အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အပိုင်း (၂၈) နှင်းကျတဲ့ကာလအတွင်း အဖျားတက်ခြင်း
လတ်တလောနှစ်များတွင် ရာသီဥတုက တစတစပိုအေးလာ၏။ ချွေ့ဖုန်းတောင်စဥ်တန်းများပင် အခုတော့ ကျယ်ပြန့်သည့်အဖြူရောင်လွင်ပြင်ကြီးဖြစ်လို့ပင်။ ချွေ့ဖုန်းရွာ၏လမ်းဘေးက နှင်းများပေါ်တွင် ခြေရာနက်နက်တစ်ခု ရှိနေသည်။ ထူထပ်သည့်နှင်းများကို မြင်လိုက်ပြီး ရွာမှာ လူကြီးများက မျက်ခုံးများကို ပင့်ကာ မှတ်ချက်ပေးကြလေသည်။
“ အချိန်ကိုက် နှင်းကျတယ်ဆိုတာ ပေါများကြွယ်ဝမဲ့နှစ်တစ်နှစ်ဖြစ်မယ်လို့ ပြောတာပဲ၊ ကြည့်ရတာ နောက်နှစ်ကတော့ စပါးအထွက်တိုးမဲ့နှစ်ပဲ ဖြစ်မယ်”
ယိုကျင့်သည် ထိုစကားကို နားမလည်ပေ။ နှင်းများထူထပ်သည်က သွားလာရခက်ခဲသည်ဟုသာ သူမခံစားရလေသည်။ သည်နေ့လို့ အေးခဲသည့်နေ့မျိုးတွင် သူမသည် ချွေ့ဖုန်းတောင်ပေါ်သို့ တစ်ယောက်ထဲ တက်လာခဲ့သည်။ အဘွားက နှစ်သစ်ကူးနီးလာပြီး မိသားစုကလည်း လူများသဖြင့် ထင်းမီး မလုံလောက်တော့ဟု ပြောနေသည်။ ထို့ကြောင့် သူမက ယိုကျင့်ကို တောင်ပေါ်တက်ခိုင်းကာ ထင်းများကောက်ခိုင်းတော့သည်။
အပြင်လူတစ်ယောက်ယောက်သာ မြင်လျှင် သူတို့အားလုံး အော်ရယ်ကြပေလိမ့်မည်။ ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လု နှစ်ယောက်လုံး အိမ်မှာ သီးခြားစီ ရှိနေကြ၏။ လူကြီးနှစ်ယောက်က ထင်းမကောက်ဘဲ ၁၂နှစ်တောင် မပြည့်သေးသည့် မိန်းမငယ်လေးကို တောင်ပေါ်တက် ထင်းကောက်ခိုင်းသည်တဲ့။ ဆောင်းလယ်ကာလတွင် တောင်ပေါ်က တိရိစ္ဆာန်အားလုံး အစားအစာပြတ်လပ်ကြမည်ကို လူတိုင်း သိကြလေသည်။ ကျား၊ သို့မဟုတ် ဝံပုလွေနှင့်သာ တိုးခဲ့လျှင် သူတို့၏အသက်များ ဆုံးရှုံးရပေလိမ့်မည်။
အဘွားချန်က ဘာဂရုစိုက်မှာလဲ။ ဒီလိုအချိန်ကြီး သူမကို တောင်ပေါ်တက်ခိုင်းတာက သွားသေခိုင်းတာနဲ့ အတူတူပဲဆို သူမကောင်းကောင်းသိသားပဲ။ ဒါကြောင့်ပဲ သူမ ယိုကျင့်ကို တောင်ပေါ်ကို လွှတ်လိုက်တာပေါ့။ ခုတင်ပေါ်တွင် ထိုင်ရင်း မျက်စိမှိတ်ပြကာ ပြောလေသည်။
“ ကျားဖမ်းခံရတယ်ဆိုလည်း သူ ကံမကောင်းလို့လို့ပဲ ပြောရမှာပဲ၊ အိမ်ကယောက်ျားတွေကို သူ့ကိုယ်စားတော့ မသွားခိုင်းနိုင်ပါဘူး”
“ အမေပြောတာ ဟုတ်ပါတယ်၊ ကျွန်မသာ အခုနေ ကိုယ်ဝန် မရှိနေရင် အဖေနဲ့ အမေကို ပိုပြီး ပြုစုစောင့်ရှောက်ပေးနိုင်မှာပဲ”
ဝမ်ညန်သည် ကျောမနာ ခါးမနာ မတ်တတ်ရပ်ကာ ပြောနေလေသည်။ သူမသည် အိမ်တော်ထဲသို့ ဝင်လာသည်မှာ လဝက်ပင်မရှိသေးသော်လည်း အဘွားချန် စိတ်ချမ်းသာအောင် မည်သို့ နူးနပ်ရမည်ကိုသိလေသည်။
“ ယိုကျင့်က ကျွန်မတို့ဒုတိယမိသားစုရဲ့ အကြီးဆုံးသမီးပဲ၊ အစ်မကြီးစုကလည်း ကျန်းမာရေး မကောင်းဘူးဆိုတော့ သူက သူ့အမေကို ပိုကြီးသိတတ်ရမယ်လေ”
အဘွားချန်သည် ဝမ်ညန်၏ မျက်နှာလုပ်နေသည့် စကားတွင် လည်ထွက်နေကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
“ နင်က တော်တော် သိတတ်တာပဲ၊ ဒီလောကမှာ လိမ္မာသိတတ်တာထက် ပိုကြီးမြတ်တဲ့စကားမရှိဘူး ဟုတ်တယ်မလား”
သူမသည် ခုတင်ပေါ်တွင် ခြေချိတ်ထိုင်ရင်း ယွဲ့တာ့ဖူ၏နှစ်သစ်ကူးအဝတ်အစားများကို ချုပ်ရင်း အလုပ်များနေလေသည်။ အေးချမ်းလွန်းသည့် ရာသီဥတုကြောင့် အချိန်မရွေး သေသွားနိုင်သည့် သူမ၏မြေးမလေးကို ဂရုမစိုက်ချေ။
ကံအာားလျော်စွာ ယိုကျင့်သည် အတိတ်ဘဝက တောတွင်း အသက်ရှင်နေထိုင်းခြင်းကို အတွေ့အကြုံများစွာ ရှိခဲ့၏။ တောင်ခြေတွင် ထင်းများကောက်ရုံဖြစ်လေသည်။ ကိစ္စကြီးမဟုတ်။ သူမ သယ်နေကျ ခြင်းတောင်းကို ကျောတွင် သယ်ထား၏။ ခြင်းထဲတွင် တောက်ပြောင်နေအောင် သွေးထားသည့် သစ်ခုတ်ဓားတစ်ချောင်း ရှိလေသည်။ နှင်းများကြားတွင် လမ်းလျှောက်ရင်း ဂရုတစိုက်ဖြင့် တောင်ပတ်လည်ကို လျှောက်သွားလိုက်သည်။ နောက်ဆုံး တောင်များသည် ဆောင်းခိုတိရိစ္ဆာန်များ ပြည့်နေသည့်နေရာတစ်ခုပင်။ မျက်မမြင်ဝက်ဝံသားရဲဂူထဲသို့ ဝင်သွားမိလျှင် ကျောချမ်းစရာ။
ယိုကျင့်မှာ ကံကောင်းဟန်မတူချေ။ တောင်ပေါ်က ဆောင်းခိုတိရိစ္ဆာန်များကို မနှောင့်ယှက်မိအောင် သတိထားနေကာမှ နှင်းသိုက်တစ်ခုကို နင်းမိသွားတော့သည်။ သူမခန္ဓာကိုယ်တစ်ဝက်သည် တွင်းလေးတစ်ခုထဲ ကျသွားတော့သည်။ အခိုက်အတန့်တွင်း ယိုကျင့် ချက်ချင်းတုံ့ပြန်လိုက်၏။ ချက်ချင်းပင် နှင်းပုံအောက်က နွယ်ကြိုးခြောက်ကို လှမ်းဆွဲလိုက်လေသည်။ အေးစက်နေသည့် နှင်းများသည် အင်္ကျီအနားတစ်လျှောက် လျှောဆင်းသွားတော့သည်။ သို့တိုင် ယိုကျင့်မှာ ထိုအရာများကို ဂရုစိုက်ချိန်မရှိချေ။ အကောင်းဆုံးကြိုးစားကာ ပြန်တက်လိုက်လေသည်။
သည်တွင်းသည် အတော်နက်လှ၏။ ယိုကျင့်၏ခန္ဓာကိုယ်တစ်ဝက်က တွင်းထဲသို့ ကျသွားသည်ပြင် အောက်ကို မထိသေးချေ။ သည်လို အေးစက်သည့်ရာသီဥတုတွင် တွင်းထဲသို့ ကျသွားလျှင် ပြန်တက်ရခက်သွားတော့မည်။ သူမသည် သည်နေရာတွင် အေးခဲကာ သေသွားမည် သေချာသည်။ ထို့ကြောင့် ယိုကျင့် အံကြိတ်လိုက်ပြီး အကောင်းဆုံး ကြိုးစားတက်လိုက်တော့သည်။
ယိုကျင့်သည် အချိန်မီ လှုပ်ရှားလိုက်သော်လည်း ဆောင်းတွင်းဖြစ်နေသည့်အတွက် သူမ၏လှုပ်ရှားမှုက နှေးကွေးနေသေးသည်။ ထို့အချင်းရာထက် ယိုကျင့်၏ခန္ဓာကိုယ်သည အလွန်သေးငယ်ပြိး အားကလည်း လုံလုံလောက်လောက်မရှိချေ။ အချိန်တော်တော်ကြာသည်အထိ ရုန်းကန်ခဲ့ရ၏။ သူမ၏ခန္ဓာကိုယ်မှာ နှင်းများဖြင့် စိုရွှဲသွားချိန်မှ တွင်းဝက တက်လာနိုင်တော့သည်။
တွင်းထဲက လေးဘက်ထောက်တက်လာပြီး မောပမ်းနေသည့် ယိုကျင့်သည် နှင်းထဲတွင် မလှုပ်မယှက် ထိုင်ချလိုက်တော့သည်။ သူမသည် အလွန်မောဟိုက်နေတော့သည်။ ဒီဇင်ဘာ၏ အေးခဲသည့် ဆောင်းတွင်းတစ်ခု ဖြစ်လေသည်။ သို့သော် ချွေးများက ဒရဟောထွက်နေ၏။ ခန္ဓာကိုယ်အပူချိန်နှင့် လုံးဝစိုစွတ်နေသည့် အနွေးထည်ဖောင်းဖောင်းတို့ကြောင့် ယိုကျင့်မှာ မနေနိုင်ဘဲ တုန်ယင်နေတော့သည်။
“ဟက်ချိုး”
ကောင်းကောင်းအနားယူလိုက်ပြီးနောက် ယိုကျင့် နှင်းများကိ ခါချလိုက်၏။ ထိုအချိန်မှ အခုလေးတင် ကျသွားတော့မလိုဖြစ်ခဲ့သည့်တွင်းကို လှည့်ကြည့်ရန် အားရှိလာတော့သည်။ သူမ မကြည့်လျှင် သိလိမ့်မည်မဟုတ်။ အခုမှ မြင်လိုက်ရပြီး လန့်ဖျတ်သွားတော့သည်။ စားပါးကြီးမြွေကြီးတစ်ကောင်က ဘောလုံးတစ်လုံးလို ကွေးကာ ရှိနေသည်။
ယိုကျင့်သည် ထိုအရာကို မြင်လိုက်ပြီးနောက် ချွေးများ ပျံသွားတော့သည်။ သူမ အမှန်တကယ် တွင်းထဲကျသွားလျှင် ပြန်တက်လာဖို့မပြောနှင့် ဆောင်းခိုနေသည့် အဆိပ်မြွေကြီးကို နိုးမိသလိုဖြစ်သွားတော့မည်။ သူမ ကံဆိုးမိုးမှောင်ကျမည့်အရေးကြောင်း လန့်သွားတော့သည်။ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမ ပြုတ်ကျတော့မလို ဖြစ်ခဲ့သည့် တွင်းကို နှင်းများဖြင့် မြန်မြန်ဆန်ဆန် ဖုံးလိုက်တော့သည်။ ထို့နောက် ထင်းများပြည့်နေသည့် ခြင်းနှင့် သစ်ကိုင်းခြောက်ကြီးနှစ်ကို ဆွဲကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။
သူမသည် မြွေကြီးဗိုက်ထဲတွင် မြုပ်မခံလိုက်ရသော်လည်း ထင်းများ ခုတ်ပြီးနောက် ထိုညမှာပင် ဖျားသွားတော့သည်။
“စန်းကျဲ စန်းကျဲ ထပါအုံး”
တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ပထမဆုံးသတိထားမိသူက သူမဘေးတွင် အိပ်သည့် ယိုရင်ပင်။ ခုတင်သည် နွေးထွေးနေသော်လည်း ယိုကျင့်နှင့် အနီးဆုံးတွင် ရှိသည့်ယိုရင်က ပူကျစ်ကာ မူမမှန်သည့် အပူချိန်ကို ခံစားလိုက်ရသည်။ ထိုအခါမှ စန်းကျဲမှာ အဖျားရှိနေမှန်း သူမသိလိုက်ရ၏။
ယိုကျင့်က နိုးမလာချေ။ သို့သော် သူမဘေးက ယိုကျူးနှင့် ယိုပေါင်က နိုးလာခဲ့၏။ စန်းကျဲ နေမကောင်း ဖြစ်နေသည်ဟု ကြားလိုက်ချိန်၌ သူတို့အားလုံး ကုန်းကုန်းကွကွဖြင့် လေးဖက်ထောက်ကာ ရောက်လာကြလေသည်။
“ ဘာဖြစ်တာလဲ၊ စန်းကျဲက ဘာလို့ ရုတ်တရက်ကြီး ဖျားသွားတာလဲ”
“ ငါလည်း မသိဘူး၊ နေ့ခင်းတုန်းက စန်းကျန် တောင်ပေါ်က ပြန်လာတုန်းကတော့ သူ့အဝတ်အစားတွေ အင်္ကျီလက်အထိ နှင်းတွေနဲ့ စိုနေတာ တွေ့ခဲ့တယ်၊ အဲတုန်းက ငါ သူ့ကို အဝတ်လဲဖို့ ပြောခဲ့သေးတယ်၊ ဒါပေမဲ့ သူ အအေးမိသွားတုန်းပဲ”
သူမ ထလိုက်ပြီး အပြင်ခန်း ရေနံဆီမီးကို ထွန်းလိုက်လေသည်။ ထိုအခါမှ ယိုကျင့်၏မျက်နှာက အဖျားကြောင့် နီရဲနေသည်ကို တွေ့လိုက်ရတော့သည်။
အပြင်းဖျားကာ သတိလစ်နေသည့်ယိုကျင့်ကို မြင်လိုက်ချိန်၌ ညီအစ်မသုံးယောက်မှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူတို့သည် အမျိုးသမီးစုကို နှိုးလိုက်တော့သည်။ အတွင်းခန်းမှ အမျိုးသမီးစုသည် အပြင်ဘက်က လှုပ်ရှားမှုကို ကြားလိုက်ရချိန်၌ နိုးလာ၏။ ယိုကျင့် ဖျားနေသည်ဟု ကြားလိုက်ရပြီး ယိုရင်အား လက်ကိုင်ပဝါကို ယူပြီး အပြင်က နှင်းတချို့ သွားယူကာ အေးအောင် ဆွတ်ခိုင်းလိုက်လေသည်။
“ စန်းကျဲကို အရင်ဆုံးအေးသွားအောင် လုပ်ပေးလိုက်၊ သူ့အပူချိန်ကျသွားရင် နေကောင်းလာလိမ့်မယ်’
ယိုရင်သည် သစ်သားဇလုံကို မြန်မြန်ယူလာကာ ခြံထဲက နှင်းများကို ထည့်လိုက်ပြီး ပြန်လာခဲ့သည်။ ထို့ကြောင့် လက်ကိုင်ပဝါကို နှင်းထဲတွင် နှစ်ကာ ခဏအေးအောင်လုပ်လိုက်ပြီးနောက် ယိုကျင့်နှဖူးပေါ် တင်ပေးလိုက်လေသည်။ ယိုကျူးနှင့် ယိုပေါင်တို့သည် နီရဲနေသည့်စန်းကျဲကို ကြည့်ရင်း ပို၍စိုးရိမ်လာကြတော့သည်။ စန်းကျဲ ပြိုလဲသွားသည်ကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။ သူတို့ မစိုးရိမ်ဘဲ ဘယ်မှာ ရှိပါမည်နည်း။
ယိုကျူး စိုးရိမ်တကြီးမေးလိုက်၏။
“ အမေ သမီးတို့ စန်းကျဲကို ဒီအတိုင်း အဖျားနဲ့ ထားထားရတော့မှာလား။ သမီးတို့ သမားတော် သွားပင့်သင့်တယ်မလား”
သူ ဖျားပြီးရူးသွားရင် ဘယ်လိုလုပ်မလဲ။ စန်းကျဲက သူတို့ရဲ့အားကိုးရာလေ။ သူ လဲကျသွားလို့မဖြစ်ဘူး။
“ ညသန်းခေါင်ကြီးလေကွယ်၊ သမားတော်သွားပင့်ရင် တစ်အိမ်လုံး ဆူညံသွားလိမ့်မယ်၊ သမီးတို့အဘွားက သေချာပေါက် ထဖောက်မှာပဲ”
အမျိုးသမီးစုသည် ယိုကျင့်၏အခြေအနေကို အလွန်စိုးရိမ်နေ၏။ ဒါပေမဲ့ အခုတော့ ယိုကျင့်က ဖျားနေတယ်။ သူမကလည်း တစ်ချိန်လုံး နေမကောင်းဖြစ်နေတာ။ ပြဿနာတက်ရင် ဒီကလေးတွေကို ဘယ်သူကာကွယ်ပေးမှာလဲ။ သက်ပြင်းချရင်း သူမ ခပ်ယဲ့ယဲ့ ပြောလိုက်လေသည်။
“ ပြီးတော့ အမေတို့မှာ ငွေမရှိဘူးလေ”
“ စန်းကျဲမှာ ငွေရှိတယ်မလား”
ယိုကျူးသည် လေသံတိုးတိုးဖြင့် ပြန်ချေပ၏။ စန်းကျဲက ကိုယ်ပိုင်ငွေအများကြီး စုထားမှန်း တခြားသူ သိသွားမည်ကို စိုးရိမ်နေ၏။ သို့သော် စန်းကျဲ ဖျားနေပြီ။ သူတို့သည် စန်းကျဲကို ဆေးကုပေးရန် ငွေထုတ်ရတော့မည်။
သို့သော် အမျိုးသမီးက မတတ်သာဘဲ ခေါင်းသာခါပြလိုက်လေသည်။
“ ငွေတွေကို သမီးတို့စန်းကျဲက ဝှက်ထားတာလေ၊ သူ ဘယ်မှာထားလဲ အမေမသိဘူး၊ အမေ့ဆီမှာလည်း ငွေမရှိဘူးလေ...”
သူမသည် စိတ်ယိုင်လွယ်မှန်း ယိုကျင့် သိလေသည်။ ထို့ကြောင့် ငွေအားလုံးကို သူမဟာသူမ ဝှက်ထားလိုက်၏။ ငွေများကို ဘယ်မှာထားမှန်း အမျိုးသမီးစု မသိချေ။
“ ဒါဆို သမီးတို့က စန်းကျဲကို ဒီအတိုင်း ပေးဖျားထားရတော့မှာလား၊ သူ့ဦးနှောက် ထိသွားရင် ဘယ်လိုလုပ်မလဲ”
ယိုကျူးသည် အလွန်စိုးရိမ်သွားပြီး မျက်ရည်များ ကျလာတော့သည်။ အပေါ်ထပ်အနွေးထည်ကို ဝတ်ကာ အပြင်ထွက်လာခဲ့၏။
“ သမီး စန်းကျဲကို ကယ်ပေးဖို့ သမားတော်မာဆီ သွားတောင်းပန်မယ်”
အခု အပြင်မှာ နှင်းတွေကျနေတာလေ။ အဲဒါထက် မှောင်မည်းနေတာပဲ။ ယိုကျူးတစ်ယောက် မီးအိမ်မပါဘဲ ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ။ ယွဲ့မိသားစုခြံဝင်း၏ ကျောက်ခဲတစ်ပစ်စာ အကွားအဝေး ရောက်တော့ ယိုရင်က နောက်မှလိုက်လာပြီး သူမကို ပြန်ဆွဲခေါ်လာတော့သည်။
“ ဒီနေ့နှင်းတွေ အရမ်းကျနေတယ်၊ နင် ဘာလုပ်မလို့လဲ”
မျက်နှာပေါ်တွင် မျက်ရည်များဖြင့် ယိုကျူးသည် သူမကို ဖမ်းဆွဲထားသည့် ယိုရင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး
“ စန်းကျဲ ဖျားနေတာကို နင်ကထိုင်ကြည့်နေနိုင်ပေမဲ့ ငါက မကြည့်နေနိုင်ဘူး၊ နင် မကယ်နိုင်ရင် စန်းကျဲကို ကယ်ပေးဖို့ တစ်ယောက်ယောက်ကို သွားရှာရမှာပဲ”
“ယွဲ့ယိုကျူး ကျေးဇူးပြုပြီး ပြဿနာရှာတာ ရပ်ပါတော့ ဟုတ်ပြီလား”
ဒါသည် ယိုရင်က ယိုကျူးကို အသံကျယ်ကျယ်ဖြင့် ပထမဆုံးအကြိမ် အော်ငေါက်ဖူးခြင်းပင်။ တိတ်ဆိတ်နေသည့်ရွာထဲတွင် အသံက တော်တော်ကျယ်လေသည်။
“ စန်းကျဲက အခုမှ ဖျားရုံပဲရှိသေး နင်က ပြဿနာစရှာနေပြီပေါ့ ဟုတ်လား၊ စန်းကျဲ ကံမကောင်းတာတွေနဲ့ ကြုံနေရတာကို ဘယ်သူမှ မမြင်ချင်ဘူး၊ နင် ဘာပဲလုပ်လုပ် နင့်ခေါင်းကိုသုံးပြီး စဥ်းစားအုံး”
ယိုကျူးသည် ယိုရင်၏ စူးစူးဝါးဝါးအော်သံကြောင့် လန့်ဖျတ်သွားပြီး ခဏအကြာမှ သတိပြန်ဝင်လာကာ
“အစ်မယိုရင် ငါတို့တွေ ဘာလုပ်သင့်တယ်လို့ ထင်လဲဟင်...”
ညီအစ်မနှစ်ယောက်သည် လေထဲ နှင်းတောထဲတွင် ရပ်နေကြလေသည်။ လေသံနှင့် နှင်းကျသံများကိုသာ ကြားရနေ၏။ မကြာခဏဆိုသလို အဝေးတနေရာမှ ခွေးဟောင်သံများကို ကြားနေရ၏။ ယိုရင် ခြောက်နေသည့်လည်ချောင်းထဲက တံတွေးကို မျိုချလိုက်ပြီး မကြာခင် အေးခဲသွားတော့မလို ခံစားလိုက်ရတော့သည်။
“အရင်ဆုံးပြန်ရအောင်၊ စန်းကျဲရဲ့အဖျား သက်သာသွားအောင် လုပ်လို့ရမဲ့နည်းလမ်းတော့ ရှိမှာပါ၊ ဒီနေ့ နှင်းလည်းအရမ်းကျပြီး လမ်းက ချော်နေတယ်၊ နင်လည်း တစ်ခုခုထပ်ဖြစ်ရင် စန်းကျဲ နေကောင်းလာတာနဲ့ ငါတို့ကို အပြစ်တင်လိမ့်မယ်”
ယိုရင်၏စကားကို နားထောင်လိုက်ပြီးနောက် ယိုကျူး အသက်မပါသလို ခေါင်းညိတ်ပြလိုက်တော့သည်။ နှင်းများ ဖုံးနေသည် ညီအစ်မနှစ်ယောက်သည် တစ်ယောက်က လေးလံသည့်ခြေလှမ်းဖြင့် လျှောက်လာပြီး တစ်ယောက်ကတော့ ပေါ့ပါးစွာလျှောက်ကာ ပြန်လာကြလေသည်။
သူတို့သည် သမားတော် ခေါ်ရန် ငွေမရှိသော်လည်း ညကြီးမင်းကြီး ယွဲ့မိသားစုကိုလည်း မနိုးရဲချေ။ ယိုရင်နှင့် ညီအစ်မမျာသည် ယိုကျင့်၏ခန္ဓာကိုယ်ကို အပူကျရန် ရေခဲရေဆွတ်ထားသည့် လက်ကိုင်ပဝါဖြင့် သုတ်သင်ပေးနေလေသည်။ ရှောင်ပါ့နှင့် ရှောင်ကျို့တို့သည် ဘေးတွင်ထိုင်နေ၏။ သူတို့၏ခေါင်းများသည် ငိုက်ကျနေသော်လည်း အိပ်ရန် ငြင်းဆန်နေကြသည်။ သူတို့သည် စန်းကျဲကို စောင့်ကြည့်ရန်သာ စိတ်အားထက်သန်နေတော့သည်။
***
နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်သည် အိပ်ချင်မူးတူးဖြင့် လေးလံနေသည့်မျက်လုံးကို ဖွင့်လိုက်ရာ ဘေးတွင် ခေါင်းလေးကို လက်ဖြင့်ထောက်ပြီး ထိုင်ကာ အိပ်နေသည့် ယိုရင်ကို တွေ့လိုက်ရလေသည်။ သူမ စကားပြောမည်ပြင်လိုက်စဥ် သူမ၏အသံမှာ ခြောက်ကပ်နေပြီး အသံဝင်နေကာ လည်ချောင်းအနည်းငယ် နာနေသည်ကို သတိထားမိလိုက်လေသည်။
ယိုရင်သည် စန်းကျဲ မသက်မသာ ဖြစ်မည်စိုးသဖြင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲချေ။ သူမ၏လှုပ်ရှားမှုကို ကြားလိုက်သည်နှင့် ချက်ချင်းနိုးလာလေသည်။ ယိုကျင့်နိုးလာသည်ကို တွေ့လိုက်ရသဖြင် သူမ အလွန်ပျော်သွားတော့သည်.
“ စန်းကျဲ အစ်မ နိုးလာပြီ”
ထိုနောက် ယိုကျင့်၏နောက်တွင် ခေါင်းအုံးတစ်ခု အမြန်ထည့်ပေးလိုက်ပြီး သူမကို ထိုင်လို့ရအောင် တွဲထူပေးလိုက်သည်။
“ မနေ့က အစ်မ ရုတ်တရက်ကြီး အပြင်းဖျားတာလေ၊ ညီမလေးတို့ အရမ်းလန့်သွားတာပဲ”
ယိုကျူးပေးသည့် ရေနွေးတစ်ပန်းကန်ကို ယူလိုက်ကာ ယိုကျင့် ပန်းကန်တစ်ဝက်စာ ငုံ့သောက်လိုက်လေသည်။ ရှည်ကြာစွာမိုးခေါင်ပြီးနောက် မိုးတစ်ပေါက် ရွာချလိုက်သလိုပင် သူမ ပြန်လန်းဆန်းလာတော့သည်။ အိပ်ရေးပျက်သွားသဖြင့် မျက်ကွင်းညိုနေကြသည့် ညီအစ်မများ၏ မျက်လုံးများကို ကြည့်ရင်း ယိုကျင့် စိတ်အေးသည့်အပြုံးဖြင့် ပြုံးလိုက်၏။
“ စိတ်မပူနဲ့တော့နော်၊ စန်းကျဲ ကောင်းသွားမှာပါ”
“စန်းကျဲ”
နောက်ဆုံးတော့ သူမနေပြန်ကောင်းလာသည်ကို တွေ့လိုက်ရသဖြင့် ယိုကျုးသည် အားရဝမ်းသာဖြင့် သူမ၏ရင်ခွင်ထဲ ခုန်ဝင်လိုက်လေသည်။ သူမ၏မျက်လုံးများသည် ငိုတော့မည့်နှယ် နီရဲနေ၏။
“ ညီမလေးတို့တွေ အစ်မများ တစ်ခုခုဖြစ်သွားမလားဆိုပြီး အရမ်းစိုးရိမ်နေတာ”
ယိုကျူးကို ညာဖက်လက်ဖြင့် ဖက်ထားပြီး သူမ၏ဘယ်ဖက်တွင် ထိုင်နေသည့် ယိုရင်ကို ပုတ်ပေးကာ ချော့လိုက်လေသည်။
“ မစိုးရိမ်ပါနဲ့ အခု စန်းကျဲ ပြန်ကောင်းသွားပြီလေ တွေ့တယ်မလား”
သူမသည် အနည်းငယ်နေလို့မကောင်းသေးသော်လည်း အနည်းဆုံးတော့ အဖျားကျသွားပြီဖြစ်သည်။
အနောက်ဘက်ဆောင်တွင် ယိုကျင့်ရုတ်တရက်ဖျားနာမှုကြောင့် ဖြစ်သွားသည့် ရုန်းရင်းဆန်ခတ်မှုက သည်လိုနှင့် ငြိမ်သက်သွားတော့သည်။ ကျန်သည့် ယွဲ့မိသားစုများကတော့ဖြင့် အစမှအဆုံး တစ်စက်လေးမှ မလှုပ်ကြချေ။
…
အပိုင်း(၂၉): နှစ်သစ်ကူး သားသတ်ခြင်း
ရက်အနည်းငယ်ကြာပြီးနောက် ယိုကျင့်၏အဖျားသည် သက်သာလာချေပြီ။ မျက်တောင်တစ်ခတ်မျှ ကြာချိန်အတွင်း ဒီဇင်ဘာလ နှစ်ဆယ့်ကိုးရက်နေ့သို့ ရောက်လေပြီ။
ယွဲ့မိသားစုရှိ ၀က်ခြောက်ကောင်သည် ယိုကျင့်တို့ ညီအစ်မများ၏ ကြိုးစားအားထားမှုကြောင့် ကြီးထွားဖွံ့ဖြိုးကာ အဆီများ ပြည့်နေလေသည်။ နှစ်သစ်ကူးတွင် ယွဲ့တာ့ဖူသည် မြို့ထဲရှိ သားသတ်သမားအား ကြိုတင်ချိန်းဆိုထားသည်။
ယိုကျင့်နှင့် ညီအစ်များသည် မီးဖိုချောင်၌ ရေနွေးတည်ရင်း အလုပ်များနေကြသည်။ ခြံ၀န်း၏ အနောက်ပိုင်းရှိ ၀က်ခြံထဲ၌ ယောက်ျားသား ငါးဦးခြောက်ဦးမျှ ရပ်နေကြကာ ခေါင်းဆောင်မှာ သားသတ်သမားဟွမ် ဖြစ်သည်။ ထိုလူသည် ချွေ့ဖုန်းရွာသို့ ၀က်သတ်ရန် လာလေ့ရှိသည်။
သားသတ်သမားဟွမ်သည် ဓားတစ်ချောင်းအား လက်၌ကိုင်ထားကာ သတ်ဖြတ်လိုစိတ်များ ထုတ်လွှင့်နေသည်။ ၀က်များရှေ့၌ ခါးထောက်ရပ်နေကာ သတ်ဖြတ်ရန် ၀က်ခြံထဲရှိ ပြည့်ဖြိုးနေသည့် ၀က်ကို စစ်ဆေးလိုက်သည်။ သားသတ်သမားသည် ပျော်ရွှင်စွာ ပြောလေသည်။
“ဦးလေးတို့ယွဲ့အိမ်က ၀က်တွေကို ကောင်းကောင်းမွေးထားတာပဲ။ ကြည့်ပါဦး အသေးဆုံးကောင်တောင် ကျင်းနှစ်ရာလောက် ရှိမယ်”
ယွဲ့တာ့ဖူသည်လည်း အပျော်များပြည့်နှက်သွားလေသည်။ သူသည် ၀က်ခြံရှေ့၌ရပ်ကာ မာန်ပါပါ ကြွေးကြော်လေသည်။
“ဒီကောင်တွေအကုန် အိမ်မွေးတွေချည်းပဲ။ သူတို့အဆီပြည့်တာ ဟုတ်လည်းဟုတ်မှာပေါ့။ ဒါပေမဲ့ သူတို့က နဂိုကတည်းက အဲ့လိုပုံပါပဲ။ ၀က်တွေသတ်ဖို့ ညီလေးဟွမ်ကိုပဲ ဒုက္ခပေးရတော့မယ်။ သတ်ပြီးတာနဲ့ အတူသောက်ရင်း စကားပြောကြတာပေါ့”
သားသတ်ကာ ကျွေးမွေးခြင်းသည် ချွေ့ဖုန်းရွာ၏ ဓလေ့ဖြစ်သည်။ စားပွဲဝိုင်းနှစ်ခုကို အကျအန ပြင်ဆင်ထားရသည်။ တစ်ဝိုင်းမှာ ၀က်သတ်ရန် လာရောက်ကူညီသည့် လူများအတွက် ဖြစ်ကာ ကျန်တစ်ဝိုင်းမှာ ရွာထဲရှိ ဆွေမျိုးနီးစပ်များကို ကျွေးမွေးရန်ဖြစ်သည်။
ယနေ့သည် ယွဲ့မိသားစု၏ နှစ်ကူး သားသတ်သည့်နေ့ဖြစ်သည်။ ယွဲ့တာ့ဖူ၏ ရက်ရောမှုကို ပြသည့်အနေနှင့် ဟင်းပွဲသည် စုံစုံလင်လင် ဖြစ်ဖို့လိုပေသည်။ ထို့ကြောင့် မနက်အစောကတည်းကပင် ယွဲ့ယိုကျင့်နှင့် ညီအစ်မများသည် အဘွားချန်၏ ဆူဆဲနေမှုကို မနက်ကတည်းက ကြားနေရတော့သည်။ သို့သော်လည်း ညီအစ်မများသည် ပျော်ရွှင်နေကြပေသည်။ သားသတ်သည့်နေသည် တစ်နှစ်ပတ်လုံး၌ တစ်ရက်သာ ကျင်းပလေသည်။ ထိုသည်မှာ သူမတို့အတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အသားစားရမည်မှာ သေချာသည့် သဘောပင်ဖြစ်သည်။
၀က်အော်သံများသည် ခြံ၏အနောက်ဘက်၌ ပျံ့နှံ့သွားသည်။ သားသတ်သမားဟွမ်သည် ၀ဖြိုးနေသည့် ၀က်တစ်ကောင်အား သတ်လိုက်သောကြောင့် ဖြစ်ပေမည်။ သွေးများထွက်လာသည်နှင့် ဘေး၌ ၀က်သွေးသိမ်းရန် ရပ်နေသော လူသည် သစ်သားဇလုံအကြီးတစ်လုံးအား ယူကာ အရှေ့သို့ အမြန်လျှောက်လာလေသည်။ ၀က်သွေးများသည် ဘေးသို့တစ်စက်မျှ မဖိတ်စင်ဘဲ ဇလုံထဲသို့ ရောက်သွားလေသည်။
၀မ်ညန်သည် သံလွင်ဆီဖြင့် သူမ၏ဆံပင်ကို အသာအယာ ဖြီးသင်လိုက်ကာ အနီရောင် အနွေးထည်ကို ၀တ်လိုက်လေသည်။ သူမ ယွဲ့အိမ်သို့ ၀င်လာချိန်မှစ၍ ယွဲ့ချန်လု၏ ကာကွယ်မှုကို ခံယူနေရသည့်အတွက် ထမင်းတစ်နပ်စာမျှ မလစ်ဟင်းခဲ့ပေ။ သူမသည် လှပကာ ဖွံ့ဖြိုးနေပေသည်။ သူမ၏ ချွေးမအငယ်ဟူသော နေရာကို လျစ်လျူရှုကာ ခြံ၀န်းထဲသို့ ယွဲ့ချန်လုဆနာက်မှ လိုက်လာခဲ့ပြီး ကူညီရန်လာသည့် ရွာသားများကို နှုတ်ဆက်နေလေသည်။
၀မ်ညန် ထွက်လာသည်ကို ယွဲ့တာ့ဖူမြင်သည်နှင့် သူ၏အပြုံးသည် တစ်၀က်မျှသာ ကျန်ရှိတော့သည်။ ယွဲ့အိမ်သို့ ၀မ်ညန် ၀င်ရောက်လာချိန်မှစ၍ သားဖြစ်သူသည် မနာခံတတ်တော့ပေ။ လွန်ခဲ့သည့်နှစ်ရက်က ကျင်းပသည့် မျိုးနွယ်စု သားသတ်ပွဲ၌ သူ၏ဂုဏ်သတင်းသည် ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ကာ မျိုးနွယ်စုခေါင်းဆောင်ဆီမှ ဆုံးမသွန်သင်ခြင်းကို ခံခဲ့ရသည်။ ယခု သူမသည် တောက်ပြောင်သည့် အ၀တ်များဖြင့် ဧည့်သည်များကို နှုတ်ဆက်နေလေသည်။ သူမ၏အကြံကို မည်သူမဆို ရိပ်စားမိချေသည်။
ယွဲ့တာ့ဖူသည် ယွဲ့ချန်လုကို အရင်စိုက်ကြည့်လိုက်လေသည်။ သားဖြစ်သူမှာ အုန်းလွဲနေသူကဲ့သို့ပင် ဖခင်ဖြစ်သူ၏ အချက်ပြမှုကို သတိလက်လွတ်ဖြစ်ခဲ့သည်။ ခြံထဲ၌ ဧည့်သည်များ များပြားလာပြီ ဖြစ်သည်။ ထိုလူများသည် ပျော်ပွဲရွှင်ပွဲကဲ့သို့ ကြည့်ရှုလှောင်ပြောင်နေသောကြောင့် ယွဲ့တာ့ဖူက ၀င်မပါ၍ မရတော့ချေ။ ထို့နောက် ယွဲ့ချန်လုအား အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။
“အခုလေးတင် ၀က်တွေသတ်ထားလို့ ရှုပ်ပွနေတာ။ တော်ကြာထိမိခိုက်မိရင် ပြဿနာကတက်ဦးမယ်။ ငါ့သား မင်းမိန်းမကို အထဲပြန်ခေါ်သွားချည်”
ကူညီရန်လာကြသည့် လူများ၏အကြည့်သည် ၀မ်ညန်ပေါ်ကျရောက်လာလေသည်။ ယွဲ့ချန်လုသည် ဖခင်ဖြစ်သူ၏ စိတ်မချမ်းမြေ့သည့် အကြည့်ကြောင့် သဘောတူရုံသာ တတ်နိုင်ပေသည်။ သူသည် ၀မ်ညန်ကို အနောက်ခြံထဲသို့ ပြန်ခေါ်သွားခဲ့သည်။ ခြံထဲရှိလူတိုင်းသည် ၀မ်ညန်၏ ပူထွက်နေသည့်ဗိုက်ကို မြင်လိုက်ကြပြီးနောက် ယွဲ့တာ့ဖူ၏ ကြည်နူးနေသည့် မျက်နှာကို ရိပ်မိလိုက်ကြသည်။
“မင်းကို မသွားဖို့ပြောသားပဲ။ မင်းပဲ ၀က်သတ်တာ မမြင်ဖူးဘူးဆိုပြီး ကြည့်ချင်တယ်ဆိုလို့ ခေါ်သွားပေးတာ အခုအဖေက စိတ်မကြည်တော့ဘူး” ယွဲ့ချန်လုသည် ယွဲ့တာ့ဖူအား အသွေးအသားထဲကပင် ချစ်ကြောက်ရိုသေလေသည်။ ထို့အပြင် ယွဲ့တာ့ဖူသည် လူအများရှေ့၌ စိတ်ဆိုးသွားသည့်အတွက် ယွဲ့ချန်လုသည် အနည်းငယ် ထိတ်လန့်မိသည်။ သူသည် ၀မ်ညန်အား သူတို့နှစ်ဦး လက်ရှိနေထိုင်သည့် အခန်းထဲသို့ ခေါ်သွားကာ ခုတင်ပေါ်၌ အချင်းချင်း ဒေါသတကြီး ပြောဆိုနေကြတော့သည်။
ယွဲ့ချန်လုပင် ဒေါသထွက်နေသည်လား။ သူမလည်း ဒေါသထွက်မိသည်ပင်။ ထိမိခိုက်မိမည်ကို စိုးရိမ်ပေးသည်တဲ့လား။ သူမအား အရှက်ရစရာဟု တွေးထင်နေရုံသာ ဖြစ်သည်။ သူမထွက်ပေါ်လာခြင်းက ယွဲ့မိသားစု၏မျက်နှာ ဆုံးရှုံးရသည်ဟု ထင်နေကြခြင်းသာဖြစ်သည်။
သူမသည် ခုတင်အစွန်း၌ထိုင်ကာ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ပြန့်ပြူးနေသည့် အင်္ကျီသည်ပင် တွန့်ကြေစပြုလေသည်။ သူမ၏ဗိုက်ထဲရှိ ကလေးသည်ပင် မောပန်းနေဖွယ်ခံစားရသည်။
နှစ်ဦးသားသည် ဒေါသများကြား အချိန်အတန်ကြာ နစ်မြှုပ်နေကြသည်။ ထို့နောက် ၀မ်ညန်သည် ယွဲ့ချန်လု၏ပခုံး၌ မှီကာ ရှိုက်သံလေးဖြင့် အားငယ်ဖွယ်ပြောလေသည်။ “အစ်ကို အစ်ကိုလည်း ကျွန်မကို ယွဲ့မိသားစုရဲ့ အရှက်ရစရာလို့ မြင်တာလား။ အဲ့လိုဆို ကျွန်မရဲ့ကလေးကိုခေါ်ပြီး ယွဲ့မိသားစုကနေ ထွက်သွားပါ့မယ်။ ကျွန်မတို့ သားအမိ သေသေရှင်ရှင် ဘယ်သူနဲ့မှမဆိုင်တော့ဘူး” ၀မ်ညန်သည် ယွဲ့ချန်လု၏လက်အား သူမ၏ဗိုက်ပေါ်၌ တင်ပေးကာ ကလေး၏လှုပ်ရှားနေမှုကို ခံစားစေသည်။
“ကျွန်မရဲ့ သနားစရာကောင်းတဲ့သားလေးက သူမွေးမွေးချင်း အဖမဲ့သွားပြီပေါ့....”
၀မ်ညန်၏အသံသည် ၀မ်းနည်းနေဟန် ပေါက်ကာ ထွက်သွားမည်ဟုသာ တထစ်ချ ပြောနေတော့သည်။ အရေးကြီးဆုံးမှာ ကလေး၏လှုပ်ရှားမှုကို ခံစားမိသည့်အတွက် ယွဲ့ချန်လု၏စိတ်သည် တဖန်ပျော့ပြောင်းလာတော့သည်။ ၀မ်ညန်အား ရင်ခွင်၌ထည့်ကာ ညင်သာစွာချော့မြူလေသည်။
“ဘာတွေလျှောက်တွေးနေတာလဲ။ အကုန်လုံးက ကောင်းနေတာကို ဘာလို့ ထွက်သွားမယ် ပြောနေတာလဲ။ အပြင်မှာ လူတွေဒီလောက်အများကြီးနံ့ မြေကြီးကလည်း ချော်နေသေးတယ်လေ။ အဲဒါကြောင့် အဖေက စိတ်ပူပြီး ပြောတာပါ။ မင်းနဲ့ကလေး ထိခိုက်မိရင် ပြဿနာတက်မှာပေါ့။ အဲဒါကြောင့် အဖေက အထဲကိုခေါ်သွားဖို့ ပြောတာပါ။ လျှောက်တွေးမနေနဲ့”
ယွဲ့ချန်လုသည် အသံကိုနှိမ့်ကာ ပြောပြီးနောက် သူ၏အပြုအမူသည်လည်း ညင်သာလာပေသည်။ ထို့အတွက် ၀မ်ညန်သည်လည်း အလိုက်သိဟန် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မအတွေးများသွားတယ်ထင်တယ်။ အဖေ၊ အမေနဲ့ ဒီမိသားစုက ကလေးတွေက ကျွန်မကို မုန်းနေတယ်လို့ ခံစားရလို့ပါ။ အစ်ကို ဒီမိသားစုမှာ ကျွန်မမှီခိုလိူ့ရတာ အစ်ကိုပဲရှိတာပါ။ အစ်ကိုက ညီမအတွက် ကောင်းကင်ကြီးလိုပါပဲ”
၀မ်ညန်၏စကားများကြောင့် ယွဲ့ချန်လုသည် စိတ်ရောကိုယ်ပါ ကျေနပ်အား ရမှုခံစားလိုက်ရတာ သူ၏ယောက်ျားမာန်သည်လည်း တမျိုးတဖုံ နှစ်သိမ့်မှု ရလိုက်သည်ပင်ဖြစ်သည်။ ထို့ကြောင့် ၀မ်ညန်၏ကျောပြင်အား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“အဖေနဲ့အမေက မင်းကို အိမ်ထဲ ၀င်ခွင့်ပြုတယ်ဆိုမှတော့ မင်းကို သဘောကျလို့ပေါ့။ တခြားဘာမှလျှောက်တွေးမနေနဲ့။ မင်းသာ သားလေးမွေးပေးခဲ့ရင် တရား၀င်ဇနီးအဖြစ် တိုးပေးဖို့ အဖေ့ကို သွားပြောပေးမယ်”
ထိုစကားများ ကြားပြီးသည်နှင့် ၀မ်ညန်၏ လိုအင်ဆန္ဒမှာ ပြည့်၀သွားသလို ခံစားလိုက်ရပြီး ဗိုက်ပေါ်၌ တင်ထားသော လက်သည် ပို၍ညင်သာလာပေသည်။ သူမသာ သားယောက်ျားလေး မွေးပြီးသည်နှင့် အခက်အခဲအားလုံးအား အလွယ်တကူ ဖြေရှင်းနိုင်ပေမည်။
..............
ယိုကျင့်နှင့်ညီအစ်မများသည် အနောက်ခြံထဲရှိ အဖြစ်အပျက်များကို မသိလိုက်ပေ။ သူမတို့သည် အအေးဒဏ်ကြောင့် နီရဲနေသည့် နှာခေါင်းများကို ရှုံ့လိုက်ကာ တရုတ်ဂေါ်ဖီထုပ်များကို ဆေးပြီး မီးဖိုချောင်ထဲ၌ အသုံးပြုရန် နေရာတကျထားလေသည်။
အနောက်ခြံထဲရှိ သားသတ်ခြင်းသည် လျင်မြန်ပေသည်။ ခဏလေးအတွင်း၌ ၀က်သားအိုးကြီး နှစ်အိုးနှင့် ၀က်သွေးခဲဇလုံကို အရှေ့ခြံထဲရှိ မီးဖိုချောင်ထဲသို့ လာပို့လေသညိ။ ယနေ့သည် ယွဲ့မိသားစု၏ အရေးကြီးသည့်နေ့ ဖြစ်သည့်အလျောက် အဘွားချန်သည်လည်း အရာတိုင်းကို မျက်စိဒေါက်ထောက်ကြည့်ရန် လိုအပ်ပေသည်။ အမျိုးသမီးချန်သည်ပင် ဇွန်းတစ်ဇွန်းစာ ပိုထည့်မိသည့်အတွက် ခဏခဏ အဆူခံရပေသည်။
“အသားနည်းနည်းထည့်စမ်းပါ။ အသုံးအဖြုန်း ကြီးလိုက်တဲ့မိန်းမ။ အသားတွေ အဲ့လောက်ထည့်လိုက်တာ နည်းနည်းလေးမှ မနှမြောဘူးလား”
အမျိုးသမီးချန်သည် အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ “သိပါပြီ အမေရယ် အထဲ၀င်နားလိုက်ပါတော့” ယနေ့၌ ယွဲ့မိသားစု၏ခြံ၀င်းသည် အသက်၀င်နေကာ ရွာထဲရှိ လူများလည်း အ၀င်အထွက် ပြုနေကြသည်။ သူမသည် အမေတစ်ယောက်ဖြစ်သည့်တိုင် ယောက္ခမဖြစ်သူဆီမှ ထိုသို့အဆူခံရသည့်အတွက် မကျေနပ်သည်မှာ သဘာ၀ကျပေသည်။
မီးဖိုချောင်သို့ ၀င်ကူရန် ဆွဲခေါ်ခံရသည့် ယွဲ့ယိုထင်သည် သစ်သားခုံကို ယူကာ မီးဖိုဘေး၌ ထိုင်ချပြီးနောက် သူမ၏ အ၀တ်အနားစများကို ပေတေမည် ကြောက်သည့်ဟန် မတင်လိုက်လေသည်။ အသီးအရွက်လှီးရင်း ချွေးများသုတ်လိုက်သည့် ယွဲ့ယိုရင်အား အထင်သေးသည့်မျက်နှာဘေးဖြင့် ကြည့်လိုက်သည်။ “အောက်တန်းစားက အောက်တန်းစားပါပဲ”
ယွဲ့ယိုရင်နှင့် အခြားသူများသည် သူမ ပြောသည်ကို မကြားခဲ့ပေ။ သူမတို့သည် အလုပ်များနေသည့်အတွက် ယွဲ့ယိုထင်အား မည်သို့ အာရုံစိုက်နိုင်မည်နည်း။ ဆူညံနေသည့် အပြင်ဘက်နှင့် ကွဲပြားစွာပင် မီးဖိုချောင်၌ အလုပ်များ ရှုပ်ရှက်ခတ်နေခဲ့သည်။ ဘောလုံးတစ်လုံးကဲ့သို့ ၀တ်ထားသည့် ယွဲ့၀မ်ဝေ့သည် အပြင်မှ အထဲသို့ ပြေး၀င်လာခဲ့သည်။ “အဘွားရေ ကိုကြီးတို့ ပြန်လာပြီ”
မြို့ပေါ်၌ စာလေ့လာနေသည့် မြေးဖြစ်သူများ ပြန်လာသည်ဖြစ်ကြောင်း ကြားသည်နှင့် အောင့်သက်သက် ဖြစ်နေသည့် အဘွားချန်၏ မျက်နှာသည် အံ့ဩပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“မင်းအစ်ကိုတွေက ဒီအချိန်ကြီး ဘာလို့ပြန်လာတာတဲ့လဲ” ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် အမြန်ထကာ ယွဲ့မိသားစု၏ ဂုဏ်ကျက်သရေဆောင်များကို နှုတ်ဆက်ရန်ထွက်သွားလေသည်။
အမျိုးသမီးချန်သည် နောက်မှလိုက်ရန် ပြင်ဆင်နေစဉ် အဘွားချန်၏အကြည့်ဖြင့် ဟန့်တားခံလိုက်ရသည်။
“ကိုယ့်အလုပ်ကိုလုပ်” အဘွားချန်တစ်ယောက် ပျော်ရွှင်စွာ ထွက်သွားသည်ကို ကြည့်ရင်း အမျိုးသမီးချန်သည် သူမ၏မကျေနပ်မှုများကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလေသည်။
“ငါ့သားတွေ ပြန်လာတာတောင် ငါက ထွက်မတွေ့ရဘူး။ ဘာဖြစ်ချင်နေတာလဲ”
ထို့နောက် ၀က်သားအိုးထဲရှိ ၀က်သားကို စိုက်ကြည့်နေသည့် ယွဲ့၀မ်ဝေ့အား တားလိုက်လေသည်။
“၀မ်ဝေ့ နင့်အစ်ကိုတွေ ပြန်လာတာ သွားနှုတ်ဆက်ချေ” သားဖြစ်သူသည် ခြေပင်မြှောက်ရန် ငြင်းဆန်နေသည့်အတွက် မီးဖိုချောင်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သားဖြစ်သူသည် စိုးစဉ်းမျှ မရွေ့သည့်အတွက် ဇွန်းကြီးဖြင့် အဆီပြည့်နေသည့် ၀က်သားတုံးကို ခပ်ပေးလိုက်လေသည်။
“အမြန်စားပြီး နင့်အစ်ကိုတွေကို သွားကြည့်ချေ။ ပြီးကျ အမေ့ကို ပြန်လာပြော”
၀က်သားတုံးကို မြင်သည်နှင့် အပူလောင်မည်ကိုပင် ဂရုမစိုက်ဘဲ ၀က်သားတုံးကို ယူရန် လက်ဆန့်ကာ ပါးစပ်ထဲသို့ ထည့်တော့သည်။ အဆီပြည့်နေသည့် အသားတုံးကြီးအား သုံးကိုက်တည်းဖြင့် အပြီးသတ်လိုက်လေသည်။ ထို့နောက် အမျိုးသမီးချန်၏ တောင်းဆိုမှုကို လက်ခံလိုက်ပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
ခဏအကြာ၌ ယွဲ့၀မ်ဝေ့သည် ပုဇဉ်းကဲ့သို့ ပြန်ပြေးလာလေသည်။
“အမေ အစ်ကိုကြီးနဲ့ အကိုလတ်က အ၀တ်ကောင်းတွေ၀တ်ထားတဲ့ သခင်လေးနှစ်ယောက်နဲ့ ပြန်လာတာ။ သူတို့အတန်းဖော်တွေလို့ ပြောတာပဲ”
“မြို့ပေါ်က သခင်လေးတွေ” သူမ၏သားနှစ်ယောက်သည် အတန်းဖော်နှစ်ဦးအား ခေါ်လာသည်ဟု ကြားသောအခါ အကြောင်းပြချက်ကို မေးရမည့်အစား ယွဲ့ယိုထင်အား တလက်လက်ထနေသည့် မျက်၀န်းများဖြင့် ကြည့်လိုက်လေသည်။
“ယိုထင် အင်္ကျီအမြန် သွားလဲပြီး ဧည့်သည်တွေကို သွားနှုတ်ဆက်ချည်” ယွဲ့ယိုထင်သည် အသက်ပြည့်အခမ်းအနား ကျင်းပတော့မည့် ပျိုဖော်၀င်စအရွယ် ဖြစ်သည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏စကားကို ကြားသည့်အခါ ရှက်သွေးဖြာပြီး စူအောင့်အောင့်ကြည့်လိုက်သည်။ “အမေ”
အမျိုးသမီးချန်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“တုံးလိုက်တဲ့ကလေးမ ဘာရှက်စရာရှိလို့လဲ။ သွားအမြန် အ၀တ်သွားလဲချေ” မြို့ပေါ်ရှိ သခင်လေးများသည် ချွေ့ဖုန်းရွာသို့ ရောက်လာကြသည်။ ထိုကဲ့သို့ ကိစ္စရပ်များသည် ရှားပါးလှပေသည်။ သမီးဖြစ်သူသာ ထိုအခွင့်အရေးကို ရယူကာ ချမ်းသာသည့် မိသားစုမှ သခင်လေးများနှင့် ရင်းနှီးခွင့်ရမည်ဆိုလျှင် ထိုထဲမှ တစ်ယောက်ယောက်က သူမ၏သမီးကို လက်ထပ်လိမ့်မည်မလား။ မိသားစုကောင်းနှင့် လက်ထပ်နိုင်လျှင် သခင်မလေးဖြစ်နိုင်တယ်မလား။
မိခင်ဖြစ်သူသည် အပြုံးများဖြင့် ပျော်ရွှင်နေသည်ကို မြင်ရသည့်အတွက် ယွဲ့ယိုထင်သည် ပို၍ပင် ရှက်လာကာ အနောက်ခြံ၀င်းထဲသို့ မတည်မငြိမ်ဖြင့် ထွက်သွားလေသည်။ ယွဲ့၀မ်ဝေ့သည် ထိုအရာများကို နားမလည်ပါချေ။ ဆနာက်ထပ်အသားတစ်တုံးကို စားရန်ကိုသာ ပို၍ စိတ်၀င်စားပေသည်။ မိခင်ဖြစ်သူနှင့် အမဖြစ်သူကြားရှိ စကားအသွားအလာများကြောင့် စိတ်ရှုပ်လာတော့သည်။ “အမေ မမကြီးကို ဘာတွေပြောနေတာလဲ”
အမျိုးသမီးချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားလေသည်။ အမျိုးသမီးချန်သည် ၀က်သွားခိုးရန် ကြံနေသော ယွဲ့၀မ်ဝေ့အား တားလိုက်လေသည်။
“ကိုယ်လုပ်သင့်တာ သွားလုပ်ချည်။ ခိုးစားဖို့ကျန်မနေနဲ့။ အသားတွေ လျော့နေတာ သူသိရင် နင့်အရေခွံကို စုတ်ပစ်လိမ့်မယ်”
ယွဲ့၀မ်ဝေ့သည် မိခင်ဖြစ်သူ၏တွန်းထုတ်မှုကို ခံလိုက်ရလေသည်။ ၀က်သား ထပ်မစားရသောကြောင့် သူမအား လှောင်ပြောင်ကာ မည်သူမျှ မသိသည့်နေရာ၌ ကစားရန် ထွက်သွားတော့သည်။
အလိုက်မသိသည့် သားဖြစ်သူအား မကျေမနပ်ကြည့်လိုက်ပြီးနောက် အိုးထဲရှိ ဟင်းများအတွက် မီးမွေးလိုက်တော့သည်။ သမီးဖြစ်သူကို မြို့ပေါ်တွင် လက်ထပ်ပေးရန်ဆိုသည့် အတွေးများဖြင့် ပြည့်နှက်နေလေသည်။ သူမ၏စိတ်အခြေအနေသည် တဖြည်းဖြည်းဖြင့် ကောင်းမွန်လာပေသည်။ ထို့နောက် သူမသည် သမီးဖြစ်သူနောက်လိုက်ကာ အေးဆေးသက်သာစွာ နေထိုင်နိုင်တော့မည် ဖြစ်သည်။ သူမသည် စိတ်ကူးယဥ်နေကာ သူမတို့၏ စကားဝိုင်းကို ထောင့်၌ ဆောင့်ကြောင့်ထိုင်ကာ နားထောင်နေသည့် ယိုပေါင်၏ တည်ရှိမှုကိုပင် သတိမထားမိတော့ချေ။
…
အပိုင်း (၃၀) နှစ်သစ်ကူးဝက်သတ်ခြင်း (၂)
ယွဲ့ဝမ်ဝေသည် အစားကျူးသူဖြစ်သော်လည်း အမျိုးသမီးချန်ထံ သူသယ်လာသည့်သတင်းကတော့ အမှန်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ယွဲ့ဝမ်ထောင် ညီအစ်ကိုက သူတို့ချည်းသက်သက် ပြန်လာခြင်းမဟုတ်။ ကျောင်းတွင် သူတို့နှင့် တော်တော်ခင်ကြသည့် အတန်းဖော်နှစ်ယောက်ကိုလည်း ခေါ်ပြန်လာလေသည်။
အမျိုးသမီးချန်သည် လူချမ်းသာမိသားစုက သားများကဲ့သို့ဝတ်ဆင်ထားသည့် အတန်းဖော်နှစ်ယောက်ကို မြင်လိုက်တော့ ပျာယာခတ်သွားပြီး အနောက်တံခါးတွင် ရပ်နေသည့် ယိုလော့ကို မြန်မြန်လွှတ်လိုက်လေသည်။
“ ခြံအနောက်ဖက်ကိုသွားပြီး အဘိုးကို သွားခေါ်ချည်၊ အိမ်မှာ ဧည့်သည် ရောက်နေတယ်လို့ ပြောလိုက်အုံး”
ထို့နောက် သူမသည် သူတို့ကို အလောတကြီး ပင်မဆောင်သို့ ခေါ်သွားလိုက်တော့သည်။
“ မိသားစုက ဒီနေ့ နှစ်သစ်ကူး ဝက်သတ်နေကြတာလေ၊ ရှုပ်ပွနေတာပဲ၊ သခင်လေးတို့နှစ်ယောက် စိတ်မရှိကြပါနဲ့နော်”
“ သခင်မကြီးက အရမ်းယဥ်ကျေးနေပါပြီ၊ မိတ်ဆက်စာ အရင်မပို့ဘဲ လာနှောင့်ယှက်တာက ကျွန်တော်တို့တွေပါ၊ ကျွန်တော်တို့ ဧည့်ခံနေရလို့ သခင်မကြီးကို ဒုက္ခများစေမိပါပြီ”
နှစ်ယောက်ထဲ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် ပိန်ပိန်နှင့် ကျောင်းသားက ပြုံးကာ အဘွားချန်ကို ကျောင်းသားတို့သဘာဝအတိုင်း နှုတ်ဆက်လိုက်လေသည်။ သူ့အပြုံးမှာ အလွန်သိမ်မွေ့လေသည်။
မည်သူကများ အရင်က အဘွားချန်ကို သခင်မကြီးဟု ခေါ်ခဲ့ဖူးပါသနည်း။ အခုတော့ ပါရမီရှိ ကျောင်းတော်သားတစ်ယောက်နှင့် တူသည့် ကျောင်းသားလေးတစ်ယောက်က သူမကို ထိုသို့ ခေါ်သံကြားလိုက်ရပြီး သူမ၏စိတ်တို့က ချက်ချင်း လန်းဆန်းသွားတော့သည်။ သူမသည် ဘရိုကိတ်နှင့် ကျောက်စိမ်း ဝတ်ဆင်ထားသည့် သခင်မကြီးတစ်ယောက် တကယ်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ အလွန်မှ ပြုံးဖြီးနေလေရာ သွားများကိုသာ မြင်ရတော့သည်။
“ မြို့ကလာကြတဲ့ လူငယ်လေးတွေအားလုံးက ရွှေအဆင်းလို ဆွေကြီးမျိုးကြီးထဲကပဲ နေမှာ၊ မင်းတို့လေးတွေ ဒီကို ရောက်လာကြပြီဆိုတော့ မင်းတို့လေးတွေ ငါတို့ယွဲ့မိသားစုရဲ့ ဂုဏ်ယူစရာဧည့်သည်တွေပဲပေါ့၊ ဒီရွာက ရွှံတွေအိုင်တွေနဲ့ ထူလှချည်ရဲ့၊ မင်းတို့လေးတွေနဲ့ လုံးဝ မလိုက်ဖက်တာရယ်ပါ”
တစ်ဖက်တွင်တော့ ယွဲ့တာ့ဖူသည် ဧည့်သည် ရောက်နေသည့်သတင်း ကြားလိုက်လေသည်။ အစပိုင်းတွင် သူသည် အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ ဒီလောက်အေးတဲ့ဆောင်းတွင်းမှာ ဘယ်ကဧည့်သည် လာမှာလဲ။ သို့တိုင် သူသည် ပင်မဆောင်သို့ ပြန်လာခဲ့လေသည်။ သူ့မြေးများက မြို့တော်မှ အတန်းဖော်များကို ခေါ်ပြန်လာကြောင်း သိလိုက်ရသောအခါ သူလည်း အနည်းငယ်စိုးရွံ့ပြီး ဝမ်းသာသွားတော့သည်။
“မင်းတို့နှစ်ယောက်က ဝမ်ထောင်ရဲ့အခန်းဖော်တွေလား၊ ဒီလိုအေးတဲ့နေ့မှာမှ ဒီအထိ တလမ်းလုံးလာရတာ အေးနေတော့မှာပဲ”
လယ်သမားမိသားစုက ကျောင်းတော်သားများကို လေးစားတတ်သည့်အကျင့်ကြောင့် ထင်သည်။ ယွဲ့တာ့ဖူသည် သူတို့အဘိုးအရွယ်လောက် ရှိသော်လည်း ခုတင်ပေါ်တွင် ထိုင်ဖို့ရာ တွန့်ဆုတ်နေတော့သည်။
ကျိူးကျွင်းဖုန်ဟု ခေါ်သည့် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ကျောင်းသားလေးက ယွဲ့တာ့ဖူ၏ စကားကို ကြားလိုက်တော့ မတ်တတ်ရပ်လိုက်ကာ ကျောင်းသားချင်းနှုတ်ဆက်သလို လက်နှစ်ဖက်ကို ယှက်လျက် နှုတ်ဆက်လိုက်လေသည်။ သူသည် ဝမ်းသာအားရ ဆိုလိုက်၏။
“ သခင်ကြီးက အရမ်းယဥ်ကျေးနေပါပြီ၊ ရို့ရှန်းနဲ့ ကျွန်တော်က ရွာမှာ နှစ်သစ်ကူးဝက်သတ်တဲ့ ဓလေ့ရှိတယ်လို့ ဝမ်ထောင်ပြောတာ ကြားဖူးတာနဲ့ သိချင်စိတ် ဖြစ်သွားလို့ လိုက်လာခဲ့တာပါ၊ မိသားစုကို အလုပ်ရှုပ်သွားစေလို့ ကြိုတင် တောင်းပန်ပါရစေ ခင်ဗျာ”
ဝတုတ်တုတ် ကျောင်းသားလေးနာမည်မှု လျို့ရို့ရှန်းပင်။ ညည်းသံသဲ့သဲ့ဖြင့် သူ့မျက်လုံးသေးသေးများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေလေသည်။ သူသည် အနည်းငယ် စိတ်မရှည်ဖြစ်နေပြီး ဘေးက ဝမ်လီကို တွန်းလိုက်၏။
“ဝက်တွေကို သတ်မှာလို့ မင်းပြောခဲ့တယ်မလား၊ ငါ့ကို ခေါ်ပြအုံးလေ”
ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည် သူ့ကို ရိုင်းသည်ဟု မထင်ကြချေ။ ထိုအစား မြို့က သခင်လေးများက ဝက်သတ်သည်ကို မမြင်ဖူးကြသဖြင့် အသစ်အဆန်း ဖြစ်နေသည်ကို ထင်ကြလေသည်။ ထို့ကြောင့် သူတို့သည် ရယ်မောလိုက်ပြီး ဝက်သတ်နေသည်ကို ကြည့်ရန် ယွဲ့ဝမ်ထောင်အား သူတို့နှစ်ယောက်ကို နောက်ဖေးခြံသို့ ခေါ်သွားခိုင်းလိုက်တော့သည်။
ယွဲ့ယိုထင်းက အဝတ်အစားလဲကာ ရောက်လာချိန်၌ ပင်မဆောင်တွင် အဘွားချန်သာ ကျန်တော့သည်။ အဘွားချန်သည် သွားများဖြီးကာ ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းယူလာသည့် လက်ဆောင်များကို ရေတွက်နေ၏။
“ အဟုတ်ပဲ မြို့တော်က သားတွေက လုံးဝကို မတူဘူး”
ယွဲ့ယိုထင်းသည် ဘယ်သူ့ကိုမှ မတွေ့သည်နှင့် အဘွားချန်ကို ခပ်ရွံ့ရွံ့မေးလိုက်လေသည်။
“အဘွား အစ်ကိုကြီးတို့ရော”
သူမ၏မျက်လုံးထဲ စိုးရိမ်မှုအနည်းငယ် ဖြစ်နေတော့သည်။ ဧကန္တ သူတို့တွေ ထွက်သွားကြပြီလား မသိဘူး။
အဘွားချန်သည် သူမ၏စိတ်ကူးငယ်လေးကို သတိမထားမိချေ။ ပုံမှန်အတိုင်းလက်ကို ခါပြလိုက်ရင်း
“ ဝက်သတ်တာ ကြည့်မလို့တဲ့ နောက်ဖေးခြံကို သွားကြတယ်”
သူတို့ မသွားသေးဘူးဆိုတော့ တော်ပါသေးရဲ့ ယွဲ့ယိုထင်း သက်ပြင်းချလိုက်၏။ အစကတော့ သူမ နောက်ကလိုက်သွားဖို့ရန် စဥ်းစားလိုက်သေးသည်။ သို့သော် သူမ၏သန့်ရှင်းလှပသည့် အဝတ်အစားအသစ်များကို ကြည့်လိုက်ပြီးနောက် ဝက်သတ်ပြီးလျှင် ရေဆိုးများ အပြည့်ဖြင့် ညစ်ပတ်နေမည့် နောက်ဖေးခြံကို စဥ်းစားမိသွားပြီး အဝတ်အစားများ ပေသွားလျှင် အလွန်ရှက်စရာကောင်းမည်ဟု တွေးလိုက်ကာ ဧည့်သည်များကို တွေ့ဖို့စိတ်အား လျှော့လိုက်တော့သည်။ သူမသည် ပါးစပ်ထဲ တွေ့ကရာ ဆင်ခြေပေးပြီး အရှေ့ဆောင်သို့ ပြန်လာခဲ့လိုက်၏။
***
နောက်ဖေးခြံတွင် ဝက်လေးကောင်ကို သတ်ပြီးဖြစ်သည်။ ယွဲ့မိသားစုနှင့် သားသတ်သမားဟွမ်က သည်နေ့တစ်နေ့ထဲ ဝက်ခြောက်ကောင်သတ်ရန် သဘောတူထားသည်။ ထို့နောက် မနက်ဖြန် အသားများကို ရောင်းချရန် သားသတ်သမားဟွမ်၏ဆိုင်ကို ငှားရမ်းရမည်။ ရောင်းရသမျှငွေ အားလုံးသည် ယွဲ့မိသားစုအပိုင် ဖြစ်သည်။ သားသတ်သမားဟွမ်ကတော့ ဝက်ခေါင်းတချို့နှင့် ဝက်ခြေထောက်များအပြင် ထိုက်တန်သည့်ငွေလည်း ရအုံးမည်။
ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းတို့သည် ငယ်ကတည်းက မြို့တွင် နေလာကြသူများဖြစ်၏။ သည်လိုမြင်ကွင်း အရင်က လုံးဝမမြင်ဖူးကြချေ။ မုတ်ဆိတ်မွေးနှင့် သားသတ်သမားက အော်ဟစ်နေသည့်ဝက်ကို သားသတ်ဓားထက်ထက်ဖြင့် ထိုးချလိုက်လေသည်။ ထို့နောက် အော်ဟစ်ရုန်းကန်နေသည့် ဝက်သည် သစ်သားဇလုံကြီးတွင် ဝက်သွေးများ ပြည့်သွားသည်အထိ ဖြည်းညင်းစွာ လှုပ်ရှားနေပြီးမှ အသက်ပျောက်သွားတော့သည်။
နှစ်ယောက်သားသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း အသစ်အဆန်း မြင်ရသည့်စိတ်က အနိုင်ရသွားတော့သည်။ လျိုရို့ရှန်းသည် သေသေချာချာ လေ့လာလိုသဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွား၏။ ယွဲ့တာ့ဖူက သွေးများပေကျံနေသည့် သားသတ်သမားက မြို့က လူငယ်လေးများကို ခြောက်လန့်သလို ဖြစ်သွားမည်ကို စိုးရိမ်သွားလေသည်။ ထို့ကြောင့် နှစ်ယောက်သားကို လက်မြှောက်ကာ အရှေ့ခြံသို့ ပြန်လာရန် လက်ယက်ခေါ်လိုက်တော့သည်။
“ လူလေးကျိုးနဲ့ လူလေးလျို့တို့ အရှေ့ခြံကို ပြန်ရအောင်၊ ဒီဝက်သတ်ကာ နေရာတိုင်းကို ညစ်ပတ်နံစော်အောင် လုပ်နေတာ၊ လူလေးတို့နှစ်ယောက် မြင်သွားရင် မကောင်းဘူးလေ”
လျိုရို့ရှန်းသည် ခဏလောက် ဆက်ကြည့်ချင်သေးသည်။ သို့သော် ကျိုးကျွင်းဖုန်က သဘောတူလိုက်၏။ ထို့ကြောင့် စူပုတ်ကာ အားလုံးနှင့်အတူ ပြန်လိုက်လာခဲ့တော့သည်။
လျိုရို့ရှန်းက အနည်းငယ်မကျေမနပ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ယွဲ့ဝမ်လီက အကြံပြုလိုက်၏။
“ ရို့ရှန်း ငါတို့တွေ ဝက်သားစားပြီးရင် ချွေ့ဖုန်းမြစ်ထဲမှာ ရေခဲနှင်းလျှော သွားစီးကြမယ်လေ”
ရေခဲနေသည့် ချွေ့ဖုန်းမြစ်သည် ဆောင်းတွင်းနေ့ရက်များတွင် ချွေ့ဖုန်းရွာက ကလေးများအတွက် ကစားကွင်းကြီးပင်။ ပျော်ပျော်ရွှင်ရွှင် ကစားလို့ကောင်းသည့်နေရာတစ်ခုပင်။ သူတို့သည် ဘုတ်ပြားပေါ်တွင်ထိုင်ကာ အမြင့်မှ လျှောချနိုင်သည်။ စိတ်လှုပ်ရှားစရာကောင်းသည် အမြန်နှုန်းကို ခံစားနိုင်လေသည်။ ဒါသည်ပင် ဆောင်းတွင်းကာလ သေးငယ်သည့်ပျော်စရာတစ်ခုဖြစ်လေသည်။
လျိုရို့ရှန်းသည် ပျော်စရာအကြောင်း ကြားလိုက်သည်နှင့်ချက်ချင်း ပြန်တက်ကြွသွားတော့သည်။
“ ရေခဲလျှောစီးတာလား၊ ဘယ်လိုကစားရတာလဲ”
သည်ခေတ်တွင် စကိတ်မရှိချေ။ ထို့အပြင် မြို့ပေါ်တွင်လည်း သည်လိုနေရာမျိုးမရှိပေ။ ထို့ကြောင့် လျို့ရို့ရှန်း၏အမြင်တွင် အသစ်အဆန်းဖြစ်နေတော့သည်။
သူ့တွင် ကစားလိုစိတ်သာ ရှိကြောင်းသိလိုက်ရသဖြင့် ယွဲ့ဝမ်လီသည် သူ့ပခုံးကို ခင်ခင်မင်မင် ဖက်လိုက်ပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်တော့သည်။
“မစိုးရိမ်ပါနဲ့ကွာ ငါတို့တွေဝက်သားစားပြီးရင် ငါတို့အားလုံး ပျော်ရမှာပါ၊ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါတို့နဲ့ ဒီနေ့အိပ်ရမှာပဲလေ၊ ဒီတော့ ငါတို့မှာ အချိန်အဲလောက်မရှားပါဘူး ဟုတ်ပြီလား”
ထိုအခါမှ လျိုရို့ရှန်းသည် ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများနှင့်အတူ ပင်မဆောင်သို့ ပြန်လာခဲ့လေသည်။ သူတို့သည် နွေးသွားအောင် လက်ဖက်ရည်ကြမ်းများ သောက်လိုက်ကြ၏။
နှစ်ယောက်သား ပြောနေသည့်စကားကို အိမ်သာသွားမည်ဟု အကြောင်းပြကာ မီးဖိုမှ ခိုးထွက်လာသည့် အမျိုးသမီးချန် ကြားသွားတော့သည်။ သူမသည် မီးဖိုထဲသို့ ကွပ်ကဲရန် ရောက်လာသည့် အဘွားချန်ဆီ မြန်မြန်သွားလိုက်ပြီး နောက်ဆုံးရသတင်းကို အကြောင်းကြားလိုက်တော့သည်။
“ အမေ ကျွန်မ အခုလေးတင် ဝမ်လီပြောတာ ကြားခဲ့တယ်၊ လူငယ်လေးနှစ်ယာက်က ကျွန်မတို့အိမ်မှာ ညအိပ်မှာတဲ့”
သူမသည် အဝေးကမြင်ရသည့် ကျောင်းသားလေးနှစ်ယောက်၏ ပုံစံကို ပြန်စဥ်းစားလိုက်လေသည်။ သူတို့တွေက ၁၅နှစ် ၁၆နှစ်ပဲ ရှိအုံးမှာဆိုပေမဲ့ မိသားစုထဲမှာတော့ အခြေခံကျပြီးသား ဖြစ်ရမယ်။ စိတ်ထဲတွင်တော့ သူမသည် သူမ၏သမက်လောင်းဟု မှတ်ယူထားလေကာ ချစ်ခင်ခြင်းအပြည့် ဖြစ်နေတော့သည်။
အဘွားချန်သည် အချိန်တော်တော်ကြာအောင် ပျောက်သွားသည့် ငပျင်းမအမျိုးသမီးချန်က နောက်ဆုံး ပြန်ရောက်လာပြီး စကားတစ်ခွန်းနှစ်ခွန်း ပြောတော့မည်ကို တွေ့လိုက်ရသည်။ သို့သော် လူငယ်လေးနှစ်ယောက်က ညအိပ်မည့်သတင်းကို ကြားလိုက်ရတော့ သူမ ခေါင်းမူးသွားတော့သည်။
“ ငါတို့တွေက ကျေးရွာက လယ်သမားမိသားစုလေ၊ လူငယ်လေးနှစ်ယောက်ကြည့်ရတာ နူးနူးညံ့ညံ့နဲ့ အဖိုးတန်လေးတွေ၊ ဒါက သူတို့တွေကို မလေးစားသလို ဖြစ်နေမှာလားမသိဘူးဟယ်”
“အမေရယ် အမေကတော့ ကိစ္စတွေအားလုံးကို ရှုပ်ထွေးအောင်လုပ်နေပြန်ပါပြီ၊ အခုအချိန်က လူငယ်လေးနှစ်ယောက်ကို မလေးစားမိမှာ စိုးရိမ်ရမဲ့အချိန်လား၊ ဒီကောင်လေးနှစ်ယောက်က ကျွန်မတို့အိမ်မှာ တစ်ညလောက်ပိုနေချင်နေတာလေ၊ ကျွန်မတို့ ယိုထင်းလည်း ၁၅နှစ်ပြည့်တော့မယ်”
အမျိုးသမီးချန်သည် ပုံမှန်ဆိုလျှင် ဉာဏ်ပြေးတတ်သည့် အဘွားချန်သည် အရေးကြီးကျမှ စိတ်ရှုပ်ထွေးနေသဖြင့် အလွန် စိတ်ပျက်သွားတော့သည်။ သူမက လေသံဖြင့် ပြောလိုက်၏။
“အမေ ယိုထင်းရဲ့ ရုပ်ကလည်း မြို့က မိန်းကလေးတွေထက် မညံ့ပါဘူး၊ သူသာ မြို့က ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်နိုင်ခဲ့ရင် အမေလည်း အသက်ကြီးတော့ ဇိမ်ကျကျနဲ့ နေရတာပေါ့”
အမျိုးသမီးချန်၏စကားကို ကြားလိုက်ပြီးနောက် အဘွားချန် ချက်ချင်း သဘောပေါက်သွားတော့သည်။ သူမသည် လက်ဖြင့် နဖူးကို ရိုက်လိုက်ပြီး
“ တကယ်ပါပဲ အလုပ်များလေလေ ပျာယာခတ်လေလေ၊ ပျာယာခတ်လေလေ အလုပ်ပိုများလေလေပဲဟဲ့၊ ဒီကိစ္စကို လုံးဝကို မေ့နေတာ”
အဘွားချန်သည် ယွဲ့ယိုထင်းကို သိပ်မချစ်သော်လည်း သူမသည် သူမ၏တူမအရင်းမှ မွေးထားသူ ဖြစ်လေသည်။ သူမသည် ငယ်ငယ်က အဘွားချန်၏ရုပ်နှင့် နည်းနည်းတူလေသည်။ ထို့ကြောင့် ယွဲ့မိသားစုမှ မိန်းကလေးများနှင့် ယှဥ်လျှင် ယွဲ့ယိုထင်းက အချစ်ခံရသည်ဟု မှတ်နိုင်လေသည်။
ယွဲ့ယိုထင်းအကြောင်း စဥ်းစားလိုက်ပြီးနောက် သမီးဖြစ်သူ ယွဲ့ချန်ဟုန်နှင့် ၁၃နှစ်အရွယ် မြေးမလေးကို သတိရသွားတော့သည်။ အဘွားချန်သည် အနောက်ဆောင်သို့ ပြန်မြန် သွားကာ ယွဲ့ချန်လုကို သွားရှာပြီး
“ မြန်မြန် နွားလှည်းပြင်ပြီး နင့်အစ်မကြီးကို သွားကြိုခဲ့၊ သူ့ကို လျို့အာကိုလည်း ခေါ်ခဲ့ဖို့ မမေ့နဲ့လို့ ပြောလိုက်အုံးနော်”
ယွဲ့ချန်ဟုန်၏တစ်ဦးတည်းသောသမီးဖြစ်သူ ကောလျိုအာသည် ၁၃နှစ်ရှိပြီဖြစ်၏။ ခင်ပွန်းလောင်းကို ရှာပေးရတော့မည့်အရွယ် ဖြစ်သည်။ ယွဲ့ချန်လုကို လွှတ်လိုက်ပြီးနောက် နောက်တစ်ခွန်းကို မမေ့မလျော့ မှာလိုက်သေးသည်။
“ နင့်အစ်မကြီးကို ပြောလိုက်အုံး ဒီလိုမလာခင် လျိုအာကို သပ်သပ်ရပ်ရပ်လေး လုပ်ပေးခဲ့ပါလို့”
ယွဲ့ချန်လုသည် အဘွားချန်က တစ်စုံတစ်ယောက်ကို ရုတ်တရက်သွားကြိုခိုင်းချိန်၌ ဝမ်ညန်နှင့် ပွေ့ဖက်ကာ ချစ်ကြည်နူးနေလေသည်။ သူသည် ဘာမှနားမလည်လိုက်သော်လည်း အလျင်စလိုဖြင့် နွားလှည်းကို ပြင်လိုက်သေးသည်။ ကံကောင်းချင်တော့ ယွဲ့ချန်ဟုန်၏ မိသားစုက သိပ်မဝေးလှချေ။ သားအမိနှစ်ယောက်ကို သွားကြိုလာရန် တစ်နာရီသာ ကြာလေသည်။
တဖက်တွင်တော့ အဘွားချန်သည် လူငယ်လေးနှစ်ယောက်က တစ်ညအိပ်မည်ဟု ကြားလိုက်သည်နှင့် သူမ၏သမီးဖြစ်သူနှင့် မြေးမလေးကို ချက်ချင်းခေါ်ခိုင်းဖို့ စိတ်ကူးလိမ့်မည်ဟု အမျိုးသမီးချန် ထင်မထားခဲ့ချေ။ သူမသည် စိတ်ထဲမှ မကျေမချမ်း ပြောနေလိုက်တော့သည်။
“ နေ့တိုင်းပဲ လက်ထပ်သွားတဲ့ သမီးကိုပဲ သတိရတယ်၊ ဘယ်သူက ပိုနီးနီးကပ်ကပ်ရှိနေလည်းဆိုတာ တကယ့်ကို မမြင်တာ”
ယွဲ့ယိုထင်းနေရာတွင် ဆွဲထည့်ခံလိုက်သည့်ယိုကျူးက မီးထည့်ရင်း အမျိုးသမီးချန် ပါးစပ်လှုပ်နေသည်ကို မြင်လိုက်သော်လည်း ဘာပြောလိုက်မှန်း မကြားချေ။ ထို့ကြောင့် သူမ မေးလိုက်၏။
“ “ ကြီးတော် ဘာပြောလိုက်တာလဲ”
ယိုကျူး၏ ရုတ်တရက် ထွက်လာသည့်အသံကြောင့် အမျိုးသမီးချန် လန့်သွားတော့သည်။
“ အမလေးဟဲ့ သေနာမလေး”
သူမသည် ယိုကျူးကို ကြောက်စရာကောင်းအောင် ကြည့်လိုက်ပြီး
“ နင်ဘာလို့ ပုန်းပြီး ခိုးနားထောင်နေတာလဲ”
ထို့နောက် သူမသည် ယိုကျူးကို ပညာပြချင်လာတော့သည်။
“ ကြီးတော်က ဘာလုပ်နေတာလဲ”
ဂေါ်ဖီထုပ်ဆေးပြီး ပြန်လာသည့် ယိုကျင့်သည် အမျိုးသမီးချန်က ရိုက်တောမည့်ဟန် ပြင်လိုက်ရာ ယိုကျူးရှေ့မှ မြန်မြန်ကာပေးလိုက်ပြီး
“ အဘွား အခုလေးတင် ပြောလိုက်တာ ကြားတယ်၊ ဒီနေ့မှာ ထူးထူးခြားခြား ဧည့်သည်ရောက်နေတယ်တဲ့၊ သမီးတို့ သူတို့ကို လုံးဝပေါ့လေးလေး ဆက်ဆံလို့ မဖြစ်ဘူး၊ အခုချိန်ထိ ဘယ်သူ့ကို လက်ဖက်ရည်နဲ့ မဧည့်ခံရသေးဘူးနော်”
ပင်မဆောင်တွင် လက်ဖက်ရည် လိုနေသည်ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီးချန်သည် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရတော့သည်။ သူမကို ခံပြောနေသည့်ယိုကျင့်ကို ဂရုမစိုက်တော့ပေ။ လက်ထဲက သစ်သားဇွန်းကြီးကို မြန်မြန်ချကာ ညစ်ပတ်နေသည့် ရှေ့ဖုံးခါးစည်းဖြင့် ဆီပေသည့်လက်ကို သုတ်လိုက်ပြီးနောက် အရှေ့ဆောင်သို့ မြန်မြန်ပြန်သွားတော့သည်။
စန်းကျဲက ပင်မဆောင်မှာ လက်ဖက်ရည်မဧည့်ခံရသေးဘူးလို့ ပြောလိုက်တာနဲ့ ကြီးတော်က မြန်မြန်ကြီး ထွက်သွားပါရောလား။ ယိုကျူးသည် အနည်းငယ် ယုံရခက်သွားတော့သည်။
“စန်းကျဲ ကြီးတော်က ဘယ်တုန်းက အဲလောက် ဝီရိယရှိသွားတာလဲ”
ကြီးတော် အလုပ်ကို အခုလို မြန်မြန်ကြီးလုပ်တာ သူမဘဝမှာ ပထမဆုံးတွေ့ဖူးတာပဲ။ တကယ် ယုံတောင်မယုံနိုင်ဘူး။
တစ်ဖက်တွင်တော့ ယိုကျင့်သည် ကြည်လင်စွာ ပြုံးပြလိုက်လေသည်။ အမျိုးသမီးချန် ဘာလို့ ဒီလောက် စိုးရိမ်တကြီး ဖြစ်နေလဲဆိုတာ သူမ အလိုလိုသိပြီးသားပါ။ မြို့တော်က လူကြီးလူကောင်းလေးက ကြီးတော်ရဲ့မျက်လုံးထဲမှာ ချစ်စဖွယ်လေးဖြစ်နေတာ သိတာပေါ့။ ဒီလိုအခွင့်အရေးက သူမ ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်ပါ့မလဲလေ။ ယိုကျူး၏ အူကြောင်ကြောင်မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် ယိုကျင့်ပြုံးကာ ဖြေလိုက်လေသည်။
“ နင် ငယ်ပါသေးတယ်၊ တချို့ကိစ္စတွေက နင်ကြီးလာတာနဲ့ နားလည်သွားလိမ့်မယ်”
“ဟုတ်”
ယိုကျင့်သည် ဝတ်ကျေတမ်းကျေအဖြေတစ်ခု ပေးလိုက်သော်လည်း ယိုကျူး၏ စိတ်ထဲ မရောက်သွားချေ။ မီးဖိုရှေ့တွင်ထိုင်ကာ မီးထည့်လိုက်လေသည်။ စိတ်အေးရမည့်အခြေအနေဟု မှတ်ယူလိုက်လေသည်။
ခဏအကြာတွင် လှလှပပ ဝတ်စားထားသည့် ယွဲ့ယိုထင်းကို အမျိုးသမီးချန်က မီးဖိုဆောင်ထဲ ဆွဲခေါ်လာခဲ့လေသည်။ ထို့နောက် သူမည် အမျိုးသမီးချန် ပြင်ဆင်ပေးထားသည့် လက်ဖက်ရည်ကို ယူကာ ပင်မဆောင်သို့ ရို့ရို့လေး သွားလိုက်လေတော့သည်။
…