← Chapters

အခန်း (၈၆၁-၈၆၂)

Vol. 60 Ch. 861-862

အခန်း (၈၆၁-၈၆၂)

Vol. 60 Ch. 861-862

အပိုင်း (၈၆၁) သတ်မရသူ

“မင်းက အချိန်လား”

အရာရှိရွှယ်သည် တစ်စုံတစ်ယောက်က သူ့ကို ထိုသို့ခေါ်ဝေါ်သည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

“အချိန်သွေးမြို့တော်လား”

ဥယျာဉ်မှူး၏ ဒိုင်ယာရီထဲတွင် သွေးမြို့တော်အကြောင်း ဖော်ပြချက်အချို့ ပါရှိသော်လည်း ၎င်းတို့မှာ လူသတ်သမားတစ်ဦး၏ စိတ်ကူးယဉ်မှုများသာဖြစ်သည်။ ဘယ်လိုလုပ် အစစ်အမှန်ဖြစ်နိုင်မှာလဲ။

သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ဒေါသကြီးသူဟုသာ လူအများက သိထားကြသော အရာရှိရွှယ်မှာ တည်ငြိမ်နေချိန်တွင် အန္တရာယ်အရှိဆုံးဖြစ်သည်ကိုမူ ဘယ်သူမှ မသိကြပေ။ ယခုအခါ သူ၏ စိတ်ခံစားချက်များမှာ လုံးဝတည်ငြိမ်နေပြီး အခြားဦးခေါင်းတစ်ခုကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။

အသံက မည်သို့ပင် ပြောင်းလဲသွားပါစေ အရာရှိရွှယ်က တစ်ဖက်လူရှိရာနေရာကို အမြဲတမ်း တိတိကျကျ ရှာဖွေနေနိုင်သည်။ ယင်းက တောရိုင်းသားရဲတစ်ကောင်၏ အာရုံငါးပါးခံစားမှုနှင့် အသိစိတ်မျိုးနှင့်တူနေပြီး ကြောက်စရာ ကောင်းလှသည်။

“မင်းလက်ထဲက သေနတ်ကိုပဲ အားကိုးချင်နေတာကိုကြည့်ရင် မင်း အရာအားလုံးကို လုံးဝမေ့သွားပြီဆိုတာ ငါသိလိုက်ရပြီ၊ မင်းက စိတ်ဖောက်ပြန်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီပဲ”

အချိန်၏ အသံသည် သွေးစက်ကျသံ၊ နာရီလက်တံလည်သံများနှင့် ရောနှောနေလေသည်။

“သေနတ်ကို အားမကိုးရင် ဘာကိုအားကိုးရမှာလဲ”

ဤကမ္ဘာပေါ်တွင် သေနတ်များထက် ပို၍ယုံကြည်စိတ်ချရသော စွမ်းအားမျိုးရှိသည်ဟု အရာရှိရွှယ် မယုံကြည်ပေ။

“မင်းက လူတွေအများကြီးကို သတ်ခဲ့တယ်၊ မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

“မင်းက သူတို့ကို လူသားတွေလို့ တကယ်ကြီး ထင်နေတာလား၊ သေချာကြည့်စမ်း၊ သူတို့က စိတ်ဖောက်ပြန်မှုတွေကြောင့် စုဝေးနေကြတဲ့ ပုံပျက်ပန်းပျက်သတ္တဝါတွေနဲ့ အရူးတွေပဲကွ၊ ဘယ်နေရာက လူနဲ့တူနေလို့လဲ”

အချိန်၏ မျက်လုံးထဲတွင် မြင်တွေ့နေရသော ကမ္ဘာကြီးသည် အရာရှိရွှယ် မြင်နေရသည်နှင့် ကွဲပြားနေသည်။

“သူတို့အားလုံး သေသင့်တဲ့သူတွေပဲ၊ အကုန်သတ်ပစ်သင့်တာ၊ အဲ့ဒါမှ ဒီကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်လာမှာ”

“အရူးပဲ”

အရာရှိရွှယ် ခဏတာဝေခွဲမရဖြစ်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာ၏။ အရူးတစ်ယောက်နှင့် အချိန်အကြာကြီး စကားပြောနေပါက မိမိပါအရူးဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် တစ်ဖက်လူ၏ အတွေးနောက်သို့ လိုက်ပါမသွားရန် သူသတိထားလိုက်သည်။

“ငါက အရူးလား၊ ဟားဟားဟား... ဟုတ်တယ်၊ ငါက အရူးပဲ၊ မင်းလည်း ဒီကနေ အမြန်ထွက်သွားတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် သူ့ရဲ့ ရူးသွပ်မှုတွေ မင်းဆီ ကူးစက်သွားလိမ့်မယ်”

အချိန်သည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ရက်စက်တတ်သူဖြစ်သည်။ ကောင်းမှု၊ မကောင်းမှု သို့မဟုတ် ဝမ်းနည်းမှု၊ လှပမှုတို့အတွက် သူရပ်တန့်နေမည်မဟုတ်ပေ။ သူသည် ဤကမ္ဘာပေါ်တွင် သူရှိနေမည့် အချိန်ကို တွက်ချက်ရင်း အခိုက်အတန့်တစ်ခုစီတိုင်း ရောက်ရှိလာမှုကို အေးစက်စွာ စောင့်ကြိုနေမည်ဖြစ်သည်။

“ဟို သတင်းထောက်မကို လွှတ်ပေးလိုက်”

အရာရှိရွှယ်သည် တစ်ဖက်လူ၏ အတိုင်းအတာကို စမ်းသပ်ကြည့်ချင်နေသည်။

“သူက မင်းနဲ့ လိုက်သွားလို့မရဘူး၊ သူ့ရဲ့အသက်က ငါ့ရဲ့ ကျောက်ဆူးတစ်ခု ဖြစ်သွားပြီ၊ အခုအချိန်မှာ ငါရှိနေကြောင်း သက်သေပြချက်၊ ငါ့ရဲ့ လက်ရှိအချိန်ကို မှတ်သားပေးမယ့်အရာပဲ”

အချိန်က တွန့်ဆုတ်ခြင်းမရှိ ငြင်းလိုက်သည်။

“သူ အထဲဝင်သွားတာကို ငါတွေ့လိုက်တယ်၊ အဲ့ဒီမိန်းမက ဒေါက်တာပုနဲ့ တခြားသံသယရှိသူတွေကို အင်တာဗျူးခဲ့တာ၊ သူက အရမ်းအရေးကြီးတဲ့ သက်သေပဲ”

အရာရှိရွှယ်သည် ပိတ်ထားသော အိပ်ခန်းတံခါးဆီသို့ အသံတိတ် တိုးကပ်သွား၏။

“မင်းက ရဲကစားပွဲကို တကယ်ကြီး ဆက်ကစားချင်နေတယ်ဆိုရင် ရင်ခွဲရုံရိပ်သာလမ်းကို ဘာလို့ အဲ့ဒီလိုခေါ်လဲဆိုတာ ဘာလို့ သွားမစုံစမ်းတာလဲ၊ အိမ်ရာ ၁၃ ခုမှာ ဘယ်သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းတွေကို စုံစမ်းနေတာလဲ ဆိုတာကောပေါ့”

နာရီလက်တံသံများ အနည်းငယ် နှေးကွေးသွား၏။

“ငါ မင်းကို အများကြီး ပြောပြမိသွားပြီ၊ အဲ့ဒါက ငါ့ရဲ့အချိန်တွေကို ဝေဝါးစေတယ်၊ ဒါပေမဲ့ အဲ့ဒါက မင်းကို ငါနဲ့ ပူးပေါင်းချင်စိတ် ပေါ်လာစေမယ်ဆိုရင်တော့ ဒီဆုံးရှုံးမှုက ထိုက်တန်ပါတယ်”

အချိန် စကားတစ်ခွန်း ပြောလိုက်တိုင်း ဦးခေါင်းတစ်ခုက အစားထိုးခံရသည်။ မူလဦးခေါင်းက တဖြည်းဖြည်း ညှိုးနွမ်းသွားပြီး မျက်နှာအသွင်အပြင်များပျက်စီးသွားကာ အရိုးပေါ်တွင် အသားများ တွဲကျလာတော့သည်။ အခြေအနေတစ်ခုကို ထိန်းသိမ်းထားရန်မှာ ကြီးမားသော ပေးဆပ်မှုများ လိုအပ်ကြောင်း ထင်ရှားနေသည်။

“မင်းက ငါနဲ့ ပူးပေါင်းချင်သေးတာလား”

အရာရှိရွှယ် စက်ဆုပ်ရွံရှာမိသည်။ မြို့သားများစွာကို သတ်ဖြတ်ခဲ့ပြီး ကြောက်စရာကောင်းသော နာဖျားမှုခံစားနေရသည့် အရူးတစ်ယောက်က သူ့ကို ပူးပေါင်းရန် ကမ်းလှမ်းနေခြင်းဖြစ်သည်။

“ငါက အဲ့လောက်တောင် ဆိုးတဲ့ပုံပေါက်နေလို့လား”

သူ အိပ်ခန်း၏ သစ်သားတံခါးကို ကန်ဖွင့်လိုက်ရာ အဖြူရောင်မျက်လုံးကြီးများသာ ရှိသော အဘိုးအို၊ အဘွားအို ငါးယောက်ကို တွေ့လိုက်ရသည်။ သူတို့သည် ထူးဆန်းသော ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ထိုကိရိယာများဖြင့် သတင်းထောက်မလေး၏ ပါးပြင်ကို ခြစ်ထုတ်ကာ ကိန်းဂဏန်းများကို ထွင်းထုနေကြခြင်းဖြစ်သည်။

“ဒီ အရူးအုပ်စုကတော့”

အရာရှိရွှယ် အခန်းထဲသို့ ပြေးဝင်သွားပြီး အဘိုးအိုတစ်ဦးကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ပြီးကာ ကျန်လူများ၏ လက်ထဲမှ ကိရိယာများကို ရိုက်ချလိုက်သည်။ သူသည် သူတို့၏ လက်နက်များကို အရင်ဆုံးဖယ်ရှားလိုက်ပြီးမှ အကြမ်းဖက်မှုကို အသုံးပြုလိုက်သည်။ အိပ်ခန်းထဲရှိ အဘိုးအို၊ အဘွားအိုများမှာ အရာရှိရွှယ်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။

“ပြေး”

အရာရှိရွှယ်သည် သတင်းထောက်မလေးကို ဆွဲကာ တိုက်ခိုက်ထွက်ပြေးရန် ပြင်လိုက်သည်။ သူ ရဲစခန်းကို ဆက်သွယ်ထားသည်မှာ ကြာပြီဖြစ်ရာ မကြာခင် သူ့အကူအညီများ ရောက်လာသင့်သည်။ အကယ်၍ မအောင်မြင်ပါက ဒုတိယထပ် သို့မဟုတ် တတိယထပ် ပြတင်းပေါက်မှ ခုန်ချရန် သူ စဉ်းစားထား၏။

ထိုအကြံမှာ ကောင်းမွန်သော်လည်း အရာရှိရွှယ်က သတင်းထောက်မလေး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်တွင် သူမမျက်နှာပေါ်ရှိ နာရီလက်တံမှာ စတင်လည်ပတ်လာပြီး သူမ၏အရေပြားမှာ လျင်မြန်စွာ ညှိုးနွမ်းသွားတော့သည်။ သူမ၏ အသားများထံမှလည်း ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အနံ့ဆိုးတော့ မဟုတ်ပေ။ ဆုတောင်းရာတွင် သုံးသည့် အမွှေးတိုင်နံ့နှင့် ဆင်တူပေသည်။

စက္ကန့်လက်တံလည်သံတစ်ခု သူ့ဦးနှောက်ထဲသို့ ဝင်ရောက်လာ၏။ အရာရှိရွှယ်သည် လွန်ခဲ့သော အချိန်အတော်ကြာက သူမေ့လုနီးပါး ဖြစ်နေခဲ့သော ဝေဝေဝါးဝါး မှတ်ဉာဏ်တစ်ခုကို ပြန်မြင်ယောင်မိလာသည်။ ၎င်းမှာ သူသည် သွေးပင်လယ်ထဲတွင် လဲလျောင်းနေရင်း လူသားကမ္ဘာ၏ တစ်နေရာရာတွင် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ အေးချမ်းစွာ အိပ်မောကျနေသော ကလေးငယ်တစ်ဦးကို အားယူကြည့်နေသကဲ့သို့ပင်။

သတင်းထောက်မလေး၏ ခန္ဓာကိုယ်က ညှိုးနွမ်းပြိုလဲသွားရာ အရာရှိရွှယ် လန့်နိုးသွားသည်။ သူသည် တစ်စုံတစ်ခုထဲတွင် နှစ်မြုပ်နေခဲ့ပြီး ၎င်းကို တစ်ကြိမ်ခံစားခဲ့ရပုံရသည်။ သူ့နှလုံးသားသည် အဆုံးမရှိသော တောင့်တမှုများဖြင့် ပြည့်နှက်နေပြီး ၎င်းအတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် အသင့်ဖြစ်နေသည်။

“မှတ်ဉာဏ်အပိုင်းအစလေးတစ်ခုထဲက ခဏတာနွေးထွေးမှုကို တောင့်တမိတာက အချိန်ကပေးတဲ့ အလှတရားပဲ၊ အဲ့ဒါက မင်း မဖြတ်တောက်နိုင်တဲ့ စွဲလမ်းမှုတစ်ခုပဲ၊ ငါမင်းကို နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိသလား”

“မင်းအတွက် လူငယ်တွေကို ဒီကို လာအောင် မျှားခေါ်ပေးဖို့ဆိုရင်တော့ ဘာမှ ဆက်မပြောနဲ့တော့”

အရာရှိရွှယ်သည် ရှင်းလုတွင် သူတစ်ခါမှ မခံစားဖူးသည့် ထိုလှပသော အခိုက်အတန့်လေးကို အရသာခံနေဆဲပင် ဖြစ်သည်။

“သေဆုံးချိန်အိမ်ရာကို စုံစမ်းစစ်ဆေးနေတာရပ်တန့်ပြီး လူတစ်ယောက်ကို လိုက်ရှာဖို့ပဲ ငါမျှော်လင့်တယ်”

အချိန်သည် ဤအချက်အလက်များကို အရာရှိရွှယ်ထံ ပေးရန်အတွက် ဦးခေါင်းနာရီ အတော်များများကို ဖျက်ဆီးခဲ့ရသည်။

“ဘယ်သူ့ကို လိုက်ရှာရမှာလဲ”

“ဘယ်လိုနည်းနဲ့မှ သတ်လို့မရတဲ့ လူတစ်ယောက်၊ သူ့ကို သတ်ပစ်ပါ၊ ဒါမှမဟုတ် သူ့ကို ရူးသွားအောင် လုပ်လိုက်ပါ၊ အဲ့ဒါဆိုရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်”

အချိန်၏ အသံသည်လည်း အတော်လေး အားနည်းလာသည်။ သူသည် နိုးကြားနေရန် လိုအပ်သဖြင့် ပုံမှန်အားဖြင့် သူ့စွမ်းအားကို သုံးစွဲခြင်းမရှိပေ။ ယခုတစ်ကြိမ် အရာရှိရွှယ်ကို တွေ့လိုက်ရသောကြောင့်သာ ထူးထူးခြားခြား လုပ်ဆောင်နေခြင်းဖြစ်သည်။

“တခြားသဲလွန်စ မရှိတော့ဘူးလား”

“မရှိဘူး၊ ဆက်မမေးနဲ့တော့”

အချိန်၏ အသံက မတည်မငြိမ် ဖြစ်လာတော့သည်။

“မင်း သူ့ကို သတ်ဖို့ အခွင့်အရေး ရှိနေသေးတာက ငါအခုထိ ရူးမသွားသေးလို့ ဖြစ်လိမ့်မယ်၊ တကယ်လို့ သူသာ နောက်ဆုံးအထိ သတိရှိနေတဲ့သူ ဖြစ်သွားရင်တော့ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်”

ဤအချက်အလက်ကို ပြောပြရန်အတွက် အချိန်သည် သူ၏ သတိရှိသော ရက်အတော်များများကို ဆုံးရှုံးလိုက်ရသည်ဟု ခံစားလိုက်ရသည်။ အရေးကြီးဆုံး အခိုက်အတန့်တွင် ထိုရက်အနည်းငယ်က နောက်ဆုံးရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်ပေသည်။

အရာရှိရွှယ်သည် အချိန်ကို အမှန်တကယ် မယုံကြည်သော်လည်း သူသည် တစ်ဖက်လူ၏ နယ်မြေထဲတွင် ရောက်နေပြီး အခြေအနေက အောက်စည်းရောက်နေသည်ဟု ခံစားရသည်။ ထို့ကြောင့် ဤနေရာမှ ထွက်သွားပြီးမှသာ ဆုံးဖြတ်ချက်ချခြင်းက ပိုကောင်းလိမ့်မည်ဟု သူတွေးမိသည်။

“ပြဿနာမရှိဘူး၊ ဘယ်လိုနည်းနဲ့မှ သတ်လို့မရတဲ့ အဲ့ဒီလူကိုရှာဖို့ ငါကူညီပေးမယ်”

အရာရှိရွှယ်က အလွယ်တကူပင် သဘောတူလိုက်သည်။

“ငါ မင်းနဲ့ ပူးပေါင်းနိုင်တယ်၊ ဒါပေမဲ့ ငါ့မှာ နောက်ဆုံးမေးခွန်း တစ်ခုရှိတယ်”

“မေးပါ”

“လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံက ဒေါက်တာကောင်း ဒီကို ရောက်လာသေးလား၊ သူ မင်းအခန်းထဲမှာ တစ်ခုခုဝှက်ထားခဲ့တာ ရှိလား”

အရာရှိရွှယ်သည် ဒေါက်တာကောင်း မသေဆုံးမီက ပေးပို့ခဲ့သော မက်ဆေ့ကို လက်ခံရရှိခဲ့ဖူးသည်။ ၎င်းမှာ သူ့အသက်နှင့်ရင်းပြီး ပေးခဲ့သော ကတိတစ်ခုပင် ဖြစ်သည်။

“သူ မင်းကို လိမ်နေတာကွ၊ အဲ့ဒီဒေါက်တာကောင်းကို သတိထား၊ ဒီကမ္ဘာမှာ ငါတို့ကလွဲလို့ ဘယ်သူ့ကိုမှ မယုံနဲ့”

‘အချိန်က စကားအနည်းငယ် ထပ်ပြောလိုက်သည်နှင့် နာရီလက်တံအားလုံးမှာ ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး လူနာတစ်ဦး၏ အသက်သည် တဖြည်းဖြည်း လွင့်ပါးသွားသကဲ့သို့ ရှိသည်။

အရာရှိရွှယ် နားမလည်နိုင် ဖြစ်နေသည်။ ဒေါက်တာကောင်းက သေသွားပြီပဲ၊ သူမသေခင်မှာ ဘာလို့ သူ့ကို လိမ်ရမှာလဲ။ ဒါက လုံးဝ မလိုအပ်တဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒေါက်တာကောင်းက မလိမ်ဘူးဆိုရင်တော့ လိမ်နေတာက ‘အချိန်’ ကိုယ်တိုင်ပဲ ဖြစ်မယ်။

ဤကမ္ဘာကြီးသည် ကုသမရသော ရောဂါဝေဒနာတစ်ခု ခံစားနေရခြင်းဖြစ်သည်။ အသက်ရှင်နေသူတိုင်း ဖျားနာနေကြသည်။ တစ်ခါတစ်ရံတွင် သေဆုံးသွားသူ၏ စကားများက ပို၍ ယုံကြည်ရတတ်ပါသေးသည်။

အပိုင်း (၈၆၂) အရာရှိရွှယ်၏ရွေးချယ်မှု

ဧည့်ခန်းတံခါး ပွင့်သွားသည်။ အချိန်သည် ထိုအဘိုးအို အဘွားအိုများ၏ ကိစ္စကို ဆက်လက် အရေးမယူတော့သလို အရာရှိရွှယ်ကို ဒုက္ခပေးရန်လည်း သူ၏ စွမ်းအင်များကို အလဟဿ မဖြုန်းတီးတော့ပေ။ သူတို့မှာ ရန်သူများ မဟုတ်ကြောင်း အချိန်က သိရှိထားသည်။ အချင်းချင်း တိုက်ခိုက်နေခြင်းက တကယ့်နောက်ကွယ်မှ လက်မည်းကြီးကိုသာ အကျိုးအမြတ် ရရှိစေပေလိမ့်မည်။

အချိန်အတွက် မကျေနပ်စရာ တစ်ခုတည်းသောအချက်မှာ အခြားသွေးမြို့တော်အရှင်သခင်များက သူ့ကို အရင်ဆုံးရှာတွေ့ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ သွေးနီရောင်သွေးမြို့တော် က အရင် ရှာတွေ့သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူသည် အမှန်တကယ်တွင် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အချိန်က စကားပြောရန် စွမ်းအင်ဖြုန်းတီးနေခြင်းကို ရပ်တန့်လိုက်၏။ အခြေအနေကို နားလည်သွားသော အရာရှိရွှယ်သည်လည်း မာကြီးနှင့် လီကျိတို့ကိုဆွဲကာ အပြင်သို့ စတင် ထွက်ခွာလာခဲ့သည်။ သူ အပြင်ဘက်သို့ ခြေလှမ်းလိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် အထဲမှအားတစ်ခု ပေါ်ပေါက်လာပြီး တစ်စုံတစ်ယောက်က လီကျိနှင့်မာကြီးကို လှမ်းဆွဲလိုက်သည်။

သတိလက်လွတ်ဖြစ်သွားသော အရာရှိရွှယ်သည် မာကြီးကို အပြင်သို့ အသည်းအသန် ဆွဲထုတ်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် တံခါးက ဝုန်းခနဲပိတ်သွားပြီး လူသားစားအခန်းထဲမှ လီကျိ၏ အော်ဟစ်သံများ ပဲ့တင်ထပ်လာတော့သည်။

အရာရှိရွှယ်သည် အံတင်းတင်းကြိတ်၍ သော့ပေါက်ကို စိုက်ကြည့်ရင်း သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော်လည်း နောက်ဆုံးတွင် အထဲသို့ အတင်းထိုးဖောက်ဝင်ရောက်ရန် မကြိုးစားတော့ပေ။

“သွားကြမယ်၊ အောက်ထပ်ဆင်းမယ်”

အရာရှိရွှယ်သည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော မာကြီးကို ပခုံးမှဆွဲခေါ်လာရင်း သူ့ခြေလှမ်းများမှာ မတည်မငြိမ် ဖြစ်နေရသည်။

သေဆုံးချိန်အိမ်ရာဝင်းထဲမှ ထွက်လာသည်အထိ အောက်ထပ်သို့ တစ်ရှိန်ထိုး ပြေးဆင်းလာကြသည်။ နောက်ဆုံးတွင် ကားပေါ်တွင် ထိုင်လိုက်ရမှ မာကြီးမှာ စိတ်အေးသွားတော့သည်။

“ချီးပဲ၊ သူတို့ လီကျိကို စားလိုက်ကြပြီ၊ လူတွေ မြင်းသားစားတာကို ငါနားလည်ပေးလို့ရပေမဲ့ လူက လူကို ပြန်စားတာကတော့ တကယ်ရှားပါးတယ်”

“ဒါက မင်းအတွေ့အကြုံ နည်းသေးလို့ပါ”

အရာရှိရွှယ် ကားစက်နှိုးလိုက်ပြီး ရဲစခန်းဘက်သို့ မောင်းထွက်လာခဲ့သည်။ အပြင်ဘက်တွင် လင်းကျင်းနေပြီ ဖြစ်သော်လည်း သူတို့ နောက်ကွယ်မှ သေဆုံးချိန်အိမ်ရာဝင်းကြီးမှာမူ ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။

“ဒီမြို့ထဲက ရောဂါတွေက ပိုပိုပြီး ဒုက္ခများလာပြီ၊ တကယ်လို့ သေဆုံးချိန်အိမ်ရာဝင်းကိစ္စကို သေချာ မကိုင်တွယ်နိုင်ရင် ဒါက နောက်ထပ် အစုလိုက်အပြုံလိုက်ရူးသွပ်မှုဖြစ်သွားပြီး တောအုပ်မှာလိုပဲ လူတွေအမြောက်အမြား သေကုန်ကြလိမ့်မယ်”

ကားနှင့် သိပ်မဝေးသော နေရာရောက်သောအခါ အရာရှိရွှယ်၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ ခေါင်းကြီးဟု အမည်ပေးထားသော လူတစ်ယောက်ထံမှ ဖုန်းခေါ်လာခြင်း ဖြစ်သည်။

ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်ရာ အရာရှိရွှယ် စကားမပြောရသေးမီမှာပင် တစ်ဖက်မှ အမျိုးသားတစ်ဦး၏ ပျာယာခတ်နေသောအသံ ထွက်ပေါ်လာလေသည်။

“အစ်ကိုရွှယ်၊ ခင်ဗျား ဘယ်မှာလဲ၊ ညီအစ်ကိုတွေ အကုန်ပျောက်ကုန်ပြီဗျ၊ ခင်ဗျားဖုန်းကိုလည်း ဆက်လို့မရဘူး”

“ညီအစ်ကိုတွေ အကုန်ပျောက်ကုန်ပြီ ဟုတ်လား”

အရာရှိရွှယ်စိတ်ထဲတွင် ဆိုးဝါးသော ခံစားချက်တစ်ခုရလိုက်သည်။ လူသားစားအခန်းထဲသို့ မဝင်မီက သူသည် သူ့လူများနှင့် သူ့သတင်းပေးများကို အကူအညီ လှမ်းခေါ်ခဲ့သော်လည်း ထိုအချိန်မှစ၍ သူတို့နှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။ သူတို့ ရောက်မလာကြဘူးဟုသာ သူ ထင်မှတ်ထားခဲ့သည်။

“အစ်ကိုရွှယ်၊ ခင်ဗျား ဘယ်နှစ်ထပ်မှာလဲ၊ ကျွန်တော် နည်းနည်းဝေဝါးနေပြီ၊ ကျွန်တော် အဆောက်အဦးထဲမှာ လမ်းပျောက်နေပြီထင်တယ်”

“ခေါင်းကြီး… စိတ်အေးအေးထား၊ အသံမထွက်နဲ့၊ ပုန်းစရာ ထောင့်တစ်နေရာ ရှာထား၊ ငါ အခုချက်ချင်း လာခဲ့မယ်”

အရာရှိရွှယ် ကားကို ဘရိတ်ဆောင့်အုပ်လိုက်ပြီး ပြန်ကွေ့ရန် ပြင်လိုက်သည်။ ထိုလူယုံများမှာ လူမှုရေးဖောက်ပြန်မှု ပြုပြင်ထိန်းသိမ်းရေးစခန်းမှ သူကယ်ထုတ်လာခဲ့သောလူများ ဖြစ်သည်။ သူတို့၏ မျိုးရိုးဗီဇအရ အကြမ်းဖက်လိုစိတ် ရှိခြင်းကြောင့် မွေးကတည်းက ခွဲခြားဆက်ဆံခံခဲ့ရပြီး အများပြည်သူက သူတို့ကို လူဆိုးများ၊ အမှိုက်များဟုသာ သတ်မှတ်ခဲ့ကြသည်။ အရာရှိရွှယ် တစ်ဦးတည်းကသာ သူတို့ကို နားလည်ပေးခဲ့ခြင်း ဖြစ်သည်။

“တစ်ယောက်ယောက်လာနေပြီ၊ ဒါက ဟိုအငြိုးကြီးသရဲတွေပဲ၊ အနီရောင်ဝတ်ထားတဲ့ တစ်ကောင်လည်း ပါတယ်...”

“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...”

“ငါ့လမ်းက ဖယ်စမ်း”

“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး”

ဖုန်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပုံရသည်။ အသားများကို ဆွဲဖြဲနေသည့် ကျောချမ်းဖွယ် အသံများ ထွက်ပေါ်လာ၏။ ခေါင်းကြီး၏ ရုန်းကန်သံများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

အရာရှိရွှယ်၏ မျက်လုံးများတွင် ဒေါသများ ဖုံးလွှမ်းသွားတော့သည်။သူသည် သေဆုံးချိန်အိမ်ရာဝင်း အဝင်ဝသို့ ကားကို မောင်းလာခဲ့သည်။ သူသည် လက်နှစ်ဖက်ဖြင့် စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ကာ ကားထဲမှနေ၍ ကြီးမားလှသော တာဝါကြီးကို စိုက်ကြည့်လိုက်သည်။

ပြတင်းပေါက်တစ်ခု၏ နောက်ကွယ်တွင် အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာတစ်ခုက သူ့ကို စိုက်ကြည့်နေပုံရသည်။ ခေါင်းကြီးဖုန်းချသွားသည်မှာ မကြာသေးမီ ဖုန်းပြန်မြည်လာပြီး အချိန်၏အသံ ထွက်ပေါ်လာလေသည်။

“ငါတို့ရဲ့ အချိန်တွေ ကုန်ဆုံးနေပြီ၊ မင်းငါ့ကို မယုံရင်တောင် မင်းရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်ထဲက ပုံရိပ်တွေကိုတော့ ယုံလိုက်ပါ”

“သေသင့်တဲ့ ခွေးမသား”

သူ့လူများသည် ရောက်မလာခြင်းမဟုတ်ဘဲ အချိန်၏ ဝါးမြိုခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်သည်။ အရာရှိရွှယ်သည် အချိန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသော်လည်း သူတစ်ဦးတည်းအင်အားဖြင့် မဖြစ်နိုင်ပုံရသည်။

သူ ကားစက်နှိုးကာ ရဲစခန်းသို့ တိုက်ရိုက် မောင်းထွက်လာခဲ့သည်။ မာကြီးသည်ပင် ထူးထူးခြားခြား မည်သည့် လှောင်ပြောင်သရော်စကားမျှ မပြောတော့ပေ။

အရာရှိရွှယ်သည် အဝင်ဝတွင် ပိတ်ဆို့နေသော သတင်းထောက်များကို တွန်းထိုးဖယ်ရှားကာ အခြေခံ ယဉ်ကျေးမှုပင် မရှိတော့ဘဲ စခန်းထဲသို့ ရိုင်းစိုင်းစွာ ဝင်ရောက်လာခဲ့သည်။ လူတိုင်းမှာ တောအုပ်ဖြစ်စဉ်၏ နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရန် အလုပ်ရှုပ်နေကြသဖြင့် သူ၏ လောင်ကျွမ်းနေသော ဒေါသကို မည်သူမျှ ဂရုမစိုက်နိုင်ကြပေ။

ရုံးခန်းထဲသို့ ဝင်လာပြီးနောက် အရာရှိရွှယ်သည် သူ့လက်အောက်ငယ်သားများ၏ အလုပ်ကို ချက်ချင်း ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

“အခုချက်ချင်း သေဆုံးချိန်အိမ်ရာဝင်း အနီးအနားက ရပ်ကွက်တွေကို သွားစစ်ဆေးကြစမ်း”

“ခေါင်းဆောင်ရွှယ်၊ ရဲချုပ်က အခုလေးတင် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်၊ ရဲအရာရှိအားလုံး တောအုပ်ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် လူ့အခွင့်အရေး ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်တဲ့၊ မနေ့ညက လူတွေ အများကြီး သေဆုံးခဲ့တယ်၊ ရှင်းလုတစ်ခုလုံး ပျက်စီးတော့မယ့် အရိပ်အယောင်တွေ ရှိနေပါပြီ”

“ဟုတ်ပါတယ် ခေါင်းဆောင်… တကယ်လို့ တောအုပ်ထဲမှာ ရောဂါကူးစက်ခံရတဲ့သူတွေကို အပင်တွေလို့ သဘောထားရင်တော့ ဒါဟာ တောမီးလောင်တာပဲ ရှိလိမ့်မယ်၊ ဒါပေမဲ့ သူတို့ကို လူသားတွေလို့ သတ်မှတ်ရင်တော့ ဒါဟာ ရှင်းလုသမိုင်းမှာ အကြီးမားဆုံး၊ အရက်စက်ဆုံးနဲ့ အဆိုးရွားဆုံးသေဆုံးမှုပဲ၊ တစ်မြို့လုံးက ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ်”

“အားလုံး ပါးစပ်ပိတ်ထားစမ်း”

အရာရှိရွှယ်က စားပွဲကို လက်သီးဖြင့် အားရပါးရ ထုလိုက်သည်။

“ဘယ်သူက မီးရှို့တာလဲ၊ ရဲစခန်းကလား၊ လူ့အခွင့်အရေး ကော်မတီကလား၊ အလကား အဓိပ္ပာယ်မရှိတာတွေ၊ အဲ့ဒီ မြို့သားတွေပဲ မဟုတ်လား၊ လူတိုင်းက လူသတ်သမားတွေ ဖြစ်နေမှတော့ လူတိုင်းလိုအပ်တာက သစ်ပင်တွေနဲ့ ပြည့်နေတဲ့ တောအုပ်ပဲပေါ့၊ ဒီကိစ္စက ပြီးသွားပြီ၊ အခု မင်းတို့ကို စုံစမ်းခိုင်းတဲ့ကိစ္စက တောအုပ်ဘေးဒုက္ခထက် မလျော့တဲ့ အန္တရာယ်မျိုးပဲ”

သူ၏ လက်အောက်ငယ်သားများမှာ တုံ့ဆိုင်းနေကြသည်ကို မြင်သောအခါ အရာရှိရွှယ်က ဖုန်းကို ထုတ်ကာ ခေါင်းကြီး၏ အော်ဟစ်သံများကို ဖွင့်ပြလိုက်သည်။

“ငါ့ရဲ့ သတင်းပေး အတော်များများ ပျောက်ဆုံးသွားပြီ၊ ငါကိုယ်တိုင်လည်း အသတ်ခံရလုနီးပါး ဖြစ်ခဲ့တယ်၊ အခုရော မင်းတို့ နားလည်ကြပြီလား”

အရာရှိရွှယ် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်ကို ကြားသောအခါမှ လက်အောက်ငယ်သားများမှာ အလေးအနက်ထားလာကြပြီး သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို အားတင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ထွက်ခွာသွားကြတော့သည်။

“မင်းကတော့ ဒီမှာပဲ ငြိမ်ငြိမ်လေးနေခဲ့”

အရာရှိရွှယ်သည် မာကြီးကို သူ့ရုံးခန်းထဲတွင် ပိတ်ထားခဲ့ပြီး သတင်းအချက်အလက်များ ရှာဖွေရန် မှတ်တမ်းခန်းထဲသို့ ဝင်သွား၏။

ရဲစခန်းဧည့်ခန်းရှိ အီလက်ထရွန်နစ်စခရင်ပေါ်တွင် အရေးပေါ် အသိပေးချက်များနှင့် သတင်းများ တရစပ် တက်နေခဲ့သည်။ မိုးလင်းပြီး ခုနစ်နာရီအကြာတွင် လူ့အခွင့်အရေး ကော်မတီ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် တရားစီရင်ရေး အာဏာပိုင်များ ပူးပေါင်း၍ သူတို့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ကြေညာခဲ့သည်။

မီးရှို့သူ စုစုပေါင်း ၁၇ ဦးနှင့် အားပေးကူညီသူ ၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ဈေးဆိုင်များကို လုယက်ခဲ့သည့် ဆူပူသောင်းကျန်းသူ အချို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ဤစက်ဆုပ်ဖွယ်ကောင်းသောဖြစ်ရပ်မှ ရရှိသည့်သင်ခန်းစာများကို ထာဝစဉ် မှတ်သားထားကြမည် ဖြစ်သည်။ လူ့အခွင့်အရေးနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခရီးဝေးကြီး လိုနေသေးပြီး တရားစီရင်ရေးကလည်း ၎င်းနှင့် ပတ်သက်သည့် ဥပဒေအချို့ကို အသစ်ထည့်သွင်းခဲ့သည်။

သတင်းထုတ်လွှင့်မှုများမှာ အဆက်မပြတ် ပြသလျက်ရှိသည်။ ဘေးကပ်ဆိုးမဖြစ်ပွားမီက မြို့သားများကို တည်ငြိမ်ကြရန်နှင့် တောအုပ်ကိုကာကွယ်ရန် တိုက်တွန်းခဲ့သော လူ့အခွင့်အရေး ကော်မတီမှာ တာဝန်ယူရန် ဆန္ဒရှိကြသည်။ ကော်မတီ၏ အဓိကအဖွဲ့ဝင်အချို့သည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး တောအုပ်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သော အဖွဲ့ဝင်အချို့မှာလည်း တိုက်ရိုက်ဖမ်းဆီးခံခဲ့ရသည်။

အဓိကအဖွဲ့အစည်းကြီးသုံးခုသည် တစ်ပြိုင်နက်တည်း သူတို့၏ လုပ်ရပ်များကို ပြန်လည် ဆန်းစစ်ခဲ့ကြပြီး ဤကဲ့သို့သော အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရဟု ကတိပြုခဲ့ကြသည်။

မြို့သားများမှာလည်း စိတ်ဒဏ်ရာများမှ ပြန်လည်နိုးထလာရန်နှင့် မီးလောင်သွားသော လမ်းမများ၊ ဆိုးရွားစွာ ပျက်စီးသွားသော အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံကြီးကို ပြန်လည် တည်ဆောက်ရန် “ကြိုးပမ်း” နေကြသည်။ သို့သော်လည်း ဤအရာများသည် မှတ်တမ်းခန်းထဲတွင် လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို တည်ငြိမ်သောမျက်နှာထားဖြင့် နားထောင်နေသော အရာရှိရွှယ်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။

ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရဲများသည် အရာရှိရွှယ်ထံသို့ ဆိုးရွားသော သတင်းများ တစ်ခုပြီးတစ်ခု ယူဆောင်လာခဲ့ကြသည်။

လူနေရပ်ကွက်အိမ်ရာ အများအပြားတွင် “သက်တမ်းချေးယူခြင်း” အစီအစဉ်များနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။ အချို့နေထိုင်သူများ၏ တံခါးများပေါ်တွင် ထူးဆန်းသော သင်္ကေတများနှင့် အမှတ်အသားများကို တွေ့ရှိရပြီး ၎င်းမှာ သူတို့သည် သက်တမ်းချေးခြင်းအတွက် ပစ်မှတ်ထားခံရခြင်း ဖြစ်ပုံရသည်။ အဓိကအချက်မှာ ထိုနေထိုင်သူအချို့တွင် သက်တမ်းချေးရန် ရှာဖွေသူနှင့် လက်ခံသူနှစ်မျိုးလုံး ဖြစ်နေသော သက်ကြီးရွယ်အို မိသားစုဝင်များ ရှိနေသဖြင့် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပေ။

“ဒါက ရင်ခွဲရုံရိပ်သာလမ်းမှာတင် မဟုတ်ပါဘူး၊ တခြားရပ်ကွက်တွေမှာလည်း ဒီလို ‘သက်တမ်းချေးယူခြင်း’ ဖြစ်စဉ်တွေ ရှိနေပါတယ်၊ အချိန်နဲ့ လူငယ်ဘဝကို ငွေကြေးအဖြစ် အသုံးပြုနေကြတာပါ၊ ဒါပေမဲ့ ဒါက အရမ်းလျှို့ဝှက်လွန်းတော့ တောအုပ်ကိစ္စလောက် လူအများ အာရုံစိုက်မှုကို မရခဲ့တာပါ”

စုံစမ်းစစ်ဆေးမှုပြီးနောက် ရဲအရာရှိများသည် အရာရှိရွှယ်အပေါ် ပို၍ လေးစားလာကြသည်။ အကယ်၍ အရာရှိရွှယ်၏ ထက်မြက်သော စူးစမ်းမှုသာမရှိပါက သူတို့သည် ဤအဆင့်တွင် ဤအရာများကို လုံးဝသတိထားမိကြမည် မဟုတ်ပေ။

“ဒါက ကူးစက်မြန်တဲ့ နောက်ထပ်အစုလိုက်အပြုံလိုက် ရူးသွပ်မှုပုံစံတစ်မျိုးပဲ”

All Chapters