အခန်း (၂၅၂၉-၂၅၃၀)
Vol. 181 Ch. 2529-2530
အပိုင်း(၂၅၂၉)
အစွမ်းကုန် ကောင်းကင် ကာကွယ်ခြင်း အစီအရင်သည် အပြင်ဘက်ရှိ လူအားလုံးကို ဝင်ရောက်ခြင်းမှ တားမြစ်ထားကာ အပြည့်အဝ စွမ်းအားဖြင့် သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်၏။
ဝေ့ဝူယင်သည် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ရင်း ထိုအစီအရင်အား ခွဲခြမ်းစိတ်ဖြာခြင်းကိုသာ ဆက်လက် ပြုလုပ်နေခဲ့သည်။
ကန်မင်ဂျီသည် အချက်အလက်တချို့ လိုအပ်နေသေးသော်လည်း အချို့သောအရာများကို ဆက်စပ်တွေးတောမိသွားသည့်အလား သဘောပေါက်နားလည်မှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ဝေ့ဝူယင်ကို စောင်းငဲ့ကြည့်လိုက်၏။
အတုအယောင် လျှို့ဝှက် သင်္ကေတများ ပါဝင်နေသော ထူးဆန်းသည့် အလင်းတန်းကို ပြန်လည်အမှတ်ရသွားကာ သူမ၏ မျက်ဝန်းများက အတွေးတစ်ခုကြောင့် တောက်ပသွားသည်။ သူမက ခဏမျှ တွေးတောလိုက်ပြီးနောက်၊ စူးစမ်းလိုစိတ်ကြောင် မှတ်ချက်ချလိုက်ပုံရသည်။
"အာကာရှစ် ဘိုးဘေး ပူးကပ်ခြင်း ပေါ့လေ...."
ဝေ့ဝူယင်က သူမကို လျစ်လျူရှုထားကာ သူမလိုချင်သော တုံ့ပြန်မှုကို မပေးခဲ့ပေ။ အနည်းငယ်မျှပင် တုန်လှုပ်မသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ကန်မင်ဂျီသည် သူမ၏ သီအိုရီနှင့် ပတ်သက်၍ မသေချာဖြစ်သွားခဲ့ရသည်။ ကိုက်ညီမှုမရှိသော အရာအချို့ ကျန်ရှိနေသေးသည်။ သူမက ပို၍ အနီးကပ် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။
"အသင့်ပြင်ထားပါ...."
ဝေ့ဝူယင်က စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုလိုက်သည်။ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ကန်မင်ဂျီ၏ မျက်ဝန်းများက နိုးကြားလာခဲ့၏။
တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့သည် အလွန်အမင်း နိုးကြားနေသည့် အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားခဲ့၏။
"သူတို့ ဘာလို့ အခုလို လှုပ်ရှားနေရတာလဲဆိုတာကို ငါ စဉ်းစားလို့မရဘူး...."
ဝေ့ဝူယင်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားနေပြီး အာဏာရှင်များ သူ့ထံသို့ ပေးပို့လာသော သတင်းစကားများ အားလုံး အပါအဝင် ယခုအချိန်အထိ ဆက်သွယ်ဆောင်ရွက်မှု တိုင်းကို ချေဖျက် စဉ်းစားနေခဲ့သည်။
ဤဖြေရှင်းမရသော မေးခွန်းက အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အတန်ငယ် ခက်ခဲစေခဲ့၏။ အကယ်၍ သူသာ အကြောင်းရင်းကို သိခဲ့လျှင် အခြေအနေကို ပြေလည်သွားစေရန် သို့မဟုတ် ပြောင်းပြန်လှန်ပစ်ရန် လွယ်ကူပေလိမ့်မည်။
အစပိုင်းတွင် သူက မက်ဂီ တစ်ယောက်အနေဖြင့် သူ၏ တည်ရှိမှုသည် သူကိုယ်တိုင် မသိလိုက်ဘဲ ပေါက်ကြားသွားခြင်းကြောင့်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း... သူ၏ ငွေရောင် မျက်ဝန်းများကို မြင်တွေ့ခဲ့ရသူများထံမှ ထွက်ပေါ်လာသော ထိတ်လန့်မှု စိတ်လှိုင်းများ အရ... ၎င်းမှာ အခြားအကြောင်းပြချက်တစ်ခု ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။
ဝေ့ဝူယင် ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်သည့် သူ့အဆင့်အတန်းကို ယာယီ ရုတ်သိမ်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ပြီးနောက် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သည် နောက်ထပ် စစ်ဆေးမေးမြန်းမှုများ မပြုလုပ်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့၏။ နောက်ထပ် လုပ်ဆောင်မှုများ မရှိတော့ခြင်းကပင်လျှင် သဲလွန်စတစ်ခု ဖြစ်နေခဲ့သည်။
"မိုးကုပ်စက်ဝိုင်း တွေက ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားတဲ့ ဒီလှုပ်ရှားမှုမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတာ မဟုတ်ဘူး.... သူတို့က ဘေးထွက်ထိုင်ပြီး ကြည့်ရှုသူတွေအနေနဲ့ ခပ်ခွာခွာနေဖို့ပဲ ပူးပေါင်း ပါဝင်နေကြတာ.... ဒါဆို ဒီကိစ္စကို ဘယ်အရာက တွန်းအားပေးနေတာလဲ...."
သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ သူတည်ဆောက်ထားခဲ့သော လျှို့ဝှက်သတင်းပေးများထံမှ ရရှိထားသည့် အသိပညာနှင့် သတင်းအချက်အလက်များ အားလုံးကို အသုံးပြုခဲ့သော်လည်း၊ ခိုင်မာသော သို့မဟုတ် ကျိုးကြောင်းဆီလျော်သော ကောက်ချက်တစ်ခုကိုမျှ မချနိုင်ခဲ့ပေ။ ၎င်းသည် လက်စားချေရန်အတွက်တော့ သေချာပေါက် မဟုတ်ပေ။ အတိုင်းအတာက ကြီးမားလွန်းနေသည်။
ဆုငွေထုတ်ထားခြင်းကလည်း ဖြစ်နိုင်ခြေ မရှိပေ။ လူအများစုသည် အသစ်တက်လှမ်းလာသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးကို ရန်သူများဝိုင်းရံနေကြောင်း ကြားသိရသောအခါ ဆန့်ကျင်ဘက်ပြုလုပ်မည့်အစား ကူညီပေးရန်သာ ရွေးချယ်ကြပေလိမ့်မည်။ ထို့ကြောင့် ဆုငွေထုတ်ခြင်းသည် အလွန် ယုံကြည်စိတ်ချရမှု မရှိသော လုပ်ရပ်တစ်ခု ဖြစ်လာစေပြီး၊ အဂ္ဂိရတ်ပညာရှင်က အပိုဆောင်း ထောက်ခံသူများကိုပါ ရရှိသွားစေမည့် ပြောင်းပြန် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
ကိုယ်ရေးကိုယ်တာ နာကြည်းမှုနှင့် ကိုယ်ကျိုးစီးပွားတို့ကို ဖယ်ရှားလိုက်မည်ဆိုပါက၊ အကြောင်းရင်းက ဘာဖြစ်နိုင်မည်နည်း။
မိုးကုပ်စက်ဝိုင်း များကသာ သူ့ကို ဆန့်ကျင်၍ လှုပ်ရှားနေမည်ဆိုလျှင် အခြားသော ဖြစ်နိုင်ခြေ တစ်ခုကို သူ နားလည်နိုင်ပေလိမ့်မည်။ သို့သော်လည်း ဖုံးကွယ်ခြင်း အစီအရင် များအောက်တွင် ပုန်းကွယ်နေကြသူများထဲ၌ မည်သူမျှ တာအို တရားဥပဒေ ထိန်းသိမ်းသူများ မဟုတ်ကြခြင်းက သူတို့၏ ပါဝင်ပတ်သက်မှုကို ဖယ်ရှားပစ်လိုက်သည်။
ထို့ပြင် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သည် မျက်တောင်တစ်ချက် မခတ်ဘဲ ပြိုင်ဘက်ကင်း အရိပ် စံအိမ် ကို ပေါ်တင်ကြီး သတင်းပေးခဲ့သည်။ ၎င်းသည် ပြန်လည်တုံ့ပြန်လာနိုင်သည့် အန္တရာယ်ကို ဂရုမစိုက်ဘဲ သူတို့၏ သတ္တိကြောင်သော လုပ်ရပ်များအတွက် ပေါ်ပေါ်ထင်ထင် ရှုတ်ချလိုက်ခြင်းဖြစ်ကာ အလွန်တရာ ရက်စက်လှပေသည်။ ဤအရာက အခြားသော သဲလွန်စတစ်ခုပင် ဖြစ်သည်။
ဤသို့ဆိုလျှင် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်း။
ဝေ့ဝူယင်သည် အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို လွတ်ကျန်နေခဲ့သည်။ သို့မဟုတ် သူ လျစ်လျူရှုထားမိခြင်း ဖြစ်နိုင်သည်။ အသေးစိတ် အချက်အလက်လေး တစ်ခု။ လှုံ့ဆော်မှု တစ်ခု။ ခြောက်သွေ့နေသော မြက်ခြောက်ပုံကို လောင်ကျွမ်းစေမည့် မီးပွားလေး တစ်ခု။
"အရမ်းတွေ တွေးလွန်းနေပြီ...."
ဝိညာဉ်ထဲတွင် ဘုရင် ၏ အသံက ပဲ့တင်ထပ်သွား၏။
"ဘုရင် ပြောတာ မှန်တယ်.... ဘုရင် ပြောတာ မှန်တယ်...."
အိုရီက ဟိန်းဟောက်လိုက်၏။ သူ့ စကားလုံးတိုင်းတွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။
"အကြောင်းရင်းက အရေးမကြီးပါဘူး...."
ဧဒင် က ပြတ်သားစွာ ဝင်ပြောလိုက်၏။
"ခွေးကောင်တွေ...."
ခရာတိုက ဒေါသများဖြင့် ဟိန်းဟောက်လိုက်သည်။
မားဂတ်ကတော့ ဘာမှ မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ ရည်ရွယ်ချက် မသိရသော ရန်သူများနှင့် သေရေးရှင်ရေး တိုက်ပွဲတစ်ခု မစတင်မီ အချိန်လေးတွင် ဝေ့ဝူယင်မှာမူ ရှုပ်ထွေးသော အတွေးများနှင့် ပြည့်နှက်နေပြီး အစီအစဉ်များ၊ အရေးပေါ် အရန်အစီအစဉ်များနှင့် မဟာဗျူဟာများကို ဖန်တီးရန် ကြိုးစားနေခဲ့သည်။ မားဂတ်သည် အမှန်တကယ်ပင် သဘောကျနေခဲ့သည်။
"...."
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း စိတ်အတွင်းရှိ လေးလံမှု အားလုံးကို ချက်ချင်း ရှင်းလင်းသွားစေခဲ့သည်။
လျှို့ဝှက် ဝိညာဉ်များကလည်း တစ်သားတည်း အပြစ်အနာအဆာ ကင်းမဲ့စွာ လိုက်လံ လုပ်ဆောင်လိုက်ကြသည်။ သူတို့ ခြောက်ဦးစလုံးသည် တစ်ခုတည်းသော အလုံးစုံအဖြစ် ချိတ်ဆက်သွား၏။ ဤအလုံးစုံ၏ ဗဟိုချက်တွင် ဆုံးဖြတ်ချက်ချမှတ်သူမှာ အခြားသူမဟုတ်ဘဲ ဆေဘာ အာဏာရှင်၊ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို နှင့် ငရဲ၊ ကောင်းကင် နှင့် နတ်ဘုရား တို့ကို စိန်ခေါ်ခဲ့သော သေမျိုး ဖြစ်သည့် ဝေ့ဝူယင် သာလျှင် ဖြစ်ပေသည်။
"မင်း လုပ်ဖို့ လိုအပ်တာက...."
အိုရီ ၊ ဘုရင် ၊ ဧဒင် ၊ ခရာတို ၊ မားဂတ် ၊ ဖီဆန်ပေါက်စ နှင့် ဒြပ်စင်တို့၏ အသံများသည် အပြစ်ကင်းစင်စွာ သဟဇာတဖြစ်စွာဖြင့် အသံတစ်သံတည်းအဖြစ် ပဲ့တင်ထပ်သွားခဲ့၏။
"သတ်ပစ်ဖို့ပဲ...."
ဝှစ်...
ရုတ်တရက် အလင်းနှင့် အာကာသ ကန့်လန့်ကာအောက်တွင် အပြစ်ကင်းစင်စွာ ပုန်းကွယ်လျက် အမှောင်ထု အရောင်အဝါဖြင့် ဖုံးအုပ်ထားသော လည်ပတ်နေသည့် လှံတံတစ်ခုသည် ကန်မင်ဂျီ ၏ရှေ့သို့ ရောက်ရှိလာခဲ့၏။ ၎င်းက တိတ်ဆိတ်သည်။ မကောင်းဆိုးဝါးဆန်ပြီး တိကျလှသည်။ အမည်းရောင် ပြောင်းနေသော လှံထိပ်ဖျားသည် လျှို့ဝှက်ဆန်းကြယ်သော အမှောင်ထု၏ ပဲ့တင်ထပ်နေသော ချီစွမ်းအင်များ ညင်သာစွာ စီးဆင်းလျက် ကန်မင်ဂျီ ၏ ရင်အုပ်ရိုးဆီသို့ ထိုးစိုက်ဝင်သွားလေတော့သည်။
သူမ၏ မျက်ဝန်းများတွင် စိတ်အနှောင့်အယှက်ဖြစ်မှု အလင်းရောင်များ တောက်ပသွားပြီး မျက်နှာပေါ်၌ မသိမသာ လှောင်ပြောင်နှာခေါင်းရှုံ့ဟန်တစ်ခု ပေါ်လာ၏။
ဝှစ်...
သူမ၏ လက်ထဲမှ မြေခွေးဖြူခေါင်းပုံစံ တပ်ဆင်ထားသည့် တုတ်ကောက်သည် ဝင်ရောက်လာသော လှံတံဆီသို့ ကမန်းကတမ်း ထိတ်လန့်တကြား လွှဲယမ်းသွားလေသည်။
***
အပိုင်း(၂၅၃၀)
ဘုန်း...
တစ္ဆေများ၏ နားစည်ကိုပင် ကွဲအက်သွားစေနိုင်သည့် စူးရှသော သတ္တုချင်းရိုက်ခတ်သံကြီးတစ်ခု ထွက်ပေါ်လာကာ အပျက်အစီး မန်နာများကို ပြင်းထန်စွာ လှုပ်ရှား သွားစေခဲ့၏။ ကန်မင်ဂျီ၏ အားနည်းပုံရသော ခန္ဓာကိုယ်သည် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဝေ့ဝူယင် နှင့် အဝေးဆုံးသို့ တစ်ချက်တည်းဖြင့် လွင့်စဉ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် မိုင်ပေါင်း နှစ်သိန်းကျော် အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ အာကာသ စွမ်းအင်များကို အသုံးပြုကာ အရှိန်ကို တဖြည်းဖြည်း လျှော့ချ၍ ရပ်တန့်ရန် အပြင်းအထန် ကြိုးစားနေခဲ့၏။
ဖောက်...
ရုတ်တရက် လှံတံသည် ထက်မြက်ပြီး ထိုးဖောက်နိုင်စွမ်းရှိသော အမှောင်ထု၏ ပဲ့တင်ထပ် ချီစွမ်းအင် အပိုင်းအစများအဖြစ် ကွဲအက်သွားသည်။ ၎င်းတို့က အမှောင်ထုဖြင့် ဖန်တီးထားသော ထောင်သောင်းချီသည့် ဓားအပိုင်းအစများ အဖြစ် ပြောင်းလဲသွားကာ အာကာသ၊ အချိန်၊ မန်နာ နှင့် အလင်းတန်းများကို ပိုင်းဖြတ်ကာ ကန်မင်ဂျီ၏ အားနည်းပြီး အိုမင်းနေသည့် ရုပ်သွင်ဆီသို့ ဦးတည်သွားကြ၏။
သူမက တုတ်ကောက်ကို ရှေ့တွင်ကိုင်ထားကာ ပဲ့တင်ထပ် ချီစွမ်းအင်ဖြင့် ကာကွယ်ရေး အစီအမံများကို ပြုလုပ်လိုက်သည်။ ချက်ချင်းပင် သူမသည် မီးရည်ရွယ်ချက်ကို ထုတ်လွှတ်နေပြီး မီးလျှံကဲ့သို့ နီရဲသည့် ပဲ့တင်ထပ် ချီစွမ်းအင်များဖြင့် ဖန်တီးထားသော ဥပုံသဏ္ဍာန် အတားအဆီးတစ်ခုက သူမကို ရစ်ပတ် လွှမ်းခြုံ သွားခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း..
ဓားအပိုင်းအစများသည် အချိန်ဆွဲမနေဘဲ ဥပုံသဏ္ဍာန် အတားအဆီးနှင့် ရက်စက်သော တိကျမှုဖြင့် ရိုက်ခတ်သွားကြပြီး၊ နေရာအနှံ့အပြားကို အကြိမ်ရေ မရေမတွက်နိုင်အောင် ခုတ်ထစ်ပိုင်းဖြတ်ကြလေသည်။ သူမသည် ကျပ်တည်းလှသော အမှောင်ထု ဓားစက်ဝန်းအတွင်း ရောက်ရှိနေကြောင်း သတိပြုမိလိုက်၏။
ထိုဓားအပိုင်းအစများသည် အပြင်ဘက်သို့ ထွက်ပေါ်လာရန် ရဲဝံ့သည့် သူမ၏ အာရုံခံစားမှု အမှုန်အမွှားတိုင်းကို စုပ်ယူပြီး ဖျက်ဆီးပစ်ခြင်းဖြင့် သူမ၏ ဝိညာဉ်အမြင်ကို ပြင်ပကမ္ဘာမှ ချက်ချင်း ဖုံးကွယ်သွားစေခဲ့သည်။ သူမသည် အမှန်တကယ်ပင် ပိတ်မိသွားခဲ့ပြီဖြစ်သည်။
ကန်မင်ဂျီ၏ မျက်ဝန်းများထဲမှ မထီမဲ့မြင်ပြုမှုက ပိုမိုပြင်းထန်လာ၏။ ထို့နောက် သူမ ရွေးချယ်စရာများကို စဉ်းစားတွေးတောလိုက်သည်။ ခဏအကြာတွင်တော့ ထွက်ပြေးရန် သူမ ဆုံးဖြတ်လိုက်လေသည်။
သူမ တုတ်ကောက်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက်၊ အတားအဆီးဆီသို့ တုတ်ကောက်ထိပ်ဖျားဖြင့် ရိုက်ချရန် အသင့်ပြင်ကာ အမြင့်သို့ မြှောက်လိုက်သည်။ ထိုသို့လုပ်ရန် ဟန်ပြင်လိုက်ချိန်မှာပင် သူမ၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့၏။
ရုတ်တရက်ဆိုသလို... ဖရိုဖရဲ အခြေအနေများနှင့် ပြင်းထန်စွာ သောင်းကြမ်းနေသည့် ဓားရည်ရွယ်ချက်များကြားမှ၊ စကျင်ကျောက်လုံး အရွယ်အစားခန့်ရှိပြီး ရွှေရောင် သံကြိုးများ ရစ်ပတ်ထားသည့် အလင်းပေါက် ပုလဲတစ်လုံးကို သူမ သတိထားမိလိုက်သည်။
ထိုသံကြိုးများပေါ်တွင် မပြည့်စုံသော ကောင်းကင် သင်္ကေတများ နှင့် လျှို့ဝှက် သင်္ကေတများ ရောနှောနေသည့် ပဲ့တင်ထပ် သင်္ကေတများကို ထွင်းထုထား၏။ ၎င်းသင်္ကေတများသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ၏ ထူးခြားသော ဖန်တီးမှုများ ဖြစ်သည်။ မည်သို့ပင်ဆိုစေ... ကောင်းကင် သင်္ကေတ တစ်ခုတည်းကပင် ကောင်းကင်ဘုံများဆီသို့ သော့ချက်ဖြစ်ပေသည်။ အထွတ်အထိပ် သူတော်စင်များ ၏ လမ်းစဉ်မှာ ကောင်းကင်များကို နားလည်သဘောပေါက်ရန်နှင့် ပဲ့တင်ထပ်စေရန် ဖြစ်သည် မဟုတ်ပါလား။
"ဝိညာဉ် အမှတ်အသား ချည်နှောင် ပုလဲ...."
သူမသည် ဓားရည်ရွယ်ချက်နှင့် အမှောင်ထု ပေါင်းစပ်မှုအတွင်း အပြစ်ဆိုဖွယ်ရာမရှိလုနီးပါး ပုန်းကွယ်နေသော ထိုပုလဲကို အံ့သြသွားခဲ့၏။ သူမနှင့် ထူးခြားစွာ နီးကပ်လာမှသာ ၎င်းကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ အန္တရာယ်ရှိလောက်အောင်ပင် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ၊ ကြက်သီးမွေးညင်းများ ထသွားပြီး မလိုလားအပ်သော စိတ်ဒဏ်ရာတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါက်ကွဲထွက်လာသဖြင့် သူမ ခေတ္တမျှ မှင်တက်သွားခဲ့သည်။ ၎င်းသည် မိုက်ခရိုစက္ကန့်မျှသာ ကြာမြင့်သော်လည်း လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဘုန်း..
ဝိညာဉ် အမှတ်အသား ချည်နှောင် ပုလဲ သည် သူမ၏ အကာအကွယ်ကို ဝင်တိုက်သွားကာ၊ ငတ်မွတ်နေသူတစ်ဦးကဲ့သို့ အကာအကွယ် အော်ရာ အနည်းငယ်ကို စုပ်ယူလိုက်၏။ ထို့နောက်.. ကောင်းကင်အရောင်အဝါ တစ်ခုကို စတင်ထုတ်လွှတ်လာခဲ့သည်။
၎င်းက သူမ၏ ဝိညာဉ်အမြင် နှင့် ဝိညာဉ်အာရုံ တို့ကို ဖုံးကွယ်လိုက်ပြီး သူမကို အမှန်တကယ်ပင် မျက်ကန်းဖြစ်သွားစေသည်။ ထို့နောက်...
ဝှစ်...
သူမ ပျောက်ကွယ်သွားခဲ့သည်။
ခုတ်ထစ်နေသည့် အမှောင်ထု အပိုင်းအစများ ကျန်ရှိနေသေးသော်လည်း သူမ၏ ဥပုံသဏ္ဍာန် အကာအကွယ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ နေရာတွင် ကျန်ရစ်ခဲ့သည်မှာ အာကာသ နယ်မြေတစ်ခုဆီသို့ တံခါးပေါက် အဖြစ် ဆောင်ရွက်ပေးမည့် သေးငယ်သော စကျင်ကျောက်လုံးလေး တစ်လုံးသာ ဖြစ်သည်။ ထို တံခါးပေါက် သည် ကောင်းကင်တားမြစ်ချက် အော်ရာ တစ်ခုကို ထုတ်လွှတ်နေကာ အရာခပ်သိမ်းမှ သီးခြားခွဲထွက်နေသော အာကာသ ဒေသတစ်ခုဆီသို့ ဦးတည်နေသည်။
ကန်မင်ဂျီ ၏ စွမ်းအားများကို လက်တွေ့လေ့လာနိုင်ရန် မျှော်လင့်လျက်၊ ဝေ့ဝူယင် သည် နေရာတွင်ပင် နေကာ ဤအရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ သူမသည် အဓိက သူတော်စင် တစ်ပါး ဖြစ်နိုင်ခြေရှိပြီး၊ တစ်ချိန်တည်းမှာပင် အထွတ်အထိပ် အဆင့် ဝိညာဉ်သခင် တစ်ဦးလည်း ဖြစ်သည်။ စောစောပိုင်းက လိမ်ညာ ဟန်ဆောင်မှုများ ရှိခဲ့သော်လည်း သူမ၏ စွမ်းရည်များသည် အံ့မခန်းဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
သူ့ထံသို့ မည်သည့် တိုက်ခိုက်မှုမှ ရောက်မလာသေးပေ။ ကန်မင်ဂျီ က ပစ်မှတ်ဖြစ်နေခဲ့သည်။ သူတို့သည် ကောင်းကင် ပဲ့တင်ထပ် ချီစွမ်းအင်များ၏ အပြည့်အဝ ပံ့ပိုးမှုနှင့် အတူ အမှောင်ထု ကောင်းကင်ရတနာ တစ်ခုကို အသုံးပြုကာ အရိပ်ထဲမှနေ၍ သူမကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ရှင်းလင်းစွာပင်... ပြိုင်ဘက်ကင်း အရိပ် စံအိမ် သည် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ က သူတို့ကို ဖော်ထုတ်ပြီးနောက်တွင် ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။
သူတို့အမြင်တွင် ကန်မင်ဂျီ သည် ဝေ့ဝူယင်၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ရမည်ဖြစ်ပြီး၊ သူ တစ်ကိုယ်တော် ကျင့်ကြံနေချိန်အတွင်း အဖော်ပြုပေးရန် လုံလောက်စွာ ယုံကြည်ရသော အဂ္ဂိရတ် သူရဲကောင်း သို့မဟုတ် တာအို အစောင့်အရှောက် ဖြစ်နိုင်ခြေရှိပေသည်။ သူမသည် မည်သူမှန်း မသိရသော အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်သောကြောင့်၊ သူမ၏ အန္တရာယ်ပြုနိုင်စွမ်း အဆင့်က ဝေ့ဝူယင်၏ အဆင့်ထက် ပိုမိုမြင့်မားနေခဲ့သည်။ ဝေ့ဝူယင် ဤ ယူဆချက်ကြောင့် အနည်းငယ် ရယ်ချင်သွားခဲ့၏။ အနည်းငယ်မျှသာ ဖြစ်သည်။
သို့သော်... သူကိုယ်တိုင်ပင်လျှင် ဝိညာဉ် အမှတ်အသား ချည်နှောင် ပုလဲ ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ဝိညာဉ်သခင် တစ်ဦးဖြစ်သော ကန်မင်ဂျီ က ၎င်းကို မည်သို့မျှ အာရုံမခံနိုင်ခဲ့ခြင်းကို သူ အံ့သြသွားခဲ့၏။ သို့သော် စူးစမ်းလိုစိတ်ကြောင့် ၎င်းကို ပို၍ အနီးကပ် လေ့လာကြည့်လိုက်သောအခါ၊ သူ၏ မျက်ဝန်းများက ထင်ရှားသော သဘောပေါက်နားလည်မှုများဖြင့် တောက်ပသွားခဲ့သည်။ ၎င်း၏ မျက်နှာပြင်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော မှေးမှိန်သည့် နတ်ဘုရား မြူခိုး များ ရှိနေပြီး၊ ၎င်းက အကုန်အစင် သုံးစွဲခံလိုက်ရခြင်း ဖြစ်လေသည်။
ရန်သူများသည် နက်နဲသော ဖုံးကွယ်မှု အလွှာတစ်ခုကို ထပ်မံပေါင်းထည့်ရန် မမြင်နိုင်သော နတ်ဘုရားများ၏ အရည်အသွေးများကို အသုံးပြုခဲ့ကြသည်။ ဤရှာဖွေတွေ့ရှိမှုက အနီးအနားတွင် ပုန်းကွယ်နေသူများကို ပြန်လည်သတိရစေခဲ့၏။ သူတို့၏ ဖုံးကွယ်ထားမှုတွင် နတ်ဘုရားမြူခိုးများ၏ မှေးမှိန်သော အရိပ်အယောင်များ ပါဝင်နေပေသည်။ ထို့ကြောင့်ပင် ကန်မင်ဂျီသည် ၎င်းတို့ကို အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်တန်ရာသည်ဟု ဆိုလိုပေသည်။
သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ အတွက်မူ... ၎င်းကို မမြင်နိုင်သော နတ်ဘုရားများကိုပင် မြင်တွေ့နိုင်စွမ်းဖြင့် အထူးတလည် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့အပြင်... အစစ်အမှန် နဂါးတစ်ကောင်၏ အာရုံခံနိုင်စွမ်းကလည်း သူ့ကို ကြီးမားစွာ ထောက်ပံ့ပေးထားသည်။ ယခုအခါ၌ သူက အစစ်အမှန် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာပြီ ဖြစ်လေရာ သူ့ထံမှ ဖုံးကွယ်ထားနိုင်သည့် အရာဟူ၍ မရှိတော့သလောက်ပင်။
ဝှစ်... ဝှစ်...
ထိုအချိန်တွင်ပင် အရိပ်ထဲမှနေ၍ တိုက်ခိုက်မှုကို စတင်ခဲ့ကြသော အဗာတာများနှင့် ကိုယ်ပွားများသည် သူတို့၏ ဖုံးကွယ်ထားမှုကို ချိုးဖျက်ကာ တည်ရှိမှုကို ထုတ်ဖော်ပြသလာခဲ့ကြသည်။ သူတို့သည် လူငါးယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်စွာ ဖန်တီးထားသော ကြွေမျက်နှာဖုံးများနှင့် အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ သူတို့သည် ဘေးကင်းသည်ဟု ယူဆရသည့် မိုင်ပေါင်း ဘီလီယံဆယ်ချီ အကွာအဝေးမှ နေ၍ ဝေ့ဝူယင်ကို လှမ်းကြည့်နေခဲ့ကြသည်။
လူငါးယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် အမျိုးသားက ယုံကြည်မှုအပြည့်ဖြင့် စကားဆိုလိုက်သည်။
"အာရုဏ်ဦး အာဏာရှင် ဧကရာဇ်.... မင်းသာ အရှုံး..."
ဝေ့ဝူယင်က လက်တစ်ချောင်းကို မြှောက်လိုက်၏။ ရုပ်ဝတ္ထု၏ ရှုထောင့်အားလုံး၊ အဆုံးမရှိသော တွက်ချက်မှုများနှင့် အဆုံးမရှိသော အသွင်ပြောင်းလဲမှုများ ပါဝင်နေသည့် ဖန်ဆင်းခြင်း မူလအစ အဖြူရောင် အလင်းတန်းလေး တစ်ခု ဖြစ်ပေါ်လာသည်။
သုံးယောက်အဖွဲ့ဆီသို့ ညင်သာစွာ လက်ညှိုးထိုးလိုက်သည်နှင့်၊ အလင်းတန်းလေးသည် အသက်ဝင် တောက်ပသွားလေသည်။
ဝရား...
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွား၏။
အဝေးမှ စောင့်ကြည့်နေသူများသည် သူတို့ ဘယ်သောအခါမျှ၊ ဘယ်သောအခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။
အလွန်တရာ ကြီးမားလှသော နေကြယ်တစ်လုံးစာ အရွယ်အစားရှိသည့် နဂါးတစ်ကောင်...
၎င်းက ရက်စက်ကြမ်းကြုတ်သည်။ မူလဆန်သည်။ ရုပ်ဝတ္ထုအားလုံး၏ ဖန်ဆင်းခြင်း အာရုဏ်ဦးကို ထုတ်လွှတ်နေသော ကြယ်တာရာ မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် "မျက်စိတစ်မှိတ်" ဟူသည့် အချိန်အတွင်း သတိပေးမှုမရှိဘဲ ပုံပေါ်လာခဲ့၏။
ကြယ်ကွင်းပြင် တစ်ခုလုံးကို အလွယ်တကူ ဝါးမြိုနိုင်သော နဂါးကြီး၏ ကျယ်ပြန့်လှသည့် ပါးစပ်ကြီးက အာကာကိုပင် ပုံပျက်သွားစေနိုင်သည့် အင်အားဖြင့် ကိုက်ခဲဝါးမြိုလိုက်လေ၏။
ခန့်ညားထည်ဝါသော နဂါးကြီး၏ ဦးခေါင်းသည် ကိုက်ခဲဝါးမြိုလိုက်ပြီးနောက် ပျောက်ကွယ်သွားကာ၊ အာကာသနှင့် အပြစ်အနာအဆာကင်းစွာ ပေါင်းစပ်သွား၏။ မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်စေဘဲ လောကကြီးထဲသို့ မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ကိုယ်ပွားများ နှင့် အဗာတာများသည် မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံလိုက်ရသည်။
ဘာဆိုဘာမျှ မကျန်ရစ်ခဲ့ပေ။
ထို့နောက်... ဝေ့ဝူယင်၏ ခေါင်းသည် အထွတ်အထိပ် သူတော်စင်များ၏ အစစ်အမှန် ခန္ဓာကိုယ်များ ရှိရာ တည်နေရာဆီသို့ တိုက်ရိုက် လှည့်သွားခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းများသည် လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေခဲ့သည်။
ဝေ့ဝူယင် အမြင့်ဆုံးသော ဝိညာဉ်အင်အား ဖြင့်၊ ထိုအထွတ်အထိပ် သူတော်စင် ငါးပါးကို ပစ်မှတ်ထားလျက်၊ စောင့်ကြည့်နေသော တစ်လောကလုံးကို သူက စကားဆိုလိုက်သည်။
"ခင်ဗျားတို့ရဲ့ လောဘက ခင်ဗျားတို့ရဲ့ ကံကြမ္မာတွေကို ဆုံးဖြတ်လိုက်ပြီ.... မပြေးကြနဲ့.... ခင်ဗျားတို့ လွတ်မှာ မဟုတ်ဘူး.... တိုက်ခိုက်ကြပါ.... နောက်ပြီး မပြည့်ဝနိုင်ဘဲ လျှာဖျားပေါ်မှာပဲ ထာဝရ မှေးမှိန်သွားမယ့် ခင်ဗျားတို့ရဲ့ လိုအင်ဆန္ဒတွေနဲ့အတူ သေဆုံးလိုက်ကြပါ”
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ကြည်လင်ပြတ်သားသော ပါရဂွန် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ အတုအယောင် လျှို့ဝှက် သင်္ကေတများ ဘီလီယံငါးထောင် နီးပါးခန့် လျှံကျနေခဲ့လေသည်။
လျှို့ဝှက် တာအို သည် လောကကြီးအတွက် ဓမ္မတေးတစ်ပုဒ်ကို စတင်သီကျူးလာကာ စစ်သည်တော်များ၏ ဟစ်ကြွေးသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး၊ မိမိ၏ ကျင့်ကြံခြင်း အဆင့်တွင် အမှန်တကယ် ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်နိုင်သည့်၊ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံစဖူး၊ မမြင်စဖူးသော ပုဂ္ဂိုလ်တစ်ဦးကို ကြိုဆိုလိုက်လေသည်။
***