← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အပိုင်း (၁) ချွေ့ဖုန်းရွာ

“ယိုကျင့် မင်းတောင်ပေါ် ထပ်တက်ရပြန်ပြီလား။ ဒီလောက်လေးတဲ့ ဝါးခြင်းတောင်ကြီးနဲ့ အရိုးတွေကျိုးကြေကုန်မှာ မကြောက်ဘူးလား”

သူမသည် ၀က်စာများဖြည့်သိပ်ထားသော ဝါးခြင်းတောင်အား နောက်ကျောပေါ်၌ သယ်ကာသွားနေစဉ် သူမအား တစ်ယောက်ယောက်ခေါ်နေသံကို ကြားလိုက်ရသည်။ ခေါင်းငိုက်စိုက်ဖြင့် လျှောက်နေသော ယွဲ့ယိုကျင့်သည် ခေါင်းမော့ကာ လမ်း၏တဖက်ခြမ်းရှိ မိန်းမပျိုကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

“၀ူရှန်းဇီ”

၀ူရှန်းဇီခေါ် သက်လက်ပိုင်းကျော် သုံးဆယ်နားကပ်နေသည့် အမျိုးသမီးတစ်ဦးသည် ယိုကျင့်၏ ပိန်ပါးပါး ကိုယ်ထည်ကို ကြည့်ကာ နှလုံးခိုက်မတတ် နာကျင်မိသည်။ သူမသည် စိတ်ပျက်စွာဖြင့်

“မင်းအဘွား ထပ်ပြီး မင်းကို အလုပ်ကြမ်းတွေခိုင်းပြန်ပြီလား”

ယွဲ့ယိုကျင့်သည် ရွာသားများ၏ ထိုသနားစရာအကြည့်များကို အသားကျနေပြီဖြစ်၍ ခေါင်းညိတ်ကာသာ ပြုံးလိုက်သည်။ “အဘွားက ၀က်တွေကျွေးဖို့ မရှိတော့ဘူး‌လို့ ပြောတယ်။ ဒီနှစ်ရဲ့မျှော်လင့်ချက်က အဲ့၀က်တွေပေါ်မှာပဲ မူတည်နေတော့ သူတို့တွေ ကောင်းကောင်းထွားမှ ဖြစ်မယ်။ အဲဒါမှ အမေက မောင်လေးသေးသေးလေးမွေးဖို့ ငွေနည်းနည်းရမှာ”

“ဟုတ်ပါတယ်။ မင်းအမေဗိုက်က အရင်ကနဲ့ နည်းနည်းကွဲတယ်။ တကယ်လို့သားလေးသာဆို မင်းတို့ညီအစ်မတွေ သက်သက်သာသာနေရမှာပါ...” ကမောက်ကမဖြစ်နေသော ယွဲ့မိသားစုကို စဉ်းစားရင်း ထိုအမျိုးသမီးက သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူတို့တွေက တော်‌တော်ကံဆိုးကြတာပဲ။

“အဲဒါဆို ကျွန်မ ဆက်မပြောတော့ဘူး။ အိမ်က ထွက်တုန်းက ၀က်တွေက ၀က်ခြံထဲ ခုန်ပေါက်နေကြတယ်လို့ အဘွားက ပြောလိုက်တယ်။ အဲဒါကြောင့် မြန်မြန်သွားမှဖြစ်မယ်”

စကားဆက်ပြောရန်ရှိသေးပုံ ပေါ်တာကြောင့် ယွဲ့ယိုကျင့်သည် သူမအား အတင်းတိုက်တွန်းလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမ၏လေးလံသော ဝါးခြင်းတောင်းကို သယ်ကာ အိမ်သို့သာ တည့်တည့်မတ်မတ် သွားလေသည်။

အဘွားအိုချန်ဟာ ‌သူ့မြေးမတွေအပေါ် နှိပ်စက်တတ်တာကြောင့် သူမလည်း ဆွဲမထားတော့ချေ။ ဝါးခြင်းတောင်းအား ကျော၌လွယ်ကာ သွားနေသော ယိုင်ထိုးနေသည့် ပိန်ပါးပါးကိုယ်ထည်လေးကို ကြည့်ကာ သက်ပြင်းချမိတော့သည်။ ထိုမိန်းကလေးသည် တစ်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်သော်ငြား ခြောက်နှစ် ခုနနှစ်အရွယ်သာရှိပုံပေါ်နေသည်။ ယွဲ့မိသားစုရဲ့နှလုံးသားက တယ်မာတာပဲ။

ရွာလမ်းမကြီး ဖြစ်တည်ရာ လမ်းဆုံ၌ ယွဲ့အိမ်တော် တည်ရှိလေသည်။ ယွဲ့အိမ်နှင့် အနည်းငယ်အကွာတွင် အိမ်ခြေအနည်းငယ်ရှိလေသည်။ ယွဲ့ယိုကျင့်သည် သူမ၏အိမ်တံခါးရှေ့၌ လူတစ်စုသည် စူးစမ်းဟန် အထဲသို့ ဝိုင်းအုံကြည့်နေသည်ကို မြင်လိုက်ရသည်။ ဆယ့်တစ်နှစ်ကြာ ကြားလာခဲ့သော ခပ်စူးစူးမိန်းမတစ်ယောက်၏အသံသည် ခြံ၀န်းထဲ၌ ပေါ်လာခဲ့သည်။ “တကယ့်ကို ဆန်ကုန်မြေလေးတွေ ဆရာ၀န်ခေါ်ချင်တာလား။ ဆေးဆန်ပြုတ်ပါ သောက်ချင်သေးတယ်ပေါ့”

ခပ်စူးစူးအသံနောက်မှ မိန်းမငယ်လေးတစ်ဦး၏ငိုသံသဲ့သဲ့ ထွက်လာလေသည်။ ထို့နောက် မိန်းမတစ်ဦး၏ အသံက ထပ်ထွက်လာသည်။ ဖျန်ဖြေနေပုံရသော်လည်း အမှန်မှာ မီးလောင်ရာလေပင့်ခြင်းသာ ဖြစ်သည်။ “ယောက်မ ကလေးတွေကို အငိုတိတ်အောင်လုပ်ဦးလေ။ အိမ်ရဲ့ကံကောင်းမှုတွေတော့ မျက်ရည်တွေနဲ့မျောပါတော့မယ်....”

သူမပြောသည်ကို ‌ကြားသည်နှင့် ခပ်စူးစူးအသံပိုင်ရှင်မိန်းမမှာ ပို၍ပင် ဒေါသထွက်လာလေသည်။

“တစ်နေကုန် စားဖို့နဲ့ ငိုဖို့ပဲသိတယ်။ ထပ်ငိုရဲငိုကြည့် နင်တို့ဆန်ကုန်မြေလေးတွေကို ရိုက်သတ်ပစ်မယ်”

စကားသံဆုံးသည်နှင့် ကျယ်လောင်သည့် ကြာပွတ်သံတစ်ခု ဟိန်းထွက်လာလေသည်။

မိန်းမငယ်လေးများသည် ဆိုးရွားစွာပင် ရိုက်နှက်ခံနေရသော်လည်း သူမတို့၏နှုတ်ခမ်းပါးများကို ကိုက်ထားရုံမှအပ အသံပင်မထွက်ရဲကြပေ။

အဘွားချန်သည် ကျန်းမာကြံ့ခိုင်သူဖြစ်ကာ သူမ၏စိတ်မကြည်မှုများဖြင့် အဆက်မပြတ် ပြင်းထန်စွာ ရိုက်နှက်ရင်း စိန်းစိန်းဝါးဝါးကြည့်လို့နေသည်။ ရွာသားများသည်လည်း အထဲသို့ ကြည့်နေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ တံခါးပိတ်ရန် အော်ပြောလေသည်။

အဘွားချန် သတိမထားမိခင် ယွဲ့ယိုကျင့်သည် ပြေး၀င်လာကာ အရိုက်ခံနေရသော မိန်းကလေးများရှေ့တွင် ရပ်လိုက်လေသည်။ သူမတို့ အားလုံး၏ အ၀တ်များဟည် ဟောင်းနွမ်းကာ စုတ်ပြဲနေကြသည်။ သူမသည် ထိုမိန်းကလေးများအာ ဆူပူနေဟန်ဆောင်လိုက်သည်။

“မင်းတို့တွေ ဒီအစ်မအပြင်သွားတုန်း အဘွားစိတ်ဆိုးအောင် လုပ်ကြပြန်ပြီလား။ အကုန်အခန်းပြန်ပြီ ဒူးထောက်ချည်” လူတွေအကုန်လုံးကို ကျောပေးထားကာ မည်သူမျှမမြင်ချိန် ဒုတိယညီမလေး ယွဲ့ယိုရင်အား မျက်စအနည်းငယ်ပစ်ပြလိုက်သည်။

သူမ၏အစ်မမျက်စပစ်သည်ကို မြင်သည်နှင့် ယွဲ့ယိုရင်သည် ညီမငယ်များကို အမြန်ဆွဲခေါ်ကာ အနောက်‌ခြံသို့ ခေါ်သွားတော့သည်။ ယွဲ့ယိုကျင့်ကို ထိုအဘွားချန်နှင့် ရင်ဆိုင်ရန် တစ်ဦးတည်း ချန်ထားခဲ့တော့သည်။

ဆန်ကုန်မြေလေး ညီအစ်မများ ပြေးသွားသည်ကို မြင်သည်နှင့် အဘွားချန်သည် သူမ၏ မကျေနပ်မှုများကို ယွဲ့ယိုကျင့်ဆီသို့ ပုံချလိုက်သည်။

“ဘာလို့အဲ့လောက်ကြာနေတာလဲ။ နင့်ကို ၀က်စာပဲ ဖြတ်ခိုင်းလိုက်တာ။ ဘယ်တွေ လျှောက်သွားနေတာလဲ” အဘွားချန်ကိုင်ထားသည့် ဝါးကြာပွတ်မှာ ယွဲ့ယိုကျင့် အမှားတစ်ခုလုပ်မိသည်နှင့် ရိုက်ရန် အသင့်ပြင်ထားလေသည်။

ယွဲ့ယိုကျင့်သည် အမြန်ပင် အဘွားချန်ဆီသို့ ပြေးသွားကာ သူမအား ဘေးမှ ဖေးကူရင်း အပြုံးလေးဖြင့် ပြောလေသည်။ “ဟိုတလောကပဲ တောင်ပေါ်က၀က်စာတွေ နည်းလာတာနဲ့ သမီး နည်းနည်းလောက် ဆက်သွားလိုက်ရတာ။ အဘွားလည်း ပင်ပန်းနေမှာပဲ။ နားတော့လေ။ သမီး၀က်စာကျွေးထားလိုက်မယ်”

ယိုကျင့်၏ ရွှံ့ပေနေသော အ၀တ်ဟောင်းကိုကြည့်ကာ သူမ၏ သန့်ရှင်းနေသော ဝါဂွမ်းထည်များကို ကြည့်ပြီးနောက် ယိုကျင့်ကို သူမဆီမှ တွန်းထုတ်လိုက်လေသည်။

“သွား သွား ငါ့မျက်စိရှေ့ပေါ်မလာနဲ့။ ၀က်စာသွားကျွေးချည်။ အဲ့၀က်တွေက ၀က်ခြံတံခါးကိုတောင် ချိုးတော့မယ်။ ၀က်တွေ လွတ်သွားလို့ကတော့ တွေ့မယ်” သူမသည် အထင်မြင်သေးစွာ ကြည့်လိုက်ပြီးနောက် ကြည့်နေသော ရွာသားများကို ပြန်လွှတ်ကာ ပင်မအခန်းသို့ ပြန်သွားလေသည်။

ယွဲ့ယိုကျင့်သည် အဘွားချန်နှင့် အခြားသူများ ထွက်သွားသည်ကို သေချာအောင် ကြည့်ပြီးမှ သက်ပြင်းချလိုက်လေတော့သည်။ ထို့နောက် သူမ၏ဝါးခြင်းတောင်းကို သယ်ကာ ၀က်စာကျွေးရန် ၀က်ခြံထဲသို့ သွားလေသည်။

ချွေ့ဖုန်းရွာ၏ လူအများစုမှာ ယွဲ့မျိုးနွယ်များဖြစ်သည်။ ရွာ၌ အိမ်ခြေ ခုနစ်ဆယ် ရှစ်ဆယ်ကျော်ရှိလေသည်။ ယွဲ့မိသားစုသည် ထိပ်တန်းလူချမ်းသာများကို မယှဉ်နိုင်သော်လည်း ဆင်းရဲသည်တော့မဟုတ်ချေ။ ယခင်က ယွဲ့မိသားစုခေါင်းဆောင် ယွဲ့တာ့ဖူသည် နှစ်ပေါင်းများစွာ ကုန်သွယ်နေခဲ့ကာ ဥစ္စာပစ္စည်းများ စုဆောင်းနိုင်ခဲ့သည်။ သူသည် ရွာကို ပြန်လာခဲ့ပြီးနောက် မြေဩဇာကောင်းမွန်သည့် မြေဧက၃၀ကျော်ကို လက်၀ယ်ပိုင်ထားနိုင်ခဲ့သည်။ ကြီးမားသည့် အုတ်ကြွပ်ပြားအိမ်ကိုလည်း ဆောင်လုပ်နိုင်ခဲ့ပြီး ချွေ့ဖုန်းရွာ၌ လေးစားခံရသည့် ပုဂ္ဂိုလ်ဟု ယူဆနိုင်သည်။

ယွဲ့တာ့ဖူသည် ချန်ကျားရွာသူကြီး၏ သမီးအငယ်ဆုံးဖြစ်သူ အဘွားချန်နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက် သမီးတစ်ယောက် ရရှိခဲ့သည်။ သူ့ဘ၀သည် သာယာချောမွေ့သည်ဟုဆိုနိုင်သည်။ ယခုသူသည် အိုမင်းနေပြီဖြစ်ကာ ရွာ၏ တစ်ချိန်က ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ သူ့ဘ၀တလျှောက်တွင် ဆုတောင်းခွင့်ရှိမည်ဆိုပါက ရိုးရှင်းသော ဆုနှစ်ခုသာရှိပေသည်။ ပထမတစ်ခုသည် ‌သူ၏မြေးဖြစ်သူမှာ နိုင်ငံတော်ရာထမ်းစစ်စာမေးပွဲကို အောင်မြင်ရန်ပင်။ မိသားစုခေါင်းဆောင်အနေနှင့် အလုပ်ကြိုးပမ်းခဲ့ရ၍ လူပေါင်းများစွာ တွေ့ဖူးခဲ့လေသည်။ ထို့အတွက် ရုံးတော်အရာထမ်းရှိသော မိသားစုသည် မည်မျှ ကြီးပွားနိုင်ကြောင်း သူသိလေသည်။ သူ့မြေးသည် ငယ်ကတည်းက ထူးချွန်ပါက ယွဲ့ခေါင်းဆောင်သည် မျှော်လင့်ချက်များကို ထိုကလေးဆီသာ ပုံအပ်ထားမည်ဖြစ်သည်။

ဒုတိယတစ်ခုမှာ ဒုတိယသားမိသားစုမှ သားမွေးဖွားရန်ဖြစ်သည်။ ပထမသားကြီး၏ မိသားစုသည် သားလေးယောက်နှင့် သမီးတစ်ယောက်ရှိကာ အငယ်‌ဆုံးသားမိသားစုသည် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေသည်။ ဒုတိယသား၏ မိသားစုသည်ပင် သမီးခုနစ်ယောက် ဆက်တိုက် ဖွားမြင်လာခြင်းဖြစ်သည်။ ယခု စုအမျိုးသမီးသည် ထပ်မံကိုယ်၀န်လွယ်ထားရသည်ဖြစ်ကာ ယွဲ့ခေါင်းဆောင်သည် ထိုအရာကို အားကိုးတကြီး မျှော်လင့်နေမိသည်။

ဒုတိယမိသားစု ဖြစ်တည်လာသည်မှာ တစ်ဆယ့်ငါးနှစ်ကျော် ကြာသော်လည်း သမီးမိန်းကလေးခုနှစ်ယောက်သာ ရှိသည်။ ယွဲ့ချန်လုတို့ ဇနီးမောင်နှံ၏ အိမ်ရှိအနေအထားသည် သားမရှိသောကြောင့် နိမ့်ကျလျက်ရှိသည်။ ယွဲ့ချန်လုသည် သူ့ခေါင်းကိုပင် မဖော်နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့် စိတ်ထွက်ပေါက်အနေနှင့် သူ့ဇနီးနှင့် သမီးများကို ရံဖန်ရံခါ ရိုက်နှက်လေ့ရှိသည်။ အမျိုးသမီးစုသည် ကူကယ်ရာမဲ့နေသော်လည်း သူ့သမီများကို ကာကွယ်ချင့သည့် စိတ်ခံရှိနေသေးသည်။ သူမ၏ဆွေးမျိုးတော်စပ်သူ မရှိသောကြောင့် သူမမှာ ကိုယ့်ကိုယ်ကိုယ်ပင်လျှင် မကာကွယ်နိုင်ချေ။ သူမနှင့် သမီးခုနှစ်ယောက် သက်သက်သာသာနေနိုင်ရန် ဗိုက်ထဲရှိ ကလေးအား သားယောက်ျားလေးဖြစ်ရန် မျှော်လင့်မိသည်။

အကြီးဆုံးမိသားစုမှ ယိုထင်းသည် အကြီးဆုံးဖြစ်ကာ အငယ်ဆုံးမိသားစုမှ ယိုဟယ်သည် အလတ်ဖြစ်ပြီးနောက် ဒုတိယမိသားစုမှ ကျင့်၊ ယင်၊ ကျူး၊ ပေါင်၊ လင်၊ လော့၊ ချောင် စသဖြင့် အစဉ်လိုက်ဖြစ်လေသည်။ ယိုကျင့်သည် ဒုတိယမိသားစုမှ အကြီးဆုံးသမီးဖြစ်ကာ တတိယမြောက်ဖြစ်လေသည်။ (မြေးတွေကို ကြီးစဉ်ငယ်လိုက်စီရင် ယိုကျင့်က တတိယပါ)

ယိုကျင့်သည် ၀က်စာကျွေးပြီးသည်နှင့် အနောက်ခြံထဲသို့ ပြန်သွားလေသည်။ အမြွှာနှစ်ယောက်ဖြစ်သော သတ္တမမြောက်နှင့် အဋ္ဌမမြောက် ညီအစ်မ ယိုလင်နှင့် ယိုလော့တို့မှာ ငိုယိုရင်း အိပ်ပျော်သွားကြလေသည်။ စတုတ္ထမြောက်ညီမလေး ယိုရင်သည် န၀မမြောက် ညီမလေး ယိုချောင်ကို ပွေ့ချီရင် ချော့မြူနေသည်။ အဘွားချန် ရိုက်ထားခြင်းကြောင့် ချော့မြူရင်း သူမမျက်ရည်များကို သုတ်လိုက်သည်။

သူမ၏အစ်မကြီးပြန်လာသည်ကို မြင်သည်နှင့် ယိုရင်သည် ကလေးကို ပွေ့ထားရင်း အမြန်ထရပ်လိုက်လေသည်။

“အစ်မ အငယ်လေးက ဖျားနေတယ်။ အဘွားက ဆေးဆရာ မခေါ်ပေးဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ”

န၀မလေးအဖျားရှိသည်ကို ကြားသည်နှင့် ယိုကျင့်သည် န၀မလေးအား ယိုရင်၏လက်မှ အမြန်ယူကာ ကြည့်လိုက်လေသည်။ န၀မလေးမျက်နှာ နီရဲနေအောင်ထိ ဘယ်လိုဖျားသွားရတာလဲ။

“အစ်မ ဒီလိုသာ ကိုယ်ပူနေမယ်ဆို န၀မလေးက...” ယိုရင်သည် သူမ၏မျက်ရည်ဝိုင်းနေသော မျက်လုံးလေးဖြင့် အကြီးဆုံးအမဖြစ်သူကိုကြည့်ကာ သူမ၏မျှော်လင့်ချက်များကို စုပုံထားလိုက်တော့သည်။

“အဖေနဲ့အမေရော” ယိုကျင့်သည် န၀မလေး၏နဖူးကို စမ်းကြည့်လိုက်ရာ အလွန်အမင်းပူကျစ်နေသည့် အပူချိန်ကို ထုတ်လွှတ်နေလေသည်။ န၀မလေးသည် နှစ်နှစ်အရွယ်သာ ရှိသေးရာ ဒီအတိုင်းထားပါက မသေလျှင် ရူးသွားလိမ့်မည်။

“အဖေက အလုပ်ရှာမယ်ပြောပြီး မနက်ကတည်းက လျှိုထန်မြို့ကို ထွက်သွားပြီ။ အမေက အခန်းထဲမှာ ဗိုက်က ရုတ်တရက်နာလာလို့ ငါးနဲ့ခြောက်က ကြည့်ပေးနေတယ်” ယိုရင်သည် အလွန်ငိုကြွေးထားသည့်အတွက် အသံသည် ကြမ်းရှနေလေသည်။

ယိုင်နဲ့နဲ့ စက္ကူပြတင်းပေါက်ကို ဖြတ်ကြည့်သော် ခြံထဲ၌ မည်သူမျှ မရှိသည်ကို တွေ့လေသည်။ ယိုကျင့်သည် အံကြိတ်ကာ န၀မလေးကို ယိုရင်၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

“ခဏစောင့်” ပြောပြီးသည်နှင့် သူမနှင့်ညီမအငယ်လေးအိပ်သည့် အိပ်ရာဆီသို့ သွားကာ ထောင့်‌တစ်နေရာကို ခဏကြာ တူးပြီးနောက် ဖုန်တက်နေသော ငွေဒင်္ဂါးအချို့ကို ဆွဲထုတ်လိုက်လေသည်။

ယိုကျင့်သည် ပိုက်ဆံများကို သူမ၏ရင်ဘတ်ထဲ၌ သေချာထည့်လိုက်သည်။ ထို့နောက် သူမပိုက်ဆံ ဆွဲထုတ်လိုက်သည်ကို မြင်၍ ကြောင်အနေသော ယိုရင်၏လက်ထဲမှ န၀မလေးကို ယူလိုက်လေသည်။

“ငါအငယ်လေးကို သမားတော်မာအိမ် ခေါ်သွားလိုက်မယ်။ အိမ်မှာနေပြီး အဘွားလာရှာရင် တားဖို့ အကြောင်းပြချက်ရှာထားလိုက်” ထိုသို့ပြောပြီးသာ်နှင့် ယိုရင်ပြန်ပြောသည်ကို မစောင့်ဘဲ ပြေးထွက်သွားလေတော့သည်။ သမားတော်မာသည် ရွာ၏အံ့ဖွယ်သမားတော်ဖြစ်ကာ ချွေ့ဖုန်းတောင်ခြေ၌ နေထိုင်လေသည်။ ရွာသားများသည် ခေါင်းကိုက်သည်ဖြစ်စေ ခေါင်းခဲသည်ဖြစ်စေ ကုသရန် သူ့ဆီသို့ သွားကြလေသည်။

ယွဲ့ယိုကျင့်သည် သူ့အစ်မ အိမ်ထဲမှ သူခိုး‌တစ်ယောက်လို ပြေးထွက်သွားသည်ကို မြင်သည်နှင့် သတိပြန်၀င်လာခဲ့သည်။ အစ်မ ဘယ်တုန်းက အဲ့ငွေတွေကို အုတ်ခုတင်အောက် မြှုပ်ထားတာလဲ။ သို့သော်လည်း သူမ အတွေးမလွန်ရဲပေ။ အိမ်နား၌ ငှက်တစ်ကောင်ပမာ ပတ်ပတ်လည် လှည့်နေ‌ကာ အဘွားချန်နှင့် အခြားလူများ ရောက်မည်ကို ကြောက်ရွံ့နေလေသည်။

ယွဲ့ယိုကျင့်သည် အိမ်ကထွက်သွားပြီးသည်နှင့် န၀မလေးကိုပိုက်ကာ သမားတော်မာ၏အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ တံခါးလာဖွင့်သူမှာ သမားတော်မာ၏ အမျိုးသမီးလင်းဖြစ်သည်။ သူမသည် နီရဲနေသော န၀မလေးကို ပိုက်ထားသည့် ယိုကျင့်တစ်ယောက် အသက်လုရှူနေရသည်ကို မြင်သည်နှင့် ချက်ချင်ပင် ၀င်ခိုင်းလေသည်။ “လူအိုကြီး အမြန်လာဦး”

“အဘိုးမာ န၀မလေးကို ကယ်ပါဦး။ ဘာလို့လည်းမသိဘူး။ ကလေးက ရုတ်တရက် အပြင်းဖျားလာတာ”

ယိုကျင့်သည် နီမြန်းနေသော မျက်လုံးများဖြင့် န၀မလေးအား စိုးရိမ်တကြီး ပွေ့ထားရင်း သမားတော်မာရှေ့ ဒူးထောက်ချလိုက်လေသည်။

အမျိုးသမီးလင်းသည် သူမအပြုအမူကြောင့် လန့်သွားကာ အမြန်ပင် ထရန် ကူလိုက်လေသည်။

“ဒီကလေးမက ဘာတွေလုပ်နေတာတုံး”

ကလေးသည် အပြင်းဖျားနေသည်ဟု ကြားသည်နှင့် အဘိုးမာသည် ကလေးကို အသာအယာယူကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် ယိုကျင့်အတွက် ဆေးပင်အနည်းငယ် ယူပေးလေသည်။

“မီးဖိုချောင်သွားပြီး ဒီဆေးပင်တွေ အမြန်သွားကြိုလိုက်။ သုံးခွက်တစ်ခွက်တင် ကြိုပြီး တိုက်ရင် သက်သာလာလိမ့်မယ်”

ယိုကျင့်သည် ကျေးဇူးတင်ကြောင်းပင် မပြောအားဘဲ အမျိုးသမီးလင်းနောက်ကို လိုက်ကာ မာမိသားစု၏ မီးဖိုချောင်တွင် ဆေးကြိုတော့သည်။

မာမိသားစု၌ ဆေးအိုးမျိုးစုံဖြင့် စုံလင်နေသည်။ ယိုကျင့်သည် ဆေးကို အမြန်ကြိုလိုက်ပြီး အနက်ရောင်ဆေးရည်များဖြင့် ပြည့်နေသော ပန်းကန်တစ်လုံးကို သယ်ကာ ပြန်လာလေသည်။

ယိုကျင့် ဆေးကြိုနေစဉ်အတွင်း သမားတော်မာသည် အက်စိုက်ကုထုံးဖြင့် ကလေးအား အဖျားမတက်စေရန် ကုသထားသဖြင့် ကလေးသည် အိပ်ပျော်နေလေသည်။

“ညီမလေးသက်သာသွားမှာနော်။ ဒါလေးသောက်လိုက်” ယိုကျင့်သည် န၀မလေးကို ချော့မြူကာ ပန်းကန်အပြည့် ဆေးကို သောက်ခိုင်းလိုက်လေသည်။ ကလေးသည် သူမတို့မိသားစု၏ အခြေအနေကြောင့် ငိုယိုခြင်း ပြဿနာရှာခြင်းမရှိခဲ့ပေ။ ဆေးသောက်အပြီး၌ သူမသည် ယိုကျင့်၏လက်မောင်းကြား မှေးနေရင်း အိပ်ပျော်သွားလေသည်။

ဆရာမာသည် နာရီ၀က်အကြာ၌ န၀မလေးအား စစ်ဆေးပြီးချိန်တွင် စိတ်သက်သာရာရသွားလေသည်။

“ဆေးနည်းနည်းလောက်ထပ်သောက်လိုက်ရင် ရက်ပိုင်းအတွင်း သက်သာသွားလိမ့်မယ်”

ယိုကျင့်သည် မာဇနီးမောင်နှံအား ကျေးဇူးတင်စွာကြည့်လိုက်ပြီး “အဘိုးမာ အဘွားမာ န၀မလေးရဲ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မမှာ ပိုက်ဆံတော့ သိပ်မရှိပေမဲ့....” သူမသည် သူမရင်ခွင်ထဲမှ ငွေဒင်္ဂါးတစ်ဆယ့်သုံးပြားကို ထုတ်လိုက်လေသည်။

“ဒါကိုလက်ခံပေးပါ။ အနာဂတ်မှာ ကျွန်မပိုက်ဆံရှိလာတဲ့အချိန် ကျန်တာကို သေချာပြန်ဆပ်ပါ့မယ်....”

ထိုသို့ပြောပြီးသည်နှင့် သူမ၏ပါးများ ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။ ယခင်ဘ၀နှင့် ယခုဘ၀တွင် ပထမဆုံး ဆေးဖိုးအကြွေးတင်ဖူးခြင်း ဖြစ်သည်။

သမားတော်မာသည် ဖုန်ပေနေသည့် ဒင်္ဂါးတွေကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း ယိုကျင့်ဆီသို့ ပြန်ပေးလိုက်သည်။

“အဘိုး မင်းညီမလေးအတွက် ဆေးသုံးခွက်စာ ထုတ်ပေးမယ်။ ဒါကို ပြန်ယူလိုက်ပါ။ အဲ့ဆေးတွေကို သေချာကြိုတိုက်ပေး။ သေချာဂရုစိုက်ရင် သက်သာလာလိမ့်မယ်။ ဒီငွေတွေတော့ ပြန်ယူထားလိုက်ပါ။ နောက်ပိုက်ဆံရှိလာမှ ပြန်ပေးပေါ့”

ယိုကျင့်သည် သမားတော်မာ၏အပြုအမူကြောင့် အနည်းငယ်ရှက်ရွံ့သွားလေသည်။

“ဘယ်လိုပြန်ယူရမှာလဲ။ အဘိုးက ညီမလေးအသက်ကို ကယ်ပေးထားတာပါ။ ဒီငွေတွေက သိပ်မများပေမဲ့ ပေးသင့်တာတော့ ပေးရမှာပဲ”

ယိုကျင့်၏ တင်းခံနေမှုကြောင့် အဘိုးမာသည် ဆယ့်သုံးပြားထဲမှ ငွေဒင်္ဂါးငါးပြားကိုယူကာ ပြန်ပေးလိုက်သည်။ “မင်းတို့သားအမိအတွက် ဒီလောက်ငွေလေးစုဖို့ လွယ်တာမဟုတ်ဘူး။ အဘိုး ငွေငါးပြား ယူလိုက်ပြီ။ ကျန်တာဆပ်မဆပ်က မင်းအပေါ်ပဲမူတည်တယ်။ ကဲ မင်းညီမလေးကို ခေါ်ပြီးအိမ်အမြန်ပြန်တော့”

အပြင်ရှိ ကောင်းကင်သည် မှောင်မိုက်နေ၍ အတော်နောက်ကျနေပြီဖြစ်သည်။ ယခုဆို အဘွားချန်သည် သူမအား လိုက်ရှာနေလောက်ပြီဖြစ်သည်။ ယိုကျင့်သည် အဘိုးမာရှေ့ ဒူးထောက်ကာ ကျေးဇူးတင်ကြောင်းပြောပြီး န၀မလေးကိုပွေ့၍ အိမ်သို့ဦးတည်လိုက်တော့သည်။

ယိုကျင့်တို့ ညီအစ်မအား ပြန်ပို့ပြီးသည့်နောက်တွင် အမျိုးသမီးလင်းသည် အိမ်ထဲသို့ ၀င်ကာ သမားတော်မာကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

“အဲလောက်တောင် ကြင်နာတတ်ရင် ယိုကျင့်ရဲ့ ပိုက်ဆံကို ဘာလို့ယူသေးလဲ။ သူတို့သားအမိတွေ ဘယ်လိုဘ၀မျိုးနေနေရတယ်ဆိုတာ ရှင်မသိဘူးလား”

သမားတော်မာသည် သက်ပြင်းချကာ “ယိုကျင့် ဒီကလေးက စိတ်ဓာတ်မာတယ်။ ငါသာ လက်မခံရင် သူမစိတ်ထဲ ဘ၀င်မကျနေမှာ။ ငွေနည်းနည်းယူပြီး သူမစိတ်သက်သာအောင်လုပ်ပေးလိုက်တာပါ။ ကံ‌မကောင်းလိုက်တဲ့ကလေးတွေ”

…

အပိုင်း (၂) ဒုတိယမိသားစု

ယိုကျင့်သည် မိနစ်ငါးဆယ်အကြာတွင် ရှောင်ကျို့ကို ပွေ့ကာ အနောက်ခြံ၀န်းထဲသို့ ပြန်ရောက်ခဲ့သည်။ အဘွားချန်သည် လူတစ်ယောက်ကိုလွှတ်ကာ သူမအား အလုပ်လုပ်ရန် ခေါ်ခိုင်းလိုက်သည်။ ယွဲ့ယိုထင်းသည် တံခါးရှေ့တွင် ရပ်ကာ “ယွဲ့ယိုကျင့် အဘွားက နင့်ကိုခေါ်တယ်” ဟု အော်ပြောလိုက်လေသည်။ ထို့နောက် အထဲ၌ လူရှိမရှိကို ဂရုမစိုက်ဘဲ လှည့်ပြန်ခဲ့သည်။

ယိုကျင့်သည် သက်ပြင်းချလိုက်ကာ အမျိုးသမီးစုကို ထပ်မံနှစ်သိမ့်ပေးလိုက်သည်။

“အမေ ရှောင်ကျို့ရဲ့အဖျားက ပျောက်သွားပြီ။ အမေ့ဗိုက်ထဲက မောင်လေးကိုပဲ ဂရုစိုက်လိုက်နော်။ မငိုနဲ့တော့” ထိုသို့ ပြောပြီးသည်နှင့် ယွဲ့ယိုရင်နှင့်အတူ ပင်မဆောင်သို့ သွားလိုက်သည်။

အဘွားချန်သည် စိတ်ပျက်စရာကောင်းသော မြေးမနှစ်ယောက်‌အား အေးတိအေးစက်ကြည့်ရင်း ဆူပူလိုက်သည်။

“ဘာလို့ အူကြောင်ကြောင်နဲ့ရပ်နေတာလဲ။ သွားမချက်သေးဘူးလား။ တစ်မိသားစုလုံးကို အဆာခံပြီး သေစေချင်တာလား” ယွဲ့မိသားစုရှိ ချက်ပြုတ်ခြင်း၊ ၀က်စာကျွေးခြင်းစသည့်အလုပ်များသည် မိသားစုခွဲများကြား တလှည့်စီလုပ်ကြရသည်။ တတိယမိသားစုခွဲသည် မြို့တော်၌သာ တစ်နှစ်ပတ်လုံးနေရ၍ ကျန်မိသားစုနှစ်ခုသည် ဆယ့်ငါးရက်တစ်ခါ အလှည့်ကျ တာ၀န်ပြောင်းရသည်။ ယနေ့သည် ဒုတိယမိသားစု၏နောက်ဆုံးတာ၀န်ကျသည့်နေ့ဖြစ်သည်။

ယွဲ့ယိုကျင့်သည် မခံမရပ်နိုင်ဖြစ်မိသည်။ သူမသည် အဘွားချန်၏ ဆိုးယုတ်သော ဘက်လိုက်မှုများကို နှစ်စဉ်နှစ်တိုင်း သည်းခံခဲ့ရသည်။ ယခု သူမ၌ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိသည့်အတွက် သူမ၏ခံစားချက်များကိုသာ ထိန်းချုပ်ရင်း တိတ်ဆိတ်နေရသည်။ ထို့ကြောင့် ယိုရင်ကိုခေါ်ကာ မီးဖိုဆောင်သို့သာ ဦးတည်လိုက်သည်။

ယွဲ့မိသားစုသည် မိသားစုများ တသီးတခြား မပိုင်းခြားရသေးပေ။ မိသားစုသုံးခု၌ လူပေါင်းနှစ်ဆယ့်တစ်ယောက်ရှိလေသည်။ ထို့အပြင် ယွဲ့ဝမ်ထောင်နှင့် ယွဲ့ဝမ်လီ ညီအစ်ကို နှစ်ယောက်သည် မြို့တော်၌ စာသင်ကြားနေရ၍ တတိယမိသားစုတစ်ခုလုံးမှာ မြို့တော်၌ ပြောင်းရွှေ့နေရလေသည်။ မိသားစုတွင် လူဆယ့်ငါးယောက်ကျန်ခဲ့လေရာ ထိုလူများကို ကျွေးမွေးရန်မှာ မလွယ်ကူချေ။

ယွဲ့ယိုကျင့်သည် ဆယ့်တစ်နှစ်ဖြစ်ကာ ယွဲ့ယိုရင်သည် ကိုးနှစ်သာ ရှိသေးသော်လည်း ညီအစ်မနှစ်ယောက်သည် အသက်ငါးနှစ်ခြောက်နှစ် အရွယ်မှစ၍ အမျိုးသမီးစုနှင့်အတူ လုပ်ကိုင်ခဲ့ရသဖြင့် အလုပ်လုပ်ရာတွင် သေသပ်လျင်မြန်ပေသည်။ ယွဲ့ယိုရင်သည် မီးဖိုရှေ့၌ထိုင်ကာ မီးစတင်မွှေးလေသည်။ ယွဲ့ယိုကျင့်သည် ခရမ်းသီးကို လှီးဖြတ်ပြီး မီးဖို၌ အကြော်ဒယ်အိုးကြီးတင်ကာ ခရမ်းသီးနှင့် ၀က်သားကို ရောကြော်လိုက်သည်။ ထို့နောက် ဂေါ်ဖီထုပ်ကြော်ကာ ညစာအတွက် ချက်ပြုတ်မှုကို အပြီးသတ်လိုက်ကြသည်။

သူမသည် ဟင်းနှစ်ခွက်အတွက် ပန်းကန်ပြားနှစ်ချပ်စီ ခွဲထည့်ရသည်။ ဟင်းအပြည့်နှင့် ပန်းကန်ပြားများကို ယွဲ့မိသားစု၏ အမျိုးသားများ ထိုင်သည့်စားပွဲတွင် တည်ခင်းရပြီး ကျန်သုံးပုံတစ်ပုံစာရှိသည် ပန်းကန်ကို အဘွားချန် ဦးဆောင်သည့် စားပွဲတွင် တည်ခင်းရသည်။

ယွဲ့မိသားစု၏ အစားအသောက်ပမာဏသည် နေ့စဉ်အမျှ နည်းပါးလှသည်။ အဘွားချန်သည် မီးဖိုချောင်၌ ချက်ပြုတ်သည့်သူ မဟုတ်သော်ငြား ချက်ပြုတ်ရမည့် အစားအသောက်ပမာဏသည် သူမ၏ထိန်းချုပ်မှုအောက်၌ ရှိသေးသည်။ အဘွားချန်သည် သူမ၏ထမင်းပန်းကန်၌ ဟင်းအပြည့်ယူကာ ယွဲ့ယိုထင်းအား မျက်နှာသာပေးသည့်အနေနှင့် သူ့မြေးမ၏ ထမင်းပန်းကန်၌ ဟင်းများ ထည့်ပေးလေသည်။ ထို့နောက် အမျိုးသမီးချန်၏ အလှည့်သို့ ကျရောက်လေသည်။ ပြောင်းဆန်နှင့်ဆန်ညိုလုံးကိုသာ စားရသည့် သူမတို့ညီအစ်မခုနှစ်ယောက်အတွက် ဟင်းပန်းကန်သည် တ၀က်သာ ကျန်ပေတော့သည်။

ယွဲ့မိသားစုသည် ချွေ့ဖုန်းရွာ၌ ချမ်းသာသည်ဟု ယူဆ၍ရသော်လည်း နိုင်ငံအရာထမ်းစာမေးပွဲတွင် ဖြေဆိုရန် ကြိုးပမ်းနေသော မြေးနှစ်ယောက်အား ထောက်ပံ့နေရသည့်အတွက် အဘွားချန်သည် ခြိုးခြံကာ တွက်ချက်နေတတ်ပြီး အစားအသောက်များသည်လည်း ဆိုးရွားလှသည်။

ယိုရင်သည် တစ်နေကုန် ပင်ပန်းစွာ လုပ်ကိုင်ထားရ၍ သူမ၏ဗိုက်သည် အသံမြည်သည်အထိ ‌ဆာလောင်နေပေသည်။ သူမ၏တူဖြင့် ခရမ်းသီးကို ယူရန် ရွယ်လိုက်သည်။ သို့သော် တောက်‌လျှောက်စောင့်ကြည့်နေခဲ့သော အဘွားချန်၏တူတစ်စုံသည် ယိုရင်၏တူကို အခြားဟင်းခွက်ဆီသို့ တွန်းပို့လိုက်သည်။

“တစ်နေကုန် စားဖို့ပဲသိတယ်။ နည်းနည်းပဲစားလို့ အာဟာရပြတ်ပြီး သေသွားမှာကြနေတာပဲ။ တကယ့်ကို ပြိတ္တာတွေ လူ၀င်စားပြီး ဆန်ကုန်မြေလေးတွေ လာဖြစ်တာပဲ”

ယိုရင်သည် ဘာမှမလုပ်ခဲ့သော်လည်း သူ့အဘွား၏ ဆူဆဲခြင်းကို ခံလိုက်ရသည်။ သူမ၏မျက်၀န်းများသည် ရုတ်တရက် နီရဲလာသော်ငြား မငိုရဲခဲ့ပေ။ သူမ၏ခေါင်းကို ငုံ့လိုက်ပြီး တိုးတိုးလေးသာ ရှိုက်သံထွက်နိုင်သည်။ ဤမိသားစု၌ တစ်လလျှင် အသားနှစ်ကြိမ်သာ စားနိုင်သည်။ သူမတို့သည် ကလေးများသာဖြစ်၍ အစာစားချင်စိတ် ပြင်းပြပေသည်။ သို့သော် သူမသည် အသားဖတ်များပေါ်သို့ လက်မတင်ရဲချေ။ ခရမ်းသီးနှင့်ဖုံးနေသည့်အတွက် ထိုအသားဖတ်ကို မမြင်ခဲ့ရုံသာဖြစ်သည်။

ယိုကျင့်သည် အဘွားချန်ကို ရပ်ရန် ယိုရင် မှားထိမိသည့် အသားဖတ်အပိုင်းအစကို အဘွားချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ “အဘွားလည်း တစ်နေကုန် ပင်ပန်းနေမှာပဲ။ များများစားနော်”

အဘွားချန်သည် ယွဲ့ယိုကျင့်အား ဒေါသတကြီးဖြင့် ကြည့်ကာ “နင်တို့ဘာတွေးနေလဲ ငါမသိဘူးထင်နေလား။ အကုန်လုံးက မျက်ဖြူဝံပုလွေတွေနဲ့ ဆန်ကုန်မြေလေးတွေချည်းပဲ”

ယွဲ့ယိုကျင့်သည် ဆယ့်တစ်နှစ်ကြာမျှ ကြားလာပြီဖြစ်၍ အဘွားချန်၏ နှိပ်စက်မှုများနှင့် အသားကျနေပြီဖြစ်သည်။ သူမသည် ဘာမျှ မကြားသလို သဘောထားကာ ယိုရင်၏ ပန်းကန်ထဲသို့ အရွက်ဖက်လေး ထည့်ပေးလိုက်သည်။ သေချာပေါက် အသားတော့ မရှိပါချေ။

အဘွားချန်သည် ထ၍ရိုက်ရန် ရွယ်လိုက်သော်လည်း အခြားစားပွဲရှိ ယွဲ့တာ့ဖူ၏ ဟန့်တားခြင်းကို ခံလိုက်ရလေသည်။

“တစ်နေကုန် ဆူညံနေတာပဲ။ လူတွေကို အစားတောင် အေးဆေး ပေးမစားတော့ဘူးလား”

အဘွားချန်သည် ယွဲ့တာ့ဖူ ပြောသည်ကို ကြားသည်နှင့် ယွဲ့ယိုကျင့်နှင့် ယွဲ့ယိုရင်တို့ ညီအစ်မနှစ်ယောက်အား ဆောက်နှင့်ထွင်းချင်သလို ကြည့်ကာ ပြန်ထိုင်လိုက်သည်။ ယိုကျင့်သည် ထိုအရာကို မမြင်ချင်ယောင်ဆောင်ကာ ယိုကျူးနှင့်ယိုပေါင်ကိုပါ ခရမ်းသီးဖက်များ ပေါ်တင်ထည့်ပေးတော့သည်။ အသားဖက်မပါသော်ငြား အသားစလေးများ ကပ်နေသေးသည်။ ထိုညီမလေးများသည် သေးသွယ်လွန်းလှသည်။ သူတို့စားနိုင်သေးသ၍ များများစားထားရမည်ပင်။

ယိုကျင့်နှင့်ညီအစ်မများသည် ထမင်းစားပြီးသည်နှင့် ထမင်းပန်းကန်တစ်လုံးကို ဟင်းရွက်ကြော်အပြည့်ဖြင့်ထည့်ကာ အနားယူနေသည့် အမျိုးသမီးစုဆီသို့ ယူသွားပေးလေသည်။ သူမတို့၏အမေသည် ပါးစပ်အပြည့် ထမင်းများကို စားနေရင်း ရပ်နေကြသည့် ညီအစ်မခြောက်ယောက်နှင့် သူမဘေး၌ အိပ်ပျော်နေသော ရှောင်ကျို့အား ကြည့်ကာ မျက်လုံးများရဲတက်လာလေသည်။ “ သမီးတို့ညီအစ်မတွေ တော်တော်ပင်ပန်းနေကြမှာပဲ။ အကုန် အမေအသုံးမကျလို့ ဖြစ်ရတာပါ”

ယိုကျင့်သည် ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို မမြင်ခဲ့ရသော်လည်း ယိုရင်ဆီမှ အ‌ဖြစ်အပျက် အကျဉ်းချုပ်ကို ကြားခဲ့ပေသည်။ အမျိုးသမီးစု၏ ကိုယ်၀န်သည် ယခု မတည်မငြိမ်ဖြစ်နေသည်။ ယနေ့ ၀က်ပုတ်မ အမျိုးသမီးချန်၏ တွန်းထုတ်မှုကြောင့် ကိုယ်၀န်ပျက်နိုင်ချေ လက္ခဏာများ ပြသလာပေသည်။ သူမသည် အိပ်ရာပေါ်တွင် လှဲကာ အနားယူရန်သာ တတ်နိုင်သည်။ မည်သူမှ သူမအား ဆေးတိုက်ပြုစုခြင်း မပြုကြပေ။

သူမစိတ်ထဲ၌ အမျိုးသမီးစုသည် ကံမကောင်းအကြောင်းမလှသည့် လူသာဖြစ်ကြောင်း သိလေသည်။ ယိုကျင့်သည် သူမအား နှစ်သိမ့်ပေးလိုက်သည်။ “အမေ ဒီနေ့ကိစ္စအတွက်တော့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့တော့။ ရှောင်ကျို့ကလည်း ဆေးသေချာသောက်ရင် သက်သာလာမှာပါ။ အမေက ကိုယ်ကိုကိုယ်နဲ့ ဗိုက်ထဲက ကလေးကိုပဲ ဂရုစိုက်ပါ”

နှစ်ဆယ့်တစ်ရာစုမှ လူတစ်ဦးအနေနှင့် သူမအတွက် ယောက်ျားလေးနှင့် မိန်းကလေးသည် ကွာခြားချက်မရှိပေ။ အကုန်လုံးသည် စွမ်းဆောင်နိုင်စွမ်း တူညီသည်ဟုသာ မှတ်ယူထားသည်။ သူမယခု ကမ္ဘာ၌ ဆယ့်တစ်နှစ်ကျော်ကြာ ရှင်သန်ပြီးနောက် အတွေးခေါင်သည့် ဤရှေးခေတ်၌ သားတစ်ယောက်သည် သမီးတစ်ယောက်ထက် မည်မျှ အရေးကြီးမှန်း သိလိုက်သည်။

အလိုက်သိတတ်သော သမီးအကြီးကို ကြည့်ရင်း အမျိုးသမီးစုသည် စိတ်သက်သာရာရသွားလေသည်။

“သမီးတို့တွေက လိမ္မာပြီး စကားနားထောင်ကြမှန်း အမေသိပါတယ်။ အဘွားကိုလည်း အပြစ်မမြင်ကြပါနဲ့ကွယ်။ သူက အပြောဆိုးရုံတင်...”

ဘာကို အပြောဆိုးတာလဲ။ သူမငယ်ကတည်းကပင် ထိုစိတ်ပုတ် အဘွားအို လုပ်ခဲ့သည့် မကောင်းမှုများကို ကြုံဖူးပေသည်။ အမြွှာညီအစ်မကို အမျိုးသမီးစု မွေးသည့်နှစ်က သူမသည် သူတို့အပေါ် သံသယများထားခဲ့သည်။ သူမသာ အဘွားချန်၏နောက်ကို လိုက်ပြီး ရေအပြည့်ဖြည့်ထားသည့် ပုံးထဲမှ အမြွှာနှစ်ယောက်ကို သယ်ထုတ်မလာခဲ့လျှင် အမြွှာနှစ်ယောက်သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ယိုကျင့်သည် နှာခေါင်းကို အနည်းငယ်ရှုံ့လိုက်ပြီး မည်သည့် ဆန့်ကျင်စကားကိုမျှ မဆိုခဲ့ချေ။ “သမီးသိပါပြီ အ‌မေရယ်။ ထမင်းကို သေချာစားနော်”

သားအမိနှစ်ယောက်သည် အနောက်ခြံထဲ၌ စကားပြောနေကြသည်။ အမျိုးသမီးစုသည် တစ်ခုခုပြောရန် ကြံရွယ်သော်လည်း ကြမ်းတမ်းကျယ်လောင်သည့် အသံတစ်ခုကြောင့် နှောင့်ယှက်ခြင်းခံလိုက်ရသည်။

“ခွေးမတွေ ဘယ်ရောက်ကုန်တာလဲ။ လောင်ဇီက အပြင်မှာ အလုပ်ကြိုးစားပြီး ပင်ပင်ပန်းပန်း ပိုက်ဆံရှာနေတုန်း နင်တို့ ဆန်ကုန်မြေတွေက တစ်နေကုန် ပါးစပ်ဖွင့်ပြီး စားသောက်ဖို့ပဲတတ်တယ်။ လောင်ဇီ ပြန်လာတာကို မမြင်ကြဘူးလား” ထိုစကားများသည် ယွဲ့မိသားစု၏ ဒုတိယသား ဖြစ်သည့်အပြင် ညီအစ်မခုနစ်ယောက်၏ အဖေဖြစ်သည့် ယွဲ့ချန်လုဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အခန်းအပြင်ရှိ ယွဲ့ချန်လု၏ ဆူဆဲ၍ အော်ခေါ်နေသံများကြောင့် အမျိုးသမီးစုသည် အိပ်ရာမှထကာ ထိုလူ့အား ပြုစုရန် ကြိုးပမ်းနေတော့သည်။ သို့သော်လည်း ယိုကျင့်သည် သူမအားတားကာ “အမေ ထမင်းအမြန်စားလိုက်ပါ။ သမီးအဖေ့ကို သွားကြိုလိုက်မယ်”

ထို့နောက် သူမသည် အမျိုးသမီးစုအား တားရန် ယိုရင်အားခေါ်ပြီးနောက် ပါးလွှာသော လိုက်ကာစကို ပင့်ကာ ယွဲ့မိသားစု၏ နောက်ထပ် စိတ်ရှုပ်စရာလူတစ်ယောက်ကို ရင်ဆိုင်ရန် ထွက်သွားလိုက်သည်။

ယိုကျင့်သည် မျက်နှာသေနှင့် ထွက်လာသည်ကို မြင်သော် ယွဲ့ချန်လုသည် သူစီးထားသည့် အပေါက်အဖာများနှင့် ဖိနပ်ကို ကောက်ကာ ပစ်ရန် ရွယ်လိုက်သည်။ “ဆန်ကုန်မြေလေး ငါခေါ်နေတာ နေ့တစ်၀က်လောက်ရှိပြီကို ထွက်မလာကြဘူး။ နားကန်းနေကြလား”

ယိုကျင့်၏မျက်၀န်း၌ အရိုင်းဆန်မှုများ ပေါ်ထွက်လာသော်လည်း ခဏအတွင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သူမသည် ဆယ့်တစ်နှစ်သာရှိသေး၍ ထိုသတ္တဝါဆိုးကြီးများ၏ ပြိုင်ဘက် မဟုတ်သေးပေ။ ထို့အတွက် သူမသည် သည်းခံရုံသာ တတ်နိုင်ပြီး ယွဲ့ချန်လု ပစ်လိုက်သော ဖိနပ်များကို ကောက်ကာ အခြားဖိနပ်များ၏ ဘေး၌ ထားလိုက်လေသည်။ “အဖေ ခြေဆေးဖို့ ရေသွားယူလိုက်ဦးမယ်”

ယွဲ့ချန်လု၏ ဆူဆဲသည်းတွားမှုများကို လျစ်လျူရှုကာ အနောက်ခြံမှ ထွက်ပြီး မီးဖိုချောင်၌ ရေနွေးတည်ရန် မီးဖိုရှေ့၌ ထိုင်ချလိုက်သည်။

ယွဲ့ချန်လုအား ပြုစုပြီးချိန်၌ ထိုပိုက်ဆံရှာနေသည်ဆိုသော လူကြီးဆီမှ အရည်အသွေးနိမ့်သည့် အမျိုးသမီးပေါင်ဒါရနံ့ကို ရလိုက်လေသည်။ ယိုကျင့်၏ မျက်၀န်းသည် ပို၍ပင်အေးစက်လာသည်။ သူမသည် ယွဲ့ချန်လု၏ ကိစ္စများကို အနံ့ခံမိသော်လည်း အမျိုးသမီးစုသည် ကိုယ်၀န် လွယ်ထားရသည့်အတွက် ထုတ်မပြောခြင်းသာ ဖြစ်သည်။ အမျိုးသမီးစု၏ အကျင့်အရ သူမသည် သုံးနှစ်အရွယ် ကလေးတစ်ယောက်သည် သူမအား အနိုင်ကျင့် နှိပ်စက်နေလျှင်ပင် ပြန်မလုပ်သည့်သူမျိုး ဖြစ်သည်။ ထို့အတွက် ယွဲ့ချန်လုသည် အပြင်၌ ပွေရှုပ်နေသည်ကို သူမ သိလျှင်ပင် အသုံးမ၀င်ချေ။

ယွဲ့ချန်လုအသုံးပြုပြီးသော ရေများကို သွန်ပြီးနောက် သူမနှင့် သူမ၏ညီအစ်မခြောက်ယောက်အတွက် ရေနွေးတစ်ဇလုံ ခပ်လာခဲ့သည်။ သူမတို့သည် ခန္ဓာကိုယ်နှင့် ခြေထောက်များကို ထိုရေများနှင့် သန့်စင်လိုက်သည်။ ထို့နောက် ခုတင်အစွန်းမှစ၍ ညီအစ်မများသည် တစ်ယောက်ပြီး တစ်ယောက် ဘေးချင်းကပ် အိပ်ကြလေသည်။ ယိုကျင့်သည် ကြမ်းတမ်းသည့် အမဲရောင်စောင်ကို ခြုံလိုက်ပြီး ကိုယ်တစ်၀က်ကိုသာ လှဲကာ ရှောင်လျှို့ကို ကြည့်ရင်း စဉ်းစားနေလေသည်။ ငါဘာလုပ်သင့်လဲ...

ထိုညီမများကို လောဘကြီးသည့် ယွဲ့မိသားစုထဲမှ မည်သို့ ခေါ်ထုတ်ရမည်နည်း။ သူမတစ်ယောက်တည်း လွတ်မြောက်ရန် လွယ်ကူပေသည်။ သို့သော် သူမထွက်သွားလျှင် ထိုညီမများ မည်သို့ဖြစ်ကျန်ခဲ့မည်နည်း။ ယခင်ဘ၀၌ သူမသည် အဖေအမေမရှိသည့် မိဘမဲ့အဖြစ် ကြီးပြင်းလာရလေသည်။ ယခု သူမသည် ညီမငယ်များ ရလာသည့်အတွက် ထိုကလေးများ ငယ်ရာမှ ကောင်းမွန်စွာ ကြီးပြင်းလာသည်ကို ကြည့်ရှုချင်မိသည်။ ထိုအတွေးက မတူညီသည့် ဤကမ္ဘာရှိ မိသားစုနှင့် ခွဲခွာရန် တွန့်ဆုတ်စေသည်။

ယွဲ့ချန်လု၏ ပေါင်ဒါနံ့ထူထူကို တွေးမိပြီးနောက် ယွဲ့မိသားစုရှိ သူမတို့ညီအစ်မများ၏ ဘ၀အတွက် သူမ သေချာ စဉ်းစားတော့သည်။ သူမ၌ အကြံကောင်းတစ်ခု ရှိမှရပေမည်။

ယိုကျင့်သည် နေ့စဉ် လူများ အာရုံမရသည့်အချိန်၌ သူမတို့အခန်းတွင် မြေအိုးပဲ့လေးနှင့် ဆေးကျိုကာ ရှောင်ကျို့ကို တိုက်ရလေသည်။ ငါးရက်ခြောက်ရက်မျှ ကြာပြီးနောက် ရှောင်ကျို့၏အဖျားမှာ ကင်းစင်သွားလေသည်။ ပိန်ပါးကား အဝါရောင်သန်းနေသည့် မျက်နှာလေးကို မြင်ရသောအခါ ယိုကျင့်တစ်ယောက် သက်ပြင်းချလိုက်မိသည်။

“မနက်ဖြန် အစ်မ ၀က်စာသွားခုတ်ရင်း တောင်ပေါ်မှာ ငှက်သိုက်တို့ဘာတို့ရှိလား ကြည့်ခဲ့မယ်။ မင်းတို့စားဖို့ ငှက်ဥနည်းနည်းလောက် ရှာတွေ့ခဲ့ရင် ကောင်းတာပေါ့” ယိုကျင့်သည် အရင်နှစ်မှစကာ တောင်ပေါ်သို့ ၀က်စာသွားခုတ်သည့် နေ့များတွင် တစ်ခါတစ်ရံ ငှက်သိုက်များရှာတွေ့၍ ငှက်ဥများ ရခဲ့လေသည်။ သူမသည် ရစ်ငှက်ကို ဖမ်း၍လည်း သူမညီမများစားရန် ယူလာခဲ့သည်။ အဘွားချန် ကျွေးသည်နှင့်သာ ကျေနပ်ခဲ့လျှင် သူမတို့သည် အာဟာရပြတ်၍ သေကုန်ကြမည်ပင်။ အဲ့လိုသာဆို အခုလို ကောင်းကောင်းနေနိုင်ပါ့လား....

ရှောင်ကျို့သည် သူ့အစ်မ ခေါင်းကိုက်နေသည်ကို ခံစားမိ၍ ခါးသက်သည့် ဆေးများကို တကျိုက်တည်းမော့ကာ အချဉ်ရွက်များကို လိမ်လိမ်မာမာ ဝါးနေလိုက်သည်။ ထို့နောက် သူမ၏ ကလေးသံလေးနှင့် ပြောလေသည်။ “ရှောင်ကျို့က ငှက်ဥမစားချင်ပါဘူး”

သူမသည် မစားချင်ဘူးဟု ပြောနေသောလည်း သူမ၏မျက်၀န်းများသည် ခန္ဓာကိုယ် ပိန်ပါးနေ၍ ပြူးကျယ်နေကာ အာဟာရပြတ်သည့် လက္ခဏာများ ပြနေလေသည်။

ရှောင်ကျို့၏ အလိုက်သိမှုကြောင့် ယိုကျင့်သည် ရှောင်ကျို့အား အပြုံးလေးဖြင့် သူမရင်ခွင်ထဲ၌ ဖက်ကာ မွဲခြောက်၍ မြက်ပင်လို ကြမ်းနေသည့် ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။

“အဲဒါဆို ရှောင်ကျို့က ဘာစားချင်တာလဲ။ ရှောင်ကျို့ စားချင်တာကို မမကြီးက လုပ်ပေးမယ်လေ။ ဟုတ်ပြီလား”

ရှောင်ကျို့သည် အရင်တစ်ခါက လီချန်တို့‌၏ အိမ်ရှေ့၌ ဖြတ်သွားရင်း ရခဲ့သော အနံ့နှင့် သူမ၏အစ်မကြီး ယူလာခဲ့သော ရစ်ငှက်ခြေထောက်ကင်လေးများကို တွေးရင်း တံတွေးမျိုချလိုက်သည်။ “ရှောင်ကျို့ စားချင်တာက..."

ရှောင်ကျို့၏ အသံသည် ဖြည်းဖြည်းချင်း တိုးသွားကာ ယိုကျင့်၏အပြုံးများသည် ယခင်အတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ရှောင်ကျို့၏ဘေး၌ တန်းစီထိုင်နေသည့် ညီမများကို ကြည့်ကာ ကတိပေးလိုက်သည်။

“အနာဂတ်မှာ မင်းတို့လေးတွေ အကုန် အသားစားရမယ်လို့ အစ်မကြီးက အာမခံတယ်။ မမကိုပဲ ယုံလိုက်”

ညီအစ်မခြောက်ယောက်သည် ယိုကျင့်အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ခေါင်းများကို အသေအလဲ ငြိမ့်ကြလေသည်။

“သမီးတို့ မမကြီးကိုယုံတယ်”

ယိုကျင့်သည် ရှောင်လျှို့ယောက်၏ ကြည်လင်သည့် မျက်၀န်းများကြောင့် သူမ၏ယုံကြည်ချက်သည်လည်း ခိုင်မာလာခဲ့သည်။ အစ်မက မင်းတို့ကို ကာကွယ်ပေးပြီး ဒီထက်ပို ချမ်းသာတဲ့ ဘ၀ကို ပေးမယ်။

…

အပိုင်း (၃) ကြက်သွန်မြိတ်ရိုင်းနှင့် ဥများ

လူအများစုက ယွဲ့မိသားစု၏ ပြဿနာများကို နောက်ကွယ်၌ ပြောဆိုကြလေသည်။ ပထမမိသားစုခွဲမှ အမျိုးသမီးချန်သည် အဘွားချန်နှင့် တူ၀ရီးတော်စပ်သည်ကို အမှီပြုလို့ရသည့်အပြင် သားနှစ်ယောက် ဖွားမြင်ထားခြင်းအချက်က မိသားစုခေါင်းဆောင်နှင့် အဘွားချန်ကို ကျေနပ်ပျော်ရွှင်စေသည်။ ထို့ကြောင့် သူမသည် မိသားစုအလုပ်များ၌ အနားယူလို့ရကာ သူမ လုပ်ချင်စိတ် မရှိလျှင် မလုပ်ဘဲ နေ၍ရပေသည်။

တတိယမိသားစုမှ အမျိုးသမီးဟန်သည် အဘွားချန်နှင့် အခြားသူများကို သဘောတွေ့ခြင်း မရှိချေ။ သူမနှင့် မသက်ဆိုင်သည့် ကိစ္စများတွင်လည်း ၀င်ရောက်စွက်ဖက်ခြင်း မရှိပေ။ ထို့အပြင် သူမသည် ချွေ့ဖုန်းရွာ၌ တစ်နှစ်ပတ်လုံးတွင်မှ ရက်အနည်းငယ် နေထိုင်လေသည်။ ထို့အတွက် ပထမမိသားစုမှ လက်ရှောင်လိုက်သော အလုပ်များအားလုံးသည် ယိုကျင့်နှင့် အခြားသူများ၏ ပခုံးပေါ်သို့ တာ၀န်ကျလေသည်။

အမျိုးသမီးချန်သည် ပင်မဆောင်၏တံခါးရှေ့၌ ရပ်ကာ ယိုကျင့်နှင့်ယိုရင်တို့ ၀က်စာတောင်းများကို ပင်ပန်းစွာ သယ်နေရသည်ကို ကြည့်ကာ ယုတ်မာစွာ ရယ်သွမ်းရင်း ရွှင်မြူးသော အသံဖြင့် ပြောလေသည်။

“ယိုကျင့်နဲ့ယိုရင်ရေ မင်းတို့သေချာဂရုစိုက်ဦးနော်။ အဲ့၀က်စာတွေက ၀က်တွေကို ကျွေးဖို့လေ။ လနည်းနည်းကြာပြီးရင် နှစ်ကူးတော့မှာဆိုတော့ ၀က်တွေက ၀ဖြိုးနေသင့်ပြီ။ ၀က်စာတွေများ မှောက်သွားလို့ကတော့...” အဆုံးမသတ်ရသေးသည့် စကားလုံးများသည် သိသာလွန်းလေပြီး ထိုနောက်မှ တဟီးဟီးရယ်သံက ထွက်ပေါ်လာလေသည်။

ယိုကျင့်သည် ထိုအမျိုးသမီး၏ နှောင့်ယှက်မှုကို လျစ်လျူရှုကာ ပြဿနာမတက်စေချင်သောကြောင့် အေးတိအေးစက်သာ ပြောလိုက်သည်။

“အဲဒါဆိုလဲ အဒေါ့်ဘာသာ ၀က်စာကျွေးလိုက်လေ။ ကျွန်တော်တို့ကိုလည်း စိတ်ပူဖို့မလိုတော့ဘူး။ အခုလိုလည်း ၀က်စာဖိတ်လို့ အဘွားကို ရှင်းပြစရာ မလိုတော့ဘူးလေ”

ယိုကျင့်၏ အသံဆုံးသည်နှင့် အဘွားချန်၏ အသံသည် တံခါးနောက်မှ ထွက်ပေါ်လာသည်။

“ဘာလဲ နင့်ကို အလုပ်နည်းနည်းလေး ပိုလုပ်ခိုင်းတာကို အခြားလူတွေ သိသွားမှာ ကြောက်ရမှာလား။ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့ပဲ သိတယ်။ နင်တို့ကိုကျွေးရတာထက် ၀က်တွေကျွေးရတာမှ တန်သေးတယ်။ ရှိတဲ့ပါးစပ်က အကြီးတွေကို ပြန်ပြောဖို့ပဲတတ်တယ်။ တကယ့် ဆန်ကုန်မြေလေးတွေ။ နင်သင်ပြထားတဲ့ သမီးတွေက ဆိုးသွမ်းလိုက်တာ” ကိုယ်၀န်မြဲရန် အိပ်ရာထက်၌ နားနေသော အမျိုးသမီးစုကိုပင် ပြဿနာထဲသို့ ဆွဲထည့်လာပြန်‌သည်။

“အမေရယ် ယောက်မလေးက ကိုယ်၀န်လွယ်ထားရလို့ အိပ်ရာထဲနားနေရတာကို ဘယ်လိုပြောလိုက်တာလဲ။ အမေပြောတာကို သူကြားသွားရင် တကယ်လို့ အမေ့မြေးလေးမွေးလာလို့ အမေ့ကို ကောင်းကောင်းမဆက်ဆံတော့ရင် ဘယ်လိုလုပ်မလဲ” မီးလောင်ရာလေပင့်ခြင်းသည် အမျိုးသမီးချန် လုပ်နေကြအရာဖြစ်ကာ ထိုမှ သူမအတွက် အကျိုးအမြတ်ရနိုင်ပေမည်။

ထိုကိစ္စကို ပြောသည်နှင့် အဘွားချန်သည် ပို၍ဒေါသထွက်လာကာ

“ပိုက်ဆံထိုင်ဖြုန်းဖို့ပဲတတ်တဲ့ဟာကများ သူက မိန်းမယုတ်တွေပဲ‌ မွေးလာတာလေ။ ‌ငါ့ဖို့ မြေးမွေးပေးနိုင်မယ် ထင်နေလား။ ဆန်ကုန်မြေကနေ နောက်ထပ် ဆန်ကုန်မြေ ခုနစ်ယောက် ထုတ်ပေးလိုက်တာပဲ” သူမတို့သည် အရင်ကိစ္စများကိုပါ ဆွဲထည့်ကာ ပြဿနာတက်အောင် စကားစလာကြသည်။

ယိုရင်သည် သူမအမေအား ထိုသို့ကျိန်ဆဲနေသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ ပြန်ပြောရန် ပြင်ချိန်၌ ယိုကျင့်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ယိုကျင့်သည် ညီမဖြစ်သူ၏ အင်္ကျီလက်စကို ဆွဲကာ ထိုအပေါက်ဆိုးသည့် နှစ်ယောက်နှင့် ရန်မဖြန်ရန် ယိုရင်အား အကြည့်တစ်ချက်ဖြင့် အချက်ပြလိုက်သည်။ ယိုရင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသံမထွက်သည့်အချိန်မှ လွှတ်ပေးလိုက်သည်။ ထို့နောက် ခြင်းတောင်းကို ခါကာ ကျန်နေသော ၀က်စာများကို ၀က်စာခွက်ထဲသို့ ထည့်ကာ ၀က်စာစုရန်အတွက် တောင်ပေါ်သို့ ထပ်တက်ရန် တောင်းကို သူမကျောပေါသို့ တင်လိုက်သည်။

“အဘွားနဲ့အဒေါ် သမီး ၀က်စာထပ်စုဖို့ သွားလိုက်ဦးမယ်”

“အိုက်ယား ယိုကျင့်ကို ဒုက္ခပေးမိပြီ။ အရင်နှစ်ရက်က အဒေါ်ဂရုမစိုက်မိလို့ လက်ဆစ်လွဲသွားလို့ပါ။ ပင်ပန်းနေတော့မှာပဲ” အမျိုးသမီးချန်သည် ညှောင်နာနာ အသံဖြင့် ပြောလေသည်။ သူမသည် လက်ဆစ်လွဲလိုက် အုန်းလွဲလိုက်နှင့် တစ်လှည့်စီ လွဲနေကြပင်ဖြစ်သည်။

“ငါ့ဟာတွေစား ငါ့ဟာတွေ သုံးနေတာပဲ။ ၀က်စာစုတာ ဘာများခက်လို့လဲ။ ဆန်ကုန်မြေလေးတွေ”

အဘွားချန်၏ အသံ ထပ်မံထွက်ပေါ်လာသည်နှင့် ယိုကျင့်သည် သူမ၏မျက်လွှာချကာ ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူမ တွေးသည်များကို အခြားလူများ မသိနိုင်တော့ချေ။ ယိုရင်အား စကားအနည်းငယ် မှာပြီးသည့်နောက်တွင် သူမသည် တောင်ပေါ်သို့ တက်သွားတော့သည်။

ချွေ့ဖုန်းရွာသည် ချွေ့ဖုန်းတောင်နှင့် ကျောချင်းကပ် အနေအထားဖြင့် တည်ရှိသည်။ တောင်ပေါ်မှ စီးဆင်းလာသည့် ချွေ့ဖုန်းမြစ်သည် ရွာကို အလယ်မှ ပိုင်းဖြတ်သွားလေသည်။ ချွေ့ဖုန်းတောင်ကို အစွဲပြု၍ ချွေ့ဖုန်းရွာဟုသာ ခေါ်ဝေါ်ကြလေသည်။

ရွာသားအများစုသည် မြစ်၏ အရှေ့ပိုင်းတွင်သာ နေထိုင်ကြပြီး ယွဲ့မိသားစုသည်လည်း အရှေ့ပိုင်း၌ တည်ရှိလေသည်။ ယွဲ့ယိုကျင့်သည် ယွဲ့မိသားပိုင် မြေများကို ဖြတ်သွားကာ ရွာလမ်းကြီး၏ တစ်ဖက်တချက်ရှိ ညောင်ပင်အောက်၌ စကားဝိုင်းဖွဲ့နေသည့် အမျိုးသမီးစုကို တွေ့လိုက်ရ၍ နှုတ်ဆက်လိုက်လေသည်။

“ယိုကျင့် ဒီလောက်နေပူနေတာကို တောင်ပေါ်ထပ်တက်မလို့လား” ရွာရှိအမျိုးသမီးများသည် ညောင်ပင်အောက်၌ ထိုင်ကာ အချုပ်အလုပ်များ လုပ်ကိုင်ရင်း စကားပြောကြလေ့ရှိသည်။ ယိုကျင့်လည်း အပြုံးလေးဖြင့်သာ နှုတ်ဆက်လိုက်သည်။

“စန်းရှို့ပေါ် ကျွန်မက ၀က်စာပဲသွားစုမှာပါ။ မဟုတ်ရင် အိမ်က၀က်တွေ ညကျ ဆာနေလိမ့်မယ်”

ယိုကျင့်သည် ထိုအမျိုးသမီးကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

စန်းရှို့ပေါ်သည် နေလုံးကြီးအား ကြည့်ကာ သက်ပြင်းရှည်ချလိုက်သည်။ ယွဲ့မိသားစု၏ အခြေအနေကို သူတို့သိလေသည်။ ထိုကြမ်းတမ်းသည့် အဘွားအိုချန်ကိုသာ အပြစ်တင်ရမည်ပင်။ စန်းရှို့ပေါ်သည် စကားအများကြီး မပြောလိုက်ဘဲ သူမအား သတိပေးလိုက်သည်။

“‌နည်းနည်းလောက်နေရင် နေကပိုပူတော့မှာ ဂရုစိုက်ဦး”

“သိပါပြီ စန်းရှို့ပေါ် အဲဒါဆို သွားတော့မယ်နော်” ယိုကျင့်သည် နှုတ်ဆက်ပြီးသည်နှင့် တောင်ပေါ်သို့ ခြေဦးတည့်လိုက်တော့သည်။ ရှေးခေတ်ရှိ ရွာသားများသည် ရိုးသားကြင်နာသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့သည် အနေဆင်းရဲကာ အချို့မှာ အစားအသောက်ပြတ်လပ်မှုများပင် ကြုံတွေ့ရသည်။ ရွာရှိ အချို့မိသားစုများသည် သူမတို့ကဲ့သို့ပင် အမျိုးသမီး များကြသည်။ သို့သော် သူမသည် ထိုမိသားစု၌ မွေးဖွားခဲ့ခြင်းမဟုတ်၍ သူတို့မည်သို့ ကြုံတွေ့ရသည်ကို သူမမသိပေ။

နေ့လယ်ဖြစ်၍ လူအချို့သာ သစ်သီးရိုင်းနှင့် ၀က်စာများစုရန် လာကြလေသည်။ သို့သော် ယိုကျင့် တောင်ခြေသို့ ရောက်ချိန်တွင် မည်သူကိုမျှ မတွေ့တော့ချေ။

သူမသည် အရွက်ခြောက်ကိုင်း အချို့ကို ခူးကာ ဦးထုပ်ပုံစံ ရက်လုပ်ပြီး သူမခေါင်းပေါ်၌ တင်လိုက်သည်။ ထိုအရာက သူမအား နေ၏အပူရှိန်မှ အနည်းငယ် ကာကွယ်ပေးနိုင်သည်။ ထို့နောက် ရွာသားများ ပြုလုပ်ထားသော လျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နာရီ၀က် ကြာပြီးနောက် ‌ချွေ့ဖုန်းတောင်စွန်းသို့ ရောက်လာခဲ့သည်။

ချွေ့ဖုန်းတောင်ထိပ်သည် တစ်ထောင့်လေးရာ ကီလိုမီတာမျှ ရှိကာ တောင်စဉ်၏အရှည်သည် ကီလိုမီတာ အများအပြားရှိလောက်ပေဟည်။ ထိုတောင်၌ သားရဲနှင့် ငှက်များ စုံလင်ပေသည်။ ယိုကျင့်သည် အရင်ဘ၀၌ စစ်သားအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော်လည်း ယခု ငယ်ရွယ်၍ အာဟာရ ပြတ်နေသော ကိုယ်ထည်အပြင် လက်နက်မရှိသည့်အတွက် တောင်၏အတွင်းပိုင်းသို့ ၀င်ရောက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေတွင်းသို့ အရောက်ပို့ရာသာ ရောက်ပေမည်။

သူမသည် ထိုမျှ မမိုက်မဲသော်လည်း သူမ၏ညီမများအတွက် ငှက်ဥများရှာရန် ရွားသားများ မလာရဲသည့် တောင်အတွင်းပိုင်း၏ အစွန်းနားသို့ အရဲစွန့်၍ သွားလိုက်သည်။

ယိုကျင့်သည် လက်နှစ်လုံးစာ သစ်ကိုင်းကို ခြေထောက်ဖြင့် ချိုးကာ အစွန်းနှစ်ဖက်ကို ချွန်ထက်အောင်လုပ်ပြီး လမ်းရှင်းရန် လက်နက်အဖြစ် ပြုလုပ်လိုက်သည်။

နို၀င်ဘာလဖြစ်သည့်အတွက် ဆောင်းဦးရာသီ၌ ရစ်ငှက်နှင့်ယုန်များ ပြည့်ဖြိုးနေသည့် ကာလဖြစ်သည်။ ယုန်ထောင်ခြင်းနှင့် ရစ်ငှက်ဖမ်းခြင်းတို့သည် တောတွင်း နေထိုင်ခြင်းအတွက် အခြေခံဖြစ်သည့် အရာများသည် ယိုကျင့် အကျွမ်းကျင်ဆုံး အရာဖြစ်ပေသည်။ အကယ်၍ သူမသာ အိမ်ကို ယူသွားခဲ့လျှင် ထိုအရာများကို ‌အဘွားချန်နှင့် အခြားသူများ ရှာတွေ့လျှင် မဖြေရှင်းနိုင်ပေ။ ယိုကျင့်သည် သူမ၏ညီမများ စားရန်အတွက် တောကြက်ဥများနှင့် ငှက်ဥများကိုသာ အမြဲယူသွားရလေသည်။ အဘွားချန်နှင့် အခြသူများ ဈေးသွားသည့်အချိန်မှသာ ရစ်ငှက် သို့မဟုတ် ယုန်ကို တောင်ပေါ်၌ ကင်ပြီး အိမ်သို့ ပြန်ယူကာ သူမ၏ညီမငယ်များကို ခိုးကျွေးရသည်။

ယခု အဘွားချန်နှင့် အခြားသူများ ရှိနေသည့်အတွက် ရစ်ငှက်နှင့် ယုန်တို့ကို ယူသွား၍ မရချေ။ ထို့အတွက် သူမသည် ငှက်သိုက်များကိုသာ အဓိကထား ရှာဖွေရသည်။ ရွာသားများသည် အတွင်းပိုင်သို့ လာလေ့ မရှိသည့်အတွက် ယိုကျင့်သည် အားစိုက်ထုတ်စရာမလိုဘဲ ငှက်သိုက်နှစ်ခုနှင့် တောကြက်ဥများကို ရှာတွေ့လိုက်သည်။ စုစုပေါင်း ဆယ့်ခုနစ်ဥ ရှိကာ သူမယူလာသော မီးခတ်ကျောက်ဖြင့် မီးမွှေး၍ ဥများကို တင်ထားလိုက်သည်။ ဥများမကျက်ခင် အနီးအနားရှိ ၀က်စာများကို ရိတ်ကာ အချိန်ဖြုန်းလိုက်သည်။

မီးပုံ၏ဘေးမှာထိုင်ကာ နီရဲနေသော မီးသွေးများကို ကြည့်ရင်း သူမချိုးလာသော သစ်ကိုင်းဖြင့် ဘေးရှိ မြေကြီးများကို တူးဆွမိသည်။ ဘေးရှိ မြက်ပင်များကြား၌ ကြက်သွန်မြိတ်ပင်ကို တွေ့လိုက်ရသည်။

ထိုရင်းနှီးသည့် သဏ္ဌာန်ကြောင့် သူမသည် အနည်းငယ် စပ်စုကာ ဂရုတစိုက် တူးယူကြည့်လိုက်သည်။ ထိုအရာသည် အမှန်ပင် တောကြက်သွန်ပင်ဖြစ်ကာ သူမတို့ခေတ်က ပျိုးပင်များထက် ပို၍ သေးသွယ်ပေသည်။ ရှေးခေတ်၌ ထိုအပင်များသည် အသုံးမများကြဘဲ အနံ့ပြင်းသဖြင့် မြက်ပင်ကဲ့သို့သာ မှတ်ယူထားကြပြီး ထိုအပင်များသည် တောတောင်များ၌ သဘာ၀အလျောက် ပေါက်လေ့ရှိသည်။

“ကြက်သွန်မြိတ်က....” သူမ၏ အရင်ဘ၀မှ တစ်၀မ်းကွဲ ပြဖူးသော ကြက်သွန်မြိတ် မျိုးစိတ်များကို ပြန်တွေးမိလိုက်သည်။ ထိုအရာသည် ယခုကဲ့သို့ အနံ့မပြင်းသော်လည်း ဆားရည်စိမ်၍ စားကာ အစာစားချင်စိတ်တိုးအောင် ပြုလုပ်ပေးသည်။

“ငါ့မှာ ဗိုက်ပြည့်ဖို့တောင် မလောက်တာ။ ဆားရည်စိမ်စားဖို့ ဘယ်လိုတတ်နိုင်ဦးမလဲ” ထိုသို့ရေရွတ်ကာ လက်ထဲရှိ အပင်ကို အဝေးသို့ ပစ်လိုက်လေသည်။ သို့သော်လည်း နေရာကို အမှတ်အသား ပြုလုပ်ထားခဲ့သည်။ အခုအသုံးမ၀င်ရင် နောက်ကျအသုံး၀င်ချင် ၀င်မှာပေါ့....

ယိုကျင့်သည် အနီးနားရှိ သစ်ရွက် အကြီးများကို ခူးလိုက်ကာ ဥများကို ပတ်လိုက်ပြီး ခြင်းတောင်း၏ အောက်ခြေ၌ သေချာဖွက်ထားလိုက်သည်။ အကြိမ်ကြိမ် စစ်ဆေးကာ သေချာဖုံးထားနိုင်သည်ကို သေချာမှ ခြင်းတောင်းကို လွယ်ကာ အိမ်သို့ပြန်ခဲ့သည်။

သူမအိမ်သို့ ပြန်ရောက်ချိန်၌ ညနေစောင်းနေပြီ ဖြစ်သည်။ ကောက်ရိတ်သိမ်းရာသီ မဟုတ်သည့်အပြင် ရာသီဥတုလည်း ပူနေသည့်အတွက် ယွဲ့မိသားစုများသည် သူတို့၏ ကိုယ်ပိုင်အခန်းများ၌ တရေး အိပ်နေကြသည်။ ယိုကျင့်က ခြံတံခါးကို ဖွင့်သည့်အချိန်၌ တိတ်ဆိတ်နေသည့်အတွက် သက်ပြင်းချမိလိုက်သည်။ ခြံထဲသို့ ၀င်ပြီးနောက် အနောက်သို့လှည့်ကာ တံခါးပိတ်လိုက်သည်။ သူမ ပြန်လှည့်လိုက်သည့်အခါ အမျိုးသမီးချန်၏ တတိယသား ယွဲ့၀မ်‌ဝေ့သည် မကောင်းသည့်အကြံဖြင့် သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ သူမအား ကြည့်နေလေသည်။

ယိုကျင့်သည် လန့်သွားသော်လည်း တည်ငြိမ်အောင် ပြန်ထိန်းကာ မေးလိုက်သည်။ “ဘာကိစ္စ ငါ့ကို စိုက်ကြည့်နေ‌တာလဲ”

ယွဲ့၀မ်ဝေ့သည် သူမအား မတူမတန်သလို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“နင် ဘာတွေဖွက်ထားတာလဲ” သူသည် ကြက်ဥနဲ့ကို အနံ့ခံမိကာ ထိုနိမ့်ကျတဲ့လူဟာ တစ်ခုခုကို ဖွက်ထားပြီး ဖုံးကွယ်ထားသည်ဟု သူ၏မသိစိတ်က ပြောနေလေသည်။

“လိမ်လိမ်မာမာနဲ့ ထုတ်ပေးလိုက် မဟုတ်ရင် အိမ်ထဲက ကြက်ဥတွေကို ခိုးစားတယ်ဆိုပြီး နင့်ကို အဖွားနဲ့တိုင်ပြောမှာ”

သူမ၏ညီမတွေကို အနိုင်ကျင့်ရန်နှင့် စားဖို့ရန်သာ သိသော ပထမမိသားစု၏ ၀က်ပုတ်လေးပြောသည်ကို ကြားသည်နှင့် ယိုကျင့်၏ မျက်၀န်းများသည် ပို၍ပင် အေးစက်သွားလေသည်။

“ငါခိုးထားတယ်ဆိုတာ သက်သေရှိလား” ထိုသို့ ပြောပြီးသည်နှင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုကလေးအား ပိတ်ရိုက်ပစ်ချင်သည့် သူမ၏စိတ်ကို ထိန်းချုပ်လိုက်သည်။

ယိုကျင့်ပြောသည့်စကားများအား ကြားပြီး သူမသည် မလုံမလဲဖြစ်နေသည်ဟု ယွဲ့၀မ်ဝေ့ မည်သို့တွေးမိလိုက်သည်လဲ သူမမသိပေ။

“သုံးအထိ ရေမယ်။ မြန်မြန်ထုတ်ပေး မဟုတ်ရင် အဘွားကိုခေါ်လိုက်မှာနော်”

ယိုကျင့်သည် ဘာကိုမျှ မကြောက်ရွံ့ပေ။ ဟန်ဆောင်ကာ အစွယ်ထုတ်နေသည့် ကြောင်ပေါက်ကို သူစိတ်ကျေနပ်သည့်အတိုင်း လုပ်ခိုင်းလိုက်သည်။ ယွဲ့၀မ်ဝေသည် ယွဲ့ယိုကျင့်၏ သေမည့်၀က်သည် ရေနွေးပူကို မကြောက်သည့်ပုံစံနှင့် မထီမဲ့မြင်နေသည်ကို မြင်သည်နှင့် ပင်မဆောင်သို့သွားကာ အော်ပြောလိုက်သည်။

“အဘွား အဲ့မိန်းမယုတ် ယွဲ့ယိုကျင့်က အဘွားဥတွေ ခိုးနေတယ်”

ထို့နောက် ခြံ၀န်းအလယ်၌ ရပ်နေသည့် ယွဲ့ယိုကျင့်ကို မောက်မာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ငြင်းရဲသေးလားဆိုတာ ကြည့်ကြတာပေ့ါ။

အဘွားချန်သည် ကပ်စေးကုပ်သည့်အတွက် သူမ၏မြေး ထိုသို့အော်ပြောသည်ကို ကြားသည်နှင့် ထိုအရာက သူမအား အိပ်ရာပေါ်မှ ငေါက်ကနဲထထိုင်စေရန် လုံလောက်ခဲ့သည်။

“မိန်းမယုတ် တစ်နေ့တစ်နေ့ အတင်းရဲလာလိုက်တာ။ ဒီအဘွားအိုရဲ့ ဥတွေတောင် ခိုးရဲပြီပေါ့။ ဒီနေ့ နင့်ကိုသေ‌အောင် မရိုက်ရင် ငါ့မျိုးရိုးနာမည်က ချန်မဟုတ်တော့ဘူးဟေ့” ခဏအကြာ၌ အဘွားချန်သည် စင်ပေါ်ရှိ ဝါးကြာပွတ်ကိုကိုင်ကာ တံခါးဖွင့်၍ ထွက်လာလေသည်။

“ ဥတွေကို ခိုးပြီး ဘယ်မှာ ဝှက်ထားလဲ ပြောစမ်း... ဆန်ကုန်မြေလေးကတော့....ဖအေရှိပြီး မအေက မသင်တဲ့ဟာမ ဒီနေ့ နင့်ကို သေအောင်ရိုက်ပြမယ်”

“သမီး မခိုးဘူး”ယိုကျင့်သည် ခြံ၀န်းထဲ၌ မတ်မတ်ရပ်ကာ အဘွားချန်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

“အဘွားရဲ့ ဥတွေဘယ်လောက်ရှိလဲ အဘွားသိသားပဲ။ သွားရေလိုက်လေ ပျောက်မပျောက်ဆိုတာ သိရအောင်လို့။ မကျေနပ်ရင် သမီးတို့နေရာပါ ရှာလို့ရတယ်”

“နင့်လို ဆန်ကုန်မြေကများ ပစ္စည်းခိုးပြီး ပြန်ပြောနေသေးတယ်။ ဒီနေ့မှ နင့်ကို မရိုက်ရင် ဒီအဘွားကြီး ဘယ်လောက် အာဏာရှိလဲ နင်သိမှာမဟုတ်ဘူး” ထိုသို့ပြောရင်း အဘွားချန်သည် သူမ၏ကြာပွတ်ကို ယိုကျင့်ဆီသို့ ဝှေ့ရမ်းလိုက်သည်။

ယိုကျင့်သည်လည်း တစ်နေရာတည်း၌ ရပ်ကာ အရိုက်ခံရမယ်ကို စောင့်မနေခဲ့ချေ။ ကြာပွတ်နှင့် ထိတော့မည့်အချိန်၌ အားကုန်သုံးကာ အဘွားချန်၏ ကြာပွတ်မှ ရှောင်လိုက်သည်။ အဘွားချန်သည် မည်သူ့ကိုမှ မရိုက်မိခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မိတော့မလို ဖြစ်သွားသည်။ ယခုသူမသည် ဒေါသမီးများ တဟုန်းဟုန်းတောက်နေပြီ ဖြစ်သည်။ “နင့်လိုဟာကများ ရှောင်ရဲသေးတယ်။ အဲ့လိုဆိုလည်း တစ်နေကုန် ရှောင်နေလိုက်” အဘွားချန်သည် ကြာပွတ်ကို ထပ်မံ ရမ်းလိုက်သည်။

ယိုကျင့်သည် ယခုအခေါ်လည်း မထင်မှတ်စွာပင် သေသပ်စွာ ရှောင်လိုက်နိုင်သည်။

“သမီးမခိုးပါဘူးဆို ဘာလို့ သမီးကို ရိုက်နေသေးတာလဲ”

ရွာသားများ နေ့ခင်းတဖြတ်နားချိန်ဖြစ်၍ ယွဲ့အိမ်၏ ‌ဆူဆူညံညံအသံများက ရွာသားများနှင့် အိမ်နီးနားချင်းများကို ဆွဲဆောင်နိုင်လိုက်လေသည်။

အဘွားချန်သည် ဒေါသကြောင့် နှလုံးသည် ပေါက်ထွက်မတတ်ခုန်နေကာ ယိုကျင့်သည် သူမအား ရွာသားများရှေ့၌ ပြန်ခံပြောရဲသည့်အတွက် ပို၍ပင် မကျေမနပ်ဖြစ်သွားလေသည်။

“ဘာမှမခိုးဘူးဟုတ်လား။ ၀မ်ဝေ့က နင်ကြက်ဥတွေ ခိုးလိုက်တာကို မြင်တာတောင် ၀န်မခံသေးဘူးလား”

“သမီးမလုပ်တာကို ဘာလို့ ၀န်ခံရမှာလဲ” ယိုကျင့်သည် ရူးခါနေသည့် အဘွားချန်ကို အေးတိအေးစက်ကြည့်ကာ မေးလိုက်သည်။

“ဘာလဲ အဘွားက သမီး၀န်ခံလာအောင် ရိုက်နေတာမလား” ယိုကျင့်သည် နံရံကို မှီကာ ပွဲကြည့်နေသော ရွာသားများနှင့် သူမ၏ညီမများကို တားထားသည့် ယိုရင်ကို‌ တွေ့လိုက်သည်။ သူမသည် ယခု အနည်းငယ် စိတ်သက်သာရာရပြီဖြစ်လေသည်။ သူမ၏ညီမများ အရိုက်မခံရသရွေ့ သူမအတွက် အဆင်ပြေသည်။

ထို့နောက် လူအုပ်ထဲမှ လူငယ်လေးက အရဲစွန့်ပြောလိုက်လေသည်။ “ဟုတ်သားပဲ။ အရီးကြီးကလည်း ယိုကျင့်ညီမ‌လေးက ဒီလောက်မခိုးဘူး ပြောနေတာပဲ။ အရီးတို့မှားမြင်တာများလား”

ရှန်းဇီ- အဒေါ် (သို့) အဖေ့ညီ၏ မိန်းမ

ရှို့ပေါ် - ယောက္ခထီးနှင့်ညီတော်စပ်သူ၏ဇနီး

…

All Chapters