အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အပိုင်း (၅၈) သူတောင်းစားလေးများ
သည်နေ့၏ ဆီးဖျော်ရည်များကို ကုန်အောင်ရောင်းချလိုက်ပြီးနောက် ယိုကျင့်တို့ညီအစ်မများသည် စည်ပိုင်းအလွတ်နှင့် ပန်းကန်လုံးများကို တစ်လုံးချင်း မြန်မြန်သိမ်းထုပ်လိုက်လေသည်။ ယိုကျူးက သိပ်မဝေးလှသည့်နရာက ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကို ဖျတ်ခနဲ ကြည့်လိုက်မိပြီး ယိုကျင့်ကို လှမ်းပုတ်လိုက်ကာ
“ မကြီး ကြည့်လိုက်ဦ အဲဒီသူတောင်းစားလေးနှစ်ယောက်က ဒီကို ထပ်လာပြန်ပြီ”
ပြီးခဲ့သည့် အခေါ်က ယိုကျင့်သည် အသားပေါင်မုန့် ဝယ်နေချိန်၌ ခိုးစားသဖြင့် အဖမ်းခံလိုက်သည့် သူတောင်းစားလေးနှစ်ယောက်ကို မြင်ခဲ့သည်က စလေသည်။ ပေါင်မုန့်သည်၏ အသေအလဲ အရိုက်ခံနေရသော်လည်း သူတို့သည် တစ်ခွန်းမှ မညည်းညူကြချေ။ ထိုမြင်ကွင်းကို မမြင်ရက်သည့် ယိုရင်က သူတို့နှစ်ယောက်ကို ကယ်ပေးရန် ယိုကျင့်အား တောင်းဆိုတော့သည်။
ထိုအချိန်ကတည်း သူတောင်းစားလေးနှစ်ယောက်သည် နေ့တိုင်းလိုလို သူတို့ဆိုင်နှင့် သိပ်မဝေးလှသည့်နေရာမှ စောင့်ကြည့်နေလေတော့သည်။ အနားသို့လာပြီး စကားလည်းမပြောချေ။ အဝေးတနေရာမှသာ စောင့်ကြည့်နေလေသည်။ ယိုရင်သည် အသက် ၁၂ ၊ ၁၃နှစ်အရွယ်နှင့် ၄.၅နှစ်အရွယ် ကောင်လေးတို့ကို ကြည့်လိုက်၏။ သူတို့၏ မူလအသားအရေအရောင်ကိုပင် မမြင်ရတော့ချေ။ သူတောင်းစားလေးများသည် ဖုန်အလိမ်းလိမ်းနှင့် ညစ်ပတ်နေတော့သည်။ သူမသည် မနေနိုင်တော့ဘဲ ကိုယ်ချင်းစာသွားကာ
“မကြီး ညီမလေးတို့ကို ကူညီလိုက်ရအောင်ပါ”
ယိုကျင့်က သက်ပြင်းချကာ ပြောလိုက်၏။
“ယိုရင် ငါတို့မှာလည်း လွယ်ကူနေတာ မဟုတ်ဘူး၊ ငါတို့မိသားစု ဆယ်ယောက်ကလည်း စားသောက်ဖို့ လိုသေးတယ်၊ ကုသိုလ်ကောင်းမှုလုပ်ဖို့ ငါတို့မှ ငွေအပိုရှိတယ်လို့ နင်ထင်လား”
“ ဒါပေမဲ့ သူတို့တွေက အရမ်းသနားစရာကောင်းတာပဲ”
ယိုရင်သည် အိမ်အခြေအနေ မကောင်းမှန်း သိလေသည်။ သို့သော် အပြန်အလှန်မှီခိုနေကြသည့် သူတောင်းစားလေးနှစ်ယောက်ကို တွေ့လိုက်ချိန်၌ သူမနှင့် သူမ၏ညီအစ်များက ယွဲ့အိမ်တွင် တွေ့ကြုံခဲ့ရသည့် အခက်ခဲများကို ပြန်စဥ်းစားမိသွားတော့သည်။ တိုတိုပြောရလျှင် သူမသည် တစ်နည်းနည်းဖြင့် မကြည့်ရက်နိုင်ခဲ့ချေ
“မကြီး ညီမလေးတို့ သူတို့ကို ဘာလို့ မကူညီရမှာလဲဟင်”
သူမဘေးက ရှောင်ကျူးကပင် မနေနိုင်တော့ဘဲ စကားနည်းဝင်ပြောလေသည်။
“ သူတို့ကို ကြည့်လိုက်တော့လေ ချွေ့ဖုန်းရွာမှာရှိတုန်းက အချိန်ကို စဥ်းစားမိတယ်၊ မကြီးသာ ညီမလေးတို့ကို မကာကွယ်ပေးခဲ့ရင် ညီမလေးတွေ ဒီနေ့ ဒီနေရာကို ဘယ်လိုရောက်လာနိုင်ပါ့မလဲ၊ သူတောင်းစားအကြီးတစ်ယောက်က ဘာဝန်ထုပ်မှုမရှိဘဲ တစ်ယောက်ထဲဆိုရင် ပိုနေသာအုံးမယ်၊ ဒါပေမဲ့ သူက အငယ်လေးကို တစ်ယောက်ထဲ မထားခဲ့ဘူးလေ၊ မကြီးက ညီမလေးတို့ကို မထားခဲ့သလိုပဲပေါ့”
ရှေ့တွင် တညီတညွှတ်တည်း ရပ်နေကြသည့် ညီအစ်မနှစ်ယောက်ကိုကြည့်ရင်း ယိုကျင့်စိတ်ထဲ၌ သက်ပြင်းချမိလေသည်။ သူမဒါကို ဂုဏ်ယူရမှာလား။ ဘာမှမတတ်နိုင်သလို နေလိုက်ရမှာလား။ ညီမငယ်နှစ်ယောက်က အရမ်းကို သိတတ်လွန်းပြီး တစ်ဖက်လူကို ဘယ်လိုနားချရမယ်ဆိုတောင် သိနေလို့ ဂုဏ်ယူရတယ်ဆိုပေမဲ့ သူမကို ဘာမှမတတ်နိုင်အောင် ဖြစ်ရတာက နောက်ဆုံးတော့ သူမဆီကိုပဲ ရောက်လာကြတာလေ။
ညီအစ်မနှစ်ယောက်၏ အသနားခံနေသည့်အကြည့်အောက်တွင် ယိုကျင့်သည် အရှုံးပေးကြောင်း ဝန်ခံကာ သက်ပြင်းချရင်း “ ဟုတ်ပါပြီ ငါအရှုံးပေးပါတယ်နော်’
သူမသည် ရင်ဘတ်ထဲက ၁၀ဝမ်ကို ထုတ်ကာ ပြောလိုက်လေတော့သည်။
“ကဲ ရော့”
“မကြီးက အရမ်းသဘောကောင်းတာပဲ”
ညီအစ်မနှစ်ယောက်သည် ဝမ်းသာသွားကာ ယိုကျင့်ပေးလာသည့် ဝမ် ၁၀ပြားကို ယူလိုက်ကြလေသည်။ ထို့နောက် အပြုံးတစ်ခုဖြင့် သူတောင်းစားလေးနှစ်ယောက်ဆီ လျှောက်သွားလိုက်ကြတော့သည်။ သူတို့ အနားရောက်သွားချိန်၌ ရပ်လိုက်ကြပြီး
“ ရော့ ယူလိုက်၊ တစ်ခုခုသွားဝယ်စားလိုက်နော်”
သူတို့ရောက်လာပြီး ဝမ်ဆယ်ပြားလာပေးသည်ကို မြင်လိုက်ရသဖြင့် သူတောင်းစားလေး နှစ်ယောက်သည် ရုတ်တရက် အံ့ဩသွားကြတော့သည်။ ထို့နောက် အကြီးတစ်ယောက်က ခေါင်းခါပြလိုက်ပြီး အငယ်တစ်ယောက်ကိုဆွဲကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လှည့်ကာ ထွက်ပြေးသွားကြတော့သည်။
ယိုရင်တို့ညီအစ်မနှစ်ယောက်လုံးသည် ထိုသို့ ဖြစ်လာမည်ကို ထင်မထားခဲ့ကြပေ။ သူတို့သည် အူကြောင်ကြောင် ဖြစ်သွားပြီး ညီအစ်မနှစ်ယောက်မှာ အလန့်တကြားဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြလေသည်။ သူတို့တွေ ကြောက်သွားကြတာလား။ သိပ်မဝေးလှသည့်နေမှ ယိုကျင့်သည် သူတောင်းစားလေးနှစ်ယောက် ပြေးထွက်သွားသည်ကို မြင်လိုက်၏။ သူမ၏မျက်နှာပေါ်က အပြုံးမှာ အနည်းငယ် လျော့ပါးသွားတော့သည်။ ပိုက်ဆံမလိုချင်တဲ့ သူတောင်းစားဆိုတာ တုံးအ,တာမဟုတ်ရင် နောက်ကွယ်မှာ တခြားရည်ရွယ်ချက်ရှိလို့ပဲ။ စိတ်ပျက်ပျက်နှင့် ပြန်လာကြသည့် ညီမငယ်နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ညီအစ်မသုံးဦး အိမ်သို့ အတူတူပြန်လာကြတော့သည်။
ညီအစ်မသုံးယောက် သတိမထားမိလိုက်သည်က သူတို့နောက်တွင် ထွက်ပြေးသွားကြသည့် သူတောင်းစားလေးနှစ်ယောက်က သူတို့၏နဂိုနေရာသို့ ပြန်ရောက်လာကြပြီး သူတို့ထွက်သွားသည်ကို ကြည့်နေကြသည်ကိုပင်။
“ ကိုကြီး သားဗိုက်ဆာတယ်”
အငယ်လေးက ငိုနေလေသည်။ လက်တစ်ဖက်က အစ်ကိုဖြစ်သူကို တင်းနေအောင်တွဲထားပြီး ကျန်တစ်ဖက်က တစ်နေ့လုံးဘာမှမစားရသေးသည့် သူ့ဗိုက်လေးကို ပွတ်သပ်နေလေသည်။
အကြီးတစ်ယောက်က သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်၏။
“ ရှောင်ပေါင် ဗိုက်ဆာလို့လား၊ ကိုကြီး မင်းစားဖို့ တစ်ခုခုရှာပေးမယ်နော်”
ထို့နောက် သူသည် ညီလေးကိုခေါ်ကာ ဆန့်ကျင်ဘက်လားရာသို့ လျှောက်သွားလိုက်ပြီး စုညီအစ်မတို့ ပျောက်သွားသည့်ဘက်ကို တစ်လှမ်းချင်း လှမ်းရင်း လှည့်ကြည့်လိုက်လေသည်။
***
ရှောင်မိသားစုအိမ်တော်တွင် ရှောင်လင်ဖုန်းသည် သည်နေ့ ထမင်းများများမစားချေ။ ထိုအရာက အနောက်ဘက် မီးဖိုဆောင်က စားတော်ကဲကို စိုးရိမ်တကြီး ဖြစ်ရစေတော့သည်။ အငယ်ဆုံးသခင်လေးသာ တစ်ခုခုဖြစ်သွားရင် မြို့တော်က သခင်ကြီက တစ်ယောက်ယောက်ကို ခေါ်ခိုင်းစရာတောင်မလိုဘူး။ အကြီးဆုံးသခင်လေးက သူတို့ကို အရေခွံဆုတ်ပစ်လိမ့်မယ်။
အပြင်ဘက်တွင် များပြားလှသည့် တစ်နေ့တာအလုပ်ပြီးသွားတော့ ရှောင်လင်ယွိသည် အိမ်ပြန်ခဲ့လေသည်။ ထမင်းစားခန်းတွင် ထိုင်နေရင်း လက်ကို အမွှေးဆပ်ပြာဖြင့် ဆေးကြောလိုက်၏။ ထို့နောက် အိမ်ဖော်မလေး ကမ်းပေးလာသည့် လက်ကိုင်ပုဝါကို ယူလိုက်သော်လည်း အိမ်ဖော်မလေးက မျက်ရိပ်ပြလိုက်သည်ကို ဂရုမစိုက်တော့ချေ။ ဘေးတွင် နုံးခွေကာထိုင်နေသည့် ညီငယ်လေးကိုကြည့်ရင်း သူ့အသံထဲတွင် စိတ်မချမ်းမသာ လေသံရောလျက်
“ ဘာဖြစ်တာလဲ၊ မင်း ဒီနေ့ ဘာမှမစားရသေးဘူးဆို၊ အငယ်ဆုံးသခင်လေး မင်း မသေမျိုးကျင့်စဥ် ကျင့်ချင်နေတာလား”
ပျင်းရိနေသည့် ရှောင်လင်ဖုန်းက ညောင်စောင်းပေါ်တွင် ခပ်လျှောလျှောထိုင်လေသည်။ သူ့နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး
“ ဒီစားတော်ကဲရဲ့ လက်ရာက အဲလောက်လည်းမကောင်းပါဘူး၊ ကျွန်တော် မစားချင်တော့ဘူး”
လော့ဟယ်မြို့သည် ရှောင်မိသားစု၏ သီးသန့်အိမ်တော်တစ်ခုသာ ဖြစ်လေသည်။ အရာအားလုံး ပြည့်ပြည့်စုံစုံ ရနိုင်နေသည့် မြို့တော်နှင့်တော့ ယှဥ်လို့မရပေ။ အစားချေးများသည့် ရှောင်လင်ဖုန်းလို လူအတွက်တော့ သက်သောင့်သက်သာ မဖြစ်သည်မှာ သဘာဝပင်။
“ မင်းက အိစက်နေတဲ့ခေါင်းအုံးပါတဲ့အိပ်ရာနဲ့ အစားကောင်းကောင်း အရမ်းစားချင်တာဆိုရင်တော့ မနက်ဖြန် တစ်ယောက်ယောက်နဲ့ မင်းကို မြို့တော်ပြန်ပို့ဖို့ စီစဥ်ပေးမယ်လေ”
ရှောင်လင်ယွိသည် လက်ထဲက ရူကြွေထည်ပန်းကန်လုံးကို ချလိုက်ပြီး သူ့ညီလေးကို ခပ်တည်တည် ကြည့်လိုက်လေသည်။
ရှောင်လင်ဖုန်းသည် အထက်စီးဆန်ဆန်နေတတ်သော်လည်း လူများ၏မျက်လုံးကို ဖတ်တတ်သည့် အားသာချက် ရှ်လေသည်။ အကြီးဆုံးအစ်ကိုက အလွန်မှ မသာမယာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် ချက်ချင်းမတ်မတ် ထိုင်လိုက်ကာ ခေါင်းကို တွင်တွင်ခါပြလိုက်ပြီး
“ မလိုဘူး မလိုပါဘူး၊ ကျွန်တော်က ဒီအတိုင်းပြောလိုက်တာပါ၊ အစ်ကိုကြီးလည်း တစ်နေ့လုံး သွားလာနေရတာ ပင်ပန်းရောပေါ့၊ ဟင်းပွဲတွေ မြန်မြန် ယူလာကြတော့လေ”
အပြင်မှ အစေခံများကလည်း အလွန်လျင်မြန်ကြလေသည်။ အချိန်တိုအတွင်း စားပွဲဝိုင်းပေါ်တွင် ဟင်းပွဲခြောက်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး ပြည့်သွားတော့သည်။ သူ့အကြီးဆုံးအစ်ကိုရှေ့တွင် ရှောင်လင်ဖုန်းသည် ကျောက်စိမ်းဖြူရောင်ကြွေပန်းကန်လုံးကို လိမ်လိမ်မာမာနှင့် ကောက်ကိုင်လိုက်ပြီး အလုတ်တိုင်း ပါးစပ်အပြည့် စားလိုက်လေတော့သည်။
“ ဘာလဲ မင်း ဒီနေ့အိမ်တော်ကို ဆီးဖျော်ရည်တစ်စည် လာပို့ခိုင်းလိုက်တယ်မလား၊ အဲလောက်အများကြီး သောက်ပြီးတာတောင် နွေရာသီရဲ့ခါးသီးမှုကို ခံစားနေရတုန်းကလား”
ရှောင်မိသားစုတွင် အစားစားရင်း စကားမပြောရ စည်းကမ်းမရှိချေ။ သူ၏ စိတ်ပျက်နေသည့်အမူအရာကြောင့် ရှောင်လင်ယွိက သူသည် ပူပြင်းသည့်နွေရာသီကို ခံစားနေရဆဲဟု ထင်သွားတော့သည်။
ရှောင်မိသားစုတစ်ခုလုံးသည် ရှောင်လင်ဖုန်းမှာ နွေရာသီအပူဒဏ်ကို မခံနိုင်မှန်း သိထားလေသည်။ နွေရာသီရောက်လျှင် ရှောင်လင်ဖုန်းနေသည့် ခြံဝင်းက အအေးဆုံးနေရာပင်။ သူသည် အပူအသက်သာဆုံး အစားအသောက်များကို စားသည်။ သည်တစ်ကြိမ်၌ ရှောင်လင်ယွိက မြောက်ပိုင်း လော့ဟယ်မြို့သို့ လာရချိန်၌ ရှောင်လင်ဖုန်းက နွေရာသီ၏အပူဒဏ်ကို ရှောင်ရှားရန် လော့ဟယ်သို့ လိုက်ချင်သည်ဟု အာပေါက်မတတ် ပြောတော့သည်။ သခင်ကြီးကလည်း သူအတွက် စိတ်မကောင်း ဖြစ်ရသဖြင့် လော့ဟယ်ကို အစ်ကိုဖြစ်သူနှင့် ထည့်ပေးလိုက်ခြင်းပင်။
ရှောင်လင်ဖုန်းသည် စိတ်မလုံသဖြင့် ခေါင်းငုံ့ထားလိုက်ပြီး သူ့မှာ မစားချင်တာမဟုတ်ဘဲ သည်နေ့ သရေစာ အများကြီး စားလိုက်မိသည့်အတွက်ဖြစ်ကြောင်း အစ်ကိုကြီးဖြစ်သူကို မပြောပြရဲပေ။ သူ့အစ်ကိုကြီးက မနေ့က ဆီးဖျော်ရည်ကောင်းကြောင်း သိသွားသည်ကို သတိရသွားပြီး သူသည် စုန့်ရန်အား နောက်ထပ် ဆီးဖျော်ရည်တစ်ပန်းကန်း ယူလာခိုင်းလိုက်လေသည်။
“ အစ်ကိုကြီးက ပင်ပန်းမှာနေမှာ၊ အမောပြေလေး များများသောက်လိုက်”
ရှောင်လင်ယွီက မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြစ်သွားလေသည်။ ဒီကောင်လေးက ဆိုးပြီး စိတ်တိုချင်စရာကောင်းတယ်လို့ ပြောကြတာလေ။ သူက တကယ်လည်း တခါတလေကျရင် ဒေါသထွက်စရာကောင်းတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ တခါတလေကျတော့လည်း တကယ်ပဲ အမောပြေဆေးလေးလေ။
အကြီးဆုံးအစ်ကိုသည် ခွက်တစ်ဝက်လောက် သောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရှောင်လင်ဖုန်းသည် ရုတ်တရက်အတွေးပေါက်သွားတော့သည်။
“အစ်ကိုကြီး ကျွန်တော်တို့စားသောက်ဆိုင်မှာလည်း ဒီလိုချက်ပြုတ်နည်းမျိုးရှိရင် ငွေတွေအများကြီး ပိုရှာနိုင်မှာမလား”
ရှောင်မိသားစုတွင် မိသားစုလုပ်ငန်းကြီးတစ်ခု ရှိသည်။ သူတို့သည် စားသောက်ဆိုင်များနှင့် တည်ခင်းဧည့်ခံသည့် ကဏ္ဍကိုလည်း လုပ်မည်မှာ ပြောရန်ပင်မလိုချေ။ လော့ဟယ်မြို့ရှိ ယွင်ဝေ့ရွှမ်းသည် ရှောင်မိသားစု၏လုပ်ငန်းများထဲက တစ်ခုဖြစ်လေသည်။
ရှောင်လင်ယွိက အငယ်ဆုံးညီလေး၏အတွေးကို မသိဘဲ အဘယ်မှာရှိပါမည်နည်း။ ချက်ပြုတ်နည်းကို ဝယ်ပြီး ငွေရှာရန်က ဆင်ခြေတစ်ခုသက်သက်ပင်။
“ ချက်ပြုတ်နည်းကို ဝယ်ပြီး ငွေရှာမယ်ဆိုတာက အလိမ်အညာတစ်ခုပဲလေ၊ မင်း မြို့တော်ကို ပြန်ရောက်သွားရင် ဒီဆီးဖျော်ရည် မသောက်ရတော့မှာ စိုးရိမ်နေတာမလား”
သူ့စိတ်ထဲက အကြံ ပေါ်ပေါက်သွားသဖြင့် ရှောင်လင်ဖုန်းက ရှက်ရယ်ရယ်လိုက်လေသည်။ ထို့နောက် သူက တောင်းဆိုလိုက်၏။
“ အစ်ကိုကြီး စဥ်းစားကြည့်လေ၊ အဲဒီကောင်မလေးသည် ဆိုင်လေးတစ်ခုတောင် မပိုင်ဘူး၊ သူမက လမ်းပေါ်မှာ ဒီအတိုင်း ခင်းရောင်းရတာ၊ တစ်နေ့ကို စည်ပိုင်းနည်းနည်းလေးပဲ ရောင်းနိုင်တယ်လေ၊ အဲဒါကို စားသောက်ဆိုင်မှာ ရောင်းမယ်ဆိုရင် ၁၂ဆ အဆ၁၀၀လောက် ပိုပြီးတန်သွားမှာ မဟုတ်ဘူးလား”
ရှောင်လင်ဖုန်းသည် ဆီးဖျော်ရည်တစ်ဝက် ကျန်နေသေးသည့် ပန်းကန်လုံးကို ကောက်မလိုက်ပြီး နောက်တစ်ငုံ သောက်လိုက်လေသည်။ အမှန်ပဲ။ ဒီဖျော်ရည်က အမြတ်အစွန်း ရနိုင်ပေမဲ့ ကြီးမားတဲ့ဝယ်လိုအားကိုတော့ မလိုက်နိုင်ဘူး၊ ရှောင်မိသားစုကလည်း တာ့ဖုန်းမှာ စားသောက်ဆိုင် ဒါဇင်မကပိုင်ဆိုင်ထားတာ။ တာ့ဖုန်းရဲ့ နွေရာသီကလည်း ကျဲကျဲတောက်အောင်ပူလွန်းတယ်။ တကယ်လို့များ စားသောက်ဆိုင်တိုင်းမှာ နောက်ထပ်လျှို့ဝှက်အချက်အပြုတ်နည်း ရလာခဲ့ရင် စီးပွားမဖြစ်မှာ မပူရဘူး။ ဒါပေမဲ့ အဲဒီအချက်အပြုတ်နည်းက ဒီကောင်မလေးမိသားစု မှီခိုနေတဲ့ ရတနာတစ်ခု ဖြစ်ရမယ်။ ရောင်းမယ် မရောင်းဘူးဆိုတာက အကြောင်းတစ်ခုဖြစ်သွားပြီ။
သူ့နှုတ်ဆိတ်နေမှုက ရှောင်လင်ဖုန်းကို အနည်းငယ်ပူပင်သွားစေတော့သည်။
“အစ်ကိုကြီး ကျွန်တော်ပြောတာ အကျိုးကြောင်းမသင့်ဘူးလား” မြန်မြန် သဘောတူလိုက်ပါတော့။
“ ကောင်းပြီလေ၊ နောက်နှစ်ရက်လောက်နေရင် အဲဒီကောင်မလေးနဲ့ ငါ တွေ့တဲ့အထိစောင့်ပေး”
ရှောင်လင်ယွိသည် စီးပွားရေးသမားတစ်ယောက်ဖြစ်၏။ လုပ်ငန်းအခွင့်ရေးကို လက်လွှတ်ခံမည် မဟုတ်သည်က ပြောရန်ပင်မလိုချေ။ သူသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။ ဒီကိစ္စသာ အလုပ်ဖြစ်သွားရင် သူတို့မိသားစုလုပ်ငန်းအတွက်လည်း ကောင်းတဲ့ကိစ္စတစ်ခုပဲလေ ဟုတ်တယ်မလား။
***
သုံးရက်ကြာပြီးနောက် စည်ကားလှသည့်စျေးထဲတွင် စုမိသားစုမှ ညီအစ်မများသည် သည်နေ့လည်း ဆီးဖျော်ရည်များကို ရောင်းလို့ကုန်သွားပြီး အိမ်ပြန်ရန် ထုပ်ပိုးနေကြစဥ် အရည်သွေးကောင်း အိမ်စေအဝတ်အစားများ ဝတ်ဆင်ထားသည့် ယောက်ျားနှစ်ယောက်က ဆိုင်ရှေ့တွင် လာရပ်လေသည်။ ယိုကျင့်က ဆီးဖျော်ရည်လာဝယ်သည်ဟု ထင်လိုက်ပြိး ပြုံးကာ အသိပေးလိုက်လေသည်။
“ အားနာပါတယ်ရှင်၊ ဒီနေ့ အားလုံးရောင်းလို့ကုန်သွားပြီရှင့်၊ မနက်ဖြန်မှ ထပ်လာခဲ့နော်”
ကလေးမျက်နှာနှင့် လူက သဘောထားကြီးစွာ ပြုံးလိုက်ပြီး
“ကလေးမ ငါတို့က ဆီးဖျော်ရည် လာဝယ်တာမဟုတ် ငါတို့အိမ်က သခင်ကြီးက ဆွေးနွေးစရာကိစ္စလေး ရှိလို့ မိန်ကလေးကို ယွင်ဝေ့ရွှမ်းကို ဖိတ်ချင်လို့ပါ”
ယိုကျင့်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ မျက်မှောင်ကျုံ့ရင်း မေးလိုက်၏။
“ ရှင်တို့အိမ်ရဲ့သခင်ကြီးကဟုတ်လား”
သူမ ဘယ်လူချမ်းသာကိုမှ အပြစ်မလုပ်ခဲ့မိပါဘူးလေ ဟုတ်တယ်မလား။ ဒီအစေခံနှစ်ယောက်က သူတို့တွေထက်တောင် အများကြီး ကောင်းကောင်းမွန်မွန်ဝတ်စားထားသေးတယ်။ အစေခံတွေတောင် ချမ်းသာမှတော့ သခင်ဆိုရင် ဘယ်လောက်တောင်ချမ်းသာလိုက်မလဲ။
“ဘာကိစ်စလဲ မသိဘူး”
သူမ၏ခုခံနေသည့် အမူအရာကို မြင်လိုက်သည်တွင် အစေခံက အပြုံးဖြင့် ပြန်ဖြေလိုက်ေသည်။
“ မိန်းကလေး ကျွန်တော်တို့အိမ်ကသခင်ကြီးက မင်းနဲ့ လုပ်ငန်းတစ်ခုအကြောင်း ဆွေးနွေးချင်တာပါ ကျွန်တော့်သခင်ကြီးရဲ့ မျိုးရိုးက ရှောင်ပါ”
သူက ရှောင်မျိုးရိုးနာမည်ကို ပြောလိုက်သည်နှင့် ယိုကျင့်သည် တစ်နေ့က လူချမ်းကအရူးလေးကို သတိရသွားတော့သည်။ မဟုတ်သေးဘူး။ ချမ်းသာပြီးအာဏာရှိတဲ့ ရှောင်မိသားစုတဲ့။ ရှောင်မိသားစုက သူမနဲ့ လုပ်ငန်းအကြောင်း ဆွေးနွေးချင်လို့ ဆိုပါလား။ ယိုကျင့်သည် အနည်းငယ် သံသယ ဖြစ်မိသော်လည်း သူမ သွားလိုက်သေးသည်။ နောက်ဆုံး အခွင့်အရေးရတုန်းက ငွေမရှာနိုင်ခဲ့ရင် သူမက ငတုံးတစ်ယောက်ပဲပေါ့။ အဲဒါထက် ယွင်ဝေ့ရွှမ်းရဲ့ ဒုတိယသခင်ကြီးဟွမ်က အသိတစ်ယောက်ပဲလေ။ မကောင်းတာ မဖြစ်လောက်ပါဘူး။
သူမသည်နောက်သို့ လှည့်လိုက်ပြီး ညီမငယ်နှစ်ယောက်ကို ရှင်းပြလိုက်လေသည်။
“ တောင်ဘက်ဂိတ်ကိုသွားပြီး ဦးလေးနျိုကို အရင်အိမ်ပြန်ပို့ခိုင်းလိုက်နော်၊ နောက်မှာ ကိုယ့်ဟာကိုယ် ပြန်လာခဲ့မယ်”
လုပ်ငန်းဆွေးနွေးမည်ဟု ဆိုသော်လည်း အမှန် ဟုတ်မဟုတ်က မသိနိုင်ချေ။ ညီမငယ်နှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်သည်က ပိုကောင်းလိမ့်မည်။
“အွန်း မကြီး စိတ်မပူနဲ့နော်”
ယိုရင်နှင့် ယိုကျင့်တို့သည် ဘာသံသယမှ မဖြစ်ကြချေ။ နောက်ဆုံး မကြီးက သူတို့ ဆီးဖျော်ရည် ပြန်ယူခိုင်းသည်ကလည်း ပထမဆုံးအကြိမ် မဟုတ်သည့်အပြင် သူတို့ရှေ့က လူနှစ်ယောက်ကလည်း လူဆိုးများနှင့် မတူ။ ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် စည်ပိုင်းလွတ်ကို သယ်ကာ နာနာခံခံဖြင့် ထွက်လာခဲ့တော့သည်။
ကလေးနှစ်ယောက် ထွက်သွားသည်ကို ကြည့်လိုက်ပြီး ယိုကျင့်က ပြုံးကာ သူတို့ကို လှည့်ပြောလိုက်၏။
“ တကယ် အားနာပါတယ်ရှင်၊ သွားကြရအောင်ပါ”
အစေခံလေးက ပြုံးပြပြီး ဘာမှပြန်မပြောပေ။ သူတို့သည် ရှေ့ကဦးဆောင်သွားလိုက်ပြီးနောက် အချိန်တိုအတွင်း ယွင်ဝေ့ရွှမ်း၏ ဝင်ပေါက်သို့ ရောက်လာကြလေသည်။ ထိုအချိန်တွင် ရှောင်ညီအစ်ကိုက ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုထဲတွင် စောင့်နေကြ၏။
သည်နေ့ ရှောင်လင်ဖုန်းသည် သူ့အစ်ကိုက ယွင်ဝေ့ရွှမ်းသို့ လာမည်ကို သိထားလေသည်။ သူသည် သူ့နောက်လိုက်လာရန် တဂျီဂျီလုပ်လေတော့သည်။ သူသည် အိမ်တော်က စားတော်ကဲနှစ်ယောက်၏ လက်ရာကို အမှန်ပင် ငြီးငွေ့လှလေပြီ။ ထို့ကြောင့် သူသည် နားပူနားဆာလုပ်ပြီး အစ်ကိုဖြစ်သူအား ပြဿနာမပေးပါဘူးဟု ကျိန်ဆိုလိုက်တော့သည်။ ထိုအခါမှ ရှောင်လင်ယွိက သူ့အား အပြင်ထွက်ခွင့်ပေးရန် အင်တင်တင်ဖြင့် သဘောတူလိုက်လေတော့သည်။
…
အပိုင်း (၅၉) ချက်ပြုတ်ရန်နည်းလမ်း
ယွင်ဝေ့ရွှမ်းသို့ ၀င်ရောက်ပြီးချိန်၌ မမြင်ရတာကြာပြီဖြစ်သော ဒုတိယသခင်ဟွမ်သည် လှေကား၌ ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ယိုကျင့်ရောက်လာသည်နှင့် လက်ဖျောက်တစ်ချက် တီးလိုက်ကာ ပြောလေသည်။ “စုမိန်းကလေး ဖြစ်နေတာပဲ”
သခင်ဟွမ်သည် အဓိကမိသားစုရှိ သခင်ဖြစ်သူမှ ဆွေးနွေးညှိနှိုင်းရန် အရေးကြီးဧည့်သည် လာမည်ဖြစ်ကြောင်း ပြောလေသည်။ သူသည် ထိုဧည့်သည်အား လျစ်လျူရှုမိမည်စိုးသောကြောင့် ကိုယ်တိုင်ကိုယ်ကျ လှေကား၌ ရပ်စောင့်နေခြင်းဖြစ်သည်။ ရှောင်မိသားစု၏ လက်ပါးစေများ ခေါ်ဆောင်လာသည့်သူမှာ စုမိသားစုမှ မိန်းကလေးဖြစ်မည်မှန်း မည်သူထင်မည်နည်း။
ယိုကျင့်သည် ဒုတိသခင်ဟွမ်အား နှုတ်ဆက်စကား ဆိုလိုက်သည်။ “ဒုတိယသခင်ဟွမ်က မတွေ့တဲ့ အတောအတွင်း ကျန်းမာ၀ဖြိုးလာလိုက်တာ”
“ကလေးမ မင်းဒီကို မလာတာတောင်ကြာပြီ။ မင်း ဈေး၀င်ပေါက်မှာ ဆီးချိုရည် ရောင်းရင်း နာမည်ကြီးနေတယ်လို့ ကြားတယ်။ ဘာကိစ္စ လာရင်းနဲ့ တစ်ခွက်တောင်မှ ယူမလာရတာလဲ”
ဒုတိယသခင်ဟွမ်သည် လော့ဟယ်မြို့၌ ကျင်လည်လာသည်မှာ ကြာမြင့်ပြီဖြစ်၍ အဆက်အသွယ်များ ရှိပေသည်။ သူသည် စုမိသားစု၏ စီးပွားရေးသေးသေးလေးပေါ်၌ မကျေမချမ်းဖြစ်မည့်သူမျိုး မဟုတ်ပေ။ အစားအသောက်နှင့် ပတ်သက်၍သာ အာရုံစိုက်မိခြင်းဖြစ်သည်။
နှစ်ဦးစလုံးသည် သွားရင်းဖြင့် စကားပြောနေခဲ့ကြပြီး သခင်ဟွမ်သည် သူမအား ဒုတိယထပ်မှ သီးသန့်ခန်းတံခါးရှေ့သို့ ရောက်လေသည်။ လမ်းတစ်လျှောက်၌ ယိုကျင့်သည် ပြုံးရုံသာပြုံးကာ စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။ သူမစိတ်ထဲ၌ ရှောင်မိသားစု၏ မူရင်းဇာစ်မြစ်ကိုသာ တွေးတောနေပေသည်။ ထိုသူများသည် သာမန်လူများ မဖြစ်နိုင်ချေ။
ဒုတိယထပ်ရှိ သီးသန့်ခန်းတံခါးရှေ့သို့ ရောက်သည်နှင့် ဒုတိယသသခင်ဟွမ်သည် အပြုံးလေးဖြင့် တံခါးကို ညင်သာစွာ သုံးချက်ခေါက်လိုက်သည်။ “သခင် စုမိန်းကလေး ရောက်လာပါပြီ”
“၀င်ခဲ့” သာယာတည်ငြိမ်သည့် အသံသည် အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဖြင့် သခင်ဟွမ်သည် ညာဘက်တံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ “မိန်းကလေး ၀င်လို့ရပါပြီ”
ယိုကျင့်သည် ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် တံခါးရွက်ကို ကိုင်ကာ အထဲသို့၀င်သွားလေသည်။ သခင်ဟွမ်သည် အပြင်မှ တံခါးအား သေချာစွာပိတ်လိုက်သည်။
“မိန်းကလေးစု ကျေးဇူးပြုပြီး ထိုင်ပါ” တံခါးကိုဖြတ်ပြီးချိန်၌ ယနေ့သူမအား တွေ့ရန် ချိန်းဆိုသည့်သူအား သစ်သားကန့်လန့်ကာမှ ဖြတ်သန်းလာပြီးချိန်တွင် တွေ့မြင်လိုက်ရသည်။ ထိုလူသည် အသက်တစ်ဆယ့်ရှစ်နှစ် တစ်ဆယ့်ကိုးနှစ်မျှသာ ရှိပုံရပြီး သစ်လွင်သည့် ဝါးစိမ်းရောင် အထည်၌ တိမ်ပုံများကို လှပစွာ ချည်ထိုးထားသည့် အထည်အား ၀တ်ဆင်ထားသည်။ ထိုသူ၏ ကြယ်ရောင်မျက်လုံးလှလှလေးများ၌ သိမ်မွေ့နူးညံ့သော အပြုံးနှင့် နွေးထွေးမှုများ ပြည့်နှက်နေသည်။ ရှေးစာဆိုများ ပြောခဲ့သည်က မှန်ပေသည်။ ကြက်သွေးရောင်နှုတ်ခမ်းသားနဲ့ တည်ကြည်တဲ့ အမျိုးသားတွေဟာ မင်းကို ပျော်ရွှင်စေနိုင်တယ်။
ဤနေရာ၌ ထိုသို့ချောမောလှပသည့် အမျိုးသားတစ်ဦးကို မြင်ရသည်မှာ ယိုကျင့်အတွက် ပထမဦးဆုံး ဖြစ်ပေသည်။ ထို့အတွက် သူမသည် ဒုတိယတစ်ခါ မကြည့်ဘဲမနေနိုင်ချေ။ ထိုလူ၏ဘေးရှိ ဟိတ်ဟန်ကြီးသော ရှောင်လင်ဖုန်းသည် ထိုအတွက်ကြောင့် မပျော်မရွှင်ဖြစ်လာလေသည်။
“မိန်းကလေး ငါ့အစ်ကိုကိုပဲ ကြည့်မနေနဲ့လေ”
သူခိုးအား လူမိသွားသလို ဖြစ်သည့် ယိုကျင့်သည် နီမြန်းလာကာ ရှက်ရွံ့နေတော့သည်။ သူမသည် ရင်းနှီးဖူးသော မြင်းဖြူနှင့် ဟိတ်ဟန်ထုတ်တတ်သည့် ကောင်လေးအား မကြည့်ခင် ရှောင်လင်ယွိအား ရှက်ရွံ့စွာဖြင့် ပြုံးကာ တောင်းပန်ဟန်ပြုလိုက်သည်။ သူမသည် ရှောင်လင်ဖုန်းကို အခန်းထဲသို့ ၀င်လာသည့်အချိန်ကပင် မြင်လေသည်။ ရှောင်လင်ဖုန်းသည် ချောမောခံ့ညားသည် မဟုတ်သော်လည်း ထိုလူ၏ မျိုးစေ့ပါသည့် သွေးသားပင်မဟုတ်လား။
ရှောင်လင်ယွိသည် ထိုအခြေအနေကို သတိမထားမိသကဲ့သို့ နေကာ မျက်ခုံးပင့်ရင်း ယိုကျင့်အတွက် အပြုံးလေးဖြင့် ရေနွေးကြမ်း ငှဲ့ပေးလေသည်။ “မိန်းကလေးစု ထိုင်ပါဦး”
ယိုကျင့်သည် မျိုးရိုးကြီးသခင်မလေးများကဲ့သို့ သင့်လျော်သည့် နေထိုင်ပြုမူပုံကို မသင်ကြားခဲ့ရသည့်အတွက် အမျိုးသားများကဲ့သို့ပင် လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။
“ကျေးဇူးပါ လူကြီးမင်း”
ထို့နောက် ယိုကျင့်သည် ခုံ၌ ထိုင်လိုက်ကာ ယဉ်ကျေးစွာ ပြောလေသည်။ “ဒီကလူကြီးမင်းက ဘာကိစ္စနဲ့ ကျွန်မကို ချိန်းဆိုတာပါလဲ”
ကြောက်ရွံနေခြင်းနှင့် ဟိတ်ဟန်ထုတ်ခြင်းတို့ မရှိသော ထိုမိန်းကလေးကိုကြည့်ကာ ရှောင်လင်ယွိသည် သူမအပေါ်၌ အမှတ်တမဲ့ အသိအမှတ်ပြုမှုများ ထားရှိခဲ့သည်။ ညီဖြစ်သူအား ယခင်က ကယ်ခဲ့ဖူးသည့် အဖြစ်အပျက်ကြောင့် ပို၍ပင် သဘောတွေ့နေလေသည်။ “အရင်တခါ ကျွန်တော့်ညီ ပြဿနာတက်တုန်းက မိန်းကလေးကျေးဇူးနဲ့ သက်သာရာရခဲ့တာပါ။ မိန်းကလေးကို ကျေးဇူးတင်ပါတယ်”
“သူ့ကိုကယ်တာ ကျွန်တော်လေ။ ဒီလောက်သိသာနေတာကို” အခြားတစ်ဖက်ရှိ ရှောင်လင်ဖုန်းသည် အချက်အလက်များ လှည့်စားနေသည့် အစ်ကိုဖြစ်သူအား မကျေမနပ် ညည်းတွားတော့သည်။
ရှောင်လင်ယွိသည် ညီဖြစ်သူအား မျက်လုံးပင့်ကြည့်ရင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ညီလေးက ဘယ်လိုရန်ဖြစ်ရမလဲတောင် မသိတာ လူကိုဘယ်လိုကယ်မလဲ”
ထို့နောက် ယိုကျင့်ဘက်သို့လှည့်ကာ တောင်းပန်လိုက်သည်။ “ကျွန်တော့်ညီက ငယ်ရွယ်ပြီး အလိုက်မသိလို့ တောင်းပန်ပါတယ်။ ခုနက ငြင်းခုံနေတာအတွက် ခွင့်လွှတ်ပေးပါ”
မိသားစုက အလိုက်မသိတတ်တဲ့ အငယ်ဆုံးတွေက ဒီလိုပုံစံမျိုးကို.... ထို့နောက် ယိုကျင့်သည် သူမ၏မိသားစုရှိ အလိုက်တသိ ယဉ်ကျေးလိမ္မာသော မိန်းကလေးများကို တွေးမိရင်း ကျေနပ်သွားမိသည်။ သို့သော်လည်း သူမသည် အခြားသူကို မျက်နှာသာပေးသင့်ပေသည်။
“အဆင်ပြေပါတယ်။ အဲ့နေ့က သူအရင် စပြီးကူညီပေးတာပါ”
သူမသည် ထိုပြဿနာရှာသူ သုံးယောက်အား သူမတစ်ကိုယ်တည်းဖြင့် ဖြေရှင်း၍ရပေသည်။ သို့သော် ထိုသို့ ပြောလိုက်ပါက ထိုကလေး၏ နှလုံးသား၌ ထိခိုက်နာကျင်သွားလိမ့်မည်။
ရှောင်လင်ယွိသည် ယိုကျင့်အား ကောင်းမွန်သော အကြောင်းအရာများကိုသာ အနည်းငယ်ပြောလိုက်ပြီးနောက် အဓိက ဆွေးနွေးချင်သည့်အရာအား ထုတ်ပြောလိုက်သည်။
“ဒီနေ့ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက မိန်းကလေးနဲ့ စီးပွားရေး ဆွေးနွေးစရာရှိလို့ပါ။ မိန်းကလေးတို့ရဲ့ ဆီးချိုရည် ပြုလုပ်တဲ့နည်းလမ်းကို ကျွန်တော့်ကို ပေးလို့ရလား”
လတ်စသတ်တော့ ဟင်းချက်နည်း ၀ယ်တဲ့သူကို.... ယိုကျင့်သည် သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ခဏအကြာမျှ စဉ်းစားပြီးနောက် အပြုံးလေးဖြင့် ဖြေလိုက်သည်။ “ရောင်းဖို့က ကိစ္စမရှိပါဘူး။ လူကြီးမင်ရှောင်က ဘယ်လောက်ထိ ရက်ရောပေးနိုင်လဲ”
ယိုကျင့်၏ ပိုက်ဆံမက်သည့် ပုံရိပ်လေးအား ကြည့်ကာ ရှောင်လင်ယွိ ပြုံးလိုက်မိသည်။ ဒီမိန်းကလေးက အခြားကျေးလက်မိန်းကလေးတွေနဲ့ ကွာတာပဲ။ သူမ၌ သင့်တော်သည့် ရဲရင့်မှုနှင့် လိုအင်ဆန္ဒများ ရှိပေသည်။ သူသည် ပြဿနာထုတ်အား ယိုကျင့်ဆီသို့ ပြန်ပို့လိုက်သည်။ “မိန်းကလေးရော ဘယ်လောက် ငွေပမာဏနဲ့သင့်တော်မယ်ထင်လဲ”
မြေခွေးအိုကြီးနှင့် မြေခွေးငယ်လေသည် ပင်ပေါင်ရိုက်နေရင်း အလျင်စလို မပြုမူဘဲ သတိထားနေကြသည်။ ဘေး၌ ထိုကိစ္စကို ကြည့်နေသော ရှောင်လင်ဖုန်းသည် မရိုးမရွဖြစ်လာခဲ့သည်။
“ကောင်မလေး ငါက မင်းကို ကယ်ခဲ့တာဆိုတော့ နည်းလမ်းကို ငါတို့ကို ရောင်းလိုက်။ အစ်ကိုကြီး မင်းလဲ ကိုယ့်ကိုယ်ကိုယ် အကျိုးမရှိအောင် လုပ်လို့မရဘူးလေ”
ထို့နောက် သူသည် ရှောင်လင်ယွိအား မျက်စပစ်ပြလိုက်သည်။ “မဟုတ်ဘူးလား အစ်ကိုကြီးရဲ့”
ရှောင်လင်ယွိသည် ရှက်ရွံ့မှုကြောင့် ချောင်းခြောက်နှစ်ချက်ဆိုးလိုက်သည်။ အလိုက်မသိသည့် ညီဆိုးလေးမှာ သူ့အား ကျဉ်းထဲကျပ်ထဲသို့ တွန်းပို့လေသည်။ မိသားစုအတွက် အသုံး၀င်မည့်အရာကို ၀ယ်ယူချိန်၌ ရောင်းသည့်သူအား ဈေးမြှင့်သွားအောင် ပြုလုပ်ခြင်းကို မည်သို့ လက်ခံရမည်နည်း။ သိမ်မွေ့သည့်အပြုံးသည် ထိုလူကြီးမင်း၏မျက်နှာ၌ ကျန်ရှိနေသေးပေသည်။ “မိန်းကလေးစု ဘာလို့ကိုယ်တိုင် ဈေးမသတ်မှတ်တာလဲ”
ယိုကျင့်သည် အနည်းငယ် တုံ့ဆိုင်းသွားကာ သူမ၏လက်ငါးချောင်းကို ဖြည်းညင်းစွာ ဖြန့်ချလိုက်သည်။
“လူကြီးမင်းရော ဘယ်လိုထင်လဲ”
ယိုကျင့်သည် ကျားဂူထဲသို့ အတင်းတိုး၀င်နေမှန်း သိပေသည်။ သို့သော် ၀ယ်ယူရန် စဉ်းစားထားပါက သူတို့၏စိတ်ထဲ၌ ထိုမျှ ပမာဏကို ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။
ထိုငွေပမာဏသည် ရှောင်လင်ယွိ၏ လက်ခံနိုင်သည့် ပမာဏအတွင်း၌ ရှိနေသည့်အပြင် ထိုပမာဏမျှ တောင်းယူမည်ကိုလည်း မျှော်လင့်ထားခဲ့သည်။ သူသည် ဤနေရာသို့ မလာခင်ကပင် တွက်ချက်ထားခဲ့သည်။ ပြုလုပ်ရန် နည်းလမ်းကိုသာ ရပါက နွေရာသီတွင် ကုန်သွားသည်ထက် နှစ်ဆသုံးဆမျှ ရှာနိုင်မည်ဟု ယုံကြည်ပေသည်။ ထို့ကြောင့် ခဏကြာစဉ်းစားပြီးချိန်၌ ရှောင်လင်ယွိသည် လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “အဆင်ပြေတယ်”
ဈေးမဆစ်တော့ဘူးလား။ ယိုကျင့်သည် အနည်းငယ်မျှ အေးခဲသွားတော့သည်။ သာ့ဖန်မှာ အဲ့လောက်ချမ်းသာတဲ့သူရှိတာလား။ ထိုသို့ဖြစ်မည်မှန်းသိပါက ထိုထက်များသည့်ပမာဏကို ဈေးခေါ်ခဲ့သင့်ပေသည်။ အလျင်စလိုလုပ်ခြင်းက အခွင့်အရေးကောင်းကို လွဲချော်နိုင်သည်။ ယိုကျင့်သည် စိတ်ထဲ၌ အနည်းငယ် နှမြောမိသည်။ ထို့နောက် မိသားစုသည် ထိုစီးပွားရေးကိုသာ အမှီအခို ပြုနေရကြောင်း တွေးမိကာ အကြံတစ်ခုပေါ်လာပေသည်။
“ရှောင်လူကြီးမင်းကို တစ်ခုလောက် တောင်းဆိုပါရစေ”
“မိန်းကလေးစု စိတ်လွတ်လက်လွတ်ပြောလို့ရပါတယ်” ရှောင်လင်ယွိသည် သူ၏ခေါက်ထားသော ယပ်တောင်ကို ဖြန့်ကျက်လိုက်ရင်း အပြုံးဖျော့ဖျော့လေးဖြင့် စိုက်ကြည့်လေသည်။ ထိုသန့်ရှင်းစင်ကြယ်သည့် ပုံရိပ်ကိုကြည့်ကာ ယိုကျင့်သည် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် မိသားစုအတွက် သူမသည် အနည်းငယ် တကိုယ်ကောင်းဆန်ရမည်ပင်ဖြစ်သည်။
“နည်းလမ်းကို ပေးလို့ရတယ်။ ဒါပေမဲ့ ဒီနွေအကုန်ထိ အဲ့စီးပွားရေးကို ကျွန်မတို့လုပ်မယ်။ ဘယ်လိုလဲ”
ရှောင်လင်ယွိသည် ထိုသို့ အသေးစား တောင်းဆိုချက်များအား သဘာ၀ကျကျပင် လျစ်လျူရှုနိုင်သည်။ ထိုကလေးမ၏ ဆိုင်သေးလေး၌ ငွေမည်မျှရှာနိုင်မည်နည်း။ သူ၏ဆိုင်သည် လူချမ်းသာများနှင့် မျိုးရိုးမြင့်များအား ရည်ရွယ်ခြင်းဖြစ်သည်။ စုမိသားစု၏ဖောက်သည်အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။
နှစ်ဖက်လုံးမှ ငြင်းဆိုခြင်း မရှိသည့်အတွက် ရှောင်လင်ယွိသည် စုတ်တံနှင့် စာရွက်ကိုယူကာ သဘောတူညီချက်များကို ချရေးလိုက်သည်။ သူ၏ဘေးရှိ တောက်ပသည့်မျက်၀န်းတစ်စုံကို သတိထားမိလိုက်ခြင်းကြောင့် ထိုမိန်းကလေးမှာ စာပေဖတ်ရှုနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူသည် သဘောတူညီမှုစာတမ်းအား ယိုကျင့်ဆီသို့ ကမ်းပေးလိုက်သည်။
“မိန်းကလေးစု တစ်ချက်လောက် ကြည့်ကြည့်ပါ။ တကယ်လို့ ပြဿနာမရှိရင် ဒီအတိုင်းပဲ စာချုပ်ချုပ်ဆိုပါ့မယ်”
ယိုကျင့်သည် စဉ်းစားမနေဘဲ ကြည့်ရှုရန် သဘောတူလိုက်သည်။ သူမသည် ရှေးရိုးရာ အက္ခရာအနည်းငယ်ကို မှတ်မိသည့်အတွက် ရောင်း၀ယ်ခြင်းဆိုင်ရာ စာချုပ်စာတမ်းများကို ဖတ်ရှုနိုင်ပေသည်။ စုတ်တံကိုဆွဲယူကာ စုယိုကျင့်ဟူသော စာလုံးကို ကတိုက်ကရိုက်ရေးပြီး လက်ဗွေနှိပ်လေသည်။
စာရွက်စာတမ်းပေါ်ရှိ သူ၏ သုံးနှစ်သားအရွယ်က ရေးခဲ့သည့် လက်ရေးနှင့်တူသော ပဲပင်ပေါက်လက်ရေးကို ကြည့်ကာ ရှောင်လင်ယွိသည် အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် တံခါးအပြင်၌ စောင့်နေသော သခင်ဟွမ်ကို ခေါ်ကာ မှာကြားလိုက်သည်။ “ဦးလေးဟွမ် ဘဏ္ဍာရေးဆီကနေ လျန်ငါးရာကို တွက်ချက်ပြီးယူခဲ့ပါ”
ဒုတိယသခင်ဟွမ်သည် သခင်ဖြစ်သူ၏စကားကို မေးခွန်းမထုတ်ရဲသည်မှာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ “ဟုတ်ကဲ့”ဟုပြောကာ ထွက်သွားပြီး ခဏနှင့်ပြန်လာခဲ့သည်။ ထို့နောက် စားပွဲပေါ်၌ စာရွက်ငါးရွက်ကို တရိုတသေဖြင့် ချလိုက်သည်။ သခင်ဖြစ်သူမှ မည်သည့်စကားမျှမဆိုသည့်အတွက် မူလနေရာကိုသာ ပြန်သွားလိုက်သည်။
သဘောတူညီမှုစာရွက်၌ လက်မှတ်ရေးထိုးပြီး အချက်အလက်များမှန်ကန်သည်ကို ကြည့်ကာ ယိုကျင့်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “ရှောင်လူကြီးမင်း ကျွန်မလက်ရေးက ညံ့တော့ ကျွန်မပြောပြီး ရှင်ရေးရင်ရော ဘယ်လိုလဲ”.
ထိုအချိန်၌ တဖက်ရှိ ရှောင်လင်ဖုန်းသည် အလျင်အမြန် စကားဆိုလိုက်သည်။ “ကျွန်တော်ရေးပေးမယ်”
သူ၏လက်ရေးသည် အလွန်တရာ ကောင်းမွန်ပေသည်။ ယခုကဲ့သို့ ထုတ်ဖော်ပြသရမည့် အခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ချေ။
ရှောင်လင်ယွိသည် သဘာ၀ကျစွာပင် ထိုသို့ ကိစ္စအသေးများ၌ ညီဖြစ်သူနှင့် ပြိုင်ဆိုင်မနေတော့ချေ။ ထိုသို့ဖြင့် ကလေးနှစ်ယောက်၏ ပြောဆိုသံများသည် အခန်း၌ ပြည့်နှက်နေတော့သည်။ ခဏအတွင်း၌ပင် စုမိသားစု၏ ဆီးချိုရည် နည်းလမ်းသည် ရှောင်မိသားစုထံသို့ လက်ဆင့်ကမ်းလိုက်တော့သည်။ စုမိသားစုရှိ ညီအစ်မများသည် အမျိုးသမီးစုအား ဆီးချိုရည် ပြုလုပ်ရာ၌ ကူညီလုပ်ကိုင်ပေးကြပေသည်။ ယိုကျင့်၌ မှတ်ဉာဏ်ကောင်း ရှိပေသည်။ ထို့အပြင် အမျိုးသမီးစုသည် ထည့်သွင်းရမည့် ပစ္စည်းပမာဏအချိုးအစားများကို အကြိမ်ပေါင်းများစွာ သေချာရှင်းပြပေးထားသည့်အတွက် ယိုကျင့်မှတ်မိသည်မှာ မထူးဆန်းတော့ချေ။
တစ်ဖက်၌ ရှောင်လင်ယွိသည် ယိုကျင့်ပြောသည့် ပြုလုပ်ရမည့် အဆင့်များကို နားထောင်ရင်း ခေါင်းအသာအယာ ညိတ်မိလေသည်။ ထိုပစ္စည်းများကို ထည့်ရသေးသည်ပင်။ ထို့အတွက် ဆီးချိုရည်မှာ ချိုမြနေခြင်းဖြစ်သည်။ အချိုအချဉ်ဓာတ်သည် ပြီးပြည့်စုံစွာရောနှောနေပြီး မြို့တော်ရှိ အခြားသော ဆိုင်များထက် သုံးဆယ်ရာခိုင်နှုန်းမျှ ပို၍ အရသာရှိနေရခြင်းဖြစ်သည်။
ယိုကျင့်သည် စာချုပ်စာတမ်းအား ရင်ဘတ်ထဲသို့ အသေအချာထည့်လိုက်ပြီး ပြောလိုက်သည်။
“လူကြီးမင်းရှောင် ပြဿနာမရှိတော့ရင် ကျွန်မပြန်လိုက်ပါဦးမယ်။ အိမ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ”
ရှောင်လင်ယွိသည် ယိုကျင့် ပေးသည့်နည်းလမ်းမှာ မှားယွင်းနေမည်ကို ဂရုမစိုက်ဘဲ လက်ခံလေသည်။ သူမဆီမှ နည်းလမ်း၀ယ်ယူရန် ရှာနိုင်ခဲ့သည့်အတွက် သူမ၏အိမ်ကိုရှာရန် သူ့အတွက် မခက်ခဲပေ။ ကျေးလက်မိန်းကလေးတစ်ဦးသည် သူ့အား လိမ်လည်လှည့်ဖြားနိုင်စွမ်း မရှိပေ။
...... ...
ယိုကျင့်သည် ယွင်ဝေ့ရွှမ်းမှ ထွက်ပြီးချိန်၌ လေတွင် မြောက်နေသလို ခံစားလိုက်ရသည်။ ကောင်းကင်၌ ချိတ်ဆွဲထားသော တောက်ပသည့် နေမင်းကြီးအား ကြည့်ကာ ဘ၀ကြီးမှာ လှပသာယာသည်ဟု မခံစားဘဲ မနေနိုင်အောင်ဖြစ်မိသည်။ သူမကဲ့သို့ ဆယ်ကျော်သက်လေးသည် နေ့ချင်းညချင်း ချမ်းသာလာကာ ငွေငါးရာရှိသည့် ငွေလက်မှတ်များကို ကိုင်ဆောင်ထားမည်ဟု မည်သူထင်မည်နည်း။
ယနေ့ ဆီးချိုရည်ရောင်းရသည့် ငွေပမာဏသည်လည်း သူမ၏ပိုင်ဆိုင်မှု ဖြစ်နေသေးသည်။ အိမ်ရှိ ဆန်အိုးအလွတ်ကို သတိရသွားကာ လက်ထဲရှိသည့်ငွေပမာကြောင့် နေမင်းကိုအံတုရင်း အနောက်ဈေးသို့ သွားလေသည်။ ထို့နောက် အရည်အသွေးမြင့် ၀က်သားငါးကျင်း၀ယ်လိုက်ကာ အိမ်သို့ အသားများပိုက်ကာ ပြန်လာခဲ့သည်။
စုမိသားစုရှိ ညီမများသည် အစ်မဖြစ်သူမှ ၀က်သားများ ပိုက်၍ ပြန်လာသောအခါ အလွန်အမင်း ပျော်ရွှင်သွားကြသည်။ အငယ်ဆုံး သတ္တမညီမလေးသည်ပင် အမျိုးသမီးစု၏ခြေထောက်ကို ဖက်တွယ်ကာ ချွဲနွဲ့ရင်းပြောလေသည်။ “မေမေ သမီး ဒီနေ့ ၀က်သားနှပ်စားချင်းတယ်”
“ဟုတ်ပါပြီ အဲဒါဆို ဒီနေ့ ၀က်သားနှပ်စားကြမယ်” အမျိုးသမီးစုသည် တက်ကြွနေသည့် ရှစ်ယောက်မြောက် ကလေးကို ချော့မြူရင်း သဘောတူလိုက်သည်။ ထို့နောက် ယိုကျင်ဘဘက်သို့ လှည့်လိုက်သည်။ “မနေ့က အသားတွေ ၀ယ်လာပြီးပြီ မဟုတ်ဘူးလား။ ဒီနေ့ဘာလို့ ထပ်၀ယ်လာတာလဲ”
ယိုကျင့်သည် ယိုရင်ဆီသို့ ၀က်သားများကို ပျော်ရွှင်စွာကမ်းပေးလိုက်သည်။ ထို့နောက် ယိုကျူး လောင်းထည့်ပေးသည့် ရေအေးများကို ခွက်အပြည့်သောက်လိုက်သည်။ “ဒီနေ့ ပိုက်ဆံစုမိလာလို့ အကုန်လုံးစားလို့ရအောင် ၀ယ်လာခဲ့တာ”
စောစီးစွာပြန်လာသည့် သမီးနှစ်ယောက်ထံမှ အကြီးဆုံးသမီးဖြစ်သူမှာ ချမ်းသာသည့် မိသားစုများနှင့် စီးပွားရေကိစ္စ ဆွေးနွေးရန် သွားရောက်ကြောင်း ကြားသိထားပေသည်။ သူမသည် ယခင်နေ့များကဲ့သို့ ဆီးချိုရည်အိုးများ မှာယူသည်ဟုသာ ထင်ကာ ပျော်ရွှင်သွားသည်။ သို့သော် တစ်ခုခုအား စိတ်အနှောင့်အယှက်ဖြစ်ဟန် ပြောလိုက်သည်။
“ဆီးချိုရည်အိုး တစ်အိုးမှ ငွေဘယ်လောက်မှ မရပါဘူးသမီးရယ်။ ဘယ်ကနေ ဘယ်လို ဒီလောက် အသားတွေအများကြီး၀ယ်ဖို့ ငွေရလာတာလဲ”
ယိုကျင့်သည် ပြန်မဖြေဘဲ ပြုံးလိုက်ကာ ဘာမှဆက်မပြောပေ။ ကလေးများ အိပ်မောကျသည့် အချိန်ရောက်မှသာ အမျိုးသမီးစုအား အမှန်အတိုင်း ပြောလိုက်သည်။
“အမေ သမီးဆီးချိုရည် လုပ်နည်းကို ရောင်းလိုက်တယ်။ ဒီနှစ်ပြီးရင် သမီးတို့နောက်နှစ်ကျ လုပ်ရောင်းလို့ မရတော့ဘူး”
သမီးဖြစ်သူမှ နည်းလမ်းကို ရောင်းလိုက်ကြောင်း ကြားသိအခါ အမျိုးသမီးစုသည် တိတ်ဆိတ်နေသော ညချမ်းအား ဖြိုခွင်းလိုက်မိသည်။
“ရောင်းလိုက်တယ်။ အဲဒါဆို အမေတို့မိသားစုက အနာဂတ်မှာ ဘာလုပ်စားကြမှာလဲ။ ဘယ်လိုပိုက်ဆံရှာကြမှာလဲ”
ယိုကျင့်အပေါ်၌ အပြစ်မတင်မိဘဲ မနေနိုင်ချေ။ “ဒီလောက် ကိစ္စအကြီးကြီးကို ဘာလို့မိသားစုနဲ့ မတိုင်ပင်ရတာလဲ။ ညည်းကလေ အသက်ကြီးလေ အကြံကြီးလေပဲ”
ယိုကျင့်သည် ဒေါသမထွက်ခဲ့ပေ။ သူမသည် အသံတိုးတိုးဖြင့် အလျင်အမြန်ပြောလိုက်သည်။ “အမေ သမီးက လျန်ငါးရာနဲ့ ရောင်းလိုက်တာနော်”
“လျန်ငါးရာ” ထိုအချိန်၌ အမျိုးသမီးစုသည် အံ့ဩမှုကြောင့် ယိုကျင့်အား အပြစ်တင်မိသည်ကိုပင် မေ့လျော့သွားခဲ့သည်။ “လျန်ငါးရာနဲ့ ဘယ်လိုရောင်းလိုက်တာလဲ”
“အမေ တအား စိတ်မပူနဲ့တော့နော်။ အခု သမီးတို့မိသားစုမှာ ငွေရှိနေပြီ။ မနက်ဖြန်ကျ ဆေးခန်းသွားပြီး သမားတော်နဲ့ သွားစစ်ရအောင်နော်။ မဟုတ်ရင် ဆောင်းတွင်းကျ အမေ ဖျားနာနေလိမ့်မယ်”
ယိုကျင့်သည် အမေဖြစ်သူအား အပြုံးလေးဖြင့် နှစ်သိမ့်နေခဲ့သည်။ သားအမိနှစ်ယောက်သည် အိပ်မပျော်ခင်အထိ အချိန်ကြာမြင့်စွာ စကားပြောနေခဲ့ကြသည်။
…
အပိုင်း (၆၀) ဆေးဝါးများနှင့် မြေယာဝယ်ယူခြင်း
နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်တို့ညီအစ်မသည် သူတို့းဆီးဖျော်ရည်များကို ရောင်းရန် မြို့သို့ တက်သွားကြတော့သည်။ ယိုရင်က ဆီးဖျော်ရည်ကို ဒုတိယအကြိမ်ပြန်ယူရင်း သူမသည် အမျိုးသမီးစုနှင့် အမြွှာလေးနှစ်ယောက်ကို တစ်ခါတည်းခေါ်ခဲ့ကာ ယိုပေါင်ကိုတော့ ညီမငယ်တချို့နှင့် အိမ်စောင့်ထားခဲ့လေသည်။
အမျိုးသမီးစုသည် ဝူလီချောင်သို့ ပြောင်းလာကတည်းက ပထမဆုံးအကြိမ် မြို့တက်ခြင်းပင်။ နွားလည်းထဲတွင် ထိုင်ရင်း လမ်းတစ်လျှောက် ရှုခင်းများကိုကြည့်လာရာ လောကသစ်တစ်ခုလို ခံစားလိုက်ရလေသည်။
ဦးလေးနျိုသည် စုမိသားစုနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူက သူတို့ကို ယိုကျင့်ဆိုင်နေရာသို့ တန်းခေါ်လာလိုက်ရာ ကလေးတချို့ကို ချီပိုးရသည့် ဒုက္ခလွတ်သွားတော့သည်။ အမျိုးသမီးစုက လာနေသည်ကိုမြင်လိုက်သဖြင့် ယိုကျင့်က သူမကို အပြေးသွားကြိုလိုက်တော့သည်။ သူမက ယိုရင်လက်ထဲက ကလေးကို လှမ်းချီလိုက်ပြီး အမျိုးသမီးစုကို အနားက အေးသည့်နေရာလေးတစ်ခုသို့ ခေါ်သွားကာ ထိုင်ခိုင်းလိုက်လေသည်။
"အမေ ခဏလောက်နားလိုက်အုံးနော်၊ သမီးတို့ ကုန်အောင်ရောင်းပြီးတဲ့အထိ စောင့်ပြီးရင် ဆေးခန်းသွားကြမယ်"
အမျိုးသမီးစုက အသာအယာခေါင်းညိတ်လိုက်ပြီး
"ရပါတယ်ကွယ် သမီးတို့အရင် အလုပ်သွားလုပ်ကြ၊ အမေ့ကို စိတ်မပူနဲ့၊ ဧည့်သည်တွေကို မြန်မြန်သွားဧည့်ခံလိုက်အုံး"
ဆီးဖျော်ရည် လာဝယ်သူနောက်တစ်ယောက် ဖြစ်နေ၏။ လျင်မြန်သွက်လက်ပြီး ပေါ့ပါးသည့် ခြေထောက်များနှင့် အပြောအဆိုညက်ညောသည့် ကလေးများကို မြင်လိုက်ရသောအခါ အကြီးဆုံးသမီးလေးက ကလေးများကို ပျိုးထောင်ရာတွင် သူတို့၏မိခင် သူမထက် အမှန်ပင် သာသည်ဟု ခံစားမိလိုက်လေသည်။ သူမ၏ သင်ကြားပြသပေးမှုအောက်တွင် သမီးများသည် အရင်ကထက် ပိုသိတတ်နားလည်ကာ ရွယ်တူ သာမန်ကလေးများထက်လည်း ပို၍ထက်မြက်လေသည်။
စုမိသားစု၏ ဆီးဖျော်ရည်သည် အခုဆိုလျှင် လော့ဟယ်မြို့၌ နာမည်ကြီးလာ၏။ ထို့အပြင် ဈေးကလည်း မများချေ။ သာမန်လူများပင် တတ်နိုင်လေသည်။ လူအများစုက ကိုယ်တိုင်လည်း သောက်ကြပြီး ဝါးဘူးလေးနှင့်လည်း ပါဆယ်ယူသွားကြသည်။ ထို့ကြောင့် ယိုကျင့်တို့ညီအစ်မက တောင်ပေါ်က ဝါးဆစ်လေးများကိုသုံးကာ အကြမ်းထည်ဝါးဘူးလေးများ လုပ်လိုက်ကြသည်။ ပါဆယ်ထုတ်သွားခြင်းအတွက် ပိုပေးရသည်လည်း မရှိပေ။ ထို့ကြောင့် လူများက ပိုဝယ်လာကြ၏။ ဆီးဖျော်ရည်နှစ်စည်သည် နာရီဝက်မပြည့်ခင်မှာပင် ကုန်သွားတော့သည်။
ယိုကျင့်တို့ညီအစ်မငှားထားသည့် လှည်းကလေးကို ကုန်စုံဆိုင်တစ်ခု၏အပြင်ဘက်တွင် တည်ထားသည်။ ကုန်စုံဆိုင်ပိုင်ရှင်၏နာမည်မှာ လီအားရွှမ်း ဖြစ်၏။ သူသည် မကြာခဏဆိုသလို ဆီးဖျော်ရည် ဝယ်သောက်တတ်သော်လည်း ယိုကျင့်ကတော့ ငွေမယူပေ။ သူတို့နှစ်ယောက်သည် အဆင်ပြေသည့်ဆက်ဆံရေးတစ်ခု ရှိလာကြလေသည်။
သူမက ဆီးဖျော်ရည်တစ်ပန်းကန်နှင့် လာနေသည်ကို မြင်လိုက်သဖြင့် လီအားရွှမ်းက ဝမ်းသာအားရ ပြောလေသည်။
" စုမိသားစုကလေးမ နင်ကလည်း အားနာလွန်းနေပါပြီ"
သူသည် လက်ထဲက ဆီးဖျော်ရည်ကိုတော့ မငြင်းလိုက်ချေ။
"ဆိုင်ရှင်လီရယ် ဦးလေးရဲ့ကျေးဇူးကြောင့်သာ ကျွန်မတို့တွေ ဦးလေးရဲ့ဆိုင်ရှေ့မှာ ဆိုင်လေးတစ်ခု ဖွင့်နိုင်ခဲ့တာလေ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ်"
ယိုကျင့်သည် ဆီးဖျော်ရည်ကို စားပွဲပေါ်တင်လိုက်၏။ ထို့နောက် သူမ၏ဆိုင်ထဲက ရိုးရိုးသစ်သားစားပွဲကို အထဲသွင်းလိုက်ပြီး ထောင့်တွင်ထားလိုက်လေသည်။ သူမက ပြုံးကာ သူ့အား နှုတ်ဆက်လိုက်၏။
" ဆိုင်ရှင်လီ ဒါဆို ကျွန်မတို့အရင် သွားနှင့်မယ်နော်၊ မနက်ဖြန်မှ တွေ့မယ်"
"အေး အေး"
လီအားရွှမ်းသည် ပြုံးလိုက်ပြီး ဆီးဖျော်ရည်ပန်းကန်လုံးအပြည့်ကို တစ်ငုံမော့သောက်လိုက်ဘေသည်။ ထို့နောက် ကျေနပ်သွားပြီး သက်ပြင်းချလိုက်၏။ ဒီဆိုးလိုက်တဲ့ရာသီဥတုကလည်း တဖြည်းဖြည်း ပိုပူလာပါရော။
***
ဆီးဖျော်ရည် ရောင်းပြီးနောက် စည်ပိုင်းအလွတ်ကို ဦးလေးနျိုထံတွင် ထားခဲ့လိုက်၏။ ယိုကျင့်က ခဏနေမှ မြို့အနောက်ဘက်ဂိတ်တွင် လာကြိုပေးဖို့ ဦးလေးနျိုကို မှာလိုက်လေသည်။ နွားလည်းမရှိလျှင် သူတို့ပြန်လို့မရပေ။
ဆေးခန်းတွင် မှုတ်ဆိတ်ဖြူနှင့် သမားတော်ကြီးတစ်ယောက်က အမျိုးသမီစု၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
" ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့အာဟာရချို့တဲ့တာတွေ ဖြစ်နေတယ်၊ အခုတော့ ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မရှိတော့ပေမဲ့ ဒါကို ချက်ချင်းမကုရင် နောက်နှစ်တွေနည်းနည်းကြာလာရင် ထပ်ဖြစ်လိမ့်မယ်၊ သက်ရှည်ကျန်းမာရေးကိုပါ ထိခိုက်လာလိမ့်မယ်"
အမျိုးသမီးစုသည် ထိုစကားကြားလိုက်ရတော့ ထိတ်လန့်သွားလေသည်။ သူမသာ သေသွားရင် သူမရဲ့ ကလေးကိုးယောက် ဘယ်လိုဖြစ်သွားမှာလဲ။
ခန်းအာကိုချီကာ ဘေးတွင် ရပ်နေသည့် ယိုကျင့်သည် မျက်မှောင်ကျုံ့သွား၏။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
" သမားတော် သူ ဘာတွေစားဖို့လိုလဲ၊ ကျွန်မကို ပြောပါ၊ ကျွန်မအမေကို ကျန်းမာအောင် အာဟာရ ဖြစ်နိုင်မယ်ဆိုရင် များချင်များပါစေ ကျွန်မတို့ သုံးနိုင်ပါတယ်"
တစ်မိသားစုလုံးက ဖြူဆွတ်နေအောင်လျှော်ထားသည့် ဖျင်ကြမ်းအင်္ကျီများကို ဝတ်ထားသည်ကို ကြည့်ရင်း သမားတော်ကြီးက သက်ပြင်းချလိုက်သည်။ အမျိုးသမီးရဲ့ဖျားနာမှုက လူချမ်းသာမိသားစုထဲမှာ ဖြစ်ရင်တော့ ပြင်းထန်တဲ့ဖျားနာမှုလိုါ သတ်မှတ်လို့မရဘူးပေါ့။ ဒါပေမဲ့ သူ့ရှေ့ကမိသားစုက တောက ဆင်းရဲတဲ့ မိသားစုမှန်း သိသာနေတာပဲ။ သူတို့က ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။
"ဆေးတစ်ဖုံကို ငွေတစ်စ ကျတယ်၊ အရင်ဆုံး ဆေးညွှန်းနည်းနည်း ပေးလိုက်မယ်၊ ပြန်သွားပြီး ကြည့်ကြည့်လိုက်"
"ဈေးကြီးလိုက်တာ"
အမျိုးသမီးစုက ထပြောတော့သည်။
အခုက မိသားစုမှ ငွေနည်းနည်းရှိတယ်ဆိုပေမဲ့ ဒါက အရမ်းဈေးကြီးတယ်လေ မဟုတ်ဘူးလား။
တစ်ဖက်တွင်တော့ ယိုကျင့် မသိမသာခေါင်းခါပြလိုက်ပြီး
" သမားတော် ကျေးဇူးပြုပြီး တစ်လစာ ဆေးညွှန်းရေးပေးလိုက်ပါရှင် ကျွန်မတို့မှာ ငွေရှိပါတယ်"
ထိုသို့ ပြောလိုက်ပြီးနောက် သူမ၏အိတ်ကပ်ထဲက ငွေစအနည်းကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်လေသည်။
သမားတော်နှင့် အမျိုးသမီးစုသည် ယိုကျင့်က ငွေအများကြီးကို တစ်ခါထဲ ထုတ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမ ချမ်းသာသည်ကို မြင်လိုက်တော့ သမားတော်က ခေါင်းညိတ်လိုက်ပြီး ဆေးညွှန်းကို ချရေးလိုက်ကာ သူ့ဘေးက ဆေးစပ်သည့်ကောင်ဘေးကို လှမ်းပေးလိုက်ပြီး
" တစ်နေ့တစ်ဖုံ ၊ တစ်လစာ ဆေးသွားယူလာခဲ့ချည်"
ထို့နောက် သူ့ခေါင်းကို လှည့်ကာ ယိုကျင့်အား ပြောလိုက်၏။
" နင့်အမေရဲ့ခန္ဓာကိုယ်က နှစ်တွေအကြာကြီး ပင်ပန်းနေတာ ဒီတော့ အာဟာရပြည့်တဲ့ဆေးဝါးတေဠကို သောက်ဖို့လိုတယ်၊ ဂျင်ဆင်းရိုင်းနဲ့ ရှီးပတီးနှစ်ခုလုံးသုံးလို့ရတယ်၊ ဒါပေမဲ့ ဒီနှစ်ခု ပိုဈေးကြီးတယ်၊ အထူးသဖြင့် ရှီးပတီးပဲ၊ ဒါက နင့်အမေရဲ့ခန္ဓာကိုယ်အတွက် အသုံးဝင်တယခ၊ ဒါပေမဲ့ အခုလောလောဆယ် ငါတို့ဆေးခန်းမှာ ရှီးပတီးက မရှိဘူး"
ယိုကျင့်သည် ထိုစကားကို ကြားလိုက်သည်နှင့် မေးလိုက်လေသည်။
" သမားတော် ဒီရှီးပတီးက ဘာနဲ့တူလဲ"
မရဘူးဆိုရင်လည်း သူမ တောင်ပေါ်တက်ပြီး သွားခူးလို့ရတယ်လေ ဟုတ်တယ်မလား။
သမားတော်ကြီးက ပုံစံကို ပြောပြလိုက်၏။
"ရှီးပတီးက ဝါးတောထဲမှာ ပေါက်တယ်၊ နင် စိတ်ဝင်စားရင်း ဒီနားကဝါးတောထဲမှာ သွားရှာကြည့်လို့ရတယ်"
နှစ်ယောက်သားသည် အမျိုးသမီး အခြေအနေကို အတန်အောင်ဆွေးနွေး လိုက်ကြ၏။ အမျိုးသမီးစုကို စမ်းသပ်ပေးပြီးနောက် လသားအရွယ်အမြွှာ အလှည့်ဖြစ်သည်။ ထို့နောက်တွင် စုမိသားစုသည် ဆေးအထုပ်၃၀နှင့် ဆေးခန်းထဲမှ ထွက်လာခဲ့တော့သည်။
ဆေးခန်းမှ ထွက်လာပြီးနောက် နေတော်တော် မြင့်နေပြီ ဖြစ်၏။ သားအမိများသည် ဆန်ဆိုင်သို့ မြန်မြန်သွားကာ ဆန်ချော ငါးပြည်နှင့် ဆန်းကြမ်း ငါးပြည်ဝယ်ပြီးနောက် အိမ်သို့ အပြေးပြန်လာကြတော့သည်။
အမျိုးသမီးစုလည်း သည်နေ့အပြင်ထွက်ရသဖြင့် အိမ်တွင် ချက်ပြုတ်မည့်သူမရှိပေ။ ယိုကျင့်က လူကြားထဲ တိုးဝေ့ကာ အနောက်ဘက်စျေးက မုန့်ပေါင်းဆိုင်လေးဆီသို့ ဦးဆောင်သွားလိုက်ပြီး အသားထည့်ထားသည့် ပေါင်မုန့်တစ်ယောက်တစ်လုံးစီနှင့် အသီးအရွက်ထည့်ထားသည့် ပေါင်မုန့် ဆယ့်နှစ်လုံးကို ဝယ်လို့လေသည်။
ယိုကျင့်နောက်က လိုက်လာသည့် ယိုရင်က ညစ်ပတ်ပေရေနေသည့် သူတောင်းစားလေးနှစ်ယောက်ကို ထပ်တွေ့ပြန်သည်။ သူမသည် မကြီး၏အင်္ကျီလက်ကို သတိထားမိအောင်လှမ်းဆွဲလိုက်ပြီး
“ မကြီး....”
ယိုကျင့်က သက်ပြင်းချလိုက်၏။
“ သူဌေး ကျွန်မကို အသားပေါင်မုန့်နှစ်လုံး ထပ်ပေးပါ”
သူမသည် သစ်ရွက်ကြီးတစ်ခုနှင့် ထုပ်ထားသည့် အသားပေါင်မုန့်နှစ်လုံးကို ယိုရင်လက်ထဲ ထည့်ပေးလိုက်လေသည်။
“ သွား”
ယိုရင်က ပေါင်မုန့်များကို ဝမ်းသာအားရယူလိုက်ပြီး သူတောင်းစားလေးနှစ်ယောက်ဆီ မြန်မြန် လျှောက်သွားလိုက်လေသည်။ သူမက ပေါင်မုန့်မျာကို သူတောင်းစားအကြီးတစ်ယောက်ထံ သွပ်ထည့်ပေးလိုက်ပြီး
“စားလိုက်”
ထို့နောက် သူမသည် ယိုကျင့်နှင့်ကျန်လူများ ရှိရာသို့ မြန်မြန်ပြန်လာပြီး တောင်ဘက်ဂိတ်သို့ ဦးတည်သွားလိုက်ကြလေသည်။ ယိုရင်က နောက်သို့ ခိုးကြည့်လိုက်ပြီး ငေးငိုင်နေကြသည့် သူတောင်းစားလေး နှစ်ယောက်အား လက်ပြနှုတ်ဆက်လိုက်တော့သည်။
သူတောင်းစားအငယ်လေးက အစ်ကိုဖြစ်သူလက်ထဲက အသားပေါင်မုန့်ပူပူလေး၏ အနံ့ကို ရလိုက်ပြီး သွားရည်ကျသွားတော့သည်။ သူသည် အဝေးသို့ ကြည့်နေသည့် သူ့အစ်ကို စိတ်လှုပ်ရှား ဆွဲလိုက်ပြီး
“ ကိုကြီး ကျွန်တော် အသားပေါင်မုန့်စားချင်တယ်....”
စုမိသားစု ပျောက်ကွယ်သွားသည့်အချိန်မှ သူတောင်းစားအကြီးတစ်ယောက်က သတိပြန်ဝင်လာပြီး အသားပေါင်မုန့်ပူပူလေးကို ညီဖြစ်သူနှင့် မျှစားလိုက်တော့သ်ည။ သူ၏ မဲနက်ကာ ပေကျံနေသည့်လက်ချောင်းများက ပေါင်မုန့်သားပေါ်တွင် အရာထင်နေလေသည်။ တခြားလူများအတွက် စားချင်စရာ မဖြစ်သော်ငြား သူတောင်းစားလေးနှစ်ယောက်အတွက်တော့ မြိန်မြိန်ယှက်ယှက်နှင့်ပင်။ လူကြီးလက်သီးတစ်လုံးစာအရွယ် ပေါင်မုန့်လေးတစ်လုံးကို နှစ်ယောက်သားသည် ချက်ချင်းကုန်သွားတော့သည်။ အငယ်လေးက တသသပြန်တွေးရင်း ပါးစပ်ကို စုပ်သပ်လိုက်လေသည်။
***
အမျိုးသမီးစု၏ဆေးဖိုးက အများကြီး မကုန်ကျပေ။ ယခုတွင် မိသားစု၌ စုစုပေါင်း ငွေစ ၆၀၀ကျော် ရှိလေသည်။ ယိုကျင့်က နောက်လုပ်ရမည့်အရာကို စဥ်းစားသင့်မှန်း သိထား၏။ ၆၀၀ သည် မနည်းလှသည့်ပမာဏ ဖြစ်သော်လည်း ကြီးလာမည့် ညီမငယ် ၇ယောက်ရှိပြီး တစ်ယောက်ပြီး တစ်ယောက် လက်ထပ်ကြအုံးမည်။ လက်ဖွဲ့ငွေနှင့်တင် မိသားစု၏စုဆောင်းငွေ ကုန်သွားနိုင်သည်။
မြစ်ဘေးက စိမ့်မြေကိုလည်း မြေးဆွေးဖြစ်အောင် ဆက်တိုက်လုပ်ထားသည်။ မြေရိုင်းပေါ်တွင် စိုက်ထားသည့်နေကြာများကလည်း အများကြီးထွားလာသည်။ အရင်ကစိုက်ထားသည့် မက်ခါပင်ကလည်း သုံးလက်မလောက် အညောင့်ထွက်နေပြီ။ ယိုကျင့်သည် အနောက်ဘက်ဒေသက ကုန်သည်ဆီမှ ဝယ်ထားသည့် အနောက်တိုင်းဒေသမျိုး စပျစ်မျိုးစေ့ကိုလည်း စိုက်ထားသေးသည်။အခုတော့ မြစ်ဘေးတွင် လမ်းလျှောက်လျှင် အရင်က ကျက်တီးမြေက စည်းကားသည့်မြေတစ်ခုဖြစ်နေပြီကိုတွေ့လိုက်လေသည်။
မြစ်တစ်ဖက်ကမ်းက စိမ်းလန်းစိုပြေနေသည့် မြေညီကို ကြည့်ရင်း သည်ခေတ်၏ မြေတန်ဖိုးကို စဥ်းစားမိလိုက်လေသည်။ သူမသည် မြေထပ်ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ လက်ထဲတွင် ငွေကိုင်ထားသည်ထက်စာလျှင် ပိုကောင်းလေသည်။ အနည်းဆုံးတော့ အပင်များ စိုက်နိုင်လေသည်။
ယိုကျင့်သည် အလွန်တော်သူတစ်ယောက်ပင်။ နောက်တစ်နေ့မနက် ဆီးဖျော်ရည်များကို ရောင်းချလိုက်ပြီးနောက် သူမကို အိမ်ဝယ်ရန် ကူညီပေးခဲ့သည့် ချန်မျိုးနွယ် ပွဲစားကို သွားရှာလိုက်လေသည်။ ပွဲစားချန်ကလည်း ဝူလီချောင်က သရဲခြောက်သည့်အိမ်ကို ဝယ်သွားသည့် မိန်းကလေးကို မှတ်မိနေ၏။ သူသည် သူမကို မြင်လိုက်သောအခါ အိမ်ကို ပြန်လာရောင်းမည့်အကြောင်း ပြောမည်လားဟု စိုးရိမ်သွားတော့သည်။ သို့သော် သူမက မြေထပ်ဝယ်မည်ဟု ကြားလိုက်ရသောအခါ သူ့မှာ စိတ်အေးသွားတော့သည်။
“ ကောင်မလေး မင်းက မြေဘယ်နှစ်ကွက် လိုချင်တာလဲ”
“ အခု အရည်အသွေးကောင်းစိုက်ပျိုးမြေတစ်ဧက ဘယ်လောက်ရှိလဲ”
ယိုကျင့်သည် သူမရှေ့က လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး ဘယ်နှစ်ကွက်ဝယ်မည်ဟု မဆုံးဖြတ်ခင် စျေးအရင်မေးလိုက်တော့သည်။
ပွဲစားချန်က ဝမ်းသာအားရ ပြန်ဖြေ၏။
“ ဒီနေ့အထိတော့ ထိပ်တန်းအရည်အသွေးစိုက်ပျိုးမြေကို တစ်ဧက ငွေ ၈စနဲ့ ရောင်းနိုင်တယ်’
ယိုကျင့်မျက်လုံးပြူးသွားသည်ကို ကြည့်ရင်း ပွဲစားချန်က ရှင်းပြလိုက်လေသည်။
“ မိန်းကလေး ဒီလိုပါ စျေးက ဝူလီချောင်နားက မြေစျေးပါ၊ အရမ်းစျေးကြီးတယ်ဆိုရင်တော့ နည်းနည်းဝေးတဲ့နေရာကို ရွေးလိုက်ပေါ့၊ ဝူလီချောင်နဲ့ ၃ကီလိုမီတာ လောက်ဝေးတဲ့နေရာမှာတော့ တစ်ဧကကို ငွေ ၇စရှိတယ်”
စျေးက တကယ်နည်းနည်းများနေတာပဲ။ ချွေ့ဖုန်းရွာမှာဆိုရင် ထိပ်တန်းအရည်အသွေးက တစ်ဧက ငွေ ၅စ အများဆုံးပဲ။ ဝူလီချောင်က အများကြီး စျေးပိုကြီးတယ်။ ယိုကျင့်သည် ခဏလောက် စဥ်းစားလိုက်ပြီးနောက် ဆုံးဖြတ်လိုက်တော့သည်။
“ ဦးလေးချန် ကျွန်မတို့ အရင်ဆုံး မြေသွားကြည့်ကြမယ်လေ”
ယှဥ်ကြည့်ပြီးရင်တော့ သူမ ဆုံးဖြတ်ချက်တစ်ခု ချနိုင်မှာပါ။
ယိုကျင့်သည် ယွဲ့အိမ်တွင် ဆယ်တစ်နှစ်လောက် နေလာခဲ့သည်။ ထို့ကြောင့် မြေတစ်ကွက်ကာ အရည်အသွေးမြင့်သလား နိမ့်သလားဆိုတာကို အလိုလို သိလာလေသည်။ ဝူလီချောင်၏တောင်ဖက် ၃ကီလိုမီတာခွဲတွင် ဟိုကျားဝမ်ဟု ခေါ်သည့် ရွာတစ်ရွာရှိ၏။ ပွဲစားချန် ပြောသည့် ၁၆ဧကရှိသည့် စိုက်ပျိုးမြေသည် မြစ်ကမ်းနှင့် မဝေးပေ။
ယိုကျင့်သည် ပွဲစားချန် ပြောစကားကိုနားထောင်ရင်း မြေကို ပတ်ကာ သေသေချာချာ စစ်ဆေးလိုက်လေသည်။ ထို့နောက် သူမသည် တူးမြောင်းကို ကြည့်လိုက်ပြီး မြေသားကို လက်ဖြင့် ကိုယ်တိုင် စစ်ဆေးလိုက်၏။ သူမသည် တော်တော်ကျေနပ်သွားတော့သည်။
ပွဲစားချန်သည် ကလေးမလေးက ဒီလိုအရာမျိုးကို ကြည့်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ သူသည် သူမကို လျှော့တွက်ခဲ့မိဟန် တူသည်။ အခုတော့ သူက ဘာမှ ထပ်မပြောရဲတော့ချေ။ နေရောင်အောက်တွင် သူမသည် ရွှင်ရွှင်လန်းလန်း ပြောလိုက်လေသည်။
“ စုမိသားစုမိန်းကလေး ဒီနေရာက တကယ်ကောင်းတာနော်၊ ၁၆ဧက တစ်ဆက်တည်း ရှိတာက ရှားတယ်၊ ရေသွင်းဖို့လည်း အရမ်းအဆင်ပြေတယ်၊ ပြီးတော့ လမ်းမကြီးနဲ့လည်း ဘေးကပ်လျက်ပဲ၊ လော့ဟယ်နဲ့ ဝေးတာကလွဲရင် ကျန်တာက အကောင်းစားချည်းပဲ၊ မဟုတ်ရင် ငါတို့က တစ်ဧက ငွေ၇စ ဘယ်တောင်းရဲပါ့မလား ဟုတ်တယ်မလား”
ယိုကျင့်သည် ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းဝယ်မည်ဟု မပြောလိုက်ချေ။ သူမက သည်အတိုင်းပြောလိုက်လေသည်။
“ဦးလေးချန် ပြန်သွားပြီး ဝူလီချောင်ဘက်ကို သွားကြည့်ရအောင်”
ပွဲစားချန်က နားလည်သည်။ နောက်ဆုံး ခြံတစ်ကွက်ဝယ်သည်က အသေးအဖွဲကိစ္စ မဟုတ်ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သားသည် မြည်းလှည်းပေါ်တက်ကာ ဝူလီချောင်သို့ ပြန်လာကြတော့သည်။ ဝူလီချောင်တွင် စိုက်ပျိုးမြေ ၈ဧကသာရှိ၏။ မြစ်အရှေ့ဘက်ကမ်းခြေရှိ အိမ်များ၏ နောက်ကပ်လျက်တွင် ဖြစ်သည်။ ဝူလီချောင်မြစ်နှင့် အနည်းငယ်ဝေးသည်။ ရေသွင်းဖို့က ဟိုကျားဝမ်လောက် အဆင်မပြေချေ။
ဝူလီချောင်ကို ကြည့်လိုက်ပြီးနောက် ယိုကျင့်က ဆုံးဖြတ်လိုက်တော့သည်။ သူမတို့မိသားစု ဝူလီချောင်ကို ပြောင်းလာတာ လနည်းနည်းပဲ ရှိသေးတယ်။ ဒီလောက်မြေအများကြီး ဝယ်ရင် အာရုံစိုက်စရာ ဖြစ်တော့မယ်။ မကောင်းတဲ့ စိတ်ထားရှိတဲ့လူတွေကို ဆွဲဆောင်မိရင် ပြဿနာက တက်အုံးမယ်။ ယှဥ်ကြည့်လိုက်တော့ ဟိုကျားဝမ်က နိုင်ပြီးသားပဲ။
ယိုကျင့်နှင့်ပွဲစားချန်တို့သည် စုအိမ်သို့ သွားရာ မြစ်ရိုးအတိုင်း ရှေ့ဆင့်နောက်ဆင့် လျှောက်လာကြ၏။
“ ဦးလေးချိန် ဟိုကျားဝမ်က မြေကို နည်းနည်းလျှော့ပေးပါအုံးလား”
“ နင် ၁၆ဧကလုံး ယူမယ်ဆိုရင်တော့ တစ်ဧက ငွေ၆စနဲ့ ၇ပြား ဆိုဘယ်လိုလဲ”
ပွဲစားချန်သည် ခဏလောက် စဥ်းစားလိုက်ပြီး သင့်တော်သည့်စျေးတစ်ခုကို ပေးလိုက်လေသည်။
“ မိန်းကလေးစု အဲဒီမြေက တကယ်ကောင်းတာ၊ မြေလည်းပြန့်တယ်၊ ရေသွင်းဖို့လည်း အဆင်ပြေတယ်၊ ရှားတာကတော့ တစ်ဆက်တည်းဖြစ်နေတာပဲ”
ယိုကျင့်က ခြံတံခါးကို တွန်းဖွင့်လိုက်၏။ ခြံထဲတွင် ထိုင်နေ လဲနေကြသည့် ခွေးလေးကောင်က ချက်ချင်း သတိအနေအထား ဖြစ်သွားတော့သည်။ သူတို့သခင်ဖြစ်နေမှန်း တွေ့လိုက်သဖြင့် အားလုံးက အမြီးများနှံ့ကာ လာကြတော့သည်။ ယိုကျင့်က ပြုံးကာ လက်ရမ်းပြလိုက်ပြီး သူတို့ကို အဝေးသို့သွားဖို့ အချက်ပြလိုက်တော့သည်။ ထို့နောက် သူမက ပွဲစားချန်ကို အထဲသို့ ဖိတ်လိုက်၏။
“ဦီးလေးချန်ရဲ့ ကျေးဇူးကြောင့် ကျွန်မတို့မိသားစု လော့ဟယ်မှာ အခြေချနိုင်ခဲ့တာ၊ ဦးလေးလည်း အိမ်ကို ရောက်နေမှတော့ အထဲဝင်နားပြီး ရေလေးဘာလေးသောက်ပါအုံး”
ပွဲစားချန် သည်အိမ်သို့လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အရင်က သူ ဒီနေရာသို့လာတိုင်း ခြောက်သလိုလို ပတ်ဝန်းကျင်တစ်ခုကို ခံစားခဲ့ရသည်။ သို့သော် သည်နေ့တော့ ခြံ၏ မီးသက်တမ်းက တောက်တောက်ပပ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရလေသည်။ ထိုအထီးကျန် သရဲခြောက်သည့်အိမ်က နွေးထွေးပြီး သန့်ရပ်သည့် ခြံလေးတစ်ခု ဖြစ်လာလေသည်။ ပွဲစားချန်က ယိုကျင့်ယူလာပေးသည့် ခွေးခြေခုံလေးတွင် ထိုင်လိုက်၏။ စုမိသားစု၏ လျှို့ဝှက်နည်းဖြင့်လုပ်ထာသည့် ဆီးဖျော်ရည်ကို တစ်ငုံလောက်သောက်လိုက်ပြီး သူက စိတ်အေးကာ သက်ပြင်းချလိုက်လေသည်။
“ မင်းတို့တွေ ဒီမှာ အဆင်ပြေပြေနေနေကြတာပဲ၊ မင်းတို့က ချင်မိသားစုက အဲဒီမိန်းကလေးနဲ့ ရေစက်ကောင်းရှိရမယ်”
ယိုကျင့်က ပြုံးပြလိုက်ပြီး ဘာမှ မပြောလိုက်ချေ။ သူမက ဟိုကျားဝမ်က မြေအကြောင်း ပြန်ပြောလိုက်တော့သည်။
“ ဦးလေးချန် တစ်ဧကကို ငွေ၆စနဲ့ ၇ပြားက နည်းနည်းစျေးကြီးသေးတယ်၊ ပိုင်ရှင်က ငွေ ၆စနဲ့ ၅ပြား နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန်မ အားလုံးကို ဝယ်မယ်”
ငွေစ ၆စ နဲ့ ၅ပြားသည် ပွဲစားချန်ဆုံးဖြတ်နိုင်သည့် ပမာဏ မဟုတ်တော့ချေ။ သူသည် စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“ ကောင်းပြီလေ၊ ငါ မနက်ဖြန် ဟိုကျားဝမ်ကို သွားလိုက်မယ်၊ ပိုင်ရှင်က သဘောတူရင်တော့ မင်းဆီ စာ သေချာပေါက် ယူလာပေးမယ်”
နှစ်ယောက်သား စကားပြောပြီးနောက် ပွဲစားချန်လည်း အနားယူပြီးဖြစ်သွားတော့သည်။ သူသည် ပြုံးကာ ယိုကျင့်ကို နှုတ်ဆက်လိုက်ပြီး မနက်ဖြန်နေ့လယ် ပြန်လာခဲ့မည်ဟု ကတိပေးသွားလေတော့သည်။
…