← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

အပိုင်း (၇) တတိယမိသားစု

ကြက်ဥပြဿနာသည် ယွဲ့၀မ်ဝေ့ပြောသည့်စကားနှင့် အစပြုကာ အဘွားချန်၏ ဟန်ဆောင်အဖျားကြောင့် ယိုကျင့်အား ရိုက်နှက်ခြင်းဖြင့် အဆုံးသတ်သွားသည်။

ယွဲ့မိသားစုရှိ အကြီးအကဲနှစ်ဦးသည် လွန်ခဲ့သောနှစ်ရက်ကပင် ခံစားချက်များ ကောင်းနေကြသည်။ တတိယမိသားစုသည် ပြန်လာတော့မည် ဖြစ်သောကြောင့် မြေးများပေါ်၌ အမြဲ အောင့်သက်သက် ဖြစ်နေသော အဘွားချန်၏ မျက်မှာသည်ပင် နူးညံ့ပျော့ပျောင်းနေသည်။

စက်တင်ဘာလ၏ ဒုတိယရက်သည် အဘွားချန်၏ မွေးနေ့ဖြစ်ကာ မြို့၌ ကုန်စုံဆိုင်ဖွင့်ကာ စီးပွားရေးလုပ်နေသည့် သူမ၏သားအငယ်သည် လွန်ခဲ့သောနှစ်ရက်ကပင် စာပို့လာခဲ့သည်။ သူသည် သူမ၏မွေးနေ့တွင် အတူဆင်နွှဲရန် ပြန်လာမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။ ထိုစာ ရပြီးသည့်အချိန်မှစ၍ အဘွားချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အောက်သို့ ကွေးညွှတ်ခြင်း အလျဉ်းမရှိခဲ့ပေ။ ထင်တဲ့အတိုင်းပဲ ငါ့သားအငယ်ကပဲ ငါ့ကိုပို‌အလေးထားတာ။ အဲဒါကြောင့် “အင်ပါယာက သားအကြီးကို ချစ်ရင် သာမန်လူက အငယ်ဆုံးကို ချစ်တယ်”လို့ ပြောကြတာ။ သူမသည် အကြီးဆုံးသားနှစ်ယောက်ကို မြတ်နိုးသော်လည်း သူမ၏သားအငယ်ဆုံးကို ယွဲ့ချန်ရှို့ကိုသာ အချစ်ဆုံးဖြစ်သည်။

စက်တင်ဘာလ၏ ပထမ‌နေ့ ညနေခင်းတွင် အစိမ်းရောင်တောက်နေသော လိုက်ကာတလွင့်လွင့်နှင့် လှည်းတစ်စီးသည် ချွေ့ဖန်းရွာသို့ ၀င်ရောက်လာကာ ယွဲ့မိသားစု၏ အိမ်ရှေ့၌ ရပ်တန့်သွားလေသည်။

တတိယမိသားစုခွဲ၏ အငယ်ဆုံးသားသည် ယခုနှစ်၌ လေးနှစ်အရွယ်သာရှိသေးကာ သူသည် မြင်းလှည်းရပ်သည်နှင့် ပြေးဆင်းလာပြီး ယွဲ့မိသားစု၏ခြံ၀န်းတံခါးကို ခေါက်လိုက်၏။

“အဘိုး အဘွား လျှို့လန်(‌လျှို့=ခြောက်၊ လန်=သားငယ်၊ မြေးငယ်) ပြန်လာပါပြီ။ တံခါးဖွင့်ပါဦး”

လျှို့လန်၏နောက်၌ ‌ရိုးရှင်းသည့် ပညာသင်သား၀တ်ရုံ ၀တ်ဆင်ထားသော တာ့လန်(ယွဲ့၀မ်တာ့)နှင့် အာ့လန် (ယွဲ့၀မ်လီ)တို့ နှစ်ဦးသည် အသီးသီး ရပ်နေကြသည်။

ယွဲ့ချန်ရှို့သည် လှည်းပေါ်မှဆင်းကာ ငွေပေးချေပြီး နောက်လာမည့်နှစ်ရက်၌ မြို့သို့ ပြန်ပို့ရန် လှည်းသမားအား မှာကြားလိုက်သည်။ ထို့နောက် သူယူလာသော ခြင်းကြီးခြင်းငယ်များကို ယွဲ့အိမ်၏တံခါး၀၌ ချလိုက်သည်။ မည်သည့်အသံမျှ မကြားသောကြောင့် သူတို့မိသားစုသည် အိမ်အ၀င်၀၌ စုဝေးကာ မတ်တတ်ရပ်စောင့်နေကြသည်။ အဘွားချန်သည် အိမ်ထဲမှ အပြေးအလွှားဖြင့် တံခါးကို ပြေးဖွင့်တော့သည်။ “စန်းလေး(စန်း=သုံး)” သူမ၏သား ပြန်လာသည်ကို မြင်သောကြောင့် အဘွားချန်၏ မျက်၀န်းများမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

ယွဲ့ချန်ရှို့သည် သူ၏အမေအား အပြုံးလေးဖြင့် ဖြေလိုက်သည်။ “အမေ သားက အမေ့မွေးနေ့မှာ ဂါရ၀ပြုဖို့လာတာ။ အမေ့ရဲ့ စည်းစိမ်ဥစ္စာတွေဟာ ‌အရှေ့ပင်လယ်လို ကျယ်ပြန့်တိုးပွားပြီး နန်တောင်တန်းတွေလို ကြာရှည်တည်တံ့ပါစေ (နန်=တောင်ပိုင်း)” ယွဲ့ချန်ရှို့၏ ယောက္ခမဖြစ်သူ ဟန်မိသားစုသည် မြို့၌ ကုန်ရောင်း၀ယ်ရေး လုပ်ကိုင်ကြလေသည်။ မိသားစု၌ သမီးတစ်ယောက်သာ ဖွားမြင်ခဲ့ပြီး သူမ၏ဘ၀ ချောမွေ့စေရန် ထိုဆိုင်ခန်းကို ယွဲ့ချန်ရှို့အား ကွပ်ကဲစေသည်။ ယွဲ့ချန်ရှို့သည် အလိုက်သိကာ အပြောချိုသည့်လူ ဖြစ်သည့်အတွက် တတိယမိသားစု၏ဘ၀သည် မချမ်းသာသော်လည်း ပြည့်စုံသည်ဟု ဆိုနိုင်သည်။

“ဒီကောင်လေးကတော့ လူပဲ ပြန်လာရင်ရပြီကို ဘာလို့ လက်ဆောင်တွေ သယ်လာသေးတာလဲ။ ဆိုင်မှာ ရောင်းလိုက်ရင် ငွေအများကြီး၀င်မဲ့ ကိစ္စကို” ယွဲ့ချန်ရှို့နှင့် အမျိုးသမီးချန်၏ လက်ထဲ၌ ခြင်းကြီးခြင်းငယ်များ ကိုင်ဆောင်ထားသည်ကို မြင်သော် အဘွားချန်၏ အပြုံးများသည် ဖုံးမနိုင်ဖိမရ ဖြစ်ကုန်၏။

အမျိုးသမီးဟန်သည် အလိုက်တသိဖြင့် ပြန်ဖြေလိုက်သည်။ “အမေနဲ့အဖေတို့ကို ဂါရ၀ပြုဖို့ ဒီငွေတွေ သုံးလိုက်ရတာ တန်ပါတယ်” ထိုသို့ပြောပြီးသည်နှင့် သူမ၏ကလေးသုံး‌ယောက်ကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ ယွဲ့ယိုဟယ်သည် အမေဖြစ်သူ၏ အကြည့်ကို လက်ခံရရှိသည်နှင့် သူမ၏အဘွားဖြစ်သူကို ရိုးရာဓလေ့အတိုင်း ဂါရ၀ပြု ဆုတောင်းပေးလိုက်သည်။

“ဒီမြေးမက အဘွားရဲ့ မွေးနေ့အတွက် ဂါရ၀ပြု နှုတ်ခွန်းဆက်ပါတယ်” ယွဲ့ယိုဟယ်၏နောက်၌ မြေးနှစ်ယောက်သည်လည်း အလိုက်တသိ ဦးညွှတ်ကာ မွေးနေ့ဆုတောင်းပေးလေသည်။

ယွဲ့တာ့ဖူထွက်လာပြီး မဆဲဆိုခင်အထိ အဘွားချန်၏မျက်နှာသည် သူမ၏သားနှင့် မြေးဖြစ်သူတို့၏ ရိုသေသော အမူအရာကြောင့် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။ “ဒီအဘွားကြီးကတော့ အပျော်လွန်ပြီး ရူးနေတာပဲ။ ကလေးတွေကို အထဲခေါ်ပြီး နားခိုင်းတော့”

သူမ၏လူအိုကြီး ပြောသည်ကို ကြားမှသာ အဘွားချန်သည် အသိ၀င်လာတော့သည်။ “အမေက အပျော်လွန်မိသွားတာပဲ။ မင်းတို့တွေ နေ့၀က်ခရီးကြောင့် ပန်းနေတာကို မေ့သွားတယ်။ လာကြ လာကြ ပင်မဆောင်မှာ အမေနဲ့ စကားပြောကြတာပေါ့” ထိုအုပ်စုသည် ပျော်ရွှင်စွာ ၀င်သွားကြသောအခါ အမျိုးသမီးချန်သည်လည်း သူမ၏သားသမီးများနှင့်အတူ ပါ၀င်ရန် လိုက်ပါလာခဲ့သည်။

ဟန်အမျိုးသမီး၏ မိသားစုသည် ကောင်းမွန်ကာ မြို့၌ ကုန်ဆိုင်ဖွင့်ကာ ရောင်း၀ယ်ရေး လုပ်သည့်အတွက် သူမသည် မိသားစုရှိ ကလေးတိုင်းအတွက် လက်ဆောင်သေးသေးလေးများ ပြင်ဆင်ပေးနိုင်ပေသည်။ ထို့အပြင် ယိုတင်အတွက် လက်ရှိမြို့ပေါ်၌ ခေတ်စားနေသော ပိုးဖဲကြိုးတစ်စုံကို ပြင်ဆင်လာပေးခဲ့သည်။

ယိုတင်သည် အသက်ပြည့်အခမ်းအနား ရောက်ရန် တစ်နှစ်သာလိုတော့သည့်အတွက် အလှမက်သည့် အရွယ်ဖြစ်ပေသည်။ ထို့ကြောင့် သူမ၏အဒေါ်သုံးဆီမှ ထိုသို့ ပစ္စည်းကောင်းကို လက်ခံရသည့်အတွက် စိတ်ထဲ၌ အပျော်များ ပြည့်နှက်နေသည်။ “ကျေးဇူးပါ ဒေါ်လေးသုံး”

သို့သော်လည်း အဘွားချန်သည် ပစ္စည်း၏ အရည်အသွေးကြောင့် ဘ၀င်မကျဖြစ်နေသည်။

“ဒီတိုင်းမိန်းကလေးတစ်ယောက်ပါပဲ။ ဘာလုပ်ဖို့ အဲလို ပစ္စည်းကောင်းတွေ ပေးနေရတာလဲ။ ဆိုင်မှာ ရောင်းစားတာမှ မြတ်ဦးမယ်”

သူမ၏အဘွားပြောသည်ကို ကြားသည်နှင့် ယိုတင်၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုသည် ပျောက်ကွယ်သွားကာ သူမ၏နှုတ်ခမ်းထောင့်ရှိ အပြုံးလေးသည် ညှိုးနွမ်း‌သွားတော့သည်။ ထိုအရာကို မြင်သည်နှင့် အမျိုးသမီးဟန်သည် အမြန်ပင် ၀င်ရောက်ဖျန်ဖြေလိုက်သည်။

“ယိုတင်က အခုကြီးလာပြီလေ။ အသက်အရွယ်နဲ့လိုက်တာလေး ၀တ်သင့်တာပေါ့။ ဒါလေးက သူရဲ့အ၀တ်လှလှလေးတွေနဲ့ လိုက်ပါတယ် အမေရဲ့”

အမျိုးသမီးဟန်၏ ၀င်ရောက် ပြောဆိုမှုကြောင့် အဘွားချန်လည်း ဆက်၍ အတွန့်မတက်တော့ချေ။

“သည်အဒေါ်က အဲ့လောက်တွေးပြီး ၀ယ်လာပေးမှတော့ ယူထားလိုက်တော့” သူမ၏အဘွား ခွင့်ပြုသည်ကို ကြားသည်နှင့် ယိုတင်သည် ထိုပစ္စည်းလေးအား ၀မ်းမြောက်စွာ လက်ခံလိုက်သည်။

အဘွားချန်၏ လက်ဆောင်သည် ပို၍ပင် အဖိုးတန်သေးသည်။ ငွေရောင်ပန်းဆုံးထိုး တစ်စုံဖြစ်ကာ ထိုဆံထိုးတစ်စုံသည် မည်မျှတန်ကြောင်း လူတိုင်းသိပေသည်။ အဘွားချန်သည် သူမလက်ခံရသည့် အရာအတွက် ၀မ်းမြောက်သွားတော့သည်။ လောင်စန်းရဲ့ဇနီးက သူ့မှာ ကောင်းတာရှိရင် ကိုယ့်ဆွေမျိုးကို မမေ့မလျော့နဲ့ ပေးကမ်းတတ်သားပဲ။

တစ်ဦးချင်းစီ လက်ဆောင်များ ပေးပြီးသည့်နောက် နောက်ဆုံးတစ်ခုမှာ အဘွားချန်၏ မွေးနေ့လက်ဆောင် ဖြစ်ပေသည်။ ယွဲ့ချန်ရှို့သည် သေတ္တာထဲမှ ကြီးမားတောက်ပြောင်သော ငွေလက်ကောက်တစ်ခုကို အဘွားချန်ရှေ့သို့ ထုတ်ပေးလိုက်သည်။

“အမေ ဒါကို အမေ့ရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့အတွက် သားသေချာပြင်ထားခဲ့တာ။ အမေကြိုက်ဖို့ မျှော်လင့်ပါတယ်”

သုံ့ဖန်းခေတ်မှစတင်ကာ မွေးနေ့ အစဉ်အလာတစ်ခုရှိခဲ့သည်။ မိဘများ၏ အသက်ငါးဆယ်ပြည့်၌ သားသမီးများသည် ရွှေငွေများပေးကာ သူတို့၏ ရိုသေလေးစားမှုကို ပြသရသည်။ သို့သော်လည်း ရွာသားများသည် ငွေအနည်းငယ်ရောထားသော ဆွဲကြိုးများကိုသာ ပေးနိုင်ကြပြီး ယွဲ့ချန်ရှို့ကဲ့သို့ ကြီးမားတောက်ပြောင်သော ငွေလက်ကောက်ကို လက်ဆောင်ပေးနိုင်ရန် ခက်ခဲလှပေသည်။

အဘွားချန်သည် ယွဲ့ချန်ရှို့ ကိုင်ဆောင်ထားသော ငွေလက်ကောက်ကိုကြည့်ကာ မျက်ရည်ဝဲနေခံသည်။

“ဒီကောင်စုတ်လေးကတော့ ဒါက‌ ဘယ်လောက်တန်လဲ သိရဲ့လား။ မိသားစုရဲ့ အကြီးတစ်ယောက်တောင် ဖြစ်နေပြီကို အခုထိ ပိုက်ဆုံဖြုန်းနေတုန်းလား” အဘွားချန်သည် ယွဲ့ချန်ရှို့အား ထိုသို့ အပြစ်တင်နေသော်လည်း သူမ၏နှလုံးသား၌ ပျော်ရွှင်မှုများ လွှမ်းခြုံနေလေသည်။ သူမ၏ အငယ်ဆုံးလေးသားလေးသည် အခြားသားနှစ်ယောက်ထက် ပို၍ ရိုသေသမှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။

အမျိုးသမီးဟန်သည် ငွေလက်ကောက်ကို အပြုံးလေးနှင့် ကြည့်ကာ အဘွားချန်၏ ညာဘက် လက်ကောက်၀တ်ပေါ်သို့ တင်ပေးလိုက်သည်။ “အမေ့ရဲ့ အသက်ငါးဆယ်ပြည့်အတွက် ဒီချွေးမက သေချာရွေးလာတာနော်။ အမေနဲ့ လိုက်မယ်ထင်လို့ ရွေးလာခဲ့တာ”

ယွဲ့တာ့ဖူသည် သူ၏သားငယ် ပြင်လာသော ဆေးရွက်ကြီးကို သောက်ကာ သူ၏‌မျက်စိရှေ့ရှိ မြင်ကွင်းကို ပျော်ရွှင်စွာ ငေးကြည့်နေသည်။ မိသားစုရှိ လူတစ်စုသည် ပင်မ‌ဆောင်၌ ပျော်ရွှင်စွာ ရယ်မောနေကြသည်။ ကြင်နာတတ်သောဖခင်နှင့် နာခံတတ်သောသားတို့၏ လေထုသည် နွေးထွေးမှုများ ပြည့်နှက်လျက်ရှိသည်။

လူတိုင်းအတွက် လက်ဆောင်ပေးပြီးချန်၌ ဒုတိယမိသားစုအတွက် ပြင်ဆင်လာသည်များကို မပေးရသေးကြောင်း သတိရလိုက်သည်။ အမျိုးသမီးဟန်သည် အပြုံးလေးနှင့် မေးလိုက်သည်။

“အမေ ဒီနေ့ ယိုကျင့်တို့ညီအစ်မတွေကို မတွေ့ပါလား။ ဒီတစ်ခေါက်ပြန်လာတော့ ယိုဟယ်ရဲ့ အ၀တ်ဟောင်းတွေ အများကြီးသယ်လာခဲ့တာ။ သူတို့ ၀တ်လို့ရလောက်တယ်”

ဒုတိယမိသားစုရှိ ကလေးများအကြောင်းကို ကြားသည့်အခါ အဘွားချန်၏ အပြုံးသည် အနည်းငယ် ယိုယွင်းသွားတော့သည်။

“အဲ့ဟာတွေက ဟိုဟယ်ရဲ့ အ၀တ်တွေ၀တ်ဖို့ မလိုပါဘူး။ သူတို့ကြောင့် အ၀တ်တွေ ပျက်စီးသွားလိမ့်မယ်။ ယိုတင်ကို ၀တ်ဖို့ပေးတာမှ ကောင်းဦးမယ်” အဘွားချန်သည် ယိုတင်အား ထိုနည်းတူစွာ တွေးထင်သော်လည်း ဒုတိယမိသားစုနှင့် ယှဉ်လျှင် ယိုတင့်အား အနည်းငယ် မျက်နှာသာပေးပေသည်။

ဟိုဟယ်၏ အ၀တ်ဟောင်းများကို ၀တ်ရမည်ကြားသော် ယိုတင်သည် ယိုဟယ့်အား လူအများ မသိအောင် တိတ်တဆိတ်ခိုးကြည့်လိုက်သည်။ သူမ ယခု၀တ်ထားသော လိပ်ပြာပုံစံ ပန်းထိုးသည် ယိုဟယ်၏ အ၀တ်ဟောင်းပင် ဖြစ်သော်လည်း ထိုအ၀တ်အပေါ် အနည်းငယ်ကျေနပ်မှုရှိသေးသည်။ ထိုအ၀တ်များသည် အနည်းငယ် ဟောင်းသော်လည်း ရွာထဲရှိ အခြားမိန်းကလေးများ၏ အ၀တ်များထက် သာသေးသည်။

“ယို့ဟယ်ရဲ့ အ၀တ်ဟောင်းတွေက အရင်သုံးလေးနှစ်ကဟာတွေ အခုကြီးပြီဆိုတော့ ၀တ်မရတော့ဘူး။ ယိုတင်က ယိုဟယ်ထက် ခေါင်းတစ်လုံးလောက်မြင့်နေတော့ သူနဲ့လဲ မတော်လောက်ဘူး”

မထင်မှတ်ထားစွာပင် အမျိုးသမီးဟန်သည် အဘွားချန်၏ အကြံပေးမှုကို ငြင်းငယ်လိုက်သည်။

“ယိုတင်က အခုဆို ‌ဆယ့်လေးနှစ် ရှိနေပြီလေ အမေရဲ့။ သူ၀တ်ချင်ရင် သူ့ဘာသာ ပစ္စည်းကောင်းလေးတွေ ရှာ၀တ်သင့်ပါတယ်”

အမျိုးသမီးဟန်သည် ထိုသို့ ရှင်းပြနေသည့်အတွက် ယိုတင်သည် မပျော်ရွှင်သော်လည်း အတွေးမလွန်ရဲပေ။ သို့သော်လည်း အဘွားချန်သည် အမျိုးသမီးဟန်၏ အပြုံးကို ကြည့်ကာ မကျေမချမ်းဖြစ်နေတော့သည်။ အမျိုးသမီးဟန်၏အဖေ လူအိုကြီးနှင့် အချင်းချင်း ရင်းနှီးကြသောကြောင့်သာ မဟုတ်လျှင် သူမသည် မြို့ပေါ်က ချွေးမလောင်းကို သူ့သားနှင့် လက်ထပ်ခိုင်းမည် မဟုတ်ချေ။ ထိုမိန်းမသည် သူမ၏သားကို သူမနှင့် ဝေးရာသို့ ခေါ်သွားခဲ့သည်။ သူမ၏သားဖြစ်သူသည် မိန်းမ၏အိမ်၌ တက်နေသည် မဟုတ်သော်လည်း သားဖြစ်သူတို့မိသားစု နေထိုင်ရာအိမ်သည် အမျိုးသမီးဟန်၏ မိသားစုအိမ်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာပေသည်။ ဒုတိယမိသားစုခွဲကို သူမ သဘောမကျကြောင်း သိသော်လည်း ဟိုပေး ဒီပေး လုပ်နေသည့်အတွက် အဘွားချန်သည် အမျိုးသမီးဟန်အပေါ် ပို၍ပင် အမြင်မကြည်ဖြစ်လာသည်။

ယွဲ့ချန်ရှုသည် ဒုတိယမိသားစုခွဲအပေါ်၌ အာရုံသိပ်မထားသော်လည်း သူ၏ဇနီးသည်သည် ထိုသို့ပေးကမ်းချင်သည့်အတွက် သူမသဘောအတိုင်းသာ ဖြစ်စေရမည်။

“အမေရယ် ဒီတိုင်း အ၀တ်ဟောင်းတစ်စုံနှစ်စုံတင်ပါ။ အရင်တစ်ခေါက်က ယိုကျင့်တို့ညီအစ်မတွေ အ၀တ်စု‌တ်တွေ ၀တ်ထားတာ တွေ့လိုက်တယ်။ တကယ်လို့ အဲ့အတိုင်းကြီး အပြင်မှာ လျှောက်သွားနေရင် ကြည့်ရဆိုးတယ်” ထို့နောက် သူသည် အမေဖြစ်သူ၏ အနားသို့တိုးကာ တီးတိုးပြောလိုက်သည်။

“သူတို့ကိုမြင်ပြီး အပြင်လူတွေက အမေ့ကို ဘက်လိုက်တယ်လို့ ပြောကြရင် ဘယ်လိုလုပ်မလဲ”

အဘွားချန်သည် သူမ၏သား ပြောသည့်စကားများကြောင့် ချက်ချင်း ပေါက်ကွဲတော့သည်။

“သူတို့က အဲ့လိုပြောရဲတယ်ပေါ့” အဘွားချန်သည် ဒေါသထွက်ပြနေသော်လည်း သူမသည် ဂုဏ်သရေကို မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးဟန်ကို မျက်နှာလွှဲကာ ခွင့်ပြုလိုက်သည်။

“အဲ့လိုဆိုလည်း အနောက်ခြံထဲ သွားပေးချည်။ မဟုတ်ရင် လျှာပါးတဲ့လူတွေက ငါ့အကြောင်း အတင်းတုပ်စရာ ရနေမယ်”

အမျိုးသမီးဟန်သည် ခွင့်ပြုချက်ကို ရသည်နှင့် အဘွားချန်၏ ထေ့ငေါ့သော စကားများကို လျစ်လျူရှုလိုက်သည်။ သူမသည် ပင်မဆောင်မှထွက်ကာ အနောက်ခြံ၀န်းထဲသို့ ခြင်းအကြီးကြီး သယ်ကာ ၀င်သွားတော့သည်။

ကိုယ်၀န်ကြောင့်လှဲနေသော အမျိုးသမီးစုသည် ယိုပေါင်၏ ပြောစကားကြောင့် ထထိုင်ရန် ပြင်လိုက်သည်။ “မင်းတို့ရဲ့ အဒေါ်သုံး ပြန်လာပြီလား”

အမျိုးသမီးဟန်သည် ဝါနေသော မျက်နှာလေးများ တည်ရှိကာ ခေါင်းသေးသေးလေးများကို အသာအယာ ပုတ်ပေးရင် ခုတင်၌လှဲနေသော အမျိုးသမီးစုကို ကြည့်လိုက်သည်။ ကိုယ်၀န်လွယ်ထားသော ဗိုက်မှလွဲ၍ တစ်ကိုယ်လုံးသည် ပိန်ပါးလျက်ရှိသည်။ အမျိုးသမီးဟန်၏စိတ်၌ မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။ “အစ်မ အမြန်လှဲနေလိုက်နော်”

အမျိုးသမီးစုသည် သူမ၏ယောင်ရမ်းနေသော မျက်နှာ၌ အပြုံးတစ်ခုဆင်ကာ မာတောင့်နေသော ခေါင်းအုံးပေါ်၌ လှဲလိုက်သည်။ ယွဲ့မိသားစု၌ သူမနှင့် ‌ပုံမှန်ပြောဆိုပေးသောသူမှာ တစ်နှစ်၌ တစ်ခါသာ တွေ့ရသည့် အမျိုးသမီးဟန်ဖြစ်သည်။

“ဒီလောက် ခရီးဝေးကြီးနှင်လာပြီး မနားသေးဘူးလား။ အမေသာ နင်ဒီလာတာသိသွားရင် နင်တော့ အပြောခံရဦးမယ်” သူမနှင့် အမျိုးသမီးဟန်တို့ ပတ်သက်သည်ကို အဘွားချန် မနှစ်သက်ကြောင်း သူမရှင်းရှင်းလင်းလင်း သိပေသည်။

“ရပါတယ်။ အမေ့ကို ခွင့်တောင်းပြီးမှ လာတာပါ” အမျိုးသမီးဟန်တစ်ယောက် အပြုံးလေးနှင့် ၀င်လာသည်ကို မြင်သည်နှင့် ယိုကျူးနှင့်ယိုပေါင်သည် ခုတင်ပေါ်မှ ဆင်းကာ နေရာဖယ်ပေးလိုက်သည်။ အမျိုးသမီးဟန်သည် အိမ်ထဲမှ သကြားလုံးအိတ်ကို ညီအစ်မနှစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ယိုကျူးနဲ့ယိုပေါင်က လိမ္မာလိုက်တာ။ သကြားလုံးတွေကို ညီမလေးတွေနဲ့ မျှစားနော်။ ဒေါ်လေး မင်းတို့မေမေနဲ့ စကားပြောလိုက်ဦးမယ်”

ညီအစ်မနှစ်ယောက်သည် အမျိုးသမီးစုကို လှမ်းကြည့်လိုက်ကာ အမေဖြစ်သူ၏ ခွင့်ပြုချက်ကိုရမှသာ သကြားထုတ်ကို ယူလိုက်သည်။ ထို့နောက် အိပ်နေကျ ခုတင်ပေါ်၌ ညီအစ်မများကို စုဝိုင်းကာ စားကြလေသည်။

အမျိုးသမီးဟန်သည် နှစ်နှစ်အရွယ်သာ ရှိသေးသော်လည်း ငြိမ်ငြိမ်လေးထိုင်နေသည့် ရှောင်ကျို့ကို ပွေ့လိုက်ကာ ချီးကျူးလိုက်သည်။ “ဒီကလေးတွေက လိမ္မာလိုက်တာ အစ်မရယ်”

“ငါသူတို့ကို မသင်ပေးလိုက်ရပါဘူး။ ငါ့ကျန်းမာရေးက အမြဲမကောင်းနေတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့ညီအစ်မတွေ အကုန်လုံးကို ယိုကျင့်နဲ့ ယိုရင်ကပဲ သင်ပေးခဲ့တာ” အမျိုးသမီးစုသည် အပြုံးလေးနှင့်သာ ရှင်းပြနိုင်လေသည်။

“ယိုကျင့်ကတော့ ငယ်ငယ်ကတည်းက အလိုက်သိတာ။ ကျွန်မတို့ယိုဟယ်ထက် သုံးနှစ်ပဲငယ်ပေမဲ့ ယိုဟယ်ထက် ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိတယ်” ယိုကျင့်အကြောင်းကို ပြောမိသည်နှင့် အမျိုးသမီးဟန်၏ နှလုံးသားသည် အနည်းငယ် နာကျင်လာသည်။ ယိုကျင့်သည် ဆယ့်တစ်နှစ်အရွယ် ဆိုသော်ငြားလည်း ရှစ်နှစ်အရွယ်ကလေးကဲ့သို့ပင် ဖြစ်နေသည်။ ယိုဟယ်သည် ဆယ့်တစ်နှစ်အရွယ်ကပင် အပျိုဖော်၀င်နေပြီဖြစ်သည်။

သူမထိုအကြောင်းကိုပြောလေ ဒုတိယမိသားစုရှိ ကလေးများအတွက် ပို၍စိတ်မကောင်း ဖြစ်လေဖြစ်သည်။ သူမကိုယ်သူမ သတိပြန်ကပ်ကာ ယူလာသော ခြင်းထောင်းထဲမှ အင်္ကျီများကို ထုတ်လိုက်သည်။

“ဒီဟာကလေ အိမ်မှာရှာထားတဲ့ ယိုဟယ်ရဲ့ အထည်ဟောင်းတွေပါ။ ယိုဟယ် ၀တ်ပြီးသားမလို့ နည်းနည်းနွမ်းနေပေမဲ့ ၀တ်လို့တော့ရပါတယ်”

ထို့နောက် အမျိုးသမီးဟန်သည် အရောင်ဖျော့ဖျော့ ၀တ်စုံတစ်ထည်ကို ယူကာ ပြောလိုက်သည်။

“ဒါတော့ ယိုကျူးနဲ့ လိုက်လောက်တယ်။ ဒီတခေါက် ခုနစ်ထည် ရှစ်ထည်လောက်ယူလာတော့ ကလေးတွေ တစ်ယောက်တစ်စုံ ၀တ်လို့ရပါတယ်။ အစ်မ သဘောကျရဲ့လား”

အမျိုးသမီးဟန် ယူလာပေးသော အပ်ချုပ်ထည်များကို ကြည့်ရင်း အမျိုးသမီးစု၏ မျက်၀န်းများသည် ပူနွေးလာပေသည်။ “ဒီလောက်ကောင်းတာတွေ ညီမလေးပဲသိမ်းထားလိုက်ပါ”

အမျိုးသမီးစုသည် ယောက္ခမဖြစ်သူ ရှာတွေ့လျှင် ပြဿနာရှာခံရမည်ကို စိုးရိမ်နေကြောင်း သူမ ရိပ်မိလေသည်။ ထို့ကြောင့် အပြုံးလေးဖြင့် ချော့မော့ပြောလိုက်သည်။

“အမေ့ကို ခွင့်တောင်းပြီးပါပြီ။ အမေက‌ ပြောလို့လာပို့တာပါ။ အခု ကျွန်မတို့ ယိုဟယ်က ထွားလာပြီလေ။ ပြီးတော့ အိမ်မှာ ကလေးအရွယ်လည်း မရှိဘူး။ အဲ့တော့ ယိုကျင့်တို့ညီအစ်မတွေပဲ ၀တ်လို့ရတော့မှာပေါ့”

ထိုစကားများကြောင့် အမျိုးသမီးစုသည် မျက်ရည်များ ကျဆင်းလာပြီး သူမ၏ လက်ဖဝါးဖြင့် မျက်လုံးထောင့်ကို သုတ်လိုက်သည်။ “ငါ့ညီမက တကယ်ကို စဉ်းစားတတ်တာပဲ”

…

အပိုင်း (၈) မနပ်တဲ့ထမင်း

အမျိုးသမီးစုသည် အမျိုးသမီးဟန်နှင့် အချိန်အကြာကြီး စကားပြောရန် သူမ၏အင်အားများကို တွန်းတင်ထားရလေသည်။ သူမ အမှန်ပင်ပန်းနေပြီကို သတိပြုမိသည့် အမျိုးသမီးစုက ဆက်မနေလိုက်တော့ပေ။

“ ယောက်မ ရှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါနော်၊ ရှင့်အတွက် မဟုတ်ရင်တောင် ရှင့်သမီးတွေအတွက်တော့ ဂရုစိုက်ပါ”

လေးလံသည့် ခံစားချက်တို့ဖြင့် သူမ လှိုက်လှိုက်လှဲလှဲ အကြံပေးလိုက်လေသည်။ ထို့နောက် အမျိုးသမီးစုသည် အနောက်ဆောင်မှ လက်ဗလာဖြင့် ထွက်လာပြီး သူမနေထိုင်ရာ အရှေ့ဆောင်၏ အောက်ဘက်အခန်းသို့ ပြန်လာခဲ့တော့သည်။

အခန်းထဲက ကုလားထိုင်ပေါ်တွင် သတိဖြင့် ထိုင်နေသည့် ယွဲ့ယိုဟယ်သည် သူမအမေပြန်လာသည်ကို မြင်လိုက်သည်နှင့် မြန်မြန်ထကာ သူမလက်ကို ဖက်လိုက်လေသည်။

“ အမေ နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်၊ မောင်လေးတွေကလည်း ပထမမိသားစုက အကိုတွေနဲ့ ကစားဖို့ ထွက်သွားတယ်၊ အခန်းထဲမှာ သမီးတစ်ယောက်ပဲ ကျန်ခဲ့တာ၊ ပျင်းလိုက်တာ”

အမျိုးသမီးဟန်က သမီဖြစ်သူကို ဆွဲကာ ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ရေတစ်ခွက်ထည့်ကာ ပြုံး၍ မေးလိုက်လေသည်။

“ ယိုထင်း သမီးနဲ့ စကားလာမပြောဘူးလား၊ အခု သူ ဘာလို့ ပြန်သွားတာလဲ”

သူမအမေက ယွဲယိုထင်းအကြောင်း ထုတ်ပြောလာသည်ကို ကြားလိုက်ပြီး ယိုဟယ်သည် နူးညံ့သည့် ပန်းရောင် နှုတ်ခမ်းလေးကို စူလိုက်ကာ

“ အမေရယ် အဲအကြောင်း မပြောပါနဲ့၊ ဝမ်းကွဲအစ်မက သူရောက်လာတော့ ဟိုကြည့်လိုက် သည်ကြည့်လိုက်နဲ့၊ သမီးရဲ့အဝတ်အစားတွေများ သူနဲ့ တန်ရင် ယူသွားတော့တာပဲ၊ သူ့ကို မြင်ရတာ အရမ်းစိတ်ရှုပ်လို့ အကြောင်းပြပြီး သူ့ကို ပြန်ခိုင်းလိုက်တာ”

အမျိုးသမီးဟန်ဘေးတွင် ထိုင်ရင်း သူမ ဆက်ညည်းညူလိုက်လေသည်။

“ မြို့မှာတုန်းကဆို ဘယ်လောက်ကောင်းလိုက်သလဲ၊ ဒီတောကလူတွေက အပြင်လောကကြီးကို ဘယ်တော့မှ မမြင်ဖူးကြဘူး၊ အဲဒါကိုမြင်ရတာ သမီး စိတ်ပျက်လွန်းလို့ပါ”

အစပိုင်းတွင် အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ညည်းညူနေသည့်စကားကို ပြုံးလျက် နားထောင်နေသေးသည်။ သို့သော် သမီးဖြစ်သူကို ထိုသို့မြင်လိုက်ရသည်တွင် သူမ၏မျက်နှာမှာ အနည်းငယ် ခက်ထန်သွားတော့သည်။

“ ဘာ တောကလူတွေလဲ၊ သမီးက ဒီအတိုင်း မြို့မှာရှိနေလို့ မြို့မှာမွေးလာတာ၊ ဒီနေရာက အမြဲတမ်း သမီးရဲ့အိမ်ပဲ၊ သမီးကိုယ်တိုင်ကလည်း တောကလူပဲ၊ ဒီလို အဆင့်မြင့်တဲ့သူကို ဦးညွှတ်၊ အဆင့်နိမ့်တဲ့သူကို ချနင်းတတ်တာ ဘယ်ကရောက်လာတဲ့ အတွေးအခေါ်တွေလဲ”

အမျိုးသမီးစုသည် ကုန်သည်မိသားစုငယ်လေးတစ်ခုတွင် မွေးဖွားလာခဲ့သော်လည်း သူမသည် မိသားစုလေး၏ တစ်ဦးတည်းသောသမီး ဖြစ်လေသည်။ ထို့အပြင် သူမ၏အမေက သန်မာသူ ဖြစ်လေသည်။ သူမ၏အဖေမှာ ကိုယ်လုပ်တော်များကို မတော်ကောက်ရဲခဲ့ပေ။ ထို့ကြောင့် သူမသည် ယောက်ျားလေးတစ်ယောက်လို သင်ကြားခံခဲ့ရ၏။ ထို့ကြောင့်ပင် သူမသည် အမျိုးသမီးအများစုထက် ပို၍ ရည်မှန်းချက် ကြီးလေသည်။ ဒုတိယမိသားစု၏ သမီးများကိုလည်း ကိုယ်ချင်းစာမိသည်။ ထို့ကြောင့် မကြာခဏဆိုသလို အမျိုးသမီးစုကို တိတ်တဆိတ် ကူညီပေးခဲ့သည်။ အိမ်ဦးနတ်က မြို့တွင် နေသော်လည်း သူမ၏မိသားစုထဲသို့ မဝင်ခဲ့သည်ကိုလည်း သူမ သိပြီးဖြစ်သည်။ သူမ၏မိသားစုသည် ယွဲ့မိသားစုဝင်များ ဖြစ်နေသေးသည်။ သမီးဖြစ်သူ၏စကားများက အမှန်ပင် မှားနေလေသည်။ ယောက္ခမသာ ကြားသွားလျှင် ပြဿနာတက်ပေတော့မည်။

သူမအမေက သူမကို ရုတ်တရက် ဤသို့ပြောလိုက်သည်ကို မြင်လိုက်ရပြီး ယွဲ့ယိုထင်း မငြင်းဆန်ရဲသော်လည်း စိတ်ထဲတွင်တော့ မကျေနပ်နေချေ။ သူမ၏အမှားကို လိမ်လိမ်မာမာ ဝန်ခံလိုက်လေသည်။

“ သမီးအမှားကို သိပါပြီ”

အမျိုးသမီးဟန် သက်ပြင်းချက်လိုက်၏။ သူမ တဖြည်းဖြည်း ပျော့ပြောင်းလာပြီး သူမကို ရှင်းပြလိုက်လေသည်။

“ သမီးမှာ မောင်လေးနှစ်ယောက် ရှိသေးတယ်၊ ပြီးတော့ အခု မြို့မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေနေရတယ်၊ ဒါပေမဲ့ ဒီမိသားစုက နောက်ဆို သမီးရဲ့တောင်ကြီး ဖြစ်လာလိမ့်မယ်၊ မိသားစု တိုးတက်ဖို့အတွက် အရေးကြီးဆုံးက မောင်နှမတွေ အတူတူလုပ်ကိုင်ကြဖို့ပဲ၊ အမေက သမီးကြီးတော်ကြီးရဲ့ အကျင့်တွေကို မကြိုက်ပေမဲ့ သမီးမောင်လေးနှစ်ယောက်ကို ပထမမိသားစုက ဝမ်းကွဲတွေနဲ့ သွားမလည်ဖို့ တားခဲ့ဖူးလား၊ သမီးရဲ့ဝမ်းကွဲအစ်မ ယိုထင်းကလည်း ငယ်ငယ်ကတည်းက ရွာမှာပဲ နေလာတာလေ၊ သူက သမီးလောက် အပြင်လောကကို ဘယ်မြင်ဖူးပါ့မလဲ၊ ဒီလိုဆိုရင်တောင် သမီးက လူတွေကို အထင်မသေးရဘူး နားလည်လား၊ သူ့ကို တစ်ခုခု ထူးဆန်းတာ ပြလိုက်တာပဲလေ၊ သမီးမှာ လျော့သွားတာမှ မရှိတာ၊ ဘာစိုးရိမ်စရာလိုလို့လဲ”

ယွဲ့ယိုဟယ်သည် ငယ်စဥ်ကတည်း အမျိုးသမီးစု ဂရုတစိုက် ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူ ဖြစ်လေသည်။ သူမသည် သဘောထားသေးသူတစ်ယောက် မဟုတ်ပေ။ ယွဲ့ယိုထင်း၏ ဟိုလှန်သည် လှန်လုပ်ရပ်ကို ဒေါသထွက်ပြီး ဘာမှမစဥ်းစားဘဲ ပြောထွက်သွားခြင်းဖြစ်သည်။ အမျိုးသမီးစု၏ စကားကို နားထောင်လိုက်ပြီးနောက် သူမ၏ပြဿနာကို သဘောပေါက်သွားပြီး သူမ၏အမှားကို လိုလိုချင်ချင် ဝန်ခံလိုက်တော့သည်။

“ အမေ သင်ပေးတာ မှန်ပါတယ်၊ သမီး မှားမှန်းသိပါပြီ”

သမီးဖြစ်သူ၏ သဘောထားကို မြင်လိုက်ရပြီးနောက် အမျိုးသမီးစု သက်ပြင်းချလိုက်ပြန်သည်။

“ အခုဆို သမီးက ၁၃နှစ်ရှိပြီ၊ လက်ထပ်ဖို့ အရွယ်လည်း ရောက်ပြီ၊ သမီး စကားတွေသာ အပြင်ရောက်သွားရင် တခြားသူတွေသမီးကို ဘယ်လိုထင်ကြမလဲ စဥ်းစားကြည့်၊ သူတို့တွေ အမေတို့ ယွဲ့မိသားစုက သမီးကို ဘယ်လိုမြင်ကြမလဲ”

သမီးဖြစ်သူ၏ ဆံပင်ရှည်လေးများကို သပ်ပေးရင်း နူးညံ့စွာပြောလိုက်လေသည်။

“ မိန်းမတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံးက သူ့ကိုယ်တိုင်ရဲ့လက်ထပ်ပွဲပဲ၊ မရှက်ပါနဲ့လေ၊ ဒီစကားကို သိထားတာက မသိတာထက်စာရင် ပိုကောင်းတယ်”

ယိုဟယ်မှာ အနည်းငယ် ရှက်နေသေးသည်။ အမျိုးသမီးဟန်၏ စိတ်ထဲကလာသည့် ဆုံးမစကားများကို နာခံရင်း ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်လေသည်။

“ အမေ ပြောတာ မှန်ပါတယ်၊ သမီးသိပါပြီ”

***

မီးဖိုခန်းထဲတွင် ယိုရင်နှင့်အတူ မိသားစုညစာအတွက် ပြင်ဆင်နေသည့် ယိုကျင့်သည် ပင်မအိမ်တော်တွင် ဘာတွေဖြစ်နေမှန်း မသိပေ။ ယောက်မကြီးတစ်ခုကို ကိုင်ကာ အိုးထဲက မကျက်သေးသည့်အသီးအရွက်များကို မွှေနေလိုက်သည်။ ယိုကျင့်သည် ပြည့်သိပ်ကျပ်ညပ်နေသည့် မီးဖိုခန်းကို ကြည့်လိုက်၏။ သူမနှင့် ယိုရင်သာ မီးဖိုထဲတွင် ချက်ပြုတ်နေလေသည်။ စိတ်ထဲတွင် ရေရွတ်နေလိုက်တော့သည်။ ဒီအဘွားချန်ရဲ့ မေတ္တာက တကယ်ကြီးမားလေရဲ့နော်။ မိသားစုတစ်ခုလုံး အိမ်မှာ ထမင်းလာစားတာကို ကလေးနှစ်ယောက်ထဲနဲ့ လွှတ်ထားပြီး စိတ်ချနိုင်သတဲ့။

တတိယမိသားစုနှင့် ပထမမိသားစုက အဖိုးတန်မြေးလေးနှစ်ယောက် ပြန်လာသည့်အတွက် အဘွားချန်သည် သည်နေ့ညစာ ပြင်ဆင်ရန် ငွေအများအပြားသုံးခဲ့လေသည်။ တတိယအိမ်တော်က ဝယ်လာသည့် ဝက်သား သုံးပိဿာလုံးကို ဟင်းပွဲအနည်းငယ် ပြင်ဆင်ရန် မီးဖိုခန်းသို့ ယူလာခဲ့သည်။ သူမ၏အဖိုးတန်မြေးလေးများ ဆာလောင်နေမည် စိုးသောကြောင့်ပင်။ သို့သော် သူမကတော့ ဘာမှမလုပ်ဘဲ ရှိနေလေသည်။ သူမသည် မီးဖိုခန်းက ထွက်လာချိန်၌ အာဟာရမဲ့နေသည့် ညီအစ်မနှစ်ယောက်ကို ကြောက်စရာကောင်းလောက်အောင် ခပ်စိမ်းစိမ်းကြည့်လိုက်သေးသည်။

“ ငါတို့အတွက် ကောင်းကောင်းလေးဖြစ်အောင် သေချာချက်နော်၊ ခိုးစားရဲလို့ကတော့ နင်တို့အသားတွေ သတိသာထားတော့”

အဘွားချန်ကို တလေးတစားဖြင့် နှုတ်ဆက်လိုက်ပြီးနောက် နှုတ်ခမ်းများ ကွေးတက်သွားတော့သည်။ ယိုကျင့်တွင် ညစ်ကျယ်ကျယ် စိတ်ကူးလေးတချို့ ရောက်လာလေသည်။ သူမသည် ဟင်းပွဲနှစ်ခုကို အနည်းငယ် ဆားငန်သွားအောင် ဆီပူထိုးလိုက်ပြီး ဆန်လုံးညိုကို မကျက်တကျက်ဖြစ်အောင် ပေါင်းလိုက်လေသည်။ ယိုရင်က အိုးထဲက ဆန်များကို ကြည့်လိုက်ပြီး သူမ၏လက်ကို စိုးရိမ်တကြီး ပွတ်သပ်ကာ ပြောတော့သည်။

“ စန်းကျဲ ထမင်းမကျက်ဘူး၊ ဘာလုပ်ရမလဲ အဘွားတော့ ခဏနေ စိတ်ဆိုးတော့မှာပဲ”

ယိုကျင့်မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဖြစ်သွား၏။

“ မကြောက်ပါနဲ့၊ မိုးပြိုရင်တောင် အစ်မ ထောက်ခံထားပေးမယ်၊ စားတဲ့အချိန်ကျရင်သာ ဘာအသံမှ မထွက်နဲ့၊ မကြီးကို ယုံထားလိုက်”

ယိုရင်သည် အဘွားချန်ကို ငယ်ကတည်းက ကြောက်ရွံ့ရလေသည်။ သို့သော် အစ်မဖြစ်သူက အလွန်ယုံကြည်ချက် ရှိနေသည်ကို မြင်လိုက်ရပြီးနောက် သူမ၏ မသက်မသာဖြစ်နေသည့် စိတ်တို့သည် ထူးထူးဆန်းဆန်း တည်ငြိမ်သွားတော့သည်။ သူမ အားတက်သွားကာ ခေါင်းညိတ်ပြလိုက်လေသည်။

“အွန်း ညီမ စန်းကျဲကို ယုံတယ်”

အိုးမှ နောက်ဆုံးကျန်သည့် ဝက်အာလူးဟင်းပွဲကို ထုတ်လိုက်ပြီးနောက် ယိုကျင့်က ယိုရင်ကို ထမင်းခူးဖို့ အချက်ပြလိုက်လေသည်။

“ အစားအသောက်တွေအားလုံးကို စားပွဲပေါ်ချလိုက်၊ ပြီးရင် အားလုံးကို စားသောက်ဖို့ ခေါ်လိုက်တော့”

သည်နေ့အစားအသောက်များသည် အလျှံပယ်ဖြစ်သည်ဟု ဆိုရမည်။ သည်တစ်ကြိမ်တွင် ယွဲ့ချန်ရှို့က အဆီပြည့်ပြည့် ဝက်သုံးပိဿာကို ဒကာခံလေသည်။ ယောက်ျားများကို ဦးစားပေးတတ်သည့် ယွဲ့တာ့ဖူနှင့် လောဘကြီးပြီး ဒုတိယမိသားစုကို အနိုင့်ကျင့်ရသည်ကို သဘောကျသည့် ယွဲချန်ဖူထက်စာလျှင် တတိယမိသားစုသည် ဒုတိယမိသားစုနှင့် အရင်းနှီးဆုံးဟု ဆိုနိုင်လေသည်။ ယွဲ့ချန်ရှို့က ဖာသိဖာသာ နေတတ်သော်လည်း အမျိုးသမီးဟန်သည် အမျိုးသမီးစုနှင့် အမြဲလိုလို ရင်းရင်းနှီးနှိး နေတတ်ပြီး သူမနှင့် ညီမငယ်လေးများကိုလည်း အလွန်ဖော်ဖော်ရွေရွေ ရှိလေသည်။

ယိုကျင့်စကားကို နားထောင်လိုက်ပြီး ယိုရင်သည် အစားအသောက်များကို မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်လေသည်။

မူလက ပြောင်ရှင်းနေသည့် ယွဲ့မိသားစုခြံဝင်းသည် မကြာမီတွင် အရသာရှိသည့် ရနံ့များ ပြည့်သွားတော့သည်။ အစောပိုင်းက ပျောက်သွားသည့် ပထမမိသားစုမှ သားအမိသည် အဘွားချန်လက်ထဲက ဇွန်းကို ကြည့်ရင်း ဇွန်းတစ်ဝက်လောက် ဒေါသများ ထွက်ကျလာမည်ကို ကြောက်ရွံလျက် ငေးကြည့်နေကြသည်ကို မြင်လိုက်ရာ ယိုကျင့်သည့် မျက်လွှာချထားလိုက်ပြီး စိတ်ထဲက မကျေမနပ်ပြောလိုက်လေသည်။

အမျိုးသမီးစုသည် အသီးအရွက်များ အပြည့်ထည့်ထားသည့် စားပွဲပေါ်က အိုးကြီး လေး-ငါးလုံးမှစကာ ပြာများ တင်နေသည့်ဆံပင်နှင့် ဝါဝါညစ်ညစ် အသားအရေရှိသည့် ညီအစ်မနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမ ပြုံးလိုက်ပြီး ယိုကျင့်အတွက် အသားတုံးနှင့်အာလူးကြော်ကို ခပ်ထည့်ပေးလိုက်တော့သည်။

“ ညီအစ်မတွေ ကြိုးစားပေးခဲ့လို့ ကျေးဇူးပဲနော်၊ ဒေါ်လေးကို ကူညီပေးပါလို့ ခေါ်ရမယ်ဆိုတာ မသိဘူးလား၊ များများစားနော်၊ ခန္ဓာကိုယ်ကို မပင်ပန်းစေနဲ့”

ထို့နောက် သူမသည် ယိုရင်အတွက် အသားခပ်ထည့်ပေးလိုက်ပြန်သည်။ အဘွားချန်၏ နီရဲနေသည့် မျက်လုံးများက သူမကို ကြောက်စရာကောင်းလောက်ကို ကြည့်နေသည်ကိုတော့ လုံးဝသတိမထားမိပေ။

အဘွားချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယိုရင်က အဘွားဖြစ်သူ၏မျက်နှာပေါ်က ရင်းနှီးပြီးသား အကြည့်ကို သတိထားမိသွားတော့သည်။

ကြောက်ရွံ့ကာ အနည်းငယ် တုန်ယင်သွားသည့် ယိုရင်းက ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး စားရန် ကြိုးစားလိုက်တော့သည်။ သို့သော် ယိုကျင့်က သူမကို တားလိုက်၏။

“ ညီမလေး ဒေါ်လေးကို ကျေးဇူးတင်စကား မပြောသေးဘူးလား”

ထို့နောက် သူမ ယိုရင်၏အင်္ကျီလက်ကို စားပွဲအောက်မှ လှမ်းဆွဲလိုက်လေသည်။

သူမ၏လှုပ်ရှားမှုကို မြင်လိုက်ရသည့် ယိုရင်မှာ ကြွေပန်းကန်လုံးကို တွန့်ဆုတ်ကာ ပြန်ချလိုက်ပြီးနောက် လေသံဖြင့် ပြောလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ဒေါ်လေး”

အဘွားချန်သည် သည်းခံနေလာရင်းမှ နောက်ဆုံးတော့ ကုလားမနိုင် ရခိုင်မဲလေတော့သည်။

“ အားလုံး စားကြတော့၊ ဘယ်အလုပ်မှ ပျက်စီးရာပျက်စီးကြောင်း မရှိဘူး၊ နေ့နေ့ ညည စားဖို့ပဲသိတယ်”

ဘေးစားပွဲတွင်တော့ ယွဲ့တာ့ဖူသည် တတိယသား မြို့က ယူလာသည့် အရက်ကို သားသုံးယောက်နှင့် ပျော်ပျော်ရွှင်ရွှင် သောက်နေလေသည်။ အဘွားချန် အော်ငေါက်နေသည်ကို ကြားလိုက်ပြီး မကြည်မလင်ဖြင့် သောက်လက်စ အရက်ခွက်ကို ချလေသည်။ သူ အော်ပြောလိုက်၏။

“ ကဲပါ အဘွားကြီးရယ် တစ်နေ့လုံး မနားသေးဘူး၊ ဒီနေ့ တစ်နေ့လုံးလည်း အဲလိုပဲ လုပ်နေတော့တာပဲ”

စိတ်ထဲတွင် ဒေါသထွက်နေပြီးဖြစ်သည့် အဘွားချန်သည် ယောက်ျားဖြစ်သူ၏ အဆူခံလိုက်ရသဖြင့် ပိုဒေါသထွက်လာတော့သည်။ သူမ ပေါက်ကွဲတော့မည့်ဆဲဆဲ ယိုထင် ပြောလိုက်သည့်စကားကို ကြားလိုက်ရတော့သည်။

“ ဟင် ဒီနေ့ ထမင်းက မကျက်ဘူး”

အဘွားချန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း ဒေါသူပုန်ထသွားတော့သည်။ သူမ၏ တူအစုံကို စားပွဲပေါ်သို့ ဗြန်းခနဲ ချလိုက်၏။ ဒုတိယမိသားစုက ဆန်ကုန်မြေလေးနှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။

“ ဒီည ဘယ်သူ ထမင်းချက်တာလဲ”

ထိုကြောက်စရာကောင်းလှသည့်စကားလုံးများသည် အရိုးထိအောင် ထိုးဖောက်သွားပြီး ယိုရင်ကို လန့်ဖျပ်သွားစေရာ နှုတ်ဆိတ်နေမိတော့သည်။ စားပွဲအောက်က သူမ၏လက်များသည် အင်္ကျီလက်ထဲတွင် တင်းကြပ်စွာ ဆုပ်ထားမိလေသည်။ ဘာလုပ်ရမည် မသိတော့ပေ။

အဘွားချန်သည် စားပွဲပေါ်က တူကို ကောက်ကိုင်ကာ ယိုကျင့်မျက်နှာဆီ ပစ်ပေါက်လိုက်ပြီး ဆူပူလေတော့သည်။

“ အရှက်ကမရှိ၊ စားဖို့ပဲ သိပြီ ဘာမှမလုပ်တတ်တဲ့ ဆန်ကုန်မြေလေးတွေ၊ တကတည်း ငါတို့ ယွဲ့မိသားစုကို ဒုက္ခလာပေးမဲ့ ဂြိုဟ်ဆိုးဝင်စားတဲ့ဟာတွေ၊ ဒီလောက်ကောင်းတဲ့ ဆန်လုံးညိုတွေကို မကျက်တကျက် ဖြစ်အောင်လုပ်တယ်၊ ဒီနေ့မှ နင်တို့ကို ငါ မသတ်ရင် နင်တို့တွေ စိတ်ကြီးဝင်ပြီး အသိတရားဆိုတာ ဘာမှန်းသိမှာ မဟုတ်တော့ဘူး”

ပြောရင်းဆိုရင် ထရပ်ကာ ယိုကျင့်ကို ရိုက်ဖို့ ပြင်တော့သည်။

အဘွားချန်၏ ဒေါသကို သိကြသဖြင့် မည်သူမှ စကားမပြောရဲကြပေ။ အားလုံးက ခေါင်းငုံ့ကာ ငြိမ်ငြိမ်သက်သက် ထိုင်နေကြလေသည်။ ဘေးစားပွဲက အဖေဟု ခေါ်သည့်လူ အထင်သေးသည့်အကြည့်ကို မြင်လိုက်ရသည်တွင် ယိုကျင့်၏မျက်လုံးထဲ၌ သရော်သည့် အရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။ အဘွားချန်ပစ်လိုက်သည့် တူကို ရှောင်လိုက်ပြီးနောက်တွင် သူမကို ရိုက်ဖို့ ခပ်မြန်မြန် လျှောက်လာသည့် အဘွားချန်ကို မြင်လိုက်ရာ ယိုကျင့် မြန်မြန်ထရပ်လိုက်ပြီး သူမကို ကာကွယ်ပေးဖို့ လက်လှမ်းနေသည့် အမျိုးသမီးဟန်၏အနောက်သို့ ပြေးသွားလိုက်တော့သည်။ ထို့နောက်တွင်တော့ သူမကိုယ်သူမ စတင် ခုခံပြောဆိုလေတော့သည်။

“ ဒီထမင်းမကျက်တာ မြေးအပြစ်ပါ၊ သမီးက အရင်က ဒီလောက်လူအများကြီးအတွက် တစ်ခါမှ မချက်ခဲဖူးတော့ ရေကို မှန်အောင် မချိန်တတ်လို့ပါ....”

ခေါင်းကိုလှည့်လိုက်ပြီး သေနတ်ပြောင်းကို အမျိုးသမီးစုထံ ချိန်ပေးလိုက်တော့သည်။

“ဒီနေ့က ပထမမိသားစုက ချက်ပြုတ်ရမဲ့အလှည့်ပါ၊ ကြီးတော်သာ ချက်ရင် ဒီလိုပြဿနာဖြစ်မှာ မဟုတ်ဘူး...”

ယောက္ခမဖြစ်သူ၏ ဒေါသထွက်နေသည့်မျက်နှာကို မြင်လိုက်သည်တွင် အမျိုးသမီးဟန်သည့် သူမကို မြန်မြန်တားလိုက်ပြီး စကားလုံးလှလှဖြင့် ဖျောင်းဖျ ချောမော့လိုက်လေသည်။

“ အမေရယ် ထမင်းမကျက်တာပဲ ပြန်ယူသွားပြီး ရေနည်းနည်း ထပ်ထည့်ပြီး ပြန်ချက်လိုက်လို့ရပါတယ်၊ ပြီးတော့ ယိုကျင့်တို့ ညီအစ်မကလည်း ငယ်ပါသေးတယ်၊ သူတို့တွေ ဂရုမစိုက်မိတဲ့အခါလည်း ရှိမှာပေါ့၊ အမေက အမြဲတမ်း သားသမီးနဲ့ မြေးတွေကို ချစ်လာခဲ့တာ၊ ကိစ္စသေးသေးလေးကြောင့် ကလေးတွေကို ရိုက်ရင် ကျွန်မတို့ ယွဲ့မိသားစုရဲ့မျက်နှာ ပျက်ရလိမ့်မယ်၊ ဟုတ်တယ်မလားရှင်”

အဘိုးချန်၏မျက်နှာထားသည် အကျည်းတန်ပြီ ဖြစ်လေသည်။ အမျိုးသမီးဟန်က ဆန်ကုန်မြေလေးများကို ကာကွယ်ပေးပြီး စကားလုံးများသုံးကာ သူမကို တားမြစ်လိုက်သည်ကို တွေ့လိုက်ရသည်တွင် အဘွားချန်၏မျက်လုံးများသည် ဒေါသကြောင့် မီးဝင်းဝင်း တောက်သွားတော့သည်။ သို့သော်ငြား အဘိုးကြီးက သဘောမတူသည့် မျက်နှာထားဖြစ်နေလေရာ ပစ်မှတ် ပြောင်းလိုက်ပြီး အမျိုးသမီးချန်၏ခေါင်းကို ဖြန်းခနဲ ရိုက်လိုက်တော့သည်။

“ အစားကြူး ငပျင်းမ အိမ်မှာ ချက်ပြုတ်ရမဲ့အလှည့်ကို အခန်းထဲမှာ အိပ်နေပြီး အလုပ်ကို ရှောင်နေတယ်၊ ထမင်းတွေကို ယူပြီး သွားပြန်မပေါင်းသေးဘူးလား၊ ဒီနေ့ည နင် ထမင်းကောင်းကောင်း မချက်ရင်တော့ ဒီအဘွားကြီးက နင့်အရေခွံတွေကို ခွာပစ်ရလိမ့်မယ်”

…

အပိုင်း (၉) ပါးစပ်ဖွာခြင်း

အမျိုးသမီးချန်သည် ယွဲ့ယိုကျင့်၏ တိုင်တောမှုကြောင့် ထိတ်လန့်သွားသော်လည်း သူမ၏ ယောက္ခမဖြစ်သူသည် ယခင် အလားတူအဖြစ်အပျက်များ၌ သူမအား ဆူပူခဲ့ခြင်းမရှိသည့်အတွက် စိတ်သက်သာရသွားသည်။ ထို့နောက် သူမသည် ထိုကောင်မလေး ကံဆိုးကာ အပြစ်ပေးခံရမည့် အချိန်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စောင့်နေခဲ့သည်။ သို့သော် အဘွားချန်သည် သူမ၏ခေါင်းကို မာန်ပါပါဖြင့် ရိုက်ချလိုက်သောကြောင့် သူမ၏ဆံပင်များမှာ မသေမသပ် ဖြစ်ကုန်သည်။

အမျိုးသမီးချန်သည် ပြန်ရန်မတွေ့ရဲသော်လည်း သူမ၏ခံပြင်းမှုကို ထုတ်ဖော်ပြလိုက်သေးသည်။

“အမေရယ် ကျွန်မ မလုပ်ချင်လို့ မဟုတ်ပါဘူး။ အရင်နှစ်ရက်က လက်ကို ခိုက်မိထားလို့ပါ”

“အရင်တစ်ခါ ၀က်စာစုရမဲ့အချိန်ကလည်း အဲ့လိုပြောတာပဲလေ” ယိုကျင့်သည် အမျိုးသမီးဟန်၏ အနောက်၌ ပုန်းနေကာ အမျိုးသမီးချန်၏ မုသားများကို ဖော်ထုတ်နေခဲ့သည်။

“အရင်လတုန်းကလည်း ခြေထောက် ခိုက်မိထားတယ် ပြောတာပဲ”

အဘွားချန်နှင့် ယွဲ့တာ့ဖူတို့ စိုက်ကြည့်နေသောကြောင့် အမျိုးသမီးချန်သည် တုန်ရီစွာဖြင့် ဆင်ခြေပေးရန် ကြိုးပမ်းလိုက်သည်။ သို့သော် သူမ၏ အိမ်ထောင်ဦးစီးမှ ကြား၀င်နှောင့်ယှက်လိုက်သည်။ ယွဲ့ချန်ဖူသည် သူ၏တူကို စားပွဲပေါ်သို့ အားပြင်းပြင်းရိုက်ချကာ ယွဲ့ယိုကျင့်ကို စိုက်ကြည့်လိုက်သည်။

“တကယ့်ကို ဆန်ကုန်မြေမတွေ ကိုယ့်နေရာကို မသိဘဲ အကြီးကို ပြန်ပြောနေရလား။ ငါ့ညီ မင်းရဲ့ကလေးတွေကို နည်းနည်းဆုံးမသင့်ပြီ” ထိုသို့ပြောပြီးသည့်နောက် အမျိုးသမီးချန်ဘက်သို့ လှည့်ကာ ဆူငေါက်လိုက်သည်။

“အမြန်ထမင်းသွားချက်တော့”

ယောက်ျားဖြစ်သူ၏ ဆူဆဲမှုကြောင့် အမျိုးသမီးချန်၏ နှလုံးသား၌ မီးတောက်လောင်နေသည်။ သို့သော်လည်း သူမအား တည်တည်ငြိမ်ငြိမ်ဖြင့် မျက်စပစ်ပြသည်ကို မြင်သည်နှင့် သူမသည် မစားရသေးသော ထမင်းများကို ဇလုံတစ်ခုထဲ၌ ပေါင်းထည့်လိုက်သည်။ ထို့နောက် ဇလုံကို လက်တစ်ဖက်တွင်ကိုင်ကာ အခြားတစ်ဖက်မှ ယိုတင်ကိုဆွဲ၍ မီးဖိုချောင်ထဲသို့ ချက်ပြုတ်ရန် သွားလေသည်။

“အခုကြည့်ရတာ အဒေါ့်ရဲ့ ခြေလက်တွေက သွက်လက်နေတာပဲ။ ဒဏ်ရာရထားပုံလည်း မပေါ်ပါဘူး”

ယွဲ့ချန်ဖူသည် ပြဿနာပြေလည်စေရန် ပြုလုပ်ကြောင်း ယိုကျင့်သိလေသည်။ သို့သော် သူမသည် ထိုသို့ ဖြစ်စေချင်သည် မဟုတ်ပေ။

ဒုတိယမိသားစုများကို အမျိုးသမီးချန် အနိုင်ကျင့်မှုအပေါ် အဘွားချန်သည် မျက်စိမှိတ်ကာ နားစွင့်ထားလေသည်။ သို့သော် ယနေ့၌ ထိုအမိုက်မလေး ယိုကျင့်မှ လူရှေ့သူရှေ့တွင် ဖွင့်ထုတ်လာသည့်အတွက် အဘွားချန်၏ မျက်နှာမှာလည်း အခြေအနေ သိပ်မကောင်းပေ။ အခန်းထဲ၌ လူနှစ်ဆယ်ကျော် ရှိသော်လည်း အားလုံးသည် တိတ်ဆိတ်နေကြကာ အနေခက်နေကြသည်။

ယွဲ့တာ့ဖူသည် ချောင်းနှစ်ချက် ဟန့်လိုက်၏။

“ထမင်းမကျက်ရင်လည်း မကျက်ဘူးပေါ့။ ဘာတွေပြဿနာရှာနေတာလဲ။ ‌တနေ့တနေ့ အကြီးက အကြီးလို မနေဘူး။ အငယ်ကလည်း အငယ်လိုမနေဘူး” ယွဲ့တာ့ဖူသည် ယွဲ့မိသားစု၌ ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားရာ သူသည် ပြဿနာကို ထိုသို့ ပြည်ဖုံးကားချလိုက်၍ အခြားလူများသည်လည်း ထိုအကြောင်းကို ဆက်မပြောရဲတော့ပေ။

မျက်နှာပျက်နေကြသော သားကြီးနှင့်သားလတ်ကို ကြည့်ကာ ယွဲ့တာ့ဖူသည် သက်ပြင်းချလိုက်ပြီး ဆုံးမစကားဆိုလိုက်သည်။

“အလုပ်မှာပဲ အချိန်ဖြုန်းပြီး ငွေရှာမနေနဲ့။ အိမ်က ကိုယ့်မယားနဲ့သားတွေကိုလည်း သေချာပဲ့ပြင်ဦး။ ငါတို့ယွဲ့မိသားစုက ပညာတတ်လယ်သမားမျိုးရိုးလို့ သတ်မှတ်ထားကြတာ။ ဒီလိုကိစ္စတွေ အပြင်ပျံ့သွားရင် ဘယ်လောက် လူရယ်စရာဖြစ်သွားမလဲ”

ယွဲ့ချန်ဖူသည် မျက်နှာပျက်သွားသော်လည်း ရိုကျိုးစွာ ဖြေကြားလိုက်သည်။

“အဖေပြောတာမှန်ပါတယ်။ အဲ့မိန်းမပျင်းကို သားသေချာ ဆုံးမလိုက်ပါ့မယ်”

ယွဲ့ချန်လု၏မျက်နှာသည် ပို၍ပင်ဆိုးရွားနေခဲ့သည်။ သူ၏မျက်နှာသည် စိမ်းဖန့်နေကာ ယွဲ့ယိုကျင့်အား စူးစိုက်ကြည့်နေခဲ့သည်။ သူသည် မျို့စေ့မကောင်းသော မိန်းမကိုလက်ထပ်ခဲ့၍ သားလှရတနာ မွေးမထုတ်နိုင်သည့်အတွက် မိသားစု၌ မျက်နှာသာပေးခြင်း မခံရပေ။ ထိုအစား ထိုမိန်းမယုတ်သည် ဆန်ကုန်မြေများကိုသာ မွေးပေးခဲ့သည်။ ထိုအရာက သူ့အား ပို၍ပင် မျက်နှာပျက်စေသည်။ သို့သော် ညီလေးသုံးနှင့် တူလေးတူမလေးများရှိနေသည့်အတွက် သူသည် ကြမ်းကြမ်းတမ်းတမ်း မပြုလုပ်ရဲပေ။ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ယွဲ့ချန်လု၏ အကြည့်များကို ယိုကျင့်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိခဲ့ချေ။ အဘွားချန်သည် ဒေါသကိုထိန်းကာ နေရာသို့ ပြန်သွားသည်ကို တွေ့သည်နှင့် ယိုကျင့်သည်လည်း သူမနေရာသို့ ပြန်ကာ အမျိုးသမီးဟန် ထည့်ပေးထားသော အသားတုံးကို ယူကာ အနည်းငယ်ကိုက်လိုက်သည်။ သူမသည် အနည်းငယ် ခံစားရမည်ဖြစ်သော်လည်း အနာဂတ်၌ ပထမမိသားစု၏ လိုသုံးအဖြစ် အခိုင်းခံစရာအကြောင်း မရှိတော့ချေ။ ဒီလောက်ဆို တိုးတက်လာပြီမလား။

အဘွားချန်သည် ချက်ပြုတ်ကာ ပြန်လာချိန်သော အမျိုးသမီးချန်အား အခက်တွေ့အောင် မပြုလုပ်ခဲ့ပေ။ သူမသည် အငွေ့တထောင်းထောင်း ထနေသော ထမင်းပူများကို အာလုံးအတွက် ခွဲဝေထည့်ပေးလိုက်သည်။ ထိုသို့ပြုလုပ်ပြီးသည်နှင့် သူမ၏နေရာ၌ထိုင်ကာ ခေါင်းငုံ၍ စတင်စားသောက်တော့သည်။ သူမကိုယ်တိုင် ချက်ပြုတ်ထားသည် ဖြစ်သော်လည်း စားရ ခက်ခဲနေသဖြင့် အံကို တင်းတင်းကြိတ်ထားရသည်။ သူမ၏နှလုံးသည် တုန်လှုပ်နေပြီဖြစ်ကာ ယောက္ခမဖြစ်သူ ဆိုဆဲမည်ကို ဆိုး၍ မာနေသော ထမင်းခဲများကို ကြိတ်မှိတ်မျိုချရင်း သည်းခံနေရသည်။ သူမသည် မည်သည့်စကားမျှ မထွက်ရဲတော့ဘဲ ခေါင်းငုံ့နေတော့သည်။

အစီအစဉ်အရ ယိုကျင့်သည် ထိုချန်မျိုးရိုးနှစ်ဦးကို ပညာပေးရန် စီစဉ်ထားကာ သူမစီစဉ်ထားသလို ဖြစ်သည့်အတွက် ကျေနပ်နေခဲ့သည်။ သူမသည် ထမင်းကို အမြန်အပြီးသတ်ကာ ညီမဖြစ်သူများ၏ ပန်းကန်ထဲသို့ အသီးအရွက်များ ဖောဖောသီသီထည့်ပေးလိုက်သည်။ ထို့နောက် ကိုယ်၀န်အခြေတည်ရန် အိပ်ရာ၌ လှဲနေရသော အမျိုးသမီးစုအတွက် ပန်းကန်အပြည့် ဟင်းများခပ်ကာ ပျော်ရွှင်စွာ ထွက်သွားလေသည်။ အမျိုးသမီးချန်သည် အပျော်လွန်၍ အမြီးနှံ့နေသော ယိုကျင့်ကိုကြည့်ကာ စိတ်ထဲရှိ ဒေါသကို အတောမသတ်နိုင်တော့ချေ။ “အမေ အဲ့ဆန်ကုန်မြေတွေကို မထိန်းတော့ဘူးလား....”

အမျိုးသမီးချန်၏စကား မဆုံးသေးခင်ပင် ဒေါသထွက်နေသော အဘွားချန်၏လက်ဝါးသည် သူမပါးပေါ်သို့ သက်ရောက်သွားလေသည်။

“ အစားကောင်းစားပြီး ကိုယ့်၀မ်းကို ဖြည့်ဖို့ပဲ သိတာလား။ စားဖို့အပြင် နင့်ပါးစပ်က ပေါက်ကရပြောဖို့ပဲတတ်တယ်”

အမျိုးသမီးချန်သည် အဘွားချန်၏ ဒေါသကို ဆွပေးကာ ဒုတိယမိသားစုခွဲမှ ကောင်မစုတ်လေးကို ပညာပေးရန် ကြံလိုက်ခြင်းဖြစ်သည်။ မ‌ထက်မှတ်ဘဲ ကိုယ့်ရှူးကိုပြန်ပတ်မိခြင်းဖြစ်သည်။ သူမ၏ယောက္ခမဖြစ်သူသည် သူမအား ထပ်မံ‌ဆူဆဲနေတော့သည်။ သူမသည် အမှန်ပင် မျက်နှာပျက်ရသည့်အတွက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မည်သည့်စကားမျှ မဆိုတော့ချေ။

အမျိုးသမီးဟန်သည် သူမ၏တူမများ ကြောက်လန့်နေသောကြောင့် အဘွားချန်ဆီသို့ ဟင်းအချို့ ခပ်ထည့်ပေးလိုက်သည်။

“အမေ ဒီ၀က်သားကလေ မြို့တော်ဈေးထဲသွားပြီး မနက်အစောကြီး ထ၀ယ်ထားရတာ။ အမေ့သားက မြို့ပေါ်က ၀က်သားကောင်းလား အမေတို့မိသားစုက ၀က်သားက ကောင်းလားဆိုတာ မြည်းကြည့်စေချင်လို့တဲ့”

အမျိုးသမီးဟန်၏ စကားများသည် သာယာနာပျော်ဖွယ်အတိ ဖြစ်နေသည်။ သူမကို အမြင်မကြည်ခဲ့သော အဘွားချန်၏ စိတ်သည်ပင် ပြောင်းလဲသွားပေ၏။ “ငါတို့ရဲ့လောင်စန်း၀ယ်လာတဲ့ အသားက သေချာပေါက်ကောင်းတာပေါ့”

အဘွားချန်သည် ခေါင်းကို အနောက်သို့လှည့်ကာ ယွဲ့ချန်ရှို့နှင့် စကားဖလှယ်လိုက်သည်။

“အိမ်ကို ပြန်လာဖို့က ရှားတယ်။ အသီးအရွက်တွေ များများစားနော်။ အဲ့မှာ ဒီလိုလတ်ဆတ်တာတွေ စားမရတော့ဘူး”

ယွဲ့ချန်ရှို့သည်လည်း အလိုက်တသိ ခွန်းတုံ့ပြန်လိုက်သည်။

“အိုက်ယား အမေက အဲ့လိုပြောမှတော့ ဒီသားက ဗိုက်ဖွင့်ပြီး ပိုစားရုံပေါ့” အဘွားချန်၏ စိတ်သည် အနည်းငယ် ပိုမိုကြည်လင်လာပြီဖြစ်သည်။ သူမ၏သားအငယ်သည် အခြားလူကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးတတ်ပေသည်။ နေရခက်ခဲ့သော လေထုသည် ယွဲ့ချန်ရှို့တို့ ဇနီးမောင်နှံနှစ်ဦး၏ ပူးပေါင်းမှုကြောင့် ယခု၌ ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။

“ငါ့သားက ငါ့အသက်ငါးဆယ်ပြည့်အတွက် မွေးနေ့လုပ်ပေးဖို့ ပြန်လာတာလေ။ အဲ့လို အသုံးမ၀င်‌တာတွေအတွက် ငါ့နေ့ထူးနေ့မြတ်မှာ ဒေါသထွက်နေရမှာလား” အဘွားချန်သည် ထိုသို့တွေးကာ ဒုတိယမိသားစု၏ ကလေးများကို မမြင်ချင်ယောင်ဆောင်နေလိုက်တော့သည်။

အနောက်ခြံထဲ၌ လှဲလျောင်းနေသော အမျိုးသမီးစုသည် ယိုကျင့်အား အနည်းငယ် အပြစ်တင်သည့် မျက်၀န်းများဖြင့် ကြည့်နေလေသည်။

“ဒီကောင်မလေးတော့ နင့်အဘွားနဲ့အဒေါ်ကို အတိုက်အခံ လုပ်လာပြန်ပြီလား။ နင့်အဖေ ရိုက်ထားတဲ့နေရာက သက်သာသွားလို့ မမှတ်တာလား”

အမျိုးသမီးစုသည် ကိုယ့်ကိုကိုယ် အားပြုကာ ထထိုင်နေစဉ် ယိုကျင့်သည် စိတ်လွတ်လက်လွတ် ပြုံးရယ်နေခဲ့သည်။

“စိတ်မပူပါနဲ့ အမေရယ်။ ဒီနေ့ ဦးလေးသုံးတို့ မိသားစုတွေ ပြန်ရောက်နေတာမလို့ အဘွားစိတ်တိုရင်တောင် ဘယ်သူ့ကိုမှ လက်မရွယ်ရဲဘူး” အဘွားချန်သည် ဆိုးယုတ်သော်လည်း ယိုတာ့ဖူသည်လည်း ကောင်းမွန်သည့်လူ မဟုတ်‌ပါချေ။ နှစ်ဦးစလုံး၌ မျက်နှာရချင်သည့် စိတ်ရှိကာ ထိုအချက်ကို သတိပြုမိသော ယိုကျင့်သည် တတိယမိသားစုခွဲ ပြန်လာသည့်နေ့၌ ယခုကဲ့သို့ ပြဿနာရှာရဲခြင်းဖြစ်သည်။

“သမီးကတော့လေ တအား စိတ်မြန်လက်မြန်နိုင်တာပဲ။ အရင်ကအေးဆေးသလောက် အခုအမောက်ထောင်ပြနေလိုက်တာ။ ဒီနေ့ မင်းဒေါ်လေးက ကာကွယ်ပေးတယ်ထား သူ မရှိရင် မင်းကို ဘယ်သူကာပေးမှာလဲ” ယိုကျင့်သည် အိမ်အလုပ်ကိစ္စများနှင့် ညီမများအပေါ် ဂရုတစိုက်ရှိခြင်းကြောင့် ရင့်ကျက်လာပြီဟု ထင်ထားသော်လည်း သူမ၏ယနေ့လုပ်ရပ်သည် အမျိုးသမီးစုအား စိုးရိမ်ပူပန်စေခဲ့သည်။

“သမီးက တဖြည်းဖြည်း အရွယ်ရောက်လာမှာလေ။ မိန်းကလေးဆိုတာ ဂုဏ်သတင်းကို အထူးဂရုစိုက်ရတယ်။ အနာဂတ်မှာ လက်ထပ်ဖို့ လိုသေးတယ် မဟုတ်ဘူးလား”

သူမ၏ သမီးခုနစ်ယောက် လက်ထပ်ရမည့်အရေးကို စဉ်းစားမိလျှင် အမျိုးသမီးစုသည် သက်ပြင်းမချဘဲ မနေနိုင်ချေ။ သူမ၏ယောက္ခသည် ကလေးများကို မနှစ်မြို့ပေ။ သူတို့၏ အနာဂတ် မင်္ဂလာပွဲအတွက် လက်ဖွဲ့မည်မျှ ပြင်ပေးနိုင်မည်နည်း။ ယွဲ့မိသားစုသို့ လက်ထပ်စဉ်အခါက သူမ၌ လက်ဖွဲ့ငွေ နည်းပါးလှသည်။ ထိုအကြောင်းကို တွေးမိလျှင် ပို၍ စိုးရိမ်ပူပန်လေဖြစ်သည်။ ထို့ကြောင့် ပန်းကန်ကို ကိုင်လျက်ပင် စားချင်စိတ် ပျောက်ရှလျက်ရှိသည်။ ထိုပြဿနာကို ဖြေရှင်းရန် သူမနည်းလမ်း စဉ်းစားရပေမည်။

သူမ၏အမေ စိုးရိမ်သောက ရောက်နေသည်ကို မြင်သောကြောင့် ယိုကျင့်သည် စကားအနည်းငယ်ဖြင့် ဖြေသိမ့်ပေးလိုက်သည်။

“အမေရယ် ဗိုက်ထဲက မောင်လေးကိုပဲ ဂရုစိုက်လိုက်ပါ။ ကျန်တာသမီးတာ၀န်ထား”

သူမ၏ သမီးကြီးသည် ထိုသို့ အလိုက်သိနေသောအခါ အနည်းငယ် သက်သာရာရပေသည်။ ကလေးများသည် သူမ၏အပြစ်ကြောင့် ငယ်စဉ်ကတည်းကပင် ခက်ခဲပင်ပန်းခဲ့ရသည်။ သမီးခြောက်ယောက်သည် အကြီးဖြစ်သူ၏ ဆုံးမသွန်သင်မှုအောက်၌ ကြီးပြင်းလာကြကာ လိမ္မာရေးခြား ရှိလှပေသည်။ သို့သော် မိသားစုနှင့် အနေစိမ်းလှသည်။ ထိုသို့တွေးမိသော် သူမ၏စိတ်သည် မတည်မငြိမ်ဖြစ်လာပြန်သည်။

အမျိုးသမီးစု၏ မျက်မှောင်ကျုံ့နေသော သဏ္ဌာန်ကြောင့် ယိုကျင့်မှာ အလျင်အမြန်ပင် ဟန့်‌တားလိုက်ရသည်။ “အမေက မောင်လေးကို လွယ်ထားရတာနော်။ ဟိုတခါ ဆေးလာပို့တုန်းက သမားတော်မာက မှာလိုက်တယ်။ ကိုယ်၀န်ဆောင်တုန်း အတွေးမများစေနဲ့တဲ့။ မောင်လေးအတွက်ပဲဖြစ်ဖြစ် စဉ်းစားပြီးတော့လုပ်ပါ အမေရယ်။ အတွေးမများနဲ့တော့နော် ဟုတ်ပြီလား” ယိုကျင့်သည် ဗိုက်ထဲရှိကလေးအား မောင်လေးဖြစ်စေ ညီမလေးဖြစ်စေ စိတ်မ၀င်စားပါချေ။ အမျိုးသမီးစုနှင့် ယွဲ့ချန်လုသည် ထိုကလေးအား ယောက်ျားလေး ဖြစ်စေချင်၍သာ ထိုသို့ အစွဲပြုခေါ်နေရခြင်းဖြစ်သည်။

“အမေသိပါပြီ။ လူကြီးတွေ စားသောက်ပြီးလောက်ပြီ။ ကူစရာရှိမရှိ သွားကြည့်လိုက်ဦး။ မဟုတ်ရင် သမီးအဘွားက အပျင်းထူတယ်ဆိုပြီး ပြောနေဦးမယ်” ခြံ၀င်းထဲရှိ လှုပ်ရှားသံများကို နားထောင်ကာ စားသောက်ပြီးစီးပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အတွက် အမျိုးသမီးစုသည် ယိုကျင့်အား ကူညီသိမ်းဆည်းပေးရန်အတွက် အမြန်တိုက်တွန်းနေခြင်းဖြစ်သည်။

ယွဲ့ယိုကျင့်သည် ထိုအရာကို နားလည်သော်လည်း အလောတကြီး မပြုပေ။ “အမေရယ် စိတ်မပူပါနဲ့။ နှစ်သစ်ကူး ပထမရက်က ပထမမိသားစုရဲ့ အလှည့်လေ။ တကယ်လို့ သမီးသွားလုပ်ရင် အဒေါ်ကြီးရဲ့ အမှတ်တွေ ခိုးယူနေသလို မဖြစ်သွားဘူးလား”

ထို့နောက် ယိုကျင့်သည် အမျိုးသမီးစုအား ထမင်းသေချာစားရန်သာ တိုက်တွန်းတော့သည်။

“ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါအမေရယ်။ ထမင်းအမြန်ပြီးအောင်စားလိုက်ပါ။ ပြီးကျမှ ဆက်ပြော”

အမျိုးသမီးစု၏ ဒေါသသည် မြူမှုန်ကဲ့သို့ပင် ပျောက်ကွယ်သွားသည်မှာ ကြာပေပြီ။ သူမသည် ယွဲ့မိသားစု၏ အနိုင်ကျင့်မှုများကို ခုခံရန် အင်အား မရှိသော်လည်း သမီးဖြစ်သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို နားလည်သည့်အတွက် မည်သည်ကိုမျှ အပြစ်မဆိုတော့ချေ။

သူမ၏တူကိုကိုင်ကာ ပူနွေးနွေး ထမင်းဟင်းများကို စားသောက်တော့သည်။ အချိန်ခဏအတွင်းပင် အာဟာရပြည့်သော ထမင်းပန်းကန်တစ်လုံးကို ပြောင်အောင် စားပြီးသွားပြီဖြစ်သည်။

အမျိုးသမီးစု ၀၀လင်လင် စားသောက်ပြီးကြောင်း သေချာသည်နှင့် ယိုကျင့်သည် ပန်းကန်အလွတ်ကို ယူကာ အနောက်ခြံထဲမှ ထွက်လာခဲ့သည်။ ယိုရင်နှင့်ယိုထင်တို့ နှစ်ဦးသာ ပန်းကန်များကို ရှင်းလင်းနေကာ အခြားညီမများ၏ အရိပ်အယောင်ပင် မတွေ့ရ၍ ယိုရင်အား မေးလိုက်ရသည်။ “ယိုရင် ရှောင်ဝူ‌၊ ရှောင်လျှို့နဲ့ အခြားသူတွေရော”

ယိုရင်သည် တတိယအစ်မ(ယိုကျင့်) ရောက်သည်နှင့် အနားသို့တိုးကာ တီးတိုးပြောလိုက်သည်။

“ဒေါ်လေးနောက်လိုက်ပြီး အရှေ့ခြံထဲသွားကြပြီ"

“မင်းရော လိုက်မသွားဘူးလား” ယိုကျင့်သည် ယိုရင်၏လက်ထဲရှိ တူများကို စားပွဲပေါ်ချပြီးနောက် အမျိုးသမီးစု စားသောက်ထားသော ပန်းကန်အလွတ်နှင့် တူများကိုပါ ထိုတူများနှင့်အတူ တင်ထားလိုက်သည်။

“အရှေ့ခြံထဲသွားပြီး ညီမလေးတွေကို သွားကြည့်ချေ။ သူတို့ကို ဒေါ်လေးအခန်းထဲမှာ ခုန်ပေါက်မနေစေနဲ့”

…

All Chapters