အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အပိုင်း (၄၀) ကွာရှင်းမယ်
“ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်”
ထူးခြားသည့်အလင်းတစ်ခုက အမျိုးသမီးစု၏မျက်လုံးထဲတွင် လင်းသွားလေသည်။
“ ကျွန်မ ရှင်တို့ ယွဲ့မိသားစုကို လက်ထပ်ပြီးဝင်လာကတည်းက အရင်ဆုံး ရှင့်အမေရိုက်တာ ခံခဲ့ရတယ်၊ ကလေးတစ်ယောက် မွေးပြီးတော့ ကျွန်မက ရှင်ရိုက်တာ ခံခဲ့ရတယ်၊ ကျွန်မ ဒီလိုဘဝမှာ ထပ်မနေချင်တော့ဘူး”
“ နင့်လို့ အောက်တန်းစားတစ်ယောက်ကို ငါ့ယွဲ့မိသားစုကနေ ဝယ်ခဲ့တာလေ၊ နှစ်တွေအကြာကြီး နင်က ယွဲ့မိသားစုရဲ့ရေသောက်၊ ထမင်းစား နေလာပြီးမှ ကွာရှင်းချင်သေးတယ်ဟုတ်လား၊ အိပ်မက်မက်နေလိုက်”
ဘယ်သူမှ ဘာမှမပြာနိုင်ခင်မှာပင် အဘွားချန်သည် ဒရောသောပါးပြေးဝင်လာပြီး အမျိုးသမီးစုကို ပါးရိုက်ရန် လက်ဆန့်လိုက်တော့သည်။
ဘေးတွင် ယိုကျူးသည် ပြင်ဆင်လာခဲ့ပြီးဖြစ်၏။ သူမသည် အကောင်းဆုံးကြိုးစားကာ အဘွားချန်ကို ဖက်တွယ်ထားလိုက်တော့သည်။ သူမ၏ရှိသမျှအားဖြင့် သူမ၏လက်ကို ကြံမိကြံရာ လွဲချလိုက်တော့သည်။
“ သမီးအမေကို အနိုင်ကျင့်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ၊ အမေ့ကို အနိုင်ကျင့်ဖို့ ဘယ်သူခွင့်ပြုထားလို့လဲ”
ယိုကျူးသည် ပိန်ပါး ချိနဲ့သော်လည်း သူမ၏ခွန်အားက အနိုင်ရသွားတော့သည်။ ထိုတွယ်ဖက်ကာ တွန်းလိုက်ခြင်းကြောင့် အဘွားချန်၏ နံရိုးနာသွားတော့သည်။ အခိုက်တန့်အတွင်း သူမသည် ဖိနှိပ်ခံလိုက်ရတော့သည်။
“ အမလေး နင် လူသ-တ်ဖို့ကြိုးစားနေတာပဲဟဲ့၊ ချွေးမကြီး နင် အခုထိ လာမကူညီသေးဘူးလားဟဲ့”
ပျာယာခတ်သွားသည့် အမျိုးသမီးချန်သည် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး မျက်လုံးနီနှင့် ယိုကျူးကို လှမ်းဆွဲရန် ရှေ့သို့ မြန်မြန် လှမ်းလိုက်လေသည်။ သူမသည် မတော်တဆ လက်တွင် ခြစ်မိသွားတော့သည်။
“ ဒီကလေး နင် ရူးသွားပြီပဲ”
ယိုကျင့်သည် ရှောင်ရှီကို ယိုရင်ထဲ လှမ်းပေးလိုက်ပြီးနောက် ယိုကျူးကို အမျိုးသမီးချန်၏ လက်သည်းများမှ ကယ်လိုက်လေသည်။ ရုတ်တရက်တွေဝေမှုက ယာယီလျှော့ကျသွားတော့သည်။
အမျိုးသမီးစုသည် ဝမ်းနည်းစွာ ပြုံးလိုက်ပြီး ကလေးကို လက်ထဲတွင် ချီလျက် ယွဲ့ရှန်ချွန်း ရှေ့တွင် ဒူးထောက်လိုက်ကာ
“ မျိုးနွယ်စုအကြီးအကဲ ကျွန်မ ယွဲ့မိသားစုနဲ့ လက်ထပ်ပြီးတာ ဆယ့်ငါးနှစ်ရှိပါပြီ၊ ကျွန်မရဲ့ ယောက္ခမတွေကို ရိုသေပြီး ကျွန်မ လင်ယောက်ျားကိုလည်း ပြုစုလုပ်ကျွေးပါတယ်၊ ပြီးတော့ ယွဲ့မိသားစုအတွက်လည်း ကလေးတွေ မွေးဖွားပေးပါတယ်၊ အကျိုးမရဘူးဆိုရင်တောင် အားထုတ်မှုတော့ ရှိခဲ့ပါတယ်၊ ကျွန်မ တစ်ယောက်ထဲ ခံစားရရင် ကံလို့ပဲ သတ်မှတ်လိုက်မှာပါ၊ ဒါပေမဲ့ ကျွန်မကလေးတွေက ကျွန်မခန္ဓာကိုယ်ထဲက ဖြစ်လာတဲ့ သွေးသားတွေပါ၊ သူတို့တွေ ကျွန်မကလေးတွေကို သတ်မှာကို ဘယ်လိုများ ရပ်ကြည့်နိုင်မှာလဲ၊ ကျွန်မကလေးတွေကို ခေါ်ပြီး ယွဲ့အိမ်ကနေ ထွက်သွားခွင့်ပြုပါရှင်”
ယွဲ့ရှန်ချွန်သည် သက်ပြင်းချလိုက်လေသည်။ သူသည် ယွဲ့မိသားစု၏ကိစ္စကို အနည်းအကျဥ်း ကြားသိထားသော်လည်း ဒီလောက်အထိ ဖြစ်နေမှန်းတော့ မသိခဲ့ချေ။ သူသည် ကွာရှင်းခြင်း မလုပ်ဖို့ နားချလိုက်လေသည်။
“ အမျိုးသမီးစု ကျုပ်ဒီမှာ ရှိနေရင် မင်းရဲ့ကလေးတွေ သူတို့ရဲ့အသက်ကို စွန့်လွတ်ရမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း ကွာရှင်းမယ်ဆိုရင် ကလေးတွေအများကြီးနဲ့ မိန်းမတစ်ယောက်ထဲက ဘယ်လို အသက်ရှင်ကြမှာလဲ”
“ အဘိုးမျိုးနွယ်စုအကြီးအကဲက သမီးတို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ်၊ သမီးတို့ ယွဲ့မိသားစုက ထွက်သွားနိုင်ရင် သမီးတို့ ငတ်ပြီးသေခဲ့ရင်တောင် တခြားသူတွေကို အပြစ်မပြောပါဘူး”
ယိုကျင့်သည်လည်း အမျိုးသမီးစု၏ဘေးတွင် ဒူးထောက်လိုက်လေသည်။ ကျန်ညီမငယ်လေးများက သူမ ဤသို့လုပ်လိုက်သည်ကို မြင်လိုက်သောအခါ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြတော့သည်။
“ သမီးတို့က အဘိုးမျိုးနွယ်စုအကြီးအကဲ သမီးတို့ရဲ့ဆန္ဒကို ဖြည့်ပေးဖို့ တောင်းပန်ပါတယ်”
“ မင်းတို့တွေ”
ယွဲ့ရှန်ချွန်းသည် ဒုတိယမိသားစုက သည်ကလေးများတွင် ဤသို့သောအတွေးများ ရှိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူသည် အမျိုးသမီးစုက သူတို့ကို လှည့်စားထားသည်ဟု ထင်လိုက်လေသည်။ အမှန်တွင်တော့ အခြေအနေက ပြောင်းပြန်ပင်။
“မင်းတို့အားလုံးက ငယ်ကြသေးတယ်၊ ယွဲ့မိသားစုကနေ ထွက်သွားရင် အစာဝဝလင်လင် စားရဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်”
ယွဲ့မိသားစု၏ ကျန်လူများသည် ဒုတိယမိသားစုက ဆန်ကုန်မြေလေးများက အမျိုးသမီးစုနှင့် ယွဲ့မိသားစုမှ ထွက်သွားချင်နေလိမ့်မည်ဟု လုံးဝမစဥ်းစားမိကြချေ။ အဘွားချန်က ပထမဆုံး ငြင်းပယ်လိုက်လေသည်။ ရောင်းလိုက်ရင်တောင် သူတို့တွေ အနည်းဆုံးတော့ ငွေလျန်းနည်းနည်းပါးပါး ရအုံးမယ်။ သူမက ဘယ်လိုလုပ်ပြီး သူတို့ကို အလကား ပေးသွားနိုင်မှာလဲ။ အမျိုးသမီးချန်က ထူပေးထားပြီး သူမသည် ခုတင်တစ်ဖက်စွန်းတွင် ပြန်ထိုင်ကာ ကြမ်းကြမ်းတမ်းတမ်း ကြေညာတော့သည်။
“ ငါ့ယွဲ့မိသားစုရဲ့ဆန်ကို နှစ်ပေါင်းများစွာ စားလာပြီးမှ ထွက်သွားချင်တယ်ဟုတ်လား၊ ဖွီး ဒီလောကမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ကိစ္စမျိုး ရှိသေးတယ်တဲ့”
အဘွားချန်သည် ထိုစကားကို ပြောလိုက်သောအခါ ကျန်သည့် ယွဲ့မိသားစုဝင်များက အသံမလှုပ်ရဲကြတော့ချေ။ သူတို့သည် မူလက ကလေးနှစ်ယောက်ကို တိတ်တိတ်လေး နှစ်သတ်ဖို့ စီစဥ်ထားပြီး သူတို့တွေ အသက်မကယ်နိုင်တော့ပါဟု အပြင်လူများကို ရှင်းပြရင် စဥ်းစားထားခဲ့လေသည်။ ထိုသို့ဆိုလျှင် ယွဲ့မိသားစု၏နာမည်ကိုလည်း ထိခိုက်မည် မဟုတ်တော့ချေ။ သို့သော် သူတို့သည် ကွာရှင်းမည့် အခြေအနေဖြစ်သွားရာ သတင်းပျံ့သွားလျှင် ယွဲ့မိသားစု မည်သို့ လေးစားခံရပါတော့မည်နည်း။ ယွဲ့မိသားစုက တစ်ယောက်စီသည် အတွေးကိုယ်စီဖြင့် အဘွားချန်ဘက်တွင် ရပ်ရန် ရွေးချယ်ခဲ့ကြတော့သည်။
တိတ်တိတ်လေး ထွက်သွားသည့် ယိုပေါင်သည် မီးဖိုသုံးဓားတစ်ချောင်းနှင့် ပြန်ရောက်လာပြီး ယွဲ့ရှန်ချွန်းရှေ့တွင် ဒူးထောက်လိုက်ပြီး
“ အဘိုးမျိုးနွယ်စုအကြီးအကဲ သမီးတို့ ဒီနေ့ ယွဲ့အိမ်က ထွက်မသွားနိုင်ဘူးဆိုရင် သမီး ဒီမီးဖိုချောင်ဓားကို သုံးပြီး မနက်ဖြန်ကျရင် အားလုံးကို ခုတ်ထစ်ပစ်မယ်၊ ပြီးရင် ကိုယ်တိုင်လည်း သတ်သေပစ်မယ်၊ သမီးရဲ့နိမ့်ကျတဲ့အသက်က တန်ဖိုးမရှိပါဘူး၊ အဘိုးက လက်ခံနိုင်တယ်ဆိုရင်တော့ အဘိုးသဘောပါပဲ”
လေသံသည် သူမ၏ အမှန်တကယ် လုပ်တော့မည့်ဟန်ကို ဖော်ပြနေလေသည်။ ထို့အပြင် သူမ၏မျက်လုံးများက ယွဲ့မိသားစုကို ဖောက်ထွင်းတော့မည့်နှယ် ကြည့်နေတော့သည်။
အမြဲလိုလို ပျော့ပြောင်းကာ အားနည်းနေသည့် ယိုပေါင်က မီးဖိုချောင်ဓားတစ်လက်နှင့် လူများကို ခြိမ်းခြောက်ရဲလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။ သူမသည် အသက် ၇နှစ်အရွယ်ကလေး ဖြစ်သော်လည်း မီးဖိုချောင်ဓားကို ကိုင်ထားသည့်အသွင်က ထူးထူးခြားခြား ခြိမ်းခြောက်နေတော့သည်။ ယွဲ့ချန်ဖူနှင့် ယွဲ့ချန်လုပင် မနေနိုင်တော့ဘဲ စိတ်ထဲတွင် ကျောချမ်းသွားတော့သည်။ သူသည် အလိုလို နောက်သို့ တစ်လှမ်းဆုတ်သွားကြ၏။
“မင်းတို့တွေ ယွဲ့မိသားစုကနေ ထွက်သွားဖို့ ဆုံးဖြတ်ပြီးကြပြီပေါ့”
ယွဲ့ရှန်ချွန်းသည် မယုံနိုင်အောင် ဖြစ်နေတော့သည်။ ယွဲ့မိသားစုထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒုတိယမိသားစုက မိန်းကလေးတွေက သူတို့ရဲ့အသက်ကိုတောင် စွန့်ပြီး ယွဲ့မိသားစုဆီကနေ ဘာလို့ ထွက်သွားချင်နေကြတာလဲ။
ယိုကျင့်သည် ယွဲ့ရှန်ချွန်းကို ဦးချလိုက်ပြီး
“ သမီးတို့ ယွဲ့အိမ်ကနေ ထွက်သွားချင်ရုံပါ၊ နောက်ပိုင်း သမီးတို့ရဲ့ သေခြင်း ရှင်ခြင်းက ဘယ်သူ့ပြဿနာမှ မဟုတ်တော့ပါဘူး”
ထို့နောက် သူမသည် ယွဲ့တာ့ဖူဘက်သို့လှည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး
“ ရှင်တို့တွေ ကျွန်မတို့ကို ဆက်ခေါ်ထားရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်ကြ၊ ကျွန်မတို့ တစ်နေ့ကျရင် ရူးသွားနိုင်တယ်၊ ဒီနေ့ ယိုပေါင်က မီးဖိုချောင်ဓား ကိုင်ထားတယ်၊ ရှင် အိပ်ပျော်နေတဲ့အချိန်မှာ ကျွန်မက ငါးသေတစ်ကောင်လို သတ်ပြီး ပိုက်ကွန်ပျက်သွားတဲ့ အခြေအနေကို လုပ်မိနိုင်တယ်”
ယိုပေါင်၏လက်ထဲက အရောင်တောက်နေသည့် မီးဖိုချောင်ဓားက အလွန် ခြိမ်းခြောက်နိုင်ဟန်သည်လား၊ ယိုကျင့်မျက်နှာပေါ်က ကြောက်စရာကောင်းသည့် မျက်နှာထားကြောင့်လား မသိပေ။ ယွဲ့မိသားစုမှ လူကြီးများအားလုံးသည် အလွန်ကြောက်လန့်သွားကြရာ နှလုံးခုန်နှုန်းပင် မြန်သွားကြတော့သည်။ သူတို့သည် စိတ်ထဲမှာ အလိုလို ခံစားမိနေလေသည်။ ယိုကျင့်က သူမသည် ပြောသည့်အတိုင်း လုပ်တော့မည်ဟု ခံစားနေမိကြလေသည်။
တော်တော် ဝမ်းနည်းစရာကောင်းတာပဲ။ မိသားစုကောင်းတစ်ခုက ဆွေးနွေးတိုင်ပင်ရမဲ့အစား ပြိုကွဲသွားပြီ။ ယွဲ့ရှန်ချွန်းသည် ခေါင်းခါလိုက်ပြီး
“ ကိုင်း ဒါကတော့ မင်းတို့ရဲ့ အတွင်းရေးကိစ္စဆိုတော့ ကျုပ် ကြားဝင်ရင် မသင့်တော်လှဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ဘယ်သူ့အသက်ကိုမှ အန္တရာယ်မပြုကြနဲ့”
သည်ကိစ္စတွင် သူသည် မည်သည့်ဘက်တွင် ရပ်သည်ဖြစ်စေ မသင့်တော်ချေ။ ထို့ကြောင့် သူသည် သည်အတိုင်း ဝင်မပါဘဲ နေလိုက်တော့သည်။ နောက်ဆုံး သူသည်လည်း ဒုတိယမိသားစု၏ ကလေးများကို စိတ်ရင်းဖြင့် ပိုသနားမိလေသည်။
ယိုကျင့်သည် ယွဲ့ရှန်ချွန်းကို ကျေးဇူးတင်စိတ်ဖြင့် ဖြည်းညင်းစွာ ကြည့်လိုက်ပြီး
“အဘိုး မျိုးနွယ်စုအကြီးအကဲ ကျေးဇူးပြုပြီး သမီးတို့အတွက် မျက်မြင်သက်သေလုပ်ပေးပါ၊ သမီးတို့ ယွဲ့မိသားစုကနေ ထွက်သွားရပါလိမ့်မယ်”
အမျိုးသမီးစုနှင့် တခြားသူများက နှုတ်ဆိတ်နေကြ၏။ သို့သော် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ဖက်သည့် အသွင်က သူတို့သည် ယိုကျင့်နှင့် သဘောထားတစ်ခုတည်း ဖြစ်ကြောင်း ပြသနေလေသည်။
“အခုတော့ မှောင်နေပြီ၊ ပြီးတော့ ညလေကလည်း ပြင်းတယ်၊ မင်းတို့တွေ ယွဲ့မိသားစုကနေ ထွက်သွားပြီးရင် ဘယ်ကိုသွားနိုင်မှာလဲ၊ မနက်ဖြန်မှ ဆက်ပြောကြပါလား”
နောက်ဆုံးတွင် ယွဲ့ရှန်ချွန်းသည် မိဘမဲ့ကလေးတစ်စုနှင့် မုဆိုးမက ယွဲ့မိသားစုမရှိဘဲ အသက်ရှင်နိုင်မည် မဟုတ်ဟု ခံစားမိသဖြင့် ကိစ္စကို အချိန်ဆွဲထားချင်လေသည်။ ကလေးများကို တစ်ခုလောက် စိတ်တည်ငြိမ်အောင် ထားလိုက်ပြီး သူတို့၏စိတ်များကိုလည်း ရှင်းသွားအောင် ထားလိုက်ချင်သည်။ သည်အခိုက်အတန့်အတွင်း စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်က သူတို့၏ ကျန်သည့်ဘဝကို ထိခိုက်စေနိုင်လေသည်။
ယိုကျင့်သည် အပြင်ဘက်က မှောင်မည်းနေသည့်ကောင်းကင်ကို လှည့်ကြည့်လိုက်၏။ သူမတစ်ယောက်ထဲဆိုလျှင် ဂရုမစိုက်ပေ။ သို့သော် အမျိုးသမီးစုနှင့် မွေးကာစကလေးများ အအေးမိလျှင် ဒုက္ခရောက်လိမ်မည်။ ထို့ကြောင့် သူမသည် မျိုးနွယ်စုအကြီး၏စကားကို ခေါင်းညိတ် သဘောတူလိုက်၏။
“ မနက်ဖြန်မနက်ကျရင် သမီး အဘိုးကို ထပ်ပြီး ဒုက္ခပေးရပါအုံးမယ်”
တစ်နည်းနည်းဖြင့် စိုးရိမ်နေသည့် ယွဲ့ရှန်ချွန်းကို ပြန်ပို့ပေးလိုက်ပြီးနောက် ယွဲ့မိသားစုက လူအားလုံးသည် မကျေနပ်မှုများကို ထုတ်ပြတော့သည်။ အဘွားချန်သည် ခုတင်ပေါ်လှဲချကာ ငိုကြွေးနေပြီး ယွဲ့တာ့ဖူသည် ခုတင်စွန်းတွင် ထိုင်ကာ ဆေးလိပ်ကြီးကို ဖွာနေလေသည်။ ယွဲ့ချန်လုသည် ဆန်ကုန်မြေလေးများကို ပညာပြချင်သော်လည်း ယိုပေါင်နှင့် သူမလက်ထဲက မီးဖိုချောင်ဓားကို မြင်သွားပြီး ဣန္ဒြေရရ ခေါင်းငုံ့နေလိုက်လေသည်။
ယိုကျင့်သည် ယိုရင်ကို အမျိုးသမီးစုနှင့် ကလေးများအား ခေါ်သွားရန် အချက်ပြလိုက်ပြီး ယိုကျူးနှင့် ယိုပေါင်ကို ပင်မခန်းထဲတွင် သူမနှင့် ခေါ်ထားလိုက်လေသည်။ သူမသည် ယွဲ့တာ့ဖူကို တည့်တည့်ကြည့်လိုက်ပြီး
“ အဘိုး မြို့မှာ စာသင်နေတဲ့ အဘိုးရဲ့ ဝင်ခွင့်စာမေးပွဲဖြေတော့မဲ့ အဖိုးတန်မြေးတွေကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် သမီးတို့ကို ယွဲ့အိမ်ကနေ ထွက်သွားခွင့် ပြုလိုက်ပါ၊ နောက်ဆုံး ငွေလျန်း ၁၀၀က မိုးပေါ်ကနေ ကျလာတာမဟုတ်ဘူးလေ၊ သဘောတူမယ်မလား”
“ နင် ဘာပေါက်ကရတွေ ပြောနေတာလဲ”
ယွဲ့တာ့ဖူ၏မျက်လုံးထဲတွင် ပျာယာခတ်သွားသည့် အရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။ သူမ ငွေလျန်း ၁၀၀ အကြောင်း ဘယ်လိုသိသွားတာလဲ။ သူ၏ မသင်္ကာသည့်အကြည့်က ယွဲ့ချန်လုထံ ကျရောက်သွားလေသည်။
“ လောင်အာ့ မင်းလား”
ယွဲ့ချန်လုလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ သူသည် ထိုအကြောင်းကို ဆန်ကုန်မြေလေးများအား မပြောပြခဲ့ဖူးချေ။ ယွဲ့တာ့ဖူ၏ မသင်္ကာသည့်အကြည့်အောက်တွင် သူသည် မြန်မြန်ခေါင်းခါကာ ငြင်းလိုက်လေသည်။
“ အဖေ ကျွန်တော်မပြောခဲ့ပါဘူး”
ယိုကျင့်သည် လှောင်နေသည့်အပြုံးတစ်ခု ထုတ်ပြလိုက်၏။ စတောင်မစရသေဘူး ခွေးခွေးချင်း စကိုက်နေကြပြီလား။ သူမက ပြောလိုက်လေသည်။
“ လူတွေကို မသိစေချင်ဘူးဆိုရင် မလုပ်နဲ့ပေါ့၊ သမီးတို့ ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ နောက်တစ်ခုထပ်လုပ်လည်း ဘာမှမထူးတော့ဘူး၊ ဒီမှာသေရမယ်ဆိုရင် သမီးနဲ့အတူတူ အဘိုးကိုပါ ခေါ်သွားရလိမ့်မယ်၊ ငွေလျန်း၁၀၀ကလည်း အကျိုးမဲ့ဖြစ်သွားမယ်၊ ပြီးတော့ အဘိုးရဲ့ အဖိုးတန်မြေးနှစ်ယောက်ရဲ့ အနာဂတ်လည်း ပြီးသွားပြီ၊ ဒါမှမဟုတ် သမီးတို့ကို သွားခွင့်ပေးလိုက်ပေါ့၊ အဘိုး ရွေးပါ”
“ ဒါဆိုရင် နင်တို့တွေ ယွဲ့မိသားစုကနေ ထွက်သွားပြီးတော့ ဒီကိစ္စကို ထုတ်မပြောပါဘူးလို့ ငါက ဘယ်လိုသိမှာလဲ”
ယွဲ့တာ့ဖူ၏ မျက်လုံးများသည် မှေးမှိန်နေလေသည်။ သူ၏ချောမွေ့နေသည့် ဘဝလေးသည် ဆန်ကုန်မြေလေးတစ်ယောက်ကြောင့် အခက်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မစဥ်းစားခဲ့ဖူးချေ။ သူ့စိတ်က ဗေဒင်ဟောပေးခဲ့သည့်ဘုန်းကြီး၏ စကားကို ပြန်သတိရသွားတော့သည်။ အခုတော့ အားလုံးက အမှန်ဖြစ်လာနေသယောင်။
ယိုကျင့်သည် ပြုံးကာ ခေါင်းခါလိုက်ပြီး
“ အဘိုးမှာ ရွေးစရာမရှိပါဘူး၊ အဘိုး သမီးတို့ကို သွားခွင့်မပေးရင် ဒီအကြောင်းကို မနက်ဖြန် တစ်ရွာလုံး သိအောင် လုပ်ပစ်မယ်၊ သန်ဘက်ခါကျရင် အဘိုးဟာ စာမေးပွဲစစ်ဆေးသူတွေကို ငွေနဲ့ လာဘ်ထိုးခဲ့တဲ့အကြောင်း ဒီအနီးတဝိုက်က လူအားလုံး သိသွားလိမ့်မယ်၊ အဘိုးသမီးကို မယုံရင် စမ်းကြည့်လို့ရပါတယ်”
အခုတော့ သူမ၏လက်ထဲတွင် ဝှက်ဖဲရှိနေရာ ယွဲ့တာ့ဖူသည် သူလိုချင်သလို သူမနှင့် မဆွေးနွေးနိုင်တော့ချေ။
“ နင့်လို ဆန်ကုန်မြေလေးက နှစ်ပေါင်းများစွာ ငါ့ယွဲ့မိသားစုရဲ့ ရေကိုသောက် ထမင်းစားပြီးမှ ထွက်သွားချင်လို့ရမလား၊ ဒီလောက်ကောင်းတဲ့ကိစ္စမျိုး ဘယ်မှာရှိလို့လဲ”
ယခုတွင် မျိုးနွယ်စုအကြီးအကဲ ပြန်သွားပြီဖြစ်ရာ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် အဘွားချန်၏ မိသားစုခေါင်းဆောင်စိတ်ဓာတ်သည် ပြန်ထွက်လာလေသည်။ သူမသည် သူမ၏တစ်ဘဝလုံး သူမ၏စိတ်တိုင်းကျ နေခဲ့ရလေသည်။ ငယ်စဥ်ကတည်းက သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည် သည်ဆန်ကုန်မြေလေးများက သည်လိုဆက်ဆံလာလိမ့်မည်ဟု စိတ်ကူးထဲပင် မထည့်ခဲ့ချေ။
“အဘွား သေချာစဥ်းစားနော်၊ သမီးတို့က ညီအစ်မ ၈ယောက်တောင် ရှိတာ၊ မျိုးနွယ်စုအကြီးအကဲ အသက်ရှင်နေသ၍ သမီးထဲက ဘယ်နှစ်ယောက်ကို အဘွားက ရောင်းနိုင်မှာလဲ၊ ပြန်စဥ်းစားကြည့်ရင် အဘွားရဲ့ အဖိုးတန်မြေးလေးတွေက တော်ဝင်စာမေးပွဲမှာ ရာထူးတစ်ခု ရခဲ့ရင် သမီးတို့ကလည်း ယွဲ့မိသားစုရဲ့ သခင်မလေးတွေ ဖြစ်သွားမှာ၊ အဲဒီအချိန်ကျရင် လက်ဖွဲ့ပစ္စည်းအတွက် ငွေ ပိုလိုလာမယ်မလား”
ယိုကျင့်သည် အဘွားချန်၏အားနည်းချက်ကို အလိုလိုသိထားပြီးဖြစ်သည်။ သူတို့ကို ဆယ်နှစ်ကျော် နှိပ်စက်လာပြီးနောက်မှတော့ သူမသည် လုံးဝသဘောမကျတဲ့ ဆန်ကုန်မြေလေးများအတွက် လက်ဖွဲ့ငွေ အများအပြားကိုပေးရန် အဘယ်မှာ ဆန္ဒရှိပါမည်နည်း။
သေချာသွားတော့သည်။ သူမသည် ထိုစကားများကို ပြောလိုက်ပြီးသည်နှင့်ချက်ချင်း အဘွားချန်သည် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ သူမတွင် ဆန္ဒမရှိသည်မှာ ပြောရန်ပင်မလိုချေ။
သို့တိုင် ယိုကျင့်သည် ထိုမျှနှင့် မကျေနပ်သေးချေ။
“ ပြီးတော့ ယွဲ့ချန်လု ရှင်ကော လွှတ်မယ် ထင်နေတာလား၊ ကိုယ့်ဟာကိုယ်လည်း ပြန်ကြည့်လိုက်အုံး၊ တခြားလူကို အတုခိုးပြီး မယားပြိုင်တစ်ယောက်ကို လက်ထပ်ဖို့ ရှင့်မှာ ဘာအရည်အချင်းရှိလို့လဲ၊ ဥပဒေအရဆိုရင် တရားဝင်ဇနီးက ရှင့်ကို မယားပြိုင်ယူတဲ့အတွက် တိုင်တန်းခဲ့ရင် ရှင်နဲ့ ရှင့်ဝမ်ညန် ထောင်ထဲရောက်သွားနိုင်တယ်၊ ဘာလဲ၊ ရှင် မသိဘူးလား”
ယိုကျင့်၏စကားများသည် ယွဲ့မိသားစုကို မိုးကြိုးပစ်လိုက်သလိုပင်။ မယားပြိုင်တစ်ယောက်ယူတာက ထောင်ကျနိုင်သတဲ့လား။ ယွဲ့ချန်လု၏မျက်နှာသည် ချက်ချင်းလိုပင် ရှုံ့မဲ့သွားတော့သည်။ သူသည် ထိုအကြောင်းကို မသိခဲ့ချေ။ သို့သော် လူများက မယားပြိုင်တစ်ယောက် ယူသည့်အကြောင်း ပြောနေသည်ကိုတော့ ကြားခဲ့ဖူးသည်။ သူက ဘယ်လိုလုပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် သိနိုင်မှာတဲ့လဲ။ ယိုကျင့်သည် ယွဲ့မိသားစု၏တုံ့ပြန်မှုကြောင့် ကျေနပ်သွားတော့သည်။
“ တကယ်လို့ ဒုတိယဦးလေးက ထောင်ကျသွားရင် ယွဲ့ဝမ်ထောင်ကရော စာမေးပွဲ ဖြေလို့ရပါအုံးတော့မလား”
ယွဲ့ဝမ်ထောင်နှင့် ယွဲ့ဝမ်လီတို့သည် ယွဲ့မိသားစု၏ မျှော်လင့်ချက်ဝှက်ဖဲတစ်ခုဟု ဆိုနိုင်လေသည်။ သို့သော် ယခုတော့ သည်ဝှက်ဖဲကို ယိုကျင့်က ကိုင်ထားသည်။ သူတို့သည် သည်ကိစ္စကိုမည်သို့ အဆင်ပြေအောင် လုပ်နိုင်ပါမည်နည်း။ သူတို့သည် ဒုတိယမိသားစုက လူအားလုံးကို သတ်နိုင်သည်လည်း မဟုတ်ပါလား။
ယွဲ့တာ့ဖူသည်လည်း ကူကယ်ရာမဲ့သည့်အခြေအနေသို့ ရောက်သွားတော့သည်။ အိမ်ဦးနတ်က ဆုံးဖြတ်ချက် မချနိုင်လျှင် တခြားလူများက မည်သို့ လုပ်ရပါမည်နည်း။ သူတို့အယောက်တိုင်းမှာ ကြောင်ကြောင်တောင်တောင်နှင့် ကြည့်နေရန်သာ တတ်နိုင်တော့သည်။ ခဏကြာပြီးနောက် ယွဲ့တာ့ဖူက မျက်နှာသေဖြင့် ပြောလိုက်၏။
“ ငါ နင်တို့ကို အမျိုးသမီးစုနဲ့အတူတူ ထွက်သွားဖို့ ကတိပေးနိုင်တယ် ဒါပေမဲ့ နင်ကလည်း ငါ့ကို အာမခံရမယ်”
ဘာအာမခံလဲဆိုတော့ ဟုတ်တာပေါ့ သူ့ရွှေမြေးလေးနှစ်ယောက်ရဲ့ အနာဂတ်ကိုလေ။
ယိုကျင့်သည် ပြုံးရင်းခေါင်းခါပြလိုက်ပြီး
“ အဘိုး နားမလည်သေးဘူးလား၊ အဘိုးနဲ့ ဒီကလူအားလုံးက သမီးနဲ့ ဆွေးနွေးလို့ရတဲ့ အနေအထား မဟုတ်ဘူး ဆိုတာလေ၊ ဒါပေမဲ့ သမီး ကတိပေးနိုင်ပါတယ်၊ သမီးတို့တွေ ယွဲ့မိသားစုက ထွက်သွားနိုင်သ၍ အခုချိန်ကစပြီး ယွဲ့မိသားစုအကြောင်း ဘာမှတစ်ခု ထုတ်ပြောမှာမဟုတ်ဘူး၊ တစ်ခုပဲ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် သမီးတို့ကို လာမရှာပါနဲ့၊ ဘယ်လိုလဲ”
“ နင့်ကိုယ်နင်များ အဲလောက်အရေးပါတဲ့သူလို့ ထင်နေတာလား၊ ဟွိုင်ပင်လေးနည်းနည်း ရတာနဲ့ နင့်ကိုယ်နင် ရတနာတစ်ခုလို ထင်နေတာလား”
အဘွားချန်သည် သူမကို ပေါ်တင်မပြောရဲချေ။ ထို့ကြောင့် မျက်နှာရဖို့အရေး မတော်မရာ ဆဲရေးနေတော့သည်။ သို့သော် မည်သူကမှ သူမကို ဂရုမစိုက်ကြချေ။ သူမလုပ်သမျှ အချည်းနှီး ဖြစ်သွားသဖြင့် ဆောင့်ကြီးအောင့်ကြီး ဖြင့် စူပုတ်ကာ နှုတ်ဆိတ်သွားတော့သည်။
ယိုကျင့်သည် လိုအပ်တာအားလုံးကို ပြောခဲ့ပြီးဖြစ်၏။ သူမသည် ယိုကျူးနှင့် ယိုပေါင်တို့ကို ခေါ်ကာ အနောက်ဆောင်သို့ ပြန်လာခဲ့တော့သည်။
“ အဘိုးတို့ အချင်းချင်းဆွေးနွေး လိုက်ကြအုံးပေါ့”
သို့သော် အခုတော့ သည်လိုဖြစ်နေတော့သည်။ ယွဲ့မိသားစုတွင် မည်သို့သော အဖြေမျိုး ရှိလာနိုင်ပါမည်နည်း။ ပင်မဆောင်မှ မိသားစုတစ်ခုလုံးသည် ခေါင်းရှောင်သည့် စကားများကိုသာ ပြောကြတော့သည်။ သူတို့သည် တစ်ညလုံး အချည်းနှီးဖြစ်ခဲ့ရပြီး ဘာအစီအစဥ်မှ ပေါ်မလာကြတော့ချေ။
…
အပိုင်း (၄၁) ကွာရှင်းခြင်း
အရှေ့အရပ်မှ ရောင်ခြည်သန်းစပြုလေပြီ။ ယွဲ့မိသားစု၏ ပင်မဆောင်ရှိ မီးအိမ်မှာ တစ်ညလုံး လင်းထိန်နေခဲ့ပြီး တစ်မိသားစုလုံး မည်သည့်အကြံမှ စဉ်းစားမရခဲ့ချေ။
ယွဲ့တာ့ဖူသည် ဆေးရွက်ကြီးများကို များစွာ သောက်သုံးခဲ့လေသည်။ ပျံ့လွင့်နေသည့် မီးခိုးငွေ့များက အခန်းထဲရှိ မအိပ်စက်ရသေးသည့် လူများ၏ မျက်၀န်းကို ပို၍ဆိုးရွားစေခဲ့သည်။ ယွဲ့တာ့ဖူသည် ကြမ်းတမ်းကွဲအက်နေသော အသံဖြင့် ဆိုလေသည်။
“ကောင်းပြီလေ။ သူတို့ကိုခေါ်ထားတာက ဒုက္ခကို လက်ယက်ခေါ်သလို ဖြစ်နေမယ်။ သူတို့သွားချင်ရင် သွားပါစေ။ တစ်ခုတော့ရှိတယ်။ သူတို့ထွက်သွားမယ်ဆို လျှို့ထန်မြို့မှာ နေလို့မရဘူး။ အဝေးဆုံးကို ထွက်သွားရမယ်”
သူတို့သည် အချိန်ကိုက်ဗုံးအား အဝေးဆုံးမှာ ထားခြင်းဖြင့် အချိန်ခဏအတောအတွင်း ထိခိုက်မှု သက်သာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယွဲ့တာ့ဖူသည် ယိုကျင့်နှင့် အခြားလူများအား လျှို့ထန်မြို့နှင့် အဝေးဆုံး၌ နေခိုင်းစေလိုသည်။ ယိုကျင့်တို့သည်လည်း ထိုသို့စီစဉ်ထားမှန်း သူမ မသိခဲ့ပါချေ။ ကြက်ဖတွန်သံ သုံးချက်အပြီး အနောက်ခြံ၏ ဒုတိယခန်းရှိ လူတိုင်းသည် ကောင်းမွန်စွာ အိပ်စက်ရင်း နိုးထလာကြသည်။ သူတို့၌ ထုပ်ပိုးစရာ အများအပြားမရှိသော်လည်း ယိုကျင့်သည် အခန်းထဲရှိ ပစ္စည်းတစ်ခုကိုသာ ယူဆောင်ရန် ခွင့်ပြုခဲ့သည်။
“ကျန်တဲ့ဟာတွေ သယ်မလာနဲ့။ ကိုယ်လဲ၀တ်ရမဲ့ အ၀တ်အစားပဲ ထည့်လာခဲ့။ ကွာရှင်းစာကို ရတာနဲ့ လျှို့ထန်မြို့ကနေ အဝေးဆုံးကို ထွက်သွားမယ်” ထို့နောက် သူမသည် ရင်ကော့ကာ ယွဲ့မိသားစုအိမ်မှ ထွက်ပြီး လီကျန်းနှင့် အကြီးအကဲကို ဖိတ်ခေါ်ခဲ့သည်။
ယိုကျင့်သည် မနက်အစောကတည်းက ရောက်ရှိလာ၍ ဒုတိယမိသားစုမှ ကလေးများသည် ထွက်ခွာသွားရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ယွဲ့ရှန်ချွမ်းသိလိုက်ကာ သက်ပြင်းနက်နက်ချမိသည်။
“ကောင်းပါပြီ။ ကလေးတွေ ငါ့မြေးတွေက အကုန် ကောင်းချီးမင်္ဂလာရှိတဲ့သူချည်းပဲ။ မင်းတို့လေးတွေက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ကိုယ့်ပျော်ရွှင်မှုကို သွားရှာကြတော့”
လီကျန်းသည် မနေ့ညက ယွဲ့မိသားစု၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့မှန်း သိသော်လည်း ကွာရှင်းပြတ်ဆဲရန်ထိ ပြဿနာကြီးသွားမှန်း မသိခဲ့ချေ။ ယိုကျင့်သည် လီကျန်းအား အဖြစ်အပျက်များကို အတိုချုံးရှင်းပြချိန်၌ လီကျန်း၏တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။
“ယိုကျင့် ဒါမျိူးက မနောက်ကောင်းဘူး။ မင်းအမေကို ကွာရှင်းဖို့ အကြံပေးရဲတယ်ပေါ့။ မင်းသတ္တိက မသေးပါလား”
ပင်မဆောင်၌ ကလေးကိုပိုက်ကာ ရပ်နေသည့် အမျိုးသမီးစုသည် ခေါင်းကို အသာအယာ ရမ်းလိုက်သည်။ “ဦးလေးလီကျန်း အဲကိစ္စက ကလေးတွေနဲ့မဆိုင်ပါဘူး။ ယွဲ့မိသားစုကနေ ထွက်သွားတာက ကျွန်မရဲ့ဆုံးဖြတ်ချက်ပါ။ ဦးလေးလီကျန်းနဲ့ အကြီးအကဲတို့က သက်သေအဖြစ် လုပ်ပေးဖို့ မျှော်လင့်ပါတယ်”
ယွဲ့မိသားစု တစ်စုလုံးသည် တစ်ညလုံး အဖြေရှာသည့်တိုင် မည်သည့်ဖြေရှင်းနည်းမှ ရှာမတွေ့ခဲ့ချေ။ ထို့အပြင် ယိုကျင့်သိနေသည့် လျှို့ဝှက်ချက်များမှာ များပြားလွန်းသောကြောင့် သဘောတူရုံသာ ရှိတော့သည်။ လီကျန်းသည် ယွဲ့မိသားစု၀င်များ၏ အကြည့်ကြောင့် ချွေးပျံလျက်ရှိသည်။ ထို့နောက် အကြီးအကဲကို ကြည့်လိုက်ရာ ထိုလူသည် ခေါင်းရမ်းကာ သက်ပြင်းချနေ၏။ ယိုကျင့်၏ တိုက်တွန်းနေမှုကြောင့် ကွာရှင်းစောင်နှစ်စောင်ကို အချက်အလက်များ တူညီစွာ ရေးသားပေးခဲ့သည်။
ငယ်ရွယ်စဉ်အခါက တောင်မြောက် လှည့်လည်သွားလာခဲ့ဖူးသော စာအနည်းငယ်ဖတ်တတ်သည့် ယွဲ့တာ့ဖူမှလွဲ၍ အကုန်လုံးသည် စာမတတ်ကြသူများဖြစ်လေသည်။ ယွဲ့တာ့ဖူသည် လီကျန်း စာရေးပြီးချိန်၌ စာစောင်ကို အကြိမ်အနည်းငယ် စစ်ဆေးကာ အချက်အလက်အနည်းငယ် ထပ်ထည့်ရန် လီကျန်းအား တောင်းဆိုလေသည်။
“ပထမအချက် ယွဲ့မိသားစုက ထွက်သွားတာနဲ့ လျှို့ထန်မြို့မှာ ခြေမချရတော့ဘူး။ ဒုတိယအချက် ယွဲ့မိသားစုရဲ့ ဂုဏ်သတင်းညှိုးနွမ်းအောင် မပြုလုပ်ရသလို ငါတို့မျိုးရိုးနာမည်ကိုလဲ မသုံးရဘူး။ နောက်ဆုံးအနေနဲ့ ယွဲ့ယိုကျင့် မင်းပေးထားတဲ့ ကတိကိုတည်ရမယ်” ထိုသို့ဖြင့် ယိုကျင့်နှင့် ညီအစ်မများသည် ယွဲ့မိသားစုမှ ခွဲထွက်လိုက်နိုင်သည်။
ယွဲ့တာ့ဖူသည် ယိုကျင့်၏အမည်အား ထည့်ပြောသောကြောင့် လီကျန်းသည် အနည်းငယ် ထူးဆန်းသလို ခံစားရကာ ယိုကျင့်ကို ကြည့်လိုက်သည်။ ယိုကျင့်၏ သဘောတူမှုကို ရမှသာ လီကျန်းသည် စုတ်တံကိုကိုင်ကာ စာကြောင်းအနည်းငယ် ထပ်ဖြည့်လိုက်သည်။
“စစ်ကြည့်လိုက်ဦး။ ပြဿနာမရှိရင် ချန်လုနဲ့ အမျိုးသမီးစုတို့ လက်ဗွေနှိပ်လို့ရပြီ” အမျိုးသမီးစုသည်လည်း စာမတတ်သူဖြစ်ကာ ယိုကျင့်၏ ခေါင်းညိတ်ပြသည်ကို မြင်မှသာ စာရွက်၌ လက်ဗွေနှိပ်လိုက်တော့သည်။
လီကျန်းသည် ကွာရှင်းစာကို ယွဲ့ချန်လုနှင့် အမျိုးသမီးစုတို့အား အသီးသီးပေးလိုက်သည်။
“ပြီးပြီ”
ဒုတိယမိသားစုရှိ ကလေးများ ပြုံးပျော်နေကြသည်ကို မြင်သောအခါ ယွဲ့ရှန်ချွမ်း၏စိတ်ထဲ၌ သက်သာရာ ရသွားတော့သည်။ အစာငတ်သေမည်ကိုပင် မကြောက်ဘဲ ယွဲ့မိသားစုမှ ထွက်သွားရန် ကြိုးစားရုန်းကန်ရသည်ထိ ထိုကလေးများ၏ စိတ်သည် မည်မျှလောက်ထိ ထိခိုက်နာကျင်ခဲ့ရသနည်း။
အခြားလူများ၏ အတွေးကို ဂရုမစိုက်ဘဲ ယိုကျင့်သည် သူမ၏အိတ်ကပ်ထဲသို့ ကွာရှင်းစာရွက်အား သေချာစွာ ကောက်ထည့်လိုက်သည်။ ထို့နောက် သူမ၏ဘေးရှိ ရှောင်ကျိုအား ကောက်ချီကာ ထုတ်ပိုးထားသည့် အထုတ်အပိုးကို ကျော၌လွယ်လိုက်တော့သည်။ “အမေ သွားရအောင်”
“ရပ်စမ်း။ နင်တို့ယူသွားတာတွေ မှန်သမျှ ငါတို့ယွဲ့မိသားစုက ပစ္စည်းတွေပဲ။ နင်တို့၀တ်သမျှတွေလည်း ငါတို့ဟာတွေပဲ။ ထွက်သွားမယ်ဆို အကုန်ထားခဲ့ပြီးမှ ထွက်သွား* အဘွားချန်သည် ထိုဆန်ကုန်မြေများ ကိုယ်ရည်သွေးနေသည်ကို မြင်၍ မခံမရပ်နိုင်ဖြစ်နေလေသည်။ ထိုကလေးများ အထုပ်အပိုးကိုယ်စီ သယ်ကာထွက်သွားသည်ကို မြင်သည်နှင့် သူမ၏အသံကို ပိုမြှင့်လိုက်တော့သည်။
ကလေးများသည် ရုတ်တရက် ရပ်သွားကြသည်။ အဘွားချန်၏လုပ်ရပ်များကြောင့် အရိုးထဲစွဲနေသည့် အကြောက်တရားက သူမတို့အား အလိုလို ထိတ်လန့်စေသည်။ ညီမများသည် ယိုကျင့်ဆီသို့ လှည့်ကြည့်ကြလေသည်။ ယိုကျင့်သည် ထိုအယောင်ဆောင်ကျားများ၏ ဟိန်းဟောက်နေမှုကို အာရုံမစိုက်ချင်သောကြောင့် ယွဲ့အိမ်တော်၏ ထွက်ပေါက်ကိုသာ ဦးတည်သွားတော့သည်။ ယိုကျင့်ထွက်သွားသည်ကို မြင်သည်နှင့် ကျန်သည့်ညီမများလည်း နောက်မှ လိုက်လာကြလေသည်။
ထိုကလေးများသည် သူမအား အရေးမလုပ်ဘဲ ရှိမည်ဟု အဘွားချန် မျှော်လင့်မထားပေ။ အဘွားချန်သည် ယွဲ့ချန်ဖူနှင့် ယွဲ့ချန်လုတို့ဘက်သို့လှည့်ကာ အမိန့်ပေးတော့သည်။
“နင်တို့တွေ ဘာလို့ သစ်တုံးကြီးတွေလို ကပ်နေကြတာလဲ။ ငါ့ဖို့ အမြန်လိုက်မယူပေးသေးဘူးလား”
အဘွားချန်သည် အလိုမကျမှုကြောင့် ရူးမတတ်ဖြစ်နေသည်။
“တော်လောက်ပြီ။ တစ်နေ့တစ်နေ့ မပြီးနိုင်ဘူး” ယွဲ့တာ့ဖူသည် စိတ်ညစ်ညူးနေကာ အဘွားချန်ကို စိတ်ရှုပ်စရာဟု မြင်လာသည်။ ထိုအပေါက်ဆိုးသည့် မိန်းမအား သူမည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဆူငေါက်လိုက်တော့သည်။
ယွဲ့တာ့ဖူသည် သူမအား မျက်နှာသာမပေးသောကြောင့် အဘွားချန်သည် မြေကြီး၌ ထိုင်ကာ အော်ဟစ်ငိုကြွေးတော့သည်။
“ငါအသက်မရှင်ချင်တော့ဘူး။ ဟမ် အငယ်တွေက မျက်ဖြူဝံပုလွေတွေ (ကျေးဇူးကန်းတဲ့သူ)။ အကြီးတွေကျ ငါ့ကိုအနိုင်ကျင့်နေကြတယ်။ အမလေး ဘုရားရေ “ အဘွားချန်၏ အလိုမကျမှုကြောင့် ငိုကြွေးနေမှုကို အာရုံမစိုက်ချင်သောကြောင့် ယွဲ့တာ့ဖူသည် လှည့်ထွက်ကာ ပင်မဆောင်သို့ ပြန်သွားတော့သည်။ ယွဲ့အိမ်တံခါးမှ ထွက်ကာစ အကြီးအကဲနှက့်လီကျန်းသည် ငိုသံစူးစူးကို အပြင်မှ ကြားလိုက်ရသောကြောင့် စိတ်ပျက်စွာ ဆိုလေသည်။ “အကျင့်သိက္ခာမရှိတဲ့ မိန်းမကို လက်မထက်နဲ့”
......
ယိုကျင့်တို့အုပ်စုသည် ယွဲ့မိသားစုမှ ထွက်ပြီး အထုပ်အပိုး ကိုယ်စီလွယ်ကာ ရွာလမ်းမအတိုင်း လျှောက်လာကြသည်။ အာရုံစိုက်ချင်စရာဖြစ်သောကြောင့် ရွာသူရွာသားများသည် ဆူညံပွက်လောရိုက်စွာ မေးမြန်းတော့သည်။ “ယောက်မ ဘယ်သွားမလို့လဲ”
အမျိုးသမီးစုနှင့် ကလေးများသည် ဘာမျှမဖြေကြားဘဲ ပြုံးနေကြသည်။ သူတို့သည် ရွာ၀င်ပေါက်သို့ တည့်တည့်သွားပြီးနောက် လမ်းမကြီးပေါ်သို့ ရောက်ရှိကြသည်။ ထိုနေရာ၌ လျှို့ထန်မြို့သို့ သွားမည့် ခရီးသည်များကို ဆွဲဆောင်နေသော နွားလှည်းကို ငှာရမ်းလိုက်ပြီး ရွာသားများအား ပုစ္ဆာဖြေရှင်းရန် ချန်ထားခဲ့လေသည်။ ထွက်သွားပြီး နှစ်ရက်ကြာမှသာ အမျိုးသမီးစုနှင့် ယွဲ့ချန်လုမှာ ကွာရှင်းပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ကလေးများသည် အမျိုးသမီးစုနှင့်အတူ ထွက်သွားခဲ့ကြပြီဖြစ်သည်။
အမျိုးသမီးစုနှင့်ကလေးများသည် လှည်းပေါ်၌ ထိုင်နေကြသည်။ လျှို့ထန်မြို့ဈေးသို့ ခိုးထွက်ဖူးသည့် ယိုကျင့်မှ လွဲ၍ ကျန်သောသူများအတွက် ချွေ့ဖုန်းရွာမှ ထွက်ဖူးခြင်းမှာ ပထမဆုံးဖြစ်သည်။ ယိုရင်သည် နွားလှည်း၌ထိုင်ကာ အကူအညီမဲ့ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ “မမကြီး ဘယ်သွားကြမှာလဲ”
အမျိုးသမီးစုသည် ယိုရင်၏ခေါင်းသေးသေးလေးအား ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်သည်။
“အမေတို့သွားဖို့ တစ်နေရာရာတော့ ရှိမှာပါ”
ယိုကျင့်သည် အစီအစဉ်တကျ ပြလုပ်ပြီးဖြစ်သည်။ နွားလှည်းပေါ်၌ သူမတို့မိသားစု၀င်များသာ ရှိသောကြောင့် ယိုကျင့်သည် သူမ၏အတွေးများကို မိခင်နှင့်ညီမဖြစ်သူများအား ပြောပြလိုက်သည်။
“အရင်ဆုံး မြို့ပေါ်တက်ပြီး တရားရုံးမှာ ကွာရှင်းစာကို တံဆိပ်တုံးထုပြီး တရား၀င်လုပ်ရမယ်။ ပြီးကျရင် ယွဲ့မိသားစုအိမ်ကနေ ခွဲထွက်ပြီး ရွာတစ်ရွာမှာ အခြေချပြီး လယ်လုပ်ကြတာပေါ့။ တဖြည်းဖြည်းနဲ့ ကောင်းလာမှာပါ”
ကလေးများသည် ထိုဘ၀မှာ မည်မျှ လှပကြောင်း ပုံမဖော်တတ်သော်လည်း အစ်မဖြစ်သူ၏ တည်မြဲနေသည့် အကြည့်များကြောင့် အလိုလို ခေါင်းညိတ်သဘောတူကြလေသည်။ “အွန်း”
ယိုကျူးသည် အပျော်ရွှင်ဆုံးလူ ဖြစ်ပေသည်။
“စန်းကျဲ နောက်ကျ သမီးတို့ကို ရိုက်မဲ့လူ မရှိတော့ဘူးမလား။ ဟုတ်တယ်မလားဟင်” ယိုကျူးသည် ဝေးကွာသွားပြီဖြစ်သော ချွေ့ဖုန်းရွာကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ ယခုဖြစ်ရပ်များသည် အင်မတန်လှပသည့် အိပ်မက်တစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။
ယိုကျင့်၏နှလုံးသားသည် ယိုကျူး၏ စကားများကြောင့် နာကျင်သွားကာ သူမအား တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“ဟုတ်တယ်။ ဘယ်သူမှ အစ်မတို့ကို မရိုက်တော့ဘူး” ကလေးများသည် ယွဲ့ချန်လု၏ ရိုက်နှက်မှုကို ငယ်စဉ်ကတည်းကပင် ခံခဲ့ရသည်။ အိမ်တွင်းအကြမ်းဖက်မှု ပုံရိပ်များသည် သူမတို့၏အမြင်ကို ကာဆီးထားသည့်နှယ် ဖြစ်နေ၍ ယခုအဖြစ်အပျက်များအား မယုံကြည်နိုင်ကြသေးပေ။
.....
လျှို့ထန်မြို့သို့ ရောက်သည့်အခါ ယိုကျင့်သည် သီးစုံပေါက်စီများအား အထုပ်ကြီးအပြည့် ၀ယ်ရန် သွားခဲ့သည်။ ထို့နောက် ပေါင်းမိုးပါသည့် မြည်းလှည်းကို မြို့တော်သို့သွားရန် ငှားရမ်းခဲ့သည်။ နေထွက်ချိန်၌ သူမတို့သည် ချွေ့ဖုန်းတောင်မှ ထွက်ခွာပြီးကာ နေ၀င်ချိန်၌ တင်းယွမ်မြို့တော်သို့ ရောက်လေသည်။ ညသည် အလွန်ပင် နက်လေပြီ။ ယိုကျင့်သည် လှည်းထဲရှိ ညီမများ၏ အိပ်ချင်မူးတူးမျက်နှာကို ကြည့်လိုက်သည်။ တရားရုံးပိတ်ချိန်ရောက်ပြီဟု တွေးမိသောကြောင့် လှည်းသမားဦးလေးအား ကုန်သည်များ လှည်းရပ်နားရာ နေရာကို မေးမြန်းလိုက်သည်။ ထို့နောက် သူမတို့အား ထိုနေရာထိ မောင်းပို့ပေးရန် တောင်းဆိုလိုက်သည်။
ယွမ်ငါးဆယ်ကို ငှားရမ်းခအနေဖြင့် ပေးလိုက်ပြီးနောက် အငယ်ဆုံးညီမဖြစ်သူအား ပွေ့ကာ ညီမများကို လှည်းရပ်နားစခန်းသို့ ဦးဆောင် ခေါ်သွားတော့သည်။ အကြီးဆုံးလှည်းရပ်နားစခန်းသည် ရွှမ်ဖန်းဟု ခေါ်သော လှည်းရောင်း၀ယ်ရေး စခန်းဖြစ်သည်။ ညစာစားချိန်ဖြစ်၍ ကုန်သည်များ စုဝေနေကြသည်။ ထိုသူများသည် သီးခြားအုပ်စုစီဖြင့် စည်းမျဉ်းများ ချမှတ်ထားကြသည်။ ပြဿနာမရှာသကဲ့သို့ ပြဿနာဖြစ်မည်ကိုလည်း ရှောင်ရှားကြသည်။ ယိုကျင့်သည် ဆိုင်ရှင်အား လူဆယ်ယောက်မျှ အိပ်နိုင်သည့် ကြီးမားသည့် ခုတင်ရှိသော အခန်းတစ်ခန်းပေးရန် မေးလေသည်။
ယိုကျင့်သည် အခန်းထဲသို့ရောက်သည်နှင့် တံခါးအား ကလန့်ချကာ ပွေ့ထားသည် ညီမဖြစ်သူအား ခုတင်၌ ချလိုက်သည်။ ပစ္စည်းများကို နေရာချပြီးနောက် ယိုပေါင်သည် လျှိုထန်မြို့မှ ယိုကျင့်၀ယ်လာသော ပေါက်စီထုပ်ကို ထုတ်ကာ တစ်ယောက်တစ်ခုစီစားကာ ရေနွေးအနည်းငယ် သောက်လိုက်သည်။ ထို့နောက် ကျေနပ်အားရစွာ အိပ်ရာပေါ်၌လှဲကြလေသည်။
အမျိုးသမီးစုသည် ယိုကျင့်၏လက်ထဲရှိ ငွေပမာဏအား မမေးခဲ့ဖူးပေ။ သို့သော် သမီးဖြစ်သူမှ လှည်းခအတွက် ယွမ်ငါးဆယ် ကုန်လိုက်သည့်အပြင် အခန်းငှားခအတွက် နှစ်ဆယ် ထပ်ကုန်လိုက်သေးသည်။ ခဏအတွင်းပင် ယွမ်ခုနှစ်ဆယ် ကုန်သွားပေသည်။ သူမတို့၌ မိသားစုဆယ်ယောက် ရှိပေသည်။ ကိစ္စရပ်ကြီးများအတွက် ငွေကုန်ကြေးကျများသည်မှာလည်း သဘာ၀ကျပေသည်။
ယခု သူမတို့မိသားစုများသာ ရှိသောကြောင့် အမျိုးသမီးစုသည် လွတ်လပ်ပေါ့ပါးကာ ယိုကျင့်ကို မေးလိုက်သည်။
“ကျင့်အာ သမီးမှာ ငွေဘယ်လောက်ကျန်သေးလဲ။ အမေ မနက်ဖြန် အလုပ်ထွက်ရှာလိုက်ရမလား။ ပိုက်ဆံနည်းနည်း စုမိလောက်မလားလို့”
ယိုကျင့်သည် ငြင်းဆိုလိုက်သည်။
“အမေက အခုမှ မီးတွင်းကာလမှာ ရှိသေးတယ်။ အငယ်လေးနဲ့ ခမ်းအာကလည်း ငယ်သေးတယ်။ အမေအလုပ်ထွက်လုပ်ရင် သူတို့ကို ဘယ်လိုလုပ်မှာလဲ။ သမီးမှာ ငွေနည်းနည်းကျန်ပါသေးတယ်။ အဲဒါနဲ့ တစ်နေရာရာမှာ အခြေချဖို့ လောက်ပါတယ်” ယိုကျင့်သည် ထိုသို့ပြောပြီးသည်နှင့် ကိုယ်နှင့်မကွာ ဆောင်ထားသည့် သူမ၏ငွေများကို ထုတ်လိုက်သည်။
“စုစုပေါင်း ယွမ်ခုနှစ်ဆယ်အပြင် ပေါက်စီ၀ယ်ဖို့ ဆယ်ယွမ်ကုန်ခဲ့သေးတယ်။ အရင်တစ်ခါက တတိယဒေါ်လေးက ယွမ်၁၀၀ပေးသွားတာကနေ နှစ်ဆယ်ကျန်တယ်။ ပြီးတော့ အရင်နှစ်က သမီးအမဲလိုက်တုန်းက ရတဲ့ ငွေတစ်ဆယ့်ခုနှစ်လျန်း ရှိသေးတယ်။ ငွေကို သုံးပုံပုံလိုက်မယ်။ အမေရယ် ယိုရင်ရယ် သမီးရယ် ခွဲကိုင်ထားမယ်။ တစ်ခုခုဖြစ်ရင် လိုရမယ်ရဖြစ်အောင်လို့”
ယိုကျင့်သည် ရှစ်လျန်းယူကာ သိမ်းထားလိုက်သည်။
“မနက်ဖြန် သမီး ရုံးတော်မှာ တံဆိပ်သွားထုလိုက်မယ်။ မိသားစုတစ်စု တည်ဖို့ ငွေကုန်မယ်ထင်လို့ သမီး ပိုယူသွားမယ်။ ကျန်တာကို သိမ်းထားလိုက်မယ်။ အမေက ငါးလျန်းသိမ်းပြီး ယိုရင်ကို လေးလျန်း သိမ်းခိုင်းမယ်”
ယိုကျင့်သည် ထိုမျှ ငွေစုထားမှန်း အမျိုးသမီးစုမသိခဲ့ချေ။ ငွေများကို ထုတ်လာသည့်အခါ သူမ တအံ့တဩ ဖြစ်ခဲ့ရသည်။ သူမသည် ငါးလျန်းကို ယိုကျင့်၏ရင်ခွင်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“အမေတို့မိသားစုက မိန်းကလေးတွေချည်းပဲ။ ပြီးတော့ ခမ်းအာကလည်း ငယ်သေးတယ်။ အဲ့တော့ အမေတို့က အမျိုးသမီးအိမ်ရာ တည်မလို့လား။ ပြီးရင်ရော အိမ်ထောင်စုတည်ပြီး ဘယ်သွားကြမှာလဲ”
သာ့ဖန်းအင်ပါယာခေတ်၌ အမျိုးသမီးများသည် ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်ခွင့် ရှိသည့်အပြင် အမျိုးသမီးအိမ်ရာများ၏ အခွန်အခသည် ယောက်ျားလေးအိမ်ရာ အခွန်အခ၏ တ၀က်ထက် အနည်းငယ်သာ ပို၍ ကုန်ကျပေသည်။
“ထားပါတော့။ အမေနဲ့ ယွဲ့ချန်လုတို့ ကွာရှင်းစာသာ တရား၀င်အောင်လုပ်ရမယ်။ ပြီးကျရင် အမျိုးသမီးအိမ်ရာ တည်ပြီး တင်းယွမ်မြို့တော်က ထွက်သွားကြမယ်။ ဒီမြို့တော်က ချွေ့ဖုန်းရွာနဲ့ ဝေးပေမဲ့ ၀မ်ထောင်တို့ညီအစ်ကိုနဲ့ ဦးလေးသုံးတို့ မိသားစုရှိသေးတယ်။ ပြဿနာ မဖြစ်အောင် ဝေးဝေးသွားတာ ပိုကောင်းတယ်” ယိုကျင့်သည် အစကပင် ကြိုတွေးထားခဲ့ပေသည်။ ကွာရှင်းစာအား တရား၀င်ဖြစ်အောင် လုပ်ပြီး မြို့တော်၌ အခြေအနေ မေးမြန်းရန် ရက်အနည်းငယ် နေရဦးမည်ဖြ စ်သည်။ ထို့နောက် တင်းယွမ်မြို့တော်မှ အခြားမြို့တော်သို့ အိမ်ထောင်စု ရွှေ့ပြောင်းရန် ရုံးတော်ကို တောင်းဆိုရမည်။ ထိုသို့ဖြင့် သူမတို့သည်လည်း ယွဲ့မိသားစုနှင့် ဝေးရာသို့ သွားနိုင်ပေမည်။
“ဟုတ်တယ် အမေတို့က တစ်မိသားစုတည်း မဟုတ်မှတော့ တွေ့လည်း ကောင်းတာဖြစ်လာမှာ မဟုတ်လောက်ဘူး” အမျိုးသမီးစုသည်လည်း ထိုသို့တွေးထား၍ ယိုကျင့်ပြောသည့် အကြောင်းအရာအား အကျိုးသင့်အကြောင်းသင့်သည်ဟု တွေးပေသည်။ ထို့ကြောင့် သဘောတူလိုက်သည်။
သို့သော် တစ်ခါတစ်ရံ အချို့အရာများသည် မျှော်လင့်ထားသည်ထက် ပို၍လျင်မြန်စွာ ဖြစ်ပျက်ပေသည်။ နောက်တစ်နေ့ မနက်ခင်း၌ ယိုကျင့်သည် ရုံးတော်တွင် အိမ်ထောင်စုစာရင်း ပြင်ဆင်ရန် စီစဉ်ထားသော်လည်း အမျိုးသမီးဟန်နှင့် လမ်းပေါ်၌ မတော်တဆတွေ့ဆုံခဲ့လေသည်။
…
အပိုင်း (၄၂) အမျိုးသမီးဟန်ကို နှုတ်ဆက်ခြင်း
“ယိုကျင့်မလား၊ သမီးဘာလို့ မြို့ကို တက်လာတာလဲ”
အနည်းငယ် သင်္ကာမကင်းဖြစ်နေသည့် အမျိုးသမီးဟန်သည် ကောင်လေးတစ်ယောက်လို ဝတ်စားထားသည့် ယိုကျင့်ကို ကြည့်လိုက်၏။
“ ဒေါ်လေးက သမီးကို အဝေးကတည်းက မြင်နေတာ၊ အမြင်မှားတယ်လို့ထင်လိုက်တာ၊ သမီး ဘာလို့ မြို့ကို လာခဲ့တာလဲ”
ဟန်မိသားစု၏ ကုန်စုံဆိုင်သည် မနေ့ညက ယိုကျင့်တို့ တည်းခိုခဲ့သည့် လှည်းဆိုင်နှင့် တစ်လမ်းထဲတွင် ရှိနေသည်။ မနက်စာဝယ်ရန် ထွက်လာသည့် အမျိုးသမီးဟန်က မမျှော်လင့်ဘဲ ယိုကျင့်နှင့် သွားဆုံတော့သည်။
ယိုကျင့်သည် အမျိုးသမီးဟန်ကို ရှက်ရွံကာ ကြည့်လိုက်၏။ သူမသည် ဘယ်ကစပြောရမည်မသိ ဖြစ်နေလေသည်။ ထို့ကြောင့် အပေါ်ယံသာ ရှင်းပြလိုက်တော့သည်။
“ မြို့မှာ အရေးကြီး ကိစ္စလေး လုပ်စရာရှိလို့ပါ”
အမျိုးသမီးစုနှင့် ယွဲ့ချန်လုတို့ ကွာရှင်းသည့်ကိစ္စကို အမျိုးသမီးချန် မြန်မြန် ဆန်ဆန် သိသွားစရာအကြောင်း မရှိပေ။ ယိုကျင့်ကိုယ်တိုင်ကလည်း ရှင်းပြရန် ပျင်းနေတော့သည်။ ထို့ကြောင့် သူမသည် ထိုအကြောင်းကို မရေမရာ ခပ်ရေးရေးသာ ပြောချင်လေသည်။
“ သမီးလို ကောင်မလေးက မြို့မှ ဘာလုပ်နိုင်မှာလဲ၊ ဒေါ်လေးအိမ်မှာ လာထိုင်အုံး၊ တစ်ခုခုဆိုရင်လည်း သမီးရဲ့ဦးလေးကို ပြောလို့ရတယ်လေ၊ သူက မြို့မှာ အရာရောက်တဲ့သူတစ်ယောက်ပဲ”
အမျိုးသမီးဟန်သည် အနည်းငယ်ထူးဆန်းသည်ဟု ထင်လိုက်မိသည်။ သူမ၏မသိစိတ်က ယိုကျင့်ကို မလွှတ်လိုက်ချင်ပေ။ သူမသည် ယိုကျင့်၏ အင်္ကျီလက်ကို တင်းနေအောင် လှမ်းဆွဲထားလိုက်တော့သည်။
ယိုကျင့်သည် အမျိုးသမီးဟန်လက်ထဲက မလွှတ်နိုင်တော့ဘဲ ကြိတ်ကာ သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ပြောလိုက်တော့သည်။
“ ဒေါ်လေး သမီးအမေနဲ့ ယွဲ့ချန်လုတို့ ကွာရှင်းလိုက်ကြပြီ၊ သမီးတို့အားလုံး အမေ့နောက်လိုက်ခဲ့ကြပြီး ယွဲ့အိမ်က ထွက်လာခဲ့ကြတာ၊ သမီး အိမ်ထောင်စုစာရင်း လာသွင်းတာ”
“ ဘယ်လို ကွားရှင်းကြတယ်”
ခဏတာ အံ့ဩတကြီးဖြင့် အမျိုးသမီးဟန်၏အသံသည် မသိလိုက်ဘဲ အနည်းငယ် ကျယ်သွားတော့သည်။ သူတို့နှစ်ယောက်နားက ဆိုင်ထဲမှ အကြည့်တချို့ကို ဆွဲဆောင်လိုက်တော့သည်။
“ ဒေါ်လေးတို့ အိမ်ကထွက်လာတာ တစ်လတောင် မပြည့်သေးဘူးလေ၊ ရုတ်တရက်ကြီး ဘယ်လို ကွာရှင်းဖြစ်ကြတာလဲ”
ယိုကျင့်သည် သက်ပြင်းချလိုက်ပြီး
“ဒေါ်လေး၊ ဒါက ရုတ်တရက်ကြီးတဲ့လား၊ သမီး ထပ်မပြောချင်တော့ဘူး၊ သမီး အိမ်ထောင်စုစာရင်းသွင်းဖို့ ရုံးတော်ကို သွားရအုံးမယ်”
ထိုနောက်တွင် သူမသည် အမျိုးသမီးဟန်၏ ဖမ်းဆုပ်ထားသည့်လက်ကို လွှတ်လိုက်ချလေသည်။
အမျိုးသမီးဟန်က သူမကို မြန်မြန်ပြန်ဆွဲထားလိုက်ပြီး
“ သမီးက မိန်းမငယ်လေးတစ်ယောက်ပဲ၊ ရုံးတော်ထဲကို ဝင်ဖို့မလွယ်ဘူး၊ အဒေါ်မိသားစုရဲ့ ညီမလေးတစ်ယာက်ရဲ့ ယောက်ျားက ပွဲစားလုပ်နေတာလေ၊ အဒေါ် သမီးကို အကူအညီပေးလို့ရအောင် သူ့ဆီခေါ်သွားပေးမယ်”
အမျိုးသမီးဟန်သည် ဘာဖြစ်ခဲ့မှန်း မသိသော်လည်း ယိုကျင့်ကို ကူညီရန် မသိစိတ်က အလိုလိုပါးစပ် ဖွင့်ပြီးသား ဖြစ်သွားလေသည်။
သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ချိန်တွင် ယိုကျင့်လည်း ဒါက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလေသည်။ ထို့ကြောင့် သူမက သဘောတူလိုက်၏။ သူမ ထွက်မသွားသည်ကို မြင်လိုက်သဖြင့် အမျိုးသမီးချန်သည် ဆိုင်သို့ မြန်မြန်ပြန်လာပြီး လက်တိုလက်တောင်းခိုင်းသည့်ကောင်လေးကို မှာစရာရှိတာ မှာလိုက်လေသည်။ ထို့နောက်မှ သူမသည် ထွက်လာကာ ယိုကျင့်ကို ပွဲစားထံ ခေါ်သွားလိုက်တော့သည်။
ဟယ်မျိုးရိုးအမည်ရှိသည် ပွဲစားသည် အမျိုးသမီးဟန်က ဆွေမျိုးတစ်ယောက်အား ခေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ငွေများများ မတောင်းချေ။ ငွေလျန်း ၅စသာ တောင်းလေသည်။ တစ်နာရီအတွင်း တံဆိပ်ခေါင်းအနီ ထုထားသည့် ကွာရှင်းစာချုပ်နှင့် စုယိုကျင့်နာမည်နှင့် လျှောက်ထားသည့် အိမ်ထောင်စုဇယားကို ယူပြန်လာခဲ့လေသည်။
“ ကလေးမ နင်လိုချင်တာ ငါလုပ်ပေးခဲ့ပြီ၊ အားလုံးလည်း ရှင်းလင်းပြီးသား၊ ကိုင်း ဒါတွေကို သေသေချာချာ သိမ်းနော်”
ယိုကျင့်သည် စာရွက်ကို သေသေချာချာ ကြည့်လိုက်ပြီးနောက် သိမ်းထားလိုက်တော့သည်။
“ သမီးကိုယ်စား လုပ်ပေးခဲ့တဲ့အတွက် ဦးလေးဟယ်ကို ကျေးဇူးတင်ပါတယ်ရှင်”
ထို့နောက် သူမသည် နောက်သို့ပြန်လှည့်ကာ သူမကို စောင့်နေသည့် အမျိုးသမီးဟန်အား လေးလေးနက်နက် ဦးညွှတ်လိုက်၏။
“ ကျေးဇူးတင်ပါတယ် ဒေါ်လေး”
အမျိုးသမီးဟန်သည် ပြုံးကာ လက်ခါပြလိုက်ပြီး
“ ဒီလုပ်ကို သမီးလို ကလေးမလေးတစ်ယောက်အတွက် မလွယ်ကူဘူးလေ၊ ဒါကြောင့် ဒေါ်လေးက ကူညီပေးတာပါ၊ အခု ကိစ္စလည်း ပြီးသွားပြီဆိုတော့ သမီးရဲ့ ဒေါ်လေးကို သမီးရဲ့အမေဆီ ခေါ်သွားပေးပါလား”
နောက်ဆုံးတွင် ၁၅နှစ်လုံးလုံး ပြန်မတုံ့ပြန်တတ်သည့် အမျိုးသမီးစုကို သည်တစ်ကြိမ်တွင် အလွန်ခက်ခက်ခဲခဲ ပြန်တိုက်နိုင်အောင် လုပ်ခဲ့သည့်အရာကို အမျိုးသမီးဟန် သိချင်နေသေးသည်။
ယိုကျင့်သည် စဥ်းစားလိုက်ပြီးမှာ ခေါင်းညိတ်သဘောတူလိုက်တော့သည်။ ပွဲစား၏ဆိုင်မှ ထွက်လာပြီးနောက် သူမသည် အမျိုးသမီးဟန်ကို မြည်းလှည်းဆိုင်သို့ ခေါ်ပြန်လာခဲ့လေသည်။
***
ကွာရှင်းရလောက်သည့် အကြောင်းအရာကို အမျိုးသမီးစုက အလိုက်အထိုက် ရှင်းပြနေသည်ကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးဟန်သည် မကြားဖူးသည်ကို ကြားလိုက်ရသဖြင့် အနည်းငယ်တုန်ယင်သွားတော့သည်။
“ ဒါက ဒုတိယအစ်ကိုကြီးရ့ သားသမီးအရင်းတွေလေ၊ တကယ်ပဲ ရေနှစ်သတ်ချင်တာတဲ့လား၊ အိမ်မှာ အဲလောက်တောင် ခက်ခဲနေကြပြီလား”
ယွဲ့မိသားစုက လူအားလုံး၏ ရက်စက်မှုကို တွန်းလှန်နိုင်နေခဲ့သဖြင့် သူမသည် အမျိုးသမီးစုက မီးပုံထဲမှ ခုန်ထွက်လာသည်ကို စိတ်အေးသွားတော့သည်။
“ ဒါပေမဲ့ အခုတော့ အားလုံးကောင်းသွားပါပြီ၊ ရှင် ကလေးတွေနဲ့ ယွဲ့မိသားစုက ထွက်လာခဲ့ပြီ၊ အနည်းဆုံးတော့ ဒီကလေးနှစ်ယောက်အတွက် ကောင်းတဲ့ကိစ္စပါပဲ မဟုတ်ဘူးလား၊ ဒါဆို အနာဂတ်အတွက် ရှင်ဘယ်လို စဥ်းစားထားလဲ”
အမျိုးသမီးစုသည် ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
“ကျွန်မတို့တွေ နောက်တစ်ရက် နှစ်ရက်လောက်နေရင် တင်းယွမ်စီရင်စုကို သွားပြီး နောက်တစ်နေရာကို ပြောင်းနေမလို့၊ အရာအားလုံးကို အတိတ်မှာပဲ မြှုပ်ထားခဲ့တယ်လို့ မှတ်ရမှာပေါ့၊ ရှင် ဒီနေ့လည်း ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့ပါပြီ ဒါပေမဲ့ ကျွန်မတို့နဲ့ တွေ့ခဲ့တဲ့အကြောင်းကို လောင်စန်းကို ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့နော်၊ ကျွန်မတို့ ကိစ္စတွေကြောင့် ရှင့်ဘဝကို ထိခိုက်မှာ မလိုလားဘူး”
အမျိုးသမီးဟန်သည် သက်ပြင်းချလိုက်လေသည်။ မကြာခင်ကမှ သန်မာလာကြသည့် ပုခက်ထဲက ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီး သူမသည် အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
“ကျွန်မ သိပါတယ်၊ ရှင်တို့တွေ ဒီလောက်မြန်မြန်ကြီး ထွက်မသွားကြဘူးဆိုတော့ ကျွန်မ နောက်နှစ်ရက်နေရင် ထပ်လာခဲ့အုံးမယ်၊ တစ်ခုခုဖြစ်ရင် ကျွန်မကို ကျွန်မမိသားစုရဲ့ ဆိုင်မှာ ယိုကျင့်နဲ့ လာခေါ်ခိုင်းလိုက်နော်”
သမီးယောက်မနှစ်ယောက်သည် အတန်ကြာအောင် စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးဟန်သည် စိတ်နှင့်ကိုယ်မကပ်စွာ မြည်းလှည်းဆိုင်မှ ထွက်လာခဲ့တော့သည်။
နောက်နှစ်ရက် ကုန်သွား၏။ ယိုကျင့်သည် စီရင်စုအတွင်း လှည့်ပတ်သွားလာခဲ့ပြီး မြည်းလှည်းဆိုင်ရှင်နှင့် လာရောက်တည်းခိုကြသည့် ကုန်သည်များဆီမှလည်း သတင်းအများအပြား စုဆောင်းခဲ့လေသည်။ နောက်ဆုံးတွင် သူမသည် မိသားစုနှင့်အတူ တောင်ပိုင်းတင်းယွမ် စီရင်စုမြို့မှတစ်ဆင့် ၅ရက် ၊ ၆ရက်တာဝေးကွာသည့် လော့ဟယ်ပြည်နယ်သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ကုန်ခြောက်များကို ပြင်ဆင်ထားလိုက်ပြီး သန်ဘက်ခါတွင် တောင်ပိုင်းသို့ သွားမည့် ကုန်သည်အဖွဲ့ကို ကြိုအကြောင်းထားလိုက်လေသည်။ သူမသည် အပြန်အလှန် စောင့်ရှောက်ခြင်းဟု သတ်မှတ်နိုင်သည့် သူတို့၏ ကုန်သည်ယာဥ်တန်းနောက်မှ လိုက်ပါနိုင်ရန် ငွေတချို့ကို ပေးထားလိုက်လေသည်။
သူတို့ မထွက်ခွာခင် တစ်ညတွင် အမျိးသမီးဟန်သည် အထုပ်ကြီးတစ်ထုပ်ကို သယ်ကာ ညမှောင်မှောင်တွင် မြည်းလှည်းဆိုင်ကြီးသို့ ရောက်လာခဲ့လေသည်။
အထုပ်ကြီးကို ခုတင်ပေါ်တွင် တင်လိုက်ပြီးနောက် သူမ၏ရင်ဘတ်ထဲက အိတ်လေးတစ်ခုကို ထုတ်ကာ ယိုကျင့်လက်ထဲ အတင်းထည့်ပေးလိုက်လေသည်။
“သမီးတို့ အခုအချိန်မှာ ငွေတွေလိုနေမှာပဲ၊ ဒီငွေနည်းနည်းလေးက အများကြီး အကူအညီ ဖြစ်မှာမဟုတ်ပေမဲ့ အထုပ်ထဲမှာ ယိုဟယ်နဲ့ ဒေါ်လေးရဲ့ အဝတ်အစားတချို့ပါတယ်၊ နည်းနည်းတော့ ဟောင်းနေပြီဆိုပေမဲ့ ဝတ်လို့ရပါသေးတယ်၊ ဒေါ်လေးရဲ့ စေတနာလေးပါ”
ယိုကျင့်သည် လက်ထဲက လေးလံသည့်အိတ်လေးကို ကိုင်ထားလေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ် နီလာလေသည်။ အမျိုးသမီးဟန်သည် သူတို့မိသားစု၏ ဖြောင့်မတ်မှန်ကန်သည့် ကျေးဇူးရှင်ဟု အမှန်ပင် ဆိုနိုင်လေသည်။
“ ဒေါ်လေး ဒေါ်လေးရဲ့ ကြီးမားတဲ့စေတနာတွေကို သမီး အနာဂတ်မှာ အခွင့်အရေးရခဲ့ရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”
“ဒီကလေးကတော့ ဒေါ်လေးတို့က မိသားစုတစ်ခုထဲ ဖြစ်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား၊ ကျေးဇူးပြန်ဆပ်မယ် မဆပ်ဘူးတွေက မလိုပါဘူး”
အမျိုးသမီးဟန်သည် စကားနည်းနည်းပါးပါး ပြောပြီးနောက် ပြုံးကာ နှုတ်ဆက်ပြီး ပြန်သွားလေသည်။
“ ကောင်းပါပြီ၊ နောက်ကျနေပြီ၊ သမီးတို့ နားကြတော့ ၊ လော့ဟယ်ပြည်နယ်မှာ အခြေကျသွားရင် ဒေါ်လေးကို စာပို့ဖို့ မမေ့နဲ့နော်”
အမျိုးသမီးဟန်ပေးသည့် အိတ်ထဲတွင် ငွေလျန်း ၁၃လျန်း ပါလေသည်။ ဒါသည် သူမ နှစ်ပေါင်းများစွာ သီးသန့်စုဆောင်းလာခဲ့သည့် ငွေများဖြစ်ရမည်။ ငွေ ၁၃လျန်း မှာ တောရွာက မိသားစုတစ်ခုအတွက် နည်းသည့်ငွေပမာဏမဟုတ်မှန်း သိလေသည်။ အမျိုးသမီးဟန်သည့် သည်ငွေများ ပြန်မရမည်ကို သိထားသည့်တိုင် သည်လောက်များသည့်ငွေများကို ပေးလိုက်သေးသည်။ သူတို့သည် စိတ်ထဲတွင် မခံစားရဘူးဟုပြောလျှင် လိမ်ညာနေခြင်းပင်။
အမျိုးသမီးဟန် လက်ဆောင်ပေးခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် စုမိသားစုဝင် ၁၀ယောက်သည် မီးများကို မှိတ်လိုက်ပြီး စောစောအိပ်လိုက်ကြတော့သည်။ နောက်ဆုံး သူတို့သည် မနက်ဖြန်ကစပြီး ၅ရက် ၆ရက်တာခရီး ထွက်ရတော့မည်။ သူတို့၏အားများကို ပြည့်အောင်လုပ်ရပေမည်။
***
အမျိုးသမီးစု၏ခန္ဓာကိုယ်သည့် အားနည်းပြီးဖြစ်သည်။ ထို့အပြင် သူမသည် မီးတွင်းထဲက မထွက်ရသေးချေ။ မရပ်မနား ခရီးသွားခြင်း၏ နှိပ်စက်မှုကြောင့် ယိုကျင့်တို့ မိသားစုဆယ်ယောက် လော့ဟယ်ပြည်နယ် မရောက်ခင်မှာပင် အမျိုးသမီးစုသည် နေမကောင်း ဖြစ်တော့သည်။ အားနည်းဆုံးဖြစ်သည့် ခမ်းအာလည်း စဖျားလာတော့သည်။ တဒုတ်ဒုတ်ခုန်သည့် မြည်းလှည်းထဲတွင် ထိုင်ရင်း ဝန်စည်များကို မှီထားကာ ဖြူဖျော့နေသည့် အမျိုးသမီးစု၏မျက်နှာပေါ်တွင် အပြစ်ရှိသည့် အပြုံးတစ်ခုဖြင့်
“ ဒါတွေအားလုံး အမေ့အမှားတွေပါ၊ သမီးတို့ကို အမြဲတမ်း ဒုက္ခပဲပေးမိနေတယ်”
အငယ်လေးများသည် အလွန်ဝမ်းနည်းသွားပြီး ဘာလုပ်ရမည်မသိတော့ဘဲ မျက်ရည်ဝဲလာတော့သည်။ ယိုကျင့်လည်း အလွန်စိုးရိမ်နေမိ၏။ လက်ရှိတွင် သူတို့သည် ဘယ်မှသွားလာလို့ မရချေ။ သူမတို့ ဆန္ဒရှိလျှင်တောင် သမားတော်ကို ရှာလို့မရချေ။ သူမသည် အမျိုးသမီးစုနှင့် ကလေးများကို နှစ်သိမ့်ပေးခြင်းသာ လုပ်နိုင်တော့သည်။ အမျိုးသမီးစုသည် နောက်နှစ်ရက်လောက်အထိ သည်းခံထားရန် သူမကိုယ်သူမ အားတင်းထားခဲ့လေသည်။ ထို့နောက်တွင်တော့ ဝန်စည်လှည်းများသည် လော့ဟယ်ပြည်နယ်သို့ ဝင်ရောက်လာခဲ့လေသည်။
လော့ဟယ်ပြည်နယ်သို့ ဝင်လိုက်ပြီးနောက် ယိုကျင့်သည် လှည်းသမားကို ဆေးခန်းပို့ပေးရန် ချက်ချင်း တောင်းဆိုလိုက်လေသည်။ အမျိုးသမီးစု၏ခန္ဓာကိုယ်သည် အားနည်းသော်လည်း ကံအားလျော်စွာ နာတာရှည်ထိခိုက်မှု မရှိချေ။ ဆေးခန်းက ဆေးညွှန်းပေးလိုက်၏။ ဆေးခန်းက ဆေးကို သောက်လိုက်ပြီးနောက် သူတို့သည် လှည်းဆိုင်ကြီးတစ်ခုကို ရှာလိုက်ပြီး အခန်းကြီးတစ်ခန်းကို ငှားရမ်းလိုက်ကြလေသည်။ စုမိသားစုဝင်အားလုံးသည် လော့ဟယ်ပြည်နယ်တွင် ယာယီခြေချကာ အနားယူနိုင်ပြီဖြစ်သည်။
တင်းယွမ်စီရင်စုတွင် တွေ့ကြုံခဲ့ပြီးနောက် ယိုကျင့်သည် အတွေ့အကြုံများကို သင်ယူခဲ့ရသည်။ သူမသည် လှည်းဆိုင်ပိုင်ရှင်ထံတွင် အနီးအနားက ပွဲစားများကို စုံစမ်းလိုက်လေသည်။ သူမသည် လော့ဟယ်တွင် အခြေချလိုလျှင် အရင်ဆုံး အိမ်ထောင်စုစာရင်း သွင်းရမည်။ ထို့နောက်တွင်မှ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်မည်။
လော့ဟယ်ပြည်နယ်သည် အဓိကမြို့ကြီးတစ်ခု ဖြစ်၏။ ကျေးလက်ဒေသ၊ လူဦးရည်၊ ကျွယ်ဝမှုကလည်း တင်းယွမ်မြို့ထက် အဆပေါင်းများစွာ သာလေသည်။ ကုန်ကျစားရိတ်က တင်းယွမ်မြို့ထက် ပိုများသည်က သဘာဝပင်။ အိမ်ထောင်စုစာရင်းသွင်းခြင်းက ငွေ၂စ ကုန်ကျလေသည်။ သို့သော် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရှာဖွေလျှင်တောင် ယိုကျင့်မှာ အိမ်တစ်လုံး ဝယ်ဖို့တော့ မတတ်နိုင်ချေ။
သူမ၏ တွေဝေနေသည့်မျက်နှာကို ကြည့်ရင်း ပွဲစားက ပြောလိုက်လေသည်။
“ ကလေးမ ငါ့စျေးက အရမ်းကိုတန်ပါတယ်၊ ခြံဝင်းသေးသေးလေးနဲ့ အိပ်ခန်းတစ်ခန်းပဲပါတဲ့ လော့ဟယ်က အသေးဆုံးအိမ်တောင် ငွေလျန်း ၄၀ လောက်ကျတယ်”
ယိုကျင့်သည် ခေါင်းခါလိုက်ပြီး
“ ဦးလေးချန် ဒီစျေးက အရမ်းများတယ်၊ ကျွန်မ မြို့ထဲကအိမ်တွေကို ဝယ်မှာမဟုတ်ဘူး၊ မြို့ပြင်က အိမ်ကိုဝယ်ရလည်း အဆင်ပြေတယ်၊ တစ်ခုပဲ လော့ဟယ်မြို့နဲ့တော့ အရမ်းဝေးလို့မရဘူး”
“ လော့ဟယ်မြို့နဲ့ အရမ်း မဝေးဘူးဆိုရင် တစ်နေရာတော့ သိတယ်၊ မြို့အနောက်ဖက်ဂိတ်ကနေဆို ၅မိုင်လောက်ပဲ ဝေးမယ်၊ စျေးလည်းမကြီးဘူး၊ အပြင်မှာ မြေလွှတ်တစ်ဧကနဲ့ အခန်းသုံးခန်းပါတဲ့ ခြံကြီးတစ်ခုပဲ၊ စုစုပေါင်း ငွေ ၁၀စပဲ၊ ဘယ်လိုလဲ”
ပွဲစားချန်သည် ထိုအိမ်မျိုးကို အမှန်ပင် တွေးတတ်လေသည်။
“ ဘာလို့ အဲလောက်တောင်စျေးသက်သာတာလဲ”
ချွေ့ဖုန်းရွာမှာတောင် ငွေ ၁၀စနဲ့ ခြံဝင်းတစ်ခုပါတဲ့ ၃ခန်းတွဲအိမ်တစ်လုံး မရနိုင်ဘူးလေ။ မြေလွှတ်တစ်ဧကပါဆိုရင် ပြောစရာတောင်မလိုဘူး။ ယိုကျင့်သည် အပေါ်ယံခန့်မှန်းလိုက်လေသည်။
“ အိမ်မှာ တစ်ခုခု ဖြစ်ထားလို့လား”
ကလေးမလေးတစ်ယောက်ဖြစ်သဖြင့် ပွဲစားသည့် စျေးပေါသဖြင့် ချက်ချင်းဖမ်းဆွဲထားလိမ့်မည်ဟု ပွဲစားက ထင်ထားလေသည်။ သူမသည် ထိုမျှပါးနပ်လိမ့်မည်ဟုတော့ လုံးဝထင်မထားခဲ့ချေ။ ထို့ကြောင့် သူက မဖြေချင် ဖြေချင်ဖြင့် ပြောလိုက်တော့သည်။
“ ပြဿနာအကြီးကြီးတော့ မဟုတ်ပါဘူး၊ ဒီလိုပါ၊ မူလနေထိုင်တဲ့မိသားစုမှာ သမီးတစ်ယောက် ရှိတယ်လေ၊ သမက်တစ်ယောက်ရှာပြီး လက်ထပ်ပေးချင်ခဲ့တာ၊ အဲဒီသမက်က အပြင်မှာ ပွေရှုပ်လို့ဆိုပြီး အဲဒီအိမ်က မိန်းကလေးရဲ့ ဓားနဲ့ ထိုးသ-တ်တာခံလိုက်ရတယ်။ အဲဒီမိန်းကလေးကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လေ....”
ဝူလီချောင်က အိမ်သည် နှစ်အနည်းငယ်လောက် လွှတ်နေ၏။ ထိုအချိန်က ကိစ္စကြီးတစ်ခုပင်။ စုံစမ်းချင်သူတိုင်း သိနိုင်လေသည်။ ပွဲစားချန်က ဖုံးကွယ်မထားချေ။
“ ဒါပေမဲ့ ကလေးမ ငါ မင်းကိုပြောပြမယ်၊ အဲအိမ်က အုတ်အပြာ ၊ ကြွေပြားတွေနဲ့ ဆောက်ထားတဲ့အိမ်နော်၊ နှစ်တော်တော်ကြာတဲ့အထိ လွတ်နေပေမဲ့ အိမ်ကတော့ အပျံစားပဲ၊ သန့်ရှင်းရေး လုပ်ပြီးသွားရင် နေလို့ရသွားပြီ၊ နင် ဒါကို ကြိုက်သေးဘူးဆိုရင် စျေးကို ထပ်ညှိလို့ရပါသေးတယ် ဟုတ်ပြီနော်....”
“ ဒါဆိုရင် တစ်ချက်လောက် သွားကြည့်ရအောင်လေ”
ယိုကျင့်သည် သရဲတို့ နတ်တို့ကို အရင်က အယုံအကြည် မရှိခဲ့ချေ။ သို့သော် သူမ ကူပြောင်းလာပြီးနောက် သည်ကိစ္စများမှာ မဖြစ်နိုင်သည့်ကိစ္စတော့ မဟုတ်ချေ။ အဲဒီမိန်းကလေးက အကြင်နာမဲ့တဲ့ ယောက်ျားတစ်ယောက်ကို သတ်နိုင်တယ်ဆိုတော့ သူမက ကြောက်စရာကောင်းတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူမက သူတို့လို လူကြီးနဲ့ ကလေးတွေကိုတော့ အခက်တွေ့အောင် မလုပ်လောက်ပါဘူးလေ။
ပွဲစားချန်သည် သူ့လျှာကို သုံးကား ယိုကျင့်ကို ဆက်နားချချင်နေသေး၏။ မျှော်လင့်မထားဘဲ သူမက သွားကြည့်ရန် ခေါင်းညိတ်သဘောတူလိုက်လေသည်။ ချက်ချင်းလိုပင် သူသည် သွားဖြီးကာ ပြောလိုက်တော့သည်။
“ အိုး ကောင်းပါပြီ သွားစို့၊ အခုသွားကြည့်ကြမယ်”
ထိုအိမ်သည် ဝူလီချောင်ဟု ခေါ်သည့် ရွာစွန်တွင်ရှိသည်။ မြစ်တစ်ခုနှင့် ခြားထားလေသည်။ မြစ်အရှေ့ဖက်ခြမ်းတွင် ဝူလီချောင်ရွာသားအများစုက အတူတူနေထိုင်ကြလေသည်။ မြစ်၏ အနောက်ဖက်တွင်တော့ ဝူလီချောင်ရွာမှ မီတာ သုံး လေးရာအကွာတွင် သည်အိမ်ကြီးက သီးခြား ရှိနေလေသည်။ လူသေထားသည့် အိမ်တစ်လုံးဖြစ်သော်လည်း ပွဲစားချန်က သူမကို နှပ်မချပေ။ အရွယ်အစားက ယွဲ့မိသားစုအိမ်လောက်ရှိသည်။ အိမ်သည် နှစ်နှစ် သုံးနှစ်လောက် လွှတ်နေပြီး ခြံထဲတွင် ပေါင်းမြက်များ ထူနေသော်လည်း အိမ်၏ပင်ထောက်တိုင်က အကောင်းအတိုင်းရှိသေးကာ ကြံ့ခိုင်လေသည်။
ပွဲစားချန်နောက်မှ တစ်ပတ် နှစ်ပတ်လောက် လိုက်ပတ်ကြည့်လိုက်ပြီးနောက် ယိုကျင့်သည် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။ လူသေမှု ဖြစ်ထားသော်လည်း အိမ်က မဆိုးချေ။ တောင်များနှင့် မြစ်တို့က ဝန်းရံထားသည်။ အိမ်သည်လည်း အတန်အသင့်ကြီးမားပြီး မြေလည်း ပိုင်သေးသည်။ စျေးပေါပေါနှင့် ရလိုက်သည်က သေချာပေါက် အကောင်းဆုံးရွေးချယ်မှုပင်။
သူမ တော်တော် ကျေနပ်နေသည်ကို မြင်လိုက်ရသဖြင့် ပွဲစားချန်က ဝမ်းသာအားရ မေးလိုက်လေသည်။
“ မိန်းကလေးစု ငါ နင့်ကို မနှပ်ချဘူးနော် ဟုတ်တယ်မလား၊ ဒီအိမ်က တကယ်ကောင်းတာ”
သူသည် ဟိုတုန်းက သည်အိမ်ကို မှားဝယ်ခဲ့ခြင်းပင်။ နှစ်အနည်းငယ်ကြာပြီးနောက် မည်သူမှ သည်အိမ်အကြောင်း မမေးတော့ချေ။ အခုတော့ အိမ်တံခါးကို လာခေါက်သည့် အရူးတစ်ယောက် ရှိလာချေပြီ။ သူ့ငွေကို မဆုံးသ၍ သူသည် သည်အိမ်ကို လက်လွှတ်နိုင်လေသည်။
“ ဦးလေးချန် ဒီအိမ်က မနေတာ နှစ်နည်းနည်းကြာနေပြီ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့ ကျွန်မ ငွေတွေ အများကြီးသုံးရအုံးမှာ၊ ပြီးတော့ ဒီအိမ်က သိပ်တော့ ကံမကောင်းဘူး....”
ယိုကျင့်သည် အိမ်ကို ပတ်ကြည့်လိုက်ပြီးနောက် တွေဝေနေသည့်ဟန် ထုတ်ပြလိုက်လေသည်။
သူမက တွေဝေနေသည်ကို မြင်လိုက်ရသဖြင့် ပွဲစားချန်က မြန်မြန်ပြောလိုက်လေသည်။
“ မိန်းကလေးစု ဒီလိုဆိုရင်ကော၊ နင် တကယ်လိုချင်တယ်ဆိုရင် ငွေ၈စနဲ့ ပေးမယ်၊ ဒီထက်တော့ လျှော့လို့ မရတော့ဘူး၊ ငါ့မှာ ရုံးတော်ကို အိမ်ဂရံလည်း သွားယူပေးရအုံးမယ်၊ အိမ်အခွန်နဲ့တင် ငွေ ၁စ ၂စလောက် ကျနေပြီ”
“ ငွေ ၇စ ၊ ဦးလေး အဆင်ပြေတယ်ဆိုရင် ကျွန်မ ဒီအိမ်ကို ဝယ်မယ်”
ငွေတစ်ပြားလည်း တစ်ပြား ချွေတာရမည့်အသိဖြင့် ယိုကျင့်သည် စျေးကို နောက်ထပ် ငွေတစ်စ ချလိုက်လေသည်။
ပွဲစားချန်သည် သူမက အိမ်ကို အမှန်တကယ် လိုချင်နေမှန်း သိလေသည်။ သည်သရဲခြောက်သည့်အိမ်ကို မည်သူမှ မဝယ်မှာလည်းစိုးသည်။ သူသည် သည်အခွင့်အရေးနှင့် လွဲသွားပြီး ပွဲပျက်
သွားမည်ကိုလည်း စိုးသည်။ ထို့ကြောင့် သူသည် ဆတ်ခနဲ ခေါင်းညိတ်လိုက်တော့သည်။ နှစ်ယောက်သားသည့် မြို့ဆီသို့ ပြန်လာခဲ့ကြ၏။ သူတို့သည် နေ့လယ်ခင်းတွင် အိမ်ဂရံကို လဲလှယ်ခဲ့ကြသည်။ တစ်နေ့ထဲတွင် ယိုကျင့်သည် စုမိသားစုဝင် ဆယ်ယောက်၏ နေရာထိုင်ခင်းအတွက် စီစဥ်ပြီးသွားခဲ့လေသည်။
….