အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အပိုင်း (၁၀) မျိုးဆက်ပြတ်နေတဲ့မိသားစု
ယိုရင်သည် ဒေါ်လေးက အစပိုင်းတွင် သူမကိုလည်း ခေါ်သော်လည်း ဝမ်းကွဲအစ်မကြီးက သန့်ရှင်းရေးလုပ်ရန် သူမကို ဆွဲထားခဲ့သဖြင့် လိုက်မသွားနိုင်ခဲ့သည့်အကြောင်း အစ်မဖြစ်သူကို ပြောချင်နေခဲ့သည်။ ယခုတော့ အစ်မဖြစ်သူက သူမကို သွားဖို့ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် ယိုရင်က ခက်ခက်ခဲခဲ ခေါင်းညိတ်ပြ လိုက်တော့သည်။ ခွက်တစ်ဝက်ခန့် ရေခပ်ကာ လက်ဆေးလိုက်ပြီးနောက် အရှေ့ဆောင်ဘက်သို့ သွားလိုက်လေသည်။ ယိုရင်ကို ခါးထောက်ကာ ပတ်ပြီး အမိန့်ပေးနေသည့် ယိုထင်းကျန်ခဲ့ပြီး ထိုနေရာတွင် ယိုကျင့်နှင့် အချင်းချင်း စိုက်ကြည့်နေတော့သည်။
“ ဒါဆိုရင် ကျန်တဲ့အလုပ်တွေကို ဝမ်းကွဲမကြီးကိုပဲ ဒုက္ခပေးရတော့မယ်”
ယိုကျင့်သည် မအ ပါချေ။ အခုလေးတင် သူမက သူတို့ကို မျက်နှာပျက်အောင်လုပ်ခဲ့သည်ဖြစ်ရာ သူမကို အလျင်စလို မည်သို့မျက်နှာရအောင် လုပ်နိုင်ပါမည်နည်း။
သူမသည် တောရွာတွင် မွေးဖွားလာပြီး ထိုနေရာတွင် ကြီးပြင်းခဲ့သော်လည်း ယိုထင်းသည် ငယ်ကတည်းက အမျိုးသမီးချန်၏ အလိုလိုက်ခြင်း ခံခဲ့ရလေသည်။ ထို့ထက် ဒုတိယမိသားစုတွင် လိမ္မာသည့်ကလေးတချို့ရှိလေရာ ယွဲ့ယိုထင်းက အဘယ်ကြောင့် အိမ်အလုပ်များကို ဝင်လုပ်စရာလိုပါမည်နည်း။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် ယိုထင်း၏ ချစ်စရာကောင်းသည့် မျက်နှာအမူအရာသည် ချက်ချင်းပင်အနည်းငယ် အကျည်းတန်သွားတော့သည်။
“ယွဲ့ယိုကျင့် နင်ကများငါ့ကို အလုပ်လုပ်ဖို့ အမိန့်ပေးရဲတယ်ပေါ့လေ”
ယိုကျင့် ဘာမှမဖြစ်သလို မော့ကြည့်ကာ သူမကို ကြည့်လိုက်လေသည်။ သူမ၏လေသံကို နိမ့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်တော့သည်။
“ ဝမ်းကွဲမကြီးပြောတဲ့စကားက ထူးဆန်းနေပါလား၊ ငါက ဘယ်တုန်းက ဝမ်းကွဲမကြီးကို အလုပ်ခိုင်းဖူးလို့လဲ၊ အရင်တုန်းကဆို ဝမ်းကွဲမကြီးကပဲ ငါတို့ကို ကျွဲလိုနွားလို အလုပ်ခိုင်းခဲ့တာမလား၊ ဘာလို့ မမှတ်မိတော့တာလဲ”
ထို့နောက် သူမ၏အသံကို ပြန်မြင့်လိုက်ပြီး ခပ်ကျယ်ကျယ် အော်ပြောလိုက်တော့သည်။
“ ဒီနေ့က ပထမမိသားစု အလုပ်လုပ်ရမဲ့ အလှည့်လေ၊ ဝမ်းကွဲမကြီးက မလုပ်ချင်ဘူးဆိုရင် ငါ အဘွားကို သွားပြောပေးပါမယ်၊ အဘွားဆုံးဖြတ်ပါစေပေါ့နော်”
“ သေချင်းဆိုးမ နင်လုပ်ရဲလား”
ယိုထင်းက အသံကို မြင့်လိုက်ပြီး ယွဲ့ယိုကျင့်အား ဒေါသဖြင့် အော်ငေါက်လေတော့သည်။
“ မျိုးဆက်ပြတ်နေတဲ့မိသားစုက ကောင်မ၊ နင်က ငါ့ဘေးမှာနေပြီး ငါ့ခိုင်းတာ လုပ်ဖို့လောက်ပဲ တန်တယ်”
“ယွဲ့ယိုထင်း”
မီးဖိုခန်းမှ ထွက်လာသည့် အမျိုးသမီးချန်က ဒုတိယမိသားစုအား ပုဂ္ဂိုလ်ရေးဖြင့် လှောင်ပြောင်လိုက်သည်ကို ကြားလိုက်ရလေတော့သည်။ အမျိုးသမီးစုသည် သူမကို စိုးရိမ်တကြီး စူးစူးဝါးဝါး အော်ငေါက်လေတော့သည်။
“ အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး ပြောသင့်မပြောသင့် လုံးဝမသိသေးဘူး”
ထို့နောက် သူမ၏ခေါင်းကိုလှည့်ကာ ယိုကျင့်အား အေးစက်စက်မျက်နှာဖြင့် ပြုံးပြလိုက်လေသည်။
“ ယိုကျင့် နင့်အစ်မကြီးစကားတွေကို နားမထောင်နဲ့၊ နင့်အစ်မကြီးက အရမ်းပွင့်လင်းတာ၊ စိတ်ထဲမထားနဲ့နော်”
အမျိုးသမီးချန်က ကမန်းကတန်း ထွက်လာပြီး ယိုထင်း၏စကားကို ဖြတ်ပြောလိုက်သည့် အကြောင်းအရင်းကို ယိုကျင့်က မသိဘဲ ဘယ်မှာရှိပါမည်နည်း။ ဧည့်ခန်းထဲတွင် ရှိနေသည့် ယွဲ့တာ့ဖူနှင့် အဘွားချန် ကြားသွားမည်ကို သူမ စိုးရိမ်နေခြင်းပင်။ နောက်ဆုံး ဒုတိယမိသားစုတွင် သားမရှိခြင်းက ယွဲ့ချန်လု၏စိတ်ဒဏ်ရာလည်း ဖြစ်သလို ယွဲ့တာ့ဖူနှင့် သူ့မိန်းမတို့၏ ဒဏ်ရာလည်း ဖြစ်လေသည်။ ယိုထင်း၏ စကားသည် အဘွားချန်နားထဲ ရောက်သွားခဲ့လျှင် အရိုးကိုက်ရမည့် ပြဿနာ ဖြစ်လာလိမ့်မည်။
ယိုကျင့်က ဘာမှမပြောခင်မှာပင် အဘွားချန်၏အသံက ဧည့်ခန်းဆီမှ ထွက်ပေါ်လာတော့သည်။
“ပန်းကန်ဆေးနေတာတောင် ဒီလောက်ဆူညံနေတုန်းပဲ၊ စားဖို့ကလွဲပြီး ဘာမှမလုပ်တဲ့ တကယ် ငပျင်းမပဲ”
အဘွားချန်၏ စကားလုံးများကို အကဲခတ်ရသည်မှာ သူမသည် အပြင်ဘက်က ပြောနေသည့် အကြောင်းအရာများကို ကြားဟန်မတူချေ။ အမျိုးသမီးချန် သက်ပြင်းချလိုက်ပြီး သူမ၏အသံကို မြှင့်ကာ ပြန်ဖြေလိုက်လေသည်။
“ ဪ ကျွန်မသိပါတယ်၊ အခုချက်ချင်း ဆေးလိုက်ပါမယ်”
ထို့နောက် သူမ၏အသံကို ပြန်နိမ့်လိုက်ပြီး ယိုကျင့်ကို ပြောလိုက်လေသည်။
“ ယိုကျင့် နင် အဘွားဆီမှာ အတိုင်မခံချင် အဆဲမခံချင်ရင် နင့်အစ်မကြီး ပြောခဲ့တာတွေကို မကြားသလိုနေလိုက် ဟုတ်ပြီလား၊ နင့်အမေ သားတစ်ယောက် မမွေးနိုင်တာနဲ့ နင့်မိသားစုကို ပြဿနာ မတက်စေချင်ဘူးမလား”
ယိုကျင့်သည် မရင့်ကျက်သေးသည့် မိန်းမငယ်လေးတစ်ယောက်သာဆိုလျှင် အမျိုးသမီးချန်၏ ချောမော့သည့်စကားကို နားယောင်ပေလိမ့်မည်။ သို့သော် ယိုကျင့်ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်က အရင်ဘဝတွင် အနှစ်၂၀ကျောက်လောက် နေလာခဲ့သူဖြစ်ရာ အမျိုးသမီးချန်၏ ဖြီးဖြန်းသည့် စကားနည်းနည်းလောက်ဖြင့် လွယ်လွယ် လှည့်စားခံရလိမ့်မည် မဟုတ်ပေ။ သို့တိုင် ယိုကျင့်သည် တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်လေသည်။
“သမီးဘာမှ မပြောချင်ပါဘူး၊ သမီးတို့ကို ဆန်ကုန်မြေလေးလို့ ခဏခဏခေါ်ပြီး သမီးအဖေက သားတစ်ယောက်တောင် မမွေးနိုင်ဘူးလို့ပြောနေတာ ဝမ်းကွဲမကြီးလေ၊ ပြောသေးတယ် သမီးတို့က သူ့အတွက် ကျွဲနွား ဖြစ်ရအုံးမယ်တဲ့၊ သမီးတို့လည်း ယွဲ့မိသားစုရဲ့မျိုးဆက်တွေပါ၊ ဝမ်းကွဲမကြီးက ဘယ်လိုများ သမီးတို့ကို အမြဲတမ်း ခိုင်းစားနိုင်ရတာလဲ”
ယိုကျင့်၏စကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးချန်က မြန်မြန် ဖြည့်ပြောလိုက်လေသည်။
“နင့်အစ်မကြီးက မသိတတ်ဘူး၊ ကြီးတော် သူ့ကို ဆုံးမလိုက်မယ်နော်၊ ကဲကဲ ဒီနေ့က ငါတို့ပထမမိသားစုရဲ့ လုပ်ရမဲ့အလှည့်ဆိုတော့ နင့်ကို လာခိုင်းပြီး လက်ပေအောင် လုပ်လို့ ဘယ်ဖြစ်မလဲ၊ စောစောပြန်ပြီး နားတော့၊ ဒီမှာ နင့်အစ်မကြီးနဲ့ ငါရှိရင်ရပြီ၊ မြန်မြန်ပြန်တော့”
နောက်ဆုံးတွင် ယိုကျင့် ပြန်သွားသည်ကို မြင်လိုက်ပြီးနောက် ပြန်လှည့်လာကာ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက်မှ အမျိုးသမီးချန် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ယိုထင်း၏ခေါင်းကို ဖတ်ခနဲ နာနာရိုက်လိုက်လေသည်။
“ ကောင်မလေး နင့်ပါးစပ်လေ ဘာလို့ ပိတ်မထားနိုင်ရတာလဲ၊ နင့်အဘွားသာ ကြားသွားရင် နင်အရေခွံဆုတ်ခံရမှာ သေချာတယ်”
“သမီးမှ မမှားတာ၊ ဒုတိယမိသားစုက သားတစ်ယောက်တောင်မရှိလို့ မျိုးဆက်ပြတ် အိမ်ထောင် ဖြစ်နေတာလို့ အမေပဲ ပြောတာလေ...”
ယိုထင်းသည် အနည်းငယ်မကျေမနပ် ဖြစ်သွားလေသည်။ ဒါက သူ့စကားလည်း မဟုတ်ပါဘူး။ ပြီးတော့ သူတို့တွေ သားတစ်ယောက် မမွေးနိုင်တာလည်း သိသာနေတာပဲ။ ဒါနဲ့များ တခြားသူတွေကို ပြောခွင့်မပေးဘူးတဲ့လား။
သူမ ဆုံးမစကားကို နားမလည်သည်ကို မြင်လိုက်ရပြီးနောက် အမျိုးသမီးချန်သည် ဆက်ပြောချင်စိတ် ပျောက်သွားတော့သည်။
“ ဒီအကြောင်းကို နင့်အဘွား သိလို့မဖြစ်ဘူးဆိုတာသာ မှတ်ထား၊ အခု ပန်းကန်နဲ့တူတွေကို မြန်မြန်သိမ်းပြီး မီးဖိုထဲယူခဲ့”
ယိုကျင့်သည် ပထမမိသားစု၏ သားအမိနှစ်ယောက်ကို စိတ်မဝင်စားချေ။ အနောက်ဆောင်သို့သာ တန်းပြန်လာခဲ့တော့သည်။ ညီမငယ်လေးများ မရှိတုန်း သူမ အခန်းကို သန့်ရှင်းရေးလုပ်ရမည်။ အမျိုးသမီးစု၏ခန္ဓာကိုယ်သည် မကြံခိုင်သော်လည်း သူမသည် အမြဲတမ်း သန့်သန့်ရှင်းရှင်း ဖြစ်နေသည်ကို သဘောကျလေသည်။ သူမ၏လွှမ်းမှုအောက်တွင် သမီး၇ယောက်ကလည်း အလွန်အသန့်ကြိုက်ကြလေသည်။ ပုံမှန်နေ့များတွင် သူတို့ဝတ်သည့်အဝတ်အထည်းများက စုတ်ပြတ်ကာ ဟောင်းနွမ်းနေသော်လည်း အဝတ်အစားတိုင်းကို သေသေချာချာ လျှော်ဖွတ်ထားလေသည်။ ညီမငယ်များသည် အနည်းငယ်ပိန်ကြသော်လည်း ရွာထဲက ဆင်းရဲသားမိသားစု၏ ညစ်ပတ်သည့်ကလေးများထက်တော့ အများကြီးပိုသာလေသည်။
နေ့လယ်က အမျိုးသမီးဟန် ယူလာပေးသည့် အဝတ်ထုပ်ကို ထုတ်လိုက်ပြီး တစ်ထည်စီကို သေသေချာချာ စစ်ဆေးလိုက်လေသည်။ အားလုံးမှာ အဝတ်အစားအဟောင်းများ ဖြစ်သော်လည်း သေသေချာချာချုပ်ထားသည့် အကောင်းစားချည်သားဖြင့် ပြုလုပ်ထားသည်။
“ အားလုံးက မိသားစုတစ်ခုထဲ ကဖြစ်နေတာတောင် ကွာခြားချက်ကာ တကယ်မသေးတာပဲ”
ယိုကျင့် တစ်ယောက်ထဲ ရေရွတ်လိုက်ပြီး အပ်နှင့် အပ်ချည်ကို ယူကာ ရှောင်ကျို့၏ အဝတ်အစားများကို ပြင်ချုပ်နေလိုက်လေသည်။
သူမ၏စကားလုံးများတွင် မည်သည့် မလိုတမာစိတ်မှ မပါပေ။ ယိုကျင့်သည် အမျိုးသမီးဟန်ကို အမှန်ပင် ကျေးဇူးတင်ရပါသည်။ ဦးလေးသည် ပါးနပ်ပြီး ဒုတိယမိသားစုကို အထင်သေးသော်လည်း အမျိုးသမီးဟန် သူတို့နှင့် ရင်းနှီးလာသည်ကိုတော့ မတားမြစ်ချေ။
အတိတ်ဘဝက ယိုကျင့်သည် ငယ်စဥ်ကတည်းက အဝတ်အစားများကို ကိုယ်တိုင် ဖာထေးချုပ်လုပ်ခဲ့ရသည်။ သည်ဘဝတွင်လည်း သူမ၏ညီမငယ် ၇ယောက်အတွက် အဝတ်အစားများကို ချုပ်ပေးရလေသည်။ အချုပ်အလုပ်ပညာမှာ အလိုလို ကျွမ်းကျင်နေတော့သည်။ မကြာလိုက်ပေ ရှောင်ကျို့၏အဝတ်အစားများကို ပြင်ဆင်ချုပ်လုပ်ပြီး သွားတော့သည်။
“ ရှောင်ကျို့ ကြီးလာတဲ့အထိစောင့်နော်၊ သီစာတွေကို ဖြည်လိုက်ရင် ဝတ်လို့ရသေးတယ်”
ခေါင်းအုံးကို မှီကာ ခုတင်ပေါ်တွင် ထိုင်နေရင်း အမျိုးသမီးစုသည် သမီးဖြစ်သူ၏ လျင်မြန်သွက်လက်သည့် လက်ချောင်းများထဲတွင် ဟိုမှသည် သွားလာနေသည့် အပ်လေးကို ကြည့်နေမိလေသည်။ သူမလည်း အဝတ်တစ်ထည်ကို ယူလိုက်ကာ ပြင်ချုပ်ပေးနေလေသည်။ သူမ ပြုံးရင်း ပြောလိုက်၏။
“ ကျင့်အာက အခုဆို ပိုပြီး တော်လာပြီ”
အရွယ်မတိုင်ခင် ရင့်ကျက်ခဲ့ရသည့် အကြီးဆုံးသမီးအတွက် အမျိူးသမီးစု ရင်နာရပါသည်။ သူမသာ အရည်အချင်းရှိခဲ့လျှင် သမီးဖြစ်သူမှာ ကစားရင်း ရယ်မောပျော်ရွှင်နေရမည့် အရွယ်ဖြစ်လိမ့်မည်။ သို့သော် သူမ၏အကြီးဆုံးသမီးလေးမှာ နည်းနည်းကြီးပြင်းလာရုံရှိသေး အလွန်ရင့်ကျင့်နေတော့သည်။
ယိုကျင့်မှာ အမျိုသမီးစု၏စိတ်ထဲက အတွေးများကို မသိပါချေ။ သိခဲ့ပါလျှင် သေလောက်အောင် နေရခက်ပေလိမ့်မည်။ သူမသည် ယခုတွင် အသက်၁၁နှစ် ဆိုသော်ငြား သူမ၏စိတ်ဝိညာဉ်က အသက် ၃၀နား နီးနေပြီဖြစ်သည့် လူကြီးတစ်ယောက်။ အသက်၃၀နား နီးသည့် ယောက်ျားလျာတစ်ယောက်ပင်။ ချစ်စဖွယ်အမူအရာကို လုပ်ခိုင်းရသည်က တစ်စုံတစ်ယောက်ကို သ-တ်ခိုင်းရသည်ထက် ပိုခက်သေးသည်။
ယိုကျင့် မော့ကြည့်လိုက်ရာ ချစ်မေတ္တာများဖြင့် ပြည့်နေသည့် မျက်လုံးများဖြင့် သူတို့၏ အဝတ်အစားများကို ကူချုပ်ပေးနေသည့် အမျိုးသမီးစုကို တွေ့လိုက်ရ၏။ ယိုကျင့်၏ နှုတ်ခမ်းထောင့်များသည့် အပြုံးတစ်ခုအသွင် ကွေးတက်သွားတော့သည်။ အမျိုးသမီးစု၏ စိတ်နေစိတ်ထားသည့် အားနည်းကာ သည်းခံတတ်သော်လည်း ပုရိသဝါဒီကြီးစိုးသည့် ပတ်ဝန်းကျင်ကြောင့်တော့ သမီးများကို မကျေမနပ် မဖြစ်ခဲ့ချေ။ ဆန့်ကျင့်ဘက်အနေဖြင့် အားနည်းချိနဲ့လျက်ပင် အဘွားချန်နှင့် ယွဲ့ချန်လု ရိုက်နှက်နေသည့်ကြားက သမီးများကို မကြာခဏ ရှေ့မှနေ၍ ကာကွယ်ပေးတတ်လေသည်။ ထို့ကြောင့်ပင် သမီး၇ယောက်လည်း သက်သာရလေသည်။ သူမ၏ကိုယ်ပိုင် ဝေစုကို ကလေးများကို ပေးရန် မကြာခဏဆိုသလို တိတ်တိတ်လေး သိမ်းထားတတ်သေးသည်။ ဒါသည် မိခင်တစ်ယောက်၏ မွေးရာပါခွန်အားတစ်ခု ဖြစ်သည် မဟုတ်ပါလား။
***
ယိုကျင့်နှင့် ယိုထင်းတို့ ကြားက ရန်ပွဲကို ပြန်ပြောရလျှင်ဖြင့် အဘွားချန်သည် အပြင်ဘက်က ဆူညံသံကိုသာ ကြားရပြီး ဘာပြောနေကြသည်ကိုတော့ မကြားလိုက်ပေ။ သို့သော် ခုတင်ဘေးက ခုံပေါ်တွင် ထိုင်နေသည့် ယွဲ့ချန်လုသည် အလွန်နားပါးလေသည်။ ယွဲ့ယိုထင်းပါးစပ်မှ ပြောလိုက်သည့် ‘မျိုးဆက်ပြတ်နေတဲ့မိသားစု’ ဆိုသည့် စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်လေသည်။ သူ့မျက်နှာမှာ ချက်ချင်း ပြောင်းသွားတော့သည်။ အဘိုးယွဲ့က သူ့အား ပြောနေသည့်စကားကိုပင် မကြားနိုင်တော့ချေ။
“ လောင်အာ့ (ဒုတိယသား) အဖေ မင်းကို စကားပြောနေတယ်လေ”
ဘေးတွင် ထိုင်နေသည့် ယွဲ့ချန်ဖူက ငေးငိုင်သွားသည့် လောင်အာ့ကို တွန်းလိုက်ပြီး
“ မင်းဘယ်လိုများ စိတ်နဲ့ကိုယ်မကပ်ဖြစ်နေတာလဲ”
ယွဲ့ချန်လု သတိပြန်ဝင်လားပြီး
“ အာ အဖေဘာပြောလိုက်တာလဲ”
တစ်နည်းနည်းဖြင့် မှိုင်တွေနေသည့် ဒုတိယသားကိုကြည့်ရင်း ယွဲ့တာ့ဖူစိတ်ထဲမှ သက်ပြင်းချမိလေသည်။ သည်မိသားစုထဲတွင် ဒုတိယမိသားစုက အလားအလာအနည်းဆုံးဖြစ်ပြီး သားလည်း မရှိပေ။ ဒုတိယသားသည် နည်းနည်းထုံထိုင်းပြီး ရိုးသားလေသည်။ အလွန်လိမ္မာပါးနပ်ကြသည့် သားကြီး၊ သားအငယ်ဆုံးတို့နှင့် လုံးဝမတူပေ။ စိတ်နှင့်ကိုယ် မကပ်သည့် သားဖြစ်သူကို ကြည့်ရင်း ယွဲ့တာ့ဖူသည် ဒုတိယသားကို ပို၍ အထင်မြင်သေးလာတော့သည်။
“ကောက်ရိတ်ချိန် ရောက်တော့မယ်၊ အိမ်မှာက လယ်မြေတွေအများကြီး၊ မင်းရဲ့ အလုပ်သမားခေါင်းဆောင်က ကောက်ရိတ်ပြန်ဖို့ မင်းကို ဘယ်တော့ အိမ်ပြန်လွှတ်မယ်လို့ ပြောလဲ”
“ ဪ သူခွင့်ပြုပြီးပြီ နောက်ငါးရက်နေရင် အိမ်ပြန်ပြီး ကောက်ရိတ်နိုင်အောင် လူတိုင်းကို ၃ရက်ကနေ ၅ရက်လောက် ခွင့်ပေးမယ်လို့ ပြောတယ်” ယွဲ့ချန်လုက မြန်မြန် ပြန်ဖြေသည်။
သူသည် မြို့အနီးရှိ ဆောက်လုပ်ရေးတစ်ခုတွင် တွင်းတူးသည့်အလုပ်ကို လုပ်နေသည်။ ပင်ပန်းသည့်အလုပ် ဖြစ်သော်လည်း တစ်လလျှင် နှစ်ရာ၊ သုံးရာလောက် ရလေသည်။ သို့သော် မြို့ပေါ်က စျေးဆိုင်တွင် စာရင်းကိုင်လုပ်သည့် သားကြီး၊ စျေးဆိုင်ဖွင့်ထားသည့် သားငယ်တို့နှင့် ယှဥ်လျှင် ဒုတိယမိသားစုသည် အကြပ်တည်းဆုံးဖြစ်လေသည်။
“ အဖေ ကျွန်တော်တို့ လောင်အာ့နဲ့ ယှဥ်လို့ မရဘူးလေ၊ ကျွန်တော်တို့ဆိုင်က အခုတလော အရမ်းရောင်းကောင်းနေတာ၊ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို အရေးပေးတယ်၊ ကျွန်တော် အိမ်ပြန်လာပြီး အလုပ်တွေ ကူပေးနိုင်ပါ့မလားမသိဘူး” သားအကြီးဆုံးက တစ်လုံးစီ ပြန်ဖြေလေသည်။
ထိုစကားကို ကြားလိုက်ပြီးနောက် ယွဲ့တာ့ဖူက ခေါင်းညိတ်ပြလိုက်၏။
“ တကယ်တော့လည်း ဆိုင်က အလုပ်က ပိုအရေးကြီးပါတယ်၊ ကောက်စရိတ်တဲ့နေ့ကျရင် ငါတို့တွေ အလုပ်သမားနည်းနည်းလောက် ငှားလိုက်လို့ရပါတယ်”
ယွဲ့မိသားစုသည် လယ်ဧက ၃၀ခန့် ရှိသည့်အိမ်ထောင်တစ်ခု ဖြစ်လေသည်။ ယွဲ့ချန်လု တစ်ယောက်ထဲနှင့် မလုံလောက်သည်မှာ ပြောရန်ပင် မလိုချေ။ အခြေခံအားဖြင့် အလုပ်သမားကို သုံးလေးရက်စာ နှစ်တိုင်းငှားရသည်။
“ တကယ်တော့လေ ကျောင်းက ကောက်ရိတ်သိမ်းဖို့ အားလပ်ရက်ပေးထားတယ်၊ ညီလေးနဲ့ ကျွန်တော် ပြန်လာပြီး အဘိုးကို ကူညီပေးမယ်လေ” ယွဲ့တာ့ဖူ၏အချစ်ဆုံး အကြီးဆုံးမြေး ယွဲ့ဝမ်ထောင်က တလေးတစား အဆိုပြုလာလေသည်။
သူ့စကားကို နားထောင်လိုက်ပြီးနောက် ကျန်လူများက မပြောခင် အဘွားချန်က ဖြတ်ပြောလိုက်တော့သည်။
“ ဘယ်လိုလုပ်ဖြစ်မှာလဲ၊ မင်းတို့ညီအကိုက နောက်ဆိုရင် ထိပ်တန်းအရာရှိတွေ ဖြစ်လာတော့မှာ၊ ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့ ဘယ်လို ပြန်လာခိုင်းလို့ရမှာလဲ၊ ဒုတိယမိသားစုမှာ ဆန်ကုန်မြေလေးတစ်ပုံလုံး ရှိတယ်မလား၊ အားလုံး အလုပ်သွားရလိမ့်မယ်”
ဒုတိယသားဖြစ်သူ၏မျက်နှာ အနည်းငယ်ညှိုးသွားသည်ကို မြင်လိုက်သည့် ယွဲ့တာဖူက သူ့မိန်းမကို မျက်ရိပ်ပြလိုက်ပြီး
“ အဲကလေးတွေက ငယ်သေးတယ်၊ သူတို့ ဘာလုပ်နိုင်မှာလဲ၊ ငါတို့တွေ နှစ်တိုင်း အချိန်ပိုင်းအလုပ်သမား ငှားနေကျပဲဟာ ဘာလို့ စကားတွေအများကြီး ပြောနေတာလဲ”
ကောက်ရိတ်မည့်ကိစ္စကို ဤသို့ဆုံးဖြတ်လိုက်ကြတော့သည်။
“ ဝမ်ထောင်နဲ့ ဝမ်လီ မြို့မှာ စာကိုပဲ ကြိုးစားကြ၊ နောက်နှစ် ထုန်ရှန့်စာမေးပွဲက မျက်စိတမှိတ်ဆို ရောက်လာတော့မှာ၊ မင်းတို့ရဲ့ အရေးကြီးဆုံး ဦးစားပေးရမှာက တော်ဝင်စာမေးပွဲပဲ၊ ကောင်းကောင်း လေ့လာကြ၊ ပြီးရင် တတ်နိုင်သလောက်မြန်မြန် ရာထူးလေးတစ်ခု ရအောင်ယူကြ”
ယွဲ့တာ့ဖူသည် သူ့မြေးနှစ်ယောက်ကို အလွန်မျှော်လင့်ထားလေသည်။ ဝမ်ထောင်သည် သည်နှစ် ထုန်ရှန့်စာမေးပွဲကို ကျခဲ့သော်လည်း သူ့မြေးနှစ်ယောက်လုံးက အလွန်ဉာဏ်ထက်ကြပြီး စာမေးပွဲကို အောင်မှာ မြေကြီးလက်ခတ်မလွဲပင်။
ယွဲ့ဝမ်ထောင်လည်း သူ့အဘိုးက သူ့ကို အလွန်မျှော်လင့်ထားသည်ကို သိလေသည်။ ပြီးခဲ့သည့် နှစ်ရက်က သူ့အတန်းဖော် ပြောခဲ့သည့်စကားကို အမှတ်ရသွားပြီး တွန့်ဆုတ်ကာ ပြောလိုက်လေသည်။
“ တစ်နေ့က အခန်းဖော်တွေပြောတာ မြေးကြားခဲ့တယ်၊ စီရင်စုအမတ်နဲ့ တွေ့နိုင်ဖို့ နည်းလမ်းရှိတယ်တဲ့၊ ဒါပေမဲ့ အဆက်အသွယ်ရဖို့ ငွေနည်းနည်းတော့ သုံးရမယ်တဲ့၊ ဒီနှစ် မြေးလည်း ဆောင်းပါးကို ကောင်းကောင်း မရေးခဲ့တာ မဟုတ်ပါဘူး၊ ကျောင်းက ဆရာကတောင် ပြောနေတာ ကျွန်တော် အောင်နိုင်တယ်တဲ့၊ နောက်ဆုံးတော့လည်း ကျွန်တော်မှ မေးခွန်းမရခဲ့တာ ၊ အဆက်အသွယ်လုပ်ဖို့ရာ ငွေကမရှိလို့လေ...”
ကလေးနှစ်ယောက်၏ အနာဂတ်ကို ထုတ်ပြောလိုက်သည်နှင့် ယွဲ့တာ့ဖူသည် စိတ်လှုပ်ရှားလာတော့သည်။
“ ဒီလိုဆိုမှတော့ ငါတို့မိသားစုက ငွေနည်းနည်း သုံးပေးရမှာပေါ့ ဟုတ်လား”
“ ကျွန်တော့်အတန်းဖော် ပြောတာတော့ ကျွန်တော်တို့ ဆန္ဒရှိရင် တစ်ယောက်ကို လျန်း ၅၀လောက် နဲ့ အဆက်အသွယ်ရဖို့ လုပ်နိုင်တယ်တဲ့၊ ကံကောင်းရင်ကျွန်တော်တို့ အဖြေလွှာတွေပါ ရနိုင်တယ်၊ ညီလေးနဲ့ ကျွန်တော် ငွေစ ၁၀၀ လိုတယ်....”
ငွေအကြော င်းပြောလိုက်သည်နှင့် ယွဲ့ဝမ်ထောင်၏အသံသည် တဖြည်းဖြည်း တိုးသွားတော့သည်။ သူ့မိသားစုအခြေအနေနှင့် အနေအထားက တော်တော်ကောင်းသည်ကို သိထားသော်လည်း ကျေးလက်မိသားစုတစ်ခုအတွက် လျန်း ၁၀၀ သည် အလွန်များသည့်ပမာဏတစ်ခု ဖြစ်နေသေးလေသည်။
…
အပိုင်း (၁၁) လျန်းတစ်ရာ
“လျန်းတစ်ရာ.... ငါတို့မိသားစုက အဲ့လောက်ပိုက်ဆံကို ဘယ်ကရှာရမှာလဲ” အဘွားချန်သည် စိုးရိမ်တကြီးဖြင့် ချွေးတပြိုက်ပြိုက်ကျကာ ရှင်းပြရှာသည်။ မိသားစု၌ မြေဆီဩဇာကောင်းသော လယ်ဧကသုံးဆယ် ရှိသကဲ့သို့ အစိုးရအား အခွန်ခပေးရသည်မှာလည်း မနည်းမနောပင်ဖြစ်သည်။ ထွန်ယက်စိုက်ပျိုးရန် ငှားရမ်းရသည့် လူသည်လည်း များပေသည်။ ထို့အပြင် မြေးနှစ်ယောက်၏ ကျောင်းစရိတ်အတွက်ပါ ပေးဆောင်ရသည့်အတွက် သူမတို့မိသားစုသည် နှစ်စဉ် ခုနစ်လျန် ရှစ်လျန်သာ စုဆောင်းမိပေသည်။ “ပြီးတော့ မေးခွန်းလွှာကို မင်းတို့ညီအစ်ကိုနှစ်ယောက်စားအတွက် ပေါင်း၀ယ်လို့မရဘူးလား။ အတူပေါင်းဖတ်ကြလေ” အဘွားချန်၏ ငွေကြေးတွက်ချက်မှုသည် ထိပ်ဆုံးစာရင်း၀င်ဖြစ်သည်။ သူမအတွက် စုဆောင်းနိုင်သည့် ဒင်္ဂါးတစ်စေ့သည်ပင် စုဆောင်းရမည်ပင်။
မည်သို့ပင်ဖြစ်စေ ယွဲ့၀မ်ထောင်သည် မကျေနပ်စွာ ခဏမျှ သည်းညူနေတော့သည်။ “ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းက အကုန်ပေးရမယ်ပြောတာ.....”
ယွဲ့ချန်ရှို့သည် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“၀မ်ထောင် လျန်းတစ်ရာဆိုတဲ့ငွေက မနည်းဘူးနော်။ အဲ့လိုကုန်လိုက်လို့ အသုံး၀င်မယ်ဆိုတာ သေချာလား။ အလိမ်ခံရရင် ပြဿနာတက်မယ်....”
ယွဲ့တာ့ဖူသည် စိတ်တည်ငြိမ်စေရန် ဆေးတံကို မှူတ်သောက်လိုက်သည်။ လျန်းတစ်ရာသည် သေးငယ်သည့် ပမာဏ မဟုတ်သကဲ့သို့ သူ့မြေးများ၏ အနာဂတ်သည်လည်း အရေးပါပေသည်။ စဉ်းစားရခက်လှသည်။
လူကြီးများသည် အလုံးစုံငြင်းဆန်နေခြင်းမဟုတ်ကြောင်း သဘောပေါက်သည်နှင့် ယွဲ့၀မ်ဝေ့သည် အာမခံချက် ပေးလိုက်လေသည်။ “အဲလိုမဖြစ်ပါဘူး။ သူငယ်ချင်းက တရားသူကြီးမျိုးရိုးရဲ့ ဆွေမျိုးဆိုတော့ သူပြောတာ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်ပါတယ်။ အဘိုး ကျွန်တော်တို့ တုန်ရှန်းစာမေးပွဲကို နွေဦးမှာ အောင်မှ ရုံးတွင်းပိုင်းသွားပြီး အစိုးရစာမေးပွဲကို ဆောင်းဦးမှာ ထပ်ဖြေနိုင်မှာ။ အဲဒါအောင်မှ ရှို့ချိုက်ဖြစ်မှာ။ အရည်အချင်းစစ်စာမေးပွဲက နောက်နှစ်နှစ်နေမှ လာတော့မှာ အဲဒါဆို နောက်တစ်နှစ်စောင်ရဦးမယ်။ တကယ်လို့ အဲ့လိုသာဆို ကျွန်တော်တို့ နောက်ထပ် သုံးနှစ်လောက် ထပ်စောင့်နေရမှာ....”
“ဟုတ်တယ် အဘိုးရ အဲ့လိုသာဆို ငါးနှစ်လောက် စောင့်နေရမှာ” ဘေးရှိယွဲ့ချန်လုသည် သူ့အစ်ကို၏ အချက်ပြမှုကိုရသည်နှင့် ၀င်ရောက် တိုက်တွန်းလေသည်။ (တုန်ရှန်း နှစ်နှစ်တခါလာတာပါ။ တုန်ရှန်းနဲ့ အစိုးရစစ်စာမေးပွဲ ကြားကတစ်နှစ်ခြားပါတယ်။ တကယ်လို့ သူတို့တုံရှန်းကို ဒီနှစ် မအောင်ရင် အစိုးရစစ်ကို မဖြေရဘဲ တစ်နှစ်ပုပ်ပါတယ်။ နောက်ထပ်စောင့်ရင် နှစ်နှစ်နဲ့ အစိုးရစစ်အတွက်တစ်နှစ်ဆို လေးနှစ်ကျော်ပါတယ်)
သူတို့လွဲချော်လျှင် နောက်ထပ်ငါးနှစ်တာမျှ စောင့်ရမည်ဖြစ်သည်။ ယွဲ့၀မ်ထောင်၏ စကားများသည် ယွဲ့တာ့ဖူ၏စိတ်ကို လှုပ်ခတ်စေသည်။ တစ်ထက်၌ လျန်းတစ်ရာနှင့် တဖက်၌ ငါးနှစ်တာ စောင်းဆိုင်းရမည့် သူတို့မိသားစု၏ ကံကြမ္မာဖြစ်သည်။ ယွဲ့တာ့ဖူသည် ခဏကြာမျှ တွေးပြီးနောက် သူ၏ပေါင်အား ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။ “လျန်းတစ်ရာနဲ့ ပြီးမယ်ဆိုလဲ”
သူတို့အဘိုး၏စကားကို ကြားသည်နှင့် ယွဲ့၀မ်ထောင်တို့ညီအစ်ကို၏ မျက်၀န်းများသည် ပျော်ရွှင်မှုကြောင့် ပြူးကျယ်ကုန်သည်။ အဘွားချန်သည် ခဏမျှ အသက်ရှူဖို့ပင် မေ့လျော့သွားသည်။
“ဒီလူအိုကြီးကတော့ ရူးသွားပြီလား။ ကျွန်မတို့အိမ်မှာ အဲ့လောက်ငွေ ဘယ်မှာရှိမှာလဲ။ တစ်နှစ်တစ်နှစ် ငွေနည်းနည်းစီ စုလာတာ လျန်းတစ်ရာရဖို့ ဘယ်လောက်ကြာအောင် ခက်ခက်ခဲခဲ အလုပ်တွေလုပ်ရလဲ သိရဲ့လား။ အိမ်ကို အခေါင်းပေါက်ဖြစ်အောင် လုပ်မလို့လား ဟမ်”
“ဒီမိန်းမကတော့ အတွေးခေါင်လိုက်တာ။ ဘယ်ဟာကို ဦးစားပေးရမှန်း မသိဘူးလား ပိုက်ဆံကို ကောင်းတဲ့နေရာမှာ သုံးတာပဲ။ ကလေးတွေသာ ရာထူးတစ်နေရာရလာရင် အနာဂတ်မှာ ငွေရှိဖို့က မခက်ခဲတော့ဘူး။ နားလည်ရဲ့လား” ထို့နောက် ယွဲ့တာ့ဖူသည် ငွေထုတ်ပေးရန် လက်တွန့်နေသော အဘွားချန်အား စိုက်ကြည့်လိုက်သည်။ “သွား ပိုက်ဆံသွားထုတ်ချည်”
မိသားစု၏ငွေအား မေးခွန်းလွှာ၀ယ်ရန်နှင့် သူ့သား၏ လမ်းကြောင်းအတွက် ဖြောင့်ဖြူးစေရန် သုံးလိုသော် ယွဲ့ချန်ဖူသည် အဘွားချန်ဘက်သို့ လှည့်ကာ အယုံသွင်းကာ နားချတော့သည်။ “ဟုတ်သားပဲ အမေကလည်း ဒီကလေးတွေ ရာထူးရလာပြီဆို အမေက သခင်မကြီး ဖြစ်ပြီလေ။ အဲ့အချိန်ကျ အမေ့ကို ပဏ္ဍာဆက်ဖို့ လူတိုင်းက တန်းစီနေကြမှာ”
အခြာတးစ်ဖက်၌ ယွဲ့ချန်လုနှင့်ယွဲ့ချန်ရှို့သည် မကျေမနပ်ဖြစ်နေသည်။ သူတို့မိသားစုသည် မခွဲဝေရသေး၍ ရှိသည့်ငွေကို မျှဝေသုံးရပေသည်။ ဒီလိုသာဖြစ်ရင် ခွဲတဲ့အချိန် လျန်းနှစ်ဆယ် သုံးဆယ်တောင် ရပါ့မလား။ ယွဲ့ချိန်ရှို့သည် မြို့ပေါ်၌ ကုန်ဆိုင်ရှိကာ တစ်နှစ်လျှင် လျန်းနှစ်ဆယ်သုံးဆယ်မျှ စုဆောင်းနိုင်ပေသည်။ ထို့အတွန် လျစ်နှစ်ဆယ်သုံးဆယ်မျှ ရလျှင်ပင် သူ့အတွက် အဆင်ပြေသေးသည်။ သို့သော် ယွဲ့ချန်လုသည် အလုပ်ကြမ်း တစ်လလုပ်လျှင်မှသာ ငွေတုံးအနည်းငယ်သာ ရပေသည်။ သူ၏မျက်စိရှေ့၌ လျန်းတစ်ရာအား ယူထုတ်သွားသည့်အတွက် မကျေမနပ်ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။
ယွဲ့ချန်ဖူသည် သူ၏အမေကို ဖျောင်းဖျပြီးနောက် ညီဖြစ်သူ၏ မျက်နှာပျက်ယွင်းမှုကို မြင်လိုက်ရ၍ ထပ်မံချော့မော့ ပြောရပြန်သည်။ “ငါ့ညီရာ ငွေက နည်းနည်းများတာမှန်ပါတယ်။ ဒါပေမဲ့ မင်းမှာ သားစဉ်မျိုးဆက်မှမရှိဘဲ။ မင်းတူတွေသာ ရာထူးအရာခံဖြစ်ကြည့် မင်းအတွက် အထောက်အကူ ဖြစ်မှာပေါ့။ အဲ့ကျ မင်းလည်း သခင်ကြီးတစ်ယောက်ဖြစ်လာမှာလေ။ သားမမွေးနိုင်တဲ့ မင်းမိန်းမကို ပစ်ချင်ပစ်လိုက်လို့ရတယ်။ အချိန်ကျ အာဏာရှိရင် ဘယ်ပျိုနီပန်းမဆို မင်းကို ယူချင်ကြမှာပဲ။ အဲ့ကျ သားယောက်ျားလေး မရှိမှာလည်း စိုးရိမ်စရာမလိုတော့ဘူး ဟုတ်တယ်မလား”
ပထမမိသားစုတိုင်း၏ ဉာဏ်ရည်သည် ထူးဆန်းစွာ ထက်မြက်လှပေသည်။ အခြားလူများကို မြှောက်ပင့်ကာ စိတ်ကျေနပ်မှုရအောင် ပြုလုပ်ပေးရာ၌ တစ်ဖက်ကမ်း ကျွမ်းကျင်ကြပေသည်။ အချိန်ခဏအတွင်း၌ အဘွားချန်နှင့် ယွဲ့ချန်လုတို့နှစ်ဦးသည် ပထမမိသားစု၏ စည်းရုံးသိမ်းသွင်းမှုအောက်၌ ကျရှုံးသွားလေသည်။ ယွဲ့တာ့ဖူသည် အလျင်လိုနေ၍ အဘွားချန်သည်လည်း အတွင်းဆောင်သို့ ခပ်သုတ်သုတ် ပြေးသွားရလေသည်။ ထို့နောက် ဒင်္ဂါးအချို့နှင့် တံဆိပ်ရိုက်ထားသော ငွေတုံးတစ်တုံးကို ထုတ်လာလေသည်။ “အိမ်မှာရှိတာ အကုန်ပဲ။ သင့်တော်သလို သုံးလိုက်ကြ”
အဘိုးအဘွားများမှ ငွေအသပြာများကို အလွယ်တကူ ထုတ်ပေးလာသည့်အတွက် ညီအစ်ကိုနှစ်ယောက်မှာ ပျော်မြူးနေကြ၏။ အထူးသဖြင့် ယွဲ့၀မ်ဝေ့သည် အပျော်ဆုံးဖြစ်သည်။ သူသည် အသက် တစ်ဆယ့်ငါးနှစ် ဖြစ်ကာ တုန်ရှန်း မအောင်မြင်သေးပေ။ ယခုကဲ့သို့သာ ယောင်လည်လည် ဖြစ်နေပါက ရှို့ချိုက်ဖြေရန် မလွယ်ကူပါချေ။ ဤငွေများဖြင့် တုန်ရှန်းကို အေးဆေးပင် ဖြတ်ကျော်နိုင်ပေသည်။
ယွဲ့တာ့ဖူသည် ဆုံးမစကား ပြောရန်လည်းမမေ့ခဲ့ပေ။ “ စာသေချာကြိုးစားကြ။ မိသားစုရဲ့မျှော်လင့်ချက်ကို မပျက်စေနဲ့”
“စိတ်ချပါ အဘိုး။ အရာထမ်းဖြစ်အောင် ကြိုးစားပြီး မိသားစုကို ဂုဏ်ယူရအောင် လုပ်ပေးမှာပါ အဘိုး” ယွဲ့၀မ်ထောင်၏မျက်လုံးသည် စားပွဲပေါ်ရှိ ငွေများကြောင့် လင်းလက်နေခဲ့သည်။ ငါအောင်မြင်လာမှာကို စောင့်ကြည့်နေကြ။
ညနက်လာပြီဖြစ်ကာ ယွဲ့မိသားစု၏ ပင်မဆောင်၌ မီးအရောင်မှိန်ပျပျ ရှိနေသေးသည်။ အိမ်ရှိ ယောက်ျားသားများ၏ ဆွေးနွေးမှုသည် ပြီးစီးပြီဖြစ်ကာ စာသင်သားနှစ်ဦးအား ငွေပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ယွဲ့ချန်ရှို့သည် ပင်ပန်းနေသော ကိုယ်ခန္ဓာနှင့် အရှေ့ခြံထဲထိ သည်းခံလျှောက်လှမ်းလာခဲ့ရသည်။ အမျိုးသမီးဟန်သည် ခင်ပွန်းသည်ကို မြင်သည်နှင့် နှုတ်ခွန်းဆက်လိုက်ပြီး လက်မှလည်း အပေါ်၀တ်ရုံကို အလိုက်တသိ ကူချွတ်ပေးလေသည်။ “ဘာတွေ အဲ့လောက် ပြောနေကြတာလဲ” ထို့နောက် ပုဝါအစိုစဖြင့် မျက်နှာသုတ်ပေးရန် ကမ်းလိုက်ကာ မေးမြန်းလိုက်သည်။ “ရှင့်မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်ပြန်ပြီလဲ”
ယွဲ့ချန်ရှို့နှင့် အမျိုးသမီးဟန်တို့၏ အိမ်ထောင်သက်တမ်းမှာ ကြာရှည်ပြီဖြစ်ကာ သူတို့နှစ်ဦး၏ သံယောဇဉ်သည်လည်း ခိုင်မာပေသည်။ အမျိုးသမီးဟန်သည် သာမန်အမျိုးသမီးများထက် ကြံ့ခိုင်ကာ ရည်မှန်းချက်ကြီးကြောင်း သူသိပေသည်။ စီးပွားရေးကိစ္စ အများစုကိုလည်း အမျိုးသမီးဟန်က ဆုံးဖြတ်ပေသည်။ ထို့အတွက် သူမဆီမှ ဖုံးကွယ်ဖို့ရန် မဖြစ်နိုင်ပါချေ။ “ယွဲ့၀မ်ထောင်တို့ ညီအစ်ကိုနှစ်ယောက်က မြို့ပေါ်က တရားရေးရာ မိသားစုနဲ့ အဆက်အသွယ်ရှိပြီး နည်းနည်းလောက် ရင်းနှီးမြှုပ်နှံချင်နေတာ။ တစ်ယောက်ကို လျန်ငါးဆယ်တဲ့”
အမျိုးသားဖြစ်သူ သုတ်ပြီးသော လက်ကိုင်ပဝါကိုယူကာ အမျိုးသမီးဟန်သည် အနည်းငယ် တုန်လှုပ်သွားမိသည်။ “ကျွန်မတို့ဆိုင်တောင် တစ်နှစ်မှ လျန်းနှစ်ဆယ် သုံးဆယ်တင် မြတ်တာ။ အဖေနဲ့အမေက လျန်းတစ်ရာပေးဖို့ သဘောတူလိုက်တာလား”
ယွဲ့မိသားစုသည် စာသင်သားနှစ်ဦးအပေါ် အလေးထား ဆက်ဆံပေသည်။ သူမသည် တရားစီရင်သူမိသားစုကို လာဘ်ထိုးရန် မိသားစု၏ငွေကြေးများကို အကုန်သုံးလိုက်ခြင်းအပေါ် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
“တစ်မိသားစုလုံးက ထောင်အာနဲ့ လင်အာအပေ့် မျှော်လင့်ချက်ထားနေကြတာလေ။ အမေတို့က သဘောမတူဘဲ ဘယ်နေမလဲ” ယွဲ့ချန်ရှို့သည် ဖျော့တော့သွာဖြင့် ခုတင်ပေါ်သို့ ထိုင်ချလိုက်သည်။
“အမေယူလာတဲ့ ငွေတွေက တချို့ဆို အရောင်လွင့်နေပြီ။ အဲဒါက ကိုယ်တို့မိသားစုရဲ့ငွေ အကုန်ပဲမလား”
ကျေးလက်ဒေသများ၌ လျန်းတစ်ရာသည် ပမာဏကြီးဖြစ်ပေသည်။ လျန်းနှစ်ဆယ်သည်ပင် အုပ်ကြွပ်အိမ်တစ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောက်နိုင်ကာ မြေဩဇာကောင်းသည့် လယ်တစ်ဧကလျှင်ပင် ခြောက်လျန်သာ ကျသင့်သည်။ ထို့အပြင် အိမ်၌ ကျွေးမွေးရမည့် လူများလည်း ရှိသေးသည်။ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့အတွက် လျန်းတစ်ရာထက် ပိုစုထားရမည်ဖြစ်ကာ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်တော့ချေ။
လုပ်စရာရှိသည်များကို လက်စသတ်ပြီးသည်နှင့် အမျိုးသမီးချန်သည် ယွဲ့ချန်ရှို့ဘေး၌ လှဲလိုက်တော့သည်။ “မနက်ဖြန်ကျ အဖေနဲ့အမေကို ငွေနည်းနည်းလောက် သွားပေးကြမလား”
“ကိုယ်တို့မိသားစုမှာ ငွေဘယ်လောက်ကျန်သေးလို့လဲ။ သားနှစ်ယောက်က ပညာသင်နေတုန်း။ ယွဲ့ဟယ်ကလည်း တဖြည်းဖြည်းကြီးလာဦးမယ်။ မင်းရဲ့သားနှစ်ယောက် လက်ထပ်ဖို့ရော ယွဲ့ဟယ်ရဲ့လက်ဖွဲ့ငွေရော ဘယ်ဟာက ငွေမလိုလို့လဲ” ယွဲ့ချန်ရှို့သည် အမျိုးသမီးဟန်၏ အကြံအား နှစ်ခါပင် မစဉ်းစားဘဲ ကန့်ကွက်ခဲ့သည်။
“ပြီးတော့ မိသားစုက ခွဲရသေးတာ မဟုတ်ဘူး။ ကိုယ်တို့စုဆောင်းခဲ့တာက နည်းတဲ့ငွေကြေး မဟုတ်ဘူး။ ဒီနေ့ထုတ်ပေးလိုက်တဲ့ ငွေက ကိုယ်တို့ဆီက အဓိက စီးဆင်းတာပဲ” ယွဲ့မိသားစုသည် မခွဲခြမ်းရသေးပေ။ တတိယမိသားစုခွဲသည် မြို့ပေါ်၌ သီးခြားနေကာ ကလေးသုံးယောက်အား ပျိုးထောင်ရသည့်အပြင် တစ်နှစ်လျှင် ခြောက်လျန်း ခုနစ်လျန်းမျှ အိမ်ကို ပေးပို့သေးသည်။ သူတို့၏ငွေကို လျှို့ဝှက်မစုဆောင်းထားခဲ့ပါက ရှင်သန်စားသောက်ရန် မဖြစ်နိုင်ပေ။
ခင်ပွန်းသည်ပြောသည်မှာ အကျိုးအကြောင်း ဆီလျော်သည့်အတွက် အမျိုးကမီးဟန်သည် သက်ပြင်းချကာ မည်သည်ကိုမျှ မငြင်းဆိုခဲ့ပေ။
ယွဲ့ချန်လုသည် ပင်မဆောင်မှ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကာ အနောက်ခြံထဲသို့ ဦးတည်သွားခဲ့သည်။ အိမ်ခန်းထဲရှိ ခုတင်၌ သူ့အား ပြုံးလျက်ကြည့်နေသော ရှောင်ကျို့ကို မြင်လိုက်သည့်အခါ တဒင်္ဂမျှပင် မတွေဝေဘဲ လက်ဆန့်တန်းကာ ရိုက်ချလိုက်လေသည်။
“ဆန်ကုန်မြေတွေ တနေ့နေ့ စားဖို့သောက်ဖို့ပဲ တတ်တယ်”
ပျော်ရွှင်နေသည့် ရှောင်ကျို့လေးသည် အဖေဖြစ်သူ၏ ရိုက်နှက်မှုကို မျှော်လင့်မထားခဲ့ပေ။ ပါးပေါ်ရှိ နာကျင်မှုသည် သူမအား ငိုကြွေးစေရန် လုံလောက်ခဲ့လေသည်။ “ဝါး” ထိုငိုသံသည် ယွဲ့ချန်လု ခြေဆေးရန်အတွက် ရေထွက်ခပ်နေသည့် ယိုကျင့်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ယိုကျင့်သည် ရေဇလုံတစ်လုံးဖြင့် အခန်းထဲသို့ ပြေး၀င်ဘာရတော့သည်။
“အဖေ ရေရပါပြီ။ ခြေဆေးပြီး နားလို့ရပြီနော်” ယိုကျင့်သည် ဇလုံအား ယွဲ့ချန်လုရှေ့၌ ချပေးလိုက်သည်။ ထို့နောက် ရှောင်ကျို့ကို ပွေ့ချီကာ ချော့မြူရန်အတွက် ထိုလူနှင့် ဝေးရာထောင့်သို့ ခေါ်သွားရလေသည်။
အကြီးဆုံးသမီး၏ အပြုအမူကြောင့် ယွဲ့ချန်လုသည် ခုတင်ပေါ်သို့ အားပါပါထိုင်ချလိုက်ကာ ဖိနပ်ကို ဆွဲချွတ်ပြီး လွှင့်ပစ်လိုက်သည်။ ခြေဆေးနေရင်းပင် ဆူဆဲနေသေးပေသည်။ “ခွေးမတွေ ငိုဖို့နဲ့ စားဖို့ပဲသိတယ်။ ငါ့သားလေး နင့်ငိုသံကြောင့် ထွက်ပြေးသွားရင် နင့်ကို အသေသတ်ပစ်မယ်”
အတွင်းခန်းထဲရှိ အမျိုးသမီးစုသည် ဆူညံသံများကြောင့် အိပ်ရာမှ အားပြုထကာ တံခါးဘက်ဆီသို့ လျှောက်သွားလိုက်ပြီး ဘောင်၌ မှီထားရလေသည်။
“ဘာဖြစ်ပြန်ပြီလဲ ယောက်ျားရယ်။ ရှောင်ကျို့မလိမ္မာရင် ကျွန်မသူ့ကို ဖြည်းဖြည်းချင်း သင်ပေးလိုက်ပါ့မယ်။ အဲ့လောက် ဒေါသထွက်စရာလိုလို့လား”
ယွဲ့ချန်လုသည် ဝါညစ်ညစ်မျက်နှာနှင့် ဗိုက်ပူပူမှလွဲ၍ တစ်ကိုယ်လုံးပိန်ပါးနေသည့် အမျိုးသမီးစုကို ကြည့်ကာ ပို၍ပင် ရွံရှာလာသည်။ “ဘယ်လိုသင်ပေးမှာလဲ။ နင်ပျိုးထောင်တဲ့ဟာမတွေကို ကြည့်ပါဦး။ တစ်ယောက်ချင်းစီ အရည်အချင်းကောင်းတွေ ရှိလိုက်ကြတာ။ ငါအပြင်မှာ ပိုက်ဆံအများကြီး ရှာနိုင်တာတောင် ပြန်လာရင် သူတို့ကြောင့် ဒေါသထွက်နေရတုန်း”
အမျိုးသမီးစုသည် မျက်ရည်များ ဝဲဝေ့လာသည်အထိ အဆူပူခံလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ကာ ယွဲ့ချန်လုဆီသို့ သွားလိုက်ပြီး ခြေထောက်ကူဆေးပေးရန် ထိုင်လိုက်သည်။ “ကျွန်မခင်ပွန်းက တစ်နေ့တစ်နေ့ အလုပ်တွေကြိုးစားရမှန်း သိပါတယ်။ အဲဒါကြောင့် ခြေဆေးပြီးတာနဲ့ စောစောနားလိုက်တော့နော်။ ရှောင်ကျို့ မလိမ္မာဘူးထား ကျွန်မမနက်ဖြန် သေချာသင်ပေးလိုက်ပါ့မယ်”
အမျိုးသမီးစုသည် သူ့အား ပြန်ခံမပြောဘဲ ပြုစုပေးနေသည့်အတွက် သူ၏မွေးရာပါ ယောက်ျားမာနမှာ ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှောင်ကျို့အား တွက်ကပ်မနေဘဲ အမျိုးသမီးစုအား ခြေထောက်အမြန်ဆေးပေးရန် ဆူဆဲနေတော့သည်။
ယွဲ့ချန်လုသည် ခြေထောက်ဆေးကြောပြီးသည်နှင့် အခန်းထဲသို့ သွားကာ အိပ်စက်တော့သည်။ ယိုကျင့်သည်လည်း မအိပ်ပျော်ခင်အထိ ငိုကြွေးခဲ့သော ရှောင်ကျို့အား အိပ်ရာပေါ်သို့ နေရာတကျ ချပေးလိုက်သည်။ ထို့နောက် ရှောင်ဝူမှာ သူမအား မျက်လုံးပြူးလေးများဖြင်း ငေးကြည့်နေကြောင်း သိလိုက်ရသည်။ ရှောင်ဝူသည် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“အစ်မသုံး သမီးပင်မခန်းရှေ့ဖြတ်ရင်း ဘိုးဘိုးနဲ့ဘွားဘွားက အကြီးဆုံးအစ်ကိုနှစ်ယောက်ဖို့ လျန်းတစ်ရာ ထုတ်ပေးလိုက်တယ်လို့ ကြားတယ်။ ပြီးတော့ အဲဒါကို တရားသူကြီးမိသားစုဆီ လာဘ်ထိုးမလို့တဲ့” ရှောင်ဝူနှင့်အခြားသူများသည် ထိုအခန်းရှေ့ ဖြတ်သွားရင်း မတော်တဆ ကြားမိခဲ့ခြင်းဖြစ်သည်။ ရှောင်ဝူသည် ရေအိမ်သွားစဉ် စကားသံများကြောင့် အခန်းထောင့်၌ နေကာ နားထောင်လာပြီး သူမ၏အစ်မကို ပြောပြခြင်းဖြစ်သည်။
ယိုကျင့်သည် ရှောင်ဝူ၏ခေါင်းကို အသာအယာပုတ်ပေးကာ ညီမဖြစ်သူ၏ အသံအတိုင်း တီးတိုးပြောလိုက်သည်။ “အခြားလူတွေကို ဒီအကြောင်း မပြောရဘူးနော်။ ဒါညီမလေးနဲ့ မမကြားက လျှို့ဝှက်ချက်ပဲ ဟုတ်ပြီလား”
“အာ” ရှောင်ဝူသည် ခုနစ်နှစ်သာရှိသေးသော်လည်း စိတ်မြန်လက်မြန်ရှိလှသည်။ သို့သော်လည်း အစ်မဖြစ်သူ ယိုကျင့်၏စကားကို နာခံဆဲဖြစ်သည်။
“နောက်ကျနေပြီ ရှောင်ဝူလေးလည်း အိပ်သင့်ပြီ။ မနက်ဖြန် အလုပ်တွေအများကြီး လုပ်ရဦးမှာ”
ယိုကျင့်သည် ရှောင်ဝူအား အိပ်ပျော်အောင် ချော့သိပ်ပြီးချန်၌ သူမသည်လည်း အိပ်မောကျသွားတော့သည်။ မနက်ဖြန်သည် အဘွားချန်၏ အသက်ငါးဆယ်ပြည့် မွေးနေ့ဖြစ်ပေသည်။ ကြီးကြီးမားမား ကျင်းပသော ပွဲမဟုတ်သော်လည်း အိမ်ထောင်ရက်ခြားကျသွားသည့် သမီးဖြစ်သူ ပြန်လာလိမ့်မည်ဖြစ်သည်။ ထို့အတွက် မနက်ဖြန်သည် အလုပ်ရှုပ်လိမ့်မည်ဟု မှန်းဆလို့ရသည်။
…
အပိုင်း (၁၂) မွေးနေ့ပွဲကျင်းပခြင်း
မနက်ခင်းနှင်းမှုန်များက မပျယ်သေးချေ။ ဆောင်းလယ်ပွဲတော် ပြီးသွားပြီးနောက် မနက်ခင်းတွင် ချမ်းစိမ့်စိမ့် ဖြစ်စပြုနေပြီဖြစ်သည်။ မနက်စောစောနိုးတတ်သည့် ယိုကျင့်က ဖာထေးရာဗရာပွဖြင့် ဂွမ်းသားအဝတ်အစားကို ဝတ်ထား၏။ သူမသည် အမျိုးသမီးဟန်ကို နှုတ်ဆက်လိုက်ပြီးနောက် ကျောတွင် ဝါးခြင်းတောင်းကို လွယ်ကာ ထွက်လာခဲ့လေသည်။ သည်နေ့သည် အဘွားချန်၏ အသက်၅၀ပြည့်မွေးနေ့ ဖြစ်သည်။ သူမသည် စောစောစီးစီး တောင်ပေါ်တွင် ဝက်စာများကို ခူးလိုက်လေသည်။ သို့မဟုတ်လျှင် အိမ်က ဝက်များသည် သည်အနေ့အတွက် ဝက်စာစားရလိမ့်မည် မဟုတ်ပေ။
“ယိုကျင့် ဒီလောက်အစောကြီး တောင်ပေါ်တက်တော့မလို့လား၊ မကြောက်ဘူးလား ကောင်မလေး”
ဝါးခြင်းတောင်းကို သယ်ထားသည့် နောက်မှ လူငယ်က ယိုကျင့်နှင့် လိုက်မီလာလေသည်။ လင်းမိသားစုမှာ လင်းစန်းလန် ဖြစ်လေသည်။
“ လင်း ဦးလေးသုံး” လင်းမိသားစုက တတိယသားသည် သူမထက် ၆နှစ် ၇နှစ်သာကြီးသော်လည်း သူက ဝါစဥ်ပိုမြင့်လေသည်။ ယိုကျင့်က သူ့ကို လေးစားသမှုဖြင့် ဦးလေးသုံးဟု ခေါ်ရသည်။
လင်းစန်းလန်က ယိုကျင့်ခြေလှမ်းအတိုင်း လိုက်လာ၏။
“ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း ဝက်စာသွားရှာမလို့ ငါတို့ အချင်းချင်း အဖော်လုပ်ပြီး သွားလို့မရမလား”
မိန်းမငယ်လေးတစ်ယောက် တစ်ယောက်ထဲ တောင်ပေါ်တက်ရမည်ကို စဥ်းစားမိသွားပြီး အတူတူသွားရန် စေတနာဖြင့် အကြံပြုလိုက်လေသည်။
ယိုကျင့်က ခေါင်းခါပြလိုက်၏။ ကျေးရွာများတွင် ယောကျ်ားနှင့် မိန်းမကြားက တားမြစ်ချက်က မြို့မှာလောက် မပြင်းထန်သော်လည်း အတူတူ သွားလျှင် အတင်းပြောခံရမည့် ဖြစ်နိုင်ခြေက ရှိသေးသည်။
“ ဦးလေးသုံး သွားနှင့်ပါ၊ သမီး ဒုတိယဦးလေးကျွမ်းရဲ့ သမီး ချောင်ချောင် ကို စောင့်ရအုံးမယ်”
သူမက ရပ်လိုက်ပြီး တစ်ယောက်ယောက်ကို စောင့်ရမည်ဟု ပြောသဖြင့် လင်းစန်းလန်သည် ဖိအားမပေးတော့ပေ။
“အေးပါ ဒါဆို ဂရုစိုက်နော် ဦးလေး သွားနှင့်မယ်”
နေရာတွင် ရပ်နေလိုက်ပြီး လင်းစန်းလန်၏ပုံရိပ်က နှင်းမြူကြားထဲတွင် ပျောက်သွားသည်ကို စောင့်နေလိုက်လေသည်။ နှစ်ယောက်ချိန်းထားသည့် နေရာသို့ ရောက်လာဖို့ တစ်လမ်းလုံးခြေလှမ်းကျဲများဖြင့် လျှောက်လာသည့် ချောင်ချောင်အတွက်တော့ အချိန်အကြာကြီး မယူလိုက်ရချေ။
“ ယို့ကျင့် ငါရောက်ပြီ”
ချောင်ချောင်သည် သည်နှစ်တွင် ၁၃နှစ်ရှိပြီဖြစ်သည်။ တုတ်တုတ်ခိုင်ခိုင် ချစ်စဖွယ်မိန်းကလေး တစ်ယောက်ပင်။ သူမသည် ယိုကျင့်နှင့် တော်တော်ခင်မင်သည်။ နှစ်ယောက်သား မကြာခဏဆိုသလို ဝက်စာ ခူးရန် တောင်ပေါ်တက်ကြသည်။ သူတို့သည် သူငယ်ချင်းများဟု သတ်မှတ်နိုင်လေသည်။
“ဒါဆို သွားကြမယ်”
သူမရောက်လာသည်နှင့် နှစ်ယောက်သား တောင်ပေါ်သို့ အတူတူတက်ခဲ့သည်။ ယခုမူ ပို၍အေးလာ၏။ တစ်လ နှစ်လနေလျှင် နှင်းများကျပေတော့မည်။ ထိုအချိန်တွင် ဝက်စာများလည်း ရှိတော့မည် မဟုတ်ပေ။
မိန်းမငယ်လေးနှစ်ယောက်သည် တောင်ကုန်း တစ်ခုပြီး တစ်ခု တက်လာကြ၏။ မကြာမီ ဝက်စာများကို တွေ့ရလေသည်။ စကားပြောရင်း ဝက်စာများကို ခူးကြတော့သည်။
“ယိုကျင့် နင်တို့မိသားစု ဘာလုပ်မလို့လဲ၊ တတိယဦးလေးမိသားစုနဲ့ အကြီးဆုံးဦးလေးရဲ့မိသားစုက နင့်အစ်ကိုဝမ်းကွဲနှစ်ယောက်က ဘာလို့ ပြန်လာကြတာလဲ”
မနေ့က ရွာသားအများစုက ယွဲ့ချန်ရှို့နှင့် တခြားလူများ မြည်းလှည်းဖြင့် ရွာထဲဝင်လာသည်ကို မြင်လိုက်ကြသော်လည်း အကြောင်းအရင်းကို မသိကြပေ။ ချောင်ချောင်လည်း အလွန်သိချင်နေသဖြင့် မေးလေတော့သည်။
“ငါ့အဘွားက မွေးနေ့ပွဲ လုပ်မလို့လေ၊ ဒါကြောင့် သူတို့အားလုံး ပြန်လာကြတာ”
ယိုကျင့်၏လှုပ်ရှားမှုများသည် တိကျလှပေသည်။ လက်တစ်ဆုပ်စာဝက်စာများသည် တစ်ခုပြီးတစ်ခု အချိန်တိုအတွင်း ကျောပေါ်က ခြင်းထဲသို့ ရောက်သွားလေသည်။ မကြာခင်မှာပင် ကျောပေါ်က ခြင်းတောင်းပြည့်သွားတော့သည်။
“ချောင်ချောင် မြန်မြန်လုပ်၊ ဒီနေ့ ငါ့အဘွားက မွေးနေ့ပွဲလုပ်မှာ၊ အိမ်မှာလုပ်စရာတွေအများကြီး ရှိသေးတယ်”
ယိုကျင့်၏ကျောပေါ်က ခြင်းတောင်းထဲတွင် ဝက်စာများ ပြည့်နေသည်ကို မြင်လိုက်ရသည်နှင့် ချောင်ချောင်က သူမ၏လက်နှင့် ခြေအမြန်နှုန်းကို တင်လိုက်ရာ မကြာလိုက်ပေ ကျောပေါ်က ခြင်းထဲတွင် ဝက်စာများပြည့်သွားတော့သည်။ သူတို့နှစ်ယောက် ကျောပေါ်က ဝက်စာများနှင့် အိမ်သို့ လမ်းလျှောက်ပြန်လာချိန်၌ အရှေ့ဘက်ကောင်းကင်သည် ရွှေရောင်အလင်းများဖြင့် ရောင်နီသန်းစ ပြုနေပြီဖြစ်သည်။ နေထွက်လာ၏။ လမ်းဆုံတွင် ချောင်ချောင်နှင့် လမ်းခွဲလိုက်ပြီးနောက် ယိုကျင့် ကျောပေါ်က လေးလံသည့်ခြင်းတောင်းတစ်ခုနှင့် အိမ်ပြန်လာခဲ့သည်။ ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့် အဘွားချန်က လူများကို အော်ငေါက်နေသံ ကြားလိုက်ရလေသည်။ သေချာပါပြီ။ သူမ၏မွေးနေ့တွင် သူမ၏စိတ်အခြေအနေ တိုးတက်လာဖို့ မျှော်လင့်ရတော့မည်။
ဝက်ခြံတံခါးတွင် ဝက်စာများကို ချထားလိုက်ပြီး အဆူခံနေရသည့် ယွဲ့ရင်နှင့် ယွဲ့ကျူးတို့ကိုယ်စား အဘွားချန်ရှေ့သို့ သွားရပ်လိုက်ပြီး
“အဘွားက ဒီနေ့ မွေးနေ့ပွဲလုပ်ဦးမှာလေ၊ နင်တို့နှစ်ယောက်က အဘွားကို စိတ်ဆိုးအောင် လုပ်နေကြတုန်းလား၊ သွားသွား အခု လုပ်စရာရှိသွားလုပ်ကြတော့”
သူမ ယိုရင်လက်ထဲက စားစရာကို ယူလိုက်ပြီး ညီမငယ်နှစ်ယောက်ကို မြန်မြန် ထွက်သွားခိုင်းလိုက်တော့သည်။ ပြန်လှည့်လာပြီး အဘွားချန်ကို ပျော်ရွှင်နေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ ညီမလေးတွေက ငယ်သေးလို့ပါ၊ အဘွား အဘွားက အကြီးဆိုတော့ သဘောထား ပိုကြီးမှာပဲနော် ပြီးတော့ ဒီနေ့ အဘွားရဲ့မွေးနေ့လည်း လုပ်ရအုံးမှာဆိုတော့ အဘွား ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်”
အဘွားချန်သည် ကော်ရစ်တွင်ရပ်ကာ ခါးထောက်ရင်း ခွေးတစ်ကောင်ကဲ့သို့ ပြုံးနေသည့် ယိုကျင့်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် အနောက်ဆောင်တံခါးတွင် ရပ်နေသည့် ဆန်ကုန်မြေလေးတစ်ခုကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး ပင်မဆောင်သို့ ပြန်သွားလေတော့သည်။ သည်နေ့သည် သူမ၏အသက်၅၀ပြည့်မွေးနေ့ ဖြစ်သည်။ အလကားနေရင်း သည်ဆန်ကုန်မြေလေးများကြောင့် ဒေါသထွက်လို့မဖြစ်ပေ။
မွေးနေ့ပွဲတစ်ခု ဆိုသော်လည်း ယွဲ့မိသားစုသည် ကျေးလက်အိမ်ထောင်တစ်ခုသာ ဖြစ်လေသည်။ သူတို့သည် ခါတိုင်းထက် နည်းနည်းပိုကောင်းသည့် တစ်နပ်စာကိုသာ စားလိုက်ပြီး ဥဆယ်လုံးကို ပြုတ်လိုက်လေသည်။ ဒါကိုပင် မွေးနေ့ပွဲတစ်ခုဟု သတ်မှတ်ကြလေသည်။ အဘွားချန်၏လက်ထပ်ကာ အိမ်ထောင်ခွဲသွားသည့်သမီးက မိခင်အိုကြီး၏မွေးနေ့ကို ကျင်းပပေးရန် မြေးနှစ်ယောက်ခေါ်ကာ အိမ်ပြန်လာခဲ့၏။ သူတို့ကလည်း ကြက်အိုကြီးနှစ်ကောင်ကို ယူလာခဲ့ကြသည်။ အဘွားချန်သည် အားရဝမ်းသာဖြင့် သမီးဖြစ်သူ၏သိတတ်ပုံတို့ကို ကြွားလုံးထုတ်လေတော့သည်။
ယွဲ့ချန်ဟုန်သည် မြို့စွန့်က တော်တော်ချမ်းသာသည့် ရွာတစ်ခုက ကောမျိုးရိုးအမည်ရှိ ချမ်းသာသည့်မိသားစုတစ်ခု၏ တစ်ဦးတည်းသောသားနှင့် လက်ထပ်ခဲ့လေသည်။ သူမ ကောမိသားစုနှင့် လက်ထပ်လိုက်သည့်နှစ်တွင် ပြည့်ဖောင်းဖောင်းယောက်ျားလေးတစ်ယောက်ကို မွေးခဲ့သည်။ နောက်ပိုင်းတွင် စုစုပေါင်း သားနှစ်ယောက်နှင့် သမီးတစ်ယောက်ကို ဆက်တိုက်မွေးခဲ့လေသည်။ ဒါကပင် ကောမိသားစုအတွင်း သူမ၏အခြေအနေကို ပိုခိုင်မာသွားစေပြီး မျိုးဆက်သုံးခုအတွက် သားတစ်ယောက် ရလာတော့သည်။ ထို့အပြင် သူမယောက်ျားက မယားကြောက်တစ်ယောက်ဖြစ်ရာ ဤသို့ဖြင့် ကောမိသားစုအတွင်း ယွဲ့ချန်ဟုန်၏ဘဝသည် အလွန်သာသာယာယာရှိလေတော့သည်။
ယွဲ့မိသားစု၏သမက် ကောကျင်းပေါင်သည် ပိန်ပိန်ပါးပါး သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်၏။ ဝမ်းမြောက်ဝမ်းသာ ဆိုလိုက်၏။
“ဒီနေ့က အမေ့ရဲ့အသက်၅၀ပြည့် မွေးနေ့နော်၊ ကျွန်တော်တို့မိသားစုမှာ ငွေများများစားစား မရှိပေမဲ့ ကျွန်တော်တို့ လုပ်သင့်တဲ့အချိန်မှာတော့ အမေ့ကို သိတတ်ရမှာပေါ့”
ထိုစကားလုံးများသည့် တစ်စုံတစ်ယောက်၏ သိတတ်လိမ္မာမှုတို့ကို အပြည့်အဝဖော်ကာ နားဝင်ချိုနေတော့သည်။ အဘွားချန်သည် ပျော်ရွှင်ကြည်နူးနေတော့သည်။
နေ့လယ်စာစားချန်၌ အဘွားချန်က ရှားရှားပါးပါး သဘောကောင်းနေတော့သည်။ သမီးဖြစ်သူ ယူလာသည့် ကြက်အိုကြီးနှစ်ကောင်ထဲမှ တစ်ကောင်ကို သတ်ခိုင်းလိုက်၏။ ထို့နောက် အာလူးများကို အတုံးတုံးကာ ရောချက်လိုက်လေသည်။ မနေ့က ယွဲ့ချန်ရှို့ ယူလာသော မကုန်သေးသည့်ဝက်ဟင်းပါ ထပ်ပေါင်းလိုက်ရာ အသားနိုင်းချင်းနှင့် ဟင်းနှစ်မျိုးဟု သတ်မှတ်နိုင်လေသည်။ ယွဲ့မိသားစုသည် လူများသော်လည်း အသားနှိုင်းချင်းနှင့် ဟင်းတစ်မျိုးကိုတော့ စားနိုင်လေသည်။ အားလုံးက ကျေနပ်နေကြ၏။
မွေးနေ့ကြက်ဥနီကိုတော့ အဘွားချန်က ခါတိုင်းလိုပင် ဘက်လိုက်သည့်နည်းလမ်းဖြင့် ခွဲဝေပေးလိုက်လေသည်။ သူမအတွက် တစ်လုံး အရင်ယူလိုက်ပြီး မြေးလေးယောက်ကို တစ်လုံးစီ ပေးလိုက်၏။ ထို့နောက် ယွဲ့တာ့ဖူနှင့် သားများကို တစ်လုံးစီ ပေးလိုက်လေသည်။ ကြက်ဥဆယ်လုံးကို အတိအကျ ခွဲဝေပေးလိုက်လေသည်။ သမီးဖြစ်သူနှင့် သမက်ကပင် ကြက်ဥတစ်လုံးမှ မရပေ။ ဒုတိယမိသားစု၏ မြေးမ ၇ယောက်ကိုတော့ ဆိုဖွယ်ရာပင်မရှိချေ။
အဘွားချန်နှင့် ကျန်လူများက ကြက်ဥနီကို အခွံခွာနေသည်ကို ကြည့်ရင်း ယိုကျင့် လက်မောင်းထဲတွင် ထိုင်နေသည့် ရှောင်ကျို့သည် နှုတ်ခမ်းသပ်လိုက်၏။ သူမသည် ဥများကို အလွန်စားချင်သွားတော့သည်။
“ စန်းကျဲ ဥ ဥ”
ယိုကျင့် ဘာမှမပြောနိုင်ခင် အဘွားချန်သည် လက်ထဲတွင် ကိုင်ထားသည့် ဥခွံများကို ပစ်ပေါက်လိုက်၏။ ထိုနောက် ရှောင်ကျို့ကို ကြောက်စရာကောင်းအောင် ကြည့်လိုက်လေသည်။
“ဆန်ကုန်မြလေးက ဥတွေကို စားချင်နေသေးတယ်”
ယိုကျင့်သည် သူမပစ်လိုက်သည့် ဥခွံများအားလုံးကို ကောက်ကာ စားပွဲအောက်ကို ပစ်ထည့်လိုက်လေသည်။ ကြောက်လွန်းသဖြင့် မျက်ရည်များထွက်လာသည့် ရှောင်ကျို့ကို ချော့မော့ရင်း အဘွားချန်ကို ဖြည့်တွေးကာ ပြောလိုက်လေသည်။
“ ရှောင်ကျို့က ငယ်သေးလို့ပါ၊ နည်းနည်းလေး စားချင်စိတ်ဖြစ်သွားတာ၊ သူက ဘာမှမသိသေးတော့လေ၊ အဘွား စိတ်မဆိုးပါနဲ့နော်၊ သမီး သူ့ကို အခုပဲ ပြန်ခေါ်သွားလိုက်မယ်”
ရှောင်ကျို့သည် ငယ်သေးလေသည်။ အရင်က အဘွားချန် ရိုက်နက်တာခံခဲ့ရသော်လည်း စကားပြောတတ်စ ကလေးတစ်ယောက်က ဘယ်မှာ အငြိုးထားတတ်ပါမည်နည်း။ ဥစားချင်သည့်အတွက်ကြောင့် အဘွားချန်၏ ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် ခြောက်လန့်ခံလိုက်ရပြီး ယိုကျင့်လက်မောင်းအတွင်း ပုန်းကာ စတင်ငိုလေတော့သည်။
“ နေ့တိုင်းပဲ ငိုရင်ငို ၊ မဟုတ်ရင် စား ၊ မိသားစုရဲ့ ဒုက္ခအိုးတွေ ၊ ဆန်ကုန်မြေလေးတွေ”
အဘွားချန်သည် ဒုတိယမိသားစုက မြေးမများကို အမုန်းဆုံးဖြစ်လေသည်။ ယခုမူ ရှောင်ကျို့ ငိုနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲက ဒေါသတို့မှာ ကြီးထွားလာတော့သည်။ သို့သော် သူမ၏မွေးနေ့ဖြစ်ပြီး သမီးဖြစ်သူ၏မိသားစု ပြန်လာသည်ကို တွေးလိုက်ပြီး တစ်ဖက်လူအား ရိုက်ချင်စိတ်ကို မျိုသိပ်ထားလိုက်တော့သည်။ ယိုကျင့် ရှောင်ကျို့ကို ချီကာ သူမကို ချော့မြူရန် အနောက်ဆောင်သို့ မြန်မြန် ပြန်လာခဲ့တော့သည်။ အဘွားချန်ရှေ့တွင် ဆက်ငိုနေလျှင် ရှောင်ကျို့ကို ရိုက်ပေတော့မည်။
အဘွားချန်က ဆူပူရေရွတ်နေသေးသည်ကို မြင်လိုက်ပြီးနောက် ယွဲ့တာ့ဖူ၏မျက်နှာသည့် အနည်းငယ် ရှုသိုးသိုး ဖြစ်လာတော့သည်။ သည်နေ့တွင် အပြင်လူများဖြစ်သည့် သူ့သမက်နှင့် မိသားစုများရှိနေသေးသည်။ လိုက်လျောညီထွေဖြစ်အောင်ဘာကြောင့် မနေရပါသနည်း။ ထို့ကြောင့် ရုတ်တရက် ထပြောလိုက်တော့သည်။
“ တော်တော့ ဒီနေ့ ဘာနေ့လဲဆိုတာ စဥ်းစားအုံး”
ယွဲ့တာ့ဖူ ပါးစပ်ဖွင့်လာသည်ကို မြင်လိုက်ရာ အဘွားချန်သည် ညည်းညူနေသည်ကို ရပ်လိုက်တော့သည်။ သို့တိုင် ဒုတိယမိသားစုက ဆန်ကုန်မြေလေးမများကိုတော့ မုန်းနေဆဲ။ အဲဒီအပျင်းကျပြီး လောဘကြီးတဲ့ ဆန်ကုန်မြေလေးသာ ဒီလိုမလုပ်ရင် ကလေးတွေရှေ့မှာ အဘိုးကြီးဆူတာ ခံရမှာမဟုတ်ဘူး။ စိတ်ထဲက မုန်းတီးမှုက ၃၀ရာခိုင်နှုန်းလောက် တက်သွားတော့သည်။
သူမ မပျော်မရွှင် ဖြစ်နေသည်ကို မြင်လိုက်သည့် ယွဲ့ချန်ဟုန်က စကားမြန်မြန်လွှဲကာ မြို့ပေါ်တော့ အတင်းအဖျင်းများကို အဘွားချန်အား ပြောပြလေသည်။ အမျိုးသမီးများအားလုံးသည့် အတင်းဖျင်းပြောတတ်သည့် သတ္တဝါများဖြစ်လေသည်။ ထို့ကြောင့် အဘွားချန်သည် အာရုံပြောင်းသွားတော့သည်။ ကသိကအောက်အနေအထားသည် အနည်းငယ် ပုံမှန် ပြန်ဖြစ်သွားတော့သည်။ မိသားစုသည် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောဆိုရယ်မောနေကြလေသည်။ ဒုတိယမိသားစုက သမီးငါးယောက်သာလျှင် သူတို့နေရာတွင် မှိုင်တွေကာ ထိုင်နေကြလေသည်။ မလှုပ်မယှက် ငြိမ်သက်စွာဖြင့်...။
***
အဘွားချန် မွေးနေ့ပြီးနောက် နောက်တစ်နေ့တွင် တတိယမိသားစုနှင့် ပထမမိသားစု မြေးနှစ်ယောက်သည် မြို့သို့ ပြန်သွားကြတော့သည်။ မြေးနှစ်ယောက်ကို လိုက်ပို့ပေးပြီးနောက် အဘွားချန်၏စိတ်သည် စိုးရိမ်ပူပန်နေတော့သည်။
“ အဘိုးကြီး ကျွန်မတို့တွေ ငွေအများကြီး သုံးလိုက်ပြီးမှ အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မတုံး”
ငွေစ ၁၀၀ သည့် မိသားစုဝင်အားလုံး၏ ပိုင်ဆိုင်မှုဖြစ်လေသည်။ သူတို့ ဆယ်စုနှစ်များစွာ စုဆောင်းလာခဲ့သည့် ငွေက သည်လိုနှင့် တစ်ခါထဲ ပေးလိုက်ရသည်။ အဘွားချန် စိတ်မအေးနိုင်ဖြစ်သည်မှာလဲ ပုံမှန်ပင်။
ခုတင်ပေါ်တွင် အနားယူရင်း ဆေးတံသောက်နေသည့် ယွဲ့တာ့ဖူက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ သူကိုယ်တိုင် အနည်းငယ်စိတ်ပူနေသော်လည်း စမ်းကြည့်ဖို့ရာ တန်သည်ဟု တွေးနေမိသည်။
“ ဝမ်ထောင်က လိမ်တတ်တဲ့ကလေး မဟုတ်ပါဘူး၊ ငွေဒီလောက်အများကြီးကို ငါတို့ဆီက တောင်းရဲတယ်ဆိုတော့ တကယ်နည်းလမ်း ရှိလို့နေပါလိမ့်မယ်၊ နောက်နှစ် ထုန်ဇီစာမေးပွဲ အောင်မယ်ဆိုရင်တော့ ငွေကို သုံးရမှာပေါ့”
“ဒါပေမဲ့ အိမ်ဦးနတ်ကြီး ဒီထုန်ဇီစာမေးပွဲက ငွေစ၁၀၀ ကုန်တာ ဟုတ်ပါပြီ၊ နောက်ပိုင်းကျရင်ကော သူတို့တွေ အရာရှိစာမေးပွဲတို့ ၊ စီရင်စုစာမေးပွဲတို့ ဖြေရမယ်ဆိုရင်ကော ကျွန်မတို့ မိသားစုက ဘယ်လိုလုပ်တတ်နိုင်မှာလဲ”
အဘိုးချန်သည် စာဘယ်တော့မှ မဖတ်သော်လည်း အများအပြား ကြားဖူးလေသည်။ ကျောင်းတော်သားတစ်ယောက်ဖြစ်ရသည့် အခက်အခဲမှာ သဘာဝအားဖြင့် နောက်ပိုင်းတွင် စာမေးပွဲအတွက် ငွေပိုလိုလာမည့်အရေးကို စိုးရိမ်ရခြင်းပင်။
“ အခု ကျွန်မတို့ မိသားစုမှ ငွေစ ၁၇စ ၊ ၁၈စလောက်ပဲ ကျန်တော့တယ်၊ သူတို့တွေ ငွေထပ်သုံးချင်တယ်ဆိုရင် ကျွန်မတို့ မတတ်နိုင်တော့ဘူး”
အဘွားချန်သည် ယွဲ့တာဖူကို အကုန်ချပြလိုက်တော့သည်။
ဆေးတံကို မှုတ်ထုတ်ရင်း ယွဲ့တာ့ဖူ၏အမူအရာသည် အနည်းငယ် ရင်လေးသွားဟန် ဖြစ်သွားတော့သည်။
“ နည်လမ်းတစ်ခုကတော့ အမြဲရှိမှာပါလေ၊ အလုပ်မဖြစ်ဘူးဆိုရင်လည်း အားလုံးက ထမင်းလျှော့စားပြီး အစားအစာတချို့ကို ရောင်းဖို့ သိမ်းထားလိုက်ပေါ့”
ယွဲ့မိသားစုသည် မြေဧကများစွာ ပိုင်ဆိုင်လေသည်။ ထို့ကြောင့် သူတို့၏အစားအစာများသည် ရှိသည့်လူဦးရေထက် ပိုလျှံလေသည်။ သည်နှစ်ပိုင်းတွင် သူတို့သည် အစားအစာများကို နှစ်တိုင်း ရောင်းချပြီး ငွေစုထားခဲ့သည်။ သို့သော် ငွေစ ၁၀၀။ ယွဲ့တာ့ဖူလည်း ထိုအကြောင်းကို စဥ်းစားမိလျှင် အလွန်စိတ်ဓာတ်ကျမိလေသည်။ သားသုံးယောက်လုံးသည် အပြင်ထွက် အလုပ်လုပ်ကြ၏။ တတိယသားက တစ်နှစ်ပတ်လုံး မြို့တွင်နေရသည်။ ဒုတိယသားက ရိုးသားပြီး ဘယ်သောအခါမှ သီးခြားငွေ စုဆောင်းတတ်ခြင်းမရှိချေ။ အကြီးဆုံးလင်မယားကတော့ဖြင့် မရိုးသားကြသဖြင့် ငွေများ အများအပြား စုဆောင်းထားမည်မှာ သေချာသည်။
အဘွားချန်သည် အိမ်မှုကိစ္စကို မစီမံဘဲ ပစ္စည်းများကို စျေးဘယ်လောက် တက်နေသည်ကို မသိသည့် ယွဲ့တာ့ဖူကို မျက်နှာတင်းတင်းဖြင့် မော့ကြည့်လိုက်ပြီး
“ အစားအသောက်တွေကို သိမ်းထားဖို့ အဲလောက်မလွယ်တော့ဘူးရှင့်၊ ကျန်တာတွေကို မပြောနဲ့အုံး ဒုတိယသား မိသားစုက ဆန်ကုန်မြေးလေး ၇ယောက်နဲ့တင်... သူတို့တွေ တစ်နေ့ ဘယ်လောက်စားနေလဲဆိုတာ ဘယ်သူသိမှာလဲ”
စားဖို့သာ သိသည့် ဆန်ကုန်မြေလေးများကို စဥ်းစားမိလျှင် အဘွားချန်၏ ရင်ဘတ်သည် ဒေါသကြောင့် ပြည့်ကြပ်လာတော့သည်။ သူမ၏မျက်လုံးများ ဟိုကြည့် သည်ကြည့်ဖြင့် နောက်ဆုံး စိတ်ကူးတစ်ခု ထွက်လာလေသည်။
“ လာမဲ့ ဆောင်းဦးကောက်ရိတ်ပွဲကျရင် ဒုတိယမိသားစုက ဆန်ကုန်မြေလေးတွေကို အလုပ်လုပ်ခိုင်းမယ်ဆိုရင်ကော၊ အငယ်တွေကတော့ လုပ်နိုင်မှာမဟုတ်ဘူး၊ ကြီးကောင်ဝင်လာတဲ့ ယိုကျင့်နဲ့ ယိုရင်ကတော့ အချိန်ပိုင်းအလုပ်သမားတစ်ယောက်စာ လုပ်နိုင်တယ်မလား”
ယွဲ့တာ့ဖူသည် ဒုတိယမိသားစု၏မြေးမများကို မချစ်ခင်ပေ။ ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းက ယိုကျင့်က လူကြီးများကို ပြန်ခံပြောထားကာ လီကျန်းကိုပင် ဆွဲထည့်လိုက်သေးသည်။ ယွဲ့တာ့ဖူသည် အပေါ်ယံတွင် ဘာမှမလုပ်သော်လည်း စိတ်ထဲတွင်တော့ ဆူးတစ်ချောင်းက ရှိနေဆဲ။ ဒီကလေးက အရမ်းအာခံတတ်တယ်။ နောက်ဆိုရင် ဘယ်လိုနေမလဲမသိဘူး။ ထို့သို့စဥ်းစားလိုက်ပြီးနောက် အဘွားချန်၏ အကြံဉာဏ်ကို လက်ခံလိုက်လေသည်။
“ ဒါပေမဲ့ သူတို့ကလည်း ကလေးအရွယ်ပဲ ရှိသေးတယ်၊ သူတို့လုပ်နိုင်သလောက်ပဲ ခိုင်း”
ယွဲ့တာ့ဖူ သဘောတူလိုက်ကို တွေ့လိုက်ရပြီးနောက် အဘွားချန် ပီတီဖြာသွားတော့သည်။ တစ်စုံတစ်ယောက်ကတော့ ဆောင်းဦးကောက်ရိတ်တာ ဘယ်လောက်ပင်ပန်းတယ်ဆိုတဲ့အကြောင်း သိသွားစေရမယ်။ ကြီးကောင်ဝင် မိန်းကလေးတစ်ယောက်က မသေရင်တောင် အရေပြားတွေ လန်ကုန်မှာပဲ။ သူမသည် ပြုံးကာ ယွဲ့တာ့ဖူ၏ ဆေးတံကို ကူသိမ်းပေးလိုက်ပြီး “ ဒီလိုဆိုရင်တော့ အချိန်ပိုင်းအလုပ်သမားငှားဖို့ ငွေတွေအများကြီး သက်သာသွားမှာပဲ” ဟုပြောလိုက်လေတော့သည်။
…