← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အပိုင်း (၁၆) ခူစိမ်းကောင်

နေ့လယ်စာစားပြီးနောက် ယွဲ့ချန်လုသည် နွားလှည်းတစ်စီး လှည်းအပြည့်တင်ထားသည့် စပါးများကို အခြောက်ခံသည့်ကွင်းဆီသို့ မောင်းလာခဲ့လေသည်။ ချွေ့ဖုန်းရွာလယ်တွင် အခြောက်ခံကွင်းကြီးတစ်ခု ရှိသည်။ ကောက်ရိတ်ချိန်တွင် နှစ်တိုင်း အနှောင့်အယှက်ကင်းကင်း လှန်းနိုင်ရန် လွန်ခဲ့သည့်နှစ်အနည်းက ချွေ့ဖုန်းရွာက စပါးအခြောက်ခံသည့် ကွင်းအသုံးပြုပုံကို စည်းကမ်းသတ်မှတ်ထားလေသည်။ အိမ်ထောင်စုတစ်ခုစီက ပိုင်ဆိုင်သည့်လယ်ပမာဏပေါ်မူတည်ပြီး ခွဲတမ်းချထား၏။ ယွဲ့မိသားစုသည် လယ်များစွာပိုင်ပြီး ယွဲ့တာ့ဖူကလည်း မျိုးနွယ်ထဲတွင် မျက်နှာကြီးရာ စပါးအခြောက်ခံမည့်နေရာသည်လည်း တော်တော်ကျယ်ဝန်းလေသည်။

သည်လိုအချိန်မျိုးတွင် စပါးအများစုကို အခြောက်ခံကွင်းထဲတွင် အခြောက်ခံကြသည်။ ယွဲ့ချန်လုက နွားလှည်းပေါ်က စပါးများကို ချပြီး သူတို့၏ကိုယ်ပိုင်အခြောက်ခံကွင်းထဲတွင် နေလှန်းရန် ညီညီညာညာ ဖြန့်လိုက်၏။ ထို့နောက် ယိုကျူးနှင့် ယိုလော့တို့ကို လှည့်ကြည့်လိုက်ပြီး အမိန့်ဆန်ဆန် ပြောလိုက်လေသည်။

“ ငါတို့မိသားစုမှာ စပါးတစ်စေ့ လျော့တာနဲ့ နင်တို့နှစ်ယောက် ထမင်းတစ်နပ်လျှော့စားရမယ် နားလည်လား”

ဟုတ်ပါသည်။ စပါးခိုးသည့်ကိစ္စ ရွာမှာ အရင်ကဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယွဲ့ချန်လုက စပါးများကို ဆွဲသွားချိန်၌ ယွဲ့တာ့ဖူက လယ်ကွင်းထဲတွင် စပါးနှံများကောက်နေသည့် ယိုကျူးနှင့် ယိုလော့ကို ခေါ်သွားခိုင်းကာ အခြောက်ခံကွင်းထဲက စပါးများကို စောင့်ကြည့်ခိုင်းလိုက်သည်။

ယိုကျူးနှင့် ယိုလော့တော့သည် လက်ချင်းတွဲကာ ခေါင်းညိတ်ပြလိုက်၏။

“ သမီးနားလည်ပါပြီ”

တကယ်တော့ ညီအစ်မများကြားတွင် ယိုကျူး၏စိတ်ဓာတ်သည် ယိုကျင့်နှင့် အတူဆုံးဖြစ်သည်။ မျက်ရည်လွယ်ကြသည့် ညီအစ်မများနှင့်ယှဥ်လျှင် ယိုကျူးသည် ခန္ဓာကိုယ်အနှံ့ အညိုမည်းစွဲနေအောင် ရိုက်ခံရလည်း အံကြိတ်ကာ သည်းခံတတ်လေသည်။ သူမသည် အငယ်များကို ကူညီစောင့်ရှောက်ပေးတတ်လေသည်။ ထို့ကြောင့် ယိုကျင့်မှာ တော်တော်လေး စိတ်အေးရသည်။

ယွဲ့ချန်လုက နွားလှည်းမောင်းထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ယိုကျူးက လက်တစ်ဖက်ဖြင့် မျက်လုံးများကို ဆက်တိုက်ပွတ်နေသော အိပ်ငိုက်နေသည့် ယိုလော့ကို လက်တွဲကာ ထိုင်ဖို့ အရိပ်ရသည့်နေရာတစ်ခုကို ရှာလိုက်လေသည်။

“ ရှောင်ပါ့ လာ မမဘေးမှာ လာအိပ်”

ယိုလော့သည် အလွန်အိပ်ငိုက်နေရာ သူမ၏ခေါင်လေးမှာ ရှေ့သို့ ဆက်တိုက်ငိုက်ကျနေတော့သည်။ အစ်မရှောင်ဝူ စကားကိုကြားလိုက်ရပြီးနောက် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “အွန်း”

ထို့နောက် ယိုကျူးဘေးက မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး သူမဘေးတွင် လှဲချလိုက်ကာ အချိန်တိုအတွင်း အိပ်ပျော်သွားတော့သည်။

ယိုကျူးက လက်ထဲတွင် သစ်ရွက်ကြီးတစ်ခုကို ကိုင်ထားပြီး ယပ်ခပ်ကာ ယိုလော့အတွက် ခြင်မောင်းပေးရင်း ကွင်းထဲတွင် နေလှန်းထားသည့် စပါးများကို ပျင်းရိငြီးငွေ့စွာ စောင့်ကြည့်နေတော့သည်။ သူမလည်း အနည်းငယ် အိပ်ငိုက်နေ၏။ သို့သော် မအိပ်ရဲ။ သူမ အိပ်ပျော်သွားလျှင် တစ်ယောက်ယောက်က သူတို့မိသားစု၏စပါးများကို လာခိုးပေလိမ့်မည်။

***

ယွဲ့ဝမ်ဝေ့သည် သူ့သူငယ်ချင်းများနှင့် နေ့ခင်းမွန်းတည့်ချိန်၌ တောရိုင်းသစ်သီးများကို သွားခူးရန် တောင်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် တက်သွားလေသည်။ တောင်ခြေတွင် အကြိမ်အနည်းငယ်လောက် ပတ်ခဲ့သော်လည်း အသီးတလုံးတလေမျှ ပင်မတွေးချေ။ စိတ်ပျက်ပျက်နှင့် သူငယ်ချင်းများနှင့်အတူ ပြန်လာခဲ့လေသည်။ အခြောက်လှန်းသည့်ကွင်းကို ဖြတ်လာချိန်၌ သူတို့ထဲကတစ်ယောက်က ယွဲ့ဝမ်ဝေ့ကို တတောင်ဖြင့်တွတ်လိုက်ပြီး

“ ဝမ်ဝေ့ ဟိုနားက နှစ်ယောက်က မင်းဒုတိယဦးလေးရဲ့ ဆန်ကုန်မြေလေးတွေမလား”

ယွဲ့ဝမ်ဝေ့နှင့် ဆက်ဆံရေးကြောင့် ရွာထဲက သူ့လိုပင် အာချောင်တတ်သည့် ပါးစပ်ကြီးကောင်ပေါက်အရွယ် ကောင်လေးများကလည်း ယိုကျင့်နှင့် ညီအစ်များကို နောက်ကွယ်တွင် ထိုသို့ခေါ်ကြလေသည်။ ယွဲ့ဝမ်ဝေ့သည် ဘာအသီးမှ မခူးလာရသဖြင့် စိတ်မကြည်ဖြစ်လာ၏။ ထို့ကြောင့် အာ့ကောဇီက သူ့ဒုတိယဦးလေး၏ ဆန်ကုန်မြေလေးအများအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သာမန်ကာလျှံကာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ညစ်ပတ်နံစော်နေသည့် ယွဲ့ယိုကျူး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ရုတ်တရက် စိတ်ဝင်စားသွားပြီး မလိုမုန်းထားစွာ မျက်နှာကို မဲ့ကာ ကြီးကောင်ပေါက်အရွယ်ကောင်လေးများကို လက်ယက်ပြလိုက်လေသည်။

“ သွားစို့၊ ငါတို့ သူတို့ကို သွားခြောက်ကြမယ်”

ညီမလေးကို ချော့သိပ်ရင်း ယိုကျူးသည် ပျင်းရိငြီးငွေ့ကာ သမ်းဝေလိုက်၏။ အန္တရာယ်က နောက်မှ တိတ်တဆိတ်ရောက်လာသည်ကို သတိမထားချေ။ ယွဲ့ဝမ်ဝေ့နှင့် တခြားကောင်လေးများသည် ယိုကျူးနောက်က ခပ်လှမ်းလှမ်းတွင် တိတ်တိတ်လေး အလစ်ဝင်ကာ သစ်ကိုင်းပေါ်က ခူကောင်တချို့ကို ဖမ်းလိုက်လေသည်။ တွန့်လိမ်ကာ သွားနေသည့် ခူကောင်၏ လေးဖက်လေးတန်ကျောပေါ်က ဆူးချွန်များကို ကြည့်ကာ ယွဲ့ဝမ်ဝေ့သည် စဥ်းလဲသည့်အပြုံးတစ်ခုကို ထုတ်လိုက်လေသည်။

တစ်ဖက်တွင်တော့ သူနှင့်လိုက်လာသည် ကောင်လေးများက တွန့်ဆုတ်နေကြ၏။

“ဝမ်ဝေ့ ခူကောင်တစ်ကောင် ဆူးခံရရင်တောင် အချိန်အကြာကြီး နာနေတာ ငါတို့တွေ သူတို့ကို ဒီအတိုင်း ခြောက်လန့်ကြမယ်လေ”

နောက်ဆုံး သူတို့သည် မိန်းကလေးငယ်လေးများ ဖြစ်လေသည်။ ယောက်ျားများအနေဖြင့် မိန်းကလေးငယ်များကို အနိုင်ကျင့်သည်က အနည်းငယ်ရှက်စရာကောင်းလေသည်။

ယွဲ့ဝမ်ဝေ့သည် သူတို့ကို ကျေနပ်နေသည့်ရုပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး

“ဘာလဲ ကြောက်နေပြီလား၊ ယောက်ျားမပီသလိုက်တာကွာ”

ကြီးကောင်ပေါက်အရွယ် ကောင်လေးများသည် ထိုယောက်ျားပီသသည်ဟု ခေါ်သည့် အကြောင်းအရာပေါ် အလေးအထားဆုံး ဖြစ်သည်။ ထိုလေသံကို သည်းမခံနိုင်တော့ သူတို့သည် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။

“ ငါမလုပ်ရဲဘူးလို့ ဘယ်သူပြောလဲ”

ယွဲ့ဝမ်ဝေ့ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။

“ မင်းတို့ တကယ်ပဲ သတ္တိရှိရင် ခူကောင်တွေကို သွားဖမ်းခဲ့လေ၊ သူတို့ကိုအတူတူသွား ခြောက်ကြမယ်”

ကောင်လေးတချို့သည် မြန်မြန် သွားလိုက်ကြလေသည်။ တစ်လှမ်း နှစ်လှမ်းလောက် လျှောက်လိုက်ပြီးနောက် သူတို့သည် သစ်ပင်ပေါ်တက်ကာ ခဏအကြာ လက်ထဲတွင် ခူကောင်များနှင့် ဆင်းလာကြ၏။ သူတို့ ယိုကျူးနောက်မှ တိတ်တိတ်လေး ချဥ်းကပ်လာကြတော့သည်။

“ဝါးးးး” ယွဲ့ဝမ်ဝေ့သည် ယိုကျူးနောက်က အရင်အော်လိုက်လေသည်။ ထင်ထားသည့်အတိုင်း ယိုကျူးက လှည့်ကြည့်လိုက်၏။ သူမ မတုံ့ပြန်ခင်မှာပင် ယွဲ့ဝမ်ဝေ့က လက်ဦးသွားတော့သည်။ ကောင်လေး ၄-၅ယောက်တို့သည် သူတို့၏တုတ်ချောင်းများကို ပစ်ထည့်လိုက်လေသည်။

ယိုကျူး၏မျက်နှာသည် ယွဲ့ဝမ်ဝေ့ ပထမဆုံးပစ်ထည့်လိုက်သည့် ခူကောင်ကြောင့် စူးသွားတော့သည်။ ကြောက်စရာကောင်းသည့် ဆူးတစ်ချောင်း ထောင်တက်လာ၏။ ယိုကျူးသည် အံကြိတ်ရင်း နာကျင်မှုကို သည်းခံထားကာ သူမကိုယ်သူမ ယိုလော့ပေါ်သို့ မြန်မြန်အုပ်ထားလိုက်လေသည်။ ထို့ကောင်လေးများ၏ အခိုက်တန့် တုံ့ဆိုင်းသွားခြင်းကြောင့် သူတို့သည် ကျန်တစ်ဝက်ကို နောက်မှ လှမ်းပစ်လိုက်ကြသည်။ ကျန်သည့် ခူကောင်လေးကောင်းသည် ယိုကျူး၏ကျောပေါ်သို့ ကျသွားတော့သည်။ ယိုလော့ပေါ်သို့ တစ်ကောင်သာကျသွား၏။ သူမ၏ဘောင်းဘီကို ခေါက်တင်ထားပြီး ခြေထောက်ပေါ်နေသောကြောင့်ပင်။ အိပ်နေရင်းမှာ ယိုလော့သည် ရုတ်တရက် ပူလောင်သည့်နာကျင်မှုကြောင့် နိုးသွားပြီး ချက်ချင်းထငိုတော့သည်။

“ အစ်မရှောင်ဝူ နာတယ် နာတယ်”

ယိုလော့ငိုသံက အနီးနားရှိ စပါးများကို စောင့်နေသည့် လူများ၏အာရုံကို ဆွဲဆောင်လိုက်လေသည်။ ကောင်လေးတချို့က ယွဲ့မိသားစုက မိန်းကလေးငယ်လေးများကို အနိုင်ကျင့်နေကြသည်ကို အဒေါ်ကြီးနှစ်ယောက် မြင်သွားပြီး သူတို့ကိုမောင်းထုတ်ရန် ကြိမ်တုတ်တစ်ခုကို မြန်မြန် ကောက်ယူလိုက်တော့သည်။

“ နင်တို့ မရှက်ကြဘူးလား၊ ကြီးကောင်ပေါက်အရွယ်ကောင်လေးတစ်အုပ်က မိန်းကလေးငယ်နှစ်ယောက်ကို အနိုင်ကျင့်နေရတယ်လို့”

ယွဲ့ဝမ်ဝေ့၏ ရည်ရွယ်ချက် အောင်မြင်သွားလေသည်။ သို့သော် သူ့မူလအစီအစဥ် ယိုကျူး သူမကိုယ်သူမ အရူးလုပ်နေသည်ကို စောင့်ကြည့်ရန်ဖြစ်လေသည်။ မျှော်လင့်မထားဘဲ အဒေါ်ကြီးနှစ်ယောက်က သူတို့ကို လာမောင်းထုတ်သဖြင့် သူ တို့ကို မျက်နှာတစ်ချက်ပြပြီး ဝှစ်ခနဲ ရှေ့ကဦးအောင် ထွက်ပြေးခဲ့တော့သည်။ ကောင်လေးများက သူထွက်ပြေးသွားသည်ကိုမြင်တော့ သူတို့အားလုံး လူစုခွဲလိုက်ကြလေသည်။ နေရာအနှံ့တွင် ခူကောင်ဆူးစူးကာ နာကျင်သဖြင့် သတိလစ်သွားသည့် ယိုကျူးနှင့် အော်ငိုနေသည့် ယိုလော့ကို ထားခဲ့ကြလေသည်။

တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားသည့် အဒေါ်ကြီးနှစ်ယောက် တစ်ချက်လောက် စူးစမ်းရန် မြန်မြန်ရောက်လာကြ၏။ ခူကောင်းတော်တော်များများက ယိုကျူး၏ကျောပေါ်တွင် တွန့်လိမ်ကာ သွားနေကြသည်ကို သတိထားမိသွားတော့သည်။ ကျန်းမျိုးရိုးအမည်ရှိ အဒေါ်ကြီးတစ်ယောက်က တုတ်တစ်ချောင်းကို ယူကာ ယိုကျူးကိုယ်က ခူကောင်အားလုံးကို ဖယ်ထုတ်ပေးလိုက်ပြီးနောက် ကျိုးမျိုးရိုးအမည်ရှိ တခြားအဒေါ်ကြီးက ယိုကျူးကို ဆွဲလှည့်လိုက်လေသည်။ ယိုကျူး၏ ဘယ်ဖက်ပါးသည် ဆူးစူးထားသဖြင့် ယောင်ကာ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။ ကြောက်စရာကောင်းလွန်းလှသည်။

သည်အခိုက်တွင် ယိုလော့သည် သူမ၏နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ယိုကျူး၏ လက်မောင်းကို အလန့်တကြား ဆွဲဖက်လိုက်ပြီး

“ အစ်မရှောင်ဝူ အစ်မရှောင်ဝူ”

အဒေါ်ကျန်းသည် အခြေအနေအလွန်ဆိုးနေသည်ကို မြင်လိုက်ရပြီး အခြောက်လှန်းကွင်းထဲ သူမနှင့်အတူတူ လိုက်လာသည့် သူမ၏မြေးကို လှမ်းခေါ်လိုက်လေသည်။

“ ယွဲ့အိမ်ကိုသွားပြီး ယိုကျင့်ကို သွားခေါ်ခဲ့၊ ရှောင်ဝူနဲ့ရှောင်ပါ့တို့ ပြဿနာဖြစ်လို့လို့လဲ ပြောခဲ့အုံး”

ယွဲ့မိသားစု၏ ဒုတိယမိသားစုမှ သမီးများသည် အချစ်မခံရသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ အဒေါ်ကျန်းက အဘွားချန်ကိုခေါ်ခိုင်းလျှင် သေချောပေါက် လစ်လျူရှုထားမည်ကို သိနေသည်။

“ဟုတ်” ၇နှစ်အရွယ်ကလေးမလေးက မြန်မြန်ပြေးထွက်သွားတော့သည်။ ထို့ကြောင့် မျက်စိတမှိတ်အတွင်း မြင်ကွင်းထဲမှဦ ပျောက်သွား၏။

ယိုလော့သည် မြေကြီးပေါ်တွင် ဒူးတုတ်ထိုင်ရင်း ငိုနေလေရာ မျက်ရည်များ စီးကျနေလေသည်။

“ အစ်မရှောင်ဝူ အစ်မရှောင်ဝူ ထပါအုံး”

ယိုလော့မှာ ဘာဖြစ်နေမှန်းမသိချေ။ နာကျင်မှုကြောင့် အိပ်နေရာမှ ရုတ်တရက်နိုးလာပြီး အကြီးဆုံးဦးလေးအိမ်က တတိယဝမ်းကွဲအကို၏ အော်ရယ်သံကို ကြားလိုက်လေသည်။ သို့သော် အစ်မရှောင်ဝူက ဘာကြောင့် မေ့မျောသွားရပါသနည်း။

အဒေါ်ကျိုးသည် ရွာထဲက ကလေးတစ်ယောက် ခူစိမ်းကောင် ဆူးစူးခံရပြီး ရက်အနည်းငယ်လောက် သတိလစ်သွားပြီးနောက် သေဆုံးသွားသည်ကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ယိုကျူး၏ပုံစံကို ကြည့်လိုက်ပြီး ကူညီရမည်ကို အနည်းငယ် ကြောက်ရွံ့သွားတော့သည်။ သူမ ဘာမှမပြောဘဲ ထွက်လိုက်လေသည်။

အဒေါ်ကျန်းက သူမ သဘောမကျသလို လှမ်းကြည့်လိုက်၏။ သူတို့အားလုံးက တစ်ရွာတည်းသားတွေလေ။ ကလေးတစ်ယောက် တစ်ခုခုဖြစ်နေတာကို ဘယ်လိုလုပ်ပြီး မမြင်သလို ရှောင်သွားနိုင်ရတာလဲ။ သူမ အရင်ဆုံး ယိုလော့ကို ချော့မော့ကာ ညင်ညင်သာသာ ပြောလိုက်လေသည်။

“ ရှောင်ပါ့ သမားတော်မာရဲ့ အိမ်ကို မှတ်မိလား”

ယိုလော့သည် ခေါင်းကို စောင်းထားရင်း တစ်နေ့လုံး ပြုံးရွှင်နေသည့် သမားတော်မာကို ပြန်သတိရသွားကာ အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။

“ အွန်း ရှောင်ပါ့ သိတယ်”

“ ရှောင်ပါ့က အရမ်းဉာဏ်ကောင်းတာပဲ၊ အခု အစ်မရှောင်ဝူက သတိမေ့နေလို့ အဘွားကျန်းက ဒီမှာ အစ်မဝူကို စောင့်ရှောက်ထားပေးမယ်၊ သမီးက သမားတော်မာအိမ်ကို သွားပြီး သူ့ကို သွားခေါ်ပေးပါလား၊ သမားတော်မာ ရောက်လာရင် သမီးရဲ့အစ်မဝူ နိုးလာလိမ့်မယ်”

အမျိုးသမီးကျန်းသည် ရှောင်ပါ့ကို ချစ်ခင်စွာကြည့်ရင် ချော့မော့ကာ ဆက်ပြောလိုက်လေသည်။

“ ရှောင်ပါ့က ၄နှစ်တောင်ပြည့်သွားပြီပဲ၊ သမီး သမားတော်မာကို သွားရှာနိုင်တယ်လေ ဟုတ်တယ်မလား”

ရှောင်ပါ့သည် မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ပြီး အခြောက်ခံကွင်းထောင့်က ကျောက်တုန်းလေးကို အားပြုကာ တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်လေသည်။ ထို့နောက် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေသည်။

“ရှောင်ပါ့ သမားတော်မာကို သွားရှာခဲ့မယ်နော်”

ထို့နောက် သမားတော်မာအိမ်သို့ ထော့နဲ့ ထော့နဲ့ဖြင့် လှည့်ကာ ထွက်သွားလိုက်တော့သည်။

အမျိုးသမီးကျန်း၏ မြေးမလေး ရှောင်ခယ့်သည့် ယွဲ့အိမ်သို့ မြန်မြန်ပေးသွားလိုက်သော်လည်း ယိုကျင့်နှင့် မတွေ့ပေ။ ရှောင်ကျို့ကို ပွေ့ကာ ခြံတံခါးတွင် ထိုင်နေသည့် ယိုပေါင်ကိုသာ မြင်လိုက်ရသည်။ ရှောင်ခယ့်သည် ခါးထောက်ကာ ယိုပေါင်ရှေ့ရင်လိုက်ရင်း အသက်ဝဝရှူလိုက်ပြီး ပြောလိုက်၏။

“ ယိုပေါင် ဘယ်မှာလဲ နင့်စန်းကျဲ ဘယ်မှာလဲ...”

ယိုပေါ် အနည်းငယ်တွေဝေသွားပြီး မသင်္ကာသလို မေးလိုက်၏။

“ ဘာလို့ စန်းကျဲကို ရှာတာလဲ၊ စန်းကျဲ အိမ်မှာမရှိဘူး၊ သူ ရွာအနောက်ဖက်က လယ်မှာ စပါးသွားရိတ်နေတယ်”

ရှောင်ခယ့် အသက်ရှူမှန်အောင်လုပ်လိုက်ပြီး ခက်ခက်ခဲ့ တံတွေးမျိုချကာ လည်ချောင်းခြောက်သံဖြင့် ပြောလိုက်လေသည်။

“ နင့်အစ်မရှောင်ဝူနဲ့ ရှောင်ပါ့တို့လေ၊ သူတို့တွေ အခြောက်ခံကွင်းထဲမှာ အနိုင်ကျင့်ခံရလို့၊ ငါ့အဘွားက နင့်အစ်မစန်းကျဲကို လာရှာခိုင်းလိုက်တာ”

အစ်မရှောင်ဝူနှင့် ရှောင်ပါ့တို့အနိုင်ကျင့်ခံရသည်ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက်တည်း ရှောင်ဝူ စိုးရိမ်တကြီး ထရပ်လိုက်လေသည်။

“ ဘယ်သူအနိုင်ကျင့်တာလဲ”

ရှောင်ခယ့်သည် ခေါင်းခါပြလိုက်ပြီး

“ ငါလည်း မသိဘူး၊ ငါ့အဘွားက ဒီကိုလာပြောခိုင်းလို့”

ထိုအချိန်က သူမသည် သူမတို့၏အခြောက်ခံကွင်းရှေ့တွင် ရပ်နေပြီး အဝေးမှ ကောင်လေးတချို့ အော်ရယ်နေသည်ကို မြင်လိုက်သော်လည်း ဘယ်သူမှန်း သေသေချာချာ မတွေ့လိုက်ချေ။

ယိုပေါင်သည် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသည့် ရှောင်ကျို့ကို ကြည့်လိုက်ပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။ သူမ ရှောင်ခယ့်ကို တောင်းဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး

“ ရှောင်ခယ့် နင် ငါ့အစ်မစန်းကျဲကို ကူရှာပေးပါလား၊ ငါ့အမေရဲ့ကျန်းမာရေးကလည်း မကောင်းဘူး၊ ပြီးတော့ ရှောင်ကျို့ကလည်း ဒီနှစ်ရက်လောက်မှ နေပြန်ကောင်းလာတာ၊ ငါသူတို့ကို ဒီအတိုင်းထားခဲ့လို့ မရလို့...”

ရှောင်ခယ့် ခေါင်းညိတ်ပြလိုက်၏။

“ အင်း ဒါဆို ငါ နင့်အစ်မစန်းကျဲကို မြန်မြန်သွားရှာလိုက်မယ်”

ပြောပြီးသည်နှင့် ယိုကျင့်ကိုသွားရှာရန် ရွာအနောက်ဘက်သို့ ခပ်ခပ်မြန်မြန် လျှောက်သွားလိုက်တော့သည်။

တစ်ဖက်တွင်တော့ ယိုလော့သည် တစ်လမ်းလုံး ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာကာ နောက်ဆုံး သမားတော်မာ၏အိမ်သို့ ရောက်လာတော့သည်။ သမားတော်မာ၏အိမ်တံခါး အပြင်ဘက်တွင်ရပ်ကာ ယိုလော့သည် သူမ၏လက်လေးကို မြောက်ကာ သစ်သားတံခါးကို ခပ်ပြင်းပြင်း ပုတ်လိုက်လေသည်။

“သမားတော်မာ ၊ သမားတော်မာ သမားတော်မာအိမ်မှာရှိလား”

သမားတော်မာသည် လူငယ်အရွယ်ကတည်းက မြို့တော်တွင် အလုပ်လုပ်ပြီး ငွေများကို စုဆောင်းခဲ့လေသည်။ သူမိသားစုဝယ်ထားသည့် မြေဧကအနည်းငယ်ကို တခြားလူများအား စိုက်ပျိုးရန် အငှားချထားသည်။ ထို့ကြောင့် သူ့တွင် ရိတ်သိမ်းစရာ မြေမရှိချေ။ သမားတော်မာသည့် အိမ်တွမ် နေ့လယ်စာစားပြီး တမှေးမှေးနေစဥ် အိမ်ပြင်က တစ်စုံတစ်ယောက်ခေါ်သံ ကြားလိုက်ရ၏။ ချက်ချင်း ထကာ တံခါးဖွင့်လိုက်ရာ ငိုယိုနေသည့် သုံး လေးနှစ်အရွယ်ကလေးမလေးကို တွေ့လိုက်လေသည်။ ထို့ကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်နှာပေါ်က မျက်ရည်များကို ခြောက်သွားအောင် လက်ဖြင့်သုတ်ပေးလိုက်ပြီး သိမ်မွေ့သည့်အသံဖြင့် မေးလိုက်လေသည်။

“ ဘယ်သူ့ကလေးလဲကွယ်၊ ဘာလို့ ဒီကိုရောက်လာတာလဲ”

“အစ်မရှောင်ဝူ သတိလစ်သွားလို့၊ အခြောက်ခံကွင်းထဲမှာ၊ အဘွားကျန်းက ပြောတယ်၊ သမားတော်မာကို သွားရှာရင် အစ်မရှောင်ဝူ နိုးလာလိမ့်မယ်တဲ့...”

ရှောင်ပါ့သည် ငိုရင်း တစ်လမ်းလုံး ပြေးလာခဲ့ရသည်။ အမျိုးသမီးကျန်း၏ စကားများထဲက အရေးကြီးသည်များကိုသာ ဆို့နင့်စွာ ပြောလိုက်လေသည်။

သမားတော်မာသည် အစက နောက်ပြောင်တတ်သည့်ကလေးလေးဟု တွေးကာ ပြုံးထားသော်လည်း တစ်ယောက်ယောက် သတိလစ်နေသည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းထရပ်လိုက်ပြီး

“ ကလေး ဒီမှာစောင့်၊ သမားတော်မာ ဆေးသေတ္တာသွားယူလိုက်အုံးမယ်”

…

အပိုင်း (၁၇) ပုံပျက်ခြင်း

သမားတော်မာသည် လူနာကုသရန် ပင့်ဖိတ်သည့်အတွက် ဆေးသေတ္တာကို ပြင်ကာ ယိုလော့ရှိသော စပါးခြောက်လှမ်းရာနေရာသို့ ရောက်လာခဲ့သည်။ အခြားတစ်ဖက်၌ ရှောင်ခယ့်သည်လည်း ရွာ၏အနောက်ဘက်စွန်ရှိ ယွဲ့မိသားစုပိုင် လယ်ကွင်း၌ ယိုကျင့်ကို တွေ့လိုက်ရသည်။ သူမအား လက်ဝေ့ရမ်းပြနေသော ယိုကျင့်ဆီသို့ ပြေးသွားလိုက်လေသည်။ “မမကြီး ယိုကျင့်... မမကြီးယိုကျင့်”

ယိုကျင့်သည် သူမအား ခေါ်နေသံကိုကြား၍ ကြည့်လိုက်ရာ အဘွားကျန်း၏ မြေးမ ဖြစ်နေသောကြောင့် လက်ကိုဆန့်ထုတ်ကာ ဝေ့ရမ်းပြလိုက်သည်။ “ရှောင်ခယ့် ဘာဖြစ်လို့လဲ”

ရှောင်ခယ့်သည် တစ်လမ်းလုံး ယိုကျင့်၏နာမည်ကို အော်ခေါ်ကာ ပြေးလာခဲ့ရ၍ ပင်ပန်းနေပြီဖြစ်သည်။ နောက်ဆုံး၌ ယိုကျင့်ကို ရှာတွေ့ခဲ့လေပြီ။ အသက်ပြင်း တစ်ချက်ရှိုက်ကာ သူမအား လက်ပြနေသော ယိုကျင့်ရှိရာသို့ ပြေးသွားလိုက်သည်။ ယိုကျင့်ဆီသို့ရောက်သည်နှင့် ဒူးပေါ်လက်တင်ပြီး ကိုယ်ကိုကွေးချကာ အသက်လုရှူနေရသည်။

“ယို ယိုကျင့် အဘွားက အစ်မကို အမြန်လာခဲ့ဦးတဲ့။ စပါးလှန်းတဲ့နေရာမှာ ရှောင်ကျူးနဲ့ ....နဲ့ ရှောင်ပါးတို့ အနိုင်ကျင့်ခံရလို့တဲ့” ရှောင်ခယ့်သည် သူမ၏အဘွားပြောသည့်အတိုင်း အကြောင်းကြားပြီးပြီဖြစ်ကာ အလွန်ပင်ပန်းနေလေသည်။ မြေကြီး ပေပွနေသည်ကိုပင် ဂရုမစိုက်အားဘဲ ထိုင်ချလိုက်ကာ အသက်ရှူ၀သည်အထိ လေရှူနေလိုက်သည်။

“ဘာ ရှောင်ကျူးနဲ့ကလေးတွေက ဘာဖြစ်ကြတာတုံး” တစ်ခုခုဖြစ်ကြောင်း ကြားသည်နှင့် ယိုကျင့်၏ အာရုံကြောတို့မှာ ရှုပ်ထွေးလာတော့သည်။ “ရှောင်ခယ့် ယိုကျူးက ဘာဖြစ်လို့လဲ” ရှောင်ခယ့်သည် ခေါင်းရမ်းကာ ငြင်းဆိုလေသည်။

“ညီမလည်း မသိဘူး။ အဘွားက အစ်မကို ခေါ်လာဖို့ ပြောလို့။ ရှောင်ကျူးတို့ကို ယောက်ျားလေးအုပ်စုတွေ အနိုင်ကျင့်သွားတာ”

ယိုကျင့်သည် တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ ကလေးများ ဆော့ကစားရုံနှင့် အဘွားကျန်းသည် သူမအား ခေါ်ခိုင်းလိုက်မည်မဟုတ်ပေ။ ယိုကျူးသည် ဒေါသထွက်လွယ်သည့် လူဖြစ်ပေသည်။ အဲ့တော့ တစ်ခုခု ဆိုးရွားများဖြစ်နေလား။ ယိုကျင့်သည် လက်ထဲရှိ တံစဉ်ကိုချကာ စိတ်လှုပ်ရှားနေသော ယိုရင်အား မှာထားခဲ့လေသည်။

“ငါသွားကြည့်လိုက်ဦးမယ်။ ဒီမှာနေပြီး ယိုလော့ကို ကြည့်ထားပေး”

“ညီမလည်း အစ်မနဲ့လိုက်ခဲ့မယ်” ယိုရင်သည် စိတ်ထားနူးညံ့ကာ မျက်ရည်လွယ်တတ်သည်။ ရှောင်ဝူတစ်ခုခု ဖြစ်ကြောင်းကြားသည်နှင့် သူမသည် တုန်လှုပ်နေကာ မျက်၀န်းများမှာ စိုရွှဲလို့နေပြီဖြစ်သည်။ သူမဘယ်လိုလုပ်ပြီး ဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နိုင်မှာလဲ။

သို့သော်လည်း ယိုကျင့်သည် ထိုအရာများကို တွေးတောနေချိန်မရပေ။ သူမသည် အသံတိုးကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ယိုကျူးဘာဖြစ်လဲဆိုတာ ငါတို့သေချာမသိသေးဘူး။ ငါပြောတာကို နားထောင်။ ပြဿနာမရှာနဲ့” ထို့နောက် ယိုကျင့်သည် သစ်မာပင်ကြီး၏အောက်သို့ သွားကာ ယွဲ့တာ့ဖူနှင့် အခြားလူများရှိရာသို့ လှမ်းအော်လိုက်သည်။

“အဘိုး ယိုကျူးတစ်ခုခုဖြစ်လို့တဲ့။ သမီးရွာထဲ ခဏသွားလိုက်ဦးမယ်နော်” ထိုသို့ပြောပြီးသည့်နောက် သူမသည် ယွဲ့တာ့ဖူ၏အဖြေကိုပင် နားမထောင်ဘဲ ပြေးထွက်သွားတော့သည်။

ယွဲ့တာ့ဖူသည် ရွာထဲသို့ပြေးသွားသော ယိုကျင့်ကို ကြောင်အစွာကြည့်ရင်း စိတ်ထဲ၌ ခံရခက်နေကာ မကျေနပ်ပေ။ ထိုမိန်းမသည် တဖြည်းဖြည်း အရိုအသေမဲ့လာပေသည်။ ကောင်းကောင်း မသင်ကြားထားပါက အနာဂတ်၌ မိသားစုအား အခက်တွေ့စေလိမ့်မည်.....

ယိုကျင့်ရောက်သည့်အချိန်၌ သမားတော်မာသည် ယိုကျူးအား စစ်ဆေးပြီးပြီဖြစ်သည်။

သူသည် အခြေအနေ ဖြစ်ကြောင်းကုန်စင်ကို သေချာမေး‌မြန်းပြီး မျက်နှာအမူအရာသည် အခက်တွေ့နေဟန်ရှိသည်။

“ခူယားကောင်ရဲ့ ဆူးက အဆိပ်သင့်တတ်တယ်။ မြန်မြန် ငါ့အိမ်ကို သယ်ခဲ့တော့”

ယိုကျင့်သည် သတိမေ့နေသော ယိုကျူးကို သယ်ကာ အဘွားကျန်းအား အကူအညီတောင်းခဲ့သည်။ ထို့နောက် ရှောင်ကျို့အား ပိုးကာ လာနေသော ယိုပေါင်ကိုလည်း စပါးလှန်းထားသည့်နေရာအား သေချာစောင့်ကြည့်ရန် မှာကြားခဲ့ပြီး သမားတော်မာနောက်သို့ အမြန်ပြေးလိုက်သွားတော့သည်။

သမားတော်မာ၏ အိမ်သို့ ရောက်သည်နှင့် ယိုကျင့်သည် သူမှာကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ကိုင်နေခဲ့သည်။ ယိုကျူး‌အား ပုံမှန် လူနာကုသရာခုတင်၌ တင်ကာ သမားတော်မာသည် တံခါးအပြင်၌ ရပ်နေခဲ့သည်။

“အခြားဘယ်နေရာတွေ ဆူးမိလဲ သေချာကြည့်”

ယိုကျင့်သည် ယိုကျူး၏မျက်နှာပေါ်ရှိ နီရဲကာယောင်ရမ်းနေသော ဒဏ်ရာကြောင့် ခေါင်းကိုက်ခြင်းနှင့်အတူ ၀မ်းနည်းမှုများပါ တစ်ပြိုင်နက် လှိုက်တက်လာလေသည်။ သူမသည် ယိုကျူး၏ အင်္ကျီကြယ်သီးများကို တစ်ခုချင်းစီ သေချာဖြုတ်ပေးကာ စစ်ဆေးလိုက်သည်။

“မျက်နှာကဒဏ်ရာအပြင် ခြေထောက်နဲ့ ကျောဘက်မှာလည်း လေးခုလောက်ရှိတယ်”

ယိုကျင့်၏စကားကြောင့် သမားတော်မာ၏စိတ်သည် အနည်းငယ်လေးလံသွားကာ တစ်ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ညီမလေးကို အပ်စိုက်ပြီး သတ်ရအောင်လုပ်လို့ရပေမဲ့ ဆူးစူးတဲ့နေရာတွေကတော့ လိမ်းဆေးလိမ်းမှ ပျောက်မှာ။ လိမ်းဆေးက အလုံအလောက် မရှိတော့ မြို့ထဲသွား၀ယ်မှပဲရမယ်” ခူ‌ယားကောင်၏ ဆူးသည် အသက်ပင် သေစေနိုင်သည်။ ဒဏ်ရာများ အကုန်ပျောက်သည်ထိ ကုသပေးရန် ဆေးအလုံအလောက်လည်း မရှိပ။ ထို့အပြင် ဒုတိယမိသားစုခွဲ၌ ထိုမျှလောက် ပိုက်ဆံလည်း မထုတ်နိုင်ပေ။ ထိုမိန်းကလေး၏အသက်သည် ကယ်တင်နိုင်ရန် ခက်ခဲလှသည်။

ယိုကျူး၏ အင်္ကျီကို သေချာ၀တ်ပေးပြီးနောက် ယိုကျင့်သည် အပြင်သို့ သမားတော်မာနှင့် ဆွေးနွေးရန် ထွက်သွားလေသည်။

“သမီးအပြင်ခဏလောက် သွားချင်လို့ ညီမလေးကို သေချာကြည့်ထားပေးပါဦး” သမားတော်မာသည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုကလေးသည် အိမ်သို့ ပိုက်ဆံစုရန် သွားမည်ဟု တွေးလိုက်မိသည်။ သူသည် မထိန်းနိုင်ဘဲ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမိသည်။ “သမီးညီမလေးက အသက်ရှင်တောင် မျက်နှာက ဒဏ်ရာကြောင့် မျက်နှာက ပုံပျက်လောက်တယ်....”

ထိုစကားကို ကြားသည်နှင့် ယိုကျင့်၏မျက်၀န်း၌ သောကများနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမသည် သမားတော်မာအား ဦးညွှတ်လိုက်သည်။

“ညီမလေးကို ဂရုစိုက်ပေးဖို့ ဆရာမာ့ကိုပဲ ဒုက္ခပေးပါရစေ။ ခဏနေ ပြန်လာပါ့မယ်” အခုချိန်၌ အရေးကြီးဆုံးအရာသည် ယိုကျူးအား ကယ်တင်ဖို့ဖြစ်သည်။ လိမ်းဆေး၀ယ်ရန် ပိုက်ဆံ မရှိသော်လည်း ကယ်တင်ရန် အခြားနည်းလမ်းများရှိပေသည်။

သမားတော်မာ၏အိမ်မှ ထွက်လာပြီးနောက် ယိုကျင့်သည် ကလေးအများစု မသွားရဲသော နေရာသို့ လာခဲ့သည်။ ထိုနေရာသည် ခူယားကောင်အများစုရှိသည့် နေရာဖြစ်သည်။ ယခင်ဘ၀၌ သူမသည် တောထဲတောင်ထဲ၌ နေလာခဲ့ကာ ထိုကဲ့သို့ ခဏခဏ ဆူးစူးဖူးပေသည်။ လိမ်းဆေးကို သဘာ၀ကနေ ဘယ်လိုရမှာလဲ။ လွယ်လွယ်လေးပဲလေ။ လာတဲ့နေရာကနေ ပြန်ထုတ်ရုံပေါ့။

ယိုကျင့်သည် ခူ‌ယားကောင်၏ဆူးများ မစူးမိစေရန် ခပ်ခွာခွာရပ်၍ ဂရုတစိုက်ဖြင့် သစ်ကိုင်းခြောက်တစ်ခုဖြင့် ခူ‌ယားကောင်များရှိရာ အပင်၏ကိုင်းကို ရိုက်ချလိုက်သည်။ ခူယားကေယင်များသည် ယိုကျင့်၏ရိုက်ချက်ကြောင့် အပင်၏အမြစ်ပေါ်သို့ ပြုတ်ကျလာကြကာ အချို့မှာ ယိုကျင့်၏ သစ်ကိုင်းပေါ်သို့ တွားသွားရင်း ကပ်တွယ်နေကြသည်။ အမြစ်၌ ခူယားကောင်များ အများအပြားရှိလေပြီဖြစ်သည်။ ယိုကျင့်သည် သစ်ကိုင်းခြောက်အသေးဖြင့် ခူယားကောင်များကို အမြစ်မှ ဦးစွာယူလိုက်သည်။ ထို့နောက် ခူယားကောင်များ၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ လမ်း၌ချိုးလာသော ဝါးဖြင့် ခူ‌ယားကောင်များ၏ အရေခွံကို ခွာလိုက်သည်။ ယိုကျင့်သည် ခူယားကောင်၏ အနက်ရောင် သွေးကြောနှင့်ကပ်နေသော စိမ်းပြာရောင် သွေးကြောကိုရှာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ အာရုံစူးစိုက်ကာ ထိုစိမ်းပြာရောင် သွေးကြောကို ထုတ်ယူလိုက်ပြီး သန့်စင်သည့် သစ်ရွက်စိမ်းပေါ်၌ တင်ထားလိုက်သည်။

ယိုကျင့်သည် ထိုကဲ့သို့ ကြိမ်ဖန်များစွာ ပြုလုပ်ကာ ခူယားကောင်၏ စိမ်းပြာရောင် သွေးကြောများကို စုဆောင်းခဲ့သည်။ ယိုကျင့်သည် သစ်ရွက်ပေါ်ရှိ သွေးကြောများကို ကြည့်လိုက်သည်။ လုံလောက်ပြီဟု တွေးမိ၍ ထိုသစ်ရွက်အား သမား‌တော်မာ၏အိမ်သို့ ပြန်ယူသွားတော့သည်။

ယိုကျင့်သည် အချိန်ခဏနှင့် ပြန်လာသည်ကို မြင်သောအခါ သမားတော်မာသည် လိုအပ်သည့်ဆေးအတွက် ပိုက်ဆံရှာမရလို့ဟုသာ တွေးလိုက်သည်။ သက်ပြင်းသဲ့သဲ့ချကာ ခေါင်းရမ်းမိတော့သည်။ ယိုကျင့်သည် သမားတော်မာ၏ လှုပ်ရှားမှုများကို သတ်မပြုမိပါချေ။ သူမသည် သစ်ရွက်ကိုကိုင်ကာ ယိုကျူးရှိရာအခန်းသို့ တိုက်ရိုက်၀င်သွားတော့သည်။

ခုတင်ဘေး၌ထိုင်ကာ ကျန်သောလက်တစ်ဖက်ဖြင့် စိမ်းပြာရောင်သွေးကြောများကို ယိုကျူးမျက်နှာပေါ်သို့ အားဖြင့်ညှစ်ချလိုက်သည်။ ယိုကျူး၏ မျက်နှာ၊ ပေါင်နှင့် နောက်ကျောများ၌လည်း ထိုသို့လိမ်းလိုက်သည်။ လိမ်းကျံပြီးသည်နှင့် ယိုကျင့်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သမားတော်မာနှင့် ဆွေးနွေးရန် အပြင်သို့ ထပ်ထွက်လာခဲ့သည်။

“ဆရာမာ သမီး ယိုကျူးအပေါ်ကို တစ်ခုခုလိမ်းပေးထားတယ်။ မိနစ်ငါးဆယ်လောက်ကျ ယောင်တာကျသွားရင် ယိုကျူးကို တစ်ချက်လောက် ပြန်စစ်ပေးပါဦး”

သမားတော်မာသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။ ဘာကိုလိမ်းပေးလိုက်တာလဲ။ အဲ့လောက်ခဏလေးနဲ့ပျောက်တယ်ပေါ့။ သူသည် သိချင်စိတ်ဖြင့် မေးမြန်းတော့သည်။

“ဘာလိမ်း‌ပေးလိုက်တာလဲ”

“သမီးလည်း အဲ့လိုဆူးစူးဖူးတယ်။ ဘယ်က ကြားဖူးလဲ မမှတ်မိပေမဲ့ ခူယားကောင်မှာ စိမ်းပြာရောင် သွေးကြောရှိတယ်တဲ့။ အဲဒါနဲ့ သမီးလည်း အဲ့သွေးကြောကိုထုတ်ပြီး အနာပေါ်လိမ်းလိုက်တာ။ တစ်နာရီတောင် မကြာဘူး ပျောက်သွားတယ်။ သမီးလုပ်ဖူးပါတယ် တကယ်ပျောက်တာ” ယိုကျင့်သည် အပြုံးချိုချိုလေနးှင့် သေချာရှင်းပြလေသည်။ ထိုသို့သော အသိပညာများ ပျံ့နှံ့သွားသည်က ကောင်းမွန်ပေသည်။ ရွာသားများသည် သာမန်လူများသာဖြစ်ရာ ထိုသူတို့အတွက် ငွေကုန်ပေါက်တစ်ခုသည် ပြဿနာတစ်ခုဖြစ်ပေသည်။

ယိုကျင့်၏စကားများကို ကြားသည်နှင့် သမားတော်မာ၏မျက်၀န်းများသည် တောက်ပလာသည်။

“အို အဲ့လောက် ထူးဆန်းတာလား” ထို့နောက် သူသည် ယိုကျင့်၏အခန်းထဲသို့ ၀င်သွားလိုက်သည်။ ထိုအရာကိုမြင်သည်နှင့် သမားတော်မာ၏ဇနီးသည်ဆီမှ ညည်းတွားဟန် ထွက်ပေါ်လာသည်။

“တကယ့်ကိုပဲ။ ဆေးတွေ ရောဂါတွေနဲ့ ပတ်သက်လာရင် အဲ့လူကြီးက တော်တော်ကို ရူးသွပ်သွားတာ”

ယိုကျင့်သည် ဘာကိုမျှ မဆိုဘဲ ပြုံးနေခဲ့သည်။

........

သွေးကြောများကို လုံလောက်သွာ လိမ်းပြီး တစ်နာရီမျှအကြာ၌ ယိုကျူး၏ မျက်နှာပေါ်ရှိ ယောင်ရမ်းမှုသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ ယိုကျူးသည် သတိပြန်လည်မလာသောကြောင့် သမားတော်မာသည် အပ်ကိုယူကာ ယိုကျူး၏သွေးကြော၌ စိုက်လိုက်သည်။ ထိုသို့ဖြင့် ယိုကျူးလည်း သတိရလာတော့သည်။

သူမသည် မျက်လုံးကို အာပျော့စွာ ဖွင့်လိုက်ပြီးနောက် သူမ၏ညာဘက်ပါးနှင့် အခြားနေရာများ၌ ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ မျက်တောက်အနည်းငယ် ခတ်ပြီးချိန်၌ ယိုကျင့်သည် ဘေး၌ထိုင်ကာ သူမအား ပူပန်စွာ ကြည့်နေကြောင်း သိလိုက်ရသည်။

“စန်းကျဲ....”

ယိုကျူးအဆင်ပြေသည်ကို မြင်သည်နှင့် သူမသည် စိတ်သက်သာရာရကာ အမြန်ပြန်ဖြေလိုက်သည်။

“အစ်မဒီမှာရှိတယ်။ သက်သာရဲ့လား” ယိုကျင့်သည် ဤကမ္ဘာ၌ တစ်ဆယ့်နှစ်နှစ်ကျော်ကြာ ထိုကလေးများကို ပြုစုပျိုးထောင်ရင်း နေလာခဲ့သည်။ ထိုကလေးများအတွက် ကြိုးစားအားထုတ်မှုများ မရေမတွက်နိုင်အောင်ပင် ပြုလုပ်ခဲ့ရသည့်အတွက် သဘာ၀ကျစွာပင် ထိုကလေးများက သူမ၏အားနည်းချက် ဖြစ်လာခဲ့သည်။ ယိုကျူးသက်သာမှသာ သူမ၏တုန်လှုပ်နေသော နှလုံးသားသည် အနည်ထိုင်သွားတော့သည်။

ယိုကျူးသည် ဖြည်းဖြည်းသက်သာစွာ ခေါင်းရမ်းလိုက်သည်။

“အဆင်ပြေပါတယ်။ ရှောင်ပါးရော ရှောင်ပါးဘယ်လိုနေသေးလဲ။ သူရော ဆူးစူးမိသေးလား”

ခူယားကောင်၏ဆူးဒဏ်ကို မခံစားဖူးသည့် ကလေးမရှိပေ။ ထို့ကြောင့် ထိုနာကျင်ကိုက်ခဲမှုသည် ခူယားကောင်၏ဆူးမှန်း ယိုကျူးနားလည်လိုက်ကာ ညီမဖြစ်သူ ဒဏ်ရာရမည်ကို ကြောက်ရွံ့နေခဲ့သည်။

ယိုကျင့်သည် ညီမဖြစ်သူ၏ သေးသွယ်သွာ် လက်လေးအား အသာအယာပုတ်ပေးလိုက်သည်။

“စိတ်မပူပါနဲ့။ ရှောင်ပါးကအဆင်ပြေပါတယ်။ ယိုပေါင်ကြည့်ပေးထားတယ်” ရှောင်ပါးသည် ပြဿနာမရှာတတ်သကဲ့သို့ ငိုယိုခြင်းလည်း မရှိပေ။ ထို့ကြောင့် ယိုကျင့်နှင့် အခြားလူများ သတိမထားမိခြင်းဖြစ်မည်ဟု တွေးမိကာ ပို၍ပင်စိုးရိမ်လာသည်။

ယိုကျူးသည် ခေါင်းကို အပြင်းအထန်ခါရမ်းနေတော့သည်။

“စန်းကျဲ တစ်ချက်လောက် သွားကြည့်လိုက်ပါ။ ရှောင်ပါးလည်း ဆူးစူးမိလောက်မှာ” ယိုကျူး၏ မျက်၀န်းများသည် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေကာ ယိုကျင့်အား ရှောင်ပါးကို သွားကြည့်ရန် အပြင်းအထန်တိုက်တွန်းနေသည်။

ယိုကျင့်သည် သဘောတူကြောင်းပြောလိုက်သည်။ “ဟုတ်ပါပြီ။ ခဏနေသွားကြည့်လိုက်မယ်။ အရင်ဆုံး ဘာတွေဖြစ်ခဲ့တာလဲ။ စပါးလှန်းတဲ့နေရာမှာ ဘယ်လိုလုပ် အဲ့လောက် ခူယားကောင်အများကြီးနဲ့ ထိမိလာတာလဲ” ယိုကျင့်သည် ညီမဖြစ်သူ၏ ဆိုးသွမ်းမှုကြောင့် ထိုသို့ဖြစ်ခဲ့သည်ဟု မတွေးပါချေ။ အကြောင်းပြချက်ရှိရမည်ပင်။

အစ်မဖြစ်သူ၏ မေးခွန်းကိုကြားသည်နှင့် ယိုကျူး၏မျက်၀န်းများသည် အရိုင်းဆန်လာတော့သည်။

“အဲဒါ ယွဲ့၀မ်ဝေ့ပဲ။ အဲ့ကောင်က အခြားလူတွေပါ ခေါ်လာပြီး ညီမတို့အပေါ် ခူယားကောင်တွေ ပစ်ချခဲ့တာ” ယိုကျူသည် သွားကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ ပြောလေသည်။ “ညီမတို့ကို ပတ်ပတ်လည်ဝိုင်းထားပြီး ထိုင်ရယ်နေကြတာ။ သူ့ကိုအလွတ်မပေးဘူး”

ယိုကျူးကို ထိုသို့ဖြစ်စေသူမှာ ယွဲ့၀မ်ဝေ့ဖြစ်ကြောင်း သိသည်နှင့် ယိုကျင့်၏မျက်၀န်းများ၌ ဒေါသမီးများ တောက်လောင်နေခဲ့သည်။ ယိုကျူးအား စိတ်ငြိမ်အောင် ချော့မော့ပြောလိုက်သည်။

“ယိုကျူးက လိမ္မာပါတယ်။ ယွဲ့၀မ်ဝေ့ကိစ္စကို အစ်မတာ၀န်ထား။ ဒဏ်ရာပျောက်ဖို့ပဲ သေချာအာရုံစိုက်နေ”

“စန်းကျဲ ညီမဘာသာလုပ်မယ်” ယိုကျူးသည် သူမကိုယ်တိုင်ပင် လက်စားချေချင်နေခဲ့သည်။

ယိုကျင့်သည် ခေါင်းကိုခါရမ်းလိုက်သည်။

“ယိုကျူး မင်းလက်သီးလက်မောင်းတန်းပြီး လုပ်လို့မရဘူး။ ညီမသူ့ကို အဲ့လိုသွားရန်တွေ့ရင် နောက်ဆုံး အဘွားက ညီမကိုရိုက်မှာပဲလေ။ အဲဒါဆို ဘယ်လိုလုပ် လက်စားချေတယ် ခေါ်မလဲ” ယိုကျင့်၏ စကားတိုင်သည် သူမ၏နှလုံးသားအား ဓားနှင့်စင်းနေသကဲ့သို့ပင် ဖြစ်နေသည်။ ယိုကျူးသည် ကျဆင်းတော့မည် မျက်ရည်များကို ကြိတ်မှိတ်ကာ ထိန်းလိုက်သည်။

“အဲဒါဆို သူတို့ကို ဒီလိုပဲ အနိုင်ကျင့်ခိုင်းနေရတော့မှာလား။ သမီးတို့က မိန်းကလေးဖြစ်ပြီး ပိုက်ဆံကုန်ပေါက်ဆိုတာနဲ့ အဲ့လို ရိုက်နှက်ဆူဆဲတာ ခံနေရမှာလား”

ယိုကျင့်သည် ယိုကျူး၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်ကာ တည်ငြိမ်ပျော့ပျောင်းစွာ ပြောလေသည်။

“ယိုကျူး မိန်းကလေးဖြစ်တာက အစ်မတို့တွေရဲ့ အမှားမဟုတ်သလို အခြားလူတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံစရာမလိုဘူး။ မှတ်ထား ဘယ်တော့မှ ကိုယ့်ကိုကိုယ် အသုံးမ၀င်တဲ့အရာလို့ မတွေးမိစေနဲ့။ မိန်းကလေးဖြစ်တော့လည်း ဘာဖြစ်လဲ။ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး သန်မာအောင်နေလို့ရတယ်။ ဒါပေမဲ့ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်တာက မိုက်မဲလွန်းတယ်။ အစ်မတို့က အဲ့ကျောက်တုံးထက် ပိုသန်မာရမယ်။ သူတို့တွေက ကျောက်တုံးတွေဆိုတောင် သူတို့ကြောင်း ကွဲကြေသွားလို့ မဖြစ်ဘူး။ နားလည်လား”

အစ်မဖြစ်သူ၏ မျက်၀န်းသည် တည်ငြိမ်နေ၍ဖြစ်မည်၊ သို့မဟုတ် သူမ ပြောသည့်အသံသည် သာယာကာ ကြောင်းကျိုးဆက်စပ်နေ၍ဖြစ်ပေမည်။ ယိုကျူးသည် သတိလက်လွတ် ခေါင်းညိတ်မိခဲ့သည်။

“နားလည်ပါပြီ။ ညီမအရင်ကထက် သန်မာလာစေရမယ်။ အဲဒါဆို သမီးတို့ ညီအစ်မတွေကို ကာကွယ်လို့ရပြီ”

…

အပိုင်း (၁၈) ညဖက်မှာ ငါးကင်စားကြတယ်

ယိုကျင့် ပြုံးရင်း လက်ဆန့်လိုက်ပြီး ယိုကျူး၏ ခေါင်းလေးကို သပ်ပေးလိုက်၏။

“ အင်းပါ ညီမလေး ကြီးလာရင် စန်းကျဲက ညီမလေးကို ကာကွယ်ခွင့်ပေးမယ်နော်”

အတိအကျပင်။ ယိုကျင့်၏စကားကြောင့် ညီအစ်မများနှင့် မိသားစုကို ကာကွယ်ပေးချင်သည့် ယိုကျူး၏ ဆုံးဖြတ်ချက်မှာ ပိုခိုင်မာလာတော့သည်။ နောက်ပိုင်း သူကြီးလာရင်း လက်မထပ်ဘဲ ယိုကျင့်နောက်လိုက်မှာလို့ ပြောပြီး အမေ့ကို ခေါင်းကိုက်အောင်လုပ်တော့မယ်။

လက်ရှိအခြေအနေတွင် ယိုကျူး သက်သာလာသည်ကို မြင်လိုက်ရပြီးနောက် ယိုကျင့်က သမားတော်မာနှင့် သူ့ဇနီးကို ယိုကျူးအား စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့လေသည်။ အခြောက်လှန်းကွင်းဆီသို့ ပြန်လာပြီး ယိုလော့၏အခြေအနေကို သွားကြည့်လိုက်၏။

ယိုလော့၏ခြေသလုံးသည် ခူကောင်ဆူးကြောင့် ယောင်ကာနီရဲနေသည်။ ခူကောင်သွေးကြောကို လိမ်းပေးလိုက်ပြီးနောက် ယိုကျင့်ကာ ယိုလော့၏ခေါင်းလေးကို အသာပုတ်ကာ ချီးကျူးပေးလိုက်သည်။

“ အဘွားကျန်းက ပြောတယ် အစ်မရှောင်ဝူကို ကယ်ဖို့ ရှောင်ပါ့က သမားတော်မာကို သွားပင့်ခဲ့တာဆို ဆူးစူးထားတာတောင် မငိုဘူးတဲ့၊ ငါတို့ ရှောင်ပါ့လေက တော်လိုက်တာ”

ရှောင်ပါ့သည် ခြေထောက်တွင် ဆူးစူးထားသောကြောင့် မူလက ငိုချင်နေလေသည်။ အခုတော့ စန်းကျန်က သူမကို ချီးကျူးလိုက်ရာ ချက်ချင်းပင် သူမ၏ရင်ဘတ်လေးကို ဖွင့်ပြီး ပျော်သွားတော့သည်။

“ ရှောင်ပါ့ မနာဘူး”

ယိုပေါင်သည် ယိုလော့၏ အနည်းငယ်နီရဲနေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး လက်နောက်ပစ်ကာ ခစ်ခနဲ ရယ်လိုက်လေသည်။

“ နာလို့ဆိုပြီး အခုလေးတင် ငိုနေတာဘယ်သူပါလိမ့်၊ အခုကျတော့ လုံးဝမနာတော့ဘူးတဲ့၊ ငါတို့ရှောင်ပါ့က တကယ်ကြီးမြန်တာပဲ”

“အစ်မရှောင်လျို့နော်”

ရှောင်ပါ့သည် ယိုကျင့်ကို နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။

“စန်းကျဲ အစ်မရှောင်လျို့က သမီးကို ရယ်နေတယ်”

“ အင်းပါ အင်းပါ ထပ်မပြောတော့ဘူး၊ ယိုပေါင် နင် ဒီမှာ သူတို့ကို ခေါ်ပြီး စောင့်နေလိုက်၊ ငါ နင်တို့အစ်မဝူကို သွားကြည့်လိုက်အုံးမယ်၊ အဆင်ပြေရင် ငါ လယ်ထဲ အလုပ်ပြန်လုပ်တော့မယ်”

သူတို့ကို ညွှန်ကြားလိုက်ပြီးနောက် ယိုကျင့်သည် အဘွားကျန်းကို ကျေးဇူးတင်စကား သွားပြောလိုက်လေသည်။

“ အဘွားကျန်း ရှောင်ခယ့်နဲ့ သမီးကို လာပြောခိုင်းလို့ ကျေးဇူးတင်ပါတယ်၊ အဘွားသာ ညီမလေးတွေကို ကူညီ မကာကွယ်ပေးခဲ့ရင် တစ်ခုခု ဖြစ်သွားလောက်ပြီ”

အဘွားကျန်းသည် ညင်သာစွာပြုံးလိုက်ပြီး လက်ခါပြကာ

“ ငါတို့အားလုံးက တရွာထဲသားချင်းတွေပဲ၊ ယိုကျင့် ငါ့ကို အဲလောက်ယဥ်ကျေးစရာမလိုပါဘူး၊ ရှောင်ဝူရော သက်သာလား”

အဘွားကျန်းသည် ယွဲ့မိသားစု၏ ဒုတိယမိသားစုမှ သမီးများကို အလွန်ချစ်ခင်လေသည်။ သူတို့အားလုံးသည့် အလွန်သိတတ်လိမ်မာကြလေသည်။ သို့သော် ယွဲ့မိသားစုမှ တခြားကလေးများကို စဥ်းစားမိလိုက်ချိန်တွင်တေ့ အဘွားကျန်း မျက်မှောင်ကျုံ့သွားတော့သည်။

“ ငါ အများကြီး ပြောချင်လို့မဟုတ်ပါဘူး၊ နင်တို့ဦးကြီးအိမ်က အဲဒီဝမ်ဝေ့က လုံးဝဆင်ခြင်ဉာဏ်မရှိတာ၊ အပြင်လူတွေကို သူမိသားစုကိုအနိုင်ပေးကျင့်ခဲ့တယ်လေ”

ထိုစကားနားထောင်လိုက်ပြီး ယိုကျင့် စကားများများ မပြောခဲ့ချေ။ မျက်လုံးများကိုသာ အောက်ချလိုက်၏။ သူမ၏နှုတ်ခမ်းထောင့်မှာ အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားတော့သည်။

“ ဝမ်ဝေ့က ငယ်သေးလို့ပါ၊ ဒါကြောင့် သူမတွေးတတ်သေးတာ၊ အဲလိုပြောမှ သမီး အဘွားကျန်းကို မေးစရာရှိသေးတယ်၊ ဒီနေ့ ဝမ်ဝေ့လုပ်ခဲ့တာကို အဘွားတစ်ယောက်ပဲ မြင်တာပေါ့နော်၊ အဲအကြောင်း မပြောဖို့ တောင်းဆိုချင်လို့ပါ၊ သမီးတို့မိသားစုအခြေအနေကိုလည်းအဘွားသိပါတယ်....”

ယိုကျင့်၏ ‘ရှုပ်ပါတယ်’ ဟူသည့်အမူအရာကို ကြည့်လိုက်ပြီး အဘွားကျန်း သက်ပြင်းအသာအယာ ချမိလေသည်။

“ ဪ ငါနားလည်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ မြင်လိုက်တာ ငါတစ်ယောက်ထဲ မဟုတ်ဘူး၊ အစ်မကြီးကျိုးလဲ မြင်လိုက်တယ်၊ ငါ သူ့ကို ပြောလိုက်ရင်တော့ အဆင်ပြေသွားမှာပါ”

“ဒါဆို အဘွားကျန်းကိုပဲ ဒုက္ခပေးရတော့မယ်”

ယိုကျင့် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ နောက်ဆုံး အဘွားချန် ဒီအကြောင်း သိသွားရင် အမဲကို အဖြူဖြစ်အောင် လုပ်အုံးမှာပဲ။ ဒါမှမဟုတ် မတရားပြန်ရိုက်ချင်ရိုက်အုံးမှာ။ အပေါ်ယံမှာတော့ ဒီကိစ္စကို ဒီအတိုင်းကျော်သွားလိုက်မယ်ပေါ့လေ။ ကိုယ်တိုင်အတွက်တော့ ယိုကျင့် ဘယ်လိုပဲ လက်တုံ့ပြန်ချင်လည်း ဒါက သူ့အပိုင်းဖြစ်သွားပြီ။

သူမ ယိုကျူး၏အခြေအနေကို အတည်ပြုရန် သမားတော်မာထံ ပြန်လာခဲ့၏။ သမားတော်မာသည် ဆေးကျိုပြီး ယိုကျူးကို ဆေးတိုက်ထားလေသည်။ ယိုကျူးခန္ဓာကိုယ်ပေါ်က အနီစက်များနှင့် ယောင်ရမ်းခြင်းတို ပျောက်လုနီးပါးဖြစ်သွားသည်ကို တွေ့လိုက်ရပြီး ယိုကျင့် စိတ်အေးရလေသည်။

“ သမားတော်မာကို ကျေးဇူးတင်ပါတယ်၊ အရင်ဆုံး ဒီဆေးဖိုးကို အကြွေးလို့ မှတ်ပေးပါနော်....”

ယိုကျင့်သည် အလွန်ရှက်မိသော်လည်း သူမတွင် ငွေတပြားမှ မရှိချေ။ ထို့ကြောင့် ရှက်ရှက်နှင့်ပင် အကြွေးမှတ်ထားခိုင်းရတော့သည်။

သမားတော်မာက ပြုံးကာ ပြန်ပြော၏။

“ ရပါတယ် အပူနဲ့ အဆိပ်တွေကို ဖယ်ရှားဖို့ ဆေးပင်လေးနည်းနည်း သုံးလိုက်တာပါ၊ ဒါတွေအားလုံးကို တောင်ပေါ်က ကိုယ်တိုင်ခူးထားတာ၊ အများကြီးမတန်ပါဘူး၊ ပြီးတော့ မင်းကလည်း ငါ့ကို ဆေးညွှန်းကောင်းတစ်ခု ပေးခဲ့တယ်၊ ငါ့ပိုက်ဆံတောင် မယူခဲ့ဘူး၊ ပိုပြီးအကျိုးရှိတာက ငါပါ”

သမားတော်မာက သူမကို ဖြေသာအောင် တမင်ပြောလိုက်သည်ကို ယိုကျင့်ခံစားမိလိုက်၏။ သမားတော်မာအပေါ် အကြွေးအများအပြားရှိပြီး သမားတော်မာ၏စေတနာကို စိတ်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်လေသည်။ နောက်ပိုင်း သူမတွင် အရည်အချင်းပြည့်လာလျှင် သမားတော်မာ၏ စေတနာများကို ကျေးဇူးပြန်ဆပ်ရမည်။

ရွာအနောက်ပိုင်းရှိ လယ်ကွင်းဆီသို့ ပြန်လာချိန်၌ အလွန်စိုးရိမ်နေသည့် ယိုရင်က သူမဆီ အပြေးလာကာ မေးတော့သည်။

“စန်းကျဲ ရှောင်ဝူ ဘယ်လိုနေလဲ”

သူမသည် ယိုရင်၏ ပခုံးကို ပုတ်ကာ စိတ်အေးလက်အေး ပြောပြလိုက်၏။

“ အားလုံးအဆင်ပြေသွားပါပြီ ၊ ကလေးက ကစားကြတာပဲကို ဘာကိစ္စကြီးကြီးမားမား ရှိမှာလဲ”

ယိုကျင့်သည် ယိုရင်၏စိတ်ကို သိလေသည်။ သူမကို အမှန်ပြောပြလိုက်လျှင် သေချာပေါက် အတွေးလွန်ပေတော့မည်။ မပြောတာပဲ ကောင်းလေသည်။

စန်းကျဲပြောသည့်စကားကို ယိုရင် ယုံသွားတော့သည်။ သူမ အလွန်စိတ်အေးသွားပြီး

“ ဘာမှမဖြစ်လို့ တော်သေးတာပေါ့၊ ရှောင်ခယ့် အစ်မဆီ အပြေးအလွှားရောက်လာတုန်းက ပြဿနာကြီး တစ်ခုခုဖြစ်ပြီ ထင်လိုက်တာ”

ယိုရင်သည် အာရုံစူးစိုက်မှုအားကောင်းသော်လည်း ယိုကျင့်ကိုတော့ အကြွင်းမဲ့ယုံလေသည်။ သူမရှင်းပြလိုက်သည့်စကားကို ကြားလိုက်ပြီး ယုံသွားကာ နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။

တစ်ဖက်တွင်တော့ ယွဲ့တာ့ဖူသည် ယိုကျင့် ပြန်လာကတည်း ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဘာတစ်ခွန်းမှ မမေးချေ။

***

ကောက်ရိတ်သိမ်းချိန်သည် မနက်လင်းကြက်တွန်သည့်အချိန်မှ ညပိုင်း မီးများထွန်းသည်အထိ ဖြစ်လေသည်။ နောက်ဆုံးစပါးလှည်းကို အခြောက်ခံကွင်းထဲသို့ ဆွဲသွားလိုက်ပြီးနောက် ယွဲ့မိသားစုဝင်များသည် ပင်ပန်းနေသည့် ခန္ဓာကိုယ်များဖြင့် လရောင်အောင်တွင်အိမ်သို့ တစ်လှမ်းချင်းပြန်လာကြတော့သည်။

အိမ်ပြန်ရောက်တော့လည်း ယိုကျင့်နှင့် ညီအစ်မများသည် ရေနွေးဖြင့် ရေေမချိုးရချေ။ အဘွားချန်က မီးဖိုတံခါးတွင် စောင့်ကြပ်နေလေသည်။ ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လုတို့အတွက် ရေနွေးတစ်ပုံးသာ ပြင်ထားပေးလေသည်။ ယိုကျင့်က သတ္တိမွေးကာ ရေနွေးနည်းနည်း တောင်းလိုက်ရာ မျက်စောင်းတစ်ခုကိုသာ လက်ခံရလေသည်။

“ ရေနွေးက ထင်းလိုတယ်မလား၊ ဘာရေနွေးလဲ၊ နင်က မြို့ကသခင်မလေးလား၊ သန့်ရှင်းရေးလုပ်ဖို့များ ရေနွေးလိုချင်နေသေးတယ်၊ နင်တို့ ခေါင်းအစ ခြေအဆုံး ဆေးကြောဖို့ ငါကနောက်ထပ် ဆပ်ပြာ၂တုံး ပြင်ထားပေးရအုံးမလား”

ယိုကျင့်သည် သက်ပြင်းချမိတော့သည်။ ပင်ပန်းလှသည့်နေတစ်နေ့အပြီးတွင် သူမသည် အဘွားချန်ကို ပြန်ပြောရန် ခွန်အားပင် မရှိတော့ချေ။ ထို့ကြောင့် လွှတ်ထားလိုက်တော့သည်။ ညီမငယ်တစ်သိုက်ကို ရွာကို ဖြတ်စီးနေသည့် ချွေ့ဖုန်းမြစ်အောက်ဖက်သို့ ခေါ်လာခဲ့၏။ သူတို့ ရေမချိုးနိုင်လျှင်တောင် ခန္ဓာကိုယ်သန့်ရှင်းဖို့အတွက် ရေသုံးလို့ရသေးသည်။

ညလေသည် အေးစက်လှ၏။ တသွင်သွင်စီးနေသည့် မြစ်ဘေးတွင် ရပ်လိုက်ပြီး ယိုကျင့်က ရေထဲဆင်းခွင့် မရှိသည့်အကြောင်း တစ်ဖွဲ့လုံးကို သတိပေးလိုက်တော့သည်။

“ အမှောင်ထဲမှာ ရေထဲမဆင်းကြနဲ့နော်၊ ရေစီးနောက်ပါသွားရင် စန်းကျဲလည်း နင်တို့ကို မကယ်နိုင်ဘူး”

ထို့နောက် ယိုရင်ကို မြစ်ဘေးနားတွင် မီးဖိုရန် ထင်းခြောက်များ ကောက်ခိုင်းလိုက်သည်။ သူမ၏ အပေါ်ထပ်အဝတ်အစားများကို ချွတ်လိုက်ပြီး ပလုံမြည်သံနှင့်အတူ ရေထဲ ခုန်ချလိုက်လေသည်။

“ စန်းကျဲ သတိထားအုံး”

ယိုကျူးနှင့် ယိုပေါင်တို့က တစ်ပြိုင်ထဲ အော်လိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် မြစ်ဘေးတွင် လက်ကိုင်ပဝါကို ရေဆွတ်လိုက်၏။ အရင်ဆုံး ရှောင်ချီနှင့် ရှောင်ပါ့တို့၏မျက်နှာကို သန့်စင်ပေးလိုက်ပြီး ရေအေးနည်းနည်းယူကာ လက်နှစ်ဖက်နှင့် ခြေထောက်တို့ကို ဆေးကြောလိုက်လေသည်။ ထို့နောက် အငယ်ဆုံးနှစ်ယောက်ကို ယိုရင် မီးမွှေးထားသည့်နေရာသို့ မီးလုံရန် ခေါ်သွားလိုက်ကြသည်။

ရေကူးရာတွင် မဆိုးကြသည့် ယွဲ့မိသားစုမှ တခြားမိန်းကလေးများနှင့်မတူဘဲ ယိုကျင့်သည် ရေကူးရာတွင် အလွန်တော်လေသည်။ ရေထဲခုန်ချလိုက်ပြီးနောက် ၁၅မိနစ်မပြည့်ခင်မှာပင် ရုတ်တရက် ထရပ်လိုက်၏။ ရေက မနက်ချေ။ ယိုကျင့်၏ပခုံးလောက်သာရှိသည်။ ယိုကျင့်က လက်များကို မြောက်လိုက်သည်တွင် လူးလွန့်နေသည့် ငါးဖိန်းတစ်ကောင်က ပါလား၏။

ငါးဖိန်း၏ကြေးခွံများသည် မီးရောင်ကြောင့် အနည်းငယ် တောက်ပနေလေသည်။ ညီမတချို့သည် စိတ်ဝင်စားသွားတော့သည်။

“ ဝိုး ငါးအကြီးကြီးပဲ”

ယိုကျင့်က ငါးကို ကုန်းပေါ်သို့ အားဖြင့် ပစ်တင်လိုက်၏။

“ယိုရင် ငါးတို့ တံစို့ထိုးပြီး ကင်လိုက်”

ထို့နောက် သူမပြန်လှည့်သွားပြီး ရေထဲပြန်ငုပ်သွားတော့သည်။ ယိုရင်က စန်းကျဲ၏စကားကို ကြားလိုက်သည်နှင့် သန့်ရှင်းသသည့်တုတ်တစ်ချောင်းကို မြန်မြန်ရှာလိုက်ပြီး တံစို့ထိုးကာ တန်းကင်လိုက်တော့သည်။

ငါးမကျက်သေးခင် ယိုကျင့်က ငါးသုံးကောင်ကို ဆက်တိုက်ဖမ်းပြီး ကုန်းပေါ်သို့ ပစ်တင်လိုက်လေသည်။ ထို့နောက်တွင်မှ ရေပေါ်က တွားသွားကာ တက်လာ၏။

“စန်းကျဲ နွေးသွားအောင် မီးနားလာခဲ့၊ လုံးဝမအေးတော့ဘူး”

ယိုပေါင် သူမကို လက်ယက်ခေါ်လိုက်ပြီး မြန်မြန်လာဖို့ လောဆော်လိုက်လေသည်။ ယိုကျင့်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ အဝတ်အစားအသစ်ကို ယူကာ သစ်ပင်နောက်တွင် သွားလဲလိုက်၏။ ခြောက်သွေ့ကာ နွေးထွေးသည့်အဝတ်အစားများနှင့် ထွက်လာချိန်တွင် သူမသည် ရှောင်ချီနှင့် ရှောင်ပါ့တို့ကို ရင်ခွင်ထဲပွေ့ကာ ညလေတိုက်မခံရအောင် ကာထားပေးလိုက်လေသည်။ ရွှေရောင်သန်းနေသည့်ငါးကို ကြည့်လိုက်ပြီး ဝမ်းသာအားရ မှတ်ချက်ပေးလိုက်တော့သည်။

‘အရမ်းမွှေးတာပဲ”

ညီအစ်မများသည် အမှတ်တမဲ့ တစ်ပြိုင်နက် ခေါင်းထောင်လာပြီးနောက် တိတ်တိတ်လေး တံတွေးမျိုချလိုက်ကြသည်။ ငါးကင်မှာ အမှန်ပင် အရသာရှိလေသည်။

ယိုကျင့် ရေထဲကဖမ်းခဲ့သည့် ငါးများအားလုံးသည် တစ်ပိဿာခွဲလောက်ရှိသည်။ သည်နေ့ညတော့ အိပ်ပျော်သွားသည့် ရှောင်ကျို့မှာလွဲလျှင် ကျန်ညီအစ်မများက လိုက်လာကြ၏။ ငါးလေးကောင်သည် လူ၇ယောက် စားသောက်ရန် လောက်ငှလေသည်။ ညီမငယ်လေးများ၏ မျက်လုံးထဲ စားချင်စိတ်များအောက်တွင် ယိုကျင့် ငါးတစ်ပိုင်းကို ယူလိုက်ပြီး အရင်မြည်းကြည့်လိုက်၏။ ထို့နောက် သူမ ကြေညာလိုက်တော့သည်။

“ ကျက်ပြီ၊ စားလို့ရပြီ”

ထို့နောက် ညီအစ်မများသည် ငါးများကို အတူတူစားသောက်လိုက်ကြတော့သည်။

ယိုကျင့်သည် အကြီးဆုံးဖြစ်ပြီး ညီမငယ်လေးများထက် ပိုစားနိုင်သည်။ ထို့ကြောင့် သူမက အငယ်ဆုံးတစ်ကောင်ကို သူမအတွက်ယူလိုက်ပြီး ကျန်သုံးကောင်ကို ညီမလေး ငါးယောက်အတွက် ခွဲပေးလိုက်လေသည်။ ညီမငယ်လေးများက လက်များကို ဆန့်ထုတ်လိုက်ပြီး ငါးအသားကို ဆွဲခွာကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ဤသို့ဖြင့် သူတို့သည် အလောတကြီး အကိုက်ကြီး ကိုက်စားကြတော့သည်။

“ အရသာရှိလိုက်တာ”

ယိုကျင့် စိတ်ကျေနပ်စွာ စားနေကြသည့် ညီမလေးများကို ပြုံးကာ ကြည့်လိုက်ပြီး ပိုစိတ်အေးသွားတော့သည်။ သူမသည် အကိုက်ကြီးကိုက်ကာ ဝါးစားလိုက်တော့၏။ အမှန်တွင် ငါးမှာ အစာအိမ်လည်း မထုတ်ထားသလို အရသာလည်း မသွင်းထားချေ။ အမှန်ပြောရလျှင်တော့ အရသာမရှိပါ။ သို့သော် တစ်နှစ်ပတ်လုံး လုံလုံးလောက်လောက် မစားရသည့် ယွဲ့မိသားစုရှိ မိန်းကလေးများ၏ အမြင်တွင်တော့ ဒါကပင် ကမ္ဘာပေါ် အရသာအရှိဆုံး အစားအသောက် ဖြစ်တော့သည်။

ညီမလေးများ၏ သိတတ်လိမ်မာသည့်စကားများကို ကြားလိုက်ပြီးနောက် ယိုကျင့် စိတ်လှုပ်ရှားသွားတော့သည်။ လက်ဆန့်ထုတ်လိုက်ပြီး ယိုပေါင်၏ခေါင်းလေးကို သပ်ပေးလိုက်ကာ

“ ယိုပေါင် နင်ဗိုက်ပြည့်အောင်အရင်စားပါ ဟုတ်ပြီလား၊ အဖေ ဒီည အိမ်မှာရှိမှာ အဖေသိသွားရင် ပြဿနာတက်လိမ့်မယ်၊ ဆောင်းဦးကောက်ရိတ်ပွဲပြီးမှ အစ်မက အမေနဲ့ ရှောင်ကျို့တို့ စားဖို့ တစ်ခုခု ရှာပေးလိုက်မယ်လေ နော်”

သူတို့ကို မကြာခဏဆိုသလို ရိုက်တတ်သည့် သူတို့၏အဖေအကြောင်း စဥ်းစားမိလိုက်ချိန်တွင် မိန်းကလေးငယ်များသည် မနေနိုင်ဘဲ တုန်ယင်သွားကြတော့သည်။ နေ့စဥ် အိမ်ပြန်လာတိုင်း ရုတ်တရက် ပေါက်ကွဲကာ တခြားလူကို ရိုက်တတ်သည့် အဖေကို အားလုံးက ကြောက်ကြလေသည်။ ထို့ကြောင့် သူတို့အားလုံးက စကားနားထောင်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။

“အွန်း သမီးတို့ စန်းကျဲစကားနားထောင်မယ်”

“ ဟုတ်ပြီ မြန်မြန် စားကြ၊ ငါတို့ ခဏနေ အိမ်ပြန် အိပ်ကြမယ်၊ ထွက်လာတာလည်း ကြာနေပြီ၊ အမေ စိတ်ပူနေလိမ့်မယ်” ယိုကျင့်သည် ကျန်နေသူများကို ငါးကင် ပြီးအောင်စားခိုင်းလိုက်၏။ စားသောက်ပြီးစီးသွားပြီးနောက် ကျန်နေသည့်ငါးရိုးများကို ချွေ့ဖုန်းမြစ်ထဲ ပစ်ချလိုက်ကာ မီးကို မြေကြီးဖြင့် ဖုံးပြီး ငြိမ်းလိုက်လေသည်။ ထို့နောက် လက်ချင်းတွဲကာ အိမ်ပြန်လာတော့သည်။

အနောက်ဆောင်၏ အပြင်ဘက်ခုတင်တွင် ရှောင်ကျို့ကို ချော့သိပ်နေသည့် အမျိုးသမီးစုသည် ခြံတံခါး အသံမြည်သွားချိန်၌ ကလေးများ ပြန်လာသည်ကို သိလိုက်တော့သည်။

“ ပြန်လာဖို့အရေး ဘာတွေအဲလောက်ကြာနေတာလဲ၊ သမီးတို့တွေ ပြန်မလာရင် စိတ်ပူနေရတော့မယ်”

မိန်းကလေးငယ်လေးများသည် ခုတင်ပေါ်သို့ တတ်နိုင်သမျှ တိတ်တိတ်လေး တက်လာကာ အမျိုးသမီးစုဘေးတွင် တိုးဝေ့လိုက်ပြီး လေသံဖြင့် ပြောလိုက်လေသည်။

“ စန်းကျဲက မြစ်ဘေးမှာ ငါးတွေအများကြီး ဖမ်းပေးတာ၊ သမီးတို့ ငါးကင်ပြီး စားခဲ့ကြတာ”

သူတို့သည် အမျိုးသမီးစုကို မလုံမလဲဖြင့် ကြည့်လိုက်လေသည်။

“ သမီးတို့ အားလုံးစားလိုက်ကြတာ၊ အမေ့အတွက် မယူပြန်လာခဲ့ဘူး...”

အမျိုးသမီးစုက မိန်းကလေးငယ်လေးများကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။

“ရပါတယ်ကွယ် သမီးတို့စိတ်ထဲမှာ အမေရှိတယ်ဆိုတာ သိပါတယ်၊ သမီးတို့ ဗိုက်ပြည့်လာတာ သိရလို့ ဝမ်းသာတယ်၊ သမီးတို့ မနက်ဖြန်စောစော ထရအုံးမယ်၊ စောစောအိပ်ကြတော့နော်”

မိန်းကလေးငယ်လေးများသည် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြ၏။ ခဏကြာပြီးနောက် အိပ်ပျော်သွားကြလေတော့သည်။

…

All Chapters