကြောင့် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ သဘောတူညီချက်နှင့် အကြွေးစာချုပ်ကို ဂရုတစိုက် ရေးသားကာ လျန်ထျန်းအား ရိုသေလေးစားစွာ ကမ်းပေးလိုက်လေသည်။
လျန်ထျန်းက ၎င်းတို့ကို ယူလိုက်ပြီးနောက် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသား၏ လက်ရှိ ခွေးပေါက်စလေးကဲ့သို့ ဖော်လံဖားနေသော အမူအရာကို ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။
"ခင်ဗျား ဒီလိုဖြစ်နေတာကို ကျွန်တော် အသားမကျဘူး...။ ခင်ဗျားရဲ့ အစတုန်းက မာနကြီးတဲ့ ပုံစံလေးကို ပိုသဘောကျတယ်...။ အရင်ပုံစံလေး ပြန်ဖြစ်အောင် ကြိုးစားကြည့်ပါဦး...။"
ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ မျက်နှာချိုသွေးသော အပြုံးကို ဆက်လက် ထိန်းထားလေ သည်။
"ညီလေးကလည်း နောက်နေပြန်ပါပြီ...။ ငါက ဘယ်လိုလုပ် ဝံ့ရဲမှာလဲ...၊ စိတ်မပူပါနဲ့ ရက်အနည်းငယ်နေလို့ ပစ္စည်းတွေ ရောင်းရပြီးတာနဲ့ ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်...။"
ထိုအခါမှသာ လျန်ထျန်းက မေးခွန်းတစ်ခု မေးရန် သတိရသွားလေသည်။
"ခင်ဗျားက စက်ရုံပိုင်တယ်လို့ အမြဲပြောနေတာပဲ...။ ခင်ဗျားစက်ရုံက ဘာတွေ ထုတ်လုပ်တာလဲ...။"
လူလတ်ပိုင်းအမျိုးသားက အမှန်အတိုင်း ဖြေကြားလိုက်ပြီးနောက် လျန်ထျန်းမှာ ချက်ချင်းပင် စိတ်ကူးတစ်ခု ရသွားလေသည်။
"ဒီလိုဆိုရင် ခင်ဗျားရဲ့ စက်ရုံကို ကျွန်တော့်ဆီ ရောင်းလိုက်ပါလား...။ ဘာပဲဖြစ်ဖြစ် ဒီစက်ရုံက ခင်ဗျားလက်ထဲ မှာ အရှုံးပေါ်နေတာပဲ မဟုတ်လား...။"
ဤစကားကို ကြားသောအခါ လူလတ်ပိုင်းအမျိုးသားမှာ ခေတ္တမျှ ကြက်သေ သေသွားပြီးနောက် တွန့်ဆုတ်တွန့် ဆုတ်ဖြင့် မေးလိုက်လေသည်။
"မင်း တကယ်ပဲ ငါ့စက်ရုံကို ဝယ်ချင်လို့လား...။ ကြီးမားတဲ့ စက်ရုံ မဟုတ်ပေမဲ့ ပိုက်ဆံတော့ အများကြီး ကုန် လိမ့်မယ်...။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စျေးကွက်ကလည်း သိပ်မကောင်းဘူး...။"
လျန်ထျန်းက တုံ့ဆိုင်းမနေခဲ့ပေ။
"ခင်ဗျား ဈေးခေါ်လိုက်ပါ... စက်ရုံကို ကျွန်တော့်ဆီ ရောင်းလိုက်...။ ပြီးရင် ခင်ဗျား ကျွန်တော့်ကို ပေးဖို့ အကြွေး တင်နေတဲ့ ခြောက်ဖန်ခွဲကိုပါ ရှင်းလိုက်လို့ ရတယ်...။"
လျန်ထျန်းမှာ အတည်ပြောနေပုံရသည်ကို မြင်သောအခါ လူလတ်ပိုင်းအမျိုးသားကလည်း ခေတ္တမျှ လေးလေး နက်နက် စဉ်းစားလိုက်ပြီးနောက် တည်ကြည်စွာဖြင့် ပြောလိုက်လေသည်။
"တကယ်တော့ ဒါက ပိုက်ဆံကြောင့် မဟုတ်ပါဘူး...။"
"အဓိက အကြောင်းရင်းက ငါ ဒီစက်ရုံအပေါ်မှာ သံယောဇဉ် ရှိနေသေးလို့ပါ...။ ဘာလို့လဲဆိုတော့ ဒီစက်ရုံကို ငါ့အဖေက စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ငါ့ကို လွှဲပြောင်းပေးခဲ့တာမို့လို့ပါ...။"
"ဒီစက်ရုံရဲ့ တကယ့်တန်ဖိုးက ယွမ်ငွေ ဆယ်ဂဏန်းလောက်ပဲ ရှိနိုင်ပေမဲ့ ငါ ငယ်ငယ်လေးကတည်းက ဒီနေရာမှာ ဆော့ကစားလာခဲ့တာ...။"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့အဖေ ငါ့ကို စက်ရုံ လွှဲပေးတုန်းကလည်း ငါ့ကို စကားတစ်ခွန်း ပြောခဲ့သေး တယ်...။"
လျန်ထျန်းက သူ့အား အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။
"ရပ်လိုက်... ရပ်လိုက်...။ ကျွန်တော် နားလည်ပြီ...၊ ဒီစက်ရုံကို ခင်ဗျားအဖေက ခင်ဗျားကို ပေးခဲ့တာမို့ ခင်ဗျား အတွက် သံယောဇဉ် ကြီးမားနေတယ်...။ ဒါကြောင့် ပိုက်ဆံ ပိုရသင့်တယ်လို့ ပြောချင်တာ မဟုတ်လား...။"
လျန်ထျန်းက သူ၏ ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်သွားပြီးနောက် လူလတ်ပိုင်းအမျိုးသားမှာ ချက်ချင်းပင် ဟန်ဆောင်ခြင်းကို ရပ်တန့်ကာ ခေါင်းကို သွက်လက်စွာ ညိတ်လိုက်လေသည်။
လျန်ထျန်း၏ နှုတ်ခမ်းထက်တွင် မသိမသာလေး ခံစားသိရှိနိုင်သော အပြုံးကြော့ကြော့လေးတစ်ခု ပေါ်လာ လေသည်။
နောက်တစ်စက္ကန့်တွင်မူ သူက လှည့်ကာ ထွက်သွားရင်း ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ခင်ဗျားရဲ့ မှန်ကန်တဲ့ ပိုင်ဆိုင်မှုကို ကျွန်တော် မယူတော့ပါဘူး...။ ဒီစက်ရုံကို ဆက်သိမ်းထား လိုက်ပါ ဒီသံယောဇဉ်ကို တန်ဖိုးထားပြီး ခင်ဗျားအဖေကို စိတ်ပျက်အောင် မလုပ်ပါနဲ့...။"
လျန်ထျန်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လူလတ်ပိုင်းအမျိုးသားမှာ အံ့အားသင့်သွားပြီး သူ့စိတ် ထဲတွင် တွေးလိုက်မိပုံရလေသည်။
*ဒီကောင်လေးက ဘာလို့ စည်းကမ်းအတိုင်း မကစားရတာလဲ...။*
စက္ကန့်အနည်းငယ်ခန့် တွေဝေသွားပြီးနောက် သူက အလျင်အမြန် လိုက်သွားကာ လျန်ထျန်းကို တားလိုက် လေသည်။
"ညီလေး...၊ မလုပ်ပါနဲ့...။ တကယ်တော့... ငါနဲ့ ငါ့အဖေက သိပ်မရင်းနှီးပါဘူး ငါတို့ကြားမှာ နက်ရှိုင်းတဲ့
သံယောဇဉ် လည်း မရှိပါဘူး...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
*ဘုရားရေ... တကယ့် စီးပွားရေးသမားပဲ...။ အရောင်းအဝယ်တစ်ခုကို အပြီးသတ်ဖို့ တကယ် စိတ်ပိုင်းဖြတ် ထားပြီဆိုရင် သူ့အဖေအရင်းကိုတောင် စွန့်လွှတ်ရဲတယ်...။*
ထို့နောက် လူလတ်ပိုင်းအမျိုးသားက ဆက်ပြောလေသည်။
"ဒီစက်ရုံကို ငါ့ဆီ လွှဲပြောင်းပေးပြီးကတည်းက အရှုံးတွေချည်းပဲ ပေါ်နေခဲ့တာ...။ ငါ ဒီစက်ရုံကို ရောင်းချင်နေ တာ ကြာလှပြီ...။"
"ညီလေး...၊ မင်း တကယ်လိုချင်ရင် တရားမျှတတဲ့ ဈေးနှုန်းတစ်ခု ငါ ပေးပါ့မယ်...။ ရှစ်ဆယ့်ရှစ်ယွမ်နဲ့ ရှစ်ကျောင်၊ ရှစ်ဖန်...။ ဘယ်လိုလဲ...၊ ဒီဂဏန်းက ကျက်သရေရှိတဲ့ ဂဏန်း မဟုတ်ဘူးလား...။"
ထိုကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လျန်ထျန်းက အေးစက်စက် အပြုံးဖြင့် ခေါင်းယမ်းလိုက်ကာ ဘာမျှမပြောဘဲ လူလတ်ပိုင်းအမျိုးသားအား ကျော်ဖြတ်ကာ လျှောက်သွားလေသည်။
ဤသည်ကို မြင်သောအခါ လူလတ်ပိုင်းအမျိုးသားမှာ လျန်ထျန်းနောက်သို့ အပြေးအလွှား လိုက်သွားကာ သူ၏ဘေးတွင် ကပ်လျက် ပါသွားလေသည်။
"ညီလေး... မသွားပါနဲ့ဦး...၊ ဈေးကို ညှိနှိုင်းလို့ ရပါသေးတယ်...။"
"ခုနစ်ဆယ့်ခုနစ်ယွမ်နဲ့ ခုနစ်ကျောင်...၊ ခြောက်ဆယ့်ခြောက်ယွမ်နဲ့ ခြောက်ကျောင်...၊ ခြောက်ဆယ်ယွမ်ကော ဘယ်လိုလဲ...။ ငါ့စက်ရုံက တကယ်ကို ဒီလောက် တန်ဖိုးရှိပါတယ်...။"
လျန်ထျန်းက ရုတ်တရက် ရပ်တန့်လိုက်သဖြင့် လူလတ်ပိုင်းအမျိုးသားမှာ လန့်သွားပြီး လဲကျလုနီးပါး ဖြစ်သွား လေသည်။ သို့သော် ထိုအမျိုးသားက အမြန်ပြန်မတ်ရပ်လိုက်ပြီး လျန်ထျန်းကို မျှော်လင့်တကြီး ကြည့်လိုက် လေသည်။
လျန်ထျန်းက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။
"ယွမ် ငါးဆယ်...။ ခင်ဗျားရဲ့ စက်ရုံကို ကျွန်တော် ယူမယ်...။ ငွေကိုလည်း အခုချက်ချင်း လွှဲပေးနိုင်တယ်...။"
ယွမ်ငါးဆယ် တိတိဟူသော ပမာဏကို ကြားသောအခါ လူလတ်ပိုင်းအမျိုးသားမှာ သိသိသာသာ အခက်တွေ့ သွားလေသည်။
"ဒါ... ဒါက နည်းနည်းတော့ နည်းလွန်းတယ်...။ ငါ့စက်ရုံက မြို့စွန်မှာဆိုပေမဲ့ မြေနေရာက ကိုယ်ပိုင်ဖြစ်ပြီး မသေးပါဘူး...။ မြေနေရာ တစ်ခုတည်းနဲ့တင် ယွမ်နှစ်ဆယ် သုံးဆယ်လောက် တန်ပါတယ်...။"
"စက်ရုံရဲ့ စက်ယန္တရားတွေ ပစ္စည်းကိရိယာတွေနဲ့ ပိုလျှံနေတဲ့ ကုန်ပစ္စည်း လက်ကျန်တွေကိုပါ ပေါင်းလိုက်ရင် အနည်းဆုံး ယွမ်ခြောက်ဆယ်လောက်တော့ တန်ရမှာပါ...။"
လျန်ထျန်းက ပြတ်သား၍ ဩဇာပါသော အသံဖြင့် ပြောလိုက်လေသည်။
"နောက်ထပ် ခြောက်ယွမ် ထပ်တိုးပေးမယ်...။ အားလုံးပေါင်း ငါးဆယ့်ခြောက်ယွမ်...၊ ဒါက နောက်ဆုံးဈေးပဲ...။ ခင်ဗျား မရောင်းသေးဘူးဆိုရင်တော့ ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းက ထပ်မံ ထွက်ခွာရန် ပြင်လိုက်လေသည်။
လူလတ်ပိုင်းအမျိုးသားမှာ သူ့ကို အလျင်အမြန် ဆွဲဖမ်းလိုက်ပြီးနောက် အံကြိတ်ကာ နောက်ဆုံးတွင် စကားတစ်ခွန်း ကို အားယူ ပြောလိုက်လေသည်။
"ရောင်းမယ်...။"
အခန်း (၁၅၄) လျူဝေဝေ၏ ဖုန်းခေါ်ဆိုမှု
လျန်ထျန်းသည် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသား ပိုင်ဆိုင်သော စက်ရုံကို ဝယ်ယူလိုက်ပြီးနောက် ထိုအမျိုးသား အလုပ်ဖြုတ်ပစ်ခဲ့သည့် အလုပ်သမားများအားလုံးကို လစာကောင်းကောင်းပေးကာ ပြန်လည် ခေါ်ယူလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလုပ်သမားများသည် ဤစက်ရုံ၏ အဓိက အသက်သွေး ကြောများ ဖြစ်သောကြောင့်ပင်တည်း။
ဦးနှောက်ရိုးရှင်းလွန်းသည့် ထိုဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားမှာ စက်ရုံပိုင်ရှင်၏ သားဖြစ်လင့် ကစား စက်ရုံတစ်ရုံတွင် အလုပ်သမားတစ်ယောက်က ပို၍ အားယားနေလေ ပို၍ အရည်အချင်းရှိလေ ဖြစ်သည် ဆိုသောအချက်ကိုပင် နားမလည်ခဲ့ပေ။ သေချာသည်မှာ အားယားနေသည်ဆိုခြင်းက မိမိ၏အလုပ်များကို ပြီးစီး အောင် လုပ်ဆောင်ပြီးနောက်မှ အနားယူနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ဘာမှမလုပ်ဘဲ ထိုင်နေခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် ဆံပင်တိုတိုကပ်ကပ်နှင့် လူလတ်ပိုင်းအမျိုးသားက စက်ရုံကို စီမံခန့်ခွဲရာတွင် ဖခင်အိုကြီးက သူ၏လက် သို့ စက်ရုံကို လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သဖြင့် သူသည်သာ ယခုမှစ၍ သူဌေးဖြစ်ပြီး ဝန်ထမ်းအားလုံးက သူ၏စကားကို နားထောင်ရမည်ဟု အမြဲတစေ ခံစားနေခဲ့လေသည်။ သူ၏စကားကို နားမထောင်သူ မည်သူမဆို သူ့အား ပုန်ကန်နေခြင်း၊ ဆန့်ကျင်နေခြင်းနှင့် သူ၏အာဏာကို စိန်ခေါ်နေခြင်း ဖြစ်သည်ဟု ယူဆကာ အလုပ် ထုတ်ပစ်ရမည်ဟုသာ တွေးတောထားခဲ့သည်။
သူ ဆက်လက်၍ စီမံအုပ်ချုပ်လာသောအခါ စက်ရုံမှာ ရှေ့ဆက်၍ မရပ်တည်နိုင်တော့ပေ။ ဖခင်ဖြစ်သူမှာလည်း သူ့ကြောင့် အလွန်အမင်း စိတ်ဆင်းရဲရကာ ဖျားနာသွားခဲ့ရပြီး အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်ရာ အခြား မည်သည့်ကိစ္စကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း ပေါ်လာခြင်းက ဤစက်ရုံကို ကယ်တင်လိုက်ခြင်းပင် ဖြစ်လေသည်။
သို့သော်လည်း လျန်ထျန်း၏ လက်ရှိ ပိုင်ဆိုင်မှုများအရ ယွမ်ငွေ ဆယ်ဂဏန်းအနည်းငယ်မျှသာ တန်ဖိုးရှိသော စက်ရုံငယ်လေးတစ်ရုံကို သူက တကယ်ပဲ ဂရုစိုက်နေပါမည်လား။
လျန်ထျန်းသည် အပေါ်ယံတွင် အစားအသောက်ပို့ဆောင်သူအဖြစ် အလုပ်လုပ်နေဆဲ ဖြစ်သော်ငြားလည်း ကွယ်ရာတွင်မူ သူသည် အချမ်းသာဆုံးကော်ပိုရေးရှင်း၏ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး၊ ကျင်းတ အိမ်ခြံမြေ၏ အဓိက အစုရှယ်ယာရှင် စသည်ဖြင့် များစွာသော ပိုင်ဆိုင်မှုများ ရှိနေသည်ကို သိထားရန် အရေးကြီးပေသည်။
ထိုအရာများအားလုံးကို ဘေးဖယ်ထားဦးတော့၊ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွား သော်လည်း လျန်ထျန်း၏ အစားအသောက် ပို့ဆောင်ခ ကော်မရှင်များမှာမူ လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။ သူ ပေါ့ပေါ့ပါးပါး ပို့ဆောင်လိုက်သော အစားအသောက် အမှာစာ အနည်းငယ်မှ ရရှိသည့် ဝင်ငွေကပင် ဤစက်ရုံ၏ တန်ဖိုးထက် များပြားနေသေးသည်။
ထို့ကြောင့် လျန်ထျန်းက ဤစက်ရုံကို ဝယ်ယူခဲ့ခြင်းမှာ အခြားသော ရည်ရွယ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်များက အဘယ်နည်း။
အမှန်တကယ်တော့ ဤစက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများသည် ဟယ်ရှန့်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရာတွင် နောက်ပိုင်းအဆင့်များ၌ လိုအပ်လာမည့် အရာများ ဖြစ်နေသောကြောင့်ပင်တည်း။ သေးငယ် သည်ဟု ထင်ရသော်လည်း မရှိမဖြစ် လိုအပ်လှပေသည်။
အခြေခံအဆောက်အအုံများကို တည်ဆောက်ရန် ကြိုးပမ်းအားထုတ်နေချိန်တွင် အရွယ်အစား သေးငယ်လှ သော်ငြားလည်း နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများ ရှိနေသည့် တစ်ခုတည်းသော အရာမှာ ဤသေးငယ် သော ပစ္စည်းလေးပင် ဖြစ်သည်။ ယခင်က ပြည်တွင်း၌ မထုတ်လုပ်နိုင်ဘဲ နိုင်ငံခြားမှ တင်သွင်းခဲ့ရသည့် ဘောပင်မှင်ဆံလေးများနှင့် အလားသဏ္ဌာန်တူလှပေသည်။
ထိုအချိန်က ဟယ်ရှန့်သည် စက်ရုံများစွာထံသို့ ချဉ်းကပ်ခဲ့သော်လည်း မည်သူကမျှ သူတို့၏ စက်ရုံများနှင့် နည်းပညာများကို မရောင်းချလိုခဲ့ကြပေ။ မမျှော်လင့်ဘဲ လျန်ထျန်းက ယာဉ်မတော်တဆမှု တစ်ခုကြောင့် ထိုသို့သော နည်းပညာရှိသည့် စက်ရုံငယ်လေးကို ဝယ်ယူနိုင်ခဲ့သဖြင့် သူ အလွန် ကံကောင်းသည်ဟု ခံစားခဲ့ ရလေသည်။
သူ၏ ငွေကြေးကျောထောက်နောက်ခံဖြင့် ဤစက်ရုံမှာ သေချာပေါက် တဖြည်းဖြည်း ကြီးမားလာမည်ဖြစ်ပြီး ဟယ်ရှန့်ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အထောက်အပံ့တစ်ခု ဖြစ်လာပေလိမ့်မည်။
ဟယ်ရှန့်ကုမ္ပဏီအကြောင်းကို ပြောရလျှင် ဟယ်ရှန့်တစ်ယောက် လျန်ထျန်းနှင့် မဆက်သွယ်ဖြစ်သည်မှာ အတန် ကြာပြီ ဖြစ်သည်။ အိတ်ချ်မြို့တော်ရှိ တိုးချဲ့လုပ်ငန်းများကို ခိုင်မာအားကောင်းစေရန် အလုပ်များနေသောကြောင့် ဖြစ်ဟန်တူလေသည်။
ဝမ်ရှောင်ရို့သည်လည်း နိုင်ငံခြားတွင် ပညာသင်ကြားရန် အလုပ်များနေခဲ့ပြီး သူမနှင့် တရုတ်နိုင်ငံကြားတွင် အချိန်ကွာဟမှု ရှိနေသဖြင့် သူမ၏ နေ့နှင့်ညမှာ ပြောင်းပြန် ဖြစ်နေလေသည်။ ကျောင်းမြန်မြန်ပြီး၍ တရုတ်နိုင်ငံ သို့ အမြန်ဆုံး ပြန်လာနိုင်ရန် မျှော်လင့်ထားသဖြင့် ပို၍ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း သူမက လျန်ထျန်း ကို တစ်ခါက ပြောပြခဲ့ဖူးသည်။
အားလုံးက အလုပ်တွေ များနေကြသည်။ အလုပ်များနေခြင်းကလည်း ကောင်းသောအရာပင် ဖြစ်သည်။ လျန်ထျန်းကမူ အစားအသောက်ပို့ရန်နှင့် ပိုက်ဆံရှာရန်ကိုသာ အာရုံစိုက်နိုင်ရန် အေးအေးဆေးဆေးသာ နေချင်တော့သည်။
ထိုသို့မဟုတ်ပါက အချမ်းသာဆုံးကော်ပိုရေးရှင်းက ရန်ပုံငွေ ထပ်မံထည့်ဝင်ရန် တောင်းဆိုနေသလို၊ ကျင်းတ အိမ်ခြံမြေကလည်း လုပ်ငန်းချဲ့ထွင်ရန် ရန်ပုံငွေများကို တောင်းဆိုနေမည်ဖြစ်ပြီး၊ ညွှန်ကြားရေးမှူးတန်ကလည်း သုတေသန ပရောဂျက်များအတွက် ရန်ပုံငွေများ တောင်းဆိုနေမည်သာ ဖြစ်ပေသည်။
ယခုအခါ လျန်ထျန်းသည် ဆိုရိုးစကားတစ်ခုကို အမှန်တကယ် နားလည်သဘောပေါက်သွားလေပြီ။ စွမ်းအား ကြီးမားလာသည်နှင့်အမျှ တာဝန်ဝတ္တရားများလည်း ကြီးမားလာသည်ဆိုသည်ကိုပင်။
ဟာလီ စီဗွီအိုကို ဂျီမြို့တော်သို့ ပြင်ဆင်ရန် ပြန်ပို့လိုက်ရပြီး လျန်ထျန်းအနေဖြင့်လည်း နောက်ထပ် ဆိုင်ကယ် တစ်စီး ထပ်ဝယ်ရန် အစီအစဉ် မရှိသဖြင့် လျှပ်စစ်စကူတာကိုသာ ပြန်လည် အသုံးပြုလိုက်တော့သည်။
အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း ဆိုင်ကယ်များသည် မြန်ဆန်ပြီး ခရီးဝေး သွားနိုင်သော်ငြားလည်း မော်တော်ယာဉ်များဖြစ်နေဆဲမို့ မော်တော်ယာဉ်ကြောများတွင်သာ မောင်းနှင်ရပေသည်။ ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်သော အခြေအနေမျိုးတွင် လျှပ်စစ်စကူတာများကဲ့သို့ ပေါ့ပါးသွက်လက်မှုနှင့် အဆင်ပြေချောမွေ့မှုမျိုး မရှိနိုင်ပေ။
အမှန်တကယ်ပင် အစားအသောက် ပို့ဆောင်သူများအတွက် ခရီးဝေး သွားနိုင်သော လျှပ်စစ်ယာဉ်များသည် အဆုံးစွန်သော အိပ်မက်တစ်ခုပင် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ပြားအနည်းငယ်မျှသာ ဖြစ်သော်ငြား လည်း လျန်ထျန်းက ငွေအမြောက်အမြား အကုန်အကျခံကာ တစ်ကြိမ် အားသွင်းရုံဖြင့် ကီလိုမီတာ သုံးရာအထိ သွားနိုင်သည်ဟု ဆိုသော လျှပ်စစ်ယာဉ်ငယ်လေးတစ်စီးကို ဝယ်ယူခဲ့လေသည်။
လက်တွေ့ စမ်းသပ်မောင်းနှင်ကြည့်သောအခါ ကီလိုမီတာ နှစ်ရာခန့်သာ သွားနိုင်လေသည်။ ထားလိုက်ပါတော့၊ လျှပ်စစ်ယာဉ်များမှာ သွားလာနိုင်သည့် အကွာအဝေး အလွန်ကန့်သတ်ချက် ရှိသည်ဆိုခြင်းက လူတိုင်းသိထား သော အရာဖြစ်သဖြင့် ဆက်လက် မပြောတော့ပေ။
ကီလိုမီတာ နှစ်ရာဆိုသည်မှာ လျန်ထျန်း တစ်နေ့တာလုံး အစားအသောက်ပို့ရန် လိုအပ်ချက်များအတွက် လုံလောက်လှပေသည်။ အကယ်၍ မလုံလောက်ခဲ့လျှင်ပင် အိမ်တွင် အရန်အဖြစ် လျှပ်စစ်စကူတာ အဟောင်းလေး တစ်စီး ရှိနေသေးသည်ပင်။
ထိုနေ့တွင် လျန်ထျန်းသည် သူ၏ ပုံမှန် လမ်းကြောင်းအတိုင်း အစားအသောက်များ လိုက်လံ ပို့ဆောင်နေ ခဲ့လေသည်။ မွန်းလွဲ နှစ်နာရီကျော်အထိ အလုပ်များနေခဲ့ပြီးနောက် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို အလွယ်တကူ ရှာဖွေကာ ဗိုက်ဖြည့်ရန် တစ်ခုခုစားပြီးမှ အမှာစာများ ဆက်လက်လက်ခံကာ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ၏ ဖုန်းလေး မြည်လာခဲ့လေသည်။ လျန်ထျန်းက ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူ၏ အမည်မှာ သူ၏ တက္ကသိုလ်အတန်းဖော် လျူဝေဝေ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
လျူဝေဝေ၏ ဖုန်းခေါ်ဆိုမှုကို မြင်သောအခါ လျန်ထျန်းမှာ အံ့အားသင့်သွားရလေသည်။ ပေါ်ရှေးကားအရောင်း စင်တာတွင် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပြီးကတည်းက လျူဝေဝေက သူ့ကို ဆိုရှယ်မီဒီယာတွင် အက်ဒ်ထားခဲ့ သော်လည်း သူတို့ တစ်ခါမျှ စကားမပြောဖြစ်ခဲ့ကြပေ။
လျူဝေဝေက မိမိအပေါ် ခံစားချက်ရှိနေသည်ကို သိထားသောကြောင့် လျန်ထျန်းအနေဖြင့် အကယ်၍ လျူဝေဝေသာ သူ့ကို ဆက်သွယ်လာပါက ဘာလုပ်ရမည်နည်းဟု အစပိုင်းတွင် စိုးရိမ်နေခဲ့လေသည်။
လျူဝေဝေက သူ့ကို ထပ်မံ မဆက်သွယ်လာခဲ့သဖြင့် လျန်ထျန်းမှာ စိတ်အေးသွားရလေသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ ရင်ထဲတွင် ဝမ်ရှောင်ရို့ ရှိနေပြီဖြစ်ပြီး အခြားသူတစ်ယောက်အတွက် နေရာပေးရန် မဖြစ်နိုင်သော ကြောင့်ပင်တည်း။
သို့သော် ဤမျှ အချိန်အတော်ကြာပြီးမှ လျူဝေဝေက သူ့ကို ရုတ်တရက် ဆက်သွယ်လာသောအခါ လျန်ထျန်းမှာ ရှောင်လွှဲ၍မရဘဲ အံ့အားသင့်သွားရပြန်သည်။ သို့ရာတွင် သူတို့၏ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်ကြည့် လျှင် သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသဖြင့် သူ၏ အတွေးများကို အမြန် ပြောင်းလဲလိုက်လေသည်။
*သူက တခြားကိစ္စ တစ်ခုခုကြောင့် ငါ့ကို ဆက်သွယ်လာတာများလား...။ ဘာပဲဖြစ်ဖြစ် ငါတို့ သူငယ်ချင်းတွေ အဖြစ်ပဲ ဆက်နေနိုင်ဖို့ မျှော်လင့်တယ်လို့ ပြီးခဲ့တဲ့အကြိမ်က ငါ ပြောခဲ့သေးတာပဲလေ...။*
*အင်း... ကိစ္စတွေကို အလွန်အမင်း ရှုပ်ထွေးအောင် မတွေးသင့်ပါဘူး...။ အကယ်၍များ အရေးကြီးတဲ့ ကိစ္စ တစ်ခုခုကြောင့် ဆက်သွယ်လာတာဆိုရင် ဘယ်လိုလုပ်မလဲ...။*
ထိုသို့ တွေးတောလိုက်ပြီးနောက် လျန်ထျန်းသည် ဆက်လက် တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် ဖုန်းကို ကိုင်လိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် လျူဝေဝေ၏ ကြည်လင်သာယာသော အသံလေးက မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာလေသည်။
"လျန်ထျန်း...၊ ငါတို့ အဆက်အသွယ် မလုပ်ဖြစ်တာ အတော်ကြာပြီနော်...။ နင် ဒီရက်ပိုင်း အလုပ်များနေတာ လား...။"
လျန်ထျန်းက အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။
"နောက်ကျရင်တော့ ငါ အလုပ်သွားရဦးမယ်...။ ဒါပေမဲ့ အခုလောလောဆယ်တော့ အားပါတယ်...၊ ဝေဝေ ငါကူညီပေးဖို့ တစ်ခုခုများ ရှိလို့လား...။"
လျူဝေဝေမှာ သိသာစွာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားစလာလေသည်။
"ဟေး... ငါ နင့်အကူအညီတစ်ခုလောက် လိုနေလို့ပါ...။ ဒီညအတွက် နင် ငါ့ချစ်သူအဖြစ်...၊ ဟန်ဆောင်ပေးလို့ ရမလား...။"
ဤစကားကို ကြားသောအခါ လျန်ထျန်း၏ ပြုံးရွှင်နေသော မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားရတော့ သည်။ ရုတ်တရက် ဟယ်ရှန့်၏ ချစ်သူအဖြစ် ဟန်ဆောင်ပေးခဲ့ရသည့် မှတ်ဉာဏ်များက ပြန်လည် စီးဆင်းလာ ခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ ကူကယ်ရာမဲ့သော ငိုကြွေးသံတစ်ခု ထွက်ပေါ်လာလေသည်။
*ဘာတွေ ဖြစ်ကုန်တာလဲ...၊ ပထမတော့ ဟယ်ရှန့်...။ အခု လျူဝေဝေ...၊ ဘာလို့ သူတို့ အကုန်လုံးက ငါ့ကို သူတို့ရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ပေးဖို့ တောင်းဆိုနေကြတာလဲ...။*
'ငါ ဟယ်ရှန့်ရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ပေးပြီးတော့ အဲ့ညမှာတင် သူမက ငါ့ကို ဖွင့်ပြောလုနီးပါး ဖြစ်ခဲ့တာ...။ အကယ်၍ ငါသာ အချိန်မီ မတားဆီးခဲ့ဘူးဆိုရင် အခုချိန် ငါတို့ မျက်နှာချင်းဆိုင်ဖို့တောင် အတော်လေး အနေ ခက်နေလောက်ပြီ...။*
*အခုတစ်ခါ လျူဝေဝေကကော ဘာတွေဖြစ်နေပြန်တာလဲ...။ သူမက တစ်ချိန်တုန်းက ငါ့ကို ထောက်ပံ့ပေးချင် တယ်လို့ ပြောခဲ့ဖူးတဲ့ မိန်းကလေးလေ...။*
*သူမနဲ့ အဆက်အသွယ် မရတာ အတော်ကြာပြီဆိုတော့ ငါ့မှာ ချစ်သူရှိနေပြီဆိုတာကို သိသွားပြီးနောက် ငါ့ကို လုံးဝ လက်လျှော့လိုက်ပြီလို့ ထင်နေခဲ့တာ...။*
*ဒါပေမဲ့ ရုတ်တရက်ကြီး ပြန်ပေါ်လာတာက ဘာသဘောလဲ...။ သူမက ငါ့ကို စောင့်နေခဲ့တာများလား...၊ မဖြစ် နိုင်ပါဘူး...။*
သူ၏ စိတ်ထဲတွင် ကျပန်း အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက် လျန်ထျန်းက အနေခက်စွာဖြင့် ရယ်မော လိုက်ရင်း ပြောလိုက်လေသည်။
"ဝေဝေ... နင့်မိသားစုက နင့်ကို အိမ်ထောင်ပြုဖို့ ဖိအားပေးနေလို့ ငါ့ကို နင့်ချစ်သူအဖြစ် ဟန်ဆောင်ပေးစေ ချင်တာလား...။"
"တကယ်တော့ ဒါက သိပ်ကောင်းတဲ့ အကြံဉာဏ် မဟုတ်ဘူးလို့ ငါ ထင်တယ်...၊ နင်က...။"
လျန်ထျန်း စကားမဆုံးမီမှာပင် လျူဝေဝေက အလျင်အမြန် ရှင်းပြလိုက်လေသည်။
"မဟုတ်ဘူး...၊ နင် အထင်လွဲနေပြီ...။ ငါ့မိသားစုက ငါ့ကို အိမ်ထောင်ပြုဖို့ ဖိအားပေးနေတာ မဟုတ်ပါဘူး...။ တခြား အကြောင်းပြချက်တွေကြောင့်ပါ...။ ပြီးတော့ အရမ်း ရှုပ်ထွေးတဲ့ အကြောင်းပြချက်တွေကြောင့်ပါ...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ အံ့အားသင့်သွားရလေသည်။
"ဘာတွေ ဒုက္ခရောက်စရာ အကြောင်းတွေ ရှိနေလို့လဲ ဝေဝေ...။ နင် တကယ် ဘာတွေ ဖြစ်လာတာလဲ...။"