← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အပိုင်း (၅၂) သရေစာမုန့်

ယိုကျင့်တို့ ညီအစ်မသည် ပထမတောင်ကုန်းလေးကို ကျော်လာပြီးနောက်တွင်တော့ ဝူလီချောင်ရွာသားများကို မမြင်ရတော့ချေ။

ဝူလီချောင် ရွာသားအများစုသည် တောင်၏ နေရောင်ရသည့်အခြမ်း‌တွင် ရှိနေကြ၏။ ယိုကျင့်တို့ ညီအစ်မများက လက်ရှိတွင် အရိပ်ကျနေသည့်ဖက်၌ ရှိနေကြသည်။ မြေကြီးပေါ်က ဆွေးမြေ့နေသည့် ဝါးရွက်စိုများက မြေဩဇာအပြည့်နှင့် မြေကြီးကို အားဖြည့်ပေးထားလေသည်။ စိုထိုင်းဆ အလွန်းများသည့်အတွက် နေရောင်ရသည့်အခြမ်းမှာထက် တောင်ပို့မှိုများ ပိုပေါက်နေလေသည်။ ထို့အပြင် ယိုကျင့်သည် နောက်ဆုံးတော့ နေရောင်ရသည့် တောင်ကျောဘက်တွင် လုံးဝရှာမတွေ့နိုင်ခဲ့သည် ယွမ်ဟွားပန်းကို ရှာတွေ့သွားတော့သည်။

ယိုကျင့်က ယွမ်ဟွားပန်း အနည်းငယ်ကို အမြစ်မှနေ၍ တူးလိုက်၏။ ထို့နောက် ယွမ်ဟွားပန်းပင်များကို သူမအမြဲ ယူလာတတ်သည့် ကောက်ရိုးဖြင့် ချည်လိုက်ပြီး ဘေးတွင်ချထားလိုက်လေသည်။ ထိုနောက် သူမ၏ညီမငယ်များနှင့်အတူ တောင်ပို့မှိုများကို ဆက်ရှာလိုက်တော့သည်။

ယိုကျင့်သည် စားလို့ရသည့်မှို တော်တော်များများကို ခွဲခြားတတ်သည်။ ထို့ကြောင့်ပင် သူမက မှိုအမျိုးမျိုးကို ခူးခဲ့သေးသည်။ သူမသည် တောင်ပို့မှိုများကို ခြင်းအပြည့် ခူးခဲ့ရုံမကဘဲ သေနေသည့်ဝါးမြစ်၏ ခြေရင်းတွင် မှိုကွန်ချာလေးတစ်အုပ်ကို ရှာတွေ့ခဲ့သေးသည်။ မှိုကွန်ချာများကို ကိုင်ထားလိုက်၏။ မှိုကွန်ချာကို ရှေးအခါက 'မြက်ပင်များ၏ရတနာရှစ်သွယ်'ထဲက တစ်ခုအဖြစ် သတ်မှတ်ကြလေသည်။

အစောပိုင်းတုန်းက တောင်ရဲ့တခြားဖက်မှာ တောင်ပို့မှိုတွေကို မတွေ့ရပါဘူး။ အခုတော့ ကြည့်ရတာ ဟိုဖက်နားက ဝါးပင်အသေတ္ကေ ရွာသားတွေ ခုတ်ပြီး ထင်းလိုသုံးတာမလို့ မှိုထွက်ဖို့ အချိန်မကျသေးတာဖြစ်မယ်။

သူမသည် ညီမငယ်လေးများကို မြန်မြန်လှမ်းခေါ်လိုက်ပြီး မှိုကွန်ချာ၏ပုံစံကို ပြလိုက်လေသည်။

"ဒီမှိုလည်း စားလို့ရတယ်၊ သူက ပုပ်ဆွေးနေတဲ့ ဝါးမြစ်တွေပေါ်မှာ ပေါက်တာ၊ အဲလိုဟာမျိုး တွေ့ရင်လည်း ခူးလို့ရတယ်နော်"

သူမက ထိုသို့ပြောလိုက်သည်နှင့် ယိုကျူးသည် စောစောက ဆွေးမြေ့နေသည့် ဝါးမြစ်ပေါ်က ထိုမြင်ကွင်းကို ချက်ချင်း သတိရသွားပြီး ပြောလိုက်တော့သည်။

"မကြီး အဲဒါဘယ်မှာရှိလဲဆိုတာ ညီမလေးသိတယ်၊ သွားခူးလိုက်မယ်နော်"

ယိုရင်နှင့် ယိုပေါင်တို့နှစ်ယောက်လုံးကလည်း ပြန်ခူးထားသည်များ ရထားလေသည်။ ညီအစ်မများသည် လူထပ်ခွဲလိုက်ကြပြီး ကိုယ့်အလုပ်ကို လုပ်လိုက်ကြတော့သည်။

ညီအစ်မလေးယောက်သည် တောင်ပေါ်တွင် လေးနာရီခွဲအထိ နေလိုက်ကြ၏။ နောက်ဆုံးတွင် သူတို့၏ ကျောပေါ်က ခြင်းများကို ပြည့်ကျပ်နေအောင်ထည့်ထား၏။ သို့သော်လည်း သူတို့လက်ထဲတွင် လည်း ကောက်ရိုးနှင့်ချည်ထားသည့် သစ်ရွက်ထုပ်ကြီးတစ်ခုကိုလည်း သယ်ထားလေသည်။ အလျှံပယ်ရလာသည့် အိမ်အပြန်လမ်းပင်။

အမှန်ပင်။ ဒုတိယသခင်ကြီးဟွမ်သည် မှိုကွန်ချာကဲ့သို့သော အဖိုးတန်မှိုမျိုးကို မှတ်မိလေသည်။ သူသည် တောင်ပို့မှို၏ဈေးထက် ၃ဆပေးပြီး ယိုကျင့် မနေ့ကရခဲ့သည့် မှိုကွန်ချာ ခြင်းတစ်ဝက်အပြည့်ကို ဝယ်ထားလိုက်လေသည်။ သူက ယိုကျင့်ကို ဆိုင်မျက်နှာစာဘက်သို့ အထူးဖိတ်ကာ စကားပြောလိုက်၏။

"မိန်းကလေး နောက်ဆိုရင် အသစ်အဆန်းလေးတွေ ရရင် ယွင်ဝေ့ရွှမ်းကိုသာ ပို့လိုက်၊ လတ်လတ်ဆတ်ဆတ် ဖြစ်နေသ၍ အားလုံးကို ယူပေးမယ်"

ထို့နောက်တွင် သူက မီးဖိုဆောင်မှ သရေစာမုန့် နှစ်ထုပ်ကို သွားယူခိုင်းလိုက်ပြီး သူမအတွက် ထည့်ပေးလိုက်လေသည်။

ယိုကျင့်သည် မုန့်များကို ပြုံးကာလက်ခံလိုက်ပြီး ပြန်ဖြေလိုက်၏။

“ဒုတိယသခင်ကြီးက ကျွန်မတို့စုမိသားစုရဲ့ ကျေးဇူးရှင်ပါ။ သခင်ကြီးက ကျွန်မတို့ကို ပေးတဲ့စျေးကလည်း မှန်ကန်ပါတယ်၊ ကျွန်မက ရှင့်ကို အရင်ဦးစားပေးရမှာ သဘာဝပဲလေ”

ဒုတိယသခင်ကြီးဟွမ်သည် ကျေနပ်စွာခေါင်းညိတ်ပြလိုက်ပြီး

“ဒီ လတ်လတ်ဆတ်ဆတ် တောင်ပို့မှိုတွေက အရသာကောင်းတယ်၊ ဒီနှစ်ရက်အတွင်း ဝယ်လို့တောင် မလောက်ဘူး၊ မင်းမှာရှိသေးရင် ထပ်ပို့လိုက်ပါလား”

ဒုတိယသခင်ကြီးဟွမ်သည် တောင်ပို့မှိုကိုသာ လိုအပ်တော့သည်။ အကြောင်းမှာ အခုတော့ လမ်းပေါ်က နေရာတိုင်းတွင် မျှစ်များကို ရောင်းချနေကြပြီး တောင်ပို့မှိုကိုတော့ စုမိသားစုထံမှသာ ရနိုင်သောကြောင့်ပင်။ သူမဆီကရနေလျှင် ပြဿနာမရှိတော့ပေ။

“ ဒုတိယသခင်ကြီးလည်း သိမှာပါ၊ မှိုဆိုတဲ့အမျိုးက ရာသီဥတုအပေါ် မူတည်တာလေ၊ ကျွန်မအနေနဲ့ ရနိုင်မဲ့ပမာဏကို အာမမခံရဲပါဘူး၊ ကျွန်မတို့မိသားစုက ရသမျှကိုတော့ သခင်ကြီးကို ပေးမယ်ဆိုတာပဲ ပြောနိုင်ပါတယ်၊ ဘယ်လိုလဲရှင့်”

ယိုကျင့်သည် လူးလွန့်သာသည့်အခြေအနေတစ်ခုကို ပြောလိုက်လေသည်။ နောက်ဆုံး မှိုကလည်း အမှန်ပင် ရာသီဥတုပေါ် မူတည်လေသည်။

ဒုတိယသခင်ကြီးဟွမ်က နားလည်သည်မှာ ပြောရန်ပင်မလိုချေ။ သူသည် သူမကို အခက်တွေ့အောင် မလုပ်တော့ပေ။ နှစ်ယောက်သားသည် ခဏလောက်စကားပြောလိုက်ကြပြီးနောက် ယိုကျင့်က အနောက်ဘက်တံခါးမှ ပြန်ထွက်လာခဲ့လေသည်။ အနောက်ဖက်တံခါးတွင် အချိန်အကြာကြီး စောင့်နေကြသည့် ယိုရင်နှင့် ယိုကျူးတို့ကလည်း သူမ၏နောက်ကလိုက်လာကာ အနောက်ဘက်စျေးသို့ သွားလိုက်ကြတော့သည်။

လော့ဟယ်မြို့သည် ကြီးမားသည့်မြို့တစ်ခုဖြစ်ပြီး အရပ်လေးမျက်နှာလုံးသို့ ချဲ့ထားလေသည်။ ကုန်သည်များသည် ဟိုဟိုသည်သည် သွားလာနေကြလေသည်။ ထို့ကြောင့် ဝယ်ယူနိုင်သည့် ပစ္စည်းအမျိုးစုံရှိလေသည်။ ယိုကျင့်သည် လက်ထဲတွင် ငွေရှိလာသဖြင့် အချိန်ရတုန်းက အနောက်စျေးတွင် စျေးဝယ်ထွက်ချင်သည်။ သူမသည် အသစ်အဆန်းတစ်ခုခု တွေ့ပြီး လော့ဟယ်မြို့တွင် မရှိသည့် မျိုးစေ့များကို တွေ့ခဲ့လျှင် ယိုကျင့်သည် အိမ်သို့ ဝယ်ပြန်ပြီး စမ်းကြည့်ရန် စဥ်းစားထား၏။

ရလဒ်အနေဖြင့် သူမသည် အနောက်ဘက်ဒေသမှ အခုလေးတင်ပြန်ရောက်လာသည့် ကုန်သည်ဆီမှ စန်းရှို့ငရုတ်ကောင်းမျိုးစေ့တစ်ထုပ် ဝယ်လာခဲ့လိုက်သည်။ ကုန်သည်ကလည်း အသစ်အဆန်း ဖြစ်သဖြင့် အိတ်လေးတစ်အိတ်စာ သယ်လာခဲ့သည်။ ထိုပစ္စည်းသည် အများကြီးမတန်ချေ။ ထို့ကြောင့် သူက ယိုကျင့်ကို ၃၀ဝမ် သာ တောင်းလိုက်၏။

ယိုကျင့်က ဝမ်းသာအားရ ငွေချေလိုက်ပြီး စန်းရှို့ငရုတ်ကောင်းအစေ့ထုပ်ကို ခြင်းတောင်းထဲ ထည့်လိုက်ပြီးနောက် ယိုရင်၊ ယိုကျူးတို့နှင့်အတူ ဆက်၍ ဈေးဝယ်ထွက်ခဲ့လေသည်။

“မကြီး ဒီလိုအိတ်လေးသေးသေးလေးကို ၃၀ဝမ်တောင်ပေးရတယ်၊ အရမ်းစျေးကြီးတာပဲ”

ယိုကျူးက အနည်းငယ်အံ့သြနေလေသည်။ ကုန်သည်ကလည်း တကယ်ရောင်းရဲတယ်။ မကြီးကလည်း တကယ်ဝယ်လိုက်တယ်တဲ့။

ယိုကျင့်က ယိုကျူး၏ခေါင်းလေးကို ပုတ်လိုက်ပြီး

“ ကပ်စေးကုပ်လေး ဒါကို ရင်းနှီးမြှုပ်နှံတယ်လို့ခေါ်တယ်၊ ဈေးကြီးတယ်ဆိုပေမဲ့ အသုံးဝင်သ၍ ဈေးကြီးတယ်လို့ မခေါ်ဘူး”

ထိုအခါ ယိုကျူးက ဆက်မပြောတော့ပေ။ မည်သို့ဆိုစေ သူမ၏အမြင်တွင် မကြီးမှာလည်း သူမ လုပ်သည့်အရာအတွက် အကြောင်းအရင်းရှိလိမ့်မည်။ သူမသည် လိမ်လိမ်မာမာဖြင့်သာ ပူးပေါင်းပေးရန် လိုလေသည်။

အမှန်တွင်တော့ လော့ဟယ်တွင် စန်းရှို့ငရုတ်ကောင်း စိုက်လို့ရမရကို ယိုကျင့်လည်း မသိချေ။ သူမ၏အတိတ်ဘဝကို ပြန်စဥ်းစားလိုက်တော့ အပူပိုင်းသမဇုံတွင် စိုက်နိုင်သည် ထင်ရသည်။ ထို့ကြောင့် သူမက စမ်းကြည့်ချင်သည်။ အလုပ်ဖြစ်လျှင်လည်း ကောင်းသည့်ကိစ္စပင် မဟုတ်ပါလား။

သူတို့သည် လော့ဟယ်သို့ ပြောင်းလာသည်မှာ တစ်လနီးပါးရှိသွားပြီ။ အိမ်၏ စားသောက်ပုံ သိသိသာသာ တိုးတက်လာသည့်အတွက်ကြောင့် စုမိသားစုမှ ကလေးများ၏မျက်နှာများသည် ပြည့်ဖောင်းလာကြ၏။ ကလေးနှစ်ယောက်အပါအဝင်ပင်။ အမျိုးသမီးစု၏ အခြေအနေကလည်း တိုးတက်လာပြီး ကလေးများအတွက် နို့ကလည်း လုံလောက်လာသည်။ မွေးကာစကနှင့် လုံးဝ ကွာခြားသွားတော့သည်။ တစ်လခွဲအရွယ် ကလေးက တစ်ချိန်လုံး ချီပိုးထားစရာမလိုတော့ချေ။ သူတို့ကို ခုတင်ပေါ်တွင် ချထားပြီး တစ်ယောက်ယောက်က ဘေးမှ စောင့်ကြည့်ပေးရန်သာလိုတော့သည်။

စုမိသားစုသည် ဝူလီချောင်သို့ ပြောင်းလာပြီးနောက်ပိုင်း ဘာထူးထူးဆန်းဆန်းမှ မဖြစ်ခဲ့ချေ။ ရွာသားများကလည်း ထိုအခြမ်းမှ တောင်ပေါ်သို့ အဆင်းအတက်လုပ်ရဲလာကြသည်။ ရွာထဲက ကောင်ဆိုးလေးများက စုအိမ်တော်၏တံခါးဆီ လာကာ လျှောက်ပတ်ကြည့်ရဲကြလေသည်။ တစ်ယောက်ယောက် ထွက်လာသည်ကို မြင်လျှင် သူတို့သည် သီချင်းလုပ်ဆိုကြသည်။

“ စကပ်ဝတ်ထားတဲ့သူတွေက သရဲခြောက်တဲ့အိမ်မှာ နေပြီး ညဆိုရင် သရဲမတစ်ယောက်နဲ့ အိပ်ပါတယ်”

ခြံထဲကလူများ ဘာမှမလုပ်နိုင်ခင် ဈေးကပြန်လာသည့် ယိုကျင့်နှင့် ကျန်နှစ်ယောက်က အရင်ဆုံး ပြေးလာကြလေသည်။ ယိုကျူးက မြေကြီးပေါ်က ကျောက်ခဲကို ကောက်ကာ ကောင်လေး လေးငါးယောက်ဆီ ပစ်ထည့်လိုက်လေသည်။ သူမသည် မြန်မြန်ပြေးလာလျက် ဆဲရေးလိုက်တော့သည်။

“ မဟုတ်တာတွေ လျှောက်ပြော၊ လာစမ်း၊ ပေါက်ကရတွေ ထပ်ပြောစမ်း ငါနင်တို့တွေ သေအောင် အမှုန့်ကြိတ်ပစ်မယ်”

နောက်ပြောင်ကျီစယ်တတ်သည့် ဆယ်ကျော်သက်လေးများသည် လူများ လာနေသည်ကို မြင်လိုက်သောအခါ အားလုံး ဝှစ်ခနဲ လူခွဲသွားကြတော့သည်။ ယိုကျူးက သူတို့နောက် မလိုက်နိုင်တော့သည့် နေရာရောက်သွားမှာ သူတို့ကို လှောင်ပြောင်ပြလိုက်ပြီး ရယ်မောကာ ထွက်ပြေးသွားကြတော့သည်။

ယိုကျူးသည် ဒေါသထွက်လွန်းသဖြင့် သူတို့နောက်ကလိုက်သွားပြီး ပညာပေးလိုက်ချင်တော့သည်။ သို့သော် ယိုကျင့်က သူမ၏ကျောက ခြင်းကို တင်းနေအောင်လှမ်းဆွဲထားလိုက်ပြီး

“ ဘာလို့ လိုက်နေမှာလဲ”

အနည်းငယ် ဝမ်းနည်းသွားသည့် ယိုကျူးက မျက်လုံးများ မသိမသာရဲသွားပြီး

“မကြီး”

“ ပြဿနာ လုပ်မနေနဲ့တော့၊ အားလုံး ပြန်ကြတော့”

သူမသည် ယိုကျူးကို ခြံတံခါးဆီသို့ တန်းဆွဲလာလိုက်တော့သည်။ ယိုပေါင်က ခြံထဲက အသီးအရွက်များကို ခူးရန် တံခါးဖွင့်ပြီး ထွက်လာချိန်၌ ထိုကလေးများ၏ ခြောက်လန့်ခံလိုက်ရဟန် တူသည်။

ယိုကျင့်သည် ရုတ်တရက် သတိဝင်လာတော့သည်။ အခုက မိသားစုမှာ အားလုံးက မိန်းကလေးတွေချည်းပဲ။ ငါက တိုက်ခိုက်ရေးသိုင်းကွက်တချို့ လေ့ကျင့်နေတယ်ဆိုပေမဲ့၊ လူသုံးလေးယောက်လောက် စုပြီး ပြဿနာလာရှာရင် ငါတောင်နိုင်မှာ မဟုတ်ဘူး။ သူမသည် သက်ပြင်းချလိုက်ကာ ယိုကျူးအား နှစ်သိမ့်ပေးလိုက်တော့သည်။

“ မကြိးက ညီမလေးအတွက် လိုက်မသွားခိုင်းတာပါ၊ မကြီး အရင်ကပြောဖူးတဲ့စကားကို မှတ်မိသေးလား၊ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်တာက ရူးမိုက်တဲ့အလုပ်ပဲ၊ ညီမလေးက ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်လေ၊ ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်အရွယ် ကောင်လေးတွေကို ဘယ်လိုရန်ဖြစ်မှာလဲ”

မကြီးပြောသည့်စကားကို နားထောင်လိုက်ပြီးနောက် ယိုကျူးသည် တည်ငြိမ်သွားပြီး ကြောက်စိတ်အနည်းငယ် ဝင်သွားတော့သည်။ သို့တိုင် သူမသည် မကျေမချမ်းဖြစ်နေဆဲ။

“ ဒါဆို ညီမလေးတို့က ဒီအတိုင်း လူတွေ အနိုင်ကျင့်ခံရတော့မှာလား”

“ နားထောင်၊ အစ်မ ဒီကိစ္စကို နောက်မှ ဟယ်ရွာသူကြီးနဲ့ သွားပြောလိုက်မယ်”

ယိုကျင့်သည် သက်ပြင်းချလိုက်၏။ ထို့နောက် ဒုတိယသခင်ကြီးဟွမ်ပေးလာသည့် မုန့်ကို ခြင်းထဲက ထုတ်လိုက်လေသည်။ တစ်ထုပ်ကို ညီမငယ်လေးများအား ဝေပေးလိုက်၏။ မဖွင့်ရသေးသည့် တစ်ထုပ်ကိုတော့ ရွာထဲသို့ ယူသွားလိုက်လေသည်။

ဆယ်ကျော်သက်ကောင်လေးများသည် မြစ်အရှေ့ဘက်သို့ ပြေးသွားခဲ့လေသည်။ စုမိသားစုက မလိုက်လာတော့သည်ကို သိလိုက်ရပြီး မြစ်ဘေးတွင် ရယ်စရာ လုပ်နေကြတော့သည်။ မြစ်အနောက်ဘက်ရှိ စုအိမ်မှ လူတစ်ယောက်ထွက်လာသည်ကို အဝေးမှ မြင်လိုက်ရသည်။ ကောင်လေးတစ်စုကို ခုခံလိုသည့်အကြည့်ဖြင့် သူမအားကြည့်နေကြပြီး သူတို့နှင့် လာဖြေရှင်းရန် လာနေသည်ဟုထင်လိုက်လေသည်။

သို့သော် ယိုကျင့်က ထိုအုပ်စုကို မကြည့်ဘဲ ဘေးမှဖြတ်သွားတော့သည်။ ရွာထဲသို့ ဝင်သွားပြီးနောက် သူမသည် ဟယ်ဟောက်၏အိမ်သို့ တန်းသွားလိုက်လေသည်။

ယခုအခါ စိုက်ပျိုးရေးကာလ မဟုတ်ပေ။ သို့တိုင် ရွာသားများသည် ဘာမှမလုပ်ဘဲ မနေကြချေ။ ထို့ကြောင့် ပေါက်ပြားတစ်လက်နှင့် လယ်ထဲမှ ပြန်လာသည့် ဟယ်ဟောက်က ယိုကျင့်လာနေသည်ကို မြင်လိုက်တော့သည်။ သူသည် သူ့မိန်းမအား သကြားဖြူရည်နှစ်ပန်းကန် ယူလာဖို့ ဝမ်းသာအားရ ပြောလိုက်၏။

“ ယိုကျင့် ဘယ်လိုလုပ်ပြီးရောက်လာတာလဲ”

ဒီကလေးမလေးက မလွယ်ဘူး။ ဒီလောက်နှစ်တွေကြာနေပြီ ဝူလီချောင်မှာ ဘယ်သူမှ မျှစ်တူးရောင်းဖိုး စိတ်ကူး မရှိခဲ့ကြဘူး။ ဒီတနယ်ကမိသားစုက မျှစ်ကို ဦးဆောင်ပြီး ရောင်းခဲ့တာပဲ။ တခြားလူတွေကလဲ နောက်ကလိုက်ပြီး လုပ်ကြတာ ငွေတော်တော်ရှာနိုင်ခဲ့ကြတယ်။

ယိုကျင့်က ပြုံးကာ မုန့်ထုပ်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ ဒီနေ့ ကျွန်မ အသီးအရွက်တချို့ကို မြို့ကာ လူကြီးမင်းဆီ သွားပို့ပေးရတယ်လေ၊ ပြီးတော့ မုန့်ထုပ်လေးတချို့ ရလာခဲ့တာ၊ ကျွန်မတို့ မိသားစုလည်း ဝူလီချောင်ကို ပြောင်းလာတာ တစ်လတောင် ကျော်သွားပြီ၊ သူကြီးက စောင့်ရှောက်ပေးတာကို ကျေးဇူးတင်ပါတယ်၊ ဒါကြောင့် သူကြီးတို့မိသားစု စားလို့ရအောင်ဆိုပြီး ကျွန်မ မုန့်တချို့လာပို့တာပါ”

ဟယ်ဟောက်၏မိန်းမ ကျောက်ချွန်းဟွားသည် သကြားရည်များနှင့် ဝမ်းသာအားရ ဧည့်ခံလေသည်။ မြို့တော်က လူကြီးမင်းဆီက ပေးလိုက်သည့်မုန့်ဟု ပြောသံကြားလိုက်ရပြီးနောင် သူမသည် အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာထဲက ချာရှာကြောင်လို ပြုံးဖြီးနေတော့သည်။

“ ဟယ် သိပ်ကို အားနာလွန်းနေတာပဲ”

“ အဒေါ်ရယ် ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်မတို့မိသားစုက မိဘမဲ့ကလေးနဲ့ မုဆိုးမတစ်ယောက်ပဲ ရှိတဲ့အိမ်ပါ၊ အဒေါ်နဲ့ သူကြီးဦးလေးတို့ စောင့်ရှောက်ပေးလို့သာ မဟုတ်ရင် ကျွန်မတို့တွေ ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်း နေနိုင်ပါ့မလဲ”

ဟယ်ဟောင်သည် လက်ခါပြလိုက်ပြီး

“ ငါက သူကြီးဖြစ်နေမှာတော့ ရွာသားတွေကို စောင့်ရှောက်ရမှာပေါ့၊ မင်းမှာ အခက်အခဲရှိရင် ပြောသာပြော၊ တတ်နိုင်တာ ကူညီပေးမယ်”

ထိုအခါမှ ယိုကျင့်သည် တွေဝေနေသည့်အမူအရာဖြင့် ဟယ်ဟောက်နှင့် သူ့မိန်းမကို ကြည့်လိုက်ပြီး

“ အခက်အခဲကတော့ တချို့တော့ ရှိပါတယ်၊ အခုလေးတင် ဆယ်ကျော်သက်ကောင်လေးတွေက အိမ်ရှေ့မှာလာပြီး ကစားရင်း နောက်ပြောင်သွားကြတယ်၊ ကလေးတွေက ပါးစပ်ဖွာတာ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ တတိယညီမလေးက နည်းနည်းရိုင်းတယ်ရှင့်၊ သူက လူတွေကို ကျောက်ခဲတွေနဲ့ ပေါက်လိုက်တယ်လေ၊ အဲတုန်းက သေချာမမြင်လိုက်ရဘူး၊ ပြီးတော့ ကောင်လေးတွေ ထွက်ပြေးသွားတာလည်း အမြန်ကြီးပဲ၊ တစ်ယောက်ယောက်ကိုများ ထိသွားလား မသိဘူး၊ တကယ်လို့များ မိသားစုတစ်ခုခုက ထိမိခိုက်တယ်လို့ ပြောခဲ့ရင် သူကြီးဦးလေးက ကူညီပြီး ဖြေရှင်းပေးပါအုံးနော်”

ဟယ်ဟောက် ပြန်မပြောနိုင်ခင်မှာပင် ကျောက်ချွန်းဟွားက အရင်ဆုံး သူမ၏ပေါင်ကို ရိုက်လိုက်၏။ ယိုကျင့်က ဘယ်သူ့အကြောင်း ပြောနေမှန်း သူမ သိသွားတော့သည်။

“ ဟယ် အဲဒါ နောက်ဘက်ခြမ်းက လောင်စန်းချန်တို့မိသားစုက ကောင်လေးတွေပေါ့၊ ငါ အခုလေးတင် ပြန်လာတုန်းက ထူးပါတယ်လို့ ထင်နေတာ အဲဒီ တေလေဂျပိုးကောင်လေးတွေက မြစ်အနောက်ဘက်ခြမ်းမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ပြေးနေတာ တွေ့ခဲ့သေးတယ်”

အမျိုးသမီးကျောက်က ထိုသို့ပြောလိုက်တော့ ဟယ်ဟောက်က နားလည်သွားတော့သည်။ သူသည် သက်ပြင်းချလိုက်ပြီး

“အဲဒီတေလေဂျပိုးကောင်လေးတွေရဲ့ မိဘတွေကလည်း လူရမ်းကားတွေပဲကွ၊ တစ်နေကုန် ရွာထဲပတ်သွားနေတာ၊ သူတို့အားလုံး ထွက်ပြေးသွားတယ်ဆိုတော့ မထိခိုက်လို့ပဲ နေမှာ၊ သူတို့တွေ မင်းအိမ်ကိုလာပြီး ပြဿနာထပ်ရှာရင် ငါ့ကို လာခေါ်လိုက်၊ ဒီဂျပိုးကောင်လေးတွေကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းရှိတယ်”

ဒါသည် ယိုကျင့်လိုချင်သည့် ရလဒ်ပင်။ သူမသည် အသာအယာ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူကြီးလင်မယားနှင့် ခဏလောက် စကားဆက်ပြောလိုက်လေသည်။ ထို့နောက် သူမသည် အမျိုးသမီးကျောက်က ထမင်းဖိတ်ကျွေးသည်ကို ပြုံးကာ ငြင်းလိုက်ပြီး မြစ်အနောက်ဘက်ခြမ်းသို့ ပြန်လာခဲ့တော့သည်။

ဟယ်ဟောက်သည် ခြံတံခါးကို ပိတ်လိုက်၏။ ပင်မဆောင်သို့ ပြန်လာချိန်၌ အမျိုးသမီးကျောက်က ဆီစိမ်စက္ကူနှင့် ထုပ်ထားသည့် မုန့်များကို ဖြည်နေသည်ကို တွေ့လိုက်ရတော့သည်။ ပန်းကန်လုံးထဲက ကျန်နေသည့် သကြားရည်ကို သောက်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပြီး

“ ဒီစုမိသားစုက အကြီးဆုံးကောင်မလေးက မလွယ်ဘူး၊ သူသာ ယောကျ်ားလေးတစ်ယောက် ဖြစ်ခဲ့ရင် သူ့အနာဂတ်က အတိုင်းအဆမရှိ တိုးတက်အုံးမှာ”

“ ရှင်ပဲ အကုန်သိ အကုန်တတ်၊ ဟိုကဖြင့် ပစ္စည်းကောင်းလေးရလို့ ရှင်ကို ဝေငှပေးတာမလား”

အမျိုးသမီးကျောက်သည် သူ့အား မှုန်တေတေဖြင့် ကြည့်ကာ မုန့်များကို ချက်ချင်း ပြန်သိမ်းထားလိုက်လေသည်။ ကလေးများ ပြန်လာမှ သူတို့စားကြမည်။ အမျိုးသမီးကျောက်သည် လယ်သမားမိသားစုမှဖြစ်ရာ ပွင့်လင်းပြီး ဖော်ရွေသည့်မိန်းမတစ်ယောက် ဖြစ်သည်။ စုမိသားစုမှ တစ်စုံတစ်ခုကို လက်ခံရခဲ့ပြီးနေက် သူမသည် စုမိသားစုနှင့် အနည်းငယ် ပိုရင်းနှီးလာသည်က ပြောစရာပင်မလိုတော့ချေ။ သူမသည် ယိုကျင့်ဘက်က ပြောပေးလေတော့သည်။

“ သူက အလွန် ဂရုစိုက်တတ်တာပါ၊ မိဘမဲ့ကလေးနဲ့မုဆိုးမ မိသားစုတစ်ခုပဲ၊ အဲဒီလူရမ်းကားကောင်လေးတွေ သူတို့ကို အနိုင်မကျင့်ပါစေနဲ့ရှင်”

ဟယ်ဟောက်သည် ဘေးကခုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ပြုံးရွှင်ကာ သက်ပြင်းချရင်း ပြောလိုက်၏။

“ နင့်လို ဆံပင်သာရှည်ပြီး အသိဉာဏ်နည်းတဲ့ သူက ဘာနားလည်လို့လဲ”

“ ကျွန်မက ဘာမှနားမလည်ဘူး၊ ရှင်ပဲ နားလည်တယ်”

အမျိုးသမီးကျောက်သည် မကျေမနပ်ဖြင့် ဟယ်ဟောက်ကို မျက်စောင်းထိုးလိုက်တော့သည်။ မုန့်များကို သိမ်းဆည်းလိုက်ပြီးနောက် သူမသည် နေ့လယ်စာအတွက် ပြင်ဆင်လိုက်လေတော့သည်။

…

အပိုင်း (၅၃) ဘိုးဘေးများ

ယိုကျင့်သည် သူမတို့မိသားစု၏ လုံခြုံရေးအတွက် သူကြီးအပေါ်၌သာ ပုံအပ်မထားချင်ပေ။ ပစ္စည်းပို့ရမည့် နောက်တစ်ရက်တွင် ယိုကျင့်သည် အနောက်ဈေး၌ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ခွေးပေါက်စလေးများအား ရောင်းချနေသော လူတစ်ယောက်ကို တွေ့လိုက်သည်။ သူမသည် ယွမ်နှစ်ဆယ်ကို သုံးကာ တောက်ပြောင်သည့် အမည်းရောင်အမွေးကွက်များနှင့် နားရွက်ချွန် ခွေးလေးလေးကောင်ကို ၀ယ်ယူလိုက်သည်။

“ကလေးမ ဒီခွေးတွေကို သေးတယ်ဆိုပြီး အထင်မသေးနဲ့နော်။ အိမ်မှာ နှစ်လသုံးလလောက် မွေးထားပြီးရင် သူတို့ကို အိမ်စောင့်ခိုင်းလို့ရပြီ။ ဦးလေးတို့အိမ်ကခွေးတွေက တအား သစ္စာရှိတာ”

ထိုလူကြီးသည် ယွမ်နှစ်ဆယ်ဖြင့် ခွေးပေါက်များ ရောင်းထွက်သွားခြင်းကြောင့် ‌၀မ်းသာကာ ယိုကျင့်အား ခဏကြာ စကားပြောနေခဲ့သည်။

ယိုကျင့်သည် ထိုအရာကို သဘောတူပေသည်။ ထိုခွေးလေးများသည် ယခုအခါ၌ ချစ်ဖို့ကောင်းနေသေးသော်လည်း သူမသာ သေချာလေ့ကျင့်ပေးပါက အနာဂတ်၌ အိမ်ကို ကောင်းကောင်းစောင့်ရှောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူမသည် ထိုလူကြီးအား ကျေးဇူးတင်ကြောင်း ပြောပြီး ခွေးလေးများကို ခြင်းထဲသို့ထည့်လိုက်သည်။ ထို့နောက် အိမ်သို့ သီချင်းသည်းတွားရင်း ပြန်လာခဲ့သည်။

ခွေးများသည် အမှန်ပင်ချစ်ဖို့ကောင်းနေကာ ချစ်စရာကောင်းမှုကပင် မိန်းကလေးများ၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်သည့်သော့ချက်ဖြစ်သည်။ စုအိမ်သို့ သူတို့ပြန်ရောက်သည်နှင့် အိမ်ရှိညီအစ်မခြောက်ယောက်၏ ကြောက်မက်ဖွယ် လက်စွယ်များက စောင့်ကြိုနေခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်က သုံးနှစ်ပြည့်ခဲ့သော ယိုချောင်သည်ပင် ခွေးတစ်ကောင်ကို တင်းကျပ်စွာ ဖက်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။ “မမကြီး ဒါသမီးဖို့ ၀ယ်လာတာမလား”

ယိုကျင့်သည် အိုးအဟောင်းတစ်လုံးကိုရှာကာ ရေတစ်ခွက်ထည့်လိုက်သည်။ ဖက်ခေါင်းအုံးသဖွယ် အနိုင်ကျင့်ခံနေရသော ခွေးလေးကို တွေ့သည့်အခါ ယိုကျင့်သည် ယိုချောင်၏တင်ပါးကို ဒေါသတကြီးဖြင့် ရိုက်လိုက်လေသည်။ “မဆော့နဲ့။ သူတို့ကို အိမ်စောင့်ခိုင်းဖို့ ၀ယ်လာတာ” လူအုပ်ထဲမှ ခွေးလေးကောင်ကို ကယ်တင်ပြီးနောက် ထိုခွေးလေးများအား ရေတိုက်လေသည်။

ညီအစ်မများသည် ဆူပူခံရပြီးနောက် ထိုနေရာ၌သာ ရပ်နေ‌ကာ လျှာဖျားလေးဖြင့် ရေကိုလျက်ကာ ရေသောက်နေသည့် ခွေးလေးများကို ကြည့်နေကြလေသည်။ ကလေးများ၏ မျက်၀န်းသည် တောက်ပနေခဲ့သည်။ “မမကြီး သူတို့မှာ နာမည်ရှိလား”

“မရှိသေးဘူး။ ညီမလေး‌တို့ မှည့်ပေးလိုက်ပါလား” ယိုကျင့်သည် အာဏာကို ကလေးများထဲသို့ လွှဲပြောင်းလိုက်သည်။ ထိုကလေးများသည် အချိန်ကြာမြင့်သွာ ခေါင်းချင်းဆိုင်ရင်း စဉ်းစားနေခဲ့ကြသည်။ ဆွေးနွေးပြီးသည့်နောက်တွင် ခွေးလေးများ၏ နာမည်များကို အတည်တကျ သတ်မှတ်ပေးလိုက်သည်။ ၀မ်ချိုက်၊ ရှောင်ဟဲ၊ ဟဲပိုင်နဲ့ တာ့ဟွမ်…

ယိုကျင့်သည် သက်ပြင်းချမိသွားသည်။ နာမည်များသည် ရွာအလေ့အထများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူမသည် ညီမငယ်များ၏ တက်ကြွမှုကို မလွန်ဆန်နိုင်သောကြောင့် ခွေးလေးများကိုသာ အနစ်နာခံစေလိုက်သည်။

ထိုနေ့မှစ၍ စုမိသားစု၏ကိစ္စအ၀၀၌ ခွေးလေးများ ပါ၀င်လာခဲ့သည်။ မနက်တိုင်းတွင် မြစ်၏ အနောက်ဘက်ခြမ်း၌ စုမိသားစုမှကလေးများ ခွေးများနှင့်အတူ ပြေးလွှားနေခြင်းသည် ဝူလီချောင်၏ ထူးခြားလှသော မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။

………….

ဧပြီလ ရှစ်ရက်နေ့သည် ယိုကျင့်၏ အသက် ဆယ့်နှစ်နှစ်ပြည့်မွေးနေ့ ဖြစ်ပေသည်။ စုမိသားစုသည် သူမတို့ မထွက်ခင်အချိန်က အမျိုးသမီးဟန် ပေးခဲ့သည့် အ၀တ်များကို ယိုကျင့်၏ အသက်ဆယ့်နှစ်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပျော်ရွှင်စွာ ပေးအပ်ခဲ့သည်။

မနက်ခင်းတွင် ယိုရင်နှင့် ယိုလော့သည် ယိုချောင်ကို ခေါ်ကာ အိမ်နောက်၌ပေါက်နေသော ပန်းပင်ရိုင်းများကို ခူးယူပြီး အိမ်ရှေ့ခြံ၀င်း၌ အလှဆင်ရန် ပြင်ဆင်ကြလေသည်။ စုမိသားစုသည် သက်ရှည်ခေါက်ဆွဲကို ဂရုတစိုက် ပြင်ဆင်ပေးခဲ့သည်။ ယိုကျင့်ဈေးမှ ပြန်လာသည်နှင့် သူမ၏မိသားစုသည် ဆယ့်နှစ်နှစ်ပြည့်မွေးနေ့အတွက် ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးခဲ့သည်။ သက်ရှည်ခေါက်ဆွဲပန်းကန်နှင့် ပန်းရိုင်းများသာ ရှိသော်လည်း ထိုမွေးနေ့ပွဲသည် သူမ ကူးပြောင်းပြီးနောက် ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ပေသည်။ ထို့အပြင် ယခင်ဘ၀၌ သူမအတွက် ထိုသို့ ကျင်းပပေးမည့်သူ မရှိခဲ့သည့်အတွက် စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ရာကျပေမည်။

အချိန်သည် ကုန်လွန်လာကာ ဧပြီလလယ်သိူ့ ရောက်လေပြီ။ စုမိသားစု စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များမှာ စားသုံးနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ယိုကျင့်စိုက်ပျိုးထားသည့် ကြက်သွန်မြိတ်ရိုင်းများသည် အပါအ၀င်ဖြစ်သည်။

အသက်ဆယ့်နှစ်နှစ်ပြည့်ပြီး နှစ်ရက်ကျော် ကြာသည့်အချိန်၌ ယိုကျင့်သည် ကြက်သွန်မြိတ်ရိုင်းများအား ခြင်းအပြည့် ခူးယူလိုက်ကာ မြို့ပေါ်သို့ဦးတည်လိုက်သည်။ ယခုအခါ၌ ကြက်သွန်မြိတ်များသည် ၀ူလီချောင်၌ပင် မရှိသေးသည့်အတွက် လော့ဟယ်မြို့၌ ရှိရန် မဖြစ်နိုင်ချေ။ ကြက်သွန်မြိတ်များသည် သူမတစ်ယောက်တည်း ပိုင်ဆိုင်ထားသောအရာ ဖြစ်သည်။

ဒုတိယသခင်ဟွမ်သည် နှစ်ပေါင်းများစွာ လှည့်လည်ခရီးသွားလာသောကြောင့် ကြက်သွန်မြိတ်ကို စားဖူးပေသည်။ ထို့ကြောင့် ယိုကျင့်သည် သူ့အား ဆွဲဆောင်စရာမလိုခဲ့ချေ။ ထို့အပြင် သခင်ဟွမ်သည် လူကြီးလူကောင်းဆန်စွာ ကတိပေးခဲ့သည်။ “ဒီနှစ် စုမိသားစု စိုက်သမျှ ကြက်သွန်မြိတ်တွေက ယွင်ဝေ့ရွှမ်းကိုပဲ ပို့ရမယ်”

သခင်ဟွမ် ပေးသည့် ငွေပမာဏသည် သင့်တော်ပေသည်။ ငြင်းဆိုစရာ မရှိသည့်အတွက် ယိုကျင့်လည်း သဘောတူလိုက်သည်။ ထိုသို့ဖြင့် ကြက်သွန်မြိတ်များကို ဖြတ်ကာ ယွင်ဝေ့ရွှမ်းသို့ နှစ်ရက်ခြားတစ်ခါ ပေးပို့ရသည်။ ပစ္စည်းပို့ပြီးသည့်နေရက်များ၌ ပိုက်ဆံများ စုမိလေသည်။

ထိုငွေများနှင့် လယ်ဧကများ ၀ယ်ရန် လုံလောက်လှသည်။ သို့သော် စုမိသားစု၌ အသက်ကြီးကာ အားနည်းသည့် အမျိုးသမီးနှင့် ကလေးငယ်များသာ ရှိသည့်အတွက် အထွက်နှုန်းများသည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းကသာ သင့်တော်ပေသည်။ ယိုကျင့်သည် ညအချိန်၌ အမျိုးသမီးစုနှင့် ဆွေးနွေးသည့်အခါ သူမသည်လည်း ထိုအကြံကို မငြင်းပယ်ခဲ့ပေ။

မနက်ခင်းအစော၌ ယိုကျင့်သည် ငွေစများကို ကိုင်ကာ ဟဲဟောက်၏အိမ်သို့ သွားခဲ့သည်။

“ဘာ မင်းက မြစ်အနောက်ပိုင်းက မြေနိမ့်ပိုင်းလယ်ကို ၀ယ်မလို့လား” ဟဲဟောက်သည် ယိုကျင့်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ချေ။ “ယိုကျင့် အဲ့မြေတွေက ရေမြှုပ်သွားရင် ဘယ်အပင်မှ မဖြစ်ထွန်းတော့ဘူး။ ဘာလို့ အဲ့လယ်တွေကို ၀ယ်နေမှာလဲ”

ယိုကျင့်သည် အားငယ်သည့် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ “အိမ်မှာက ငွေမလောက်တော့ မြေကောင်းတွေ မ၀ယ်နိုင်ဘူး။ အဲ့လို စွန့်ပစ်မြေတွေပဲ ၀ယ်ဖို့ တတ်နိုင်တယ်”

“မင်းစွန့်ပစ်မြေ ၀ယ်မယ်ဆိုလည်း ဒီထက်ကောင်းတဲ့ မြေမြင့်ပိုင်းက လယ်တွေ ရှိတယ်လေ။ ဘာလို့ ဒါကိုပဲ သေချာပေါက်၀ယ်ချင်နေရတာလဲ” ဟဲဟောက်သည် လယ်ယာလုပ်ငန်း လုပ်ကိုင်လာသည်မှာ သက်တမ်းကြာပြီဖြစ်၍ စိမ့်တောလယ်များ၌ ရေမြှုပ်တတ်ကာ သီးနှံဖြစ်ထွန်းရန် အခက်တွေ့တတ်ကြောင်း သိပေသည်။ သို့သော် ယိုကျင့်၏ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် မတတ်သာဘဲ အကြံဉာဏ်ပေးလိုက်သည်။

“ဒီလိုဆိုရင်ရော မင်းသာ စွန့်ပစ်မြေကောင်းကို ၀ယ်မယ်ဆို မင်းလိုချင်တဲ့ လယ်ဧကကလည်း မင်းအပိုင်ပဲ အဆင်ပြေလား”

ဆိုလိုသည်က ထိုရေ၀ပ်နေသည့်လယ်ဧကများအား အပိုအဖြစ်ရနိုင်သည်ပင်။ ထိုအရာသည် ကောင်းကင်ပေါ်မှ ရွှေထုပ်ကြီး ပြုတ်ကျလာသည်ဟု သတ်မှတ်နိုင်သည့်အတွက် ယိုကျင့်၌ သဘောမတူဖွယ်ရာ အကြောင်းအရင်းမရှိပေ။ သို့သော်လည်း သူမသည် အလကား မယူချင်ခဲ့ပေ။ ထို့ကြောင့် စွန့်ပစ်မြေကောင်း သုံးဧကအတွက် တစ်ဧကကို ငွေနှစ်လျန်ပေးချေကာ ရေ၀ပ်နေသည့် လယ်လေးဧကအတွက် တစ်ဧကကို ယွမ်နှစ်ရာစီကျ တစ်၀က်ပေးချေကာ တစ်၀က်ကို အပိုအဖြစ်ယူလိုက်သည်။ အခွန်ခနှင့် မူပိုင်ခွင့် အမည်ပြောင်းလဲခပါ ပေါင်းထည့်လျှင် စုစုပေါင်း အပြီးအစီး ခုနှစ်လျန်နှင့် ငွေလေးပြား ကျသင့်ပေသည်။ယခု၌ စုယိုကျင့်ဟူသော အမည်အောက်တွင် စွန့်ပစ်မြေကောင်း သုံးဧကအပြင် ရေ၀ပ်နေသည့် လယ်လေးဧကပါ ပိုင်ဆိုင်ထားပြီဖြစ်သည်။

လယ်ဧကများ ၀ယ်ယူပြီးချိန်၌ ‌မြေယာများကို ကောင်းမွန်အောင် အဆင့်မြှင့်တင်ရန်အချိန်ဖြစ်သည်။ ပြဿနာမှာ ထိုစွန့်ပစ်မြေများ၌ ပေါင်းပင်များ ပေါများခွန်းလှသည်။ ထို့အတွက် ယိုကျင့်သည် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။ ညီမများအား ပေါင်းပင်အနည်းငယ်ကို မီးစာအဖြစ် ခုတ်ခိုင်းကာ နေသာသည့်နေ့၌ လယ်ကွင်းထဲရှိ ပေါင်းပင်များကို မီးလောင်တိုက်သွင်းတော့သည်။

ထူထဲလှသည့် မီးခိုးမှိုင်းများသည် အထက်သို့ ပျံတက်ကာ ပြာမှုန်များသည်လည်း လေထဲ၌ ဝေ့ဝဲနေသည်။ ပေါင်းပင် များလွန်းသဖြင့် နှစ်ရက်သုံးရက်ကြာ မီးလောင်တိုက်သွင်းမှသာ လယ်ကွင်းအား ရှင်းလင်းနိုင်မည်ဖြစ်သည်။ ရွာသားများသည် မီးခိုးများမြင်သည့်အခါ တောမီးလောင်သည်ဟု ထင်မှတ်ကြသည်။ လာရောက် စစ်ဆေးသည့်အခါမှသာ စုမိသားစုမှ ကလေးများ ပေါင်းပင်ရှင်းနေကြောင်း သိလိုက်ရသည်။ ရွာသားများသည် စုမိသားစုအား ရူးမိုက်လွန်းသည်ဟု သမုတ်ကြသည်။

“ဒီမြေတွေက ဘယ်နှနှစ်တောင် ပစ်ထားတဲ့မြေတွေလည်း ဘယ်သူသိမှာလဲ”

ယိုကျင့်သည် အခြားလူများ၏ စကားကို ဂရုမစိုက်တတ်ပေ။ ဝါး‌ရိပ်ရသည့် ဝါးတောဘက်မှ အိမ်သို့ပြန်လာရင်း ယိုကျင့်၌ အကြံတစ်ခုပေါ်လာလေသည်။ မိုးရွာလျှင် မြေကြီးများသည် စိုစွတ် သိပ်သည်းသွားတတ်ကြကာ မြေဆွေးမြေဩဇာဖြစ်လာသည်။

စုမိသားစု၌ မြေဆွေးများမရှိသောလည်း ရေ၀ပ်ထားသည့် လယ်ဧကများ ရှိနေသေးသည်။ အဲဒါကိုက မြေဆွေးပဲ မဟုတ်လား။ မြစ်မှ ကျန်ခဲ့သည့် နုန်းမြေများသည် ယိုကျင့်အား မြေဆွေးပြုလုပ်ရန် စောင့်ဆိုင်းနေသလိုပင် ဖြစ်နေသည်။

မြေဆွေးမြေဩဇာ ပြုလုပ်ရသည်မှာ လွယ်ကူပေသည်။ ယိုကျင့်သည် ဈေးမှ ပြန်လာသည့်နေ့တိုင်း၌ ညီမများကို ဝါးပင်ခုတ်ရန် ခေါ်သွားလေ့ရှိသည်။ ခုတ်ယူလာသည့် ဝါးများအား မြေဆွေးလုပ်မည့် လယ်ဧက၌ ဖြန့်ကျဲထားလေသည်။ ကြီးမားသည့် ဝါးများကို ထင်းမီးအဖြစ် အသုံးပြုရန် အခြောက်လှမ်းထားသည်။ ထိုသို့ဖြင့် စုအိမ်၏ အရှေ့နှင့် အနောက်၌ ဝါးခြောက်များ ပြည့်နှက်နေတော့သည်။

ကောက်ရိုးခြောက်များ ၀ယ်ယူရန် နှစ်ယွမ် ကုန်ကျခဲ့ကာ တစ်စည်းကို အနည်းငယ်ဖြတ်ယူကာ အိုးကြီးထဲ၌ မြေဩဇာလုပ်ယူရန် ပြင်ဆင်လိုက်သည်။ မြေဩဇာလုပ်ရန် မီးဖိုချောင်မှ အသုံးပြုထားသော ပြာများနှင့် ဝါးတောမှ ယိုကျူးတို့ ကောက်ယူခဲ့သော တီကောင်များကို ရောနယ်လိုက်သည်။ ထိုသို့ဖြင့် လိုအပ်သည့် ပစ္စည်းများအား ပြင်ဆင်ပြီးဖြစ်သည်။

ဝူလီချောင်မြစ်ထဲမှ တူးမြောင်းနှင့် ရေသွယ်ပြီးသောအခါ မြေဩဇာများကို ရေနှင့်ရောကာ ပျော်၀င်စေလိုက်သည်။ ရေထဲတွင် မွှေပြီးချိန်၌ ယိုကျင့်သည် လယ်ဧကများအား ထိုပုံစံအတိုင်း ထားခဲ့လေသည်။ ထို့နောက် ညီမဖြစ်သူများကို ရေမမြုပ်သည့် စွန့်ပစ်မြေသုံးဧကဆီသို့ ခေါ်ဆောင်သွားလေသည်။

ယိုရင်သည် သူမ၏လက်စကို ခေါက်တင်ကာ နဖူးမှ ချွေးများကို သုတ်နေ‌သည်။ တစ်စုံတစ်ခုပေါ်၌ အမှီပြုကာ နားနေရင်း မေးလိုက်သည်။ “မမကြီး ဒီမှာဘာစိုက်မလို့လဲ” နွေရာသီပျိုးကျဲချိန်က ပြီးသွားပြီလေ။ အခုမှ စစိုက်ရင် နောက်ကျမနေဘူးလား”

ယိုကျင့်သည် တဖြည်းဖြည်း မြင့်တက်လာသော နေလုံးကြီးကို ကြည့်ကာ ခြောက်သွေ့နေသည့် သူမ နှုတ်ခမ်းကို သပ်ရင်း ခေါင်းခါလိုက်သည်။

“ဒီနွေမှာ စိုက်ဖို့ နောက်ကျသွားပြီ။ အဲ့တော့ မြေတွေကိုပဲ အာဟာရဖြည့်ရမယ်။ နောက်နွေကျမှ မျို့စေ့ကျဲပြီး စိုက်ရင် ‌အထွက်နှုန်း ကောင်းလောက်တယ်”

လယ်ဧကများ မြေဆီဩဇာပြည့်၀သည်နှင့် အထွက်နှုန်းကောင်းမွန်မည်မှာ သေချာပေသည်။ ထို့အပြင် စုမိသားစု၌ လုပ်သားအားမှာ အခြားသူများ၏ တစ်၀က်သာရှိပေသည်။ ယခုနွေ၌ စိုက်ပျိုးရန် တွန်းအားပေးလိုက်ပါက သူမတို့၌ ဆိုးကျိုးများပေလိမ့်မည်။

ယိုရင်ဘေးရှိ မြက်ပင်များ ဆွဲနှူတ်နေသော ယိုကျူးသည် မြေကြီး၌ လက်မှိုင်ချကာ သက်ပြင်းချလေသည်။

“မမကြီး အခြားအလုပ်တွေပဲ လုပ်လို့မရဘူးလား။ တကယ်လို့ အလုပ်မဖြစ်ရင်တောင် ကောက်ညှင်းထုပ်လေးတွေ ပေါင်းရောင်းတာမှ လယ်စိုက်တာထက် မသာဘူးလား”

“စန်းကျဲက ကောက်ညှင်းပေါင်းတတ်လို့လား။ စန်းကျဲက ထမင်းတောင် ကောင်းကောင်း မချက်တတ်ဘဲနဲ့” ယိုပေါင်သည် ယိုကျူးအား မသိမသာ ခနဲ့လိုက်သည်။

ထိုစကားကိုကြားသည့်အခါ ယိုကျူးသည် ယိုပေါင်အား မျက်စောင်းထိုးကာ စိုက်ကြည့်လိုက်သည်။

“စကားများလွန်းတယ်”

ယိုကျင့်သည် ညီအစ်မနှစ်ယောက်ကြားရှိ ရန်ပွဲအသေးစားလေး၌ ၀င်မပါတော့ချေ။ သူမသည် ညီမဖြစ်သူများအား စိတ်အေးလက်အေး ရှင်းပြလေသည်။

“ဒီလောကမှာ မင်းတို့ ဘာပဲလုပ်ကိုင်ပြီး နေထိုင်ပါစေ လိုအပ်တာ နှစ်ခုရှိတယ်။ တစ်ခုက အရင်းအနှီးပဲ။ အရင်းအနှီးမရှိဘဲ မင်းတို့ ဘယ်လို ဆိုင်တွေဖွင့်ကြမလဲ။ ဒုတိယတစ်ခုက အရည်အချင်းပဲ။ အရည်အချင်း မရှိဘဲ လုပ်နေလဲ ပိုက်ဆံကုန်တာပဲ အဖက်တင်မှာ” ယိုကျင့်သည် လယ်ကွင်းအဆုံးသို့ လျှောက်သွားလိုက်ကာ အုန်းမုတ်ခွက်ဖြင့် ရေတစ်ခွက်ခပ်ကာ သောက်လိုက်ပြီး ဆက်ပြောလေသည်။

“အိမ်မှာဘာရှိလဲ။ ဘာမှမရှိဘူးမလား။ အစ်မတို့က လယ်သမားမျိုးရိုးလေ။ လယ်စိုက်တာကလွဲပြီး ဘာမှမလုပ်တတ်ဘူး။ အဲတော့ စိုက်ပျိုးရေးလုပ်တာက အကောင်းဆုံးပဲ”

ယိုကျင့်သည် စကားဝိုင်းကို အဆုံးသတ်လိုက်သည့်အခါ ယိုကျူးသည် တောက်ပသည့် မျက်၀န်းများဖြင့် ခေါင်းညိတ်လေသည်။ “မမကြီး သမီးသိပါပြီ”

ညီအစ်မများသည် အချိန်အတော်ကြာ စကားပြောနေခဲ့ကြပြီး အလုပ်ဆက်လုပ်ကြသည်။ အမျိုးသမီးစုမှ ယိုလော့ကို လွှတ်ကာ မခေါ်ခိုင်းခင်အထိ လုပ်ကိုင်နေကြသည်။ ထို့နောက် ပစ္စည်းများ သိမ်းကာ အိမ်သို့ပြန်ကြသည်။

စုမိသားစုတွင် လတ်တလော၌ မျှစ်ကိုသာ အများဆုံး စားဖြစ်ကြသည်။ ယနေ့၌ အမျိုးသမီးစုသည် ဝါးပိုးကြွက်နှင့်မျှစ်ကို ရောချက်ပေးပြီး ပန်ကိတ်ကြီးသုံးချပ် ဖုတ်ပေးလေသည်။ အမျိုးသမီးစု၏ ဟင်းချက်လက်ရာမှာ အကောင်းဆုံးဖြစ်သည်။ ပန်ကိတ်များသည်လည်း အရသာရှိလှသည်။ မျှစ်တစ်ကိုက် ပန်ကိတ်တစ်ကိုက်စာဖြင့် စားရသည်မှာ နိဗ္ဗာန်သဖွယ်ပင်ဖြစ်သည်။ ညီအစ်မများသည် အမျိုးသမီးစုအား ချီးကျူးဖို့ ‌မမေ့ခဲ့ပေ။

“အမေ့လက်ရာက တဖြည်းဖြည်း ပိုပိုကောင်းလာတာပဲ”

အမျိုးသမီးစုသည် ပျော်ရွှင်စွာဖြင့် အငယ်ဆုံးလေးအတွက် အသားတစ်ဖက်ထည့်ပေးလိုက်သည်။

“အမေက ဟင်းချက်စွမ်းရည် အကောင်းဆုံးဆိုတာ ဘယ်ဟုတ်မလဲ။ ကောင်းမဲ့ကောင်း အမေ့ရဲ့ဘိုးဘေးကြီးက ဟင်းချက်စွမ်းရည် အကောင်းဆုံးပဲ” အမျိုးသမီးစုတို့ မွေးရပ်မြေ၌ အဘိုးဖြစ်သူ၏အဖေကို ဘိုးဘေးကြီးဟု ခေါ်လေ့ရှိသည်။

အမျိုးသမီးစုသည် သူမ၏မိခင်ဖြစ်သူ မိသားစုအကြောင်းကို ထုတ်ပြောသည်မှာ ပထမဆုံး ဖြစ်သည့်အတွက် ယိုကျင့်လည်း သိချင်စိတ် ဖြစ်မိသည်။ “ဘိုးဘေးက စားတော်ကဲလား”

“အမေငယ်ငယ်တုန်းက ဘိုးဘေးတွေပြောဖူးတာက ဘိုးဘေးကြီးက နန်းတော်က စားတော်ကဲတဲ့။ အရင်မင်းဆက် ပျက်သုဉ်းတော့ တောင်ပိုင်းကနေ မြောက်ပိုင်းကို ပြောင်းလာပြီး ရှောင်ဟွေ့တောင်ပေါ်မှာပဲ အခြေချခဲ့တာ” အမျိုးသမီးစုပြောသည့်နေရာမှာ သူမ၏မိသားစုနေထိုင်ရာ ရွာငယ်လေး ရှိသည့် တောင်ကုန်းငယ်အား ရှောင်ဟွေ့တောင်ကုန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

“မင်းတို့အဘိုးက တစ်ဦးတည်းသောသားလေ။ မင်းတို့အဘိုးနဲ့ ၀မ်းကွဲတွေက ဟင်းချက်စွမ်းရည်ပါရမီ မပါတော့ အဘိုးစွမ်းရည်ရဲ့ တစ်၀က်တောင် မမှီဘူး”

“အမေ့ ဟင်းချက်နည်းတွေက ဘိုးဘေးကြီးဆီက သင်ခဲ့တာလား” ကလေးများသည် လူကြီးများထံမှ ရှေးဟောင်းပုံပြင်များ နားထောင်ရခြင်းကို ကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် အမျိုးသမီးစု ရပ်တန့်သွားသည့်အခါ မေးခွန်းများ ဆက်တိုက် မေးကြခြင်းဖြစ်သည်။

အမျိုးသမီးစုက အပြုံးလေးဖြင့် ပြောလေသည်။ “ဟုတ်တယ်။ မင်းတို့ဘိုးဘေးကြီးက အမေတို့ ညီမသုံးယောက်ကို နည်းလမ်းတွေ ပြောပြခဲ့တာ။ အမေက ဘိုးဘေးကြီးကို ဟင်း‌ချက်ကောင်းလို့ သဘောကျဆုံးဖြစ်ခဲ့တာ။ အဲဒါကြောင့် အဘိုးကလည်း အမေ့ကို မီးဖိုချောင်ထဲခေါ်ပြီး ခဏခဏ လိုက်ပြပေးတာပေါ့” သူမ၏ငယ်ဘ၀ကို ပြောပြနေစဉ်အတွင်း အမျိုးသမီးစု၏ မျက်၀န်းများသည် လင်းလက်နေ‌ကာ ပျော်ရွှင်မှုများပြည့်နှက်နေခဲ့သည်။

…

အပိုင်း (၅၄) အချက်အပြုတ်သင်ယူခြင်းနှင့် ငါးများအတွက်ဆေး

“အမေက ယွဲ့ချန်လုလိုလူကိုမှ ဘာလို့ လက်ထပ်ခဲ့တာလဲ၊ အမေ့ရဲ့ ထူးချွန်တဲ့ ဟင်းချက်အရည်အချင်းနဲ့ဆိုရင် အစားအသောက် လုပ်ရောင်းပြီး နေသွားလို့တောင် ရတယ်လေ ဟုတ်တယ်မလား”

ယိုကျင့်သည် အမျိုးသမီးစုတွင် ဤသို့သော နောက်ခံရှိသည်ကို မသိခဲ့ချေ။ သူမက တော်ဝင်စားတော်ကဲဟောင်းတစ်ယောက်ရဲ့ မြစ်မလေးတဲ့လေ။ ဘယ်သူက ယုံနိုင်မှာလဲ။ တော်ဝင်စားတော်ကဲဟောင်းတစ်ယောက်ရဲ့ မြစ်မလေးက ဝေးလံတဲ့ကျေးရွာလေးကို ရောက်လာပြီး အိမ်တွင်းအကြမ်းဖက်တတ်တဲ့လူနဲ့ လက်ထပ်ပြီး ၁၅နှစ်လောက်ကြာမှ လွတ်မြောက်ခဲ့ရတာပဲ။

အမျိုးသမီးစုသည် ဆုံးပါးသွားပြီဖြစ်သည့် သူမ၏မိဘများအကြောင်း စဥ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။ သူမမိသားစုနှင့် အမြဲလိုလို သဟဇာတဖြစ်သည့် အကြီးဆုံးဦးလေးက အမှန်တွင်တော့ လမ်းဆုံးနေသည့်အိမ်ထောင်တစ်ခုကို အမြတ်ထုတ်ချင်ကာ မိသားစုသံယောဇဥ်ကို မျက်ကွယ်ပြုခဲ့လေသည်။ သူသည် သူတို့ ညီအစ်မသုံးယောက်ကို တစ်ဝက်အခပေး တစ်ဝက်လက်ဆောင်နှုန်းဖြင့် လက်ထပ်ပေးခဲ့သည်။ အမျိုးသမီးစု၏ ချောမောသည့်ရုပ်ရည်ကြောင့် သူမကို ယွဲ့မိသားစုထံ စျေးကောင်းတစ်ခုဖြင့် ရောင်းခဲ့သည်။ သူမ၏အစ်မနှစ်ယောက်ကိုတော့ ဘယ်ကို ရောင်းလိုက်မှန်းပင် မသိရချေ။ သည်လောကတွင် သူတို့သည် ဆယ်နှစ်ကျော်ထက်မနည်း ကွဲကွာခဲ့ရလေသည်။

အမျိုးသမီး၏ ဝမ်းနည်းအမူအရာနှင့် နှုတ်ဆိတ်နေပုံကို ကြည့်လိုက်ပြီး သူမ၏ ဝမ်းနည်းစရာ အတိတ်ဟောင်းကို ပြန်သတိရသွားမှန်း ယိုကျင့်က သိလိုက်၏။ ယိုကျင့်သည် မြန်မြန်ဆန်ဆန်ပင် စကားလမ်းကြောင်းလွဲလိုက်တော့သည်။

“အမေက အချက်အပြုတ်အရမ်းတော်တယ်ဆိုတော့ သမီးတို့တွေ ငွေရှိလာရင် စားသောက်ဆိုင်လေးတစ်ခု ဖွင့်ကြမလား”

အမျိုးသမီးစုသည် ပြုံးကာ ဝေဖန်လိုက်လေသည်။

“ အမေ့ရဲ့ခန္ဓာကိုယ်နဲ့ သမီးတို့ညီအစ်မတွေအတွက် ချက်ပြုတ်ပေးနိုင်ရုံလောက်ပဲ ရှိတာလေ၊ စားသောက်ဆိုင်တစ်ခုကို ဘယ်လိုကိုင်တွယ်နိုင်ပါ့မလဲ”

“အမေ သမီးကို သင်ပေး”

ယိုကျူးက တောက်ပသည့် မျက်လုံးများဖြင့် အမျိုးသမီးစုကို ကြည့်လိုက်ပြီး

“ သမီး တတ်သွားရင် မြို့ထဲမှာ စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်တယ်”

ဒါသည် စိတ်ကူးကောင်းတစ်ခုပင်။

“ ဒါပေမဲ့ စန်းကျဲ နင်က ထမင်းတောင် မချက်တတ်ဘူးလေ....”

အခုတော့ ယိုပေါင်တစ်ယောက်ထဲ မဟုတ်တော့ချေ။ ယိုလင်နှင့် ယိုလော့တို့ကပင် သူမ၏ အားနည်းချက်ကို ထုတ်ပြောလာကြတော့သည်။

“ မသိရင် သင်မှာပေါ့”

ယိုကျူးသည် လက်ဖြင့် စားပွဲကို ဝုန်းခနဲရိုက်လိုက်၏။ သူမ၏အကြည့်က အမျိုးသမီးစုကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလေသည်။

“ အမေ သမီးကိုသင်ပေးပါ၊ သမီး သေချာပေါ့ သင်နိုင်ပါတယ်”

သူမက အလွန်ပြတ်သားနေသည်ကို မြင်လိုက်ပြီးနောက် တတိယသမီးဖြစ်သူ၏ အချက်အပြုတ် စွမ်းရည်မှာ အလွန်ဆိုးရွားသည်ကို သိထားသဖြင့် အမျိုးသမီးစုသည် ယိုကျင့်ကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ယိုကျင့်က တူကို ဖြည်းဖြည်းချင်း ချထားလိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

“ ယိုကျူးမှာ ဒီလိုစိတ်ရှိတာ ဝမ်းသာစရာပဲပေ့ါ၊ ဇွဲရှိရင် နမော်နမဲ့နိုင်တာတွေကို ဖာထေးနိုင်ပါတယ်၊ နေ့တိုင်း အမေ့နောက်ကို ပေးလိုက်ထားပြီး အစပိုင်းတော့ ကူညီခိုင်းလိုက်ပေါ့၊ သူ မတတ်ဘူးဆိုရင်တောင် ဝန်ထုပ်ကိုတော့ ပေါ့သွားအောင် ကူညီနိုင်မှာပါ မဟုတ်ဘူးလား”

မကြီး၏ ထောက်ခံချက်ကြောင့် ယိုကျူးသည် သူမကို ဝေဖန်ခဲ့သည့် ညီမလေးများကို ဝင့်ကြွားစွာ လှမ်းကြည့်လိုက်လေသည်။

“ နင်တို့တွေ စောင့်ကြည့်နေပါ၊ ငါက နင်တို့စားဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာကို သေချာပေါက် လုပ်ပေးအုံးမှာ”

အားလုံးသည့် ယိုကျူး၏ ကြေညာချက်ကြောင့် ရယ်မောလိုက်ကြလေသည်။ ညီအစ်မများသည် ပျော်ပျော်ရွှင်ရွှင် ပတ်ကစားနေကြ၏။ ထိုအချိန်တွင် မီးဖိုထဲတွင် မီးသာမွှေးတတ်သည့် ‘အဖျက်သမား’လေးတစ်ယောက်က အချက်အပြုတ် လာသင်လိမ့်မည်ကိုတော့ မည်သူမှ မတွေးထားခဲ့ကြပေ။

ယိုကျင့်သည် သည်ကိစ္စနှင့် ပတ်သက်ပြီး အလွန်အကောင်းမြင်ခဲ့လေသည်။ ယိုကျူးက အရည်အချင်း မမီလျှင်တောင် တော်ဝင်စားတော်ကဲ၏ ဟင်းအမယ်များကို မှတ်မိသည်ကလည်း ကောင်းသည့်ကိစ္စပင်။ ယခုတော့ ဤသို့သာ မှတ်ယူထားလေသည်။ အနာဂတ်တွင် အမျိုးသမီးစု မှတ်မိသမျှ ဟင်းအမယ်များအားလုံးကို ချရေးထားဖို့လိမ့်မည်။ ဒါကို မိသားစုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

***

ယိုကျူးသည် လေးနက်သော်ငြား စိတ်မရှည်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် အချက်အပြုတ် သင်လိုသည်ဟု ပြောလိုက်ပြီး အမျိုးသမီးစုထံမှ သင်ထားသမျှကို ချရေးထားလေသည်။

သို့သော် စိတ်ကူးနှင့် လက်တွေ့ အမြဲတမ်းကွာခြားလေသည်။ တတိယအကြိမ်မြောက် ကြော်သည့်အချိန်တွင် မမှတ်မိနိုင်လောက်အောင် မည်းတူးနေသည့် ငါးကို အိုးထဲမှ ခတ်ထုတ်လိုက်ချိန်တွင် မူလက အားပေးနေသည့် ယိုကျင့်မှာ ခေါင်းကိုက်သွားတော့သည်။

“ဒါက....”

ယိုကျင့်ရဲ့အချက်အပြုတ်က အမျိုးသမီးစုကို မမီပေမဲ့ စားလို့ရသေးတယ်လေ ဟုတ်တယ်မလား။ ယိုကျူးက ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ခဲ့တာတဲ့လဲ။ သူမနဲ့ အမျိုးသမီးစုတို့ရဲ့ မမှိတ်မသုန် အကြည့်အောက်မှာ သူမက ငါးတစ်ကောင်ကို မဲနက်နေတဲ့မီးသွေးခဲဖြစ်အောင် တကယ်ပဲ ပြောင်းခဲ့တာတဲ့လား။

အမျိုးသမီးမှာ ငိုချင်သွားသော်လည်း မျက်ရည်က မထွက်ချေ။ အရည်အချင်း မရှိသဖြင့် သူမအဘိုး၏အထင်သေးခံခဲ့ရသည့် သူမအဖေကပင် ယိုကျူး၏လက်ရာထက် အများကြီး သာသေးသည်။ ဒါက သုံးကောင်မြောက် အလကားဖြစ်သွားတဲ့ ငါးပဲ။

ယိုကျူးသည် ‘ငါး’ကို မီးဖိုအပြင်ဘက် ခြံထဲသို့ မျက်နှာသေဖြင့် လွှင့်ပစ်လိုက်လေသည်။ ခွေးလေးကောင်မှာ စားစရာတစ်ခုခု ရတော့မည်ဟု တွေးကာ ယိုကျူးနားသို့ ဝမ်းသာအားရ ဝိုင်းလာကြလေသည်။ သို့သော် သူတို့သည် ထိုအရာကို မြင်လိုက်ချိန်၌ နောက်ထပ်မီးသွေးခဲတစ်ခုမှန်း သိလိုက်ပြီး အားလုံးက ချက်ချင်း ပြန်လှည့်သွားကြတော့သည်။

“ အဟိ ဟား ဟား ဟား ဟား”

ယိုကျင့်သည် ထပ်ပြီး မအောင့်နိုင်တော့ချေ။ ယိုကျူးရဲ့ ဟင်းချက်အရည်အချင်းက ဘယ်လောက် ဆိုးဝါးနေလို့လဲ။ အစားလုံးဝမရွေးတဲ့ ခွေးလေးတွေကတောင် မကြိုက်ကြဘူးတဲ့လေ။

ခြံထဲမှ ကြည့်နေကြသည့် ညီမငယ်လေးများကလည်း ခေါင်းမော့ကာ အော်ရယ်ကြတော့သည်။ မျက်ရည်ထွက်သည်အထိ ရယ်မိသည့် ယိုပေါင်က မျက်လုံးထောင့်က မျက်ရည်များကို သုတ်လိုက်ပြီး နားချလိုက်လေသည်။

“စန်းကျဲရယ် ငါတို့တွေ အလုပ်ပြောင်းကြရအောင်ပါ”

ထိုသို့ဖြစ်လေလော ယိုကျူးမှာ အရှုံးကို ဝန်မခံချင်လေလေ ဖြစ်နေတော့သည်။ သူမက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး

“ ငါကောင်းကောင်း မလုပ်နိုင်တာ မယုံဘူး”

ပြင်းပြသည့်စိတ်ဖြင့် သူမသည် မီးဖိုထဲ ပြန်ဝင်သွားလိုက်ပြီး နောက်ထပ်ငါးတစ်ကောင်ကို ဖျက်ဆီးရန် ဆက်လုပ်လိုက်တော့သည်။

မောဟိုက်လွန်းသဖြင့် တံခါးဘောင်ကို မှီထားသည့် ယိုကျင့်က ရယ်ရလွန်းသဖြင့် နာနေသည့် သူမ၏ဗိုက်ကို ပွတ်သပ်လိုက်တော့သည်။ သူမ ဒီလိုလွတ်လွတ်လပ်လပ် မရယ်မောရတာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူမသည် မီးဖိုဆောင်ထဲ ပြန်ဝင်သွားကာ အံကျိတ်ရင်း ငါးများကို ခုတ်ထစ်နေသည့် ယိုကျူးဘေးတွင် ရပ်လိုက်လေသည်။ ယိုကျင့်က လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။

“ ယိုကျူးရယ် နင်က အခုမှ ငါးကြော်လေးသုံးကောင်ကို ဖျက်ဆီးရသေးတယ်၊ အခုကတည်းက ဒေါသထွက်နေပြီ၊ အမေ့ဆီက ဟင်းချက်သင်မယ်ဆိုရင် နောက်ပိုင်း ဒီထက် ခက်ခဲတာတွေ တွေ့ရအုံးမှာ၊ နင့်ရှေ့က ဒီအခက်အခဲသေးသေးလေးကိုတောင် သည်းမခံနိုင်ရင် အခုပဲ လက်လျှော့လိုက်သင့်တယ်”

ငါးကြေးခွံခွာနေသည့် ယိုကျူ၏လက်ထဲကဓားသည် အခိုက်တန့် တုံ့ဆိုင်းသွားတော့သည်။ ထို့နောက် အံကြတ်လိုက်၏။ သူမသည် ငါးမြီးကို ခုတ်လိုက်ပြီး

“ မလုပ်ဘူး၊ မကြီး ၊ ညီမလေး လုပ်နိုင်တယ်”

ညီမငယ်အားလုံးက တစ်ခုခုကို သင်ယူနိုင်ဖို့ ယိုကျင့် မျှော်လင့်မိလေသည်။ ယိုကျူးသည် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် သူမကို မတားတော့ချေ။ သူမက ဝမ်းသာစွာ ချီးကျူးပေးလိုက်၏။

“ အနည်းဆုံးတော့ အရင်ကထက်စာရင် အခု ငါးကောင်းကောင်း ကိုင်တတ်သွားပြီလေ၊ ဒါက တိုးတက်မှုကြီးတစ်ခုပဲပေါ့”

အမျိုးသမီးစုက သက်ပြင်းချရင်း မီးဖိုဆောင်ထဲကထွက်လာသည့် ယိုကျင့်ကို လေသံဖြင့် ပြောလိုက်တော့သည်။

“ တော်သေးတာပေါ့ အိမ်က ငါးနဲ့အသီးအရွက်တွေက ငွေနဲ့ဝယ်စရာမလိုလို့ပဲ၊ မဟုတ်ရင် နေတိုင်း ငွေတွေ ဘယ်လောက်တောင် အလဟဿဖြစ်သွားမယ်မလဲတောင် မသိဘူး”

“ရပါတယ် ယိုကျူးမှာ လုပ်ချင်စိတ်ရှိတယ်ဆိုတော့ သမီးတို့က အားပေးရမှာပေါ့၊ ဒါတွေက ပင်လယ်ကိုကျော် တောင်တွေကိုဖြတ်ပြီး ရလာတဲ့ပစ္စည်းတွေမှမဟုတ်တာ၊ တောင်တွေနဲ့ ရေထဲမှာ နေရာတိုင်းမှာ ရနိုင်တဲ့ ငါးနဲ့ မျှစ်တွေပဲလေ”

ယိုကျင့်က ယိုကျူးအတွက် ဝမ်းသာအားရ ပြောပေးလိုက်လသေည်။

ဝါးတောထဲက ယိုကျူးတူးလာခဲ့သည့် ယွမ့်ဟွားပင်များကို အခြောက်လှမ်းပြီး အမှုန့်ကြိတ်ထားလိုက်၏။ သူမလည်း နေရာသေးသေးလေးတစ်ခုတွင် ငါးများကို မေ့မျောသွားအောင် လုပ်နိုင်သည့် ဆေးကို စမ်းသပ်ခဲ့သည်။ အကျိုးသက်ရောက်မှုက မဆိုးပေ။ ထို့ကြောင့် သူက တောင်ပေါ်တက်သည့်အချိန်တိုင်း ယွမ့်ဟွားပင်များကို တူးပြန်လာခဲ့လေသည်။ အမျိုးသမီးစုက သည်တောင်ပေါ်က ယွမ့်ဟွားပင်များကတော့ သူမကြောင့် မျိုးသုဥ်းတော့မည်ဟုပင် ရယ်စရာအဖြစ် ပြောနေတော့သည်။

***

သူမ၏ကျောပေါ်တွင် ဝါးခြင်းတောင်းကြီးတစ်ခုကို လွယ်လိုက်ပြီး လက်ထဲတွင် တောင်ပိုင်က ကုန်သည်တစ်ဦး ရောင်းပေးခဲ့သည့် ပိုက်ကွန်တစ်ခုနှင့် ငါးထည့်သည့် ပိုက်ကွန်အိတ်တို့ကို ကိုင်ထားလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်သည့်ညကို အသုံးချကာ ယိုကျင့်၊ ယိုရင် ၊ ယိုကျူးတို့ ညီအစ်မသုံးယောက်သည် ထွားလာသည့်ခွေးကလေးများကို ခေါ်ကာ မီးအိမ်တစ်လုံးဖြင့် ဝူလီချောင်ရွာ၏အပေါ်ဘက်ရှိ ရေကန်လေးတစ်ခုသို့ တိတ်တိတ်လေး သွားလိုက်ကြလေသည်။

ရေကန်ငယ်လေးသည် ဝါးတောနှစ်ခု၏အလယ်တွင် ရှိ၏။ ဝူလီချောင်မြစ်ရေများသည် တခြားနေရာမှ သည်နေရာသို့ စီးလာပြီး ကွေ့ပတ်သွားကာ ဝူလီချောင်ရွာဘက်သို့ စီးဆင်းသွားလေသည်။ အိုင်းလေးတစ်ခုဟု ဆိုရအောင်လည်း ထိုမျှလောက်မကြီးချေ။ ဧကဝက်အရွယ်အစားထက်ပင် ငယ်သေးသည်။ အနီးနားကရွာသားများက ဒီရေကန်ငယ်လေးကို ရေအိုင်လေးတစ်ခုဟု ခေါ်ကြလေသည်။

မှောင်မိုက်သည့်ညက ကမ္ဘာမြေကို လွှမ်းခြုံထား၏။ ယိုရင်နှင့် ယိုကျူးတို့နောက်တွင် ခွေးတစ်ကောင်စီ ပါလာလေသည်။ မီးအိမ်လေးကို ကိုင်ရင်း သူတို့၏သေးငယ်လှသည့်နှလုံးတို့က သတိဖြင့် ခုန်နေတော့သည်။ သူတို့သည် အနည်းငယ်ကြောက်ရွံ့နေကြ၏။

“ မကြီး ညီမလေးတို့တွေ ငါးကို ညပိုင်းမှပဲ ဖမ်းမှဖြစ်မှာလား”

ရှေ့ကသွားနေသည့် ယိုကျင့်က ‘အွန်း’ဟုသာ သာမန်ကာလျှံကာ ပြောလိုက်၏။

“ နေ့လယ်ဆိုရင် ငါးတွေအများကြီး သယ်ပြန်လာတာက ငါတို့ကို အရမ်းအာရုံစိုက်လာစေနိုင်တယ်လေ”

ညပိုင်းတွင် ကွက်တိပင်။ အရေးပေါ်အခြေအနေအတွက် ယိုကျင့်က သူမ၏ခါးတွင် ရဲတင်းတစ်ခုကို ချိတ်ထားလိုက်သည်။ တစ်စုံတစ်ခုသာ အမှန်တကယ်ဖြစ်ပွားခဲ့လျှင် အသုံးဝင်လာလိမ့်မည်။

၄လပိုင်း၏ စီးနေသည့်ရေက ညပိုင်းတွင် အနည်းငယ်အေးမြနေဆဲ။ ယိုကျင့်က ပိုက်ကွန်အစွန်းတစ်ဖက်ကို ယိုရင်နှင့် ယိုကျူးတို့ဆီ လှမ်းပေးလိုက်လေသည်။ ထို့နောက် သူမက အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး ကျန်သည့်ပိုက်ကွန်အစွန်းတစ်ဖက်ကို ယူကာ သူမတကိုယ်စာ နစ်နိုင်သည့် မြစ်တစ်ဖက်ကို ကူးသွားလိုက်လေသည်။ တဖက်ကမ်းကိုရောက်သည်နှင့် ကြိုးအနားကို မြစ်ဘေးက ကျောက်တုံးကြီးတွင် တင်းနေအောင်ချည်ထားလိုက်လေသည်။

ညသည် အလွန်မဲမှောင်လေရာ မီးအိမ်လေး၏အလင်းရောင်က ပတ်ဝန်းကျင်ကို မထိုးဖောက်နိုင်ချေ။ ယိုကျင့်သည် သစ်ကိုင်းခြောက်များကို ရှာလိုက်ပြီး မီးပုံတစ်ခု လုပ်လိုက်၏။ ခြောက်သွေ့နေသည့်ဝါးများက မီးလောင်လွယ်လေသည်။ မီးတောက်ကြောင့် ညီအစ်မသုံးယောက်၏ မျက်နှာများအားလုံး နီရဲသွားတော့သည်။ ရေအိုင်လေးပတ်ဝန်းကျင်သည် မြင်ကွင်းထဲတွင် ရှင်းလင်းလာတော့သည်။

ရေအိုင်လေး၏ စီးထွက်သွားသည့်ရေနေရာကို ငါးဖမ်းပိုက်ဖြင့် ပိတ်ထားလိုက်ပြီး ယိုကျင့်က မီးအိမ်တစ်ခုကို ကိုင်ကာ ရေအိုင်ထဲ စီးဝင်လာသည့်လမ်းကြောင်းကို ပတ်ကြည့်လိုက်တော့သည်။ သူမသည် သည်ကာလအတွင်း စုဆောင်းထားသည့် ယွမ့်ဟွားအမှုန့်များအားလုံးကို လောင်းချလိုက်၏။ ညီအစ်မသုံးယောက်သည် ဆေးအာနိသင်ပြလာမည့်အချိန်ကို ငြိမ်ငြိမ်လေး စောင့်နေလိုက်ကြတော့သည်။

“ မကြီး ရေအိုင်ကြီးက အဲလောက်ကြီးတာ ဒီမေ့မျောနိုင်တဲ့ဆေးက တကယ်ပဲ အလုပ်လုပ်ပါ့မလားဟင်”

ယိုကျူးသည် အသက်မဲ့နေသည့် ရေမျက်နှာပြင်ကို ကြည့်နေလိုက်၏။ ဆေးပင်က အလုပ်မဖြစ်မှာကို အနည်းငယ်စိုးရိမ်နေလေသည်။

သည်လိုနေရာကြီးတစ်ခုတွင် ငါးများအပေါ် ဆေးသုံးခြင်းမှာ ယိုကျင့်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက ဆေးအာနိသင်မလုံလောက်မှာစိုးသဖြင့် ယွမ့်ဟွားအမှုန့်များကို နှစ်ဆ ထည့်လိုက်လေသည်။ တည်တည်ငြိမ်ငြိမ်မျက်လုံးများဖြင့် ရေကိုကြည့်ရင်း သူမက ပြောလိုက်၏။

“ ခဏပဲစောင့် ဆေးအာနိသင်က အဲလောက်မမြန်ဘူး”

ညီအစ်မသုံးယောက်သည် ၁၅မိနစ်ခန့် စောင့်လိုက်ကြပြီးနောက် မျက်လုံးကြီး မျက်လုံးသေးများ ပေါ်လာတော့သည်။ မူလက တည်ငြိမ်နေသည့်ရေမျက်နှာပြင်ပေါ်တွင် ငါးများ၏ဝမ်းဗိုက်များ ပေါ်လာတော့သည်။ ညီအစ်မသုံးယောက်၏မျက်လုံးများသည် တစ်ပြိုင်ထဲ လင်းလက်သွားတော့သည်။ ယိုရင်နှင့် ယိုကျူးတို့သည် ငါးများကို သစ်သားတုတ်ဖြင့် ချည်ထားသည့် ငါးဖမ်းပိုက်လေးနှင့် တစ်ကြိမ်ပြီးတစ်ကြိမ်ဆယ်ယူကာ ကျောပေါ်က ခြင်းတောင်းထဲ ထည့်လိုက်လေသည်။ ယိုကျင့်က ရေထဲဆင်းသွားပြီး ရေအိုင်လေးစီးထွက်နေသည့်ရေစီးကြောင့်ဖက်တွင် ချည်ထားသည့် ပိုက်ကွန်ဆီသို့ တန်းသွားလိုက်ပြီး တစ်ပိဿအထက်လေးသည့် ငါးများကို ရွေးထုတ်လိုက်လေသည်။

ရေအိုင်လေးသည့် တစ်နှစ်ပတ်လုံး ရေမခမ်းချေ။ ပုံမှန်အားဖြင့် ရွာသားများက သည်နေရာသို့လာပြီး ငါးမဖမ်းကြပေ။ ထို့ကြောင့် ရေကန်၏အောက်ခြေတွင် ငါးကြီးများဖြင့် ပြည့်နေတော့သည်။ ၅ပိဿာ ၆ပိဿာရှိသည့် ငါးကြင်းနှင့် မြက်စားငါးကြင်းများကို နေရာတိုင်းတွင် တွေ့နိုင်လေသည်။ ယိုကျင့်သည် သည်လောက်ပေါများလှမည်ကို လုံးဝမမျှော်လင့်ထားခဲ့ချေ။ မိနစ်အနည်းအငယ်အတွင်း ညီအစ်မသုံးယောက်၏ ခြင်းများအားလုံး ပြည့်သွားတော့သည်။ သို့သော် ရေထဲတွင် ပေါလောပေါ်နေသည့် ငါးကြီးများစွာကျန်နေသေးသည်။ ထိုလောက်များသည့် ငါးများကို သည်အတိုင်းထားကာ ဘယ်သူမှ အိမ်မပြန်ချင်ကြချေ။ သူတို့သည် ကုန်းပေါ်က ကျူရိုးများကို သုံးပြီး ငါးကြီးများကို သီကာ လက်ထဲတွင် ကိုင်လာကြသေးသည်။

မတတ်သာတော့ဘဲ ယိုကျင့်က သက်ပြင်းချလိုက်ပြီး

“ အကောင်ငယ်တာတွေကို ပြန်လွှတ်ပေးလိုက်၊ ငါတို့တွေ ဒီနေ့ အကောင်ကြီးတွေကိုပဲ လိုတာ၊ နောက်တစ်ခါမှ ပြန်လာကြတာပေါ့”

နောက်ဆုံးတွင် ညီအစ်မသုံးယောက်သည် ကျောပေါ်တွင် လေးလံလှသည့်ဝန်များကို သယ်ကာ အိမ်သို့ပြန်လာကြလေသည်။ ငါးများ ရေငတ်ပြီး မသေသွားရန် သူတို့သည် ပိတ်စအစိုတစ်ထည်ကို ခြင်းပေါ်တွင် အုပ်ထားလိုက်လေသည်။

အမျိုးသမီးစုသည် ကလေးများကို ချော့သိပ်ရင်း ပြန်လာကြမည့် သမီးဖြစ်သူများကို စိုးရိမ်စွာ စောင့်စားနေလေသည်။ ယွမ့်ဟွားအမှုန့်က ငါးများကို မေ့မျောသွားစေတတ်ကြောင်း အရင်က ကြားဖူးသည်။ သမီးအကြီးဆုံးက ငါးများတွင် ဆေးသုံးမည်ဟု သူမစိတ်ထဲတွင် တစ်ခါမှာ အတွေးမပေါ်ခဲ့ဖူးချေ။ သူမသည် အလွန်အားနည်းပြီး ဘာမှလည်း မကူညီနိုင်ခဲ့ပေ။ အိမ်တွင် အလုပ်ရှုပ်ရင်းသာ လောကကို စိတ်ပျက်နေမိလေသည်။ နောက်ဆုံးတော့ အပြင်ဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရပြီး

“အမေ သမီးတို့ပြန်ရောက်ပြီ”

သမီးဖြစ်သူများ၏ တံခါးမှ ဝမ်းသာအားရခေါ်သံကို ကြားလိုက်သဖြင့် အမျိုးသမီးစုမှာ စိတ်အေးသွားတော့သည်။ သူမသည် တံခါးဖွင့်ပေးရန် မြန်မြန်လျှောက်သွားလိုက်တော့သည်။

“ ဒီကလေးတွေဟာလေ အရမ်းရဲတင်းကြတာပဲ”

ထိုသို့ပြောလိုက်သော်လည်း သူမသည် သမီးများ၏ကျောပေါ်ကခြင်းများကို ကူချပေးလိုက်ပြီး ရေနွေးဖြင့် ရေချိုးဖို့ လောဆော်လိုက်တော့သည်။

“ အားလုံးကလည်း ရေတွေရွှဲလို့၊ လူတွေကတော့ မြစ်ထဲကျခဲ့တယ်လို့ ထင်နေကြတော့မှာပဲ”

ယိုကျူးက မလုံမလဲဖြင့် လျှာလေးထုတ်ပြလိုက်လေသည်။ သူမသည် ခြင်းတောင်းကို ချလိုက်ပြီး အစ်မနှစ်ယောက်နှင့် ရေသွားချိုးလိုက်တော့သည်။ အမျိုးသမီးစု သမီးသုံးယောက်ကို လွှတ်လိုက်ပြီးမှ သူတို့ ယူပြန်လာသည့် အငယ်ဆုံးငါးများသည် ၃ပိဿာ ၄ပိဿာခန့်ရှိကြောင်း သတိထားမိသွားတော့သည်။ အကြီးဆုံးငါးများသည် အနည်းဆုံး ၇ပိဿာ ၈ပိဿာလောက်ရှိလေသည်။

ဆေးအာနိသင် ပြယ်သွားပုံရ၏။ အမျိုးသမီးစု ပြင်ဆင်ထားပေးသည့် သစ်သားဇလုံကြီးထဲတွင် ငါးကြီးများ ပြည့်နက်နေသည်ကို ကြည့်ရင်း အမျိုးသမီးစုမှာ မနေနိုင်တော့ဘဲ တစ်ယောက်ထဲ တီးတိုးရွတ်လိုက်လေသည်။

“ဒီငါးတွေက အကြီးကြီးပါလား”

ရေချိုးပြီးထွက်လာသည့် ယိုကျင့်က အမျိုးသမီးစု၏မျက်နှာပေါ်က အံ့ဩနေသည့်ပုံကို တွေ့လိုက်ရပြီး သွားဖြီးပြလိုက်လေသည်။

“အမေ ရေအိုင်ထဲမှာလေ ငါးအကြီးကြီးတွေအများကြီး ရှိသေးတယ်၊ သမီးစဥ်းစားနေတာ တစ်ရက်လောက် ရွာထဲသွားပြီး တစ်ယောက်ယောက်ဆီမှာ လှေလေး သွားရှာမယ်လို့၊ ပြီးရင် လှေငှားပြီး ရေအိုင်ထဲက ငါးတွေတစ်ပုံလုံးကို သယ်လာခဲ့မယ်”

သည်နေ့တွင် ယိုကျင့်တို့ ညီအစ်မများသည် နှစ်ဒါဇင်လောက်ရှိသည့် ငါးများကို ဖမ်းပြန်လာခဲ့လေသည်။ ဒါသည် ရေကန်ထဲက ငါးများ၏ ၅ပုံ၁ပုံစာသာရှိလေသည်။ နောက်တစ်သုတ်အတွက် လှေတစ်စင်း ငှားမည့်စိတ်ကူးမှာ အလိုလိုပေါ်လာတော့သည်။ လရောင်အောက်တွင် ပက်လက်လန်ပြီးဖြူဖွေးနေသည့် ငါးများကို စဥ်းစားမိလိုက်တော့ အားလုံးက ငွေများသာ ဖြစ်လေတော့သည်။

…

All Chapters