← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း (၄၆) ကြက်ပေါက်လေးများနှင့် မျှစ်များ

လော့ဟယ်မြို့က စျေးနှုန်းသည် လျိုထန်မြို့မှာထက် ပိုစျေးကြီးလေသည်။ ဥတစ်လုံးကို ၂ဝမ်ပေးရပြီး ကြက်မတစ်ကောင်ကို ၈ဝမ် ပေးရသည်။ အနောက်ဘက်စျေးကို နှစ်ပတ်ခန့် ပတ်ပြီးနောက် ယိုကျင့်တို့ညီအစ်မများသည် ကြက်ပေါက်ရောင်းသူကို ရှာတွေ့သွားကြ၏။ တော်တော်နှင့် စျေးဆစ်ယူလိုက်ရပြီးနောက် သူတို့သည် ကြက်ပေါက်လေး ၁၄ကောင်ကို ဝမ်၁၀၀နှင့် ဝယ်ခဲ့လိုက်တော့သည်။ ပျှမ်းမျှအားဖြင့် တစ်ကောင်ကို ၇ဝမ်ကျော်ကျော် ကျသည်။

ကြက်ပေါက်လေးများကို သစ်သားစည်ပိုင်းအလွတ်ထဲတွင် ထည့်လိုက်၏။ ညီအစ်မများသည် ဝက်အဆီ ၃ပိဿာခန့် ဝယ်ရန် ကွေ့ပတ်ကာ ဝက်သားဆိုင်သို့ ရောက်လာကြပြီးနောက် ဝက်သားသည်က သူတို့ကို ဝက်ခြေထောက်နှစ်ချောင်းကို စျေးပေါပေါနှင့် ရောင်းပေးလိုက်လေသည်။ တစ်ယောက်က ကြက်ပေါက်လေးများ ထည့်ထားသည့် ပုံးကို သယ်ထားပြီး ကျန်တစ်ယောက် ကြာရွက်ဖြင့် ထုပ်ထားသည့် ဝက်ခြေထောက်ကို ကိုင်ထားလေသည်။ သူတို့သည် တောင်ဖက်ဂိတ်သို့ ပျော်ပျော်ပါးပါး လျှောက်လာပြီးနောက် ဝူလီချောင်သို့ ပြန်လာခဲ့တော့သည်။

ဝူလီချောင်သည် လော့ဟယ်မြို့မှ ၅မိုင်သာဝေးသည်။ ထို့ကြောင့်ပင် ဝူလီချောင်ဟု ခေါ်ခြင်းပင်။ ညီအစ်မနှစ်ယောက်သည် မြန်မြန် လမ်းမလျှောက်ခဲ့သော်ငြား လမ်းမကြီးမှ အိမ်ပြန်ရောက်ရန် နာရီဝက်ခန့်သာ ကြာ၏။

အိမ်မှ မျှော်နေကြသည့်အငယ်လေးများသည် အစ်မအကြီးဆုံးနှင့် ဒုတိယအစ်မတို့ကို အဝေးက လှမ်းမြင်လိုက်ရာ အကြီးများက အငယ်များလက်ကို ဆွဲကာ ပြေးလာကြတော့သည်။ ယိုကျင့်၏လက်တွင် ကြက်ပေါက်လေးများကို ပုံးဖြင့် သယ်လာသည်ကို မြင်လိုက်ပြီး အားလုံးက ပျော်သွားကြတော့သည်။

“ကြက်ပေါက်လေးတွေတော့”

ယိုကျင့်သည် ပြုံးလိုက်ကာ ခဏအနားယူရန် ရပ်လိုက်လေသည်။ ထို့နောက် လူ ၆ယောက် ၇ယောက်အုပ်စုသည် အိမ်သို့ လမ်းလျှောက်ပြန်လာကြလေသည်။ သူတို့သည် စကားပြောရင်း လျှောက်လာကြ၏။

“ မကြီး... ညီမလေး ကြက်လေးတွေကို မွေးလို့ရလား”

“ ညီမလေးလည်း ကြက်တွေမွေးချင်တယ်”

ညီအစ်များသည် ပျော်ရွှင်စွာ ငြင်းခုန်လာကြလေသည်။

“အစ်မတို့အားလုံး အတူတူ မွေးကြမယ်လေ၊ အိမ်ပြန်ရောက်တာနဲ့ ကြက်ခြံလုပ်ဖို့ တောင်အနောက်ဖက်ကို သွားပြီး ဝါးတွေနည်းနည်းလောက်သွားခုတ်ကြမယ်၊ နောက်ဆိုရင် ယိုကျူးက ဦးဆောင်ပြီး လုပ်ပေါ့၊ ယိုပေါင်၊ ယိုလင်နဲ့ ယိုလော့တို့ကလည်း ကြက်လေးတွေစားဖို့ နေ့တိုင်း အစာရှာပေးဖို့ တာဝန်ယူရမယ်နော်”

ယိုကျင့်သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ညီမငယ်လေးတချို့ကို တာဝန်ပေးလိုက်တော့သည်။ ထိုစကားကို ကြားလိုက်သည်နှင့် ကလေးတချို့က မတ်မတ်ရပ်လိုက်ပြီး သူတို့သည် အလုပ်ကို သေချာပေါက် ပြီးမြောက်အောင်လုပ်တော့မည့် အမူအရာလုပ်လိုက်ကြ၏။

တစ်ဖက်တွင်တော့ ယိုချိုးလေးက အနည်းငယ် စိတ်ပျက်နေလေသည်။

“မကြီး ညီမလေးကရော”

ယိုကျင့်က မပြောလိုက်ခင် ယိုကျူးက အော်ရယ်လိုက်ပြီး

“ ရှောင်ချီရယ် ကြက်ပေါက်လေးတွေ နင့်ကို ဆိတ်မှာ မကြောက်ဘူးလား”

ရှောင်ချီသည် အရင်က ယွဲ့မိသားစု၏ ကြက်ဖကြီး ဆိတ်ခံခဲ့ရဖူးလေသည်။ ထို့ကြောင့် သူမသည် ကြက်ဖကြီးကို ကြောက်စိတ်များ ကျန်နေသေးသည်။ သေချာပါသည်။ သူမသည် အဆိတ်ခံရမည်ဟု ကြားလိုက်ချိန်၌ ရှောင်ချီမှာ အနည်းငယ်ရှက်သွားကာ ခေါင်းလေးကို ငုံ့ထားလိုက်တော့သည်။ သူမသည် ကူညီချင်သော်လည်း အဆိတ်ခံရမှာ ကြောက်လေသည်။

ယိုကျင့်က ပြုံးလိုက်ပြီးနောက် ရှောင်ချီ၏ ခေါင်းလေးကို သပ်ပေးလိုက်ကာ ရယ်မောပြီး ပြန်ပြောလိုက်၏။

“ ရှောင်ချီက တတိယအစ်မနဲ့ အတူတူ လုပ်ကူပေးလိုက်ပေါ့၊ ကြက်ကလေးတွေနား အရမ်းမကပ်ရင်ရတယ်လေ”

မကြီး၏စကားကို ကြားလိုက်ပြီးနောက် ရှောင်ချီသည် ခေါင်းကို တွင်တွင်ညိတ်ပြလိုက်လေသည်။

ပင်မဆောင်ထဲတွင် အမျိုးသမီးစုသည် သမီးများက ခြံထဲတွင် ကြက်မွေးမည့်အကြောင်း ပျော်ပျော်ပါးပါး ပြောနေကြသည်ကို နားထောင်နေ၏။ သူမ၏စိတ်ထဲတွင် ပီတိဖြစ်နေတော့သည်။ ဒီလိုဘဝမျိုး။ ယွဲ့အိမ်တော်က ဘဝနဲ့ယှဥ်ရင် ရေနဲ့ဆီလိုပါပဲလား။ မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့် သူတို့တွေ ဒီနေ့မှာ လွတ်မြောက်လာနိုင်ခဲ့တာပဲ။

***

စုမိသားစု ပြောင်းရွှေ့လာပြီးနောက် ပစ္စည်းအားလုံးကို ချက်ချင်း ဝယ်ခဲ့ကြသည်။ သံထည်ပစ္စည်းများဖြစ်သည့် ပေါက်ပြား၊ တံစဥ်း နှင့် ရဲတင်းများကို အသစ်ဝယ်ယူခဲ့ရသည်။ ထိုပစ္စည်းများကို ဝယ်တုန်းက ငွ ၂စ ကုန်သွားခဲ့သည်။ စိတ်ဆင်းရဲစရာပမာဏပင်။ ဝါးကို မြင်လိုက်ရဖြင့် အခုတော့ အလွန်သက်သောင့်သက်သာ ဖြစ်ရသည်။ ယိုကျင့်သည် ငွေများကို ကောင်းကောင်းသုံးခဲ့သည်ဟု ခံစားလိုက်ရလေသည်။

စုအိမ်တော်၏အနောက်ဖက် တောင်ပေါ်တွင် ဝါးတောတစ်ခုလုံး ရှိသည်။ ယိုကျင့်သည် ယိုရင်နှင့် ယိုကျူးတို့ကို ဝါးတောဆီ ခေါ်လာခဲ့၏။ လက်များကို လှုပ်ရှားလိုက်ပြီး ဓားများကို ချလိုက်ချိန်၌ ၁၇မီတာ ၁၈မီတာအမြင့်ရှိ ဝါးလုံးအရင့်သုံးလုံးကို ခုတ်လှဲပြီးသွားတော့သည်။ ယိုကျင့်သည် ကျောတွင် ခြင်းတစ်ခုနှင့် တူးရွင်းတစ်ခုကို တမင်သယ်လာခဲ့လေသည်။ ဝါးခုတ်ပြီးနောက် သူမသည် ခဏလောက် လှည့်ပတ်သွားလိုက်ပြီး ထိုးထိုးထောင်ထောင်ထွက်နေသည့် အဖြူရောင်မျှစ်များကို ခုတ်ဖြတ်လိုက်လေသည်။ ထိုနောက် ညီအစ်မသုံးယောက်သည် တောင်ပေါ်မှ ဆင်းလာကာ လက်အပြည့် သယ်လာပြီး အိမ်သို့ပြန်လာခဲ့လေသည်။

ချွေ့ဖုန်းရွာတွင် ဝါးများ မရှိချေ။ ထို့ကြောင့် အမျိုးသမီးစုအပါအဝင် စုမိသားစုဝင်အားလုံးက မျှစ်ကို စားလို့ရမှန်း မသိကြချေ။ ယိုကျင့်လက်က အပြင်ဘက် အစိမ်းရင့်အခွံကို သွက်သွက်လက်လက် ဖယ်ရှားလိုက်ပြီး ဖြူဖွေးနူးညံ့သည့်အတွင်းသားကို ကြည့်ရင်း သူတို့သည် အသစ်အဆန်းတစ်ခုလို မြင်သွားကြတော့သည်။ ကြက်ခြံဆောက်ကာ အလုပ်များနေသည့် ယိုရင်က မေးလိုက်၏။

“ မကြီး ဘာတွေလုပ်နေတာလဲ”

“ဒါကို မျှစ်လို့ ခေါ်တယ်၊ ဒီနေ့ဝက်ခြေထောက်နဲ့ မျှစ်ဟင်းချက်စားကြမယ်၊ အရသာရှိတယ်”

ယိုကျင့်သည် အလုပ်လုပ်ရင်း သူမ၏မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

စားစရာဟု ကြားလိုက်သည်နှင့် ထိုအရာကို တစ်ခါမှမမြင်ဖူးသည့် ကလေးမလေးများက ဝိုင်းအုံလာကြတော့သည်။

“ ဒါက ဘယ်လောက်အရသာရှိတာလဲ”

အမျိုးသမီးစုလည်း အနည်းငယ်စိုးရိမ်သွားပြီး

“ ကျင့်အာ ဒါက စားလို့ရလို့လား၊ ပြဿနာမရှိနိုင်ပါဘူးနော်”

ယိုကျင့်က ခေါင်းခါပြရင်း ပြန်ဖြေလိုက်လေသည်။

“ ဒီနေ့ စျေးထဲမှာ လူတစ်ယောက် ရောင်းနေတာတော င်မြင်ခဲ့သေးတယ်၊ ဒါကြောင့် ပြဿနာမရှိပါဘူး”

ယိုရင်းသည် သူမဘာလို့ မမြင်မိပါလိမ့်ဟု မေးချင်လိုက်သော်လည်း ယိုကျင့်၏အကြည့်ကြောင့် တွန့်သွားပြီး သူမ၏ပါးစပ်ကို နာနာခံခံ ပိတ်ထားလိုက်တော့သည်။

ယခုမှ နွေဦးသာရောက်သေးသဖြင့် စားသောက်လို့ရသည့် အသီးအရွက်များက မရင့်လာကြသေးချေ။ ယိုကျင့်သည် သည်နေ့ တောင်ပေါ်က ဝါးများကို မြင်လိုက်တော့ ငွေရှာမည့်နည်းလမ်းတစ်ခုကို စဥ်းစားမိလာတော့သည်။ နွေဦးမျှစ်များကို တူးကာ မြို့ထဲတွင် ရောင်းလျှင် ရလောက်သည်။ ငွေရှာနိုင်သ၍ အဆင်ပြေသည်။ ထိုနေ့ ညစာအတွက် ယိုကျင့်သည် ဝက်ခြေထောက်နှင့် မျှစ်စတူးဟင်း ချက်လိုက်သည်။ စုမိသားစု၏မျက်လုံးများသည် အရသာကြောင့် အရောင်လက်လာတော့သည်။

“ ဒီမျှစ်တွေက စားလို့အရမ်းကောင်းတာပဲနော်၊ အသားထက်တောင် ကောင်းသေးတယ်”

မျှစ်သည် ဝက်သားအရသာကို စုပ်ယူလိုက်၏။ အရသာရှိသည့် မျှစ်အရသာနှင့် ရောလိုက်သောအခါ အသားက ပိုကောင်းသွားသည်မဟုတ်ပါလား။

ယိုကျူး၏ပါးလေးကသည် ဖြူကောင်လေးတစ်ကောင်လို့ ဖောင်းနေတော့သည်။ သူမ၏မျက်လုံးများက တောက်ပနေ၏။

“ မကြီး ဒါကိုရော မြို့မှာ ရောင်းလို့ရလား”

သမီးဖြစ်သူ၏မှတ်ချက်ကို နားထောင်လိုက်ပြီး သည်နေ့မှ ကလေးများနှင့်အတူ ထမင်းစစားသည့် အမျိုးသမီးစုမှ စိတ်ထဲတွင် မျက်သွားပြီး အနည်းငယ် ကျေနပ်သွားတော့သည်။ သူမသည် အရည်အချင်း မရှိသောကြောင့် စိတ်ထဲမျက်မိခြင်းပင်။ ကလေးများက တစ်နေ့လုံး ငွေရှာချင်နေကြသည်။ သူတို့သည် အလွန်သိတတ်ကြပြီး သူမက ဘယ်တော့မှ အာရုံစိုက်ပေးစရာ မလိုသည့်အတွက် ကျေနပ်ရသည်။ ထို့အစား သူတို့အားလုံးက မိသားစုကို ပိုကောင်းလာအောင် စဥ်းစားတတ်ကြလေသည်။

ယိုကျင့်သည် တဟားဟား အော်ရယ်လိုက်၏။ ဟုတ်ပါသည်။ ယိုကျူး၏ စိတ်နေစိတ်ထားက သူမနှင့်အတူဆုံး ဖြစ်ပြီး သူမ၏စိတ်ကိုလည်း နားလည်ပေးတတ်ဆုံးပင်။ ထို့ကြောင့် သူမက လက်ခံသည့်အကြည့်တစ်ခုဖြင့်

“ စဥ်းစားကြည့်လေ၊ အခုမှ နွေဦးပဲ ရှိသေးတယ်၊ ပြီးခဲ့တဲ့ရက်တွေတုန်းက မြို့ထဲကအခြေအနေကိုလည်း ငါတို့အားလုံး မြင်ခဲ့ပြီးပြီ၊ အခုဆို မြို့ထဲမှာ မုန်လာထုပ်နဲ့ အာလူးကိုပဲ ရောင်းနေကြတာ၊ လတ်ဆတ်နူးညံ့တဲ့အသီးအရွက်တွေ စားရဖို့မလွယ်ဘူး၊ မျှစ်ဆိုရင်တော့ ပြောမနေနဲ့၊ ငါတို့တွေ ဟွိုင်ပွင့်နဲ့ တောထဲက အသီးအရွက်တွေကို ခူးပြီး တောင်မြို့ထဲမှာ သွားရောင်းလို့ရတယ်လေ ဟုတ်ပြီလား”

ယိုကျင့်က ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ညီအစ်မအားလုံး၏မျက်လုံးများသည် တောက်ပသွားတော့သည်။

“ တကယ်လား ၊ တောထဲကအသီးအရွက်တွေကိုလည်း ရောင်းလိုက်ရသလား”

“ ဒါဆို မနက်ဖြန်ကျရင် တောထဲက အသီးအရွက်တွေသွားခူးကြမယ်လေ နော်”

“ ငွေအများကြီး မရဘူးဆိုပေမဲ့ ခြင်ရဲ့ခြေထောက်က ဘယ်လောက်ပဲ သေးငယ်ပါစေ အသားပဲလေ ဟုတ်တယ်မလား”

ယိုကျင့်သည့် သူမ၏လက်ချောင်းများကို ကွေးကာ သစ်သားစားပွဲကို အသာအယာ ခေါက်လိုက်လေသည်။

“ ဝမ်တစ်စဆိုရင်တောင် ပိုက်ဆံပဲ”

ညီအစ်မများသည် သူတို့အစ်မကြီး၏ စကားမှာ အလွန်အဓိပ္ပာယ်ရှိသည်ကို တွေ့လိုက်ရသဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြလေသည်။ အသံမှာ တစ်ပြိုင်တည်း ထွက်လာ၏။

“ ညီမလေး မနက်ဖြန် တောထဲကအသီးအရွက်တွေ သွားခူးမယ်”

“ ညီမလေးက ဟွိုင်ပွင့်တွေ သွားခူးမယ်”

“ ညီမလေးလည်း သွားမယ်”

သူတို့တစ်ယောက်ချင်းစီသည် ယိုကျင့်က သူတို့ကိုအိမ်တွင် ထားမှာစိုးသဖြင့် တစ်ယောက်တစ်ပေါက် ပြောနေကြတော့သည်။

“ဟုတ်ပြီ ဟုတ်ပါပြီ၊ အရင်ဆုံး ထမင်းပြီးအောင် စားကြရအောင်၊ ခဏနေ ထမင်းဟင်းတွေ အေးကုန်တော့မယ် ဟုတ်ပြီလား”

အမျိုးသမီးစုသည့် ကလေးအယောက်တိုင်းကို ဟင်းများ ထည့်ပေးလိုက်ကာ အလွန်သိမ်မွေ့စွာ ပြောလိုက်လေသည်။

“ တောထဲက အသီးအရွက်တွေ သွားမခူးခင် ဗိုက်ပြည့်အောင်တော့ လုပ်ထားရမယ်လေ မဟုတ်ဘူးလား”

အမျိုးသမီးစု၏စကားကို ယိုကျင့်က ခေါင်းညိတ်ကာ ထောက်ခံလိုက်တော့သည်။ ထို့နောက် ကလေးများသည် ကြွေပန်းကန်ထူကြီးများကို မြန်မြန်ကိုင်လိုက်ကာ ပါးစပ်အပြည့် စားလိုက်ကြတော့သည်။ မကြာခင်မှာပင် မျှစ်နှင့်ဝက်ခြေထောက်ဟင်းအိုးကြီးက ကုန်သွားလေတော့သည်။

***

နောက်တစ်နေ့ မနက်စောစော၌ အရှေ့ဘက်မှနေသည် ကောင်းကင်ပေါ်သို့ တက်မလာခင် အရှေ့ဆောင်၏တံခါးသည် ညင်ညင်သာသာ ပွင့်လာ၏။ ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုသည် အသာအယာ လှမ်းထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။ ၃လပိုင်းရောက်ပြီဖြစ်သော်လည်း မြူနှင်းများ ကာဆီးနေသည့် မနက်ခင်းက အနည်းငယ်အေးစိမ့်နေဆဲ။ ယိုကျင့်သည် လေကို မှုတ်ထုတ်လိုက်ပြီး လက်များကို ပွတ်ရင်း မီးဖိုဆောင်သို့ ဝင်သွားတော့သည်။ အားလုံးမထခင် မနက်စာလုပ်ပေးချင်သည်။ နောက်ဆုံး အမျိုးသမီးမှလွဲလျှင် မိသားစုအားလုံးက ဒီနေ့ အလုပ်ထွက်လုပ်ကြရပေမည်။

ဝူလီချောင်က မနက်စောစော ထတတ်ကြသည့် ရွာသားအချို့က သူတို့၏ ပေါက်ပြား၊ တူးရွင်းများကို သယ်ကာ အလုပ်လုပ်ရန် ခြံထဲဆင်းလာကြလေသည်။ မြစ်အနောက်ဖက်ကမ်းက မီးခိုးများ တက်လာသည်ကို ကြည့်ရင်း သူတို့သည် အရင်ကလောက် မကြောက်ကြတော့ပေ။ ချင်အိမ်တော်သည် သရဲခြောက်သည့်အိမ်တစ်လုံး ဖြစ်ခဲ့လေသည်။ စုမိသားစုတွင် လူကြီး အားနည်းသည့် မိန်းမနှင့် ကလေးများသာ ရှိသော်လည်း ထူးထူးဆန်းဆန်း သတင်းပို့လာသည်ကို မကြားမိကြချေ။ အခုတော့ ရွာကလူများက စုမိသားစုသည် ချင်မိသားစုက မိန်းကလေးနှင့် ကောင်းမွန်သည့်ရေစက်ပါသည်ဟု ပြောကြလေသည်။ ချင်မိသားစုက မိန်းကလေးက သူတို့ကို အေးအေးချမ်းချမ်း နေစေလိုသည့်ဆန္ဒ ရှိသည်ဟူ၍။

အမှန်တွင် ထိုစကားများကို ရွာသားများ အချင်းချင်းသာ တီးတိုးပြောကြခြင်းပင်။ မည်သူကမှ စုအိမ်တော်၏တံခါးသွားခေါက်ကာ မပြောကြချေ။ ထို့အပြင် စုမိသားစုသည် အခုလေးတင်မှ ပြောင်းလာသည်ဖြစ်ရာ ရွာသားများနှင့်လည်း မရင်းနှီးသေးချေ။ တစ်ခါလောက် လမ်းကြုံရောက်ခဲ့ဖူးသူများမှာ အမျိုးသမီးကောနှင့် တချို့သာရှိလေသည်။ ထို့ကြောင့် စုမိသားစုသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မသိချေ။ သူတို့ကိုယ်တိုင်ကလည်း သည်နေရာတွင် နေရသည်က ယွဲ့မိသားစုအိမ်တွင် နေရသည်ထက် ပိုအေးချမ်းမှန်း သိလေသည်။

ယိုကျင့်သည် သည်နေ့အတွက် ဆန်ကြမ်း ဆန်ပြုတ်အိုးကြီးတစ်အိုး ချက်လိုက်၏။ ထို့နောက် မုန်လာထုပ်ကို ဆီလှိမ့်ကြော်လိုက်သည်။ အမျိုးသမီး၏ ငါးကြင်းစွပ်ပြုတ်ကို မီးဖိုပေါ်တွင် တည်လိုက်ပြီး မီးအေးအေးဖြင့် ဆူပွက်စေလိုက်သည်။ ခဏလောက် အလုပ်များသွားပြီးနောက် ဟင်းပွဲများ မပြင်ဆင်ခင်မှာပင် အစားအသောက်အနံ့ ရလိုက်သည့် စုမိသားစုဝင်အားလုံးကလည်း နိုးလာတော့သည်။ အငယ်လေးများက ယိုရင်၊ ယိုကျူး နှင့် ယိုပေါင်တို့ အကူအညီဖြင့် မျက်နှာသစ် သွားတိုက်ကြ၏။ နွေဦးကာလ၏ မနက်စောစော တွင်းရေက မသိမသာ နွေးနေဆဲဖြစ်ရာ အလွန်သက်သောင့်သက်သာ ဖြစ်လေသည်။

စုမိသားစုဝင်အားလုံး ကိုယ်လက်သန့်စင်ပြီးနောက်တွင် ယိုကျင့်က မနက်စာကို ပြင်ဆင်ပြီးသွားတော့သည်။ မိသားစုတစ်ခုလုံး မနက်စာ အတူတူစားသောက်ကြပြီးနောက် ဟွိင်ပွင့်ခူးမည့်သူ၊ တောထဲက အသီးအရွက်ခူးမည့်သူနှင့် မျှစ်တူးမည့်သူများအဖြစ် သူတို့ကို အဖွဲ့သုံးခု ခွဲပေးလိုက်လေသည်။ ယိုရင်၊ ယိုလင်၊ ယိုလော့တို့က မြစ်ရိုးတစ်လျှောက် ဟင်းသီးဟင်းရွက်များကို ရှာဖွေရမည်။ ယိုကျူးနှင့် ယိုပေါင်က ခြင်းတောင်းတစ်ခုဖြင့် တောင်ခြေက ဟွိုင်ပွင့်များကိုခူးရမည်။ ယိုကျင့်က ပေါက်ပြားနှင့် ခြင်းတစ်ခုကို သယ်ကာ ဝါးတောဆီသွားမည်။ ကျန်သည့် ယိုချိုးနှင့် အမျိုးသမီးစုတို့က အိမ်စောင့်ရပေမည်။

အမှန်တွင် ဝူလီချောင်ရွာသားများကလည်း စားသောက်ရန် မျှစ်တူးပြီး အသီးအရွက်များကို ခူးဆွတ်ခဲ့ကြသည်။ သို့သော် ချင်မိသားစု၏ကံဆိုးမှု ကြုံရပြီးနောက် လူများက မြစ်အနောက်ဖက်ကမ်းသို့ အလာကျဲသွားကြတော့သည်။ ထို့ကြောင့် အသီးအရွက်ဖြစ်စေ ဟွိုင်ပွင့်များဖြစ်စေ သူတို့သည် တမနက်ထဲနှင့် အမြောက်အများ ခူးခဲ့ရလေသည်။ မျှစ်တူးရန် တောင်ပေါ်သို့ တက်သွားသည့် ယိုကျင့်လည်း မျှစ်တစ်ပုံထက်မက တူးခဲ့ရလေသည်။ သူမသည် ဝါးပိုးကြွက်ကြီး နှစ်ကောင်ပင် ဖမ်းမိခဲ့သေးသည်။

မျှစ်များ အပြည့်ထည့်ထားသည့် ခြင်းတောင်းတစ်ခုနှင့် ဝါးပိုးကြွက်နှစ်ကောင်ကို ကြိမ်ကြိုးဖြင့် တင်းနေအောင်ချည်ကာ သူမပခုံးပေါ်က ပေါက်ပြားတွင် ချိတ်ထားပြီး ယိုကျင့်သည် သီချင်းညည်းကာ အိမ်ပြန်လာခဲ့တော့သည်။ အိမ်မရောက်ခင် ဟွိုင်ပွင့်များ ခြင်းအပြည့်ထည့်လာသည့် ယိုကျူး၊ ယိုပေါင်တို့နှင့် တွေ့လေသည်။ နှစ်ယောက်သားသည် ယိုကျင့်ကို တွေ့သည်နှင့်ချက်ချင်း သူမကို ပျော်ပျော်ပါးပါး လက်ပြနှုတ်ဆက်လိုက်ကြသည်။

“ မကြီးရေ”

ယိုကျင့်လည်း သူတို့နှစ်ယောက် လက်ရမ်းပြလိုက်ပြီးနောက် သူတို့နှင့် အမီလိုက်ရန် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်တော့သည်။ သူမသည် အနားသို့ရောက်လာချိန်၌ သူမ၏ပေါက်ပြားတွင် ချိတ်ဆွဲထားသည့် ဝါးပိုးကြွက်ကြီးနှစ်ကောင်ကို သတိထားမိသွားကြပြီး မနေနိုင်ဘဲ တအံ့တဩ ဖြစ်သွားကြတော့သည်။

“မကြီး ဒါကဘာလဲ”

“ ဝါးပိုးကြွက်လို့ ခေါ်တယ်၊ အသားက အရမ်းအရသာရှိတယ်”

တက်တက်ကြွကြွဖြင့် ယိုကျင့်ရှင်းပြလိုက်လေသည်။

“ မနက်ဖြန် မြို့ကိုသွားရင် ဒါကိုပါ ယူသွားပြီး ရောင်းမလို့လေ၊ ငွေတော်တော်ရလောက်တယ်”

“ဝါးပိုးကြွက် ဟုတ်လား၊ ဒါဆို ဒါက ကြွက်လား၊ လူတွေက ဘာလို့ ကြွက်ကို စားချင်ကြတာလဲ”

ကြောက်တတ်သည့်ယိုပေါင်က ယိုကျူး၏အင်္ကျီအနားစကို တင်းနေအောင်ဆုပ်ထားပြီး သူမနောက်တွင် ပုန်းကာ သတိအနေထားဖြင့် မေးလိုက်လေသည်။

သူမ ကြောက်နေသည်ကို မြင်လိုက်သဖြင့် ယိုကျင့်က ဝါးပိုးကြွက်ကို အောက်ချလိုက်ပြီး သူမမ ကြောက်အောင် လက်ထဲတွင် ကိုင်ပြလိုက်လေသည်။

“ ကြွက်တော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ နာမည်က နည်းနည်းဆင်နေတာ”

ယိုကျူးသည် အနည်းငယ် သိချင်သော်ငြား သူမလည်း အနည်းငယ် ကြောက်နေလေသည်။ ယိုကျင့်က သူမကိုယ်သူမ နောက်တွင် ခြေလှမ်း ၆လှမ်း ၇လှမ်းခွာကာ လိုက်လာပြီး ညီအစ်မသုံးယောက် အတူတူ အိမ်ပြန်လာကြတော့သည်။

အိမ်ပြန်ရောက်သည်နှင့် ဝါးပိုးကြွက်နှစ်ကောင်က သိလိုစိတ်များကို နိုးဆွကာ ကျန်သည့် စုမိသားစုဝင်များကြားတွင် အနည်းငယ် မသက်မသာဖြစ်ရာ ဂယက်ရိုက်သွားတော့သည်။ သို့တိုင် ယိုကျင့်က မနက်ဖြန်မြို့သို့ ယူသွားမည့် တရုတ်နံနံ ၊ ဟွိုင်ပွင့်နှင့် မျှစ်များနှင့်အတူ ဝါးပိုးကြွက်များ စုမိသားစု ကုန်လှောင်ခန်းတွင် ထားလိုက်လေသည်။ နောက်တစ်နေ့ မနက်စောစောတွင် ယိုကျူးက လိုက်ချင်သည်ဟု ဂျီကျနေသဖြင့် သူမနှင့်အတူ မြို့သို့ခေါ်လာလိုက်တော့သည်။ ဝါးခြင်းတစ်ယောက်လုံးစီ သယ်လာခဲ့ကြ၏။ ယိုကျင့်က ၂ပိဿာလောက်ရှိသည့် ဝါးပိုးကြွက်များကိုလည်း သယ်လာခဲ့လေသည်။ ညီမအစ်မများသည် မြို့ထဲတွင် ပစ္စည်းများရောင်းချရန် ထွက်လာခဲ့လေတော့သည်။

…

အပိုင်း (၄၇) ၀ယ်သူအကြီးစား

ယိုကျင့်တို့ညီအစ်မသည် သာမန်နေ့များထက် ပစ္စည်းများ ပို၍ ထည့်လာခဲ့သော်လည်း ‌လေးပင်ခြင်း မရှိပေ။ ညီအစ်မနှစ်ယောက်သည် စောစီးစွာ ထွက်လာခဲ့သောကြောင့် လော့ဟယ်ဈေး၌ နေရာလွတ်များ ရှိနေသေးသည်။ လတ်ဆတ်လှသည့် နံနံပင်အား ဈေးစင်၏ထိပ်ဆုံးရှိ ခြောက်သွေ့သည့် နေရာ၌ထားကာ ဟွိုင်ပန်းအား ထိုဘေး၌ နေရာချလိုက်သည်။ ညီအစ်မနှစ်ယောက်သည် အလုပ်လုပ်ရာ၌ လျင်မြန်ပေသည်။ ဈေးဆိုင်တည်ခင်းပြီးချိန်၌ စတင်ရောင်းချကြတော့သည်။

ယခုခေတ်ကာလတွင် လမ်းပေါ်၌ ရောင်းချသည့် ဟင်းသီးဟင်းရွက်အများစုသည် နှစ်ချီလှောင်ထားသော ဂေါ်ဖီထုပ်များသာ ဖြစ်သည်။ ဟင်းသီးဟင်းရွက်ရိုင်းများ ရောင်းချသည့်သူများလည်း ရှိပေသည်။ ခဏအကြာ၌ ဟွိုင်ပန်းများသည် ကုန်လုနီးပါး ရောင်းချပြီးပြီ ဖြစ်သည်။ ယိုကျင့်၌ အလေးချိန်စက် မရှိကြောင့် ဟွိုင်ပန်းများအား ကြာဖက်ဖြင့်ထုပ်ကာ ကြိုးဖြင့် ကျစ်လျစ်စွာ ထုပ်ပိုးထားရသည်။ တစ်ထုပ်ကို ငါးယွမ်ကျသင့်ကာ ဈေးချိုလှသောကြောင့် လျင်မြန်စွာ ရောင်းထွက်ပေသည်။

“ကလေးမ ဝါးပိုးကြွက်တွေက ဘယ်လောက်လဲ” ၀တ်ကောင်းစားလှ၀တ်ထားသော ၀ဖိုင့်ဖိုင့် လူကြီးတစ်ဦးသည် နောက်လိုက်တစ်ယောက်နှင့်အတူ စိတ်၀င်တစား မေးမြန်းလေသည်။

“ဝါးပိုးကြွက်တွေကို လော့ဟယ်ဈေးထဲမှာ လာရောင်းတာ ဒါပထမဆုံး မြင်ဖူးတာပဲ”

“ဒီကသခင်ကြီးက ကြည့်တတ်သားပဲ။ ဒါက ကျွန်မအဖေ မနေ့က တောင်ပေါ်တက်တုန်း ဖမ်းမိလာတာပါ။ အသက်ရှင်ပြီး လှုပ်နေတုန်းပဲ။ တစ်ကောင်လောက် မ၀ယ်ချင်ဘူးလား” ယိုကျင့်သည် မုသားများကို တစ်ဆင့်ပြီးတစ်ဆင့် လင်္ကာချောအောင် ပြောနေတော့သည်။ “ဝါးပိုးကြွက်တွေက ဖမ်းဖို့ လွယ်တာမဟုတ်ဘူး။ တကယ်လို့ လူကြီးမင်းသာ လိုချင်ရင် နှစ်ကောင်လုံးပေါင်းမှ ငွေလေးလျန်းဆို ဘယ်လိုလဲ”

ထိုလူ၀ကြီးသည် ဘာမျှမပြောသေးခင် ဘေး၌ရဇိနေသော ယိုကျူးသည် အံ့ဩမှင်တက်သွားလေသည်။ မမကြီးက ကြွက်လေးနှစ်ကောင်ကို ဒီလောက်တောင် ဈေးခေါ်ရဲတယ်။

“ကလေးမလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ဈေးတင်ရဲတယ်ပေါ့။ ကိုယ့်လျှာ ကိုယ် ပြန်ကိုက်မိမှာ မကြောက်ဘူးလား (လျှာရိုးမရှိတိုင်း လျှောက်ပြောတာလို့ အဓိပ္ပာယ်ရ)” ထိုလူကြီးသည် ဝါးပိုးကြွက်နှစ်ကောင်အပေါ်၌ စိတ်၀င်စားနေကာ ယိုကျင့်ခေါ်သည့်ဈေး ကြီးသည်၊ မကြီးသည်ကို စိတ်မဝင်စားပါချေ။ သူသည် ကြွက်တစ်ကောင်၏ လက်သည်ကို ဆွဲလိုက်သောကြောင့် ထိုကြွက်အား နှိုးမိသွားကာ ထိုလူသည် ကြွက်အော်သံကြောင့် သဘောကျစွာ ရယ်သွမ်းနေတောသည်။

ယိုကျင့်၏ ဈေးဆိုင်လေးသည် ခင်းကျင်းထားသည်မှာ အတန်ကြာပြီဖြစ်သော မျှစ်များသည်ပင် ရောင်းကုန်သွားလေပြီဖြစ်သည်။ သို့သော်လည်း မည်သူမျှ ဝါးပိုးကြွက်ကို မမေးမြန်းကြပေ။ ထိုလူသည်သာ ပထမဆုံးမေးမြန်းသူဖြစ်သည်။ ယိုကျင့်သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရပေမည်။ “လူကြီးမင်း ဆေးကျမ်းစာအုပ်(Compendium of materia media=တရုတ်ဆေးကျမ်း)မှာ ဖော်ပြထားတာက ဝါးပိုးကြွက်တွေက ချိုပြီး အာဟာရဖြစ်စေတယ်တဲ့။ ကုန်ဆုံးသွားတဲ့ ချီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ၀က်သားတွေ အမဲသားတွေ စားရတဲ့အရသာနဲ့မတူတဲ့ တကယ့်ကို ပစ္စည်းကောင်းပါ”

ယိုကျင့်မှ ဆေးကျမ်းအား ထည့်သွင်းပြောဆိုသည့်အခါ ထိုလူကြီးသည် အနည်းငယ် စိတ်၀င်စားသွားပုံ ရသည်။ “ကလေးမလေး မင်းက အရွယ်နဲ့မလိုက်အောင် သိနေပါ့လား။ မင်းစကားကို ယုံပြီး ဒီကြွက်နှစ်ကောင်ကို ယူလိုက်မယ်။ ပြီးတော့ မင်းဆိုင်က ပစ္စည်းတွေ အကုန်လုံးရော ယူမယ်။ ငါ့အတွက် ထုတ်ပေး”

၀ယ်လိုအား ကြီးလိုက်တာ…. ယိုကျင့်သည် သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး မျက်၀န်းများသည် လခြမ်းကွေးသဏ္ဍာန်ပင် ပေါ်နေလေသည်။ “ဟုတ်ကဲ့ပါ။ အခုလုပ်လိုက်ပါ့မယ်။ ကျွန်မမှာ နံနံပင် သုံးခိုင်၊ မြစ်ခြောက်ထုပ်နဲ့ ဟွိုင်ပန်း ခြင်းတစ်၀က်လောက် ရှိသေးတယ်။ ကြွက်နှစ်ကောင်ရောဆို အားလုံးပေါင်း ငွေငါးလျန်းပေါ့ ဘယ်လိုလဲ” ထိုလူသည် ကြီးမားသည့်ဖောက်သည် ဖြစ်လာနိုင်၍ အချို့အရာများကို အလျှော့ပေးလို့ရပေသည်။

ခပ်ဖိုင့်ဖိုင့်လူကြီးသည် ထိုငွေတုံးတစ်၀က်ကို စိတ်မ၀င်စားစွာ လက်ကို ခါရမ်းလိုက်သည်။ “မင်းသာ နောက်နေ့ကျ ကြွက်တွေဖမ်းယူပေးနိုင်ရင် ငါက သတ်မှတ်ဈေးအတိုင်း ပေးနေမှာပဲ” ထို့နောက် မည်သည့်စကားမျှ မဆိုတော့ဘဲ ထွက်သွားတော့သည်။

အစ်မဖြစ်သူမှ ငွေတစ်လျန်ကို အိတ်ကပ်ထဲထည့်ထည့်ပြီးသည့်တိုင် ယီုကျူးသည် သူမကိုယ်သူမ မယုံကြည်‌နိုင်သေးပေ။ “မမကြီး အစ်မဖမ်းလာတဲ့ကြွက်တွေက တကယ်အဖိုးတန်တာပဲ။ ငွေတစ်လျန်းတောင်မှနော်”

ယိုကျင့်သည် မျက်လုံးလှိမ့်ကာ‌ မြေကြီးပေါ်ရှိ ကြိမ်ဖြင့် ရက်ထားသော ခြင်းတောင်းကို ကောက်လွယ်လိုက်သည်။ ထို့နောက် ကျန်ခြင်းများကို ကျော၌ တင်ကာ ယိုကျူး၏ခေါင်းအား အသာအယာ ပုတ်ပေးလိုက်သည်။

“ဘာတွေတွေးနေတာလဲ။ အစ်မတို့က လျန်းတစ်၀က် ပြန်ပေးဖို့ ကျန်သေးတယ်လေ။ မြန်မြန်လုပ်။ ‌မနက်ဖြန်ကျ ဖောက်သည်ဆီ ပစ္စည်းမပို့နိုင်ရင် ဘယ်လိုလုပ်မလဲ” အစ်မဖြစ်သူ၏ စကားကြောင့် ယိုကျူးသည် ငေးငိုင်နေရာမှ ခြင်းတောင်းအားကောက်လွယ်ကာ ယိုကျင့်၏ နောက်၌နေ၍ အိမ်သို့ အမြန်ပြန်လေသည်။

………

ယိုကျင့်နှင့် ယိုကျူးတို့ ဈေးသို့ ငွေသွားရှာချိန်၌ ကျန်သောညီမငယ်များလည်း အနားယူခြင်း မရှိခဲ့ပေ။ အကြီးဆုံးနှစ်ယောက်သည် မိသားစုရှိ အ၀တ်များကို‌ လျှော်ဖွပ်ကြလေသည်။ ထို့နောက် ယိုလင်နှင့် ယိုလော့ကို ခေါ်ကာ မြစ်ကမ်းနံဘေးရှိ ‌အလေ့ကျပေါက်ပင်များကို ရှာဖွေကြသည်။ အစ်မဖြစ်သူ၏ ရှင်းပြမှုကြောင့် မည်သည့်အရာကို စားသုံးနိုင်ကြောင်းသိသည့်အပြင် ထိုအရာကို ရောင်းချနိုင်သည့် နည်းလမ်းကိုပါ သိရှိကြလေသည်။ ညီအစ်မများသည် မိသားစု၏ နေ့စဉ်နေ့ရက်တိုင်းရှိ ကိစ္စအ၀၀၌ ငွေလိုအပ်ကြောင်း သိကြပေသည်။ ထို့ကြောင့် တစ်ဦးချင်းစီတိုင်းသည် သူမတို့တတ်နိုင်သမျှ ဒင်္ဂါးတစ်ပြားကိုပင် ခြိုးခြံချွေတာကြလေသည်။

ယိုကျင့်တို့ညီအစ်မနှစ်ဦး ပြန်ရောက်သောအခါ ယိုရင်တို့သည် သမန်းမြက်ခြင်းတစ်၀က်နှင့် နံနံပင်ရိုင်း ခြင်းကြီးတစ်ခြင်းစာမျှ ခူးယူပြီးဖြစ်သည်။ မနေ့က ခူးယူခဲ့သော ဟင်းသီးဟင်းရွက်များ အကုန် ရောင်းထွက်သွားသည်ကို သိသောအခါ ညီမများသည် အလွန်ပျော်ရွှင်သွားကြလေသည်။ နေ့လယ်စာစားပြီးနောက် နေ့ခင်း တစ်ရေးအိပ်ပြီးချိန်၌ ညီအစ်မများသည် နှစ်ယောက် သုံးယောက်မျှ အုပ်စုတစ်ခုစီ ဖွဲ့ကာ သက်ဆိုင်ရာ တာ၀န်များ လုပ်ကိုင်ကြတော့သည်။

ခန့်မှန်းစရာမလိုအောင်ပင် ယိုကျင့်သည် ဝါးပိုးကြွက်ဖမ်းရန် တောင်ပေါ်သို့ သွားလေသည်။ ဝါးပိုးကြွက်များသည် တွင်းတူရာ၌ အကျွမ်းကျင်ဆုံးဖြစ်ကာ သူတို့အား မှိုင်းတိုက်၍ ဖမ်းရန် ကြံရွယ်လိုက်သည်။ ယုန်များနှင့် မတူသည်က ကြွက်များသည် မီးခိုးအူသည်နှင့် တန်း၍ ထွက်လာကြခြင်း ဖြစ်သည်။ ယိုကျူးသည် ထိုကြွက်၏ အရသာကို မြည်းစမ်းဖူးသောကြောင့် ယိုကျင့်နှင့် ကြွက်ဖမ်းရန်အတွက် မြူးကြွနေလေသည်။ တစ်ယောက်တည်း ဖမ်းလျှင် အလုပ်ရှုပ်မည်ကို တွေးတောမိ၍ အကြောက်အလန့် မရှိသော ယိုကျူးကို အကူခေါ်ရန် ဆုံးဖြတ်လိုက်သည်။

ယိုကျင့်၏ခြင်းတောင်း၌ ကောက်ရိုးများ ပြည့်နေခဲ့ကာ ယိုကျူး၏ခြင်းတောင်း၌ ကြွက်များ ဖမ်းရန်အတွက် အိတ်အကြီးကြီးတစ်လုံးရှိနေခဲ့သည်။

ညီအစ်မနှစ်ယောက်သည် တောင်ပေါ်သို့ ရောက်သည်နှင့် အနည်းငယ်လှည့်ပတ်ကြည့်လေသည်။ ယိုကျင့်သည် မည်သည့်အပေါက်များ အချင်းချင်း ဆက်ထားကြောင်းကို အကြမ်းဖျဉ်း သတ်မှတ်ပြီးသည်နှင့် အပေါက်တစ်ခုကို အမှတ်အသားပြုလိုက်သည်။ ထိုအပေါက်၌ ယိုကျူးကို ထိုင်ခိုင်းကာ အိတ်ကို အပေါက်၀၌ တေ့၍ တင်းတင်းကျပ်ကျပ် ကိုင်ထားစေသည်။ “ခဏနေ အစ်မမှိုင်းတိုက်လိုက်မယ်။ ကြွက်တွေက မီးခိုးအူတာနဲ့ တန်းထွက်လာကြမှာမလို့ အိတ်ကို သေချာကိုင်ထားနော်”

ယိုကျူးသည် အနည်းငယ် စိုးရိမ်မိသော်လည်း အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ မမကြီး မြန်မြန်သွားလုပ်တော့”

ယိုကျင့်သည် အပေါက်၀နှစ်ခု၌ အနည်းငယ်စိုစွတ်နေသော ဝါးရွက်နှင့် ကောက်ရိုးခြောက်များကို ပိတ်ထားလိုက်သည်။ ထို့နောက် မီးစတင်မွေးကာ အဖြူရောင်မီးခိုးလိမ်များ စတင်တက်လာတော့သည်။ ယိုကျူးသည် သူမ၏လက်ထဲရှိ အိတ်၏လှုပ်ရှားမှုကို ခံစားမိလေသည်။ ကြွက်များ လွတ်သွားမည်စိုးသောကြောင့် သူမ၏ကြောက်ရွံ့မှုကို တွန်းလှန်ကာ အပေါက်၀ရှိအိတ်ကို မြဲမြဲကိုင်ထားတော့သည် ။ “မိပြီ မိပြီ”

ယိုကျင့်သည် ပြေးလာလိုက်သည့်အခါ ညီမဖြစ်သူမှာ အိတ်ကို ချည်လိုက်ကာ တင်းကျပ်စွာထုံးဖွဲ့ပြီး ကျောရှိ ခြင်းထဲသို့ ပစ်ထည့်ထားလေသည်။ ယိုကျင့်သည် ထိုအိတ်ပေါ်သို့ ဝါးရွက်များ အုပ်ထားလိုက်သည်။ အိတ်၏အရွယ်အစားကို ကြည့်ကာ ယိုကျင့်သည် မျက်လုံးများကွေးသည်အထိ ပြုံးပြလိုက်သည်။ “ဝါးပိုးကြွက် လေး‌ ငါးကောင်လောက်တော့ ရှိလောက်တယ်”

“အဲ့လောက်တောင်များလား” ယိုကျူးသည် အံ့ဩမှုဖြင့် သူမ၏နှုတ်ခမ်းကို အကျယ်ကြီး ဖွင့်ဟမိသည်။ ယိုကျင့်၏မျက်လုံးထဲ၌ ညီမဖြစ်သူသည် ပိုက်ဆံမက်သည့် မိန်းကလေးနှင့် တူနေတော့သည်။ ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ “ပိုက်ဆံအများကြီး ရတော့မယ်ကွ”

ဝါးပိုးကြွက်ဖမ်းပြီးနောက် ယိုကျင့်သည် ယိုကျူးအား အိတ်ကို သေချာစွာ စောင့်ကြည့်ခိုင်းထားကာ တောင်ပေါ်၌ မျှစ်များရှာရန် ထွက်လာခဲ့သည်။ ယခုအခေါက်၌ ယိုကျင့်သည် မျှစ်များအား ခြင်းတောင်းနှစ်တောင်း ပြည့်အောင် ခူးလာခဲ့သည်။ အစ်မဖြစ်သူကို ကြည့်ကာ ယိုကျူးတစ်ယောက် ထိတ်လန့်သွားတော့သည်။ “မမကြီး တောင်တစ်တောင်လုံးက မျှစ်တွေကို အကုန်ခူးမလို့လား”

“မျှစ်စားလို့ကောင်းတဲ့ရာသီပဲလေ အဲ့တော့ ဒါတွေကို ယွင်ဝေ့ရွှမ်းကို ပေးပြီး ကျန်တာကို အနောက်ဈေးမှာ ရောင်းရမယ်” ယိုကျင့်သည် ညီမဖြစ်သူအား အံ့ဩသလိုကြည့်ကာ မေးလိုက်သည်။

“ဘာလဲ ညီမက ငွေမကြိုက်တော့ဘူးလား” ယိုကျူးသည် အဘယ်ကြောင့် ငွေမမက်ရမည်နည်း။ ငွေရှာရန်အတွက်ဆိုလျှင် အစ်မဖြစ်သူအား နည်းလမ်းများ ပို၍ရှာခိုင်းစေချင်သေးသည်။

ညီမနှစ်ယောက်သည် မျှစ်တောင်းများနှင့် ဝါးပိုးကြွက်များကို ယူကာ အိမ်သို့ပြန်လာချိန်၌ စောနေသေးပေသည်။ ထို့ကြောင့် တောင်ပေါ်သို့ထပ်တက်ကာ မျှစ်များ ထပ်ခူးပြီး တစ်နေကုန်မျှ ပြန်လာကြသည်။

မီးဖိုချောင်ထဲရှိ မျှစ်ပုံကိုကြည့်ကာ အမျိုးသမီးစုသည် ရယ်လိုက်ကာ မေးလေသည်။

“မင်းတို့ ညီအစ်မတွေက တောင်ပေါ်က မျှစ်တွေအကုန် ခူးလာတာလား” ထိုသို့ပြောနေသော်လည်း သမီးဖြစ်သူများမှာ မိသားစု၏အကျိုးအတွက် လုပ်နေခြင်းဖြစ်ကြောင်း သိပေသည်။ အမျိုးသမီးစုသည် မျှစ်များကို ငါးစု ခြောက်စုခန့် ခွဲကာ ဆေးကြောပြီး ညစာ စတင်ချက်ပြုတ်တော့သည်။ အမျိုးသမီးစုသည် ကလေးမွေးဖွားပြီးသည်မှာ တစ်လရှိပြီဖြစ်သည်။ နှစ်နှစ်အရွယ် ယိုချောင်သည်ပင် ဟင်းရွက်များ ခူးနေပြီဖြစ်သည်။ ထို့ကြောင့် ညီအစ်မများသည် အမျိုးသမီးစုအား ပေါ့ပါးသည့် အိမ်အလုပ်များကိုသာ လုပ်ခိုင်းလိုက်သည်။

အမျိုးသမီးစု၏ကျန်းမာရေးသည် လွန်ခဲ့နှစ်နှစ်မှ စတင်၍ ပိုကာ ဆိုးရွားလာခဲ့သည့်အပြင် ကလေးနှစ်‌ယောက်ကိုပါ မွေးဖွားခဲ့ရသည်။ အိပ်ရာ၌ တစ်နှစ်မျှ လှဲနေခဲ့ရသည့်တိုင် သူမ၏ဟင်းချက်စွမ်းရည်သည် ယိုကျင့်တို့ညီအစ်မများထက် နောက်ကျမကျန်ခဲ့ပေ။ တူညီသည့် ဟင်းပွဲဖြစ်သည့်တိုင် အမျိုးသမီးစုချက်သည်က ပို၍စားကောင်းပေသည်။ ဖမ်းမိလာသော ဝါးပိုးကြွက်များတွင် အသေးဆုံးသည်ပင် နှစ်ကျင်းမျှ အလေးချိန်ရှိပေသည်။ ယိုကျင့်သည် တစ်ကောင်ကို ခုတ်ထစ်ကာ အမျိုးသမီးစုအား မျှစ်နှင့် ရောချက်စေလိုက်သည်။ ညီအစ်မများ၏ ပါးစပ်၌ ဆီများ ဝိုင်းနေသည်အထိ စားသောက်ကြသည့်တိုင် မကျေနပ်ကြသေးပေ။

“အဲ့ကြွက်သားက ၀က်သားထက်တောင် စားကောင်းသေးတယ်” ယိုပေါင်သည် အစားပေါ်၌သာ အာရုံရောက်နေသော ယိုလော့ဆီသို့ အသားဖက်များ ဖဲ့ကာ ထည့်ပေးလိုက်သည်။

ယိုကျူးသည် ခေါင်းညိတ်လိုက်သည်။

“ဒီနေ့ အဲ့လူကြီးက ဝါးပိုးကြွက်တွေဖို့ ပိုက်ဆံအများကြီး ပေးသွားတာ မအံ့ဩတော့ပါဘူး။ တကယ်လည်း စားကောင်းတာပဲ” ထိုသို့ပြောပြီးနောက် ယိုကျူးသည် မျှစ်ကိုစားရန် ယူလိုက်သည်။ ဟင်းပွဲ၌ ကြွက်သားအများအပြား မပါရှိပေ။ စုမိသားစုရှိ ကလေးများသည်လည်း အလိုက်သိသောကြောင့် လုယက်စားသောက်ခြင်း မပြုကြ‌ချေ။ သူမတို့အတွက် ထိုသို့ အသားပါသည့် ဟင်းပွဲမျိုး စားနိုင်သည်က ကံကောင်းလှပေသည် မဟုတ်လား။

ညစာစားပြီးချိန်၌ ယိုကျင့်သည် အငယ်နှစ်‌ယောက်ကို ရေချိုးပေးလိုက်သည်။ ထို့နောက် အကြီးများကို ချိုးစေသည်။ ကလေးများသည် မကြာသေးခင်ကပင် ပြေးလွှားဆော့ကစားထားသောကြောင့် ချွေးများ ထွက်နေကြသည်။ ယိုကျင့်၏ညွှန်ကြားမှုများကြောင့်လည်း စုမိသားစုရှိကလေးများသည် ရွာရှိ မိသားစုများ၏ ပုံမှန်ကလေးများထက် ပို၍အသန့်ကြိုက်ကြပေသည်။ သူတို့သည် ရေမချိုးဘဲ မအိပ်စက်နိုင်ကြချေ။

နေ့ခင်းအချိန်၌ လူတိုင်းသည် ပျားပန်းခတ် အလုပ်များနေကြသည်။ ယခုအချိန်၌သာ ရေချိုးပြီး ဇိမ်ကျကျ အနားယူနိုင်ကြသည်။ ခဏကြာပြီးနောက် စုမိသားစု၏ ခြံ၀န်းသည် ငြိမ်သက်သွားတော့သည်။ တောင်ပေါ်မှ အေးစိမ့်စိမ့်လေများ ဖြတ်သန်းတိုက်ခတ်သွားလေသည်။ အိမ်၏‌အရှေ့နှင့်အနောက်ရှိ ပုရစ်များလည်း အသံစုံအော်မြည်နေကြပေသည်။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကာ ကလေးများအားလုံးလည်း အိမ်မက်ကိုယ်စီဖြင့် အိပ်မောကျနေတော့သည်။

…

အပိုင်း (၄၈) ယွင်ဝေ့ရွှမ်း

ကောင်းမွန်သည့် ညချမ်းအချိန်ခါလေး ကုန်ဆုံးသွားတော့သည်။ နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်သည် ယိုရင်နှင့်ယိုကျူးတို့ကို မြို့ထဲခေါ်လာခဲ့၏။ အမှန်တွင်တော့ သူတို့သည်မနေ့က မျှစ်များကို အမြောက်အများ တူးခဲ့ကြသည်။ သူတို့သည် ယိုကျူးကို ခေါ်မလာလျှင် အများကြီးသယ်လာနိုင်မည် မဟုတ်ချေ။ လော့ဟယ်မြို့၏ ဂိတ်ထဲသို့ ဝင်လာပြီးနောက် ညီအစ်မသုံးယောက်သည် ပတ်ဝန်းကျင်တွင် မေးမြန်းလာရင်း အနောက်ဘက်ခြမ်းကို လျှောက်လာခဲ့ကြလေသည်။ ခဏအကြာတွင် မနေ့က ထိုခပ်ဝဝလူကြီး ပြောခဲ့သည့် ယွင်ဝေ့ရွှမ်းကို တွေ့သွားတော့သည်။

သူတို့သည် ယွင်ဝေ့ရွှမ်း၏ ဝင်ပေါက်သို့ရောက်လာချိန်၌ ယိုရင်နှင့် ယိုကျူးနှစ်ယောက်လုံးက အနည်းငယ် အံ့ဩသွားလေသည်။ ဝင်ပေါက်တံခါးများအားလုံးကို ထွင်းထုထားပြီး သစ်သားတံခါးများကိုလည်း အဝိုင်းပုံစံ ပြုလုပ်ထား၏။ အလွန်ခံ့ညားသည့် စားသောက်ဆိုင်တစ်ခုဟု ထင်ရလေသည်။ ယိုကျင့်လည်း အနည်းငယ်လန့်သွားလေသည်။ မနေ့တုန်းက သူမ ထင်ထားတာက ဒီလူက အလွန်ချမ်းသာပုံရတဲ့ ဖောက်သည်ကြီးတစ်ယောက်လို့ပေါ့။ သူပြောတဲ့ ယွင်ဝေ့ရွှမ်းက အရမ်းကို စတိုင်ကျကျ ပြင်ဆင်ထားသည့် သုံးထပ်အဆောက်အအုံ ဖြစ်မယ်လို့ လုံးဝထင်မထားခဲ့မိဘူး။ ဧည့်သည်တွေကို တံခါးနားမှာ ရပ်ပြီးကြိုနေသည့် စားသောက်ဆိုင်အလုပ်သမားလေးကတောင် အသားကောင်းကောင်း ချည်သားအင်္ကျီကို ဝတ်ထားလေရဲ့။

သို့သော် ယိုကျင့်သည် မြန်မြန် သတိပြန်ဝင်လာတော့သည်။ သူမက နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး ပြောလိုက်၏။

“ အစ်ကိုကြီး ကျွန်မတို့က ပစ္စည်းလာပို့တာပါ”

“ ပစ္စည်းလာပို့တာဆိုရင် အနောက်ဘက်တံခါးကိုသွား၊ မီးဖိုဆောင်နောက်ကျောက ဟိုဘက်မှာ”

ကောင်လေးသည် စုတ်စုတ်ပြတ်ပြတ်ဝတ်လာသည့် လူတချို့ကို မြင်လိုက်ရချိန်၌ မနေနိုင်ဘဲ ရွံရှာသလို ဖြစ်သွားလေသည်။ သူ့လက်ကို ရမ်းကာ သူတို့သုံးယောက်ကို မြန်မြန်ထွက်သွားရန် ပြောလိုက်လေသည်။

“ ဧည့်သည်တွေရဲ့ ဝင်ပေါက်ကို မပိတ်နဲ့”

ယိုကျင့်က စိတ်မဆိုးချေ။ နောက်ဆုံး သူမသည် သည်လိုတွေ့ကြုံခဲ့ဖူးသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူမက ပြုံးကာ အနောက်ဘက်တံခါး ရှိရာဘက်ကို မေးလိုက်၏။ ထို့နောက် သူမသည် ညီမငယ်လေးများကို ခေါ်ကာ အနောက်တံခါးသို့ သွားလိုက်တော့သည်။

အနောက်တံခါးသို့ ရောက်ချိန်၌ ဝါးပိုးကြွက် လာပို့သည်ဖြစ်ကြောင်း ပြောလိုက်လေသည်။ မကြာခင်မှာပင် စားဖိုးမှူးတစ်ယောက်ဟု ထင်ရပြီး ခါးစည်းပတ်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ထွက်လာ၏။

“ ဝါးပိုးကြွက် ရှိတယ်လို့ပြောတာ ဒီကလေးမတွေလား”

အနောက်တံခါးစောင့် ဝန်ထမ်းလေးက ခေါင်းညိတ်ပြလိုက်၏။

“ ဟုတ်ပါတယ်၊ ဒီနှစ်ရက်အတွင်း မိန်းကလေးနှစ်ယောက်က ဝါးပိုးကြွက်တွေ လာပို့လိမ့်မယ်လို့ ဒုတိယသခင်ကြီး မှာထားပါတယ်၊ သူတို့ပဲ ဖြစ်မယ်”

ဝန်ထမ်းလေးပြောသည့် ဒုတိယသခင်ကြီးမှာ ယိုကျင့်တို့ မနေ့ကတွေ့ခဲ့သည့် ခပ်ဝဝလူကြီး ဖြစ်လေသည်။ သူသည် သည်စားသောက်ဆိုင်တွက် တာဝန်ခံတစ်ယောက် ဖြစ်လာပြီး ဒုတိယသခင်ကြီးဟွမ် ဟုခေါ်လေသည်။

“ ဒုတိယသခင်ကြီး မှာထားတာဆိုတော့ ပစ္စည်းတွေကို လက်ခံပြီး ပိုက်ဆံရှင်းပေးလိုက်မယ်”

စားဖိုမှူးက ခေါင်းညိတ်ပြလိုက်၏။ ယိုကျင့်တို့သည် မျှစ်များကို ခြင်းအပြည့်သယ်လာသည်ကို တွေ့လိုက်ရသဖြင့် သူက ထပ်ပြောလိုက်လေသည်။

“မျှစ်နှစ်ခြင်းလည်း ဝယ်ထားလိုက်အုံး၊ အခုက သုံးလပိုင်းဆိုတော့ မျှစ်စားလို့ကောင်းတဲ့အချိန်ပဲ”

စားဖိုမှူးသည့် မျှစ်များကို ကောင်ကိုင်ကာ စစ်ဆေးလိုက်လေသည်။ နောက်ဆုံးတွင် သူသည် ယိုကျင့်ယူလာသည့် ဝါးပိုးကြွက်အားလုံးနှင့် မျှစ်နှစ်ခြင်းကို ယူထားလိုက်တော့ည်။ စျေးနှုန်းမှာ ညှိနှိုင်းထားသည့်အတိုင်းပင်။ ငွေစာရင်းခန်းသို့ သွားသည့်လမ်းတွင် သူသည် ဒုတိယသခင်ကြီးဟွမ်နှင့် တွေ့လေသည်။ ဒုတိယသခင်ကြီးဟွမ်သည် မနေ့က ကလေးမလေးက ဝါးပိုးကြွက်များ လာပို့ပြီး သည်နေ့ လေးကောင် ယူလာသည်ဟု ကြားလိုက်သည်နှင့်ချက်ချင်း ကျေနပ်ကာ ခေါင်းညိတ်လိုက်လေသည်။

“ကလေးမလေးကို သွားပြောလိုက်အုံး၊ နောက်ပိုင်း တောကောင်းဖြစ်ဖြစ်၊ လတ်လတ်ဆတ်ဆတ် ပစ္စည်းတွေ ရှိရင် လတ်ဆတ်သ၍ ဒီနေရာကိုပဲ ပို့လိုက်ပါလို့၊ ပေါက်စျေးအတိုင်း ဝယ်မယ်လို့”

ယွင်ဝေ့ရွှမ်းသည် ချက်ပြုတ်ရာတွင် ‘သန့်ရှင်းလတ်ဆတ်’ဟူသည့် စကားလုံးကို အာရုံစိုက်လေသည်။ ပိုလတ်ဆတ်လေ ပိုကောင်းလေ ဖြစ်သည်က သဘာဝပင်။

ဒုတိယသခင်ကြီးဟွမ်သည် ယွင်ဝေ့ရွှမ်းကို တာဝန်ယူလာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်၏။ သူသည် အစားအသောက်ကြိုက်သူတစ်ယောက် ဖြစ်သည်ကလည်း မဆန်းချေ။ ဘယ်ရာသီတွင် ဘယ်လိုအစားအစာက အရသာအရှိဆုံးလဲဆိုသည့် ကိုယ်ပိုင်အတွေ့အကြုံရှိမည်က ပြောရန်ပင် မလိုချေ။ သူသည် ဘယ်သူ့ဆီက ဝယ်သည်ကို ဂရုမစိုက်ချေ။ ပစ္စည်းကောင်းဖြစ်ရန်သာ လိုလေသည်။

နောက်ဖေးတံခါးပေါက်တွင် ယိုကျင့်သည် အလုပ်သမားကောင်လေးဆီက ငွေတစ်လျန်းကို လက်ခံနိုင်လိုက်လေသည်။ ပို့လာသည့်သတင်းကို နားထောင်လိုက်ပြီးနောက် ယိုကျင့်က ကျေးဇူးတင်စိတ်ဖြင့် ကောင်မလေးနှစ်ယောက်ကို ခေါ်ကာ ယွင်ဝေ့ရွှမ်းနောက်ဖေးလမ်းကြားလေးမှ ထွက်လာခဲ့တော့သည်။ ထို့နောက် ကျန်နေသည့် မျှစ်တစ်ဝက်ကို ရောင်းချရန် အနောက်ဘက်စျေးသို့ သယ်လာခဲ့ကြတော့သည်။ လော့ဟယ်စီရင်စုတစ်ခုလုံးတွင် ဝူလီချောင်တွင်သာ ဝါးတောင်များ ရှိလေသည်။ သို့သော် ဝူလီချောင်ရွာသားများက မျှစ်များကို ရောင်းချရန် သိပ်မတူးကြချေ။ ထို့ကြောင့် လမ်းပေါ်တွင် မျှစ်ရောင်းသူများ များများစားစား မရှိပေ။ ထိုထက် ယိုကျင့်၏မျှစ်က အရည်အသွေး ကောင်းသေးသည်။ စျေးမှာလည်း ရာသီအသီးအရွက်များထက် အနည်းငယ်သာ ပိုလေသည်။ မြို့ကလူများသည့် ထိုမုန်လာထုပ်နှင့် အာလူးများကို မစားချင်ကြတော့ပေ။ သူတို့အများကစု ၂ဝမ်(ကြေးပြား) ၃ဝမ်လောက် ပိုသုံးပြီး မျှစ်များကိုဝယ်ကာ နွေဦး၏အရသာကို ခံစားချင်ကြလေသည်။

ကျန်နေသည့်မျှစ်များကို ရောင်းပြီးနောက် ယိုကျင့်နှင့် ညီအစ်မနှစ်ယောက်တို့သည် ဝက်နံရိုးနှင့် ဝက်ခြေထောက် ၂ပိဿာခန့် ဝယ်ရန် အသားဆိုင်သို့ သွားလိုက်ကြ၏။ အသားရောင်းသူ သားသတ်သမားသည် ကောင်မလေးကို သိပြီးဖြစ်လေသည်။ သူမ ရောက်လာသည်ကို မြင်လိုက်ပြီး သူ အားရဝမ်းသာဖြင့် နှုတ်ဆက်၏။

“ ကလေးမ ဒီနေ့ တော်တော်စည်တယ်နော်၊ နင် အားလုံး ရောင်းကုန်သွားလို့ အိမ်ပြန်တော့မယ်ပေါ့”

ယိုကျင့်က ပြုံးလျက် ခြင်းထဲတွင်ဖယ်ထားသည့် မျှစ်နှစ်ချောင်းကို ထုတ်ကာ အသားသည်ကို ပေးလိုက်လေသည်။

“ ဦးလေးလျိုက ဒီရက်ပိုင်းအတွင်း သမီးတို့ကို စောင့်ရှောက်ပေးခဲ့တာပဲ၊ ဒီမျှစ်နှစ်ချောင်းက ဦးလေးအတွက် သီးသန့်ယူလာပေးတာ၊ ဝက်သားနဲ့ စတူးဟင်းလုပ်စားနော်၊ အရသာရှိတယ်”

လျိုမျိုးရိုးအမည်ရှိ သားသတ်သမားသည် ထိုစကားကို ကြားလိုက်တော့ အော်ရယ်လိုက်တော့သည်။

“ ကလေးမရယ် ဘာလို့ အဲလောက်ယဥ်ကျေးနေတာလဲ”

သို့သော် သူသည် မငြင်းလိုက်ပေ။ သူသည် ခုတ်ဖြတ်ပြီးသွားသော်လည်း နောက်ထက် နံရိုးနှစ်ခုကို ခုတ်ပေးလိုက်သေးသည်။

“ဦးလေးမှာလည်း ပေးစရာများများစားစား မရှိဘူး၊ နံရိုးက အသားတွေအများကြီး မရှိပေမဲ့ စားလို့တော့ရပါတယ်”

လောကဝတ် လုပ်မနေတော့ဘဲ သူက ယိုကျင့်ကို နံရိုးနှစ်ချောင်း လက်ဆောင်ပေးလိုက်တော့သည်။

ယိုကျင့်သည် သူ့ကို အားမနာနေတော့ဘဲ ဝမ်းသာအားရလက်ခံလိုက်ပြီး အသားအတွက် ငွေချေလိုက်တော့သည်။ ညီအစ်မသုံးယောက်သည် ဝူလီချောင်သို့ လမ်းလျှောက်ကာ ပြန်လာကြ၏။ လော့ဟယ်သို့ ရောက်လာကတည်းက ယိုကျင့်သည် မြို့တွင် ပစ္စည်းများ ရောင်းပြီးတိုင်း အသားဝယ်ပြန်လာလေ့ရှိလေသည်။ သူမသည် ဝမ်းဗိုက်ကို နှိပ်စက်တတ်သူမျိုး လုံးဝမဟုတ်ချေ။ ထိုအခြင်းအရာထက် မိသားစုတွင် ပဲပင်ပေါက်လို အာဟာရချို့တဲ့နေသည့် ကလေးများလည်း ရှိနေသည်။ သူမသည် သူတို့ကို ပိုပြီးအာဟာရပြည့်လာအောင် ကျွေးမွေးရမည်။

ယိုကျင့်၏အပြုအမူများက အသုံးဝင်သည်ဟု ဆိုရမည်။ မိန်းကလေးအချို့သည် အသားအရေများ မကောင်းလာကြသေးသော်လည်း အမြဲလိုလို ဝါကျင်ကျင်နှင့် ချိနဲ့နေသည့် သူတို့၏ မျက်နှာသေးသေးလေးများသည် တဖြည်းဖြည်း ပန်းရောင်သန်းလာကြသည်။ သူတို့သည် လျိုထန်မှာ နေစဥ်ကထက် အများကြီး ပိုကောင်းလာကြလေသည်။

ညီအစ်မသုံးယောက်သည် အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် တစ်လမ်းလုံး လေးဖင့်စွာဖြင့် လျှောက်လာကြ၏။ သူတို့သည် စုအိမ်တော်၏အပြင်ဖက်သို့ ရောက်လာချိန်၌ ရွာထဲက မိန်းမတချို့က ကျောပေါ်တွင် မျှစ်အပြည့် ထည့်ထားသည့် ခြင်းများဖြင့် တောင်ပေါ်က ဆင်းလာသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် ယိုကျင့်တို့ညီအစ်မများက သူတို့ဘက်သို့ တည့်တည့် ကြည့်နေသည်ကို သတိထားမိလိုက်လေသည်။ သူတို့၏ မျက်လုံးများသည် ရိပ်ခနဲလက်သွားပြီး မြန်မြန် လျှောက်သွား ကြတော့သည်။

ယိုကျူးက တဲ့တိုးပြောတတ်သူဖြစ်သည်။ မြစ်အရှေ့ဘက်သို့ လျှောက်သွားကြသည့် မိန်းမတချို့၏ နောက်ကျောကို ကြည့်ရင်း သူမသည် ဒေါသဖြင့် ဆဲရေးလေတော့သည်။

“ စန်းကျဲ သူတို့တွေ တောင်ပေါ်တက်ပြီး မျှစ်တွေ သွားတူးခဲ့တာကြပဲ”

ယိုကျင့်၏ တွေးတွေးဆဆအကြည့်က အဝေးတနေရာသို့ ရောက်သွားလေသည်။ သူမသည် ဘာမှ ပြန်မပြောလိုက်ချေ။ တစ်နည်းနည်းဖြင့် စိတ်ဆိုးမာန်ဆိုးဖြစ်နေသည့် ယိုကျူးက စိုးရိမ်သွားပြီး

“ စန်းကျဲ ဒါနဲ့ ညီမလေးတို့ ငွေရှာနေတာလေ”

ထိုအခါမှ ယိုကျင့်သည် သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အသာအယာခေါင်းခါလိုက်ကာ

“ နောက်ကျောက ဝါးတောက ငါတို့မိသားစုပိုင်မဟုတ်ဘူးလေ၊ တခြားလူတွေ တူးချင်တယ်ဆိုရင် ငါက ဘာလုပ်နိုင်မှာလဲ၊ တောင်ခြေမှာ စောင့်ပြီး တခြားသူတွေ သွားလို့မရအောင် လုပ်လို့မှမရတာ”

“ဒါလဲ မဖြစ်ဘူး၊ ဟိုဟာလည်း မရဘူးဆိုရင် ညီမလေးတို့ ပိုက်ဆံမရှိလို့ ငွေရှာရမဲ့ဟာ သူတို့တွေ မျှစ်အားလုံးကို တူးသွားတာကို ဒီအတိုင်း ကြည့်နေရမှာလား”

ယိုကျူးသည် အလွန်စိတ်ဆိုးနေတော့သည်။ သူမတို့မိသားစုက နောက်ဆုံးမှ ငွေရှာနိုင်မဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားတာလေ။ ရက်နည်းနည်းလေးကြာရော တခြားလူတွေက လိုက်အတုခိုးနေကြပြီ။ သူတို့မိသားစုက ဘာလုပ်ရတော့မှာလဲ။

ဘေးက ယိုရင်သည်လည်း အနည်းငယ်စိုးရိမ်နေသော်ငြား ဘာတစ်ခွန်းမှ မပြောလိုက်ချေ။ သူမသည် မကြီးကို မသက်မသာစိတ်ဖြင့်သာ ကြည့်နေနိုင်တော့သည်။ သူမသည် မကြီးက အကြံဉာဏ် တစ်ခုခု ထပ်ရလာပါစေဟုသာ ဆုတောင်းမိလေသည်။ ယိုကျင့်က ခေါင်းခါလိုက်၏။

“ ထားလိုက်ပါလေ၊ အရင်ဆုံး အိမ်ပြန်ကြတာပေါ့၊ ငါတို့တွေ ဒီကိစ္စကို ဖြည်းဖြည်းချင်း စဥ်းစားကြမယ်”

ခြံထဲတွင် ပျော်ပျော်ပါးပါး ကစားနေကြသည့် ယိုလင်၊ ယိုလော့ နှင့် ယိုချိုးတို့သည် အစ်မများပြန်လာသည်ကို မြင်လိုက်လေသည်။ သူတို့က အစ်မများကို ဦးစွာ ဝမ်းသာအားရဖြင့် ဆီးကြိုလိုက်၏။ တတိယအစ်မက စိတ်ဆိုးနေသည်ကို မြင်လိုက်ရ၏။ မကြီးနှင့် ဒုတိယအစ်မတို့၏ အမူအရာများပင် အနည်းငယ်ထူးဆန်းနေလေသည်။ အခိုက်တန့်အတွင်း သူတို့သည် ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။ သူတို့သည် တစ်နေရာထဲတွင် ရပ်နေလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြ၏။

ယိုကျင့်သည် ခြင်းကိုချလိုက်ပြီး ကြာရွက်နှင့်ထုပ်ထားသည့် နံရိုးနှင့် ဝက်ခြေထောက်များကို မီးဖိုဆောင်သို့ ယူသွားလိုက်လေသည်။ ထို့နောက် သူမသည် ယိုကျူးကို ခြံထဲက ခုံတန်းလေးဆီ ခေါ်လာကာ ချော့မော့လိုက်လေသည်။

“ ယိုကျူး တောင်ပေါ်က ဝါးတောက အစ်မတို့မိသားစုပိုင်တာ မဟုတ်ဘူးလေ၊ အစ်မတို့တွေ တူးနိုင်တယ်ဆိုရင် တခြားသူတွေလည်း တူးလို့ရတာပေါ့ ဟုတ်တယ်မလား၊ အစ်မတို့မိသားစုက ငွေမရှိဘူး၊ တခြားလူတွေကလည်း အစ်မတို့မိသားစုလောက်တောင် မကောင်းကြဘူးလေ၊ ဟုတ်ပြီနော်”

ယိုကျူးသည် ဒေါသကြီးသူဖြစ်ရာ သူမ၏စိတ်က အလွယ်တကူ စိတ်ဆိုးမပြေတတ်ချေ။ ထို့ကြောင့် ယိုကျင့်က ဖြည်းဖြည်းချင်း ချော့မော့ပြောရတော့သည်။

“ ဒါပေမဲ့ မကြီးရယ် ဒါက ညီမလေးတို့မိသားစုရဲ့ တစ်ခုတည်းသော ငွေရှာရမဲ့ အခွင့်အရေးလေ”

ယိုကျူးသည် မျက်လုံးနီများဖြင့် ယိုကျင့်အား ကြည့်လိုက်ပြီး

“ အားလုံး မျှစ်တွေ လာတူးကြပြီး ရောင်းကြရင် ညီမလေးတို့မိသားစုက ဘာလုပ်ရတော့မှာလဲ”

ဟုတ်ပါတယ်လေ။ သူတို့မိသားစုမှာ အလုပ်သမားလည်းမရှိဘူး မြေလည်းမရှိဘူး။ မျှစ်ရောင်းတာကပဲ မိသားစုဝင်ငွေရဲ့ တစ်ခုတည်းသောဝင်ငွေ ဖြစ်နေတာ။ သူတို့မှာ ဒါမှမရှိတော့ရင် ဘာလုပ်ကြမှာလဲ။ စကားဝင်မပြောသည့် ယိုရင်ကလည်း စိုးရိမ်နေလေသည်။

ယိုကျင့်က သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်၏။

“ အစ်မတို့ ဝူလီချောင်ကို ပထမဆုံးရောက်လာတုန်းက ငွေရှာဖို့ ဘာနည်းလမ်းမှ မရှိခဲ့ဘူးမလား၊ လူဆိုတာ အမြဲတမ်း အကြံဉာဏ်တွေ ထွက်လာတတ်ပါတယ်၊ ပြီးတော့ နွေဦးမှာ ထွက်တဲ့မျှစ်ကလည်း အများဆုံး နောက်တစ်လလောက်ပဲ ရောင်းရတော့မှာ၊ အခုတောင် ၃လပို င်းရှိနေပြီလေ၊ မျှစ်တွေကို တစ်သက်လုံး ရောင်းလို့ရမယ်လို့ ထင်နေတာလား”

ယိုကျင့်၏စကားကို ကြားလိုက်သည်တွင် ညီအစ်မများသည် ယိုကျင့်ဘက် လှည့်ကာ အားတက်သရော ကြည့်လိုက်လေသည်။

“မကြီး ညီမလေးတို့ ဘာလုပ်ကြမလဲ၊ ငွေရှာဖို့ တခြားနည်းလမ်း တစ်ခုခုများ ရှိလား”

စိတ်နှစ်ခုက ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်မှာ အနည်းငယ် စိတ်အေးသွားတော့သည်။ သူမသည် ထရပ်လိုက်ကာ ပြောလိုက်၏။

“ နည်းလမ်းတစ်ခုတော့ ရှိမှာပါ၊ ဒီအနေ့အဝတ်အစားတွေ မလျှော်ရသေးဘူး၊ အဝတ်သွားလျှော်ပြီး မြန်မြန်ပြန်လာရအောင်၊ အမေလည်း နေ့လယ်စာအဆင်သင့်ဖြစ်လောက်ပြီ”

မီးဖိုထဲက အမျိုးသမီးစုသည် စကားဝိုင်းကို အစမှ အဆုံးအထိ ကြားလိုက်လေသည်။ သူမသည် ဆုံးဖြတ်ချက်ပြတ်သားသူ မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စကို သမီးအကြီးဆုံးကပဲ ကလေးနှစ်ယောက်ကို သင်ကြားပေးရန် လွှတ်ထားလိုက်လေသည်။

ညီအစ်မတချို့က အတူတကွ အဝတ်သွားလျှော်ကြ၏။ ယိုကျင့်သည် ပေါက်ပြားတစ်ချောင်းကို သယ်ကာ ခြံထဲက ကြက်သွန်ဖြူပင်များ ကြီးလာသည်ကို လာကြည့်လိုက်လေသည်။ ကြက်သွန်ဖြူမျိုးအများစုက အပင်လေးများ ပေါက်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် ထိုနေရာသို့ ရောက်နေစဥ် အသစ်ထွက်လာသည့် ပေါင်းမြက်များကို နှုတ်လိုက်ပြီး အပင်ပေါက်စ ပြုနေသည့် ဟင်းသီးဟင်းရွက်ပင်များကို ရေသွင်းလိုက်လေသည်။ မကြာမီ သူတို့သည် ကိုယ်ပိုင်အသီးအရွက်များကို ရနိုင်ပေတော့မည်။

ယိုကျင့်သည် ခြံထဲမှာ ထွက်လာပြီးနောက် ညီမငယ်တချို့ကို အဝတ်လျှော်ကူရန် မြစ်ဆီသို့ သွားလိုက်လေသည်။ ညီအစ်မများသည် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အမျိုးသမီးစုက အစားအသောက်များကို ပြင်ဆင်ပြီးဖြစ်လေသည်။ သူမသည် မျှစ်နှင့် နံရိုးဟင်းကို ချက်ထား၏။ မျှစ်၏အရသာက အသားနံ့နှင့် ရောနေလေသည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် စိတ်ညစ်စရာအားလုံးသည် လေနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ ကလေးများသည် အင်တင်တင် ဖြစ်နေကြသည့် မျက်နှာမရှိတော့ဘဲ ပျော်ပျော်ပါးပါး စားနေကြသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးစု၏မျက်နှာပေါ်က အပြုံးမှာ ထင်ရှားလာတော့သည်။

“အမေတို့မိသားတွေ ညီညီညွှတ်ညွှတ် ရှိနေသ၍ နည်းနည်းလေး ပိုပင်ပန်းရလည်း အားလုံးအဆင်ပြေပါတယ် ဟုတ်တယ်နော်”

မကြီးအပေါ်တွင် ပြုမူခဲ့သည်ကို စဥ်းစားလိုက်မိပြီး ယိုကျူးသည် အနည်းငယ် ရှက်သွားတော့သည်။ သူမသည် ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းသာငုံ့ထားလိုက်၏။ ယိုကျင့်က သူမ၏ပန်းကန်လုံးထဲသို့ နံရိုးအသားတစ်တုံးကို ထည့်ပေးလိုက်ပြီး

“ ဒီနေ့ ပင်ပန်းသွားပြီ၊ ပိုစားနော်”

မကြီးက သူမကို စိတ်မဆိုးတာ တွေ့လိုက်ရသဖြင့် ယိုကျူးသည် ဝမ်းသာသွားကာ ခေါင်းညိတ်ပြလိုက်ပြီး အသားကို ဝါးစားလိုက်တော့သည်။ စိတ်မသက်မသာဖြစ်နေမှုများ ပြေပျောက်သွားတော့သည်။

အမှန်တွင် ယိုကျင့်သည် အစကတည်းက ငွေရှာဖို့မျှော်လင့်ချက်ကို မျှစ်ရောင်းခြင်းတစ်ခုထဲတွင် ပုံမထားချေ။ ရေတို ငွေရှာချင်သောကြောင့်သာ ဖြစ်လေသည်။ ဆိုရိုးစကားအတိုင်းဆိုရင် တောင်ကို မှီခိုရင် စားစရာရပြီး ရေကိုမှီခိုရင် ရေသောက်ရမယ်တဲ့။ သူတို့မိသားစုကို တောင်တွေနဲ့ ရေတွေ ဝန်းရံထားတာလေ။ သူတို့တွေက ဘယ်လိုလုပ်ပြီး ငတ်သေနိုင်မှာလဲ။ သို့သော် ယိုကျင်းသည် ငွေရှာဖို့ရာ စိတ်ကူးသစ်မရလာခင် ရုတ်တရက်ဆိုသလို့ နွေးမိုးက ဝေါခနဲ ကျလာပြီး ရက်တော်တော်ကြာအောင် ရွာသွန်းလေတော့သည်။

နွေဦးမုတ်သုန်လေက နောက်ပိုင်းတွင် သဲသဲမဲမဲရွာချတော့သည်။ ရှည်ကြာလှသည့် နွေဦးမိုးက လူများကို စိတ်ပျက်လာစေေတော့သည်။ အိမ်တွင် ရက်အနည်းငယ်လောက်နေပြီး ပျင်းလာသည့် ယိုကျင့်မှာ အပြင်ထွက်လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ငါးတစ်ကောင်လေး ဖမ်းဖို့ အခွင့်အရေးတစ်ခု ပြန်ရောက်လာတာပဲ။ ပြီးတော့ ဟင်းတစ်ပွဲ ထပ်တိုးတာလည်းက စိတ်ကူးကောင်းတစ်ခုပဲလေ မဟုတ်ဘူးလား။

ယိုကျင့်သည် အမှန်ပင် ငါးတစ်ကောင်ဖမ်းမိခဲ့လေသည်။ ထို့အပြင် ကဗျာဆရာများကို တင်စားပြောဆိုကြသည့် နာမည်ကြီးရေချိုငါး(နဂါးကြေးခွံငါး) ဖြစ်လေတော့သည်။

“ မက်မွန်ရိပ်ကျနေတဲ့ စမ်းချောင်းလေးထဲမှာ ရေချိုငါးလေးက အရွယ်ရောက်လာလေရဲ့”

…

All Chapters