အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အပိုင်း (၃၇) နဂါး ခေါင်းထောင်တဲ့နေ့ (အပိုင်း ၂)
မွေးခန်းထဲ၌ မွေးလမ်းကြောင်းပွင့်ရန် စောင့်နေရသည့် ၀မ်ညန်သည် အပြင်ရှိအသံများကို ကြားနေရပေသည်။ အခန်းထဲ၌ အမျိုးသမီးချန်သည် သူမအား မွေးဖွားရန် ကူညီပေးနေကာ ပျက်ရက်ပြုသည့်အပြုံးများဖြင့် စကားစလေသည်။ “၀မ်ညန် အစ်မပြောမယ်နော်။ ညီမလေးမှာ မျှော်လင့်ချက်အများကြီး ရှိတယ်။ အမျိုးသမီးစုက ထပ်ပြီး ဆန်ကုန်မြေတစ်ယောက် မွေးလိုက်ပြန်ပြီတဲ့။ ညီမလေးသာ သားမွေးခဲ့မယ်ဆို ဆန်ကုန်မြေတစ်ယောက် အဲ့မိသားစုတော့....”
အမျိုးသမီးချန်၏စကားများသည် အဆုံးမသတ်သေးသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။ သူမသာ သားယောက်ျားလေး မွေးနိုင်သ၍ ဒုတိယမိသားစုကို ထိန်းချုပ်နိုင်မည်မလား။ ထိုသို့တွေးရုံနှင့် ၀မ်ညန်၏စိတ်သည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာတော့သည်။ သေချာပေါက် ၀၀ဖြိုးဖြိုးသားလေးမွေးရမယ်။
နေသည် အနောက်အရပ်သို့ တဖြည်းဖြည်း ဆုတ်ခွာချိန်၌ အမျိုးသမီးစုသည် ကလေးနောက်တစ်ယောက်ကို မွေးဖွားခဲ့သည်။ အမျိုးသမီးလင်းသည် သွေးပေရေနေသော ကလေးအား ကိုင်ကာ တုန်ယင်နေမိသည်။ “ယိုကျင့်တို့အမေ ဒီကလေးက သားလေးပဲ....”
မူးမေ့တော့မည့် အမျိုးသမီးစုသည် သားဟူသော အသံကြောင့် မျက်လုံးများတောက်ပလာပေသည်။
“အဒေါ်လင်း တကယ်သားလေးလား” မယုံကြည်ခြင်းများစွာဖြင့် အမျိုးသမီးစုသည် ပိန်ပါးသည့် ကလေးငယ်ကို တင်းကျပ်စွာ ထုပ်ပိုးထားသော အနှီးစအား တုန်ရီစွာ ဖယ်ရှားလိုက်သည်။ ထို့နောက် ပျော်ရွှင်မှုများဖြင့် သူမ၏မျက်ရည်များကို ဖယ်ရှားလေသည်။ “ကျွန်မသားလေး”
“ယိုကျင့်တို့အမေက တကယ်အံ့ဩစရာပဲ” အမျိုးသမီးလင်း၏မျက်လုံးများသည်ပင် စိုစွတ်လာချေပြီ။ အမျိုးသမီးစုသည် ရွာ၌ အိမ်ထောင်ရက်သား ကျခဲ့သည်မှာ ဆယ်နှစ်ကျော်မျှ ရှိလေပြီဖြစ်သည်။ သူမသည် ကောင်းမွန်သည့် ဂုဏ်သတင်းကို ရသည့်တိုင် တစ်ခါမျှ မပျော်ရွှင်ခဲ့ဖူးပေ။ နောက်ဆုံး၌ သူမလိုချင်သည့်အရာကို ရရှိခဲ့လေပြီဖြစ်သည်။ သူမကဲ့သို့ လူကောင်းအတွက် ဆုတစ်ခုဟုဆိုနိုင်သည်။
အမျိုးသမီးစုအား စိတ်ငြိမ်အောင် လုပ်ပြီးနောက်တွင် အမျိုးသမီးလင်းသည် ယိုကျင့်နှင့် ညီအစ်မများကို သတင်းကောင်းပြောရန် ပျော်ရွှင်စွာထွက်လာခဲ့သည်။ “မင်းတို့အမေက မင်းတို့ဖို့ မောင်လေးမွေးပေးထားတာနော်”
ထိုသတင်းကို ကြားပြီးနေယက် ညီအစ်မများသည် ကြောင်အသွားတော့သည်။ ဟမ် အမေကငါတို့ဖို့ မောင်လေးမွေးတာတဲ့လား။ ညီအစ်မများသည် အတွေးလွင့်နေကြတော့သည်။ ယိုကျင့်မှ ညီမများအား အမျိုးသမီးလင်းကို ဂါရ၀ပြုရန်ဂါရ၀ပြုရန် ဦးဆောင်လိုက်ရတော့သည်။ “ဘွားဘွားမာရဲ့ ကျေးဇူးက တကယ် ဆပ်မကုန်နိုင်ပါဘူး” အမျိုးသမီးလင်းသာ မရှိပါက ဘွားဘွား၀မ်ကို အမျိုးသမီးစု၏ မွေးဖွားမှုအတွက် မလွှတ်ပေးခဲ့သည့် ယွဲ့ချန်လုကြောင့် အလောင်းတစ်လောင်းနှင့် အသက်နှစ်သက် ပျောက်ဆုံးသွားနိုင်ပေသည်။
အမျိုးသမီးလင်းသည် ယိုကျင့်ကို ထူပေးလိုက်သည်။ “ဒီကလေးကတော့ ခဏခဏ ဒူးထောက်နေတော့တာပဲ။ ဒီအဘွားကြီးကို အသက်တိုစေချင်နေတာလား။ မင်းအမေက အဆင်ပြေတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်က အခုမှမွေးထားပြီး လမစေ့သေးတော့ အခြားကလေးတွေထက် ပိုပိန်ပြီး ချူချာနိုင်တယ်။ နို့ကိုသေချာတိုက်ဖို့ မမေ့နဲ့”
ယိုကျင့်သည် အမျိုးသမီးလင်း ပြောသမျှကို သေချာမှတ်ကာ သူမအား ကျေးဇူးတင်ရင်း လိုက်ပို့လေသည်။ ထို့နောက် ဖွားမြင်ထားသည့် ကလေးနှစ်ယောက်ကို ကြည့်ရန် ညီမများအား အနောက်ခြံထဲသို့ ခေါ်သွားလေသည်။
ယွဲ့ချန်လုသည် အမျိုးသမီးစု၏ သားယောက်ျားလေး ဖွားမြင်သည့် သတင်းကြောင့် ရုတ်တရက် ထခုန်မိတော့သည်။
“ငါအဖေဖြစ်ပြီကွ” သူသည် သားယောက်ျားလေးအတွက် ဆယ်နှစ်ကျော်ကြာစောင့်ခဲ့ရကာ နောက်ဆုံး၌ ရရှိလေပြီဖြစ်သည်။ ယွဲ့ချန်လုသည် ယွဲ့တာ့ဖူနှင့်အဘွားချန်တို့ ပြောသည်ကို ဂရုမစိုက်ဘဲ အနောက်ခြံသို့ ဦးတည်သွားလိုက်တော့သည်။
အမျိုးသမီးစု သားယောက်ျားလေးမွေးရန် မျှော်လင့်မထားသည့် အဘွားချန်သည် ဒေါသတကြီးဖြင့် မြေကြီးကို ရိုက်နှက်ကာ ကျိန်ဆဲနေတော့သည်။ “သားမွေးပေးတော့ ဘာဖြစ်လဲ။အဲ့လောက် ကလေးတွေ အများကြီး ကျွေးမွေးနိုင်ပါ့မလား”
......
အနောက်ခြံထဲ၌ ညီအစ်မများသည် ခုတင်ဘေးပတ်ပတ်လည်၌ သန့်ရှင်းရေးလုပ်ကာ ကလေးနှစ်ယောက်ကို ကြည့်နေကြသည်။
ထိုကြားထဲ၌ ယွဲ့ချန်လုသည် လမ်းမှားရောက်လာသည့် ရန်သူ့စစ်သားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူရောက်လာသည်နှင့် သမီးဖြစ်သူများမှ စူးစူးရဲရဲစိုက်ကြည့်ခြင်းကို ခံလိုက်ရ၍ မကျေမနပ် ဖြစ်မိသည်။ “ဘာလဲ။ ငါ့အခန်းငါ ပြန်လာလို့မရဘူးလား။ ဖယ်စမ်း”
ယိုကျင့်သည် ယွဲ့ချန်လု၏ရှေ့၌ ပိတ်ရပ်ကာ အေးတိအေးစက် စိုက်ကြည့်နေလိုက်သည်။
“ရှင့်သားက ဟိုဘက်အခန်းမှာ မွေးနေတုန်းမဟုတ်ဘူးလား။ အဘိုးမာနဲ့ အဘွားမာကြောင့်သာ မဟုတ်ရင် အမေနဲ့ ကလေးနှစ်ယောက်က အသက်ပျောက်တာကြာပြီ။ အခုကျကောင်းရော သားမွေးတယ်ဆိုမှ ရှင်က ရောက်ချလာတယ်ပေါ့”
ယိုကျင့်၏စကားများသည် အမျိုးသမီးစုအား မခံမရပ်နိုင်ဖြစ်စေသည်။
“ယိုကျင့် အဖေ့ကို အဲ့လိုမပြောရဘူးလေ” အဆုံး၌ ယွဲ့ချန်လုသည် ကလေးများ၏ အဖေဖြစ်သည့်အတွက် လာရောက်ကြည့်ရှုရန် အခွင့်အရေးရှိပေသည်။
တွန်းထုတ်ခံလိုက်ရသော ယိုကျင့်သည် အမျိုးသမီးစုကို စိုက်ကြည့်နေလိုက်သည်။ သူမသည် ဖယောင်းကို သဲအဖြစ် ပြောင်းရန် မျှော်လင့်ခဲ့မိသည်ပင်။ သို့သော်လည်း ယိုကျင့်သည် လက်မလျှော့သေးဘဲ ယွဲ့ချန်လုအား ဟန့်တားနေခဲ့သည်။ ထိုအရာက ယွဲ့ချန်လုအား ဒေါသထွက်စေရန် လုံလောက်ခဲ့ပြီး သူမအား ရက်အနည်းငယ်လောက် အနားယူစေနိုင်သည်အထိ ရိုက်နှက်ခဲ့ကာ ယိုကျင့်၌ အညိုအမည်းများ စွဲကျန်နေတော့သည်။
အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ရှုတ်ချသည့်အကြည့်ကို သတိထားမိကာ ပြောစရာစကား မရှိသောကြောင့် မလုံမလဲဖြင့် ခေါင်းငုံ့နေခဲ့သည်။ သူမ အမှားလုပ်ခဲ့သည်ဟု မတွေးပါချေ။ ယွဲ့ချန်လုသည် ကလေးနှစ်ယောက်၏ ဖခင်မဟုတ်ပေဘူးလား။
တားဆီမည့်သူ မရှိသောကြောင့် ယွဲ့ချန်လုသည် သူ၏သားဖြစ်သူကို တုန်ရီစွာ ပွေ့ပိုက်ထားကာ ပျော်ရွှင်မှုကြောင့် မျက်၀န်းများ နီရဲလာတော့သည်။ သူသည် သားတစ်ယောက်ပင် မမွေးဖွားနိုင်သည့်လူ မဟုတ်ကြောင်း တလောကလုံးအား ပြောပြချင်ပေသည်။
၀မ်းသာအားမြှောက်မှုအပြီး၌ လက်ရှိအခြေအနေကို သတိပြုမိကာ ပိန်ပါးနေသည့်အပြင် သူ၏လက်သီးဆုပ် တစ်၀က်မျှသာ ရှိသည့် သားဖြစ်သူ၏ခေါင်းကို စိတ်ရှုပ်ဖွယ် ကြည့်လိုက်မိသည်။ ထိုကလေးသည် သားယောက်ျားလေးဖြစ်သော်လည်း အသက်ရှင်နိုင်ခြေ ရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ ထို့နောက် အပြင်ဘက်အခန်းရှိ ၀မ်ညန်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရပေသည်။ မြို့ပေါ်မှပင့်ထားသည့် မွေးခန်းထဲမှ ဆရာ၀န်သည် သားဖြစ်ကြောင်း ပြောကြားလေသည်။ ထို့ကြောင့် ယွဲ့ချန်လုသည် ထိုကလေးအား ခုတင်ပေါ်၌ အထင်သေးသည့် မျက်၀န်းများဖြင့် ထားရစ်ခဲ့ကာ အပြင်သို့ ထထွက်သွားလေတော့သည်။
ခဏအတွင်း၌ပင် ပြောင်းလဲသွားသော ယွဲ့ချန်လု၏ အပြုအမူများကြောင့် မူလ၌ ပျော်ရွှင်နေသည့် အမျိုးသမီးစုသည် ထွက်ခွာသွားသည့် ယွဲ့ချန်လုဒ နောက်ကျောပြင်ကို ကြည့်ကာ အံ့ဩမှင်တက်သွားရတော့သည်။ သူမသည် သူမ၏ခါးသီးလှသည့် ဘ၀အတွက် ငိုကြွေးရမည်လား သူမ၏တုံးအမှုအတွက် လှောင်ရယ်ရမည်လားပင် မသိတော့ချေ။
ယိုကျင့်သည် သက်ပြင်းချရုံမှအပါး ကူညီနိုင်စရာမရှိပေ။ သူမသည် အမျိုးသမီးစု၏ အတက်အကျ ဖြစ်နေသည့် မျက်နှာအမူအရာကို ကြည့်နေခဲ့သည်။ ယွဲ့ချန်လုအပေါ်၌ ထားသည့် အမျိုးသမီးစု၏ ထင်ယောင်ထင်မှား မျှော်လင့်ချက်များသည် ပေါင်းပင်များကဲ့သို့ပင်ဖြစ်သည်။ မည်မျှပင် ခုတ်သင်နေပါစေ အကြိမ်ပေါင်းများစွာ ပြန်လည်ရှင်သန်လာတတ်သည်။ ယိုကျင့်သည် စကားပြောဆိုရန်ပင် စိတ်မပါတော့ချေ။
........
ထိုသို့ဖြင့် တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားခဲ့သည်။ ၀မ်ညန်သည် ဒုတိမြောက်ရက် အရုဏ်တက်ချိန်၌ ခြောက်ကျင်းမျှရှိသည့် ၀ဖိုင့်ဖိုင့် သားယောက်ျားလေးကို မွေးဖွားပေးခဲ့သည်။ သားယောက်ျားလေးဖြစ်ကြောင်း ကြားသည်နှင့် နာကျင်မှုကြောင့် အားနည်းနေသည့် ၀မ်ညန်သည် စိတ်ပေါ့ပါးသွားကာ အိပ်ပျော်သွားတော့သည်။
ကလေးအား အနှီးဖြင့် သေချာစွာ ထုတ်ပိုးပြီးချန်၌ အဘွားချန်နှင့် ယွဲ့ချန်လုတို့ ရောက်ရှိလာတော့သည်။
အဘွား၀မ်၏ စကားများကို သေချာမှတ်သားနေသည့် ယွဲ့ချန်လု၏ လက်များသည် အနည်းငယ် တုန်ရီနေခဲ့သည်။ ထို့နောက် သားဖြစ်သူဆီသို့ လက်လှမ်းကာ ပွေ့ချီလိုက်ပြီး စိတ်လိုလက်ရ မြည်ကြွေးတော့သည်။ “ငါ့သားလေး ငါ့သားလေး”
မျက်နှာဝိုင်းလေးနှင့် မြေးဖြစ်သူအား ကြည့်ကာ အဘွားချန်သည် ပြခဲလှသည့် ကြင်နာသည့်အပြုံးကို ပြသလေသည်။
“ကလေးက မွေးကတည်း ခြောက်ကျင်းတောင်မှ အနာဂတ်မှာ တကယ်ကို ကြံ့ခိုင်သန်မာတဲ့ ယောက်ျားကောင်း ဖြစ်မှာ”
ယွဲ့ချန်လုသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ မနေ့ကမွေးဖွားခဲ့သည့် နှစ်ကျင်းသုံးကျင်းမျှသာရှိသော အမျိုးသမီးစု၏ သားဖြစ်သူကို ပြန်တွေးလိုက်မိသည်။ ထိုကလေး၏ ငိုသံသည်ပင် တိုးညင်းနေ၍ သူသည် ထိုနေရာ၌ပင် ရဲတင်းစွာ ဆုံးဖြတ်ချက်ခဲ့ပြီးဖြစ်သည်။ သူ၏လက်ထဲ၌ ပွေ့ချီထားသော ကလေး၏ ခပ်ဖောင်းဖောင်း မျက်နှာလေးအား နမ်းရှုံ့ကာ ထိုရတနာလေးကို တစ်သက်လုံး ပိုင်ဆိုင်ရန် ဆုတောင်းနေမိတော့သည်။
ယွဲ့ချန်လု၌ သားနှစ်ယောက်ရရှိခဲ့သည့် သတင်းသည် ချွေ့ဖုန်းရွာ၌ ပျံ့နှံ့သွားလေသည်။ ယွဲ့မိသားစုသည် ဒုတိယသားကြီးအတွက် ဂုဏ်ယူသည့်အနေဖြင့် ယွဲ့၀မ်ပေါင်၏ အမည်ပေး ကင်ပွန်းတပ်ပွဲ၌ ရွာ၏ထက်၀က်ကျော်မျှကို ဖိတ်ကြားခဲ့သည်။
ယွဲ့၀မ်ပေါင်သည် ယွဲ့ချန်လုနှင့်၀မ်ညန်တို့မှ မွေးဖွားသည့် ကလေးအတွက် ယွဲ့ချန်လုကိုယ်တိုင် အမည်ပေးထားခြင်းဖြစ်ကာ အမျိုးသမီးစုနှင့်ကလေးများအတွက် ထိုသို့ပွဲမျိုး ပြုလုပ်ရန်ပင် အဆင့်မမှီသည့်အပြင် ကလေးများ၏အမည်ကိုပင် ယိုကျင့်မှ ပေးခဲ့ရသည်။ ယွဲ့မိသားစုတစ်ခုလုံးသည် အမျိုးသမီးစုနှင့် ကလေးများ၏ တည်ရှိမှုကိုပင် မေ့လျော့နေဟန်ရှိသည်။
အပြင်ရှိ ပျော်ပွဲရွှင်ပွဲအသံများကို နားထောင်ခြင်းအားဖြင့် အရှေ့ခြံ၀န်းဘက်မှဖြစ်ကြောင်း သိနိုင်သည်။ ယိုကျင့်သည် မကြာသေးမီကပင် အစာကျွေးထားသည့် ယိုသွမ့်အား လက်မောင်း၌ပွေ့ထားကာ။ အိပ်ပျော်စေရန် ကလေး၏ရင်ဘတ်ကို တဖြည်းဖြည်း ပုတ်ပေးနေရင်း မိခင်ဖြစ်သူကို မေးလေသည်။
“ဘယ်လိုလဲ။ အမေက လက်လျှော့လိုက်ပြီလား။ အဲဒါဆို ခမ်းအာကရော" ခမ်းအာ၏ အမည်အပြည့်အစုံမှာ ယိုခမ်းဖြစ်ကာ ထိုကလေးအား ကျန်းကျန်းမာမာ ကြီးထွားစေရန် ရည်ရွယ်၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယိုကျင့်သည် ရိုးရှင်သည့် “ခမ်း” ဟူသော စကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးစု၏လက်မောင်း၌ ဖြည်းညင်းစွာ နို့စို့နေသော ယွဲ့ခမ်း၏ခန္ဓာကိုယ်သည် အသားမရှိဘဲ ပိန်ပါးလို့နေ၏။ မူလ၌ ဖခင်ဖြစ်သူ၏ ရတနာသဖွယ် စောင့်စားခံခဲ့ရသူသည် အဘယ်ကြောင့် ထိုသို့ မေ့လျော့ခံရသည်ကို နားမလည်နိုင်သေးချေ။
ခါးသီးမှုများဖြင့် နာကျင်နေရသည့် အမျိုးသမီးစုသည် သက်ပြင်းချလိုက်မိသည်။ သူမ၏ ဆုံးဖြတ်ချက် မခိုင်မာမှုကြောင့် သားသမီးများကိုပါ အခက်အခဲများ တွေ့ကြုံစေမိသည်။ ဘာတတ်နိုင်မည်နည်း။ မိသားစုခွဲလျှင် ယွဲ့မိသားစုသည် သူမကို ခွဲခွင့်ပြုမည်လား။ ယွဲ့မိသားစုဖြစ်သော သမီးဖြစ်သူများကို သူမနှင့် သွားခွင့်ပြုမည်လား။
အမျိုးသမီးစု၏ စိတ်အား ယိုကျင့်မသိသော်လည်း မျက်မှောင်ကျုံ့ကာ စဉ်းစားနေသည့် အမျိုးသမီးစုကြောင့် နက်ရှုင်းစွာ သက်ပြင်းချမိလိုက်သည်။ လက်မောင်းထဲရှိ ဆယ်ယောက်မြောက်ဖြစ်သော ညီမဖြစ်သူအား ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ အမျိုးသမီးစု ဆုံးဖြတ်ချက် မချနိုင်လျှင် ဆုံးဖြတ်ချက်ချနိုင်စေရန် သူမကိုယ်တိုင် ခြေလှမ်းစရမည်။
.......
ပင်မဆောင်၌ ယွဲ့ချန်လုသည် ပုံမှန်နေ့များထက် သပ်ရပ်စွာ ၀တ်စားထားပေသည်။ သူ၏ပတ်၀န်းကျင်၌ ဂုဏ်ယူ၀င့်ကြွားမှုများ ရှိနေကာ လူအများအား မျက်စိစူးစေသည်။ ယွဲ့တာ့ဖူသည် ယွဲ့ချန်လု၏ နောက်၌ရပ်နေကာ သားဖြစ်သူအတွက် ဂုဏ်ယူနေမိသည်။
အဘွား၀မ်သည် ယွဲ့၀မ်ပေါင်အား ဧည့်သည်များနှင့် တွေ့ပေးရန် ပွေ့ချီလာခဲ့သည်။ ယနေ့၌ ယွဲ့မိသားစု၏ ဆွေးမျိုးနီးစပ်သူများ လာရောက်ကြလေသည်။ အမည်ပေးပွဲတော်အတွက် မည်သည့် ကျွေးမွေးဧည့်ခံခြင်းမှ မပါရှိပေ။ စွံပလွံသီး၊ မြေပဲစည်များ ထည့်ထားသည့် ပန်းကန်လုံးများကိုသာ ကံကောင်းမှုအတွက် တည်ခင်းထားသည်။
“ကလေးကို ကြည့်ပါဦး ၀ဖီးနေတာပဲ” အဘွားချန်နှင့် ရင်းနှီးသည့် မိန်းမကြီးတစ်ဦးသည် အပြုံးလေးဖြင့် ပြောလေသည်။ “ကြီးလာလို့ကတော့ မိသားစုမှာ ကြံ့ခိုင်သန်မာတဲ့ လူငယ်လေးဖြစ်လာမှာပဲ”
အဘွားချန်သည် အဘွားဖြစ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒုတိယသား၌ မျိုးဆက် မရှိခြင်းကြောင့် အမြဲတစေ မျက်နှာပျက်ခဲ့ရသည်။ ယခုသားဖြစ်သူ၌ မျိုးဆက်ရှိလာပြီဖြစ်၍ အမှန်ပင် ၀မ်းသာမိသည်။ သူမသည် မတ်တပ်ရပ်ကာ လူအုပ်ကြီးကို ပြောလိုက်သည်။
“ကလေးကို အဲ့လောက် မမြှောက်ပါနဲ့။ သူ့အသက်ကငယ်သေးတယ်။ အနာဂတ်ကို မမြင်ရသေးဘဲ လျှောက်မပြောကြနဲ့လေ” သူမ၏စကားများသည် ဟန့်တားနေသည့်သဏ္ဌာန်ပေါ်သော်လည်း မျက်နှာ၌ ကြီးမားသည့်အပြုံးတစ်ခု ရှိနေပေသည်။
အဘွားချန်နှင့် ကတောက်ကဆရှိခဲ့သော အမျိုးသမီးဧည့်သည်များသည် မျက်နှာ၌ ပြုံးပန်းဆင်ကာ မြှောက်ပင့်နေသော်လည်း ယွဲ့မိသားစုအပေါ် ရှုံးချနေကြသည်။ “ယွဲ့မိသားစုက တကယ် အရှက်မရှိတာပဲ။ ဘယ်မိသားစုက မိန်းမနှစ်ယောက်ယူလို့လဲ။ သူတို့ကျကောင်းရော အဲ့လိုလုပ်ထားပြီး နေရာတိုင်း အမောက်ထောင်ပြနေလိုက်တာ”
အနောက်ခြံထဲရှိ ၀မ်ညန်သည် ဧည့်သည်များကို ထွက်မတွေ့ရသော်လည်း စပ်စုတတ်သည့် အမျိုးသမီးများက သူမအား လာရောက်ကြည့်ရှုကြလေသည်။ သူမသည် ထိုအမျိုးသမီးများဖြင့် ပျော်ရွှင်စွာ စကားပြောရင်း စိတ်ကျေနပ်နေမိသည်။ မည်သူက သူမအား သွားပုပ်လေလွင့် ပြောတော့မည်နည်း။ ဒုတိယမိသားစု၏သားသည် သူမ၏သားဟုသာ လူတိုင်း သိကြမည်ဖြစ်သည်။
ထိုနေ့ ပွဲအပြီး၌ အဘွားချန်သည် အအေးမိသွားလေသည်။ ခုတင်၌လှဲနေကာ ဆေးများ သောက်ပြီးသည့်တိုင် မပျောက်ကင်းသေး၍ သည်းတွားလျက်ရှိသည်။ သမားတော်မာသည် သူမအား ဖျားနာခြင်းဖြစ်သည်ဟုသာ ဆိုလေသည်။
အဘွားချန်သည် ဖျားနာမှုကြောင့် နုံးချိနေသော်လည်း သမားတော်အား မကျွမ်းကျင်သည့် သမားတော်ဟု ကျိန်ဆဲရန် မမေ့ခဲ့ချေ။
“ဘယ်လို သမားတော်စုတ်လဲ။ ဒီလောက်ဆေးတွေ သောက်ပြီးတာတောင် မကောင်းသေးဘူး။ ကျွန်မတို့ပိုက်ဆံကိုလိမ်ပြီး ကိုယ့်ကောင်းစားရေးကို လုပ်နေတာပဲနေမှာ”
၀မ်ညန်သည် မီးတွင်းကာလအတွင်း၌ ဖြစ်သော်လည်း အဘွားချန်၏ ဖျားနာမှုသတင်းကြောင့် အချိန်အတန်ကြာ တွေးတောကာ ဒုတိယမိသားစုရှိ ထိုကလေးများကို ရှင်းထုတ်ရန် အကြံနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
…
အပိုင်း (၃၈) ထိန်းချုပ်ထားလို့မရတဲ့အသက်
“ နင်ဘာပြောလိုက်တယ်”
ဖျားနာမှုကြောင့် အိပ်ချင်မူးတူးဖြစ်နေသည့် အဘွားချန် သူမကိုယ်တိုင် ထထိုင်လိုက်တော့သည်။ သံသယတစ်ဝက် ကြောက်ရွံ့မှုတစ်ဝက်ဖြင့် သူမ ပြောလိုက်လေသည်။
“ သူက တကယ်ပဲ အဲလိုပြောခဲ့သလား”
အမျိုးသမီးချန်သည် ခုတင်စွန်းတွင် ထိုင်နေ၏။ သူမသည် စိတ်လှုပ်ရှားနေလေသည်။ အဘွားချန်၏ မေးခွန်းကို ခေါင်းညိတ်ပြလိုက်၏။
“ အင်း ကျွန်မ ဝမ်ညန်ဆီက ကြားခဲ့တာ ပြီးတော့ ဒါက အရေးကြီးတယ်ထင်လို့ အမေ့ကို မြန်မြန်လာပြောပြတာ”
အမှန်တွင်တော့ သူမသည် ထိုအကြောင်းကို တစ်နည်းနည်းဖြင့် သံသယဖြစ်နေသည်။ သို့သော် သားနှစ်ယောက်မှာ အရည်အချင်းရှိပြီး ဉာဏ်ကောင်းလှသော်လည်း ဝင်ခွင့်စားမေးပွဲကို ဘယ်တော့မှ မအောင်နိုင် ဖြစ်နေသည့် အကြောင်းကို စဥ်းစားလိုက်မိရာ ထိုကိစ္စတွင် အကြောင်းအရင်းတစ်ခု ရှိရပေမည်။
ရွတ်တွနေသည့် လက်တစ်ဖက်က ခုတင်ကို ရိုက်လိုက်ပြီး
“ ဟုတ်နေပါပြီ၊ ငါ့အသက်ကို ဒီမိသားစုအတွက် ပေးဆက်ထားတဲ့ ငါက ဒီအသက်အရွယ်ကျမှ ဆန်ကုန်မြေလေးတွေရဲ့ ကျိန်စာ မိနေတာပေါ့လေ”
အစပိုင်းတွင် အဘွားချန်မှာ အံ့ဩသွားသော်လည်း အခုတော့ ၉၀%လောက် ယုံသွားတော့သည်။ သူမသည် ဒုတိယမိသားစုမှ ဆန်ကုန်မြေလေးများ၏အန္တရာယ်ပြုခံနေရသည်ဟု ခံစားလိုက်ရပြီး တွင်းတစ်ခုတူကာ သူတို့ကို မြှုပ်ချင်နေတော့သည်။
“ ဘာတွေ ဆူညံဆူညံလုပ်နေတာကြတာလဲ”
အပြင်မှ ပြန်လာသည့်ယွဲ့တာ့ဖူက သမီးယောက္ခမနှစ်ယောက် တီးတိုးပြောနေသည်ကို မြင်လိုက်ရ၏။ အဘွားချန်ပြောလိုက်သည့် စကားတစ်ဝက်ကိုသာ သူကြားလိုက်ရသည်။
“ ဘာကျိန်စာတိုက်တာ မတိုက်တာလဲ၊ နေ့တိုင်း ဆူဆူညံညံ လုပ်ဖို့ပဲ သိတယ်”
အဘွားချန်သည် ဝမ်းနည်းသည့်မျက်နှာထားဖြင့်
“ ကျွန်မလေ အဲဒီဆန်ကုန်မြေလေးတွေ သ-တ်တာခံရတော့မလို့ဟာကို ရှင်ကတော့ ဒီမှာ ကျွန်မကို လှောင်ပြောင်နိုင်သေးတယ်နော်၊ ကြည့်ရတာ ရှင်က ကျွန်မ သေမှာကို မစောင့်နိုင်တော့တဲ့ပုံပဲ ဒါမှ နောက်မိန်းမငယ်ငယ်လေးကို လက်ထပ်လို့ရမှာမလား”
သူမသည် စကားကို ဘယ်တော့မှ ပြေပြေလည်လည် မပြောတတ်ခဲ့ဘဲ ဘာမဆိုပြောထွက်သူပင်။ ယွဲ့တာ့ဖူမှာ ထိုအကျင့််နှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ခဲ့ချေ။
သူသည် အဘွားချန်ကို လုံးဝမနိုင်သော်လည်း လူငယ်များကိုတော့ ခြိမ်းခြောက်နိုင်သေးသည်။ သူသည် ခုတင်စွန်းတွင် ထိုင်နေသည့် မလုံမလဲဖြစ်နေသည့် အမျိုးသမီးချန်ကို တစ်ချက်ကြည့်လိုက်ပြီး
“ နင် နင့်အမေကို အခုလေးတင် ဘာပြောလိုက်တာလဲ”
ယွဲ့တာ့ဖူက ပျင်းရိပြီး ပါးစပ်ဖွာသည့် သည်ချွေးမကို လုံးဝသဘောမကျပေ။ ငိုယိုသောင်းကျန်းခဲ့သည့် အဘွားချန်ကြောင့်သာ မဟုတ်လျှင် သူသည် သူမကို အိမ်တံခါးထဲသို့ ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
အမျိုးသမီးချန်မှာ သူမ၏ယောက္ခထီးကို အမြဲရောက်ရလေသည်။ သူက မေးခွန်းမေးလာသည့်ကို တွေ့လိုက်ရသဖြင့် ရို့ရို့လေး မတ်တပ်ရက်ကာ ပြတ်တောင်း ပြတ်တောင်းဖြင့် ပြန်ဖြေလိုက်လေသည်။
“ ကျွန် အများကြီးမပြောရပါဘူး....”
အဘွားချန်က သူမ၏စကားကို အဘယ်မှာဂရုမစိုက်ဘဲ ရှိပါမည်နည်း။ သူမက တန်းပြောလိုက်တော့သည်။
“ ကျွန်မက ဒုတိယမိသားစုက ဆန်ကုန်မြေလေးတွေရဲ့ ကျိန်စာမိတော့မလို့လို့ ပြောလိုက်တာ”
ထို့နောက် ဝမ်ညန်ပြောသမျှအားလုံးကို အိပ်ဖာမောက် ပြောချလိုက်လေသည်။
“ ကျွန်မကို ပြောစမ်းပါ၊ ကျွန်မက အဲဒီဆန်ကုန်မြေလေးတွေ ကျိန်စာတိုက်တာခံရမဲ့လူလား၊ မျိုးနွယ်စုအကြီးသာ ကျွန်မကို မတားရင် သူတို့ကို အရင်ကတည်းက သတ်ခိုင်းလိုက်ပြီးပြီ”
ယွဲ့တာ့ဖူသည် စိတ်ထဲတွင် မတင်မကျဖြစ်သွားတော့သည်။ ဝမ်ညန်က အခုမှ မိသားစုထဲ ဝင်လာတာလေ၊ နောက်ဆုံး သူမမှာလည်း သူမကိုယ်ပိုင်စိတ်ကူး ရှိခဲ့ပြီးသား။ ဒါပေမဲ့ သူမ ပြောတာ မှန်နေရင်ကော ဘယ်လိုလုပ်မလဲ။
ဘာလုပ်ရမည်ကို စဥ်းစားနေရင်း အဘိုးချန်က အာကျယ်အာကျယ်နှင့် ဆဲရေးတော့သည်။ ကျိန်စာတိုက်ခံရသည်က အရေးမပါသည့်နှယ်။ သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။
“ အခုတော့ ခဏနေကြအုံး၊ ငါ မနက်ဖြန် ပိုင်ယွင်ဘုရားကျောင်းကို သွားမေးပြီးတဲ့အထိ စောင့်ကြ”
ပိုင်ယွင်ဘုရားကျောင်းသည် အနီးနားက ရွာများမှ လူများက လာရောက်ကာ အမွေးတိုင်ပူဇော်ကြပြီး ဘုရားတွင် လာဆုတောင်းကြသည့် ဘုရားကျောင်းတစ်ခု ဖြစ်သည်။ အမွေးတိုင်နံ့များမှာ အလွန်မွှန်ထူနေသည်။ နောက်တစ်နေ့ မနက်စောစောတွင် ယွဲ့တာ့ဖူသည့် ယွဲ့ချန်လုကိုခေါ်ကာ ဒုတိယမိသားစုမှ ကလေးများ၏ မွေးရက်ကို ယူပြီး နွားလှည်းဖြင့် ပိုင်ယွင် ဘုရားကျောင်းသို့ မောင်းလာကြလေသည်။
အဘွားချန်နှင့် ကျန်လူများက တစ်နေ့လုံး အိမ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြ၏။ နောက်ဆုံး ဣန္ဒြေရရမျက်နှာထားဖြင့် ယွဲ့တာ့ဖူတို့ သားအဖ ပြန်ရောက်လာကြသည်။
“ ဘာတဲ့လဲ”
သူပြန်လာသည်ကို တွေ့လိုက်ရသဖြင့် အိပ်ရာထဲတွင် လှဲလျောင်းနေသေးသည့် အဘွားချန်က အမျိုးသမီးချန်၏ အကူအညီဖြင့် မြန်မြန်ထထိုင်လိုက်ပြီး ယွဲ့တာ့ဖူကို အားတက်သရာ ကြည့်လိုက်လေသည်။ သူမသည် ထိုဆန်ကုန်မြေလေးများက သူ့အား အန္တရာယ်ပြုမည် စိုးသဖြင့် သည်နေ့ သူတို့ကို မီးဖိုခန်းထဲသို့ပင် မဝင်ခိုင်းရဲချေ။
ယွဲ့တာ့ဖူ၏မျက်နှာသည့် ဣန္ဒြေရနေလေသည်။ သူသည် ခုတင်စွန်းတွင် ထိုင်လိုက်ပြီး ရေတစ်ခွက်ကို မော့ချလိုက်ကာ လေးပင်စွာ သက်ပြင်းချလိုက်တော့သည်။
“ ပိုင်ယွင်ဘုရားကျောင်းက ဗေဒင်ဟောပေးတဲ့ ဘုန်းကြီးက ပြောလိုက်တယ်၊ ငါတို့ယွဲ့မိသားစုက အဲဒီကလေးတွေရဲ့ဘဝကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူးတဲ့၊ ခြုံပြီးပြောရရင် ငါတို့တွေ အတူတူ နေလို့မရဘူးတဲ့”
သည်နေ့ ဗေဒင်ဟောတတ်သည့် ဘုန်းကြီး ပြောလိုက်သည့်စကားကို ပြန်အမှတ်ရရင် နဂိုက အလွယ်တကူ မယုံကြည်တတ်သည့် ယွဲ့တာ့ဖူသည် အခုတော့ ပိုယုံသွားတော့သည်။
“ ဗေဒင်ဟောတတ်တဲ့ ဘုန်းကြီးက ပြောတယ်၊ ယိုကျင့်၊ ယိုကျူး နဲ့ အခုမှ မွေးထားတဲ့ ကလေးနှစ်ယောက်က ငါတို့မိသားစုရဲ့တက်လမ်းကို ပိတ်ထားတယ်တဲ့”
အာခံတတ်ဆုံး ယိုကျင့်နှင့် ယိုကျူး ဖြစ်နေသည်ကို ကြားလိုက်ရချိန်၌ အဘွားချန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ ခေါင်းသို့ ထိုးတက်သွားသလို ခံစားလိုက်ရတော့သည်။ သူမ၏မျက်လုံးများက အနည်းငယ် မည်းမှောင်လာပြီး
“ ကျွန်မ စောစောကသိခဲ့ရင် သူတို့ထဲက တစ်ယောက်ကိုမှ ပြန်ခေါ်မလာခဲ့ပါဘူး”
ခဏကြာသည်အထိ အတွေးနစ်နေပြီးနောက်အဘွားချန် ကမန်းကတမ်း ပြောလိုက်တော့သည်။
“ ဒီလိုတော့ မဖြစ်သေးဘူး၊ ဒီဆန်ကုန်မြေလေးတွေကို ကျွန်မတို့ မိသားစုရဲ့ကံကောင်းမှုတွေကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး၊ အကြီးနှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန် လက်ထပ်ပေးရမယ်၊ အငယ်တွေကိုတော့ ဒီအတိုင်း ရေပုံးထဲ နှစ်ထားလိုက်ပေါ့”
အသက်နှစ်ချောင်းဆိုသော်ငြား အဘွားချန်၏မျက်လုံးထဲတွင်တော့ အမျိုးသမီးစု၏ ဆန်ကုန်မြေလေးများကို ရေနစ်သ-တ်ပြီး သူမ၏ယွဲ့မိသားစု ချမ်းသာကြွယ်ဝမှုနှင့် လဲလှယ်သည်က တန်လေသည်။
သို့သော် ယွဲ့ချန်လုမှာ တွေဝေနေပြီး
“ အမေ အဲဒါက အသက်နှစ်ချောင်းနော်”
သူ့ကိုယ်ပိုင်ကလေးများက မိသားစုတစ်ခုလုံး၏ ကံကောင်းမှုကို နှောင့်ယှက်နေသည်ဟု သူ မယုံသော်လည်း ဟိုတုန်းကလို သူ့ကလေးများကို ရေနှစ်မသတ်နိုင်တော့ပေ။ အခုတော့ သူ့ကိုယ်သူ ဖိအားမပေးနိုင်တော့ပေ။
“ အသုံးမကျတဲ့ကောင်၊ ဧကန္တ နင့်ရဲ့ကျန်တဲ့ဘဝကို မြေကြီးထဲက စားစရာ တူးစားချင်လို့လား”
အဘွားချန်သည် သူမ၏သားကို ဒေါသထွက်ကာ လက်ညှိုးငေါက်ငေါက်ထိုးတော့သည်။ ဒါကြောင့်ပင် သူမ၏သားလတ်ကို အထင်အသေးဆုံး ဖြစ်လေသည်။ သားကြီးနှင့် သားငယ် လောက်ပင် ဉာဏ်မကောင်းချေ။ သူ့အမူအကျင့်ကလည်း သတ္တိနည်းသေးသည်။
တစ်ဖက်တွင်တော့ ယွဲ့ချန်ဖူသည် ရက်စက်သူတစ်ယောက်ဖြစ်၏။
“ တကယ်လို့ ရက်နည်းနည်းလေးလောက် အသက်မရှည်နိုင်တော့တဲ့ကလေးနှစ်ယောက်အတွက် ငါတို့ ယွဲ့မိသားစုရဲ့ မျိုးဆက်ချမ်းသာမှုတွေကို လက်လွှတ်မယ်ဆိုရင်တော့ ညီလေး မင်း တကယ်ပဲ ငါတို့ ယွဲ့မိသားစုရဲ့ အကုသိုလ်ကောင် ဖြစ်သွားပြီ”
ယွဲ့ချန်ဖူသည် သူ့ဘဝကောင်းစားရေးသာ ဂရုစိုက်သူဖြစ်လေသည်။ တခြားလူများ၏ သေရေး ရှင်ရေးကို ဘယ်တော့မှ ဂရုမစိုက်ချေ။ သူသည် ထိုစကားများကို အလိုလိုပင် ဘာဖိစီးမှုမရှိဘဲ ပြောလိုက်လေသည်။
“ အဖေ ဝမ်ထောင်တို့ ညီအစ်ကိုကို စဥ်းစားပေးပါအုံး၊ အဖေ ကြိုးစားစားလုပ်ပြီး ပြုစုပျိုးထောင်လာတဲ့ ဒီကလေးနှစ်ယောက် ထူးထူးချွန်ချွန် ဖြစ်မှာကို မမြင်ချင်ဘူးလာ”
အမျိုးသမီးချန်သည် အဘွားချန်က မျက်စပစ်ပြလိုက်သည်ကို တွေ့လိုက်ရပြီး ယွဲ့တာ့ဇူ၏ ဝှက်ဖဲကို ချက်ချင်း ဆွဲထုတ်လိုက်တော့သည်။
“ ကျွန်မရဲ့ ကျန်တဲ့သက်တမ်းတစ်ဝက် ဒုက္ခခံရလည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ကလေးတွေက ဘယ်လိုလုပ်မှာလဲ အဖေရဲ့”
အမျိုးသမီးချန်၏စကားက ယဲ့တာ့ဖူ၏စိတ်ကို ထိသွားသည်ဟု ဆိုရမည်။ တစ်နေ့ထဲတွင် ပြင်းထန်သည့် ကံကြမ္မာအပြောင်းအလဲကို ကြုံလိုက်ရသည့် ယွဲ့တာ့ဖူက သက်ပြင်းချလိုက်၏။ သူသည် ယွဲ့ချန်လုကို စိတ်ရင်းနှင့်ကြည့်ကာ ပြောလိုက်တော့သည်။
“လောင်အာ့ အင်း... အခု ဝမ်ညန်လည်း မင်းအတွက် သားတစ်ယောက် မွေးပေးထားတာပဲ၊ ဟိုကလေးနှစ်ယောက် အသက်ရှင်နိုင်မလားဆိုတာက အကြောင်းအရာတစ်ခု ဖြစ်သွားပြီ၊ ငါတို့တွေ ဒီအတိုင်းထားလိုက်ရင်ကော ဘယ်လိုလဲ”
ယွဲ့ချန်လု၏ နဂိုစိတ်က အနည်းငယ် ယိမ်းယိုင်နေပြီးဖြစ်သည်။ ယွဲ့တာ့ဖူ စကားကို ကြားလိုက်ပြီးနောက် ဝမ်ညန်က ကျန်းမာသည့် သားတစ်ယောက် မွေးခဲ့သည်ကို စဥ်းစားလိုက်ပြီး သည်ကိစ္စမှာ အရေးမကြီးတော့ဟု ခံစားလိုက်ရတော့သည်။ သူက အသာအယာခေါင်းညိတ်ပြလိုက်ပြီး
“ ကျွန်တော် အဖေ့စကားကို နားထောင်ပါမယ်”
အဘွားချန် ကျေနပ်သွားကာ လက်ခုပ်တီးလိုက်ပြီး
“ အဘိုးကြီး ညတာရှည်ရင် အိပ်မက်များတယ်၊ ဒီညပဲ ဒီဂြိုဟ်ဆိုးကြယ်နှစ်ခုကို နှစ်သတ်လိုက်ရမယ်လေ”
သူမသည် နေမကောင်းကာဖြင့် အိပ်ရာထဲလှဲနေရပြီး မကြာခင် ထုန်ရှန့်စာမေးပွဲ ဖြေတော့မည့် အဖိုးတန် မြေးနှစ်ယောက်ကို စဥ်းစားလိုက်ပြီး အဘွားချန်က စောစောလုပ်လေ ပိုကောင်းလေဟု ခံစားမိလိုက်တော့သည်။
***
ပင်မဆောင်တွင် အစီအစဥ်ဆွဲနေကြချိန် ယိုကျင့်ဘက်တွင်တော့ အဘွားချန်နှင့် တခြားသူများ၏ ရက်စက်သည့် စိတ်ဓာတ်အကြောင်း သိသွားတော့သည်။
ထိုအကြောင်းကို ပြန်ပြောရလျှင် ယိုကျင့်တို့ညီအစ်မများသည် အဘွားချန်နှင့် တခြားသူများ၏ ထူးဆန်းသည့် အပြုအမူများကို သတိထားမိခဲ့ကြ၏။ အထူးသဖြင့် ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လုတို့ ပြန်ရောက်ရောက်ချင်း ပင်မဆောင်သို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်ကြသည်။ ယိုကျင့်သည် တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိလိုက်တော့သည်။ မည်သူမှ အာရုံမစိုက်မိသည်ကို အသုံးချကာ အထဲက လှုပ်ရှားမှုကို ခိုးနားထောင်ရန် ပြတင်းပေါက်ဘောင်အောက်တွင် တိတ်တိတ်လေး ပုန်းနေလိုက်လေသည်။
အထဲကလူများအားလုံး နှုတ်ဆိတ်နေကြစဥ် ယိုကျင့်သည် အနောက်ဆောင်သို့ တိတ်တိတ်လေး ခိုးပြန်လာခဲ့၏။ သူမသည် ထိုအကြောင်းအရာကို အမျိုးသမီးစုအား ဖုံးကွယ်မထားဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမ ကြားခဲ့သမျှအားလုံးကို အမျိုးသမီးစုအား ပြောပြလိုက်တော့သည်။
“ အမေတကယ်ပဲ ရှောင်ရှီ(ယိုတွမ့်) နဲ့ ခမ်းအာတို့ကို ယုတ်မာတဲ့အဘွားကြီး ရေနစ်သတ်မှာ မြင်ချင်လား ပြီးတော့ သမီးနဲ့ ယိုကျူးကို ရောင်းစားကြမှာကိုလေ”
အမျိုးသမီးစုသည် ကလေးချီထားသည့် သူမ၏လက်များ တုန်ယင်နေသည်ကို ခံစားလိုက်တော့သည်။ သူမ၏သနားစရာကလေးများက ဆယ်ရက်သားသာ ရှိသေးသည်။ ဆယ်လလုံးလုံး ခက်ခက်ခဲခဲ ပြုစုလာရသည့် သူမ၏ကလေးများကို သူတို့ နှစ်သတ်ကြတော့မည်ကို အမှန်ပင် ရပ်ကြည့်နေရတော့မည်လား။
အမျိုးသမီးသည် မျက်ရည်များ စီးကျလာပြီး ခေါင်းတွင်တွင်ခါလိုက်ကာ
“ မဟုတ်ပါဘူး၊ ယိုကျင့် အမေ့ရဲ့ ကံတရားကိုက ဆိုးရွားလွန်းပါတယ် အမေခံစားခဲ့ရတဲ့ ဒုက္ခတွေအားလုံးကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ အမေ သမီးတို့ကိုတော့ ထိခိုက်အောင်မလုပ်နိုင်ဘူး”
“ ဒါပေမဲ့ သမီးတစ်ယောက်ထဲပဲ ရှိတာလေ၊ အရေအတွက်က လုံးဝမမျှဘူး၊ သူတို့တွေ တကယ်ပဲ ကလေးနှစ်ယောက်ကို ယူသွားချင်တာဆိုရင် သမီး ဘယ်လိုလုပ်မလဲ”
ယိုကျင့်သည် အမျိုးသမီးစုအား သူမကိုယ်ပိုင်ဘဝ၏ အရှင်သခင် ဖြစ်လာရန် ဖိအားပေးနေလိုက်သည်။ အမျိုးသမီးကို ပြန်လည်မွေးဖွားလာအောင်လုပ်ရန် သည်ထက်ကောင်းသည့် အခွင့်အရေး မရှိချေ။ ထို့ကြောင့် သူမ ဒါကို ကောင်းကောင်းဆုပ်ကိုင်ထားရမည်။
အမျိုးသမီးစု၏ စိတ်နှလုံးမှာ ထုံထိုင်းသွားပြီး ကသောင်းကနင်းဖြစ်နေတော့သည်။ ခဏကြာအောင် စဥ်းစားလိုက်ပြီးနောက် ဟိုတုန်းက ဖြစ်ရပ်ကို သတိရသွားကာ ယိုကျင့်၏အင်္ကျီလက်ကို တင်းနေအောင် လှမ်းဆွဲလိုက်ပြီး
“ မြန်မြန် မျိုးနွယ်စု အကြီးအကဲကို သွားတောင်းဆိုလိုက်၊ မျိုးနွယ်စုအကြီးက လာဖို့ ဆန္ဒရှိသ၍ အမေတို့တွေ အဆင်ပြေလိမ့်မယ်”
မှန်ပါသည်။ ဟိုတုန်းက ယိုကျူးနှင့် ယိုပေါင်တို့ကို မွေးပြီးနောက် အဘွားချန်က သမီးနှစ်ယောက်ကို သဘောမကျဖြစ်ပြီး သူတို့ကို ရေနစ်သတ်ရန်လုပ်ခဲ့သေးသည်။ ယိုကျင့်က တွေ့သွားပြီး မျိုးနွယ်စုအကြီးအကဲက ညီမအစ်မနှစ်ယောက်၏ အသက်ကို မကယ်ခဲ့လျှင် ယိုကျူးနှင့် ယိုပေါင်တို့သည် အခုလောက်ဆိုလျှင် မိသားစုတစ်ခုတွင် ပြန်ဝင်စားပြီး ဖြစ်နေလောက်သည်။
ယိုကျင့်က ခေါင်းညိတ်ပြလိုက်၏။ မျိုးနွယ်စု အကြီးအကဲကို သွားပင့်ခြင်းက အကောင်းဆုံးနည်းလမ်း အမှန်ပင် ဖြစ်သည်။ မွေးခါက ကလေးနှစ်ယောက်ကို ကယ်နိုင်မည့်အပြင် ကိစ္စကို ပိုကြီးသွားအောင်လည်း လုပ်နိုင်သည်။ သူတို့သည် ယွဲ့မိသားစုမှ ထွက်သွားရန် အခွင့်အရေးရနိုင်သည်။ ဒါသည် ကောင်းကင်ဘုံမှပေးသည့် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုပင်။ ထို့နောက် သူမက အမျိုးသမီးစုကို ပြောလိုက်၏။
“ သမီး မျိုးနွယ်စုအကြီးအကဲဆီသွား သွားတောင်းဆိုနိုင်တယ်၊ ဒါပေမဲ့ အမေက ထပ်ပြီး တွေဝေမနေဘဲ ပြတ်ပြတ်သားသား ဖြစ်ရမယ်နော်၊ အခု သူတို့က ငါတို့ယွဲ့မိသားစုရဲ့ကံကောင်းခြင်းကို နှောင့်ယှက်နေတယ်လို့ ပြောနေကြတယ်၊ သမီးတို့တွေ ယွဲ့အိမ်မှာ နေနေသ၍ နေ့တိုင်း အကြောက်တရားနဲ့ နေနေရလိမ့်မယ်၊ မျိုးနွယ်စုအကြီးအကဲက သမီးတို့ကို ခဏတော့ ကာကွယ်ပေးနိုင်ပေမဲ့ သမီးတို့ကျန်တဲ့ဘဝကိုတော့ သူ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”
အမျိုးသမီးစုသည် ပင့်သက်ရှိုက်လိုက်၏။ လက်ကိုမြောက်ကာ မျက်နှာပေါ်က မျက်ရည်များကို ဖြည်းညင်းစွာ ပြတ်ပြတ်သားသား သုတ်လိုက်ပြီး
“ မစိုးရိမ်ပါနဲ့ကွယ် အမေ သမီးကို စိတ်ပျက်အောင် မလုပ်ပါဘူး”
တကယ်တော့ ယိုကျင့် အရင်က ပြောခဲ့တဲ့စကားတွေကို သူမ နားမလည်ဘဲ ဘယ်နေမှာလဲ။ သူမက ဒီအခြေအနေအထိ ဖိအားပေးမခံရလို့သာလေ။ သူမလည်း အမြဲတမ်း သည်းမခံနိုင်ပါဘူး။ ဒါပေမဲ့ သူမရဲ့မိသားစု ဖျက်ဆီးခံရတော့မည့် အရေးအကြီးဆုံးအချိန်မှာ သူမက ဘယ်လိုများ နောက်ဆုတ်နေနိုင်ပါ့မလဲ။
***
ယိုကျင့်သည် မိန်ကလေးများကို ချော့လိုက်ပြီးနောက် ယိုရင်၊ ယိုကျူး၊ ယိုပေါင်တို့ကို ရှင်းပြလိုက်လေသည်။
“ တစ်ယောက်ယောက် လာပြီး နင်တို့ရဲ့ မောင်လေးနဲ့ ညီမလေးကို လာခေါ်သွားမယ်ဆိုရင် ခြံထဲပြေးသွားပြီး ဘယ်သူပဲ ဖြစ်ဖြစ် အော်ငိုနေလိုက်၊ အဖေဖြစ်နေရင်တောင်မှ၊ နားလည်လား”
ညီအစ်မသုံးယောက်သည် ဘာဖြစ်နေမှန်း မသိဘဲ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ကိစ္စကြီးကြီးမားမား ဖြစ်တော့မည်ကို အာရုံခံမိနေသည်။ သူတို့သည် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ် သဘောတူလိုက်လေသည်။
“ စန်းကျဲ မစိုးရိမ်နဲ့နော် ညီမလေးတို့ နားလည်တယ်”
အနောက်ဆောင်တံခါးတွင် ရပ်လိုက်ပြီး သူမသည် ပင့်သက်ရှိုက်လိုက်တော့သည်။ သူမသည် ယွဲ့မိသားစု မီးပုံထဲ ခုန်ထွက်တော့မည်ကို တစ်နည်းနည်းဖြင့် မယုံကြည်နိုင်ဖြစ်နေတော့သည်။ ဆယ်တစ်နှစ်တာ ဒုက္ခခံလာပြီးနောက် အဆုံးသတ်တော့မည်။ ထင်ယောင်ထင်မှား ဖြစ်နေသလို ခံစားလိုက်ရလေသည်။
ရုတ်တရက်ဆိုသလို ပင်မဆောင်၏တံခါးမှာ ကျွီခနဲမြည်သံနှင့်အတူ ပွင့်လာလေသည်။ ယွဲ့ချန်လုက ဦးဆောင်၍ ထွက်လာ၏။ ယိုကျင့်က အနောက်ဆောင်တံခါးတွင် ရပ်ကာ သူ့ကို တည့်တည့်ကြည့်သည်ကို တွေ့လိုက်ရလေသည်။ အကြောင်းကြောင်းကြောင့် ယွဲ့ချန်လုသည် ရုတ်တရက် လိပ်ပြာမသန့်သလို ဖြစ်သွားတော့သည်။ သူလုပ်ခဲ့သည့်အရာများကို ဒီအရွယ်နှင့် မလိုက်အောင် ထက်မြက်လွန်းသည့်သမီးက ထိုးဖောက်မြင်နေသည့်နှယ်။
သူ၏အပြစ်ရှိသယောင် လိပ်ပြာမလုံ ဖြစ်နေသည်ကို အကဲခတ်လိုက်ပြီး သည်အခိုက်တန့်တွင် သူတို့သည် ကလေးများကို ရေနစ်သတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ထင်ရလေသည်။ ယိုကျင့်က မျက်နှာမဲ့ကာ သူ့ကို လျစ်လျူရှုထားလိုက်၏။ သူမသည် ခြံဝင်းတံခါးကို ဖွင့်ကာ အပြင်သို့ လျှောက်လာခဲ့လိုက်သည်။ အချိန်မှာ မှောင်နေပြီဖြစ်၏။ သက်ဝင်လှုပ်ရှားနေသည့် ရွာကလည်း တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ မကောင်းမှုတစ်ခုခုကိုလုပ်ရန် အမှန်ပင် အချိန်ကောင်းတစ်ခု ဖြစ်လေသည်။
ယွဲ့ချန်လု၏စိတ်တို့သည် ရှုပ်ထွေးနေ၏။ ယိုကျင့်အား ညပိုင်းတွင် ဘယ်သွားနေသနည်းဟု မေးရန်ပင် ဂရုမစိုက်အားချေ။ ထို့အပြင် ဒီကိစ္စတွင် ပါဝင်နေသည့် ယွဲ့မိသားစုက လူမျးာကလည်း ယိုကျင့်က သူတို့အစီအစဥ်ကို သိပြီးဖြစ်နေမှန်း မသိကြချေ။ ထို့ကြောင့် ယိုကျင့် ယွဲ့မိသားစုတံခါးအပြင်ဘက်သို့ ပေါ်ပေါ်ထင်ထင် ထွက်လာကာ မျိုးနွယ်စုအကြီးအကဲအား အကူအညီတောင်းရန် သွားလိုက်လေတော့သည်။
…
အပိုင်း (၃၉) သွေးအေးသတ္တဝါများ
ယိုကျင့်၏ခြေလှမ်းများသည် လျင်မြန်လွန်းသောကြောင့် ယွဲ့မိသားစု၏ အကြီးအကဲအိမ်သို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိသွားခဲ့သည်။
ယွဲ့မိသားစုသည် ဂုဏ်သရေရှိ မိသားစု မဟုတ်သော်ငြား ချွေ့ဖုန်းတောင်၌ အခြေချကာ တိုးတက်ကြီးပွားလာသည်မှာ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာကျော်မျှရှိပြီဖြစ်သည်။ ထို့အတွက် ယွဲ့မိသားစု၌ အကြီးအကဲအိမ်တော်များသည် အခြေတကျ ရှိပေသည်။ အကြီးအကဲ၏အိမ်သည် လှပကာ သေသပ်ပေသည်။ အုတ်ကြွပ်များဖြင့် မွမ်းမံထားပြီး ချွေ့ဖုန်းရွာ၏အလယ်၌ တည်ဆောက်ထားလေသည်။ ယိုကျင့်သည် တံခါးခေါက်လိုက်ပြီး ခဏအကြာ၌ တစ်စုံတစ်ယောက်မှ တံခါးဖွင့် ဖြေကြားလေသည်။ “မင်းက ဦးလေးယွဲ့တာ့ဖူရဲ့မြေးမလား။ ဒီလောက် နောက်ကျမှ ဘာလာလုပ်တာလဲ”
“ဦးလေး ချန်ရှန်း အကြီးအကဲအဘိုးကို အကူအညီတောင်းစရာရှိလို့ ၀င်ခွင့်ပြုပါ” ယိုကျင့်သည် အကြီးအကဲ၏မြေးဖြစ်သူ ယွဲ့ချန်ရှန်းအား ကပျာကယာ အကူအညီတောင်းလေသည်။
လာရင်းကိစ္စမှာ အရေးကြီးကြောင်း ကြားသိသည်နှင့် ယွဲ့ချန်ရှန်းသည် သူမ၀င်ရန် တံခါးဖွင့်ပေးလိုက်သည်။
“လာ အထဲ၀င်ပြီး ပြောရအောင်”
သူသည် ယိုကျင့်အား ခန်းမကြီးထဲသို့ ခေါ်သွားကာ ထိုခန်းမထဲ၌ ယွဲ့အကြီးအကဲသည် ရေနွေးကြမ်း သောက်နေခဲ့သည်။ သူ့၌ လက်ဖက်ရွက်အကောင်းစား မရှိသော်ငြား အမြတ်တနိုး သောက်သုံးနေဆဲပင်ဖြစ်သည်။
ယိုကျင့်သည် အကြီးအကဲဆီသို့ လျှောက်သွားပြီးသည်နှင့် ဒူးထောက်ချလိုက်တော့သည်။
“သမီးနဲ့သမီးညီမလေးတွေကို ကယ်ပေးဖို့ အကြီးအကဲကို တောင်းဆိုပါတယ်”
ယွဲ့ရှန်ချွမ်းသည် အသက်ကြီးနေပြီဖြစ်ကာ ယိုကျင့်နှင့် မတွေ့ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည့်အတွက် ယိုကျင့်ကိုမှတ်မိရန် အချိန်ယူခဲ့ရသည်။ ယွဲ့ရှန်ချွမ်းဘေးရှိ ယွဲ့ချန်ရှန်းသည် အနားသို့ကပ်ကာ အရိပ်အမြွက် ပြောပြပေးရလေသည်။ “ဦးလေးယွဲ့တာ့ဖူရဲ့မြေးလေ ဒုတိယမိသားစုက ယိုကျင့်တဲ့”
ထိုမှသာ ယွဲ့ရှန်ချွမ်းသည် ယိုကျင့်အား မှတ်မိသွားတော့သည်။ သူ၏မုတ်ဆိတ်မွေးဖြူများကို ပွတ်သပ်ရင်း ဝေဝါးနေသည့် မျက်၀န်းများဖြင့် ယိုကျင့်အား ကြည့်လိုက်သည်။ “ကလေး ဒီလို ညကြီးမင်းကြီး ရောက်လာပြီး ရောက်ရောက်ချင်း ဘာလို့ ဒူးထောက်နေရတာလဲ”
“အကြီးအကဲအဘိုးဆီ ညကြီး လာနှောင့်ယှက်ရတာက ယိုကျင့်မှာ အခြားနည်းလမ်း မရှိတော့လို့ပါ။ အဘိုးနဲ့အဘွားက လွန်ခဲ့တဲ့ဆယ်ရက်လောက်ကမှ မွေးထားတဲ့ သမီးရဲ့ အမြွှာမောင်နှမလေးကို သတ်ချင်နေလို့ပါ။ သမီးက ငယ်သေးလို့ ဘာမှ၀င်ပြောခွင့်မရှိလို့ပါ။ အကြီးအကဲကိုပဲ သမီးတို့ကို အကြင်နာထားပြီး စောင့်ရှောက်ပေးဖို့ လာမေးရတာပါ” ယိုကျင့်သည် ထိုသို့ပြောရင်း အကြိမ်ကြိမ် ဦးတိုက်ချနေခဲ့သည်။
“ဒီကလေးမတော့ ဘာတွေလျှောက်ပြောနေတာလဲ။ ဘာဖြစ်တာလဲ သေချာပြောစမ်း”
အကြီးအကဲသည် ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံမှ မွေးကင်းစကလေးနှစ်ယောက်အား သတ်ရန် ကြိုးပမ်းနေကြောင်း ကြိုးစားနေသည်ကို ကြားသည်နှင့် မျက်မှောင်မကြုံ့ဘဲ မနေနိုင်ပါချေ။ ယခင်က ယွဲ့မိသားစု၌ ထိုသို့ဖြစ်ဖူးခဲ့ပေသည်။ ထိုအချိန်က သူသည် ယွဲ့တာ့ဖူအား သတိပေးခဲ့ဖူးသည်။ နှစ်အနည်းငယ်ကြာပြီးနောက် အဘယ်ကြောင့် ထိုသို့ထပ်ဖြစ်လာရသနည်း။
ယိုကျင့်သည် ယွဲ့ရှန်ချွမ်းအား ဇာတ်ကြောင်းရှည်ကို အတိုချုံ့ကာ သူမ ကြားခဲ့သည့်အရာများကို ခုနှစ်ဆယ်ရာခိုင်းနှုန်းမျှ အမှန်ပြောကာ မုသားအနည်းငယ် စွက်ခဲ့သည်။ “သမီးတို့ကို ကယ်ပေးဖို့ တောင်းဆိုပါတယ်”
ယိုကျင့်ပြောသည်များကို ကြားပြီးနောက် ယွဲ့ရှန်ချွမ်းသည် သက်ပြင်းခပ်နက်နက် ချလိုက်သည်။
“ကိစ္စက ဒီလောက်တောင် ဖြစ်နေမှတော့ ဒီလူအိုကြီးက ယွဲ့မိသားစုဆီ အလည်သွားရမှာပေါ့”
မည်သို့ပင်ဖြစ်စေ ထိုကလေးများသည် ယွဲ့မျိုးနွယ်၏ မျိုးဆက်များဖြစ်ကြသည်။ ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံသည် မကောင်းသည့် ဘုန်းတော်ကြီးကြောင့် မွေးကင်းစကလေးနှစ်ယောက်ကို သတ်ရန် ကြိုးပမ်းသည်ဆိုပါက သူတို့လုပ်ရပ်များသည် စည်းကျော်ရာ ရောက်ပေသည်။
ယွဲ့ရှန်ချွမ်း အပြင်သွားမည်ကို ကြားသည်နှင့် ယွဲ့ချန်ရှန်းသည် မီးအိမ်ကို ယူကာ လူအိုကြီးအား ကူတွဲရင်း ယွဲ့မိသားစုအိမ်သို့ ဖြည်းဖြည်းချင်း ဦးတည်လေသည်။
........
အိမ်နီးနားချင်းများသည် ယွဲ့မိသားစု၏ အသက်၀င်လှသော ပြဇာတ်ကို စိတ်၀င်တစား ကြည့်ရှုနေကြလေသည်။ ညနက်နေပြီဖြစ်သော်ငြား မအိပ်သေးသည့် ရွာသားများသည် ယွဲ့မိသားစု၏ခြံဝင်းမှ ရုတ်ရုတ်သဲသဲ အသံများ၊ ကလေးနှင့် မိန်းမ၏ ငိုသံများကို ကြားသောကြောင့် ယွဲ့မိသားစု၏ နံရံပေါ်သို့တက်ကာ ကြည့်ရှုနေကြတော့သည်။
ယိုကျင့်သည် ယွဲ့ရှန်ချွမ်း၏ နောက်မှ ဖြည်းညင်းစွာ လိုက်လာခဲ့သည်။ ယွဲ့မိသားစု၏ အိမ်တံခါး၀သို့ ရောက်သည်နှင့် အထဲမှ ညီမငယ်များ၏ ငိုသံများကြောင့် တစ်ခုခု ဖြစ်မှန်း ယိုကျင့်သိလိုက်လေသည်။ ကြည့်ရှုနေကြသူများမှ မည်သူ အရင်မြင်သည်မှန်း မသိသော်လည်း ထိုသူများသည် ယွဲ့မိသားစု၏ အကြီးအကဲရောက်သည်ကို သိသည်နှင့် လမ်းဖယ်ပေးလိုက်ကြသည်။ ပွဲကြီးပွဲကောင်းတော့စပြီ။
ယွဲ့မိသားစု၏ တံခါးသည် တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်သည်။ ယိုရင်နှင့် အမျိုးသမီးစုသည် အငယ်လေးနှစ်ယောက်အား ပွေ့ထားကာ ကာကွယ်ထားသည်။ အဘွားချန်၏ အခြေအနေသည် တိုးတက်လာပြီဖြစ်ကာ ကလေးများကို နှိပ်စက်ရန် ရောက်ရှိလာသည်။ သူမအား တားနေကြ၍ ကလေးနှစ်ယောက်ကို ကြာပွတ်ဖြင့် ရိုက်လိုက်သည်။
“နင်တို့တွေ အကုန်လုံးက ကပ်ဘေးတွေပဲ။ ဒီမှာလာငိုနေကြသေး။ ထပ်ငိုစမ်း ငါနင်တို့ကို ဒီနေ့ သေအောင်ရိုက်ပစ်မယ်”
ယိုကျူးနှင့် ယိုပေါင်သည် အငယ်လေးသုံးယောက်အား ကာထားလေသည်။ တစ်မိသားစုလုံးသည် ငိုကြွေးခုခံနေကြရင်း ပွက်လောရိုက်နေကြသည်။ ပြဿနာကြီးဖြစ်သော်ငြား ယွဲ့တာ့ဖူနှင့် ယွဲ့ချန်ဖူတို့မှာ ထွက်မလာကြပေ။
အဘွားချန်သည် အသက်ရှုကျပ်မတတ်ဖြစ်သွားပြီး ခြံ၀င်းအလယ်၌ အနည်းငယ် ယိမ်းထိုးနေသည်။ အမျိုးသမီးချန်သည် အဘွားချန်အား အနောက်မှ ထိန်းပေးလိုက်သည်။ “အမေ အမေက နေမကောင်းသေးဘူးလေ။ ဒေါသမထွက်ပါနဲ့”
“အဲ့ကပ်ဆိုးတွေက ငါ့အသက်ကို တိုအောင်လုပ်နေတာ ငါကကောင်းနိုင်ဦးမလား” အဘွားချန်သည် ယားယံလာကာ မကျေနပ်မှုကြောင့် အံကြိတ်လိုက်သည်။ သူမသည် အသက်ကြီးနေပြီဖြစ်သော်လည်း မိသားစု မကြီးပွားသေးသည်မှာ ထိုနက္ခတ်ဆိုးနှင့် ကလေးများကြောင့် ဖြစ်ပေမည်။ ထို့နောက် အဘွားချန်သည် အမျိုးသမီးချန်၏လက်ထဲသို့ ကြာပွတ်ထည့်ပေးလိုက်သည်။
“သွားရိုက်ချည်။ ဒီနေ့ အဲ့ကလေးနှစ်ကောင် သေမှဖြစ်မယ်”
“နင်က ဘယ်သူ့ကိုသတ်မလို့လဲ* မာန်ပြည့်နေသည့် အသံသည် တံခါးအပြင်မှ ထွက်ပေါ်လာလေသည်။ ထိုအသံသည် ခြံ၀င်းတံခါးကြားမှ ပြေးထွက်သွားသည့် ယိုကျင့် ခေါ်လာသော အကြီးအကဲ ယွဲ့ရှန်ချွမ်း၏အသံ ဖြစ်သည်။ သူသည် တိုက်ကြက်ကဲ့သို့ မာန်ဖီနေသည့် အဘွားချန်အား စိတ်ပျက်စွာ ကြည့်လိုက်သည်။
“ချန်အမျိုးသမီး မင်းရဲ့ဒေါသက နှစ်နှစ်အတွင်း အတော်ကြီးလာတာပဲ”
“အ အကြီးအကဲ” ကောင်းကင်သည် မှောင်မည်းနေပြီဖြစ်သည်။ အဘွားချန်သည် မိသားစု၏ အတွင်းရေး ဖြေရှင်ချိန်၌ မည်သူအတင့်ရဲကာ ၀င်လာမှန်း မသိခဲ့ချေ။ ယွဲ့ချန်လုသည်သာ အကြီးအကဲ ယွဲ့ရှန်ချွမ်းကို မှတ်မိလေသည်။
အကြီးအကဲဟုခေါ်သံကြောင့် အဘွားချန်၏ ဆိုးဝါးလှသည့် ပုံရိပ်သည် တစ်မုဟုတ်ချင်း လွင့်ပြယ်သွားလေသည်။ သူမ၏ ဘ၀သည် အခက်အခဲမရှိသည့် ဘ၀ဟု ဆိုနိုင်ပေသည်။ ငယ်စဉ်ကတည်းကပင် မိဘ၏ချစ်မြတ်နိုးမှုရရှိပြီး ယွဲ့မိသားစုသို့ လက်ဆက်ပြီးချိန်၌လည်း ယွဲ့တာ့ဖူက သူမကို ဆူဆဲရိုက်နှက်ခြင်း မရှိခဲ့ချေ။ သူမ၏ဘ၀၌ အကြောက်ဆုံးအရာကို ပြပါဆိုလျှင် ယွဲ့မျိုးရိုး၏ အကြီးအကဲခေါင်းဆောင် ယွဲ့ရှန်ချွမ်းသာ ဖြစ်ပေမည်။
“ဒီလူအိုကြီးက အပြင်ခဏခဏ မထွက်တာတောင် မှတ်မိသေးတဲ့သူ ရှိသေးသားပဲ” ထို့နောက် ယွဲ့ရှန်ချွမ်းသည် ပရမ်းပတာဖြစ်နေသည့် မြင်ကွင်းကို အေးတိအေးစက်ကြည့်ကာ ပြောလေသည်။
“ဘာတွေဖြစ်နေကြတာလဲ။ ငါသာမသိခဲ့ရင် မင်းတို့တွေက ကိုယ့်မျိုးဆက်ကို ပြန်သတ်တော့မှာမလား”
ကပ်ဆိုးဖြစ်သည့် အငယ်လေးနှစ်ယောက်အား သတ်ရန်ကြိုးပမ်းခဲ့သည့် အဘွားချန်သည် မည်သည့်စကားမျှ မဆိုရဲပေ။ အမျိုးသမီးချန်သည် ခုခံပြောဆိုချင်သော်လည်း ပြဿနာဖြစ်သည့်အချိန်၌ ပျောက်နေခဲ့သော ယွဲ့တာ့ဖူသည် အပြင်ရှိ အသံများကြောင့် ထွက်လာခဲ့လေသည်။ “ဦးလေးရှန်ချွမ်း ဦးလေးလာမှာကို ဘာလို့ ကြိုအကြောင်းမကြားရတာလဲ “
ယွဲ့ရှန်ချွမ်းသည် ဝါရင့်သည့် လူကြီးဖြစ်ကာ အဘိုးဖြစ်သည့် ယွဲ့တာ့ဖူသည်ပင် ရွာ၌ ထိုလူကိုမြင်လျှင် တရိုတသေ ဆက်ဆံရပေသည်။
“မင်းအိမ်ကို အရင်ကလာတုန်းက ပြောဖူးပါတယ်။ ဇနီးကောင်းတစ်ယောက်က အိမ်ရဲ့ဘေးဒုက္ခတွေကို လျော့နည်းစေတယ်လို့။ အဲဒါကြောင့် မင်းမိသားစု၀င်တွေကို ကောင်းကောင်း တင်းကျပ်ဖို့ ပြောထားတယ် မဟုတ်ဘူးလား။ ဒီလောက်နှစ်တွေ ကြာတာတောင် မင်းကသူတို့ကို ကောင်းကောင်း မသွန်သင်ထားနိုင်ဘူး” ယွဲ့ရှန်ချွမ်းသည် အဘွားချန်ကိုလည်း မျက်နှာသာမပေးခဲ့ပေ။
“လောင်အာ့(ဒုတိယကလေး)က ခက်ခက်ခဲခဲနဲ့ သားတစ်ယောက်ရလာတာကို မင်းတို့က ကောင်းကောင်း ပြုစုရမဲ့အစား သတ်ဖို့ ကြိုးစားရဲနေတာပေါ့ ဟုတ်လား”
အကြီးအကဲ၏ ဆုံးမမှုကြောင့် ယွဲ့တာ့ဖူ၏ ရှိသမျှသိက္ခာသည် ပြောင်စင်သွားပြီဖြစ်ကာ အဘွားချန်သည်လည်း အကြီးအကဲကို စူးစိုက်ကြည့်နေသော်လည်း မည်သည့်စကားမျှ ပြန်မပြောရဲပေ။ သူမထိုသို့ ပြောဆိုခံရမှုအတွက် အကြီးအကဲ၏ဘေးရှိ ယိုကျင့်ကိုသာ အပြစ်တင်နေတော့သည်။ ဒီမကောင်းတဲ့ဟာလေး ကြည့်ထားပေါ့။ နင့်ကို အနှေးနဲ့အမြန် သေအောင်လုပ်ပြမယ်။
ငါးလည်းသေကာ အသိုက်လည်း ပျက်နေချိန်၌ ယိုကျင့်သည် ထိုအရာများအပေါ် အာရုံစိုက်ရန် အချိန်မရှိခဲ့ပါချေ။ (ငါးလည်းသေ အသိုက်လည်းပျက်ချိန်= အသက်နဲ့ဘ၀ အတွက် ရုန်းကန်နေရချိန်) ယိုကျင့်သည် တံခါးမကြီးမှ ၀င်ပြီးချိန်၌ အမျိုးသမီးစုနှင့် ညီအစ်မများသည် ကြာပွတ်ရာများကြောင့် မျက်နှာ၌ အနီမှတ်များ ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ၀မ်းနည်းစွာဖြင့် အမျိုးသမီးစုနှင့် ညီမများကို ထူပေးလိုက်ကာ ယိုရင်၏လက်ထဲရှိ ဆယ်ယောက်မြောက် ညီမငယ်အား သူမ၏လက်ထဲသို့ ပွေ့ယူလိုက်သည်။ ထို့နောက် ငိုကြွေးနေသည့် ညီမငယ်များကို နှစ်သိမ့်လိုက်သည်။
“အကုန်လုံးတော်တယ်။ အငယ်လေးနဲ့ ခမ်းအာကို ကာကွယ်ပေးလိုက်နိုင်တာ တော်တယ်”
အစ်မဖြစ်သူ ပြန်လာသောကြောင့် ညီအစ်မများသည် စိတ်သက်သာရာ ရသွားကြကာ ယိုကျင့်၏ဘေး၌ ရပ်နေကြပြီး အဘွားချန်နှင့် အခြားလူများကို ရန်သူများနှင့် ရင်ဆိုင်သကဲ့သို့ ကြည့်နေကြသည်။
ယွဲ့ရှန်ချွမ်းသည် အဖြစ်အပျက်ကို စိတ်၀င်တစားကြည့်ရန် နံရံသို့ ကျော်တက်နေကြသော ရွာသားများကို ကြည့်လိုက်လေသည်။ ယွဲ့တာ့ဖူနှင့် အဘွားချန်အား မျက်နှာမပျက်စေရန် သက်ပြင်းချကာ ပြောလေသည်။
“ဘာရပ်လုပ်နေတာလဲ။ အထဲ၀င်ပြောမယ်”
ယွဲ့တာ့ဖူသည် အနည်းငယ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယွဲ့ရှန်ချွမ်းသည် ရွာသားများ အရှေ့၌ သူ့အား မျက်နှာပျက်စေမည်ကို စိတ်ပူနေခဲ့ရာ အကြီးအကဲပြောသော စကားကြောင့် ရွာသားများကို နှင်လွှတ်လိုက်တော့သည်။ ယိုကျင့်သည် အမျိုးသမီးစုအပြင် ညီအစ်မများနှင့်အတူ ပင်မဆောင်သို့ ၀င်ခဲ့လေသည်။ အမျိုးသမီးစုသည် ပင်မဆောင်သို့ ကျောမတ်ကာ ၀င့်၀င့်ကြွားကြွား ၀င်ခဲ့ခြင်းကြောင့် သူမ၏ဘေး၌ ရပ်နေရသည့် ယိုကျင့်သည် အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။
ယွဲ့ရှန်ချွမ်းသည် အသက်မဲ့သည့် မျက်၀န်းများဖြင့် ပြိုလဲတော့မည့် ဒုတိယမိသားစုရှိ ကလေးများကို ကြည့်ကာ အတွင်တွင် ခေါင်းရမ်းမိသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် မိသားစုအတွင်းရေး ဖြစ်ပေသည်။ ထို့နောက် ယွဲ့တာ့ဖူဘက်သို့လှည့်ကာ ဆွေးနွေးလေသည်။
“တာ့ဖူ ဒါက မင်းတို့ မိသားစု အတွင်းရေးဖြစ်လို့ ငါဝင်ပါလို့ မကောင်းဘူး။ ဒါပေမဲ့ မင်းတရားလွန်လာရင်တော့ ငါဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ မင်းကို ပြောဖူးပါတယ်။ ငါတို့မိသားစုက ဂုဏ်သရေရှိမိသားစု မဟုတ်ပေမဲ့ လျှို့ထန်မြို့မှာ အခြေစိုက်လာတာ နှစ်ပေါင်းနှစ်ရာ ကျော်နေပြီ။ အခြား မိသားစုတွေလို မကျော်ကြားပေမဲ့ ငါတို့က ကောင်းမွန်တဲ့မျိုးရိုးတစ်ခုပဲ။ ကျားတောင် ကိုယ့်သားသမီးကို ပြန်မစားဘူးကွ”
အကြီးအကဲ၏စကားကြောင့် ယွဲ့တာ့ဖူ၏ အိုမင်းနေသည့် မျက်နှာမှာ မြေကြီးသို့ စိုက်မတတ်ဖြစ်သွားလေသည်။ သူသည် ရှက်ရွံ့နေခဲ့ကာ အလောတကြီး ခွန်းတုံ့ပြန်လိုက်သည်။
“ကျွန်တော်လည်း အဲ့လိုမလုပ်ချင်ပါဘူး ဦးလေးရယ်။ အကုန်လုံးက ကျွန်တော့်မျိုးဆက်တွေပါ။ ဒါပေမဲ့ မွေးတာ ဆယ်ရက်တောင် မကြာသေးတဲ့ ကလေးတွေက ကျွန်တော်တို့ ယွဲ့မိသားစုတွေရဲ့ ကံကြမ္မာကို ဆိုးရွားသွားစေနိုင်တယ်”
ယွဲ့ရှန်ချွမ်းသည် ထိုစကားများကြောင့် စိတ်ညစ်စွာ ခေါင်းရမ်းလိုက်သည်။
“တာ့ဖူ မင်းပြောတာ မဟုတ်သေးဘူး။ ကလေးသေးသေးလေးတွေက မင်းတို့မိသားစု ကံကြမ္မာကို ဆိုးရွားစေနိုင်တယ်ပေါ့။ ဒီလောက်နှစ်တွေအကြာကြီး မင်းတို့မိသားစုက ရွာမှာ အဆင်ပြေဆုံး ဖြစ်လာခဲ့တာပဲ။ မလုံလောက်သေးဘူးလား”
ယွဲ့တာ့ဖူ၏ ခံရခက်သည့် မျက်နှာထားကို ကြည့်ကာ ယွဲ့ရှန်ချွမ်း သဘောပေါက် နားလည်သွားတော့သည်။
“တာ့ဖူ မင်းစိတ်က အလိုလောဘကြီးလိုက်တာ” ထို့နောက် မည်သည့်စကားမျှ ထွက်မလာသည့် ယွဲ့ချန်လုနှင့် အခြားလူများကို ကြည့်ရန်လှည့်လိုက်သည်။ သူမ၏စိတ်ထဲ၌ မိသားစုတစ်ခုသည် အဘယ်ကြောင့် ထိုမျှ သွေးအေးရက်စက်နိုင်ရသနည်းဟု တွေးတောမိသည်။ မမြင်ရသေးသည့် အနာဂတ်အတွက် ကိုယ်ပိုင်မျိုးဆက်ကို သတ်ဖြတ်ချင်နေကြလေသည်။
“ဒီတိုင်း ဆန်ကုန်မြေလေးတွေပဲကို သူတို့ကို အဲ့လိုနည်းနဲ့ ကျေးဇူးဆပ်ခိုင်းတာပဲ ကျေးဇူးတင်သင့်တယ်”
အဘွားချန်သည် အကြီးအကဲအား တိုက်ရိုက် ပြန်မပြောရဲသော်လည်း တီးတိုးပြောနေသေးသည်။
“သူများမိသားစုကိစ္စကို လာလျှာရှည်နေသေးတယ်” အဘွားချန်သည် ထိုသို့ တီးတိုးထော့ငေါ့နေသော်လည်း သူမ ပြောသည်များကို မည်သူမျှ မကြားစေရန် သေချာစွာ ပြောလေသည်။
ယွဲ့ရှန်ချွမ်းသည် ခုတင်ထောင့်စွန်း၌ထိုင်ကာ ကလေးငယ်များကို ကြည့်ရင်း ခေါင်းရမ်းမိသည်။ ယွဲ့တာ့ဖူသည် အသက်ကြီးလာလေ မစဉ်းစားတတ်လေဖြစ်လာသည်။ သူသည် ယွဲ့တာ့ဖူဘက်သို့ ထပ်မံလှည့်ကာ မေးလေသည်။
“အဲ့တော့ မင်းဒီကလေးနှစ်ယောက်ကို တကယ်ပဲ စွန့်လွှတ်တော့မှာလား”
“အကြီးအကဲဘိုးဘိုး ဘွားဘွားက ပြောတယ်။ သမီးနဲ့ စန်းကျဲကို ရောင်းစားပစ်မယ်တဲ့" ယိုကျူးသည် တစ်ဖက်ရှိ ယိုကျင့်၏ အချက်ပြမှုကို ရသည်နှင့် သူမတို့ကို ရိုက်နှက်နေစဉ်အတွင်း အဘွားချန် ပြောခဲ့သည်များကို ထုတ်ပြောတော့သည်။
“ဘွားဘွားက ပြောသေးတယ်။ သမီးနဲ့မမကြီးကလည်း ကံဆိုးစေတာမလို့ ဝေးဝေးကို ရောင်းစားပစ်မယ်တဲ့”
“တာ့ဖူ မင်းကွာ” ယွဲ့ရှန်ချွမ်းသည် ယခုဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်သေးပေ။
“ကပ်ဘေးဆိုက်ချိန်တောင်မှ ကိုယ့်ကလေးတွေကို ကျွေးမွေးနိုင်သ၍ ဘယ်မိသားစုကများ ရောင်းစားတာ တွေ့ဖူးလို့လဲ” ယွဲ့ရှန်ချွမ်းသည် ရင်နာလွန်းသဖြင့် ပြောပြီးသည်နှင့် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
ယွဲ့ချန်ရှန်းသည် အဘိုးဖြစ်သူ၏ နောက်ကျောဆီသို့ အမြန်သွားကာ စိတ်ငြိမ်စေရန် ဖြည်းညင်းသွာ ပွတ်သပ်ပေးလိုက်သည်။ “အဘိုး စိတ်ငြိမ်ငြိမ်ထားနော်။ တစ်ခုခုပြောချင်ရင် ဖြည်းဖြည်းချင်းစီပြော”
ခဏအကြာ၌ ယွဲ့ရှန်ချွမ်း၏ အခြေအနေသည် တည်ငြိမ်သွားလေသည်။ “ငါသာ ဒီနေ့မလာခဲ့ရင် အငယ်လေးနှစ်ယောက်က အသတ်ခံရပြီး အကြီးလေးတွေက ရောင်းစားခံရမှာမလား။ တာ့ဖူ မင်းရဲ့အတွေးတွေ ခေါင်းပါးလိုက်တာ”
တစ်မိသားစုလုံးသည် ခဏမျှ တိတ်ဆိတ်ကာ မည်သူမျှ အသံမထွက်ရဲကြချေ။ ယွဲ့ချန်လုသည် ယိုကျူးဘက်သို့လှည့်ကာ အားပြင်းစွာ လွှဲရိုက်လိုက်သည်။ “မင်းကို ဘယ်သူက စကားပြောခိုင်းလို့လဲ။ လူကြီးတွေ ပြောနေတာကို အဆင့်အတန်းမသိ ၀င်ပြောရဲတယ်”
သို့သော် ယိုကျူးပေါ်သို့ ယွဲ့ချန်လု၏လက် မရောက်ခင်ပင် အမျိုးသမီးစုက တားဆီးလိုက်နိုင်သည်။
“ယွဲ့ချန်လု ရှင်နဲ့ ရှင့်မိသားစုကို ကျွန်မစိတ်ကုန်လာပြီ။ ရှင် ကျွန်မသမီးတွေကို လက်ဖျားနဲ့တောင် မထိနိုင်စေရဘူး” အမျိုးသမီးစုသည် ကြက်မကြီးကဲ့သို့ သမီးများအပေါ် ထိုသို့ ရဲရင့်ခက်ထန်စွာ ကာကွယ်ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
…