အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅)
မန်နေဂျာလု၊ မင်း ဤအလုပ်ကို မဆုံးရှုံးချင်ဘူး မဟုတ်လား
ဖုန်းထဲတွင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လျူဝေဝေက လျန်ထျန်းအား အမှန်အတိုင်း ပြောပြလိုက်လေသည်။
"အရင်တစ်ခေါက် ကျွန်မတို့ တွေ့တုန်းက ကျွန်မ စာရင်းဝင်ကုမ္ပဏီတစ်ခုမှာ အဖွဲ့ခေါင်းဆောင် လုပ်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား...။ မကြာသေးခင်က ကုမ္ပဏီမှာ အပြောင်းအလဲတချို့ ရှိခဲ့တယ်...။"
"အဲ့ဒီရလဒ်အနေနဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင်ကနေ ဌာနမှူးအဖြစ် ရာထူးတိုးသွားခဲ့ပေမဲ့ အသစ်ရောက်လာတဲ့ အထွေထွေမန်နေဂျာက ကျွန်မအပေါ် အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်...။"
"သူ့ရဲ့ အနှောင့်အယှက်တွေကနေ ကင်းဝေးအောင်လို့ ကျွန်မမှာ ချစ်သူရှိနေပြီဆိုပြီး အစောကြီးကတည်းက လိမ်ပြောထားခဲ့ပေမဲ့ သူက ဆက်ပြီး ဒုက္ခပေးနေတုန်းပဲ...။"
"ဒီနေ့ည ကျွန်မရဲ့ မွေးနေ့ကို ကျင်းပပေးမယ်လို့တောင် သူက တောင်းဆိုလာတယ်...။ တကယ်တော့ ဒီနေ့က ကျွန်မရဲ့ မွေးနေ့ပါ၊ ဝန်ထမ်းအချက်အလက်တွေထဲမှာ သူ တွေ့သွားတာ ဖြစ်မယ်...။"
"ကျွန်မက ချစ်သူနဲ့ပဲ မွေးနေ့ကို ကျင်းပချင်တယ်ဆိုပြီး သူ့ကို ငြင်းခဲ့ပေမဲ့ သူက သူဘွတ်ကင်လုပ်ထားတဲ့ စားသောက်ဆိုင်ကို ကျွန်မချစ်သူကိုပါ ခေါ်လာဖို့ ပြောလာတယ်...။"
"အဲ့ဒီအချိန်မှ ကျွန်မမှာ ချစ်သူရှိတယ်ဆိုတာကို သူ မယုံလို့ အခုလို တောင်းဆိုလာမှန်း နားလည်လိုက်တယ်...။"
"ရှင့်ဆီ ဖုန်းမဆက်ခင် ကျွန်မ အကြာကြီး စဉ်းစားခဲ့ရတာပါ...။"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လျူဝေဝေ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီရဲသွားသကဲ့သို့ ရှိလေသည်။
တကယ်တော့ သူမသည် ဤကိစ္စအတွက် အချိန်အကြာကြီး စဉ်းစားခဲ့ရခြင်း ဖြစ်သည်။ သူမ၏ ချစ်သူအဖြစ် ဟန်ဆောင်ပေးရန် တစ်စုံတစ်ဦးကို ရှာဖွေရာတွင် လျန်ထျန်းသည် သူမ၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာ သူ ဖြစ်လေသည်။
ထိုစကားများ အားလုံးထဲတွင် တစ်ခွန်းတည်းသော အမှန်တရားမှာ သူမသည် လျန်ထျန်းအား အနည်းငယ် လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းမှာ အလွန်ပင် ဗျာများသွားရလေသည်။
*ဝေဝေက လိမ်ပြောမယ့်သူ မဟုတ်ဘူး...။ သူမ တကယ်ပဲ ဒုက္ခရောက်နေတာ ဖြစ်ရမယ် ဒါပေမဲ့...၊*
*ငါ ဘာလို့ နောက်တစ်ကြိမ် ချစ်သူအဖြစ် ဟန်ဆောင်ပေးရဦးမှာလဲ...။ ဟန်ဆောင်တာဆိုရင်တောင်မှ ရှောင်ရို့ အပေါ် အပြစ်ရှိသလို ခံစားရမှာပဲ...။*
*အထူးသဖြင့် ဟယ်ရှန့်ရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ပေးခဲ့ရတဲ့ အဖြစ်အပျက်ပြီးကတည်းက ဒီလိုကိစ္စမျိုးကို ငါ တကယ်ကြောက်နေပြီ...။ တခြားကိစ္စသာဆိုရင် ငါ စောစောစီးစီး သဘောတူလိုက်ပြီပေါ့...။*
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းသည် တိကျသော အဖြေကို ချက်ချင်း မပေးဘဲ ပြောလိုက်လေသည်။
"ဝေဝေ... ဒီပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား...။"
"ဥပမာအနေနဲ့ မင်း သူ့ကို တိုက်ရိုက် ငြင်းလိုက်လို့ ရတယ်လေ...။ တစ်ခါတလေမှာ ကိုယ့်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောပြတာက ပြဿနာများစွာကို ကင်းဝေးစေတယ်...။"
"ဒါမှမဟုတ် သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်ပါ၊ သူ့ကို ဘယ်အခွင့်အရေးမှ မပေးဘူးဆိုရင် နောက်ဆုံးတော့ သူ လက်လျှော့သွားမှာပါ...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် လျူဝေဝေက ဖြတ်ပြောလိုက်ပြီး ယခုတစ်ကြိမ်တွင် သူမ၏ လေသံမှာ သိသိသာသာပင် စိတ်ပျက်ဝမ်းနည်းနေကြောင်း ပေါ်လွင်နေလေသည်။
"ရှင် မကူညီချင်ဘူးဆိုရင်လည်း အဲ့ဒီအတိုင်းပဲ ပြောပါ...။ အများကြီး ပြောနေစရာ မလိုပါဘူး...။"
"ရှင်ပြောတဲ့ နည်းလမ်းတွေကို ကျွန်မ မစဉ်းစားမိဘူး ထင်နေလား...။ အဲ့ဒါတွေသာ အလုပ်ဖြစ်မယ်ဆိုရင် ရှင့်ဆီ ဆက်သွယ်နေစရာ လိုဦးမလား...။"
"အဲ့ဒီလူက အထွေထွေမန်နေဂျာလေ ကျွန်မက သာမန် ဌာနမှူးလေး တစ်ယောက်ပါ...။ ရှင်က ကျွန်မမှ မဟုတ် တာ ကျွန်မ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင် ဘယ်လိုလုပ် သိနိုင်မှာလဲ...။"
"ကောင်းပြီ ရှင့်အဖြေကို ကျွန်မ သိပါပြီ...။ ရှင့်ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်...။ စိတ်မပူပါနဲ့ ရှင့်ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး...။ နှုတ်ဆက်ပါတယ်...။"
ထိုသို့ပြောပြီးနောက် လျူဝေဝေသည် လျန်ထျန်းအား စကားပြန်ပြောခွင့် မပေးတော့ဘဲ ဖုန်းကို ပြတ်ပြတ် သားသား ချသွားခဲ့လေသည်။
ဖုန်းကျသွားသည့် အသံကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ ပြောမည့်စကားများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး အချိန်အတော်ကြာအောင် မှင်တက်ကာရပ်နေမိလေသည်။
မွန်းလွဲပိုင်းတွင် အစားအသောက်များ လိုက်လံပို့ဆောင်နေစဉ်အတွင်း လျန်ထျန်းသည် မိမိ၏ လုပ်ရပ်များအပေါ် ပြန်လည် မသုံးသပ်ဘဲ မနေနိုင်အောင် ဖြစ်နေလေသည်။
*ဟုတ်တယ်... ယခု ပြန်စဉ်းစားကြည့်တော့ ငါပြောခဲ့တဲ့ စကားတွေက အရမ်းကို ရွဲ့စောင်းလွန်းသွားတယ်...*
*ဝေဝေက အောက်ခြေအဆင့် ဌာနမှူးလေး တစ်ယောက်သာ ဖြစ်တယ်...။ သူမက ကုမ္ပဏီရဲ့ အထွေထွေမန် နေဂျာဆီက အဆက်မပြတ် နှောင့်ယှက်မှုတွေကို ရင်ဆိုင်ရချိန်မှာ သာမန်လူတစ်ယောက်ကို ရင်ဆိုင်ရသလိုမျိုး နည်းလမ်းတွေနဲ့ ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ...။*
*တကယ်လို့ ဒီကိစ္စကို သေချာ မဖြေရှင်းနိုင်ရင် သူမ ကြိုးစားပမ်းစား ရယူထားတဲ့ အလုပ်ကိုပါ ဆုံးရှုံးသွားနိုင် တယ်...။ ငါ အခြေအနေကို ပေါ့ပေါ့တွေးမိသွားတယ်...။*
*ဒုက္ခပါပဲ ငါ ဘယ်လိုလုပ်ရမလဲ... သူမဆီ ဖုန်းပြန်ဆက်ရမလား...။*
*ဒါပေမဲ့ ငါ သူမကို အများကြီး နာကျင်စေခဲ့ပြီ ထင်တယ်...။ ငါ့ဖုန်းကို သူမ ကိုင်ပါ့မလား...။ ပြီးတော့ ဖုန်းကိုင် ရင်ရော ဘာပြောရမလဲ...။*
*ထားလိုက်ပါတော့ ငါမရှိလည်း ဝေဝေက တခြားတစ်ယောက်ကို ရှာနိုင်မှာပါ...။ သူမရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ပေးဖို့ ငါ့ထက် သင့်တော်တဲ့သူတွေ သေချာပေါက် ရှိမှာပါ...။*
*ဟုတ်တယ် သေချာတယ်...၊ ဝေဝေက ကောင်မလေး အလိမ္မာလေးပါ...။ သူမကို ကာကွယ်ပေးချင်တဲ့ ထူးချွန် တဲ့ ကောင်လေးတွေ အများကြီး ရှိမှာပါ...။*
*တစ်ခါတလေ ဤကိစ္စက အချိုးအကွေ့တစ်ခု ဖြစ်သွားနိုင်ပြီး ဝေဝေလည်း သူမကို တစ်သက်လုံး ကာကွယ် ပေးချင်တဲ့သူကို တွေ့သွားနိုင်ပါတယ်...။ သူမက အဲ့ဒီလိုမျိုး ခံစားထိုက်တဲ့သူပါ...။*
အနာဂတ်အကြောင်းကို တွေးတောရင်း လျန်ထျန်းသည် မိမိကိုယ်ကို ဖြေသိမ့်နေခြင်း ဖြစ်သော်လည်း တစ်ချိန် တည်းမှာပင် ၎င်းသည် လျူဝေဝေအတွက် သူ၏ စစ်မှန်သော ဆန္ဒနှင့် ကောင်းချီးပေးမှုလည်း ဖြစ်လေသည်။
လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ ရှိကြသည်။ အကယ်၍ သင်သည် အခြားသူတစ်ဦး၏ စစ်မှန်သော ကံကြမ္မာ ဖန်တီးရှင် မဟုတ်ကြောင်း သိထားပါက ၎င်းတို့အား အနှောင့်အယှက် မပေးခြင်းက အကောင်းဆုံး ကူညီနည်း ဖြစ်ပေလိမ့်မည်။
စိတ်ကို စုစည်းလိုက်ပြီးနောက် လျန်ထျန်းသည် သူ၏ အလုပ်များသော အစားအသောက် ပို့ဆောင်ခြင်း အလုပ်ကို ပြန်လည် စတင်လိုက်လေသည်။
အလုပ်များလွန်းလှသဖြင့် ည (၈) နာရီပင် ကျော်လွန်သွားခဲ့လေသည်။
နောက်ဆုံးကျန်ရှိသော ကိတ်မုန့်ပို့ဆောင်ရမည့် အမှာစာတစ်ခုကို ကိုင်ဆောင်ထားရင်း လျန်ထျန်းသည် ၎င်းကို ပို့ဆောင်ပြီးပါက ညစာစားရန် နေရာတစ်ခု ရှာဖွေရန် စီစဉ်ထားလေသည်။
ဤကိတ်မုန့်မှာ အလွန်ကြီးမားပြီး အကြည်ရောင် ထုပ်ပိုးထားသော ဘူးခွံအတွင်းမှ တစ်ဆင့် ပန်းရောင် လွှမ်းနေကာ ပိုက်ပုံစံ ဒီဇိုင်းအမျိုးမျိုးဖြင့် အလှဆင်ထားသည်ကို မြင်တွေ့နိုင်သဖြင့် ထူးထူးခြားခြား လှပ နေလေသည်။
ဤကိတ်မုန့်ကို မြင်သောအခါ အကြောင်းတစ်ခုခုကြောင့် လျန်ထျန်းသည် ထိုနေ့ မွန်းလွဲပိုင်းက လျူဝေဝေ ပြောခဲ့သော ယနေ့သည် သူမ၏ မွေးနေ့ဖြစ်ကြောင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
သို့သော်လည်း လက်ခံမည့်သူ၏ မျိုးရိုးနာမည်မှာ ထောင် ဖြစ်နေသောကြောင့် ကိတ်မုန့်ကို လျူဝေဝေ မှာယူ ခဲ့ခြင်း မဟုတ်သည်မှာ သေချာလှသဖြင့် လျန်ထျန်းအနေဖြင့် လျူဝေဝေအား လူကိုယ်တိုင် တောင်းပန် ရန်မှာ မဖြစ်နိုင်တော့ပေ။
ကူရာမဲ့စွာ ပြုံးလိုက်ရင်း လျန်ထျန်းသည် သူ၏ အာရုံများနေသော အတွေးများကို ဘေးဖယ်ထားကာ အမှာစာ ပို့ဆောင်ရမည့် နေရာသို့ လျင်မြန်စွာ ထွက်ခွာလာခဲ့လေသည်။
ဤကိတ်မုန့် ပို့ဆောင်ရမည့် လိပ်စာမှာ သီးခြား တိုက်ခန်း သို့မဟုတ် အိမ်တစ်လုံး မဟုတ်ဘဲ အတော်အသင့် အဆင့်မြင့်သော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်လေသည်။
လျန်ထျန်းသည် ဤကိစ္စကို များများစားစား မတွေးမိပေ။ မည်သို့ပင်ဆိုစေ ယခုခေတ်တွင် မွေးနေ့ပွဲများကို စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ သို့မဟုတ် ကာရာအိုကေဆိုင်များတွင်ပင် ကျင်းပလေ့ရှိသည်မှာ သာမန် ကိစ္စရပ်တစ်ခု ဖြစ်နေပေသည်။
စားသောက်ဆိုင်သို့ ရောက်ရှိသောအခါ သူက ဖောက်သည်ထံသို့ ဖုန်းဆက်လိုက်ရာ ဖောက်သည်က သူသည် သီးသန့်အခန်း အမှတ် (၆၆၆) တွင် ရှိနေကြောင်းနှင့် လျန်ထျန်းအား တိုက်ရိုက် ယူလာပေးရန် ပြောကြားခဲ့လေ သည်။
ဖောက်သည်၏ တောင်းဆိုချက်ဖြစ်ကြောင်း သိရှိပြီးနောက် စားသောက်ဆိုင်မှ စားပွဲထိုးသည် လျန်ထျန်းအား အခက်အခဲ မဖြစ်စေဘဲ သီးသန့်အခန်းရှိရာဘက်သို့ ညွှန်ပြပေးခဲ့သဖြင့် လျန်ထျန်းလည်း ထိုနေရာသို့ လျင်မြန်စွာ သွားရောက်ခဲ့လေသည်။
လျန်ထျန်းသည် VIP အခန်း (၆၆၆) နှင့် နီးကပ်လာသည်နှင့်အမျှ တိုးညင်းသော်လည်း ရင်းနှီးနေသော အသံတစ် သံကို ကြားလိုက်ရလေသည်။
"မစ္စတာထောင်...၊ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့...။ ကျွန်မမှာ တကယ်ပဲ ချစ်သူရှိပါတယ် ဒါပေမဲ့ ဒီနေ့ည သူ အလုပ်ကိစ္စရှိနေလို့ မလာနိုင်တာပါ...။"
ထို့နောက် အမျိုးသားတစ်ဦး၏ အနည်းငယ် ကိလေသာရမ္မက် ဖုံးလွှမ်းနေသော အသံ ထွက်ပေါ်လာလေသည်။
"ကိုယ့်ကို လာမလိမ်ပါနဲ့...။ ဘယ်ယောက်ျားက ကိုယ့်မိန်းမကို တခြားယောက်ျားတစ်ယောက်နဲ့ နှစ်ယောက် တည်း ထမင်းစားဖို့ လိုလိုလားလား ခွင့်ပြုပေးမှာလဲ...။"
"ဒီနေ့ မင်းပြောတဲ့ ချစ်သူကို မခေါ်လာနိုင်ဘူးဆိုကတည်းက မင်းမှာ ချစ်သူ မရှိတာ သေချာတယ် မဟုတ်ဘူး လား...။"
"ဒါ့အပြင် မစ်(စ်)လျူ...၊ မင်း ဒီအလုပ်ကို မဆုံးရှုံးချင်ဘူး မဟုတ်လား...။ မင်းက ဌာနမှူးဖြစ်ဖို့ အများကြီး ကြိုးစားခဲ့ရတာလေ၊ ပြီးတော့ မင်းရဲ့ နှစ်စဉ်လစာကလည်း တစ်ယွမ်အထိ တိုးလာခဲ့တယ်...။ လူတော်တော် များများက မင်းကို အားကျနေကြတာ...။"
"ပြီးတော့ ကုမ္ပဏီမှာ မင်းရဲ့ အနာဂတ် တိုးတက်မှုက ဒီနေ့ည မင်းရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်နေတယ် ဟားဟားဟား...။"
ထိုစကားကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားပြီး အခန်း (၆၆၆) ၏ တံခါးကို တံခါးပင် မခေါက်တော့ဘဲ တွန်းဖွင့်လိုက်လေသည်။
"ကျွီ"
တံခါးကို ရုတ်တရက် ဖွင့်လိုက်သဖြင့် အခန်းတွင်းရှိ လူနှစ်ဦးမှာ လန့်ဖျပ်သွားကြလေသည်။
တောင့်တင်းခိုင်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသည်ထက် ပို၍ ချစ်စရာကောင်းသော အမျိုးသမီးငယ်တစ်ဦးအား ထောင့်သို့ ကပ်ထားသည်ကို မြင်တွေ့ လိုက်ရလေသည်။
လျန်ထျန်းသည် ထောင့်တွင် ကြောက်ရွံ့တုန်ရီစွာ ကပ်နေသော ကောင်မလေးကို မြင်လိုက်ရသောအခါ သူ အကြားအာရုံ မှားယွင်းသွားခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်လေသည်...။ ထိုသူမှာ တကယ်ပင် လျူဝေဝေ ဖြစ်နေခဲ့လေသည်။
တောင့်တင်းခိုင်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားမှာမူ အထွေထွေမန်နေဂျာ မစ္စတာထောင် ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။
မစ္စတာထောင်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ အစားအသောက် လာပို့သူတစ်ဦး ဝင်လာသည်ကို မြင် သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ကိတ်မုန့်ကို စားပွဲပေါ် တင်ထားခဲ့ပြီး မင်း ထွက်သွားလို့ရပြီ...။"
ထို့နောက် သူသည် လျူဝေဝေအား စိုက်ကြည့်ရန် နောက်သို့ ပြန်လှည့်သွားကာ ကိလေသာရမ္မက် ဖုံးလွှမ်းနေ သော လေသံဖြင့် ဆက်ပြောလေသည်။
"မစ်(စ်)လု... ကိုယ် မင်းအတွက် ဝယ်ထားတဲ့ ကိတ်မုန့် ရောက်လာပြီ...။ သွားပြီး မြန်မြန် စားလိုက်ပါ ပြီးရင် ကိုယ်တို့ နောက်ထပ် ပျော်စရာလေးတွေ ဆက်လုပ်ဖို့ ပိုပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားကြတာပေါ့ ဟဲဟဲဟဲ...။"
အခန်း (၁၅၆)
မင်းက အစားအသောက်ပို့တဲ့သူသက်သက်ပဲ၊ နားရော နားလည်ရဲ့လား
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လျန်ထျန်း၏ ရင်ထဲတွင် ဒေါသအမျက်များ ဆူပွက်လာခဲ့လေသည်။
ထိုအချိန်တွင် လျူဝေဝေသည်လည်း ပါဆယ်လာပို့သူမှာ လျန်ထျန်းဖြစ်နေကြောင်း သိလိုက်ရလေသည်။ ချက် ချင်းပင် သူမ၏ နုနယ်သော ကိုယ်လေးမှာ တုန်ရီနေရာမှ ရပ်တန့်သွားပြီး မှင်တက်စွာ ရပ်နေမိတော့သည်။
လျူဝေဝေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မစ္စတာထောင်သည် မျက်မှောင် ကြုတ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ လျန်ထျန်း မထွက်သွားဘဲ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရ သဖြင့် အော်ဟစ်လိုက်လေသည်။
"မင်းက နားကန်းနေတာလား အစားအသောက်ပို့တဲ့ကောင်...။ ကိတ်မုန့်ချထားပြီး ထွက်သွားလို့ ငါပြောတာ မကြားဘူးလား...။"
လျန်ထျန်းသည် ကိတ်မုန့်ကို ချထားလိုက်သော်လည်း ထွက်သွားခြင်းမရှိဘဲ အသက်ကို ပြင်းပြင်းရှူကာ လျူဝေဝေ ဘက်သို့ လှည့်လိုက်လေသည်။
"ဝေဝေ ကိုယ်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်...။ ဒီနေ့ တကယ်ကို အလုပ်တွေများနေခဲ့တာပါ ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ မင်းရဲ့ မွေးနေ့ကိုတော့ အလွတ်ခံလို့ မဖြစ်ဘူးလေ...။"
ထိုစကားကို ကြားသောအခါ မစ္စတာထောင်မှာ မှင်တက်သွားရလေသည်။ သူသည် လျန်ထျန်းကို နားမလည် နိုင်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် လျူဝေဝေဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
လျန်ထျန်း၏ စကားကို ကြားပြီးနောက် လျူဝေဝေ၏ လှပသော မျက်လုံးလေးများမှာ ရုတ်တရက် တောက်ပ လာခဲ့လေသည်။ သူမသည် ချက်ချင်းပင် ပြေးသွားကာ လျန်ထျန်း၏ ရင်ခွင်ထဲသို့ တိုးဝင်၍ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
"လူဆိုးကြီး ရှင်က လူဆိုးကြီးပဲ...။ ရှင်မလာတော့ဘူးလို့ ပြောထားတယ် မဟုတ်လား...၊ အခု ဘာလို့ ရောက်လာရပြန်တာလဲ...။"
လျူဝေဝေ၏ စကားများတွင် အပြစ်တင်မှုများ ပြည့်နှက်နေသော်လည်း သူမ၏ ရှိုက်သံတွင်မူ ဖုံးကွယ်မထား နိုင်သော ဝမ်းသာပျော်ရွှင်မှုများလည်း ပါဝင်နေလေသည်။
အသက်ပြင်းပြင်းရှူလိုက်သော အချိန်တိုလေးအတွင်း၌ပင် လျန်ထျန်းသည် ဆုံးဖြတ်ချက်များစွာကို ချမှတ်ခဲ့ပြီး ဖြစ်ချေသည်။
"လူတစ်ယောက်ကို ကူညီမယ်ဆိုရင် အဆုံးတိုင်အောင် ကူညီရမယ်... သေချာပေါက် ကူညီပေးရမယ်..." ဟု သူက အလိုလိုက်သော အပြုံးဖြင့် လျူဝေဝေ၏ ခေါင်းလေးကို ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"မင်းကို အံ့သြသွားအောင် လုပ်ချင်လို့ပေါ့...။ စိတ်မပူပါနဲ့ ကိုယ်ရှိနေတာမို့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေ ရဘူး...။"
ထိုမြင်ကွင်းကို မြင်သောအခါ မစ္စတာထောင်သည် ဘာတွေဖြစ်နေသည်ကို နားလည်သွားပြီး လျန်ထျန်းကို မျက်စိမှေးကြည့်ကာ အသံထွက်၍ ရယ်မောလိုက်လေသည်။
"ရှောင်လျူ...၊ ဒါက မင်းပြောနေတဲ့ ချစ်သူဆိုတာလား...။ အစားအသောက်ပို့တဲ့ကောင်လေး ဟုတ်လား...။ မင်းရဲ့ အကြိုက်က တော်တော်လေး ဆိုးရွားတာပဲ...။"
လျူဝေဝေသည် လျန်ထျန်း၏ ရင်ခွင်ထဲမှ မလွှတ်ချင်လွှတ်ချင်ဖြင့် ထွက်လာခဲ့ပြီး မစ္စတာထောင်ကို ဒေါသတ ကြီး ကြည့်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
"ကျွန်မချစ်သူက အစားအသောက်ပို့တော့ ဘာဖြစ်လဲ...။ ဒါက သူ့ရဲ့ ဝါသနာသက်သက်ပါ...၊ သူက တကယ် တော့ အရမ်းကို အရည်အချင်းရှိတာ...။ ထိပ်တန်းမော်ဒယ် ပေါ်ရှေး (၉၁၁) ကိုတောင် မျက်တောင်မခတ်ဘဲ ဝယ်နိုင်တဲ့သူပဲ...။"
လျူဝေဝေ ပြောလိုက်သော စကားမှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်း ဖြစ်သည်။
သို့သော် မစ္စတာထောင်ကမူ လုံးဝ မယုံကြည်ကြောင်း သိသာလှပြီး ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက် လေသည်။
"ကြွားလုံးထုတ်တာလည်း အတိုင်းအတာ ရှိသင့်တယ်...။ အစားအသောက်ပို့တဲ့ကောင်က ထိပ်တန်းမော်ဒယ် ပေါ်ရှေး (၉၁၁) ကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ...။"
"ရှောင်လျူ... မင်းတော့ လိမ်ခံရပြီ ထင်တယ်...။ ငါကြားဖူးတာတော့ တချို့ ဆင်းရဲတဲ့ကောင်တွေက မိန်းက လေးတွေကို ဖြားယောင်းဖို့အတွက် ဖန်အနည်းငယ် အကုန်ခံပြီး ဇိမ်ခံကားအရောင်းပြခန်းက အရောင်းကိုယ် စားလှယ်တွေနဲ့ ပူးပေါင်းပြီး ထောင်ချောက်ဆင်တတ်ကြတယ်တဲ့...။"
"ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့မှာ ပိုက်ဆံ လုံးဝမရှိသလို ကားလည်း တကယ်ဝယ်တာ မဟုတ်ဘူးလေ...။ ဌာနမှူးလျူ...၊ မင်း မျက်စိရှင်ရှင်ထားတာ ပိုကောင်းမယ်...။"
"ဌာနမှူးလျူ" ဟု ခေါ်ဆိုရာတွင် အထွေထွေမန်နေဂျာထောင်က ထိုစကားလုံးများကို သိသိသာသာ ဖိပြောလိုက် ခြင်းဖြစ်ပြီး အထွေထွေမန်နေဂျာဟူသော ရာထူးကို အသုံးပြုကာ ဖိအားပေးနေကြောင်း ညွှန်ပြနေလေသည်။
ထိုအခါ လျန်ထျန်းက ရှေ့သို့ တစ်လှမ်းတိုးလာကာ လျူဝေဝေကို သူ၏နောက်တွင် ကွယ်ထားပေးလိုက်ပြီး မစ္စတာထောင်ကို တိုက်ရိုက် ရင်ဆိုင်လိုက်လေသည်။
"ဝေဝေက လိမ်ညာခံရတာ မဟုတ်သလို သူမ လိမ်ပြောနေတာလည်း မဟုတ်ဘူး...။ ကျွန်တော်က သူမရဲ့ ချစ်သူပါ...။ ပြီးတော့ အစားအသောက်ပို့တာကလည်း ကျွန်တော့်ရဲ့ များပြားလှတဲ့ ကိုယ်ပိုင်လက္ခဏာတွေထဲက တစ်ခုပါပဲ...။"
"ကျွန်တော့်ရဲ့ တခြားသော ကိုယ်ပိုင်လက္ခဏာတွေကိုသာ ထုတ်ပြောလိုက်မယ်ဆိုရင် ခင်ဗျား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်...။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို သိခွင့်ရလောက် တဲ့ အရည်အချင်းလည်း မရှိဘူး...။"
ထိုစကားကို ကြားသောအခါ မစ္စတာထောင်မှာ ခါးကိုင်းသွားသည်အထိ အားရပါးရ ရယ်မောနေတော့သည်။
"ငါက ခံနိုင်ရည်မရှိဘူး ဟုတ်လား...။ မင်းရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို သိဖို့ အရည်အချင်း မရှိဘူး ဟုတ်လား...။ မင်းက အသက်သာ ငယ်တာ အတော်လေး ရဲတင်းတဲ့ကောင်ပဲ...။"
"အခုတော့ မင်းက တကယ်ပဲ လျူဝေဝေရဲ့ ချစ်သူ ဟုတ်မဟုတ်ဆိုတာကို ငါ သံသယဝင်လာပြီ...။ ဘာလို့လဲဆို တော့ မင်းသာ သူမရဲ့ချစ်သူ အစစ်အမှန်ဆိုရင် ငါတို့ ကုမ္ပဏီရဲ့ မကြာသေးခင်က ပြောင်းလဲမှုတွေကို သိထားသင့် တယ်လေ...။"
"လဝက်လောက်ကပဲ ငါတို့ ကုမ္ပဏီကို အချမ်းသာဆုံးကော်ပိုရေးရှင်းက ဝယ်ယူလိုက်တယ်...။ အခုဆိုရင် ငါတို့ ကုမ္ပဏီက အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ကုမ္ပဏီခွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီ...။"
"အယ်လ်မြို့တော်မှာ ငါတို့ အချမ်းသာဆုံးကော်ပိုရေးရှင်းက မကိုင်တွယ်နိုင်တဲ့ အဖွဲ့အစည်းများ ရှိလို့လား...။ ဒါ့အပြင် ငါက အချမ်းသာဆုံးကော်ပိုရေးရှင်းအတွက် အကျိုးပြုခဲ့တဲ့သူ တစ်ယောက်ပဲ...။"
"အဲ့ဒီအချိန်က ဒုတိယ အထွေထွေမန်နေဂျာ ဖြစ်ခဲ့တဲ့ ငါက အချမ်းသာဆုံးကော်ပိုရေးရှင်းအနေနဲ့ ငါတို့ကုမ္ပဏီကို ဝယ်ယူနိုင်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ...။"
"ဒါကြောင့် အချမ်းသာဆုံးကော်ပိုရေးရှင်းက မစ္စတာဝမ်က ငါ့ကို ကုမ္ပဏီခွဲရဲ့ အထွေထွေမန်နေဂျာ ရာထူးကို တိုးမြှင့်ပေးခဲ့ရုံသာမက ကော်ပိုရေးရှင်းရဲ့ အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံကိုပါ ပေးအပ်ခဲ့တာ...။"
"တစ်နည်းအားဖြင့် ပြောရရင် ငါက အခု အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ အစုရှယ်ယာရှင်တွေထဲက တစ် ယောက် ဖြစ်နေပြီ...။ ဒါက လူတော်တော်များများ ဘဝပေါင်းများစွာ ကြိုးစားရုန်းကန်ရင်တောင် ရနိုင်ဖို့ ခဲယဉ်းတဲ့အရာပဲ...။"
ပိုမို၍ ဝင့်ကြွားကာ မောက်မာလာသော မစ္စတာထောင်ကို ကြည့်ရင်း၊
လျန်ထျန်းက အထင်သေးစွာဖြင့် ခပ်ဟဟ ရယ်မောလိုက်လေသည်။
"အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံတည်းလား...။ ဒီလောက် နည်းပါးတဲ့ ပမာဏလေးကို ခင်ဗျားက ကြွားလုံး ထုတ်နေတာလား...။ ပြီးတော့ ခင်ဗျားကိုယ်ခင်ဗျား အစုရှယ်ယာရှင်လို့ ခေါ်နေသေးတယ်...။ ရှက်တတ်တဲ့ စိတ်ရော ရှိရဲ့လား...။"
ထိုစကားကို ကြားသောအခါ မစ္စတာထောင်မှာ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်ပြီး သူ၏မျက်နှာမှာ အလျင်အမြန်ပင် မည်းမှောင်သွားလေသည်။
"ကောင်လေး... အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံဆိုတာ ဘာကိုဆိုလိုမှန်း မင်း နားလည်ပုံမရဘူး မဟုတ်လား...။"
"ဟုတ်သားပဲ... မင်းက အစားအသောက်ပို့တဲ့ကောင်လေး သက်သက်ပဲလေ... ။ လျူဝေဝေက သူ့ချစ်သူအဖြစ် ဟန်ဆောင်ဖို့ မင်းကို ခေါ်လာတာဆိုတော့ မင်းက ဘာမဆို ရဲရဲဝံ့ဝံ့ ပြောရဲမှာ သဘာဝပါပဲ...။"
"ဒါဆိုရင် မင်း ဗဟုသုတ တိုးသွားအောင် ငါ နည်းနည်း ပြောပြမယ်...။ အချမ်းသာဆုံးကော်ပိုရေးရှင်းကို အယ်လ် မြို့တော်မှာ အကြီးဆုံး ကုမ္ပဏီကြီးအဖြစ် အမြဲတမ်း အသိအမှတ်ပြုထားကြတာ...။"
"မကြာသေးခင်ကပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးက အချမ်းသာဆုံးကော်ပိုရေးရှင်းထဲကို ငွေကြေးအမြောက်အမြား ဆက်လက် ထည့်ဝင်ခဲ့ပြီး အိတ်ချ်မြို့တော်အထိ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင် အောင် ကူညီပေးခဲ့တယ်...။"
"ဒီနေ့အချိန်မှာဆိုရင် အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဈေးကွက်တန်ဖိုးက ယွမ်တစ်သိန်းကို ကျော်လွန်သွားပြီ..၊ ယွမ်တစ်သိန်းကျော်အထိ ရောက်ရှိသွားပြီ...။"
"ဒါကြောင့် ငါက အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံပဲ ပိုင်ဆိုင်ထားတယ် ဆိုပေမဲ့ ငါ့ရဲ့ အသားတင် ပိုင်ဆိုင်မှုက ဘီလီယံနာ စာရင်းထဲကို ခုန်တက်သွားပြီ...။"
"ပြီးတော့ ပိုင်ဆိုင်ထားတဲ့ အခွင့်အာဏာတွေက ငွေနဲ့ ဝယ်လို့ရတာထက် အများကြီး ပိုတယ်...။ မင်းက အစားအသောက်ပို့တဲ့သူသက်သက်ပဲ အဲ့ဒါကို နားရော နားလည်ရဲ့လား...။"
ထိုစကားများကို ပြောဆိုနေစဉ် မစ္စတာထောင်၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေသည်။
သို့သော်လည်း သူ့အနေဖြင့် ဂုဏ်ယူဝင့်ကြွားနေရခြင်းမှာ အကြောင်းပြချက် ရှိပေသည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိ အသားတင်ပိုင်ဆိုင်မှု အယွမ် (၁၀၀) မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ငွေကြေးတန်ဖိုး မကျ ဆင်းမီက အသားတင်ပိုင်ဆိုင်မှု ယွမ်သန်း (၁၀၀) နှင့် ညီမျှနေသောကြောင့် ဖြစ်သည်။
ဝမ်မျိုးရိုးရှိသော သူဌေးကြီးတစ်ဦး၏ အဆိုအရ ဤသည်မှာ သေးငယ်သော ရည်မှန်းချက်တစ်ခုကို အောင်မြင် သွားခြင်းပင် ဖြစ်ပေသည်။
သို့သော် ထိုကဲ့သို့သော သေးငယ်သည့် ရည်မှန်းချက်လေးသည်ပင် လူတော်တော်များများ ဘဝပေါင်းများစွာ ရုန်းကန်ကြိုးစားလျှင်ပင် အောင်မြင်နိုင်ရန် ခဲယဉ်းလှပေသည်။
ထို့အပြင် အချမ်းသာဆုံးကော်ပိုရေးရှင်းရှိ အစုရှယ်ယာရှင်တစ်ဦး၏ အဆင့်အတန်းမှာ အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံသာ ဖြစ်စေကာမူ လူများစွာ ဘယ်သောအခါမှ မရောက်ရှိနိုင်သည့် အမြင့်တစ်နေရာပင် ဖြစ်လေသည်။
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုပါက ထိုကဲ့သို့သော အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုမျိုး ရှိနေခြင်း ကြောင့် ရေတွက်၍မရနိုင်သော မိန်းကလေးများစွာက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာကြမည်ဖြစ်ပြီး မရေမတွက် နိုင်သော အမျိုးသားများစွာကလည်း ငြူစူမနာလိုမှုများဖြင့် ပြည့်နှက်နေကြမည် ဖြစ်သည်။
မည်သည့်အရာထက်မဆို ကြောက်ရွံ့မှုများ ရှိနေပေမည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်ကာလတွင် ငွေကြေးနှင့် အဆင့်အတန်း ရှိနေခြင်းက သာမန်လူများ မလုပ်နိုင်သော အရာများစွာကို အမှန်တကယ်ပင် လုပ်ဆောင်နိုင်ခွင့် ပေးထားသောကြောင့် ဖြစ်သည်။
သို့သော် ဤစကားများကို ကြားပြီးနောက် လျန်ထျန်းသည် ပို၍ပင် အထင်သေးစွာဖြင့် ပြုံးလိုက်လေသည်။
"ခင်ဗျားက ကျွန်တော့်ရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို သိခွင့်ရလောက်တဲ့ အရည်အချင်း မရှိတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်...။ ဒါပေမဲ့ ခင်ဗျား အခု ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို ပြန်ရုပ်သိမ်းဖို့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက္ခဏာ တစ်ခုတည်းကို ထုတ်ဖော်ပြလိုက်ဖို့ပဲ လိုတယ်...။ ခင်ဗျား ယုံလား...။"
သေချာပေါက်ပင် မစ္စတာထောင်က မယုံကြည်ပေ။ သူ၏ ပါးစပ်မှာလည်း တစ်ဖက်သို့ ရွဲ့သွားလေသည်။
"အစားအသောက်ပို့တဲ့ကောင်...။ မင်းရဲ့ လှည့်ကွက်တွေက လျူဝေဝေလို တုံးအတဲ့ မိန်းမတွေအပေါ်မှာပဲ အလုပ် ဖြစ်လိမ့်မယ်...။ ငါ့အပေါ်မှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး...။"
"မင်းက ကြွားလုံးထုတ်ရုံလေးနဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ် ထင်နေရင် မင်း လူမှားသွားပြီ...။ ငါက အလွယ်တကူ ခြောက်လှန့်လို့ရတဲ့သူ မဟုတ်ဘူး...။"
"ငါ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခါ ပေးမယ်...၊ အခုချက်ချင်း ထွက်သွားစမ်း... ။ မဟုတ်ရင် ငါ့လူတွေကို ခေါ်ပြီး မင်း နောက်ဘယ်တော့မှ အစားအသောက်ပို့လို့ မရတော့အောင် မင်းရဲ့ ခြေထောက်တစ်ဖက်ကို ဝယ် လိုက်မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးစက်သွားလေသည်။
သူ၏ ဖခင် လျန်သရှန်းမှာ အိတ်ချ်မြို့တော်ရှိ ဒေသခံ လူမိုက်ဂိုဏ်းမှ ငှားရမ်းထားသူ တစ်ဦး၏ ရိုက်နှက်မှု ကြောင့် ခြေထောက်ကျိုးသွားခဲ့ပြီး မသန်မစွမ်းဖြစ်ကာ ခြေဆွံ့၍ လမ်းလျှောက်နေရသူ ဖြစ်သည်။
ယခုအချိန်တွင် လျန်ထျန်းသည် ပိုမိုချမ်းသာကြွယ်ဝနေပြီ ဖြစ်သော်လည်း သူ၏ ဖခင် ခြေထောက်ကို ကုသ ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤကိစ္စမှာ လျန်ထျန်း၏ ရင်ထဲတွင် တိတ်တဆိတ် နာကျင်ရသော အနာတရ တစ်ခုအဖြစ် ကျန်ရှိနေခဲ့လေသည်။
မစ္စတာထောင်က သူ၏ ခြေထောက်တစ်ဖက်ကို ဝယ်ချင်သည်ဟု ပြောလိုက်သည်ကို ကြားသောအခါ သူ၏ ဖခင်ခြေထောက်ကို သွား၍ သတိရမိစေလေသည်။
ချက်ချင်းပင် သူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
"ခင်ဗျား မျက်လုံးထဲမှာတော့ ပိုက်ဆံရှိရင် ဘာမဆို လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...။"
"ကောင်းပြီလေ... ငါ တစ်ခါလောက် စမ်းကြည့်ရသေးတာပေါ့...။ ငါက မင်းထက် ပိုချမ်းသာတာဆိုတော့ ဘယ်လောက်တောင် လုပ်ချင်ရာလုပ်လို့ ရနိုင်မလဲဆိုတာကို...။"