အခန်း (၈၆၉-၈၇၀)
Vol. 60 Ch. 869-870
အပိုင်း (၈၆၉) ပြောင်းပြန်လည်နေသော အချိန်
အချိန်ဆိုသည်မှာ လိမ်ညာမှုများကို သက်သေပြရန် အကောင်းဆုံးအရာ ဖြစ်ပေသည်။ အရာရှိရွှယ် လိမ်မပြောမှန်း အချိန်သိသည်။ ခေါင်းကြီး၏ ပုံပျက်နေသော အင်္ဂါရပ်များတွင် ဝမ်းသာရိပ်များ ထင်ဟပ်လာ၏။ ဤသည်မှာ ဤအရူးကမ္ဘာထဲသို့ သူရောက်ရှိလာပြီးကတည်းက ကြားဖူးသမျှထဲတွင် အကောင်းဆုံးသတင်းပင် ဖြစ်သည်။
“နောက်ဆုံးတော့ သူ့ကို ရှာတွေ့ပြီပေါ့”
အချိန်နှင့် နှိုင်းယှဉ်လျှင် အရာရှိရွှယ်သည် အလွန်တည်ငြိမ်နေပုံရသည်။
“ငါသိချင်တာက မင်းဘာလို့ သူ့ကို သတ်ချင်နေရတာလဲ၊ အဲ့ဒီလူကြည့်ရတာ ဘာအန္တရာယ်မှ ရှိပုံမရဘူး”
“အဲ့ဒါတွေအားလုံးက ဟန်ဆောင်မှုတွေပဲ၊ ငါတို့ ဒီအရူးကမ္ဘာမှာ ပိတ်မိနေတာ သူ့ကြောင့်ပဲ၊ ငါတို့ရဲ့ သိစိတ်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့ ငါတို့ရဲ့ စွမ်းရည်တွေနဲ့ စည်းမျဉ်းတွေကို အချင်းချင်း လဲလှယ်နေကြရတယ်၊ လူတိုင်း အရာအားလုံးကို မေ့သွားပြီး သူတစ်ယောက်တည်းပဲ သတိရှိနေတော့မယ်ဆိုရင် ငါတို့တွေ ဒီထဲက ဘယ်တော့မှ ထွက်နိုင်တော့မှာ မဟုတ်ဘူး”
ခေါင်းကြီး၏ ဦးခေါင်းက လျင်မြန်စွာ ညှိုးနွမ်းသွားတော့သည်။ အချိန် ထုတ်ဖော်ပြောပြလိုက်သော အချက်အလက်များတွင် အချို့သောအရာများ ပါဝင်နေသည့်အခါတိုင်း ၎င်းသည် “နာရီ” အမြောက်အမြားကို ဝါးမျိုလေ့ရှိသည်။
“ငါတို့ ဒီကမ္ဘာထဲမှာ ပိတ်မိနေတယ်ဆိုတာက ဒါက ချို့ယွင်းချက်ရှိတဲ့ ကမ္ဘာကြီးလို့ ဆိုလိုတာလား”
အရာရှိရွှယ်၏ သဲလွန်စများသည် ဖြည်းညင်းစွာ စုစည်းမိလာကြသည်။
“တကယ့် မှန်ကန်တဲ့ကမ္ဘာကြီးက အဲ့ဒီကလေးရဲ့ ဦးနှောက်ထဲမှာ ပုန်းကွယ်နေတာလား”
“အဲ့ဒီကလေးက ဘယ်သူလဲ”
“မင်းနဲ့မဆိုင်ဘူး”
အရာရှိရွှယ် သေနတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“မင်းက ငါနဲ့ ပူးပေါင်းချင်တယ်၊ မင်းသတ်ချင်နေတဲ့လူကလည်း ငါနဲ့ ပူးပေါင်းချင်နေတာပဲ၊ မင်းက ငါ့သတင်းပေးကို ဖမ်းဆီးပြီး နှိပ်စက်ခဲ့တယ်၊ ဒါပေမဲ့ သူကျတော့ ငါ့ကို သဲလွန်စတွေနဲ့ အကူအညီတွေ ပေးနေတယ်၊ ပြောရရင် ငါဒီကိုလာတာ မင်းကို အဖြေပေးဖို့ မဟုတ်ဘူး၊ ရိုးရိုးစကားပြောဖို့သက်သက်ပဲ”
အချိန်သည် အရာရှိရွှယ်စကားထဲရှိ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို ရိပ်မိလိုက်သည်။
“မိုက်မဲလိုက်တာ၊ မင်းရဲ့ ဉာဏ်ရည်နဲ့ မှတ်ဉာဏ်တွေက ဒီစိတ်ဖောက်ပြန်မှုရဲ့ ဝါးမျိုတာ ခံလိုက်ရပြီလား၊ သူက တစ်ခုခုကို ရည်ရွယ်ပြီး မင်းနားကပ်လာတာ သိသာနေတာပဲ၊ သူက တခြားလူတွေကို နှိမ်နင်းဖို့ မင်းကို အသုံးချချင်နေတာ”
“တခြားလူတွေကို ‘နှိမ်နင်း’ဖို့ ဆိုတာက ဘာကို ဆိုလိုတာလဲ”
“ငါတို့မသိနိုင်တဲ့ တခြားလူတွေလည်း ရှိသေးတယ်၊ သူတို့လည်း ဒီစိတ်ဖောက်ပြန်မှုထဲမှာ ပိတ်မိနေတာ၊ ဒါပေမဲ့ မင်းတို့အားလုံးက အဲ့ဒါကို မေ့သွားကြပြီ”
“မင်း မေ့သွားသလား၊ မမေ့ဘူးလားဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ သတိရှိနေဖို့အတွက် မင်း လွတ်လွတ်လပ်လပ် သွားလာလို့မရဘူးဆိုတာတော့ ငါသိတယ်၊ တောအုပ်ထဲက အဓိကလူနာလိုမျိုးပေါ့”
အရာရှိရွှယ်၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်လှသည်။
“ငါ့သတင်းပေးကို အခုချက်ချင်းလွှတ်ပေးစမ်း၊ မဟုတ်ရင် ငါ သူနဲ့ပူးပေါင်းပြီး မင်းကို ပြန်တိုက်ရလိမ့်မယ်”
“မင်း”
ပြောင်းပြန်လည်နေသော နာရီလက်တံများ ခဏတာ ရပ်တန့်သွားပြီး နာရီထဲမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဒါက ဒီစိတ်ဖောက်ပြန်မှုရဲ့ ကြောက်စရာကောင်းတဲ့ အချက်လား၊ အရာအားလုံးကို မေ့သွားပြီး တိရစ္ဆာန်တွေရဲ့ဗီဇအတိုင်းပဲ အသက်ရှင်နေထိုင်ရတဲ့ ဒီလိုသနားစရာကောင်းတဲ့ ဘဝမျိုးကိုပဲ ဖြတ်သန်းရတာလား”
“သူ့ကို အခုချက်ချင်း လွှတ်လိုက်”
အရာရှိရွှယ်သည် သူ့အင်္ကျီကို ချွတ်လိုက်သောအခါ ရဲစခန်းမှ သူယူဆောင်လာသော လက်နက်မျိုးစုံ ပေါ်ထွက်လာတော့သည်။
“မင်း မမေ့သေးဘူးဆိုရင် ငါက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိသင့်တယ်၊ ငါ့ကို စိတ်လွတ်သွားအောင် တွန်းအားမပေးနဲ့”
ရှုဟွမ် မြင်ခဲ့ရသော အနာဂတ်တွင် အရာရှိရွှယ်သည် သေဆုံးချိန်အိမ်ရာဝင်းအတွင်း လူသတ်ပွဲကြီး ဆင်နွှဲခဲ့ပြီး အချိန်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ထို့ကြောင့်ပင် သူသည် အထူးကုသဆောင်တွင် အကျဉ်းချခံရပြီး လွတ်လပ်ခွင့်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ နောက်ကွယ်မှ ကြိုးကိုင်သူ၏ အစီအစဉ်သည် ပြီးပြည့်စုံလှသော်လည်း ရှုဟွမ်က အချိန်ကို ဖြတ်သန်းသွားလာနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။ ထိုသို့ဖြင့် ဘေးအန္တရာယ်ကို ကြိုတင်တားဆီးနိုင်ခဲ့သည်။ အရာရှိရွှယ်သည် ယခင်အမှားဟောင်းများကို မလိုအပ်ဘဲ ထပ်မံမကျူးလွန်လိုတော့ပေ။
“မင်းရဲ့သတင်းပေးကို ငါအမှတ်အသား လုပ်ထားပြီးပြီ၊ အဲ့ဒီလူသာ ဒါကို မြင်သွားရင် သူတို့ ငါ့ကို ရှာတွေ့သွားလိမ့်မယ်”
အချိန်၏ အသံက အခြားအလောင်းတစ်ခုဆီမှ ထွက်ပေါ်လာ၏။
“ငါ ကတိပေးနိုင်တယ်၊ ငါ သူတို့ကို ထပ်ပြီး အန္တရာယ်မပြုတော့ဘူး၊ ဒီအရူးကမ္ဘာကြီး ပျက်စီးသွားပြီးရင် ငါသူတို့ကို ခေါ်သွားပေးမယ်၊ ဒါဟာ ငါ့ဘက်က အကြီးမားဆုံး အလျှော့ပေးလိုက်တာပဲ”
အချိန်သည် အရာများစွာကို သိရှိထားသော်လည်း တစ်ခုခုကို ထုတ်ဖော်ပြောပြလိုက်တိုင်း သို့မဟုတ် မှတ်မိလာတိုင်း သူ့ရူးသွပ်မှုက ပိုမိုမြန်ဆန်လာတတ်သည်။ သူသည် အရာရှိရွှယ်ကို မပြောပြချင်ခြင်း မဟုတ်ဘဲ အချက်အလက်များကို ပြောပြလိုက်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးမှာ သူပေးဆပ်ရမည့် တန်ဖိုးနှင့် ထိုက်တန်မှု ရှိမရှိကို တွက်ချက်နေရခြင်း ဖြစ်သည်။
“ဒီသတင်းပေးတွေကိုပဲ တွယ်ကပ်မနေနဲ့တော့၊ သူတို့က ဘယ်လိုမှ ထွက်သွားလို့ရမှာ မဟုတ်ဘူး၊ ငါ့ရိုးသားမှုကို ပြတဲ့အနေနဲ့ အချိန်မြစ်ထဲမှာ ရှိနေတဲ့ မှတ်ဉာဏ်တွေကို တစ်ချက်လောက် ထပ်ကြည့်နိုင်အောင် ငါကူညီပေးမယ်”
အရာရှိရွှယ်သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း အချိန် သိသည်။ သူသည် အကျိုးအမြတ်ကို မမြင်ရဘဲ လှုပ်ရှားမည် မဟုတ်ပေ။ နှုတ်ကတိများမှာ အသုံးမဝင်သဖြင့် လက်တွေ့ကျသော အကျိုးကျေးဇူးကို ပြသရန် လိုအပ်ပေသည်။
“အိပ်ခန်းအစွန်ဆုံးမှာရှိတဲ့ အဘိုးကြီးရဲ့ မျက်လုံးတွေနဲ့ မင်းနဖူးကို ထိထားလိုက်”
“ဘာမှ လှည့်စားဖို့ မကြိုးစားနဲ့နော်”
အရာရှိရွှယ်သည် လက်တစ်ဖက်ကို သူ့အင်္ကျီထဲ ဝှက်ထားရင်း အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အဘိုးအိုတစ်ဦး၏ လည်ပင်းတွင် သွေးကြောများ စုပြုံနေပြီး သူသည် လှပသော ပုံရိပ်ယောင်တစ်ခုထဲတွင် နှစ်မြုပ်နေပုံရသည်။
သွေးများ သူ့နဖူးနှင့် ထိတွေ့သွားသောအခါ အရာရှိရွှယ်သည် ထိုအခိုက်အတန့်တွင် အချိန်များ နောက်ပြန်လည်သွားသည်ကို မြင်လိုက်ရပြီး အသားစိမ်းနံ့ ခပ်သင်းသင်း ရလိုက်သည်။ ယုံကြည်မှုများဖြင့် ယက်လုပ်ထားသော ချိန်းကြိုးများသည် သွေးပင်လယ်ထဲသို့ ပြုတ်ကျသွားသည့် ဧရာမကျောက်ဆူးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး အဆုံးမရှိသော အတိတ်ကာလမှ သွေးပန်းတစ်ပွင့်မှာ အရာရှိရွှယ်၏ မျက်လုံးထဲသို့ ကျဆင်းလာခဲ့သည်။
သူသည် သက်ရှိလူသားတို့၏ ဝိညာဉ်များ ထိုပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး ထူးဆန်းသော အရာများအဖြစ် ပြောင်းလဲသွားကြသည်ကို မြင်လိုက်ရသည်။ ထိုအထဲတွင် ရုပ်ဆိုးပြီး အားနည်းသော သတ္တဝါလေးတစ်ကောင်သည် သွေးများကြားတွင် ရှင်သန်နေပြီး ၎င်းနှလုံးသားထဲရှိ စွဲလမ်းမှုတစ်ခုကို အခြေခံကာ သွေးပင်လယ်၏ စည်းမျဉ်းများနှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာကာ အခြားမကောင်းဆိုးဝါးများ၏ မျက်လုံးထဲတွင်ပင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာသည်အထိ ကြီးထွားလာခဲ့သည်။
ထိုရုပ်ဆိုးဆိုးသတ္တဝါက ၎င်းခန္ဓာကိုယ်ကို လိမ်ယှက်လိုက်သည်။ နာကျင်မှုများ ပြည့်နှက်နေသော သူ့မျက်လုံးများသည် အမြဲတစေ ပွင့်ဟလာရန် ကြိုးစားနေပြီး သွေးပင်လယ်အလွန် အလှမ်းကွာသော လူသားကမ္ဘာတွင် ဖြည်းညင်းစွာ ကြီးပြင်းလာနေသည့် ကလေးငယ်တစ်ဦးကို ကြည့်ရှုနေသည်။
“ဒါက … ငါလား”
မြင်ကွင်းမှာ တစ်စစီ ဖြစ်သွားပြီး အရာရှိရွှယ်ရှေ့မှ အဘိုးအိုသည် ပေါက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ အိပ်ခန်းထဲရှိ နာရီလက်တံအားလုံး အထိန်းအကွပ်မဲ့သွားပြီး အဘိုးအိုခန္ဓာကိုယ်ပေါ်မှ သွေးကွက်များမှာ နေရာအနှံ့သို့ လွင့်စင်လာကာ အရာရှိရွှယ်ကို ဝါးမျိုရန် ကြိုးစားတော့သည်။
“အဲ့ဒါ မင်းပဲ၊ သွေးဆာသူ၊ အခု မှတ်မိပြီလား”
အချိန်၏ အသံက အားနည်းသွားသည်။
“မင်း ယုံကြည်လို့ရတဲ့ တစ်ဦးတည်းသောလူက ငါပဲ၊ ဘာလို့လဲဆိုတော့ ငါတစ်ယောက်တည်းပဲ ရူးမသွားသေးတာ၊ ငါတစ်ယောက်တည်းပဲ မမေ့သေးတာ”
အရာရှိရွှယ်သည် အချိန်အပေါ်တွင် မည်သည့်ခံစားမှုမှ မရှိသော်လည်း တစ်ဖက်လူ ပြသခဲ့သော မြင်ကွင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး သူ့ဝိညာဉ်အတွင်းပိုင်းအထိ သိမ့်သိမ့်တုန်သွားစေခဲ့သည်။
“ဘယ်လိုမှ သတ်လို့မရတဲ့လူကို မင်း ရှာတွေ့ပြီ၊ အခု မင်းလုပ်ရမှာက သူ့ကို ရူးသွပ်သွားအောင် လုပ်ဖို့ပဲ၊ သူ့ကို ဒီကမ္ဘာကြီးအပေါ် တစ်ဆင့်ချင်း သံသယဝင်လာအောင် လုပ်၊ ငါ ရူးမသွားခင် သူ့ကို အရင်ရူးသွားအောင် လုပ်ပစ်လိုက်”
ဖောက်ခွဲရေးခလုတ်ကို ကိုင်ထားသော လက်က ဖြည်းညင်းစွာ ပြေလျော့သွား၏။ အရာရှိရွှယ်သည် ပြန်လည် စိတ်တည်ငြိမ်လာရန် အချိန်အတော်ယူလိုက်ရသည်။ သူသည် အချိန်ကို အဖြေတိတိကျကျ မပေးသေးဘဲ သူ့ဖုန်းတုန်ခါလာသည်အထိ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
“ဒီအိမ်ရာဝင်းအပေါ် ငါ့ထိန်းချုပ်မှုက ဆက်တိုက်လျော့နည်းလာပြီ၊ ပြင်ပက အနှောင့်အယှက်တွေကို ငါ ကာကွယ်မပေးနိုင်တော့ဘူး၊ မကြာခင် ငါ့စိတ်ထဲကို အချက်အလက်မျိုးစုံက တိုးဝင်လာပြီး ငါ့ကို ရူးသွားအောင် လုပ်လိမ့်မယ်၊ အရာရှိရွှယ်၊ ထပ်တွေဝေမနေနဲ့တော့၊ သူ့ကို ရူးသွားအောင် လုပ်လိုက်တော့”
အချိန်လမ်းညွှန်ပြသခဲ့သော အတိတ်မှတ်ဉာဏ်များကို မြင်ပြီးနောက် အရာရှိရွှယ်၏ အချိန်အပေါ် သတ်ဖြတ်လိုစိတ်မှာ အတော်လေး လျော့ပါးသွားခဲ့သည်။ အချိန်၏ အားနည်းချက်ကိုလည်း သူ မြင်လိုက်ရသည်။ ယခင်က ဤအဆောက်အဦးထဲသို့ ပြင်ပမှ မည်သည့်အချက်အလက်မျှ မဝင်ရောက်နိုင်ခဲ့သော်လည်း ယခုတွင် ရဲစခန်းမှ သူ့ဖုန်းသို့ တိုက်ရိုက်ဖုန်းခေါ်နိုင်နေပြီ ဖြစ်သည်။
“ချန်ပင်းလား၊ ဘာဖြစ်လို့လဲ”
“အရာရှိချုပ်က မင်းကို ဘာလို့ တာဝန်ပြောင်းလိုက်လဲဆိုတာ ငါသိပြီ”
ချန်ပင်း၏ အသံက တိုးညှင်းနေပြီး လျှို့ဝှက်ချက်တစ်ခုခု ပြောနေသည့်အလား ဖြစ်သည်။
“အရာရှိချုပ်က ဦးနှောက်ချိတ်ဆက်မယ့် နေရာတွေကို ရွေးချယ်လိုက်ပြီ၊ အဲ့ဒီထဲမှာ မင်း မပါဘူး”
“ဦးနှောက်ချိတ်ဆက်တာလား”
“ဒေါက်တာကောင်းရဲ့ ဦးနှောက်နဲ့ ချိတ်ဆက်ဖို့လေ”
ချန်ပင်း ထိုစကားကို ပြောလိုက်သည်နှင့် အရာရှိရွှယ်သည် အခန်းထဲမှ ချက်ချင်း ထွက်လာလိုက်သည်။ ဒေါက်တာကောင်း၏ ဦးနှောက်ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေပြီး မည်သို့ပင်ဖြစ်စေ ထိုချိတ်ဆက်မှုတွင် သူ ပါဝင်ခွင့် ရရမည်ဖြစ်သည်။ ထို့နောက်တွင်လည်း အခြား စကားပြောဆိုသံအချို့ကို သူကြားလိုက်ရသေးသော်လည်း အရာရှိရွှယ် ဂရုမစိုက်တော့ပေ။ သူသည် သေဆုံးချိန်အိမ်ရာဝင်းထဲမှ ပြေးထွက်လာပြီး ရဲစခန်းဆီသို့ တိုက်ရိုက် ကားမောင်းထွက်လာခဲ့သည်။
“လောင်ရွှယ်၊ မင်း စိတ်အေးအေးထားရမယ်၊ အရာရှိချုပ်မှာ ဒီလိုစီစဉ်ရတဲ့ အကြောင်းပြချက် ရှိမှာပါ”
“သူ့မှာ အကြောင်းပြချက်ရှိတယ်လို့ ထင်ရင် မင်းငါ့ကို ဖုန်းခေါ်မှာ မဟုတ်ဘူး”
အရာရှိရွှယ်သည် ကားထဲတွင် ဖုန်းချလိုက်သည်။ ရင်ခွဲရုံရိပ်သာလမ်းပေါ်ရှိ ရှော့ပင်းမောတစ်ခုကို ဖြတ်သွားစဉ် အမိုးပေါ်မှ နာရီကြီးကို သူ မတော်တဆ လှမ်းကြည့်မိသည်။ ဤကမ္ဘာပေါ်ရှိ နာရီများသည် ပုံစံမျိုးစုံဖြင့် လည်ပတ်နိုင်သော်လည်း ၎င်းတို့မှာ အမြဲတမ်း လက်ဝဲရစ်သာ လည်ပတ်လေ့ရှိသည်။ အရာရှိရွှယ်သည် ထိုအရာမျိုးကို နေရာနှစ်ခုတွင်သာ မြင်ဖူးသကဲ့သို့ ခံစားရသည်။ တစ်ခုသည် သေဆုံးချိန်အိမ်ရာဝင်းထဲရှိ လူသားစားအခန်းထဲတွင်ဖြစ်ပြီး နောက်တစ်ခုမှာမူ ဒေါက်တာကောင်း၏ စာကြည့်ခန်းထဲတွင် ဖြစ်သည်။
အပိုင်း (၈၇၀) ဒေါက်တာကောင်းရဲ့ ပန်ဒိုရာသေတ္တာကို ဖွင့်ပြီ
“အချိန်တွေ နောက်ပြန်လည်နေတာ”
အရာရှိရွှယ်သည် အားလပ်ချိန်ရလျှင် ဒေါက်တာကောင်း၏ အိမ်သို့ နောက်တစ်ခေါက် ထပ်သွားရမည်ဟု ခံစားနေရသည်။ ဒေါက်တာကောင်း၏ အိမ်ကို သူ အသေးစိတ် စုံစမ်းစစ်ဆေးရန် ကြိုးစားတိုင်း မမျှော်လင့်ထားသော ဖြစ်ရပ်မျိုးစုံ ပေါ်ပေါက်လာပြီး သူ့အာရုံကို လွှဲပြောင်းပစ်လေ့ရှိသည်။
“သူ့မြင်းက ရဲစခန်းမှာ ရှိနေသေးတာပဲ၊ သူ့မိသားစုဝင်တွေကလွဲရင် သူ့အကြောင်း အသိဆုံးလူက သူပဲ”
ကားသည် ရင်ခွဲရုံရိပ်သာလမ်းအတိုင်း အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။ အရာရှိရွှယ် ရဲစခန်းသို့ ပြန်ရောက်သောအခါ ချန်ပင်းကို မရှာရသေးမီ စစ်ကြောရေးခန်းထဲမှ ရှုဟွမ်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ယင်းသည် လူသားတစ်ယောက် ပြုလုပ်နိုင်သော အသံမျိုး မဟုတ်ဘဲ စိုးရိမ်ပူပန်မှုနှင့် နာကျင်မှုများ ပြည့်နှက်နေခြင်းဖြစ်သည်။
“ငါခေါင်းကိုက်လိုက်တာ”
ထိုထူးဆန်းသော လူများနှင့် ဆက်ဆံရခြင်းသည် အရာရှိရွှယ်ကိုပါ ခေါင်းကိုက်စေသည်။ သူသည် စစ်ကြောရေးခန်းသို့ အပြေးသွား၍ ထူထဲသော သံတံခါးမှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။
ရှုဟွမ်အပေါ် အသုံးပြုထားသော ဆေးအရှိန်က ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ နိုးလာပြီး အရာရှိရွှယ် ထိုနေရာတွင် မရှိသည်ကို သိလိုက်ရသောအခါ သူသည် ဖျားနာသွားသကဲ့သို့ ပုံမှန်မဟုတ်သော အပြုအမူမျိုးစုံ ပြသလာခြင်းဖြစ်သည်။ နောက်ဆုံးတွင် ရဲအရာရှိများက သူ့ကို အခန်းထဲ၌ လက်ထိပ်ခတ်ထားလိုက်ရသည်။
လက်ထိပ်သံများမှာ ကျယ်လောင်စွာ မြည်နေပြီး ရှုဟွမ်၏ လက်ကောက်ဝတ်များတွင် သွေးစွန်းရာများ ပေါ်ထွက်နေခဲ့သည်။ အရေပြားများ ပွန်းပဲ့နေသော်လည်း သူသည် မည်သည့် နာကျင်မှုကိုမှ ခံစားရပုံမပေါ်ပေ။
“ငြိမ်ငြိမ်နေစမ်း၊ ငါ အလုပ်ကိစ္စလေးရှိလို့ အပြင် ခဏသွားနေတာ”
အရာရှိရွှယ်သည် စစ်ကြောရေးခန်းထဲသို့ ဝင်၍ ရှုဟွမ်၏ လက်ထိပ်များကို ဖြုတ်ပေးလိုက်သည်။
လွတ်မြောက်သွားသည်နှင့် ရှုဟွမ်သည် အရာရှိရွှယ်၏ မျက်နှာအား အားပြင်းသော လက်သီးဖြင့် ထိုးလိုက်သော်လည်း အရာရှိရွှယ်က လျင်မြန်စွာ တုံ့ပြန်ကာ ရှုဟွမ်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး စားပွဲပေါ်သို့ ဖိချလိုက်သည်။
“ရဲစခန်းထဲမှာ ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ပေါ့၊ မင်း အသက်ရှင်ချင်သေးရဲ့လား”
“ကျွန်တော့်အခြေအနေ ဘယ်လောက် အန္တရာယ်များလဲဆိုတာ ခင်ဗျားလုံးဝမသိဘူးနော်၊ ကျွန်တော်က နားလည်ရခက်တဲ့ နည်းလမ်းတစ်ခုခုနဲ့ အချိန်မရွေး သေသွားနိုင်တယ်၊ လူသတ်သမားကို ဖမ်းနိုင်အောင် ခင်ဗျားအတွက် အခွင့်အရေးဖန်တီးပေးဖို့ ကျွန်တော့်အသက်ကို ရင်းထားတာ ခင်ဗျားနားလည်လား”
ရှုဟွမ်သည် အရာရှိရွှယ်ကို အပြည့်အဝ ယုံကြည်သည်။ မဟုတ်ပါက သူသည် ထိုလူထံသို့ လာလိမ့်မည်မဟုတ်ပေ။ ရှုဟွမ်မြင်ခဲ့ရသော အနာဂတ်တွင် အရာရှိရွှယ်သည် ဘေးကင်းပြီး အစွမ်းထက်သည်ဟု သူအသေအချာ ယုံကြည်ရသော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
“နောက်တစ်ခါ မရှိစေနဲ့”
အရာရှိရွှယ်သည် ရှုဟွမ်၏ ဒေါသကို ခံစားမိသော်လည်း ရှင်းပြရန် ပျင်းရိနေ၏။
“လူ့အခွင့်အရေး ကော်မတီက တောအုပ်ရောဂါရဲ့ အဓိကလူနာတွေရဲ့ ဦးနှောက်တွေ ရထားပြီ၊ ငါ အဲ့ဒီ ဦးနှောက်ချိတ်ဆက်တဲ့ နေရာမှာ ပါချင်တယ်၊ မင်း ငါ့အတွက် လမ်းကြောင်းလေး ဘာလေး ရှာပေးနိုင်မလား”
“မဖြစ်နိုင်ဘူး”
ရှုဟွမ်၏ မျက်နှာသည် စားပွဲနှင့် ကပ်နေသဖြင့် သူ့အသံက ပုံပျက်နေလေသည်။
ရဲစခန်းတွင် ဒေါက်တာကောင်း၏ ဦးနှောက်မှာ တစ်ကြိမ်သာ ချိတ်ဆက်မှု ပြုလုပ်နိုင်ပြီး လူဦးရေကိုလည်း ကန့်သတ်ထားသဖြင့် အရာရှိရွှယ်သည် အဓိကလူနာ၏ ဦးနှောက်ကို မျက်စိကျနေခြင်း ဖြစ်သည်။
“မင်းသာ ငါ့အတွက် နေရာတစ်နေရာ ရအောင်လုပ်ပေးနိုင်ရင် အခုကစပြီး မင်းပြောတဲ့အတိုင်း ငါလုပ်မယ်၊ လူသတ်သမားကို ဖမ်းဖို့ မင်းနဲ့အတူ ပူးပေါင်းမယ်”
အရာရှိရွှယ်သည် တစ်စုံတစ်ခုကို အမှန်တကယ် သိချင်နေမိသည်။
“ဒါနဲ့ မင်းမြင်ခဲ့တဲ့ အနာဂတ်မှာ ဦးနှောက်ချင်း ချိတ်ဆက်တဲ့ အစီအစဉ်မှာ နောက်ဆုံး ဘယ်သူတွေ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ဘာတွေ ဖြစ်ခဲ့လဲ”
“အနာဂတ်က ပြောင်းလဲသွားပြီဆိုတာ ခင်ဗျားသိသားပဲ၊ ဒေါက်တာကောင်း သေပြီးကတည်းက အနာဂတ်တွေ အများကြီး ကွဲထွက်ကုန်ပြီ”
ရှုဟွမ်၏ မျက်နှာမှာ စားပွဲပေါ်ဖိကပ်ခံထားရဆဲဖြစ်ပြီး မတ်တတ်ရပ်ရန်ပင် မတတ်နိုင်ပေ။
“တောအုပ်ကပ်ဆိုးက မူလက နောက်ပိုင်းကျမှ ပေါက်ကွဲထွက်လာရမှာ၊ လူ့အခွင့်အရေး ကော်မတီနဲ့ ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့တွေက တရားစီရင်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တောအုပ်ကို ခုတ်ထွင်ရှင်းလင်းဖို့ သဘောတူခဲ့ကြတယ်၊ အဲ့ဒီညမှာပဲ ညသန်းခေါင်ကြီးမှာ အဓိကလူနာက ရောဂါဖောက်လာခဲ့တယ်၊ သစ်ပင်တွေအားလုံး အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး တစ်မြို့လုံးကို ဝါးမျိုပြီး ရှင်းလုကို တောအုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ကြတယ်”
“ပြီးတော့ကော”
“မီးလောင်မှုတွေက ဆက်ဖြစ်နေပြီး လူအများကြီး သေဆုံးခဲ့တယ်၊ နောက်ဆုံးတော့ တောအုပ်ထဲက အဓိကလူနာရဲ့ ဦးနှောက်ကို အဓိကအဖွဲ့အစည်းသုံးခုက ပူးပေါင်း သိမ်းဆည်းခဲ့တယ်၊ သူတို့က ဦးနှောက်ချင်း ချိတ်ဆက်ဖို့အတွက် လူကိုးယောက်ကို ရွေးချယ်ခဲ့တယ်၊ တောအုပ်ရဲ့ မူလအစနဲ့ ရောဂါလက္ခဏာတွေကို နက်နက်နဲနဲ နားလည်သွားပြီးတဲ့နောက် အဲ့ဒီလူကိုးယောက်ဟာ အဖွဲ့အစည်း သုံးခုရဲ့ အမာခံတွေ ဖြစ်လာခဲ့ကြတယ်၊ အဲ့ဒီ ချိတ်ဆက်မှုကနေ သူတို့ ဘာတွေကို မြင်ခဲ့လဲဆိုတာတော့ မသိဘူး၊ အဲ့ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပဲ၊ ကျွန်တော့်ရဲ့ အရင်ဘဝမှာ ကျွန်တော်က လူ့အခွင့်အရေး ကော်မတီ အကြီးအကဲရဲ့ သမက် ဖြစ်မလာခဲ့ဘူး၊ အဲ့ဒီတုန်းက ကျွန်တော့်အသက်ကို ဘယ်လို ကယ်တင်ရမလဲဆိုတာပဲ တွေးနေခဲ့တာ”
အရာရှိရွှယ်၏ ဖိအား လျော့နည်းသွားသည်ကို ရှုဟွမ်သတိပြုမိလိုက်သဖြင့် ရုတ်တရက် မတ်တတ်ရပ်ကာ လက်သီးဖြင့် လွှဲထိုးလိုက်သည်။
“ဘုန်း”
ရှုဟွမ်သည် အရာရှိရွှယ်၏ နောက်တစ်ကြိမ် ဖိချခြင်းခံလိုက်ရပြီး ပါးပြင်မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်။
“ဒါနဲ့ ကျွန်တော်မြင်ခဲ့တဲ့ အနာဂတ်မှာ ဒေါက်တာကောင်းလည်း အဲ့ဒီ ဦးနှောက်ချိတ်ဆက်တဲ့ စာရင်းထဲမှာ ပါပြီး ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တယ်”
“ဆိုလိုတာက ရှင်းလုမြို့က သာမန်လူတွေအတွက်တော့ ဦးနှောက်ချိတ်ဆက်တာဟာ နဂါးတံခါးကို ခုန်ကျော်နိုင်မယ့် အခွင့်အရေးတစ်ခုပေါ့”
အရာရှိရွှယ်သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
“ကျွန်တော်မြင်ခဲ့တဲ့ အနာဂတ်မှာတော့ အဲ့ဒီအတိုင်းပဲ၊ ပြဿနာက အခု အနာဂတ်က ပြောင်းလဲသွားပြီ၊ ဒေါက်တာကောင်းလည်း သေသွားပြီ၊ အဓိကလူနာရဲ့ ဦးနှောက်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ပုန်းကွယ်နေလဲဆိုတာ သိဖို့ဆိုရင် သူတို့ရဲ့ ချိတ်ဆက်မှု ပြီးဆုံးတဲ့အထိ စောင့်ကြည့်ရမှာပဲ”
ရှုဟွမ်၏ မျက်လုံးထဲမှ ဒေါသများ ပြေလျော့သွား၏။ သူသည် အရာရှိရွှယ်ကို လက်ဗလာဖြင့် မည်သို့မျှ မယှဉ်နိုင်ပေ။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်ကွာခြားလွန်းလှသည်။
“မင်း ငါ့အတွက် ကြိုးစားပေးမယ့်လို့ မျှော်လင့်နေတုန်းပဲ ဒါမှမဟုတ် မင်းကိုယ်မင်းအတွက်ပဲ ကြိုးစားကြည့်မလား”
“ဟင့်အင်း၊ ဦးနှောက်ချင်း ချိတ်ဆက်တာကို နောက်တစ်ခါ ဘယ်တော့မှ မစမ်းတော့ဘူး”
ရှုဟွမ်သည် ဦးနှောက်ချိတ်ဆက်ခြင်းကို အသည်းထဲအထိ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
“ခင်ဗျားက ရှင်းလုရဲဌာနမှာ အတော်ဆုံးရဲအရာရှိပဲလေ ၊ ယုတ္တိကျကျဆိုရင်တော့ ခင်ဗျားရဲ့ ရဲချုပ်က ခင်ဗျားကို နေရာတစ်နေရာ ပေးသင့်တာပေါ့”
ထိုအခိုက်အတန့်တွင် စစ်ကြောရေးခန်းတံခါးပွင့်လာပြီး ချန်ပင်းက စာရွက်စာတမ်းတစ်ခုနှင့်အတူ ဝင်လာခဲ့သည်။ သူသည် ရှုဟွမ်ကို လျစ်လျူရှု၍ အရာရှိရွှယ်ကို ဆွဲကာ ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွား၏။
“လူ့အခွင့်အရေး ကော်မတီကလည်း ဦးနှောက်ချိတ်ဆက်မယ့် နေရာတွေကို အတည်ပြုလိုက်ပြီ၊ စုစုပေါင်း ခြောက်နေရာရှိတယ်၊ သူတို့က အဓိကလူနာရဲ့ မှတ်ဉာဏ်တွေကို ကြိုသိမသွားအောင် ရဲချုပ်ကလည်း စီစဉ်ထားပြီးပြီ၊ ချိတ်ဆက်မှုမှာ ပါဝင်ဖို့အတွက် လူသုံးယောက်ကို သူရွေးထားတယ်၊ အဲ့ဒီလူတွေက ငါတို့ တစ်ခါမှ မကြားဖူးတဲ့လူတွေပဲ”
အရာရှိရွှယ် စာရင်းကို ကြည့်လိုက်သည်။ လူ့အခွင့်အရေး ကော်မတီ အပါအဝင် ရှုဟွမ် ပြောခဲ့သည့်အတိုင်း လူကိုးယောက် အတိအကျ ဖြစ်သည်။
“ငါ ရဲချုပ်နဲ့ တွေ့ဖို့လိုတယ်”
“အပိုပဲ၊ အဓိကလူနာရဲ့ ဦးနှောက်ထဲမှာ တောအုပ်မျိုးစေ့တွေ ပုန်းနေနိုင်တယ်ဆိုတာ လူတိုင်း သိထားကြတယ်၊ လူအများကြီးက ဒီနေရာတွေ ရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတာ”
စစ်ကြောရေးခန်း တံခါးပွင့်သွားပြီး အရာရှိရွှယ် ထွက်လာကာ သူ့နောက်တွင် ရှုဟွမ်နှင့် မာကြီးတို့ လိုက်ပါလာသည်။
နာရီဝက်ခန့် ကြာပြီးနောက် အရာရှိရွှယ်သည် အရာရှိချုပ်၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူ ရှုဟွမ်ကို ကြည့်ရင်း ခေါင်းခါပြလိုက်သည်။
“အခုကစပြီး ဒါက မင်းအပေါ်မှာပဲ မူတည်တော့တယ်”
“ခင်ဗျား ဘာလို့ ကျွန်တော်နဲ့အတူ လူ့အခွင့်အရေးကော်မတီကို မလိုက်တာလဲ”
ရှုဟွမ်သည် အရာရှိရွှယ်ကို သူ့မျက်စိထဲမှ အပျောက်မခံရဲပေ။ သူ၏ အရင်ဘဝ အတွေ့အကြုံအရ အရာရှိရွှယ်သည် ရှင်းလုမြို့တွင် အင်အားအကောင်းဆုံး ဖျက်ဆီးနိုင်စွမ်း ရှိသူဖြစ်ပြီး တစ်ဦးချင်း တိုက်ခိုက်လျှင်လည်း ဘယ်သူမှ မယှဉ်နိုင်ပေ။ အရာရှိရွှယ်သာ သူ့ကိုယ်ရံတော်အဖြစ် ရှိနေလျှင် သူ အလွန်ဘေးကင်းသည်ဟု ခံစားရသည်။
တစ်ရက်အကြာတွင် ဥယျာဉ်မှူးကို ကွပ်မျက်ခဲ့သည့် နေရာအား ပြန်လည် ဖွင့်လှစ်လိုက်သည်။ လူ့အခွင့်အရေး ကော်မတီမှ အဆင့်မြင့် အရာရှိများသည် “ဦးနှောက်ချိတ်ဆက်ခြင်း” အတွက် ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ဆောင်လာခဲ့သည်။ အဓိကလူနာ၏ ဦးနှောက်အပေါ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန်အတွက် ထိုဦးနှောက်ချိတ်ဆက်ခြင်းကို တိုးချဲ့ထားသော အဆောက်အအုံအတွင်း၌ တစ်ပြိုင်နက်တည်း လုပ်ဆောင်မည် ဖြစ်သည်။
“ဒီ ၂၄ နာရီအတွင်းမှာ မင်းတို့ဟာ သက်ဆိုင်ရာ သင်တန်းတွေကို တက်ရောက်ခဲ့ပြီးပြီ၊ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကိုလည်း အကောင်းဆုံး အခြေအနေရောက်အောင် ပြင်ဆင်ထားပြီးပြီ၊ နောက်ထပ်လာမယ့် အခွင့်အရေးက အရမ်းတန်ဖိုးရှိတယ်၊ တောအုပ်ရဲ့ စွမ်းအားတွေက အဲ့ဒီ ဦးနှောက်ထဲမှာ ပုန်းကွယ်နေတယ်၊ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီနာကျင်မှုတွေကို အဆုံးအထိ ခံနိုင်ရည်ရှိပြီး တောအုပ်မျိုးစေ့ကို ရရှိသွားရင် လူ့အခွင့်အရေး ကော်မတီရဲ့ ညွှန်ကြားရေးမှူးအသစ် ဖြစ်လာလိမ့်မယ်”
ရှုဟွမ်၏ ယောက္ခမဖြစ်သူသည် ဦးခေါင်းအုပ်ထားသော ဦးနှောက်ဝါးမျိုသူများကို အရည်များ ဖြည့်ထားသော ကန်တစ်ခုထဲသို့ ပို့ဆောင်လိုက်သည်။ ဝန်ထမ်းများက သူတို့အတွက် ဝိုင်ယာကြိုးမျိုးစုံ ချိတ်ဆက်ပေးနေကြသည်။
“ရဲစခန်းရဲ့ ဦးနှောက်ဝါးမျိုမှုကလည်း စတင်နေလောက်ပြီ၊ ငါတို့က တောအုပ်ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကို သူတို့ထက်ဦးအောင် ဖော်ထုတ်ရမယ်၊ ပြီးတော့ ဒီအန္တရာယ်ရှိတဲ့ ရောဂါကို အသုံးဝင်တဲ့ လက်နက်တစ်ခုအဖြစ် ပြောင်းလဲပစ်ရမယ်”
အရာအားလုံး ပြင်ဆင်ပြီးနောက် တောအုပ်အမျိုးသမီး၏ ဦးနှောက်ကို အလယ်ဗဟို နေရာတွင် ထားလိုက်သည်။ ကိရိယာအားလုံး ပုံမှန် အလုပ်လုပ်နေကြသည်။ နောက်ဆုံး အချက်ပြမီး လင်းလာသောအခါ ရှုဟွမ်၏ ယောက္ခမသည် ဦးနှောက်ဝါးမျိုခြင်းကို စတင်ရန် ခလုတ်နှိပ်လိုက်တော့သည်။
အပြင်ဘက်မှ လူအများအပြားသည် စိုးရိမ်တကြီး စောင့်ကြည့်နေကြပြီး ၎င်းတို့ထဲတွင် ရှုဟွမ်နှင့် သူ့ဇနီးတို့လည်း ပါဝင်ပေသည်။ သို့သော် အခြားသူများနှင့် မတူသည်မှာ ရှုဟွမ်၏ မျက်လုံးများသည် ဘယ်ဘက်အစွန်ဆုံးရှိ ဦးနှောက်ဝါးမျိုမည့် ကိုယ်စားလှယ်ထံသို့ စိုက်ကြည့်နေခြင်း ဖြစ်သည်။ ထိုလူတွင် အချိုးအစားကျနပြီး ပေါက်ကွဲအားပြည့်ဝသော ကြွက်သားများနှင့် သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ရှိနေလေသည်။ သူကား အရာရှိရွှယ်ပင် ဖြစ်တော့သည်။
“ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ မမျှော်လင့်ထားတာတွေ ဘာမှ ဖြစ်မလာပါစေနဲ့”