← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အပိုင်း (၅၅) အပူလျှော့ချခြင်း

ပတ်း၀န်းကျင်၌ သစ်ကိုင်းပေါ်ရှိ ပုရင်းရင်ကွဲသံတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ပူပြင်းလှသည့် နေမင်းကြီးသည် ကမ္ဘာမြေပေါ်သို့ အပူများ ပေးနေ‌ခဲ့ပြီး မျက်စိတမှိတ်အတွင်းမှာပင် မေလသို့ ရောက်ရှိလာခဲ့သည်။ တွမ့်ယန် ပွဲတော်ပြီးဆုံးပြီးနောက် နေ့စဉ်နဲ့အမျှ ပို၍ပူပြင်းလာခဲ့သည်။ ဝူလီချောင်သို့ စုမိသားစု ပြောင်းရွှေ့လာသည်မှာလည်း နှစ်လကြာခဲ့ပြီဖြစ်သည်။

နှစ်လအတွင်း၌ စုမိသားစုရှိ ကလေးများ၏ အရိုးပေါ်အရေတင် ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးလာခဲ့သည်။ ကလေးများ၏ အာဟာရဓာတ်များလည်း ပြည့်၀လာသည့်အပြင် ကလေးများအား လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်စေသည့် ယိုကျင့်၏ ဦးဆောင်ပေးမှုကြောင့် ကလေးများ၏ ခန္ဓာကိုယ်များလည်း ကြံ့ခိုင်လာခဲ့သည်။ ယခု ကလေးများ၏ အင်္ကျီလက်စများမှာ အလွန်ပင် တိုသွားပြီဖြစ်သည်။ သက်တူရွယ်တူများနှင့်ယှဉ်လျှင် ပိန်ပါးနေသေးသော်လည်း တိုးတက်မှုရှိပေသည်။

နှစ်လအတွင်း၌ စုမိသားစု၏ ၀င်ငွေသည် ငါးများရောင်းချခြင်းကြောင့် လျန်အနည်းငယ်စုမိခဲ့သည်။ ထို့အပြင် အမျိုးသမီးစုသည် ပို၍ကျန်းမာလာခဲ့ပြီး သူမတို့ရောင်းချရန်အတွက် ဈေးသက်သာသည့် အစားအစာများ ချက်ပြုတ်ပေးလေသည်။ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ရောင်းချကာ ငါးများကို တစ်ခါတစ်ရံမှသာ ရောင်းချဖြစ်သည်။

ဝူလီချောင်ပတ်၀န်းကျင်သည် သန့်ရှင်းလတ်ဆတ်၍လည်း ဖြစ်ပေလိမ့်မည်။ အမျိုးသမီးစုသည် တစ်လကျော်မျှသာ ဆေးသောက်သုံးရသော်လည်း ကျန်းမာဖျတ်လတ်လာခဲ့သည်။ ယခင်က ဆူညံသံ သေးသေးလေးကြောင့် မောဟိုက်တတ်သည့်သူနှင့် မတူတော့ချေ။ ချူချာတတ်သည့် ယိုပေါင်နှင့် ယိုချောင်သည်ပင် မဖျားမနာဘဲ ရှိခဲ့သည်မှာ နှစ်လကျော်ခဲ့ပြီဖြစ်သည်။ စုမိသားစု၏ဘ၀မှာ သာယာစိုပြေသည်ဟု ဆိုနိုင်ပေသည်။

ညီအစ်မအားလုံးသည် အေးမြသည့် ဆီးချိုရည်ကို တကျိုက်တည်း သောက်လိုက်ကြသည်။ အငယ်ဆုံး ယိုချောင်သည်ပင် တစ်၀က်ကုန်အောင် တစ်ခါတည်းသောက်လေသည်။ “သောက်လို့ကောင်းတယ်”

အမျိုးသမီးစု၏ ဆီးချိုရည် ဖျော်သည့်နည်းလမ်းမှာ လျှို့ဝှက်ချက်ဖြစ်သည်။ တော်၀င်စားတော်ကဲများ သုံးသကဲ့သို့ အကောင်းစား ပစ္စည်းများကို အသုံးမပြုထားသော်လည်း ဆီးသီးနှင့်နွယ်ချိုပင်များသည် ယိုကျင့်ကိုယ်တိုင် တောင်ပေါ်မှခူးကာ အခြောက်ခံ သိမ်းထားသည်များဖြစ်သည်။ သင်းပျံ့သည် ပန်းရနံ့လေးသည် စိတ်ကိုအေးချမ်းစေသည်။ ဆီးချိုရည်အတွက် သာမန်ဖြည့်စွက်ပစ္စည်းများကို သုံးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

စုမိသားစုခြံ၀န်း၌ ကလေးငယ်တစ်စုသည် ဆီးချိုရည်များကို အမောပြေသောက်သုံးနေကြပြီး လော့ဟယ်စီရင်စု၌လည်း ဆီးချိုရည်ရောင်းခြင်းသည် ကျော်ကြားလျက်ရှိသည်။

ရာသီဥတုမှာလည်း ပူပြင်းနေသည့်အတွက် ယိုကျင့်သည် ညီမများနှင့်အတူ ဆီးချိုရည် ရောင်းရန် စတင်လိုက်သည်။ သူမသည် မြို့ထဲသို့ နေ့စဉ်နှင့်အမျှ ပစ္စည်းများ သယ်ရမည်ဖြစ်သောကြောင့် လှည်းသမားအား စုအိမ်သို့ သတ်မှတ်သည့်အချိန်၌ လာရောက်ခေါ်ဆောင်စေကာ ပစ္စည်းများကို သယ်စေသည်။ ထိုသို့ပြုလုပ်ရန် ပြားခုနှစ်ဆင့်သာ ကျသင့်ပေသည်။

ယခင်လှည်းသမားဆီမှ ပေါ်တင်မေးခွန်းထုတ်ခံရခြင်းကြောင့် ယိုကျင့်သည် အခြားလှည်းတစ်စီးသို့ ပြောင်းစီးလေသည်။ ယခုလှည်းသမားသည် အသက်ပိုကြီးကာ စကားလည်း သိပ်မပြောပေ။ သူမတို့အား နေ့စဉ် လာရောက်ကြိုပို့လေ့ရှိသည့်အတွက် ၀မ်းမြောက်ဖွယ်ရာ ပူးပေါင်းမှုပင်ဖြစ်သည်။

ညီအစ်မများသည် ဆီးချိုရည်ပြည့်နေသောာ သစ်သားခြင်းနှစ်ခြင်းကိုယူကာ လော့ဟယ်စီရင်စု၌ နေ့စဉ်ရောင်းချလေ့ရှိသည်။ သူမတို့သည် အသားငါးများ မရောင်းသည့်အတွက် အနောက်ဈေး၌ မရောင်းချဘဲ အနောက်ဈေးနှင့် အရှေ့ဈေးဆုံရာ၌ တစ်နေ့ငါးယွမ်ပေး၍ ဆိုင်ခန်းအသေးလေးငှားကာ ရောင်းချလေသည်။

အမျိုးသမီးစု၏ ဆီးချိုရည်အရသာမှာ တမူထူးခြားပေသည်။ နေ့စဉ်ညအချိန်၌ ကျိုထားပြီး ရေတွင်း၌ ချိတ်ကာ တစ်ည သိပ်ထားသောကြောင့် သဘာ၀အတိုင်း ချိုချိုချဉ်ချဉ် အရသာကို ရရှိပေသည်။ ထပ်ခါတလဲလဲ ၀ယ်ယူကြသည့် ဖောက်သည်များလည်း ရှိပေသည်။

“ယိုကျင့် ငါ့ကို အမြန် တစ်ခွက်ပေးစမ်းပါဟယ်။ ပူလို့သေတော့မယ်”

မျက်နှာဝိုင်းဝိုင်းနှင့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးသည် အသားငါးနှင့် ဟင်းသီးဟင်းရွက်များ ပြည့်နေသော ဈေးခြင်းကို သယ်ကာ အပြုံးလေးဖြင့် ‌ဆီးချိုရည် တခွက်ကို တောင်းလေသည်။ “ငါ ဆီးချိုရည် အများကြီးသောက်ဖူးပေမဲ့ မင်းတို့ဆိုင်က အကောင်းဆုံးပဲ”

ယိုကျင့်သည် ကျေနပ်သည့်အပြုံးလေးဖြင့် ခွက်ထဲသို့ အချိုရည်များ ပြည့်လျှံအောင် ထည့်ပေးလိုက်သည်။။ ခွက်ထဲ၌ ဆီးချိုရည်များ အပြည့်ဖြစ်နေလေသည်။ “အစ်မလျှို ဖြည်းဖြည်းသောက်ပါ”

ထို့နောက် သူမသည် ငွေနှစ်ပြားကို လက်ခံလိုက်လေသည်။ သူမတို့ဆီးချိုရည်သည် တစ်ခွက်ကို ငွေနှစ်ယွမ် ကျသင့်ပေသည်။ ထိုပမာဏမှာ များလဲမများသလို ဈေးနည်းလှသည်လည်း မဟုတ်ပေ။ လာရောက်၀ယ်ယူကြသူ အများစုမှာ မြို့ထဲမှ လူများဖြစ်ကြပေသည်။ သာမန်လူတန်းစားများသည် ဆီးချိုရည်တစ်ခွက်အတွက် ငွေနှစ်ယွမ်ကို စိတ်လိုလက်ရ ပေးချေချင်ကြသည်။

မကြာသေးခင်ကပင် အနောက်ဈေးထဲမှ မောဟိုက်ပင်ပန်းစွာဖြင့် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမ၏တစ်ကိုယ်လုံး၌ ချွေးများစိုရွဲနေခဲ့ပေသည်။ ‌ဆီးချိုရည်သောက်ပြီးချိန်၌ သူမ၏ကိုယ်သည် ပေါ့ပါးကာ လန်းဆန်းသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ပြုံးလိုက်ကာ ပါးစပ်ထောင့်ကို သပ်ချလိုက်သည်။

“မင်းအမေက ဒီနေ့ဘာလို့ ပဲပူတင်း မလုပ်ပေးလိုက်တာလဲ။ ဟိုတခါက ၀ယ်သွားတော့ အိမ်ကလူတွေက ကြိုက်ကြတယ်လေ။ အဲဒါနဲ့ ငါ့ကို ၀ယ်ပေးဖို့ မှာလိုက်ကြတယ်”

“မနေ့က နည်းနည်းလေးပဲ လုပ်လာလို့ ရောင်းကုန်သွားပြီ။ ဒီလိုလုပ်ပါ့လား။ မနက်ဖြန် အစ်မဖို့ ချန်ထားပေးမယ်လေ” ယိုကျင့်သည် အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။ ယိုကျင့်တို့ ရောင်းချသည့် ဆီးချိုရည်သည် အရသာရှိရုံသာမက အခြားသော အချိုပွဲများသည်လည်း ချိုမြကာ နူးညံ့ပေသည်။ ထို့အပြင် ဈေးနှုန်းပမာဏမှာလည်း အခြားသော မုန့်ဆိုင်များထက် ပို၍ ဈေးချိုသည့်အတွက် အမြန်အဆန်ပင် ရောင်းထွက်လေသည်။

“ဟုတ်ပြီလေ။ မနက်ဖြန် ငါ့အတွက် နှစ်ခုချန်ပေးထား။ သွားပြီနော်” နောက်ထပ်၀ယ်သူ လာနေသည့်အတွက် ထိုအမျိုးသမီးသည် ထပ်မပြောတော့ဘဲ နှုတ်ဆက်လိုက်လေသည်။

ယိုကျင့်သည် ထို၀ယ်သူအား မျက်မှန်းတန်းမိသည့်အတွက် ယိုကျူးသည် ဆီးချိုရည်ပန်ကန်ကိုပြင်ကာ ယိုရင်သည် ငွေကိုသိမ်းလိုက်သည်။ ညီအစ်မသုံးယောက်သည် ချောမွေ့စွာ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

စုမိသားစုသည် ဆီးချိုရည်များကို နေ့တိုင်းရောင်းချ‌သည့်တိုင် နေ့စဉ်နေ့တိုင်း ရောင်းကုန်ပေသည်။ နွားလှည်းခ၊ ဆိုင်ငှားခများ ပေးချေပြီးသည့်တိုင် သူမတို့လက်ထဲ၌ နေ့စဉ် ယွမ်ခုနှစ်ဆယ် ရှစ်ဆယ်မျှ စုမိပေသည်။ သူမတို့၏နေ့စဉ်ဘ၀မှာ အမှန်ပင်စိုပြေနေပေသည်။ ထို့အတွက် အခြားသောသူများ၏ မနာလိုမှုကို ဆွဲဆောင်မိသလိုဖြစ်နေခဲ့သည်။

“သုံးခွက်အတွက် ခြောက်ယွမ်ကျသင့်ပါတယ်” အသက် တစ်ဆယ့်ခုနှစ်နှစ်အရွယ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးများသည် စတင်၀ယ်ယူကတည်းကပင် မကောင်းသည့် ခံစားချက်များရနေခဲ့သည်။ ဆီးချိုရည် သောက်ပြီးသည့်အခါ ထိုလူများသည် ငွေပေးချေရန် ငြင်းဆန်နေခဲ့သည်။ ထို့အပြင် ပန်းကန်များကို မြေကြီးပေါ်သို့ ခွဲချလိုက်သည့်အတွက် ပတ်၀န်းပျင်မှ လူများ၏အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်နေခဲ့သည်။

“ဖွီ ဘယ်လိုတောင် ဆိုးရွားလိုက်တာလဲ။ အဲဒါကို ပိုက်ဆံတောင်းရဲသေးတယ်” ထိုလူများထဲမှ မျက်နှာ၌ ကျေက်ပေါက်မာများ ရှိနေသော ခေါင်းဆောင်ဟု ထင်ရသည့် လူငယ်တစ်ဦးက အရင် ပြဿနာရှာလေသည်။ “မင်းရောင်းတဲ့ဟာက ငါ့အစာအိမ်ကို ဒုက္ခ‌ဖြစ်စေတယ်။ အဲဒါတောင် မျက်နှာပြောင်တိုက်ပြီး ပိုက်ဆံတောင်းရဲသေးတယ်လား”

“ရှင်” စိတ်လှုပ်ရှားလွယ်သည့် ယိုကျူးသည် အရှေ့သို့ ထွက်လာချင်သော်လည်း ယိုကျင့်၏ ဆန့်ထုတ်ထားသော လက်ဖြင့် တားဆီးခြင်းခံလိုက်ရသည်။ ယိုကျင့်သည် ထိုပြဿနာရှာသည်သူများကို မကြည့်ခင် ယိုကျူးအား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီကသခင်လေးတို့ အရင်အချိန်ကတည်းက ပစ္စည်းတစ်ခု၀ယ်ရင် ပိုက်ဆံဒါမှမဟုတ် ပစ္စည်းနဲ့ လဲလှယ်ရတာပဲ။ ကျွန်မတို့က ဒီက သခင်လေးတို့ကို ၀ယ်ဖို့ဖိအားမပေးခဲ့ပါဘူး။ အဲ့တော့ဒါက ဖိအားပေးခဲ့တဲ့ စီးပွားရေးလည်းမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့ လုပ်ငန်းသေးသေးလေးကို ငဲ့ပေးပါ”

“အို မင်းက ဒီသခင်လေးကို ဖိအားပေးချင်သေးတာလား။ စမ်းကြည့်လိုက်လေ”

အခြားတစ်ယောက်သည် ယိုကျင့်အား အထင်သေးသလို ကြည့်လိုက်လေ၏။ “မင်းဘက်အရင် ငါတို့ကို လိုက်လျောပေးရင် ငါတို့လည်း စဉ်းစားပေးမယ်လေ။ ဟုတ်ပြီလား”

ယိုကျင့်၏ နှုတ်ခမ်းထောင့်၌ ရှုံ့ချသည့်အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထိုလူများသည် ပြဿနာရှာရန်သာ လာခြင်းဖြစ်သည်။ ထိုလမ်းသရဲများကို ခေါ်ဆောင်လာသည့်သူမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေလေသည်။ ယိုကျင့်သည် မည်သူမျှ လာကူမည် မဟုတ်ကြောင်း သိသောကြောင့် အခွင့်ကောင်းယူနိုင်ခြင်း ရှိမရှိကို တွက်ချက်နေသည်။

ယိုကျင့်ဆီမှ မည်သည့်အသံမျှ ထွက်မလာသောကြောင့် ထိုလူသုံးယောက်သည် သူတို့အား ကြောက်ရွံ့သွားသည်ဟု ထင်သွားကြသည်။ သူတို့သည် ယိုကျင့်အား သရော်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“က‌လေးမလေး ဒီလိုလုပ်ပါ့လား။ ငါတို့ညီအစ်ကိုတွေနဲ့ ကစားပေးလေ မဟုတ်ရင် မင်းတို့ဆီးချိုရည် လုပ်နည်းကို လွှဲပေးလိုက်ပေါ့”

အဲတော့ သူတို့က ငါတို့ရဲ့ လျှို့ဝှက်နည်းတွေကို သိချင်တာပေါ့။ သူမတို့၏စီးပွားရေး ကောင်းမွန်မှုကြောင့် မကောင်းသည့်ရည်ရွယ်ချက်များရှိသည့် အခြားသူများ၏ အာရုံကို ဆွဲဆောင်မိသလို ဖြစ်နေခဲ့သည်။ ယိုကျင့်သည် ထိုလူသုံးယောက်ကို ကြည့်ကာ သက်ပြင်းရှည်ချလိုက်သည်။

“ဒီကအစ်ကိုကြီး သုံးယောက် ခဏနေ ကင်းလှည့်တွေ လာတော့မှာနော်။ ဒီလို အပြစ်ကင်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်နေတာ ခင်ဗျားတို့အတွက်လည်း မကောင်းဘူး”

“ကလေးမ ကင်းလှည့်တပ်တွေ လာမှာတော့ သိသေးတယ်ပေါ့။ အဲဒါဆို ငါတို့ဘယ်သူတွေမှန်း မင်းသိလား” ထိုလူ၏အပြုံးသည် စိတ်မချမ်းမြေ့စရာကောင်းနေခဲ့သည်။

“မင်းဒီနေ့ တစ်ခုခုမပေးရင် ဒီကိစ္စကလွယ်လွယ်နဲ့ မပြီးဘူး”

“ဘယ်က ခွေးတွေလာဟောင်နေတာလဲ” ယိုကျင့်၏မျက်၀န်း၌ သတ်ဖြတ်လိုသည့် အလင်းတန်းတစ်ခု ဖြတ်သွားချိန်၌ပင် အထက်စီးဆန်ကာ ‌မောက်မာသည့် ယောက်ျားလေးအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဒီလို ပြည်သူပိုင်နေရာမျိုးတောင်မှ ခွေးလေခွေးလွင့်တွေ ရှိသေးတာလား”

အဖြူရောင်မြင်းပေါ်ရှိ ထိုကောင်လေးသည် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ရွယ်မျှ ရှိသည့် ဖြူဖွေးသည့် အသားအရေနှင့် စကားပြောရန် စိတ်မရှည်သည့်လူမျိုးဖြစ်သည်။

“မင်းလိုကြွက်စုတ်ကများ ငါတို့ကိုခွေးလို့ ခေါ်ရဲသေးတယ်ပေါ့” ထိုလမ်းသရဲ သုံးယောက်ထဲမှ လက်ရဲဇက်ရဲရှိသူသည် ထိပ်ဆုံးမှထွက်ပြောလာခဲ့သည်။ ထိုသို့ဖြင့် ထိုသုံးဦး၏အာရုံမှာ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ဖွံ့ဖြိုးကာစ ကောင်လေးဆီသို့ ကျရောက်သွားကာ ဆူဆဲနေကြတော့သည်။ “မင်းကို ဒီနေ့ သင်ခန်းစာပေးမှဖြစ်မယ်။ မဟုတ်ရင်မင်းက ဘယ်သူက ကောင်းကင် ဘယ်သူကမြေကြီးမှန်း နားမလည်ဘူးမလား”

“အို ငါ့ရှေ့မှာ ခွေးတွေလာဟောင်ဖူးတာ ဒါပထမဆုံးပဲ” ထိုကောင်လေး၏မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေခဲ့သည်။

“မင်းတို့က ကိုယ့်နေရာကို မသိကြဘူးပဲ”

ထိုကောင်လေး၏စကား မဆုံးခင်ပင် သူသည် လမ်းသရဲသုံးဦး၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ထိုလူသုံးဦးမှာ ယုတ်ညံ့သည့် အပြုအမူများဖြင့် ပြုမူကြလေသည်။

“ဒီကအစ်ကိုကြီးတို့ရဲ့ ဘောင်းဘီအောက်ကို တွားသွားပြီးတောင်းပန်ရင်တော့ လွှတ်ပေးလိုက်မယ် မဟုတ်ရင်တော့ ဟားဟား”

ယိုကျင့်သည် အစက ဘေး၌နေကာ လွတ်မြောက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုကောင်လေးမှာ အပြောသာ ရှိသည့် လူစားမှန်း မတွေးမိခဲ့ချေ။ ဒီက အစ်ကိုကြီး ရှေ့တန်းထွက်ချင်ရင် အနည်း‌ဆုံးတော့ အခြေခံပိုင်အောင် လုပ်ခဲ့လေ။

အခြေအနေမှာ ထိုသို့ဆိုးဝါးသွားလိမ့်မည်ဟု ရှောင်လင်ဖုန်း မထင်ထားခဲ့ပေ။ ထိုလူသုံးဦးမှာ သူ့အား အမှန်ပင် ပြဿနာရှာ‌ဝံ့ပေသည်။ ရှက်ရွံ့မှုများသည် သူ၏သွယ်လျလျ မျက်နှာတစ်ခုလုံး ပျံ့နှံ့နေတော့သည်။ “မင်းတို့ကောင်တွေ ဒီသခင်လေးရဲ့ စီးတော်မြင်းကို ထိရဲတယ်ပေါ့။ ဒီသခင်လေးက ဘယ်သူလဲ သိကြလား”

လူသုံးဦး၏ စတင်တိုက်ခိုက်တော့မည့် အခြေအနေကို ကြည့်ကာ ယိုကျင့်တစ်ယောက် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ရေမကူးတတ်သည့်သူသည် လူကယ်ဆယ်ရန် ရေထဲသို့ အတင်းတိုး၀င်နေခြင်းပင် ဖြစ်သည်။ ယိုကျင့်သည် ညီအစ်မနှစ်ယောက်အား စုလိုက်ကာ တီးတိုးပြောလိုက်သည်။

“ယိုရင် ယိုကျူးကိုခေါ်ပြီး အနောက်ဘက်ကနေပတ်သွား ပြီးရင် အိမ်ပြန်တော့”

“မမကြီး” ယိုရင်နှင့် ယိုကျူးတို့မှာ ထိတ်လန့်သွားခဲ့ရသည်။ ဘာကိုဆိုလိုချင်တာလဲ။ ငါတို့နှစ်ယောက်ကို လွှတ်ပေးပြီး သူကျတော့ရော...

ယိုကျင့်သည် ခေါင်းရမ်းပြလိုက်သည်။

“အဆင်ပြေတယ် အရင်သွားနှင့်လိုက် ပြီးတော့ မင်းတို့မမကြီးဆီမှာလည်း ဓားပါပါတယ်” ထို့နောက် သူမ၏ခါးကြား၌ ထိုးထားသော သုံးလက်မကြီးမားသည့် ဓားမကို ဆွဲထုတ်လိုက်လေသည်။ “စိတ်မပူနဲ့ အစ်မမှာ လက်နက်ရှိတယ်။ သူတို့ဆီမှာ ဘာမှမရှိဘူး။ အစ်မ မရှုံးနိုင်ပါဘူး”

ညီမနှစ်ယောက်အား ဖျောင်းဖျပြီးနောက် အဝေးပို့လိုက်လေသည်။ ပုံရိပ်လေးနှစ်‌ခု ပျောက်ကွယ်သွားပြီးနောက်တွင် ယိုကျင့်သည် တွန်းကြိတ်ခံနေရသော လူငယ်လေးဆီသို့ လှည့်ကြည့်လိုက်လေသည်။ “မြင်းပေါ်မှာသာ မဟုတ်ရင် အဲ့ကောင် နဂိုကတည်းက လျှောနေလောက်ပြီမလား”

သူမသည် တည့်တည့်မတ်မတ် တန်းသွားလိုက်သည်။ အခြားသူများ၏အာရုံ မရခင်၌ ယိုကျင့်သည် နောက်ဆုံးမှ ရပ်နေသည့်လူကို ပခုံးမှဆွဲကာ မှောက်ချလိုက်သည်။ နောက်တစ်ယောက်အား ၀မ်းဗိုက်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။ သူမသည် သူမ၏ကိုယ်ပိုင်အားကို ဆယ်ရာခိုင်နှုန်းမျှသာ သုံးထားသော်လည်း ထိုလူများမှာ အသံစူးများဖြင့် အော်ဟစ်နေကြသည်။ ကျန်ရစ်နေသည့် ခေါင်းဆောင်သည် ယိုကျင့်ကို လာရောက်တိုက်ခတ်တော့သည်။ ယိုကျင့်သည် ဟန်ပြတိုက်ခိုက်ဟန်ဆောင်ကာ ရှောင်လွှဲရင်း ဓားကို လည်ပင်းသို့ ထောက်လိုက်သည်။ သူမသည် အသက်ရှူရင်း လဲပြိုနေသည့် လမ်းသရဲသုံးယောက်ကို ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ် အားနည်းနေခြင်းကို အပြစ်တင်နိုင်ခဲ့ချေ။ ထိုလူများသာ သတိမလွတ်ခဲ့ပါက သူမအလွယ်တကူ အနိုင်ယူ၍ မဖြစ်နိုင်ချေ။

အသက်ဆယ်နှစ်ကျော်အရွယ် ပိန်ပိန်ပါးပါး မိန်းကလေးသည် လူထွားကြီးသုံးယောက်အား တခဏအတွင်း မှောက်လဲပစ်နိုင်မည်ဟု မည်သူမျှ မမျှောလင့်ထားခဲ့ပေ။ ရှောင်လင်ဖုန်းသည်ပင် မြင်းပေါ်၌ထိုင်ကာ ပါးစပ်‌အဟောင်းသားဖြင့် တည်ကြည်သည့်ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ပေ။

“အဲ့ကလေးမက အဲ့လောက် သန်တာလား”

“ကလေးမ မဟုတ်ဘူး။ သူရဲကောင်းမလေး ငါတို့ကိုခွင့်လွှတ်ပေးပါ” ယိုကျင့်၏ ဓားနှင့် ထောက်ထားသော ခေါင်းဆောင်သည် လည်ပင်းပေါ်မှ ချွန်ထက်စူးရှနေသော အရာကို ခံစားမိသောကြောင့် မကြောက်ရွံ့ဘဲ မနေနိုင်ချေ။ “သူရဲကောင်းမလေး မိန်းကလေး ငါတို့ မှားသွားပါတယ်။ မျက်လုံးရှိပေမဲ့ ကိုယ့်နေရာကို မမြင်ခဲ့ဘူး။ မင်းက သဘောထားကြီးတဲ့လူပဲလေ။ ငါတို့ကို လွှတ်ပေးပါလား”

ကျန်သည့်နှစ်ယောက်တွင် မြေပြင်၌လှဲချခံရသောသူသည် ဗိုက်ကိုထိုးခံရသော လူအား ကူတွဲထားလေသည်။ ထိုကလေးမလေးမှ သူတို့အား လဲဖြိုနိုင်မည်ဟု မထင်ထားခဲ့ချေ။ ခေါင်းဆောင်ဖြစ်သူ၏ လည်ပင်းမှ ဓားကိုမြင်သောအခါ သူတို့နှစ်ဦးမှာ အကြပ်ရိုက်သွားကြတော့သည်။

အခြေအနေပြောင်းလဲသွားသည်ကို မြင်သည်နှင့် မြင်းပေါ်ရှိ ရှောင်လင်ဖုန်းသည် အောက်သို့ ဆင်းလာကာ မြေကြီးပေါ်ရှိ အသံမထွက်သည့် တစ်ယောက်ကို ပိတ်ကန်လိုက်တော့သည်။

“အော်လေ။ မင်းတို့အသံတွေက တအားကျယ်တာ မဟုတ်ဘူးလား။ အခုကျအသံမထွက်တော့ဘူးလား။ ခွေးစုတ်တွေ။ ငါ့ရှေ့မှာလာဟောင်ရဲသေးတယ်။ ခံသင့်တယ်”

ယိုကျင့်သည် ကူကယ်ရာမဲ့စွာပြုံးရင်းဖြင့် ထိုလူငယ်လေးကို ကျေးဇူးတင်လိုက်သည်။ “ကျွန်မတို့ကို ကူညီပေးလို့ သခင်လေးကို ကျေးဇူးတင်ပါတယ်”

ကြည့်ရှုသူအများစုသည် ထိုပြဿနာကို ဖြေရှင်းသူမှာ ဆီးချိုရည်ရောင်းသည့် စုမိသားစုမှ မိန်းကလေးဖြစ်မှန်း သိကြပေသည်။

ယိုကျင့်ပြောသည်ကို ကြားသည့်အခါ သူတို့၏စိတ်နှလုံး၌ အော်ဟစ်ညည်းညူကြတော့သည်။

“စုမိန်းကလေး မင်းက တအား ကြင်နာတတ်တာလား။ အဲ့ခပ်တုံးတုံး သခင်လေးကို ကယ်လိုက်တဲ့သူက မင်းပဲလေ ဟုတ်ပြီလား”

သို့သော် ရှောင်လင်ဖုန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ကာ ယိုကျင့်၏ကျေးဇူးတင်မှုကို လက်ခံလိုက်သည်။

“နည်းနည်းပါးပါးပါ ဒီသခင်လေးဖို့ ဆီးချိုရည်တစ်ခွက်သွားပြင်ပေး” ရှောင်လင်ဖုန်းသည် တစ်နေ့က သူ၏စာသင်ကူလေး ၀ယ်လာသည့် ဆီးချိုရည်ကို အရသာတွေ့ကာ ယနေ့ လာရောက်၀ယ်ယူခြင်း ဖြစ်ပုံရသည်။ သူသည်လည်း အဆောင်၌ ပျင်းနေသောကြောင့် လမ်းပေါ်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် သူသည် ထိုအဖြစ်အပျက်နှင့် တည့်တည့်တိုးရခြင်းဖြစ်သည်။

…

အပိုင်း (၅၆) လှုပ်ရှားခြင်း

ဆီးဖျော်ရည် သောက်မလို့တဲ့လား။ ယိုကျင့်သည် အခိုက်တန့် တောင့်တင်းသွားတော့သည်။ သူက ဆီးဖျော်ရည်လာဝယ်တာကိုး။ သူမသည် ရှက်သလိုလိုဖြစ်သွားပြီး ပြန်ဖြေလိုက်လေသည်။

“ ဒီနေ့အတွက် ဆီးဖျော်ရည်က ကုန်သွားပြီရှင့်၊ နောက်ဆုံးကျန်တဲ့ သုံးပန်းကန်ကို သူတို့သုံးယောက် သောက်လိုက်တာ”

အစပိုင်းတွင် သူတို့သည် ထိုဆီးဖျော်ရည်သုံးပန်းကန် ရောင်းပြီးလျှင်အိမ်ပြန်ဖို့ စီစဥ်ထားခဲ့သည်။ လူရမ်းကားများနှင့် တွေ့ရလိမ့်မည်ဟု လုံးဝင်ထင်မထားခဲ့ချေ။

ကျောက်ပေါက်မာနှင့် လူကြီးသည် သူ့လည်ပင်းတွင် ဓားတိုဖြင့် ထောက်ခံထားရသည်ဖြစ်ရာ တုန်ယင်နေလေသည်။ အစ်ကိုကြီး အစ်မကြီးတို့ရယ် အလာပသလာပ ပြောချင်တယ်ဆိုရင်လည်း ကျုပ်ကို အရင်လွှတ်ပေးပါဗျာ ဟုတ်ပြီလား။ သို့သော် သူသည် သတ္တိကြောင်သူတစ်ယောက်ဖြစ်ရာ သူ့နောက်က အဒေါ်ကြီးက သူပါးစပ်ဟလိုက်သည်နှင့် ဓားဖြင့် သူ့လည်ပင်းအား ဖြတ်လိုက်မည်ကို စိုးရွံ့နေတော့သည်။

ယိုကျင့်သည် နေ့ခင်းကြောင်တောင် လမ်းပေါ်တွင် လူသ-တ်ဖို့ စိတ်ကူးမရှိချေ။ သူမသည် ဓားတိုကို သားရေဖြင့်ပြုလုပ်ထားသည့် ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ကျောက်ပေါက်မာနှင့်လူကို ကန်ထုတ်ပစ်လိုက်တော့သည်။

“ငါ့ကို လာရန်လာမစနဲ့၊ နောက်တစ်ခါဆိုရင် နင့်လည်ပင်းက ဒီလိုလွယ်လွယ်လေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး”

နောက်ဆုံးတော့ လွတ်လပ်သွားပြီဖြစ်ရာ သူတို့သုံးယောက်သည် စိတ်အားထက်သန်စွာဖြင့် ခေါးညိတ်ပြလိုက်၏။ သေးထွက်မတတ် ကြောက်လွန်းသဖြင့် ဝရုန်းသုန်းကား ပြေးထွက်သွားကြတော့သည်။ သူတို့ကို ရေတစ်စည်အပြည့် သတ္တိများပေးလျှင်ပင် သူတို့သည် သည်ကြောက်စရာကောင်းသည့် အဒေါ်ကြိးကို ရန်လာစရဲတော့မည်မဟုတ်ပေ။

ရှောင်လင်ဖုန်းသည် ဆီးဖျော်ရည် မသောက်ရတော့ပါဟု ကြားလိုက်ရချိန်တွင် သူ့ကျောက်စိမ်းရောင် မျက်နှာလေးသည် ချက်ချင်း ငိုက်စိုက်ကျသွားတော့သည်။ ဒီနေ့တကယ် ကံဆိုးတာပဲ။ သူ့ဘဝမှာ ပထမဆုံးအကြိမ် လူရမ်းကားတွေရဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်။ အဲဒါထက် သူအရမ်းသောက်ချင်နေတဲ့ ဆီးဖျော်ရည်လည်း မသောက်လိုက်ရဘူး။

ဝမ်းနည်းနေသည့် မျက်နှာဖြင့် မြင်းပေါ်ပြန်တက်သွားသည့်သူ့ကို ကြည့်ရင်း ယိုကျင့်က မြန်မြန်ဆက်ပြောလိုက်လေသည်။

“ သခင်ကြီး ရှင်သောက်ချင်တယ်ဆိုရင် ကျွန်မတို့ ဒီနေရာ မနက်တိုင်းဆိုင်ဖွင့်ပါတယ်၊ ဒါပေမဲ့ စောစောလာမှရမယ်၊ နောက်ကျသွားရင် ကုန်သွားမှာ”

လင်ရှောင်ဖုန်းသည် ခပ်ရေးရေး ခေါင်းညိတ်ပြလိုက်ပြီး မြင်းစီးကာထွက်သွားလိုက်တော့သည်။ ဒီသခင်လေး အရမ်းစိတ်ပျက်သွားပြီ။ အိမ်ပြန်ရောက်ရင် သူ့လူတွေနဲ့ အဲဒီလူတွေကို ပညာပေးခိုင်းရမယ်။ သူတို့တွေ သူ့ဆီးဖျော်ရည်ကို သောက်သွားကြပြီး လမ်းပေါ်မှာ သူနဲ့တောင်ပြိုင်ပြီး ရန်ဖြစ်ချင်တာလေ။

တစ်နာရီကြာပြီးနောက် ယိုကျင့်၏ အသေအလဲရိုက်ခံလိုက်ရသည့် သနားစရာလူသုံးယောက်သည် မြင်းဖြူတစ်စီးနှင့် ကောင်လေးဦးဆောင်သည့် သိုင်းသမားများလို ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံလိုက်ရတော့သည်။ သူတို့သည် ဒဏ်ရာမှ ပြန်ကောင်းလာရန် ဆယ်ရက်ကျော်လောက် အိပ်ရာထဲတွင် လဲနေရတော့သည်။ အားလုံးသည် နောက်ဆက်တွဲရလဒ်များ ဖြစ်တော့သည်။

***

ယိုကျင့်ဘက်တွင်တော့ ရှောင်လင်ဖုန်းကို နှုတ်ဆက်လိုက်ပြီးနောက် ထမ်းပိုးတစ်ခုတွင် သစ်သားစည်နှစ်လုံးကို ထမ်းကာ အိမ်ပြန်လာခဲ့တော့သည်။ တောင်ဖက်ဂိတ်တွင် အိမ်မပြန်ကြသေးသည့် ယိုရင်တို့နှင့် တွ့ကြလေသည်။ ယိုကျင့် ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူတို့သည် စိတ်အေးကာ သက်ပြင်းချလိုက်ပြီး

“ မကြီးရယ် ညီမလေးတို့ဖြင့် လန့်လို့သေတော့မယ်”

“ ဘာမှမဖြစ်ပါဘူး၊ အိမ်မြန်မြန်ကြစို့”

ယိုကျင့်က အသိုက်မှထွက်လာသည့် ငှက်ကလေးများလို ကြောက်လန့်နေသည့် ညီမငယ်များကို ပုတ်ပေးလိုက်တော့သည်။

ထိုနေ့က ယိုကျင့်သည် လက်တစ်ဖက်တည်းနှင့် ထိုလူရမ်းကားများကို စာရင်းရှင်းလိုက်သဖြင့် ထိုနေမှစ၍ ဘယ်သူမှ သူမကို ရန်လာမစရဲတော့ချေ။ အခုတော့ ယိုကျင့်သည် နေ့တိုင်း စောစောထပြီး မြို့သို့သွားကာ ဆီးဖျော်ရည်များ ရောင်းနေလေသည်။ နေ့လယ်ခင်းတွင် သူမသည် အိမ်ပြန်စားပြီး အိပ်သည်။ တစ်ရေးအိပ်ပြီးနောက် တစ်ချိန်က မြေဩဇာများ ပုံထားသည့် မြေရိုင်းအနည်းငယ်ကို ဖြည်းဖြည်းချင်း ဆက်ရှင်းလင်းလိုက်လေသည်။ တစ်လလောက် မြေလှန်ထားပြီးနောက်တွင် မြေဧကအနည်းငယ်သည် တဖြည်းဖြည်း မြေဩဇာများ စုလာတော့သည်။ မြေများသည် မြေဆီကြွယ်ဝသည့်ကွင်းများအဖြစ် ချက်ချင်း ပြောင်းမသွားသော်လည်း အရင်ကထက်စာလျှင် အများကြီး ပိုကောင်းလာလေသည်။

ယခုမူ ထိုကွင်းပြင်ထဲတွင် နူးညံ့သည့်အဖူးငယ်လေးများပင် ပေါက်နေလေသည်။ သူတို့သည် စပါးမစိုက်နိုင်သော်လည်း ယိုကျင့်တွင် ဖရဲမျိုးစေ့များ ရှိသည်ဖြစ်ရာ အားလုံးကို စိုက်ထားလိုက်တော့သည်။ ဆောင်းဦးကောက်ရိတ်ပြီးသွားလျှင် ဖရဲ နှစ်ဧက သုံးဧကကို ခူးဆွတ်နိုင်လိမ့်မည်။ နှစ်သက်ကူးအရောင်းတွက် နောက်ထပ်အကျိုးအမြတ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ယခုမူ မြစ်အနောက်ဘက်ခြမ်းက စုမိသားစုသည် သူတို့စပြောင်းလာကတည်းက တုန်လှုပ်ဖွယ် အပြောင်းအလဲများကို ကြုံကြိုက်ခဲ့ရသည်။ စည်ကားလှသည့်ရယ်သံများ၊ စိမ်းမြမြလယ်ကွင်းနှင့် မီးဖိုဆောင်မှာ မီးခိုးငွေ့များ။ သည်အေးချမ်းပြီး လှပသည့် ပတ်ဝန်ကျင်အနေအထားတို့က ဝူလီချောင်၏ ရွာသားများကို လူကြီးများပင် နေ့လယ်နေ့ခင်းဖက် ဖြတ်မလျှောက်ရဲ့သည့် အကျည်းတန်သရဲခြောက်သည့်အိမ်အကြောင်း မေ့သွားအောင် လုပ်ပေးလိုက်တော့သည်။ မြစ်အနောက်ဘက်ခြမ်းသည် အရင်ကတည်းက ထိုသို့ရှိနေသည့်နှယ်။

စုမိသားစုကမိန်းကလေးများပင် ရွာထဲက သက်တူရွယ်တူများနှင့် သူငယ်ချင်း ဖြစ်သွားကြလေသည်။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းသည် အရမ်း မနီးသော်လည်း ရွာထဲကဘယ်ကလေးကို ထိန်းထားလို့ရပါမည်နည်း။

ဝူလီချောင်မြစ်အရှေ့ဘက်တွင် လော့ဟယ်သို့သွားသည့် အဓိကလမ်းမကြီးရှိလေသည်။ မြစ်၏ အနောက်ဘက်ခြမ်းတွင်တော့ စုအိမ်တော်တစ်လုံးသာ ရှိသည်။ အလေ့ကျပေါက်သည့် အသီးအရွက်များ၊ ဝက်စာများ၊ ချစ်စဖွယ်မိန်းကလေးများ အကြိုက်ဆုံးတောပန်းများလည်း ရှိလေသည်။

မြစ်အနောက်ဘက်ခြင်းသည် စည်ကားလာသည်နှင့် ရွာထဲကကလေးများကလည်း ဒီဘက်သို့ တဖြည်းဖြည်း လာရဲလာကြသည်။ ကလေးများ ၃၊ ၄ယောက် အုပ်စုဖွဲ့ကာ ဝက်စာလာဖြတ်ရင်း အလေ့ကျပေါက်သည့်အသီးအရွက်များကို ခူးကြသည်။ အချိန်ကြာလာသည်နှင့် စုမိသားစုက ကလေးများနှင့် အသက်အရွယ်တူကြသည့် ကောင်မလေးကများနှင့်လည်း ခင်မင်လာကြတော့သည်။

ထို့ကြောင့် အပြင်ဘက်တွင် ယိုပေါင်ကို ကစားရန်လာခေါ်သူများပင်ရှိလာကြတော့သည်။

အနည်းငယ်ဟောင်းနွမ်းနေသည့် ဝါးခြင်းတောင်းများနှင့် မိန်းကလေးနှစ်ယောက်က စုအိမ်တော်၏ အပြင်ဘက် မြစ်အောက်ခြေတွင် ရပ်ကာ လှမ်းအော်ကြလေသည်။

“ ယိုပေါင်ရေ အသီးအရွက်တွေ သွားခူးရအောင်လေ”

ယိုကျင့်တို့သုံးယောက်က မြို့တွင် ငွေသွားရှာစဥ် ယိုပေါင်က အိမ်တွေနေခဲ့ကာ အမျိုးသမီးစု၏ အလုပ်များကို ကူလုပ်ပေးရသည်။ သူမသည် ရွာထဲက သူငယ်ချင်းလေးများနှင့် ပထမဆုံး တွေ့ခဲ့သူဖြစ်လေသည်။

သူမ၏သူငယ်ချင်းများ ခေါ်သံကို ကြားလိုက်သဖြင် ယိုပေါင်သည် စားသောက်ပြီးနောက် ပန်းကန်လုံးကို ဘေးချကာ ပခုံးတွင် ခြင်းတစ်လုံးကို လွယ်ရင်း မြန်မြန်ထွက်လာလိုက်လေသည်။ သူမသည် အမျိုးသမီးစုကို မမေ့မလျော့ အသိပေးလိုက်သေးသည်။

“ အမေ သမီး ရှောင်ဟွားတို့နဲ့ အသီးအရွက် သွားခူးလိုက်အုံးမယ်နော်”

ပင်မဆောင်တွင် ကလေးများနှင့် ကစားပေးနေသည့် အမျိုးသမီးက ခွင့်ပြုပေးလိုက်၏။ သူမ၏ကလေးက ကစားဖော်ရသွားသည်ကို ကြည့်ရင်း သူမသည် ဝမ်းသာမိလေသည်။ သူမသည် သမီးဖြစ်သူကို တားမည် မဟုတ်သည်က ပြောရန်ပင်မလိုချေ။

အမြွှာလေးများသည် အခုတော့ သုံးလသား ကျော်လာပြီဖြစ်၏။ ယိုကျင့်က အမျိုးသမီးစုအတွက် နှစ်ရက်တစ်ခါလောက် ငါးစွပ်ပြုတ် လုပ်ပေးသဖြင့် အမျိုးသမီးစုလည်း နို့ကောင်းကောင်း ထွက်လာလေသည်။ ကလေးနှစ်ယောက်ကလည်း မြန်မြန်ထွားလာတော့သည်။ သူတို့၏ချာမွတ်ကာ ပြည့်ဖြိုးနေသည့်ကိုယ်လေးကို ကြည့်ခြင်းဖြင့် သူတို့သည် အစက ပိန်လှီသေးကျုံ့နေသည့် ကလေးများဖြစ်ခဲ့ကြောင်း ဘာအရိပ်အရောင်မှ မရှိတော့ချေ။ မွေးစကတော့ အမျိုးသမီးစုကိုယ်တိုင်ပင် ကလေးနှစ်ယောက် အသက်ရှင်နိုင်ပါ့မလားဟု စိုးရိမ်မိသေးသည်။ အခုတော့ ကလေးများသည် ကျောက်စိမ်းရောင်လေးလို ချစ်စဖွယ် ဖြူဖွေးနေတော့သည်။

လယ်ကွင်းထဲတွင် တစ်နာရီနီးပါး အလုပ်လုပ်လိုက်ပြီးနောက် ယိုကျင့်သည် ပခုံးပေါ်တွင် ပေါက်ပြားထမ်းကာ အိမ်ပြန်လာလေသည်။ နေသည် အနောက်ဘက်သို့ပင် စောင်းနေပြီ။ မီးခိုးတလူလူ တက်နေသော သိပ်မဝေးလှသည့် နေရာက အိမ်လေးကို ကြည့်ရင်း ယိုကျင့်သည် မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။ အိမ်က ပျက်ကိန်းကတော့ တစ်ဖန်စလေပြီ။

နေ့လယ်နေ့ခင်းတိုင်း အမျိုးသမီးစုဘေးတွင် ယိုကျူးက ချက်ပြုတ်နေလေရာ ဘာပျက်ကိန်း ဖြစ်နိုင်ပါအုံးမည်နည်း။ နေ့တစ်နေ့၏ သည်လိုအချိန်မျိုးတွင် စုမိသားစုတစ်အိမ်လုံး အလွန်သတိကြီးကြီးဖြင့် နေရတော့သည်။ တစ်ကြိမ်တွင် ယိုကျူးသည် မီးဖိုဆောင်ကိုပင် ပြာကျအောင် လုပ်လုနီးနီးဖြစ်ခဲ့လေသည်။

မီးဖိုဆောင်ထဲတွင် ယိုကျူးသည် အပြင်ကနေ ရယ်စရာလို ကြည့်နေကြသည့် ယိုရင်၊ ယိုလော့၊ ယိုချိုးတို့ကို မှုန်တေတေဖြင့် ကြည့်နေလေသည်။ သူမသည် ခါးထောက်ကာ စိတ်ဆိုးဟန်ဖြင့် ပြောလိုက်လေသည်။

“နင်တို့တွေ ဒီနေ့ညစာ မစားချင်ကြတော့ဘူးပေါ့လေ၊ နင်တို့တွေ ငါ့ကို ဒေါသထွက်အောင် လာလုပ်နေရင် ဒီနေ့ ဘာမှမကျွေးဘဲ နေလိုက်မှာနော်”

“စန်းကျဲ တစ်အိမ်လုံးအတွက် ချက်ပြုတ်ပေးတာ အမေ မဟုတ်ဘူးလား”

ယိုလင်က ဆင်ဝင်အောက်တွင် ရပ်ကာ မြူးထူးစွာ ပြောလိုက်၏။

“ မကြီးက ပြောထားတယ် ညီမလေးတွေ အစ်မကို သေချာစောင့်ကြည့်ရမယ်တဲ့၊ ညီမလေးတို့အိမ် မီးလောင်သွားရင် လမ်းပေါ်မှာအိပ်နေရလိမ့်မယ်တဲ့”

“ နင်တို့တွေ စောင့်ကြည့်နေလိုက်ပါ၊ ငါ အရသာရှိတဲ့ဟင်းတွေချက်ပြမယ်”

ယိုကျူးသည် ခေါင်းအမာဆုံးစိတ်ဓာတ်ရှိသူ ဖြစ်သည်။ သူမ၏မိသားစုဝင်များက သူမကို တမင်တကာ ရယ်မောနေကြသည် မဟုတ်မှန်း သိထားပြီး သူမ၏အားနည်းချက်များကိုလည်း သတိထားမိလာသည်။ ဘာပဲဖြစ်ဖြစ် သူမ ဒါကို ပြောင်းလဲပစ်ချင်တယ်။

“ ကလေးတွေ တော်တော့၊ ယိုကျူးကို မစကြနဲ့တော့၊ အထဲက ရှောင်ပါ့နဲ့ ခန်းအာတို့ နိုးနေကြပြီလား”

ကျွီခနဲမြည်သံတစ်ခု ထွက်လာ၏။ ယိုကျင့်ပြန်လာသည်။ မိသားစု၏ အတက်ကြွဆုံး ခွေးကလေးများသည် သူတို့သခင် ပြန်လာသည်ကို မြင်လိုက်လျှင် ချက်ချင်းပင် ဝမ်းသာအားရဖြင့် ပြေးသွားကြကာ သူမကို ဝိုင်းနေကြတော့သည်။

ခွေးကလေးများ၏ နှောင့်ယှက်ခြင်းခံနေရသဖြင့် ယိုကျင့်သည် ဘာမှလုပ်မရဖြစ်သွားတော့သည်။ သူမသည် ပျော်ရွှင်စွာ ပြောလိုက်တော့သည်။

“ ဟုတ်ပါပြီ ငါ့ကို ပစ္စည်းတွေ အရင်ပေးချပါအုံး”

မိသားစု၏ခွေးလေးကောင်သည် အနက်ရောင်အမွေးတောက်တောက်များ ရှိသည်။ အခုတော့ သူတို့သည် ကြီးလာသဖြင့် ဝံပုလွေမျိုးစိတ်ခွေးများ ဖြစ်မှန်း တဖြည်းဖြည်း သိလာလေသည်။ ယိုကျင့်က သူတို့ကို နေ့တိုင်း စနစ်တကျ လေ့ကျင့်ပေးထားပြီး ယိုကျင့်ကပဲ နေ့တိုင်းကျွေးမွေးသဖြင့် ခွေးများကလည်း ယိုကျင့်နှင့် အရင်းနှီးဆုံးဖြစ်လေသည်။

ပေါက်ပြားကို ချလိုက်ပြီးနောက် သူမသည် မီးဖိုဆောင်ဘက်သို့သွားလိုက်ကာ သူမပြင်ဆင်ထားခဲ့သည့် အသားစိမ်းနှင့် အရိုးအိုးကို ယူလိုက်လေသည်။ ထို့နောက် တက်ကြွနေသည့် ခွေးလေးကောင်နှင့် အိမ်က ပြဇာတ်ကိုကြည့်နေကြသည့်ကလေးတချို့ကို လေ့ကျင့်ပေးရန် ခေါ်ထုတ်လာလိုက်တော့သည်။

တစ်လကျော်ခန့် လေ့ကျင့်ပေးပြီးနောက်တွင် ခွေးများသည် အခြေခံဘာသာစကားကို နားလည်လာကြလေသည်။ ကြမ်းကြမ်းတမ်းတမ်း ကိုက်ဆွဲထားသဖြင့် စုတ်ပြဲနေသည့် အဝတ်အိတ်ကို ကြည့်ရင်း ယိုကျင့်သည် သူတို့ကို အရည်အချင်း ပြည့်ဝသည့် အိမ်စောင့်များ ဖြစ်လာအောင် လေ့ကျင့်ပေးရန် အလွန်ယုံကြည်ချက် ရှိသွားတော့သည်။

***

စုမိသားစု၏ဘဝသည် တစထက်တစ ပေါများကြွယ်ဝလာလေသည်။ အရာအားလုံးက အကောင်းဘက်သို့ ဦးတည်နေသည်။ ယိုကျူးပင် အခုဆိုလျှင် ငါးများကို မီးသွေးခဲဖြစ်အောင် မကြော်တော့ပေ။

စုမိသားစု၏ ဆီးဖျော်ရည်ကလည်း လော့ဟယ်တွင် အနည်းငယ် နာမည်ရလာလေသည်။ အရင်ကဆိုလျှင် ဆီးဖျော်ရည် စည်ပိုင်းကြီးနှစ်လုံး ကုန်အောင်ရောင်းရရန် နှစ်နာရီနီးပါးကြာလေသည်။ အခုတော့ တစ်နာရီမပြည့်ခင်မှာပင် ကုန်သွားတော့သည်။ ထို့ကြောင့် ယိုကျူးနှင့် ယိုရင်တို့က ပထမတစ်သုတ် ကုန်ခါနီးတွင် အိမ်ပြန်လာကာ ရေတွင်းထဲတွင် ချိတ်ဆွဲထားသည့် နောက်ထပ်စည်နှစ်ပိုင်းကို ပြန်လာယူကြသည်။ အခုတော့ တစ်နေ့လျှင် ဆီးဖျော်ရည် စည်းလေးပိုင်း ရောင်းနိုင်လေသည်။ ထိုအရာထက် အမျိုးသမီးစုလုပ်ထားသည့် ပဲနီပူတင်းနှင့် နှမ်းမုန့်တို့လို စျေးပေါပြီး အရသာကောင်းသည့် သရေစာများလည်း ရသေးသည်။ အမျိုးသမီးစု၏လုပ်ငန်းသည် နေ့တိုင်းလိုလို တဝုန်းဝုန်း တိုးတက်နေတော့သည်။

စီးပွားရေးက ကောင်းလာသော်လည်း ပြီးခဲ့သည့်တစ်ခေါက်က မြင်းဖြူတစ်ကောင်ပေါ် အဖြူရောင်ဝတ်စုံနှင့် လူချောလေးကတော့က ပေါ်မလာတော့ချေ။ ယိုကျင့်သည် စိတ်ထဲတွင် အနည်းငယ်စိတ်မကောင်းသလို ခံစားလိုက်ရတော့သည်။ အမှန်တွင်တော့ ဤမျှချောမောသည့် ကောင်လေးတစ်ယောက်ကို ယိုကျင့်အနေဖြင့် ပထမဆုံးတွေ့ဖူးခြင်းပင်။

လင်ရှောင်ဖုန်း ဖက်တွင်တော့ သူသည် အခြေအနေမကောင်းချေ။ ပြီးခဲ့သည့်အခေါက်က အပြင်သွားရင်း လူရမ်းကားများ၏ အရိုက်ခံရလုနီးပါး ဖြစ်သွားသောကြောင့် ထိုသတင်းက မြို့တော်အထိ ရောက်သွားတော့သည်။ သူ့အဖေဆီမှ အရေးပေါ်စာတစ်စောင် ရောက်လာ၏။ ခွင့်ပြုချက် မရဘဲ အပြင်ထွက်ခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားလေသည်။ အခုတော့ သူ့မှာ အပြင်ထွက်လျှင် အစောင့် ၆ယောက် ၇ယောက်လောက်ကို ခေါ်သွားနေရတော့သည်။ ဒါကပင် သူ့ကို ဒေါသထွက်လာစေတော့သည်။

“ သခင်လေး ကျွန်တော်တို့ အစေခံတွေကို အခက်တွေ့အောင်မလုပ်ပါနဲ့ဗျာ၊ လူကြီးမင်းက ပြောထားတယ် သခင်းလေးတစ်ယောက်ထဲ အပြင်သွားခွင့်ပေးတဲ့သူတိုင်း မြို့တော်ပြန်ရောက်ရင် လည်ပင်းပြတ်ပြီး သေမယ်တဲ့ဗျ”

အိမ်တော်ထဲတွင် ရန်ကျန်းသည် ရက်တော်တော်ကြာသည်အထိ မပြီးနိုင်သေးသည့် သူ့သခင်နှင့် အခြေအတင် ဖြစ်နေသည်ကို ကြည့်နေရတော့သည်။

ရှောင်လင်ဖုန်းသည် လောဟယ်မြို့သို့ လာရသည့်အကြောင်းအရင်းမှာ သူ့အစ်ကိုကြီးက အလုပ်ကိစ္စတချို့နှင့် မွေးရပ်မြေက အိမ်ကိုပြန်လာသောကြောင့်ပင်။ သူသည် အားစိုက်ထုတ်မှု အများအပြား လုပ်ခဲ့ရလေသည်။ သူ့မိဘများထံ တောင်းဆိုခဲ့ရပြီး သူ့အစ်ကိုကြီးကလည်း သူ့အတွက်ပြောပေးခဲ့သည်။ ထိုအခါမှ မိဘများက အင်တင်တင်ဖြင့် ခေါင်းညိတ်ပြီး သူ့ကို ခွင့်ပြုပေးခဲ့လေသည်။ သူသည် လော့ဟယ်မြို့သို့ ရောက်သည်နှင့် လွတ်လွတ်လပ်လပ် သွားလာနိုင်တော့မည်ဟု ထင်ထားခဲ့သည်။ မမြင်ရသည့်ကံတရားက အစီအစဥ်အတိုင်း ဖြစ်မလာစေခဲ့ချေ။ ပထမဆုံး အပြင်ထွက်သည့်အခေါက်မှာပင် ခံစားသွားရတော့သည်။

စိတ်ပျက်ပျက်ဖြင့် ရှောင်လင်ဖုန်းက စုန့်ယန်၏ခေါင်းကို လက်ထဲက ခေါက်ယပ်တောင်ဖြင့် ခေါက်လိုက်ပြီး

“ ငါက မင်းသခင်လေ၊ လူကြီးက အဝေးကြီးက မြို့တော်မှာ၊ သူ့မျက်လုံးနဲ့ လက်တွေက ဒီအထိ မရောက်နိုင်ပါဘူး၊ မင်းက ဘာကို ကြောက်နေတာလဲ”

စုန့်ရန်သည် သခင်လေးခေါက်လိုက်သည့် နေရာကို ကိုင်လိုက်ပြီး ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်တော့သည်။ သခင်လေးရယ်။ လူကြီးမင်းရဲ့ မျက်လုံးနဲ့ လက်တွေ့ အဲလောက်သာ မရှည်ရင် သခင်လေး ပြဿနာဖြစ်ပြီး နှစ်ရက်တောင်မကြာဘူး မြို့တော်ကစာက ဘာလို့ရောက်လာတာတဲ့လဲ။ သို့သော် သူ့မှာ အမှန်တရားကို မပြောရဲချေ။ နားချခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်တော့သည်။

“သခင်လေးရယ် အခုက အကြီးဆုံးသခင်လေးကလည်း သခင်လေးကို အပြင်ထွက်ခွင့် မပိတ်ထားပါဘူး၊ သခင်လေးနဲ့အတူတူ အစောင့်တွေကိုသာခေါ်သွားရင် သခင်လေး အပြင်ထွက်လို့ရပါတယ်”

ရှောင်လင်ဖုန်းသည် ခန်းမအပြင်ဘက်တွင် သစ်တုံးကြီးများကို ရပ်နေကြသည့် အစောင့်များကို အောက်သိုးသိုးဖြင့် စိုက်ကြည့်လိုက်လေသည်။ သူက ယောက်ျားတစ်ယောက်လေ။ မိန်းမမှ မဟုတ်တာ။ အပြင်ထွက်ရင် ဒီလောက်များတဲ့အစောင့်တွေကို ဘာလို့ ခေါ်သွားစရာလိုလို့လဲ။ သည်လူသည် လွန်ခဲ့သည့်ရက်အနည်းက လူရမ်းကားများ၏ အဝိုင်းခံခဲ့ရပြီး သူ့ထက်ငယ်သည့် မိန်ကလေးက ကယ်ပေးခဲ့ရသည်ကို လုံးဝမေ့နေတော့သည်။

ရှောင်လင်ဖုန်းသည် အပြင်ထွက်ပျော်ပါးဖို့ စိတ်မဝင်စားတော့သော်လည်း သူသောက်မည်ဟု စဥ်းစားထားသည့် ဆီးဖျော်ရည်လေးကိုတော့ မမေ့ချေ။ ထို့ကြောင့် သူက စုန့်ရန်ကို ဆီးဖျော်ရည်တစ်ပုံး သွားဝယ်ခိုင်းလိုက်တော့သည်။ ဟုတ်ပါတယ်။ တစ်ပုံးပါ။

စုန့်ရန်သည် သူ့သခင်လေး မှာထားသည့် ဆီးဖျော်ရည်ဆိုင်ဘေးတွင် ရပ်ကာ ဆီးဖျော်ရည် ဝယ်သောက်ရန် တန်းစီနေကြသည့် သူ့နောက်က လူများကို ကြည့်လိုက်လေသည်။ သူ့ကိုယ်သူ ရဲဆေးတင်လိုက်ပြီး ပြောလိုက်၏။

“ မိန်းကလေး ဒီဆီးဖျော်ရည်တစ်ပုံးဆို ဘယ်လောက်ပေးရမလဲ”

“ တစ်စည်လား”

ယိုကျင့်သည် သူ့အား မသင်္ကာသလို ကြည့်လိုက်လေသည်။

“ အစ်ကို ရှင်တစ်စည်လို့ ပြောလိုက်တာနော် ဟုတ်လား”

ယိုကျင့်သည် အရင်က ပါဆယ်မရောင်းခဲ့ဖူး၍ မဟုတ်ပေ။ သည်တစ်ကြိမ်က ပထမဆုံးအကြိမ် တစ်စည်လုံး လာဝယ်ခြင်းကြောင့်ပင်။

စုန့်ရန်သည် လူအုပ်ကြီး၏ အကြည့်အောက်တွင် အနည်းငယ်ရှက်သွားတော့သည်။ သို့တိုင် သူက ခေါင်းညိတ်လိုက်ပြီး

“ ဘယ်လောက်လဲ၊ ငွေတစ်စဆို လောက်လား”

ယိုကျင့်သည် တန်းစီနေကြသည့် များပြားလှသည့် ပုံမှန်စားသုံးသူများကို ကြည့်လိုက်ပြီးနောက် သူမဆိုင်တွင် ကျန်သေးသည့် ဆီးဖျော်ရည်စည်ပိုင်းတစ်ဝက်ကို ကြည့်လိုက်ကာ ပြန်ဖြေလိုက်တော့သည်။

“အစ်ကို ဒီနေ့တော့ တစ်စည်တောင် မပြည့်တော့ဘူး၊ တကယ်လို့ ရှင်အကုန်ဝယ်သွားရင် နောက်က လူတွေ ဘာမှမရဘဲနေလိမ့်မယ်၊ ရှင် ကျွန်မကို လိပ်စာပေးခဲ့ပါလား၊ မနက်ဖြန်မနက်ကျရင် ကျွန်မ တစ်စည် လာပို့ပေးမယ်လေ”

“ အခုမှရောက်လာပြီး တစ်စည်လုံး ဝယ်သွားလို့ရမလား၊ ငါတို့မှာ အကြာကြီး တန်းစီထားရတာ”

နောက်က လူတချို့သည် ရှေ့က အစေခံတစ်ယောက်က အားလုံးကိုဝယ်မည်ဟု တောင်းဆိုသံကို ကြားလိုက်ရလေသည်။ သူတို့သည် မလိုက်လျောပေ။

“ဟုတ်တယ်၊ ငါတို့တွေက မတတ်နိုင်တာလည်း မဟုတ်ပါဘူး၊ မင်း အဲလိုလုပ်လို့တော့မရဘူးလေ”

နေသည် ကျဲကျဲတောက်ပူနေသည်။ နေပူလွန်းသဖြင့် သူတို့မှာ စုမိသားစု၏ဆီးဖျော်ရည် တစ်ပန်းကန်လောက် သောက်ရဖို့အရေး နေပူပူအောက်တွင် တန်းစီခဲ့ရသည်။ အခုတော့ တစ်စုံတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး အားလုံးကို ယူသွားတော့မည်။ မည်သူမှ ပျော်မနေကြတော့ပေ။

…

အပိုင်း (၅၇) ပိုက်ဆံဆုံးသွားတဲ့ အရူးကောင်လေး

စုန့်ရန်သည် ရှောင်းမိသားစု၏ တင်းကျပ်မှုအောက်၌ အိမ်မှုကိစ္စကြီးကြပ်ရင်း ကြီးပြင်းလာခဲ့သည်။ သူ၏ဘ၀၌ ဖိအားပေးသည့် တစ်ဖက်သတ်ဆန်သော စီးပွားရေးမျိုး မလုပ်ဖူးခဲ့ပေ။ အခြားလူ၏စွပ်စွဲမှုကို မည်သို့ခံနိုင်မည်နည်း။ သူ၏ကြည်လင်သည့် အသားအရေလမှာ နီမြန်းလာတော့သည်။ သို့သော်လည်း သူ၏သခင် ညွှန်ကြားထားသော တာ၀န်မှာ မပြီးမြောက်သေးပေ။ ထိုသို့သာ အိမ်ပြန်သွားပါက သူ့သခင်မှ အသေမသတ်လျှင် အရေခွံခွာလိမ့်မည်။ ထို့အတွက် အရဲစွန့်ကာ ထပ်မေးလိုက်ရသည်။

ယိုကျင့်သည်လည်း ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။ ထိုကဲ့သို့ အရောင်းအ၀ယ်အကြီးစားကို လက်လွှတ်ရန် နှမြောသော်လည်း ထိုကိစ္စကြီးတစ်ခုအတွက် သူမ၏နေ့စဉ်၀ယ်ယူသူများကို မသိကျိုးကျွံပြုရန်လည်း မဖြစ်ပေ။ ထို့အတွက် သူမသည် ထိုလူနှင့် ညှိနှိုင်းလိုက်သည်။

“ဒီကအစ်ကိုကြီး ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကျွန်မဒီနေ့ အစ်ကို့ကို တစ်ပုလင်းစာ ရောင်းပေးမယ်။ လိပ်စာပေးထားခဲ့လိုက်ပါ။ ကျွန်မမနက်ဖြန်ကျမှ အစ်ကိုတို့ဆီ တစ်အိုးသပ်သပ် လာပို့ပါ့မယ်”

စုန့်ရန်သည် မတတ်သာစွာပင် သခင်ဖြစ်သူ စိတ်ကျေနပ်စေရန် ယိုကျင့်ပြောသည့်အတိုင်းသာ ကရားတစ်အိုးစာ ပမာဏကိုသာ ၀ယ်ယူခဲ့လိုက်ရသည်။

“ကလေးမ အဲဒါဆို မနက်ဖြန်ကျ ယုချန်လမ်းကြား အရှေ့ဘက်က အိမ်တော်ကို သေချာပေါက်ပို့ပေးနော်”

“ဟုတ်ကဲ့ စိတ်ချပါ။ မနက်ဖြန် အစောကြီးပို့ပေးပါ့မယ်” ထို့နောက် ယိုကျင့် ကရားထဲသို့ ဆီးချိုရည်များ အမြန်ထည့်ပေးလိုက်သည်။ ကရားဖိုးအပါအ၀င် နှစ်ဆယ့်ငါးယွမ်မျှ ‌တောင်းယူလိုက်သည်။ ထို့နောက် စုန့်ရန်အား နှုတ်ဆက်လိုက်သည်။

အနောက်၌ရပ်ကာ လော့ဟယ်စီရင်စု၏ အကောင်းဆုံး ဆီးချိုရည်ကို သောက်နေသော ၀ယ်သူသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း ၀မ်းသာမိသည်။ “စုမိန်းကလေး မင်းတို့စီးပွားရေးက တစ်နေ့တခြား ကြီးကြီးလာတာပဲ”

“အကုန်လုံးရဲ့အကူအညီကြောင့် တစ်နေ့ ငွေနည်းနည်းလောက် စုမိရုံပါပဲ။ စီးပွားရေးကြီးကြီးလို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ” ယိုကျင့်သည် သစ်သားပုံးထဲမှ နောက်ဆုံးကျန်ရှိသည့် ဆီးချိုရည်ကို ခပ်ကာ နောက်ဆုံး၀ယ်သူဆီသို့ အပြုံးလေးဖြင့် ကမ်းပေးလိုက်သည်။

ယိုကျင့်သည် ထိုသို့ပြောနေသော်လည်း ခေါင်းထဲ၌ မျက်နှာစာ ဆိုင်ခန်းတစ်ခု တည်ရန် တွက်ချက်လျက်ရှိသည်။ သူမတို့သည် နွေရာသီတွင် အပူသက်သာစေသော အစားအသောက်များ ရောင်းချပြီး ဆောင်းရာသီတွင် ခေါက်ဆွဲနှင့် ဘိန်းမုန့်များ ရောင်းချ၍ရပေသည်။ ထိုသို့ပြုလုပ်ခြင်းက လယ်စိုက်ခြင်းထက် သာပေလိမ့်မည်။

သို့သော် ယခုတွင် ဆိုင်ဖွင့်ရန်အတွက် ပြဿနာနှစ်ခုရှိပေသည်။ ပထမတစ်ခုသည် ငွေမလုံလောက်ခြင်း ဖြစ်သည်။ မိသားစု၏ပိုက်ဆံများသည် ယိုကျင့်၏လက်ထဲ၌သာရှိသည်။ စုစုပေါင်း သုံးဆယ်လေးဆယ်လျန်မျှသာ ရှိသေးသည်။ လော့ဟယ်စီရင်စု၌ ကောင်းမွန်သည့်နေရာတွင် ဆိုင်တစ်ခုတည်ရန် ငွေအမြောက်အမြားလိုအပ်သည်။ သူမတို့သည် ထိုမျှ မတတ်နိုင်သေးပေ။ ဒုတိယတစ်ခုမှာ လုပ်သားအင်အား မလုံလောက်ခြင်းပင်ဖြစ်သည်။ စုမိသားစုတွင် အားနည်းသည့် အမျိုးသမီးများနှင့် ကလေးများသာ ရှိကြသည်။ လက်ရာကောင်းမွန်သည့် အမျိုးသမီးစုသည်လည်း ကျန်းမာရေး ကောင်းမွန်သည် မဟုတ်ပေ။ ထို့အပြင် မွေးကင်းစကလေးနှစ်ဦးလည်း ရှိသည့်အတွက် သူမသည် မီးဖိုချောင်၌ မည်သို့ စိတ်လွတ်လက်လွတ် ပါ၀င်ကူညီနိုင်မည်နည်း။

ထို့အတွက် သူမတွင် နည်းလမ်းတစ်မျိုးသာ စဉ်းစားနိုင်တော့သည်။ ရှေးဦးစွာ စိတ်အေးလက်အေးဖြင့်သာ ဆီးချိုရည်ရောင်းပြီး ပိုက်ဆံစုမိမှသာ ဆိုင်ခန်းတည်မည်ဖြစ်သည်။

ဆီးချိုရည်များ ရောင်းကုန်သွားပြီးနောက် အိမ်ပြန်ချိန် ကျရောက်လာပေသည်။ ယိုကျင့်တို့ ညီအစ်မသုံး‌ယောက်သည် မနက်ဖြန် ရောင်းရမည့် ဆီးချိုရည်အတွက် ဖျော်စပ်ရင်း အလုပ်များနေကြသည်။ သူမတို့သည် အမျိုးသမီးစုဆီမှာ ဆီးချိုရည်ပြုလုပ်ခြင်း နည်းလမ်းကို သင်ယူကာ ကူညီလုပ်ကိုင်ပေးသည့်အတွက် အမျိုးသမီးစုသည် အနည်းငယ် သက်သာရာရပေသည်။

ဆီးချိုရည်များ ပြုတ်ပြီးသည့်အချိန်၌ နေမပူပြင်းတော့သည့်အတွက် ယိုကျင့်သည် တောင်ပေါ်သို့ ခြင်းတောင်းဖြင့် တက်ကာ နွယ်ချိုပင်များကို ရှာလေသည်။ နွယ်ချိုပင်များသည် ဆီးချိုရည်ပြုလုပ်ရာ၌ မရှိမဖြစ် လိုအပ်သည့် ပါ၀င်ပစ္စည်းဖြစ်သည်။ ငွေကုန်သက်သာစေရန် စုမိသားစု အသုံးပြုသမျှ နွယ်ချိုပင်များအားလုံးကို တောင်ပေါ်မှသာ ခူးယူအသုံးပြုခဲ့ရသည်။

ယိုရင်နှင့်ယိုကျူးသည် အိမ်၌နေကာ မနက်ဖြန် ရောင်းရမည့် အချိုပွဲများကို အမျိုးသမီးစုနှင့်အတူ ကူညီလုပ်ကိုင်ပေးနေခဲ့သည်။ သူမတို့၏အချိုပွဲများသည် ရောင်းရလွယ်ကူပေသည်။ အချိုပွဲများသည် နူးညံ့ပျော့ပြောင်းကာ ချိုမြသည့်အပြင် အခြားသော အချိုပွဲဆိုင်များထက် ထက်၀က် ဈေးသက်သာပေသည်။ ထို့ကြောင့် နာရီပိုင်းအတွင်းပင် ရောင်းကုန်လေသည်။

အမျိုးသမီးစုသည် ဂျုံများကို စည်းစနစ်တကျ ရောနယ်နေရင်း အပြုံးဖျော့ဖျော့လေးတစ်ခုသည် သူမ၏နှုတ်ခမ်းထောင့်၌ ထွက်ပေါ်နေလေသည်။ သူမသည် ယခုကဲ့သို့ ဘ၀မျိုးကို အိပ်မက်ပင် မမက်ဖူးခဲ့ချေ။ ယခင်က ယွဲ့မိသားစုအိမ်၌ သူမ၏ ဟင်းချက်စွမ်းရည်များကို မထုတ်သုံးခဲ့ခြင်း မဟုတ်ပါချေ။ အဘွားချန်၏နှစ်သက်မှုကို ရရန်အတွက် သူမသည် အရသာရှိသည့် ဟင်းပွဲအများအပြားကို ချက်ပြုတ်ပေးခဲ့‌ဖူးသည်။ အစပိုင်း၌ ထိုအရာသည် အသုံး၀င်ခဲ့သည်။ သို့သော် သူမသည် သားယောက်ျားလေး မမွေးဖွားနိုင်ဘဲ သမီးမိန်းကလေးများသာ တစ်ဦးပြီးတစ်ဦး မွေးဖွားခဲ့ချိန်၌ ပြောင်းလဲသွားခဲ့သည်။ သူမသည် အစားအသောက် ဖြုန်းတီးသည်ဟုသာ စွပ်စွဲအပြစ်တင်ခံခဲ့ရသည်။ ထိုမှတ်ဉာဏ်များသည် ပြန်တွေးကြည့်ပါက မခံမရပ်နိုင်စရာပင်ဖြစ်သည်။

ယခု၌ အရာအားလုံး ပြောင်းလဲသွားပေသည်။ သူမ၏ကျန်းမာ‌ရေးလည်း တိုးတက်လာပြီး ကလေးများ၏အပြုံးများလည်း တဖြည်းဖြည်း ပို၍တောက်ပလာခဲ့သည်။ ကလေးများ၏ အရပ်သည်လည်း ရှည်လာကာ ၀ဖြိုးလာကြပေသည်။ ထို့အပြင် သူမသည်လည်း မီးဖိုချောင်၌ သူမသဘောကျနှစ်သက်သည်များကို ချက်ပြုတ်နိုင်ပေသည်။ ယခုလက်ရှိ အရာအားလုံးသည် ယိုကျင့်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

..............

ရှောင်လင်ဖုန်းတို့ဘက်၌ စုန့်ရန်က ဆီးချိုရည် ၀ယ်ပြန်လာသည့်အချိန်တွင် သူသည် ဆီးချိုရည် နှစ်ခွက်ကို အလျင်စလို သောက်လိုက်လေသည်။ သူ၏ညစာစားချင်စိတ်မှာလည်း တိုးတက်လာပေသည်။ ယခင်နေ့များထက် ထမင်းတစ်ပန်းကန် ပိုစားဖြစ်ခဲ့သည်။ ထိုအရာက အကြီးဆုံးသား ရှောင်လင်ယွိကို အံ့အားသင့်စေခဲ့သည်။ သူသည် ညီဖြစ်သူဆီသို့ ရတနာရှစ်ပါး ဘဲပေါင်းကို ဖဲ့ကာ ထည့်ပေးလိုက်တော့သည်။ “ဒီတစ်ခါရော ဘာစိတ်၀င်စားစရာများတွေ့လို့လဲ”

ရှောင်လင်ဖုန်းသည် အစ်ကိုဖြစ်သူအား မကျေနပ်သကဲ့သို့ စိုက်ကြည့်လိုက်သည်။ “လူအိုကြီးမရှိတုန်း အစ်ကိုကြီးက မသိချင်‌ယောင်ဆောင်ပေးပါ့လား”

တကယ်လို့ အစ်ကိုကြီးသာ အမိန့်မပေးခဲ့ရင် ငါအပြင်ခိုးထွက်လို့ ရနိုင်တယ်မလား။

ညီဖြစ်သူ၏ ဆိုးသွမ်းသည့် ဒေါသမှာ မပျောက်သေးပေ။ အကြောင်းအရင်း သိနေသည့် အပြုံးတစ်ခုသည် ရှောင်လင်ယွိ၏ မျက်နှာ၌ ပေါ်ထွက်လာကာ ထိုအပြုံးသည် ရှောင်လင်ဖုန်း၏အပြုံးနှင့် ခုနှစ်ဆယ်ရာခိုင်နှုန်းမျှတူလေသည်။ ရှောင်လင်ယွိသည် သူ၏တူကို ချလိုက်ကာ ပြောလေသည်။ “လူအိုကြီးက မင်းကို မြို့တော်ကို မြန်မြန်ပြန်လာ‌စေချင်တာ။ အစ်ကိုသာ မင်းအတွက် မတောင်းဆိုခဲ့ရင် မင်းအခုဆို မြို့တော်ကို ပြန်ရောက်နေလောက်ပြီ”

လင်ဖုန်းသည် လူအိုကြီး၏အနှစ်သက်ဆုံး မြေးဖြစ်သည်။ ထို့အတွက် မြေးဖြစ်သူထံ၌ ထိုသို့ အန္တရာယ်မျိုး မည်သို့ အဖြစ်ခံနိုင်မည်နည်း။ သို့သော်လည်း ညီဖြစ်သူမှာ တစ်ဆယ့်သုံးနှစ်ရှိပြီဖြစ်၍ လောကဒဏ် အနည်းငယ်ကို ခံစားသင့်ပြီဟု သူထင်ပေသည်။ သူ၏မိသားစုကို ညီဖြစ်သူအပေါ်၌ တစ်သက်လုံး ကာကွယ်စောင့်ရှောင်ခြင်း မပြုစေချင်ပေ။ ထို့ကြောင့် လူအိုကြီး ပို့လိုက်သည့် လူမှာ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။ ရှောင်လင်ယွိသည် ရှောင်လင်ဖုန်းအား လော့ဟယ်စီရင်စု၌ နေခွင့်ပြုခဲ့သည်။

ရှောင်လင်ဖုန်းသည် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ မထူးဆန်းတော့ပါဘူး.... ထိုလူအိုကြီး၌ ကြင်နာတတ်သည့် စိတ်ထားလေး ပေါ်လာပြီဟု သူတွေးလိုက်မိသည်။ ထိုလူကြီး၌ ထိုသို့အတွေးမျိုး ပေါ်လာရန် အကြောင်းမရှိပေ။ အစ်ကိုကြီးသာ သူ့အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အစ်ကိုဖြစ်သူထံ၌ အလိုမကျစွာ ပြုမူခဲ့သည်ကို စဉ်းစားမိပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရှောင်လင်ဖုန်းသည် စုန့်ရန်အား လက်ယက်ခေါ်လိုက်ကာ သူ၏နားသို့ စကားအနည်းငယ် ကပ်ပြောလိုက်သည်။ စုန့်ရန်သည် ထွက်ခွာမသွားခင် ကိုယ်ကိုကိုင်းကာ နားလည်ကြောင်း အထပ်ထပ်ပြောခဲ့လေသည်။

ခဏအကြာ၌ စုန့်ရန်သည် ရေခဲထဲ၌ သိပ်ထားခဲ့သော ဆီးချိုရည် နှစ်ခွက်ဖြင့် ပြန်လာခဲ့သည်။

“အကြီးဆုံးသခင်လေး သခင်ငယ်လေး”

စုန့်ရန်ယူကာ ပြန်လာသည့် ဆီးချိုရည်များသည် ယနေ့၀ယ်လာခဲ့သည့် နောက်ဆုံးကျန်ရှိသည့် အချိုရည်များ ဖြစ်‌ပေသည်။

သေးငယ် ဖြူဖွေးသည် ကျောက်ပန်းကန်လုံးလေးထဲရှိ အမည်မသိ အရည်များကိုကြည့်ကာ ရှောင်လင်ယွိသည် အနည်းငယ်ချဉ်သည့်အနံ့ကို ရလိုက်သည်။ “ဆီးချိုရည်”

အစ်ကိုဖြစ်သူ ရှောင်လင်ယွိ၏ မျက်နှာပေါ်မှ အနည်းငယ် မကြိုက်နှစ်သက်သည့် အမူအရာကို မြင်သည့်အခါ ရှောင်လင်ဖုန်းသည် မပျော်မရွှင် ဖြစ်မိသွားသည်။ အစ်ကိုဖြစ်သူအား တိုက်ရန် သူသည် အချိန်အတန်ကြာ စဉ်းစားခဲ့ရပေသည်။ သူက မကြိုက်ဘူး။ ရှောင်လင်ဖုန်းစည် မကြည်မသာ ပြောလိုက်တော့သည်။ “အစ်ကို မကြိုက်ရင်လည်း ကျွန်တော့်ကို ပြန်ပေး”

ရှောင်လင်ယွိသည် ရှောင်လင်ဖုန်းထက် အသက်ခုနှစ်နှစ် ကြီးပေသည်။ မိသားစု၏ အကြီးဆုံးသား အနေဖြင့် လေးလံသည့်၀န်များကို သယ်ပိုးထားရသည်။ သူသည် ငယ်စဉ်ကတည်းကပင် တင်းကျပ်သည့် သင်ကြားမှုကို ခံယူခဲ့ရသည့်အတွက် ရင့်ကျက်ပေသည်။ ငယ်စဉ်ကတည်းက မိသားစု၏လက်ထဲ၌ ချစ်ခင်မြတ်နိုး အလိုလိုက်ခံခဲ့ရသော ရှောင်လင်ဖုန်းနှင့်မတူညီပေ။ သို့သည့်တိုင် ရှောင်လင်ယွိသည် ညီငယ်လေးအား ချစ်ခင်ပေသည်။ ညီဖြစ်သူ၏ မပျော်ရွှင်သည့်မျက်နှာကို မြင်လိုက်ရသောအခါ မကြိုက်နှစ်သက်သည့် ဆီးချိုရည်ကိုပင် ပါးစပ်အပြည့် တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

“ဘယ်လိုလဲ သောက်ကောင်းတယ်လား” အစ်ကိုဖြစ်သူထံမှ အသိအမှတ်ပြု ခေါင်းညိတ်မှုကို လက်ခံရရှိလိုက်သောအခါ ရှောင်လင်ဖုန်းသည် သူ၏ခေါင်းကိုမော့ကာ လက်ကို ခါး၌ထောက်ရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောလေသည်။

“ဒါကို ခက်ခက်ခဲခဲ ၀ယ်ထားရ‌တာနော်” ရှောင်လင်းယု၏ မျက်နှာ၌ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့သည်။ “မဆိုးပါဘူး”

အစ်ကိုဖြစ်သူ၌ ဟင်းပွဲမြောက်မြားစွာ ရှိသော်လည်း အရသာ မတွေ့တတ်မှန်း ရှောင်လင်ဖုန်း သိပေသည်။ အစ်ကိုဖြစ်သူထံမှ ထိုကဲ့သို့ မှတ်ချက်များရရန် ရှားပါးပေသည်။ ရှောင်လင်ဖုန်းသည် သူ၏ခါးကို တည့်တည့်မတ်ထားကာ အမှတ်များ အားလုံးကို ယူလိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။

“အဲဒါအကုန် ကျွန်တော့်ကျေးဇူးကြောင့်နော်”

ညီဖြစ်သူ၏ ခဏတာ ကြည့်ရှုစောင့်ရှောက်သူအနေဖြင့် ညီဖြစ်သူမှာ ယနေ့အပြင်ထွက်ချင်ခဲ့ကြောင်း ရှောင်လင်ယွိ သိပေသည်။ ထိုအချိန်၌ ပျော့ပျောင်းချိုမြသည်ကိုသာ စားသုံးလေးရှိသည့် ညီဖြစ်သူအား အပြင်ခိုးထွက်ရသည်အထိ အစားအသောက်ခုံမင်လာစေသော ဆီးချိုရည်ပြုလုပ်သူကို သိချင်မိခဲ့သည်။ ယခု သူအမြည်းစမ်းကြည့်သည့်အခါ အမှန်ပင် အရသာရှိပေသည်။

ညီအစ်ကို နှစ်ယောက်သည် အချိန်အကြာကြီး စကား‌ပြော ဆွေးနွေးခဲ့ကြသည်။ ရှောင်လင်ယွိသည် သူ့ညီအား နောက်လာမည့်နှစ်ရက်အတွင်း မြို့ထဲသို့ လိုက်ပြမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ရှောင်လင်ဖုန်း၏ နှစ်ရက်တာ ဆိုးရွားခဲ့သော စိတ်အခြေအနေမှာလည်း သက်သာသွားခဲ့သည်။

.............

နောက်ရက်မနက်အစော၌ စုညီအစ်မများသည် ဆီးချိုရည်များ ရောင်းရန် မြို့ထဲသို့ ထပ်မံရောက်လာခဲ့ကြသည်။ ဆိုင်ခန်း၌ သစ်သားအိုးတစ်လုံးချကာ ပြင်ဆင်ပြီးနောက် ယိုကျင့်သည် ဦးလေးနျို၏ နွားလှည်းပေါ်သို့ မတက်ခင် ညီမများအား မှာကြားလိုသည်များ မှာကြားခဲ့သည်။ ထို့နောက် ယုချန်လမ်းကြား အရှေ့ဘက်သို့ သဘောတူညီမှုအတိုင်း ဆီးချိုရည်တစ်အိုး ပို့ဆောင်ရန် သွားရောက်ခဲ့သည်။

ထိုအချိန်တွင် ရှောင်အိမ်တော်၏ ခြံအရှေ့နှင့် အနောက်ပိုင်းမီးဖိုချောင်သည်ပင် ပုံမှန်အတိုင်း အလုပ်များနေခဲ့သည်။ ရှောင်အိမ်တော်၏ အကြီးဆုံးသခင်လေးသည် နေ့စဉ် မနက်သုံးနာရီ၌ အပြင်ထွက်လေ့ရှိပေသည်။ အနောက်ပိုင်း မီးဖိုချောင်သည် သခင်ဖြစ်သူအတွက် အရသာရှိသော ဟင်းခွက်များနှင့် နူးညံ့လှသည့် မနက်စာကို ပြင်ဆင်ပေးနေပေသည်။

တစ်ချိန်တည်း၌ပင် အငယ်ဆုံးသခင်လေးမှာ အိပ်ရာ၌ အိပ်မောကျနေခဲ့သည်။ အကြီးဆုံးသခင်လေးသည် ဖြီးလိမ်းပြီးချိန်၌ သူ၏‌ဖြူဖျော့သွယ်လျသော လက်ချောင်းများဖြင့် ကျောက်စိမ်းဆံထိုးကို ယူကာ ရေတံခွန်ကဲ့သို့ ဖြာကျနေသော ပိုးသားဆံပင်ထဲသို့ အလှဆင်လိုက်သည်။ သူသည် အင်္ကျီကို ‌ဝါးရွက်များဖြင့် စီခြယ်ထားသော အပြာရောင် မြကျောက်ရောင် ၀တ်စုံကို လဲလယ်လိုက်သည်။ သူ၏ ကြယ်ရောင်ကဲ့သို့ စူးရှတောက်ပသည့် မျက်၀န်းများကြောင့် မိန်းကလေးများ၏ နှလုံးသားများကို မည်မျှ ဖမ်းစားနိုင်မည်ကို မည်သူသိမည်နည်း။ ရှောင်လင်ယွိသည် အမှန်ပင် ကျောက်တောင်ကဲ့သို့ မာကျောလှပသည့် အမျိုးသားကောင်းတစ်ဦးဖြစ်သည်။

ယိုကျင့်သည် ရှောင်မိသားစု၏ ၀င်ပေါက်သို့ ဆီးချိုရည် ပို့ချိန်၌ ရှောင်လင်ယွိသည် မနက်စာစားပြီး လှည်းထဲသို့ ရောက်နေပြီးဖြစ်သည်။ သူသည် ၀င်ပေါက်မှ ဆူညံသံများကြောင့် လှည်းကို ရပ်ခိုင်းလိုက်သည်။ “အပြင်မှာ ဘာဖြစ်နေတာလဲ”

အပြင်မှ စာသင်ကူလေးသည် ပြန်လည် ဖြေကြားလိုက်သည်။ “အကြီးဆုံးသခင်လေးကို ဖြေကြားပါတယ်။ ဆီးချိုရည်ဆိုင်ကနေ ဆီးချိုရည် ပို့ဖို့ မိန်းကလေးတစ်ယောက်ကို လွှတ်လိုက်တာပါ”

ထိုနေ့က ညီလေးကို ကယ်တင်လိုက်သည့် သူဖြစ်ရမည်။ ရှောင်လင်ယွိသည် လှည်းရှိ လိုက်ကာစကို မကာ ၀င်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ဝါးစိမ်းရွက်များဖြင့် စီခြယ်ထားသည့် အပေါ်၀တ်နှင့် စကတ်ကို တွဲ၀တ်ထားသော အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ် ကောင်မလေးတစ်ဦးသည် သူ၏မျက်၀န်းထဲသို့ ၀င်လာခဲ့သည်။ သူမသည် အမှန်ပင် လူကြီးသုံးဦးကို အနိုင်ယူကာ ရှောင်လင်ဖုန်းကို အလွယ်တကူ ကယ်တင်ခဲ့သည့်အတွက် ထိုကလေးမအပေါ် အနည်းငယ် အထင်ကြီးမိသွားသည်။

ရှောင်လင်ယွိသည် ၀င်ပေါက်၌ ရပ်စောင့်နေသော လူငယ်အစောင့်လေးအား ခေါ်လိုက်လေသည်။

“ငွေကြီးကြပ်ရေးမှူးဆီသွားပြီး အဲ့ကလေးမကို လျန်းငါးဆယ် ပေးလိုက်”

သူ၏ညီငယ်အား ကယ်တင်ပေးသည့်အတွက် ဆုအဖြစ် သတ်မှတ်လိုက်သည်။ မှာကြားပြီးနောက် လှည်းအား ဆက်သွားရန် အချက်ပြလိုက်သည်။

ရှောင်မိသားစု၏ ၀င်ပေါက်၌ စောင့်ဆိုင်းနေသည့် ယိုကျင့်သည် ငွေလျန်ငါးဆယ်အား တခဏအတွင်း လက်ခံလိုက်ရပေသည်။ ဘ၀၏အနိမ့်အမြင်အတက်အကျကို ခံစားဖူးသည့် ယိုကျင့်သည်ပင် ပါးစပ်ဟကာ မအံ့ဩဘဲ မနေနိုင်ချေ။ ဘာလဲဟ။ အခုလတ်တလော လူချမ်းသာတွေက လှည့်စားရတာ သဘောကျနေတာလား။ ဆီးချိုရည် တစ်အိုးမှ ယွမ်ခုနှစ်ဆယ် ရှစ်ဆယ်လောက်ပဲရှိတာကို လျန်ငါးဆယ်ပေးတယ်။ ယိုကျင့်သည် ထိုငွေကို လက်ခံချင်သော်လည်း သူမ၏မသိစိတ်က ထိုသို့ ပြုလုပ်ခွင့် မပြုခဲ့ပေ။ “ဒီက အစ်ကိုကြီး ညီမတို့ရဲ့ ဆီးချိုရည်က အဲ့လောက်မထိုက်တန်ပါဘူး...”

ထိုလူငယ်လေးသည် ပြုံးလိုက်ကာ စကားအနည်းငယ် ပြောလိုက်သည်။

“မိန်းကလေး မင်းက တအားကံကောင်းတာပဲ။ ဒါက ငါတို့အကြီးဆုံး သခင်လေးက ပေးဖို့ မှာခဲ့တာ။ သူက မင်းအတွက်ဆိုခဲ့မှတော့ ယူလိုက်ပေါ့”

ယိုကျင့်သည် သူတို့ရှောင်မိသားစု၏ အကြီးဆုံးသခင်လေးမှာ မျက်ကန်းဖြစ်နေလားဟု မေးချင်သော်လည်း အမျှော်အမြင်ရှိစွာဖြင့် စကားလုံးများကို မြိုချလိုက်ကာ ကျေးဇူးတင်စကားပြော လိုက်သည်။ ငွေကိုလက်ခံပြီးနောက် ရှောင်အိမ်တော်မှထွက်ခွာကာ သူမ၏ ဆိုင်ခန်းငယ်လေးဆီသို့ ပြန်သွားလိုက်သည်။ သူမ၏ဆီးချို‌ရည်များကို ရောင်းရဦးမည်ဖြစ်သည်။

ရှောင်လင်ဖုန်းသည် နေမြင့်သည်အထိ အိပ်ရာမှမထသေးပေ။ သူသည် ဆေးကြောပြီးနောက် ရေခဲစိမ်ထားသော ဆီးချိုရည်ကို သောက်ကာ ယနေ့ ယိုကျင့်ယူလာသည့် ပဲပူတင်းနှင့် နှမ်းကပ်ကြော်ကို စားလိုက်ပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်သည်။

“ဒီလို နေရာစုတ်လေးမှာ စားသောက်လို့ရတဲ့ နေရာလေးရှိမယ်မှန်း မထင်ထားခဲ့ဘူး”

တစ်ကိုက်ပြီးတစ်ကိုက်ဖြင့် ပန်းကန်ပေါ်ရှိ ချိုမြသည့် ပဲပူတင်းမှာ ခဏအတွင်း ကုန်သွားပေသည်။ ရှောင်လင်ဖုန်းသည် သူ၏နှုတ်ခမ်းအာ စိတ်ကျေနပ်စွာ သပ်ချလိုက်သည်။ ထို့နောက် သူသည် စုန့်ရန်အား နောက်နေ့၌ အချိုမုန့်များ သွား၀ယ်ရန် မှာကြားလိုက်သည်။

ယိုကျင့်သည် လျန်ငါးဆယ်အား တခဏအတွင်း လက်ခံလိုက်ရပေသည်။ ထိုပမာဏသည် သူမတို့ စုဆောင်းသည်ထက် နှစ်ဆပိုများပေသည်။ ယိုကျင့်သည် ယခုထက်ထိ မယုံကြည်နိုင်သေးပေ။ အချိုမုန့်နည်းနည်းပါသော ခြင်းလေးတွေသည် လျန်ငါးဆယ် တန်မည်ဟု မည်သူယုံမည်နည်း။

မိသားစုအတွင်း၌ ထိတ်လန့် အံ့ဩကာ မယုံကြည်နိုင်ဖွယ်ရာ ကိစ္စများကို ရှောင်ရှားရန် ထိုကိစ္စကို မသိမသာ ချောင်ထိုးကာ သူမ၏ နေ့စဉ်ကိစ္စရပ်များကိုသာ လုပ်ကိုင်နေခဲ့သည်။ သို့သော်လည်း သူမသည် လော့ဟယ်စီရင်စု၌ ငှားရမ်းသည့်မြေဧကများ ရှိမရှိကို စတင်စုံစမ်းတော့သည်။ ပြီးရင် ငါတို့တွေချမ်းသာတော့မယ်......

…

All Chapters