အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉)
မွေးနေ့လက်ဆောင်
လျန်ထျန်းက စားသောက်ဆိုင်ထဲမှ သူမကို ဆွဲခေါ်လာချိန်တွင် လျူဝေဝေမှာ မှင်တက်နေဆဲ ဖြစ်လေသည်။
လျန်ထျန်းက သူမကို ခေါက်ဆွဲဆိုင်တစ်ဆိုင်ထဲသို့ ခေါ်သွားကာ ခေါက်ဆွဲနှစ်ပွဲ လာချပေးချိန်မှသာ ရုံးဝတ်စုံ နှင့်ပင် ချစ်စရာကောင်းနေဆဲဖြစ်သော ဤမိန်းကလေးမှာ အသိပြန်ဝင်လာတော့သည်။
"လျန်... လျန်ထျန်း...။ ရှင်က တကယ်ပဲ အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး လား...။"
လျူဝေဝေ၏ အံ့အားသင့်နေသော မျက်နှာထားကို မြင်သောအခါ လျန်ထျန်းက တိုက်ရိုက် မဖြေကြားပေ။ ယင်းအစား သူက သူမကို တူတစ်စုံ ကမ်းပေးကာ ပြုံးလိုက်လေသည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ...။ ငါတို့ရဲ့ ရိုးရာဓလေ့အရ မွေးနေ့မှာ ကိတ်မုန့်က အရေးအကြီးဆုံး မဟုတ်ပေမဲ့ အသက်ရှည်ခေါက်ဆွဲကတော့ မပါမဖြစ်ပဲ...။"
"အဲဒီစားသောက်ဆိုင်က စားပွဲပေါ်က အစားအသောက်တွေကို လုံးဝ မတို့ထားတာ သတိထားမိတယ်...။ မင်း ညစာလည်း မစားရသေးဘူး ထင်တယ်...။ လာပါ အရင်စားလိုက်ရအောင်...။ ငါ ဒီဆိုင်ကို မကြာခဏ လာတတ် တယ် တကယ်ကောင်းတယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းက တူကို လျူဝေဝေ၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ ခေါက်ဆွဲများကို အားပါး တရ စတင် စားသောက်လေတော့သည်။ သူ တကယ်ကို ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
လျူဝေဝေက တူကို ကိုင်ထားပြီးနောက် ခေတ္တမျှအကြာတွင် ခေါက်ဆွဲများကို နည်းနည်းချင်းစီ စတင်စား သောက်သော်လည်း သူမ၏ စိတ်များ လွင့်ပါးနေသည်မှာ သိသာလှပေသည်။
လျန်ထျန်း စားသောက်ပြီးချိန်အထိ လျူဝေဝေမှာ ခေါက်ဆွဲများကို တစ်ဝက်ပင် ကုန်အောင် မစားရသေးပေ။
သို့သော် သူမက စားသောက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီးနောက် လျန်ထျန်းကို အလောတကြီး မေးလိုက်လေသည်။
"ဒီနေ့ ရှင် အစားအသောက်ပို့ရင်းနဲ့ ကျွန်မကို တိုက်ဆိုင်စွာ တွေ့ခဲ့တာ တကယ်ပဲလား...။"
"တကယ်လို့ ရှင်ကသာ အချမ်းသာဆုံးကော်ပိုရေးရှင်းကြီးရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး တကယ်ဖြစ်နေ ရင် အယ်လ်မြို့တော်မှာ ရှင် မလုပ်နိုင်တာ ဘာမှမရှိဘူး မဟုတ်လား...။"
"ကျွန်မကို ကူညီဖို့အတွက် ရှင်က အစားအသောက်ပို့သူအဖြစ် ဟန်ဆောင်ခဲ့တာလား...။"
"ပြီးတော့ အရင်က ကျွန်မကို ကာကွယ်ပေးတုန်းက ရှင်ပြောခဲ့တဲ့ စကားတွေက တကယ်ပဲ ရိုးသားပါရဲ့လား...။"
ကြယ်ရောင်များ လင်းလက်နေသကဲ့သို့ ဖြစ်နေသော လျူဝေဝေ၏ လှပသည့် မျက်လုံးများကို ကြည့်ကာ လျန်ထျန်းမှာ တွေဝေသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုလှပသော မျက်လုံးများထဲတွင် သူ့အပေါ်ထားရှိသော တစ်ဖက်လူ၏ သဘောကျမှု၊ မျှော်လင့်ချက်များနှင့် အချစ်များကိုပင် သူ မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဤအချိန်တွင်သာ သူက လျူဝေဝေနှင့် သဘောတူကာ "ဟုတ်တယ်" ဟု ပြောလိုက်ပါက။
လျူဝေဝေမှာ အလွန်ပျော်ရွှင်သွားပြီး သူ့အပေါ် ပို၍ပင် တွယ်တာလာနိုင်ကာ သူတို့၏ ဆက်ဆံရေးမှာ ဤည တွင်ပင် နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်သည်... ဘယ်သူသိနိုင်မည်နည်း။
သို့သော် ထိုသို့လုပ်ခြင်းက သူမကို လှည့်စားခြင်းပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် လျန်ထျန်းအနေဖြင့် ဝမ်ရှောင်ရို့ကို သစ္စာဖောက်သည့် လုပ်ရပ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ပေ။ ထိုကဲ့သို့သော အရာမျိုး ဖြစ်လာစေရန် သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် ဤနေ့သည် လျူဝေဝေ၏ မွေးနေ့ဖြစ်ပြီး အကယ်၍ သူသာ သူ၏ စစ်မှန်သော ခံစားချက်ကို ပြောပြ လိုက်ပါက သူ့ကိုသာ မျက်စိကျနေသော ဤမိန်းကလေးကို နောက်တစ်ကြိမ် နာကျင်စေမိပေလိမ့်မည်။
ထို့ကြောင့် လျန်ထျန်းမှာ အလွန် တွေဝေနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤလောကတွင် ပြီးပြည့်စုံအောင် မလုပ်နိုင်သော အရာများစွာ ရှိပေသည်။
နောက်ဆုံးတွင် သေချာစွာ စဉ်းစားပြီးနောက် လျန်ထျန်းက စကားစလိုက်လေသည်။
"ဝေဝေ... စားသောက်ဆိုင်မှာတုန်းက မင်းကို ငါ တကယ် စေတနာနဲ့ ကူညီခဲ့တာပါ...။ ဒါပေမဲ့ အဲဒါက ငါတို့ သူငယ်ချင်းတွေ ဖြစ်နေလို့ပါ...။"
"အခြားကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ငါ မင်း ကို ညီမလေးတစ်ယောက်လိုပဲ အမြဲတမ်း သဘောထားခဲ့တယ်...။ အခုလည်း ဒီအတိုင်းပဲ...၊ အမြဲတမ်းလည်း ဒီအတိုင်းပဲ ဖြစ်နေမှာပါ...။"
လျန်ထျန်း စကားမဆုံးမီမှာပင် လျူဝေဝေက ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။
"အရင်တုန်းကကော... ကျွန်မတို့ ကျောင်းတက်တုန်းကကော ရှင် ကျွန်မကို ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံ ခဲ့တာလား...။"
ထိုသို့ပြောလိုက်ချိန်တွင် လျူဝေဝေ၏ မျက်လုံးများမှာ အရည်လဲ့လာကာ ငိုတော့မည့်အလား ဖြစ်နေသော် လည်း မျက်ရည်များ မကျစေရန် ခေါင်းမာစွာဖြင့် ထိန်းထားလေသည်။
လျန်ထျန်းမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ အကယ်၍ ယခုအချိန်တွင် သူက "ဟုတ်တယ်" ဟု ပြောလိုက် ပါက နောက်တစ်စက္ကန့်တွင် လျူဝေဝေသည် သူ၏ရှေ့၌ စတင် ငိုကြွေးတော့မည်ဟု သူ ကြိုတင် ခံစားမိလိုက် လေသည်။
သို့သော် အကယ်၍ "မဟုတ်ဘူး" ဟု ပြောလိုက်ပါက... ထိုအခါ ဤဆက်ဆံရေးမှာ တဝဲလည်လည်ဖြစ်နေပြီး မည်သည့်အခါမျှ ပြီးဆုံးတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် အလွန်ပင် မရေမရာ ဖြစ်မနေဘူးလား။
လျန်ထျန်း၏ စိတ်ထဲတွင် ထိုမရေရာမှုက ဝမ်ရှောင်ရို့ကို သစ္စာဖောက်ခြင်းကဲ့သို့ပင် ခံစားရလေသည်။
အံကို ကြိတ်ပြီးနောက် လျန်ထျန်းက နောက်ဆုံးတွင် ပြတ်သားသော စကားတစ်ခွန်းကို ပြောလိုက်လေသည်။
"ဟုတ်တယ်..."
"အစကနေ အဆုံးထိ မင်းကို ညီမလေးတစ်ယောက်လိုပဲ မြင်ခဲ့တာ...။ အရင်ကော အခုကော အမြဲတမ်းပါပဲ...။"
"ဒါကြောင့် အများကြီး မတွေးပါနဲ့တော့...။ ပြီးတော့ ငါ့ကို စောင့်နေတာမျိုးလို မိုက်မဲတဲ့ အလုပ်မျိုးတွေ မလုပ်ပါ နဲ့...။ မင်းက ချစ်ခံဖို့အတွက် ပိုကောင်းတဲ့သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်...။"
ဤစကားများအားလုံးကို တစ်ဟုန်ထိုး ပြောချလိုက်ပြီးနောက် လျန်ထျန်းမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားလေသည်။
သို့သော် သူ စိုးရိမ်နေခဲ့သောအရာမှာ တကယ်ဖြစ်လာခဲ့လေသည်။
သူ၏ စကားများကို ကြားပြီးနောက် လျူဝေဝေ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကာ မျက်နှာပေါ် သို့ တိတ်ဆိတ်စွာ စီးကျလာတော့သည်။
တိတ်ဆိတ်နေသော်လည်း ထိုမျက်ရည်များက ဖြူဖွေးကာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော မျက်နှာလေးပေါ်မှ စီးကျလာသောအခါ ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ကျောက်စိမ်းပုတီးစေ့လေးများ ကျဆင်းသွားသည့် ကြည် လင်သော အသံကဲ့သို့ပင် လျန်ထျန်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ကံကောင်းစွာဖြင့် လျူဝေဝေက အချိန်မီ ခေါင်းလှည့်သွားကာ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ပြန်လှည့်လာ ချိန်တွင် ကြိုးစား၍ ပြုံးပြလိုက်လေသည်။
ထို့နောက် လျူဝေဝေက ဘာစကားမှ မပြောတော့ဘဲ ကျန်နေသေးသော ခေါက်ဆွဲတစ်ဝက်ကို အားပါးတရ စားသောက်လိုက်ပြီး တူကို ချကာ လျန်ထျန်းကို လေးနက်စွာ ပြောလိုက်လေသည်။
"ခေါက်ဆွဲဝယ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒီနေ့ ကျွန်မရဲ့ မွေးနေ့က အရမ်းကို ပျော်စရာကောင်း ခဲ့ပါတယ်...။"
ထိုသို့ပြောပြီးနောက် လျူဝေဝေက ထကာ ထွက်ခွာသွားလေတော့သည်။
ထိုအချိန်တွင် လျန်ထျန်း၌ သူမနောက်သို့ လိုက်သွားရန် ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် အရေးကြီးသော အခိုက်အတန့်တွင် သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်ရို့၏ အပြုံးနှင့် မျက်မှောင်ကြုတ်မှုတိုင်းက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွား သောကြောင့် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ လျန်ထျန်းအနေဖြင့် သူချစ်ရသူကို သစ္စာဖောက်မည့် မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ချင်ပေ။
သူ၏ အချစ်အပေါ် အမြင်မှာ တစ်သက်တာလုံး ကတိကဝတ်ပြုခြင်းနှင့် သေသည်အထိ ခိုင်မြဲသော သစ္စာရှိမှုမျိုး အမြဲတမ်း ဖြစ်ခဲ့သည်။
အကယ်၍ အခြားသူများကို ပျော်ရွှင်မှု မပေးနိုင်ပါက အစကတည်းက မည်သည့်ကတိကိုမျှ ပေါ့ပေါ့တန်တန် မပေးသင့်ပေ။
လျူဝေဝေ၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ လျန်ထျန်းက သက်ပြင်းချလိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ အထွေထွေမန်နေဂျာဝမ်၏ နံပါတ်ကို ထပ်မံ နှိပ်လိုက်လေသည်။
"ဟလို... မစ္စတာဝမ်...၊ ဟုတ်တယ်...၊ ကျွန်တော် အခု အဆင်ပြေသွားပါပြီ...။"
"ဒါပေမဲ့ ခင်ဗျားကို အကူအညီတောင်းချင်တဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...။ အဲဒီ ဘဏ်ခွဲရဲ့ အထွေထွေ မန်နေဂျာ ရာထူးက လောလောဆယ် လစ်လပ်နေတယ်ဆိုတော့ အဲဒီနေရာမှာ ဖြည့်ဖို့ လူတစ်ယောက်ကို ကျွန်တော် စီစဉ်ချင်လို့ပါ...။"
"သူမ နာမည်က လျူဝေဝေပါ...။ သူမက အခု အဲဒီကုမ္ပဏီမှာ ဌာနမှူးတစ်ယောက် ဖြစ်ပါတယ်...။ သူမက အဲဒီကုမ္ပဏီကို သေချာ စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်...။"
"သူမနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ခင်ဗျားက မေးနေတာလား...။ အင်း...၊ သူမက တက္ကသိုလ်တုန်းက ကျွန်တော့်ရဲ့ အတန်းဖော်ပါ...။ အခုတော့ အရမ်းကောင်းတဲ့ သူငယ်ချင်း တစ်ယောက်ပါပဲ...။"
"ဘာပြဿနာမှ မရှိဘူး မဟုတ်လား...။ ကောင်းပါပြီ...၊ နောက်လအတွက် ထပ်ဆောင်း ရင်းနှီးမြှုပ်နှံမှုက အချိန်မီ သေချာပေါက် ရောက်လာမှာပါ...။ ဒါနဲ့ ဒီကုမ္ပဏီက ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံငွေနဲ့ ဝယ်ထားတာ မဟုတ်လား...။"
ဖုန်းချပြီးနောက် လျန်ထျန်းက လျူဝေဝေ ထွက်ခွာသွားသော လမ်းကြောင်းသို့ ထပ်မံ ကြည့်ရှုလိုက်ကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"မင်းအတွက် မွေးနေ့လက်ဆောင် မပြင်ဆင်ထားမိတဲ့အတွက် တောင်းပန်ပါတယ်...။ ဒါကိုပဲ မင်းအတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင်လို့ သဘောထားလိုက်ပါ...။"
နောက်တစ်နေ့တွင် လျူဝေဝေမှာ ထိုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဖြစ်လာခဲ့လေသည်။
လျန်ထျန်းမှာလည်း ထုံးစံအတိုင်း အစားအသောက်ပို့ရန် ဆက်လက် အလုပ်များနေခဲ့သည်။
ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းကာ ပျင်းစရာကောင်းသော ပြေးလွှားသွားလာမှုများဖြင့် ရက်အနည်းငယ် ကုန်လွန် သွားခဲ့လေသည်။
ထိုနေ့တွင် လျန်ထျန်းမှာ ညဆယ်နာရီကျော်သည်အထိ အလုပ်များနေခဲ့ပြီး နောက်ဆုံး အမှာစာများ ပို့ဆောင် အပြီး အနားယူတော့မည့်ဆဲဆဲတွင် ထူးဆန်းသော အမှာစာတစ်ခုကို လက်ခံရရှိခဲ့လေသည်။
ဤအမှာစာကို လုယူကြချိန်တွင် ၎င်းသည် ပထမဆုံး အမှာစာဖြစ်သောကြောင့် လျန်ထျန်း၏ လက်များက အလွန်ပင် မြန်ဆန်နေခဲ့လေသည်။
အမှာစာကို အောင်မြင်စွာ လုယူနိုင်ပြီးနောက် သူက အမှာစာမှတ်စုများကို သတိထားမိလိုက်ပြီး အံ့သြမှုကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူက မသိမသာပင် အသံထွက်၍ ဖတ်လိုက်မိလေသည်။
"ငါ့အမှာစာကို လက်ခံပြီးရင် တခြား ဘယ်အမှာစာကိုမှ လက်မခံပါနဲ့...၊ ငါ့ဆီကို ချက်ချင်း လာပို့ပါ...။ အက်ပ်ပေါ်ကနေ မင်းရဲ့ လာရာလမ်းကြောင်းကို အမြဲတမ်း စောင့်ကြည့်နေမှာ...။ လမ်းကြောင်းကနေ နည်း နည်းလေး သွေဖည်သွားတာနဲ့ မင်းကို အဆိုးမြင် မှတ်ချက်ပေးပြီး တိုင်ကြားလိုက်မယ်...။"
ဖတ်ပြီးသွားသောအခါ လျန်ထျန်းက ခေတ္တမျှ ရပ်တန့်သွားကာ စကားပြောစရာ စကားလုံးများပင် ပျောက်ရှသွား လျက် ပြောလိုက်လေသည်။
"ဝိုး... တကယ့်ကို ထူးဆန်းတဲ့ တောင်းဆိုမှုပဲ...။ လက်မခံဘဲ နေခဲ့သင့်တာ...။"
"ပို့ရမယ့် လိပ်စာကလည်း နီးတာ မဟုတ်ဘူးဆိုတော့ ဒီအမှာစာ တစ်ခုတည်းကို သွားပို့ရင် သေချာပေါက် ရှုံးမှာပဲ...။"
"ထားလိုက်တော့...၊ အမှာစာကို လွှဲပေးလိုက်ရင် ကောင်းမလား...။ မဟုတ်သေးဘူး... ၊ အမှာစာကို တခြား အစားအသောက်ပို့တဲ့သူဆီ လွှဲပေးလိုက်သင့်တာ...။"
"တစ်ယောက်ယောက်က သတိမထားမိဘဲ ပုံမှန်အတိုင်း သွားပို့လိုက်ရင် ညဉ့်နက်မှ တိုင်ကြားခံရတာက တကယ် ကို စိတ်ပျက်စရာကောင်းမှာပဲ..."
"အို... ငါ ကံမကောင်းဘူးလို့ပဲ မှတ်လိုက်ရတော့မှာပေါ့...။ ဒီညအတွက် နောက်ဆုံး အမှာစာအနေနဲ့ သဘော ထားပြီး သူ့ဆီကို သွားပို့ပေးလိုက်ပါတော့မယ်...။"
ဆုံးဖြတ်ချက်ချပြီးနောက် လျန်ထျန်းက အစားအသောက်သွားယူရန် စားသောက်ဆိုင် လိပ်စာသို့ သွားခဲ့လေ သည်။
အစားအသောက် ယူပြီးနောက် သူက မှတ်စုထဲမှ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာခဲ့ပြီး တူညီသော လမ်းကြောင်းအတိုင်း သွားကာ ပို့ဆောင်ရမည့် လိပ်စာသို့ တန်းတန်းမတ်မတ် သွားရောက် ပို့ဆောင်ခဲ့လေသည်။
သို့သော် လျန်ထျန်း ခရီးဆုံးသို့ ရောက်ခါနီးတွင် ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်လာခဲ့လေသည်...။
အခန်း (၁၆၀)
ဤကဲ့သို့သော လူမျိုးများကို သည်းခံခွင့်လွှတ်မပေးသင့်ပေ
လျန်ထျန်းက ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မူးနေသော အမျိုးသားတစ်ဦး၏ အသံမှာ ထွက်ပေါ် လာခဲ့လေသည်။
"ဟေ့... အစားအသောက် ပို့ဆောင်သူ...။ မင်း လာရင် ငါ့အတွက် ဘီယာ လေးဖာ...၊ အာ... မဟုတ်ဘူး ဘီယာ ငါးဖာလောက် ဝယ်ခဲ့ဖို့ မမေ့နဲ့အုံး...။"
"ဘီယာက ထျန်းယျာတံဆိပ် ဖြစ်ရမယ်...၊ တစ်ဖာကို ဆယ့်နှစ်ပုလင်းပါတဲ့ အမျိုးအစားနော်...။ မြန်မြန်လုပ်...၊ ငါနဲ့ ငါ့ညီအစ်ကိုတွေ သောက်လို့ မဝသေးဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်လေသည်။
"အခု ညဆယ်နာရီကျော် ဆယ့်တစ်နာရီတောင် ထိုးတော့မယ်...။ လမ်းတစ်လျှောက်မှာ ဖွင့်ထားတဲ့ ဆိုင်ငယ် လေးတွေ ရှာဖို့တောင် ခက်ခဲနေပြီ...။"
"တကယ်လို့ ကျွန်တော် ကိုယ်တိုင် သွားဝယ်ရမယ်ဆိုရင်တောင် မိုင်ပေါင်းများစွာ ဝေးတဲ့ နှစ်ဆယ့်လေးနာရီ ဖွင့်တဲ့ ကုန်စုံဆိုင်ကို သွားရမှာ...။ ပြီးတော့ ခင်ဗျားက အမှာစာမှာ ကျွန်တော့်ကို လမ်းကြောင်းသွေဖည်ပြီး မသွား ရဘူးလို့လည်း မှတ်ချက်ရေးထားသေးတယ်လေ...။ ကျွန်တော့်အတွက် တကယ်ကို ခက်ခဲလွန်းပါ တယ်...။"
လျန်ထျန်း စကားမဆုံးမီမှာပင် မူးနေသော အသံက သူ့ကို ကြားဖြတ် ပြောဆိုလာခဲ့လေသည်။
"မင်းက ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ အစားအသောက် ပို့ဆောင်သူရဲ့...။ မင်းက ဘယ်လိုအလုပ်မျိုး ကိုများ သေချာလုပ်နိုင်မှာလဲ...၊ အစားအသောက် ပို့တဲ့သူပဲ ဖြစ်နေတာ မဆန်းပါဘူး...။"
"ငါ အမှာစာ တင်ပြီးပြီပဲ...။ ငါပြောတဲ့အတိုင်းသာ လုပ်ပြီး မြန်မြန် သွားဝယ်ချေ...၊ မဟုတ်ရင် မင်းကို အဆိုးမြင် မှတ်ချက်ပေးပြီး တိုင်တန်းပစ်မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ မျက်မှောင်များမှာ ပို၍ ကျုံ့သွားကာ သူ၏ လေသံမှာလည်း အနည်း ငယ် မကျေမနပ် ဖြစ်သွားလေသည်။
"ငါးရာ မီလီလီတာစီ ပါဝင်တဲ့ ဆယ့်နှစ်ပုလင်းပါ ဘီယာတစ်ဖာ...။ ဆယ့်နှစ်ပုလင်းဆိုတော့ ဆယ့်နှစ်ကျင်း သို့မဟုတ် ဆယ့်နှစ်ကီလိုဂရမ်လောက် ရှိတယ်...။"
"ဖန်ပုလင်းတွေနဲ့ ထုပ်ပိုးထားတဲ့ ဖာတွေရဲ့ အလေးချိန်ကိုပါ ပေါင်းထည့်လိုက်ရင် တစ်ဖာကို အနည်းဆုံး ဆယ့်ခုနစ်ပေါင် သို့မဟုတ် ဆယ့်ရှစ်ပေါင်လောက် လေးတယ်...။ ဒီတော့ ဖာငါးဖာဆိုရင် ပေါင်တစ်ရာ နီးပါးလောက် ရှိမှာ...။"
"ကျွန်တော်က လျှပ်စစ်စကူတာကို စီးလာတာဆိုတော့ ဘီယာ ငါးဖာကို သယ်လာဖို့ဆိုတာ အရမ်း အန္တရာယ် များတယ်..."
"ပြီးတော့ ခင်ဗျားရဲ့ လိပ်စာကိုလည်း ကျွန်တော် ကြည့်ပြီးပြီ....။ ခင်ဗျား နေတဲ့နေရာကို ကျွန်တော် သိတယ်...၊ အဲ့ဒီနေရာက ဓာတ်လှေကား မရှိတဲ့ ရပ်ကွက်ဟောင်းတစ်ခု ဖြစ်ပြီး ခင်ဗျားက ငါးလွှာမှာ နေတာလေ...။"
"တကယ်လို့ အံဒီကို ကျွန်တော် လာပို့ပေးရင်တောင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ ညီအစ်ကိုတွေက အောက်ဆင်းလာပြီး ကိုယ်တိုင် သယ်တင်ကြမှာလား...။"
မိုက်ခရိုဖုန်းမှတစ်ဆင့် ကြားနေရသော မူးနေသူ၏ လေသံမှာ သရော်လှောင်ပြောင်ချင်စရာ ကောင်းလာပြီး နားထောင်ရ ဆိုးရွားလာလေသည်။
"ဒါက အစားအသောက် ပို့ဆောင်သူ တစ်ယောက်ရဲ့ ဘယ်လို သဘောထားမျိုးလဲ...။ မင်းရဲ့ အလုပ်က အစား အသောက် ပို့ဖို့ မဟုတ်ဘူးလား...။ ငါတို့ဘာသာ အောက်ဆင်းပြီး ကိုယ်တိုင်သယ်ရမယ်လို့ မင်းက ဘာလို့ မျှော်လင့်နေရတာလဲ...။"
"ဒါက ဘီယာ ငါးဖာလောက်လေးပဲလေ...။ မင်းလို လူကြီးတစ်ယောက်က မသယ်နိုင်ဘူးဆိုတာ ငါ မယုံဘူး...၊ မင်း လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်တယ်...။ ဒါက မင်း လေ့ကျင့်ခန်း လုပ်ဖို့အတွက် အကောင်းဆုံး အခွင့်အရေး ပဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ရယ်မောလိုက်ပြီးလျှင်...။
"လေ့ကျင့်ဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေမှတော့ ခင်ဗျားကိုပဲ ပေးလိုက်ပါ့မယ်...။ အလွန်ဆုံး ကျွန်တော် ဘီယာ ဝယ်လာပေးမယ်...။ ပြီးရင် အပေါ်ကို ခင်ဗျားဘာသာ ကိုယ်တိုင် သယ်တင်လိုက်ပေါ့...။"
ထိုစကားကို ကြားလိုက်ရသောအခါ တစ်ဖက်မှ မူးနေသော အမျိုးသားမှာ ချက်ချင်းပင် ဒေါသထွက်လာ တော့သည်။
"ငါထင်တယ်...၊ လူတွေ တော်တော်များများက မင်းတို့ အစားအသောက် ပို့ဆောင်သူတွေကို အလိုလိုက်ထား ကြလွန်းတယ်...။"
"ငါ မင်းကို ပြောလိုက်မယ်...။ ဘီယာ ငါးဖာလုံးကို မင်း အပေါ်ကို သယ်လာတာ အကောင်းဆုံးပဲ...။ မဟုတ်ရင် မင်း အဆိုးမြင် မှတ်ချက်နဲ့ တိုင်တန်းမှုတွေကို ခံရလိမ့်မယ်...။"
မူးနေသူ၏ အော်ဟစ်ဆဲဆိုမှုများကို ရင်ဆိုင်ရသော်လည်း လျန်ထျန်းသည် တည်ငြိမ်အေးဆေးစွာ ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ဆောရီးပဲ... ပို့ဆောင်သူတွေ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အလုပ်က အစားအသောက် ပို့ဖို့ပဲ...၊ တခြား ဘာကိုမှ သယ်ပေးဖို့ မဟုတ်ဘူး...။"
"တကယ်လို့ ခင်ဗျား တခြားပစ္စည်းတွေ သယ်ဖို့ လိုအပ်ရင် နောက်ထပ် ပို့ဆောင်ရေး အမှာစာ တစ်ခု တင် သင့်တယ်...။ ဒါပေမဲ့ ဘီယာ ငါးဖာကို ငါးထပ်အထိ သယ်တင်ရတာက ဘယ်သူ့အတွက်မဆို လွန်ကဲလွန်းတဲ့ ကိစ္စလို့ ကျွန်တော် ယူဆတယ်...။"
"ဒီတော့ ကျွန်တော် ခင်ဗျားအတွက် ပါဆယ်ပဲ လာပို့ပေးမယ်...။ ဘီယာ ဝယ်ဖို့ကိစ္စကိုတော့ ခင်ဗျားဘာသာ တခြားနည်းလမ်း ရှာရလိမ့်မယ်...။"
"နောက်ဆုံးအနေနဲ့ မိတ်ဆွေတစ်ယောက်လို သတိပေးချင်တာက...၊ အရက် အလွန်အကျွံ သောက်တာက ခင်ဗျားရဲ့ ကျန်းမာရေးအတွက် ဆိုးရွားစေတယ်...။ အခု ခင်ဗျားရဲ့ လေသံကို နားထောင်ကြည့်ရတာ တော် တော်လေး သောက်ထားပြီးပြီဆိုတာ သိသာတယ်...။ ခင်ဗျား ရပ်လိုက်တာ အကောင်းဆုံးပါပဲ...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းကို ပြတ်သားစွာ ချလိုက်ပြီး အမှာစာကို ပုံမှန်အတိုင်း ဆက်လက် ပို့ဆောင်ရန် ထွက်လာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူ၏ ဖုန်းမှာ အဆက်မပြတ် မြည်နေခဲ့သည်။ ထိုမူးနေသူ ထံမှ ခေါ်ဆိုနေခြင်း ဖြစ်ကြောင်း ရှင်းလင်းနေသော်လည်း လျန်ထျန်းက လုံးဝ ဖုန်းမကိုင်ခဲ့ပေ။
အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့ ဖုန်းမြည်သံမှာ ရပ်တန့်သွားခဲ့ပြီး လျန်ထျန်းမှာလည်း ပို့ဆောင် ရမည့် လိပ်စာသို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထိုစဉ် အက်ပ်ဆော့ဖ်ဝဲလ်မှတစ်ဆင့် စာတို အမြောက်အမြား ဝင်ရောက်လာခဲ့ပြီး အားလုံးမှာ ရိုက်နှိပ်ထားသော စာများ ဖြစ်သည်။ ၎င်းတို့ကို ဖွင့်မကြည့်လျှင်ပင် ဖုန်းစခရင်မှတစ်ဆင့် မြင်တွေ့နိုင်လေသည်။
[ဒီဟာက ငါ့ရဲ့ နောက်ဆုံး သတိပေးချက်ပဲ...။ မင်း ရောက်လာတဲ့အခါ ဘီယာ ငါးဖာကို မတွေ့ရရင် အကျိုးဆက်က ဆိုးရွားသွားမယ်...။]
[မင်းတို့ အစားအသောက် ပို့ဆောင်သူတွေ ဒီစာတွေကို မြင်နိုင်တယ်ဆိုတာ ငါ သိတယ်...။ ငါ့ရှေ့လာပြီး အရူးဟန်ဆောင်မနေနဲ့...။]
[ကျစ်... သူတို့က ငါ့ဖုန်းကိုတောင် ရဲရဲတင်းတင်း ချရဲတယ်...။ ငါ ဘယ်မှာ အလုပ်လုပ်လဲဆိုတာ သူတို့ သိရဲ့လား...။ ငါက သောက်ရမ်း မိုက်တဲ့ကောင်ကွ...။]
ကျန်ရှိနေသော အကြောင်းအရာများမှာမူ ဖော်ပြရန်ပင် ခက်ခဲလှလေသည်။ အခြေခံအားဖြင့် အားလုံးမှာ မျိုးစုံသော ဆဲဆိုမှုများ၊ ခြိမ်းခြောက်မှုများ၊ ကြွားလုံးထုတ်မှုများနှင့် အခြားသော အရာများသာ ဖြစ်သည်။
ဤအခြေအနေကို မြင်လိုက်ရသောအခါ လျန်ထျန်းသည် ချက်ချင်းပင် ဘရိတ်အုပ်ကာ ရပ်တန့်လိုက်လေသည်။
သူသည် ပို့ဆောင်ရမည့် လိပ်စာနှင့် တစ်မိုင်ပင် မဝေးတော့သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ရှေ့ဆက်မ သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။
ထို့နောက် လျန်ထျန်းသည် အမှာစာ လက်ခံထားသော စားသောက်ဆိုင်သို့ ဖုန်းခေါ်လိုက်လေသည်။
ဖုန်းဝင်သွားပြီးနောက် လျန်ထျန်းက ချက်ချင်းပင် ပြောလိုက်သည်။
"ဟလို သူဌေး...၊ ကျွန်တော်က အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းကနေ အမှာစာအမှတ် ခြောက်ဆယ့်ကိုး ကို ပို့မယ့်သူပါ...။ ခင်ဗျား ဖြေရှင်းပေးဖို့ လိုအပ်တဲ့ ကိစ္စလေး တစ်ခု ရှိနေလို့ပါ...။"
"အာ...၊ ဟုတ်ကဲ့...။ ကျွန်တော် အစားအသောက် ပို့ရင်းနဲ့ လမ်းတစ်ဝက်မှာ ခလုတ်တိုက်မိပြီး လဲကျသွားလို့ အစားအသောက်တွေ ဖိတ်စင်သွားလို့ပါ...။"
"ကျွန်တော် အဆင်ပြေပါတယ်...။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ခင်ဗျားရဲ့ အလုပ်ကို ကြန့်ကြာစေခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို အားနာမိပါတယ်...။"
"ဒီလို လုပ်ပါ...။ ကျွန်တော် ခင်ဗျားရဲ့ ဝီချက် ကို အက်ဒ်လိုက်မယ်...။ ပြီးရင် ဒီပါဆယ် အမှာစာအတွက် ငွေလွှဲ ပေးပါ့မယ်...။ ကျွန်တော်ကပဲ ဒီပါဆယ်ကို ဝယ်လိုက်တဲ့သဘောဆိုတော့ ခင်ဗျားလည်း ဘာမှ အရှုံးပေါ်မှာ မဟုတ်တော့ဘူးလေ...။"
"မဟုတ်တာ မဟုတ်တာ...၊ ခင်ဗျား ဒီပိုက်ဆံကို လက်ခံရပါမယ်...။ မဟုတ်ရင် ကျွန်တော် စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူး...။"
"ဟုတ်ကဲ့...၊ ဖောက်သည်ကို ခင်ဗျား ထပ်ဆက်သွယ်ဖို့ မလိုတော့ပါဘူး...။ ကျွန်တော် သူ့ကို ဆက်သွယ်ပြီးပါပြီ ...။ အဲသည်ဖောက်သည်က စကားပြောရတာ နည်းနည်း ခက်ခဲပေမဲ့လည်းလေ...။ ဘာပဲဖြစ်ဖြစ် ခင်ဗျား အမှာ စာကို ပယ်ဖျက်လိုက်လို့ ရပါပြီ...။"
"ဟုတ်ကဲ့ပါ... ထပ်ပြီး ကျေးဇူးတင်ပါတယ်...။ ကျွန်တော် ခဏနေရင် ငွေလွှဲပေးလိုက်ပါ့မယ်...။ ကျေးဇူးပြုပြီး သေချာပေါက် လက်ခံပေးပါနော်...။ တကယ်လို့ တစ်ယောက်ယောက်က ခင်ဗျားကို ဖုန်းဆက်ပြီး အနှောင့်အ ယှက်ပေးလာရင် ကျွန်တော့်ဆီကိုပဲ ဆက်သွယ်ခိုင်းလိုက်ပါ...။"
ဖုန်းချပြီးနောက် လျန်ထျန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
"ဒိလိုဆိုရင်တော့ ပြဿနာ ရှင်းသွားလောက်ပြီ...။ အမှာစာကို ပယ်ဖျက်လိုက်တာဆိုတော့ သူ ငါ့ကို အဆိုးမြင် မှတ်ချက် ပေးဖို့တောင် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး...။"
"သူ တိုင်တန်းဖို့ ဖုန်းခေါ်ခဲ့ရင်တောင် ဒီဟာက နောက်ထပ် ကိစ္စတစ်ခုပဲလေ...။ ဘာပဲဖြစ်ဖြစ် ဖုန်းခေါ်ဆိုမှုတွေ ကို မှတ်တမ်းတင်ထားပြီးသား...။ ပြီးတော့ ငါကလည်း ဖုန်းထဲမှာ ဘာ စော်ကားတဲ့စကားမှ မပြောခဲ့ဘူးလေ...။"
"သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ...။ တကယ်လို့ တိုင်တန်းမှု ရှိလာခဲ့ရင်တောင် အယူခံဝင်ဖို့ လွယ်ကူမှာပါ...။"
လျန်ထျန်းသည် စားသောက်ဆိုင် ပိုင်ရှင်ထံသို့ ပါဆယ်အတွက် ငွေကို လွှဲပေးလိုက်ပြီး သူ၏ ဖုန်းကို ချက်ချင်း ပိတ်ကာ စကူတာကို လှည့်၍ မောင်းထွက်လာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူသည် အလွန် ပေါ့ပါးလွတ်လပ်နေသလို ခံစားနေရသည်။ သူသည် ညဈေးတန်းရှိ ဆိုင်တစ်ဆိုင်ကို ရှာတွေ့သောအခါ ဘီယာ နှစ်ပုလင်းကို မှာယူလိုက်ပြီး ပါဆယ်လာသော အသားကင်များကို ထုတ်၍ စားသောက်လိုက်လေသည်။
"ဟီးဟီး... အပိုဆောင်း အစားအစာ...။ အပိုဆောင်း အစားအစာပဲ...။"
လျန်ထျန်းသည် ပုံမှန်အားဖြင့် အပိုဆောင်း အစားအစာများကို မစားသုံးတတ်ပေ။ သူသည် အထူးသဖြင့် အကြောင်းပြချက် မခိုင်လုံသော၊ ထူးဆန်းသော၊ သို့မဟုတ် အနှောင့်အယှက်ပေးသော ဖောက်သည်များနှင့် ဆက်ဆံရသည့် အခါမျိုးတွင်သာ ဤသို့ ပြုလုပ်လေ့ရှိသည်။
ယနေ့ညမှ ဖောက်သည်မှာ ညသန်းခေါင်ယံအချိန်၌ ပို့ဆောင်သူကို လမ်းကြောင်းသွေဖည်ကာ ဘီယာ ဝယ်ခိုင်း သည့်အပြင် ငါးဖာတိတိပင် ဖြစ်ပြီး ၎င်းတို့ကို ငါးထပ်အထိ သယ်တင်ခိုင်းခြင်းဖြစ်ရာ သတ်မှတ်ချက်များ အားလုံးနှင့် ကိုက်ညီနေသည်မှာ ထင်ရှားလှပေသည်။
ဤသည်မှာ ပါဆယ် မှာယူခြင်း မဟုတ်ဘဲ ပို့ဆောင်သူများကို အခမဲ့ အလုပ်သမားများအဖြစ် အသုံးပြုရန် ပါဆယ်ကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။
သို့မဟုတ်ပါက ထိုကဲ့သို့သော လိုအပ်ချက်များဖြင့် ပို့ဆောင်ရေး အမှာစာ တစ်ခုကို တင်မည်ဆိုပါက သေချာ ပေါက် ငွေအမြောက်အမြား ကုန်ကျမည် ဖြစ်သည်။
မိမိကိုယ်ကို အလွန် ပါးနပ်သည်ဟု ထင်မှတ်ကာ သေးငယ်သော အကျိုးအမြတ်များ ရရှိရန်အတွက် လစ်ဟာ ချက်များကို အခွင့်ကောင်းယူရန် ကြိုးစားတတ်သည့် လူအချို့ အမြဲတမ်း ရှိနေတတ်သည်။
အစားအသောက် ပို့ဆောင်သူများမှာ အရူးများ ဖြစ်နေ၍လော။ ၎င်းတို့သည် ထိုသူများ၏ ခြိမ်းခြောက် အနိုင်ကျင့်မှုများကို ခံရရန် ထိုက်တန်ပါသလော ဟုသာ မေးခွန်းထုတ်စရာ ရှိလေသည်။
သူတို့သည် ပို့ဆောင်ရေး အမှာစာ တစ်ခုလျှင် ယွမ်အနည်းငယ်သာ ရှာဖွေနိုင်ကြရာ သူတို့ မလုပ်သင့်သော အရာများကို အဘယ်ကြောင့် ဤမျှလောက်များများ လုပ်ပေးနေရမည်နည်း။
ဤကဲ့သို့သော အပြုအမူမျိုးမှာ လူများကို အချိန်ပိုကြေး မပေးဘဲ အချိန်ပို အလုပ်လုပ်ခိုင်းသော သူဌေးများ ထက်ပင် ပို၍ ရွံရှာဖွယ် ကောင်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် အစားအသောက် ပို့ဆောင်သူ တစ်ဦးသည် ကုမ္ပဏီအတွက် အခြားသော ကိစ္စရပ်များ စွာကို လုပ်ဆောင်ပေးရသောကြောင့် သူ၏ အခြားသော အမှာစာများ နောက်ကျနိုင်ပြီး တိုင်တန်းခံရကာ ဒဏ်ကြေး တပ်ခံရနိုင်သောကြောင့် ဖြစ်သည်။
သေချာသည်မှာ ယခု ပြန်စဉ်းစားကြည့်ပါက အမှာစာ မှတ်ချက်များတွင် သူ့အား အမှာစာ တစ်ခုတည်းသာ ပို့ဆောင်ခွင့်ပြုပြီး အခြားအရာများ မပို့ဆောင်ရန် ညွှန်ပြထားရာ ထိုသူမှာ အကြိမ်ကြိမ် ကျူးလွန်နေသူ တစ်ဦး ဖြစ်တန်ကောင်းပေသည်။
သူသည် အခြားသော ပို့ဆောင်သူများကိုလည်း အလားတူ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး သူတို့က အခြားသော အမှာစာများကို အကြောင်းပြကာ ငြင်းဆန်ခဲ့ခြင်း ဖြစ်နိုင်လေသည်။
ထို့ကြောင့် သူသည် အစကတည်းက စာများ စတင်ရေးသားခဲ့ပြီး ပို့ဆောင်သူများ၏ လုပ်အားကို မည်သို့ ခေါင်းပုံဖြတ်ရမည်ကို ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဤအရာကို တွေးမိသောအခါ လျန်ထျန်းသည် မနေနိုင်ဘဲ စုပ်သပ်မိသွားလေသည်။
"ဒီကောင်က တကယ်ကို အရင်းရှင် တစ်ယောက်ရဲ့ ဦးနှောက်မျိုး ရှိတာပဲ...။"
"ပို့ဆောင်ရေး အမှာစာ တစ်ခုတောင် မတင်နိုင်ဘဲ ဒီလို သေးငယ်တဲ့ အရာလေးတွေအပေါ် အခွင့်ကောင်း ယူချင်တဲ့သူ တစ်ယောက်က သိပ်ပြီး ချမ်းသာကြွယ်ဝမှာ မဟုတ်ဘူးဆိုတာကတော့ နှမြောစရာပဲ...။"
"အခုတော့ သူ ဘီယာလည်း သောက်ရမှာ မဟုတ်သလို အသားကင် ပါဆယ် ရဖို့ကိုလည်း မေ့ထားလိုက်လို့ ရသွားပြီ...။"
"ဒီလို လူမျိုးကို အလွတ်ပေးထားလို့ မရဘူး...။ မဟုတ်ရင် နောင်ကျရင် သူ့ကြောင့် ပို့ဆောင်သူ ဘယ်နှယောက် တောင် ဒုက္ခရောက်ရဦးမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...။"