← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း ၂၅၅ - ကျင်းယွမ်မှ ဓားများ။ ခုနစ်ရက်အတွင်း။ အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခြင်း။

“ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း............”

ရှီဟောင်မှ ဤစကားကို ပြောလိုက်သည့်အခါ ရောက်ရှိနေသူအားလုံး အနည်းငယ် မှင်တက်သွားကြသည်။

ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း....

ဘာကို ဆိုလိုတာလဲ........

ကျင်းယွမ်တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုကို မရေမရာ ခန့်မှန်းမိသော်လည်း မည်သူမျှ စကားမပြောကြပေ။

ထိုအစား သူတို့အားလုံး၏ အကြည့်မှာ အရှေ့ဆုံးသို့သာ ရောက်ရှိသွားကြသည်။

“ဝှစ်....”

ဂျိချန်းဖန်သည် လူတိုင်း၏ရှေ့တွင် ရပ်နေ၏။ သူ၏ ဝတ်စုံနက်မှာ လွင့်ပျံနေပြီး အရပ်အမောင်းမှာလည်း မြင့်မားဖြောင့်စင်းလှသည်။

ခန့်ညားသော မျက်နှာထက်တွင် တည်ငြိမ်အေးစက်သော အမူအရာရှိနေပြီး ဓားကဲ့သို့ ထက်ရှသော မျက်ခုံးများနှင့် ကြယ်ပမာ တောက်ပသော မျက်ဝန်းအစုံရှိသည့် သူ၏ နက်ရှိုင်းသော အကြည့်ထဲတွင် ထက်ရှလှသော ဓားဆန္ဒများ လှပစွာ လှုပ်ခတ်နေသည်။

“ချပ်....”

ဝတ်စုံနက်နှင့် လူငယ်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

သူသည် ခါးတွင် ချိတ်ထားသော ဓားပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်ရာ မှိန်ဖျော့ဖျော့ ကြယ်စင်အလင်းတန်းများ တောက်ပလာပြီး ကြယ်ခုနစ်ပွင့်ကဲ့သို့သော အလင်းတန်းများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကာ မမြင်နိုင်သော ဓားဆန္ဒတစ်ခုသည် ယွီချင်းခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ခဏချင်းမှာပင် လူတိုင်း၏ အကြည့်မှာ သူ၏ထံသို့ ရောက်ရှိသွားကြသည်။

လုရွှယ်ချီနှင့် ကျင့်ပင်အာတို့မှာ ဂျိချန်းဖန်၏ ဘေးတွင် တစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့သည် သူ၏ ဆုံးဖြတ်ချက်အားလုံးကို အမြဲတမ်း တိတ်တဆိတ် ထောက်ခံသူများ ဖြစ်ကြ၏။

ဂျိချန်းဖန်က လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ အနီးရှိ ရှီဟောင်က ချက်ချင်းပင် အနည်းငယ် ဦးညွှတ်ကာ ရိုသေစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

ဂျိချန်းဖန်က မျက်လွှာကို အနည်းငယ် မြှင့်လိုက်သည်။ ခန်းမအတွင်းရှိ ကျင်းယွမ်တပည့်များကို ဝေ့ဝဲကြည့်ရှုကာ သူက လေးနက်စွာ ပြောလိုက်သည်မှာ

“ဂျူနီယာညီလေးတို့၊ ညီမလေးတို့၊ စီနီယာအကိုတို့၊ အစ်မတို့.....”

“ငါတို့ရဲ့ ကျင်းယွမ်ဂိုဏ်း ကို တည်ထောင်ခဲ့တာ နှစ်ပေါင်း နှစ်ထောင်ကျော် ရှိခဲ့ပြီ။ နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာ အထက်လမ်း ရဲ့ ပင်မမဏ္ဍိုင်အဖြစ် အမြဲတမ်း ရပ်တည်ခဲ့ပြီး မိစ္ဆာဂိုဏ်းကို နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီအောင် နှိမ်နင်းလာခဲ့တယ်။

ကမ္ဘာလောကကြီးရဲ့ ငြိမ်းချမ်းရေးကိုလည်း နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တယ်.....”

“ဒါပေမဲ့ ဒီလိုနေ့ရက်တွေက နောက်ဆုံးတော့ ကုန်ဆုံးသွားတော့မယ်....”

“မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းနိုင်သရွေ့ ဒီကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ငါ ဆုံးဖြတ်လိုက်ပြီ.....”

“မိစ္ဆာဂိုဏ်းကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းပစ်တော့မယ်....”

ကြည်လင်ပြတ်သားသော အသံမှာ ယွီချင်းခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

“ဝုန်း....”

ထိုစကားအဆုံးတွင် ရောက်ရှိနေသူအားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြရသည်............

'မိစ္ဆာဂိုဏ်းကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းပစ်မယ်' ဆိုသော စကားကြောင့် ခန်းမအတွင်းရှိ ကျင်းယွမ်တပည့်များ အားလုံးမှာ စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

ကျင်းရှူးရှူးနှင့် စုန့်တာရင်တို့ ဦးဆောင်သော ကျင်းယွမ်တပည့်များမှာ အရှေ့ရှိ ဝတ်စုံနက်နှင့် လူငယ်ကို စိတ်အားထက်သန်သော မျက်ဝန်းများဖြင့် ကြည့်ကာ လက်သီးများကို ဝှေ့ယမ်းလျက် ကျယ်လောင်စွာ ကြွေးကြော်ကြတော့သည်။

“မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းကြ....”

“မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းကြ........”

“.....”

ကျင်းယွမ်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း၏ သမိုင်းကြောင်းမှာ အတူတူပင် ဖြစ်သည်။

နှစ်ဖက်စလုံးမှာ နှစ်ပေါင်း နှစ်ထောင်ကျော် သမိုင်းကြောင်း ရှိကြပြီး သူတို့၏ ရန်ငြိုးများမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်နှစ်ရာခန့်က ကျင်းယွမ်ဂိုဏ်းမှာ မိစ္ဆာဂိုဏ်း၏ ဖိအားပေးမှုကြောင့် ထုံထျန်းတောင်ထိပ် သို့ ဆုတ်ခွာကာ ခုခံခဲ့ရပြီး ဂိုဏ်းတစ်ခုလုံးနီးပါး သုတ်သင်ခံရတော့မည့် အခြေအနေသို့ ရောက်ခဲ့သည်။

သို့သော် မကြာမီမှာပင်..... ကျင်းယွမ်ဂိုဏ်း၏ ၁၀ ဆက်မြောက် ဂိုဏ်းချုပ် 'ဝူဖန်းကျီ' သည် 'ယဲ့' ဟု အမည်ရသော တပည့်တစ်ဦးကို လက်ခံခဲ့သည်။

ထိုတပည့် ပေါ်ထွက်လာပြီးနောက် ကျင်းယွမ်ဂိုဏ်း၏ အကြပ်အတည်းမှာ မကြာမီမှာပင် ပြောင်းလဲသွားခဲ့သည်။

ထို 'ယဲ့' အမည်ရသော တပည့်သည် ကျင်းယွမ်ဂိုဏ်းသို့ ရောက်ရှိပြီး ပထမနှစ်မှာပင် သူနှင့်သက်တူရွယ်တူ အားလုံးကို အနိုင်ယူခဲ့သည်။

ရောက်ရှိပြီး ဒုတိယနှစ်တွင် ဂိုဏ်းချုပ် ဝူဖန်းကျီနှင့်ပင် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ထို့နောက်..... သူသည် တံခါးပိတ်ကျင့်ကြံမှု ၁၃ နှစ် ပြုလုပ်ခဲ့ပြီး ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသော 'အမည်မဲ့ ရှေးဟောင်းကျမ်းစာ' ကို နားလည်သဘောပေါက်ကာ 'ထိုက်ကျီရွှမ်ချင်းတာအို' ကျင့်စဉ်စနစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

သူသည် သမိုင်းတစ်လျှောက် ပထမဆုံးသော ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။

သူသည် မိမိကိုယ်ကို 'ကျင်းယဲ့' ဟု ခေါ်တွင်စေခဲ့သည်။ သူ ကျင့်ကြံရာမှ ထွက်လာသည့်နေ့တွင် ကြည်လင်သော အလင်းတန်းများ လွှမ်းခြုံလျက် ရှေးဟောင်းဓားတစ်လက်ကို ဆုပ်ကိုင်ကာ

ဓားတစ်ချက်တည်းဖြင့် ကျင်းယွမ်ဂိုဏ်းအပြင်ဘက်ရှိ မိစ္ဆာဂိုဏ်းဝင်အားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီး မိစ္ဆာဂိုဏ်း၏ မအောင်မြင်နိုင်သော ဒဏ္ဍာရီကို အဆုံးသတ်စေခဲ့သည်.....။

တာအိုသခင် ကျင်းယဲ့ ပေါ်ထွက်လာပြီးနောက်တွင် ကျင်းယွမ်ဂိုဏ်းမှာ အလွန်အမင်း တိုးတက်ထွန်းကားလာခဲ့သည်။

သူသည် ၁၅ နှစ်ကြာ ကျင့်ကြံခဲ့ပြီး ထိုက်ကျီရွှမ်ချင်းတာအိုကို တည်ထောင်ကာ ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ကျင်းယွမ်တောင်ထိပ် ခုနစ်ခုကို တည်ထောင်ကာ 'မဟာဓားအတတ် လေးမျိုး' ကို လက်ဆင့်ကမ်းကာ ကောင်းကင်ယံကို တုန်လှုပ်စေသော အစီအရင်ကိုလည်း တည်ဆောက်ပေးခဲ့ပြီး ကျင်းယွမ်ဂိုဏ်း၏ အမွေအနှစ် အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပေးခဲ့သည်.....။

သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် နောက်ဆုံးတွင် မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပေ။

လူသားတို့၏ စိတ်နှလုံးမှာ ကောက်ကျစ်စဉ်းလဲလှသဖြင့် မိမိတို့၏ ရည်မှန်းချက်အောင်မြင်ရန် ဘာမဆို လုပ်ဝံ့သူများ ရှိနေဦးမည်ဖြစ်ရာ မိစ္ဆာဂိုဏ်းထဲသို့ ကျရောက်မည့်သူများမှာ အမြဲတမ်း ပေါ်ထွက်နေဦးမည်ဟုသာ ဆိုရပေမည်.....။

အုပ်စုတစ်စုကို သုတ်သင်လိုက်လျှင် နောက်ထပ် အုပ်စုတစ်စု ပေါ်လာဦးမည် ဖြစ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ မိစ္ဆာဂိုဏ်း၏ မျိုးဆက်တစ်ခုကို ဖျက်ဆီးပစ်နိုင်ပြီး သူတို့၏ အဆက်အသွယ်ကို လုံးဝ ပြတ်တောက်သွားအောင် လုပ်နိုင်ခြင်းမှာပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။

ဂုဏ်ကျေးဇူးကို အနာဂတ်ဖြင့် မဆုံးဖြတ်ဘဲ လက်ရှိပစ္စုပ္ပန်ဖြင့်သာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ယခုအခါ ယွီချင်းခန်းမ တစ်ခုလုံးရှိ လူတိုင်းမှာ အရှေ့ရှိ ဝတ်စုံနက်နှင့် လူငယ်ကို စိတ်အားထက်သန်စွာ ကြည့်နေကြပြီး အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တောင်ထိပ်ခုနစ်ခုမှ တောင်ထိပ်သခင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားပြီး တစ်စုံတစ်ခုကို မရေမရာ ခန့်မှန်းမိကြသည်။

ဖြစ်နိုင်သည်မှာ.....

ယနေ့မှစ၍ ကျင်းယွမ်ဂိုဏ်းသည် လုံးဝ အနိုင်မရနိုင်သော အရှိန်အဝါကို တည်ဆောက်နိုင်တော့မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျင်းယွမ်ဂိုဏ်းတွင် ဘိုးဘေးကျင်းယဲ့ထက်ပင် သာလွန်လွန်းလှသော 'ခေါင်းဆောင်' တစ်ဦး ပေါ်ထွက်လာသောကြောင့်ပင်....

ကျင်းရှူးရှူးသည် အရှေ့ရှိ ဝတ်စုံနက်နှင့် လူငယ်ကို စိတ်အားထက်သန်စွာ ကြည့်နေရင်း တစ်စုံတစ်ခုကို သတိရလိုက်ပုံရသည်။

ထို့နောက် လူတိုင်း၏ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြောလိုက်သည်မှာ -

“ဂိုဏ်းချုပ် စီနီယာအကို....”

“'ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း' ဆိုတာ ဘာကို ဆိုလိုတာလဲ သိပါရစေ....”

“ပြီးတော့ မိစ္ဆာဂိုဏ်းရဲ့ ဘယ်ဂိုဏ်းခွဲကနေ စတင်တိုက်ခိုက်မှာလဲခင်ဗျာ....”

ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက ကြည့်လိုက်ကြသည်။ သူတို့သည် ဂျိချန်းဖန်၏ အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်.....။

လူတိုင်း၏ အကြည့်ကို ရင်ဆိုင်ရင်း ဂျိချန်းဖန်က ကြည်လင်ပြတ်သားသော အသံဖြင့် ရှင်းပြလိုက်သည်

“'ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း' ဆိုတာ နာမည်အတိုင်းပါပဲ........ ခုနစ်ရက်အတွင်း အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပစ်မယ်....”

စကားတစ်ခွန်းတည်းနှင့်ပင် ကျင်းရှူးရှူး၏ မေးခွန်းနှစ်ခုလုံးကို ဖြေကြားပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ခန်းမတစ်ခုလုံးရှိ အငွေ့အသက်ကိုလည်း ပိုမိုပြင်းထန်သော ဒီလှိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်စေခဲ့သည်။

ခုနစ်ရက်အတွင်း....

အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်မည်တဲ့....

ဒါက မည်မျှအထိ ရဲတင်းလွန်းသနည်း.... ဤသည်မှာ ရဲတင်းခြင်းပင်....

အဆိပ်တစ်သောင်းဂိုဏ်းဆိုသည်မှာ မည်သို့သော အရာနည်း....

၎င်းသည် မိစ္ဆာဂိုဏ်း၏ ပင်မမဏ္ဍိုင်ဖြစ်ပြီး ရှည်လျားသော သမိုင်းကြောင်းရှိကာ ကျင်းယွမ်ဂိုဏ်းနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး ဂိုဏ်းအတွင်း၌ ရှန်ကျင်းအဆင့် အကြီးအကဲများစွာ ရှိနေသည်.....။

အဟွတ်

အမှန်တော့ သူတို့အားလုံးမှာ ယခုအခါ သေဆုံးသွားကြပြီ ဖြစ်သော်လည်း။

သို့သော် မည်သို့ပင်ဖြစ်စေ ခုနစ်ရက်အတွင်း အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းမှာ အထက်လမ်းဂိုဏ်းများစွာ တွေးဝံ့သော်လည်း မလုပ်ဝံ့သော အရာတစ်ခု ဖြစ်သည်။

သို့သော် ဂျိချန်းဖန်က ယနေ့တွင် ထိုအရာကို ထုတ်ဖော်ပြောဆိုခဲ့လေပြီ။

သူ လုပ်နိုင်ပါ့မလား....

အဖြေမှာ သံသယဖြစ်ဖွယ်မရှိ... လုပ်နိုင်သည်....

ကျင်းယွမ်တပည့်များထဲမှ မည်သူမျှ ဂျိချန်းဖန်၏ ခွန်အားကို သံယောင်မလိုက်ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဂျိချန်းဖန်၏ ဒဏ္ဍာရီများစွာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသောကြောင့်ပင်။

သူတို့၏ စိတ်နှလုံးထဲတွင် ဂျိချန်းဖန်သည် အနိုင်မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

မမြင်ဖူးကြဘူးလား.... ဖန်ရှန်းဂူ၏ ဂူသခင် ယွမ်ယီလန်ပင်လျှင် ဂျိချန်းဖန်၏ ဓားတစ်ချက်ကို မခံနိုင်ခဲ့သည် မဟုတ်ပါလား....

သာမန် အဆိပ်တစ်သောင်းဂိုဏ်းက ဂျိချန်းဖန်ကို မည်သို့ တားဆီးနိုင်ပါမည်နည်း....

“ဂျူနီယာညီလေးတို့၊ ညီမလေးတို့ အားလုံး ငါနဲ့အတူ ဓားတွေကို ဆွဲထုတ်လိုက်ကြပါ။ ဒီနေ့မှာတော့....”

“ကျင်းယွမ်က လာတဲ့ ဓားတွေ....”

“အဆိပ်တစ်သောင်းဂိုဏ်းကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းကြမယ်....”

ကြည်လင်ပြတ်သားသော အသံမှာ ယွီချင်းခန်းမ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

“ဇိမ်း....” (ဓားအိမ်မှ ထွက်သံ)

ခဏချင်းမှာပင် မမြင်နိုင်သော ဓားဟိန်းသံတစ်ခုမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။

ဝတ်စုံနက်နှင့် လူငယ်သည် လက်တစ်ဖက်ဖြင့် သူ၏ ဓားကို ဆွဲထုတ်လိုက်ရာ ခန်းမအတွင်း၌ ကြယ်စင်အလင်း ခုနစ်ခု တောက်ပလာပြီး ကြယ်စင်အလင်းလွှာတစ်ခုမှာ လွင့်မျောကာ လူတိုင်း၏ စိတ်နှလုံးကို လင်းထိန်သွားစေတော့သည်။

“ဝှစ်....”

နတ်ဓားတစ်လက်ပြီးတစ်လက် အိမ်မှ ထွက်လာကြသည်။

တောက်ပလှသော ဓားအလင်းတန်းများ လျှပ်ခနဲ ပေါ်ထွက်လာပြီး မမြင်နိုင်သော ဓားဆန္ဒတစ်ခုမှာ ကောင်းကင်ယံသို့ တိုးဝင်သွားကာ မယိမ်းမယိုင်သော အရှိန်အဝါတစ်ခုက ကောင်းကင်ဘုံကို တုန်လှုပ်စေတော့သည်။

ခဏချင်းမှာပင် ဓားချီများမှာ ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားသည်။

ယနေ့တွင် ကျင်းယွမ်မှ ဓားများ....

…

…

အခန်း ၂၅၆ ....” အဆိပ်နတ်ဘုရား... မသေချင်ရင် အပြင်ထွက်ခဲ့စမ်း....

ကျင်းယွမ်တောင်ထိပ် ခုနစ်ခုမှ ထိပ်တန်းတပည့်များအားလုံး ချီတက်ခဲ့ကြသည်။

ဤလုပ်ရပ်မှာ အမှန်တကယ်တော့ အတော်ပင် စွန့်စားရာရောက်၏။

အဘယ်ကြောင့်ဆိုသော် ထိုတပည့်များသည် ကျင်းယွမ်ဂိုဏ်း၏ နောင်လာမည့်မျိုးဆက်သစ်များအတွက် ပင်မမဏ္ဍိုင်များ ဖြစ်ကြသောကြောင့်ပင်။

အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ကျင်းယွမ်ဂိုဏ်း၏ အနာဂတ်မှာ အန္တရာယ်ရှိသွားနိုင်ပေသည်။

ထို့ကြောင့် တောက်ရွှမ်းနှင့် ကျန်သူများသည် အနည်းငယ် စိုးရိမ်မကင်း ဖြစ်နေကြဆဲပင်။

နောက်ဆုံးတွင် ကျန့်ပူယီနှင့် ဇနီးဖြစ်သူ၊ တာအိုသခင်မ ရွှယ်ယွဲ့နှင့် ချူယွီဟုန် အစရှိသော တောင်ထိပ်သခင် အချို့သည် တပည့်များကို စောင့်ရှောက်ရန်နှင့် မတော်တဆမှုများ မဖြစ်ပွားစေရန် ကိုယ်တိုင် လိုက်ပါသွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း ၎င်းမှာ ဂျိချန်းဖန်ကို ကူညီရန် ပိုမိုလွယ်ကူစေမည် မဟုတ်ပါလား။

သို့ဖြစ်ရာ နောက်ဆုံးစစ်ကြောင်းကို ဂျိချန်းဖန်၊ လုရွှယ်ချီနှင့် ကျင့်ပင်အာတို့က ဦးဆောင်ပြီး တောင်ထိပ်သခင်များဖြစ်ကြသော ကျန့်ပူယီတို့ ဇနီးမောင်နှံ၊ တာအိုသခင်မ ရွှယ်ယွဲ့နှင့် ချူယွီဟုန်တို့က ဝန်းရံစောင့်ရှောက်ကာ လိုက်ပါခဲ့ကြသည်။

ကျန်ရှိသူများမှာ ကျင်းယွမ်ဂိုဏ်း၏ ထိပ်တန်းတပည့်များ ဖြစ်ကြ၏။

“ဝှစ်....”

ဂျိချန်းဖန်က လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်နှင့် ထုံထျန်းတောင်ထိပ်ရှိ ကောင်းကင်ယံပျံသန်းမှု တားမြစ်ချက် အစီအရင်မှာ ပွင့်သွားခဲ့သည်။

ချက်ချင်းပင် ဓားအလင်းတန်းများမှာ ကောင်းကင်သို့ ထိုးတက်သွားကြပြီး အဆိပ်တစ်သောင်းဂိုဏ်း တည်ရှိရာ အဆိပ်မြွေတောင်ကြားအတ ဆီသို့ ဦးတည်ပျံသန်းကြတော့သည်။

ယနေ့တွင် ကျင်းယွမ်မှ ဓားများ ထွက်ပေါ်လာပြီ....”

ဓားဦးတည်ရာမှာ အဆိပ်တစ်သောင်းဂိုဏ်းပင်....”

“ဝှစ်....”

ဓားအလင်းတန်းများစွာ ကောင်းကင်သို့ ထိုးတက်သွားကြသည်။

ကျင်းယွမ်တောင်တန်းအနီးတွင် နေထိုင်ကြသော လေလွင့်ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကြောင့် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

သူတို့ အားလုံးသည် မော့ကြည့်လိုက်ကြရာ ကျင်းယွမ်ဂိုဏ်းမှ ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ ဟုန်ခနဲ ပျံတက်သွားသည်ကို တွေ့မြင်လိုက်ရ၏။

“ဘာတွေဖြစ်နေတာလဲ........”

“ကျင်းယွမ်ဂိုဏ်းမှာ ဘာကိစ္စရှိလို့လဲ....”

“ဘာလို့ လူတွေအများကြီး ရုတ်တရက်ကြီး ဓားပျံစီးသွားကြတာလဲ....”

ဘယ်ကိုသွားကြတာလဲ.......

“ဘုရားရေ....”

ဒါဇင်နဲ့ချီတဲ့ ယူကျင်းနယ်ပယ်ကျွမ်းကျင်သူတွေလား....” ကျင်းယွမ်ဂိုဏ်းက အင်အားအားလုံးကို ထုတ်သုံးလိုက်တာလား....”

မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်။

အချို့သော စပ်စုတတ်သူများမှာ ကျင်းယွမ်ဂိုဏ်း၏ စစ်ကြောင်းနောက်သို့ ဓားပျံစီးကာ လိုက်ပါကြည့်ရှုရန်ပင် ကြိုးစားကြသေးသည်။

သို့သော် ကံမကောင်းစွာပင် ထိုလေလွင့်ကျင့်ကြံသူများ၏ ဓားပျံစီးနင်းမှု အရှိန်မှာ အလွန်ပင် နှေးကွေးလှသည်။

သူတို့သည် 'စကိတ်စီး' သကဲ့သို့ နှေးကွေးသော ဓားပျံစီးနည်းစနစ်များတွင်သာ ရှိနေကြဆဲဖြစ်သော်လည်း ကျင်းယွမ်ဂိုဏ်းမှာမူ ယခုအခါ ကွဲပြားသွားပြီ ဖြစ်သည်။

လက်ရှိတွင် ကျင်းယွမ်တပည့်တိုင်းနီးပါးသည် ဂျိချန်းဖန် လက်ဆင့်ကမ်းပေးထားသော 'လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း'နည်းစနစ်ကို ကျင့်ကြံထားကြသဖြင့်

သူတို့၏ ဓားပျံစီးနင်းမှု အရှိန်မှာ ထိုလေလွင့်ကျင့်ကြံသူများနှင့် ယှဉ်၍မရနိုင်အောင် မြန်ဆန်လှပေသည်။

“ဝှစ်....”

ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာသည် နတ်ဘုရားနယ်မြေတိုက်ကြီး၏ အနောက်တောင်ဘက်ဆီသို့ ဦးတည်နေကြသည်။

အဆိပ်တစ်သောင်းဂိုဏ်း၏ ဌာနချုပ်မှာ အနောက်တောင်ဘက်ရှိ အဆိပ်မြွေတောင်ကြားတွင် တည်ရှိပြီး ထိုနေရာမှာ အဆိပ်ငွေ့များ ဖုံးလွှမ်းကာ မြွေနှင့် ပိုးမွှားများ ပေါများလှသည်။

၎င်းမှာ အဆိပ်ရှိသော သတ္တဝါများအတွက် သဘာဝအတိုင်း စုဝေးရာနေရာပင် ဖြစ်သည်။

လမ်းတစ်လျှောက်တွင် လေလွင့်ကျင့်ကြံသူ အများအပြားမှာ ကျင်းယွမ်ဂိုဏ်း၏ စစ်ကြောင်းကို သတိပြုမိကြသည်။

ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ စုစည်းနေသော ထိုကဲ့သို့ ခန့်ညားလှသော မြင်ကွင်းကို လျစ်လျူရှုရန် ခက်ခဲလှပေသည်။ မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။

ကျင်းယွမ်ဂိုဏ်းက ဘာလုပ်ဖို့ ကြံရွယ်နေသလဲဆိုသည်ကို သူတို့ အလွန်သိချင်နေကြ၏။

ယူကျင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း စေလွှတ်လိုက်ခြင်းမှာ..... မိစ္ဆာဂိုဏ်းနှင့် အသေအလဲ တိုက်ခိုက်တော့မည်လား........

ကျင့်ကြံခြင်းအဆင့် မြင့်မားသော လမ်းသွားလမ်းလာ ကျင့်ကြံသူတစ်ဦးမှာ သေချာစွာ လေ့လာကြည့်ရှုနေသည်။

သူ၏ မျက်ဝန်းထဲတွင် မှိန်ဖျော့ဖျော့ ကြည်လင်သော အလင်းတန်းတစ်ခု လှုပ်ခတ်နေပြီး နတ်ဘုရားမျက်စိ လျှို့ဝှက်အတတ်ကို ကျင့်ကြံထားပုံရသည်။

“ဝှစ်....”

သူ၏ အကြည့်မှာ မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားသည်။

ထိုလမ်းသွားလမ်းလာ ကျင့်ကြံသူသည် အဆုံးမရှိသော ဓားအလင်းတန်းများကို ဖောက်ထွင်းမြင်လိုက်ရပြီး ကျင်းယွမ်စစ်ကြောင်းကို ဦးဆောင်လာသော လူအနည်းငယ်ကို သတိပြုမိကာ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားခဲ့သည်.....။

“ဟူး....” (အံ့သြတုန်လှုပ်သံ)

ထိုကျင့်ကြံသူမှာ အသက်ရှူမှားသွားရတော့သည်။

ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများစွာက သူ ဘာမြင်လိုက်သလဲဆိုသည်ကို ဝိုင်းမေးကြ၏။

ထိုကျင့်ကြံသူက တီးတိုးရေရွတ်လိုက်သည်မှာ

“ကျင်းယွမ်ဂိုဏ်းချုပ် ဂျိချန်းဖန်....

တာ့ကျူးတောင်ထိပ်သခင် ကျန့်ပူယီ....

ရှောင်ကျူးတောင်ထိပ် သခင် တာအိုသခင်မ ရွှယ်ယွဲ့.......

“အဲဒီအပြင် ကျင်းယွမ်တောင်ထိပ် ခုနစ်ခုလုံးရဲ့ ထိပ်တန်းတပည့်တွေပါ ပါသေးတယ်.....”

“သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ........”

ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး....

ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ အများအပြား....

အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ်နှင့် အထက် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ.....။

ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားမှာ နတ်ဘုရားနယ်မြေတိုက်ကြီးပေါ်ရှိ မည်သည့်ဂိုဏ်းကိုမဆို အမြစ်ပြတ် ချေမှုန်းနိုင်စွမ်း ရှိသည်။

ကျင်းယွမ်ဂိုဏ်းက တကယ်ပဲ အင်အားအားလုံးကို ထုတ်သုံးလိုက်ပြီလား........

သူတို့ အတိအကျ ဘာလုပ်ချင်နေတာလဲ........

ထိုစကားကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ထိုစဉ်မှာပင် လေလွင့်ကျင့်ကြံသူတစ်ဦးက ကျင်းယွမ်စစ်ကြောင်း ပျံသန်းနေသော ဦးတည်ရာကို မှတ်မိသွားသည်။ ထိုနေရာမှာ.....

“အနောက်တောင်ဘက် အဆိပ်မြွေတောင်ကြားအတ....”

“အဆိပ်တစ်သောင်းဂိုဏ်းရဲ့ ဌာနချုပ်ပဲ........’’

“ဒါဆိုရင်..... ကျင်းယွမ်ဂိုဏ်းက အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းတော့မှာလား........”

လေလွင့်ကျင့်ကြံသူတစ်ဦးက ခန့်မှန်းလိုက်သည်။ ခဏချင်းမှာပင် ကမ္ဘာတစ်ဝှမ်းရှိ လူများမှာ ထိုအကြောင်းကို အပူတပြင်း ဆွေးနွေးလာကြတော့သည်။

ကျင်းယွမ်ဂိုဏ်းက အဆိပ်တစ်သောင်းဂိုဏ်းကို ဝိုင်းရံနှိမ်နင်းတော့မည်ဟူသော သတင်းမှာလည်း ထိုအခိုက်အတန့်မှာပင် ပြန့်နှံ့သွားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သတင်းပြန့်နှံ့သည့် အရှိန်မှာ ကျင်းယွမ်စစ်ကြောင်း၏ ဓားပျံစီးနင်းမှုအရှိန်ကို မမှီခဲ့ပေ။ အဆိပ်တစ်သောင်းဂိုဏ်း သတင်းရရှိချိန်တွင် ကျင်းယွမ်ဂိုဏ်းမှာ သူတို့၏ အိမ်ရှေ့တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မကြာမီမှာပင် ကျင်းယွမ်ဂိုဏ်းထံမှ သတင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။

ပထမသတင်းမှာ ....

ဖန်ရှန်းဂူသည် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းကြံစည်ကာ ရွမ်ချာဂိုဏ်းကို အန္တရာယ်ပြုရန် ကြိုးပမ်းခဲ့သည်။ ဖန်ရှန်းဂူ အကြီးအကဲများဖြစ်ကြသော ရှန်ကွမ်းချီ နှင့် လျိုရှန်းတို့မှာ နေရာတင် သတ်ဖြတ်ခြင်းခံခဲ့ရပြီး မိစ္ဆာဂိုဏ်းဝင် အဆိပ်တစ်သောင်းဂိုဏ်းနှင့် ဟဲဟွမ်ဂိုဏ်း မှ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ သုံးဦးလည်း သေဆုံးခဲ့သည်။

ဒုတိယသတင်းမှာ ....

ကျင်းယွမ်ဂိုဏ်းသည် 'ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း' စီမံချက်ကို စတင်လိုက်ပြီဖြစ်သည်။

၁၉ ဆက်မြောက် ဂိုဏ်းချုပ် ဂျိချန်းဖန် ဦးဆောင်ကာ တာ့ကျူးတောင်ထိပ်၊ ရှောင်ကျူးတောင်ထိပ်နှင့် ချောင်းယန်တောင်ထိပ်သခင်များ၏ အကူအညီဖြင့် ကျင်းယွမ်တောင်ထိပ် ခုနစ်ခုမှ ထိပ်တန်းတပည့်များကို ခေါ်ဆောင်၍ ခုနစ်ရက်အတွင်း အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် စီစဉ်နေခြင်း ဖြစ်သည်။

ဤသတင်းနှစ်ခု ပြန့်နှံ့သွားသည်နှင့် ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ချက်ချင်းပင် တုန်လှုပ်သွားရတော့သည်။

ဖန်ရှန်းဂူ မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းသည့် ကိစ္စဖြစ်စေ၊ ကျင်းယွမ်ဂိုဏ်း၏ 'ခုနစ်ရက်အတွင်း မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းခြင်း' စီမံချက်ဖြစ်စေ နှစ်ခုလုံးမှာ တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ခံရရန် လုံလောက်လှပေသည်.....။

ခဏတာအတွင်း ကမ္ဘာကြီးမှာ တုန်လှုပ်သွားခဲ့သည်။

…

…

သုံးရက်အကြာတွင် ကျင်းယွမ်စစ်ကြောင်းသည် နတ်ဘုရားနယ်မြေတိုက်ကြီး၏ အနောက်တောင်ဘက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အဆိပ်တစ်သောင်းဂိုဏ်း၏ ဌာနချုပ်ဖြစ်သော အဆိပ်မြွေတောင်ကြားသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကျင်းယွမ်စစ်ကြောင်းသည် လေလွင့်ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေကြသည် ....”

ကျင်းယွမ်ဂိုဏ်းက ဘာလုပ်တော့မှာလဲ....”

သို့သော် အလွန်လျင်မြန်စွာပင် သူတို့ သဘောပေါက်သွားကြသည်။

“ဝှစ်....”

ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာသည် အဝေးမှ အဆိပ်မြွေတောင်ကြားအတဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြပြီး နောက်ဆုံးတွင် အဆိပ်တစ်သောင်းဂိုဏ်း ဌာနချုပ်၏ အထက်ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်တန့်လိုက်ကြသည်။

“ဝီး... ဝီး... ဝီး....”

ဓားဆန္ဒ များမှာ လွင့်မျောနေ၏။

အဆုံးမရှိသော ဓားအလင်းတန်းများမှာ ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ဒါဇင်နှင့်ချီသော အရှိန်အဝါများ ပေါင်းစည်းကာ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

၎င်းမှာ တိမ်တိုက်များထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး တာအိုတရားကိုယ်တိုင်ပင် ပျက်စီးတော့မည့်အလား.....။

“ဘုန်း....”

အဆိပ်မြွေတောင်ကြားအတွင်းမှ ကျယ်ပြန့်သော အရှိန်အဝါ နှစ်ခု ပေါက်ကွဲထွက်လာသည်။

အဆိပ်တစ်သောင်းဂိုဏ်း၏ ကျန်ရှိနေသော ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် အဆုံးမရှိသော အဆိပ်ငွေ့များအတွင်းမှ ပျံသန်းထွက်လာကာ အော်ဟစ်လိုက်ကြသည် ....”

“ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ....”

“ငါတို့ရဲ့ အဆိပ်တစ်သောင်းဂိုဏ်းကို ဘယ်သူက လာပြီး စော်ကားတာလဲ........”

အဆိပ်တစ်သောင်းဂိုဏ်းမှ ရှန်ကျင်းအဆင့် အကြီးအကဲ နှစ်ဦးမှာ ပျံသန်းထွက်လာသော်လည်း သူတို့ အဆိပ်မြူများအတွင်းမှ ထွက်လာပြီး အပြင်ဘက်အခြေအနေကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်..... သူတို့၏ အမူအရာများမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး.....

ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်ရှိတာလား....”

အဲဒီအပြင် ထိုက်ကျင်းနယ်ပယ်ကျွမ်းကျင်သူ နှစ်ဦးပါလား....”

ပြီးတော့ အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ထိပ်တန်းတပည့် ဒါဇင်ပေါင်းများစွာလား........”

ငါ အိပ်ရာက နိုးတာ မြန်သွားတာ ထင်တယ်....”

ငါ အိပ်မက်မက်နေတာလား........”

“ဝုန်း... ဝုန်း... ဝုန်း....”

အဆုံးမရှိသော ဓားအလင်းတန်းများကြားတွင် ဂျိချန်းဖန်သည် လူတိုင်း၏ ရှေ့တွင် ရပ်နေသည်။ သူ၏ ဝတ်စုံနက်မှာ လွင့်ပျံနေပြီး အရပ်အမောင်းမှာလည်း မြင့်မားဖြောင့်စင်းလှသည်။

သူသည် ရှေ့ရှိ အဆိပ်တစ်သောင်းဂိုဏ်း အကြီးအကဲနှစ်ဦးကို တည်ငြိမ်စွာ ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်.....။

“ဝှစ်....”

ထက်ရှလှသော ဓားဆန္ဒများ ပေါက်ကွဲထွက်လာသည်။ ကျယ်ပြန့်လှသော ချီအငွေ့အသက်များသည် အဆိပ်တစ်သောင်းဂိုဏ်း အကြီးအကဲနှစ်ဦးကို နေရာတင် ခြေကုန်လက်ပန်းကျသွားစေသည်အထိ အလွန်အမင်း ခြောက်လှန့်လိုက်သည်.....။

ဘုရားရေ....”

သူတို့သည် ဝေဟင်ထက်မှ တိုက်ရိုက်ပင် ပြုတ်ကျသွားကြပြီး သူတို့ရှေ့ရှိ ကျင်းယွမ်ဂိုဏ်း စစ်ကြောင်းကို ထိတ်လန့်တကြား ကြည့်နေကြတော့သည်။

“အဆိပ်နတ်ဘုရား....” သေချင်ရင် အပြင်ထွက်ခဲ့စမ်း....”

ဂျိချန်းဖန်၏ အေးစက်သော အသံမှာ တစ်ကမ္ဘာလုံး ပဲ့တင်ထပ်သွားတော့သည်။

“ဝီး... ဝီး... ဝီး....”

လှိုင်းလုံးကဲ့သို့သော အသံလှိုင်းများမှာ တုန်ခါနေ၏။ တိမ်တိုက်များမှာ လိပ်တက်ကုန်သည်။

ကောင်းကင်နှင့် မြေကြီးမှာ ပြောင်းလဲသွားသည်။

အဆိပ်မြွေတောင်ကြားအတ တစ်ခုလုံးတွင် ဂျိချန်းဖန်၏ အသံသာလျှင် ပဲ့တင်ထပ်နေတော့သည်.....။

…

All Chapters