အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အပိုင်း (၂၂) စျေးသွားမယ် (၂)
စျေးနေ့တွင် ပတ်ဝန်းကျင်ရွာမှ ရွာသားများသည် အပ်နှင့်အပ်ချည်၊ သို့မဟုတ် တခြား တိုလီမုတ်စလေးများကို ဝယ်ကြလေသည်။ ထို့ကြောင့် လျိုထန်မြို့၏စျေးသည် အလွန်စည်ကားသည်ဟု ဆိုနိုင်လေသည်။ လူများသည် လမ်းတစ်လျှောက်တွင် မျက်နှာချေရောင်းသူ၊ မျက်လှည့်ကစားပြသူများနှင့် သူတောင်းစားများပင် ရှိလေသည်။ အရင်ကထပ်ပင် သူတောင်းစားများ ပိုများလေသည်။
ပထမဆုံးနှစ်ခေါက် ယိုကျင့်မြို့တက်လာချိန်က သူမသည် အလျင်လိုစလိုဖြစ်ခဲ့သည်။ ရှေးခေတ်ပွဲတော်၏ဘဝ နှင့် မီးရှူးမီးပန်းနံ့များကို အပြည့်အဝ မခံစားခဲ့ရချေ။ သည်နေ့တော့ သူမသည် ဘာမှမထူးခြားသကဲ့သို့ပင်။
ကျောပေါ်တွင် လေးလံသည့်ခြင်းတစ်ခုကို ပိုးထားပြီး ယူမာမီအခန်း၏ အနောက်ဖက် မီးဖိုတံခါးကို သွားခေါက်လိုက်၏။ ခဏကြာတော့ အနောက်တံခါးကို စောင့်ဖို့တာဝန်ကျသည့် ကောင်လေးက တံခါးလာဖွင့်ပေးလေသည်။ အစပိုင်းတွင် နေ့စဥ်ကုန်ကြမ်းပို့သည့်လယ်သမားဟု ထင်လိုက်လေသည်။ မျှော်လင့်မထားဘဲ ကြီးကောင်ဝင်လူငယ်လေးတစ်ယောက် ဖြစ်နေတော့သည်။ သူ့မျက်နှာတွင် အိုးဖင်က ကျက်ခိုးများကဲ့သို့ အရာများနှင့် သုတ်ထားလေသည်။ သူ့မျက်နှာကိုပင် ကောင်းကောင်း မမြင်ရချေ။ ထို့နောက် သူမေးလိုက်၏။
“ မင်း တံခါးလာခေါက်တာလား”
ပုံမှန်အားဖြင့် တည်းခိုခန်းများနှင့် စားသောက်ဆိုင်းများတွင် လူတချို့က မကြာခဏဆိုသို ပစ္စည်းများ လာရောင်းတတ်လေသည်။ ကောင်လေးက ထိုကိစ္စကို သိပြီးသားဖြစ်သည်။ ယိုကျင့်နောက်က တင်းကြပ်နေအောင်ဖုံးထားသည့် ဝါးခြင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး
“ မင်း ဘာသယ်လာတာလဲ”
ယိုကျင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆောင်ထားလိုက်ပြီး
“အစ်ကို ကျွန်တော် သယ်လာတာက ကျွန်တော့်အဖေ တောင်ပေါ်မှမိခဲ့တဲ့ ရစ်ငှက်နဲ့ယုန်တွေပါ၊ သူတို့တွေ အခုထိ အသက်ရှင်နေကြတုန်းပဲ တစ်ချက်လောက် ကြည့်ချင်လား”
ရစ်ငှက်နှင့် ယုန်ဟု ကြားလိုက်သည်နှင့် ကောင်လေးသည် စိတ်ဝင်စားသွားတော့သည်။
“ စျေးမပြောခင် အရင်ဆုံး ဖွင့်ပြပါအုံး”
ယခုအချိန်က ဆောင်းဦးနှောင်းပိုင်း ဖြစ်ပြီး ယူမာမီအခန်းသို့ စားသောက်ရန် လာကြသူများသည် နွေရာသီထပ် ပိုများလေသည်။ လျိုထန်မြို့အနီးတွင် မုဆိုးများများ စားစားမရှိချေ။ ထို့အပြင် နေ့စဥ် သူတို့ရရှိသည့် တောင်ပေါ်ပစ္စည်းများမှာ အကန့်အသတ်နှင့် ဖြစ်လေသည်။
ယိုကျင့်သည် သူ့အဖြေကို ကြားလိုက်ချိန်၌ မျှော်လင့်ချက်အရိပ်တစ်ခု ယှက်သန်းသွားတော့သည်။ ကျောပေါ်က ခြင်းအလေးကြီးကို မြန်မြန်ချလိုက်ပြီးနောက် ကောင်လေးရှေ့တွင် ဖုံးထားသည့် အဝတ်အိတ်ကြီးကို မ,လိုက်လေသည်။ ၇ကောင် ၈ကောင်လောက်ရှိသည့် တောကြက်များက တတော်တော်နှင့် အော်နေပြီး ပူးကပ်နေသည့် မီးခိုးရောင်ယုန်က ခြင်းထဲတွင် စုပုံနေလေသည်။
‘အဟီး’ ဟု ရယ်လိုက်ပြီး ကောင်လေးက ပြုံးဖြီးသွားတော့သည်။
“ မင်းတော်တော် တတ်နိုင်တဲ့ကောင်လေးပဲကွ၊ ဒီလောက်များတဲ့ ရစ်ငှက်နဲ့ ယုန်တွေကို မင်းရဲ့ပဲစေ့အရွယ် ခန္ဓာကိုယ်လေးနဲ့ မြို့အထိသယ်လာနိုင်တယ်သတဲ့”
သူသည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သည်တောင်ပေါ်ပစ္စည်းများကို အားတက်သရော စစ်ဆေးနေလေသည်။ အားလုံးက အရည်အသွေးကောင်းများဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထရပ်လိုက်ပြီးနောက် ယိုကျင့်ကို ပြောလိုက်၏။
“ ဒီမှာစောင့်နေ၊ ငါ စားဖိုဆောင်အတွက် တာဝန်ယူ ဝယ်ခြမ်းပေးရတဲ့ ဘဏ္ဍာထိန်းကို တောင်ပေါ်က ပစ္စည်းလိုသေးလား သွားမေးလိုက်အုံးမယ်”
ယိုကျင့် သူ့ကို ဝမ်းသာအားကျေးဇူးတင်လိုက်လေသည်။
“ ကျွန်တော် အစ်ကို့ကို ဒုက္ခပေးမိပါပြီ”
ယိုကျင့်သည် အစက ဤမျှလောက် ရိုးရှင်းမည် မထင်ထားချေ။ အံ့ဩစရာကောင်းလောက်အောင် ကိစ္စများက ချောမွေ့နေလေသည်။ အမှန်တွင်တော့ မုဆိုးအများစု လာပို့သည့် ရစ်ငှက်နှင့် တောယုန်များသည် ပစ်သတ်ခံထားရသည်က များလေသည်။ ယူမာမီအခန်းသို့ ရောက်လာချိန်တွင် ရစ်ငှက်သားများသည် မာသွားတော့သည်။ ယိုကျင့် လာပို့သည့် အသက်ရှင်နေသည့် ရစ်ငှက်များက သူတို့အတွက်တော့ ရှားရှားပါးပါးပင်။ ထို့ကြောင့် အလွန်ချောမွေ့နေခြင်းပင်။
ကောင်လေးဝင်သွားပြီး ၁၅မိနစ်တောင်မကြာလိုက်ချေ အနည်းငယ်ခပ်ဝဝ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်နှင့်အတူ ပြန်ထွက်လာ၏။
“ ဘဏ္ဍာထိန်း ဒီကလေးက တောင်ပေါ်က ပစ္စည်းလာရောင်းတာ”
တောက်ပသည့် မျက်လုံးတစ်စုံနှင့် ဘဏ္ဍာထိန်းက ယိုကျင့်ကို အကြိမ်ကြိမ် အကဲခတ် ကြည့်လိုက်လေသည်။ သူ့မုတ်ဆိတ်မွေးကို အကြိမ်အနည်းငယ် သပ်လိုက်ပြီး မေးလာ၏။
“ ကောင်လေး ဒီတောင်ပေါ်က ပစ္စည်းတွေကို မင်းဘယ်ကရခဲ့တာလဲ၊ စျေးကရော”
ယိုကျင့်သည် ရှေးခေတ်လူများအတိုင်း လိုက်တုလိုက်ပြီး လှိုက်လှိုက်လှဲလှဲဖြင့် ကိုယ်ကိုညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။
“ ကျွန်တော့်မိသားစုက ချွေ့ဖုန်းတောင်ပေါ်က မုဆိုးမိသားစုတစ်ခုပါ၊ ဒီတောင်ပေါ်က ပစ္စည်းတွေအားလုံးကို ကျွန်တော့်အဖေက ဖမ်းခဲ့တာပါ၊ ကျွန်တော့်အမေအိုကြီးက နေမကောင်းလို့ အဖေက ကျွန်တော့်ကို မြို့ပေါ်တက်ခိုင်းပြီး ပစ္စည်းတွေ လာရောင်းခိုင်းလိုက်တာပါ၊ အမေ့ကို သမားတော်နဲ့ ပြသနိုင်ဖို့ ကျွန်တော် ငွေစနည်းနည်းရမှဖြစ်မယ်”
သူမ စကားကို နားထောင်လိုက်ပြီးနောက် ဘဏ္ဍာထိန်းသည့် ဘာမှ ထပ်မမေးတော့ချေ။ ခြင်းပေါ်တွင် အုပ်ထားသည့် အဝတ်အိတ်ကြီးကို မ,ပြဖို့ အမူအရာ လုပ်ပြလိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်လေသည်။ နောက်ဆုံးတွင် သူသည် ရစ်ငှက် ၈ကောင်နှင့် တောယုန် ၄ကောင် ဝယ်သွားတော့သည်။
***
ယိုကျင့်သည် လာတုန်းကလောက် မလေးတော့သည့် ခြင်းကို ပေါ့ပေါ့ပါးပါး သယ်လာခဲ့သည်။ သူမ၏လက်ထဲတွင်တော့ မနေ့ညက အမျိုးသမီးစု ချုပ်ပေးလိုက်သည့် အိတ်သေးသေးလေးကို ကိုင်ထားလေသည်။ အိတ်ထဲတွင် တောင်ပေါ်ကပစ္စည်းများကို ရောင်းထားသည့် ငွေစများ ပါလေသည်။ ယိုကျင့်သည် သူမ၏နှလုံးများ တောက်လောင်နေသကဲ့သို့ ခံစားနေရတော့သည်။ ယူမာမီအခန်း၏ အနောက်တံခါးရှိရာ လမ်းကြားလေးမှ ထွက်လာပြီး အနောက်ဘက်စျေးတွင် စျေးနေ့တိုင်း ဆိုင်များ ခင်းတတ်သည့် နေရာသို့ လာခဲ့တော့သည်။ ယိုကျင့်၏ကျောပေါ်က ခြင်းထဲတွင် တောကြက်လေး နှစ်ကောင် ကျန်နေသေးသည်။ အနောက်ဖက်စျေး လူစည်နေတုန်းက သည်တောကြက်နှစ်ကောင်းကို ရောင်းလိုက်ချင်သည်။
ထင်ထားသည့်အတိုင်း အနောက်ဖက်စျေးသို့ ဝင်လာသည်နှင့် ဆိုင်ခန်းများခင်းကာ ရောင်းချနေသူများကို နေရာတိုင်းတွင် တွေ့ရလေသည်။ လူများသည့် ထေောင့်လေးတစ်ခုတွင် နေရာကျဥ်းကျဥ်းလေးတစ်ခု ရှာတွေ့သွားပြီး သေပြီးသားတောကြက် နှစ်ကောင်ကို ထုတ်ကာ မြေပေါ်တွင် ခင်းလိုက်လေသည်။
ဟိုသွားသည်သွားနှင့် ရောင်းနေကြသည့် ပျံကြစျေးသည်များကို ကြည့်လိုက်ပြီး ယိုကျင့် ပါးစပ်ဟလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့နေမိလေသည်။ ဘဝနှစ်ခု ရှင်သန်ခဲ့သူ တစ်ယောက်အနေဖြင့် ယိုကျင့်သည် လမ်းပေါ်တွင် စျေးရောင်းသည့်အလုပ်ကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ ထို့ကြောင့် ပါးစပ်မဟရဲသည်က အမှန်။
ယိုကျင့်က အော်ရောင်းတော့မည် ပြင်လိုက်စဥ် ချည်သားအဝတ်အစား ခပ်လတ်လတ် ဝတ်ဆင်ထားသည့် စျေးခြင်းတစ်ခုနှင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ရောက်လာပြီး
“ကောင်လေး ဒီတောကြက်တွေ ဘယ်လိုရောင်းလဲ”
စျေးဝယ်သူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်တော့ ယိုကျင့် ချက်ချင်း သတိပြန်ကပ်လိုက်၏။ သူမ ပြုံးကာ ပြန်ဖြေလိုက်လေသည်။
“ တစ်ကောင်ကို ပြားလေးဆယ်ပါ”
ဒါသည် အသက်ရှင်နေသည့် ရစ်ငှက်တစ်ကောင်စျေး၏ တဝက်နီးပါးဖြစ်လေသည်။ လျိုထန်မြို့တွင် အရည်အသွေးကောင်းသည့် ဝက်သားနှင့် အိမ်မွေးကြက်၊ ဘဲများသည် တစ်ပိဿာ ပြား၂၀ထက် ပိုပေးရသည။ သည့်တောကောင်က မွေးမြူရေးအသားများလို့ အလွယ်တကူ မရနိုင်ချေ။ ထို့ကြောင့် အိမ်မွေးကြက်များထက် စျေးပိုကြီးလေ့ရှိသည်။ အသက်ရှင်နေသည့်ရစ်ငှက်ကို တစ်ပိဿာလျှင် ကြေးပြားတော်တော်များများဖြင့် ရောင်းချနိုင်လေသည်။
သို့သော် မိန်းမကြီးက မျက်မှောင်ကျုံ့လိုက်ပြီး သေသည့် ရစ်ငှက်ကို ဆွဲကြည့်လိုက်၏။ သူမ၏လက်ကို ရွံသလိုလို ခါလိုက်ပြီး
“ ကောင်စုတ်လေး နင်ဒီစျေးတောင်းရဲတယ်နော်၊ ဒါက သေပြီးသား တောင်ပေါ်ကြက်တစ်ကောင်ပဲ၊ ကြေးပြား ပြား၅၀တောင် တောင်းရဲတယ်၊ တစ်ပိုင်းကို ပြား၃၀ပေးမယ် ဘယ်လိုလဲ”
သည်မိန်းမ၏စကားကို ကြားလိုက်တော့ ယိုကျင့်မှာ မတတ်နိုင်ဘဲ ရယ်ချင်သွားတော့သည်။ သူမ၏ ငယ်ရွယ်သည့်အသက်ကို အမြတ်ထုတ်နေခြင်းပင်။ သူမ ငြင်းလိုက်သည့် ရစ်ငှက်ကို နေရာတကျ ပြန်ထားလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။
“ အဒေါ်ရယ် ပြား၃၀ကတော့ အရမ်းနည်းပါတယ်၊ ကျွန်တော့်ကို ငယ်လို့ဆိုပြီးတော့ မနှပ်ချပါနဲ့ဗျာ”
ထိုစကားကို ကြားလိုက်တော့ မိန်းမ၏မျက်နှာသည် အနည်းငယ် ထူပူသွားတော့သည်။ သူမ စုတ်သပ်လိုက်ပြီး
“ ဒါတွေ သေနေတာ ဘယ်လောက်ကြာပြီမှန်းမှ မသိဘဲနဲ့၊ နင်က ရောင်းရဲသေးတယ်၊ လူတွေ ဒါကို စားမိလို့ နေမကောင်းဖြစ်ပြီး ရုံးတော်ကို တိုင်လို့ နင် အဖမ်းခံရမှာ မစိုးရိမ်ဘူးလား”
ထို့နောက် သူမသည် ဒေါသတကြီး ဖင်ပစ်ကာ လှည့်ထွက်သွားတော့သည်။
ယို့ကျင့်သည် ဂရုစိုက်မနေချေ။ အရောင်းအဝယ် မဖြစ်သော်လည်း အမှန်တရားကတော့ ရှိနေဆဲ။ သူမကိုယ်တိုင်လည်း ချက်ချင်း ရောင်းထွက်သွားဖို့ မျှော်လင့်မထားချေ။ အဒေါ်ကြီးက ဆဲရေးကာ ထွက်သွားသည်ကို တွေ့လိုက်တော့ တိတ်တိတ်လေး ထောင့်လေးဆီ ပြန်သွားလိုက်ကာ တောကြက်နှစ်ကောင် ဆက်စောင့်ကြည့်နေလိုက်တော့သည်။ ယိုကျင့်၏ တောကြက် နှစ်ကောင်ရောင်းစျေးက အလွန်မများကြောင်း သက်သေထွက်လာတော့သည်။ မိန်းမကြီး ထွက်သွားပြီး နာရီဝက်အတွင်း ယိုကျင့်သည် ရစ်ငှက်အားလုံးကို တစ်ကောင် ပြား၄၀ဖြင့် ရောင်းထွက်သွားတော့သည်။ ထို့နောက် ကျောမှခြင်းအလွတ်ကို သယ်ကာ သီချင်းလေးညည်းရင်း ထွက်လာခဲ့လေသည်။ အပြန်လမ်းတွင် သကြားလုံး အထုပ်ကြီးတစ်ထုပ်နှင့် တစ်လုံးကို ၃ပြားပေးရသည့် အသားပေါင်မုန့် ၈လုံး ဝယ်လိုက်ပြီး ကြေးပြား ငါးစသုံးလိုက်လေသည်။
မြို့မှ ထွက်လာပြီးနောက် သူမကို ခေါ်လာပေးသည့် ဦးလေးနှင့် ပြန်တွေ့သဖြင့် ယိုကျင့် ပျော်ပျော်ရွှင်ရွှင် ကြေးတစ်စကို ထုတ်ပေးလိုက်ပြီး လှည်းပေါ်သို့ တက်ထိုင်လိုက်၏။ အခုတော့ နေမြင့်နေပြီဖြစ်သည်။ စျေးသွား အလောတကြီး သွားလာနေကြသူများ လည်းရှိသေးသည်။ လှည်းသည် ခဏအတွင်း လူငါးယောက် ပြည့်သွား၏။ ဦးလေးက ချွေ့ဖုန်းတောင်ရှိရာဖက်သို့ လှည်းကို ပြန်မောင်းလာလိုက်တော့သည်။
ချွေ့ဖုန်းတောင်၏ တောင်ဘက် လမ်းကြီးသို့ ရောက်သည်နှင့် ယိုကျင့်သည် မနက်က လှည်းပေါ်တက်ခဲ့သည့်နေရာတွင် ဆင်းလိုက်၏။ လှည်းသမားဦးလေးကို နှုတ်ဆက်လိုက်ပြီးနောက် ကျောပေါ်တွင် ဝါးခြင်းတောင်းတစ်ခုကို သယ်ကာ ချွေ့ဖုန်းတောင်ပေါ်သို့ တက်ခဲ့လိုက်တော့သည်။
အပြန်လမ်းတွင် သူမကိုယ်ပေါ်က လေးလံသည့်တောင်ပေါ်က ပစ္စည်းများ မပါတော့သဖြင့် ယိုကျင့်၏ခြေလှမ်းများ ပိုမိုမြန်ဆန်နေတော့သည်။ သူမ ချွေ့ဖုန်းတောင်၏မြောက်ပိုင်းသို့ လျှောက်ကာ ပြန်လာခဲ့သည်။ ချွေ့ဖုန်းရွာကို မြင်လိုက်ရပြီးနောက် ခြေလှမ်းများကို နှေးလိုက်ကာ ဝက်စာများကို ထပ်စုလိုက်တော့သည်။ ထို့နောက်မှ လေးလံသည်ဝက်စာများကို သယ်ကာ အိမ်သို့ပြန်လာခဲ့လေသည်။
***
နာရီဝက်အတွင်း ယိုကျင့် အိမ်ပြန်ရောက်လာခဲ့၏။ အဘွားချန်နှင့် အမျိုးသမီးချန်တို့လည်း အပြင်မှ ပြန်ရောက်လာကြလေသည်။ သို့သော် သူတို့၏ အပြန်လမ်းက မျက်လုံး မျက်ခုံးများ ကွေးနေအောင် ပျော်ရွှင်စွာပြန်လာသည့် ယိုကျင့်နှင့်တော့ မတူချေ။ အဘွားချန်က မကျေမနပ်ဖြစ်နေ၏။ အမျိုးသမီးချန်ကတော့ မျက်နှာငယ်လေးဖြင့် အဘွားချန်၏နောက်မှ အစစ်ဆေးခံလာကာ စိတ်ပျက်နုံးခွေနေတော့သည်။
ခြံထဲတွင် ဝက်စာများကို ဖြတ်ကာ ဝက်စာကျွေးနေသည့် ယိုကျင့်က နှစ်ယောက်ကြားတွင် တစ်ခုခု ထူးခြားနေသည်ကို တွေ့လိုက်ရလေသည်။ အနောက်ဆောင်၏စင်္ကြံတွင် အသီးအရွက်ရွေးနေသည့် ယိုကျူးကို လက်ဝေ့ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ ယိုကျူး ပင်မဆောင်ရဲ့အနောက်ဘက်ကို တိတ်တိတ်လေးသွား၊ အဘွားက ကြီးတော်ကို ဘာတွေပြောနေလဲဆိုတာ နားထောင်ခဲ့”
အရင်က ယိုကျူးသည် တစ်ခါတစ်လေ ချောင်းနားထောင်တတ်လေသည်။ သို့သော် အားလုံးက အသေးအဖွဲကိစ္စများသာ။ အခုတော့ သူမသည် ယွဲ့မိသားစုမှ ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ပိုသိထားလေလေ ပိုဖြေရှင်းလွယ်လေလေ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမ စပိုင် ယိုကျူးကို မြန်မြန် လွှတ်လိုက်လေသည်။
ယိုကျူး၏မျက်လုံးဝိုင်းလေးများသည် တောက်ပသွားတော့သည်။ အားတက်တရော ခေါင်းညိတ်ပြလိုက်၏။ ဆင်ဝင်အောက်တွင် ထိုင်ကာ အသီးအရွက်ရွေးနေသည့် ယိုရင်က ယိုကျူး၏ လှုပ်ရှားမှုများကို ကြည့်နေလိုက်၏။ စိတ်ထဲတွင် အနည်းငယ် နေရခက်သွားတော့သည်။
“ စန်းကျဲ သူ့ကို မိသွားမှဖြင့်” သူ သတ်ခံရလိမ့်မယ်လို့ ပြောရင်တောင် ချဲ့ကားပြောနေတာ မဟုတ်ဘူး။
ယိုကျင့်သည် သူမကို စိတ်ချသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ ရှောင်ဝူက အရမ်းတော်တယ်၊ စိတ်ချလို့ရပါတယ်”
ယိုကျူးသည် ယိုကျင့်၏မျှော်လင့်ချက်များကြောင့် အားတက်သွားတော့သည်။ ပင်မဆောင်၏ နောက်ကျောဖက် ပြတင်းပေါက်နား တိတ်တိတ်လေး ကပ်သွားလိုက်ပြီး အနည်းငယ် ဖွင့်ထားသည့် ပြတင်းပေါက်အောက်တွင် ဝပ်ချလိုက်၏။ အချိန်ကိုက်လေးပင် အမျိုးသမီးချန်၏ ခုခံပြောဆိုနေသည့်စကားကို ခပ်ရေးရေး ကြားလိုက်ရလေသည်။
“ အမေ ကျွန်မ မိသားစုငွေကို ဘယ်တုန်းကမှ အလွဲသုံးစား မလုပ်ခဲ့ဖူးဘူး၊ အမေ စိတ်မဆိုးရဘူး”
သို့သော်ငြား အဘွားချန်က ပြန်ပြောလေသည်။
“ ဒါဆို ငါကပဲ နင့်ကို မှားပြီးအပြစ်တယ်တာပေါ့လေ၊ ငါ မြို့ကို မသွားတာ ကြာပြီမလို့ ငါ့ကို ချော့ပြောလို့ရမယ်လို့ နင်ထင်နေတာလား၊ ဥတွေကို မြို့မှား တစ်လုံး ကြေးပြား ၂စနဲ့ ရောင်းလိုက်ရတယ်၊ စိတ်ပုပ်တဲ့နင်ကတော့ ပြန်လာပြီး တစ်လုံးကို ကြေးပြား ၁စ ပဲ ရတယ်လို့ ပြောခဲ့တယ်လေ၊ ငါ့ငွေတွေကို အလွဲသုံးစားလုပ်နေတာ နင်မှမဟုတ်ရင် ဘယ်သူရှိအုံးမှာလဲ”
အမျိုးသမီးချန်သည် ဒေါသမီးဖြင့် အဖြေမရှိသည့် မေးခွန်းကြောင့် နင်သွားတော့သည်။ သို့နှင့် ငိုယိုကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုတော့သည်။ သူမ၏သားနှစ်ယောက်က စာလေ့လာချင်ပြီး မိသားစုကလည်း ငွေအများကြီး သုံးနေရသည်ဟုသည့် စကားလွဲလျှင် တခြားမရှိတော့ချေ။
သို့သော် သည်စကားကပင် အဘွားချန်၏စိတ်ကို နာကျင်သွားစေတော့သည်။ ခုတင်ပေါ်တွင် ထိုင်ရင်းက ထခုန်တော့မတတ် အမျိုးသမီးချန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူလေတော့သည်။
“ နင့်ရဲ့ဘယ်ကပိုက်ဆံက ဝမ်ထောင်ညီအစ်ကို ကို စာသင်ဖို့ သုံးခဲ့လို့လဲဟဲ့၊ မိသားစုရဲ့ငွေနဲ့ ဘယ်တုန်း မထောက်ပံ့ခဲ့လို့လဲ၊ သူတို့ အဖြေလွှာဝယ်ဖို့ သုံးချင်တယ်ဆိုတဲ့ ငွေစ ၁၀၀က မိသားစုငွေတွေပဲလေ၊ နင် တစ်ပြားတောင်ထုတ်ဖူးလို့လား”
သမီး ယောက္ခမတို့သည် ကြောက်စရာကောင်းလောက်အောင် အငြင်းပွားနေကြတော့သည်။ နောက်ဆုံး ယွဲ့တာ့ဖူက ဆုံးဖြတ်ပေးလိုက်လေသည်။
“တော်တော့၊ နင်တို့တွေ ရန်ဖြစ်တာကလွဲရင် ဘာသိကြသေးလဲဟေ၊ ချွေးမကြီး အဲအကြောင်းစဥ်းစားမနေနဲ့၊ နင့်မှာ သီးသန့်ငွေ ရှိတာ ငါတို့မသိတာလည်းမဟုတ်ဘူး၊ ဒါပေမဲ့ မိသားစုငွေကို အလွဲသုံးစားလုပ်လို့တော့ မရဘူး၊ ငါ့ သဘောအရဆိုရင် နင် ငွေ ၂စသွားယူလိုက်၊ ဒါကို ဒီနှစ်ထဲမှာ အလွဲသုံးစားလုပ်ခဲ့တဲ့ငွေလို့ မှတ်လိုက်၊ ကျန်တာကိုတော့ ငါ ထည့်မတွက်တော့ဘူး”
ယွဲ့တာဖူ၏စကားကို နားထောင်လိုက်ပြီးနောက် ချန်မျိုးနွယ်နှစ်ယောက်လုံး ထခုန်ကြတော့သည်။ အဘွားချန်က အလွန်နည်းသည်ဟု ထင်ပြီး အမျိုးသမီးချန်ကတော့ အလွန်များသည်ဟု ထင်လေသည်။ သမီးယောက္ခမနှစ်ယောက်မှာ အချင်းချင်း ပြန်ဆွေးနွေးကြတော့သည်။
နောက်ဆုံးတွင်တော့ ယွဲ့တာ့ဖူသည် ခုတင်ပေါ်က သစ်သားစားပွဲလေးကို သူ့ဆေးတံဖြင့် ဝုန်းခနဲ ရိုက်ချလိုက်လေသည်။
“ တော်ကြစမ်း ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ ချွေးမကြီး နင်အခု ငွေသွားယူတော့”
အမျိုးသမီးချန်သည် မျက်နှာစူပုတ်ကာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတော့သည်။ သို့သော် သူမသည် ပြန်လည်မပြောရဲချေ။ မသွားချင်သွားချင်ဖြင့် ရှေ့ဖက်ဆောင်သို့သွားလိုက်ကာ ငွေ၂စယူလာပြီး အဘွားချန်လက်ထဲ ထည့်ပေးလိုက်လေသည်။ အဘွားချန်က ငွေစကို ဆတ်ခနဲ ယူလိုက်ပြီးနောက် သူမကို ဝါးစားမတတ် ကြည့်လိုက်လေသည်။
“ နောက်တစ်ခါ အဲလို ထပ်တွေ့လို့ကတော့ နင့်အရေခွံတွေကို ဆုတ်ပစ်မယ်မှတ်”
အမျိုးသမီးချန်သည် ဘယ်တုန်းကမှန်းတောင် မသိတော့သည့်အချိန်ကတည်းက စုဆောင်းလာသည့် ငွေများကို ကြည့်နေလေသည်။ မျက်စိတစ်မှိတ်အတွင်း သူမယောက္ခမ၏လက်တွင်းသို့ ကျရောက်သွားတော့သည်။ သူမ၏စိတ်ထဲတွင်တော့ အလိုမတူခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
…
အပိုင်း (၂၃) အသားပေါင်တုံး
ပင်မဆောင်၌ အမျိုးသမီးချန်သည် အဘွားချန်၏ ငွေအား ခိုးဝှက်ခြင်းကြောင့် သမီးယောက္ခမနှစ်ဦးကြား အာဃာတများ သိုဝှက်လျက်ရှိသည်။ တစ်စုံတစ်ယောက်သည် ထိုအဖြစ်အပျက်များကို တစ်၀က်ပွင့်နေသည့် ပြတင်းမှ နားထောင်ကာ ယိုကျင့်အား ပြောပြကြောင်းကို မည်သူမျှ မရိပ်မိကြချေ။
ယိုကျင့်သည် ယိုကျူးပြောသည့် ပင်မတောင်မှ အဖြစ်အပျက်များကို နားဆင်ရင်း ၀က်စာကျွေးပြီးသွားသည်။ သူမသည် ကုပ်ပိုးပေါ်သို့ လက်တင်ကာ နှိပ်နယ်ရင်း ယိုကျူးအား မှာလိုက်သည်။
“အစ်မကို ပြောပြတဲ့ အကြောင်းအရာမှန်းသမျှ အခြားဘယ်သူ့မှ မပြောပြရဘူးနော်။ နားလည်လား”
သကြားလုံးကို ငုံကာ ယိုကျူးသည် နာခံစွာ ခေါင်းညိတ်လိုက်၏။ “နားလည်ပါပြီ” မိသားစုကိစ္စများကို အခြားသူများအား မပြောပြသင့်ကြောင့် အစ်မဖြစ်သူက ဆုံးမထားပေသည်။ ထို့အပြင် ယခုအကြောင်းအရာများသည် သူမနှင့်အစ်မဖြစ်သူ၏ကြားရှိ လျှို့ဝှက်ချက် ဖြစ်သောကြောင့် အမေ့ကိုပင် မပြောပြရပေ။
ညီအစ်များသည် အနောက်ခြံသို့သွားရာ လမ်း၌ သကြားလုံးများကို ချိုမြိန်စွာ စားလာကြသည်။ အခန်းသို့ ရောက်သည်နှင့် ဈေးမှ ယိုကျင့်၀ယ်လာသည့် အသားပေါင်တုံးများကို ခွဲဝေစားသောက်ကြသည်။ နေ့လယ်စာသည် ပင်မဆောင်နှင့် အရှေ့ခြံရှိလူများအတွက်သာ ပါ၀င်သောကြောင့် ဖြစ်သည်။ ယွဲ့ချန်လုသည် အိမ်၌နေ့လယ်စာ ပြန်စားခြင်းမရှိသောကြောင့် ရိုးရှင်းစွာပင် အမျိုးသမီးစုနှင့် သူမတို့၏ညီအစ်မများအတွက် နေ့လယ်စာမရှိချေ။
ယိုကျင့်ယူလာသည့် အသားတုံးများသည် ကြီးမားကာ အရည်အသွေး ကောင်းမွန်ပေသည်။ အေးသွားသည့်တိုင် တစ်ချက်ကိုက်တိုင်း အဆီနှင့် အသားရနံ့သင်းသင်လေးများက ပါးစပ်အပြည့် ဖြစ်နေပေသည်။ ထိုအရာက လူကို တစ်ကိုက်ပြီးတစ်ကိုက် စားချင်းစဖွယ်ဖြစ်စေသည်။ တစ်လူတ်ပြီး တစ်လုတ် စားသောက်ရင်း လူကြီးတစ်ဦး၏ လက်သီးအရွယ်ရှိ အသားတုံးများသည် ကုန်စင်သွားပေသည်။ အငယ်ဆုံးဖြစ်သော ရှောင်ကျိုသည် ထိုအရာကို စားပြီးသည့်တိုင် ပါးစပ်ထဲ၌ လစ်ဟာနေလေသည်။ သူမ တစ်ရေးအိပ်ပြီးသည့်တိုင် ထိုခံစားချက်မှာ မပျောက်သွားချေ။
ယိုကျင့်သည် အကုန်စားပြီးသည်နှင့် အနံ့ပျောက်စေရန် အနောက်ခြံရှိ ပြတင်းပေါက်နှင့် တံခါးများကို ဖွင့်လိုက်သည်။ အခန်းထဲရှိ အသားရနံ့များသည် ဆောင်းလေအေးနှင့်အတူ ကွယ်ပျောက်သွားသည်နှင့် တံခါးများကို စိတ်အေးသက်သာစွာ ပိတ်လိုက်သည်။
အသားငါး မစားရသည်မှာ ကြာပြီဖြစ်သည့် အမျိုးသမီးစုအတွက် ထိုကဲ့သို့ အသားပေါင်သည် သူမအား စိတ်ကျေနပ်စေပေသည်။ ထို့နောက်ယိုကျင့်အား ယနေ့ဈေးသို့ သွားသည့်လမ်းအခြေအနေအား မေးလိုက်သည်။
ရှောင်ချီ၊ ရှောင်ပါးနှင့် ရှောင်ကျိုတို့သည် တစ်ရေးအိပ်နေသောကြောင့် ကျန်သော ညီမများသည် ယိုကျင့်အား စိုက်ကြည့်နေကြသည်။ ယိုကျင့်သည် ထူးဆန်းစွာ ပြုံးလိုက်ရင်း တိုးတိုးလေး ပြောလေသည်။
“အစ်မ မင်းတို့ကို ပြတဲ့အခါ အသံကျယ်ကြီးနဲ့ မအော်မိစေနဲ့။ အခြားလူတွေ ကြားသွားရင် ပြဿနာတက်လိမ့်မယ်” ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် သူမတို့၏ပါးစပ်များအား လက်ဖြင့်ပိတ်ကာ ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ကြလေသည်။ “အွန်း”
ထိုမျက်၀န်းများသည် တစ်စုံတစ်ခု ပျောက်ဆုံးမည်ကို စိုးရိမ်ဟန်ဖြင့် ယိုကျင့်လုပ်သမျှ အပြုအမူတိုင်းကို စိုက်ကြည့်နေကြသည်။ အမျိုးသမီးစုနှင့် ညီမငယ်များ၏ မျှော်လင့်နေသော မျက်၀န်းများအောက်တွင် ယိုကျင့်သည် ငွေအိတ်ကိုထုတ်ကာ ခုတင်ပေါ်၌ အကုန်လုံးမြင်သာအောင် သွန်ချလိုက်သည်။
“ငွေတွေက အများကြီးပဲ” အမျိုးသမီးစုသည် အံ့ဩမှင်သက်စွာ တီးတိုးရေရွတ်လိုက်သည်။ သူမ၏မျက်၀န်းကိုယ်ပင် မယုံကြည်နိုင် ဖြစ်နေလေသည်။ “ငွေတုံးနည်းနည်းလောက်တော့ ရှိလောက်တယ်မလား”
“ဝါး” ညီမငယ်များသည် ငွေမည်မျှရှိကြောင်း မသိသော်လည်း မိခင်ဖြစ်သူ၏ စကားကြောင့် အသံသေးသေးလေးများဖြင့် ချီးကျူးကြလေသည်။ ငွေတွေအများကြီးပဲ။
ယိုကျင့်သည် ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“တောကြက်ရှစ်ကောင်အတွက် ငွေတုံးခုနှစ်တုံး၊ ယုန်လေး လေးကောင်အတွက် လေးတုံး ပြီးတော့ သေနေတဲ့ တောကြက်နှစ်ကောင်အတွက် ရှစ်ဆယ်ဆင့်ရယ်။ အသားနဲ့ သကြားလုံးတွေအတွက် သုံးဆယ်ဆင့်ကုန်တယ်။ လက်ထဲမှာ ငွေတုံးကြီးတစ်တုံး(တစ်လျန်)နဲ့ ငါးဆယ်ဆင့်ရှိတယ်”
ယိုကျင့်၏ တိကျသော တွက်ချက်မှုများကို နားထောင်ကာ အမျိုးသမီးစုသည် အနည်းငယ် အံ့ဩမိသည်။
“အဲ့လောက် ပိုက်ဆံတွေအများကြီး တောကြက်နဲ့ယုန်လေးတွေက အဲ့လောက်တောင် တန်ကြေးရှိတာလား”
“အသားဈေးက မနိမ့်ဘူးနော်။ မြို့နေ လူကုန်ထံတွေက သဘာ၀ဟာတွေ ကြိုက်ကြတယ်လေ။ အဲ့တော့ တောင်ပေါ်က ပစ္စည်းတွေက ဈေးနည်းနည်းမြင့်တယ်။ ယုန်သားမွေးတွေကိုလည်း ပိုက်ဆံနဲ့ လဲလို့ရသေးတယ်။ သေချာပေါက် ဈေးက မနည်းဘူး” ယိုကျင့်သည် အပြုံးလေးနှင့် ငွေများကို အိတ်ထဲသို့ သိမ်းလိုက်ပြီး သေချာပြောလိုက်သည်။ “ငွေတွေကို သမီးသေချာ သိမ်းထားလိုက်မယ်။ နောက်နောင် ယွဲ့မိသားစုကနေ ခွဲထွက်တဲ့အခါ အမေနဲ့ညီမလေးတွေကို ဒါမျိုးတွေ မခံစားစေရဘူး”
သမီးဖြစ်သူ ပြောသည့်စကားများကြောင့် အမျိုးသမီးစုသည် လတ်တလော ပြောင်းလဲလာသော ယွဲ့ချန်လုကို တွေးမိသွားလေသည်။ ထိုလူကြီးသည် စကားအများကြီး ပြောလာကာ သူမအပေါ်၌ ကောင်းပေးသည့်အတွက် မဝံ့မရဲ တိုက်တွန်းမိသည်။
“ကျင့်အာ သမီးအဖေက အခုတလော ပြောင်းလဲလာပါပြီ။ သူ့ကို နောက်ထပ် အခွင့်အရေး မပေးချင်ဘူးလား”
မမျှော်လင့်စွာပင် အမျိုးသမီးစု၏ စိတ်သဘောထားသည် ပြောင်းလဲသွားပေသည်။ မူလက ပျော်ရွှင်နေသည့် ညီမဖြစ်သူများ၏ မျက်နှာသေးသေးလေးများသည် တောင့်တင်းသွားကာ မိခင်ကို ကြည့်ရင်း ဘာပြောရမှန်းး မသိတော့ချေ။
ယိုကျင့်သည် အလျင်အမြန် တုံ့ပြန်နိုင်သည့် သူဖြစ်သည်။ အမျိုးသမီးစု၏ သဘောတူညီမှုမှာ ခဏတာဖြစ်ကြောင်း ယိုကျင့်သိလေသည်။ သူမသည် နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံလာကာ မည်သို့ခုခံရမှန်းမသိသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ သူ့လိုလူကို အသိစိတ်၀င်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ယိုကျင့်သည် အနည်းငယ် ပြုံးယောင်သန်းရင်း ပြောလိုက်သည်။
“အမေ့ခံစားချက်ကို သမီးနားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကို သမီးတို့ သိမ်းထားသင့်တယ်မလား။ ပြီးတော့ ညီမလေးတွေက တဖြည်းဖြည်း ကြီးလာဦးမှာလေ။ အဲ့ငွေတွေ အဖေ့ကို ပေးပစ်ရင် ဖြုန်းတီးရာ မကျဘူးလား။ သမီးလက်ထဲပဲ သိမ်းထားပြီး လိုမှပေးပေါ့။ အမေ ဘယ်လိုထင်လဲ”
အမျိုးသမီးစုသည် နောင်တများဖြင့် ယိုကျင့်အား ကြည့်လိုက်မိသည်။ သူမ၏အတွေးများအား သမီးဖြစ်သူ ဆန့်ကျင်လိမ့်မည်ကို ကြောက်ရွံ့ခဲ့ဖူးသည်။ မိသားစု စုံစုံလင်လင်ရှိချင်သည့် သူမ၏အတွေးများကို နားလည်ပေးကြောင်း မြင်ရသည့်အခါ စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်ကြီးချရင်း အပြုံးလေးဖြင့် သဘောတူလိုက်သည်။ “ဒီငွေတွေက သမီးကိုယ်တိုင် ရှာစုထားတာပဲ။ ကိုယ့်ဘာသာ သိမ်းသင့်တာပေါ့”
အမျိုးသမီးစု၏ အပြုံးကိုမြင်ရမှ ယိုကျင့်သည် စိတ်ချလိုက်မိသည်။ “အဲဒါဆို ညီမလေးတွေကို ခေါ်သွားလိုက်တော့မယ်နော်။ အမေလည်း နေ့လယ်တစ်ရေးအိပ်သင့်ပြီ”
အမျိုးသမီးစု၏ အခန်းမှ ထွက်လာသည်နှင့် ယိုကျူးသည် သူမ၏လက်ကို ကိုင်ထားသည့် ယိုကျင့်၏လက်အား ပြင်းထန်စွာ ပုတ်ချလိုက်သည်။ ထို့နောက် အခြားသူများအား လျစ်လျူရှုရင်း ခုတင်ပေါ်သို့ တက်ကာ လှဲအိပ်လိုက်သည်။ ယိုရင်နှင့် ယိုပေါင်သည် ယိုကျူးအား ကြည့်ကာ အလိုက်မသိတတ်သည့် သူမကြောင့် အောင့်သက်သက် ခံစားလိုက်ရသည်။ သူတို့သည် ယိုရင်နှင့် ယိုကျူးကြား၌ ရပ်ကြည့်နေမိသည်။
ယိုကျင့်သည် သက်ပြင်းချကာ ယိုကျူး၏ဘေး၌ လှဲအိပ်ရင်း အသံနိမ့်နိမ့်ဖြင့် ချော့မြူလေသည်။
“ယိုကျူး ညီမ မပျော်မှန်း အစ်မသိတယ်။ ဒါပေမဲ့ ဒါက အမေ့ရဲ့အိမ်ထောင်ရေးလေ။ သူသာ အဆုံးမသတ်ချင်ရင် အစ်မတို့ကလေးတွေက ဘာတတ်နိုင်မှာလဲ။ မင်းက တစ်ယောက်တည်း ထွက်သွားချင်လို့လား။ အမေနဲ့ ရှောင်ချီ၊ ရှောင်ပါးနဲ့ ရှောင်ကျိုတို့ကို ယွဲ့အိမ်တော်မှာ ထားခဲ့တော့မလို့လား”
ယိုကျင့်၏စကားများကြောင့် ယိုကျူးသည် သူမနှင့် မျက်နှာချင်းဆိုင် လှည့်အိပ်လိုက်သည်။
“ဒါပေမဲ့ သမီး ဒီယွဲ့အိမ်မှာ မနေချင်ဘူး။ ပြီးတော့ တစ်နေ့တစ်နေ့ ခွေးတွေ၀က်တွေထက် ဆိုးဆိုးရွားရွား ဆက်ဆံခံနေရတာလည်း မလိုချင်ဘူး”
ယိုကျင့်သည် ယိုကျူးအား သူမ၏လက်မောင်းထဲသို့ ဆွဲသွင်းကာ ကွဲအက်နေသော အသံလေးနှင့် နှစ်သိမ့်ပေးလေသည်။
“ယိုကျူး အိပ်တော့။ မင်းတို့ကို အနိုင်ကျင့်မခံစေရဘူး။ အမေက ဒီတိုင်း ထွက်မသွားရဲတာက ဘယ်ဟာက အမှန်မှန်း မသိသေးလို့ပါ။ အမေသာ စိတ်ဆုံးဖြတ်လိုက်ရင် အဲ့ကျ ယွဲ့မိသားစုက ထွက်သွားလို့ရပြီ”
“အဲ့လိုနေ့မျိုး ရောက်လာပါ့မလား” ယိုကျူးသည် အစ်မဖြစ်သူအား မရေမရာ ကြည့်လိုက်သည်။ ယိုကျင့်သာ အနည်းငယ် ဆိုးဆိုးရွားရွား ပြောခဲ့လျှင် သူမ၏ယုံကြည်မှုများအားလုံး ပျက်စီးသွားပေမည်။
ယိုကျင့်သည် ဖြည်းညင်းစွာဖြင့် တီးတိုးပြောလိုက်သည်။ ထိုအသံ၌ ရုန်းမထွက်နိုင်သော ဆွဲငင်အားများ ရှိလေရာ လူကို သက်သောင့်သက်သာဖြစ်စေသည်။ “ရောက်မှာပါ။ သေချာပေါက် ရောက်လာမှာ”
ယိုကျူးသည်သာမက အနည်းငယ် စိတ်ပျက်ခဲ့သော ယိုရင်နှင့် ယိုပေါင်တို့၏ မျက်၀န်းများသည်ပင် သံသယများ ကင်းစင်သွားသည်။ သူမတို့သာ ယုံကြည်ပြီး ကြိုးစားနေသ၍ သေချာပေါက် ဖြစ်နိုင်ပေသည်။
ယိုကျင့်၏ အစီအစဉ်သည် ရိုးရှင်းလွန်းလှသည်။
“ခွေးတွေရဲ့ မစင်စားတတ်တဲ့ အကျင့်က ဖျောက်မရဘူး” ယွဲ့ချန်လုသည် အမျိုးသမီးစုအား နှစ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့သူဖြစ်သည်။ တစ်ခုခုလွဲနေခြင်းကြောင့်သာ ထိုသို့ပြုလုပ်နေခြင်း ဖြစ်သည်။ သူက ကောင်းကောင်း ဆက်ဆံတတ်မယ်တဲ့လား။ ယွဲ့ချန်လု၏ သရုပ်မှန်ပေါ်လာမည့် အချိန်ကိုသာ စောင့်ဖို့လိုပေသည်။ ထိုအခါ သူတို့အား ပြဿနာတက်အောင် အမျိုးသမီးစု မည်သို့ပြုလုပ်မည်ကို စောင့်ကြည့်ဖို့သာ လိုသည်။
ဆောင်းတွင်းလေအေးသည် ပိုမို ပြင်းထန်လာပေသည်။ ယိုကျင့်သည် နေ့စဉ် ၀က်စာကျွေးရုံသာမက ထင်းလည်း ခုတ်ရသေးသည်။ ထို့အတွက် သူမ၌ ကိုယ်ပိုင်အချိန်များစွာ ရှိကာ ငွေကြေးစုဆောင်းရန် အပြင်အလုပ်များ လုပ်လို့ရပေသည်။
ယွဲ့ချန်လုသည် အမျိုးသမီးစု ပြောသကဲ့သို့ပင် အမှန် ပြောင်းလဲလာချေသည်။ အိမ်သို့ ပြန်ရောက်သည့်အခါ ဇနီးဖြစ်သူနှင့် ကလေးများကို မရိုက်နှက်သည်မှာ အချိန်အတော်ကြာလေပြီ ဖြစ်သည်။ အမျိုးသမီးစုနှင့် စိတ်ပိုင်းဆိုင်ရာ တူညီသည့် ယိုရင်သည် ထိုအပြုအမူများကြောင့် တုန်လှုပ်စပြုကာ လက်ရှိဖခင်သည် ကောင်းမွန်နေပြီဟု တွေးမိလေသည်။ သူမတို့ ယွဲ့မိသားစုမှ ထွက်ခွာလျှင် အဖမဲ့သွားမည်ဖြစ်ကာ အနောက်ဘက်ရွာရှိ မုဆိုးမဝူ မိသားစုကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုမိသားစု၏ ကလေးများသည် ဖခင်မရှိခြင်းကြောင့် ငယ်စဉ်ကတည်းကပင် အနိုင်ကျင့် ခံလာရပေသည်။
ထိုကိစ္စကြောင့် ယိုရင်နှင့် ယိုကျူးကြား၌ ရန်ပွဲအသေးစားတစ်ခု ဖြစ်ပွားသွားလေသည်။ ယိုကျူးသည် ယိုကျင့်၏ဘက်၌ မြဲမြံစွာရပ်တည်ထားလေသည်။ ဇနီးနှင့် ကလေးများကို ရိုက်နှက်သည့် တိရိစ္ဆာန်လိုအဖေမျိုးက ထိုသို့ဖြစ်လာမည်ကို သူမ မယုံကြည်ပေ။ ယိုကျူးသည် ယိုရင်အား အော်ပြောလိုက်သည်။
“သူသာ ကိုယ့်အမှားကို သိပြီး ပြင်တတ်တယ်ဆို ဘာလို့ ဒီလောက်နှစ်တွေ အကြာကြီး နှိပ်စက်ခံနေရတာလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မဲ့အစား အသက်ထွက်သွားတာမှ အေးသေးတယ်”
ယိုရင်သည် ညီမများကြား၌ အနူးညံ့ဆုံးဖြစ်ပေသည်။ ယိုကျူးသည် သူမအား အပြစ်တင်သည့်အပြင် ရုတ်တရက် ဆဲဆိုလိုက်သောကြောင့် သူမ၏မျက်ရည်များသည် တစ်ပြိုင်နက်တည်း ကျဆင်းလာပေသည်။
“ယိုကျူး အဲဒါငါတို့အဖေနော်။ သူကဘာမှားနေလို့လဲ။ နင်တကယ် အဖေမရှိ ဖြစ်ချင်နေတာလား”
ထိုဦးနှောက်မရှိသည့် အစ်မဖြစ်သူကြောင့် ယိုကျူးသည် ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်ဖြစ်နေစဉ် ဉာဏ်ကောင်းသည့် ရှောင်ပါးလေးသည် ယိုရင်အား ဆွဲခေါ်ကာ စိတ်လျှော့ခိုင်းလေသည်။
ထိုအကြောင်းကို ယိုကျင့်ကြားသော် အကြောင်းအရာကို မေးမြန်းလိုက်သည်။ ယခု သူမတို့ညီအစ်မများသည်ပင် ယွဲ့မိသားစုမှ ထွက်ခွာရန် မစည်းလုံးတော့ချေ။ ယိုကျင့်သည် ယိုရင်အား အရင်အငိုတိတ်အောင် လုပ်လိုက်သည်။ ထို့နောက် ယိုပေါင်ကို ခေါ်ကာ ယိုကျူးကို ခေါ်သွားခိုင်းလေသည်။ ယိုရင်အား ဆွဲကာ ခုတင်ပေါ်သို့ ထိုင်စေပြီးနောက် သေချာမေးလေသည်။
“ယိုရင်က ယွဲ့အိမ်က ထွက်သွားပြီးရင် အနိုင်ကျင့်ခံရမှာကို ကြောက်နေတာလား”
ယိုရင် ကြီးပြင်းလာသည့် တစ်လျှောက် ကြည့်ရှုစောင့်ရှောက်ခဲ့ရ၍ ထိုကလေးမ၏ သဘောထားကို ယိုကျင့် သိပေသည်။ သူမသည် ဒေါသကြောင့် အကျပ်ကိုင်ဖြေရှင်းခြင်းထက် အခြားလူကို နား၀င်အောင် ဖျောင်းဖျမည့်သူဖြစ်သည်။
သူမအား ကြည့်နေသည့် အစ်မဖြစ်သူအား မဝံ့မရဲကြည့်လိုက်သည်။ သူမ၏အစ်မသည် ညီအစ်မများကို ကြည့်ရှုစောင့်ရှောက်နေရမှန်း သိပေသည်။ အကယ်၍ အဖေသာ ပြောင်းလဲသွားပါက အားနည်းသည့်အမေနှင့် လျှောက်သွားရင်း မိမဲ့ဖမဲ့ဖြစ်သည်ထက် မိသားစုစုံစုံလင်လင် ရှိနေခြင်းက သူမတို့အတွက် ပိုကောင်းပေသည်။
ယိုရင်၏အတွေးများကို နားလည်ပြီးနောက် ယိုကျင့်သည် ထပ်မံမေးခွန်းထုတ်လိုက်သည်။
“အဖေက တကယ်ပြောင်းလဲသွားတယ်လို့ ယိုရင်ထင်လား။ အဖေ့ကို အချိန်သုံးလပေးကြည့်ရင်ရော ဘယ်လိုလဲ။ အဲ့သုံးလအတွင်း အဖေတကယ် ပြောင်းလဲသွားတယ်ဆိုရင် အစ်မတို့ ထွက်မသွားတော့ဘူး။ တကယ်လို့ အဖေထပ်ပြီး အမှားလုပ်နေဦးမယ်ဆိုရင်ရော အဲ့အခါ ဘယ်လိုလုပ်ကြမလဲ”
အစ်မဖြစ်သူ၏ ထွက်မသွားဘူး ဟူသော စကားကို တစ်ပိုင်းတစ်စကြားလိုက်သည့် ယိုကျူးသည် အထဲသို့ ပြေး၀င်သွားချင်မိသည်။ သို့သေည် ယိုပေါင်က ထိုသို့ ခွင့်မပြုပါချေ။
“စန်းကျဲ အဲ့လိုပြောတယ်ဆိုတာ သူ့မှာ အကြောင်းပြချက်ရှိမှာပဲ။ နင့်လို တွေ့သမျှ ၀င်ခွေ့တတ်တဲ့ အကျင့်နဲ့ ၀င်သွားရင် စစ်ကျဲနဲ့ ရန်ထပ်ဖြစ်ဦးမှာပဲ မဟုတ်ဘူးလား” နောက်ဆုံး၌ ယိုပေါင်သည် ယိုကျူးအား ဖျောင်းဖျနိုင်ခဲ့သည်။
ယိုကျင့်သည် အပြင်ရှိ အသံများကို လျစ်လျူရှုလိုက်သည်။ သူမပြောသည်များကို ယိုကျူးတစ်ယောက် နားစွန်နားဖျား ကြားသွားမှန်း ခန့်မှန်းစရာပင် မလိုခဲ့ပေ။ သို့သော် သူမသည် ယိုရင်အား ဆက်လက်ဖျောင်းဖျနေခဲ့သည်။
“ဘာလို့ ယိုကျူးက အဲ့လောက် ထွက်သွားချင်နေရလဲ သိလား။ ယိုကျူးနဲ့ ယိုပေါင်မွေးတုန်းက အဘွားက သူတို့ကို ဘာလုပ်ခဲ့လဲ မေ့သွားပြီလား။ ပြီးတော့....” ယိုကျင့်သည် ညီအစ်မများ ခံစားခဲ့ရသည့် မတရားမှုများကို ယိုရင် မှတ်မိလာအောင် ပြုလုပ်ပေးခဲ့သည်။
စကားပြောလို့အပြီး၌ ယိုရင်သည် အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ယိုရင်ကို နား၀င်အောင် ပြောလိုက်နိုင်မှန်း သူမ သိလေသည်။ ထို့ကြောင့် တကယ်ပင် စိတ်သက်သာရာရခဲ့သည်။
“ခွေးတွေ၀က်တွေထက် ဆိုးတဲ့ဒီလိုဘ၀မျိုးမှာ မနေချင်လို့ ယိုကျူးက ထွက်သွားချင်တာ။ အဲ့ကလေးမက ဒေါသကြီးပေမဲ့ မင်းကို ထိခိုက်စေချင်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြီးတော့ မင်းတို့တွေက ညီအစ်မတွေပဲလေ မဟုတ်ဘူးလား”
“ညီမနားလည်ပါတယ်” ယိုရင်သည် အစ်မဖြစ်သူအား နီရဲရဲမျက်၀န်းများဖြင့် ငေးကြည့်လေသည်။ ယိုကျူးသည် ယွဲ့အိမ်မှ ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောသည့်အခိုက်အတန့်၌ ယိုကျူးသည် အခြားလူများ၏ ကောင်းကျိုးအတွက်ပါ ပြုလုပ်နေသည့်အတွက် သူမအပေါ်၌ စိတ်မဆိုးတော့ပါချေ။
ယိုရင်အား ဖျောင်းဖျပြီးချိန်၌ ယိုကျူးအား ဆုံးမရန် ကျန်သေးသည်။ “နင့်ရဲ့ လက်တစ်ဆစ်လောက် စိတ်လေးကို ထိန်းဖို့ ပြောတာ ဘယ်နှခါရှိပြီလဲ။ ကောင်းကောင်းပြောလို့ မရဘူးလား။ နင့်အစ်မက ဒီလောက် ကြင်နာတတ်တာလေ။ နင်ကတော့ ကတ်ကတ်လန် ရန်ပြန်တွေပြီး ဆက်ဆံရေးကို အဖုအထစ် ဖြစ်အောင် လုပ်ရသလား”
ယိုကျူးသည် ထိုသို့ အဆူခံနေရသည့်အတွက် ခေါင်းပင်မဖော်နိုင်ခဲ့ချေ။ အစ်မဖြစ်သူမှာ သူမတို့ ကောင်းမွန်စေရန် ပြုလုပ်ကြောင်း သိနေသည့်အတွက် ထုံးစံအတိုင်း ခေါင်းညိတ်လိုက်ရသည်။ “မမကြီး သမီးမှားမှန်း သိပါတယ်”
ဤသို့ဖြင့် ညီအစ်မနှစ်ယောက်ကြားရှိ ပြဿနာသည် ယိုကျင့်ကြောင့် ပြေလည်သွားပြီး မည်သူမျှ အစမဖော်ကြတော့ပေ။
…
အပိုင်း (၂၄) သရုပ်မှန်ပေါ်သွားတယ်
သည်နှစ်သည် ရာသီဥတုကောင်းမွန်သဖြင့် နေရာတိုင်းတွင် စပါးများ ပေါများကြွယ်ဝလေသည်။ အစက ယွဲ့တာ့ဖူသည် စပါးများကို ရောင်းချခြင်းဖြင့် ငွေတချို့ကို စုဆောင်းနိုင်လိမ့်မည်ဟု စဥ်းစားခဲ့လေသည်။ အစီအစဥ်က ပျက်စီးသွား၏။ ဆန့်ကျင်ဖက်အနေဖြင့် တူညီသည့်စပါးပမာဏ ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်ထက် ဆယ်ရာခိုင်နှုန်းလျှော့ကာ ရောင်းချခဲ့ရလေသည်။ အဘွားချန်မှာ ဒေါသထွက်လွန်းသဖြင့် ရက်အနည်းငယ်လောက် အိပ်ရာကမထဘဲ နေလေတော့သည်။
သည်နှစ်သည် နှစ်ကောင်းတစ်ခုဖြစ်လေသည်။ တောင်ပေါ်တွင် တောကြက်များနှင့် ယုန်များကလည်း ပြည့်ဖြိုးကြ၏။ မြို့ထဲတွင် တောကောင်များကို စားကြသည့်လူများကလည်း အရင်နှစ်ကထက် ပိုများလာလေသည်။ ယိုကျင့်သည် သူမစျေးသို့သွားသည့်အချိန်တိုင်း တောကြက်များနှင့် ယုန်များကို ရောင်းချခဲသည်။ ယူမာမီအခန်း၏မီးဖိုဆောင်က ဘဏ္ဍာထိန်းနှင့်ပင် ရင်းနှီးလာ၏။ တောင်ပေါ်ပစ္စည်းများ ရလာတိုင်း ယူမာမီအခန်းကို တန်းပို့ပေးလိုက်လေသည်။ ယိုကျင့်အတွက် အလုပ်တော်တော် သက်သာသွားတော့သည်။
သည်ဆောင်းတွင်း၏ ပထမဆုံးနှင်းကျချိန်၌ ယိုကျင့်သည် တောကြက်နှင့် ယုန်များရောင်းချခြင်းမှ ငွေ ၁၇စ စုမိပြီးဖြစ်လေသည်။ ငွေလျန်း ၁၇စသည် လျိုထန်မြို့တွင် အရည်အသွေးကောင်းသည့်လယ်မြေ ၃ဧက၊ သို့မဟုတ် ရွှံအုတ်အမျိုးအစား ကျယ်ဝန်းသည့်အိမ်ထောင်တစ်ခုကို ဆောက်နိုင်လေသည်။
သို့သော် ယိုကျင့်အတွက် အများကြီးလိုသေးလေသည်။ သူမသည် ညီမငယ်ခြောက်ယောက်နှင့် အမျိုးသမီးစု၏ ဗိုက်ထဲက မောင်လား ညီမလား မသိသေးသည့် ကလေးကိုလည်း ထောက်ပံ့ပေးရဦးမည်။ ငွေသား ၁၇စသည် သူတို့ယွဲ့အိမ်တော်က ထွက်သွားလျှင် ကုန်ကျစားရိတ်နှင့် နေထိုင်စရိတ်အတွက် လုံလောက်မည် မဟုတ်သေးချေ။
သို့သော် အခုတော့ နှင်းများ ကျစပြုနေလေပြီ။ တောင်ပေါ်က တိရိစ္ဆာန်များအားလုံးလည်း ဆောင်းခိုကြတော့မည်။ အမဲလိုက်ခြင်းဖြင့် ငွေရှာဖို့ရန်က မဖြစ်နိုင်တော့ချေ။ သူမသည် နောက်ထပ် ဝင်ငွေတစ်ခုကို ရှာရတော့မည်။
ယိုကျင့်မှာ ငွေရှာဖို့ နည်းလမ်းသစ် ရှာမတွေ့ခင်မှာပင် ယွဲ့မိသားစု၌ ကိစ္စကြီးကြီးမားမား ဖြစ်သွားတော့သည်။
ယွဲ့ချန်လုသည် ယွဲ့အိမ်တော်သို့ ဗိုက်ကြီးသည်မိန်းမတစ်ယောက်ကို ခေါ်လာခဲ့၏။
ယွဲ့အိမ်တော်၏ပင်မဆောင်တွင် ယွဲ့ချန်လုသည် အနည်းဆုံး ခုနှစ်လသားဗိုက်ရှိသည့် မိန်းမငယ်လေးကို ထိန်းထားလေသည်။ နှစ်ယောက်သားသည် ယွဲ့တာ့ဖူနှင့် အဘွားချန်တို့ရှေ့တွင် အတူတူ ဒူးထောက်နေကြ၏။ ယွဲ့ချန်လုက အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ အဖေ အမေ ဝမ်ညန်ဗိုက်ထဲက ကလေးက သားရဲ့ကလေးပါ၊ သား ဒီသားအမိနှစ်ယောက်ကို အပြင်မှာ ဒုက္ခမခံခိုင်းနိုင်ဘူး၊ အဖေ အမေ ကျေးဇူးပြုပြီး ကျွန်တော်တို့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”
အဘွားချန်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ နှစ်သက်ဖွယ်ဆွဲဆောင်မှုရှိသည့် ဝမ်ညန်ကို ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ် မည်းမှောင်သွားတော့သည်။ ဘာစကားမှမပြောတော့ဘဲ ခုတင်ပေါ်တွင် ပြန်မှီနေလိုက်တော့သည်။ ရိုးသားပြီး စကားအလွန်နည်းသည့် သူ၏ဒုတိယသားက ပြဿနာသယ်လာလိမ့်မည်ကိုတော့ လုံးဝ မျှော်လင့်မထားခဲ့ချေ။ မျက်မှောင်ကျုံ့ရင်း ခုတင်ပေါ်တွင် ခြေချိတ်ထိုင်ကာ သူ့ဆေးတံကိုသာ ဖွာနေလိုက်တော့သည်။ အတန်ကြာသည်အထိ ပင်မဆောင်က တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
အနောက်ဆောင်တွင်တော့ ခုတင်အောက်တွင် ထင်းမီးထည့်ပေးရန် ထွက်လာသည့်ယိုကျင့်က ယွဲ့ချန်လုက မိန်းမတစ်ယောက်နှင့် ဝင်သွားသည်ကို မြင်လိုက်လေသည်။ ထို့နောက် သူမ အနောက်ဆောင်သို့ မြန်မြန်ပြန်လာပြီး ယိုရင်နှင့် တခြားကလေးများကို ညွှန်ကြားလိုက်၏။
“ အပြင်မှာ ဘာပဲဖြစ်ဖြစ် ထွက်မလာကြနဲ့နော်၊ အမေ့ကို စောင့်ကြည့်ထား ဟုတ်ပြီလား”
ရလဒ်အနေဖြင့် ဘာဖြစ်နေမှန်းမသိကြသည့် မိန်းကလေးငယ်များက စန်းကျဲ၏ စကားကို လိမ်လိမ်မာမာ နားထောင်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။
ကောင်မလေးတချို့က စိတ်ဝင်တစားခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ပြီး ယိုကျင့်သည် မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းစုလိုက်ပြီးနောက် ထွက်သွားတော့သည်။ ယိုကျင့် ထွက်မသွားခင် ယိုကျူးသည် စိတ်ထဲတွင် တခုခုလာတို့ထိနေသလို ခံစားလိုက်ရသဖြင့် နောက်မှ လိုက်သွားလေသည်။
“ စန်းကျဲ ဘာဖြစ်လို့လဲ”
ယိုကျင့်ထွက်လာချိန်၌ သူမနောက်မှ ယိုကျူးလိုက်ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမ ယိုကျုးကို အခန်းဆီသို့ မြန်မြန် တွန်းထုတ်လိုက်ပြီး
“ မြန်မြန်ပြန်သွား”
ထို့နောက် ခြံအနောက်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။ စန်းကျဲ၏ အမူအရာကို တွေ့လိုက်ရသည့် ယိုကျူးသည် အိမ်တွင် ကိစ္စကြီးကြီးမားမား ဖြစ်နေမှန်း ခံစားလိုက်ရတော့သည်။ ထို့ကြောင့် ယိုကျင့်နောက်မှ တိတ်တိတ်လေး လိုက်သွားလိုက်ပြီး ပင်မဆောင်၏ကျောဖက် ပြတင်းပေါက်ရှိရာသို့ သွားလိုက်လေတော့သည်။
ယိုကျင့်သည် နောက်လှည့်ကြည့်လိုက်သည်နှင့် ယိုကျူးကို သတိထားမိသွားတော့သည်။ သူမ၏အသံက အထဲကလူများကို အသိပေးသလို ဖြစ်သွားမည်စိုးသဖြင့် အသံမထွက်ရန် မျက်လုံးမှိတ်ပြလိုက်လေသည်။ နှင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ညီအစ်မနှစ်ယောက်သည် ပင်မဆောင်နောက်တွင် ပုန်းကာ လှုပ်ရှားမှုများကို ငြိမ်ငြိမ်လေး နားထောင်နေလိုက်၏။
ပင်မဆောင်ထဲတွင် ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည် အတန်ကြာသည်အထိ နှုတ်ဆိတ်နေလသည်။ ယွဲ့ချန်လုသည် အချိန်တော်တော်ကြာအောင် ဒူးထောက်နေလေသည်။ လက်ထဲက ဆေးလိပ်က ငြိမ်းသွားမှ ယွဲ့တာ့ဇူသည် နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး ယွဲ့ချန်လုဘေးတွင် ဒူးထောင်နေသည့် ဝမ်ညန်ကို ကြည့်လိုက်ပြီး
“ နင်က ငါတို့ရဲ့ ဒုတိယသားကို ဘာကြည့်ပြီးကြိုက်တာလဲ”
ဝမ်ညန်သည် ပါးစပ်ဖွင့်ကာ နူးညံ့သည့်လေသံဖြင့် ပြန်ဖြေလေသည်။
“ကျွန်မ အစ်ကိုကြီးယွဲ့နဲ့ သိလာတာ တစ်နှစ်ကျော်ပါပြီ၊ အစ်ကိုကြီးယွဲ့က စကားနည်းတဲ့သူဆိုပေမဲ့ သူ ကျွန်မအပေါ် ရိုးသားခဲ့ပါတယ်၊ ကျွန်မ သူ့ကို ပြန်မတုံ့ပြန်ဘဲ မနေနိုင်ဘူး၊ ကျွန်မ သူ့ကို ကျွန်မရဲ့ဖြူစင်မှုနဲ့ပဲ ပြန်တုံ့ပြန်နိုင်ပါတယ်၊ သခင်ကြီး ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့လက်ထပ်ပွဲကို ခွင့်ပြုပေးပါရှင်”
စကားလုံးများကို စီကာပတ်ကုန်းပြောလေရာ ရိုးသားမှုကို ခံစားချက်နှယ် ဆိုနိုင်လေသည်။
“ လောင်အာ့က လက်ထပ်ထားပြီးသားဆို နင်သိလား”
ယွဲ့တာ့ဖူသည် မရေတွက်နိုင်အောင်များလှသည့် လူများနှင့် မတွေ့ဆုံခဲ့ဖူးသော်လည်း သူ့တွင် လူအကဲခတ်စွမ်းရည်တော့ ရှိသေးသည်။ သူမသည် ၂၀စွန်းစွန်းသာသာရှိသေးသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လှပလေသည်။ စကားနည်းကာ ရုပ်ပျက်နေသည့်လောင်အာ့ကို မည်သို့ သဘောကျနိုင်ပါမည်နည်း။
ဝမ်ညန်က မလုံမလဲဖြင့် ပြုံးလိုက်ပြီး
“ ကျွန်မ အစ်မကြီးစုအပေါ် အမှားလုပ်မိခဲ့ပါတယ်၊ ဒါပေမဲ့လေ အစ်ကိုကြီးယွဲ့နဲ့ ကျွန်မက အပြန်အလှန် တကယ်ချစ်ကြတာပါ၊ ကျွန်မ ဇနီးမယားနာမည် မတောင်းဆိုပါဘူး၊ အကြီးအကဲနှစ်ယောက်က ကျွန်မတို့ကို အတူတူနေခွင့်ပြုဖို့ပဲ အနူးညွှတ်တောင်းပန်ပါတယ်ရှင်”
“ဖွီ ယုတ်ညံ့အရှက်မဲ့လိုက်တဲ့မြေခွေးမ”
သူမစကားကို အဘွားချန် ကြားလိုက်ချိန်တွင်တော့ ထခုန်ပြီး အရေပြားကို ဆွဲဆုတ်ဖို့ မနေနိုင်အောင် ဖြစ်သွားတောသည်။
“ တကယ်ပဲ ဇနီးမယားနာမည် မယူဘူးပေါ့လေ၊ ဒါဆို ဒီနေ့ နင်ဘာလို့ ဒီကိုရောက်လာသေးလဲ”
အချိန်မကိုက်လွန်း၍သာ ။ ပြတင်းပေါက်အပြင်ဖက်တွင် ခိုးနားထောင်နေသည့်ယိုကျင့်သည် အော်ရယ်မိမလိုပင် ဖြစ်သွားတော့သည်။ ဒီအဘွားချန်ရဲ့ မိန်းမတစ်ယောက်ကို အရှက်ခွဲတတ်တဲ့ အရည်အချင်းကတော့ တကယ့်အမြင့်ဆုံးပဲ။
“အမေ ဝမ်ညန်ကို ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့ဖို့ ကျွန်တော်တောင်းဆိုခဲ့တာပါ၊ ကျွန်တော် သူ့ကို ဇနီးမယား အမည်ပေးချင်တယ် ဝမ်ညန်ကို အပြစ်မပြောပါနဲ့”
ယွဲ့ချန်လုသည် သူ့နောက်က ကိုယ်လေးလက်ဝန်နှင့် ဝမ်ညန်ကို ဂရုတစိုက်ဖြင့် အဘွားချန် ပစ်ထည့်လိုက်သည့် ဖိနပ်ကို ကာပေးလိုက်လေသည်။
“ အမေ ရိုက်ချင်၊ ဆူဆဲချင်ရင် ကျွန်တော့်ကိုလုပ်ပါ”
ဒါသည် ယိုကျင့်နှင့် ယိုကျူးတို့က ယွဲ့ချန်လုထံမှ ယောက်ျားပီသသည့် အပြုအမူကို ပထမဆုံး တွေ့လိုက်ရခြင်းပင်။ အိမ်သို့ နောက်မိန်းမခေါ်လာပြီး အဘိုးအဘွားထံ ခွင့်ပြုဖို့ တောင်းပန်နေသူက သူတို့အဖေသာ မဟုတ်လျှင် ယိုကျင့်သည် ခါးသီးလှသည့်တရုတ်ဘဲတစ်စုံ(အချစ်မောင်နှံ)ကို လက်ခုပ်တီးကာ ချီးကျူးပေးလိုက်အုံးမည်။ ယိုကျင့်သည် ယိုကျူးကို ‘မဆင်မခြင်မလုပ်နဲ့’ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဇာတ်လမ်းမပြီးခင် ဒီဇာတ်လမ်းကို ရှုပ်ထွေးအောင် အဘယ်သို့ လုပ်နိုင်ပါမည်နည်း။
ယွဲ့တာ့ဖူ နောက်ထပ်ဆေးလိပ်တစ်ခုကို မီးညှိလိုက်၏။ အနည်းငယ်ဖွာလိုက်ပြီးနောက် ဣန္ဒြေရရဖြင့် ပြောလိုက်လေသည်။
“လောင်အာ့ မင်းသိလား၊ ငါတို့ ယွဲ့မျိုးနွယ်မှာ မပြောနဲ့ ငါတို့ ချွေ့ဖုန်းရွားနဲ့ ပတ်ဝန်းကျင် ၈ရွာနဲ့ ဆယ်မိုင်လောက် ဝေးတဲ့ရွာက ငါတို့လို သာမန်မိသားစုတွေက အငယ်အနှောင်းထားတဲ့ အစဥ်အလာ လုံးဝမရှိခဲ့ဘူး”
“ ချမ်းသာပြီး အရာရှိမိသားစုတွေကပဲ အငယ်နှောင်းထားကြတာ၊ ငါတို့လို လယ်သမားမိသားစုက အငယ်နှောင်း ထားတယ်ဆိုတာ ရယ်စရာသက်သက်ပဲကွ”
အဘွားချန်သည် ဝမ်ညန်ကို ကြမ်းကြုတ်စွာ ဒေါသဖြင့် ကြည့်နေလေသည်။ သူမသည် အမျိုးသမီးစုကို မုန်းသည်ဆိုသော်လည်း သူမရှေ့က ဝမ်ညန်ကို ပိုမုန်းလေသည်။ အမျိုးသမီးစုကို ရိုက်နှက် ဆဲဆိုစဥ်ကာ လောင်အာ့သည် သူမကို ဘယ်တုန်းကမှ မတားခဲ့ဖူးချေ။ အခုတော့ ဖိနပ်ဖြင့် ပစ်ပေါက်လိုက်ရုံလေးနှင့် မသိတတ် မလိမ်မာသည့် လောင်အာ့က ရှေ့ထွက်ကာ ကာပေးခဲ့သည်တဲ့။ သူမကို တကယ်အိမ်ထဲ ပေးဝင်လိုက်လျှင် နောက်ပိုင်းတွင် လောင်အာ့က သူမ၏စကားကို နားထောင်ပါအုံးတော့မလား။
ဒါပေမဲ့ ယွဲ့ချန်လုက အငယ်နှောင်းလို ခေါ်ဝင်ချင်တာ မဟုတ်ဘူးတဲ့လေ။ နောက်ဇနီးတစ်ယောက်လို လက်ထပ်ချင်တာတဲ့။ ဒီဝမ်ညန်က တကယ် အရည်အချင်း ရှိတယ်ပြောရမှာပဲ။ သူရဲဘောကြောင်ပြီး အရည်အချင်းမရှိတဲ့ ယွဲ့ချန်လုကို ပြုစားပြီး သူမအတွက် သူ့မိဘတွေနဲ့တောင် အတိုက်အခံလုပ်အောင် လုပ်နိုင်ခဲ့တယ်။
မြေကြီးပေါ်တွင် ဒူးထောက်ရင်း ယွဲ့ချန်လုသည် မျက်ရည်များဖြင့် ပြည့်နေသည့် ဝမ်ညန်ကို ကြည့်လိုက်လေသည်။ သူ သတ္တိမွေးကာ ပြောလိုက်၏။
“ ကျွန်တော် အငယ်နှောင်းတော့ လက်မခံဘူး၊ အဖေ အမေ ကျွန်တော် ဝမ်ညန်ကို လက်ထပ်ချင်တယ်၊ ပြီးတော့ တံခါးကနေ ဝင်ပြီး နောက်ဇနီးတစ်ယောက်လို သတ်မှတ်ချင်တယ်”
“ နောက်ဇနီး”
ယွဲ့တာ့ဖူနှင့် အဘွားချန်တို့နှစ်ယောက်လုံး လန့်ဖျပ်သွားတော့သည်။ သူတို့သားဖြစ်သူက ဤသို့သော တောင်းဆိုမှုမျိုး လုပ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
ယွဲ့တာ့ဖူက ဘာမှမပြောနိုင်ခင် အဘွားချန်က လွှားခနဲ ခုန်ထွက်လာပြီး ငြင်းပယ်လိုက်တော့သည်။
“ အငယ်နှောင်းထားတာနဲ့တင် ငါ့ယွဲ့မိသားစုရဲ့မျက်နှာကို ပျက်အောင်လုပ်ထားပြီးပြီ၊ နင်က နောက်ဇနီးတစ်ယောက် လိုချင်နေသေးတယ်၊ အိပ်မက်မက်နေလိုက်”
အဘွားချန်သည် လူများကို ကြက်ဖခွပ်သလို နှုတ်ခမ်းတလန်ပန်းတလန် ပြောနေသော်လည်း ဝမ်ညန်ကတော့ မကြောက်ပေ။ အကြောင်းမှာ သူမလက်ထဲတွင် ဝှက်ဖဲ ရှိနေသာကြောင့်ပင်။ သူမ၏ ၈လသားဗိုက်လေးကို အသာအယာပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“ သခင်ကြီး ၊ သခင်မကြီး တမြန်နေ့က ကျွန်မ အားသစ်လောင်းခန်းမရဲ့ သားသမီးစမ်းသပ် သမားတော်ဆီမှာ သွားစမ်းသပ်ကြည့်တော့ ကျွန်မကလေးက ချိုလေးနဲ့လို့ ပြောလိုက်တယ်”
ယွဲ့ချန်လုကို နူးနူးညံ့ညံ့ ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“ အစ်ကိုကြီးယွဲ့အတွက် မျိုးဆက်သားလေးတစ်ယောက်ကို မမွေးပေးနိုင်ဘူးဆိုရင် ဘယ်လိုမျက်နှာနဲ့ ကျွန်မ အသက်ရှင်နိုင်မှာလဲ”
သူမသည် ဗိုက်ထဲတွင် သားလေးတစ်ယောက်လွယ်ထားရသည်ဟု ကြားလိုက်ရချိန်၌ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့၏မျက်လုံးများ ဝင်းလက်သွားတော့သည်။
“ တကယ် သားတဲ့လား”
ယွဲ့ချန်လု မြန်မြန်ပြန်ဖြေလိုက်၏။
“ တကယ်ပါ အဖေနဲ့အမေ အားသစ်းလောင်းခန်းမရဲ့ သမားတော်ကျောက်က ဘယ်လိုလုပ်ပြီး မှားနိုင်ပါ့မလဲ၊ ဝမ်ညန်က သားလေးတွေ မွေးပေးချင်နေတာ၊ သားလည်း သူမကို အမှားမလုပ်ချင်ဘူး သားကို ခွင့်ပြုပေးဖို့ အဖေနဲ့ အမေကို အသနားခံပါတယ်ဗျာ”
ထိုသို့ပြောလိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဦးချကန်တော့လေတော့သည်။
ယွဲ့တာ့ဖူက သက်ပြင်းချလိုက်၏။ လောင်အာ့မှာ သားမရှိတာ သူ့ရဲ့စိတ်ရောဂါတင် ဘယ်မကလဲ နှလုံးရောဂါဆိုလည်း ဟုတ်တယ်။ အခုတော့ ဗိုက်ထဲက သားလေးက လောင်အော့ရဲ့သားပါလို့ ပြောနေတဲ့ မိန်းမတစ်ယောက်ကလည်း ရုတ်တရက်ပေါ်လာတော့ သူ အပျော်မလွန်ဘဲ ဘယ်နေပါမလဲ။ ဒါပေမဲ့ နောက်ထပ်ဇနီးတစ်ယောက်အဖြစ် လက်ထပ်မယ်ဆိုတဲ့ အတွေးကတော့ ယွဲ့တာ့ဖူ ခေါင်းညိတ်ပေးဖို့ အနည်းနည်းအခက်တွေ့နေလေရဲ့။ နောက်ဆုံး ဒါက အသေးအဖွဲကိစ္စလည်း မဟုတ်ဘူး။
သူ အချိန်တော်တော်ကြာအောင် စဥ်းစားတွေးတောနေလေသည်။ ဒုတိယဆေးတံကုန်ခါနီးမှ ယွဲ့တာ့ဖူ ဖြည်းညင်းစွာ ပြောလိုက်တော့သည်။
“ ဒီကိစ္စက ငါတစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး၊ မင်းရဲ့ အစ်ကိုကြီးနဲ့ ညီလေးတို့ရဲ့ သဘောထားကိုလည်း မေးလိုက်အုံး၊ ပြီးတော့ အမျိုးသမီးစုရဲ့သဘောထားရော၊ နောက်ဆုံးတော့လည်း သူက အရှေ့တံခါးကနေ ဝင်လာပြီး သူတို့နှစ်ယောက်လုံးက မင်းကို အလုပ်အကျွေး အပြုကြမဲ့သူတွေပဲလေ”
“ဟုတ်”
ယွဲ့ချန်လုသည် သူ့အဖေက လျှော့ပေးလိုက်သည်ကို ကြားလိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ ဝမ်းသားအားရ ထပ်ဦးချလိုက်၏။ အဘွားချန်မှာ နှုတ်ခမ်းကို စူထားပြီး မကျေမနပ် ရေရွတ်လိုက်လေသည်။
“ အေးကအေးနဲ့၊ မထကြသေးဘူးလား”
ပြတင်းပေါက်အပြင်ဖက်တွင် ယိုကျင့်နှင့် ယိုကျူးတို့၏ခေါင်းနှင့် ကိုယ်ပေါ်တွင် နှင်းဖတ်များ တင်နေလေသည်။ သို့သော် နှင်းပွင့်များ သယ်လာသည့် အအေးဓာတ်က ယွဲ့ချန်လု၏လုပ်ရပ်လောက် မအေးချေ။ အချိန်မည်မျှကြာသွားမှန်းမသိပေ။ ပင်မဆောင်ထဲမှ ဘာအသံမှမကြားရတော့ပေ။ ယိုကျင့်သည် အေးခဲကာ ထုံထိုင်းနေပြီးဖြစ်သည့် ယိုကျူးကို အနောက်ဆောင်သို့ တိတ်တိတ်လေး ဆွဲခေါ်လာခဲ့တော့သည်။
ယိုရင်နှင့် ကျန်လူများသည် အခန်းထဲ စိုးရိမ်တကြီး စောင့်နေကြ၏။ သူတို့သည် စန်းကျဲ၏ စကားကို နားမထောင်ဘဲ မနေရဲကြချေ။ သူတို့အယောက်တိုင်းသည် ဘာဖြစ်နေကြမှန်းလည်း မသိကြပေ။ သို့တိုင် အားလုံးက ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေကြဆဲ။ နောက်ဆုံးတော့ ယိုကျင့်နှင့် ယိုကျူး ပြန်အလာကိုသာ စောင့်နေလိုက်ပြီး သူတို့ထံချက်ချင်း ဝိုင်းအုံသွားလိုက်ကြတော့သည်။
“ စန်းကျဲ ဘာြဖစ်တာလဲ”
ယိုကျင့်နှင့်ယိုကျူး နှစ်ယောက်လုံးသည် ခုတင်စွန်းတွင် လေးလေးနက်နက်အမူအရာဖြင့် ထိုင်ချလိုက်လေသည်။ ယိုရင်နှင့် ကျန်သည့်လူများက ပို၍ပျာယာခတ်သွားတော့သည်။
“စန်းကျဲ ရှောင်ဝူ ဘာဖြစ်ခဲ့တာလဲ ပြောပါစမ်းပါ၊ နှုတ်ဆိတ်ပြီး မနေကြပါနဲ့၊ ငါတို့ကို လန့်အောင် မလုပ်ပါနဲ့”
ယိုကျူး၏ နီရဲနေသည့်မျက်လုံးများက ယိုရင်ကို တည့်တည့်စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ယိုရင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည်။
“ နင်ပြောတော့ သူ သူ့အမှားကို ပြင်နိုင်မှာပါဆို၊ အားလုံးက အလိမ်အညာတွေချည်းပဲ၊ တကယ့်လူလိမ်ကြီး”
အမှန်တွင်တော့ ယိုကျူး၏စိတ်ထဲတွင်လည်း ကြင်နာတတ်ကာ လူများကို မရိုက်တတ်သည့်အဖေမျိုး မလိုချင်ဘဲ ဘယ်မှာရှိပါမည်နည်း။ သို့သော် အမှန်တရားက ရက်စက်လွန်းပေသည်။ ယိုကျူးနှလုံးသားထဲတွင် ဖုံးကွယ်ထားသည့် ဆန္ဒသေးသေးလေးမှာ ဖယ်ရှားခံလိုက်တော့သည်။
“ယိုကျူး”
ယိုကျင့်သည် ယိုကျူး၏လှုပ်ရှားမှုကို တားလိုက်၏။ ထို့နောက် ဘာမှမသိသည့် ယိုရင်ကို ခေါင်းခါပြလိုက်ပြီး
“ ဘာမှဖြစ်ပါဘူး၊ သူ ဝမ်းနည်းနေလို့ပါ၊ ခဏနေကောင်းသွားမှာပါ”
အပြင်ဘက် လှုပ်ရှားမှုကို ကြားလိုက်ရသဖြင့် အတွင်းဖက်အိပ်ခန်းက ခုတင်ပေါ်က အမျိုးသမီးစုသည် သူမ၏ ၇လသားဗိုက်လေးကို အားယူထောက်ကန်ကာ အိပ်ရာပေါ်မှ ဆင်းလာလေသည်။ အသက်ဝဝရှူလိုက်ပြီးနောက် အခန်းတံခါးဆီ လျှောက်သွားလိုက်ပြီး
“ ဘာဖြစ်ကြတာလဲ၊ ရုတ်တရက်ကြီး ဘာလို့ ရန်ဖြစ်နေကြတာလဲ”
အမျိုးသမီးစု ထွက်လာသည်ကို မြင်လိုက်သဖြင့် ယိုကျင့် သူမကို မြန်မြန်တွဲကာ အတွင်းဖက်ခုတင်သို့ ခေါ်လာပြီး လဲလျောင်းစေလိုက်လေသည်။ ထို့နောက် သူမပြန်ဖြေလိုက်၏။
“ဘာမှမဟုတ်ပါဘူး ယိုကျူး ဒေါသနည်းနည်း ထွက်သွားလို့”
သို့သော်ငြား အမျိုးသမီးစုသည် ယိုကျင့်၏မျက်လုံးထဲတွင် တစ်ခုခု လွဲနေသည်ကို ခံစားမိလိုက်ပြီး သက်ပြင်းချလိုက်လေသည်။
“ သမီးတို့တွေ အမေ့ကို ဘာတွေကွယ်ဝှက်ထားလဲ”
မိခင်တစ်ယောက်၏ ခံစားချက်နှင့် သမီးဖြစ်သူနှင့်ရင်းနှီးမှုတို့ကြောင့် အမျိုးသမီးစုသည် တစ်ခုခုမှားနေသည်ကို မမြင်ဘဲ အဘယ်မှာရှိပါမည်နည်း။
ယိုကျင့်သည် ခေါင်းခါပြလိုက်ပြီး
“ အားလုံး အဆင်ပြေပါတယ်၊ ယိုကျူး စိတ်ဆိုးနေလို့ပါ၊ အမေ အဲအကြောင်း အများကြီး စဥ်းစားမနေပါနဲ့၊ အခုက ကလေးကို စိတ်အေးအေးချမ်းချမ်းနဲ့ ပြုစုရမဲ့ အချိန်လေ”
အမျိုးသမီးစု၏ကိုယ်ဝန်သည် ခုနှစ်လသာရှိ သေးသော်လည်း နေ့စေ့လစေ့အရွယ် ထင်ရလေသည်။ ပြီးခဲ့သည့်တစ်ခေါက်က သမားတော်မာ လာစမ်းသပ်ပေးသွားသေးသည်။ သူက မိန်းကလေး ယောက်ျားလေး မပြောနိုင်သော်လည်း သွေးခုန်နှုန်း နှစ်ခု စမ်းမိသည်ဟု ဆိုသည်။ တစ်ခုက အားကောင်းပြီး တစ်ခုက အားနည်းသည်တဲ့။ အမျိုးသမီးစုသည် သည်တစ်ကြိမ်တွင် အမြွှာကိုယ်ဝန်လွယ်ထားရခြင်းပင်။ မှားယွင်းနိုင်ချေမရှိပေ။
…