အခန်း (၄-၆)
Vol. 1 Ch. 4-6
အပိုင်း (၄) ပြဿနာ
ပြူးကျယ်ကာ ဖြူဖပ်နေသော မျက်၀န်းတစ်စုံသည် ထိုလူငယ်လေးအား စိုက်ကြည့်နေကာ “နင့်လို အမွေးမစုံတဲ့ကောင်က ငါတို့မိသားစုနဲ့ ဘာဆိုင်လို့ ၀င်ပါတာလဲ။ မျက်ကန်းလို မသိချင်ယောင် မဆောင်နိုင်ဘူးလား”
သူမ၏စကားများသည် တက်ကြွပြီး ဖြောင့်မတ်သည့် လူငယ်အား စိတ်ခုသွားစေသည်။
“အရီးပြောတာ မဟုတ်သေးပါဘူး။ ကျွန်တော် အမွေးစုံမစုံ သိရအောင် အရီးက ကျွန်တော်ရေချိုးတုန်းများ ချောင်းကြည့်ထားတာလား”
ရွာသားအများစုသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကာ ရိုးသားဖြောင့်မတ်သော်လည်း စကားများသည် တည့်တိုးဆန်ကာ ကြမ်းတမ်းပေသည်။ လူငယ်လေး ပြောသည့် စကားများကို ကြားသည်နှင့် ဘေးပတ်ပတ်လည်ရှိ ရွာသားများသည် ဝိုင်းရယ်ကြလေသည်။ အဘွားချန်၏ မျက်နှာသည် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းများ ရောထွေးကာ ဖြူတလှည့် စိမ်းတလှည့်ဖြင့် ဖြစ်နေသည်။
ထိုကလေး၏ ယုတ်ညံ့သည့် စကားများကြောင့် အဘွားချန်သည် သူမ သိက္ခာကျသလို ဖြစ်သွားလေသည်။ သူမ ထိုသို့ စနောက်ခံရခြင်းမှာ ယိုကျင့်ကြောင့် စသည်ကို ပြန်တွေးမိသည်နှင့် ကြာပွတ်ကို ရမ်းကာ ယိုကျင့်ဆီသို့ တည့်တည့်ရိုက်ချလိုက်သည်။
“နင့်လို ကောင်မက မျက်နှာပြောင်တိုက်ပြီး ခိုးရဲတယ်။ မင်းတို့ လူငယ်တွေရဲ့ ပါးစပ်က ညစ်ညမ်းလိုက်တာ”
ဘေး၌ရပ်ကာ ပွဲထိုင်ကြည့်နေသော ယိုကျင့်သည် အသိ၀င်ကာ အမြန်ရှောင်လိုက်သော်လည်း အဘွားချန်၏ ကြာပွတ်ဖြင့် သူမကိုယ်ကို ရိုက်မိလိုက်သည်။
“သမီးဘာမှ မခိုးပါဘူးဆို ဘာလို့မယုံတာလဲ။ အခန်းထဲ ၀င်စစ်ကြည့်မလား”
သူမကို ထိုကဲ့သို့ ဒေါသစိတ်နှင့် ပြောမယ်မထင်ထားသည့် အဘွားချန်သည် ပို၍ပင် ဒေါသထွက်လာကာ အမျိုးသမီးချန်ကိုခေါ်၍ ပစ္စည်းများကို ရှာခိုင်းလိုက်သည်။ “ချွေးမကြီး သူတို့အခန်းထဲသွားရှာချည်”
“ဟုတ်ကဲ့” သူများကို ချောက်ချရမည့်အရေး၌ အကျွမ်းတ၀င်ရှိသည့် အမျိုးသမီးချန်သည် သူမ၏ယောက္ခမ ညွှန်ကြားသည့်အတိုင်းပင် တသွေမသိမ်း လိုက်နာကာ သူမ၏လက်ရုံကို ပင့်ပြီး ဒုတိယမိသားစုခွဲနေထိုင်သည့် နေရာသို့ အမြန်၀င်သွားလေသည်။
ယိုကျူးနှင့်ယိုပေါင်သည် သူမတို့၏အဒေါ်အား တားချင်ပါသော်လည်း သူမတို့၏ဒုတိယအစ်မသည် သူတို့အား တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။ အိမ်ထဲသို့ရောက်သည်နှင့် အမျိုးသမီးချန်သည် သေတ္တာများ၊ ဗီရိုများပါမကျန် ဖွင့်ကာ လှန်လှောရှာလေသည်။
“ဒီတစ်ခါ သည်းဘယ်လိုပြောမလဲ ကြည့်တာပေါ့” အဘွားချန်သည် မောက်မာစွာဖြင့် ယိုကျင့်ကို ကြည့်လေသည်။
“ခိုးထားတာတွေ ရှာတွေ့ကြည့်စမ်း။ နင့်လို ဆန်ကုန်မြေလေးကို အသေသတ်ပြမယ်”
အဘွားချန်၏ တွက်ချက်မှုသည် လွဲသွားပေသည်။ အနောက်ခြံထဲသို့ ၀င်သွားခဲ့သော အမျိုးသမီးချန်သည် အချိန်တန်ကြာ ရှာသည့်တိုင် အရှက်ရစွာဖြင့် လက်ဗလာနှင့်သာ ပြန်လာခဲ့ရသည်။ ထို့နောက် ယောက္ခမ၏နားဆီသို့ ကပ်ကာ သူမ၏ကျရှုံးမှုကို ကပ်တိုးပြောလေသည်။
“အမေ ကျွန်မရှာမတွေ့....”
“မဖြစ်နိုင်တာ သူသေချာပေါက်ခိုးထားတယ်။ ကျွန်တော်ဥအနံ့ရတယ်လို့” ပွဲကြည့်နေသည့် ယွဲ့၀မ်ဝေ့သည် ရုတ်တရက် လန့်သွားကာ မေးခွန်းထုတ်တော့သည်။
“အိမ်ထဲမှာမရှိရင် သူ့ကိုယ်မှာ ဖွက်ထားတာနေမှာ။ အဘွား သူ့ကိုယ်ပေါ်ကို အမြန်ရှာကြည့်”
အဘွားချန်သည် သူ့မြေးပြောသည်ကို ယုံကြည်နေဆဲဖြစ်သည်။ ထိုသို့ကြားသည်နှင့် သူမ၏အကြည့်မှာ ပြောင်းသွားကာ ယိုကျင့်အား စိုက်ကြည့်နေလေသည်။ ငါ့မြေးပြောတာမှန်တယ်။ သူ့ကိုယ်ပေါ်မှာ ဖွက်ထားလို့ပေါ့ မဟုတ်ရင် ငါတို့ကို ဘာလို့ သူတို့အခန်းထဲ ရှာခိုင်းရဲမှာလဲ....
ထို့နောက် အဘွားချန်သည် ယိုကျင့်၏အနားသို့ တလှမ်းချင်းဖြင့် သွားလေသည်။ ယိုကျင့်သည် ကြောက်ဟန်ဆောင်ကာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
“အဘွားက တကယ်ပဲ ဒီမြေးကို သူခိုးလို ဆက်ဆံနေတာလား”
“ဖွီ ငါ့မှာ နင့်လိုမြေးမရှိဘူး။ ခိုးဝှက်ပြီး သွေးခွဲတတ်တဲ့ဟာမ” အဘွားချန်သည် ယိုကျင့်၏ခြေလှမ်းများ အနောက်သို့ ဆုတ်နေသည်ကို မြင်သည့်အခါ သူမ၏မြေးဖြစ်သူ ပြောသည်များကို ပို၍ပင် ယုံကြည်သွားသည်။ သူ့ကိုယ်ပေါ်မှာ သေချာပေါက် ဖွက်ထားတာပဲ။ မဟုတ်ရင် ဘာလို့ အပြစ်ရှိတဲ့ပုံစံနဲ့ အနောက်ဆုတ်သွားရတာလဲ။
အဘွားချန်သည် ယိုကျင့်၏ကိုယ်ပေါ်၌ ရှာရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ယိုကျင့်သည် ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားကာ အဘွားချန်သည်လည်း သူမကို စိုက်ကြည့်ရင်းဖြင့် တစ်လှမ်းချင်းတိုးလာလေသည်။ ခြံအပြင်ရှိ မိန်းမတစ်ဦးသည် အထဲသို့ အပြုံးလေးဖြင့် ဖျန်ဖြေရန် ခြံထဲသို့ ၀င်လာခဲ့သည်။
“အိုက်ယား အရီးကလည်း ကြက်ဥလေးခိုးတာကို အကျယ်ချဲ့နေသေးတယ်။ အဲ့ဥတွေ ရှင့်အိမ်က ကြက်မတွေ ဥထားတာပဲ။ ကလေးက ယူထားရင် ယူတယ်ပေါ့။ ဘာလို့ ကိုယ့်မြေးအပေါ် တွက်ကပ်နေရတာလဲ” ထိုအမျိုးသမီးကြီး မျက်၀န်းများသည် ယိုကျင့်အား သနားစဖွယ် ကြည့်နေလေသည်။ “ပြီးတော့ ယိုကျင့်လေးက ဒီလောက်လိမ္မာတာ တစ်ခုခုခိုးဖိုးဆိုတာ ဖြစ်နိုင်လို့လား”
ယိုကျင့်သည် သူမအားကူပြောပေးသော အမျိုးသမီးကို လှည့်ကြည့်ရာ ယွဲ့မိသားစုနှင့် မျက်နှာချင်းဆိုင်အိမ်ရှိ မာမိသားစုမှ ဖြစ်ကြောင်း သိလိုက်ရသည်။
“ဖွီ မိန်းမယုတ် ဘာကိစ္စ လေကြောရှည်နေတာလဲ။ အဲဒါနင့်ဥတွေမလို့လား။ ငါတို့မိသားစုကိစ္စကို နင်က ဘာလို့ လာဆုံးဖြတ်နေတာလဲ။ နင့်ရဲ့အိမ်အိုထဲ အမြန်ပြန်ချေ” အဘွားချန်သည် အမျိုးသမီးမာကို စိုက်ကြည့်ကာ ထိုသို့ထိုးနှက်လိုက်သည်။
အမျိုးသမီးမာသည် သူမအား ထိုသို့ မျက်နှာတည့်တည့်ကြည့်ကာ ဆိုဆဲနေသဖြင့် မကျေနပ်စွာ နှုတ်ခမ်းစေ့ပြီး တီးတိုးပြောလိုက်သည်။ “အရှက်မဲ့လိုက်တဲ့ အဘွားအိုကြီး”
သူမသည် နံရံပေါ်ရှိ ပွဲကြည့်နေသော ရွာသားများကို အေးတိအေးစက်ကြည့်ကာ ဘယ်သူမှ ၀င်မပြောတော့သည်ထိ သေချာစွာ ကြည့်ပြီးမှ ယိုကျင့်ကို ဆွဲကာ အသေရိုက်တော့သည်။
“ထွက်ပြေးချင်သေးတယ်ပေါ့ ဟမ်”
ယိုကျင့်သည် အံကြိတ်ကာ အနည်းငယ်သည်းခံလိုက်သည်။ ယနေ့ပြဿနာသည် သူမကိုယ်ပေါ်သို့ ရှာဖွေရမှ အပြီးသတ်မည်မှန်းသိသည်။ ထို့အတွက် သူမသည် အခွင့်အရေးယူကာ ပို၍ပင် သနားစဖွယ်ကောင်းအောင် ဟန်ဆောင်လိုက်သည်။ “အဘွား သမီးတကယ် ဘာမှ မခိုးတာပါ။ အဘွား မယုံရင် ရှာကြည့်လို့ရတယ်”
“ဟမ့်” သူမသည် ထိုသို့ နာခံနေသောအခါ အဘွားချန်သည် ကရုဏာကင်းမဲ့စွာဖြင့် သူမအ၀တ်များကို ချွတ်လေတော့သည်။ ယိုကျင့်ကိုယ်ပေါ်၌ အဖာအစပ်များစွာဖြင့် ပါးလွှာသော အတွင်းထည်လေးသာ ကျန်ရှိနေပြီး ခြင်းတောင်းမှာလည်း ၀က်စာများပြန့်ကျဲနေကာ မြေပေါ်၌ မွစာကျဲနေသည်။
အခန်းထဲရှိ အမျိုးသမီးစုသည် အပြင်ရှိ အသံများကြောင့် ခုတင်ပေါ်မှ ဆင်းလာခဲ့သည်။ တံခါးဘောင်ကို ဆုပ်ကိုင်ပြီး ကြည့်လိုက်ရာ သူမ၏သမီးသည် အ၀တ်များကို ဆုတ်ဖြဲကာ နှိပ်စက်ခံနေရကြောင်း မြင်လိုက်ရသည်။ တုန်ရီနေသော်လည်း ယိုကျင့်၏ရှေ့သို့ အရောက်ပြေးသွားကာ လူတိုင်း၏အမြင်မှ သူမသမီးကို ကာလိုက်သည်။ ထို့နောက် မြေ၌ပြန့်ကျဲနေသော အ၀တ်များကို ယိုကျင့်ပေါ်သို့ အမြန်၀တ်ပေးလိုက်သည်။
“အမေရယ် ပြဿနာရှာချင် ကျွန်မကိုပဲရှာပါ။ ယိုကျင့်က အခုမှ ဆယ့်တစ်နှစ်ပဲ ရှိသေးတဲ့ကလေးပါ။ အမေ အခုလိုလုပ်နေရင် အမေ့မြေးရဲ့ ရှေ့ရေးက ဘယ်လိုတွေဖြစ်မယ်များ မတွေးမိဘူးလား”
အမျိုးသမီးစုသည် ထိုကဲ့သို့ အသံဖြင့် သူမ၏ယောက္ခမကို ပြန်ပြောဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကြောက်ရွံခြင်းရှိသည် မရှိသည်ကို မတွေးမိဘဲ သူမ၏စိတ်သည် သမီးဖြစ်သူ၏ ရှေ့ရေးကိုသာ တွေးမိတော့သည်။ သူမသေရမည်ဆိုလျှင်ပင် သူမယောက္ခမကို သေချာပေါက် တားရမည်ဖြစ်သည်။
အဘွားချန်သည် ဥများ ရှာမတွေ့ခြင်းကြောင့် စိတ်တိုနေပြီဖြစ်ရာ အမျိုးသမီးစုသည် ထိုသို့ ပြုလုပ်လာ၍ ဒေါသများအား သူမအပေါ်သို့ ပုံချလိုက်လေသည်။
“နင်က အိပ်ရာပေါ်လှဲပြီး ကလေးမွေးပေးဖို့ပဲသိတာလေ။ အသုံးမကျတဲ့ဟာမ နင်သာ ဒီအမျိုးယုတ်ကို မွေးခဲ့လို့လေ။အဲဒါကြောင့်ပဲ အဲ့ဟာမက ငါတို့ပစ္စည်းကိုခိုးပြီး ပြန်ခံပြောနေတာပေါ့”
ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် အမျိုးသမီးစု၏ပါးကို အားပါပါဖြင့် ရိုက်ချလိုက်တော့သည်။
ယိုကျင့်သည် အဘွားချန်၏ရိုက်ချက်ကြောင့် လဲကျလာသော အမျိုးသမီးစုအား အမြန်ဖမ်း၍ စစ်ဆေးကြည့်ရာ သူမ၏အဝါရောင်သန်းနေကျ မျက်နှာသည် ယခု နီရဲနေကာ သူမ၏အခြေအနေမှာလည်း ပို၍ဆိုးရွားလာနေပြီဖြစ်သည်။
ယိုကျင့်သည် အမျိုးသမီးစု၏ အရှေ့သို့ ထွက်ရပ်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
“အဘွားက ခြံထဲရော သမီးကိုယ်မှာရော ရှာပြီးပြီပဲ။ ဘာမှာရှာမတွေ့တဲ့ဟာကို သမီးကို ခိုးတယ်ပြောချင်ရင် သက်သေရှိမှရမယ်လေ။ မဟုတ်ရင် သမီးကို စွပ်စွဲနေတာပဲနော်။ အဲ့လိုဆို ဒီနေ့ သမီးသေသွားရင်တောင်မှ ၀န်ခံမှာမဟုတ်ဘူး”
သူမသည် မည်သည့် အပြစ်ရှိစိတ်မှ မခံယူဘဲ ထိုသို့ ပြောခြင်းဖြစ်သည်။ သူမသေသွားလျှင်ပင် သေရဲသည်ဟု ပြောနေသော ယိုကျင့်၏ ပုံရိပ်ကို ရွာသားများက အထူးအဆန်းဖြင့် ကြည့်နေကြသည်။ အလိုက်သိကာ လိမ္မာသည့် ကလေးအဖြစ် သိခဲ့ကြသော ယိုကျင့်၌ ထိုကဲ့သို့ ဒေါသမျိုးရှိမည်ဟု ထင်မထားခဲ့ချေ။ ထိုသို့ကြားပြီးသည့်အခါ အမျိုးသမီးကြီး အချို့ကလည်း ယိုကျင့်အတွက် ထပ်မံပြောပေးကြသည်။
“အရီးကလည်း ခြံထဲရော သူ့ကိုယ်ပေါ်ရော ရှာပြီးပြီပဲ။ ဘာမှမတွေ့ဘူးဆိုတော့ ကလေးက ရှင်တို့ဥတွေ ခိုးမထားလို့ပေါ။ ဒီကိစ္စကို ဒီမှာပဲ တော်လိုက်ပါတော့ အရီးရယ်”
အဘွားချန်သည် ယိုကျင့်ကို ကူညီနေသော လူများကို စိန်းစိန်းဝါးဝါးကြည့်ကာ “သူ့ကိုယ်ပေါ်မှာ ရှာမတွေ့ပေမဲ့ ကျန်တဲ့ခြောက်ယောက်ရှိသေးတာပဲ။ ငါသူတို့ကို မယုံဘူး။ သေချာပေါက် ငါ့ဥတွေကို ခိုးထားတာပဲဖြစ်ရမယ်” ယခု အဘွားချန်သည် ကျန်သည့် ညီအစ်မ ခြောက်ယောက်ကိုပါ သူခိုးအဖြစ် စွပ်စွဲနေခြင်းဖြစ်သည်။
ကြည့်နေသော ရွာသားများမှာ အဘွားချန်၏ ယုတ်မာမှုကြောင့် ထိတ်လန့်သွားရသည်။ အခန်းထဲနှင့် ကိုယ်ပေါ်၌ ရှာပြီးသည့်တိုင် မည်သည့်အရာမှ မတွေ့ခဲ့ပေ။ ဒါကသက်သက်မဲ့ ယုတ်နေတာပဲ။
“အဘွားက ကျွန်မတို့ညီအစ်မတွေကို ခိုးတယ်လို့ ယုံကြည်နေမှတော့ ဦးလေးလီကျန်းကို ခေါ်ပေးဖို့ ဦးလေးသုံး(လင်း)ကို အကူအညီတောင်းရတော့မှာပဲ။ ဦးလေးလီကျန်းကပါ သမီးတို့အမှားလို့ပြောရင် ဘာမှအတွန့်မတက်ဘဲ ပေးသမျှအပြစ်ဒဏ် အကုန်ခံမယ်”
“ဟုတ်ပြီ တူမလေး။ ဦးလေးသုံး အခုပဲသွားခေါ်ပေးမယ်” ဦးလေးသုံး(လင်း) အဘွားချန်နှင့် ခုနကပင် ရန်ဖြစ်ခဲ့သည့် လူငယ်လေးဖြစ်သည်။ သူသည် ယိုကျင့်ပြောသည်နှင့် အမြန်ပင် ပြေးသွားကာ အရိပ်ပင်ရှာမတွေ့တော့ချေ။ အဘွားချန်သည် သူ့အား မည်သို့တားနိုင်တော့မည်နည်း။
အခြေအနေသည် နေရကျပ်ကာ အေးတိအေးစက်ဖြစ်နေသည်။ ယိုကျင့်သည် သူမ၏ညီမများအား တင်းကျပ်စွာ ဖက်တွယ်ရင်း ကာကွယ်ထားသည်။
“ငါလည်း အိုနေပါပြီ။ အခုမှ ညနေစောင်းသေးတာ ဘာတွေပြဿနာဖြစ်နေပြန်ပြီလဲ” ဩဇာရှိသည့် အမျိုးသားတစ်ဦး၏အသံသည် အိမ်တံခါး၀မှ ထွက်ပေါ်လာသည်။ ထိုအသံသည် ပိန်ပါး၍ မျက်နှာကျရှည်သော အသက်ကြီးကြီး အမျိုးသားတစ်ဦးဆီမှ သက်ဆင်းလာခြင်းဖြစ်သည်။ ထိုလူသည် ဖြူလွှလွှ အိင်္ကျီအပါးကို ၀တ်ဆင်ထား၏။ သူသည် အိမ်ရှေ့တံခါး၀ကို ခြေချပြီးသည်နှင့် ဖရိုဖရဲဖြစ်နေသော ညီအစ်မများကို နှိမ့်ချစွာ ကြည့်လိုက်သည်။
“မရှက်ကြဘူးလား” အိမ်ထဲမှထွက်လာသူသည် ယွဲ့မိသားစု၏ ခေါင်းဆောင် ယွဲ့တာ့ဖူဖြစ်သည်။ သူမ၏အမျိုးသား ထွက်လာသည်နှင့် အဘွားချန်သည် နောက်ခံရှိသလို ခံစားရကာ သူမ၏လက်တစ်ဖက်ဖြင့် ယိုကျင့်ကိုညွှန်ပြီး ကျန်သည့်လက်သည် သူမ၏ခါးကို ထောက်ကာ တိုင်တောတော့သည်။
“ဒီဆန်ကုန်မြေလေးက ကျွန်မတို့မိသားစုရဲ့ ကြက်ဥတွေခိုးပြီး အခုထိ ၀န်မခံသေးဘူး”
ယိုကျင့်သည် အနည်းငယ်ပြောင်းလဲသွားသည့် သူမတို့ မိသားစုခေါင်းဆောင်၏ အနေအထားကို ကြည့်ရင်း နှာခေါင်းရှုံးမိသည်။ ဘာကိစ္စ လူကြီးလူကောင်းယောင် ဆောင်နေသေးတာလဲ။ အပြင်ရှိရွာသားများသည် နံရံအပြင်မှ စိတ်လှုပ်ရှားစွာ ကြည့်နေကြသော်လည်း ခြံထဲရှိ အသေးစိတ် အဖြစ်အပျက်များကို မသိကြချေ။ အဘွားချန်သည် ပြန်လည် ချေပခံနေရ၍ ထိုလူ ထွက်လာခြင်းဖြစ်သည်ဟုသာ သူမတွေးထင်လိုက်သည်။
ယိုကျင့်သည် ယွဲ့တာ့ဖူ၏အတွေးများကို သိပေသည်။ ကိုယ့်မိသားစု၏ ကလေးကို ရိုက်ခြင်းသည် အပြစ် မဟုတ်ပေ။ သို့သော် အပြင်လူဖြစ်သည့် လီကျန်းကို ၀င်ပါစေခြင်းသည် အပိုလုပ်ခြင်းသာဖြစ်သည်။ သူသည် အဘွားချန်၏ဘေးသို့ သွားရပ်လိုက်ကာ ယိုကျင့်တို့အား အေးတိအေးစက်ကြည့်လိုက်သည်။
“အခုထိ မင်းအဘွားဆီ မ၀န်ခံသေးဘူးလား”
“ကျွန်မဘာမှားလို့လဲ”
ယိုကျင့်အတွက် သူမ ခက်ခဲရသည်က ပြဿနာမဟုတ်ချေ။ သို့သော် ဤနေရာ၌ ဆယ်နှစ်ကျော် အချိန်ကုန်ပြီးနောက် အမျိုးသမီးတစ်ဦး၏ပုံရိပ်မှာ မည်မျှ အရေးပါကြောင်း သူမသိလေသည်။ သူမသည်ထိုအရာကို ဂရုမစိုက်သော်လည်း သူမ၏ညီမများအတွက် အရေးပါပေသည်။ သူမ၏ညီမများသည် အနာဂတ်၌ လက်ဆက်ရဦးမည်ဖြစ်သည်။ ထို့အတွက် သူခိုးဟူသော ခေါင်းစဉ်နှင့် သူမတို့ အဖျက်ဆီးမခံချင်ပေ။
သူမသည် အဘယ်ကြောင့် စိတ်ဆက်နေလဲဆိုတာ သူမသိတော့ပေ။ သူသည် မိသားစု၌ ဆယ်စုနှစ်ကြာ အုပ်ချုပ်လာပြီး သူ၏စကားသည်သာ အခရာဖြစ်ခဲ့သည်။ အစက စိတ်မကြည်သည့် သူ၏စိတ်သည် ယခု ယိုကျင့်အပေါ်သို့ ဒေါသအလုံးစုံ ပုံချလိုက်တော့သည်။
“မင်းမှာ အပြုအမူကောင်းလေး နည်းနည်းတောင်မရှိဘူးလား။ ကိုယ့်ရဲ့အကြီးအကဲကိုတောင် ပြန်ပြောရဲတယ်။ မင်းကို ဒီလိုရိုင်းစိုင်းအောင် ဘယ်သူသင်ပြခဲ့တာလဲ”
ယခုသူမသည် နောက်ထပ်ပြစ်မှုများ ထပ်တိုးခံရခြင်းဖြစ်သည်။ သူမသည် ခိုးယူခြင်းကို ၀န်မခံသည့်အပြင် အကြီးကိုလည်း မလေးစားသည့်သူ ဖြစ်သွားပေသည်။ ယွဲ့တာ့ဖူ အကွက်ရွှေ့သွားသည်မှာ လှပလွန်း၍ သူမပင် သတိမထားမိချေ။
ဦးလေးလင်းသည် ခြေသွက်ပေသည်ဟု ဆိုရမည်။ အိမ်ထဲရှိ ရန်ပွဲသည် တစ်ဖက်သတ်ဆန်နေချိန်၌ သူသည် လီကျန်းကိုခေါ်ကာ ယွဲ့မိသားစု၏အိမ်ရှေ့သို့ အချိန်ကိုက် ရောက်လာခဲ့သည်။
“ဦးလေးယွဲ့ လီကျန်းရောက်ပါပြီ။ တံခါးလာဖွင့်ဦးလေ” လီကျန်းရောက်သည်ကို ကြားသည်နှင့် ရွာသားများသည် ရန်ပွဲကို ပို၍ပင် စိတ်၀င်စားလာကြတော့သည်။ ဒီပြဿနာက ဘယ်လိုပြီးမလဲ သိချင်လိုက်တာ။
အပြင်က အသံကိုကြားသည်နှင့် တံခါးအနီး၌ ရှိနေသော ယိုကျင့်သည် တံခါးမင်းတုန်းကို အမြန်ချကာ ဆွဲဖွင့်လိုက်ပြီး အပြင်ရှိရွာသားများနှင့် လီကျန်းကို အိမ်ထဲသို့ ၀င်စေလိုက်သည်။
လီကျန်းသည် ယွဲ့မိသားစု၀င်ဖြစ်ကာ ယွဲ့တျဲ့ဖူဟု ခေါ်လေသည်။ လမ်း၌ လူငယ်လေးပြောသည်များကို နားထောင်ရင်း ယွဲ့မိသားစု၏ အခြေအနေကို တီးမိခေါက်မိပေသည်။ အိမ်ထဲသို့ ၀င်ရောက်သည်နှင့် တစ်ဖက်၌ ဒုတိယမိသားစု၀င်များသည် ကြောက်ရွံ့တုန်ရီနေကြသည်ကို တွေ့လိုက်ရပြီး အခြားတစ်ဖက်၌ ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံသည် သူတို့၏အာဏာပါပါ အကြည့်များဖြင့် ရပ်နေကြသည်။
ယွဲ့တျဲဖူသည်လည်း ယွဲ့မိသားစု၏ အခြေအနေကို သိပေသည်။ ဒုတိယမိသားစု၌ သားတစ်ယောက်မှ မရှိသည့်အတွက် သူတို့၌ မည်သည့်အရေးပေးမှုမှ မရှိပေ။ သူသည် ဝါညစ်ညစ်အသားအရေနှင့် ညစ်ပတ်နေသော ဒုတိယမိသားစု၀င် မိန်းကလေးခုနှစ်ဦးနှင့် သန့်ရှင်းသည့် အ၀တ်အစားများ ဆင်ယင်ထားသည့် ပထမမိသားစု၀င်များကို ကြည့်ရင်း သက်ပြင်းချမိလိုက်သည်။ တာ့ဖူတို့လင်မယားက တကယ်ကို ဘက်လိုက်တာပဲ။
…
အပိုင်း (၅) ပြဿနာ
ဒုတိယမိသားစုရှိ မိန်းမငယ်လေးများ၏ မျက်ရည်ဝဲနေသော မျက်နှာများကြောင့် ယွဲ့တျဲ့ဖူသည် မတတ်သာစွာ မျက်နှာလွဲရင်း ယွဲ့တာ့ဖူကို ဖျောင်းဖျလိုက်သည်။
“တာ့ဖူ ကလေးတွေအပေါ် မရက်စက်လွန်းဘူးလား။ ကျွန်တော်တို့က လူကြီးတွေပဲလေ။ ကလေးတွေကို နည်းနည်းဆူလိုက်ရင် ရပြီလေ။ အခုလို ရိုက်နှက်လို့ ကျိုးကန်းကုန်ရင် ဘယ်လိုလုပ်မလဲ”
ထိုစကားများသည် ယွဲ့တာ့ဖူအား ဤပြဿနာကို မမြင်ချင်ယောင်ဆောင်ရန် ပြောနေခြင်းဖြစ်သည်။ လယ်ဧကသုံးဆယ်ကျော်ပိုင်တဲ့လူက ကြက်ဥလေးနည်းနည်းလေးကို ဘာလို့ တွက်ကပ်နေတာလဲ။
ယွဲ့တာ့ဖူ ဘာမှမပြောခင်ပင် အဘွားချန်၏ ပါးစက်သည် မီးပွား စဉ်သကဲ့သို့ တောက်လျှောက် ပွင့်လာတော့သည်။
“ဘယ်လိုပြောလိုက်တာလဲ။ ဒီနေ့ အိမ်ကကြက်ဥခိုးရဲရင် မနက်ဖြန် ငါ့ငွေတွေခိုးတော့မှာလေ။ အဲတော့ အတင့်မရဲခင် ဒီနေ့ မှတ်လောက်အောင် ပညာပေးရမယ်”
အဘွားချန် ပြောသည်များကိုကြည့်ကာ ယွဲ့တျဲ့ဖူသည် စိတ်မကျေမချမ်းဖြစ်လာသည်။ အဲဒါကြောင့် မိန်းမတစ်ယောက်ကို လက်ထပ်ရတာ ကြမ္မာကို လောင်းကြေးထပ်ရသလိုပဲတဲ့။ အခု ယွဲ့မိသားစုက အဘွားချန်ကို လက်ဆက်ခဲ့တော့ မျိုးဆက်သုံးခုစာ ဖျက်ဆီးခံရတော့မယ်။
“ကျွန်မ ဘာမှမခိုးခဲ့ပါဘူး။ ဦးလေးလီကျန်း ကျွန်မတို့အတွက် တရားမျှတအောင် လုပ်ပေးပါအုံး”
ယွဲ့ယိုကျင့်သည် သူမ၏ညီမများအား တင်းတင်းကျပ်ကျပ်ဖက်ကာ ပြောလေသည်။
“အဘွားက ကျွန်မကိုယ်ပေါ်လည်းရှာပြီးပြီ။ အခန်းတွေထဲလည်း ရှာပြီးပါပြီ။ အခုကျွန်မရဲ့ညီမတွေကို ရှာဖို့လုပ်နေတာ။ ဦးလေးလီကျန်း အခြားဒေါ်လေးတွေနဲ့ ကျွန်မတို့ ကိုယ်ပေါ်မှာ ရှာခိုင်းလို့ရပါတယ်။ ကျွန်မတို့ ဘာမှမခိုးခဲ့ပါဘူး”
“သမီးတို့က သူခိုးတွေမဟုတ်ပါဘူး။ တကယ်ပြောတာပါ” ယိုကျင့်၏အနောက်ရှိ ယိုရင်နှင့် အခြားညီမများသည် ကြောက်ရွံ့စွာတိုးတိုးလေးပြောလာကြသည်။
အမျိုးသမီးစုသည် သူမ၏မျက်ရည်များကို သုတ်ကာ သူမ၏သမီးများအတွက် ကူပြောပေးလေသည်။
“အဖေ အမေ ကျွန်မရဲ့သမီးတွေက အဖေတို့ရှေ့မှာ ကြီးလာတာလေ။ အိမ်က ပစ္စည်း အသေးတွေတောင် မခိုးဖူးတာ ကြက်ဥတွေ ခိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဒုတိယမိသားစုရှိ ကလေးများ ငိုကြွေးနေသည်ကို တွေ့ရသဖြင့် ယွဲ့တျဲ့ဖူသည် မတတ်သာဘဲ သက်ပြင်းချလိုက်တော့သည်။
“ဦးလေးတာ့ဖူ အဲ့ကလေးတွေ ဘယ်လိုကြီးပြင်းလာလဲ ကျွန်တော်တို့တွေ့လာတာပဲ။ အဲ့လိုမျိုး မခိုးဝှက်ရဲကြပါဘူး။ ဒီတိုင်းပျောက်သွားတာ ဖြစ်မှာပါ။ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး ဒီတိုင်း ထားလိုက်ရအောင်"
ယွဲ့တျဲ့ဖူသည် ထိုဆန်ကုန်မြေလေးများအတွက် ပြောနေသည်ကို မြင်လိုက်ရသောကြောင့် အဘွားချန်၏ မျက်နှာမှာ ပို၍ပင်အကျည်းတန်လာသည်။ ယွဲ့တျဲ့ဖူသည် တုန်ရှန်း(အရည်းအချင်းစစ်စာမေးပွဲ )၌ တစ်ဦးတည်းသော အောင်မြင်သည့် လီကျန်း(ပညာရှိ) ဖြစ်သည်။ ထို့အတွက် သူမသည် မတတ်သာဘဲ နှုတ်ဆိတ်၍သာ နေရတော့သည်။ သူမစိတ်ထဲ၌ ထိုကလေးများအား ထိုသို့ သက်သက်သာသာ လွှတ်ပေးရန် အစီအစဉ်မရှိပေ။
လူတိုင်း၏အမြင်ကို သိလိုက်ရ၍ ယိုကျင့်သည် စိတ်ထဲ၌ ရှုတ်ချလိုက်သည်။ အဘွားချန်သည် ချွေ့ဖုန်းရွာ၌ အပေါက်ဆိုးသည်ဟု ကျော်ကြားပေသည်။ ရွာသားအများစုသည် အဘွားချန်တို့ဘက်၌ ရှိနေကာ ကိစ္စသည် မရှင်းမလင်းဖြစ်တော့မည်ကို ယိုကျင့်လက်မခံနိုင်ချေ။ ထို့ကြောင့် အံကြိတ်ကာ တင်းမာစွာ ပြောလိုက်သည်။
“ဦးလေးလီကျန်း အဘွားက အိမ်ထဲကကြက်ဥတွေကို မရေရသေးဘူး။ သမီးက တောင်ပေါ်သွားပြီး ၀က်စာသွားစုတာပါ။ ပြန်ရောက်ရောက်ချင်း ဖမ်းချုပ်ပြီး သူခိုးလို့ စွပ်စွဲခံရတာ။ အဘွားကို ကြက်ဥတွေကို ရေဖို့ ဘာလို့ မထုတ်ခိုင်းရမှာလဲ”
ယွဲ့ယိုကျင့် ပြောသည့်စကားများကြောင့် ယွဲ့တျဲ့ဖူသည် အပြုံးလေးဖြင့် လက်ဖျောက်တီးကာ ပြောတော့သည်။
“ဟုတ်သားပဲ အရီးရယ်။ ဘာလို့ သွားမစစ်ကြည့်တာလဲ။ အရီးအမှတ်မှားတာ ဖြစ်ချင်ဖြစ်မှာပေါ့”
ရွာသားများသည် ယိုကျင့်ပြောသည်ကို ကြားသော် အဘွားချန်သည် အိမ်ထဲရှိ ကြက်ဥပင် မရေတွက်ရသေးခင် ကလေးအား သူခိုးဟု စွပ်စွဲသည်ဟု ထေ့ငေါ့ကာ တီးတိုးပြောကြတော့သည်။ လင်းမိသားစု၏ လူငယ်လေးသည် အားပါးတရ ရယ်သွမ်းကာ လှောင်ရယ်တော့သည်။ “အရီးမှာ မျက်လုံးတစ်ထောင် ရှိတယ်ထင်ပါ့။ ကြက်ဥတောင် မရေရသေးဘူး။ အခိုးခံရတယ်ဆိုတာ သိနေပြီ။ အံ့ဩစရာကြီး”
ထိုကလေး၏ စကားများနှင့် လှောင်ပြောင်ခံရသည့် အဘွားချန်သည် မျက်နှာပျက်သွားတော့သည်။ သို့သော်လည်း သူမ၏မြေးဖြစ်သူ စကားများကို ယုံကြည်နေဆဲပင်ဖြစ်သည်။ “၀မ်ဝေ့ပြောတာ သူကြက်ဥတွေ ခိုးပြီး စားနေတာတွေ့တယ်တဲ့။ ဘယ်လိုလုပ် ငါအထင်မှားရမှာလဲ”
အနောက်၌ ရပ်ကြည့်နေသော ယွဲ့၀မ်ဝေ့သည် အဘွားချန်၏ ခေါ်သံကြောင့် ထိတ်လန့်သွားတော့သည်။ လူအများ၏ မျက်၀န်းများသည် သူ့အပေါ် ကျရောက်လာသောကြောင့် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ၀င့်ကြွားဟန်ဖြင့် “သူသေချာပေါက် ကြက်ဥတွေ ခိုးထားတာ သေချာတယ်။ သူ့ဆီက အနံ့ရတယ်”
“ဟားဟား” ရွာသားများ၏ ရယ်သံသည် တစ်မုဟုတ်ချင်း ပေါ်ပေါက်လာတော့သည်။ မာမိသားစု၏ အမျိုးသမီးကြီးသည် ခါးထောက်ကာ စနောက်လိုက်သည်။
“ကလေး မင်းက ခွေးနှာခေါင်းပါတာလား။ ကြက်ဥတောင် အနံ့ခံလို့ရတယ်ပေါ့။ တစ်ခုခုများ ပျောက်လား ကြည့်ရအောင် ကြက်ဥတွေ ထုတ်ရေဖို့ မင်းအဘွားကို သွားပြောချည်” ထိုသို့ပြောပြီး ခဏ၌ သူမသည် ထပ်မံခနဲ့လိုက်သည်။
“အဲဒါမှ ကြက်ဥတွေပျောက်နေတယ်ဆိုလည်း ဘယ်သူက သူခိုးလဲ သိရပြီပေါ့”
သူမပြောသည်ကို ကြားသည်နှင့် အမျိုးသမီးချန်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားလေသည်။ သူမ၏ကလေး လေးယောက်ကို အာဟာရဖြည့်ပေးရန် ကြက်ဥများကို ပေါ်တင်ယူကာ တိတ်တိတ်လေး ခိုးကျွေးတတ်သည်။ သို့သော်လည်း သူမ၏ယောက္ခမဖြစ်သူသည် ထိုအရာကို မသိချင်ယောင် ဆောင်ပေးထားသည်။ ထိုသို့ တွေးပြီးသည်နှင့် သူမသည် ယုံကြည်ချက် မြင့်လာကာ ခေါင်းမော့ရင်ကော့ရင်း မာအမျိုးသမီးကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
အဘွားချန်သည် မကျေမနပ်ဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီလေ ငါ့ကြက်ဥတွေ တစ်လုံးလျော့ကြည့် အဲ့အမိုက်မတွေကို သတ်ပစ်မယ်” ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် ပင်မ၏ဘေးရှိ သိုလှောင်ခန်းသို့ သွားကာ ကြက်ဥများကို ထုတ်ဖို့ပြင်တော့သည်။ ထိုအခန်း၏သော့သည် အဘွားချန်၏ လက်ထဲ၌သာရှိသည်။
ခဏအကြာ၌ အဘွားချန်သည် ခြင်းအပြည့်ဖြစ်နေသော ကြက်ဥများကို ထုတ်လာတော့သည်။ သူမသည် အလုပ်ကြိုးစားကာ စာလေ့လာနေသည့် သူမ၏ မြေးနှစ်ယောက်အတွက် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
ကြက်ဥများကို ထုတ်လာချိန်၌ အဘွားချန်၏ မျက်နှာသည် အခြေအနေသိပ်မကောင်းချေ။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ကြက်ဥများ မပျောက်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူမပြောခဲ့သည်များက ပြဿနာတက်နိုင်လာသည်။
ယွဲ့တျဲ့ဖူသည် သူမ၏မျက်နှာဆိုးရွားနေသည်ကို တွေ့သည်နှင့် အပြုံးလေးဖြင့် မေးခွန်းထုတ်လိုက်သည်။
“အရီး ကြက်ဥတွေက အရေအတွက် ပြည့်ရဲ့လား။ လျော့နေသေးလား” အဘွားချန်၏ မလုံမလဲ အနေအထားကို ကြည့်ရုံဖြင့် သူ၏စိတ်ထဲ၌ အကြမ်းဖျင်း ကောက်ချက်ချပြီးသွားပြီဖြစ်သည်။ မိန်းမငယ်လေးများသည် မှားယွင်းစွပ်စွဲခံရသည်ပင်။
အဘွားချန် ထူးဆန်းနေသည်ကို ယွဲ့တျဲ့ဖူ ရိပ်မိသကဲ့သို့ အခြားသူများလည်း ရိပ်မိပေသည်။ ယွဲ့တာ့ဖူသည် အဘွားချန်ကို စာလုံးအနည်းငယ်ဖြင့် ဆူငေါက်လိုက်သည်။
“ဘာလုပ်နေတာလဲ။ ကြက်ဥတွေကို အမြန်အထဲသိမ်းတော့။ မင်းက အသက်ကြီးလေ မိသားစုရဲ့ အကြီးအကဲအနေနဲ့ မပြုမူတတ်တော့လေပဲ။ ကိုယ့်အိမ်မှာ ကြက်ဥ ဘယ်နှလုံးရှိမှန်းတောင် မသိဘူးလား”
ထိုစကားများသည် အဘွားချန်ကို လွတ်အောင် ကူညီနေခြင်းဖြစ်သည်။ ထို့သို့ပြောပြီးသည်နှင့် ယွဲ့တျဲ့ဖူဘက်သို့လှည့်ကာ စကားနည်းနည်းဆိုလိုက်သည်။
“ကြည့်ရတာ ဒီနေ့ နည်းနည်းအထင်လွဲသွားတာပဲ။ ကလေးတွေက ငယ်သေးတော့ အချင်းချင်း နောက်ပြောင်ကြတာပါ။ ငါ့တူကို ပင်ပန်းစေမိပြီ”
ယွဲ့တာ့ဖူသည် နှစ်ပေါင်းများစွာ ရှင်သန်လာပြီး၍ မည်သို့ စကားလမ်းကြောင်းလွှဲရမည်ကို သိပေသည်။ ယွဲ့တာ့ဖူသည် ထိုသို့ လမ်းကြောင်းလွဲပြီးသည့်အတွက် ယွဲ့တျဲ့ဖူသည်လည်း အခြားမိသားစု၏ အရေးကိစ္စကို ၀င်စွက်ဖက်ရန် မသင့်တော့ချေ။
“အကုန်လုံးက ဦးလေးရဲ့ မြေးတွေပဲ။ အကုန်လုံးကို ညီတူမျှတူ ဆက်ဆံမယ်လို့ ယုံပါတယ်။ အထင်လွဲတာ ပြေသွားပြီဆိုတော့လည်း ကောင်းပါတယ်” ထိုသို့ပြောပြီးသည်နှင့် ယွဲ့တျဲ့ဖူသည် လက်နှစ်ဖက်ဖြင့် ဂါရ၀ပြုကာ ယွဲ့မိသားစုခြံ၀န်းထဲမှ ထွက်ခွာသွားတော့သည်။
ယွဲ့တျဲ့ဖူထွက်သွားသည်ကိုမြင်သည်နှင့် ယွဲ့တာ့ဖူသည် အမျိုးသမီးချန်ကို ကြည့်လိုက်သည်။ သူမ၏ ယောက္ခထီးဖြစ်သူ အချက်ပြသည်ကို မြင်သည်နှင့် အမျိုးသမီးချန်သည် ခြံတံခါးကို ပိတ်ကာ ကြည့်ရှုနေသော ရွာသားများကို လက်ဝှေ့ရမ်းကာ နှင်ထုတ်လိုက်သည်။ “သွားကြ သွားကြ။ ဘာတွေလာကြည့်နေတာလဲ။ ဇာတ်ပွဲလဲမဟုတ်ဘဲနဲ့”
ရွာသားများသည် စိတ်၀င်စားစရာမရှိတော့သည်ကို တွေ့လိုက်ရသည့်အပြင် အမျိုးသမီးချန်မှ ထိုသို့ ပြောလာသည့်အတွက် နှစ်ယောက်စ သုံးယောက်စဖြင့် နှာခေါင်းရှုံကာ ထွက်သွားကြတော့သည်။ ယွဲ့မိသားစု၏ခြံ၀န်းထဲ၌ လူအနည်းငယ်သာ ကျန်ရှိတော့သည်။
ယွဲ့တာ့ဖူသည် မြေပေါ်၌ ရွံ့လူးနေသည့် မျောက်များကဲ့သို့ စုပုံထိုင်နေကြသော ဒုတိယမိသားစုရှိ မြေးဖြစ်သူများကို ကြည့်ကာ အခဲမကြေဖြစ်မိသည်။ “ဘာလုပ်ရမလဲ သိတယ်မလား။ ဟိုဟိုဒီဒီ လျှောက်သွားမနေနဲ့” ထိုသို့ပြောပြီးသည်နှင့် ပင်မဆောင်ထဲသို့ လှည့်ထွက်သွားတော့သည်။
သူမ၏ယောက္ခမနှစ်ဦးလုံး မရှိသည်ကို တွေ့သည်နှင့် အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့ကို ခေါ်ကာ အရှေ့ခြံ၀န်းသို့ အမြန်ပြေးသွားတော့သည်။ ပထမမိသားစုနှင့် တတိယမိသားစုသည် သက်သောင့်သက်သာရှိကာ အခန်းနှစ်ခန်းစီ တွဲလျက်ရှိသော ကျယ်၀န်းသည့် အရှေ့ခြံထဲ၌ နေထိုင်ရသော်လည်း ဒုတိယမိသားစုသည် မှောင်မည်း၍ ကျဉ်းကျုတ်သည့် အခန်းကျဉ်းထဲ၌ သမီးခုနှစ်ယောက်နှင့် နေရလေသည်။ ထိုအခန်းသည် ဆောင်းရာသီ၌ အေးစိမ့်နေကာ နွေရာသီ၌ အလွန်ပူအိုက်လှသည်။
ဘယ်သူမှမရှိသည်ကို တွေ့သည်နှင့် ယွဲ့ယိုကျင့်သည် သက်ပြင်းချလိုက်သည်။ထို့နောက် အားအကုန်သုံးကာ မြေပေါ်၌ ထိုင်နေသော အမျိုးသမီးစုကို ဆွဲထူလိုက်သည်။
“အမေ မြေကြီးက အေးတယ်။ ညီမလေးတွေနဲ့ အခန်းပြန်တော့နော်။ ၀က်စာစည်းပြီးတာနဲ့ သမီးပြန်လာခဲ့မယ်” ထိုသို့ပြောပြီးသည့်နောက်တွင် သူမ၏ညီမဖြစ်သူများကို ဆွဲထူကာ ရှောင်လျှို့၏ မျက်ရည်စီးကြောင်းများကို သုတ်ပေးလိုက်သည်။
“ညီမလေးက လိမ္မာပါတယ်။ အမေနဲ့ အခန်းပြန်လိုက်နော်”
ရှောင်လျှို့သည် ကြောက်ရွံနေသေး၍ အမျိုးသမီးစု၏လက်ကို တွဲကာ ငိုရှိုက်ရင်း ပြန်သွားလေသည်။ ယိုကျူး၊ ယိုပေါင်နှင့် ယိုလင်တို့သည်လည်း အမျိုးသမီးစု၏အနောက်မှ လိုက်ကာ အခန်းသို့ ပြန်သွားကြသည်။ ယိုရင်သည် ယိုကျင်းနှင့်အတူ ပြန့်ကျဲနေသော ၀က်စာများကို ကူသိမ်းပေးရန်နေခဲ့သည်။ ညီမနှစ်ယောက်သည် ၀က်စာများကို အတူစုပြီးသည်နှင့် ပြန်သွားကြတော့သည်။
အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့ကို အရှေ့ခြံထဲ၌ ထားကာ ပင်မဆောင်သို့ သွားလေသည်။
“အမေရယ် အဲ့မိန်းမယုတ်တွေ လုပ်ပုံကိုလည်းကြည့်ဦး။ အမေ့ကို ဒေါသထွက်အောင် သေချာလုပ်တာ။ အထူးသဖြင့် ယွဲ့ယိုကျင့်ပေါ့။ သူသာ လင်းမိသားစုရဲ့ လောင်စန်းကို မပြောခဲ့ရင် လီကျန်းကို သွားခေါ်ပါ့မလား။ မဟုတ်ရင် အမေက ဒီလောက်ထိ ဒေါသထွက်ပါ့မလား။ အဲ့ယွဲ့ယိုကျင့်ကလေ အသက်ကြီးလေ မနာခံလေပဲ။ ဒီနေ့ လင်းမိသားစုက လူကို အပြင်လူခေါ်ဖို့ ခေါ်ရဲရင် နောက်ကျ တရားရုံးမှာ တိုင်ချက်ဖွင့်လောက်တယ်မလား”
အဘွားချန်သည် ဒေါသထွက်၍ အိပ်ရာ၌ လှဲနေသော်လည်း အမျိုးသမီးချန် ပြောသည်များကို ကြားသည်နှင့် ထထိုင်လိုက်သည်။ အသက်မဲ့နေသော မျက်၀န်းအိမ်များသည် ရုတ်တရက် တောက်ပလာကာ “အဲ့ဆန်ကုန်မြေတွေကများ လုပ်ရဲတယ်ပေါ့”
အမျိုးသမီးချန်သည် ယွဲ့ယိုကျင့်၏ အန္တရာယ်ရှိသည့် အကြည့်များကို ပြန်တွေးရင်း မတင်မကျဖြစ်လာသည်။
“အမေရယ် အဲ့ကောင်မရဲ့ အကြည့်တွေကို မမြင်လိုက်ဘူးလား။ ကျွန်မတို့ကို ကိုက်စားမတတ် ကြည့်နေတာ။ တကယ်မလုပ်ဘူးလို့ ပြောနိုင်လား။ အမေက သူ့ကို ကြက်ဥခိုးတယ်လို့ ပြောမိရုံနဲ့ သူက ဒီလောက် ပြဿာနာကြီးအောင် လုပ်လိုက်တာကိုပဲကြည့်လေ။ ယိုထင်းက အခုဆို ဆယ့်လေးနှစ် ရှိနေပြီ။ ယိုဟယ်ကလည်း တစ်ဆယ့်သုံးနော်။ ယွဲ့မိသားစုက သမီးမိန်းကလေးတွေက မနာခံဘဲ ရိုင်းစိုင်းနေရင် နောက်ကျ ဘယ်လို လက်ထပ်ဖို့ စီစဉ်မလဲ” ယွဲ့ယိုထင်းသည် အမျိုးသမီးချန်၏ သမီးဖြစ်ကာ ယိုဟယ်သည် တတိယမိသားစုမှဖြစ်ပေသည်။
အဘွားချန်သည် ပထမမိသားစုနှင့် တတိယမိသားစုကို မျက်နှာသာပေးပေသည်။ ယိုထင်းနှင့် ယိုဟယ်နှစ်ဦးကိုလည်း ပိုက်ဆံကုန်ပေါက်တစ်ခုအဖြစ် မြင်သော်လည်း သူမတို့နှစ်ဦးကို ကောင်းကောင်းဆက်ဆံပေသည်။ သူမသည် ပထမသားနှင့် အငယ်ဆုံးသားကို နှစ်သက်သဖြင့် ထိုမြေးနှစ်ယောက်ကိုလည်း မျက်နှာသာပေးလေသည်။ ထိုကလေးများအား ဒုတိယမိသားစုထက် ပိုပိုသာသာ ပေးကျွေးသဖြင့် ကလေးနှစ်ဦးသည် အရွယ်မတိုင်သေးခင်ပင် ရွာရှိ မိန်းကလေးများထက် ပို၍လှပနေသည်။ ထို့အတွက် အဘွားချန်သည် ထိုမြေးမနှစ်ဦးအား မိသားစုကောင်းနှင့် လက်ထပ်ပေးရန် ရည်မှန်းထားလေသည်။
အမျိုးသမီးချန်၏ စကားများအရ ပထမမိသားစုနှင့် တတိယမိသားစု၏ လက်ဆက်မှုများကိုပါ နှောင့်ယှက်နိုင်သည်ကို တွေးမိသည်နှင့် ထိုအရာသည် အဘွားချန်၏ နောက်ဆုံး ကန့်သတ်ချက်ကို ရိုက်းချိုးလိုက်တော့သည်။
“တကယ့်ကို ကြမ္မာဆိုးပဲ။ ငါတို့လူအိုနှစ်ယောက်ကိုပဲ ကံဆိုးစေရင် ရပြီလေ။ အခုပထမမိသားစုနဲ့ တတိယမိသားစုကိုပါ ကံဆိုးစေတော့မှာလား” အဘွားချန်သည် ခုတင်၌ ထိုင်ကာ သူမ၏လက်သီးဆုပ်များဖြင့် ထုထောင်းနေတော့သည်။ ဒုတိယမိသားစု၏ ကလေးများ ထိုနေရာ၌ ရှိပါက သူမ၏ဒေါသများ ပြေပျောက်ရန် ထိုကလေးများကို ရိုက်နှက်လိမ့်မည်မှာ သေချာပေသည်။
အမျိုးသမီးချန်သည် အဘွားချန်၏ အပြုအမူများကို ကြည့်ရင်း ယွဲ့ယိုကျင့်၏ အကြည့်များကို ပြန်တွေးမိကာ အဘွားချန်ကို အကြံပေးလိုက်သည်။
“အမေ ညကျ အမေ့သားနှစ်ယောက် ပြန်လာမှာ စောင့်ပြီး....”
အမျိုးသမီးချန်၏ အကြံကို နားထောင်ရင်း အဘွားချန်၏ မျက်နှာ၌ ညစ်ကျယ်ကျယ်အပြုံးတစ် ခုပေါ်လာလေသည်။ “ဟုတ်တယ်။ သူတို့နှစ်ယောက်က ငါဒေါသထွက်ရင် သည်းခံကြမှာ မဟုတ်ဘူး။ သည်းပြောသလိုလုပ်ကြတာပေါ့” သမီးယောက္ခမနှစ်ဦးသည် ဒုတိယမိသားစုရှိ ဆန်ကုန်မြေများကို အပြစ်ပေးရန် စဉ်းစားနေကြလေသည်။ သူမတို့ ပြောလေလေ ပျော်ရွှင်လာလေဖြစ်သည်။ အိပ်ရာ၌ လှဲနေသော ယွဲ့တာ့ဖူသည် မျက်လုံးတဝှက်မှေးထားသည်။ သူသည် အိပ်ပျော်ကာ ထိုစကားဝိုင်းကို မကြားချင်ယောင်ဆောင်ထားလေသည်။ ဒုတိယမိသားစုကကလေးတွေက ပညာပေးဖို့ လိုနေပြီ။
...
လီကျန်းက ရွာသူကြီးကို ပြောတာပါ။
အပိုင်း (၆) စည်းကမ်း
ယိုကျင့် ယူပြန်လာသည့် ဥများကို အနောက်ဖက်ဆောင်တွင် ပုန်းကာ တိတ်တိတ်ကလေး စားနေကြသည့် ညီအစ်မ ၇ယောက်တို့မှာ ထိုဂြိုဟ်ဆိုး တိတ်တဆိတ် ဝင်ရောက်လာသည်ကို မသိလိုက်ကြပေ။ သူတို့တစ်ယောက်စီသည် သူတို့အစ်မကြီးက ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်စိမ်းဖြင့်ထုပ်ထားသည့်အထုပ်ကို တိတ်တိတ်ကလေး လှမ်းပေးလိုက်သည်ကို ပျော်ရွှင်စွာ ကြည့်နေကြလေသည်။
ယိုရင်က ယိုကျင့်လှမ်းပေးလိုက်သည့် ဥများကို သိမ်းလိုက်သည်နှင့် ယိုကျင့်က ခြံ၏တံခါးမကြီးဘက်သို့ ပြန်သွားကာ အပြင်မှနေ၍ အနောက်ဆောင်သို့ လူမြင်အောင် ပြန်လာလိုက်လေသည်။ ညီမငယ်လေးများသည် ခုတင်ပေါ်က စားပွဲပေါ်ရှိ သစ်ရွက်စိမ်းထုပ်လေးကို အတန်ကြာအောင် ငေးကြည့်နေကြလေသည်။ တံခါးတွန်းဖွင့်သံကြားလိုက်ချိန်တွင် သူတို့အားလုံးက ဝင်လာသည့် ယိုကျင့်ကို ကြည့်လိုက်ကြ၏။
“ မမ”
ယိုကျင့်လဲ ခုတင်ပေါ်တက်လိုက်ပြီး ညီမငယ် ၆ယောက်၏အကြည့်အောက်တွင် ဥများကိုထုပ်ထားသည့် ကောက်ရိုးကို ဂရုတစိုက် ဖြေလိုက်လေသည်။ ကံအားလျော်စွာ သူမ အိမ်သို့ ဝင်မလာမီ စိတ်အတွင်းက ပျော်ရွှင်မှု နီးကပ်လာသည်နှင့် ဉာဏ်ပွင့်လာတောသည်။ အနောက်ဆောင်အပြင်ဘက်က ချုံပုလေးအောက်တွင် ဥများကို ဝှက်ထားခဲ့ပြီးနောက် ပြန်လာခဲ့လိုက်သည်။ အဘွားကြီးနှင့် အမျိုးသမီးချန် တွေ့သွားလျှင် ဥမစားရသည်က ကိစ္စသေးသေးလေးဖြစ်ပြီး အရိုက်ခံရသဖြင့် သေအောင်ခံရပေလိမ့်မည်။
အမျိုးသမီးစုက ဘေးတွင်ထိုင်လျက် သမီးဖြစ်သူ သစ်ရွက်များကို ဖယ်နေသည်ကို ကြည့်နေလေသည်။ ကြက်ဥ ၈လုံးနှင့် ငှက်ဥ ၁၀လုံးနီးပါး ရှိ၏။ သူမသည် အနည်းငယ် ပူသွားပြီး မစဥ်းစားဘဲ မနေနိုင်ဖြစ်သွားတော့သည်။
“ ကျင့်အာ သမီး တောင်အတွင်းပိုင်းအထိ သွားလို့ မဖြစ်ဘူးလေ၊ ဒီလောက်များတဲ့ တောရိုင်းဥတွေကို ဘယ်လိုရှာခဲ့တာလဲ”
ဥတွေမှ အများကြီးပါလား။ လူတွေအများကြီးတောင်ခြေမှာ နေ့တိုင်း သွားလိုက်လာလိုက်လုပ်နေတာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ဥတွေရနိုင်မှာလဲ။ ဒီသမီးကတော့ တောင်အတွင်းပိုင်းအထိ သွားခဲ့တာပဲ ဖြစ်ရမယ်။
ယိုကျင့်မှာ တောင်ပေါ် မကြာခဏတက်ကာ ဥများရှာပြီး ညီမငယ်လေးများကို အာဟာရဖြစ်အောင် ကျွေးတတ်မှန်း အမျိုးသမီးစု သိပြီးသာပင်။ တောက်ပကာ ကြွယ်ဝချမ်းသာသယောင် ထင်ရသည့် ယွဲ့မိသားစုတွင် သူမ မွေးထားသည့် ကလေးများ၏ဘဝအခြေအနေကိုလည်း သူမ သိပါသည်။ ထိုအရာများထက် သူမ၏ခင်ပွန်းက သမီးများကို မချစ်မှန်းလည်း သိလေသည်။ ထို့ကြောင့်ပင် သူမသည်လည်း မမြင်သလိုနေကာ ယွဲ့ချန်လု မသိအောင် ကူညီပေးထားခြင်းပင်။
“ မဟုတ်ပါဘူး၊ သမီး တောင်အတွင်းဘက် အစွန်းနားလေးပဲ သွားခဲ့တာပါ တစ်ခါမှ မဝင်ခဲ့ပါဘူး”
ယိုကျင့်သည် ညီမငယ်တစ်ယောက်စီကို ကြက်ဥတစ်လုံးနှင့် ငှက်ဥတစ်လုံးစီ ဝေပေးလိုက်သည်။ ကြက်ဥတစ်လုံးနှင့် ငှက်ဥနှစ်လုံးကို အမျိုးသမီးစုအား ပေးလိုက်သည်။ သူမ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
“ အမေ ပူတုန်းလေး မြန်မြန်စားလိုက်”
အစ်မကြီးက စားလို့ရပြီဟု ပြောလိုက်သည်နှင့် ညီအစ်မများသည် ဥတစ်လုံးကိုယူကာ စားပွဲနှင့် ခေါက်ကာ အခွံခွာလိုက်ပြီး ဥခွံများကို ခုနက ဥကိုထုပ်လာခဲ့သည့်သစ်ရွက်ထဲ ထည့်လိုက်လေသည်။ ဥခွံများကို တိတ်တိတ်ကလေး ထုပ်ကာ နောက်မှ လွှင့်ပစ်ရလိမ့်မည်။
အဖျားပျောက်သွားပြီဖြစ်သည့် ရှောင်ကျို့က ဥများကို တစ်တိတိ ကိုက်စားလိုက်ရင်း “အရမ်းအရသာရှိတာပဲ” သို့သော် ဥများက အလွန်ကြီးလေရာ ခဏနေမှ ကုန်သွားတော့သည်။ ရှောင်ကျို့က နှုတ်ခမ်းသပ်လိုက်ပြီး အရသာခံစားနေကြသည့် သူ့အစ်မတစ်ယောက်စီကို လိုက်ကြည့်လေတော့သည်။ သွားရည်များ ထပ်ကျလာသလို ခံစားလိုက်ရသည်။ သူမ အမှန်ပင်ထပ်စားချင်သေးသည်။
အမျိုးသမီးစုက ရှောင်ကျို့လေး၏ စားချင်နေသေးသည့်ရုပ်လေးကို မြင်သွားပြီး သူမလက်ထဲက ကျန်နေသည့်ဥတစ်ဝက်ကို ရှောင်ကျို့၏လက်ထဲ ထည့်ပေးလိုက်သော်လည်း ယိုကျင့်က တားလိုက်၏။
“ အမေ အမေက အခု ကိုယ်ဝန်နဲ့လေ၊ အာဟာရပြည့်ဖို့ ပိုလိုတယ်၊ သမီးဟာကို ရှောင်ကျို့ကို ပေးလိုက်ပါမယ်”
ထိုသို့ပြောရင်း သူမလက်ထဲက ဥတစ်ဝက်ကို ရှောင်ကျို့၏လက်ထဲ ထည့်ပေးလိုက်လေသည်။
“ စားလိုက်”
“ ကျေးဇူးပါ စန်းကျဲ (တတိယအစ်မ)”
ရှောင်ကျို့သည် ယိုကျင့်ပေးလိုက်သည့် ဥကို မြောက်ကာ သေးလေးလေးစီ ကိုက်စားလိုက်လေသည်။ သူမကိုယ်သူမလည်း ဗလုံးဗထွေးရွတ်လိုက်သေးသည်။
“ သမီးတို့တွေ နေ့တိုင်း ဥစားရရင် သိပ်ကောင်းမှာပဲ”
ယိုကျင့်ရှေ့တွင် ပထမမိသားစုနှင့် တတိယမိသားစုမှ ယိုထင်းနှင့် ယိုဟယ် တို့ရှိသည်။ ထို့ကြောင့် ယိုကျင့်က မိသားစုကြီးတွင် တတိယသမီး ဖြစ်လေသည်။
ရှောင်ကျို့၏ သေးငယ်သည့်ဆန္ဒလေးကို ကလေးစကားဖြင့် ကြားလိုက်ရသည်တွင် အမျိုးသမီးစု၏ မျက်နှာပေါ်မှ အပြုံးသည့် တဖြည်းဖြည်း မှေးမှိန်သွားပြီး သက်ပြင်းပါးပါးလေးချကာ
“ အရည်အချင်းမရှိတဲ့ အမေ့အပြစ်ပါကွယ်၊ သားတစ်ယောက်လေးတောင် မမွေးနိုင်ဘဲ သမီးတို့ကို အမေနဲ့အတူတူ ခံစားရအောင် လုပ်ခဲ့မိတယ်”
အမျိုးသမီးစု၏ ကိုယ့်ဟာကိုယ် အပြစ်တင်စကားကိုကြားလိုက်ရသဖြင့် ယိုကျင့် ဥကို ပါးစပ်ထဲ သွပ်ထည့်ကာ ပြီးအောင်စားလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ အမေ့ကို အပြစ်မတင်ပါဘူး၊ ရှောင်ကျို့က ဥတွေ ထပ်စားချင်သေးရင့် သမီးနောက်ကျရင် ပုံမှန်ဥတွေ နှိုက်လာလို့ ရပါတယ်၊ ရှာတွေ့မှာပါ၊ ချွေ့ဖုန်းတောင်က အကြီးကြီးလေ၊ ငှက်တွေနဲ့ တောကောင်တွေက မရှားပါဘူး”
သူမ ဘေးသို့လှည့်ကာ အသံတိုးတိုးဖြင့် ရှောင်ကျို့ကို ပြောလိုက်၏။
“ ဒါပေမဲ့ ရှောင်ကျို့က မှတ်ထားရမယ်နော်၊ ညီမလေး ဥတွေကို စားရတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူး၊ အဖေ့ကိုတောင် မပြောရဘူးနော်၊ မဟုတ်ရင်တော့ ဘာဥမှ စားရမှာ မဟုတ်တော့ဘူး”
အစ်မကြီး ပြောစကားကို ကြားလိုက်သည်တွင် ရှောင်ကျို့က ခေါင်းကို အတည်ပေါက်ဟန်ဖြင့် ညိတ်ပြလိုက်လေသည်။
“အွန်း သမီးဘယ်သူ့ကိုမှ မပြောပြဘူး”
တခြားညီမငယ်လေးများသည် ယိုကျင့် ပထမဆုံးအကြိမ် ဥကင်များကို ယူပြန်လာစဥ်က သူတို့သည် တိတ်တိတ်လေးသာ စားရမည်ဖြစ်ပြီး မည်သူ့ကိုမှ မပြောပြရန် သင်ကြားထားခဲ့ပြီးဖြစ်လေသည်။ ညီအစ်မများသည် ထိုအကြောင်းကို စွဲနေအောင်မှတ်ထားကြလေသည်။ မိသားစုသည် တစ်လတွင် အသားနှစ်ကြိမ်စားရသည့်အတွက် တခြားမိသားစုများထက် အခြေအနေပိုကောင်းပေသည်။ သို့သော်ငြား ညီအစ်မများကတော့ တစ်ကြိမ်မျှပင် အသားတစ်တုံးလောက်မှ စားခွင့်မရကြချေ။ အစ်မကြီးက တခြားသူများ သိသွားလျှင် သူတို့သည် ဥများနှင့် ကြက်ဥများ ထပ်စားရမည်မဟုတ်ဟု ပြောသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ညီအစ်မများသည် မည်သူ့ကိုမှ မပြောပြဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြတော့သည်။
သမီးဖြစ်သူများက ခင်ပွန်းနှင့် ယောက္ခမများကို အလွန်သတိထားနေကြသည်ကို မြင်လိုက်ရသည်တွင် အမျိုးသမီးစုမှ စိုးရိမ်လာမိတော့သည်။ မည်သို့ဆိုစေ သူတို့အားလုံးသည် တစ်မိသားစုတည်း ဖြစ်ကြသည် မဟုတ်ပါလား။ ရေရှည်တွင် သမီးဖြစ်သူများသည့် မိသားစုနှင့် ဝေးကွာသွားတော့မည်လား။
အမျိုးသမီးစု၏ မထင်မရှားပူပန်အသွင်သည် ယိုကျင့်၏မျက်လုံးထဲ ဝင်လာပြီး သူမ ပြောရတော့သည်။
“ အမေ သမီးက မသိတတ်တာ မဟုတ်ပါဘူး၊ မိသားစုက ရွာမှာဆိုရင် တခြားလူတွေထက်အများကြီးကို ကောင်းပါတယ် ဒါပေမဲ့ သမီးတို့ကို ကြည့်လိုက်အုံး ၊ ရှောင်ချီရဲ့ အဝတ်အစားတွေက သမီးအရင်တုန်းက ဝတ်ခဲ့တဲ့ ဟာတွေ၊ ပြီးတော့ သမီးကျတော့ အကြီးဆုံးအစ်မ မလိုချင်တာကို ဝတ်ရတယ်၊ အမေ ဒီအဝတ်အစားတွေ ဖာထေးလာတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ၊ ပြီးတော့ ဦးကြီးနဲ့ ဦးလေးတို့ကလေးတွေကို ကြည့်လိုက်ရင် ဘယ်သူ့အဝတ်အစားက ဖာထေးရာပါလို့လဲ”
အစ်မကြီးယိုကျင့် ပြောခဲ့သူမှာ ပထမမိသားစုမှ ယိုထင်းဖြစ်လေသည်။ ပထမမိသားစုသည် အမျိုးသမီးစုက အဘွားစု၏ တူမဖြစ်သဖြင့် မျက်နှာသာပေးခံရလေသည်။ သည့်အပြင် မြို့တော်ကျောင်းတွင် ပညာသင်ကြားနေသည့် သားနှစ်ယောက်လည်း ရှိသေးသည်။ အဘိုးကလည်း အတိုင်းအဆမရှိ ဘက်လိုက်တတ်သေးသည်။ သည်နေ့ ယိုထင်းသည် အကောင်းစား ချည်သားအဝတ်အစားကို ဝတ်ဆင်ထားသည်။ သူတို့မိသားစုလို စုတ်စုတ်ပြတ်ပြတ်ချည်ကြမ်းနှင့် ဖျင်ကြမ်းအင်္ကျီများကို မည်သူက ဝတ်ပါသေးသနည်း။
အမှန်တွင်တော့ ယောက္ခမများ၏ ဘက်လိုက်မှုကို အမျိုးသမီးစု အဘယ်မှာ မသိဘဲ ရှိပါမည်နည်း။ သူမသည် ကလေးဘဝကတည်းက ကျိုးနွံကာ သည်မိသားစုနှင့် လက်ထပ်ပြီးကတည်းက ဆယ်နှစ်ထပ်မက ဘာသာတရားကိုင်းရှိုင်းကာ သားသမီးဝတ္တရားနှင့်အညီ နေလာခဲ့ခြင်းကြောင့်ပင်။ ယောက္ခမများ၏ ဘက်လိုက်ခြင်းခံရလိုက် ယောက်မ၏ အပြစ်ရှာခံရလိုက်နှင့် ခင်ပွန်းသည်၏ နှိပ်စက်ညှဉ်းပန်းခံရလိုက် ဖြစ်နေရာ သူမလို အားကိုးရာမဲ့ကာ မိသားစုနောက်ခံမရှိသည့် မိန်းမတစ်ယောက် ဘာလုပ်နိုင်ပါမည်နည်း။ သူမသည် ကိုယ့်ဟာကိုသည်းခံရင်း ကိုယ့်စိတ်ကို လှည့်စားနေဖို့ရန်သာ တတ်နိုင်တော့သည်။
အမြွှာများဖြစ်သည့် ရှောင်ဝူနှင့် ရှောင်လျို့ တို့သည် ၈နှစ်မပြည့်သေးသော်လည်း သူတို့သည် အလွန်သိတတ်ကြလေသည်။ အမျိုးသမီးစုက သူတို့အား ဥများပေးသောအခါ တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြ၏။
“ အမေ့အတွက်လေ၊ အမေ့ဗိုက်ထဲမှာ မောင်လေးတစ်ယောက်ရှိသေးတယ်၊ စားလိုက်ပါ”
သမီးနှစ်ယောက်က အလွန်သိတတ်သည်ကို မြင်လိုက်ရပြီးနောက် အမျိုးသမီးစု အလွန်စိတ်အေးရလေသည်။ ကလေးမနှစ်ယောက်၏ခေါင်းကို ပြုံးကာ သပ်ပေးလိုက်ပြီး သမီးများ၏ တိုက်တွန်းမှုအောက်တွင် ကျန်သည့်ဥများအားလုံးကို ဖြည်းဖြည်းချင်း စားလိုက်တော့သည်။
အားလုံး စားသောက်ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ယိုကျင့်က ဥခွံများကို စုလိုက်ပြီး သစ်ရွက်ကို ကောက်ရိုးဖြင့် တင်းနေအောင်ချည်လိုက်ကာ ပြတင်းပေါက်အပြင်ဖက်သို့ ဥခွံများကို ပစ်ထုတ်လိုက်လေသည်။ ထို့နောက် ပင်မတံခါးမှ အိမ်ပြင်သို့ ကားယား ကားယားဖြင့် ထွက်သွားလိုက်လေသည်။
မည်သူမှ သတိမထားမိခင်မှာပင် ယိုကျင့်သည် သစ်ရွက်နှင့်ထုပ်ထားသည့် ဥခွံများကို ချွေ့ဖုန်းမြစ်ထဲသို့ လွှင့်ပစ်လိုက်တော့သည်။ ဥခွံများ ရေနှင့်မျောကာ ပျောက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် လက်ခုပ်တီးကာ အိမ်ပြန်လာခဲ့၏။ ရွာသားများရှေ့တွင် သူမက အဘွားချန်ကို ချောက်ချခဲ့ပြီး ဥများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယိုကျင့် အလွန်ပျော်သွားတော့သည်။ သီချင်းလေး ညည်းရင်း အိမ်သို့ ပြန်လာခဲ့လေသည်။
***
ယိုကျင့်၏ ပျော်ရွှင်သည့်စိတ်တို့က တစ်ညပင် မခံလိုက်ပေ။ ညစာစားချိန်တွင် အမြဲလိုလို အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားကာ အစားအသောက်များကို ခွဲဝေပေးတတ်သည့် အဘွားချန်က ရောက်မလာခဲ့ချေ။ သူမသသည် ညနေစာပင်မစားဘဲ အိပ်ရာပေါ်တွင် တအိအိနှင့် ပါးစပ်က မပြတ်တမ်း ရွတ်ဖတ်သရဇယ်နေတော့သည်။
“ မိသားစုတော့ ပျက်စီးပါပြီ၊ ဆန်ကုန်မြေလေးတွေက.... တကယ်တည်း ငါတို့ ယွဲ့မိသားစုရဲ့ ဂြိုဟ်ဆိုးတွေပဲဟဲ့”
နေ့တိုင်းမြို့တက် အလုပ်လုပ်ကြသည့် ညီအစ်ကိုနှစ်ယောက်သည် ဖြစ်ပျက်သမျှကို မသိကြပေ။ စားသောက်ပြီးနောက် သူတို့မိခင်အိုကြီး နာမကျန်းဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် ပင်မဆောင်သို့သွားရောက်ကြကာ အဘွားချန်ကို သွားတွေ့ကြလေသည်။ ယွဲ့ချန်လုက သူ့မိခင်ကြီး ပြောလိုက်သည့် ‘ဆန်ကုန်မြေလေး’ အကြောင်းကို နားစွန်နားဖျားကြားလိုက်ပြီး သူ့စိတ်ထဲတွင် ခန့်မှန်းမိလျက်သား ဖြစ်သွားတော့သည်။ သူ့မိသားစုက အဲဒီဆန်ကုန်မြေလေးတွေက အမေ့ကို ဒေါသထွက်အောင် ထပ်လုပ်လိုက်ပြန်ပြီ။ သူသည် အလွန်အကျည်းတန်သည့်မျက်နှာထားဖြင့် ခုတင်ဘေးက ခွေးခြေခုံမြင့်တစ်လုံးတွင် မတ်မတ်ထိုင်လိုက်လေသည်။
“ အမေ ဘယ်နား နေလို့မကောင်း ဖြစ်နေတာလဲ၊ သားတို့ကို ပြောလေ၊ သား သမားတော် သွားခေါ်ပေးမယ်လေနော်”
အကြီးဆုံးသား ယွဲ့ချန်ဖူက ခုတင်စွန်းတွင် ထိုင်နေပြီး အလွန်စိတ်ပူနေသည့်အသံဖြင့် ဖျားနာသူမှာ သူပဲဖြစ်လိုက်ချင်သကဲ့သို့ အသွင်ကို ဆောင်ထားလေသည်။
ယွဲ့ချန်လုက သူ့အကိုကြီး ထိုစကားပြောလိုက်သည်ကို ကြားလိုက်ပြီးနောက် ချက်ချက် ထရပ်လိုက်ပြီး
“ သား သမားတော်မာကို သွားပင့်လိုက်မယ်”
လုံလောက်သည့် ဒေါသရိပ်တို့ကို မြင်လိုက်ပြီးနောက် အဘွားချန်၏ မျက်လုံးများက ဘေးတွင်ရပ်နေသည့် အမျိုးသမီးချန်ကို မြန်မြန် မျက်စပစ်လိုက်လေသည်။ အမျိုးသမီးချန်က အလိုလိုနားလည်လိုက်ပြီး ယွဲ့ချန်လုကို မြန်မြန်တားလိုက်၏။
“ ဒုတိယမတ်လေး ခဏနေပါအုံး၊ တကယ်တော့လေ အမေက ဖျားနေတာမဟုတ်ဘူး၊ အဲတာထက် သူက မတ်လေးမိသားစုက ယိုကျင့်ကို စိတ်ဆိုးနေတာပါ”
ညီအစ်ကိုနှစ်ယောက် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်သည်နှင့် အမျိုးသမီးစုသည် သည်နေ့နေ့လယ်က အဖြစ်အပျက်တို့ ပြန်ပြောလိုက်တော့သည်။
“ အဖြစ်က ဒီလိုပါပဲ၊ ဒီနေ့ အမေက အမြင်မှားပြီး ဥတွေကို မှားရေမိတာ၊ ပြီးတော့ ယိုကျင့်ကို ယူမိသေးလားလို့မေးတာ၊ တကယ်တော့ အရေးမကြီးပါဘူး၊ ဒါပေမဲ့ ယိုကျင့်က မျက်မုန်းကျိုးနေလိမ့်မယ်လို့ ဘယ်သိမှာလဲ၊ သူ့ဒေါသကလည်း ခပ်ကြီးကြိးရယ်၊ တစ်ယောက်ကို လီကျန်းကို သွားခေါ်ခိုင်းခဲ့တယ်လေ၊ ပြီးတော့ ပဋိပက္ခဖြစ်တော့တာပဲ၊ အမေလည်း ဒေါသထွက်သွားတာပေါ့”
အမျိုးသမီးစု၏စကားကို ကြားလိုက်ရပြီးနောက် ယွဲ့ချန်လု၏မျက်နှာသည် မှင်ရည်များ စီးကျလာသလို မည်းနက်သွားတော့သည်။
“ သား အဲဒီဆန်ကုန်မြေလေးကို အမေ့ဆီခေါ်လာပြီး လာတောင်းပန်ခိုင်းပါမယ်”
ထို့သို့ပြောရင်း တံခန်းကို အင်္ကျီကို ဝှစ်ခနဲမြည်အောင် လှည့်ထွက်ကာ ဒေါသူပုန်ထရင်း အနောက်ဆောင် ထွက်သွားလိုက်တော့သည်။
ညီမငယ်လေးများကို ခြေလက်ဆေးကြောပေးပြီးနောက် ယိုကျင့်သည် စကားစမြည် ပြောကြရင် ခုတင်သို့ ခေါ်လာလိုက်လေသည်။ သို့သော် အခန်းတံခါးကို ဝုန်းခနဲ့ ဆောင့်ကန်ဖွင့်လိုက်သံကြောင့် နွေးထွေးသည့်လေထုက ပျက်စီးသွားတော့သည်။
“ နင်တို့ ဆန်ကုန်မြေလေးတွေ ယွဲ့မိသားစုဆီမှာစား ၊ ယွဲ့မိသားစုအိမ်က ဟာကိုဝတ်ပြီးတော့ နင်တို့ ဘွားအေကို ဒေါသကြောင့် နေမကောင်းဖြစ်အောင် လုပ်ရဲသေးတယ်ဟုတ်လား”
ဒေါသထွက်နေသည့် ယွဲချန်လုသည် ယိုကျင့်၏ခေါင်းကို တန်းရိုက်ပစ်လိုက်တော့သည်။
“ ဒီအဖေက နင့်ကို ဒီနေ့တော့ သေအောင်ရိုက်ပစ်မယ်”
ညနေစာစားချိန်က တစ်ခုခု မှားနေသည်ဟု ယိုကျင့် သတိထားမိခဲ့သေးသည်။ သည်ကိစ္စက ပြီးသွားပြီဟု ထင်ခဲ့ပြီး အဘွားချန်က နောက်ဆက်တွဲအကြံဖြင့် ယွဲ့ချန်လုနှင့် သူမကို တိုက်ပေးလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူမ အားစိုက်ထုတ်မှု အများအပြားလုပ်ခဲ့ရသည်ဟု ဆိုရမည်။ ယွဲ့ချန်လု၏ ရိုက်ချက်ကြောင့် မျက်နှာသည် ဘေးသို့ စောင်းသွားတော့သည်။ မျက်နှာသေးသေးလေးပေါ်တွင် နီရဲယောင်ကိုင်းနေသည့် လက်ရာတစ်ခု ပေါ်လာ၏။ ယိုကျင့်သည် ရိုက်ခံလိုက်ရသည့်ပါးဖက်ကို လျှာဖြင့် ထိလိုက်ပြီး ငါးရက်လောက်အထိ အယောင်ကျမည်မဟုတ်ကြောင်း သိလိုက်တော့သည်။
ညီမငယ်များကို ချော့မော့လိုက်ပြီးနောက် ခုတင်ပေါ်က ဆင်းကာ ဖိနပ်စီးလိုက်၏။
“ အဖေ သမီးကို ရိုက်ချင်၊ ဆဲချင်ရင် အပြင်ထွက်ရအောင်ပါ၊ အမေနဲ့ ညီမလေးတွေကို လန့်အောင်မလုပ်ပါနဲ့”
ထို့နောက် ခါးကို မတ်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်တော့သည်။ ယွဲ့ချန်လုမှာ သူမ၏ဣန္ဒြေရနေသည့် အသွင်ကိုမြင်လိုက်ပြီး စိတ်ထဲတွင် အလွန်အမင်း မကျေမချမ်းနိုင် ဖြစ်သွားတော့သည်။ အနောက်ဆောင်တံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယိုကျင့်ကို ကန်လိုက်တော့သည်။
“ ငါက နင့်လို အဆင့်မရှိတဲ့ကောင်မကို ဥခိုးရဲအောင် ၊ လီကျန်းကို သွားခေါ်ရဲအောင် ခွင့်ပြုပေးခဲ့မိတာပဲ”
မြေကြီးပေါ်သို့ ကန်ထုတ်ခံလိုက်ရပြီးနောက် ယိုကျင့် ခပ်မြန်မြန် တုံ့ပြန်လိုက်လေသည်။ ယွဲ့ချန်လု၏ လှုပ်ရှားမှုက ရပ်မသွားသော်လည်း ယိုကျင့်ကာ ပြင်းထန်သည့်ကန်ချက်များကို အသာ ရှောင်ရှားလိုက်လေသည်။ အကြိမ်အနည်းငယ် ရိုက်ခံလိုက်ရသော်လည်း အတွင်းဒဏ်ရာ ဖြစ်စေမည့် ကန်ချက်များကိုတော့ ရှောင်လိုက်လေသည်။ အသားပေါ်က ဒဏ်ရာများက နှစ်ရက် သုံးရက်နေလျှင် သက်သာသွားလိမ့်မည်။
အပြင်ဘက်က ဆူညံသံကို ကြားလိုက်သည်တွင် အမျိုးသမီးစုသည် အခန်းထဲက မြန်မြန်ထွက်လာ၏။ ယွဲ့ချန်လု၏လက် မလှုပ်သေးသည်ကို အခွင့်ကောင်းယူလိုက်ပြီး ယိုကျင့်ရှေ့တွင် ရပ်လိုက်လေသည်။
“ အိမ်ဦးနတ်ကြီးရယ် ရှင်ရိုက်ချင်ရင် ကျွန်မကို ရိုက်ပါ၊ ယိုကျင့်က ငယ်ပါးသေးတယ်ရှင်”
ယိုကျင့်သည် အမျိုးသမီးက ငါးလသားဗိုက်နှင့် သူမကို ကာကွယ်ပေးနေသည်ကို မြင်လိုက်ရလေသည်။ သူမ၏စိတ်ထဲတွင် အနည်းငယ် နွေးထွေးသွား၏။ သူမ၏အရင်ဘဝတွင် အဖေရော၊ အမေပါ မရှိခဲ့ပေ။ အမျိုးဝေးသည့်ဦးလေးတစ်ယောက်သာ ရှိလေသည်။ သူ့တွင် ခပ်တန်းတန်းနေတတ်သည့်အကျင့်တစ်ခု ရှိလေသည်။ အမျိုးသမီးစုသည် အားနည်းသော်လည်း သူမနှင့် သူမ၏ညီမလေးများကို အမှန်ချစ်လေသည်။ ထို့ကြောင့်ပင် သူမသည် သူတို့ကို ပြုစုစောင့်ရှောက်လာခြင်းပင်။
သူမက သူ့ကို ကာထားသည်ကို မြင်လိုက်သည်နှင့် ယွဲ့ချန်လု ဒေါသတကြီး တံတွေးထွေးလိုက်ကာ
“ ဖွီ နင့်မှာ ဗိုက်ကြီးနဲ့မလို့ ကြောက်မယ်လို့ ထင်မနေနဲ့၊ နင် သားမမွေးရင် ဒီအဖေက နင့်ကို အသေသတ်မလားဆိုတာ စောင့်ကြည့်နေလိုက်”
ထို့နောက် သူသည် ဒေါသထွက်ထွက်ဖြင့် မျက်ရည်များနှင့် အမျိုးသမီးစုနှင့် ဖုန်တလုံးလုံးဖြစ်နေသည့် ယိုကျင့်တို့ကို ချန်ခဲ့ကာ ပင်မအိမ်တော်သို့ ထွက်သွားလိုက်လေသည်။
အမျိုးသမီးစု မျက်နှာကို အုပ်ကာ ငိုကြွေးနေသည်ကို မြင်လိုက်ချိန်၌ ယိုကျင့် ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။
“ ငိုနေလို့ ဘာအသုံးဝင်မှာလဲ၊ အမေက တကယ်ပဲ တစ်သက်လုံး ဒီလိုနေသွားချင်တာလား”
ထို့နောက် အမျိုးသမီးစုကို အခန်းထဲပြန်ဖို့ တိုက်တွန်းလိုက်တော့သည်။
ယိုကျင့်သည် အမျိုးသမီးစုကို ထိုသို့ပြောခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ ရှောင်ဝူနှင့် ရှောင်လျို့ မွေးကတည်းက သူမ မီးတွင်းထဲရှိစဥ် တစ်လအတွင်း ယွဲ့ချန်လုက သူမကို ပထမဆုံး ရိုက်ခဲ့စဥ်က သုံးနှစ်သမီး ယိုကျင့်က မည်သူမှ မရှိစဥ် သူမကို ထိုသို့ပြောခဲ့သေးသည်။ သူမအတွက် အင်မတန်ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်။
“ အမေက ဘာလုပ်နိုင်အုံးမှာမလို့လဲ....”
ခပ်ယဲ့ယဲ့ သက်ပြင်းချရင်း အမျိုးသမီးစုက ညည်းညူလိုက်၏။ ဟုတ်ပါတယ်လေ။ သူမဆိုတဲ့လူက မိသားစုရဲ့ စောင့်ရှောက်တာလည်း မခံခဲ့ရသလို ယောက္ခမမိသားစုရဲ့ ချစ်ခင်တာလည်း မခံခဲ့ရဘူး။ ဒီလိုနုံချာတဲ့အခြေအနေနဲ့ ယွဲ့မိသားစုက ထွက်သွားပြီးရင် သူမ ဘယ်ကို သွားနိုင်မှာလဲ။ ယွဲ့မိသားစု ဒုက္ခခံစားရတာက တစ်ကြောင်းဆိုပေမဲ့ အနည်းဆုံးတော့ သူမရဲ့သမီးတွေ ကောင်းကောင်း ကြီးပြင်လာနိုင်သေးတယ်လေ ဟုတ်တယ်မလား။ ဟင်း......
…