အခန်း (၅၄၉-၅၅၀)
Vol. 40 Ch. 549-550
အခန်း ၅၄၉ - ကြွေကျ နတ်သက်တမ်းရှည် တောင်တန်း သို့ သွားရောက်ခြင်း၊ အဆင့် (၆) အခွင့်အရေးကို ရရှိခြင်း။
ရိုးရိုးသားသား ဆိုရလျှင်၊ ဤကိစ္စသည် သူနှင့် အများကြီး သက်ဆိုင်မှု မရှိလှဟု ကျန်းဖန် ခံစားရသည်။
အစမှ အဆုံးအထိ၊ သူသည် အပြစ်ကင်းစင်သော ကျင့်ကြံသူ တစ်ဦး သက်သက်သာ ဖြစ်၏။
အကယ်၍ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ အတွင်းတပည့် ယန်ယွီသာ သူ့ကို သတ်ဖြတ်ပြီး ရတနာ လုယူလိုသည့် မကောင်းဆိုးဝါး ရည်ရွယ်ချက် မရှိခဲ့ပါက၊ သူသည် တောင်ကိုးလုံးသို့ ရောက်ရှိသွားမည် မဟုတ်ဘဲ ထို မိစ္ဆာ ကျင့်ကြံသူများ အဖွဲ့ နှင့်လည်း ဆုံတွေ့ခဲ့မည် မဟုတ်ချေ။
ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော် နှင့် ရှေးဦး မိစ္ဆာ ဂိုဏ်းတို့ အကြား စစ်ပွဲကို စတင် ဖြစ်ပေါ်စေခဲ့သည် ဆိုသည့် အချက်မှာမူ ပို၍ပင် အဓိပ္ပာယ် မရှိလှပေ။
ရှေးခေတ်ကာလက မိစ္ဆာများကို ပြန်လည် ရှင်သန် ထမြောက်စေမည့် ကိစ္စမှာ ရှေးဦး မိစ္ဆာ ဂိုဏ်းက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားခဲ့သည့် အစီအစဉ် တစ်ခု သေချာပေါက် ဖြစ်ရပေမည်။
သူ ဤနေရာသို့ မလာခဲ့လျှင်တောင်မှ၊ အစီအစဉ်မှာ ဆက်လက် အကောင်အထည် ပေါ်လာမည်သာ ဖြစ်၏။
သူ၏ လုပ်ရပ်များကြောင့်သာ ထို လျှို့ဝှက် အစီအစဉ်ကြီး ဖော်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရလျှင် ဤအရာများ အားလုံးမှာ ဟွာရှန် သန့်ရှင်းသော မြေမြတ်မဟာ နှစ်ခု၏ ကိုယ်ထူကိုယ်ယုတ် ဘေးဒုက္ခများ၏ ရလဒ်သာ ဖြစ်ပြီး၊ သူနှင့် မည်သည့် အကြောင်းအကျိုး ဆက်စပ်မှုမျှ မရှိခဲ့ချေ။
မည်သို့ပင် ဆိုစေကာမူ၊ ဤကိစ္စကို သူ့အပေါ် အပြစ်တင်၍ မရနိုင်ပေ။
ဤသည်ကို ကြားလိုက်ရချိန်တွင် အသွင်သောင်းပြောင်း ဆေးမီးဖို နှင့် မူလအင်းစုတ်တံတို့ နှစ်ခုစလုံးသည် သူတို့၏ အတွင်းစိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်ကြ၏။ အကယ်၍ ဤကောင်လေးသာ မရှိခဲ့ပါက ရှေးဦး မိစ္ဆာ ဂိုဏ်း၏ အစီအစဉ်မှာ အမှန်တကယ် အောင်မြင်သွားနိုင်ပေသည်။
သို့သော် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်သည် ရန်စခံလိုက်ရသဖြင့် သူတို့၏ အစီအစဉ်ကို ဖော်ထုတ်လိုက်သလို ဖြစ်သွားပြီး နောက်ဆုံး အချိန်လေးမှာပင် မအောင်မမြင် ဖြစ်သွားခဲ့ရသည်။
ရှုထောင့် တစ်ခုမှ ကြည့်မည် ဆိုပါက၊ ၎င်းကို ဖြောင့်မတ်သော အင်အားစုအား ကယ်တင်လိုက်ခြင်းဟုလည်း သတ်မှတ်၍ ရနိုင်ပေသည်။
မည်သို့ဆိုစေ အကယ်၍ ရှေးဟောင်း မိစ္ဆာများသာ အမှန်တကယ် ပြန်လည် ရှင်သန်လာခဲ့မည် ဆိုပါက၊ ၎င်းသည် ဖြောင့်မတ်သော အင်အားစု အတွက် ကြီးမားလှသော ထိုးနှက်ချက် တစ်ရပ် ဖြစ်လာမည် ဖြစ်၏။
တစ်ခုတည်းသော ဆုံးရှုံးမှုမှာ ဟွာရှန် သန့်ရှင်းသော မြေမြတ်မဟာ ဖြစ်သည့် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော် အတွက်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှေးဦး မိစ္ဆာ ဂိုဏ်း၏ ဒေါသ နှင့် လက်စားချေမှုကို တိုက်ရိုက် ခံနိုင်ရည် ရှိရန် လိုအပ်သောကြောင့်ပင် ဖြစ်၏။
ဤသည်က ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်ကိုလည်း ပြင်းထန်သော သေကျေပျက်စီးမှုများကို ခံစားရစေခဲ့သည်။
"သခင် ပြောတာ မှန်တယ်၊ ဒီကိစ္စက သခင် နဲ့ ဘာမှ မဆိုင်ဘူး၊ ဒါက ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးဆက်တွေကို သူတို့ဘာသာ ရိတ်သိမ်းနေရုံ သက်သက်ပါပဲဟ။"
အသွင်သောင်းပြောင်း ဆေးမီးဖိုက ချက်ချင်း မြှောက်ပင့် ဖားယား ပြောဆိုလိုက်၏။
သို့သော် ၎င်းသည် ယခင်က ဖျက်ဆီးခံလိုက်ရသော မဟာ နေမင်း ဓားဂိုဏ်းကိုလည်း ပြန်လည် အမှတ်ရမိသွားသည်။
အပေါ်ယံ အနေဖြင့် ကြည့်လျှင် မဟာ နေမင်း ဓားဂိုဏ်း ပျက်စီးသွားရခြင်းမှာ ၎င်း၏ သခင် နှင့် အများကြီး သက်ဆိုင်မှု မရှိပေ။ အဆင့် ၃ မိစ္ဆာ သားရဲ၏ တိုက်ခိုက်မှု နှင့် ကြုံတွေ့ခဲ့ရခြင်းမှာ သူတို့၏ ကံဆိုးမှု သက်သက်သာ ဖြစ်သော်ငြားလည်း။
၎င်း၏ သခင်သာ မရှိခဲ့ပါက၊ မဟာ နေမင်း ဓားဂိုဏ်းသည် ဤမျှ လျင်မြန်စွာ ပျက်စီးသွားခဲ့မည် မဟုတ်ဟု ၎င်း ခံစားခဲ့ရ၏။
၎င်း၏ သခင်ကို စော်ကားမိသော မည်သည့် အင်အားစုမဆို ကံဆိုးသွားမည် ဖြစ်ပြီး၊ ကံကြမ္မာ ကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားပုံရသည်။
၎င်းသည် ဆက်တိုက် ကံဆိုးမှုများ နှင့် အဆုံးအစမရှိသော ဘေးဒုက္ခများဆီသို့ ဦးတည်သွားစေ၏။
"သခင်၊ အခု အင်းတစ်သောင်းမြို့က တိုက်ပွဲက ရပ်တန့်သွားပြီ ဆိုပေမယ့်။"
"ဒါက အစ သက်သက်ပဲ ဆိုတာ လူတိုင်း သိကြတယ်။"
"ဘာပဲဖြစ်ဖြစ်၊ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော် နဲ့ ရှေးဦး မိစ္ဆာ ဂိုဏ်းတို့ နှစ်ခုစလုံးဂာ ဒီတိုက်ပွဲထဲမှာ ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရပြီး၊ နက်ရှိုင်းတဲ့ ရန်ငြိုး တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့ပြီလေ။"
"နှစ်ဖက်စလုံး ကနေ လက်စားချေမှုတွေက သေချာပေါက် ရှိလာမှာပဲ။"
"လာမယ့် အချိန်တွေမှာ အရှေ့ပိုင်း တိုက်ကြီး တစ်ခုလုံး မငြိမ်မသက် ဖြစ်နေတော့မှာ ကျွန်တော် စိုးရိမ်တယ်။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်သည် ခံစားချက်ပါပါဖြင့် ပြောလိုက်သည်။ သူသည် ကျန်းဖန်ကို အလွန်အမင်း ကျေးဇူးတင်နေခဲ့၏။
အကယ်၍ ကျန်းဖန်သာ အင်းတစ်သောင်း မြို့မှ ထွက်ခွာရန် ရုတ်တရက် မဆုံးဖြတ်ခဲ့ပါက၊ သူသည် ထိုနေရာတွင် ဆက်လက် နေထိုင်နေမိမည် ဖြစ်သည်။
ထိုသို့သာ ဆိုလျှင်၊ သူသည် သေချာပေါက် မြေစာပင် ဖြစ်ကာ၊ သေဆုံးပြီး ပျောက်ကွယ်သွားနိုင်ခြေ များလှပေသည်။
အဘယ်ကြောင့်ဆိုသော် ဟွာရှန် သန့်ရှင်းသော မြေမြတ်မဟာ နှစ်ခု အကြား စစ်ပွဲသည် အင်းတစ်သောင်း မြို့ကို ပြင်းထန်သော ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့်ပင် ဖြစ်၏။
ထိုနေရာတွင် လွတ်လပ်သော ကျင့်ကြံသူ မည်မျှ သေဆုံးသွားခဲ့သည်ကို မည်သူမျှ မသိကြချေ။
သူ အချိန်မီ အလျင်အမြန် ထွက်ခွာလာခဲ့သောကြောင့်သာ၊ ဤ သေရေးရှင်ရေး ဘေးအန္တရာယ်ကြီးမှ သူ ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့။"
"ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းကတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ပါဘူး။"
ကျန်းဖန် လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။
ယခင်က ကြွေကျ နတ်သက်တမ်းရှည် တောင်တန်း အကြောင်းကို သူ အများအပြား သုတေသန ပြုလုပ်ထားပြီး ဖြစ်သည်။
ဤနေရာသည် အလွန် ထူးခြားလှသည်။ ၎င်းအတွင်း မရေမတွက်နိုင်သော အခွင့်အရေးများ ပါဝင်ပြီး အင်အားစု အများအပြားကို ဆွဲဆောင်ထားသဖြင့် စစ်ပွဲများ ဖြစ်ပွားရာ နေရာတစ်ခု ဖြစ်သော်ငြားလည်း။
သို့သော် နှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အင်အားစု အသီးသီးသည် စစ်ပွဲ အတွင်းသို့ အလွယ်တကူ မကျဆင်းသွားစေမည့် တည်ငြိမ်သော အခြေအနေ တစ်ရပ်ကို အစောကြီးကတည်းက ဖန်တီးထားနိုင်ခဲ့ကြပြီ ဖြစ်၏။
အခြား နေရာများ မည်မျှပင် ကမောက်ကမ ဖြစ်နေစေကာမူ၊ ဤနေရာကို သက်ရောက်မှု ရှိလာနိုင်ခြေ အလွန် နည်းပါးလှပေသည်။
"သခင်၊ စစ်ပွဲက ဒီနေရာကို သက်ရောက်မှု မရှိဘူး ဆိုရင်တောင်မှ၊ ကြွေကျ နတ်သက်တမ်းရှည် တောင်တန်း ကိုယ်တိုင်က ကောင်းတဲ့ နေရာ တစ်ခုတော့ မဟုတ်ဘူး။"
"ဒီနေရာမှာ သေဆုံးသွားတဲ့ ကျင့်ကြံသူ အရေအတွက်က ရေတွက်လို့တောင် မရနိုင်ဘူးလို့ ပြောကြတယ်။"
"အန္တရာယ် အဆင့် နဲ့ ပတ်သက်ရင်၊ အင်းတစ်သောင်း မြို့ ဆိုတာ သူ့ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။
သူ၏ သခင်သာ ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းသို့ လာရန် အလိုမရှိခဲ့ပါက၊ ရိုက်သတ်မည် ဆိုလျှင်တောင်မှ သူသည် ဤမျှ အန္တရာယ်များသော နေရာမျိုးသို့ လာခဲ့မည် မဟုတ်ချေ။
မည်သို့ဖြစ်စေ ဤနေရာတွင် စွန့်စားသွားလာနေသော အဆင့်မြင့် ကျင့်ကြံသူများမှာ အရမ်းကို များပြားလွန်းလှသည်။
အဆင့်မြင့် ကျင့်ကြံသူ မည်သူမဆို ကျပန်း ပေါ်လာရုံဖြင့်၊ သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
"အရင်က မင်း ဟွာမင်မြို့ကို သွားခဲ့တယ်ဆို။ အဲဒီ အဆင့် ၄ မြို့ကရော ဘယ်လိုနေလဲ။"
ကျန်းဖန်က မေးလိုက်၏။
ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းတွင် အချိန်အကြာကြီး နေထိုင်ရန် သူ လိုအပ်သဖြင့်၊ ဤ ဒေသ နှင့် သူ ကြိုတင် ရင်းနှီးကျွမ်းဝင်နေရန် လိုအပ်ပေသည်။
ထိုသို့ဆိုမှသာ သူ အနားယူမည့် နေရာကို သူ သတ်မှတ်နိုင်မည် ဖြစ်၏။
"သခင်၊ ဟွာမင် မြို့က အင်းတစ်သောင်း မြို့ထက်တောင် ပိုပြီး စည်ကား သိုက်မြိုက်ပါတယ်။"
"ဧရိယာ အရပဲ ဖြစ်ဖြစ်၊ လူဦးရေ အရပဲ ဖြစ်ဖြစ်၊ အင်းတစ်သောင်း မြို့ထက် အဆပေါင်း ဒါဇင်နဲ့ချီ ပိုကြီးမားပါတယ်။"
"အင်းတစ်သောင်း မြို့မှာ ဝယ်လို့ မရနိုင်တဲ့ ရတနာတွေ အများကြီးကို ဟွာမင် မြို့ မှာ ရှာတွေ့နိုင်ပါတယ်။"
"အကယ်၍ တစ်ယောက်ယောက် ဆီမှာ လုံလောက်တဲ့ စွမ်းအားသာ ရှိမယ်ဆိုရင်၊ ဟွာမင် မြို့က အခြေခံအားဖြင့်တော့ ပရဒိသုဘုံ တစ်ခုပါပဲ။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်က ခံစားချက် အပြည့်ဖြင့် ပြောလိုက်၏။
ယခင်က ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းသည် အလွန် စည်ကားပြီး၊ အရှေ့ပိုင်း တိုက်ကြီး၏ ဗဟိုချက် နေရာများထဲမှ တစ်ခု အဖြစ် သတ်မှတ်ခံရကြောင်း သူ ကြားဖူးခဲ့၏။ သို့သော်ငြားလည်း၊ တကယ်တမ်း ရောက်လာသော အခါ ၎င်း၏ စည်ကားမှုမှာ သူ၏ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းထက်ပင် များစွာ သာလွန်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။
အကယ်၍ သူသာ ဤနေရာသို့ စောစော ရောက်လာခဲ့ပါက၊ သူ၏ တက်လှမ်းမှုမှာ ပိုမို မြန်ဆန်ခဲ့နိုင်ပေသည်။
သေချာသည်မှာ၊ သူသည် ပို၍လည်း မြန်မြန် သေဆုံးနိုင်၏။
"ဟမ်။ အာ့တော့ ဟွာမင် မြို့က အတော်လေး ရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်နေတယ်လို့ ဆိုလိုချင်တာလား။"
ယွမ်ဟုန်မင်၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ကြားလိုက်ရသဖြင့် ကျန်းဖန် မျက်ခုံး တစ်ဖက် ပင့်လိုက်သည်။
သို့သော် ဤသည်ကို သူ အစောကြီးကတည်းက မျှော်လင့်ထားပြီး ဖြစ်၏။
ကြီးမားလှသော အခွင့်အရေးများဖြင့် ပြည့်နှက်နေသည့် ဤကဲ့သို့သော နေရာမျိုးတွင်၊ ရှုပ်ထွေး ကမောက်ကမ ဖြစ်မှု ဆိုသည်မှာ အတော်လေး ပုံမှန်ပင် ဖြစ်သည်။
သူ၏ စွမ်းဆောင်ရည်မှာ ကမောက်ကမ ဖြစ်မှုများထဲမှ အကျိုးအမြတ်များကို ဆွဲထုတ်ရန်ပင် ဖြစ်၏။
"အမှန်ပါပဲ၊ အရမ်းကို ရှုပ်ထွေးပါတယ်။"
"မြို့ထဲမှာ ဆိုရင်တော့ လုံခြုံပါတယ်၊ အဲဒီမှာ အာဏာပိုင်တွေက ဘယ် ကျင့်ကြံသူကိုမှ မြို့ထဲမှာ တိုက်ခိုက်ခွင့် မပေးထားဘူး။"
"ဒါပေမယ့် ဟွာမင် မြို့ကနေ ထွက်သွားပြီဆိုတာနဲ့၊ တိုက်ပွဲ မျိုးစုံ နဲ့ ချောင်းမြောင်း တိုက်ခိုက်မှုတွေ ပြည့်နှက်နေပြီး အတော်လေး အန္တရာယ်များသွားပါတယ်။”
……..
အခန်း ၅၅၀ - ကြွေကျ နတ်သက်တမ်းရှည် တောင်တန်း သို့ သွားရောက်ခြင်း၊ အဆင့် (၆) အခွင့်အရေးကို ရရှိခြင်း (၂)
"နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေ ကျင့်ကြံသူ အများအပြား ကျဆုံးကြပြီး၊ တစ်ခါတစ်လေဆို ယွမ်ယင်း ကျင့်ကြံသူတွေတောင် သေဆုံးတတ်ကြတယ်တဲ့။"
"ဒီနေရာက သားသတ်ရုံကြီး တစ်ခုနဲ့ တူတယ်။"
"ပြီးတော့ ဟွာမင် မြို့မှာ ရေရှည် နေထိုင်ဖို့ ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။"
"ဘာလို့လဲဆိုတော့ ဒီမြို့က အိမ်လခတွေက အရမ်းကို ဈေးကြီးလွန်းတော့ သာမန် ကျင့်ကြံသူတွေ တတ်နိုင်တဲ့ အရာ မဟုတ်ဘူးလေ။"
"အကယ်၍ စွန့်စားပြီး အခွင့်အရေးတွေ မရှာဖွေဘူး ဆိုရင်၊ အရင်းအမြစ်တွေ မြန်မြန် ကုန်ခမ်းသွားလိမ့်မယ်။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်သည် ဤနေရာမှာ သာမန် ကျင့်ကြံသူများ နေထိုင်ရန် မသင့်တော်ကြောင်း ခံစားမိသည်။ သူတို့ ရောက်လာလျှင်တောင်မှ အချိန်အကြာကြီး နေနိုင်မည် မဟုတ်ဘဲ မြင့်မားသော အိမ်လခ နှင့် ကုန်ဈေးနှုန်းများကြောင့် မကြာမီ နောက်ဆုတ်သွားကြမည် ဖြစ်၏။
ဟွာမင် မြို့သည် ကြီးမားကျယ်ပြန့်သော်ငြားလည်း၊ နေထိုင်ရန် ခက်ခဲလှပေသည်။
ရွှေအမြုတေ ကျင့်ကြံသူများပင်လျှင် ဈေးကြီးသည်ဟု ခံစားရသည်ဖြစ်ရာ ဤနေရာရှိ အိမ်လခ ဈေးနှုန်းများမှာ မည်မျှ အံ့မခန်း ဖြစ်နေကြောင်းကို ပြသနေပေသည်။
"ဒါဆို ငါတို့ ဒီမြို့မှာ နေအိမ် တစ်ခု ငှားလို့ ရနိုင်မလား။"
ကျန်းဖန် မျက်ခုံး တစ်ဖက် ပင့်လိုက်၏။
လက်ရှိ သူ၏ ကြွယ်ဝမှုဖြင့် ဆိုပါက၊ နေအိမ် တစ်ခု ငှားရမ်းရန်မှာ ပြဿနာ မဟုတ်ဟု သူ ခံစားရသည်။
အကယ်၍ သူသာ မတတ်နိုင်ပါက၊ တတ်နိုင်မည့်သူ ခပ်ရှားရှားသာ ရှိပေလိမ့်မည်။
"အဲဒါအတွက်ကတော့ ပြဿနာ မရှိပါဘူး။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
ဟွာမင် မြို့တွင် သင့်တော်သော နေရာတစ်ခုကို သူ အစောကြီးကတည်းက ရှာတွေ့ထားပြီး ဖြစ်သည်။
ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦး အနေဖြင့်၊ ဤနေရာတွင် အိမ်ငှားရန်မှာ လွယ်ကူသော ကိစ္စ တစ်ရပ်ပင် ဖြစ်၏။
စစ်မှန်သော အခက်အခဲမှာ ဤနေရာတွင် ရေရှည် နေထိုင်နိုင်မည်လား ဆိုသည်သာ ဖြစ်သည်။
မဟုတ်ပါက၊ ဤနေရာတွင် နေထိုင်ခြင်းမှာ အရှုံးပေါ်စေမည့် အလုပ် တစ်ခု သက်သက်သာ ဖြစ်သွားမည် ဖြစ်၏။
ဝုန်း ဒိုင်း~~~
ထိုအခိုက်အတန့်တွင် မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး ဟိန်းဟောက်သံများနှင့်အတူ ကီလိုမီတာ ရာပေါင်းများစွာ အထိ ကျယ်ပြန့်သော ဧရိယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ မြေကြီးပေါ်တွင်လည်း မရေမတွက်နိုင်သော အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ နှင့်အတူ၊ အရပ်မျက်နှာ အနှံ့အပြားသို့ လှိုင်းထန်သွားခဲ့သည်။
"သခင်၊ ယွမ်ယင်း ကျင့်ကြံသူ တစ်ယောက် တိုက်ခိုက်နေတယ်။"
အသွင်သောင်းပြောင်း ဆေးမီးဖိုက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်၊ ယွမ်ယင်း ကျင့်ကြံသူများသာ ဖန်တီးနိုင်သည့် ပြင်းထန်သော ဝိညာဉ်ချီ အတက်အကျများ နှင့် တိုက်ပွဲလှိုင်းများကို ၎င်း အာရုံခံမိလိုက်၏။
အကယ်၍ အခြား နေရာများတွင်သာ ဆိုပါက၊ ယွမ်ယင်း ကျင့်ကြံသူ တစ်ဦးကို မြင်တွေ့ရရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
သို့သော် ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းသို့ ရောက်ရှိလာချိန်တွင်မူ၊ ယွမ်ယင်း တိုက်ပွဲ တစ်ခုကို ပေါ့ပေါ့ပါးပါး ကြုံတွေ့ရနိုင်ပေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ လှိုင်းများမှာ၊ ရိုက်ခတ်မှု သက်သက်ဖြင့်ပင် ရွှေအမြုတေ ကျင့်ကြံသူ အများအပြားကို သေဆုံးသွားစေနိုင်၏။
ဒိုင်း။
ရုတ်တရက်၊ သူ၏ 'ဒန်တျန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းရာရှိ နိမိတ်ဖတ်အင်းသည် စတင် တုန်ခါလာပြီး တဝီဝီ မြည်ဟည်းလာကာ၊ သတင်းစကား တစ်ရပ်သည် သူ၏ အသိစိတ် နက်ရှိုင်းရာသို့ ချက်ချင်း ထိုးဖောက် ဝင်ရောက်လာကြောင်း ကျန်းဖန် အာရုံခံမိလိုက်သည်။
"ကောင်းကင်ဘုံ မှ ဘေးအန္တရာယ် နေရာအနှံ့ သက်ရောက်မည်၊ ခြေရာများကို ဖုံးကွယ်ပါ၊ ဘေးဒုက္ခသည် အလိုအလျောက် ပြေလည်သွားမည်။"
"လိုဏ်ဂူထဲတွင် ဆက်နေပါ၊ မြေကြီးအောက်တွင် ပုန်းအောင်းပါ၊ ရောင်ဝါကို ထိန်းချုပ်ပါ၊ အဆင့် (၆) အခွင့်အရေး တစ်ခုကို ရရှိမည်၊ အသေးစား ကံကောင်းခြင်း ဖြစ်သည်။"
"လိုဏ်ဂူမှ ထွက်ခွာပြီး မည်သည့် အရပ်မျက်နှာသို့မဆို ထွက်ပြေးရန် ရွေးချယ်ပါက၊ အလွန်အမင်း ဆိုးရွားသော ဘေးအန္တရာယ် နှင့် ကြုံတွေ့ရမည်၊ အသက်ရှင် လွတ်မြောက်နိုင်မည် မဟုတ်၊ ကြီးမားသော နိမိတ်ဆိုး ဖြစ်သည်။"
ဤ သတင်းစကားကို သိမြင်လိုက်ရချိန်တွင်၊ ကျန်းဖန် လန့်နိုးသွားခဲ့၏။
သံသယဖြစ်ဖွယ် မရှိအောင်ပင်၊ ဤ ရုတ်တရက် ဖြစ်ပွားသော ယွမ်ယင်း တိုက်ပွဲသည် အမှန်တကယ် မမျှော်လင့်ထားသော ဘေးဒုက္ခ တစ်ခုပင် ဖြစ်သည်။
အကယ်၍ သူသာ ကြောက်လန့်တကြားဖြင့် အခြားနေရာသို့ ပုန်းအောင်းရန် လိုဏ်ဂူမှ ထွက်ခွာဖို့ ရွေးချယ်ခဲ့မည် ဆိုပါက၊ သူသည် ဘေးအန္တရာယ် နှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်၏။
ထိုအခါ တိုက်ခိုက်နေကြသော ယွမ်ယင်း ကျင့်ကြံသူများ၏ သတိပြုမိခြင်းကို ခံရနိုင်ခြေများပြီး ထိုမှတစ်ဆင့် အသတ်ခံရနိုင်ပေသည်။
တစ်ခုတည်းသော ရွေးချယ်စရာမှာ လိုဏ်ဂူ အတွင်း ဆက်နေရန်၊ သူ၏ ရောင်ဝါကို ဖုံးကွယ်ထားရန် နှင့် ဤ ဘေးဒုက္ခကို ရှောင်လွှဲရန်သာ ဖြစ်၏။
မည်သို့ဆိုစေ သူတို့၏ ထောက်လှမ်းမိခြင်းကို မခံရပါက သဘာဝကျကျပင် ကြီးမားသော ပြဿနာ ရှိလာမည် မဟုတ်ချေ။
အကြောက်ရဆုံး အရာမှာ ပေါ့ပေါ့ဆဆ ပြေးလွှားနေခြင်းဖြင့် ဘေးဒုက္ခကို မိမိ တံခါးဝသို့ မိမိကိုယ်တိုင် ခေါ်ဆောင်မိမည်ကိုပင် ဖြစ်သည်။
"သခင်၊ အခု ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ဒီကနေ ထွက်သွားသင့်လား။"
"ဒါက ယွမ်ယင်း တိုက်ပွဲလေ၊ ယွမ်ယင်း ကျင့်ကြံသူ ရဲ့ တိုက်ပွဲ နယ်ပယ်ထဲ ဝင်သွားတာက သေချာပေါက် သေလမ်းပဲ။"
"ကြွေကျ နတ်သက်တမ်းရှည် တောင်တန်းဂာ ရှုပ်ထွေး ကမောက်ကမ ဖြစ်ပြီး၊ အန္တရာယ်လည်း များတယ်၊ ယွမ်ယင်း တိုက်ပွဲတွေ မကြာခဏ ကြုံတွေ့ရတတ်တယ်လို့ ကျွန်တော် အရင်က ကြားဖူးတယ်။"
"ဒါပေမယ့် ဒီလောက် မြန်မြန် ကြုံတွေ့ရလိမ့်မယ် လို့တော့ မမျှော်လင့်ထားခဲ့ဘူး။"
ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်သည် တုန်ရီနေလျက် ကြောက်ရွံ့စွာဖြင့် ပြောလိုက်၏။
ရွှေအမြုတေ နှင့် ယွမ်ယင်း အကြား ကွာဟချက် မှာ ကြီးမားကျယ်ပြန့်လွန်းလှပြီး ပေါင်းကူး၍ မရနိုင်ချေ။
အကယ်၍ ယွမ်ယင်း ကျင့်ကြံသူများ နှင့် ကြုံတွေ့ရပါက၊ ရွှေအမြုတေ ကျင့်ကြံသူများမှာ သေချာပေါက် သေဆုံးရန် ကြိုတင် သတ်မှတ်ခံထားရသကဲ့သို့ပင်။
အမှန်တကယ်တော့၊ သူသည် ဤကဲ့သို့သော အလားတူ ဇာတ်လမ်းများကို ယခင်က ကြားဖူးခဲ့၏။
အချို့သော ရွှေအမြုတေ ကျင့်ကြံသူများသည် ယွမ်ယင်း တိုက်ပွဲများတွင် မရည်ရွယ်ဘဲ ပါဝင်ပတ်သက်မိသွားပြီး၊ ရိုက်ခတ်မှုလှိုင်းများကြောင့် သေဆုံးသွားခဲ့ကြရသည်။
ဤကဲ့သို့ ကံဆိုးသော သားကောင် တစ်ဦး အဖြစ်သို့ သူ သေချာပေါက် မပြောင်းလဲသွားချင်ခဲ့ချေ။
ထို့ကြောင့် ချက်ချင်း ထွက်ပြေးပြီး ဤ ဘေးဒုက္ခ မှ ရှောင်လွှဲရန် သူ အလိုရှိခဲ့သည်။
"ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ။ အခု ပြေးလွှားနေတာက အရမ်းကို အန္တရာယ်များလိမ့်မယ်။"
"ငါတို့ ဒီမှာပဲ ပုန်းနေမယ်၊ ပေါ့ပေါ့ဆဆ မလှုပ်ရှားဘူးဆိုရင်၊ ပြဿနာ ရှိလာမှာ မဟုတ်ပါဘူး။"
ကျန်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်၏။
"ဟုတ်ကဲ့ပါ၊ သခင်။"
ဤသည်ကို ကြားလိုက်ရချိန်တွင်၊ ရွှေအမြုတေ ကျင့်ကြံသူ ယွမ်ဟုန်မင်သည် စိတ်သက်သာရာ ရသွား၏။ ယခုအခါ သူ၏ သခင်သည် သူ၏ မှီခိုရာ ထောက်တိုင်ကြီး ဖြစ်နေပြီ မဟုတ်လား။
အကယ်၍ သူ၏ သခင်က အဆင်ပြေသည်ဟု ပြောပါက ၎င်းမှာ သေချာပေါက် ကြီးမားသော ပြဿနာ တစ်ခု ဖြစ်လာမည် မဟုတ်ချေ။
တိုက်ခိုက်နေကြသော ယွမ်ယင်း ကျင့်ကြံသူများ အမြန်ဆုံး အဆုံးသတ် သွားရန် နှင့် သူတို့ကဲ့သို့ အပြစ်ကင်းစင်သော ကျင့်ကြံသူများကို သတိမပြုမိရန်သာ သူ မျှော်လင့်နေခဲ့သည်။
ဝှစ် ဝှစ် ဝှစ်။
ဤအခိုက်အတန့်တွင် သူတို့ နှစ်ဦး၏ ပုံရိပ်မှာ လင်းလက်သွားပြီး အလွန်ကောင်းမွန်သော မျှော်စင်၏ အတွင်းကမ္ဘာသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားကြ၏။
ထို့နောက် ကျန်းဖန်၏ ထိန်းချုပ်မှုအောက်တွင်၊ အလွန်ကောင်းမွန်သော မျှော်စင်သည် မြေကြီး နက်ရှိုင်းရာသို့ ချက်ချင်း ပေါင်းစပ် ဝင်ရောက်သွားပြီး၊ ပတ်ဝန်းကျင် နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
မည်သည့် ရောင်ဝါ မှ မစိမ့်ထွက်ခဲ့ချေ။
ဝုန်း ဒိုင်း~~~
အလွန်ကောင်းမွန်သော မျှော်စင်ထဲသို့ ဝင်ရောက်သွားချိန်မှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ရပ်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး၊ တောင်ပေါ်သို့ ရိုက်ချလိုက်ရာ မျက်တောင်တစ်ခတ် အတွင်း ၎င်းကို အမှုန့်ကြိတ် ပစ်လိုက်ပြီး၊ ဧရာမတွင်းကြီး တစ်ခုကို ဖန်တီးလိုက်၏။
စတုရန်း ကီလိုမီတာ ရာပေါင်းများစွာ အထိ အလားတူပင် ဖြစ်သည်။
တောင် အများအပြား ပြိုကျသွားပြီး၊ မြေကြီးပေါ်တွင် ဧရာမ အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာခဲ့၏။
ဤ ဧရိယာသည် လုံးဝ အသက်ရှင်ရန် မဖြစ်နိုင်သော တားမြစ် နယ်မြေ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒါက ယွမ်ယင်းရဲ့ အစွမ်းထက်မှုလား။ တကယ်ကို ကြောက်စရာ ကောင်းတာပဲ။"
အလွန်ကောင်းမွန်သော မျှော်စင်ထဲတွင် ပုန်းအောင်းနေရင်း ကျန်းဖန် သူ့ကိုယ်သူ အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။ သူ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး အလွန်ကောင်းမွန်သော မျှော်စင်ထဲသို့ အချိန်မီ ထွက်ပြေးနိုင်ခဲ့သဖြင့်သာ ကံကောင်းသွားခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက သူသည် သေချာပေါက် ရိုက်ခတ်မှု ခံရမည် ဖြစ်သည်။
ရိုက်ခတ်မှု လှိုင်းများတင်ကပင် ဤမျှလောက် ကြီးမားသော ဖျက်ဆီးခြင်း စွမ်းအားကို ဖြစ်ပေါ်စေခဲ့၏။
ရွှေအမြုတေ နှင့် နှိုင်းယှဉ်ပါက၊ ယွမ်ယင်း မှာ အဆမတန် ပိုမို အစွမ်းထက်လှပေသည်။
ယွမ်ယင်း ကျင့်ကြံသူများ ဤမျှ အစွမ်းထက်ရခြင်း၏ အကြောင်းရင်းမှာ သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးချနိုင်ပြီး၊ သေမျိုး ခန္ဓာကိုယ်ဖြင့် သဘာဝတရား၏ စွမ်းအားများကို ကြိုးကိုင် ခြယ်လှယ်နိုင်စွမ်း ရှိကာ၊ ကောင်းကင်ဘုံ၏ အစိတ်အပိုင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် ယွမ်ယင်း ကျင့်ကြံသူများ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထုတ်လွှတ်လိုက်သော စွမ်းအားများသည် သဘာဝ ဘေးအန္တရာယ်များ နှင့် တူညီလှပေသည်။
ရွှေအမြုတေသည် အခြေခံအားဖြင့် ယှဉ်ပြိုင်၍ မရနိုင်ချေ။
"ပြေးလွှားနေတာက သေချာပေါက် သေလမ်းပဲ၊ ဒီမှာပဲ ဆက်နေတာက ပိုလုံခြုံတယ်။"
ဤ ဒေသ၏ အန္တရာယ်များကို ကျန်းဖန် နားလည် သဘောပေါက်သွားခဲ့သည်၊ ပြေးလွှားနေခြင်းက သေချာပေါက် သေဆုံးစေမည် ဖြစ်၏။
ထို့အပြင် လူသူကင်းမဲ့သော တောရိုင်းတွင် သူ ဆက်လက် မနေထိုင်နိုင်ချေ၊ ဟွာမင် မြို့တွင်သာ နေထိုင်ရန် လိုအပ်ပေသည်။
အဘယ်ကြောင့်ဆိုသော် တောရိုင်းထဲတွင် ဘာတွေ ဖြစ်လာမည်ကို ဘယ်လိုမျှ ဘယ်တုန်းကမျှ ကြိုတင် မသိနိုင်သောကြောင့်ပင် ဖြစ်၏။
သို့သော် မြို့ထဲတွင်မူ အနည်းဆုံးတော့ အစီအရင် ကာကွယ်မှု ရှိသည်။ စည်းကမ်း ရှိသည်။ ထို့အပြင် အခြား ကျင့်ကြံသူများကလည်း ပြဿနာ ဖန်တီးရန် မရဲဝံ့ကြချေ။
ဈေးကြီးသည်မှာ မှန်သော်ငြားလည်း၊ ၎င်းသည် အမှန်တကယ် တန်ဖိုးရှိပေသည်။
…
နာရီ အနည်းငယ် ကုန်လွန်သွားခဲ့၏။
နေဝင်သွားပြီး လထွက်လာကာ ညအချိန် သို့ သေချာပေါက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ယွမ်ယင်း ကျင့်ကြံသူများ၏ တိုက်ပွဲ လှိုင်းများ လုံးလုံးလျားလျား ရပ်တန့်သွားကြောင်း ကျန်းဖန် အာရုံခံမိလိုက်၏။
တိုက်ခိုက်နေကြသော ယွမ်ယင်း ကျင့်ကြံသူ နှစ်ဦး၏ ရလဒ်ကို သူ မသိရှိခဲ့ချေ။
သို့သော် ၎င်းက သူနှင့် အများကြီး သက်ဆိုင်မှု မရှိပေ၊ သူ့ကို ရိုက်ခတ်မှု မရှိသရွေ့တော့ အဆင်ပြေလှသည်။
"လုံခြုံသွားပြီလား။"
ကျန်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး မသေချာ မရေရာ ဖြစ်နေခဲ့၏။
အန္တရာယ်ကို သူ ဖြတ်ကျော်သွားပြီလား ဆိုသည်ကို သူ သေချာ မသိခဲ့ချေ။
အကယ်၍ ယွမ်ယင်း ကျင့်ကြံသူများ ထိုနေရာတွင် ရှိနေဆဲ ဖြစ်ပါက၊ ယခု ထွက်သွားခြင်းက ထောင်ချောက်ထဲသို့ ဝင်သွားခြင်း ဖြစ်နိုင်ပေသည်။
ဝုန်း ဒိုင်း~~
ရုတ်တရက် သူ၏ အသိစိတ် နက်ရှိုင်းရာတွင် သတင်းစကား တစ်ရပ် ပဲ့တင်ထပ်သွားခဲ့သည်။ "မင်း ဟာ သတိကြီးစွာ နဲ့ တစ်နေရာတည်း မှာ ဆက်နေခဲ့ပြီး၊ ကျပန်း ထွက်မသွားခဲ့ဘူး၊ ဒါကြောင့် ယွမ်ယင်း ဘေးဒုက္ခ တစ်ခုကနေ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပြီး၊ အဆင့် (၆) အခွင့်အရေး တစ်ခုနဲ့ ကံကောင်းခြင်း အမှတ် တစ်သိန်းကို ရရှိတယ်။"
ဤ သတင်းစကားကို သိမြင်လိုက်ရချိန်တွင်၊ ကျန်းဖန် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားခဲ့၏။
ဘေးဒုက္ခကို ဖြတ်ကျော်သွားပြီလား ဆိုသည်ကို သူ မသေချာ မရေရာ ဖြစ်နေခဲ့သော်ငြားလည်း၊ သတင်းစကားက ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။
ဘာမှ မလုပ်လိုက်ရဘဲ ဘေးဒုက္ခကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"အဆင့် (၆) အခွင့်အရေး တစ်ခုလည်း ရှိသေးတယ်။"
ကျန်းဖန် ပုံရိပ် လင်းလက်သွားပြီး အလွန်ကောင်းမွန်သော မျှော်စင်ထဲမှ ထွက်လာခဲ့၏။
ထို့နောက် သူ၏ ဝိညာဉ်အာရုံသည် ပြန့်နှံ့သွားပြီး၊ ပတ်ဝန်းကျင်ရှိ ပျက်စီးယိုယွင်းမှုများကို အာရုံခံ ကြည့်လိုက်သည်။
တောင် အများအပြားမှာ ပြိုကျသွားပြီး၊ ကျောက်စရစ်ခဲများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
မြေကြီးသည် စစ်ပွဲကြောင့် ဖျက်ဆီး ခံထားရသော နေရာတစ်ခု ကဲ့သို့ ဧရာမ တွင်းကြီးများ နှင့် အက်ကွဲကြောင်းများကို ထုတ်ဖော် ပြသနေခဲ့သည်။
ဤနေရာမှာ လူသူကင်းမဲ့နေသဖြင့် ကံကောင်းသွား၏၊ မဟုတ်ပါက လူအများအပြား သေဆုံးသွားနိုင်ပေသည်။
ဝှစ်။
အဆင့် (၆) အခွင့်အရေး၏ သတင်းစကားကို လိုက်နာ၍၊ သူသည် အနောက်တောင်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး နက်ရှိုင်းသော တွင်းကြီးတစ်ခု အနီးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
တွင်းကြီး အတွင်း၌ အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ တစ်ဦး ထွက်ပေါ်နေ၏။
ထိုပုဂ္ဂိုလ်မှာ သွေးများ စွန်းပေနေပြီး၊ ကိုယ်တွင်း အင်္ဂါများ နှင့် အရိုးများလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေ၏။ သွေးများ တကိုယ်လုံး ရွှဲနစ်နေပြီး လုံးဝ အသက်ကင်းမဲ့နေခဲ့သည်။
"ဒါက အဆင့် (၆) အခွင့်အရေးလား။"
အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူထံရှိ သိုလှောင်အိတ်ကို ကျန်းဖန် ချက်ချင်း သတိပြုမိလိုက်၏။
သံသယဖြစ်ဖွယ် မရှိအောင်ပင်၊ ဤ ကျင့်ကြံသူသည် ကံဆိုးလွန်းလှပေသည်။
ယွမ်ယင်း တိုက်ပွဲကို ခံစားခဲ့ရပြီး ရိုက်ခတ်မှု လှိုင်းများမှ မလွတ်မြောက်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူမှာ အလွန်အမင်း နာကြည်း ခံပြင်းနေမည် ဖြစ်ပြီး၊ မကျွတ်မလွတ်ဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်မည်ဟု ခန့်မှန်းရ၏။
ဤမျှ အချိန်အကြာကြီး ပင်ပန်းဆင်းရဲစွာ ကျင့်ကြံပြီးမှ၊ ဤကဲ့သို့ သေဆုံးသွားရသည် မဟုတ်ပါလား။
……….