← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း ၂၅၇ - ‘ဓားလာစမ်း’ ဟူသော ခေါ်သံတစ်ချက်က လောကကို တုန်ဟိန်းစေ၏။ အဆိပ်တစ်သောင်းဂိုဏ်း အမြစ်ပြတ်ချေမှုန်းခံရခြင်း။

“ဘုန်း....”

အေးစက်တည်ငြိမ်လှသော ထိုအသံမှာ လောကတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

အဝေးတစ်နေရာတွင် စုဝေးရောက်ရှိနေကြသော လေလွင့်ကျင့်ကြံသူ အများအပြားမှာ ရှေ့တွင်ဖြစ်ပျက်နေသည်များကို ထိတ်လန့်တကြား စူးစိုက်ကြည့်နေကြသည်။

“ကျင်းယွမ်ဂိုဏ်းက အဆိပ်တစ်သောင်းဂိုဏ်းကို တကယ်ပဲ အမြစ်ပြတ်သုတ်သင်တော့မှာလား........”

“ဒါက သိသာနေတာပဲ မဟုတ်လား။ ကျင်းယွမ်တောင်ထိပ် ခုနစ်ခုက ထိပ်တန်းတပည့်တွေ အကုန်ထွက်လာကြတာ။ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူတွေတင်မကဘူး၊ ကျင်းယွမ်ဂိုဏ်းချုပ်ကိုယ်တိုင်က ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူလေ.....”

“ဟူး.... အဆိပ်တစ်သောင်းဂိုဏ်းတော့ သွားပြီထင်တယ်နော်....”

လေလွင့်ကျင့်ကြံသူများမှာ အပူတပြင်း ဆွေးနွေးနေကြသည်။ သူတို့သည် အဆိပ်မြွေတောင်ကြားကို အဝေးမှကြည့်ကာ အဆိပ်တစ်သောင်းဂိုဏ်းက မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်နေကြ၏။

“ဝှစ်....”

ခေတ္တအကြာတွင် လူအများ၏ အကြည့်အောက်၌ အဆိပ်မြွေတောင်ကြားအတွင်းမှ မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်မလာပေ။

အဆိပ်နတ်ဘုရားက အပြင်ကို ထွက်မလာဘူးလား....

အဆိပ်တစ်သောင်းဂိုဏ်း တပည့်တွေကလည်း ဘာလှုပ်ရှားမှုမှ မရှိဘူးလား....

ခုနက ပျံသန်းထွက်လာခဲ့တဲ့ အဆိပ်တစ်သောင်းဂိုဏ်း အကြီးအကဲ နှစ်ယောက်သာလျှင် ဘေးတစ်နေရာမှာ တုန်တုန်ရီရီဖြင့် ပုန်းကွယ်နေကြသည်.....။

၎င်းကို မြင်သောအခါ ကျင်းယွမ်ဂိုဏ်းသားများမှာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ချူယွီဟုန်သည် သူ၏နတ်ဓားကို ဆုပ်ကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

တည်ကြည်သော အမူအရာဖြင့် ဂျိချန်းဖန်ကို ဦးညွှတ်ကာ ပြောလိုက်သည်မှာ

“ဂိုဏ်းချုပ်....”

“အမိန့်ပေးပါ။ ကျွန်တော်မျိုးက ရှေ့တန်းကနေ ဦးဆောင်ပြီး တပည့်တွေကို ခေါ်ဆောင်ကာ အဆိပ်မြွေတောင်ကြားကို တိုက်ခိုက်ပါ့မယ်။ အဆိပ်တစ်သောင်းဂိုဏ်းကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းပါရစေ....”

ချူယွီဟုန်၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူသည် ဤကဲ့သို့သော ကြီးမားသည့် ဂုဏ်ပြုမှု မျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့ပြင် ဂျိချန်းဖန် ရှိနေသရွေ့ သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ရန် မလိုပေ။

သူ၏စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ ကျင်းယွမ်တပည့်များမှာလည်း ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

သူတို့၏ မျက်နှာများမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပြီး သံပြိုင် အော်ဟစ်လိုက်ကြသည်မှာ

“ဂိုဏ်းချုပ် စီနီယာအကို.... အမိန့်ပေးပါ....”

သူတို့မှာ မစောင့်နိုင်တော့ပေ။ အဆိပ်တစ်သောင်းဂိုဏ်းကို တိုက်ခိုက်ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အောင်မြင်မှုဖြစ်သည့် ‘အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခြင်း’ ကို လုပ်ဆောင်ရန် သူတို့ စိတ်အားထက်သန်နေကြပြီ ဖြစ်သည်။

၎င်းကို ကြားသောအခါ ဂျိချန်းဖန်က လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။

သူသည် အဆိပ်မြွေတောင်ကြားကို ငုံ့ကြည့်လိုက်ရာ သူ၏ အမြင်အာရုံမှာ အပြင်ဘက်ရှိ အဆိပ်ငွေ့များကို ဖောက်ထွင်းကာ တောင်ကြားအတွင်းရှိ အဆိပ်နတ်ဘုရားကို သူ၏ ကြီးမားလှသော နတ်ဘုရားအာရုံ ဖြင့် အမိအရ ဖမ်းဆုပ်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် အဆိပ်နတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်နေ၏။

ကျင်းယွမ်ဂိုဏ်းက တကယ်ပဲ တံခါးဝအထိ လာတိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ကြည့်ရသည်မှာ ဟဲဟွမ်ဂိုဏ်း၏ စီမံချက်မှာလည်း ကျရှုံးသွားပုံရသည်.....။

'ပြီးပြီ....' အဆိပ်နတ်ဘုရား၏ မျက်နှာမှာ ပျက်ယွင်းနေသည်။

တောင်ကြားအပြင်ဘက်ရှိ ကျင်းယွမ်ဂိုဏ်း၏ အင်အားကြီးမားလှသော စစ်ကြောင်းကို ရင်ဆိုင်ရန်မှာ ယနေ့ အဆိပ်တစ်သောင်းဂိုဏ်းအတွက် အဆုံးစီရင်ချက်ပင် ဖြစ်သည်။

တစ်ခုတည်းသော နည်းလမ်းမှာ ပြန်လည်တိုက်ခိုက်ရန်သာ ရှိတော့၏။

သို့သော် သူသည် အပြင်ထွက်တိုက်ရန် မရွေးချယ်ဘဲ အဆိပ်မြွေတောင်ကြားအတွင်း၌သာ ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

အဆိပ်မြွေတောင်ကြားတွင် အဆိပ်ငွေ့များ၊ မြွေနှင့် ပိုးမွှားများစွာ ရှိနေသဖြင့် ၎င်းမှာ သူတို့အတွက် ပထဝီဝင် အားသာချက်ရှိသော စစ်မြေပြင် ဖြစ်သည်။

ဤမြေပြင်အနေအထားကို အသုံးချကာ အဆိပ်တစ်သောင်းဂိုဏ်းအနေဖြင့် ကျင်းယွမ်ဂိုဏ်းကို ပြန်လည်ခုခံနိုင်စွမ်း ရှိပါသေးသည်။

သို့သော်..... တစ်ခုတည်းသော အန္တရာယ်မှာ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ ဂျိချန်းဖန်ပင် ဖြစ်သည်။

…

…

အဆိပ်မြွေတောင်ကြား အပြင်ဘက်တွင် ဂျိချန်းဖန်သည် အဆိပ်နတ်ဘုရား၏ အတွေးကို ဖတ်မိလိုက်သည်။

သူက လူအများရှေ့တွင်ပင် လှောင်ပြုံးပြုံးကာ

“ဟဲဟဲ.... စစ်မြေပြင်ကို အဆိပ်မြွေတောင်ကြားထဲမှာပဲ ထားချင်တာလား....”

“ကောင်းပြီလေ၊ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးပါ့မယ်....”

သူ၏စကားအဆုံးတွင် ဂျိချန်းဖန်၏ ဝတ်စုံနက်မှာ လွင့်ပျံသွားပြီး သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ခါးရှိဓားကို ဆွဲထုတ်လိုက်သည်။

ကြယ်စင်အလင်းတန်းများ ဖြာထွက်လာပြီး ကြယ်ခုနစ်ပွင့်မှာ ကျင်းယွမ်ကောင်းကင်ယံကို လင်းထိန်သွားစေသည်။

“ဓား.... လာစမ်း....”

ကြည်လင်လှသော အော်ဟစ်သံမှာ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။

ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်အဆင်းများ ပျောက်ကွယ်သွားတော့သည်။

“ဇိ....”

မမြင်နိုင်သော ဓားဟိန်းသံမှာ လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။

တောက်ပလှသော ဓားအလင်းတန်းများ လွင့်မျောလာကာ ထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒများ ကောင်းကင်သို့ ထိုးတက်သွားသည်။ မယိမ်းမယိုင်သော ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကြယ်စင်အလင်းတန်းများမှာ လောကတစ်ခုလုံးသို့ ဖြာကျလာသည်.....။

“ဝီး... ဝီး... ဝီး....”

မမြင်နိုင်သော ဓားဆန္ဒများမှာ ကြယ်စင်ပြည့်သော ကောင်းကင်ယံတွင် ဓားသွားများအဖြစ် ပေါ်ထွက်လာပြီး ချက်ချင်းပင် ဓားပေါင်း တစ်သောင်းမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်....

လောကတစ်ခုလုံးမှာ ကြယ်စင်အလင်းတန်းများဖြင့် လင်းထိန်သွားပြီး ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော သေးငယ်သော ဓားငယ်ပေါင်းများစွာမှာ ကောင်းကင်ယံတွင် ကြယ်ပမာ တောက်ပနေကြသည်။

“ဝှစ်........”

ခဏချင်းမှာပင် ဓားချီ များမှာ စကြဝဠာတစ်ခုလုံးကို ပြည့်နှက်သွားသည်....။

ထိုးတက်သွားသော ဓားဆန္ဒများမှာ ဓားချီမြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြယ်စင်ကောင်းကင်ယံမှ စီးဆင်းလာကာ ဂလက်ဆီတစ်ခုကို ဖြတ်တောက်လိုက်သကဲ့သို့ပင်။

နဝမမြောက် ကောင်းကင်ယံမှ နဂါးငွေ့တန်းမြစ်ကြီး ပြုတ်ကျလာသကဲ့သို့ ရှိပေသည်....

မမြင်နိုင်သော ဓားဆန္ဒတစ်ခုသည် လူတိုင်း၏ စိတ်နှလုံးကို ဖိနှိပ်ထားသည်။ ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများသည် နဝမမြောက် ကောင်းကင်ယံထက်ရှိ ဝတ်စုံနက်နှင့် လူငယ်ကို ထိတ်လန့်တကြား ကြည့်နေကြပြီး သူတို့ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားကြရသည်.....။

“ဝီး... ဝီး... ဝီး....”

ဓားချီမြစ်ကြီးမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။ ရေတံခွန်ကြီးတစ်ခုကဲ့သို့ပင် ၎င်းမှာ ကြယ်စင်ကောင်းကင်ယံကို ဖြတ်သန်းသွား၏။

ထက်ရှလှသော ဓားဆန္ဒများမှာ ချက်ချင်းပင် အဆိပ်မြွေတောင်ကြား တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့လိုက်သည်။

“ဘုန်း....”

ဂျိချန်းဖန်၏ ရပ်တည်ချက်မှာ မြင့်မားဖြောင့်စင်းနေပြီး သူ၏ အကြည့်မှာ တည်ငြိမ်အေးစက်လှသည်။

“ဖြတ်စမ်း....”

သူ၏ အမိန့်သံအဆုံးတွင် ဓားဆန္ဒများဖြင့် ဖွဲ့စည်းထားသော ကြယ်စင်ကောင်းကင်ယံမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။

ဓားချီများဖြင့် ဖွဲ့စည်းထားသော ဂလက်ဆီကြီးမှာ ပြုတ်ကျလာခဲ့သည်။

ထူထပ်လှသော ဓားချီမြစ်ကြီးမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး အဆုံးမရှိသော ဓားဆန္ဒများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်.....။

ခဏချင်းမှာပင် ကြယ်စင်များက ကျင်းယွမ်ကို လင်းထိန်စေပြီး ဓားချီများက စကြဝဠာကို ပြည့်နှက်သွားစေသည်....

ဓားချီမြစ်များစွာ စီးဆင်းလာပြီး ထူထပ်လှသော ဓားဆန္ဒများမှာ အဆိပ်မြွေတောင်ကြား တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

အဆုံးမရှိသော အဆိပ်ငွေ့များသည် ထိုနေရာတွင်ပင် ဓားချီများ၏ ဒဏ်ကြောင့် ကြေမွပျက်စီးသွားခဲ့သည်။

အဆိပ်ငွေ့များကြားတွင် ပုန်းကွယ်နေသော အဆိပ်ရှိ သတ္တဝါများမှာလည်း ဓားဆန္ဒများအောက်တွင် ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။

“ဘုန်း....”

အဆုံးမရှိသော ဓားချီများသည် အရှိန်အဟုန်ပြင်းသော ဒီရေလှိုင်းများကဲ့သို့ အဆိပ်မြွေတောင်ကြားဆီသို့ စီးဆင်းသွားသည်။

အောက်ဘက်တွင် တုန်ရီနေကြသော အဆိပ်တစ်သောင်းဂိုဏ်း အကြီးအကဲနှစ်ဦးလည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ.....။

သူတို့သည် ဓားချီဂလက်ဆီကြီး၏ တိုက်စားမှုကို ခံလိုက်ရပြီး ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

“ဟင့်အင်း....”

မသေဆုံးမီတွင် သူတို့သည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် နောက်ဆုံးတွင် ထိုဓားချီမြစ်များ၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

ဤကဲ့သို့သော တောက်ပလှသော ဓားချက်အောက်တွင် သေဆုံးရခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပေတော့မည်။

“ဘုန်း....”

ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများသည် မျက်လုံးအပြူးသားဖြင့် ဖြစ်ပျက်သမျှကို အဝေးမှ စောင့်ကြည့်နေကြသည်။

အဆိပ်မြွေတောင်ကြား တစ်ခုလုံးမှာ ဓားချီများဖြင့် လုံးဝ လွှမ်းခြုံသွားခဲ့ပြီး အဆုံးမရှိသော အဆိပ်ငွေ့များမှာ တိုက်ရိုက် ကြေမွသွားကာ မရေမတွက်နိုင်သော အဆိပ်သတ္တဝါများမှာလည်း ဓားဆန္ဒအောက်တွင် နေရာတင် သေဆုံးကုန်ကြသည်။

၎င်းကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြရသည်။

ဤသည်မှာ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားလော........ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်....

ဓားတစ်ချက်တည်းဖြင့် အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခြင်း.... ဤဓားချက်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေမည်မှာ မလွဲဧကန်ပင်....

လေလွင့်ကျင့်ကြံသူများမှာ အသက်ရှူမှားသွားကြရသည်။

အမှန်အတိုင်းပြောရလျှင် သူတို့သည် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ကိုယ်တိုင်တိုက်ခိုက်သည့် ဤကဲ့သို့သော တောက်ပလှသော ဓားချက်ကို မြင်တွေ့ခွင့်ရခြင်းမှာ အလွန်ကံကောင်းလှပေသည်။

၎င်းမှာ နှစ်ပေါင်းရာနှင့်ချီမှ တစ်ကြိမ်သာ မြင်တွေ့နိုင်သော အရာမျိုး မဟုတ်ပါလား။

နောင်တွင် သူတို့သည် ဤအကြောင်းကို ဂုဏ်ယူစွာ ပြောပြနိုင်တော့မည် ဖြစ်သည်။

“ဘုန်း....”

အဆိပ်မြွေတောင်ကြား အထက်တွင် ဓားဆန္ဒများ ပေါက်ကွဲထွက်ပေါ်နေပြီး ဓားချီလှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ အမှောင်ထဲတွင် ပုန်းကွယ်နေသော အဆိပ်သတ္တဝါများကို သုတ်သင်လျက် ရှိသည်။

ထို့ပြင် အချိန်မီ မရှောင်တိမ်းနိုင်သော အဆိပ်တစ်သောင်းဂိုဏ်း တပည့်အချို့လည်း သေဆုံးခဲ့ကြရသည်.....။

“အား........”

အော်ဟစ်သံများမှာ ဆူညံသွားတော့သည်။ ဂျိချန်းဖန်သည် ရှေ့မှဖြစ်ပျက်သမျှကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

ဓားချီများ ပျောက်ကွယ်သွားချိန်တွင် သူသည် လူတိုင်း၏ရှေ့တွင် တစ်ဦးတည်း ရပ်နေပြီး လက်ကို ညင်သာစွာ မြှောက်ကာ ဓားကို အနက်ရှိုင်းဆုံးသော ချောက်ကမ္ဘာဆီသို့ ချိန်ရွယ်လျက်၊

ဓားဦးကို ကောင်းကင်ယံသို့ ညွှန်ပြကာ သူ၏ ကြည်လင်လှသော အသံမှာ လောကတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ဒီနေ့ကစပြီး အဆိပ်တစ်သောင်းဂိုဏ်းဆိုတာ လောကမှာ ရှိတော့မှာ မဟုတ်ဘူး....”

သူ၏စကားအဆုံးတွင် သူ၏နောက်ကွယ်ရှိ ကျင်းယွမ်တပည့်များမှာလည်း ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ကျင်းရှူးရှူး၊ စုန့်တာရင်နှင့် လင်းကျင်းယွီတို့ ဦးဆောင်သော ထိပ်တန်းတပည့်များသည် သူတို့၏ နတ်ဓားများကို မဆိုင်းမတွပင် ဆွဲထုတ်လိုက်ကြတော့သည်။

“သတ်ကြစမ်း....”

“အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းကြ............”

…

အခန်း ၂၅၈ - ‘မင်းက တန်ဖိုးမရှိဘူး’ ဟူသော စကားတစ်ခွန်း.... အဆိပ်နတ်ဘုရား ရူးသွပ်သွားခြင်း....

“ဘုန်း....”

ကြီးမားလှသော အရှိန်အဝါများမှာ တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

တောက်ပသော ဓားအလင်းတန်းများသည် လေဟာနယ်ထက်မှ မိုးပေါက်များကဲ့သို့ ကျဆင်းလာခဲ့သည်။

ကျင်းယွမ်တပည့်များသည် ဓားများကိုယ်စီကိုင်စွဲကာ အဆိပ်မြွေတောင်ကြားဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းတိုက်ခိုက်ကြတော့သည်။

ခဏချင်းမှာပင် ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်ဆဲဆဲ ဖြစ်နေ၏။

ဂျိချန်းဖန်၏ ရှေ့တွင်ထုတ်ဖော်ခဲ့သော ဓားချက်မှာ အဆိပ်မြွေတောင်ကြားရှိ အဆုံးမရှိသော အဆိပ်ငွေ့များကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်ရာ အဆိပ်တစ်သောင်းဂိုဏ်းအတွက် သဘာဝအတိုင်း ရရှိထားသော ပထဝီဝင် အားသာချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ အဆိပ်တစ်သောင်းဂိုဏ်းအနေဖြင့် တိုက်ခိုက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“ဝှစ်....”

တောက်ပသော ဓားအလင်းတန်းများ ကောင်းကင်သို့ ပျံတက်သွားပြီး မှော်မန္တန်များမှာလည်း ရက်ရက်စက်စက် ကျဆင်းလာခဲ့သည်။ တိုက်ပွဲကြီးမှာ အမှန်တကယ် စတင်နေပြီ ဖြစ်သည်။

ဂျိချန်းဖန်၏ ဝတ်စုံနက်မှာ လွင့်ပျံနေ၏။ သူသည် ကောင်းကင်ယံထက်တွင် ရပ်တန့်နေပြီး သူ၏ဓားကို ဖြည်းညှင်းစွာ အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်းမပြုဘဲ အဆိပ်တစ်သောင်းဂိုဏ်း တစ်ခုလုံးကို ကျင်းယွမ်တပည့်များ လက်ထဲသို့သာ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်အောက်ငယ်သားများကို အောင်မြင်မှုများ ဝေမျှခံစားခွင့် ပေးရမည် မဟုတ်ပါလား။ ၎င်းမှာ သူတို့အတွက် လေ့ကျင့်မှုတစ်ခုလည်း ဖြစ်ပေသည်။

နောက်နောင်တွင် ကိစ္စတိုင်းကို ဂျိချန်းဖန် ကိုယ်တိုင် ကိုင်တွယ်နေရန် မဖြစ်နိုင်သကဲ့သို့ ထိုမျှလောက်သော အချိန်လည်း သူ၏ထံတွင် ရှိမည်မဟုတ်ပေ။

အချို့သော ကိစ္စရပ်များကို လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးထားရန်သာ လိုအပ်သည်။

“ဘုန်း....”

ထိုစဉ်မှာပင် အဆိပ်မြွေတောင်ကြားအတွင်းမှ အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

လွှမ်းမိုးထားသော အဆိပ်ငွေ့များမှာ ပျံ့နှံ့ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်.....။

“အဆိပ်နတ်ဘုရားလား........”

“နောက်ဆုံးတော့ သူ ငြိမ်မနေနိုင်တော့ဘူးလား....”

အဝေးရှိ လေလွင့်ကျင့်ကြံသူများစွာမှာ အပူတပြင်း ဆွေးနွေးနေကြသည်။

မိစ္ဆာဂိုဏ်း၏ ထိပ်သီးခေါင်းဆောင်ဖြစ်သော အဆိပ်နတ်ဘုရားသည် ကျင်းယွမ်ဂိုဏ်း၏ ဝိုင်းရံပိတ်ဆို့မှုရှေ့တွင် မည်သို့ရွေးချယ်မည်ကို သူတို့ စူးစိုက်ကြည့်နေကြ၏။

“ဘုန်း....”

လွှမ်းမိုးထားသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

အဆိပ်နတ်ဘုရားသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် အဆိပ်မြွေတောင်ကြားထဲမှ ပျံသန်းထွက်လာခဲ့သည်။

သူသည် မိမိ၏ ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ ဒဏ်ရာရနေပြီး သေဆုံးနေကြသော အဆိပ်တစ်သောင်းဂိုဏ်းတပည့်များကို ကြည့်လိုက်ကာ ကောင်းကင်ယံမှ သူ့ကို ရန်လိုစွာ စိုက်ကြည့်နေကြသော ကျင်းယွမ်ဂိုဏ်းဝင်များကို မော့ကြည့်လိုက်သည်.....။

“ဘာဖြစ်လို့လဲ........”

“ဘာဖြစ်လို့လဲ........”

အဆိပ်နတ်ဘုရားသည် နာကျင်စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော်နေ၏။

လွန်ခဲ့သော ဆယ်နှစ်က သူသည် တောက်ရွှမ်း၏ ဓားချက်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ထိုနေရာတင်ပင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

ယခု ဆယ်နှစ်ကြာသွားသည့်တိုင်အောင် သူ၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားခြင်း မရှိရုံသာမက ပိုမိုဆိုးရွားလာခဲ့သည်။ ယခု သူသည် ခိုင်မာသော စိတ်ဓာတ်ဖြင့်သာ တောင့်ခံနေခြင်း ဖြစ်သည်။

“ဘာလို့လဲ........”

အဆိပ်နတ်ဘုရားမှာ ကောင်းကင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

သူသည် နဝမမြောက်ကောင်းကင်ယံထက်တွင် ရပ်နေသော ဝတ်စုံနက်နှင့် လူငယ်ကို မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အနည်းငယ်ရှိနေသော်လည်း ထိုထက်ပိုသည်မှာ မကျေနပ်မှုများပင် ဖြစ်သည်။

“ဘာလို့ မင်းတို့ ကျင်းယွမ်ဂိုဏ်းကပဲ ပါရမီရှင်တွေ ဒီလောက်တောင် ထွက်ပေါ်နေရတာလဲ.... လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က ကျင်းယဲ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က တောက်ရွှမ်း၊ အခုကျတော့လည်း ဂျိချန်းဖန်.....”

“ကောင်းကင်ကြီးက မတရားလိုက်တာ....”

အဆိပ်နတ်ဘုရားမှာ ဒေါသတကြီး အော်ဟစ်နေတော့သည်။ မှန်ပေသည်၊ ကျင်းယွမ်ဂိုဏ်းမှာ တရားသောလမ်းစဉ်၏ ခေါင်းဆောင်အဖြစ် ကောင်းကင်နှင့် မြေကြီး၏ မျက်နှာသာပေးမှုကို အမှန်တကယ် ရရှိထားခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်ကလည်း မိစ္ဆာဂိုဏ်းတွင် ပါရမီရှင်များ မရှိခဲ့သည်တော့ မဟုတ်ပေ။

'ချိုးဝမ်ယွီ' အမည်ရှိသော လူငယ်မှာ ပါရမီမနည်းလှသော်လည်း စိတ်မရှည်ဘဲ ကျင်းယွမ်ဂိုဏ်းကို အလျင်စလို တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျဆုံးသွားခဲ့ရသည်။

၎င်းမှာ မိစ္ဆာဂိုဏ်းကို နောက်ထပ် နှစ်ပေါင်း ၃၀၀ ကြာ ဆုတ်ယုတ်သွားစေခဲ့သည်။

ယခု မိစ္ဆာဂိုဏ်းမှာ ခဲရာခဲဆစ် ပြန်လည် နာလန်ထူလာချိန်တွင် တောက်ရွှမ်းက ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြန်သည်။

တောက်ရွှမ်း၏ ခေတ်မကုန်ဆုံးသေးမီမှာပင် ဤပါရမီရှင် ဂျိချန်းဖန် ပေါ်ထွက်လာပြန်ပြီ....

အဆိပ်နတ်ဘုရား၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် နီမြန်းလာခဲ့သည်။ ၎င်းမှာ သူ၏ နောက်ဆုံးလက်ကျန် စွမ်းအင်များကို ထုတ်သုံးနေခြင်းပင် ဖြစ်၏။

ယနေ့ပြီးနောက်တွင် သူသည် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရတော့မည်ကို သူသိသည်။

“ငါက မိစ္ဆာလမ်းစဉ်ကို နှစ်ပေါင်း ၃၀၀ ကျော် အုပ်စိုးခဲ့တာ.... ငါ သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိ သေမယ်....”

အဆိပ်နတ်ဘုရားမှာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

“ဘုန်း....”

ချက်ချင်းပင် လွှမ်းမိုးထားသော အဆိပ်ငွေ့များ ပေါက်ကွဲထွက်လာသည်။

အဆိပ်နတ်ဘုရား၏ အကြည့်မှာ ကောင်းကင်ယံထက်ရှိ ဝတ်စုံနက်နှင့် လူငယ်ဆီသို့သာ စူးစိုက်ထား၏။ သူသည် အခြားလူများရှိနေခြင်းကို လျစ်လျူရှုကာ ဂျိချန်းဖန်နှင့် တိုက်ခိုက်ရန်သာ စိတ်ကူးထားသည်။

သူသည် တစ်ဖက်လူ၏ ဓားတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သိသော်လည်း ဂုဏ်သိက္ခာရှိရှိ သေဆုံးလိုခြင်း ဖြစ်သည်။

“ဂျိချန်းဖန်.... မင်း ငါနဲ့ တိုက်ရဲလား........”

အဆိပ်နတ်ဘုရား၏ အသံမှာ တစ်ကမ္ဘာလုံး ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

ကျင်းယွမ်တပည့်များရော၊ လေလွင့်ကျင့်ကြံသူများပါ သူတို့၏ အကြည့်များကို ဂျိချန်းဖန်ဆီသို့ လွှဲလိုက်ကြသည်။

ကောင်းကင်ထက်တွင် ဂျိချန်းဖန်က သူ၏ အကြည့်ကို အနည်းငယ် နှိမ့်လိုက်သည်။

သူသည် အောက်ဘက်မှ အရှိန်အဟုန်ဖြင့် တက်လာသော အဆိပ်နတ်ဘုရားကို ကြည့်ကာ အေးစက်စွာဖြင့်

“မင်းကို ငါ ခုနက ဓားချက်နဲ့ တိုက်ရိုက်မသတ်ခဲ့တာ ဘာလို့လဲ သိလား.... ဘာလို့လဲဆိုတော့.....”

“မင်းက အဲဒီလို လုပ်ခံရဖို့ တန်ဖိုးမရှိလို့ပဲ....”

တိုးညှင်းသော ထိုအသံမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားတော့သည်။

“ဝှစ်....”

ခဏချင်းမှာပင် လူတိုင်းမှာ ထိတ်လန့်သွားရတော့သည်။

'တန်ဖိုးမရှိဘူး' ဟူသော စကားမှာ အမြင့်ဆုံးသော စော်ကားမှုပင် ဖြစ်သလို ငြင်းပယ်၍မရသော အမှန်တရားလည်း ဖြစ်သည်။

အဆိပ်နတ်ဘုရားသည် ဂျိချန်းဖန်ကိုယ်တိုင် လက်နက်ထုတ်သုံးရန် တန်ဖိုးရှိသလား.... မရှိပေ.... သူသည် ဂျိချန်းဖန်၏ အကြည့်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လက်ရှိ ဂျိချန်းဖန်အတွက်မူ ထိုက်ကျင်းနယ်ပယ်မှာသာ သူနှင့်ရင်ဆိုင်ရန် အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်သည်။

“အား................”

အဆိပ်နတ်ဘုရားမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ ရူးသွပ်သွားတော့သည်။

တစ်ကိုယ်လုံး တုန်ရီနေပြီး အဆိပ်ငွေ့များကို ထုတ်လွှတ်ကာ ဂျိချန်းဖန်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားသည်။

၎င်းကို မြင်သောအခါ ကျန့်ပူယီက မျက်မှောင်ကြုတ်လိုက်သည်။ တာအိုသခင်မ ရွှယ်ယွဲ့၊ စုရုနှင့် ချူယွီဟုန်တို့မှာလည်း တည်ကြည်သော အမူအရာများ ရှိနေကြသည်။

သူတို့သည် ဂျိချန်းဖန်ကဲ့သို့ အဆိပ်နတ်ဘုရားကို လျစ်လျူရှုနိုင်စွမ်း မရှိကြပေ။ တစ်ဖက်လူမှာ ရှန်ကျင်းအထွက်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည် မဟုတ်ပါလား။

“ဇိ....”

ထိုစဉ်မှာပင် တောက်ပသော အပြာရောင် ဓားအလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

ဂျိချန်းဖန်၏ အနားတွင်ရှိသော အေးစက်လှပသော မိန်းကလေးမှာ သူ၏ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာခဲ့သည်။

သူမ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေပြီး ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ အလွန်တရာ လှပနေပေသည်.....။

“ဘုန်း....”

ထျန်းယာနတ်ဘုရားဓားသည် အဆုံးမရှိသော အဆိပ်ငွေ့များကို ဖြတ်တောက်လိုက်သည်။

လုရွှယ်ချီသည် သူမ၏ ရှန်ကျင်းနှောင်းပိုင်း ကျင့်ကြံခြင်းအဆင့်ဖြင့် ရူးသွပ်သော အဆိပ်နတ်ဘုရားကို အတင်းအကျပ် ဟန့်တားလိုက်သည်။

“မျိုးဆက်သစ်လေး....”

“မင်း သေချင်တယ်ဆိုရင်လည်း ငါ့ကို အပြစ်မတင်နဲ့....”

အဆိပ်နတ်ဘုရားမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။ သူသည် ကောင်းကင်ထက်ရှိ ဂျိချန်းဖန်ကို ကြည့်ကာ ရင်ထဲတွင် မခံချင်စိတ်များ ဖြစ်ပေါ်နေသည်။

'မင်း ငါ့ကို အဲဒီလောက်တောင် အထင်သေးတာလား.... ငါက မိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ.... ဒါကို မင်းက မိန်းမတစ်ယောက်ကိုပဲ လွှတ်ပြီး ငါ့ကို ရင်ဆိုင်ခိုင်းတယ်ပေါ့လေ........'

“ဘုန်း....”

အဆိပ်နတ်ဘုရားသည် ထိတ်လန့်ဖွယ်ကောင်းသော အဆိပ်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။

ဧရာမ အဆိပ်လက်ဝါးကြီးမှာ လုရွှယ်ချီထံသို့ ပြင်းထန်စွာ ဖိနှိပ်ကျဆင်းလာခဲ့သည်။

“ချန်....”

ထိုလက်ဝါးချက်ကို ရင်ဆိုင်ရာတွင် လုရွှယ်ချီ၏ လှပသောမျက်နှာမှာ တည်ငြိမ်နေဆဲပင်။

သူမသည် အလျင်စလိုမရှိဘဲ ဓားတစ်ချက် ဝေ့ယမ်းလိုက်ရာ ကြည်လင်သော ဓားအလင်းတန်းမှာ အဆိပ်လက်ဝါးကြီးကို ချက်ချင်းပင် နှစ်ခြမ်းခွဲပစ်လိုက်သည်။

“ဇိ....”

တောက်ပသော ဓားသံတစ်ချက် ထွက်ပေါ်လာသည်။

ထျန်းယာနတ်ဓားမှာ အဆိပ်ငွေ့များကို ဖောက်ထွင်းကာ အဆိပ်နတ်ဘုရားထံသို့ သေစေနိုင်သော တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်.....။

All Chapters