အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အပိုင်း (၄၃) အိမ်ရွှေ့ပြောင်းခြင်း
အိမ်၀ယ်ပြီးသော်ငြား နှစ်ပေါင်းများစွာ ပစ်ထားသည့် အိမ်ဖြစ်သောကြောင့် သန့်ရှင်းရေးလုပ်ရမည်မှာ အလွန်များပေသည်။
ကောက်စိုက်ရာသီဖြစ်သောကြောင့် ဝူလီချောင်ရှိ ရွာသူရွာသားများသည် မြစ်ကမ်းဘေးရှိ လယ်ကွင်းများ၌ အလုပ်လုပ်နေကြသည်။ သုံးနှစ်ကျော်မျှ စွန့်ပစ်ထားခဲ့သည့် ချင်မိသားစုအိမ်၌ သူစိမ်းများ စုဝေးနေသည်ကိုမြင်၍ အနည်းငယ် သိချင်စိတ်ပြင်းပြမိကြသည်။
“ချင်မိသားစုရဲ့အိမ်က ဒီလောက်နှစ်တွေ အကြာကြီးပစ်ထားတာကို ဘာလို့ အဲ့မှာ လူတွေရှိနေရတာလဲ”
ရွာသားများသည် သိချင်ကြသော်လည်း ထိုနေရာသို့ သွားရောက် မစုံစမ်းရဲကြပေ။
ယိုကျင့်သည် ယိုကျူးနှင့် ယိုပေါင်ကို သန့်ရှင်းရေးလုပ်ရန် ခေါ်လာခဲ့သည်။ သူမသည် ထိုအိမ်သို့ မသွားခင် စက္ကူဆိုင်သို့ အမွှေးတိုင်များနှင့် ငွေစက္ကူများ ၀ယ်ရန် သွားခဲ့သည်။
ချင်မိသားစုအိမ်၏ တံခါး၀သို့ရောက်သည်နှင့် ညီအစ်မသုံးယောက်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ အမွေးတိုင်ထွန်းရင်း စက္ကူမီးရှို့ကြလေသည်။ ထိုသို့ပြုလုပ်နေစဉ်အတွင်း ယိုကျင့်သည် တစ်ယောက်တည်း တီးတိုးပြောနေခဲ့သည်။
“အမျိုးသမီးချင် ရှင်က မသမာတဲ့သူကို ကိုယ့်လက်နဲ့ ကိုယ်တိုင် သတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ ကျွန်မကို တစ်ယောက်ယောက်က ပြောလိုက်တယ်။ တကယ်မိုက်တယ်လို့ ထင်မိတယ်။ ကျွန်မတို့လဲ အဲ့လို မီးတွင်းကနေပဲ ခုန်ထွက်လာခဲ့တာ။ ပိုက်ဆံမရှိလို့သာ ရှင့်အိမ်ကို ၀ယ်ခဲ့ရတာပါ။ အဲဒါကြောင့် ကျွန်မတို့အပေါ် အာဃာတ မထားပါနဲ့နော်။ ရှင့်အတွက် တစ်ယောက်ယောက်များ အရင်က ငွေစက္ကူ ရှို့ပေးဖူးလား မသိပေမဲ့ တကယ်လို့ ကျွန်မလုပ်ပေးတာကို တွေ့ရင် ကောင်းမွန်တဲ့ မိသားစုမှာ အမြန်၀င်စားနိုင်ဖို့ ဆုတောင်းပေးပါတယ်။ အဲ့လူယုတ်မာလည်း သေသွားပြီဆိုပေမဲ့ သူလဲ ကောင်းကောင်း နေရမှာမဟုတ်ဘူး.....”
(ငွေစက္ကူက တကယ့်ငွေကို ပြောတာမဟုတ်ပါဘူး။ တရုတ်လူမျိုးတွေက ကွယ်လွန်ပြီးလူအတွက် ဆုတောင်းပေးတဲ့ နေရာမှာသုံးတဲ့ ငွေရောင်စက္ကူလေးတွေပါ။ အဝိုင်းပုံလေးတွေ ရှိပါတယ်။ အခြားပုံလဲ ရှိလောက်ပေမဲ့ အဝိုင်းပဲတွေ့ဖူးတယ်)
ယိုကျူးနှင့် ယိုပေါင်သည် အစ်မဖြစ်သူ ပြောသမျှကို နားထောင်ကာ ငွေစက္ကူများ ရှို့ပေးနေခဲ့သည်။ ထိုသို့ ပြုလုပ်နေရသည့် အကြောင်းအရင်းကို မသိသော်လည်း ပေးထားသည့်တာ၀န်ကို ကျေပွန်အောင် ပြုလုပ်နေဆဲ ဖြစ်သည်။
စက္ကူမီးရှို့ပြီးချိန်၌ ယိုကျင့်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် ခြံထဲရှိ ပေါင်းပင်များကို ရှင်းလင်းတော့သည်။ ရှင်းလင်းပြီးသည့် အပင်များကို အပြင်၌ပုံထားလိုက်ကြသည်။ ခြံအရှေ့ပိုင်းအား ရှင်းလင်းပြီးချိန်၌ မနက်ခင်းတစ်ပိုင်းစာ အချိန်ကုန်သွားပြီဖြစ်လေသည်။
ယိုကျူးသည် တံစက်မြိတ်အောက်၌ လှဲနေရင်း မောဟိုက်နေ၏။
“စန်းကျဲ မဟုတ်ဘူး။ မမကြီး ကျွန်မတို့သုံးယောက် ဒါကြီးကိုရှင်းဖို့ ဘယ်လောက်ကြာဦးမှာလဲ”
မိသားစု၏မျိုးရိုးနာမည်သည် “ယွဲ့”မှ “စု”အဖြစ် ပြောင်းလဲသွားသည့်အလျောက် မိသားစုအတွင်းရှိ ယိုကျင့်၏နေရာသည်လည်း တတိယအစ်မဖြစ်သူနေရာမှ အကြီးဆုံးအဖြစ် တိုးသွားလေသည်။
ယိုကျင့်သည် အတတ်နိုင်ဆုံး အမြန်ရှင်းလင်းခဲ့ပေသည်။ သို့သော် ပင်မခန်း၊ အရှေ့ခန်းနှင့် အနောက်ခန်းအပြင် မီးဖိုချောင်ပါ ရှိသေးပေသည်။ ယိုကျင့်သည် လက်မြှောက်ကာ ခေါင်းခါလိုက်တော့သည်။
“အစ်မတို့သုံးယောက်တည်းဆို ရှင်းဖို့ ရက်တော်တော်ကြာမှာ။ မနက်ဖြန်ကျမှ ရွာသူကြီးဆီ အကူအညီ တောင်းကြည့်မယ်။ အဲ့ကျမှ ရွာထဲက လုပ်တတ်ကိုင်တတ်တဲ့ ဒေါ်လေးအချို့ကို အကူအညီ တောင်းကြတာပေါ့”
ညီအစ်မသုံးယောက်သည် ညနေအထိ အလုပ်များနေခဲ့ကာ မြို့ထဲသို့ ပင်ပန်းစွာ ပြန်လာခဲ့ကြသည်။ သူမတို့သုံးဦး ထွက်သွားပြီးချိန်၌ လောင်ကျွမ်းပြာကျပြီးသော ငွေစက္ကူစအချို့ပေါ်သို့ လေပြေတစ်ချက် ဖြတ်တိုက်သွားလေသည်။ အေးဆေးတည်ငြိမ်လှသည့် အမျိုးသမီးပုံရိပ်တစ်ခုသည် သက်ပြင်းချကာ လေပြေနှင့်အတူ လွင့်ပြယ်သွားတော့သည်။ ထိုသို့ဖြင့် ခြံရှိ အုံ့မှိုင်းနေသော လေထုသည်လည်း ပျောက်ကွယ်သွားတော့သည်။
.........
နောက်တစ်နေ့မနက်အစော၌ ယိုကျင့်သည် ယိုကျူး၊ ယိုပေါင်တို့နှင့်အတူ ထပ်မံထွက်သွားပြန်သည်။ ယနေ့တွင် သူမတို့သုံးဦးသည် လမ်းပေါ်ရှိ ကြက်ဥခြင်းတစ်ခြင်းကို ၀ယ်ကာ နွားလှည်းဖြင့် ဝူလီချောင်ရွာသို့ သွားလေသည်။
ရွာသို့ရောက်သည်နှင့် ယိုကျင့်သည် ယိုကျူးနှင့် ယိုပေါင်တို့အား ခေါ်ကာ ရွာသူကြီး၏အိမ်ကို ရှာဖွေမေးမြန်းတော့သည်။
ဝူလီချောင်ရွာ တည်ထောင်ခဲ့သည်မှာ နှစ်သုံးဆယ်ကျော်ပြီဖြစ်သည်။ ရွာ၌ မျိုးရိုးနာမည်များစွာဖြင့် မိသားစုများစွာ နေထိုင်ကြလေသည်။ ယွဲ့မျိုးရိုးများသာ ရှိသည့် ချွေ့ဖုန်းရွာနှင့် ကွာခြားလှသည်။ ထို့ကြောင့် ဤရွာတွင် ရွာသူကြီး၏ဂုဏ်ပုဒ်သည် မြင့်မားလှသည်။ ဝူလီချောင်ရှိ ရွာသူကြီး၏အမည်မှာ ဟယ်ဟောက်ဖြစ်သည်။ သူသည် အသက်လေးဆယ်နားကပ်နေသည့် အသားလတ်လတ် ဖျတ်လတ်တက်ကြွသူ ဖြစ်သည်။ ယိုကျင့်သည် ချင်မိသားစုအိမ်ကို ၀ယ်လိုက်ကြောင်း ကြားသည်နှင့် သူသည် ထိတ်လန့်သွားတော့သည်။
“မင်းတို့ ပွဲစားဆီက အလိမ်ခံရတာလား။ မင်းတို့မသိလို့နော်။ ချင်မိသားစုက....”
ယိုကျင့်သည် ခေါင်းရမ်းကာ ငြင်းဆိုလိုက်သည်။
“ကျွန်မသိပြီးသားပါ။ ဒီတိုင်းအိမ်လေးတစ်လုံးပါပဲ။ တကယ်လို့ အမျိုးသမီးချင်ရဲ့ ဝိညာဉ်သာရှိသေးရင်လည်း ကျွန်မတို့လို မုဆိုးမနဲ့ အဖမဲ့နေတဲ့ ကလေးတွေပဲ ရှိတဲ့မိသားစုလေးကို ဒုက္ခမပေးလောက်ပါဘူး”
သူမထိုသို့ပြောသည့်အတွက် ဟယ်ဟောက်လည်း ဘာမှထပ်မပြောဘဲ မေးလိုက်တော့သည်။ “အဲဒါဆို ဒီနေ့ဘာကိစ္စရှိလို့ လာရှာတာလဲ။ တစ်ခုခု ကူပေးစရာများရှိလား” မုဆိုးမတစ်ဦးတည်း ဦးဆောင်သော မိသားစုမှာ မလွယ်ကူကြောင်း ဟယ်ဟောက် သိပေသည်။ ထို့အပြင် ရွာသူရွာသားများ၏ ရှိရင်းစွဲ ကြင်နာတတ်မှုကြောင့် ယိုကျင့် အကူအညီ မတောင်းလျှင်ပင် ကူညီနိုင်သမျှ ကူညီပေးမည် ဖြစ်သည်။
ယိုကျင့်သည် အမှန်ပင် အကူအညီတောင်းစရာရှိခဲ့သည်။ ရွာသူကြီးမှ ထိုသို့ စကားစလာသည့်အတွက် စကားအသွားအလာအတိုင်းသာ ပြောဆိုတော့သည်။
“ဒီနေ့ တကယ်ပဲ အကူအညီတောင်းမလို့ပါ။ သမီးတို့မိသားစုတွေက ကျန်းမာရေးမကောင်းတဲ့ ကလေးတွေချည်းပဲ ရှိတာပါ။ အိမ်က ပစ်ထားတာ ကြာပြီဆိုတော့ ရှင်းဖို့က တော်တော်ခက်ပါတယ်။ ရွာသူကြီးကများ ရွာထဲက ဦးဦးနဲ့ ဒေါ်လေး လေးငါးခြောက်ယောက်လောက်ကို အကူအညီတောင်းဖို့ ရှာပေးလို့ ရမလားလို့ပါ။ ကျွန်မတို့မိသားစုက မချမ်းသာပေမဲ့ လက်ဗလာနဲ့တော့ မလုပ်ခိုင်းပါဘူး။ တစ်ရက် ငါးယွမ်ပေးရင်ရော အဆင်ပြေလောက်လား”
“အိမ်ရှင်းဖို့လေးပဲ လူနည်းနည်းလောက်ဆို တစ်ရက်တည်းနဲ့ ပြီးပါတယ်။ ဘာကိစ္စ ပိုက်ဆံကို ထည့်ပြောနေရတာလဲ” ရွာသူကြီးသည် အားရပါးရ ရယ်မောလေသည်။
“အရင်သွားနှင့်ပါ။ ကူညီမဲ့ ရွာသားတွေကို ဦးလေးရှာပေးမယ်” ဟယ်ဟောက်သည် ထိုအိမ်ရှိ လူသတ်မှုကြောင့် အနည်းငယ် ခြောက်လှန့်နေနိုင်သည်ဟု တွေးမိသဖြင့် ဆယ်ကျော်သက် နှစ်ဆယ်နားနီးနေသော လူငယ်လေးများကို ရှာပေးလိုက်သည်။
လူငယ်လေးများ၏ အကူအညီကြောင့် ယိုကျင့်တွေ့ခဲ့သော ပေါင်းပင်များနှင့် ပြည့်နေသည့် စုမိသားစု၏ အိမ်အသစ်သည် လုံး၀ပြောင်းလဲသွားပေသည်။ အခန်းများ၏ ထောင့်တိုင်းရှိ ပင့်ကူအိမ်များသည်လည်း ရှင်းလင်းသုတ်သင်ပြီး ဖြစ်သည်။ ချင်မိသားစု ကျန်ရစ်ခဲ့သော အိပ်ရာခင်းနှင့် အ၀တ်များသည်လည်း မီးရှို့ရှင်းလင်းပြီပြီဖြစ်သည်။
ယိုကျင့်သည် ကတိပေးထသည့်အတိုင်း တစ်ယောက်ချင်းစီအတွက် ငွေကို တွက်လိုက်သည်။ တာ၀န်အတိုင်း ကျေပွန်စွာ လုပ်ပေးသွားသည့် လူငယ်လေးများ မထွက်ခွာမီပင် ရွာသူကြီးအား ယွမ်လေးဆယ် ပေးလိုက်လေသည်။ သူမသည် ပြောင်းလဲသွားသည့်အိမ်ကို ခါးထောက်ကာ ကျေနပ်စွာကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ “မနက်ဖြန် အိမ်မှာ ပြောင်းနေလို့ရပြီ”
“ဒါပေမဲ့ မမကြီး အိမ်မှာ အိပ်ရာခင်းမပြောနဲ့ ထမင်းအိုး၊ ဒယ်အိုးတွေတောင် မရှိဘူး” ထိုအချိန်၌ပင် ယိုကျူးသည် သူမအပေါ်သို့ ရေအေးများ ဆက်လက်လောင်းချတော့သည်။ “ထင်းတောင် မရှိဘူး”
“အဟွတ် ဟွတ်” ယိုကျင့်သည် ချောင်းခြောက်အနည်းငယ် ဆိုးလိုက်လေသည်။
“မနက်ဖြန်မနက်ကျ မမကြီး ၀ယ်လိုက်ပါ့မယ်။ နေ့လယ်လောက်ကျ ဒီကိုပြောင်းလာပြီး မနက်ဖြန်ညကျ ဝူလီချောင်မှာ အိပ်ကြမယ်လေ” ထိုသို့ပြောပြီးသည်နှင့် ယိုကျူးသည် အိမ်တံခါးပိတ်ကာ ယိုကျူးနှင့် ယိုပေါင်တို့ကို ခေါ်ပြီး လော့ဟယ်စီရင်စုသို့ ပြန်သွားကြလေသည်။
ညအချိန်၌ ယိုကျင့်၊ ယိုရင်နှင့် အမျိုးသမီးစုတို့သည် ကလေးများ အိပ်မောကျချိန်ကို အခွင့်ကောင်းယူကာ ပိုက်ဆံတွက်ကြတော့သည်။
ယိုကျင့်သည် သူမ၌ ကျန်သည့်ပိုက်ဆံများကို ထုတ်လိုက်သည်။ “အိမ်၀ယ်တာက ခုနှစ်လျန်း၊ စာရင်းသွင်းတာက နှစ်လျန်း၊ အရင်ရက်တွေက ဟိုဟိုဒီဒီ ကုန်တာက သုံးလျန်း၊ သမီးမှာ ခုနှစ်လျန်းလောက် ကျန်သေးတယ်”
ယိုရင်သည်လည်း သူမ၌ ရှိသည့်ငွေကို သုံးလိုက်ရသေးသည်။
“အရင်နှစ်ရက်က အမေတို့ ဆေးဖိုးနဲ့ တစ်လျန်း ကုန်သွားတယ်။ သမီးမှာလည်း သိပ်မကျန်တော့ဘူး”အမျိုးသမီးစုနှင့် ယိုရင်တို့ရှိ ငွေပမာဏသည် မများပြားပေ။ သူမတို့၌ စုစုပေါင်း ဆယ့်ငါးလျန်းသာ ရှိပေသည်။
“ဆယ့်ငါးလျန်း ကျန်သေးတယ်။ မနက်ဖြန် ဆန်တွေ ဟင်းသီးဟင်းရွက်တွေ ဒယ်အိုးတွေ ၀ယ်ရမှာ သုံးလျန်းကနေ ငါးလျန်းလောက်ထိ ကုန်လောက်မယ်။ အဲဒါဆို သမီးတို့မှာ ဆယ်လျန်းကျန်သေးတယ်။ အဲ့လောက်လည်း ငွေမကြပ်သေးပါဘူး” ယိုကျင့်သည် ငွေကို တွက်ချက်လိုက်ကာ အဆင်ပြေသည်ဟု တွေးလိုက်သည်။
“အမေနဲ့ယိုရင်တို့ အိပ်သင့်ပြီ။ မနက်ဖြန်ကျ အိမ်ပြောင်းဖို့ စောစောထရမယ်”
မနက်အစော၌ ယိုကျင့်သည် အစောဆုံး ထသည့်သူဖြစ်ပေသည်။ သူမသည် ယိုကျူးကို ခေါ်ကာ လှည်းဈေးမှ အနောက်ဈေးသို့ သွားလေသည်။ နေထိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ပြီးနောက် လှည်းထဲ၌ ဖြည့်လိုက်သည်။ ထို့နောက် လှည်းသမားအား သူမတို့လာခဲ့သည့် လှည်းရပ်နားစခန်းသို့ ပြန်ပို့ရန်ပြောလိုက်သည်။ နွားလှည်းတစ်စီး ထပ်မံငှားပြီးနောက် ထိုလှည်း၌ စုမိသားစု၀င်များနှင့် အိတ်ကြီးအိတ်ငယ်များက နေရာယူလိုက်ကြပြီး သုံးရက်တာမျှ နေခဲ့သည့် နေရာအား စွန့်ခွာကာ သူမတို့၏အိမ်အသစ်သို့ သွားရောက်ကြလေသည်။
......
ယိုကျင့်သည် အိမ်၀ယ်ပြီးချိန်၌ အမျိုးသမီးစုကို အိမ်၏အခြေအနေကို ပြောပြထားလေသည်။ အမျိုးသမီးစုသည် သူမတို့၏ လက်ရှိအခြေအနေကို နားလည်ပေသည်။ ခုနှစ်လျန်းနှင့် အိမ်တစ်လုံး ၀ယ်နိုင်သည်ကပင် ကံကောင်းလွန်းလှပေသည်။ သူမသည် ကြောက်လန့်တုန်လှုပ်ဖွယ်အိမ်ကြီးအား စိတ်ကူးယဉ်ထားသော်လည်း အိမ်ကိုမြင်သည့်အခါ သူမ၏သံသယများနှင့် စိုးရိမ်ကြောင့်ကြမှုများသည် လွင့်ပြယ်သွားတော့သည်။
“တကယ်လို့ လူသတ်မှုကြောင့်သာ မဟုတ်ရင် ဒီလို အိမ်ကောင်းကို၀ယ်ဖို့ဆို လျန်းနှစ်ဆယ်လောက် ပေးရလောက်တယ်မလား”
လှည်းသမားများသည် သူမတို့၏ပစ္စည်းများကို ခြံ၀န်းထဲသို့ ချပေးကြသည်။ ယိုကျင့်သည် ကျသင့်ငွေကို ပေးချေပြီးနောက် သူတို့သည် စုမိသားစု၀င်များကို ချန်ကာ ထွက်သွားကြတော့သည်။
ယိုကျင့်သည် အမျိုးသမီးစု၏စကားများကို ပျော်ပျော်ရွှင်ရွှင် ဖြေကြားလေသည်။
“အိမ်က တကယ်ကောင်းတာ အမေရဲ့။ ပင်မခန်းထဲမှ အမေက ခမ်းအာနဲ့ အငယ်လေးကို ခေါ်ပြီးနေလေ။ ကျန်တဲ့နှစ်ခန်းကတော့ သမီးတို့ သင့်တော်သလို ခွဲနေလိုက်မယ်။ အဲ့လိုဆို သမီးတို့ လူဆယ်ယောက် ကောင်းကောင်းနေလို့ရပြီ” စုမိသားစု၀င်များသည် ငယ်ရွယ်ကြသော်လည်း အတူပူးပေါင်း လုပ်ကိုင်ကြလေသည်။ ခြံထဲရှိ ရေတွင်းမှ ရေများသယ်ယူကာ ခုတင်များ၊ ထိုင်ခုံများ၊ စားပွဲများအပြင် ပင်မခန်းထဲရှိ ခုံတန်းလျားများကိုပါ တိုက်ချွတ်ဆေးကြောခဲ့သည်။ ထို့နောက် ကြမ်းခင်းများနှင့် အိပ်ရာခင်းများကို ခင်းကျင်းကြလေသည်။
ယိုကျင့်သည် မီးဖိုချောင်၌ ပစ္စည်းများကို တစ်ခုချင်း ထုတ်လိုက်သည်။ ထို့နောက် အနောက်ခြံ၀န်းရှိ ချင်မိသားစု ကျန်ရစ်ခဲ့သော ထင်းပုံမှ ထင်းခြောက်အနည်းငယ်ကို ယူကာ မီးမွှေးပြီး စတင်ချက်ပြုတ်တော့သည်။ လေအေးမိမည်စိုး၍ သမီးဖြစ်သူများမှ အလုပ်လုပ်ရန် တားမြစ်ခံရသည့် အမျိုးသမီးစုမှလွဲ၍ တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသည်။ နှစ်နှစ်အရွယ် ရှိသေးသည့် ရှောင်ချီသည်ပင် ယိုကျင့်၏ နောက်မှနေ၍ တောက်တိုမယ်ရ ကူညီပေးလေသည်။ ယွဲ့မိသားစု၌ ရှိစဉ်ကကဲ့သို့ အလုပ်ရှုပ်နေကြသော်လည်း လူတိုင်း၏ မျက်နှာပေါ်ရှိ တောက်ပသည့် အပြုံးလေးများက ကွာခြားမှုအဖြစ် တည်ရှိနေသည်။ တစ်ယောက်ချင်းစီ၌ အနာဂတ်အတွက် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
မြစ်၏အနောက်ဘက်ခြမ်းရှိ ချင်မိသားစုအိမ် တံခါး၀ရှေ့သို့ လူပြည့်နေသည့် လှည်းနှစ်စင်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် မြစ်ဘေး၌ စိုက်ပျိုးရေး လုပ်နေကြသည့် ရွာအမျိုးသမီးများသည် သိချင်စိတ် ပြင်းပြလာကြသည်။
“မကြောက်မရွံ့နဲ့ ထပ်ပြီး လာနေကြပြန်ပြီလား။ လောင်ချင်တို့မိသားစုရဲ့ ကိစ္စသာ ပြန်ဖြစ်ရင် သူတို့တွေ တစ်ခုခုဖြစ်မှာ မစိုးရိမ်ကြဘူးလား”
“မသိပါဘူးအေ။ ဟိုနေ့က သူကြီးက ကူဖို့ခေါ်လို့ ငါ့သားတော့ လိုက်သွားတာပဲ။ ပြောတာတော့ သူတွေ့တဲ့ ကလေးမလေးသုံးယောက်က ချမ်းသာတဲ့မိသားစုက သခင်မလေးတွေလိုတော့ မဟုတ်ဘူးတဲ့။ သူတို့နေဖို့ ဈေးပေါပေါပဲပဲလေး ရှာဝယ်လိုက်တာနေမှာပေါ့” အသက်လေးဆယ်အရွယ် အမျိုးသမီးသည် ထိုအမျိုးသမီး အနောက်မျက်စောင်းထိုးမှနေ၍ တံတောင်ဖြင့် တွတ်လိုက်သည်။
“လောင်ချင်ရဲ့သမီးက ပြန်လာပြီး ကုပ်ချိုးမှာ မကြောက်ဘူးလား။ ကလေးမတွေက ဇမသေးဘူးပဲ”
ယခင်က ချင်မိသားစုအိမ်ကို လာကြည့်ကြသည့် လူများ ရှိခဲ့ဖူးသည်။ ထိုအိမ်သည် လက်ရှိပေါက်ဈေးထက် တ၀က်မျှ ဈေးသက်သာသည့်အပြင် တံခါးရှေ့၌ စိုက်ပျိုးရန် လယ်ဧကများ ရှိပေသည်။ သတ္တိရှိသူများအတွက် ထိုအရာသည် အလွန်ကောင်းမွန်ပေသည်။ တစ္ဆေသရဲများကို မယုံကြည်သည့် လူများသည် ထိုအိမ်ကို ၀ယ်ရန် ရယ်ရွယ်ထားသော်လည်း အကြောင်းအရင်းမရှိ ဖျားနာကုန်ကြသည်။ ထိုသို့ဖြင့် ချင်မိသားစု၏အိမ်သည် ခြောက်လှန့်တတ်သည်ဟု သတင်းများ ပျံ့သွားတော့သည်။ ထိုအိမ်သည် စွန့်ပစ်ခံအိမ်အဖြစ်သာ ရှိတော့မည်ဟု ထင်ထားခဲ့သည်။ မထင်မှတ်စွာပင် သေမည်ကိုပင် မကြောက်ဘဲ ထိုအိမ်ကို ၀ယ်ကာ လာရောက်နေထိုင်ရဲသည့် လူရှိသေးသည်။
“ဟဲရှန်ရဲ့မိန်းမ မင်းရော သွားမကြည့်ချင်ဘူးလား” ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ဦးသည် ခုနကပင် ပြောခဲ့သော အမျိုးသမီးလင်းကို မေးလိုက်သည်။ ငယ်ရွယ်သူများသည် စွန့်စားရဲသူများ ဖြစ်ကြသည်။
ဟဲရှန်၏ ဇနီးဟု လူသိများသည် အမျိုးသမီးသည် ခေါင်းကို အလျင်စလို ခါရမ်းလိုက်သည်။
“အဲ့လိုအိမ်မျိုးကို မသွားရဲပါဘူး။ သွားချင် ကိုယ့်ဘာသာသွား” အမျိုးသမီးလင်းသည် နတ်ဘုရားနှင့် သရဲတစ္ဆေများကို ကိုးကွယ်ယုံကြည်သူဖြစ်သည်။ ငါသွားလို့ ကျိန်စာမိခဲ့ရင် ဘယ်လိုလုပ်မလဲ။
မြစ်၏ အနောက်ဘက်ခြမ်းရှိ စုမိသားစု၀င်များသည် သူမတို့ကိုယ်တိုင် ဝူလီချောင်၏ အတင်းသတင်း ဖြစ်ခဲ့မှန်း မသိခဲ့ပါချေ။ သူမတို့သည် အိမ်မှုကိစ္စများအတွက် အလုပ်များနေခဲ့ပြီး သန့်ရှင်းရေးလုပ်ကာ အိပ်ရာခင်းရန် လိုသေးပေသည်။ အမျိုးသမီးစုသည် ပင်မအခန်းထဲ၌ မွေးကင်းစကလေးနှစ်ဦးကို ပွေ့ချီထားပေသည်။ ယိုကျင့်သည် ယိုလင်၊ ယိုလော့နှင့် ယိုချောင်တို့ကို ခေါ်ကာ အရှေ့ဘက်ခြမ်း၌ နေကာ ယိုရင်သည် ယိုကျူးနှင့် ယိုပေါင် အမြွှာညီမကိုခေါ်ကာ အနောက်ဘက်ခြမ်း၌ နေလေသည်။
ချင်မိသားစု ကွယ်လွန်ပြီးနောက် စားပွဲများ၊ ထိုင်ခုံ၊ ခုံတန်းလျားများနှင့် ဗီရိုများ ကျန်ရှိခဲ့လေသည်။ ယိုကျင့်သည် ပိုက်ဆံချွေတာရန် အလို့ငှာ ထိုပစ္စည်းများကို သုံးရန်ကြံလိုက်သည်။ ညီမများကို မသုံးခင် အ၀တ်ကြမ်းဖြင့် သုတ်ရန် သတိပေးလိုက်သည်။ ထိုသို့ဖြင့် အိမ်အသစ်သည် အတွင်းပိုင်း၌ သန့်ရှင်းပြီး ဖြစ်သည်။ အိမ်ဟု ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
…
အပိုင်း (၄၄) မြေလွတ်ကို ရှင်းလင်းမယ်
တစ်ယောက်စီသည် သူတို့၏ အဝတ်အစားသေးသေးလေးများ၊ ဖိနပ်များနှင့် ခြေအိတ်များကို ဆွဲချွတ်လိုက်ကြလေသည်။ ယိုကျုးက အခန်းတစ်ခန်းစာကျယ်သည့် သုံးယောက်အိပ်ခုတင်ပေါ်တွင် လှိမ့်ကာ ပတ်ဝန်းကျင်ကို အကျေနပ်ကြီး ကျေနပ်လျက် ကြည့်လိုက်လေသည်။
“ အခုချိန်ကစပြီး ဒါက ငါတို့အိမ် ဖြစ်သွားပြီ၊ ပျော်လိုက်တာ”
ဘေစင်ထဲကရေကို ရေသန့်ဖြင့် လဲပြီး ပြန်လာသည့် ယိုရင်က သူမ အလွန်ပျော်နေသည်ကို မြင်လိုက်ပြီး ပြုံးကာ မှတ်ချက်ပေးလိုက်၏။
“ ဟုတ်တယ်၊ ပြီးတော့ ငါတို့မှာ ကိုယ်ပိုင်အခန်းနဲ့ ဗီဒိုတွေလည်း ရှိတယ်”
ညီအစ်မနှစ်ယောက်သည် ပျော်ပျော်ရွှင်ရွှင် စကားပြာနေကြလေသည်။ သူတို့သည် သူတို့၏ ဘဝသစ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။ အပြင်ဘက် ခြံထဲတွင် ယိုလော့နှင့် ယိုလင်တို့သည် ရွှံ့များဖြင့် ကစားနေကြ၏။ ပင်မဆောင်တွင်တော့ အမျိုးသမီးစုသည် အမြွှာနှစ်ယောက်ကို ချော့သိပ်နေလေသည်။ ယိုပေါင်နှင့် ယိုလင်တို့သည် စားပွဲ၊ ကုလားထိုင်နှင့် ထိုင်ခုံရှည်များကို သန့်ရှင်းရေးလုပ်နေကြ၏။ မီးဖိုဆောင်ထဲတွင်တော့ ယိုကျင့်က အိမ်အသစ်လေးတွင် သူတို့၏ပထမဆုံးတစ်နပ်အတွက် ပြင်ဆင်ရင်း အလုပ်များနေတော့သည်။ စုမိသားစု၏ ဘဝသစ်မှာ စတင်လေပြီ။
အိမ်သစ်လေးသို့ ပြောင်းလာသည့် ပထမနေ့တွင် ယိုကျင့်သည် အားလုံးနှင့် အသားကင်အိုးကြီးတစ်အိုးကို စတူးဟင်းလုပ်လိုက်ပြီး ဆန်ကြမ်းအိုးကြီးတစ်အိုးကို ပေါင်းလိုက်သည်။ မိသားစုသည် အရသာအပြည့် အဆီများများအသားတို့ကို ဗိုက်ပြည့်သည်အထိ မြိန်ရေရှက်ရေ ပျော်ပျော်ပါးပါး စားသောက်ကြလေသည်။ ညနေစာစားပြီးနောက် သူတို့သည် ရေချိုးဇလုံကြီး ထဲသို့ မီးဖိုဆောင်က ရေးနွေးများ ယူလာကာ လန်းလန်းဆန်းဆန်းဖြစ်အောင် ရေချိုးကြသည်။ ထို့နောက်မှ သူတို့၏အခန်းသို့ ပြန်သွားကာ အိပ်ကြတော့သည်။
အရှေ့ဆောင်တွင် ယိုလင်က ယိုကျင့်ဘေးတွင် အိပ်သည်။ အသက်ငါးနှစ်အရွယ်တွင် သူမသည် လျိုထန်မြို့မှ ဝူလီချောင်သို့ မိသားစုကြီးတစ်ခုနောက် လိုက်လာခဲ့ရသည်။ သူမသည် ထိုအခြေအနေကို အသားမကျသေးချေ။
“ စန်းကျဲ ညီမလေးတို့ အိမ်မပြန်တော့ဘူးလားဟင်”
သူမသည် ယိုကျင့်ကို စန်းကျဲဟု နှစ်ပေါင်များစွာ ခေါ်ခဲ့လေသည်။ အချိန်ခဏလေးနှင့် အခေါ်အဝေါ် ပြောင်းဖို့ကို သူမ အသားမကျသေးချေ။
“ ယိုလင်က ပြန်ချင်လို့လား”
ယိုကျင့်သည် သူမ၏မေးခွန်းကို ပြန်မဖြေဘဲ မေးလိုက်လေသည်။
“ ယိုလင်က ဒီနေရာကို မကြိုက်ဘူးလား”
ယိုလင်၏မျက်လုံးများသည် အနည်းငယ်လေးလံလာ၏။ သူမသည် ခဏလောက်စဥ်းစားလိုက်ပြီးမှာ အသာအယာ ခေါင်းခါပြလိုက်လေသည်။
“ ဒီနေရာက အရမ်းကောင်းတယ်၊ အဖေလည်း မရှိဘူး၊ အဘွားလည်းမရှိဘူး ဘယ်သူမှ ညီမလေးတို့ကို မရိုက်ဘူး...”
ယိုလင်သည် ငယ်သေးပြီး လုံးဝမရင်းနှီးသည့် ပတ်ဝန်းကျင်ကြောင့် စိတ်ထဲတွင် ကြောက်ရွံ့ကာ စိုးရိမ်နေသော်လည်း သူမသည် ယိုကျင့်ကို အလွန် အားကိုးလေသည်။ အမျိုးသမီးစုနှင့် ကျန်သည့်လူများ သူမဘေးတွင် ရှိနေသ၍ စိုးရိမ်ကြောက်ရွံ့မှုက အများကြီး ပျောက်ကွယ်သွားလေသည်။
“ ဒါဆိုရင် အစ်မတို့ မပြန်တော့ဘူးနော်၊ အခုချိန်ကစပြီး ဒီနေရာက အစ်မတို့ရဲ့အိမ်ပဲ”
ယိုကျင့်သည် သူမကို အသာအယာ ပုတ်ပေးလိုက်ပြီး ချော့သိပ်လိုက်တော့သည်။ အလွန်ပင်ပန်းနေပြီးသော ယိုလင်မှာ တစ်ခဏအတွင်း အေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။ ယိုကျင့်က သူမဘေးက အငယ်လေးအတွက် ဂွမ်းစောင်ကို ဆွဲခြုံပေးလိုက်ပြီးနောက် မကြာမီ အိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင် ယိုကျင့်သည် အသက် ၂၃ ၂၄နှစ်အရွယ် ယိမ်းနွဲ့နေသည့်ခန္ဓာကိုယ်နှင့် အလွန်သိမ်မွေ့စွာ ကြည့်နေသည့် မက်မွန်မျက်လုံးများ ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်၏။ သူမသည် ယိုကျင့်ကို ကျက်သရေရှိရှိ ဦးညွှတ်လိုက်ပြီး “ မိန်းကလေးစု ကျေးဇူးတင်ပါတယ်” ဟု ပြောသွားလေသည်။
ထို့နောက် သူမသည် လှည့်ကာ အဝေးသို့ ထွက်သွားလေသည်။ သူမ၏ပုံရိပ်က ကျယ်ပြောလှသည့် အဖြူရောင်မြူများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ရွှေရောင်အလင်းတန်းသည် ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ဖြာကျနေသည်။ အပြင်ဘက်တွင် လင်းနေပြီ ဖြစ်သော်လည်း စုမိသားစုမှ မည်သူမှ မထကြသေးချေ။ ယိုကျင့်သည် ဇိမ်ကျကျ လှိမ့်လိုက်ပြီးနောက် ပျင်းရိစွာ မျက်လုံးဖွင့်လိုက်တော့သည်။ အခန်းထဲတွင် နေရောင်ခြည်များအတွင်း ပျံဝဲနေသည့် ဖုန်မှုန့်များကို ကြည့်ရင်း သူမ၏စိတ်ထဲတွင် အေးချမ်းမှု၏ ရှင်းမပြတတ်အောင် ကျေနပ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။ သူမသည် နှစ်ပေါင်းများစွာ တစ်စုံတစ်ယောက် ရုတ်တရက် ဝင်လာပြီး ဆူဆဲရိုက်နှက်ခြင်း၏ အကြောက်တရားမှ မလွတ်မြောက်ခဲ့ချေ။ နေထွက်သည်အထိ အိပ်ဖို့ရာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
မနေ့ညက သူမ အိပ်မက်မက်ခဲ့သည့် အမျိုးသမီးအကြောင်းကို စဥ်းစားလိုက်၏။
ဒါ သူမရဲ့ယောက်ျားကို ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ချင်မိသားစုက သခင်မလေးဖြစ်ရမယ်။ မနေ့က သူမရဲ့မျက်နှာပေါ်မှာ ထိုင်းမှိုင်းနေတဲ့အငွေ့အသက် မရှိတော့ဘဲ အေးချမ်းနေတာကို သတိထားမိတယ်။ ငါ့ကို ကျေးဇူးတင်စကားပြောပြီးတော့ လှည့်ထွက်သွားခဲ့တယ်။ သူမ လူပြန်ဝင်စားမှာပါနော်။
ခုတင်ပေါ်တွင် ထိုင်ကာ အချိန်အတော်ကြာအောင် စဥ်းစားနေမိလေသည်။ ခဏကြာတော့ သူမသည် ခုတင်ပေါ်တွင် ထထိုင်လိုက်ပြီး ဂွမ်းစောင်ကို ကန်ထားသည့် အငယ်လေးကို အသာအယာ ပြန်ခြုံပေးလိုက်သည်။ ထို့နောက်တွင်မှ သူမသည် ထကာ ဖိနပ်စီးလိုက်ပြီး အရှေ့ဆောင်မှ တိတ်တိတ်လေး ထွက်လာကာ မီးဖိုဆောင်သို့ သွားလိုက်လေသည်။ သူမသည် မိသားစုအတွက် မနက်စာပြင်ဆင်ပေးရမည်။
ယိုကျင့်က မီးဖိုဆောင်ထဲတွင် အလုပ်များနေစဥ် ယိုရင်နှင့် ယိုကျူးတို့က ထလာ၏။ ညီအစ်မသုံးယောက်သည် အတူတူ လုပ်ကိုင်လိုက်ကြသည်။ မနက်စာ အသင့်ဖြစ်ဖို့ရန် အချိန်သိပ်မယူလိုက်ရချေ။ ယိုရင်က အမျိုးသမီးစုအတွက် မနက်စာကို ပင်မဆောင်သို့ ယူသွားပေးလိုက်သည်။ အမျိုးသမီးစုသည် မီးတွင်းကာလ မပြည့်သေးသဖြင့် အပြင်သို့ ထွက်ခွင့်မပြုကြောင်း ယိုကျင့်က မနေ့က ပြောထားလေသည်။ ထို့ကြောင့် အမျိုးသမီးစုသည် မီးတွင်းကာလ ပြီးသည်အထိ ပင်မဆောင်ထဲတွင်သာ နေရတော့သည်။
မနက်စာစားပြီးနောက် ယိုကျင့်သည် ပေါက်ပြားတစ်လက် သယ်ကာ ညီမငယ်လေးများကို စုမိသားစု၏အိမ်ရှေ့က မြေလွတ်ဆီ ခေါ်လာလိုက်သည်။
“ မကြီး ညီမလေးတို့ ဒီနေရာမှာ ဘာစိုက်ကြမှာလဲ၊ စပါးစိုက်မှာလား”
ယိုရင်သည် လက်ထဲတွင် တံစဥ်းကိုင်ကာ ပေါင်းမြက်များ ထူနေသည့် မြေလွတ်ကို ကြည့်လိုက်လေသည်။ သူမသည် မတတ်သာဘဲ အနည်းငယ် စိတ်ပူသွားတော့သည်။
“ ဒီမြက်တွေကို ဘယ်အချိန်ကျမှ ရှင်းလို့ပြီးတော့မှာလဲ၊ မြက်တွေလည်း ရှင်းပြီးရော စိုက်ပျိုးရေးရာသီက ကုန်ပြီ”
ယိုရင်နှင့် ယိုကျူးတို့သည် ရှေ့တွင် မြက်များကို ရိတ်နေကြပြီး ယိုကျင့်က ပေါက်ပြားကို ယမ်းကာ မြက်များကို ဖြတ်ထားသည့် မြေကြီးပေါ်မှာ မြေးကို ပေါက်နေလေသည်။ ယိုလင်နှင့် ယိုလော့တို့သည် သူမနောက်မှ လိုက်ကာ မြေကြီးထဲက အမြစ်များကို ကောက်ပြီး ဘေးတွင် ပုံထားလိုက်လေသည်။ ညီအစ်မငါးယောက်သည် အလွန်ညီညီညာညာ လုပ်ကိုင်နေကြ၏။ ယိုရင်က ထိုသို့မေးလာသည်တွင် ယိုကျင့်က သူမ၏အစီအစဥ်ကို အကြမ်းဖျဥ်း ရှင်းပြလိုက်လေသည်။
“ အစ်မတို့ ဒီနွေဦးမှာ စပါးမစိုက်ဘူး၊ အခုလောလောဆယ် အိမ်မှာလည်း ခြံမွေးတိရိစ္ဆာန်တွေ မရှိဘူး၊ အစ်မတို့ လူနည်းနည်းလေးနဲ့ အားစိုက်ရတဲ့ စိုက်ပျိုးရေးတွေ မလုပ်နိုင်သေးဘူး၊ ဒီနေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ စိုက်ချင်တယ်၊ ဒါတွေက အကြီးမြန်တယ်လေ၊ စားလို့ရပြီဆိုတာနဲ့ မြို့ကို ယူသွားပြီး ရောင်းလို့ရတယ်၊ ဒါဆို အစ်မတို့ စားစရာတွေ ဝယ်လို့ရနိုင်မယ်”
ယိုကျင့်သည် ချွေ့ဖုန်းရွာမှ ထွက်လာချိန်က ချွေ့ဖုန်းတောင်ပေါ်ရှိ ကြက်သွန်ဖြူမျိုးစေ့ အခြောက်များကို ယူလာခဲ့သည်။ ထို့အပြင် မနေ့က လော့ဟယ်မြို့တွင် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်း ဝယ်ခဲ့သေးသည်။ အသီးအရွက်တချို့ကို စိုက်ပျိုးပြီး မြို့တွင် သွားရောက် ရောင်းချသည်က အလုပ်ဖြစ်နိုင်သည်။ နောက်ဆုံး လက်ရှိ အိမ်တွင်လည်း အားကောင်းကောင်းနှင့် လုပ်နိုင်သူ မရှိချေ။ ထို့ကြောင့် စားစရာအတွက် စိုက်ပျိုးသည်က သေချာပေါက် ခက်ခဲလိမ့်မည်။ အသီးအရွက်တချို့ကို စိုက်ပျိုးပြီး လော့ဟယ်မြို့တွင် ရောင်းချသည့်က ပိုမြန်လိမ့်မည်။
ယိုကျူးသည် သူတို့ ငွေမရှာနိုင်သဖြင့် အနည်းငယ်ပူပန်သွားလေသည်။
“ အိမ်တိုင်းမှာ ဒီလိုအစားအစာမျိုး ရှိတယ်လေ၊ သမီးတို့ရောင်းနိုင်ရင် တခြားသူတွေလည်း ရောင်းနိုင်မှာပဲ၊ မကြီး ရောင်းလို့မရရင် ဘယ်လိုလုပ်မလဲ”
နောက်ဆုံး သူတို့သည် မိသားစုဝင် ဆယ်ယောက်ရှိနေသည်။ မနေ့က သူတို့ဝယ်ခဲ့သည့် စျေးအပေါဆုံး ဆန်ကြမ်းကပင် ငွေ ၁စနှင့် ၃ ဝမ်ကျခဲ့လေသည်။ ထိုငွေပမာဏသည် သုံးလို့လောက်မည်မဟုတ်ချေ။
ယိုကျင့်က ပေါက်ပြားကို မြေကြီးပေါ်ချလိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ခဏနာ အနားယူလိုက်၏။ သူမသည် ညီမငယ်လေးများကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။
“ မစိုးရိမ်ပါနဲ့၊ မကြီးက နင်တို့ကို ခေါ်ထုတ်လာနိုင်မှတော့ အားလုံးကို ဗိုက်ပြည့်အောင် သေချာပေါက်ထားနိုင်ပါတယ်၊ အခုတော့ အရင်ဆုံးဦးစားပေးရမှာက မြေကြီးကို ရှင်းလင်းပြီးရင် အသီးအရွက်ကို မြန်မြန်စိုက်ဖို့ပဲ၊ မဟုတ်ရင် အသီးအရွက်တွေကို မြို့မှာရောင်းဖို့ မပြောနဲ့ ကိုယ်တိုင်တောင် စားရမှာမဟုတ်ဘူး”
ကလေးများသည် ထိုစကားကိုကြားလိုက်ချိန်တွင် အားလုံးက စားစရာမရှိမှာကို အလွန်စိုးရိမ်သွားတော့သည်။ သူတို့၏လက်များသည် ပိုမြန်လာကြတော့သည်။ နေ့တစ်ဝက် ကျိုးသွားပြီးနောက် ဘောင်နှစ်ခု လုပ်ပြီးသွားလေသည်။ ယိုကျင့်သည် လွန်ခဲ့သည့်နှစ်ရက် မြေကြီးပေါ်တွင် အခြောက်လှန်းထားသည့် မြက်ပင်များကို ပုံကာ မီးရှို့လိုက်သည်။ ထို့နောက် မီးရှို့ရာမှ ရလာသည့်ပြာများကို မြေဩဇာလုပ်ရန် ရောထားလိုက်တော့သည်။
စုမိသားစု၏ ကလေးကြီးများက လေးရက်ဆက်တိုက် အချိန်ယူလိုက်ရပြီးနောက် မြေလွတ်တစ်ဧကကို နောက်ဆုံးတွင် ရှင်းလင်းပြီးသွားတော့သည်။ အသီးအရွက်စိုက်ပျိုးရန်အတွက် သုံးမည်ဖြစ်သဖြင့် မြေကြီးကို ဘောင်များစွာ လုပ်ထားလိုက်သည်။ စုမိသားစု၏မြေကွက်သည် ဝူလီချောင်မြစ်နှင့် မဝေးချေ။ ယိုကျင့်က ရေသွင်းရန်အတွက် မြစ်ထဲက စီးနေသည့်ရေကို သုံးလိုက်လေသည်။ မြေကွက်အားလုံး စိုစွတ်သွားပြီးနောက် ချွေ့ဖုန်းရွာမှ ယူလာသည့် ကြက်သွန်ရိုင်းများကို တစ်မြွှာချင်းခွာကာ နောက်တစ်နေ့တွင် စိုက်လိုက်တော့သည်။ ထို့နောက် ကြက်သွန်ဖြူစိုက်ထားသည့် လယ်ကွင်းထဲတွင် ဖြန့်ထားဖို့ရန် ကောက်ရိုးတစ်ထုံးကို ဝယ်ဖို့ တစ်ဝမ်ကို သုံးလိုက်သည်။ ရေလုံလုံလောက်လောက် လောင်းပေးလိုက်ပြီးနောက် လယ်ကွင်းထဲတွင် ကြက်သွန်ဖြူဘောင် သုံးတန်းကို စိုက်ပြီးသွားတော့သည်။
ကျန်သည့်မြေများကို အာလူး၊ မုန်လာထုပ် ၊ ကြက်သွန်ပင် ၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များကို စိုက်လိုက်လေသည်။ တစ်ဧကလုံးကို အပြည့်အသုံးချလိုက်လေသည်။
ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီးနောက် သူတို့သည် တစ်ရက်တစ်ခါ သို့မဟုတ်၊ နှစ်ရက်တစ်ခါ ရေသွင်းပေးရန်သာ လိုတော့သည်။ ထိုအရာအားလုံးက အသေးအဖွဲများပင်။ ယိုရင်နှင့် ယိုကျူးတို့ လုပ်နိုင်လေသည်။ နောက်ဆုံးတွင် အားနေသည့်ယိုကျင့်က မိသားစုအတွက် အသားစားရရန်နှင့် ငွေရှာရန်နည်းလမ်းကို စတင်စဥ်းစားတော့သည်။
အရင်ဆုံး ဖြေရှင်းရမည့်အချက်မှာ အမျိုးသမီးစုအတွက် အာဟာရပင်။ အစားအသောက် မကောင်းသဖြင့် အမျိုးသမီးစုမှာ နို့ကောင်းကောင်း မထွက်ပေ။ နို့တိုက်ရန်စောင့်နေသည့် ကလေးသေးသေးလေး နှစ်ယောက်ကလည်း ဒီရက်ပိုင်းတွင် ထွားမလာချေ။ ထို့အစား အလေးချိန်ပင် ကျသွားသေးသည်။ ယိုကျင့်သည် ထိုသို့ မြင်လိုက်ရသဖြင့် စိုးရိမ်မိသွားတော့သည်။ သူမအရင်ဘဝတုန်းက ငါးကြင်းဖြူက နို့ထွက်ကြောင်း လူများပြောသည်ကို ကြားဖူးလေသည်။ ထို့ကြောင့် သူမသည် တီကောင်များ သွားတူးတော့သည်။ ထို့နောက် ငါးမျှားချိတ် လုပ်ရန် အပ်ထူထူတချို့ကို ကောက်အောင်လုပ်လိုက်သည်။ ထို့နောက် သူမသည် ဝူလီချောင်မြစ် အနောက်ဘက်ခြမ်းတွင် ငါးမျှားရန် ထွက်လာခဲ့တော့သည်။
ဝူလီချောင်မြစ်၏ မျက်နှာပြင်သည် ၃ ၊ ၄ မီတာခန့်ကျယ်ပြီး စုမိသားစုအိမ်ရှေ့တွင် မြစ်ရေစီးနှုန်းက နှေးလေသည်။ နွေရာသီတွင် ဝူလီချောင်မှ ကလေးများက မြစ်ထဲတွင်ရေကစားပြီး ငါးဖမ်းရသည်ကို သဘောကျကြလေသည်။ အခုတော့ နွေဦးပင် ရှိသေးသည်။ မြစ်ထဲတွင် လူမရှိသည်မှာ ပြောရန်ပင်မလိုချေ။ ဆောင်းတွင်းတစ်တွင်းလုံး ဆာလောင်နေကြသည့် ငါးများသည် တီကောင်နံ့ရသွားပြီး ငါးမျှားချိတ်တွင် တစ်ကောင်ပြီးတစ်ကောင် လာမိကြတော့သည်။ နာရီဝက်အတွင်း ယိုကျင့်သည် လက်ဝါးအရွယ် ငါးကြင်းဖြူအကြီး သုံးကောင်းနှင့် ၂ပိဿာခန့် ရှိသည့် ငါးကြင်းနီ နှစ်ကောင်ကို ဖမ်းမိသွားလေသည်။
တစ်နေ့လယ်ခင်း ကုန်သွားပြီးချန်တွင် သူမသည် ငါးထည့်သည့် တောင်းတစ်ဝက်လောက် ဖမ်းမိထားလေသည်။ လယ်ကွင်းမှ ပြန်လာကာ ဖြတ်သွားကြသည့် မိန်းမတချို့က ယိုကျင့်ကဲ့သို့ ကြီးကောင်ပေါက်အရွယ်မိန်းကလေးတစ်ယောက် ငါးမျှားနေသည်ကို သတိထားမိသွားပြီး အသစ်အဆန်းလို ခံစားလိုက်ရလေသည်။ သူတို့သည် အနားသို့သွားပြီး တစ်ချက် ကြည့်လိုက်ကြလေသည်။ သူတို့က ကလေးတစ်ယောက် ကစားနေသည်ဟုသာ ထင်လိုက်၏။ အနီးနား ရောက်သွားသောအခါ မျှော်လင့်မထားဘဲ ငါးထည့်ထားသည့် တောင်းမှာ ပြည့်လုနီးပါး ဖြစ်နေသညကို တွေ့လိုက်ရတော့သည်။ သူတို့သုံးယောက်သည် အားကျသည့် မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
“နင်က မြစ်အနောက်ဘက်က အိမ်အသစ်ကို ပြောင်းလာတဲ့ ကောင်မလေးမလား၊ နင် ငါးတွေအများကြီး ဖမ်းမိထားတာပဲ”
မိန်းမကြီးသုံးယောက်၏ သဘောကောင်းပုံကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် ကြိမ်ရိုးနည်းနည်းကို ဆွဲထုတ်လိုက်ပြီး ငါးသုံးကောင်းကို မြန်မြန်တံစို့ထိုးကာ သူတို့ သုံးယောက်အား လှမ်းပေးလိုက်လေသည်။
“ အဒေါ်သုံးယောက်ရှင့် ကျွန်မက ဒီမှာ အသစ်ပြောင်းလာတာပါ၊ အခုကစပြီးအားလုံးက အိမ်နီးချင်းတွေ ဖြစ်သွားပြီနော်၊ ကျေးဇူးပြုပြီး ကျွန်မတို့မိသားစုကို စောင့်ရှောက်ပေးပါအုံးနော်”
ယိုကျင့်သည် တစ်ပိဿာခန့်ရှိသည့် ငါးကြင်းများ ရွေးပေးလိုက်လေသည်။ မိန်းမသုံးယောက်သည် အနည်းငယ်ရှက်နေသော်လည်း သူတို့သည် အသား နည်းနည်း များများ ငါးများကို လက်ခံလိုက်သေးသည်။ ဆိုရိုးစကား ရှိလေသည်။ ကျွေးသည့်လက်ကို ပြန်ကိုက်ရန် မလွယ်ကူပါတဲ့။ မိန်းမသုံးယောက်သည် ယိုကျင့်ဆီမှ ငါးများကို လက်ခံလိုက်ပြီးနောက် သူတို့၏အပြုံးများကို ပို၍နွေးထွေးလာတော့သည်။ အချိန်တိုအတွင်း သူတို့သည် အချင်းချင်း ရင်းနှီးလာကြတော့သည်။
သူတို့လေးယောက်သည် ခဏလောက်စကားပြောလိုက်ကြ၏။ ထို့နောက် မိန်းမသုံးယောက် ငါးကြီးတစ်ကောင်စီဖြင့် အိမ်ပြန်ခဲ့ကြလေသည်။ စုမိသားစုအပေါ် သူတို့၏အမြင်ကလည်း ကောင်းလေသည်။
“ပြောရမယ်ဆို ကောင်မလေးက ဘယ်လိုဆက်ဆံရမလဲဆိုတာ တကယ်သိတာပဲ၊ သူ့မှာ ဒီလောက်ကြီးတဲ့ ငါး ၃ကောင်ကို တစ်ခါထဲ ပေးလိုက်ရတာကို လုံးဝစိတ်မကောင်း ဖြစ်မနေဘူး”
“ အေးဟယ် ရှင်သိပါတယ် ဒီလိုငါးကြီးတွေကို လော့ဟယ်မှာ သွားရောင်းရင် ဝမ်၂၀လောက်တော့ ရမှာပဲ”
မျက်လုံးလှလှလေး၊ ပါးစပ်ကျယ်ကျယ်နှင့် မိန်းမက ပြုံးဖြီးနေအောင် ပြုံးလိုက်လေသည်။ သူမ၏စိတ်ထဲတွင် သည်နေ့ည ငါးကို ဘယ်လိုလုပ်စားမည်အကြောင်းသာ ရှိနေတော့သည်။ နွေဦးစတင်လေပြီ။ စားစရာလည်း များများစားစားမရှိချေ။ အိမ်ကကလေးများက အသား စားချင်နေကြပြီ။ အခုတော့ သူတို့ ငါးတစ်ကောင်ကို အလွယ်တကူရခဲ့ပြီ။ ငါ့ကို အရသာကောင်းကောင်းလေးဖြစ်အောင် ချက်ရလိမ့်မည်။
နောက်မိန်းမတစ်ယောက်တော့ အနည်းငယ်ရှက်နေ၏။
“ ဒီဝမ်၂၀ဆိုတာ နည်းတဲ့ပမာဏတော့ မဟုတ်ဘူးနော်၊ ကျွန်မတို့ မနက်ဖြန်ကျရင် စုမိသားစုကို အသီးအရွက်လေး နည်းနည်းပါးပါး သွားပို့ကြမလား၊ ယိုကျင့်က သူ့အမေ မီးတွင်းထဲမှာလို့ ပြောခဲ့တယ်မလား၊ ကျွန်မ အမြင်တော့ သူတို့တွေ အခုမှ ပြောင်းလာကြတာ၊ စားစရာတွေ ရှိမှာမဟုတ်လောက်ဘူး”
ကျန်သည့်မိန်းမနှစ်ယောက်လည်း ဒါကို အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေသည်။ သူတို့သည် အာလူးခြင်းတစ်ဝက်နှင့် မုန်လာထုပ်များကို တစ်ဖက်လူကို ပေးလျှင်တောင် သူတို့က ပိုအကျိုးများနေသေးသည်မဟုတ်ပါလား။
ထိုနေ့ညက စုမိသားစုမှ လူအားလုံးသည် ထမင်းဟင်းတစ်နပ်အပြည့်စားခဲ့ကြလေသည်။ ယိုကျင့်သည် စုစုပေါင်း ငါးကြင်းရှစ်ကောင်နှင့် ငါးကြင်းဖြူခြောက်ကောင် ဖမ်းမိခဲ့လေသည်။ ညနေစာအတွက် ငါးကြင်းဖြူနှစ်ကောင်ကို အမျိုးသမီးစုအတွက် အရင်ဆုံး ဟင်းရည်ချက်ပေးလိုက်၏။ ထို့နောက် ညီအစ်မများက ဆားဖြူးထားသည့် ငါးကြင်းကင်ကို စားခဲ့ကြ၏။ ကျန်သည့် ငါးကြင်း ၆ကောင်နှင့် ငါးကြင်ဖြူလေးကောင်ကို မီးဖိုဆောင်ထဲက ရေသန့်ထဲတွင် သိမ်းထားလိုက်လေသည်။ ဤနည်းဖြင့် သူတို့သည် နေ့တိုင်း ငါးစားရတော့မည်။ လေး ငါးရက်လောက် ခံလိမ့်မည်။
…
အပိုင်း (၄၅) ငါးရောင်းခြင်း
အမျိုးသမီးသုံးဦးသည် လယ်ကွင်းထဲသို့ ဦးတည်ရာမှ စုမိသားစုအိမ်၏တံခါး၀သို့ ခြင်းတောင်းကိုယ်စီဖြင့် တွန့်ဆုတ်စွာ ရောက်လာကြသည်။ သူမတို့၏လက်ထဲ၌ အာလူး၊ ဂေါ်ဖီစသည်ဖြင့် အသီးအရွက်များ ဖြည့်ထားသည့် ခြင်းတောင်းကိုယ်စီ ကိုင်ထားကြလေသည်။ အချို့ အကြောင်းပြချက်များကြောင့် အိမ်တံခါးကို ခေါက်ရန် ကြောက်ရွံ့နေကြသည်။
ထိုအမျိုးသမီးသုံးဦး တုံ့ဆိုင်းနေစဉ်အတွင်း၌ ခြံတံခါးသည် အတွင်းမှ ပွင့်ဟလာခဲ့သည်။ ယိုရင်နှင့် ယိုကျူးသည် မြစ်၌ အ၀တ်လျှောက်သွားမည့်ပုံ ပေါ်ပေသည်။ ညီအစ်မနှစ်ယောက်သည် တံခါးရှေ့၌ ဒေါ်လေးသုံးယောက် ရပ်နေသည်ကို မြင်သော်ကြောင့် ဝါးလုံးဖြင့် သွယ်တန်းထားသော ခြင်းများကို ချကာ ထိုသုံးဦးအပေါ် အနည်းငယ် စူးစမ်းမိသည်။ “ဘယ်သူတွေလဲ”
“မင်းတို့က ယိုကျင့်ရဲ့ညီမလေးတွေမလား။ မနေ့က ယိုကျင့်က ဒေါ်လေးတို့ကို ငါးတွေပေးသွားတယ်လေ။ ဒေါ်လေးတို့က စိုက်ပျိုးရေးလုပ်ကြတာဆိုတော့ ဘာမှပေးစရာသိပ်မရှိဘူး။ ဒီအသီးအရွက်တွေနဲ့ ဟင်းတစ်ခွက်နှစ်ခွက်တော့ ရမှာပါ။ ဒါနဲ့ အိမ်မှာ လူကြီးတွေရှိလား” ထိုသုံးဦးအနက် ဦးဆောင်လာသည့် အမျိုးသမီးမှ အပြုံးလေးဖြင့် မေးလိုက်လေသည်။
ထိုအမျိုးသမီးများသည် သူမတို့မိသားစုအား လက်ဆောင်ပေးရန် လာကြောင်း သိလိုက်ရသည်နှင့် ညီအစ်မနှစ်ယောက်သည် ထိုလူများအား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လေသည်။ ထို့နောက် ယိုကျူးသည် ယိုကျင့်ကို သွားခေါ်လေသည်။ မနေ့က အမျိုးသမီးများသည် သူမတို့အား ပစ္စည်းများပေးရန် လာကြောင်းကြားသည်နှင့် ယိုကျင့်သည် လက်ဆေးကာ အပြင်သို့ထွက်လာခဲ့သည်။
“ဒေါ်လေးကော ဒါကဘာလုပ်တာလဲ။ ဒေါ်လေးတို့ပစ္စည်းတွေ ပြန်လိုချင်လို့ ငါးတွေပေးလိုက်တာမှ မဟုတ်ဘဲ”
ဒေါ်လေးကောဟု ခေါ်သည့် ရှေ့ဆုံးရှိ အမျိုးသမီးသည် ချိုချိုသာသာ ပြန်ဖြေလေသည်။
“သမီးက အဲ့လိုသဘောနဲ့ ပေးတာမဟုတ်မှန်း သိပါတယ်။ ဒေါ်လေးတို့က ဆင်းရဲပေမဲ့ သူများအပေါ် အမြတ်မထုတ်တတ်ပါဘူး။ ဒီလိုလုပ်ပါ့လား။ ဒါတွေကို အိမ်တက်ပွဲအတွက် လက်ဆောင်အနေနဲ့ တွေးလိုက်ပေါ့”
အခြားအမျိုးသမီးနှစ်ဦးသည်လည်း ခေါင်းညိတ်ကာ သူမကဲ့သို့ပင် ပစ္စည်းများပေးကြသည်။ ယိုကျင့်သည် မငြင်းနိုင်တော့ဘဲ သူမတို့ ပေးသမျှကို လက်ခံလိုက်ကာ အိမ်ထဲသို့ ရေနွေးကြမ်းသောက်ရန် ဖိတ်ခေါ်လေသည်။
အမျိုးသမီးသုံးဦးသည် ခြံထံခါး၌သာ ရပ်နေပြီး သန့်ရှင်းထားသည့် စိုပြေနေသော ခြံ၀န်းကို ကြည့်လိုက်သည်။ သူမတို့သည် အနည်းငယ် ကြောက်ရွံ့နေသောကြောင့် ငြင်းဆိုလိုက်သည်။
“နောက်မှပေါ့ ဒေါ်လေးတို့ လယ်ထဲဆင်းဖို့ ရှိသေးလို့” ထိုသို့ပြောပြီးသည်နှင့် သူမတို့ခြင်းအလွတ်များဖြင့် ပြေးထွက်သွားကြတော့သည်။
ယိုရင်တို့ညီအစ်မများသည် ခြင်းထဲ၌ အပြည့်ဖြစ်နေသော အာလူး၊ဂေါ်ဖီနှင့် ရွှေဖရုံသီးများကို ကြည့်ကာ ပျော်ရွှင်နေကြသည်။
“မမကြီး ဒီအရွက်တွေနဲ့ နောက်ရက်နည်းနည်းလောက်ထိ ကောင်းကောင်းစားလို့ရတယ်” စုမိသားစု၏ နေ့စဉ်ဟင်းများသည် ၀ယ်ယူချက်ပြုတ်နေရခြင်း ဖြစ်သည်။ ယခု ထိုအမျိုးသမီးများ ပေးသွားသည့် ဟင်းသီးဟင်းရွက်များသည် ရက်အနည်းငယ်မျှ စားသုံးရန် လုံလောက်သည့်အတွက် ငွေစုမိပေသည်။
ယိုကျူးသည် ငါးနည်းနည်းလေးဖြင့် ဟင်းသီးဟင်းရွက် ခြင်းအပြည့်လဲနိုင်ကြောင်း တွေးမိသွားသည်။ ဒါက အပေးအယူပဲ မဟုတ်လား။ ထို့ကြောင့် သူမသည် ယိုကျင့်အား အကြံပေးလိုက်လေသည်။
“မမကြီး ငါးတွေဖမ်းပြီး ရွာသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေ လဲရင်ရော ဘယ်လိုလဲ”
ယိုကျူးက မပြောလျှင် သူမသည် ထိုသို့စဉ်းစားမိမည် မဟုတ်ချေ။ ထိုစကားကို ကြားသည်နှင့် ယိုကျင့်သည် ငါးရောင်းရန် အကြံပေါ်လာလေသည်။
“အဲဒါက ဒေါ်လေးသုံးယောက်က သဘောကောင်းလို့ အဲ့လိုပြန်ပေးတာလေ။ ပြီးတော့ လူတိုင်းအိမ်ကို ပစ္စည်းတွေလဲဖို့ တံခါးခေါက်နေရင် အစ်မတို့က သနားစရာ မကောင်းသွားဘူးလား။ အဲ့ဒေါ်လေးသုံးယောက်ကျ ဘာမှမယူဘဲ ပေးချင်ပြီး သူတို့ကျ ပစ္စည်းလဲဖို့ ပေးတယ်ဆို အခြားလူတွေက ဘယ်လိုတွေးကြမလဲ” ယိုကျင့်သည် ခဏစဉ်းစားပြီးနောက် ထပ်ပြောလေသည်။
“ဒါပေမဲ့ ယိုကျူးပြောတာ အဓိပ္ပာယ်တော့ရှိတယ်။ ရွာထဲမှာ ရောင်းမရရင် လော့ဟယ် စီရင်စုမှာ ရောင်းရမယ်”
ယိုကျူးသည် မူလက အစ်မဖြစ်သူ၏ ငြင်းဆိုမှုကြောင့် မပျော်ရွှင်သော်လည်း မြို့ထဲ၌ ရောင်းချမည်ကို ကြားလိုက်သောအခါ သူမ၏မျက်၀န်းများသည် ပို၍တောက်ပသွားတော့သည်။
“မြို့ထဲမှာ ဈေးကြီးကြီးနဲ့ ရောင်းလို့ရတာပဲ” ထိုသို့ဖြင့် ငွေများများစုကာ ဟင်းချက်စရာများ ၀ယ်လို့ရပေမည်။
ယိုကျင့်သည် ယိုကျူး၏ ငွေချစ်ခင် ပုံရိပ်လေးကို ကြည့်ကာ ရယ်မောနေမိသည်။
“ငွေပဲမြင်နေတဲ့ ကိုယ့်ပုံစံကို ပြန်ကြည့်ဦး။ သွား နင့်အာ့ကျဲနဲ့ အ၀တ်သွားလျှော်ချည်။ အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ငါးဖမ်းဖို့သွားလိုက်မယ်။ မနက်ဖြန် ရောင်းဖို့ လောက်လောက်ငှငှ ဖမ်းလို့ရလား ကြည့်ဦးမယ်” အမျိုးသမီးစုသည် မီးတွင်းကာလ၌ ဖြစ်သောကြောင့် အိမ်၏ကိစ္စအရပ်ရပ်ကို ယိုကျင့်စီစဉ်နေရသည်။ စီစဉ်စရာ ကိစ္စရပ်များ အများအပြားရှ်သော်လည်း ငွေရှာရမည်မှာ ဦးစားပေး ကိစ္စရပ်ဖြစ်သည်။
..........
ဝူလီချောင်၌ ငါးဖမ်းသမား မရှိသောကြောင့် မြစ်ထဲရှိ ငါးများသည် ၀ဖြိုးနေကြသည်။ ယိုကျင့်သည် မြစ်ကမ်းစပ်ရှိ သစ်မာပင်ကြီးအောက်၌ တစ်နေကုန်ထိုင်နေခဲ့သည်။ ယနေ့၌ ယခင်နေ့များထက် ပို၍ပင် ဖမ်းမိခဲ့သည်။ ငါးအမျိုးအစား တစ်ဆယ့်ကိုးမျိုးမျှရှိပေသည်။ ငါးကောင်သည် အကြီးဖြစ်ကာ သုံးကျင်းမျှရှိပြီး အငယ်ဆုံးငါးသည်ပင် ကျင်း၀က်မျှ ရှိပေသည်။
ယိုကျင့်သည် လေးလံသည့် ဝါးခြင်းတောင်းကို မကာ အိမ်ပြန်လာခဲ့သည်။ ညီအစ်မများသည် ခြင်းတောင်းအပြည့် ငါးများကို မြင်သည်နှင့် ပျော်ရွှင်နေကြတော့သည်။ “ငါးတွေအများကြီးပဲ”
“ဒီနေ့လဲ ငါးစားလို့ရလား”
“မနက်ဖြန် ငွေအများကြီးနဲ့ လဲလို့ရလား”
တစ်ယောက်တစ်မျိုးစီဖြင့် မေးခွန်းထုတ်ကာ ပျော်နေကြတော့သည်။
ယိုကျင့်သည် ပြုံးရယ်ကာ ဖြေလိုက်သည်။
“ဒီနေ့လဲ မနေ့ကဖမ်းထားတဲ့ ငါးတွေ စားလို့ရပါတယ်။ ဒါတွေကတော့ မနက်ဖြန် မြို့ပေါ်မှာ ငွေနဲ့သွားလဲမှာမလို့ စားမရဘူး။ မနက်ဖြန် ပိုက်ဆံရရင် မင်းတို့စားဖို့ အသား၀ယ်ခဲ့မယ်”
အသားထပ်စားရမည်ဆိုသောကြောင့် အငယ်လေးများသည် ပျော်ရွှင်စွာ လက်ခုပ်ဩဘာများ တီးကြတော့သည်။
အမျိုးသမီးစုသည် ကလေးကိုချီရင်း အခြားတစ်ဘက်၌ ပြုံးကာ ခေါင်းရမ်းမိတော့သည်။ အမျိုးသမီးစုသည် ကလေးများကို အနည်းငယ် သတိပေးလိုက်သည်။
“မင်းတို့တွေကတော့နော်။ အကုန်လုံး ပိုက်ဆံစုဖို့ စဉ်းစားကြရမယ်လေ။ ပြီးတော့ မင်း ပိုက်ဆံက မရသေးဘူး သုံးဖို့တွေးနေပြီ” အမျိုးသမီးစုသည် အပြစ်ပြောခြင်း မဟုတ်ပါချေ။ သူမတို့မိသားစု၌ ထောက်ပံ့ရမည့် ကလေးများ များပေသည်။ ၀င်ငွေမရှိလျှင် မရပ်တည်နိုင်ပေ။
ယိုကျင့်သည် အမျိုးသမီးစု၏ အမြင်ကို ကန့်ကွက်ပေသည်။
“အမေ ငွေစုတာက သုံးဖို့ မဟုတ်ဘူးလား။ ပြီးတော့ သမီးတို့အကြီးတွေက ပြဿနာမရှိဘူး။ အငယ်လေးတွေက အခုမှ အရွယ်ရောက်ကာစလေးတွေ အမေကလည်း ရှောင်ပါးနဲ့ ခမ်းအာကို နို့တိုက်ရဦးမယ်လေ။ အာဟာရမပြည့်ရင် ဘယ်လိုလုပ်မလဲ”
စုမိသားစုရှိ ကလေးများသည် နှစ်ပေါင်းများစွာ အာဟာရချို့တဲ့ခဲ့သဖြင့် အရွက်ခြောက်များကဲ့သို့ ဖြစ်နေကြသည်။ ယိုကျင့်သည် ထိုအကြောင်းကို တွေးကာ ညီမငယ်များအား အာဟာရဖြည့်တင်းပေးရန် အစားအစာများ ရှာပေးရန်အတွက် ကြံစည်လျက်ရှိသည်။ အသားဓာတ်သို့မဟုတ် တစ်ခုခုအား ပုံမှန်ကျွေးရမည်ပင်။
ထိုကလေးများသည် ယွဲ့မိသားစု၌ ရှိစဉ်က များစွာ နာကျင်ခံစားခဲ့ရကြောင်း သူမသိလေသည်။ ထိုအချိန်က သူမသည် ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်၍ ကလေးများကို မကာကွယ်နိုင်ခဲ့ပေ။ သူမတစ်ကိုယ်တည်းနှင့် ထိုကလေးများအားလုံးကို ကာကွယ်နိုင်မည်လား။ သူမတို့သည် ယွဲ့မိသားစုမှ ထွက်ခွာလာပြီဖြစ်၍ သက်တောင့်သက်သာ နေ့ရက်များကို ဖြတ်သန်းနေရပြီဖြစ်သည်။ ထိုအရာများသည် ယိုကျင့်၏ စွမ်းဆောင်မှုကြောင့်သာ ဖြစ်သည်။ အမျိုးသမီးစုသည် သူမ၏ လုပ်ကိုင်မှုမှာ များစွာ မပါ၀င်ကြောင်း သိလေသည်။
“ယိုကျင့် ကလေးတွေထဲမှာ သမီးက အလိုက်သိပြီး လုပ်တတ်ကိုင်တတ်ဆုံးပဲ။ အဲ့တော့ သမီးအဆင်ပြေတယ်ထင်သ၍ သမီးဘာသာ ကြည့်လုပ်လိုက်တော့ အမေမကန့်ကွက်ဘူး” သူမသည် သားသမီးများအား အကူအညီ မပေးနိုင်၍ သူတို့နောက်ဆံတင်းအောင် ဆွဲမထားချင်ပေ။ ထိုအရာသည် သူမ တတ်နိုင်သည့်အရာသာဖြစ်သည်။
ယိုကျင့်သည် အမျိုးသမီးစု၏ ယုံကြည်မှုကြောင့် ရွှင်ပျစွာ ပြောလေသည်။
“သမီးတို့ မိသားစုက လူတိုင်းက တော်ကြပါတယ်။ သမီးတို့သာ စည်းစည်းလုံးလုံးရှိသ၍ သမီးတို့ဘ၀တွေက ပိုကောင်းလာမှာ” ညီအစ်မများသည် အစ်မဖြစ်သူ၏ စကားကို သဘောတူကြလေသည်။ တစ်ယောက်ချင်းစီသည် ကြက်ဆန်ကောက်သကဲ့သို့ ခေါင်းများ အဆက်မပြတ် ညိတ်နေကြတော့သည်။ သူမတို့ အားလုံး၏ ဘ၀သည် ပို၍ ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ပေသည်။ အခုလည်း အရင်ကထက် ပိုကောင်းလာတယ်မလား။
......
နောက်တစ်နေ့ မနက်အစောပိုင်း၌ ယိုကျင့်နှင့်ယိုရင်တို့သည် ငါးများပြည့်နေသော သစ်သားတောင်းကို သယ်ကာ ဝူလီချောင်ရွာ၏ မြစ်တစ်လျှောက်မှာ လမ်းမကြီးဆီသို့ လျှောက်သွားလေသည်။ တစ်ဆယ့်ငါးမိနစ်မျှ စောင့်ပြီးနောက် လူမျှစီးနိုင်သော နွားလှည်းတစ်စီးကို တွေ့လေသည်။ တစ်ယောက်ကို သုံးယွမ်မျှသာ ကျသင့်၍ ညီအစ်မနှစ်ယောက်သည် လှည်းပေါ်သို့ ငါးတောင်းကိုချကာ လော့ဟယ် စီရင်စုသို့ သွားလေသည်။
စုမိသားစုရှိ ညီအစ်မများအပြင် လော့ဟယ်စီရင်စုသို့ ဈေး၀ယ်ရန် သွားသည့် ရွာနီးစပ်မှ အမျိုးသမီးများလည်း နွားလှည်း၌ ပါရှိပေသည်။ လော့ဟယ်စီရင်စု၌ ဈေးရောင်းပွဲတော်နေ့ဟု သီးသန့်သတ်မှတ်ထားခြင်း မရှိပေ။ မြို့သည် ကြီးမားသည့်အပြင် ဈေးသို့ နေ့စဉ် လာရောက်၀ယ်ခြမ်းကြသည့် လူများကြောင့်လည်းဖြစ်သည်။ ထို့အပြင် မြို့ထဲ၌ နေထိုင်သူဦးရေ များပြားသည့်အပြင် မြို့အနီးအနားမှ လူများသည်လည်း ဟင်းသီးဟင်းရွက်များ လာရောက် ရောင်းချခြင်းကြောင့်လည်း ဖြစ်ပေသည်။
နွားလှည်းသည် မြို့၏တောင်ဘက်မုခ်၌ ရပ်တန့်လေသည်။ ညီအစ်မနှစ်ယောက်သည် လှည်းပေါ်မှ ဆင်းကာ မြို့၀င်ခ နှစ်ယွမ်ကို ပေးချေပြီးနောက် ငါးတောင်းဖြင့် ပျော်ရွှင်စွာ ၀င်သွားကြလေသည်။ သူမတို့သည် အသားနှင့်ဟင်းသီးဟင်းရွက်များ ရောင်းချသည့် အနောက်ဈေးသို့ တည့်မတ်စွာ သွားလေသည်။
ယိုကျင့်နှင့် ယိုရင်တို့ ရောက်ချိန်၌ အလွန်ပင် နောက်ကျနေပြီဖြစ်သည်။ အနောက်ဈေးရှိ ဈေးဆိုင်များသည် ခင်းကျင်းပြီးဖြစ်သည်။ ညီအစ်မနှစ်ဦးသည် အချိန်အတန်ကြာ ရှာဖွေပြီးမှ ဟင်းရွက်သည် အမျိုးသမီးတစ်ဦး၏ ဘေးရှိ နေရာလွတ် တစ်နေရာကို ရှာတွေ့လေသည်။ ညီအစ်မနှစ်ယောက်သည် သူမတို့၏ ပခုံးထက်၌ သယ်လာသည့် ဝါးခြင်းတောင်းကို ချလိုက်လေသည်။ သူမတို့ နေရာချပြီးချင်း၌ပင် ငယ်ရွယ်လှပသည့် အမျိုးသမီးတစ်ဦးသည် ဟင်းရွက်များပြည့်နေသည့် ခြင်းတောင်းတစ်ခုကို ကိုင်ကာ လာရောက်မေးမြန်းတော့သည်။
“ကလေးတွေ ငါးက ဘယ်လိုရောင်းတာလဲ”
၀ယ်သူကို မြင်သည်နှင့် ယိုကျင့်သည် ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်သည်။
“သခင်မလေး ကျွန်မတို့ငါးက အကြီးဆို ယွမ်ခုနှစ်ဆယ် အသေးဆို နှစ်ဆယ်ယွမ်ပါ။ ကျွန်မတို့မှာ အကြီးရော အသေးရော ပါပါတယ်။ ဘယ်လို အမျိုးအစားကို ယူချင်လဲ”
“ယွမ်ခုနှစ်ဆယ် ဈေးမကြီးလွန်းဘူးလား” ထိုအမျိုးသမီးသည် ငါးများပြည့်နေသည့် တောင်းကို စိတ်ညစ်ညူးစွာ ကြည့်လိုက်သည်။
“၀က်သားရောင်းတဲ့လူတောင် တစ်ကျင်းကို နှစ်ဆယ့်ရှစ်ယွမ်ပဲ ယူတာ။ မင်းတို့ငါးက ၀က်သားထက်တောင် ဈေးကြီးနေတာပဲ”
ယိုကျင့်သည် ခြင်းတောင်းထဲရှိ ရေထဲကို နှိုက်လိုက်ကာ ကြေးနီရောင်သန်းနေသည့် အမြီးရှိသော ငါးကြင်းတစ်ကောင်ကို ထုတ်လိုက်သည်။ ထိုငါးကြင်းသည် ယိုကျင့်၏လက်ထဲ၌ လွန့်လူးနေကာ ကြေးခွံများသည် နေရောင်အောက်၌ တလက်လက် တောက်နေသည်။
“ကြည့်ပါဦး သခင်မရဲ့။ ကျွန်မတို့ငါးက ရေထဲကနေ လတ်လတ်ဆတ်ဆတ် ဖမ်းခဲ့တာ။ ဒီငါးကြင်းက အနည်းဆုံးလေးကျင်းလောက်ရှိတယ်။ ယွမ်ခုနှစ်ဆယ်က ဈေးမများပါဘူး။ ဒီငါးနဲ့ အိမ်ပြန်ပြီး ပြုတ်ပြုတ် ကျော်ကျော် အရသာကောင်းတဲ့ ဟင်းတွေ ဘယ်နှခွက်လောက် ရနိုင်မလဲ”
အမျိုးသမီးသည် ယိုကျင့်၏လက်ထဲရှိ လှုပ်နေသေးသော ငါးကိုကြည့်ကာ အနည်းငယ် စိတ်ပြောင်းသွားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ငါးစွပ်ပြုတ် သောက်ချင်သည်ဟု ပြောခဲ့သော ခင်ပွန်းဖြစ်သူ စာသင်သားကို တွေးမိသွားလေသည်။
“အဲဒါဆိုလဲ ငါးကြင်းလတ် နှစ်ကောင်လောက်ထည့်ပေး အဲ့လောက်အကြီးကြီးလဲ မလိုဘူးရယ်”
ငါကြင်းစတူးသည် ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေသည်ဟု ကြားဖူးသည်။ အမျိုးသားဖြစ်သူသည် စာလေ့လာမှု၌ အလွန်ပင် ကြိုးစားအားထုတ်ပေသည်။ ခင်ပွန်းသည်အား ငါးဟင်းအနည်းငယ်ဖြင့် အာဟာရပြည့်အောင် လုပ်ပေးရမည်။
ယိုကျင့်သည် ယိုရင်ယူလာပြီး မိသားစုဝင်များ ကိုယ်တိုင်ရက်လုပ်ခဲ့သော သစ်သားခြင်းကို လျင်မြန်စွာ ယူလိုက်သည်။ ထိုရေထဲမှ နှစ်ကျင်းနှင့် တစ်ဝက်ခန့် ရှိသည့် ငါးနှစ်ကောင်ကို အမြန်ဖမ်းလိုက်သည်။
“ဒီနှစ်ကောင်ရော ဘယ်လိုလဲ။ အကုန်လုံးမှ နှစ်ဆယ့်ငါးယွမ်ပဲ ယူလိုက်မယ်” ထိုအမျိုးသမီးမှ ခေါင်းညိတ်ပြသည်ကို မြင်၍ ယိုကျင့်သည် ငါးများကို ချည်ပေးကာ အမျိုးသမီး၏ခြင်းထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ထိုအမျိုးသမီးကို လိုက်ပို့လိုက်သည်။
စကား၀င်မပြောရဲသည့် ယိုရင်သည် ငါးများမြန်မြန် ရောင်းထွက်ကာ နှစ်ဆယ့်ငါးယွမ်မျှ စုဆောင်းမိမည်ဟု ထင်မထားခဲ့ပေ။ သူမသည် စိတ်လှုပ်ရှားနေခဲ့သည်။
“မမကြီး တကယ်ပဲ ငါးတွေက ရောင်းလို့ရတာလား”
ယိုကျင့်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမသတ်မှတ်ထားသည့် ဈေးသည် မများလွန်းပေ။ လော့ဟယ်စီရင်စုရှိ ငွေသုံးစွဲမှုသည်လည်း လျှို့ထန်မြို့ရှိ ငွေသုံးစွဲမှုထက် ပိုများပေသည်။ ထို့ကြောင့် ငါးများသည် တစ်နေ့တည်းနှင့် ရောင်းထွက်သွားနိုင်သည်။ ထိုသို့တွေးမိသည်နှင့် ယိုကျင့်သည် ပျော်ရွှင်စွာ ပြောလေသည်။
“ဒီငါးတွေရောင်းကုန်ရင် ကြက်မွေးဖို့ သွား၀ယ်ရအောင်။ ကြက်တွေက ကြီးလာရင် မမတို့စားဖို့ ဥဥပေးလိမ့်မယ်” သူမတို့ခြံသည် မွေးမြူရေးလုပ်ရန်အတွက် ကျယ်၀န်းပေသည်။ ၀က်မွေးမြူရန် မတတ်နိုင်သေးသဖြင့် ကြက်များ မွေးမြူထားသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်သည်။
မနက်ခင်း၌ ဈေး၀ယ်လာသူ အများစုမှာ မြို့ထဲရှိ လူများ ဖြစ်ကြသည်။ မတ်လ၌ ငါးများ အလတ်ဆတ်ဆုံး ဖြစ်၍ ညီအစ်မနှစ်ယောက်၏ ငါးများသည် တစ်နာရီအတွင်း ရောင်းထွက်သွားတော့သည်။ အစ်မဖြစ်သူသည် နောက်ဆုံးသော ငါးကြင်းကြီးကို ခြောက်ဆယ့်ငါးယွမ်ဖြင့် ရောင်းလိုက်သည်ကို ကြည့်ကာ လော့ဟယ်စီရင်စုရှိ လူများသည် မည်မျှ ချမ်းသာကြောင်း ယိုရင် နားလည်သွားတော့သည်။ “မမကြီး ဒီနေ့ အများကြီးရောင်းရတယ်မလား။ ဒီလိုငါးတွေ နေ့တိုင်းရောင်းရင် ပိုက်ဆံအများကြီး စုမိလောက်တယ်မလား”
ယိုကျင့်သည် ငွေများကို ရေတွက်ကာ သူမ၏ရင်ဘတ်ထဲ၌ ထည့်ကာဖွက်လိုက်သည်။ သူမတို့နှစ်ယောက်သည် ငယ်ရွယ်သေးသည်။ အကယ်၍ ရုံးတော်ထမ်းများ၊ စစ်သားများ ကင်းလှည့်သည်နှင့် ကြုံလျှင်၊ သို့မဟုတ် လူဆိုးဂိုဏ်းတစ်ခုခု၏ ပစ်မှတ်ဖြစ်သွားလျှင် ပြဿနာတက်လိမ့်မည်။ ယိုရင်၏စကားကြောင့် ယိုကျင့် ပြုံးမိသွားသည်။
“ဝူလီချောင်က ငါးတွေက ပျောက်မသွားပါဘူး။ ပြီးတော့ အစ်မတို့တောင် ငါးဖမ်းပြီး ရောင်းနိုင်ရင် အခြားလူတွေရော မလုပ်နိုင်ဘူးလား” ယနေ့၌ သူမတို့ ငါးရောင်းကာ ငွေရှာနိုင်ခြင်းသည် ကံကောင်း၍ ငါးလုံလုံလောက်လောက် ဖမ်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ဝူလီချောင်ရှိ လူများသည် တုံးအနေသူများ မဟုတ်ပေ။ ထိုသတင်းသာ ပြန့်သွားပါက သူတို့လည်း ငါးရောင်းကာ ငွေရှာနိုင်ပေသည်။
အစ်မဖြစ်သူ၏စကားကြောင့် ပျော်ရွှင်နေသည့် ယိုရင်သည် စိတ်ညစ်သွားတော့သည်။
“အဲဒါဆို ပိုက်ဆံရှာဖို့ နည်းလမ်း မရှိတော့ဘူးလား” အစ်မဖြစ်သူသည် တစ်မိသားစုလုံး၏ ကိစ္စအ၀၀ကို ပူပန်နေရသောကြောင့် ကူညီပေးချင်မိသော်လည်း သူမသည် မည်သည့်နေရာမှ အကူအညီမဖြစ်ချေ။
ယိုကျင့်သည် ကျန်ရှိနေသော သစ်သားတောင်းရှိ ရေများကို သွန်လိုက်ကာ ယိုရင်၏ပခုံးကို အသာအယာပုတ်ပြီး နှစ်သိမ့်လိုက်သည်။
“ပိုက်ဆံရှာဖို့က အစ်မတာ၀န်ထား။ ညီမလေးက အိမ်ကကလေးတွေကို အမေနဲ့ မမအစား ကူကြည့်ပေးပေါ့။ သွားရအောင်။ ကြက်တွေအရင်၀ယ်ပြီး အသားတွေ၀ယ်ပြီးတာနဲ့ ပြန်ကြမယ်”
ယိုကျင့်၏စကားကြောင့် သူမသည် နေရာတစ်ခု ရသွားသကဲ့သို့ ခံစားရကာ ပျော်ရွှင်သွားတော့သည်။ အစ်မဖြစ်သူ၏ စကားကို ခေါင်းညိတ်သဘောတူလေသည်။ “အွန်း”
…