← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အပိုင်း (၁၉) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

ယွဲ့၀မ်ဝေ့သည် အနိုင်ကျင့်ပြီးချိန်၌ ထိုကလေးအုပ်စုနှင့်အတူ ရွာအနှံ့လျှောက်သွားနေခဲ့သည်။ အနည်းငယ် မှောင်သွားချိန်၌ ညစာစားရန် အိမ်ကိုပြန်လာခဲ့သည်။ သူသည် ထိုမိန်းမယုတ်များ အိမ်သို့ပြန်လာကာ ပြဿနာရှာရန် မျှော်လင့်ခဲ့သည်။ မထင်မှတ်ထားစွာပင် ယွဲ့ယိုကျူးသည် အိမ်သို့ အလွန်အမင်း ယောင်ရမ်းနေသော မျက်နှာနှင့် ပြန်လာကာ သူမလုပ်ရမည့် အလုပ်များကိုသာ လုပ်နေခဲ့သည်။ ထိုအရာက ယွဲ့၀မ်ဝေ့ကို အနည်းငယ် စိတ်ခုစေခဲ့သည်။

ယွဲ့၀မ်ဝေ့သည် ယိုကျူး၏ ကြောက်မက်ဖွယ် ဒဏ်ရာအား နေ့စဉ်အမျှ လေ့လာခဲ့သည်။ ရက်အနည်းငယ် အကြာ၌ ထိုဒဏ်ရာသည် ပျောက်ကွယ်သွားသော်လည်း တစ်လက်မမျှရှိသည့် အမာရွတ်တစ်ခု ကျန်ခဲ့လေသည်။ ယိုကျူး၏ မျက်နှာသည် အလှပျက်သွားပြီဟု မှတ်ယူနိုင်သည်။ ယိုကျူးသည် သူ့အား စိုက်ကြည့်နေရုံမှအပ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်သည့်အတွက် ယွဲ့ဝမ်ဝေ့သည် ဂုဏ်ယူမဆုံး ဖြစ်နေခဲ့သည်။ သူသည် အပြစ်ရှိစိတ် အနည်းငယ် ၀င်နေသော ကောင်လေးအုပ်စုအား စိုက်ကြည့်လိုက်သည်။

“ငါပြောသလိုပဲ။ အဲ့ဆုန်ကုန်မြေတွေက ဘာမှမဟုတ်ဘူးရယ်။ သူတို့ကို ရောင်းစားရင်တောင် ပြဿနာမရှိဘူး။ ဘာမှကြောက်မနေနဲ့”

ကောင်လေးအုပ်စုသည် ယွဲ့၀မ်ဝေ့နှင့် မတူကြချေ။ သူတို့သည် ဆိုးသွမ်းကာ နောက်ပြောင်ကျီစယ်တတ်သော်လည်း ထိုသို့ဆိုးသွမ်းသည့် ရည်ရွယ်ချက်များ မရှိခဲ့ပေ။ စနောက်ခြင်းဟုသာ တွေးမှတ်ခဲ့ကြသည်။

ယွဲ့၀မ်ဝေ့သည် သူငယ်ချင်းများ၏ သတ္တိနည်းမှုအတွက် စိတ်ပျက်နေပြီး သူ၏သတ္တိရှိမှုကို ဂုဏ်ယူ၀င့်ကြွားနေခဲ့သည်။ သို့သော် ထိုအရာသည် မကြာရှည်ခဲ့ပါချေ။ ယွဲ့မိသားစု၏ နှစ်စဉ် ကောက်ရိတ်သိမ်းသည့် ကာလအပြီး၌ ယွဲ့ယိုကျင့်သည် သူမ၏လက်စားချေမည့် အစီအစဉ်ကို စတင်ခဲ့သည်။

ယိုကျင့်သည် ဆိုးသွမ်းမိုက်မဲကာ အသုံးအဖြုန်းကြီးသည့် အဘွားချန်နှင့် အမျိုးသမီးချန်တို့ ပျိုးထောင်ထားသည့် ယွဲ့၀မ်ဝေ့အပေါ်၌ အကောင်းမြင်ခြင်း မရှိခဲ့ပါချေ။ ထို့အပြင် သူသည် သူမ၏ညီမငယ်များကို အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ကာ သူမအား ပြဿနာတက်စေခဲ့သည်။ ထိုအရာများသည် အသေးအမွှား ကိစ္စရပ်များသာဖြစ်ကာ ညီမများသည်လည်း သူမအပေါ် ထိုအတွက် မညည်းညူခဲ့ဘူးပေ။ သို့သော် ယခုအခါ၌ ယိုကျူး၏မျက်နှာအလှသည် ပျက်ယွင်းသွားပေသည်။ ထိုကိစ္စအား လျစ်လျူမရှုနိင်ပေ။

ယိုကျင့်သည် ပေါ်ပေါ်ထင်ထင် ပြုလုပ်ပြီး ပြဿနာအတက် မခံချင်ပေ။ ထို့ကြောင့် ယခုကိစ္စကို မိသားစုဆီမှ လျှို့ဝှက်ထားကာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ယူရန် အစီအစဉ်ချခဲ့သည်။

ဆောင်းရာသီ ကောက်ရိတ်သိမ်းပွဲ ပြီးဆုံးသွားပြီဖြစ်ကာ ရာသီဥတုသည်လည်း အေးလာပြီးဖြစ်သည်။ သို့သော်လည်း နေအပူရှိန်သည် ပူပြင်းနေသေးသည်။ ရက်ပိုင်းအတွင်း၌ ချွေ့ဖုန်းချောင်းအနီးတွင် ငါးအကြီးကြီး ဖမ်းမိသော လူရှိသည်ဟု သတင်းပျံ့လာ၍ ယွဲ့၀မ်ဝေ့သည် ထိုအကြောင်းကို စိတ်ဝင်စားလျက်ရှိသည်။ နောက်နေ့ ညနေ၌ နေပူရှိန် လျော့နည်းသည်ကို အခွင့်အကောင်းယူကာ ချွေ့ဖုန်းချောင်းထဲသို့ သူငယ်ချင်းများနှင့် ငါးဖမ်းရန် ထွက်လာခဲ့သည်။

ယွဲ့၀မ်ဝေ့၏ အစီအစဉ်ကို သူမ သိပေသည်။ ထို့ကြောင့် ယွဲ့၀မ်ဝေ့ထွက်သွားပြီးသည်နှင့် ခြင်းတောင်းကိုလွယ်ကာ ရွာလမ်းမအတိုင်းလျှောက်သွားရင်း တောင်ပေါ်တက်ရန် ပြင်လိုက်သည်။ လမ်းတစ်လျှောက်ရှိ ရွာသားများကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ခဲ့သေးသည်။ သူမကို မေးလျှင် တောင်ပေါ်သို့ ၀က်စာသွားစုသည်ဟုသာ ပြန်ဖြေခဲ့သည်။ ရွာ၏အနောက်ဖက်ခြမ်းသို့ ရောက်သည့်အခါ မည်သူမျှ မရှိသည်ကို တွေ့သောကြောင့် တောင်ခြေသို့ အမြန်သွားကာ သစ်ကိုင်းဖြင့် ခူယားကောင်များကို ရိုက်ချလိုက်သည်။ ထို့နောက် တုတ်ချောင်းဖြင့် အသေအချာယူပြီး သစ်ရွက်ပေါ်တင်ကာ လိပ်လိုက်ပြီး ခြင်းထဲသို့ ထည့်လိုက်သည်။ ရွာသားများ မမြင်စေရန် ချွေ့ဖုန်းချောင်းသို့ ရွာအပြင်ဘက်လမ်းမှ တိတ်တိတ်လေးပတ်သွားခဲ့သည်။

ချောင်းအနီးနား၌ လူသိပ်မရှိပေ။ ယွဲ့၀မ်ဝေ့တို့သည် အ၀တ်အစားများကို ကမ်းဘေး၌ ချွတ်ထားခဲ့ကာ မြစ်ထဲသို့ ငါးဖမ်းရန် ဆင်းသွားကြသည်။

ယိုကျင့်သည် သေချာထိုင်ကာ ထိုကောင်လေးများကို စစ်ဆေးနေခဲ့သည်။ ထိုနေ့က ယိုကျူးအား အနိုင်ကျင့်သူများဖြစ်မှန်း အတည်ပြုပြီးသည်နှင့် သူမသည် အခွင့်အရေးယူကာ အပြင်၀တ်နှင့် အတွင်း၀တ်များကြား၌ ခူယားကောင်များ သေချာထားလိုက်သည်။ ထိုထဲ၌ ယွဲ့၀မ်ဝေ့၏၀တ်စုံသည် ခူယား‌ကောင် ခုနစ်ကောင် ရှစ်ကောင်မျှ တွားသွားနေ၏။

ယိုကျင့်သည် အင်္ကျီကြား၌ ခူယားကောင်များ ပျောက်ကွယ်သွားသည်ကို သေချာကြည့်ကာ လှောင်ပြောင်ရီမောလိုက်သည်။ “ယွဲ့၀မ်ဝေ့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံဘယ်လိုပြန်လာတယ်ဆိုတာ ငါဒီနေ့ သေချာသင်ပေးမယ်”

အ၀တ်ဗလာဖြစ်နေသော ကောင်လေးအချို့ ကမ်းပေါ်တက်လာသည်ကို မြင်သည်နှင့် ယိုကျင့်သည် လာရာလမ်းအတိုင်း ပြန်ကာ တောင်ပေါ်သို့ ၀က်စာသွားစုရန် ပြင်လိုက်သည်။

ယိုကျင့်သည် ၀က်စာများကို ခြင်းအပြည့်ဖြည့်ကာ သူမပြန်လာနေကြအချိန်အတိုင်း အတိအကျ ပြန်လာခဲ့သည်။ အစီအစဉ်သည် တိကျသေသပ်ကာ ပြစ်ချက်ရှာမတွေ့ခဲ့ချေ။ သူမသည် ယွဲ့အိမ်ရှိရာ လမ်းမသို့ ရောက်ချိန်၌ ဝက်အော်သံကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်နေသော ယွဲ့၀မ်ဝေ့၏ အသံကို ကြားလိုက်ရသည်။ တာ၀န်ပြီးမြောက်သည့် အပြုံးတစ်ခုသည် ယွဲ့ယိုကျင့်၏ မျက်နှာ၌ ပေါ်လာလေသည်။ ယခင်ဘ၀၌ သူမသည် အခြားလူများကို တစ်ဦးချင်း ပြိုင်ထိုးမည်ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူမ၏မိသားစုနောက်ခံ‌မှာ အနည်းငယ် စိတ်ပျက်သနားစရာကောင်းလှသည်။

ယခုဘ၀၌ ထိန်းချုပ်ကန့်သတ်ထားသည့် အရာများရှိပေသည်။ အခြားလူများ၏အမြင်ကို ဂရုစိုက်ရသေးပေသည်။ သူမစိတ်တိုင်းကျ ပြုလုပ်၍မရပေ။ ထို့ကြောင့် သူမသည် ပုန်းရှိုးကွယ်ရှိုးဖြင့်သာ စိတ်သက်သာရာရအောင် ပြုလုပ်နိုင်သည်။ ယွဲ့ယိုကျင့်သည် သူမ၏ခေါင်းကို ခါရမ်းကာ အတွေးများ ရှင်းအောင်လုပ်လိုက်သည်။ အသက်ပြင်းပြင်းရှိုက်ပြီးနောက် ယွဲ့အိမ်၏တံခါးကို တွန်းဖွင့်လိုက်သည်။

နောက်ကြောင်းပြန်ရသော် ယွဲ့၀မ်ဝေ့သည် သူငယ်ချင်းများနှင့် မြစ်ထဲ၌ အတန်ကြာနေကာ ငါးဖမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဘာမှမရရှိခဲ့ပေ။ ထိုကြောင့် ကမ်းပေါ်သို့တက်ရင်း ဆဲဆိုကာ အ၀တ်များကို ဒေါသတကြီး ၀တ်ဆင်လိုက်သည်။ နေစောင်းနေပြီဖြစ်၍ ဆောင်းလေအေးများ တိုက်လာ၍ ကြက်သီးမွေးညင်းများ ထသည်အထိ အေးလာပေသည်။ ထို့ကြောင့် ကောင်လေးများသည် အ၀တ်ထဲ၌ တစ်စုံတစ်ရာရှိနေသည်ကို သတိမထားမိဘဲ အမြန်၀တ်ဆင်ကြလေသည်။ ဆူးစူးမိသလို ခံစားချက်ကြောင့် လူတိုင်းသည် တစ်ဦးပြီးတစ်ဦး အော်ဟစ်ကြတော့သည်။

ပြဿနာတစ်ခုခု ရှိမှန်း သတိထားမိသွားကြသည့်အခါ ယောက်ျားလေးများသည် မရပ်မနား ခုန်ပေါက်ကြတော့သည်။ ခဏအကြာ၌ အ၀တ်ထဲရှိ ခူယားကောင်များသည် တွန့်လိမ်ကာ ထွက်ကျလာလေသည်။ ထိုထဲ၌ ယွဲ့၀မ်ဝေ့သည် အဆိုးဆုံးဖြစ်သည်။ ခူ‌ယားကောင်များ ထွက်ပြီးသည်နှင့် ဆူးဒဏ်ရာများသည် ခန္ဓာကိုယ်အနှံ့ပေါ်ပေါက်လာကာ ပြောမပြနိုင်လောက်သည့် နာကျင်မှုများကို ခံစားနေကြရတော့သည်။

ဆယ်ကျော်သက်အရွယ်လေးများသည် ထိုသို့ဖြစ်သည့်အခါ ဘာလုပ်ရမှန်း မသိကြဘဲ အိမ်သို့သာ ငိုယိုပြေးကြလေသည်။ ယွဲ့ဝမ်ဝေ့သည် အမြဲအသုံးမကျဖြစ်သော်လည်း ယခုအချိန်အခါ၌ အမြန်ဆုံး ပြေးသွားခဲ့သည်။ ခူယားကောင် ဆူးစူးမိသည်မှာ အများဆုံးဖြစ်သည့်အတွက် အမြန်ပြေးရပေမည်။

ဆောင်းရိတ်သိမ်းပွဲအပြီး၌ လယ်သမားများ၏ နေ့ရက်များသည် အားလပ်နေ၏။ ထို့ကြောင့် အိမ်၌ တစ်ရေးအိပ်ခြင်း သို့မဟုတ် ရွာထဲ၌ အုပ်စုဖွဲ့ကာ အတင်းတုပ်ကြရင်း အိမ်အလုပ်များ လုပ်ကြသည်။ ယနေ့၏သာယာသော ညနေခင်းသည် ယွဲ့၀မ်ဝေ့နှင့် မျောက်လောင်းများ၏ အော်သံကြောင့် ပျက်စီးသွားပေသည်။

“သား ဘာဖြစ်လာတာလဲ” နေ့ခင်းတစ်ရေးအိပ်ရန် ပြင်နေသော အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့၏ အော်ငိုသံကြောင့် နိုးလာခဲ့သည်။ အနည်းငယ်ဒေါသထွက်ကာ ဆူဆဲချင်သော်လည်း သားဖြစ်သူ၏ နာကျင်နေသည့်အမူအရာကြောင့် စိုးရိမ်ကာ အခြေအနေကို စစ်ဆေးရတော့သည်။

ယွဲ့၀မ်ဝေ့သည် နာကျင်ကာ ခန္ဓာကိုယ်တစ်ခုလုံး၌ ယားယံနေ၍ အမျိုးသမီးချန်ကို ငိုယိုပြီး သည်းတွားပြနေသည်။ “အမေ ခူယားကောင် ဆူးတွေက နာတယ်”

အမျိုးသမီးချန်သည် “ခူးယားကောင်ဆူး”ဟု ကြားမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။

“ဒီကလေးနဲ့ ခူယားကောင်‌ကြောင့်နဲ့ ငိုစရာလား။ ဒီလောက်တောင်ကြီးနေပြီကို ငိုနေတုန်း အခြားလူတွေ လှောင်မှာ မကြောက်ဘူးလား” အမျိုးသမီးချန်သည် ထိုအရာကို ဟာသအဖြစ်သာမြင်နေသည်။ သူမ၏သားသည် ဆယ့်တစ်နှစ်ရှိပြီဖြစ်ကာ ခူယားကောင်၏ဆူးကြောင့် အော်ငိုနေတုန်းပင်။ အပြင်လူ ကြားလျှင် ရယ်စရာမဖြစ်ပေဘူးလား”

ဆူညံသံများကြားသောကြောင့် အဘွားချန်သည် ပင်မဆောင်မှထွက်ကာ အခြေအနေကြည့်ရန် ထွက်လာလေသည်။ ကလေးငယ်သည် ငိုကြွေးနေသည့်အပြင် မျက်နှာလည်း ဖြူဖျော့နေသည့်အတွက် အဘွားချန်သည် အမျိုးသမီးချန်အား ဆူလိုက်သည်။

“ကလေးကို ဘယ်နား ဆူးစူးမိလဲ သေချာကြည့်စမ်း။ ဘယ်လိုအမေမျိုးလဲ။ ကလေးက ဒီလောက်နာနေတာကို ရပ်ကြည့်နေသေးတယ်”

အမျိုးသမီးချန်သည် အနောက်သို့လှည့်ကာ ဆူပုတ်နေခဲ့သည်။ အမျိုးသမီးချန်သည် ဆေးလိမ်းပေးရန် ယွဲ့၀မ်ဝေ့၏အင်္ကျီကို ချွတ်ပေးလိုက်သည်။ သူမသည် အင်္ကျီကို ချွတ်မကြည့်ခဲ့ပါက သားဖြစ်သူသည် ထိုသို့ အပြင်းအထန် ဒဏ်ရာ‌ရခဲ့မှန်း သိမည်မဟုတ်ချေ။ လက်မောင်းနှစ်ဖက်လုံး၌ ဆူးများ တောက်လျှောက်ရှိနေကာ နောက်ကျော၊ ခါးနှင့် ခြေထောက်များရှိ အနာများသည်လည်း တဖြည်းဖြည်း ယောင်ကိုင်းလာပေသည်။ ထိုအရာသည် အမှန်ပင် ထိတ်လန့်စရာပင်။

“ဘယ်လိုဖြစ်လာတာတုံး။ ခူယားကောင်အသိုက်ပေါ်များ ပြုတ်ကျလာတာလား ကလေးရဲ့”

အဘွားချန်သည် ယွဲ့၀မ်ဝေ့၏ကိုယ်ပေါ်ရှိ ဆူးများကို ဂရုတစိုက်ဖယ်ပေးရင်း အမျိုးသမီးချန်အား တွန်းလိုက်သည်။ “မြန်မြန် ဆပ်ပြာနဲ့ရေယူခဲ့၊ နည်းနည်းလောက် သက်သာပါစေ တိုက်ပေးရမယ်”

အမျိုးသမီးချန်သည် ခဏကြာ တုန်လှုပ်နေပြီး ယောက္ခမဖြစ်သူ၏ အသံကြားမှသာ “အို”ဟု တုံ့ပြန်နိုင်သည်။ထို့နောက် မီးဖိုချောင်ထဲသို့ အမြန်သွားကာ ဆပ်ပြာနှင့်ရေကိုရှာလေသည်။ ခဏအကြာ၌ ဆပ်ပြာရည်ဇလုံးတစ်လုံးကို ယူလာကာ ယွဲ့၀မ်ဝေ့ကိုယ်ပေါ်၌ လိမ်းကျံပေးကာ နာကျင်မှုသက်သာအောင် လုပ်ပေးလိုက်သည်။

ယွဲ့ယိုကျူးက ထိုသို့ဖြစ်စဉ် သူမသည် နာကျင်မှုကြောင့် မေ့မြောသွားသော်လည်း ယွဲ့၀မ်ဝေ့၌ နာကျင်မှုကြောင့် တုန်ရီကာ မျက်နှာဖြူဖျော့ရုံသာ ဖြစ်သည်။ အကြောင်းမှာ ယွဲ့၀မ်ဝေ့သည် ယိုကျူးထက် ခုခံအား ကောင်းမွန်၍ဖြစ်သည်။

ယိုကျင့်သည် အိမ်သို့ ပြန်လာချိန်၌ ယွဲ့၀မ်ဝေ့သည် အပေါ်ပိုင်းဗလာဖြစ်နေကာ ဘောင်းဘီကိုလည်း ပင့်တင်ထားရပြီး ခြံ၀န်းထဲ၌ မျက်မှောင်ကြုံ့ကာ ရပ်နေလေသည်။ အမျိုးသမီးချန်သည်လည်း သားဖြစ်သူ သက်သာစေရန် ဆပ်ပြာရည်များ ပွတ်လိမ်းပေးလျက်ရှိသည်။ လေးလံသည့် ၀က်စာခြင်းကို သယ်လာသော ယိုကျင့်သည် ထိုမြင်ကွင်းကြောင့် ခေါင်းငုံ့လိုက်ကာ မြေကြီးသို့ မျက်နှာမူရင်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူမသည် ယွဲ့၀မ်ဝေ့အား ထိုနာကျင်မှုအား သက်သာပျောက်ကင်းစေမည့် နည်းလမ်းကို ပေးမည်မဟုတ်ပေ။ သူသည် ယိုကျူးကဲ့သို့ပင် တထေရာတည်း ခံစားသင့်ပေသည်။

ယိုကျူးသည် ပြဿနာထဲသို့ မပါချင်သော်လည်း သူမအား ဆွဲထည့်ချင်သည့် အချို့လူများက ရှိနေသေးသည်။

“အဘွား အဲဒါ ဒုတိယမိသားစုက လူတွေလုပ်တာပဲ” ယွဲ့၀မ်ဝေ့၏မျက်၀န်းများသည် နာကျင်မှုကြောင့် နီရဲနေလေသည်။ သူသည် ၀က်စာခြင်းကိုသယ်ကာ အနောက်ခြံတံခါးရှေ့၌ ရပ်နေသော ယိုကျင့်အား ခက်ထန်စွာကြည့်လိုက်သည်။ “သူလုပ်တာ ဖြစ်ရမယ်”

ယခုအချိန်၌ အဘွားချန်၏ ဘက်လိုက်မှုသည် အမြင့်ဆုံးဖြစ်နေရာ မြေးဖြစ်သူပြောသမျှကို အကြွင်းမဲ့ယုံလေသည်။ အထူးသဖြင့် ဒုတိယမိသားစုရှိ ဆန်ကုန်မြေများနှင့်ပတ်သက်လျှင် သူမ၏ ခုနှစ်ဆယ့်ရှစ်ရာခိုင်နှုန်းမျှ ရှိနေသော ယုံကြည်မှုသည် တစ်ရာရာခိုင်နှုန်းမျှတိုးသွားလေသည်။ သူမ၏ မြေးဖြစ်သူ ပြောသည့်စကားကို ကြားသည်နှင့် ယိုကျင့်အား အပြစ်တင်ရှုံ့ချစွာ ကြည့်လိုက်သည်။

“၀မ်ဝေ့ကို ခူယားကောင် ဆူးစူးအောင် နင်လုပ်လိုက်တာလား”

ယိုကျင့်သည် အဘွားချန်အား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“၀မ်‌ဝေ့က ဆူးစူးမိလာတာလား။ သမီးက တောင်ပေါ်ကို ၀က်စာသွားစုတာလေ သူ့ကိုစဖို့ ဘယ်အချိန်ရှိမှာလဲ” ယိုကျင့်သည် ခဏအကြာမျက်မှောင်ကျုံ့လိုက်၏။

“အခုတ‌လော ခူယားကောင်တွေက နေရာတိုင်းမှာ ရှိနေတာ။ ခူယားကောင် အသိုက်ပေါ် ပြုတ်ကျတာရော မဖြစ်နိုင်ဘူးလား။ ဟိုနေ့က ယိုကျူးတောင် စပါးလှန်းတဲ့နေရာမှာ ခူယားကောင်တွေနဲ့ ထိမိလို့ မျက်နှာမှာ အမာရွတ်ကျန်နေခဲ့တာပဲလေ”

ယိုကျင့်၏ စကားကြောင့် ၀မ်ဝေ့၏စိတ်ထဲ၌ အပြစ်ရှိစိတ် အနည်းငယ် ဖြစ်ပေါ်လာလေသည်။ သို့သော်လည်း ခဏအတွင်း၌ ပျောက်ကွယ်သွားပေသည်။ ယိုကျင့်၏ မူပိုသော မျက်၀န်းများကြောင့် ယိုကျင့်နှင့် အခြားလူများပေါင်းကာ လက်စားပြန်ချေသည်ဟု တဖက်သတ်ကောက်ချက်ချလိုက်သည်။

“သေချာပေါက် နင်လုပ်တာပဲ။ နင်ငါ့ကို လက်စားပြန်ချေတာ”

ယိုကျင့်၏ ပဟေဠိဆန်သော အမူအရာသည် တမဟုတ်ချင်း ပေါ်ပေါက်လာသည်။ သူမသည် အဘွားချန်နှင့် အမျိုးသမီးချန်ဘက်သို့ မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။

“၀မ်ဝေ့ရဲ့စကားတွေက ထူးဆန်းတာ။ နင်ငါ့ကို အနိုင်မကျင့်ဘဲနဲ့ ငါက နင့်ကို ဘာလို့ လက်စားချေရမှာလဲ” ယွဲ့၀မ်ဝေ့သည် ထိုနေ့က သူ၏လုပ်ရပ်ကို ၀န်ခံမည်ဟု သူမ မထင်ပေ။ သေချာစွာပင် ၀မ်ဝေ့သည်လည်း ယိုကျင့်၏ မေးခွန်းကြောင့် ကြောင်အသွားခဲ့သည်။ သူသည် ယိုကျင့် လုပ်သည်ဟုသာ တွေးထင်နိုင်သည်။

“ယိုကျူးလည်း အဲ့နေက ဆူးတွေ တော်တော်များတယ်။ သမားတော်မာ ဘာဆေးသုံးလိုက်လဲ မသိပေမဲ့ သက်သာသွားတယ်။ အဘွားနဲ့ ‌ဒေါ်ကြီးတို့ ၀မ်ဝေ့ကို သူ့ ဆီသွားပြကြည့်ပါ့လား” ယိုကျင့်သည် နောက်ထပ် စကားမပြောခင် အနည်းငယ်စဉ်းစားလိုက်သည်။

“အဘွားကျန်းနဲ့ အခြားလူကြီးတွေ ပြောတာကတော့ ခူယားကောင်ဆူးတွေက အဆိပ်ပြင်းပြီး လူကို သေစေနိုင်တယ်တဲ့”

အခြားလူများ ပြောသည့် သေစေနိုင်သည်ဟူသော စကားသည် အဘွားချန်အတွက် အလွန်ပင် ထိတ်လန့်စရာ ဖြစ်ခဲ့သည်။ ၀မ်ဝေ့အား အ၀တ်အစားများ ၀တ်ဆင်ပေးကာ သမားတော်အိမ်သို့ သွားရန် အမြန်ပြင်ကြတော့သည်။ ၀မ်ဝေ့သည် သူမ၏ အဖိုးတန်မြေးလေးဖြစ်ကာ မည်သည့်အမှားမျှ အဖြစ်မခံနိုင်ချေ။

ယိုကျင့်သည် ယွဲ့၀မ်ဝေ့၏ ဆေးကုသမှုအတွက် အဘွားချန်နှင့်အမျိုးသမီးချန်တို့၏ ထိတ်လန့်နေပုံကို ထိုင်ကြည့်နေလိုက်သည်။ သူမနှင့် ပြဿနာရှင်းရန်ကိုပင် မေ့လျော့သွားကြပေသည်။ ယိုကျင့်သည် စိတ်အေးသက်သာစွာဖြင့် အနောက်ခြံထဲသို့ ပြန်သွားတော့သည်။

…

အပိုင်း (၂၀) ကိုယ်ပိုင်ငွေ

ယိုကျင့် အနောက်ဆောင်သို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် မုန်လာဥဖြူလေးများသည် ဝှစ်ခနဲ ဝိုင်းလာကြတော့သည်။

“စန်းကျဲ”

မျက်နှာပေါ်တွင် တစ်လက်မခန့် အမာရွတ်တစ်ခုနှင့် ယိုကျူးသည် မျက်လုံးထဲတွင် အပျော်များဖြင့် ယိုကျင့်ကို ကြည့်လိုက်လေသည်။

“ စန်းကျဲ ယွဲ့ဝမ်ဝေ့လည်း ခူစိမ်းကောင် ကိုက်ခံရလို့တဲ့”

“ အစ်မ သိတယ်လေ၊ အဲတုန်းက စန်းကျဲ နင့်ကို ပြောခဲ့တာကို မှတ်မိသေးလား၊ အခု စန်းကျဲ ထပ်ပြောမယ်၊ ကျန်တဲ့သူတွေလည်း နားထောင်ကြ”

သူမသည် ဟိုယိမ်းသည်ယိမ်းလျှောက်နေသည့် ရှောင်ကျို့ကို ကောက်ချီကာ လမ်းလျှောက်ရင်း ညီမငယ်လေးများကို ခုတင်ဘက်သို့ ခေါ်လာကာ ထိုင်ချလိုက်လေသည်။ ထို့နောက် စကားတစ်လုံးစီကို ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ ဆယ်နှစ်လောက်ကြာလည်း နောက်ကျတယ်ဆိုတာ မရှိဘူးတဲ့၊ မမတို့ထက် အင်အားကြီးတဲ့သူက မမတို့ အနိုင်ကျင့်ပြီး ချက်ချင်း ပြန်မတိုက်ခိုက်နိုင်ရင် မမတို့က တခြားနည်းကို စဥ်းစားရမယ်၊ အားလုံးမှတ်ထားကြနော်၊ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်တာက အရူးမိုက်ဆုံးအလုပ်ပဲ သိလား”

မုန်လာဥလေးများသည် စိတ်ဝင်တစားခေါင်းညိတ်ပြလိုက်တော့သည်။

“ မှတ်မိပါပြီ”

ယိုကျူး၏ မျက်လုံးထဲတွင် ထူးထူးခြားခြား အလင်းတစ်ခု လင်းလက်သွားတော့သည်။ ယွဲ့ဝမ်ဝေ့ အော်ငိုကာ ညည်းညူသံကို ကြားလိုက်သည့်အခိုက်တွင် သူမအတွက် စန်းကျဲက လက်စားချေပေးလိုက်မှန်း ခန့်မိသွားတော့သည်။ အခုတော့ စန်းကျဲ၏စကားများကို နားထောင်လိုက်ပြီးနောက် ဒါသည် စန်းကျဲလုပ်ခဲ့တာမှန်း သေသေချာချာ သိသွားတော့သည်။

ယိုကျင့်သည် ယိုကျူး၏ လင်းလက်နေသည့် မျက်လုံးများကို သတိထားမိသွားပြီး ညီမငယ်လေးများက ကစားသည့်ဖက်တွင် အာရုံရောက်နေစဥ် သူမကို မျက်စိမှိတ်ပြလိုက်လေသည်။ ယိုကျူး ခေါင်းညိတ်ပြလိုက်၏။ ဒါသည် သူမကိုယ်တိုင်နှင့် စန်းကျဲကြားက လျှို့ဝှက်ချက်လေးတစ်ခု ဖြစ်သွားတော့သည်။ ညီအစ်မများသည် ပျော်ရွှင်ဆော့ကစားနေကြ၏။ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် အမျိုးသမီးစုသည် အပြင်ဖက်က လှုပ်လှုပ်ရှားရှားအသံကို ကြားလိုက်ရပြီးနောက် ချစ်ခင်ကြင်နာသည့်အပြုံးတစ်ခု ပေါ်လာတော့သည်။ ဒါကို မိသားစုထဲတွင် ကလေးများနှင့် ရှိနေသည့်အချိန်မှ ခံစားရပြီး ဆင်းရဲပြီး သနားစရာကောင်းသည်ကို အဘယ်ကြောင့် ခံစားနေရမည်နည်း။ အနည်းဆုံးတော့ သူမ၏ကလေးများသည် နေ့တိုင်း စိုးရိမ်စိတ်ဖြင့် ကြောက်ရွံ့မနေကြသလို ဘယ်အချိန် အရိုက်ခံရတော့မည်ဟု စဥ်းစားနေစရာလည်း မလိုပါချေ။

အဘွားချန်နှင့် အမျိုးသမီးချန်တို့သည် ယွဲ့ဝမ်ဝေ့ကို သမားတော်မာအိမ်သို့ ခေါ်သွားကြလေသည်။ သမားတော်မာက ဆေးမြစ်တူးရန် တောင်ပေါ်တက်သွားသည်နှင့် ကြုံပြီး ပြန်မလာသေးချေ။ နာရီဝက်လောက် စိုးရိမ်တကြီး စောင့်လိုက်ရလေသည်။ ယွဲ့ဝမ်ဝေ့သည် နာကျင်မှုကြောင့် ပဲစေ့အရွယ် ချွေးသီးချွေးပေါက်များထွက်ကာ အဝတ်အစားများ ရွဲနစ်နေချိန်မှ သမားတော်မာသည် ကျောပေါ်တွင် ဆေးမြစ်များ ထည့်ထားသည့်ခြင်းဖြင့် အေးအေးဆေးဆေးပြန်ရောက်လာတော့သည်။

နောက်တစ်ယောက်က ခူစိမ်းကောင် ကိုက်ခံရသည်ဟု ကြားလိုက်ရသည်နှင့် သမားတော်မာသည် ယိုကျင့်ပေးခဲ့သည့် နည်းလမ်းကို စမ်းကြည့်ရန် အခွင့်အရေးတွေ့သွားတော့သည်။ ခူစိမ်းများကို ဖမ်းကာ အစိမ်းရောင်သွေးကြောကို ဆွဲထုတ်လိုက်ပြီး ယွဲ့ဝမ်ဝေ့၏ဒဏ်ရာပေါ်တွင် လိမ်းပေးလိုက်လေသည်။ အမှန်ပင်။ ၁၅မိနစ်ခန့် ကြာပြီးနောက် နီရဲ ရောင်ယမ်းကာ နာကျင်မှုတို့ သိသိသာသာ သက်သွားတော့သည်။ ယွဲ့ဝမ်ဝေ့ အငိုတိတ်သွားသည်ကို တွေ့လိုက်မှ အဘွားချန်နှင့် ချွေးမတို့မှာ အသက်ရှူချောင်သွားတော့သည်.

သူ သက်သာသွားပြီကို တွေ့လိုက်ရသဖြင့် သမားတော်မာက သတိထားရန် အချက်များကို အကြံပေးလိုက်လေသည်။

“အိမ်ပြန်သွားလို့ နာနေသေးရင် ဆပ်ပြာရည်နဲ့ ပွတ်ဆေးလိုက်နော်၊ အခုက ခူစိမ်းထွက်တဲ့ရာသီဆိုတော့ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်မှရမယ်၊ သူ့ဆူးက ကြောက်ဖို့ကောင်းတယ်၊ လူကို သေတောင်သေစေနိုင်တယ်နော်”

ယောက္ခမနှင့် ချွေးမတို့သည် အစက သူတို့ကလေးကို သမားတော်ထံ လာပြခြင်းဖြစ်၏။ သမားတော်က ဩဝါဒချွေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ အထူးသဖြင့် အဘွားချန်ပင်။ သူမက အဘယ်ကြောင့် ဤသို့ ဆက်ဆံခံရပါမည်နည်း။ သူမမြေးလေး၏ အခြေအနေကြောင့် ပြန်ကောင်းလာသည့် သူမ၏မျက်နှာထားသည် ညိုမည်းလာတော့သည်။ ခပ်ရေးရေး ပြန်တုံ့ပြန်လိုက်ပြီး ဆေးဝါးခမပေးဘဲ ထွက်သွားတော့သည်။

အဘွားချန် ထွက်သွားသည်ကို ကြည့်ရင်း သမားတော်မာ၏ဇနီးသည် ရိုင်းရိုင်းစိုင်းစိုင်း ‘ဖွီး’ခနဲ ထွေးထုတ်လိုက်တော့သည်။

“ တကယ်တည်း ရှင် မကုပေးလိုက်သင့်တာ၊ သူ ဆူးစူးခံရသင့်တယ်၊ ပြီးခဲ့တဲ့အခေါက်တုန်းကဆို ယိုကျင့်နဲ့ ကောင်မလေးတွေက အရမ်းသိတတ်တာပဲ၊ တကယ် မကောင်းတဲ့ဝါး၊ ကောင်းတဲ့မျှစ်စို့လေးတွေ ထွက်လာရတယ်လို့”

ခြံထဲတွင် ဆေးများ ညှပ်ရင်း ထိုင်နေသည့် သမားတော်မာဘက် လှည့်ပြောလိုက်ပြန်သည်။

“ရှင် သူ့ကို ဆူးစူးလို့ ပေးသေလိုက်ရင်တောင် ခံသင့်တယ်၊ ကျွန်မတို့က စေတနာနဲ့တေောင် ပြောလို့ မရဘူးလား၊ သူ့ကိုယ်သူများ ကောင်းကင်ဘုံးက မယ်တော်ကြီးလို့ တကယ်ထင်နေတာလား”

သမားတော်မာသည် သူ့လက်ထဲက ဆေးမြစ်များကို ချကာ သက်ပြင်းချလိုက်ပြီး

“ သမားတော်ဆိုတာ မိဘစိတ်မွေးရမယ်လေ၊ လူနာက လူနာပဲ၊ သူတို့မှာ ဘယ်လိုအကျင့်စရိုက်ပဲ ရှိရှိ သမားတော်ရဲ့ ဝတ္တရားက အသက်ကို ကယ်ဖို့နဲ့ ဒဏ်ရာတွေကို ကုသပေးဖို့၊ အဲအကြောင်းမပြောနဲ့တော့၊ စားဖို့လေး ပြင်တော့၊ နေ့တစ်ဝက်လောက် တောင်ပေါ်တက်ပြီး ဆေးရွက်တွေ ခူးရအုံးမယ်၊ ဗိုက်ဆာနေပြီ”

အမျိုးသမီးလင်က သူ့အား စိတ်ဆိုးဆိုးဖြင့် မျက်စောင်းထိုးလိုက်လေသည်။

“ ရှင်ပဲတတ်နိုင်တယ်”

သို့တိုင် သူမသည် သူ့အတွက် မြန်မြန်ဆန်ဆန် ချက်ပြုတ်ပေးလိုက်လေသည်။

ဥခိုးသည့်ကိစ္စနှင့် ဘာသက်သေမှ ရှာမတွေ့သည့်အတွက် အဘွားချန်သည် ယိုကျင့်ကို အနည်းငယ် စိတ်ပူနေလေသည်။ ယွဲ့ဝမ်ဝေ့မှာ သစ်သီးခါးကို ကိုက်စားပြီး ဗိုက်ထဲ မျိုချလိုက်ရတော့သည်။ ခူစိမ်းကောင်ကြောင့် ယိုကျူး၏ မျက်နှာပေါ်တွင် အမာရွတ်ပါးပါးလေးသာ ကျန်ခဲ့ပြီး ထိုမုန်တိုင်းမှာ ငြိမ်သက်စွာ ပြီးဆုံးသွားတော့သည်။

***

ချွေ့ဖုန်းရွာ၏အနောက်ဘက် ၃-၄ကီလိုမီတာအကွာတွင် လျိုထင်မြို့ရှိသည်။ မြို့တွင် ၂ နှင့် ၆ ဂဏန်းဆုံးသည့်နေ့တိုင်း စျေးတစ်ခု ဖွင့်သည်။ ထို့ကြောင့် လတိုင်း ၂ရက်၊ ၆ရက်၊ ၁၂ရက်၊ ၁၆ရက် ၊ ၂၂ရက်နှင့် ၂၆ရက်များတွင် စျေးရှိလေသည်။( စကားချပ် ။ ။ ရှမ်းပြည်ဘက်မှာဆို ငါးရက်စျေးလို့ ခေါ်တာပေါ့နော်) စျေးနေ့တွင် မြို့ပတ်ဝန်းကျင်မှ ရွာများကလူများသည် စုဆောင်းထားသည့် သူတို့၏ ဥများ၊ လတ်လတ်ဆတ်ဆတ် အသီး၊ ဟင်းသီးဟင်းရွက်များကို စျေးတွင် လာရောက် ရောင်းချကြလေသည်။ တကယ်တော့ ထိုသစ်သီး ဟင်းသီးဟင်းရွက်များသည် ကိုယ်ပိုင် ခြံထွက်ပစ္စည်းများ ဖြစ်ကြသည်။ ခြံထွက်ပစ္စည်းများကို ရောင်းလို့ရသည်ကပင် အံ့ဩစရာ။

ယခုတော့ ယွဲ့မိသားစုက ငွေအမြောက်အများ သုံးလိုက်ပြီးဖြစ်ရာ အဘွားချန်သည် အိမ်တွင် ငွေများ စုဆောင်းနိုင်ရန် ဥများကို ရောင်းချရတော့သည်။ ထိုနေ့က ညနေစာစားပွဲဝိုင်းတွင် အဘွားချန်က အမျိုးသမီးချန်ကို ပြောနေလေသည်။

“ သန်ဘက်ခါ ၂၆ရက်နေ့ပဲ၊ အဲနေ့ကျရင် ဥတွေနဲ့ ငါလုပ်ထားတဲ့ ဖိနပ်အောက်ခံတွေကို ယူသွားပြီး စျေးမှာ သွားရောင်းချည်၊ နည်းနည်းပါးပါးတော့ ကာမိမှာပါ”

အမျိုးသမီးချန်က ခေါင်းညိတ်လိုက်၏။

“ အင်းပါ အမေ စိတ်မပူနဲ့နော်”

အိမ်က ဥများနှင့် အဘွားချန်လုပ်ထားသည့် ဖိနပ်အောက်ခံများကို စဥ်းစားလိုက်ပြီးနောက် ရောင်းလို့ရနိုင်မဲ့ ပိုက်ကွန်ငယ်လေးများကို ပစ္စည်လေးများကို လုပ်လိုက်လိုက်လျှင် ရလာနိုင်မည့် ငွေပမာဏကို အမျိုးသမီးချန် စဥ်းစားလိုက်တော့သည်။

အဘွားချန်သည် အမျိုးသမီးချန်ကို တစ်ချက်ကြည့်လိုကြီး သူမ ဘာတွေးနေသည်ကို သိလိုက်လေသည်။ တူဖြင့် ထမင်းကိုယူကာ ပါးစပ်ထဲထည့်ဝါးလိုက်၏။ သူမသည် အမျိုးသမီးချန်ကို ဣန္ဒြေနှင့် ကြည့်ကာ ပြောလိုက်လေသည်။

“သန်ဘက်ခါကျရင် ငါနင့်နဲ့ လိုက်ခဲ့မယ်”

အရင်က မိသားစုအခြေအနေသည် များစွာပိုကောင်းလေသည်။ အမျိုးသမီးချန်က သူမ၏တူမအရင်း ဖြစ်သဖြင့် ငွေတစ်စ နှစ်စယူထားလိုက်လည်း အရေးမကြီးပေ။ ဒါပေမဲ့ အခုတော့ အိမ်မှာ ငွေပြတ်လပ်နေပြီဆိုတော့ သူမက ချွေးမ တူမဖြစ်နေအုံးတော့ တခြားသူကို ဘယ်လိုလုပ်ပြီး အလကားပေးနိုင်တော့မှာလဲ။

အမျိုးသမီးချန်သည် အဘွားချန်၏ ရုတ်တရက်ရွှေ့ကွက်ကြောင့် အနည်းငယ်စိတ်ရှုပ်သွားတော့သည်။ သို့သော် သူချက်ချင်း သတိထားလိုက်ပြီး

“ အမေရ် ခရီးကအဝေးကြီး၊ အပင်ပန်းခံစရာမလိုပါဘူး၊ ကျွန်မ ပစ္စည်းတွေကို စျေးကောင်းရအောင် ရောင်းနိုင်ပါတယ်”

သူမ မျက်နှာချိုသွေးကာ အဘွားချန်ကို ချော့မော့နေသော်လည်း သူမ၏စိတ်ထဲတွင်တော့ စိုးရိမ်တကြီး မဲ့ရွဲ့နေတော့သည်။ အဘွားချန်က သူမအနှင့်အတူ စျေးလိုက်ခဲ့မည်ကို စိုးရိမ်နေတော့သည်။

သို့သော် သူမ၏သေးငယ်လှသည့်စိတ်ကူးများက နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သည့် မြေခွေးအိုမကြီး အဘွားချန်လက်ထဲမှ အဘယ်သို့ လွတ်မြောက်နိုင်ပါမည်နည်း။ စျေးသွားမည့်ကိစ္စကို အဘွားချန်ကသာ ဆုံးဖြတ်လိုက်လေသည်။

“ နင် ဘာမှ စဥ်းစားပေးမနေနဲ့တော့၊ ဆုံးဖြတ်ပြီးပြီ၊ သန်ဘက်ခါကျရင် ငါနင်နဲ့လိုက်ခဲ့မယ်”

အမျိုးသမီးချန်မှာ တော်တော်စိတ်ညစ်သွားတော့သည်။ ဘေးတွင် တိတ်ဆိတ်စွာ စားသောက်နေသည့် ယိုကျင့်ကတော့ အလွန်ပျော်သွားတော့သည်။ အရင်က အမျိုးသမီးစုသည် ယွဲမိသားစုက ထွက်သွားဖို့ရာ တွန့်ဆုတ်နေပြီး သူမကလည်း စျေးသွားဖို့ အခွင့်အရေးမရှိခဲ့ချေ။ အခုတော့ အမျိုးသမီးစုသည် ယွဲ့မိသားစုမှ ထွက်သွားချင်စိတ်ဖြစ်လာသဖြင့် ပထမဆုံးဖြေရှင်းရမည့်အရာမှာ ငွေပြဿနာဖြစ်တော့သည်။

သို့သော်ငြား အဘွားချန်နှင့် အမျိုးသမီးချန်တို့က အိမ်ကို ဆက်တိုက်စောင့်ကြည့်နေကြပြီး သူမမှာလည်း နေ့တိုင်း လုပ်စရာအများအပြား ရှိခဲ့လေသည်။ ယခု အဘွားချန်နှင့် အမျိုးသမီးချန်တို့က စျေးအတူတူ သွားကြမည်ဆိုတော့ သူမကိုယ်တိုင်အတွက်လည်း ကိုယ်ပိုင်ငွေစုဆောင်းရန် အခွင့်အရေးတစ်ခု ဖန်းတီးပေးလိုက်ခြင်း မဟုတ်ပါလား။

ယိုကျင့်စဥ်းစားထားသည့် နည်းလမ်းမှာ ရစ်ငှက်များနှင့် ယုန်များကို ဖမ်းကာ ရောင်းရန်ဖြစ်လေသည်။ ယခုကာလသည့် ရွှေရောင်ဆောင်းဦးကာလဖြစ်လေသည်။ ချွေ့ဖုန်းတောင်သည့် ကျယ်ပြန့်သည့် ကုန်းမြေထု တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သဘာဝအလျောက် ရစ်ငှက်နှင့် ယုန် များစွာရှိလေသည်။ ယိုကျင့်သည် ယုန်တွင်းတစ်ခုကို မီးခိုးမှိုင်းတိုက်ပြီး ယုန်များကို ထွက်လာအောင် လုပ်ရမည်မှာ ပြောရန်ပင် မလိုချေ။

အမျိုးသမီးစုက သူမ ငွေရှာချင်သည်ဟု ပြောလာတော့ စိုးရိမ်မိလေသည်။

“ သမီးက ပိုက်ဆံရှာဖို့ ဘယ်လိုစိတ်ကူးထားလို့လဲ”

စိတ်ကူးသ သမီးဖြစ်သူအတွက် စွန့်စားရမည့်ဟာမျိုးဆိုလျှင် အမျိုးသမီးစု သေချာပေါက် ငြင်းရလိမ့်မည်။

ယိုကျင့်က ငုံ့ကာ လေသံဖြင့် ပြောလိုက်၏။

“ အမေ မေ့သွားပြီလား၊ သမီး ရစ်ငှက်တွေ ဖမ်းတတ်တယ်လေ၊ နောက်နှစ်ရက်လောက် တောင်ပေါ်မယ်၊ ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင်ပဲ ဖမ်းနိုင်တယ်ဆိုရင်တောင် ငွေစတချို့နဲ့ ရောင်းလို့ရတယ်လေ ဟုတ်တယ်မလား၊ ဒါက အဘွားနဲ့ ကြီးတော်တို့ အိမ်မရှိတဲ့ ရှားရှားပါးပါး အခွင့်အရေးပဲ၊ သမီးတို့ ဒီအခွင့်အရေးကို အသုံးချပြီး ငွေမရှာရင် ယွဲ့မိသားစုအိမ်က ထွက်သွားပြီးနောက်ပိုင်း ဘယ်လို နေထိုင်လို့ရမှာလဲ”

သမီးဖြစ်သူ၏စကားကို ကြားလိုက်တော့ အမျိုးသမီးစု၏ မျက်လုံးများသည် အနည်းငယ် နီရဲလာတော့သည်။ စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားပြီး

“ကျင့်အာ အမေတို့ မထွက်သွားကြတော့ရင်ကော”

ချွေ့ဖုန်းတောင်သည် အစောပိုင်းနှစ်များတွင် ကျားများ ကျက်စားရနေရာဖြစ်ခဲ့လေသည်။ သမီးဖြစ်သူ အသက်ဆုံးရှုံးရလျှင် သူမ မည်သို့ခံစားနိုင်ပါမည်နည်း။

‘အမေရယ် စန်းကျဲရဲ့ စကားကိုပဲ နားထောင်လိုက်ပါနော်”

ယိုကျင့် အထဲဝင်ကာ အမျိုးသမီးစုနှင့် စကားသွားပြောသည်ကို မြင်လိုက်တော့ သိလိုစိတ်ဖြင့် ယိုကျူးက အရင် ခိုးနားထောင်နေလိုက်သည်။ ထို့နောက် သူမက ယိုရင်နှင့် ယိုပေါင်ကို လက်ယက်ခေါ်လိုက်၏။ စန်းကျဲက အားလုံးကို ယွဲ့အိမ်တော်မှ ခေါ်သွားမည်ဟု ကြားလိုက်သည်တွင် ညီအစ်မသုံးယောက်၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားတော့သည်။ သို့သော် သူမ အမေက ထွက်မသွားချင်သည် အမူအရာများဖြစ်သဖြင့် စိတ်မြန်သည့်ယိုကျူးက ခန်းဆီးကို ပင့်ကာ အမြန်ဝင်လာတော့သည်။

ယိုရင်နှင့် ယိုပေါင်က ယိုကျူးအရင်ဆုံး ပြေးဝင်သွားသည်ကို မြင်လိုက်တော့ သူတို့နှစ်ယောက်လည်း အပြန်အလှန်ကြည့်လိုက်ကြပြီး လိုက်ဝင်သွားတော့သည်။

“ အမေ စန်းကျဲရဲ့စကားကို နားထောင်လိုက်ပါနော်”

အမျိုသမီးစုသည် သမီးတချို့က ယွဲ့အိမ်တော်မှ ထွက်သွားချင်စိတ် ပြင်းပြနေသည်ကို လုံးဝမျှော်လင့်မထားခဲ့ချေ။ မတတ်သာတော့ဘဲ အနည်းငယ် နားချလိုက်တော့သည်။

“ သမီးတို့က ငယ်ကြသေးတယ်လေ၊ အမေတို့ ယွဲ့အိမ်တော်က ထွက်သွားရင် အစားအသောက် အဝတ်အစား လုံလုံလောက်လောက် ရှိဖို့က ပြဿနာမဟုတ်ဘူး၊ အမေတို့ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ”

အမျိုးသမီးစု၏ စကားကိုကြားလိုက်ပြီးနောက် စိတ်ပျော့သည့်ယိုရင်နှင့် ယိုပေါင်တို့၏မျက်နှာပေါ်တွင် တစ်နည်းနည်းဖြင့် တွေဝေစိတ်များပေါ်လာတော့သည်။ သို့သော် ပြတ်သားသည့်ယိုကျူးကတော့ ထိုသို့မတွေးချေ။

“ အမေ တကယ်လို့ သမီးတို့ ယွဲ့အိမ်က ထွက်သွားရင် သမီးက စန်းကျဲနဲ့အတူတူ အားလုံးကို ကာကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့ ယွဲ့အိမ်တော်မှာပဲ ဆက်နေရမယ်ဆိုရင် သမီးတို့တွေ တကယ်ပဲ ကောင်းကောင်း နေနိုင်ပါ့မလားဟင်၊ အဖေက သမီးတို့ကို ရိုက်ဖို့လောက်ပဲသိတယ်၊ အစားအသောက်လဲ ဝဝလင်လင်မစားရဘူး၊ လူတိုင်း အမိန့်ပေးတာပဲ ခံနေရတယ်၊ သမီးတို့က ရွာပြင်မှာ လျှောက်သွားနေတဲ့ ခွေးရိုင်းတွေထက်တောင် ဆိုးသေးတယ်”

သူမက အမျိုးသမီးစုကို လေးလေးနက်နက် စိုက်ကြည့်ကာ တိုးတိုးလေး ဆက်ပြောလိုက်ပြန်သည်။

“ ဒီလိုဆိုမှတော့ သမီးလညး ခွေးရိုင်းတစ်ကောင်ပဲ လုပ်လိုက်တော့မယ်”

ယိုကျူးစကားကို စကားကို နားထောင်လိုက်ပြီးနောက် မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာနေသည့် ယိုရင်နှင့် ယိုပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးစု အံ့ဩသွားတော့သည်။ သူမ၏သမီးများသည် အကောင်းအဆိုးကို ခွဲခြားတတ်နေပြီပဲ။ ထိုအခါမှ အမျိုးသမီးစုသည် သူမ၏ သမီးဖြစ်သူများနှင့်ပင် မယှဥ်နိုင်ကြောင်း ခံစားမိသွားတော့သည်။ သမီးများက နောက်ကျသည်က လုံးဝမလုပ်သည်ထက်စာလျှင် ပိုကောင်းမှန်းနားလည်ကြပြီး လမ်းခွဲချိန်တန်လျှင် လမ်းခွဲရဲကြသည်။ သူမ သူမကတော့ဖြင့် နှစ်ပေါင်းများစွာ တခြားလူများကို ကိုယ်တိုင် အနိုင်ကျင့်ခွင့်ပေးထားခဲ့သည်။ မပြတ်မသား ဖြစ်နေသည်ကိုက အရှုံးတစ်ခုပင်။

အမျိုးသမီးစုသည် မျက်လုံးများ အနည်းငယ်နီရဲသွားပြီး အတွေးများက စိတ်ထဲတွင် ပြေးလွှားနေလေသည်။ ခဏကြာပြီးနောက် သူမ ခပ်လေးလေး ခေါင်းညိတ်လိုက်တော့သည်။

“ အင်းပါ ဒီတစ်ခါတော့ အမေ သမီးတို့စကားကို နားထောင်လိုက်မယ်”

“တကယ်နော်”

ညီအစ်မသုံးယောက်သည် အမျိုးသမီးစု၏အိပ်ရာပေါ်သို့ ပျော်ရွှင်စွာ ပြေးတက်သွားကြတော့သည်။ သူတို့သည် ပျော်ရွှင်စွာဖြင့် လက်လေးများကို ထုတ်ကာ အမျိုးသမီးစု၏ဗိုက်အား ညင်ညင်သာသာ ပွတ်ပေးနေကြတော့သည်။

“ အမေက အရမ်းအံ့ဩစရာကောင်းတာပဲ”

ယိုကျင့်လည်း စိတ်အေးသွားတော့သည်။ အမျိုးသမီးစုက မျှော်လင့်ချက်မဲ့နေတဲ့ ပုံတော့ မဟုတ်လေဘူး။ သူမစိတ်ထဲမှာ ဒီကလေးတွေရှိနေသ၍ ယွဲ့မိသားစုကနေ ထွက်သွားဖို့ ဖြစ်နိုင်ခြေက နောက်အဆင့်တစ်ခု တက်သွားလိမ့်မယ်။

အမျိုးသမီးစုက ယိုကျင့်အတွက် အဝတ်အစားတချို့ကို ယောက်ျားဝတ် အဝတ်အစားများအဖြစ် ပြောင်းချုပ်ပေးဖို့ သဘောတူလိုက်လေသည်။ နောက်တစ်နေ့ညတွင် ယိုကျင့် အဝတ်အစားလဲပြီး မီးခိုးရောင် ဦးထုပ်တစ်လုံးကို ဆောင်းလိုက်သည်။ သူမသည် လယ်သမားမိသားစုက ပိန်ပိန်သေးသေးကောင်လေးတစ်ယောက်နှင့် တစ်ပုံစံထဲပင်။ ယိုကျင့်သည် သည်အဝတ်အစားကို အလွန်စိတ်တိုင်းကျနေတော့သည်။

“ အောင်မြင်သွားပြီ၊ ဒါဆို သန်ဘက်ခါကျရင် စျေးသွားတဲ့အခါ သမီး ဒီလိုပုံစံဝတ်သွားရမယ်”

…

အပိုင်း (၂၁) ဈေးထဲသို့ သွားရောက်ခြင်း(၁)

အဘွားချန်နှင့် အခြားလူများသည် နှစ်ဆယ့်ခြောက်ရက်မြောက်နေ့၌ ဈေးထဲသို့ သွားရောက်မည် ဖြစ်သည့်အတွက် ယိုကျင့်သည်လည်း သေချာပေါက် သွားရမည်ဖြစ်သည်။ သို့သော် ယိုကျင့်သည် အဘွားချန်တို့ထက် စောစောသွားကာ စောစောပြန်လာရမည်။ လူကြီးများ မရှိသည့် နှစ်ရက်တာကို အခွင့်အရေးယူကာ သူမသည် လူသူအသွားနည်းသည့် တောင်အတွင်းပိုင်းသို့ တစ်‌ယောက်တည်းသွားကာ ကြိုးများဖြင့် ထောင်ချောက်ချထားလိုက်သည်။ အမျိုးသမီးစုသည် သူမအတွက် အိတ်တစ်လုံး ချုပ်လုပ်ပေးလိုက်သည်။ ယိုကျင့်သည် ထိုမီးကျွမ်းထားသော ယုန်မွေးများဖြင့် ချုပ်ထားသော ကြီးမားသည့် အကြမ်းထည်အိတ်ကြီးကို လွယ်ထားလေသည်။

ဗလာဖြစ်နေသော ကြိမ်ခြင်းကို နောက်၌လွယ်ကာ ဝါးလုံးတစ်ချောင်းဖြင့် လမ်းတစ်လျှောက် ရှင်းလင်းလာလေသည်။ လမ်းတစ်လျှောက်၌ သူမချခဲ့သော ထောင်ချောက်များကို တစ်ခုပြီးတစ်ခု ရှာလိုက်သည်။ တောကြက်အသိုက်တစ်ခု၌ ဥများစွာကို ရှာတွေ့လေသည်။ အကျိုးရှိသည့် အမဲလိုက်ခြင်းပင် ဖြစ်ပေသည်။

မနေ့က ချထားသော ထောင်ချောက်အဆုံးသို့ မရောက်ခင်၌ တောင်ပံခတ်သံအချို့ကို သူမကြားလိုက်သည်။ သူမသည် ရုတ်တရက် အားအင်ပြည့်လာလေသည်။

“ဖမ်းမိပြီကွ” လူသုံးယောက်စာရှိသည့် သစ်မာပင်ကြီး၌ အမွှေးအရောင် စုံလင်နေသော တောင်ပံအား တဖျက်ဖျက်ခတ်ကာ ခြေထောက်ရှိ ကြိုးထုံးကို ဖြည်ရန်ကြိုးပမ်းနေလေသည်။ သို့သော် ကြိုးထုံးသည် ယိုကျင့်ရောက်လာသည်အထိ မပြေသေးပေ။

အကောင်ကြီးမှန်း သိလိုက်ရသောအခါ ယိုကျင့်၏မျက်၀န်းသည် အံ့ဩမှုများဖြင့် လင်းဖြာနေလေသည်။ တောကြက်လွတ်ခါနီး၌ သူမသည် အမြန်ဖမ်းယူလိုက်ကာ နွယ်ကြီးတစ်ခုဖြင့် ရစ်ပတ်ပြီး ဖမ်းချုပ်ထားလိုက်သည်။ ထို့နောက် သုံးလေးကျင်းရှိသည့် ကြက်ကြီးအား ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ကာ မနေ့ကထောင်ခဲ့သော အခြားထောင်ချောက်များကို ကြည့်ရန် ထွက်လာခဲ့သည်။

ယနေ့ အမဲလိုက်ရသည်မှာ ကံကောင်းလှပေသည်။ သူမသည် ကြိုးထုံးဆယ့်သုံးခု ချခဲ့လေရာ တောကြက်လေးကောင်နှင့် ယုန်နှစ်ကောင်ရခဲ့ပေသည်။ ရစ်ငှက်နှင့် ယုန်အသေးများကြောင့် ခြင်းပြည့်သွားပေသည်။ ယိုကျင့်သည် သီးချင်းသည်းရင်း လျှောက်လာကာ လှောင်အိမ်အသေးလေးကို တွေ့လိုက်သည်။

ရစ်ငှက်နှင့် ယုန်များကို အမျိုးသမီးစု ချုပ်ပေးခဲ့သည့် အိတ်ထဲသို့ထည့်ကာ သားကောင်များကို လှောင်ချိုင့်ထဲသို့ ထည့်လိုက်သည်။ အဆုံးသတ်၌ သစ်ကိုင်းများနှင့် အရွက်ကြီးများကိုချိုးယူကာ လှောင်ချိုင့်၌ ဖုံးလိုက်လေသည်။ အပြင်မှကြည့်၍ မမြင်ရကြောင်း သေချာသည်နှင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ထို့နောက် လက်ကိုအသာအယာခါချကာ ၀က်စာစုပြီး အိမ်သို့ပြန်လိုက်သည်။

မိသားစုအား ယွဲ့မိသားစုမှ ထွက်ခွာမည့် ယိုကျင့်၏ဆန္ဒသည် ညီမများကြား၌ပင် လျှို့ဝှက်ထားခဲ့သည်။ အစ်မဖြစ်သူသည် တောင်ပေါ်သို့ ပစ္စည်းများရှာကာ ငွေနှင့် လဲလှယ်မည်ဖြစ်ကြောင်း အကုန်သိကြလေသည်။ ထို့ကြောင့် ညီအစ်မများသည် တံခါးရှေ့၌ တန်းစီထိုင်နေကြကာ အပြင်ဘက်သို့ မော့ကြည့်နေကြလေသည်။ ခြံတံခါးဖွင့်သံကြားသည်နှင့် အကုန်လုံး စုံပြုံလာကြလေသည်။ “စန်းကျဲ”

ယိုကျူးသည် အလျင်စလို မေးလိုက်သည်။

“အစ်မ ဘယ်လိုလဲ” ယိုကျူးသည် ပါးစပ်သွက်သော်လည်း ပြောသင့်သည်နှင့် မပြောသင့်သည်ကို သိသေးသည်။ အဘိုးအဘွားများသည် ပင်မဆောင်၌ ရှိနေကာ အဒေါ်ကြီးနှင့် ၀မ်းကွဲအစ်မကြီးတို့သည် အရှေ့ခြံ၌ သူမတို့အား စောင့်ကြည့်နေကြသေးသည်။

သူမသည် ပြုံးလိုက်ကာ လက်ဆန့်ပြီး အနောက်ရှိခြင်းထဲသို့ နှိုက်ကာ ထုတ်ပိုးထားသည့် သစ်ရွက်ကို ထုတ်လိုက်သည်။ ဖွင့်လိုက်သောအခါ တည်သီးအခိုင်လိုက် ထွက်ပေါ်လာလေသည်။ ညီမများကို ခွဲဝေပေးကာ တဖွဖွ ပြောလေသည်။ “ထပ်ရှိသေးတယ် မပူနဲ့”

ယိုကျင့်၏အပြောကြောင့် အကြောင်းအရာအစုံ သိသည့် ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် စိတ်အေးသက်သာစွာ ပြုံးလိုက်သည်။ အပူပင်ကင်းသည့် ယိုလင်၊ ယိုလော့နှင့် ယိုချောင်တို့မှာ အပျော်များဖြင့် ပြည့်နှက်နေလေသည်။ သို့သော် ဒုတိယမိသားစုလေး၏ အပျော်သည် မကြာရှည်လိုက်ပါချေ။ ရေအိမ်တက်ပြီး ပြန်လာခဲ့သော မြို့ကြီးသူလို ဟန်ဆောင်နေသည့် ယွဲ့ယိုထင်သည် မျက်မှောင်ကျုံ့ရင်း ပျော့ပျောင်းသည့် ချည်ထည်အင်္ကျီများ၀တ်ကာ လက်ကိုင်ပဝါလေးကာရင်း ကနွဲ့ကလျဖြင့် လျှောက်လာခဲ့သည်။

ဒုတိယမိသားစုမှ ကလေးများ ဆူညံနေကြ၍ ပျော်စရာတစ်ခုခုရှိမည်ဟု ထင်ခဲ့သည်။ ထိုအရာမှာ တည်သီးမှန်း သိလိုက်ရသောကြောင့် မျက်လုံးလှိမ့်ကာ ခနဲ့လိုက်သည်။

“တကယ်ပါပဲ။ လောကကြီးအကြောင်း မသိသေးတဲ့ လူတွေပဲ။ တည်သီးလေးအတွက်နဲ့ အဲ့လောက် ပျော်နေရလား။ အပြင်ထွက်ရင် ငါတို့ယွဲ့မိသားစုကလို့ မပြောနဲ့ မျက်နှာပျက်တယ်”

အပျော်များဖြင့် ပြည့်နှက်နေသည့် ညီအစ်မများသည် အစ်မကြီးဖြစ်သူ၏ ရှုတ်ချသော စကားကြောင့် ခေါင်းငုံ့ကာ ပြန်မပြောရဲကြချေ။ ယိုကျင့်သည် ထိုသို့ ပြောသူမှာ ယိုထင်ဖြစ်ကြောင်း သိသည်နှင့် သူမ၏အပြုံးမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းမျှ ပျောက်ကွယ်သွားလေပြီဖြစ်သည်။ ယိုထင်အား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်မတို့အကုန်လုံးက လောကကြီးအကြောင်း မသိသေးတဲ့ ကျေးလက်က မိန်းကလေးတွေပဲလေ။ သာ့ကျဲ ပညာသင်သားမိသားစုရဲ့ အကြီးဆုံးသခင်မလေးအနေနဲ့ ကျွန်မတို့နဲ့ စကားမပြောတာ ကောင်းပါတယ်။ အစ်မပါးစပ်တွေ နံဟောင်နေလိမ့်မယ်။ မဟုတ်ဘူးလား” ထို့နောက် ယိုကျင့်သည် ထူးဆန်းစွာ ပြုံးလိုက်သည်။

“အစ်မက ဒီနေ့လှလှပပ ၀တ်လာတာပဲ။ ကြွက်စုတ်လို၀တ်ထားတဲ့ ညီမတို့နဲ့ ဘယ်တူပါ့မလဲ။ ဒါနဲ့ ယင်ကောင်တွေ ပိုးဟပ်တွေ အစ်မပေါ် ခုန်တက်သွားရင် ညီမတို့ကို အပြစ်မပြောနဲ့နော်”

ယိုကျင့်၏ စကားများကြောင့် သူမသည် အညစ်အကြေးတစ်ခုကို ထိမိသကဲ့သို့ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ရင်း “အောက်တန်းစားတွေ” ဟု ဆဲဆိုရန်လည်း မမေ့ခဲ့ချေ။ ထို့နောက် ကိုယ့်ကိုကိုယ် တွန်းအားပေးကာ ယိုကျင့်၏ ရေခဲတမျှ အေးစက်သည့် အကြည့်များကို အာခံရင်း ဆိုလိုက်သည်။

“နင်တို့လို အဆင့်နိမ့်တဲ့လူတွေနဲ့ ပတ်သက်ရမှာတောင် ပျင်းသေးတယ် ဟမ့်” ထို့နောက် သူမ၏တင်ပါးကို လှုပ်လီလှုပ်လဲ့ဖြင့် အရှေ့ခြံထဲမှ ပြန်သွားတော့သည်။

အနိုင်မရသည့်ကြက်ဖက အမောက်ထောင်သကဲ့သို့ ပြုမူပြနေသည့် သူမ၏အပြုအမူကြောင့် ယိုကျင့်သည် မရယ်ဘဲ မနေနိုင်ချေ။ ယွဲ့ယိုထင်သည် သူမကိုယ်သူမ အရာထမ်းမိသားစု၏ သခင်မလေးအဖြစ် ထင်မှတ်နေသည်ပင်။ ထိုသို့ မဖြစ်သေးသော်လည်း သူမ၏ခေါင်းထဲ၌ ထိုအတွေးများနှင့် ပြည့်‌နှက်နေပေသည်။ ယိုထင်၏အစ်ကိုနှစ်ယောက်သာ ကံကောင်း၍ ရာထူးအာဏာ ရရှိပါက မိုးပေါ်မြှောက်တင်ပေးသကဲ့သို့ မော်ကြွားနေလိမ့်မည်။

ညီမဖြစ်သူများကို အနောက်ခြံ၀န်းထဲသို့ ခေါ်သွားပြီးနောက် အမျိုးသမီးစုအား ယနေ့ အဖြစ်အပျက်များကို ရှင်းပြကာ ညီမများအား သေချာမှာကြားလိုက်သည်။

“နောက်တစ်နေ့ကျ တောကြက်တွေနဲ့ ဖမ်းမိထားတဲ့ သားကောင်အသေးတွေကို ရောင်းဖို့ အစ်မမြို့ထဲကို သွားရမယ်။ အဲဒါတွေနဲ့ ငွေနည်းနည်းတော့ ရမှာပါ။ မင်းတို့တွေ အိမ်မှာနေခဲ့။ တကယ်လို့ အဘွားနဲ့အဒေါ်တို့ အိမ်ကိုစောစောပြန်ရောက်ခဲ့ရင် ယိုကျူးက အစ်မကို ချွေ့ဖုန်းတောင်ခြေနားက သစ်ပင်မှာ စောင့်နေနော်။ နားလည်လား”

အရာအားလုံးအား အလျဉ်းသင့်သလို စီစဉ်ပြီး နောက်နေ့၌ ယိုကျင့်သည် ရစ်ငှက်နှင့်ယုန်ပေါက်များ ဖမ်းရန် တောင်ပေါ်သို့ တက်ခဲ့သည်။ ယခုနှစ်များတွင် ချွေ့ဖုန်းတောင်၌ တောလိုက်မည့်သူများ မရှိခြင်းကြောင့် ထိုတောရိုင်းကောင်လေးများသည် လူသိပ်မကြောက်ကြပေ။ ထို့အတွက် ယိုကျင့်၏ထောင်ချောက်၌ အလွယ်တကူ ဖမ်းမိကြလေသည်။ ယိုကျင့်သည် ယနေ့ဖမ်းမိသော အကောင်များကို သိမ်းကာ မနေ့က သိမ်းခဲ့သည့်နေရာ၌ ဝှက်ခဲ့သည်။ မနက်ဖြန်မနက် ဈေးထဲသို့ သွားရောင်းရန်အတွက် စောင့်ဆိုင်းရန်သာ လိုတော့သည်။

.......

ဒုတိယမြောက်နေ့၏ မနက်အစောပိုင်း၌ ယိုကျင့်သည် အမျိုးသမီးစု ချုပ်ပေးထားသည့် အ၀တ်များကို အရင်၀တ်ကာ သူမ၀တ်နေကျ အ၀တ်အစားများအား အပေါ်မှ ထပ်လိုက်သည်။ သူမ၏ပုံသည် ဖောင်းပွပွဖြစ်နေသော်လည်း ဆောင်းတွင်၀င်၍ ရာသီဥတုအေးသောကြောင့် မည်သူမျှ သံသယမ၀င်ကြချေ။

ယိုကျင့်သည် အဘွားချန်တို့ရှေ့မှဖြတ်ကာ တောင်ပေါ်သို့ တည့်မတ်စွာ ဦးတည်သွားလေသည်။ အဘွားချန်နှင့် အိမ်ရှိလူများသည် ဈေး၌ ရောင်းရမည့် ကုန်ပစ္စည်းများကို ထုတ်ပိုးနေရသည့်အတွက် ယိုကျင့်၏ ထူးဆန်းမှုကို သတိမမူမိကြချေ။

ချွေ့ဖုန်း‌တောင်သို့သွားကာ သူမဝှက်ထားသည့် သားကောင်များကို ရှာလိုက်သည်။ ရှေးဦးစွာ သူမ၏ အ၀တ်များကို အတွင်းအပြင် လှယ်၀တ်လိုက်ပြီး တစ်ရက်နှစ်ရက်ကြာပြီဖြစ်သော တောကြက်နှင့် ရစ်ငှက်များကို ယူလာသည့် အိတ်အကြီးထဲ၌ထည့်ကာ ထိုလေးလံသည့်အိတ်ကို ကျော၌ လွယ်လိုက်သည်။ သူမသည် ချွေ့ဖုန်းတောင်ကို ပတ်ကာ ထိုတောင်၏အစွန်းထိလျှောက်ကာ လမ်းမကြီးပေါ်သို့ သွားရမည်ဖြစ်သည်။

မနက်အစော၌ တောင်ပေါ်ရှိ သစ်ကိုင်းများသည် မြူမှုန်များဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ကျောပေါ်ရှိ လေးလံကြီးမားသော အိတ်ကြီးကြောင့် ထိုကျဉ်းမြောင်းမတ်စောက်သည့် လမ်းကို တက်ရန် အခက်တွေ့နေလေသည်။ ယခင်က ထိုလမ်းမှ သွားဖူးသောကြောင့် ထိုလမ်းအတိုင်းသွားပါက တောင်၏တောင်ဘက်သို့ ရောက်မည်ဖြစ်ကြောင်း သိလေသည်။ နာရီ၀က်ကျော်ကြာပြီးနောက် ရွာငယ်လေး၏ တစ်ဖက်ခြမ်းရှိ လမ်းမကြီးပေါ်သို့ ရောက်ရှိလာပေသည်။ ထိုနေရာ၌ ခရီးသည်များအား ဈေး‌ပွဲတော်နေ့အတွက် လျှို့ထန်မြို့သို့ ပို့ဆောင်ရန် နွားလှည်းများရှိလေရာ တစ်ဦးကို ဒင်္ဂါးတပြား ကျသင့်မည်ဖြစ်သည်။

ယိုကျင့်သည် အချိန်စောထွက်လာခဲ့ရာ ချွေ့ဖုန်းရွာမှထွက်ကာ တောင်၏အရှေ့ဘက်ခြမ်းသို့ ရောက်ချိန်၌ မိုးသောက်ချိန်ရောက်နေပြီ ဖြစ်သည်။ သူမသည် လမ်းမကြီးပေါ်သို့ ရောက်ချိန်၌ နေမင်းသည် တ၀က်မျှ ပေါ်ထွက်နေလေပြီ။ အရှေ့ဘက်တောင်ကုန်းမှ ထိုမြင်ကွင်းကိုကြည့်လျှင် လောကကြီးသည် အသက်၀င်နေသယောင် ခံစားရပေသည်။

လမ်းမကြီးသို့ ရောက်သည်နှင့် လှည်းတစ်စီးမောင်းလာသည်ကို မြင်သောကြောင့် ယိုကျင့်သည် အမြန်လက်ပြ တားလိုက်ရ၏။ “ဦးလေး ကျွန်တော်လျှို့ထန်မြို့ကို သွားချင်လို့”

လှည်းသမားသည် ခေါ်သံကြားသောကြောင့် နွားလှည်းအား ဖြည်းညင်းစွာရပ်ရင်း ဇဝေဇဝါဖြစ်နေ၏။ ထို့နောက် ဖွံ့ဖြိုးဆဲကောင်လေးအား မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်လေသည်။ “ကောင်လေး ငါ့လှည်းကို စီးဖို့က ပိုက်ဆံလိုတယ်နော် မင်းမှာရှိလို့လား”

ယိုကျင့်သည် သူမ၏ကိုယ်ပေါ်၌ ဟိုရှာဒီရှာလုပ်ပြီးနောက် ဒင်္ဂါးတစ်ပြားကို ထိုဦးလေးအား ပေးလိုက်သည်။

“ကျွန်တော့်မှာ ပါတယ်” ထိုကလေး၌ ပိုက်ဆံရှိ၍ လှည်းသမားသည် ပျော်ရွှင်စွာပင် တက်ခွင့်ပေးလိုက်သည်။ ထိုအချိန်၌ လှည်းပေါ်တွင် အမျိုးသမီးနှစ်ဦးရှိလေရာ ယိုကျင့် လှည်းပေါ်တက်လာသည်ကို မြင်သည်နှင့် သူမအတွက် နေရာဖယ်ပေးလိုက်ကြသည်။

ယိုကျင့်သည် အပြုံးဖြင့် ကျေးဇူးတင်ကြောင်းပြကာ ထိုင်လိုက်သည်။ လှည်းသည်လည်း လုထန်မြို့သို့ ခရီးနှင်လေပြီ။

လှည်းထဲရှိ အမျိုးသမီးတစ်ဦးသည် ယိုကျင့်အား အပေါ်အောက် စုံဆန်ကြည့်ကာ နောက်ကျောရှိ အိတ်ကြီးကို သတိထားမိ၍ အပြုံးချိုချိုလေးဖြင့် မေးလိုက်သည်။ “ကလေး မင်းမိသားစုက လူကြီးတွေက ဘယ်လိုလူတွေပါလိမ့်။ မင်းလို ဖွံ့ဖြိုးစကလေးတွေက အိမ်မှာ အေးဆေးနားရမဲ့ဟာကို ဈေးကို တစ်ယောက်တည်းလွတ်လိုက်တာလား”

“ကျွန်တော့်အဖေက ချွေ့ဖုန်းတောင်ပေါ်က အမဲလိုက်တဲ့လူလေ။ အမေဆေးဖိုးရအောင်လို့ အဖေပစ္စည်းကောင်းကောင်းလေးရတိုင်း မြို့ထဲကဈေးမှာ လာရောင်းရတာပါ” ယိုကျင့်သည် မျက်တောင်ပင်မခတ်ဘဲ ပေါက်ပန်းလေးဆယ် လိမ်ပြောလေသည်။

“‌ဒီကအရီး ကျွန်တော့်ကို ပုံစံကြည့်ပြီး အထင်မသေးနဲ့နော်။ ကျွန်တောက် ဆယ့်နှစ်နှစ်ရှိပြီဗျ။ အဖေကပြောတယ် လူကြီးဖြစ်ပြီတဲ့”

ယိုကျင့်၏စကားများသည် အမျိုးသမီးနှစ်ဦးကို ရယ်မောစေသည်။

“မင်းလို အမွေးတောင် မပေါက်သေးတဲ့ ကလေးကများ လူကြီးလုပ်ချင်သေးတယ်” ယိုကျင့်သည် ရှက်ရွံ့စွာ ရယ်သွမ်းရင်း ထိုအမျိုးသမီးများဆီမှ သတင်းနှိုက်ကြည့်သည်။ “အရီးတို့ တောင်ပေါ်ပစ္စည်းတွေကို ဘယ်နေရာမှာ ကောင်းကောင်းရောင်းလို့ရလဲ သိလား။ ကျွန်တော်က လျှို့ထန်မြို့ကို ပထမဆုံးသွားမှာမလို့ပါ”

ရင်းနှီးဖော်ရွေခြင်းသည် ရွာသားများ၏ အထင်ကရပြယုဂ် ဖြစ်ပေသည်။ အမျိုးသမီးနှစ်ဦးသည် ယိုကျင့်ထိုသို့ မေးလာသည့်အတွက် သိသမျှကို ပြောပြလေသည်။

“ဒေါ်လေးတို့ကတော့ ဈေးပွဲတော်နေ့တိုင်း ဈေးအနောက်ဖက်ခြမ်းမှာ ရောင်းနေကြပဲ။ ဒါပေမဲ့ ဈေးကောင်းကောင်း လိုချင်ရင်တော့ စားသောက်ဆိုင်ကြီးတွေက စာဖိုမှူးတွေ လိုမလိုကို ကိုယ်တိုင်မေးမှပဲ ရမယ်”

လှည်းမောင်းနေသော ဦးလေးကြီးသည်လည်း နှင်တံနှင်ရင်းဖြင့် ၀င်ပြောလေသည်။

“ငါတို့မြို့မှာ ယူမာမီက တောင်ပေါ်ပစ္စည်းတွေ အ၀ယ်အများဆုံးပဲ။ အဲ့မှာလူကုန်ထံတွေ စားနေကြလေ။ ငါအမဲလိုက်တုန်းကလည်း အဲ့မှာပဲရောင်းခဲ့တာ။ သွားပြီး စမ်းကြည့်ပါလား”

ထိုသို့ကြားသည်နှင့် ယိုကျင့်သည် အမြန်ကျေးဇူးတင်လိုက်သည်။ “ဦးလေးရဲ့အကြံအတွက် ကျေးဇူးပါ။ မြို့ကိုရောက်တာနဲ့ သွားမေးကြည့်လိုက်ပါ့မယ်”

ယိုကျင့်သည် တောင်၏တောင်ဘက်စွန်းမှ ထွက်လာသော်လည်း မြို့ကိုရောက်ရန် နာရီ၀က်မျှ ကြာသေးသည်။ လှည်းဖြင့်သွားခြင်းက လူ၏ခြေထောက်နှစ်ဖက်ထက် ပိုမြန်ပေသေးသည်။ လှည်းရပ်သည်နှင့် ယိုကျင့်သည် အိတ်အကြီးကို ကျော၌လွယ်ကာ ထွက်လာခဲ့သည်။ မြို့ထဲသို့မသွားခင် လှည်းမောင်းသမားအား ကျေးဇူးတင်ကြောင်း ပြောလေသည်။

ယိုကျင့်သည် မြို့ပေါ်သို့ တက်လာသည်မှာ သုံးကြိမ်မြောက်ဖြစ်ကာ လျှို့ထန်မြို့သည် သေးငယ်လွန်းလှသည်။ ထို့အတွက် ယူမာမီစားသောက်ဆိုင်၏ အနောက်တံခါးကိုရှာရန် သူမအတွက် လွယ်ကူလွန်းလှသည်။

…

All Chapters