← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အပိုင်း (၁၃) ဖြည်းဖြည်းချင်းအကောင်အထည်ဖော်မယ်/ အကြံအစည်နဲ့ အလုပ်လုပ်မယ်

အဘွားချန်၏ မွေးနေ့မှ ရက်အနည်းငယ်ကြာပြီးနောက် ပထမဦးဆုံးသော နှင်းကျဆင်းလေပြီဖြစ်သည်။ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများမှာလည်း ညွှတ်ကိုင်းနေကြကာ နှစ်၀က်မျှ ကြိုးပမ်းအားထုတ်ခဲ့ရသော ရွာသားများသည်လည်း ပျော်ရွှင်မှူများဖြင့် ရိတ်သိမ်းရန် ပြင်ဆင်ကြလေသည်။

ယွဲ့တာ့ဖူသည် ပေါက်ပြားတစ်လက် ကိုင်ကာ ယွဲ့ချန်လု၏နောက်မှနေရင်း လယ်ကွင်းမှ ပြန်လာခဲ့ကြသည်။ ယွဲ့တာ့ဖူ၏ ချွေးသံတရွှဲရွှဲမျက်နှာသည် ပျော်ရွင်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒီ‌နှစ်တော့ ကံကောင်းချက်။ စပါးတွေက ရင့်မှည့်နေတာပဲ။ မနက်ဖြန်ကစပြီး ရိတ်လို့ရပြီ” မိသားစု၏ ပိုင်ဆိုင်မှုများကို ယွဲ့၀မ်ထောင်တို့ ညီအစ်ကိုနှစ်ဦးမှ ယူဆောင်သွားပြီဖြစ်သည်။ ပြည့်ဖြိုးနေသော စပါးများသည် ဈေးများများရနိုင်သည်ဖြစ်ရာ ထိုအရာက ယွဲ့တာ့ဖူကို အပျော်များဖြင့် ပြည့်နှက်စေသည်။

ယွဲ့ချန်လုသည် သူ့အဖေ၏ အနောက်တစ်လှမ်းအကွာမှ အိမ်ထဲသို့ ၀င်လာခဲ့ရာ သူ၏မျက်နှာ၌လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကောက်ရိတ်သိမ်းပြီးတာနဲ့ မြို့ထဲကို အလုပ်လုပ်ဖို့ သွားရမယ်။ ကြည့်ရတာ ဒီနှစ်ဆောင်းတော့ ငွေနည်းနည်း ပိုစုနိုင်‌မယ်ထင်ပါရဲ့”

ယွဲ့တာ့ဖူ၏ အပြုံးသည် အနည်းငယ် အရောင်မှိန်သွားကာ ဒုတိယမိသားစု၏ သမီးခုနှစ်ယောက် အကြောင်းကို စဉ်းစားမိရင်း ခေါင်းခါရမ်းမိသည်။

ထိုသားအဖနှစ်ဦး ပြန်လာချိန်၌ အမျိုးသမီးချန်သည် ချက်ပြုတ်ပြီးခါစဖြစ်သည်။ မိသားစု၌ လျန်းတစ်ရာ ကုန်သွား၍ အဘွားချန်သည် ပို၍‌ပင် စေးကုပ်လာခဲ့သည်။ သူတို့သည် ‌ဆန်လုံးညိုကိုသာ စားခဲ့ရသော်လည်း ယခု၌ ထိုထမင်းကို ပြောင်းဆန်ကြမ်းနှင့် တ၀က်ရောထား‌ပေသည်။ ဟင်းခွက်များသည်လည်း ဆားရည်စိမ်းထားသော ဟင်းရွက်ပန်းကန်တခွက်နှင့် ကျက်ရုံမျှသာ ကြော်ထားသော အရွက်ကြော်တခွက်သာ ရှိပေသည်။

သို့သော်လည်း အဘွားချန်သည် ယွဲ့တာ့ဖူအား ဆာလောင်မှုကို ခံစားရအောင် မလုပ်ရဲပေ။ ယွဲ့တာ့ဖူသည် လက်ဆေးကာ နေရာသို့ထိုင်ချိန်၌ ပြောင်းဆန်ရောနေသော ဆန်ပြုတ်တစ်ခွက်ကို တွေ့လိုက်ရသည်။ ယွဲ့ချန်လု၊ အဘွားချန်နှင့် ပထမမိသားစုမှ ယွဲ့၀မ်ဝေ့တို့သည်ပင် ဆန်ပြုတ်ပန်းကန်အပြည့် ရသေးပေသည်။ အမျိုးသမီးချန်နှင့် ယွဲ့ယိုထင်တို့သည် ဆန်ပြုတ် တ၀က်မျှရကာ ယိုကျင့်တို့ ညီအစ်မခုနှစ်ဦးမှာ ပြောင်းဆန်များပြည့်နေသည့် ဆန်ပြုတ်ကိုသာ ရခဲ့လေသည်။

ယိုကျင့်သည် ထိုအရာကို သည်းခံနိုင်သော်လည်း သူမ၏ညီမလေးများသည် ငယ်ရွယ်သေးသည်။ အခုလိုသာ အာဟာရမပြည့်မ၀ စားသောက်နေရရင် နောင်ကျ ဘယ်လိုလုပ်မလဲ။ ထို့နောက် အဘွားချန်၏ ကပ်သပ်သပ် မျက်နှာဘေးကို ကြည့်သည်နှင့် သူမအား တစ်ခုခုမှားသည်နှင့် ပညာပေးရန် ရည်ရွယ်နေကြောင်း သိလိုက်ရသည်။ ထို့အတွက် ယိုကျင့်သည် နှုတ်ဆိတ်ကာ ပန်းကန်ထဲရှိ စပါးခွံများကို ဂရုတစိုက်ဖယ်ရင်း ရှောင်ကျို့အား တစ်လုတ်ချင်း ခွံ့ကျွေးနေခဲ့သည်။ ထို့နောက် သူမသည် စားပွဲပေါ်ရှိ အရွက်ကြော်ပန်းကန်သို့ လက်လှမ်းလိုက်လေသည်။

ယိုကျင့်သည် အရွက်ကြော်ပန်းကန်ကို သုံးကြိမ်မြောက် လက်လှမ်းချိန်၌ အဘွားချန်သည် သူမ၏လက်ကို ဆန့်ထုတ်ကာ ယိုကျင့်၏လက်ကို တူဖြင့် ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။

“သူတို့တွေက အစာငတ်သေပြီး ပြန်၀င်စားလာတာလား။ တစ်နေ့‌တစ်နေ့ စားသောက်ပြီး အလုပ်ကျ မလုပ်ကြဘူး။ တစ်ဘ၀လုံး အသုံးမကျဘဲ သေသွားမှာ မကြောက်ကြဘူးလား”

အဘွားချန်၏ ရုတ်တရက် အပြုအမူသည် ယိုရင်၊ ယိုကျူး၊ ယိုပေါင်နှင့် အခြားလူများကို ထိတ်လန့်စေသည့်အပြင် ယိုကျင့်၏လက်မောင်းကြားရှိ ရှောင်ကျို့ကိုပင် ကြောက်ရွံ့ကာ ငိုကြွေးစေခဲ့သည်။ ကလေး၏အသံသည် မကျယ်လောင်သော်လည်း တစ်ဖက်စားပွဲရှိ ယွဲ့တာ့ဖူကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

“ငါတို့‌က အပြင်မှာ ပင်ပင်ပန်းပန်းလုပ်လာရတာ။ အိမ်မှာတော့ ကောင်းကောင်းမွန်မွန် နားပါရစေ။ အိမ်ကို ဘယ်လိုတောင် ထိန်းသိမ်းနေလို့ ဒီလိုဖြစ်နေရတာလဲ”

သူ၏စကားလုံးများသည် အဘွားချန်အား ရည်ရွယ် အပြစ်တင်ခြင်းဖြစ်သော်လည်း မျက်၀န်းများသည် ယိုကျင့်အား စိုက်ကြည့်နေခဲ့သည်။

ထိုဆန်ကုန်မြေများနှင့် ပတ်သက်သည့် အိမ်တွင်းပြဿနာများ၌ ယွဲ့ချန်လုသည် အကဲခတ်မြန်လှသည်။ ထို့ကြောင့် ယွဲ့တာ့ဖူ၏ ဆူပူမှုပြီးသည်နှင့် ယိုကျင့်၏အနောက်၌ ရပ်နေခဲ့ကာ သူမ မည်သည်ကိုမျှ မတုံ့ပြန်ခင်ပင် ယိုကျင့်၏ခေါင်းကို အနောက်မှ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ “တစ်နေ့တစ်နေ့ ငိုဖို့ပဲသိတဲ့ဟာ”

ယိုကျင့်သည် ယွဲ့ချန်လု၏ အပြုအမူကြောင့် အနည်းငယ် ကြောင်အသွားခဲ့သည်။ သူမ၏ ခေါင်းအနောက်၌ ပူလောင်နေသည့်ခံစားချက်ကို ရကာ လဲမကျခင် အနည်းငယ် ယိမ်းထိုးနေခဲ့ပေသည်။ ယိုကျင့်၏ဘေးရှိ ယိုရင်သည် အစ်မဖြစ်သူ၏ မူမမှန်မှုကို သတိပြုမိကာ အမြန်ပင် ဆွဲကူလိုက်လေသည်။ “အစ်မသုံး”

ညီအစ်မများသည် ယိုကျင့်အား စိုးရိမ်တကြီးကြည့်ကာ အစ်မဖြစ်သူ၌ တစ်ခုခုဖြစ်မည်ကို စိတ်ပူလျက် ရှိသည်။ ယိုကျင့်သည် သတိရလျှင်ရချင်း ယိုရင်အား စိတ်သက်သာရာရအောင် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ဦးညွှတ်ကာ အမှားအတွက် တောင်းပန်လိုက်သည်။

“ရှောင်ကျို့က ရုတ်တရက် လန့်သွားလို့ငိုတာပါ။ သမီး သူ့ကို ခေါ်သွားလိုက်ပါ့မယ်” ယိုကျင့်သည် ယွဲ့ချန်လုအား အေးစက်စက် စိုက်ကြည့်ရင်း အားနည်းပိန်လှီနေသော ရှောင်ကျို့ကို ခေါ်ကာ ထွက်သွားခဲ့သည်။

ယွဲ့ချန်လုသည် ယိုကျင့်၏ အကြည့်ကြောင့် တုန်လှုပ်သွားခဲ့ကာ စိတ်တည်ငြိမ်စေရန် အချိန်အနည်းငယ်မျှ ယူလိုက်ရသည်။ အမွှေးတောင် မစုံတဲ့ဟာမက ဘာလုပ်နိုင်မှာမလို့လဲ။

ထိုသို့တွေးတောကာ သူ၏ထမင်းကိုသာ ဆက်စားနေခဲ့သည်။

ယိုကျင့်သည် အနည်းငယ်ရှိုက်နေသော ရှောင်ကျို့ကို ခေါ်ကာ အနောက်ခြံထဲသို့ ပြန်လာခဲ့သည်။ အမျိုးသမီးစုသည် ထိုအခြင်းအရာကို မြင်သည်နှင့် ခုတင်ပေါ်မှ အားပြုကာ ထထိုင်လိုက်လေသည်။

“ဘာဖြစ်လာတာလဲ။ ဘာလို့ အဲ့လောက် အသည်းအသန်ငိုလာရတာလဲ”

ယိုကျင့်သည် ဘယ်လက်မှ ရှောင်ကျို့အား အသာအယာပွေ့ထားကာ ညာလက်မှ သူမ၏ကျောပြင်ကို ပုတ်ပေးရင်း ချော့မြူနေရှာသည်။ အမျိုးသမီးစုအား ခေါင်းကို အသာရမ်းပြကာ ဖြေကြားလိုက်သည်။ ရှောင်ကျို့ အိပ်ပျော်သွားသည်နှင့် သူမတို့ အမြဲအိပ်နေကျ အပြင်ခုတင်သို့ တင်ပေးလိုက်သည်။ ထို့နောက် အဖြစ်အပျက်မှန်သမျှကို ပြောရန် လိုက်ကာစကို ပင့်ကာ အမျိုးသမီးစု၏ အခန်းထဲသို့ ၀င်လာခဲ့သည်။

“မင်းအဘွားက လျှာစောင်းသာထက်တာ စိတ်ထားက....” အမျိုးသမီးစုသည် ကိုယ်တိုင်ပင် လက်မခံနိုင်‌သော စကားများဖြင့် ဖြေသိမ့်နေရှာသည်။ အာဟာရချို့တဲ့ခြင်းကြောင့် မွဲခြောက်နေသည့် သူမ၏မျက်နှာ၌ ခပ်မွဲမွဲ အပြုံးတစ်ခု ဆင်မြန်းထားလေသည်။

“သမီးအဖေကိုလဲ အပြစ်မတင်ပါနဲ့။ အမေက သူ့အတွက် သားမမွေးပေးနိုင်တာပါ။ အမေ့အပြစ်ပါ။ အမေ့ကြောင့် သမီးတို့အခုလို ခံစားနေရတာ...”

“အဲဒါ အမေ့အပြစ် မဟုတ်ဘူး....” အမျိုးသမီးစုသည် ကိုယ့်ကိုကိုယ် အပြစ်တင်နေပြန်သည့်အတွက် ယိုကျင့်သည် သူမအား စိုက်ကြည့်မိလိုက်သည်။ “သားမမွေးနိုင်တာ အမေ့အပြစ်မဟုတ်ဘူး” ယိုကျင့်သည် သူမအား XY chromosome (မျိုးရိုးဗီဇပုံစံ)အကြောင်းကို မရှင်းပြနိုင်၍ အမျိုးသမီးစုအား သူမ၏အပြစ်မဟုတ်ကြောင်းကိုသာ ထပ်တလဲလဲ ပြောနေရခြင်းဖြစ်သည်။

အမျိုးသမီးစု၏ တိတ်ဆိတ်နေမှုကြောင့် ယိုကျင့်သည် စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ဖန်တရာထပ်နေသော မေးခွန်းကိုသာ ထပ်မံမေးမိခဲ့သည်။

“တကယ်လို့ သမီးမိသားစုသာ ကွဲသွားရင် အခုထက် ပိုကောင်းကောင်းနေရမလား။ ဒါမဟုတ်ရင် အမေသမီးတို့ကို ယွဲ့မိသားစုကနေ ခေါ်ထုတ်သွားမလား။ သမီးတို့လည်း အာဟာရပြတ်ပြီး မသေပါဘူး”

အမျိုးသမီးစုသည် နှစ်အနည်းငယ်အကြာက ထိုစကားကို ကြားဖူးခဲ့သည်။ သူမ၏သမီးသည် ထိုအချိန်၌ ကိုးနှစ်အရွယ်သာ ရှိသေးပေသည်။ ယောက္ခမဖြစ်သူသည် မွေးကင်းစကလေး ရှောင်ကျို့အား တောင်‌ပေါ်သို့ စွန့်ပစ်လိုက်၍ ယိုကျင့်မှာ ထိုကလေးအား ကယ်ယူခဲ့ရသည်။ ထိုအတွက် အဘွားချန်ဆီမှ ရိုက်နှက်ခံခဲ့ရပေသည်။ ‌သူမ၏သေလုမျောပါး အခြေအနေ၌ ထိုသို့မေးခဲ့သေး၏။ “အမေ သမီးတို့ညီအစ်မတွေကို ခေါ်ပြီး ထွက်မသွားချင်ဘူးလားဟင်။ အမေက အစာငတ်သေမှာ ကြောက်လို့လား”

ထိုအဖြစ်အပျက်အပြီး၌ ယိုကျင့်သည် ရင့်ကျက်လာကာ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ ထိုမေးခွန်းကို ပြန်ကြားချိန်၌ အမျိုးသမီးစု၏ ရင်ထဲ၌ ကိန်းအောင်းနေခဲ့သော အစိုင်အခဲသည် ပြန်လည်ပေါ်ထွက်လာကာ အစပိုင်း၌ ကြောင်အနေခဲ့သည်။ သို့သော် တဖြည်းဖြည်း တည်ငြိမ်လာ၏။ တစ်ခါတစ်ရံ သူမသည် ထိုညက ယိုကျင့်ပြောခဲ့သည့်အကြောင်းအရာကို စိတ်ကူးယဉ်ခဲ့ဖူးပေသည်။

သမီးဖြစ်သူ၏ ထိုမေးခွန်းကြားသည်နှင့် အမျိုးသမီးစုသည် သက်ပြင်းချကာ ပြန်ဖြေခဲ့သည်။

“သမီးနဲ့ သမီးညီမတွေက ငယ်သေးတယ်လေ။ အမေကလည်း ကျန်မာရေးကောင်းတာ မဟုတ်ဘူး။ အမေတို့သာ အခုယွဲ့မိသားစုက ထွက်သွားရင် သမီးတို့ လက်ထပ်ထိမ်းမြားဖို့ကိစ္စက ရေစုန်မြောမှာ။ အဲ့လို ဒုက္ခတွေ ခံနိုင်ရည်ရှိလို့လား” ယွဲ့မိသားစုသည် အပြင်ပန်း၌ အဆင်ပြေသော်လည်း အတွင်းရေး ကမောက်ကမ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဘယ်တတ်နိုင်မည်နည်း။ သူမ၏မိဘဆွေမျိုး အရင်းအချာများသည် ခွဲခွာစဉ်ခဏသာ ဂရုစိုက်ပေးနိုင်သည်။ သူမ၌ ကလေးများကို ပြုစုပျိုးထောင်ရန် အရည်အချင်းနှင့် သတ္တိမရှိပေ။ ယွဲ့မိသားစုတွင် နေထိုင်သည်က ကလေးများကြီးပြင်း၍ လက်ထပ်နိုင်သည်မှာ သေချာပေသည်။

သို့သော်လည်း ယိုကျင့်သည် ငြင်းဆန်နေဆဲပင်ဖြစ်သည်။

“သမီးက ဆယ့်နှစ်နှစ် ပြည့်တော့မှာအမေ။ အငယ်မလည်း ဆယ်နှစ်ပြည့်တော့မှာ။ သမီးတို့အချင်းချင်း ထောက်ပံ့‌နိုင်ပါတယ် အမေရယ်။ မြက်ပဲစားရရ သစ်ခေါက်တွေပဲစားရရ သမီးတို့နဲ့အတူ ရှင်သန်ဖို့ အမေဆန္ဒရှိသ၍ ဘာမဆိုဖြစ်တယ်” ယိုကျင့်၏ လက်ရှိ ကျန်မားကြံ့ခိုင်မှုသည် ယခင်ဘ၀ကဲ့သို့ မကောင်းမွန်သော်လည်း တောတွင်း၌နေထိုင်နိုင်သည့် အရည်အချင်းသည် ကျန်ရှိနေဆဲပင်ဖြစ်သည်။ တောင်ကို အမှီပြုကာ နေထိုင်စားသောက်နိုင်သည့်အပြင် သူမတို့၌ လုပ်ကိုင်စားသောက်ရန် နည်းလမ်းရှိပေသည်။

“ကျင့်အာ ယွဲ့မိသားစု မရှိဘဲ အမေတို့နေနိုင်မယ်ထင်လား” အမျိုးသမီးစုသည် နှစ်ပေါင်းသုံးဆယ်မျှ ဖြတ်သန်းခဲ့ပြီဖြစ်သည်။ သူမ၏မိဘမျိုးရိုးသည် ဆင်းရဲ၍ ပင်ပန်းစွာ လုပ်ကိုင်ရသော်လည်း သူမတို့ညီအစ်မများကို ပြည့်ပြည့်စုံစုံထားခဲ့ပေသည်။ မိဘများဆုံးပါးသွားသည်နှင့် အခြေအနေများသည် မိုးနှင့်မြေလို ကွာခြားသွားခဲ့သည်။ မိသားစု၏အိမ်နှင့် ပိုင်ဆိုင်မှုများသည် မျိုးနွယ်ရှိ ဦးလေးများမှ အသီးသီး ခွဲဝေယူကြလေသည်။ သူမတို့ညီအစ်မသုံးယောက်သည် အကိုများထံမှ ကုန်ပစ္စည်းများကဲ့သို့ လက်ထပ်ရန် ရောင်းစားခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့် အဘွားချန်သည် ယွဲ့မိသားစုဆီသို့ အမျိုးသမီးစု ၀င်ရောက်လာချိန်၌ မကျေမချမ်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဘွားချန်၏ နှလုံးသားထဲ၌ အမျိုးသမီးစုအား ငွေဖြင့်၀ယ်ခဲ့သော အစေခံတစ်ယောက်အဖြစ်သာ သတ်မှတ်ထားလေသည်။

အမျိုးသမီးစု၏ ဘ၀သည် မိဘများ အသက်ရှင်စဉ် အချိန်၌သာ သာယာခဲ့ပေသည်။ မိဘများ ဆုံးပါးသွားသည့်အချိန်မှစကာ အခြားသူများ၏ ထိန်းချုပ်မှုအောက်၌ အသားကျနေခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ အရေးကိစ္စများတွင် မည်သို့ ဆုံးဖြတ်ရမည်မှန်း သူမမသိချေ။ သို့သော်လည်း သူမ၏ငယ်ရွယ် ရင့်ကျက်သည့် အကြီးဆုံး သမီးဖြစ်သူကို ယုံကြည်ပေသည်။

“အမေသာ သမီးတို့ညီအစ်မတွေကို ခေါ်ထုတ်ဖို့ ဆန္ဒရှိသ၍ ညီမတွေကို ပျိုးထောင်ဖို့ သမီး နည်းလမ်းရှာမယ်။ ပြီးတော့ အနာဂတ်မှာ လက်ထပ်ဖို့ လက်ဖွဲ့ငွေလည်းရှာပေးပြီး သူတို့ဘ၀လေး အေးအေးချမ်းချမ်း နေစေရမယ်” ယိုကျင့်သည် အမျိုးသမီးစုအားတောက်ပသည့် မျက်၀န်း‌များဖြင့် ငေးကြည့်လိုက်သည်။ အမျိုးသမီးစုသာ ယုံကြည်နေသ၍ သူမတို့ ညီအစ်မများကို ခေါ်ထုတ်ရန် ဆန္ဒရှိသ၍ ယွဲ့မိသားစုမှ အမျိုးသမီးစု စွန့်ခွာရန်အတွက် နည်းလမ်းစဉ်းစားနေဦးမည်ဖြစ်သည်။

အမျိုးသမီးစုသည် သက်ပြင်းချလိုက်သည်။

“အမေလုပ်ချင်တောင် မင်းအဖေနဲ့ အဘိုးအဘွားတွေက လက်ခံပါ့မလား” အမျိုးသမီးစုသည် ယိုကျင့်အား အတိုက်အခံလုပ်နေခြင်း မဟုတ်ပေ။ သူမသည် ယွဲ့မိသားစု၌ ဆယ်နှစ်ကျော်ကြာ နေထိုင်လာခဲ့ပြီးဖြစ်၍ နောက်လာမည့် ပြဿနာများကို ကြိုတင်တွေးတောနေခြင်းဖြစ်သည်။

ယိုကျင့်သည် အမျိုးသမီးစု၏ သဘောတူညီချက်ကိုရသည်နှင့် စိတ်သက်သာရာရသွားလေသည်။ သူမသည် ပျော်ပျော်ရွင်ရွှင်ပင် အမျိုးသမီးစုနားသို့သွားကာ ကပ်ထိုင်လိုက်သည်။ အမျိုးသမီးစု၏ ဗိုက်လေးအား ပွတ်ပေးကာ ခေါင်းမော့ရင်း မျက်စိစုံမှိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့ အမေ သမီးမှာ နည်းလမ်း ရှိပါတယ်”

သမီးဖြစ်သူ၏ ယုံကြည်ချက်ရှိမှုကို မြင်သည့်အခါ အမျိုးသမီးစုသည် မျှော်လင့်ချက်မထားဘဲ မနေနိုင်တော့ချေ။

“သမီးလုပ်နိုင်ရင် အမေလည်း သမီးတို့ကို ယွဲ့မိသားစုရဲ့ အဝေးဆုံးကို ခေါ်သွားပေးမယ်။ အမေတို့ ကိုယ့်ဘာသာ မိသားစုလေး ထူထောင်ကြမယ်လေ”

…

အပိုင်း (၁၄) ဆောင်းဦးကောက်ရိတ်ချိန်

ယွဲ့မိသားစုသည် ငွေအများအပြားသုံးခဲ့သည့်အတွက် အိမ်တွင် လယ်ဧက၃၀ရိတ်သိမ်းဖို့အရေး ကူညီရန် ငွေအနည်းငယ်ကိုသုံးကာ အချိန်ပိုင်းအလုပ်သမားနှစ်ဦးကို အံကြိတ်ရင်း ငှားလိုက်ရတော့သည်။

လယ်သမားများက ဆောင်းဦးကာလ ကောက်ရိတ်တော့မည်ကို ကောင်းကင်က သိသည့်အလား မျက်နှာသာပေးကာ နေသာနေတော့သည်။ အေးချမ်းသည့် ဆောင်းဦးမနက်ခင်းတွင် အဖြူရောင် အလင်းသည် အရှေ့ဖက်တောင်ကုန်းများကို ကျော်ကာ လင်းလာလေသည်။ ချွေ့ဖုန်းရွာရှိ အိမ်တိုင်းသည် လယ်ယာပစ္စည်းများကိုသယ်ကာ မိသားစုများနှင့် ရွာအပြင်က လယ်ကွင်းများဆီ ထွက်လာကြလေသည်။

လယ်သမားမိသားစုအတွက် ဘာမှမလုပ်ဘဲ ထိုင်နေရသည့် လအနည်းငယ်ရှိလေသည်။ လယ်သမားမိသားစုက ကလေးများသည် အရွယ်မတိုင်ခင် ရင့်ကျက်ကြသည်။ လေး ငါးနှစ်အရွယ်ကလေးများသည် လူကြီးများနောက်က ဖြည်းညင်းစွာလျှောက်ရင်း လိုက်လာကြ၏။ သူတို့သည့် ခြင်းတောင်းများကို သယ်ကာ လယ်ထဲက စပါးနှံများကို ကောက်ရန် လိုက်လာကြလေသည်။ ကလေးတစ်ယောက်သည် တစ်နေ့လျှင် စပါးနှံပိဿာဝက်ခန့် ကောက်နိုင်လေသည်။ စားစရာ မရှိတော့သည့်သူများအတွက် ဒါသည် အနည်းနှင့်အများတော့ ဝင်ငွေရလေသည်။

အစောပိုင်းနှစ်များတွင် မိသားစုက အခြေအနေကောင်းသဖြင့် ယွဲ့တာဖူက ထိုသေးငယ်သော ပမာဏလောက်ကို ဂရုစိုက်မနေချေ။ ထို့အပြင် စပါးနည်းနည်းလောက်သုံးပြီး နာမည်ကောင်းရသည်က အကျိုးရှိလေသည်။ ထို့ကြောင့် ရွာထဲက ကလေးများက သူ့လယ်တွင် စပါးနှံလာကောက်သည်ကို မတားခဲ့ချေ။

အဘွားချန်ကတော့ ထိုစပါးနည်းနည်းလေးအတွက်ပင် အမြဲတမ်း ရင်နာနေရလေသည်။ သို့သော် အရင်က ယွဲ့တာဖူ၏ အကျင့်နှင့် စကားကို လိုက်နာရသဖြင့် အံကြိတ်ကာ သည်းခံခဲ့ရသည်။ သို့သော် ယခုတော့ သူတို့မိသားစု၏ ပိုင်ဆိုင်မှုအားလုံးနီးပါးက အပေါက်ကြီးဖြစ်သွားလေရာ အဘွားချန်သည် ကြေးပြားတစ်စကိုပင် ရှစ်စိတ်ဖြစ်အောင် ခွာချင်နေတော့သည်။ သူတို့၏ကိုယ်ပိုင် လယ်ကွက်ထဲက စပါးများကို တခြားသူလာကောက်မည်ကို အဘယ်မှာ ဆန္ဒရှိမည်နည်း။

ထို့ကြောင့် ထိုနေ့ မနက်စောစောတွင် သူမသည် ယိုကျူး (ရှောင်ဝူ)၊ ယိုလင်း(ရှောင်ချီ) နှင့် ယိုလော့(ရှောင်ပါ့) တို့ညီအစ်မအများအတွက် ခြင်းများ ပြင်ဆင်ထားလိုက်လေသည်။ သူမ၏ ယုတ်မာသည့်မျက်လုံးများက ညီအစ်မသုံးယောက်ကို စေ့စေ့ကြည့်လိုက်ပြီးနောက် ခြိမ်းခြောက် ပြောဆိုတော့သည်။

“ နင်တို့တွေ ဒီနေ့ ခြင်းတွေကို ပြည့်အောင်မကောက်နိုင်ရင် ဒီည ထမင်းစားဖို့ မစဥ်းစားနဲ့”

ယိုကျင့်နှင့် ယိုရင်တို့သည် လယ်ကွင်းထဲတွင် ကောက်ရိတ်ရန် လူကြီးများအဖွဲ့တွင် ပါလာလေသည်။ အဘွားချန်က သူတို့ကို မာထန်စွာ ခပ်စိမ်းစိမ်းကြည့်လိုက်ပြီးနောက် ယွဲ့တာ့ဖူအတွက် ဘူးသီးခြောက်အပြည့် ရေထည့်ပေးရန် ခါးကော့ကာ ထွက်သွားတော့သည်။

ယိုပေါင်(ရှောင်လျို့)သည် သူမကို မွေးစဥ်က အဘွားချန်ကြောင့် ရေပုံးထဲတွင် ရေနစ်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမကို နောက်ပိုင်းတွင် အသက်ကယ်ပေးနိုင်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်က ထိခိုက်သွားခဲ့သည်။ တစ်ဖက်တွင် ယိုကျူးသည် သန်မာပြီး မည့်သည့်ကြီးကြီးမားမား ဖျားနာမှု မဖြစ်ခဲ့ချေ။ ထို့ကြောင့် ယိုကျင့်က ယိုပေါင်ကို အိမ်မှာနေခဲ့ပြီး ရှောင်ကျို့ကို ထိန်းခွင့်ပေးရန် အဘွားချန်ကို တောင်းတောင်းပန်ပန်ဖြင့် ပြောရတော့သည်။ စပါးနှံများကို ကောက်ရန် တာဝန်ပေးခံရသည့် ညီအစ်မသုံးယောက်သည် ခြင်းများကို သယ်ကာ ယိုကျင့်နောက်မှနေ၍ လယ်ကွင်းဆီ လိုက်လာခဲ့ကြတော့သည်။

သည်အချိန်တွင် နေပင် ကောင်းကောင်း မထွက်သေးချေ။ ဆောင်းဦးလေက အေးစိမ့်စိမ့် ခံစားချက်ကို သယ်လာပြီး တိုက်ခတ်လိုက်ချိန်၌ လူများမှာ သက်သောင့်သက်သာမဖြစ်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် မနက်စောစော ထရသဖြင့် ငိုက်မြည်းစိတ်တို့ကို လွင့်စဉ်သွားစေတော့သည်။ ယိုကျင့်သည် ပိုပြီးတက်ကြွလာကာ ညီမငယ် သုံးယောက်ကို လယ်ကွင်းဆီသို့ ခေါ်လာလိုက်သည်။ သူမ သတိထပ်ပေးလိုက်၏.

“ တခြားကလေးတွေဆီကနေ မလုနဲ့နော် နားလည်လား၊ ယိုကျူး နင်က အကြီးနော် ယိုလင်းနဲ့ ယိုလော့တို့ကို ဂရုစိုက်ရမယ်၊ ညီမလေးတွေကို မြစ်ဘက် ပေးမသွားရဘူးနော် သိလား”

ယိုကျူး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

“ စန်းကျဲ ညီမလေး ရှောင်ချီနဲ့ ရှောင်ပါ့ ကို ဂရုစိုက်ပါ့မယ်”

ယိုကျူးသည် သည်နှစ်တွင် ၇နှစ်သာရှိသေးသော်လည်း သူမ အသက်၅နှစ်ကတည်းက ခြင်းတစ်လုံးဖြင့် စပါးနှံများကို ကောက်လာခဲ့ရသည်။ သို့သော် ရှောင်ချီနှင့် ရှောင်ပါ့တို့အတွက်တော့ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယိုကျင့်မှာ မစိုးရိမ်ဘဲ မနေနိုင်ပေ။

ယိုကျင့်သည် ယိုလင်းနှင့် ယိုလော့တို့က ယိုကျူးနောက် လိမ်လိမ်မာမာဖြင့် လိုက်သွားကာ ရိတ်ထားပြီးသား လယ်ကွင်းများထဲတွင် စပါးနှံများ ရှာနေကြသည်ကို စောင့်ကြည့်လိုက်ပြီးနောက် အခိုက်တန့် စိတ်အေးသွားတော့သည်။ သူမသည် တံစဥ်ကို လှမ်းယူလိုက်ပြီးနောက် တစ်တန်းခွဲလောက် ရိတ်ပြီးထားသည့် ယိုရင်ရှိရာ စပါးခင်းဖက်သို့ လျှောက်လာလိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် အတူတူမတ်တတ်ရပ်လိုက်ပြီး နှုတ်လမ်းကို စေ့ကာ ခါးကုန်းလိုက်တော့သည်။ သူတို့သည် စကားတခွန်းမှ မပြောတော့ဘဲ ကောက်ရိတ်လိုက်ကြလေသည်။

နေသည် တောင်ကုန်းပေါ်မှ မြင့်တက်လာ၏။ ဘဲဥလေးတစ်ခုလို ဖျော့တော့စွာ လင်းနေသည့် နေသေးသေးလေးမှ ပူပြင်းလွန်းသည့် နေတစ်လုံးအဖြင့် ပြောင်းသွားရန် အချိန်ကြာကြာ မယူလိုက်ရချေ။ နေထွက်ပြီး တစ်နာရီလောက်တွင် လယ်ကွင်းထဲ၌ ကောက်ရိတ်နေကြသူများသည့် မိုးရေကဲ့သို့ ချွေးများ ထွက်လာကြတော့သည်။

အရှေ့ဘက်တောင်ကုန်းနှင့် သိပ်မဝေးလှသည့်နေကို မျက်လုံးစွေကာ ကြည့်လိုက်ပြီးနောက် ယိုကျင့်သည် ဖျင်ကြမ်းအင်္ကျီလက်ဖြင့် နဖူးမှချွေးများကို သုတ်လိုက်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်လေသည်။ ထို့နောက် သိပ်မဝေးလှသည့်နေရာတွင် စပါးနှံများကို ကောက်နေကြသည့် ညီမငယ်သုံးယောက်ကို လှမ်းကြည့်လိုက်၏။ ခေါင်းပြန်ငုံံ့ကာ စပါးဆက်ရိတ်လိုက်တော့သည်။

ယိုကျင့်သည် ငယ်ငယ်လေးကတည်းက ယွဲ့အိမ်က အလုပ်အားလုံးကို လုပ်လာခဲ့ရလေသည်။ အခုတော့ အပူအဆုံးအချိန်ကို မရောက်သေးချေ။ သူမ ခံနိုင်ရည်ရှိသည့် အတိုင်းအတာအတွင်းတွင် ရှိလေသည်။ တစ်ဖက်တွင် ယိုကျင့်နောက်တွင် ကျန်ခဲ့သည့် ယိုရင်မှာ မခံနိုင်တော့ချေ။ ကောက်ရိတ်နေရင်းမှ ရုတ်တရက် ထိုင်ချလိုက်လေသည်။ သူသည် လေသံဖြင့် လှမ်းအော်လိုက်တော့သည်။

“ စန်းကျဲ....”

ကောက်ရိတ်နေဆဲ ယိုကျင့်က အားအင်ချိနဲ့သည့်အသံကို ကြားလိုက်သဖြင့် နောက်သို့ မြန်မြန် လှည့်ကြည့်လိုက်၏။ ပူပြင်လှသည့်နေကြောင့် မူးဝေနေသည့် ယိုရင်သည် မြေကြီးပေါ်တွင် ပစ်ထိုင်ကာ သူမကို ချိနဲ့စွာ လှမ်းခေါ်နေသည်ကို မြင်လိုက်ရတော့သည်။

ယိုကျင့် လက်ထဲက တံစဥ်ကို ချက်ချင်း ပစ်ချလိုက်ပြီး ခြေလှမ်းကျဲများဖြင့် ယိုရင်ဆီ လျှောက်သွားတော့သည်။ ယိုရင်ကို ကျောပိုးကာ လယ်ကွင်းဘေးက သစ်မာပင်အိုကြီးတစ်ပင် အောက်သို့ ခေါ်သွားလိုက်တော့သည်။ ယိုကျင့်သည် မနက်က ယူလာသည့်ဘူးသီးခြောက်ရေဘူးကို ထုတ်လိုက်ပြီး ယိုရင်ကို တစ်ငုံနှစ်ငုံလောက် သောက်ခိုင်းလိုက်လေသည်။ ယိုရင်၏ ညှိုးနွမ်းနေသည့် မျက်နှာလေးပေါ်က ချွေးများကို သုတ်ပေးလိုက်ပြီး

“ ယိုရင် အဆင်ပြေရဲ့လား”

ယွဲ့မိသားစုရှိ သမီးများထဲတွင် ယိုကျင့်တစ်ယောက်သာ မွေးလာကတည်းက အဘွားချန်၏ နှိပ်စက်မခံခဲ့ရချေ။ အကြောင်းမှာသည် သူမသည် အကြီးဆုံးဖြစ်ပြီး ယွဲ့ချန်လုက ပထမဆုံးကလေးရဖို့ နှစ်နှစ်ခန့် စောင့်ခဲ့ရသောကြောင့်ပင်။ သူမသည် ပိန်ပါးသော်လည်း ညီမငယ်လေးများထက်စာလျှင် ပို၍ကြံ့ခိုင်လေသည်။

ယိုရင်သည် အားအင်ကုန်ခမ်းသွားတော့သည်။ သစ်မာပင်အိုကြီးကို မှီထားရင်း အရိပ်အောက်တွင် တဖြည်းဖြည်း အသက်ရှူပြန်မှန်လာ၏။ ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခုဖြင့် သူမပြောလိုက်၏။

“စန်းကျဲ ညီမလေး အဆင်ပြေပါတယ်၊ ခဏလောက်နားနေလိုက်မယ်၊ မြန်မြန် ကောက်ရိတ်သွားလိုက်တော့”

ယိုရင်သည် အဖေက စန်းကျဲ သူမကို အဖော်လုပ်ပေးနေသဖြင့် လာဆူဆဲမည်ကို စိုးရိမ်နေမိသည်။

ယိုကျင့် သူမကို ဤသို့တွေ့လိုက်ရချိန်၌ အပူလျှပ်သွားမှန်း သိလိုက်တော့သည်။ ယိုရင် ပြောလိုက်သည့်စကားကလည်း အဓိပ္ပာယ်ရှိမှန်း သိလေသည်။ သူမနှင့် ယိုရင်တို့အတွက် သတ်မှတ်ပေးထားသည့် လယ်မြေကို ဒီနေ့ ပြီးအောင် မရိတ်နိုင်ခဲ့လျှင် ဒီညအတွက် ညစာစားရမည် မဟုတ်ပေ။ သူမ ပြန်ပြောလိုက်၏။

“ ဒါဆို နင်ဒီမှာ ကောင်းကောင်းနားနေလိုက်နော်၊ မူးနေရင် လမ်းမလျှောက်နဲ့ ရေများများသောက်”

ထိုနောက် သူမ လယ်ကွင်းဆီပြန်သွားလိုက်ကာ ကောက်ဆက်ရိတ်လိုက်တော့သည်။

လယ်ကွင်း၏တခြားဖက်တွင်တော့ ယွဲ့တာ့ဖူသည် ယိုကျင့်ရှိရာဖက်က အခြေအနေကို အဝေးမှ မြင်နေရ၏။ သူဘာမှ မပြောသော်လည်း တစ်လှမ်းကြည့်လိုက်ပြီး သဘောမတွေ့သည့်အမူအရာကို ထုတ်ပြလိုက်တော့သည်။ ယွဲ့ချန်လုသည် သည်နှစ်များတွင် စိတ်တို စိတ်ရှုပ်လွယ်လာတော့သည်။ သူ့အဖေ၏ သူစိမ်းဆန်ဆန်အမူအရာကို သတိထားမိသွားပြီး သူကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်လိုက်လေသည်။ ဆန်ကုန်မြေလေးနှစ်ယောက်က သစ်ပင်ရိပ်အောက်တွင် ပုန်းကွယ်ကာ အပါးခိုနေသည်ကို မြင်လိုက်ရတော့သည်။ ချက်ချင်းလိုပင် သူသည် ထိုဆန်ကုန်မြေလေးနှစ်ယောက်ကို သွားပြီး ဆုံးမချင်လိုက်တော့သည်။

“ လောင်အာ့ မင်းဘာလုပ်နေတာလဲ” ယွဲ့တာ့ဖူသည် ထိုတန်ဖိုးမရှိသည့် မြေးမလေးနှစ်ယောက်အတွက် စိတ်မကောင်း မဖြစ်ချေ။ သူ့သားက အပြင်တွက် သူ့ကလေးများကို ဆုံးမနေပြီး ရွာသားများတွက် ရယ်စရာဖြစ်နေမည်ကိုသာ စိုးရိမ်ခြင်းဖြစ်လေသည်။

“ နေရာတိုင်းမှာ လူတွေရှိနေတာ၊ သွားလိုက်လာလိုက်နဲ့ အလုပ်ရှုပ်ခံမနေနဲ့”

ယွဲ့ချန်လုသည် သူ့အဖေစကားကို အလိုလို နားလည်လိုက်ပြီး ညိုမည်းနေသည့်မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အဖေ ကျွန်တော် ရေသွားသောက်ရုံပါ”

သူ့ပြောလိုက်သည့်စကားကို သားဖြစ်သူ နားလည်သွားသည်ကို တွေ့လိုက်ရသဖြင့် ယွဲ့တာ့ဖူ ဆက်မပြောတော့ချေ။

***

တဖက်တွင် ယွဲ့ယိုရင်သည် အနားယူနေသည်မှာ ၁၅မိနစ်ပင် မပြည့်သေးချေ။ ယွဲ့ချန်လုက သုန်သုန်မှုန်မှုန်မျက်နှာဖြင့် ရောက်လာတော့သည်။ အမှန်တွင် ယွဲ့ချန်လုသည် အစက ရုပ်မဆိုးချေ။ သူ့ အသက် ၈နှစ် ၉နှစ်လောက်တုန်းက ဆိုးသွမ်းပြီး မျက်ခုံးမှ နားရွက်အထိ တစ်လက်မလောက်ရှိသည့် ချုပ်ရာကြီးတစ်ခု မတော်တဆ ဖြစ်သွားပြီး သူ့ရုပ်လည်း ပျက်စီးသွားတော့သည်။ ထိုအခြင်းအရာကြောင့်ပင် ယွဲ့ချန်လု၏အရောင်အဝါသည် ပို၍ မည်းမှောင်လာတော့သည်။ သူ၏သုန်မှုန်နေသည့်မျက်နှာက တစ်နေ့လုံး ကြောက်စရာခံစားချက်ကို ပေးနေလေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အလားအလာရှိသည့်မိသားစု တချို့နှင့် လက်ထပ်ပွဲကို ငြင်းပယ်ခံလိုက်ရလေသည်။ နောက်ပိုင်း အဘွားချန်က အမျိုးသမီးစုကို တွေ့သွားပြီး သူမရုပ်ရည်က သင့်တော်သည်ဟု ထင်မိလေသည်။ ထို့ကြောင့် သူမ၏ဦးလေးဆီမှ ငွေတစ်စဖြင့် စေ့စပ်ကြောင်းလမ်းကာ အမျိုးသမီးစုကို ဝယ်ယူခဲ့လိုက်သည်။ ဤသို့ဖြင့် ယွဲ့ချန်လု အခြေကျသွားသည်ဟု မှတ်ယူနိုင်လေသည်။

ယွဲ့ချန်လုသည် တောက်ပသည့်မျက်လုံးများ၊ ဖြူဖွေးသည့်သွားများ ရှိသည့်သည် ဇနီးတစ်ယောက်ကို လက်ထပ်နိုင်ခဲ့သည်။ ထို့အပြင် အမျိုးသမီးစုသည် အလုပ်နှင့် လက်မကွာအောင် ဝီရိယရှိရှိ လုပ်ကိုင်တတ်လေသည်။ သူတို့ လက်ထပ်စက အဘွားချန်သည် သူမကို သဘောကျခဲ့သည်။ လူငယ်စုံတွဲသည် အလွန်စိတ်ချမ်းသာ ပျော်ရွှင်သည့်ဘဝတစ်ခုတွင် နေနိုင်ခဲ့သည်။ သို့သော် နှစ်နှစ် ကြာပြီးနောက် ယွဲ့မိသားစုအိမ်ကို နောက်မှဝင်လာသည့် ယောက်မက ကလေးအရင်မွေးသွားပြီး အမျိုးသမီးစု၏ ဗိုက်ကတော့ ဘာလှုပ်ရှားမှုမှ မရှိသေးချေ။ အဘွားချန်၏မျက်နှာသည် ပိုအကျည်းတန်လာတော့သည်။ ပျောက်ကွယ်သွားပြီးဖြစ်သည့် စိတ်ပျက်မှုတို့က တစ်ဖန် ပြန်ရောက်လာတော့သည်။

လက်ထပ်ပြီး သုံးနှစ်ကြာသည်အထိ အမျိုးသမီးစု၏ဗိုက်ထဲမှ ဘာသတင်းကောင်းမှ မကြားရချေ။ ထို့နောက် သူမ ယိုကျင့်ကို မွေးခဲ့သည်။ ထိုအချိန်တွင် သူ့မိန်းမ ကလေးမွေးနိုင်သ၍ အနှေးနှင့်အမြန် သားတစ်ယောက်တော့ မွေးနိုင်လိမ့်မည်ဟု ယွဲ့ချန်လု ထင်ထားခဲံသည်။ ထို့ကြောင့် သူသည် ယိုကျင့်ကို ချစ်သေးသည်။ သို့သော် နောက်ပိုင်းနှစ်များတွင် အမျိုးသမီးစု၏ဗိုက်သည် ဖောင်းလာလိုက် ၊ ပြားသွားလိုက်ဖြင့် ကိုယ်ဝန်ခြောက်ကြိမ်လွယ်ပြီး သမီး၇ယောက်ကို မွေးဖွားခဲ့သည်။ သို့သော် သားတစ်ယောက်မှ မပါသေးချေ။ အဘွာချန်၏မျက်နှာထားသည်လည်း တစ်နှစ်တစ်နှစ် ပိုဆိုးလာတော့သည်။ ယွဲ့ချန်လု၏စိတ်တို့သည်လည်း တစ်နှစ်ထက်တစ်နှစ် ကြမ်းတမ်းလာလေသည်။ အမျိုးသမီးစု ယိုကျူးနှင့် ယိုပေါင် အမြွှာကို မွေးလိုက်ပြီးနောက်ပိုင်း ယွဲ့ချန်လုသည် အမျိုးသမီးစုအပေါ် အိမ်တွင်းအကြမ်းဖက်မှုများ စတင်လုပ်ခဲ့ပြီး အခုချိန်ထိ ဆိုးလာတော့သည်။ တစ်ခုခု အဆင်မပြေလျှင် အိမ်အပြင်တွင် စိတ်တိုဒေါသထွက်ရလျှင် အိမ်ပြန်ရောက်ချိန်၌ အမျိုးသမီးစုကိုဖြစ်ဖြစ် သမီးတချို့ကိုဖြစ်ဖြစ် ရိုက်နက်တော့သည်။

ထို့ကြောင့် ယိုရင်က မျက်နှာမဲဖြင့် သူမထံလျှောက်လာသည့် အဖေဖြစ်သူကို မြင်လိုက်ရသောအခါ အလိုလို ကိုယ်ကို ကျုံ့မိသွားပြီးမှ ကြောက်ကြောက်ရွံ့ရွံ့ နှုတ်ဆက်လိုက်တော့သည်။

“ အဖေ”

ယွဲ့ချန်လုသည် သစ်မာပင်အောက်က အဘွားချန်သူတို့အတွက် ပြင်ဆင်ထားပေးသည့် ဘူးသီးခြောက်ရေဘူးကို ကောက်ယူလိုက်ကာ ရေတစ်ငုံနှစ်ငုံလောက် မော့သောက်လိုက်၏။ ထို့နောက် အဖုံးပြန်ပိတ်ပြီး ထိုရေဘူးဖြင့် ယိုရင်ကို ရိုက်လိုက်ကာ ခပ်ဩဩအသံဖြင့် ဆူပူကြိမ်းမောင်းတော့သည်။

“ စားဖို့ပဲ သိပြီး နေ့တိုင်း အချောင်ခိုနေ ၊ နင် အလုပ်မလုပ်ရင် ကြည့်နေလိုက် ငါနင့်ကို သေအောင်ရိုက်ပြမယ်”

ယိုရင်သည် သတိထားသော်လည်း ယွဲ့ချန်လုက ဘူးသီးခြောက်ဖြင့် ထုလိုက်ချိန်တွင်တော့ မခုခံရဲသေးပေ။ ဘူးသီးခြောက်သည် သူမ၏ပေါင်ကို လာရိုက်ပြီး နာကျင်မှုကြောင့် မျက်ရည်များ ချက်ချင်း ဝဲတက်လာတော့သည်။ သို့သော် သူမ ဘာမှပြန်မပြောရဲပေ။ တုန်တုန်ယင်ယင်ဖြင့် သစ်မာပင်ကို အားပြုရင် ထရပ်လိုက်လေသည်။ ထို့နောက် သူမကောက်ရိတ်ခဲ့သည့် လယ်ကန်သင်းနားသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြန်သွားလိုက်၏။ သူမအဖေ သတိမထားမိသည်ကို သိသွားပြီးနောက် လက်ကို ပင့်ကာ မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်လေတော့သည်။

…

အပိုင်း (၁၅) ဆောင်းဦးကောက်ရိတ်သိမ်းပွဲ(၂)

ယိုကျင့်သည် သူတို့နှင့် အလွန်ဝေးနေကာ ကျောပေးထားသဖြင့် သစ်မာပင်အောက်ရှိ အသံများကို မကြားနိုင်သော်လည်း လယ်ထဲသို့ ရောက်လာသည့် ယိုရင်၏ရှိုက်သံကို ကြားနိုင်သေးသည်။ ယိုကျင့်သည် အမြန်လှည့်ကြည့်လိုက်ကာ “ဘာလို့ ပြန်လာတာလဲ။ နင့်ကို နားဖို့ ငါမပြောထားဘူးလား”

ယိုကျင့်သည် ထိုအဖြစ်အပျက်ကို ယိုကျင့် မကြားလိုက်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် သူမ၏မျက်ရည်များ သုတ်ထားသော လက်ဖဝါးနှစ်ဖက်အား ဝှက်ထားလိုက်ကာ ပြောလိုက်သည်။

“ညီမနားလို့ ၀ပါပြီ။ အစ်မကိုကူဖို့ လာတာ”

ယိုကျင့်သည် ထိုစကားကို မည်သို့ ယုံနိုင်မည်နည်း။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြူဖျော့ကာ ထိတ်လန့်နေသော မျက်နှာသည် ပေါ်လွင်နေလှသည်။ ထို့ကြောင့် သူမသည် အနောက်သို့လှည့်ကာ ကြည့်ချိန်၌ သစ်မာပင်အောက်မှ ထွက်သွားသော ယွဲ့ချန်လုကို စိုက်ကြည့်ကာ အဖြစ်အပျက်ကို နားလည်လိုက်သည်။

“အဖေက နင့်ကို လယ်ထဲဆင်းခိုင်းတာမလား” ယွဲ့ချန်လုက လူရောဟုတ်ရဲ့လား။ ယိုရင်က ကိုးနှစ်ထဲရှိသေးတာ ဘယ်လိုလုပ်ပြီး လယ်ထဲဆင်း အလုပ်လုပ်နိုင်မှာလဲ။ ဒါကလဲ သူ့မျိုးဆက်မဟုတ်ဘူးလား။ ကိုယ်မွေးထားတဲ့သမီးကို ကိုယ့်လက်နဲ့ သတ်မလို့လား။

ယိုကျင့်သည် တံစဉ်းကို လွှင့်ပစ်လိုက်ပြီး ထရပ်ကာ သစ်မာပင်အောက်သို့ ဦးတည်သွားလေသည်။ ယွဲ့တာ့ဖူနှင့် အခြားလူများသည် သစ်မာပင်၏ အခြားတစ်ဖက်၌ ကောက်ရိတ်နေကြကာ ယိုကျင့်တို့သည် တစ်ဖက်ခြမ်း၌ ရိတ်ကြသည်။

သစ်မာပင်၏အောက်သို့ လျှောက်သွားကာ ယွဲ့တာ့ဖူနှင့် ဆယ်မီတာ အကွာတွင် ရပ်လိုက်ပြီး အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

“အဘိုး နေက တော်တော်ပူတယ်။ ယိုရင်က ခေါင်းမူးနေလို့တဲ့။ ခမောက်လည်း ပါမလာဘူး။ သူ့ကို နားခိုင်းလို့မရဘူးလား” ယိုကျင့်သည် တမင်ရည်ရွယ်ကာ အသံအကျယ်ကြီးနှင့် အော်လိုက်ခြင်း ဖြစ်သည်။ ထိုမှသာ အနီးအနားလယ်ကွင်းရှိ လူများ ကြားနိုင်မည်ဖြစ်သည်။ ယိုကျင့်၏အော်သံကြောင့် စပ်စု‌တတ်သော လူအချို့သည် ပွဲကြည့်ရန် ခေါင်းထောင်လာကြသည်။

ညီမငယ်သုံးယောက်သည် “စစ်ကျဲ(စစ်=လေး) ခေါင်းမူးနေသည်ကို ကြားသည်နှင့် ခြင်းတောင်းများချကာ သူမ၏အနား၌ စုဝိုင်းနေကြတော့သည်။ “စစ်ကျဲ အဆင်ပြေရဲ့လား”

ဒုတိယမြောက် သမီးဖြစ်သူကို ဆူငေါက်ပြီးချိန်၌ အဖေဖြစ်သူ၏ မျက်နှာမှာ ပြုံးရွှင်လာသည်ကို ယွဲ့ချန်လု သတိထားမိခဲ့သည်။ သို့သော်လည်း သမီးကြီးဖြစ်သူမှ ထိုသို့ လူအများကြားအောင် အော်ပြောကာ အဖေဖြစ်သူ၏ရှေ့၌ သူ့ကို မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူသည် ခက်ထန်စွာ ဆူငေါက်လိုက်သည်။ “လယ်ကွင်းတစ်ခုလုံး အကုန် အလုပ်လုပ်နေကြတာပဲ။ နင်တို့တွေပဲ ပျော့ညံ့ပြနေတာ။ ဘယ်လောက်လုပ်ရသေးလို့ နားချင်နေကြတာလဲ ဟမ်”

စောင့်ကြည့်နေသည့် လူများကြောင့် ယွဲ့ချန်လု၏ ရိုက်နှက်မှုကို ယိုကျင့် စိတ်ပူစရာမလိုအပ်ချေ။ ထို့အပြင် ယွဲ့မိသားစု၌ အကျင့်တစ်ခုရှိပေသည်။ လူကြားထဲ၌ မျက်နှာပန်းလှချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အသံကျယ်ကျယ်ဖြင့် ပြန်ဖြေခဲ့သည်။ “သမီးရဲ့ညီမလေးက မနက်စာ မစားလာရဘူး။ အဘွားချန်က ခမောက် မလောက်ဘူးပြောလို့ မဆောင်းရဘူး။ နေရှိန်က ဒီလောက်ပြင်းတာ။ သူတောင့်မခံနိုင်တာ ပုံမှန်ပဲ”

“တစ်ခွန်းလောက်၀င်ပြောပါရစေ။ ဦးလေး‌တာ့ဖူရယ် ဒီကလေးသေးသေးလေးက ဘယ်လောက် လုပ်နိုင်မှာမလို့လဲ။ သူနားချင်ရင် နားပါစေ။ သူနေလောင်သွားရင် စိတ်ပူရမှာလည်း ခင်ဗျားတို့ပဲ မဟုတ်လား” ယွဲ့မိသားစု၏ လယ်ကွင်းဘေး၌ ယွဲ့မျိုးနွယ်၏ လယ်ကွင်းဖြစ်ကာ ထိုမိသားစု၏ ချွေးမဖြစ်သူသည် ယိုကျင့်၏စကားကို ကြားသည်နှင့် ၀င်ရောက်ပြောဆိုတော့သည်။

“ဆောင်း‌တွင်းနေကိုလည်း အထင်မသေးနဲ့။ ငါတို့တောင် အပူရှိန်ကြောင့် ခေါင်းကိုက်တယ်။ ယိုရင်က ရှစ်နှစ် ကိုးနှစ်ပဲရှိဦးမှာ ဘယ်ဒဏ်ခံနိုင်မလဲ”

မျိုးဆက်အသစ်ထဲမှ ချွေးမဖြစ်သူ၏ ပြောဆိုမှုကြောင့် လယ်ကွင်းထဲရှိ လူအားလုံးသည် ခမောက်ဆောင်းထားသော ယွဲ့တာ့ဖူတို့ သားအဖနှစ်ယောက်ကို မသိမသာ စိုက်ကြည့်နေကြလေသည်။ ယွဲ့တာ့ဖူ၏ ပါးစပ်သည် တုန်ရီလာကာ ဖွင့်ချည် ပိတ်ချည် ဖြစ်နေလေသည်။ လူများ ဝိုင်းကြည့်နေကြသဖြင့် လည်ချောင်းခြောက်ကာ အက်ရှလာသော ခံစားချက်ကို မထိန်းချုပ်နိုင်တော့ချေ။ ကတုန်ကယင်ဖြင့် လျှာသတ်လိုက်ပြီးနောက် ယိုကျင့်ကို ပြန်ပြောလိုက်တော့သည်။

“အဲ့လိုဆိုလည်း ခဏနားခိုင်းလိုက်ကွာ”

“ဟုတ်ကဲ့ ကျေးဇူးပါဘိုးဘိုး” ယိုကျင့်သည် ယွဲ့တာ့ဖူအား ကျေးဇူးတင်ကြောင်း အော်ပြောလိုက်ပြီး သူမတို့အတွက် ကူပြောပေးခဲ့သော ဒေါ်လေးဖြစ်သူကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထို့နောက် လယ်ကွင်းထဲရှိ ယိုရင်ကို ပြန်ဆွဲထုတ်ရလေသည်။ “ကောင်းကောင်းနားနေ။ နေမ၀င်မချင်း ထွက်မလာနဲ့"

ယိုကျင့်သည် ယိုရင်အား အားဖြင့် ဖိလိုက်ကာ သစ်မာပင်၏အမြစ်ဘေး၌ လှဲချခိုင်းလိုက်သည်။ မြေကြီး၌ အပ်ပေါက်၍ စူးသည်လားမသိ သူမ၏မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့နေကာ မသက်မသာဖြင့် လူးလိမ့်နေခဲ့သည်။ “ဒါပေမဲ့ စန်းကျဲ အဖေက.....”

ယိုကျင့်သည် သူမအား သစ်မာပင် အမြစ်ပေါ်သို့ ထိုင်ရန် ကူတွဲပေးကာ တီးတိုးပြောလိုက်သည်။

“အဖေနဲ့အဘိုးကလေ မျက်နှာသာရတာ ကြိုက်တဲ့လူတွေပဲ။ အခုလူတွေ အကုန် သူပြောတာ ကြားပြီးပြီဆိုတော့ နင့်ကိုအလုပ်လုပ်ခိုင်းဖို့အတွက် အဖေ့ကို လာမပြောခိုင်းတော့ပါဘူး” ယိုကျင့်သည် ယွဲ့မိသားစု၏ အကြောင်းကို သေချာ နားလည်ပေသည်။

သူမသည် ညီမငယ်သုံးဦးကို ရေအနည်းငယ်တိုက်ကာ မှာကြားလိုက်သည်။ “တကယ်လို့ နေတအား ပူတယ်ထင်ရင် အေးတဲ့နေရာရှာပြီး နားကြနော်။ နေလောင်မခံနဲ့ ကြားလား”

ယိုကျူး၊ ယိုလင်နှင့် ယိုလော့တို့သည် တစ်ပြိုင်တည်း ခေါင်းညိတ်ကြလေသည်။ “ဟုတ် စန်းကျဲ ကြားပါတယ်” ထို့နောက် အချင်းချင်း လက်တွဲကာ ကောက်ရိတ်သိမ်းသည့်နေရာသို့ သွားကြလေသည်။

အစ်မဖြစ်သူ၏ စကားကိုကြားသည်နှင့် ယိုရင်သည် စိတ်အေးလက်အေး နားလိုက်တော့သည်။ ညီမဖြစ်သူ ပြဿနာမရှာတော့သည်ကို တွေ့သည်နှင့် ယိုကျင့်သည်လည်း ထိုနေရာဘေး ၌ထိုင်ကာ မလှမ်းမကမ်း၌ စပါးရိတ်နေကြသော ညီအစ်မသုံးယောက်ကို ကြည့်နေလိုက်သည်။ ထို့နောက် တံစဉ်းကို ကိုင်ကာ လယ်ထဲသို့ ပြန်ဆင်းလေသည်။

ယွဲ့မျိုးနွယ်၏ လယ်ထဲ၌ ယွဲ့လျန်လု၏ တ၀မ်းကွဲ အကိုအကြီးဆုံးဖြစ်သူ ယွဲ့ချန်ဟယ်သည် ဇနီးဖြစ်သူအား အပြစ်တင်သည့် အကြည့်ဖြင့်ကြည့်ကာ ဩရှရှအသံဖြင့် ပြောလေသည်။

“ဘာလို့ သူတို့ကို ကူပြောပေးနေတာလဲ။ အဲမိသားစုက ဘယ်လိုလူမျိုးတွေလဲဆိုတာ သိရဲ့သားနဲ့”

ယွဲ့တာ့ဖူသည် ရွာသားများထက် ခေါင်းတလုံးသာချင်သူဖြစ်သည်။ သူတို့သည် တစ်ရွာတည်းသား ဖြစ်သည့်အတွက် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရမည့်အပြင် ဆုံးပါးသွားသော ဖခင်ဖြစ်သူသည် ယွဲ့တာ့ဖူကို အစဉ် ရိုသေလေးစားခဲ့ပေသည်။ ယွဲ့မိသားစုရှိ မိန်းကလေးများ မည်သို့ ဆက်ဆံခံရကြောင်းကို ရွာထဲ၌ မသိသူ မရှိပါချေ။ သူ၏အမျိုးသမီးသည် ထိုကလေးများအတွက် ကူညီကာ ပြောဆိုပေးလိုက်သည်။ ထိုအရာက ယွဲ့တာ့ဖူအား အာခံခြင်း မမည်ပေဘူးလား။

“ကျွန်မက မိန်းကလေးတွေအပေါ် ပြဿနာရှာပြီး ပိုက်ဆံကုန်ပေါက် တစ်ခုအနေနဲ့ မြင်နေတဲ့ သူတို့ကို သဘောမကျရုံတင်ပါ။ မိန်းကလေးသာ မရှိဘူးဆို ကလေးမွေးဖို့နဲ့ အိမ်အလုပ်တွေလုပ်ဖို့ ရှင်တို့ ဘယ်သူ့ကို သွားရှာမလဲ။ အဲ့ကလေးတွေ ကြည့်ပါဦး။ သေးသေးကွေးကွေးနဲ့ နို့နံ့မစင်သေးတဲ့ ကလေးတောင် လယ်ထဲမှာ ခမောက်မဆောင်းဘဲ လုပ်နေရတာ။ ရှင်တို့ ယွဲ့မျိုးရိုးက ယောက်ျားတွေ ကြည့်ဦး။ ခမောက်ဆောင်းပြီး ချည်သားအကောင်းစားတွေနဲ့ မြို့ပေါ်က လူတွေထက်တောင် သာဦးမယ်။ သူတို့ကိုယ်သူတို့ မျိုးရိုးမြင့်တွေလို့တောင် တွေးနေကြသေး။ ရှင်တို့ယွဲ့မျိုးရိုးကသာ ပြောတယ်။ သူတို့စိတ်က မည်းပုပ်နေတာပဲ”

သူမသည် စကားကို အမြန်ပြောနေသော်လည်း သူမလက်ထဲရှိ တံစဉ်း၏ အရှိန်သည် လျော့မသွားခဲ့ချေ။ စကားတစ်ခွန်းပြီးသည်နှင့် စပါးစုတစ်ခုကို ရိတ်လို့ပြီးသွားပြီဖြစ်သည်။

ဇနီးဖြစ်သူသည် တဖြည်းဖြည်း တက်ကြွကာ အသံကျယ်လာသောကြောင့် ယွဲ့ချန်ဟယ်သည် သူမအား အမြန်တားလိုက်ရလေသည်။

“တော်ပါတော့ ရပြီ။ မင်းကိုနည်းနည်းလေး ပြောလိုက်တာနဲ့ တရစပ် ကပ်စက်ဖွင့်သလိုပဲ မပြီးတော့ဘူး”

သူသည် ဇနီးဖြစ်သူ၏ ဘေး၌ ရပ်နေကာ တိုးတိုးတိတ်တိတ် သတိပေးလိုက်လေသည်။

“မင်း ကြင်နာသနားတတ်တာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ယွဲ့မိသားစုက အဘွားကြီးက ကောင်းတဲ့လူ မဟုတ်ဘူး။ အဲကလေးတွေအတွက်နဲ့ ကိုယ့်ကိုကိုယ် သေတွင်းမတူးနဲ့လေ”

အမျိုးသမီးကျိုးသည် ခင်ပွန်းဖြစ်သူအား ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်သော်လည်း ညင်ညင်သာသာဖြင့် လက်ခံခဲ့သည်။ “သိပါပြီ”

ထိုသို့ဖြင့် ပြဿနာအသေးလေးသည် အစအဆုံးမရှိဘဲ ပြီးမြောက်သွားခဲ့သည်။ နေသည် တဖြည်းဖြည်း မြင့်တက်လာကာ အပူရှိန်သည်လည်း ပြင်းလွန်းသောကြောင့် ရွာသားများသည် ပင်းပန်းကုန်ကြ၏။ နေ့လယ်စောင်းချိန်အထိ တောင့်ခံပြီးသည့်နောက်တွင် ယိုပေါင်သည် အိုးနှစ်အိုးကိုသယ်ကာ ရွာထဲမှာ ယိုင်တိုင်တိုင်ဖြင့် ထွက်လာလေသည်။

ကောက်ရိတ်သည့် ရာသီ၌ လယ်သမားအများစုသည် ဖြည့်စွက်စာများ ထုတ်ပိုးလာပြီး စားသောက်ကြကာ ခဏတာအနားယူပြီး ဆက်လက်၍ အလုပ်လုပ်ကြပေသည်။ ယိုပေါင် ထမင်းလာပို့ချိန်၌ ကရားထဲရှိရေသည် ကုန်ခမ်းနေပြီဖြစ်ကာ ယိုကျင့်၏အာခေါင်မှာ ခြောက်သွေ့ကြမ်းတမ်းနေကာ အနည်းငယ်ကွဲအက်တော့မည်ဟု ထင်ရသည်။

ယိုပေါင်သည် မြေအိုးများကို သစ်မာပင်အောက်၌ ချကာ လယ်ကွင်းဘက်သို့ မျက်နှာမူ၍ အော်ခေါ်လိုက်သည်။

“အဘိုးနဲ့အဖေ ထမင်းစားလို့ရပြီ” ထို့နောက် အနောက်သို့လှည့်ကာ ညီအစ်မများကို လှမ်းခေါ်လိုက်သည်။ “စန်းကျဲ၊ ကျူးကျူး ထမင်းစားချိန်ရောက်ပြီ”

သစ်ပင်အောက်၌ အနားယူနေသော ယိုရင်သည် ယိုပေါင်အား ကူညီကာ အိုးထဲမှ ဟင်းခွက်များကို ကူထုတ်ပေးလေသည်။ လယ်ယာလုပ်ငန်းသည် အားစိုက်ထုတ်ရသော ပင်ပန်းသည့် အလုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ကောက်ရိတ်သိမ်းသည့်အချိန်၌ မိသားစုအချို့သည် အသားဟင်းအနည်းငယ် ထည့်ချက်ကာ ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းရန် စားသောက်ကြသည်။ အဘွားချန်သည်လည်း ယွဲ့တာ့ဖူ၏ တစ်နေ့စာ အာဟာရအတွက် ပြင်ဆင်ပေးပေသည်။

ယွဲ့မိသားစုသည် သစ်ပင်အိုကြီးအောက်၌ စုထိင်လိုက်ကြသည်။ ငှားထားသော လုပ်သားနှစ်ဦးကို ပြောင်းဆန်ပြုတ် တစ်ခွက်စီ ဝေငှပေးလိုက်ကာ သူတို့သည် ယိုကျင့်ကို ကျေးဇူးတင်ကြောင်း ပြောကြသည်။ ယိုပေါင်သည် သူမ၏နောက်ကျောရှိ ‌လေးလံသည့် အထုတ်ကို ဖြေလိုက်ရာ ထိုအထဲ၌ ပန်ကိတ်များကို ထည့်ထားပေသည်။ ယနေ့ညနေစာအတွက် ပန်ကိတ်လေးခုထည့်ထားပေသည်။

ထိုကဲ့သို့ ကိစ္စများတွင်ပင် အဘွားချန်သည် ဘက်လိုက်နေပေ၏။ ယိုပေါင်အား မီးညှပ်ကြီး တထိုးထိုးဖြင့် သေချာမှာထားခဲ့သည်။

“ပန်ကိတ်တွေက နင့်အဖေနဲ့အဘိုးဖို့ပဲ။ နင်တို့တွေ တစ်ယောက်တစိတ်ပဲရမယ်။ အကုန်အညီအမျှ ခွဲစား‌တာ သိလို့ကတော့ သေဖို့သာပြင်ထား”

ယိုပေါင်သည် အဘွားဖြစ်သူ ဝေ့ရမ်းပြခဲ့သော ပူကျစ်နေသည့် မီးညှပ်ကို ပြန်တွေးမိကာ ကြောက်လန့်မိပေသည်။ သူမသည် ထိုမီးညှပ်နှင့် အရိုက်မခံချင်ပေ။ ယိုပေါင်သည် ဆန်မုန့်ဖြူနှင့် လုပ်ထားသော ပန်ကိတ်နှစ်ခုကို အသားညှပ်ပြီး ယွဲ့တာ့ဖူနှင့် ယွဲ့လုချန်တို့အားပေးလိုက်သည်။ ထို့နောက် အညိုရောင်ဆန်မှုန့်ရောထားသော ပန်ကိတ်ကို ငှားရမ်းထားသည့် အလုပ်သမားနှစ်ဦးကို ပေးလိုက်၏။ ကျန်သည့် တ၀က်ကို လယ်ထဲမှ ပြန်လာသော ညီအစ်မငါးယောက်ကို ခွဲဝေပေးလိုက်သည်။

အလုပ်သမားနှစ်ဦးသည် ပန်ကိတ်ကို ကိုင်ကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်သော်လည်း ဘာမျှ မပြောခဲ့ချေ။ ညီအစ်မများသည် ထိုကဲ့သို့ အရာများကို အသားကျနေသည့်အတွက် အတွန့်မတက်ဘဲ ပန်ကိတ်ကို ပြောင်းဆန်ပြုတ်နှင့် စားကြတော့သည်။ ယိုကျင့်သည် ပန်ကိတ်ကို တ၀က်ခွဲကာ တ၀က်ကို ယိုပေါင်အား ပေးလိုက်သည်။

“ညီမလေး နည်းနည်းတော့ စားလိုက်”

ယိုပေါင်သည် ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။ “စန်းကျဲပဲ စားလိုက်ပါ။ ညီမအိမ်က စားလာပြီးပြီ”

သူမ ဆာလောင်သည်က ပြဿနာမရှိပေ။ စန်းကျဲ ဆာလောင်၍ အလုပ်လုပ်ရန် အင်အားမရှိပါက ပြဿနာရှိပေသည်။ ထိုအရာက အဖေ့အား ဒေါသထွက်စေနိုင်ပြီး အစ်မဖြစ်သူကို ရိုက်နှက်လိမ့်မည်။

ယိုကျင့်သည် ယိုပေါင်၏လက်ထဲသို့ ပန်ကိတ်ထည့်ပေးလိုက်ကာ ပြုံးရယ်လျက် ကျန်တ၀က်ကို စားလိုက်သည်။ “နင့်အကြောင်း ငါမသိတာမှတ်လို့။ အမြန်စားတော့” သူမသည် ညီမများကို ကာကွယ်ပေးနေကြ ဖြစ်သည်။ ညီမဖြစ်သူများသည် တစ်နပ်စားကာ တစ်နပ် ငတ်မွတ်ကြရသည်။ ငါဒီနေ့ရှာထားတဲ့ ပြဿနာနဲ့ အဘွားချန်က ယိုပေါင်ဖို့ ထမင်းချန်ပေးပါ့မလား။ မဖြစ်နိုင်တာ....

ယိုပေါင်သည် အမှန်ပင် ဆာလောင်နေခဲ့သည်။ အစ်မဖြစ်သူအား မျက်လုံးနီများဖြင့်ကြည့်ကာ အပြင်းအထန် ခေါင်းညိတ်နေခဲ့သည်။ “အာ” ယိုကျင့်သည် ကူကယ်ရာမဲ့သွာ ခေါင်းရမ်းမိတော့သည်။ သူမ၏ညီမများသည် လိမ္မာရေးခြားရှိကာ ကောင်းမွန်သော်လည်း အလွယ်တကူ မျက်ရည်ကျတတ်ခြင်းသည် ပြဿနာဖြစ်ပေသည်။ သို့သော်လည်း သူမနားလည်ပေးနိုင်သည်။ သူတို့သည် ကလေးအရွယ်သာ ရှိသေးသည်ပင်။

လူတိုင်း နေ့လယ်စာ စားပြီးချိန်တွင် ယိုကျင့်သည် ပြုံးနေလျက် ယွဲ့တာ့ဖူနှင့် ဆွေးနွေးနေခဲ့သည်။

“အဘိုး ယိုယင်ကို ယိုပေါင်နဲ့အတူ အိုးတွေနဲ့တူတွေ ပြန်ပို့ခိုင်းရင်ရော ဘယ်လိုလဲ။ တလက်စတည်း ရေပါ ခပ်ခိုင်းလိုက်မယ်လေ။ ဒီလောက်နေပူနေတာ အကုန်လုံး ရေမရှိဘဲ အလုပ်မလုပ်နိုင်ဘူးလေ”

ယိုပေါင်သည် အားနည်းလွန်းသည့်အတွက် ပစ္စည်းများကို တစ်ပြိုင်နက်တည်း သယ်ယူခြင်းက သူမအား ပင်ပန်းစေလိမ့်မည်။ ယိုရင်သည်လည်း ယွဲ့ချန်လု၏ အ‌ကြည့်ကို ရှောင်နေရသောကြောင့် ပင်ပန်းလှသည်။ ယိုပေါင်နှင့်အတူ အိမ်ခဏပြန်ခိုင်းလိုက်ခြင်းက ပိုကောင်းပေသည်။ သူမအတွက် အနားယူချိန် ရပေလိမ့်မည်။

နေ့လယ်စာစားပြီးချိန်၌ ယွဲ့တာ့ဖူသည် သစ်မာပင်အောက်တွင် ဆေးတံသောက်နေခဲ့သည်။ ယိုကျင့်‌ပြောသော စကားကြောင့် မျက်မှောင်ကြုံ့ကာ သူ၏ရှေ့၌ ရပ်နေသော ယိုကျင့်ကို ကြည့်လိုက်လေသည်။ ထို့နောက် ပါးစပ်အပြည့် အဖြူရောင် အငွေ့များ မှုတ်ထုတ်လိုက်လေသည်။

“မြန်မြန်သွား မြန်မြန်ပြန်”

“ဟုတ်ကဲ့” ယိုကျင့်သည် အပြုံးကြီးကြီး ပြုံးကာ နာခံဟန် ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ယိုပေါင်ယူလာသော ပစ္စည်းများကို နှစ်ပိုင်းခွဲလိုက်သည်။ ညီမနှစ်ယောက်၏ ခေါင်းပေါ်၌ အိုးတစ်အိုးစီတင်ကာ ပြန်ခိုင်းလိုက်သည်။

…

All Chapters